.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, April 25, 2008

Disgusting green lions

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကြီး.... အဖွဲ့အမည်ကိုက အတော်လေး ကျစ်လစ်ခိုင်မာပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက်လေးတွေလည်း ကောင်းမွန်လှပါတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ နိုင်ငံတော် အချုပ်အခြာအာဏာ တည့်တံခိုင်မြဲရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး ရှေးရှုလျှက် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာသော ခေတ်မီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေး စပြီး ရည်ရွယ်ချက် ၅ ခု ရှိပါတယ်။ အသင်းရဲ့ ဆောင်ပုဒ်လေးက စိတ်ဓါတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ပါ။ ဆောင်ပုဒ်လေးကလည်း စကားလုံးလေး လေးလုံးထဲ ဖြစ်ပေမယ့် အသင်းဝင်အနေနဲ့ လိုအပ်တဲ့ အရည်အချင်းတွေကို စုံလင်အောင် ထည့်ပေးထားပါတယ်။

ရည်ရွယ်ချက်တွေလည်း ကောင်းတယ်။ နောက်ခံပံ့ပိုးမှုလည်း အားကောင်းတယ်။ အဖွဲ့ဝင်အင်အားလည်း အလွန်ကိုများတယ်။ ဒါပေမယ့် ပြည်တွင်းပြည်ပမှာရှိနေတဲ့ လူတွေက ဘာကြောင့်များ အဲဒီအသင်းကြီးကို မျက်မုန်းကျိုးနေရသလဲပေါ့။ အမေးရှိရင် အဖြေဆိုတာ ရှိကြမှာပါ။ ကဲ ဘာကြောင့်လဲ...

ကျွန်တော် ကြုံတွေ့ခဲ့ရတာလေးနဲ့ ပတ်သတ်ပြီး မြင်မိတဲ့ အမြင်လေးတွေ ခံစားချက်တွေ ရှိပါတယ်။ ဒါတွေဟာ သာမန်ပြည်သူ တစ်ဦးမျှသာဖြစ်တဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင် အမြင် ခံစားချက်တွေပဲ ဖြစ်ပါတယ်။ တခြား ဘယ်အဖွဲ့အစည်း ညာအဖွဲ့အစည်းတွေရဲ့ အာဘော်တွေ၊ ဘေးပယောဂတွေ လုံးဝ မပါပါဘူး။ အဲဒါလေးတွေကို ကြိုပြောထားပါရစေ။

တကယ်ဆို ကျွန်တော့်အနေနဲ့ အသင်းဆိုတာထက် အသင်းမှာ လှုပ်ရှားနေတဲ့ လူတစ်ချို့ကို မျက်မုန်းကျိုးတာ ပိုမှာပါ။ အသင်းကြီးအနေနဲ့ လူထုကို တိုက်ရိုက် ထိတွေ့မှု သိပ်မရှိပါဘူး။ အရမ်းကို အလှမ်းဝေးလှပါတယ်။ ရည်ရွယ်ချက်တွေ မူအရ ကောင်းပေမယ့် အကောင်အထည် ဖော်နေတဲ့ စုန်းပြုး အသင်းဝင်အချို့ကြောင့် အမြင်တွေ မကြည်လင်တာ ဖြစ်ကုန်ရပါတယ်။

၁၉၉၅ မှာ တွံ့တေးမြစ်ဝမှာ တိမ်နန်းခရီးသည်တင် သဘောင်္ နှစ်သွားခဲ့ပါတယ်။ ခရီးသည်တွေ အတော်များများ အသက်ဆုံးရှုံးခဲ့ပါတယ်။ ရန်ကုန်က ကြက်ခြေနီတပ်ဖွဲ့တွေ လှိုင်မြစ်တစ်လျှောက် ရန်ကုန်မြစ်တစ်လျှောက်မှာ ကယ်ဆယ်ရေးစခန်းတွေကို ဖွင့်ခဲ့ကြပါတယ်။ လူပျောက်တွေ ရှာကြပါတယ်။ မြစ်ကြောတစ်လျှောက် မျှောနေတဲ့ အလောင်းတွေ ဆယ်ကြပါတယ်။ ကြက်ခြေနီရဲဘော်တွေဟာ မြစ်ထဲမှာ ရေကူးပြီး မျှောနေတဲ့ အလောင်းတွေကို လှမ်းဆွဲထားပြီး လှေပေါ်ဆွဲတင်တဲ့သူက တင်၊ ကမ်းစပ်က ရွံ့ထဲ နွံ့ထဲကို ဆင်းပြီး အလောင်းတွေကို ကမ်းပေါ် ဆွဲတင်တဲ့သူက တင်၊ အစီအရီ နေရာချတဲ့သူက ချ အားလုံး ပင်ပန်းကြပါတယ်။ အလောင်းတွေက ပုပ်စော်နံ... ဖော်မလင်ဆေးတွေနဲ့ ဖြန်းထားတော့ ဆေးအနံ့တွေကလည်း လှိုင်... ထမင်းစားတော့လည်း အလောင်းတွေရဲ့ အနားလေးမှာပဲ ဖြစ်သလိုလေးပဲ စားခဲ့ကြတယ်။ မြစ်ထဲမှာ အလောင်းထပ်တွေ့ရင် အပြေးအလွှား ရေထဲဆင်း စက်လှေကိုမောင်း လိုက်ဆယ်ကြ ပြုကြနဲ့ ၃ ရက် ဆက်တိုက် မနားခဲ့ကြရပါဘူး။ လူလည်း ရွံ့တွေနဲ့ ပေပွပြီး လူရုပ် မထွက်တော့ဘူး။ အနံ့ကလည်း အလောင်းတွေကြားမှာ တောက်လျှောက်ဆိုတော့ အပုပ်နံ့က ကိုယ်မှာပဲ စွဲနေပြီ။

