Thursday, June 26, 2008

Big brother is watching

စောင့်ကြည့်ခြင်း ခံရတာကို လူတိုင်း သဘောကျမယ် မထင်ပါဘူး။ ကိုယ်ဘက်က အမှားရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ... စောင့်ကြည့်ခံနေရတာ ကိုယ်ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးတယ်လို့ ခံစားမိပါတယ်။ ဒီခေတ်မှာတော့ အဲဒီလို စောင့်ကြည့်ခံရတာက မသိမသာလေးရော သိသိသာသာရော ရှိနေပါပြီ။

ကုမ္ပဏီရုံးခန်းတွေ၊ စီးပွါးရေး အဆောက်အုံတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားတော့ ကိုယ်ရဲ့ နိစ္စဓူဝ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခံနေရမှာ အသေအချာပါပဲ။ အဲဒီလိုပဲ Shopping mall တွေ... Car Parking တွေမှာလည်း အဲဒီလို ကင်မရာတွေ တပ်ဆင်ထားကြပါတယ်။ ကားလမ်းပေါ်မှာလည်း ဒီလိုကင်မရာတွေ ရှိနေပြန်ရော။ Warehouse တွေ၊ သဘောင်္ဆိပ်ကမ်းကြီးတွေမှာလည်း ဒီကင်မရာတွေက အတော်လေး နေရာယူထားကြပါတယ်။ တချို့နေရာတွေမှာတော့ အဲဒီလို ကင်မရာတပ်ဆင်ထားကြောင်းကို စာတမ်းကပ်ပြီး အသိပေးထားပါတယ်။ တချို့နေရာတွေမှာတော့ ဘာမှ မရေးထားပါဘူး။

ကင်မရာလေးနဲ့ မသိမသာ စောင့်ကြည့်ခံရတာက ကိစ္စ သိပ်မရှိပေမယ့် ပေါ်ပေါ်ထင်ထင် သိသိသာသာကြီး စောင့်ကြည့်ခံရတဲ့အခါ စိတ်ထဲမှာ မလွတ်မလပ်ကြီး ဖြစ်နေတတ်ပါတယ်။ လူ တစ်ဦးတစ်ယောက်ရဲ့ အနီးကပ် စောင့်ကြည့်နေတာကို ခံနေရပြီဆိုရင်တော့ အတော်လေးကို စိတ်ကြီးကိုမှ ညစ်ရပါတယ်။ တချို့ကျတော့ စောင့်ကြည့်ပါလို့ တာဝန်ပေးခံထားရလို့ စောင့်ကြည့်နေတာပါ။ တချို့ကျတော့ ဘယ်သူမှ မခိုင်းရပဲနဲ့ ပင်ကိုယ်ဗီဇ ၀ါသနာအရ လုပ်ပေးတတ်ပြန်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ရွာမှာဆိုပါတော့။ အဟဲ...

အခုတလော ရွာမှာ... ကျွန်တော်တို့က စပ်စုစိန်လို့ ခေါ်တဲ့ တစ်ယောက်က ကျွန်တော်တို့ကို တိုက်ရိုက်တော့ မမေးသေးပဲ အနီးတ၀ိုက်က လက်ဖက်ရည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ လာလာမေးပါတယ်။ သူတို့တွေ ဘာလုပ်နေကြတာလဲပေါ့။ ဒီလူငယ်တွေ ဟိုနားမှာလည်း တွေ့ရ... ဒီနားမှာလည်း တွေ့ရ... ဘာတွေ အလုပ်များနေသလဲပေါ့။ ဒါပေမယ့် သူက သိရုံလေး သိချင်လို့ ကောင်းကောင်းမွန်မွန် ချိုချိုသာသာ မေးတာပါ။ စပ်စုတာပေါ့ဗျာ။ ဒါကြောင့် ရွာက သူကို စပ်စုစိန်လို့ ခေါ်ကြတာ မလွန်ပါဘူးလေ။

