Saturday, September 6, 2008

Merlion Statue

စင်္ကာပူကို လာရောက်လည်ပတ်တဲ့ လူတိုင်း လူတိုင်း... စင်္ကာပူရဲ့ အထင်ကရ အမှတ်အသားဖြစ်တဲ့ Merlion ရုပ်တု ရှိရာကို ရောက်ဖူးကြမှာပါ။ အဲဒီနေရာ အနားတ၀ိုက်မှာ ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေကြတာကို တွေ့ကြမှာပါ။ နောက်က ဒူးရင်းသီးကြီးနဲ့ ရိုက်လိုက်.. မိုးထိအောင်မြင့်တဲ့ အဆောက်အအုံကြီးတွေကို နောက်ခံထားပြီး ရိုက်လိုက်... အရုပ်ကြီး ပါးစပ်ကနေ ထွက်လာတဲ့ ရေပန်းကို အောက်ကနေ ပင့်ပြီး မော့သောက်နေတဲ့ ပုံစံမျိုး ရိုက်လိုက်... ဖြတ်သွားဖြတ်လာ အပျော်စီးလှေကို နောက်ခံထားပြီး ရိုက်လိုက်... အစုံကို တွေ့ရမှာပါ။

ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း အရုပ်ကြီးရဲ့ သမိုင်းကြောင်းကို သိရှိပြီးသားဖြစ်တဲ့သူ ရှိသလို မသိသေးတဲ့ သူတွေလည်း ရှိကြမှာပါ။ ရိုးရိုးသားသား ၀န်ခံရရင် စင်္ကာပူကို ရောက်တာ ၁ နှစ်ကျော် ကြာပြီဖြစ်တဲ့ ကျွန်တော်လည်း အခုတလောမှ သိရတာပါ။ အရင်တုန်းက အကြောင်းမညီညွှတ်လို့ မလေ့လာဖြစ်ခဲ့ပါဘူး။ အဲဒီနေရာကိုလည်း ၂ ခါ ၃ ခါလောက်ပဲ ရောက်ဖူးပါတယ်။ Merlion ဆိုတာ Lion ဆိုတဲ့ ခြင်္သေ့နဲ့ Mermaid ဆိုတဲ့ ရေသူမ... စာလုံး ၂ ခုကို ပေါင်းစပ်ထားတာပါ။ မြန်မာလိုဆိုရင် ငါးခြင်္သေ့ပဲလို့ ပြောရမယ် ထင်ပါတယ်။ ခွေးခြင်္သေ့ဆိုတဲ့ အသုံးအနှုန်းလေး ကြားဖူးလို့ အခုဟာကို ငါးခြင်္သေ့လို့ အမည်ပေးလိုက်တာပါ။ ဒါမှမဟုတ် ဘယ်လို ပြောရမလဲပေါ့။ သိသူများရှိရင် ပြောကြပါအုံး။

Merlion logo ကို Fraser Brunner ဆိုသူက စင်္ကာပူ ခရီးသွားလုပ်ငန်းအတွက် ဒီဇိုင်းရေးဆွဲပေးခဲ့တာပါ။ ၁၉၆၄ မတ်လ ၂၆ ရက်နေ့မှာ စင်္ကာပူ ခရီးသွားလုပ်ငန်းရဲ့ အမှတ်တံဆိပ်အဖြစ် စတင် သုံးစွဲခဲ့ပါတယ်။ Trademark အနေနဲ့တော့ ၂ နှစ်ကျော်အကြာ... ၁၉၆၆ ဇူလိုင်လ ၂၀ ရက်နေ့မှာ မှတ်ပုံတင်နိုင်ခဲ့ပါတယ်။

အရုပ်ကြီးကိုတော့ the vice-chancellor of the University of Singapore and Ambassador to the Philippines ဖြစ်တဲ့ Kwan Sai Kheong က ဒီဇိုင်းရေးဆွဲခဲ့တာပါ။ အရုပ်ကြီး ပါးစပ်က ထွက်မယ့် ရေပန်းကိုပါ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ ၁၉၇၁ နိုဝင်ဘာလမှာ စင်္ကာပူလက်မှုပညာရှင် Lim Nang Seng က စတင် ထုဆစ်ခဲ့ပါတယ်။ နမူနာ အရုပ်အသေးလေးရယ် အရုပ်ကြီးရယ် ၂ ခုလုံးကို ထုဆစ်ခဲ့ကြတာပါ။ အဓိက အရုပ်ကြီးက အလွန်ကြီးမားတဲ့အတွက် သူတစ်ယောက်တည်း ထုဆစ်နေရင် အချိန်ကြာမှာဖြစ်လို့ သူ့ရဲ့ သားတွေကိုပါ ၀င်ရောက် ကူညီစေခဲ့ပြီး ၁၉၇၂ သြဂုတ်လမှာ ထုဆစ် ပြီးစီးခဲ့ပါတယ်။