အဲဒီအချိန်မှာ ကမ်းပေါ်ကနေ တိုက်ပုံအဖြူ လုံချည်အစိမ်းဝတ်ထားတဲ့ ကိုယ်တော်များက ဟိုဟာ လုပ်ပါလား ဒီဟာ လုပ်ပါလား ငါလည်း မလုပ်တတ်ဘူးတွေ ဖြစ်နေကြပါတယ်။ အလောင်းတွေကို တကယ် ကိုင်တွယ်နေတဲ့ ရဲဘော်တွေကို ဟောက်လားငမ်းလား လုပ်ကြပါတယ်။ တစ်နေကုန် မိုးလင်းမိုးချုပ် လုပ်နေရတဲ့ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူတဲ့ စေတနာ့ဝန်ထမ်းတွေကို ဆက်ဆံတာက အတော်လေးကို အထက်စီးဆန်ပါတယ်။ မောလို့ ပန်းလို့ ခဏတဖြုတ်နားတဲ့အချိန်မှာ အလောင်းတွေ မျှောလာတာတွေ့ရင် ချက်ချင်းထပြီး ဆင်း မဆယ်ရကောင်းမလား ဆိုပြီး ပြစ်တင်ကြပါတယ်။ စဉ်းစားလည်း ကြည့်ကြပါအုံးဗျာ။ သူတို့ကျတော့ မြစ်ကမ်းစပ်နားက ဗွက်တောထဲတောင် ရောက်မလာပါဘူး။ အ၀တ်အစားတွေ ပေကုန်မှာ စိုးပုံပဲ။ ရွံ့ထဲ ဗွက်ထဲမှာ လုပ်နေရတဲ့ လူတွေကို သူတို့ကပဲ အပြစ်တင်ရတယ် ရှိသေးတယ်။ သူတို့ကျတော့ ဘာတစ်ခုမှ မလုပ်ပဲ ထိုင်နေကြတာလေ။ အဲဒီအချိန်က စပြီး ကျွန်တော် အဲဒီလို အသင်းဝင်တွေကို အထင်မကြီးတော့ပါဘူး။

၂၀၀၅ လှိုင်မီးဘေးတုန်းကလည်း တချို့သော အသင်းဝင်စုန်းပြူးတွေကြောင့် အထင်သေးမှုလေးတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ မီးလောင်နေတဲ့အချိန်က စတင်ပြီး မီးညွှန့်ကျိုးတဲ့အထိ အင်အားအပြည့် ကူညီနေတာက မြို့နယ်ပေါင်းစုံက ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး မီးလောင်ပြင် ကယ်ဆယ်ရေးစခန်းတွေကိုလည်း အချိန်မှီ နေရာချထား ဖွင့်လှစ်ခဲ့ပါတယ်။ ထုံးတမ်းအစဉ်အလာအရ ကယ်ဆယ်ရေးစခန်းမှာ အလံထောင်လေ့ရှိတာက ကြက်ခြေနီအလံပါပဲ။ ဒါကြောင့် ကြက်ခြေနီအလံတွေ ထောင်ထားခဲ့ပါတယ်။ အလံထောင်ထားတဲ့ နေရာမှာ ဘေးဒုက္ခကျရောက်နေတဲ့ သူတွေအတွက် ကယ်ဆယ်ရေးစခန်း ရှိနေတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ မနက်ကျတော့ ကယ်ဆယ်ရေးစခန်းမှာ အလံတွေ ပြောင်းသွားပါတယ်။ ကြက်ခြေနီ အလံတွေကို နှုတ်ထားပြီး အသင်းကြီးရဲ့ အစိမ်းရောင် အလံတွေ ပြောင်းလွှင့်ထားပါတယ်။ ဘာကြောင့်လဲ။ ဒီလို လုပ်ဖို့ လိုအပ်သလား။ စခန်းမှာ တာဝန်ယူထားတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေကို ဘာမှ မပြောပဲ ကြက်ခြေနီအလံကို ဖြုတ်ချထားပြီး အလံပြောင်းတင်ထားတာကတော့ မဖြစ်သင့်ဘူးလို့ပဲ မြင်မိပါတယ်။ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် လေးစားမှု ရှိစေချင်ပါတယ်။ ဒါမျိုး စိတ်ဓါတ်တွေ ပြင်သင့်ပါတယ်။

ဒီလိုပါပဲ ရပ်ကွက်ထဲက ပွဲတွေမှာလည်း လက်ခုပ်တီး ၀ါးတီးပေးရမယ့် ပွဲတွေဆို လူစုံတက်စုံကို တွေ့ရပြန်တယ်။ ဒါပေမယ့် ရပ်ကွက်ထဲမှာ မြောင်းတွေဆယ်မယ် အမှိုက်တွေသယ်မယ် ဆိုရင် မြောင်းနားတောင် မကပ်ပါဘူး။ ဓါတ်ပုံရိုက်တဲ့အချိန်တော့ မြောင်းနားကပ်ပြီး ဆယ်ထားတဲ့ နှုံးတွေ အမှိုက်တွေနဲ့အတူ ဓါတ်ပုံ အရိုက်ခံပါတယ်။ ပုဆိုးတွေနဲ့ မြောင်းဆယ်ရတာ မလွတ်လပ်ဘူးတဲ့။ လည်ကတုံး အဖြူတွေကြောင့် အပေမခံဘူးတဲ့။ အင်း... ဒါဆိုလည်း တခြားအရောင်တွေ ၀တ်ခဲ့ပါလား။ ဘောင်းဘီ ၀တ်ခဲ့ပါလား ဆိုတော့.. ယူနီဖောင်းဖြစ်တဲ့ အဖြူ အစိမ်း မ၀တ်ခဲ့ရင် သူတို့ပါမှန်း ဘယ်သိတော့မလဲတဲ့။ အင်း... အဲဒါလည်း ဟုတ်ပေသားပဲ။

ဒီလို ဒီလိုပဲ အခြားသော လုပ်ရပ်မှားတွေ ရှိနေပါတယ်။ အဓိကတော့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုတာပါပဲ။ ဒါကြောင့် အသင်းရဲ့ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေ ကောင်းပေမယ့် အကောင်အထည်ဖော်သူ တစ်ချို့ရဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်မှုတွေကြောင့် ဒီအသင်းကြီးကို ပြည်သူတွေက အမြင်မကြည်တာ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေအတွက် တည်ထောင်ထားတဲ့ အသင်းကြီးဟာ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုသင့်ပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်သင့်ပါတယ်။ ပြည်သူတွေကို နိုင်ထက်စီးနင်း သြဇာအာဏာပေးမယ့် အသင်းကြီး မဖြစ်သင့်ပါဘူး။ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့အတိုင်း ပျက်နေတဲ့ အပိုင်းလေးတွေကို စနစ်တကျ အချိန်မှီ ပြင်ဆင်လိုက်ရင် အလွန်ကို တန်ဖိုးရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မြင်မိပါတယ် ခင်ဗျာ။

Wednesday, April 23, 2008

Farewell.....