သူ့လိုပဲ ရွာက အရက်သမား ဆားပုလင်း ပါလေရာ ကြွက်သိုးကလည်း ဘာတွေ ကြည့်မရဖြစ်နေလဲ မသိဘူး။ ဟိုသွားဒီသွား လုပ်နေတာကို မြင်ရလို့ မျက်စိနောက်တယ်... ကြည့်မရဘူး... သတိထားနေကြ ဆိုပြီး ရူးသလို ပေါသလို လာလာ ပြောနေသေးတယ်။ လက်သီးလက်မောင်းကြီးကို တန်းလို့... အာပေါင်အာရင်း သန်သန် ပြောလို့... ဗျာ။ တကယ်ပဲ မူးနေတာလား... မူးချင်ယောင်ဆောင်ပြီး အာကျယ်နေသလားတော့ မသိပါဘူး။ အဲဒီကောင်လည်း ကျွန်တော့်တို့ အနားတ၀ိုက်မှာ ယောင်လည်လည် လုပ်နေတာ တစ်ပတ် မကတော့ဘူးဗျ။ အရက်ဖိုးတောင်းဖို့တော့ မဟုတ်လောက်ပါဘူးနော့်။

သြော်... 5 Seriesက ပြတဲ့ မြန်မာစာတန်းထိုး ကိုရီးယားကား နတ်သမီးနဲ့ လူလိမ် ဆိုတဲ့ ဇာတ်လမ်းတွဲထဲက ပြောသလိုပေါ့ဗျာ။ ခေါင်းလို့ညွှတ် ခါးလေးကိုင်းပြီး... လေးစားပါတယ်... တာဝန်ကျေကြပါတယ်... ခင်ဗျာ။ ဒါပေမယ် ကျွန်တော့်တို့ နေရခက်ပါတယ်။ စောင့်ကြည့်ခံနေရတာ မလွတ်လပ်ပါဘူး။ သိတာသိစေ မမြင်စေနဲ့ ဆိုတဲ့ မြန်မာစကားလေးကို နားလည်စေချင်ပါတယ်။ စပ်စုတာကို လက်ခံပါတယ်။ သိချင်တာကို နားလည်ပါတယ်။ ဒါပေမယ့် မူးသလို ရူးသလိုနဲ့တော့ ဟောက်စား မလုပ်ကြပါနဲ့။ ထောင်တန်တဲ့စကားတွေ ပြောနေတာ မဟုတ်ပါဘူး။ ထောင်တန်တဲ့ အလုပ်တွေ လုပ်နေတာ မဟုတ်ပါဘူး။ အဖြူရောင်လေးတွေပါ။ ကျေးဇူးပြုပြီး အရောင်မဆိုးပါနဲ့ လောကကြီးရေ...

10 comments:

  1. လေးနက်ခံစားချက်ကနေဖြစ်လာတာနေမှာ
    လွတ်လပ်မှုကို မြတ်နိုးတန်ဖိုး ထားတဲ့ ကိုယ်လည်း
    အဲလိုမျိုးအကြည့်ခံရရင်ဆိုတာနဲ.တင်
    လုံးဝလက်မခံနိုင်ဖို.သေချာပါတယ်.....

    ReplyDelete
  2. စကားလုံးတွေထဲမှာ.. အသက်ဝင်အောက်ရေးနိုင်တယ်... ဖတ်ရတာသဘောကျမိပါတယ်... ရေးသားထားတဲ့စကားလုံးတွေမှာ စာရဲ့ မာန်တစ်ခုက ဥိးဆောင်သွားတယ်ဗျာ.. အားပေးပါတယ်.. ဆက်လက်..