စင်္ကာပူနိုင်ငံရဲ့ National Icon တစ်ခုဖြစ်တဲ့ Merlion အရုပ်ကြီးဟာ ၈.၆ မီတာ မြင့်ပြီး အလေးချိန် တန် ၄၀ ရှိပါတယ်။ အရုပ် အသေးလေးကိုတော့ တစ်ခါတစ်လေ ခြင်္သေ့ပေါက်စလေးလို့ ခေါ်ဝေါ်ကြပါတယ်။ သူက ၂ မီတာ မြင့်ပြီး အလေးချိန် ၃ တန် ရှိပါတယ်။ Merlion အရုပ်ကြီးရဲ့ မူလ ပထမနေရာကတော့ Merlion Park အတွင်းမှာရှိတဲ့ Elizabeth Walk ဆိုတဲ့ လမ်းကလေးရဲ့ ထိပ်ပိုင်း... စင်္ကာပူမြစ်ဝရဲ့ ကမ်းနဖူးမှာပါ။ အခုလက်ရှိနေရာနဲ့ မီတာ ၁၂၀ ခန့် ဝေးပါတယ်။ အဲဒီ အရုပ်ကြီးကို ၁၉၇၂ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီ ၄၅ မိနစ်မှာ စင်္ကာပူဝန်ကြီးချုပ် လီကွမ်းယူက စတင် နေရာချ တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနေ့က လီကွမ်းယူရဲ့ မွေးနေ့ပါပဲ။

မူလနေရာက Merlion နဲ့ Esplanade တံတားကြောင့် အလှပျက်နေတဲ့ Merlion

ဒါပေမယ့် ၁၉၉၇ မှာ ဖွင့်လှစ်ခဲ့တဲ့ Esplanade Bridge ကြောင့် Merlionကြီး အိမ်ပြောင်းဖို့ နေရာရှာရပါပြီ။ တံတားကြောင့် မြင်ကွင်းတွေ ကွယ်ကုန်ပြီး သူရဲ့ အလှအပတွေဟာ မှေးမှိန်သွားရပါတယ်။ အဲဒီလို အိမ်ပြောင်းဖို့ နေရာသစ် ရှာတာက ၂ နှစ်လောက် ကြာပါတယ်။ Singapore Flyer ကြီး ဆောက်ထားတဲ့ နေရာကို ရွှေ့ဖို့လည်း စဉ်းစားကြပါသေးတယ်။ နောက်ဆုံးမှာ Fullerton ဟိုတယ်ရှေ့... အခုလက်ရှိနေရာကို ရွေးချယ်လိုက်ပါတယ်။ အဲဒီနေရာက ၂၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ယခင်နေရာထက် ၄ ဆ ပိုကျယ်ပါတယ်။ အိမ်ပြောင်းတဲ့ စရိတ်က မနည်းမနှောပါပဲ။ စလုံး ဒေါ်လာ 7.5 million ကုန်ကျပါတယ်။ အရုပ်ကြီးကို ဖုန်းရွှေပညာအရ အရှေ့အရပ်ကို မျက်နှာမူစေခဲ့ပါတယ်။ အဲဒီ နေရာသစ် အိမ်သစ်တက်ပွဲကို ၂၀၀၂ စက်တင်ဘာလ ၁၅ ရက်မှာ လီကွမ်ယူ..ကပဲ ဖွင့်လှစ်ခဲ့တာပါ။ စစချင်း နေရာချ ဖွင့်လှစ်ပေးခဲ့တဲ့ ၁၉၇၂ ကနေ ရေတွက်ရင် နှစ်ပေါင်း ၃၀ အကြာပေါ့ဗျာ။