နှုတ်ဆက်ခဲ့ပါတယ်

နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော် သွားတော့မယ်
လမ်းရဲ့သယ်ဆောင်ရာ ဟိုးအဝေးကို အဝေးကို
လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ်
လေထန်ရင်လည်း လေဆန်ကို လျှောက်မယ်
နေပူမှာ ခြေပူ ခံမယ်...

ငိုကြွေးခြင်းကို စွန့်လွှတ်ခဲ့ပြီ
အားလုံး အဆင်ပြေသွားမှာပါ
ကံကြုံရင် ပြန်ဆုံကြဦးမယ်
ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်
ကျွန်တော် သွားတော့မယ်...

အားလုံးကို ခွဲထားရစ်ခဲ့ပြီ
အရာရာကို စွန့်လွှတ်ထားခဲ့ပြီ
တစ်ချိုးတစ်ကွေ့ ကွေ့ကြရင်း
ခွဲခွာဖို့ ရင်နာဖို့ ကြုံခဲ့ပြီ
ခွဲခွာဖို့ ရင်နာဖို့ ကြုံခဲ့ပြီ....

တေးရေး/တေးဆို ခင်ဝမ်းပါ။ ငယ်ငယ်လေးကတည်းက ကြားဖူးတဲ့ သီချင်းလေးပါ။ အတော်လေးကို နားထောင်လို့ ကောင်းပါတယ်။ ငိုကြွေးခြင်းကို စွန့်လွှတ်ပြီး ဘ၀ခရီးတစ်ခုကို ထွက်ခွါမသွားသေးပေမယ့် သူရဲ့ တေးချစ်ပရိသတ်ကြီးနဲ့ အနုပညာလောကကို ကြိုတင်နှုတ်ဆက်ခဲ့တဲ့ သတိပေး တေးတစ်ပုဒ်လားပေါ့။ ဒါပေမယ့် ခွဲရမယ့် အချိန်တန်တော့လည်း သူလည်း သူချစ်တဲ့ အနုပညာလောကကြီးကို စွန့်လွှတ်ခွဲခွါ နှုတ်ဆက်ခဲ့ရတာပါပဲလေ။

ဒီသီချင်းလေးကို နားထောင်မိပြီး ခံစားမိတာလေးတွေ ရှိပါတယ်။ လူဆိုတာ သေမျိုးကြီးပါပဲ။ လူတိုင်း သိပါတယ်။ မသေခင်လေးမှာ ကိုယ်ရဲ့ ခံယူချက် ရပ်တည်ချက်တွေနဲ့အတူ အသက်ရှင်သန်ရဲဖို့ လိုပါတယ်။ ရပ်တည်ချက်အတွက် နေပူမှာ ခြေပူခံရမယ်ဆိုလည်း ခံကြရမှာပေါ့။ လေထန်ရင်လည်း လေဆန်ကို လျှောက်ရမှာပေါ့။ ခံယူချက် ရပ်တည်ချက်ကနေ ပေါ်ပေါက်လာတဲ့ လမ်းတစ်လျှောက် ဟိုးအဝေးတွေ ဟိုးအဝေးတွေကို လျှောက်လှမ်းရင်း ခွဲခွာရမယ့် လူတွေရှိခဲ့ရင်လည်း ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့ဗျာ။ နောက်မျိုးဆက်တွေရဲ့ရှေ့မှာ ကိုယ့်လိပ်ပြာကို ကိုယ်လုံကြစေချင်ပါတယ်။ အချိန်က စကားပြောလာတဲ့ တစ်နေ့နေ့မှာ ကိုယ့်ရပ်တည်ချက် ခံယူချက်အတိုင်း မလုပ်မိတဲ့အတွက် နှောင်းမှရတဲ့ နောင်တတွေကို မရှိစေချင်ပါဘူးဗျာ။ လောကကြီးကနေ နှုတ်ဆက် ထွက်ခွါသွားချိန်မှာ ကျက်သရေ ရှိနိုင်ကြပါစေ...

Monday, April 21, 2008

Youth Ambassador



အဲဒီ သင်တန်းလေးကို အချိန်ပေးတတ်နိုင်မယ့်သူတွေ ရှိရင် သွားတက်ကြပါလို့ ညွှန်းဆိုပါရစေ.....

Saturday, April 19, 2008

Virgin for Sale -2

နီတာ... ဟိုဘက် တဲအိမ်က အပျိုစင်လေး... သူမမှာ အစ်မ လေးယောက် ရှိပါတယ်။ အားလုံး ပြည့်တန်ဆာ လုပ်နေကြပါတယ်။ အစ်မတစ်ယောက် ပြောပါတယ်။ နီတာက အတော်လေးကို ချောတဲ့အတွက် ရူပီး ၄ သောင်းလောက် ရမယ်လို့ သူတို့ မျှော်လင့်မိပါတယ်။ အခု ရူပီး ၂ သောင်းခွဲ ဈေးလာပေးတဲ့သူ ရှိပေမယ့် ဒီလောက်နဲ့တော့ မလုံလောက်ဘူးလေ။

နီတာဟာ အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ အစ်မတွေရဲ့ နောက်ကို ခြေရာနင်းပြီး ဒီပြည့်တန်ဆာ လောကထဲကို ၀င်ဖို့ ရွေးချယ်ထားပြီးပါပြီ။ ဒါဟာ သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ သမီး အိမ်အလုပ်တွေ ဘာမှ လုပ်စရာ မလိုတော့ဘူးလေ လို့ ရီသွမ်းသွေးပြီး ပြောသွားပါသေးတယ်။