    ReplyDelete
  3. ကျနော်တို့ အနေနဲ့က ကုသိုလ်ဖြစ်လုပ်ငန်း မှန်သမျှကို ရာဇ၀တ်မှုလိုစောင့်ကြည့်ခံရတဲ့ တိုင်းပြည်မှာလူလာဖြစ်နေတော့ ……..မင်းပြစ်မင်းဒါဏ်မသင့်ချင်ရင် အကုသိုလ်လုပ်ငန်းတွေပဲ ရွေးလုပ်ရမလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ်ဗျာ ကိုဂျူလိုင်ဒရင်းတို့ အုပ်စု လုပ်နေတဲ့ သွေးလှုတဲ့ ကိစ္စလို မွန်မြတ်တဲ့ အလုပ်တွေကိုတော့ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် အပြစ်လို့ သတ်မှတ်ဖို့က လုံးဝမဖြစ်နိုင်ပါဘူး။ အဲ့ဒါကိုမှ မယုံသင်္ကာနဲ့ စောင့်ကြည့်တဲ့ ကောင်တွေရှိနေတယ်ဆိုရင်လည်း စောင့်ကြည့်တာကြာလေလေ ကိုယ့်ကိုကိုယ်ပြန်ရှက်လာလေလေဖြစ်ပြီး စောင့်ကြည့်ချင်းတွေက သူ့အလိုလိုရပ်သွားပါလိမ့်မယ်။ အကြံပေးချင်တာက အဲ့ဒီ ဟိုမရောက်ဒီမရောက် ကောင်တွေကို လုံးဝဂရုမစိုက်ပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပါ။ ဟုတ်ကဲ့…သမိုင်းက အားလုံးကို မှတ်ကျောက်တင်သွားပါလိမ့်မယ်။
    အကိုတို့ လုပ်ရပ်တွေကို အမြဲလေးစားအားကျနေတဲ့……
    /မင်းတစေ

    ReplyDelete
  4. အွန် ....
    လူပြိုရီး ပီပီ တောင်ထင် မြောက်ထင် ယုန်ထင် ကြောင်ထင်နဲ့

    ReplyDelete
  5. ကျေးဇူးပြုပြီးအရောင်မဆိုးပါနဲ့ လောကကြီးရေ ဟုတ်တယ် စောင့်ကြည့်ခြင်းခံရတာကို မနှစ်သက်တတ်ကြပါဘူး...:) အားပေးနေပါတယ် ရှင် ...။

    ReplyDelete
  6. အခုဟာက သွေးလှူတာ တစ်ခုတည်းအတွက် စောင့်ကြည့်ခံရတာမျိုး မဟုတ်တော့ဘူး ခင်ဗျ။ နာဂစ်အပြီးမှာ လုပ်နေရတဲ့ ပြန်လည် ထူထောင်ရေးအတွက် Volunteer လူငယ်တွေနဲ့ လက်တွဲ လုပ်နေရတာမျိုးပါ။ အဲဒါကြောင့် လူအင်အားက နည်းနည်း များလာပါတယ်။ ထူထောင်ရေး လှုပ်ရှားမှုတွေကလည်း နေ့စဉ်ဆိုတော့ အဲဒါကိုပဲ မျက်စိစပါးမွှေး စူးနေပုံပဲ။ ကိုယ်တွေက လုပ်စရာ ရှိတာကို ဆက်လုပ်နေရင်း သူတို့ကို ဂရုလည်း စိုက်ရတယ် ခင်ဗျ။ ဂရုမစိုက်ရင် ကျွန်တော်တို့ တရားစခန်း ရက်ရှည် ၀င်ရမှာလေ။ သိတဲ့အတိုင်း ဥပဒေအထက်မှာ ဘာမှမရှိဘူး ဆိုတော့လည်း... အဟက်...

    ReplyDelete
  7. အာဏာရှင်စနစ်ဟူသည် ပြည်သူ့အကျိုးပြု လုပ်ငန်း လုပ်နေသူမှန်သမျှ ကိုသော်၎င်း၊ ပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှာကို သော်၎င်း မလိုလားသည်မှာ အစစ်အမှန်ဧကန်ဖြစ်လေ၏။
    တွံ သင်သည် ဂဏှာဟိ မှတ်လေလော့....

    ReplyDelete
  8. သာဓု သာဓု သာဓု... ခေါ်ရမလား ဟင်...

    မှတ်လေလော ဆိုလို့ မှတ်ထားလိုက်ပါတယ်။ အဟက်...

    ReplyDelete
  9. ကောင်းတာလုပ်ရင် သေချာတယ် ထောင်တန်ပါတယ်။ ကိုယ်ကောင်းတယ်ဆိုပေမဲ့ နဲနဲလေး ကြိုတင်လေ့လာပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။

    ReplyDelete
  10. ကျုပ်ကတော့ You are now watching the Star Sport ဘာညာ ဆိုပြီး TV Channel ကနေ ပြောရင် ကိုယ့်အခန်းမှာ Spy camera များတပ်ထားလေသလား ဆိုပြီး တစ်ခါတစ်ခါတွေးပြီး ပြုံးမိတယ်။

    :)

    ReplyDelete