ဆန်တိုစာကျွန်းက Merlion

Merlion အရုပ်ကြီးမှာ ခေါင်းပိုင်းကတော့ ခြင်္သေ့ခေါင်းဖြစ်ပြီး ကိုယ်ပိုင်းကတော့ ငါးကိုယ်လုံးနဲ့ အမြီးပါ။ အရုပ်ရဲ့ အောက်ခြေမှာတော့ ရေလှိုင်းသဏ္ဍာန် ထုဆစ်ထားပါတယ်။ ခြင်္သေ့ခေါင်းက စင်္ကာပူကျွန်းရဲ့ ဒဏ္ဍာရီ သမိုင်းကြောင်းကို တစွန်းတစ ရည်ညွှန်းထားတာပါ။ သမိုင်းနောက်ခံအရ... အေဒီ ၁၁မှာ စင်္ကာပူကျွန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ မင်းသားလေး Sang Nila Utama ဟာ ကျွန်းပေါ်ကို စစရောက်ခါစမှာ ခြင်္သေ့လို့ ထင်ရတဲ့ အကောင်တစ်ကောင်ကို တွေ့လိုက်ပါတယ်။ အဲဒါနဲ့ ကျွန်းကို Singapura သို့မဟုတ် ခြင်္သေ့မြို့တော်လို့ အမည်ပေးခဲ့ပါတယ်။ ငါးကိုယ်လုံးနဲ့ အမြီးကတော့ စင်္ကာပူဟာ ပင်လယ်ထဲက ကျွန်းပိစိကွေးကလေး ဖြစ်တဲ့အလျှောက် တံငါလုပ်ငန်းနဲ့ အစပျိုးခဲ့ရတဲ့ တံငါရွာစင်္ကာပူ ဆိုတာကို ဘ၀မမေ့စေချင်တဲ့ သဘောပါပဲ။

Mount Faber ပေါ်က Merlion

အခု Merlion Park မှာရှိတဲ့ အရုပ် ၂ ခု အပါအ၀င် စင်္ကာပူမှာ ခရီးသွားလုပ်ငန်းက အသိအမှတ်ပြုထားတဲ့ Merlion အရုပ် ငါးခု ရှိပါတယ်။ ပထမတစ်ခုက Orchard Spring Lane က Tourism Court မှာရှိပါတယ်။ အဲဒါကို ၁၉၉၅ မှာ Polymarble များနဲ့ တည်ဆောက်ခဲ့ပါတယ်။ အမြင့် ၃ မီတာရှိပြီ ဖိလစ်ပိုင်ပညာရှင်တွေက တည်ဆောက်ပေးခဲ့တာပါ။ ဆန်တိုစာကျွန်းပေါ်မှာလည်း ၃၇ မီတာမြင့်တဲ့ Merlion အရုပ်ကြီးတစ်ခု ရှိပါတယ်။ အဲဒါကို သြစတေးလျ ပညာရှင် James Martin က ၁၉၉၆ မှာ တည်ဆောက်ပေးခဲ့တာပါ။ အဲဒီ အရုပ်ပေါ်ကနေ ကြည့်ရင် ဆန်တိုစာကျွန်း ပတ်ဝန်းကျင်က ရှုခင်းအလှများကို ခံစားလို့ ရပါတယ်။ နောက်တစ်ခုကတော့ Mount Faber ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ တည်ရှိပါတယ်။ ၃ မီတာမြင့်တဲ့ အဲဒီ Merlion ကိုတော့ ၁၉၉၈ မှာ တည်ဆောက်ခဲ့တာပါ ခင်ဗျာ။

11 comments:

  1. မှတ်သားနာယူသွားပါတယ်

    ReplyDelete
  2. ဟမ်... ဘယ်သူက တရားဟောနေလို့လဲ ခင်ဗျ။ မှတ်သား နာယူသွားတယ် ဆိုလို့ပါ... အဟက်... :P

    ReplyDelete
  3. စလုံးရောက်တာ ၁၁နှစ်ရှိပြီ။ တခါမှ Merlion ဘာလဲ ဘယ်လိုလဲ မလေ့လာဘူးဘူး။ ခုလိုမြန်မာလို အသေးစိတ်ပြောပြမဲ့သူကို စောင့်နေတာ :)

    ReplyDelete
  4. သြော်...... အဲဂလိုလား။ တိပါဝူး။ အမေကရိုက်ဆိုလို့ဓာတ်ပုံရိုက်လိုက်တာပဲ။ :)