သို့ပေမယ့်လည်း... နီတာအနေနဲ့ တစ်နေ့ကို ဧည့်သည် အယောက် ၂၀ မှ ၃၀ ကြား နေ့စဉ် လက်ခံဖို့ စာချုပ်ချုပ် လက်မှတ်ထိုးထားပါတယ်။ အသက် ၄၀ အရွယ် ရောက်တဲ့အထိပေါ့။ အသက် ၄၀ ကျော်သွားရင်... စွဲမက်ဖွယ် မရှိတော့ဘူးလို့ ထင်ခံရမယ့် အချိန်အခါကျရင် သူမအနေနဲ့ သူမမှာ ရှိလာနိုင်မယ့် သားသမီးတွေကို ပြန်လည် မှီခိုရပါတော့မယ်။

သူတို့ရွာက အုတ်စီ တိုက်အိမ်အနည်းငယ်ထဲက အိမ်တစ်လုံးဖြစ်တဲ့ ပေါင် ၁၄၆၀၀ တန် အိမ်တစ်လုံးကို နီတာရဲ့ အစ်မ ၂ ယောက်က တည်ဆောက်ခဲ့ပါတယ်။ တစ်ယောက်က အသက် ၃၅ နှစ် ရှိပြီး ကျန်တစ်ယောက်က အသက် ၂၅ နှစ်ပါ။ သူတို့အနေနဲ့ အခုလို အောင်မြင်မှုကို ဂုဏ်ယူနေကြပါတယ်။ ဆင်းရဲ မွဲတွေလွန်းလို့ ကျွန်မတို့မှာ စားစရာတောင် မရှိပါဘူး။ အခုတော့ ရှင်တို့အနေနဲ့ ကျွန်မတို့ရဲ့ ကြိုးစားမှုရလာဒ်ကို မြင်တွေ့နိုင်ပြီလေ ဆိုပြီး အသက် ၂၅ နှစ်အရွယ် မန်ဂျူးက ပြောပြပါတယ်။ သူတို့ မိသားစုမှာ မိသားစုဝင် အယောက် ၅၀ ရှိပြီး ၃၅ ယောက်က ခလေးအရွယ်ပဲ ရှိသေးပြီး ၁၅ ယောက်ကတော့ အရွယ်ရောက်ပါပြီ။

အိန္ဒိယရဲ့ ဘယ်နေရာမှာ မဆို အိမ်ထောင်ပြုမယ်ဆိုရင် သတို့သမီးက သတိုးသားကို မင်္ဂလာခန်းဝင်တွေနဲ့ တင်တောင်းရပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်က သမီး မိန်းခလေး ဖြစ်နှေမှန်းသိရင် ကိုယ်ဝန်ဆောင် ကာလအတွင်းမှာကတည်းက ကလေးဖျက်ချပစ်တဲ့နှုန်း အရမ်းမြင့်တက်နေတာပါ။ အဲဒီလိုနဲ့ သမီးမိန်းခလေး မွေးဖွားနှုန်းတွေ ကျဆင်းလာပါတယ်။ အခု နီတာတို့ရဲ့ ရွာမှာဆိုရင် လက်ထပ်ယူလို့ရမယ့် သတို့သမီး အရမ်း ရှားသွားပါပြီ။ မိန်းခလေးက သတို့သားကို ခန်းဝင်ပစ္စည်း တင်တောင်းရတဲ့ ဓလေ့က အခု အဲဒီရွာမှာဆို ပြောင်းပြန်ဖြစ်သွားပါတယ်။ မင်္ဂလာ မဆောင်ခင်မှာ ယောကျာ်းလေးတွေက သမီးရှင်တွေဆီမှာ မင်္ဂလာပစ္စည်း တင်တောင်းရတာမျိုး ဖြစ်ကုန်ပါပြီ။

ဖြစ်နိုင်ချေရှိတာက ငွေရလွယ်တဲ့ လုပ်ငန်းဖြစ်နေတဲ့အတွက် မိန်းခလေးအတော်များများဟာ ပြည့်တန်ဆာ လုပ်ဖို့ ရည်ရွည်ထားကြပါတယ်။ ဒါကြောင့် လက်ထပ်ယူလို့ရမယ့် အမျိုးကောင်းသမီးတွေရဲ့ ဈေးတွေက အလွန်ကို မြင့်တက်ကုန်တာပါ။ မန်ဂျူးတို့ ညီအစ်မရဲ့ မောင် ၅ ယောက်ထဲက ၄ ယောက်အတွက် မင်္ဂလာပွဲ ကုန်ကျစရိတ်ကို ကျခံပေးခဲ့ပါတယ်။ အခုအချိန်မှာလည်း ယောင်းမတွေ၊ တူတွေ တူမတွေကိုပါ ဆက်လက် ထောက်ပံ့ပေးနေပါတယ်။ သူတို့အနေနဲ့ တစ်နေ့ကို ရူပီး ၁၀၀၀ နဲ့ ၁၅၀၀ ကြား ရှာဖွေနိုင်တယ်လေ။

အဲဒီ ဒေသအတွင်းမှာ ရှေးအစဉ်အဆက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်တဲ့ လူမျိုးစုတွေဟာ အခုအခါမှာ နယူးဒေလီမြို့က ပြည့်တန်ဆာအိမ်တွေအထိ ဈေးကွက်ဖြန့်ကျက် လာပါပြီ။ ဒါကြောင့် အခုချိန်မှာ အဲဒီ မျိုးဆက်က မိန်းခလေးတိုင်း ပြည့်တန်ဆာ လောကထဲကို ၀င်ရောက်နေတဲ့ သံသရာကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေကြပါပြီ။ အန်ဂျီအိုတွေအနေနဲ့ ပြည်တန်ဆာတွေရဲ့ ကလေးတွေရဲ့ ကျန်းမာရေး ပညာရေးတွေကို ကြည့်ရှုစောင့်ရှောက် မြင့်တင့်ပေးဖို့ ဂေဟာလေးတွေ ဖန်တီးထားကြပါတယ်။

အဲဒီပြည့်တန်ဆာလောကထဲက မိန်းမအများစုကတော့ သူတို့တွေရဲ့ သမီးတွေကို ဒီလောကထဲကို ထပ်ပြီး ၀င် မလာစေချင်တော့ပါဘူး။ သူတို့ရဲ့ လမ်းစဉ်ကို မလိုက်စေချင်ပါဘူး။ မန်ဂျူးတို့ ညီအစ်မမှာလည်း သမီးတွေ ရှိပါတယ်။ ကလေးတွေရဲ့ အဖေကတော့ သူတို့ရဲ့ ဖောက်သည်တွေထဲက တစ်ယောက်ယောက်ပေါ့။ သမီးကို ပညာတတ် ဖြစ်စေချင်တယ်။ သမီးကို ဒီလောကထဲမှာ ဘ၀ မဆုံးစေချင်ဘူး ။ သမီးကို ဒီလို အဖြစ်မခံနိုင်ဘူး လို့ ရီတူးက ပြောသွားပါတယ်။

Ref: The Daily Telegraph

Friday, April 18, 2008

Virgin for Sale -1

Taj Mahal နဲ့ အနောက်ဘက် မိုင်သုံးဆယ်လောက် ဝေးတဲ့နေရာမှာ Jaipur ဆိုတဲ့ ပန်းနုရောင် မြို့ကလေး ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသွား တိုးရစ်ကားတွေ ဒီရွာဘေးက ဖြတ်သန်းသွားနေပေမယ့် ခရီးသွားလမ်းညွှန် တစ်ခုအနေနဲ့ အထင်ကရဖြစ်တဲ့ မြို့လေးတော့ မဟုတ်ပါဘူး။

ဖြစ်သလိုလေး ဆောက်ထားတဲ့ တဲအိမ်စုတွေရှိတဲ့ ရွာလေးရဲ့ ညစ်ပေနေတဲ့ လမ်းပေါ်မှာ အသက် ၁၈ နှစ်အောက် မိန်းခလေးတွေနဲ့ အသက် ၁၅ နှစ်အောက် ငယ်တဲ့ ခလေးမလေး ၂ ဦး ဟိုဟိုဒီဒီ လျှောက်နေတာတို့ လမ်းဘေးမှာ ထိုင်နေတာကို တွေ့နိုင်မှာပါ။

မိတ်ကပ်တွေ အလွန်ခြယ်သထားတဲ့ ဆေးဆိုးပန်းရိုက် မျက်နှာ... ပန်းရောင် ဆာရီ လှလှလေးဝတ်လို့... မိန်းခလေးတိုင်းဟာ တစ်မျိုးစီ ငြို့ငင်ဆွဲဆောင်နိုင်မှု ရှိနေကြပါတယ်။ မီးပုံလေး ဘေးမှာ ခွေးခြေလေးနဲ့ ထိုင်နေတဲ့ သူတို့ကို လမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ ကားတွေပေါ်ကနေ မြင်တွေ့နိုင်မှာပါ။

ဆူလီ... ၁၄ နှစ်အရွယ် အပျိုစင်လေး... သူမနဲ့ ပထမဦးဆုံး အိပ်စက်ခွင့်အတွက် လေလံပွဲကြီး ကျင်းပနေပါတယ်။ သူမ နေတဲ့ တဲအိမ်စု ရွာကလေးမှာ မိသားစု ၅၉ စု ရှိပါတယ်။ ရွာသူရွာသားတွေဟာ ရှေးအစဉ်အဆက်ကတည်းက ပြည့်တန့်ဆာလုပ်ငန်း လုပ်ခဲ့တဲ့ ဇာတ်က ဆင်းသက်လာတဲ့ လူမျိုးစုတွေပါ။ အဲဒီလို မိသားစုမှ မွေးဖွားလာတဲ့ သမီးမိန်းခလေးအဖို့ ပြည်တန်ဆာ အလုပ်ကို စတင် လုပ်ကိုင်နိုင်တာဟာ ဖြတ်သန်းရမယ့် ဘ၀လမ်းမှာ အရွယ်ရောက်ပြီဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒါမှမဟုတ်ရင် အခြား အိန္ဒိယသူတွေလို တင်တောင်းရမယ့် ပိုက်ဆံစုပြီး ယောကျာ်းယူကြပေါ့။ ပထမအကြိမ် အပျိုစင် ပန်းဦးလွှတ်ပွဲဟာ အလွန်ကို တန်ဖိုးကြီးတဲ့ ရောင်းကုန်တစ်ခုဖြစ်ပြီး အလယ်အလတ်ချမ်းသာတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေဟာ လေလံပွဲမှာ ကြေးကြီးကြီး ပေးဝယ်နိုင်ဖို့ ပြင်ဆင်ကြပါတယ်။

ပုံမှန်ဈေးကတော့ ရူပီး ၁၀၀ ဖြစ်ပေမယ့် အခုလို အပျိုစင်ဆိုရင်တော့ ကြမ်းခင်းဈေး ရူပီး ၂ သောင်းကျော် လေလံပွဲမှာ ဈေးအမြင့်ဆုံး ပေးတဲ့ လူကို ရောင်းချပါတယ်။ အကယ်လို့များ ခလေးမလေးဟာ အလွန်ကို ချောမောတယ် ဆိုရင် ရူပီး ၄ သောင်းအထက် ရရှိနိုင်ပါတယ်။ လေလံပွဲမှာ အနိုင်ရသွားတဲ့ လူအနေနဲ့ ခလေးမလေးကို သူ့ စိတ်တိုင်းကျတဲ့အထိ နာရီပေါင်းများစွာ နေ့ရက်များစွာ ပိုင်ဆိုင်ခွင့်ရပါတယ်။ တချို့ဆို ရက်သတ္တပါတ်ပေါင်း များစွာအထိ သိမ်းယူထားနိုင်ပါတယ်။ သူအနေနဲ့ ငြီးငွေ့သွားပြီဆိုရင် ပန်းဦးလွှတ်ပွဲ ပြီးပြီပေါ့။