    ReplyDelete
  5. ဦးဦးဂျုလိုင်
    အဲဒီ Merlion ရှေ့မှာ ဓါတ်ပုံရိုက်လို့ရင် မြန်မာပြည်ကို အကြောင်းအမျိုးမျိုးနဲ့ပြန်ရတတ်တယ်ဆိုတဲ့
    အဲဒီက မြန်မာ တစ်ချို့က အယူသီးစွာပြောတာကို မှတ်သားခဲ့ရဘူးတယ် (မယုံတစ်ဝက် မယုံ နှစ်ဝက်)
    အဲလိုသာဆိုရင် အဲဒီနိုင်ငံမှာ မြန်မာတွေကျန်မှာတောင်မဟုတ်တော့ဘူးနော်
    အဲဒီရောက်တဲ့မြန်မာတိုင်းအဲဒီအရုပ်ေ၇ှ့မှာတော့ရိုက်ကြတာဘဲလေ
    ဟုတ်ဘူးလား(ထောက်ခံခိုင်းတာ :P)

    ReplyDelete
  6. ကိုလူသစ်... စလုံးရောက်တာ ၁၁ နှစ်တောင် ရှိပြီဆိုတော့ အကြားအမြင် ဗဟုသုတ ဘယ်နည်းလိမ့်မလဲဗျာ။

    ကိုဗီလိန်... အမေက ရိုက်ဆိုတိုင်း ရိုက်လိုက်တယ်ဆိုတော့ သားလိမ္မာလေးပေါ့နော်။

    စန္ဒီမိုးမြင့်...
    စလုံးရဲ့ landmark တစ်ခုအနေနဲ့ ရှိနေတော့ စလုံးကို ရောက်တဲ့သူတိုင်း သွားနေကြတာပဲ။ မြန်မာပြည်ကို ပြန်ရတယ် မပြန်ရဘူးဆိုတာတော့ အဲဒါကြီးနဲ့ မဆိုင်ဘူး ထင်တယ် ခင်ဗျ။

    ReplyDelete
  7. ဆန်တိုစာ က Merlion ရုတ်ကြီးကကြောက်စရာကြီး မျက်လုံးကမီးတွေ ထွက်နေရင် ပိုတောင်ဆိုးသေးတယ်။ Esplanade နားက Merlion ပိစိကွေးလေးပဲ သဘောကျတယ်။ ချစ်စရာလေး ၊ အခုလို ပြည့်စုံစွာရှင်းပြပေးတာကျေးဇူးပါ။ :D

    ReplyDelete
  8. ဓါတ်ပုံရိုက်ဖို့ ရောက်ခဲ့ပေမယ့် ဘာမှသိခဲ့တာ မဟုတ်ပါဘူး။ အခုလို Merlion အကြောင်းကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. မေမိုးရေ...
    ဆန်တိုစာက အကောင်ကြီးက ရုပ်လည်း ဆိုးသေးတယ်ဗျ။

    ကိုနေမင်းရေ...
    ဒီလိုပါပဲ။ ကျွန်တော်လည်း စစချင်းက အဲဒီနေရာကို ရောက်တာ ရောက်ခဲ့တာ အဲဒီအကြောင်း သိခဲ့တာ မဟုတ်ဘူးလေ။

    ReplyDelete
  10. တော်မီရောက်စင်ကာပူရောက်ပြီးတော့မှ merlion အိမ်ပြောင်းတာပဲ..ဒါပေမဲ့ သိတောင်မသိလိုက်ဘူး.. ဒီလိုမှန်းသိ အိမ်သစ်တက် ဆွမ်းကျွေးတွေဘာတွေ သွားလိုက်တာပေါ့..

    ReplyDelete
  11. အာ... တော်မီးခဲ တယ်ညံ့တယ်ကိုး။ အခုလို စင်္ကာပူမှာ ရှိနေရဲ့သားနဲ့ ငါးခြင်္သေ့ အိမ်ပြောင်းတာကို မသိလိုက်ဘူး ဆိုတော့ စပါယ်ရှယ်လ် ၀ါးတီးတစ်ပွဲ လွှတ်သွားတာပေါ့။ နောက်ဆို သေချာ စောင့်ကြည့်ထားနော်။ မလွှတ်စေနဲ့တော့။ :P

    ReplyDelete