အဲဒီလို အချိန်အခါမှာ ဧည့်ခံပွဲတစ်ပွဲ ကျင်းပ ရပါတယ်။ သူတို့ရဲ့ အယူအဆအရ အခုလို ပထမအကြိမ် အပျိုရည်ဖျက်ခံရပြီး ရတဲ့ပိုက်ဆံကို သိမ်းထားရင် စုဆောင်းထားရင် ခလေးမအတွက် ကံမကောင်းစေဘူးပေါ့။ ဒါကြောင့် အဲဒီပိုက်ဆံကို သုံးပစ်ရပါတယ်။ သူမနဲ့ သူမရဲ့ ဆွေမျိုးတွေအတွက် လက်ဝတ်ရတနာတွေ ၀ယ်ကြပါတယ်။ အစားအသောက်နဲ့ ယမကာတွေနဲ့ ဧည့်ခံပါတယ်။ ကကြ ခုန်ကြပါတယ်။ နတ်ဘုရားတွေကို ပူဇော်ကြပါတယ်။

မိန်းခလေးတစ်ဦးအနေနဲ့ အိမ်ထောင်မပြုခင် တစ်ကြိမ်တစ်ခါ အပျိုရည် ပျက်သွားတာနဲ့ အိမ်ထောင်ပြုခွင့် ဆုံးရှူံးသွားပါတယ်။ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်မလား အိမ်ထောင်ပြုမလား ဆိုတဲ့ ရွေးချယ်မှုက ကာယကံရှင် မိန်းခလေးပေါ်မှာ မူတည်ပါတယ်။ ပြည့်တန်ဆာအလုပ်ကို ရွေးချယ်ပြီးတာနဲ့ ရပ်ရွာထဲမှာ သူမအတွက် မင်္ဂလာဦးည မဟုတ်တဲ့ ပွဲလေး ကျင်းပကြပါတယ်။

ဆူလီက ပြောပါတယ်။ ဒီလောကကို စတင် ၀င်ရောက်ဖို့ သူမအနေနဲ့ ပျော်ခဲ့ပါတယ်။ ဒီလောကကို သူမ ရွေးချယ်ခဲ့တာပါ။ သူမအနေနဲ့ အဲဒီလောကကြီးမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို မသိနိုင် မမြင်နိုင်ပါဘူး။ ဒီလောကထဲမှာ ကျင်လည်နေတဲ့ အခြားမိန်းခလေးတွေကို သူ သိပေမယ့် သူတို့တွေ ဘယ်လို ကျင်လည် လှုပ်ရှားနေကြသလဲ ဘာတွေဖြစ်နေကြလဲ ဆိုတာကိုတော့ သူမ မမေးရသေးပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်နဲ့ နည်းနည်းလေးတော့ ကြောက်မိပါတယ်တဲ့။

ယောကျာ်းတွေ ဘယ်လိုပုံစံ ရှိမလဲ ဆိုတာကို သူ စိတ်မပူပါဘူး ဆိုပြီး သူမက ထပ်ပြောပါသေးတယ်။ ညစာ လာစားဖို့ လှမ်းခေါ်နေတဲ့ အမေရှိရာကို အပြေးတစ်ပိုင်း မသွားခင်လေး ပြောသွားတာလေးက..... သမီးကတော့ ပိုက်ဆံ ဈေးအများဆုံး ပေးတဲ့သူရဲ့ နောက်ကို လိုက်သွားမှာပဲ တဲ့။

Ref: The Daily Telegraph

Thursday, April 17, 2008

BCC for Privacy!

အီးမေးလ်နဲ့ ပါတ်သတ်တဲ့စာတစ်ပုဒ်လောက် ရေးဖို့ ကျွန်တော် စိတ်ကူးထားတာ ကြာပါပြီ။ BCC ဆိုတာကို အီးမေးလ်ပို့တဲ့ နေရာမှာ To တွေ CCတွေနဲ့အတူ တွေ့ဖူးမြင်ဖူးကြမှာပါ။ ဒါပေမယ့် BCC ဆိုတဲ့ စာလုံးက ဘာကို ဆိုလိုမှန်း သိတဲ့လူ ရှိသလို မသိသေးတဲ့ လူတွေလည်း ရှိနိုင်မှာပါ။ ဒါကြောင့် BCC ဆိုတဲ့ အကြောင်းလေးကို ရေးမှာပါ။

ကျွန်တော်အနေနဲ့ အဲဒီ BCC နဲ့ ပါတ်သတ်ပြီး ရှင်းပြရပေါင်းလည်း မနည်းခဲ့ပါဘူး။ အထင်လွဲခံရပေါင်းလည်း မနည်းပါဘူး။ လွန်ခဲ့တဲ့ November 2007 တုန်းက သူငယ်ချင်းတွေနဲ့ အပြင်မှာသိကျွမ်းဖူးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီကို BCC နဲ့ပါတ်သတ်ပြီး အီးမေးလ်ပို့ တောင်းဆိုခဲ့ပါတယ်။ အဓိကကတော့ Forward အီးမေးလ်မှာ လိပ်စာတွေကို BCC မှာထည့်ပြီး ပို့ပေးစေလိုကြောင်း ရေးထားတာပါ။ စာထဲမှာ ကျွန်တော့်ဆီကို Forward မေးလ်မပို့ပါနဲ့လို့ မရေးထားမိပါဘူး။ ဒါပေမယ့် တချို့က အဓိပ္ပါယ်ကောက် လွဲတဲ့အခါကျတော့ ကျွန်တော်ဆီကို နောက် ဘယ်တော့မှ အီးမေးလ် မပို့တော့ပါဘူး ဖြစ်ကုန်ရောဗျာ။ အင်း... လူတွေ လူတွေ ရေးထားတဲ့စာကို သေချာ မဖတ်ပဲ အပြစ်တင် စောချင်ကြတယ်။

BCC ဆိုတာ အရှည်ပြန်ဖွင့်ပြရရင်တော့ Blind Carbon Copy ပါ။ Carbon Copy ဆိုတဲ့ အသုံးအနှုန်းလေးက လက်နှိပ်စက်တွေ သုံးနေတဲ့ အရင်ခေတ်ကတည်းက ရှိနေတာပါ။ လက်နှိပ်စက် ရိုက်တဲ့အခါမှာ စာရွက်ပါးပါးလေးတွေ အောက်မှာ မှင်ခံလေးထည့်ပြီး မိတ္တူပွါးလေ့ရှိကြပါတယ်။ လက်နှိပ်စက်က ရိုက်လိုက်တဲ့အခါ အပေါ်ဆုံးက စာရွက်မှာ လက်နှိပ်စက်မှင် သွားထင်ပြီး အောက်က စာရွက်တွေမှာတော့ မှင်ခံကနေ တဆင့် စာလုံးတွေ လာပေါ်နေပါတယ်။ စာအားလုံး ရိုက်ပြီးတဲ့အခါ ကျရင် မှင်ခံစာရွက်လေးကို စာရွက်တွေကြားက ဖယ်လိုက်ရင် အပေါ်ဆုံးက စာရွက်အတိုင်း မိတ္တူကူးထားတဲ့ စာရွက်တွေ ရသွားပြီပေါ့။

မိတ္တူကို ၅ စောင် ၆ စောင် လိုချင်ရင်လည်း စာရွက်တွေ ကြားတိုင်းမှာ မှင်ခံစာရွက်တွေ ထည့်ပေးရပါတယ်။ အပေါ်ဆုံးက စာရွက်ကတော့ အကောင်းဆုံးပေါ့။ စာတွေကလည်း ထင်ရှား ပြတ်သားပြီး ကြည့်လို့ ကောင်းပါတယ်။ အောက်ခံထားတဲ့ စာတွေကတော့ အပေါ်က စာလောက် ထင်ရှားမှု မရှိပဲ မှိန်တိန်တိန်လေး မြင်လို့ရတယ် ဆိုရုံလေးပေါ့။ အဲဒီလို မှုန်ဝါးဝါး မိတ္တူအပိုတွေကို မတော်တဆပဲဖြစ်ဖြစ် တမင်ကြံရွယ်ပြီး ဖြစ်ဖြစ် ပေးပို့ရမယ့် သက်ဆိုင်သူ လိပ်စာမှာ မပါတဲ့ အခြားသူတွေကို ပေးပို့မိတာ ရှိကြပါတယ်။ မိတ္တူဖြန့်ဝေတဲ့ စာရင်းထဲမှာ ရိုက်ထည့် ဖော်ပြထားတာ မရှိလို့သက်ဆိုင်သူ လိပ်စာရှင်တွေကလည်း အခြားသူဆီ မိတ္တူရောက်ကြောင်းကိုလည်း သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒါကို Blind Carbon Copy လို့ ခေါ်တာပါ။

အဲဒီလိုပဲ အီးမေးလ်ခေတ်ကို ရောက်လာတဲ့အခါမှာလည်း အဲဒီ BCC လေးကို အီးမေးလ်တွေမှာ ထည့်သွင်းပေးထားပါတယ်။ အီးမေးလ်လိပ်စာကို BCC ထဲမှာ ထည့်ထားရင် လိပ်စာရှင်ဆီ အီးမေးလ်က ရောက်သွားမှာပါ။ ဒါပေမယ့် လက်ခံရရှိသူအနေနဲ့ အဲဒီလိပ်စာကို အီးမေးလ်မှာ ရှာတွေ့မှာ မဟုတ်ပါဘူး။ လိပ်စာကို ဖွက်ထားပေးပါတယ်။ To တွေ CC တွေမှာ လိပ်စာ ထည့်ထားရင် အဲဒီလိပ်စာတွေကို မြင်တွေ့နိုင်ပါတယ်။ BCC မှာကျတော့ ပို့တဲ့သူက လွဲလို့ လက်ခံသူတွေမှာ BCC ထဲက လိပ်စာတွေကို မမြင်ရပါဘူး။

BCC ကို ဘယ်လို နေရာတွေမျိုးမှာ သုံးလဲ ဆိုတော့...
လျှို့ဝှက်စာပို့ချင်တဲ့အခါမှာ သုံးပါတယ်။ အီးမေးလ်မှာ အဓိကဦးတည်ထားတဲ့ အခြားလိပ်စာရှင်တွေ မသိစေပဲ တစ်စုံတစ်ယောက်ကို အဲဒီအီးမေးလ်ပါ အကြောင်းအရာတွေကို လျှို့ဝှက်သိစေချင် ဖတ်စေချင်တဲ့အခါမှာ ထည့်သုံးကြပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်တာဟာ မှန်ကန်တဲ့ ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ အခြားလိပ်စာရှင်တွေ မသိအောင် စာကိုခိုးပို့တဲ့အတွက် ခိုးကြောင်ခိုးဝှက် လုပ်တဲ့သဘောမျိုး လှည့်ဖြားတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

စာဖြန့်ဝေတဲ့နေရာမှာ BCC သုံးပါတယ်။ တစ်ဦးထက် ပိုတဲ့ အီးမေးလ်လိပ်စာတွေကို တစ်ကြိမ်တစ်ခါတည်းနဲ့ စာပို့ချင်ရင် သုံးပါတယ်။ ဒီနည်းဟာ Privacy အတွက် အလွန်ကို အသုံးဝင်စေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အီးမေးလ်ကို လက်ခံမယ့်သူတွေ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် သိကျွမ်းခြင်း မရှိနိုင်သူတွေ သက်ဆိုင်မှု မရှိသူတွေ ပါနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အီးမေးလ် လိပ်စာတွေကို မဆိုင်သူတွေ လက်ထဲ မရောက်အောင် လုပ်ပေးဖို့က အီးမေးလ်ပို့သူမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် အခုလို BCC မှာ ထည့်ပို့လိုက်တဲ့အခါ လိပ်စာတွေကို မမြင်ရတဲ့အတွက် အားလုံးရဲ့ Privacy ကို လေးစားရာ ရောက်စေပါတယ်။

အဲဒီလို BCC နဲ့ ပို့တဲ့အခါကျရင် To ဆိုတဲ့ နေရာမှာ လိပ်စာတစ်ခုမှ မထည့်ပဲ ပို့လွှတ်လိုက်ရင် တချို့ အီးမေးလ်တွေက "Recipient list suppressed" ဆိုတဲ့ စာကို ဖော်ပြထားပါတယ်။ အဲဒီလို မဖြစ်စေချင်ရင် To ဆိုတဲ့နေရာမှာ ကိုယ်ရဲ့ အီးမေးလ် လိပ်စာလေးကို ပြန်ရိုက်ပေးထားလိုက်ပါ။ ဒါဆိုရင် ကိုယ်ဆီကိုလည်း မိတ္တူတစ်စောင် ရသလို့ လိပ်စာတွေကို ဖွက်ထားကြောင်း စာလေးလဲ မပေါ်တော့ဘူးပေါ့ဗျာ။

ဒါကြောင့်... ကျွန်တော်အနေနဲ့ အနူးအညွှတ် တောင်းဆိုချင်တာကတော့...
Please don't put my email address in the To or CC fields of messages being sent to people I don't know!

Monday, April 14, 2008

The month of Tagu - 2

သင်္ကြန်သည် တစ်နှစ်ပြီးတစ်နှစ် ကာလရွေ့လျား ပြောင်းလဲလာခြင်းကို သတိရစေသည်။ ဤရွေ့လျားခြင်း သင်္ခါရဓမ္မကို ဆင်ခြင်သော လူကြီးများသည် ဥပုသ်သီတင်း တည်ဆောက်၍ ဘာဝနာကမ္မဌာန်းကို စီးဖြန်းလေ့ရှိကြသည်။ တရားဓမ္မ၌ ဦးဆောင်းလမ်းပြဖြစ်သော လူကြီးများသည် မိမိတို့၏ သားသမီးမြေးမြစ် ငယ်ရွယ်သူတို့ကို ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်၍ သီတင်းသီလ ဆောက်တည်စေသည်။ အချို့ကလည်း ကုသိုလ်တရား ပွားများလေအောင် သင်္ကြန်ကာလအတွင်း၌ပင် ပဉ္စင်းခံရှင်ပြု အလှူအတန်းတို့ကို ဆောင်ရွက် လေ့ရှိကြသည်။

သို့ရာတွင် ပုထုဇဉ်တို့၏ ဓမ္မတာမှာ ပျော်ရွှင်လိုကြသော ဓမ္မတာဖြစ်၏။ ထို့ကြောင့် ရှေးက ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြှိုင်မြို့တို့တွင် သင်္ကြန်ပွဲတော်ကို အတီးအမှုတ် အကအခုန်တို့ဖြင့် ဆင်နွှဲကြ၏။ အလှကား အလှယာဉ်တို့ဖြင့် မြို့တွင်းသို့ လှည့်လည်ကြ၍ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ကို ထုတ်ဖော် ပြသကြသည်မှာ လွန်စွာ ကြည်နူးဖွယ်ရာ ဖြစ်ပေသည်။ သို့သော် တစတစနှင့် ပျော်ရင်းပါးရင်း အကျီစားသန်လာကြလေရာ သင်္ကြန်ပွဲသည် အတန်ငယ် ကြမ်းလာလေသည်။ လွတ်လပ်ရေးခေတ်သို့ ရောက်သောအခါ သင်္ကြန်ပွဲတော်သည် မဖွယ်မရာ ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး အစီအစဉ်တို့ဖြင့် သင်္ကြန်ပွဲတော်ကို ကြီးကြပ်ကျင်းပလာသောအခါ များစွာ ဣနြေ္ဒ ရလာလေသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ငယ်ရွယ်စဉ်ကာလက မစ္စတာမောင်မှိုင်း အမည်ဖြင့် ဋီကာအမျိုးမျိုးကို ရေးသားခဲ့သည်။ ဆရာကြီးသည် သင်္ကြန်ပွဲတော်၌ အကျီစားသန်သဖြင့် ၀မ်းနည်းကြေကွဲစရာ အဖြစ်တို့နှင့် ရင်ဆိုင်ခဲ့ရသည်ကို မျောက်ဋီကာ၌ ရေးသားသတိပေးခဲ့ဖူးသည်။ ပုဂံပြည့်ရှင် ဘုရင်နရသီဟပတေ့ လက်ထက်၌ မိဖုရာစောလုံသည် ဘုရင်မင်းမြတ်က အလွန်ချစ်ခင် မြတ်နိုးသော မိဖုရားတစ်ပါး ဖြစ်သည်။ နရသီဟပတေ့သည် မိဖုရားစောလုံကို ကျီစယ်လိုသောကြောင့် မောင်းမမိဿတို့အား "မိဖုရားစောလုံ တစ်ကိုယ်လုံး စိုရွှဲအောင် ရေပက်ကြစေ" ဟု အမိန့်ရှိတော်မူသည်။ ထိုအခါ မိဖုရားစောလုံသည် သင်္ကြန် ရေအပက် ကြမ်းလှသောကြောင့် ဘုရင့်အပေါ်၌ စိတ်ခုပြီးလျှင် ဘုရင်အား အဆိပ်ပါသော ပွဲတော်ကို တည်ခင်းကျွေးမွေးလေသည်။ သို့ရာတွင် ကံအားလျော်စွာ ပွဲတော်မတည်မီ ဤအကြောင်းကို ဘုရင်က သိသွားလေသည်။ ထိုအခါ ဘုရင်မင်းမြတ်သည် အချစ်ကြီး အမျက်ကြီးဟူသော သဘောဖြင့် မိဖုရားစောလုံကို ကွပ်မျက်လေသည်။ ဤကဲ့သို့ ကွပ်မျက်ပြီးမှ နောင်တ အကြီးအကျယ်ရ၍ "စောလုံ စောင့်ပါခလှည့်" ဟု မကြာခဏ ယောင်ယမ်း တမ်းတသောဟူ၏။

ဤအကြောင်းကို ပြန်လည်ရေးသား ပြဆိုရာ၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက "ရေကစားကြသောအခါတွင် မခံချင်သော စောလုံလိုဟာများကို မကစားကြလေနဲ့၊ အကျီးစားသန် ရန်တဲ"့ ဟု သတိပေးပြီးလျှင် ပုဂံရာဇ၀င် လေးချိုးကြီး၌
"ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်
သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မ ကစားကြလေနဲ့
ချောဂုဏ်နဲ့နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇ၀င်တရား"
ဟု စပ်ဆိုခဲ့လေသည်။

----------------
မှတ်ချက်။ ဆရာ မောင်ထင် ၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်မှ ထုတ်နှုတ် ကူးယူ ဖော်ပြပါသည်။

Sunday, April 13, 2008

The month of Tagu - 1

တန်ခူးလသည် နှစ်၏ အစ၊ နှစ်ဦးလ ဖြစ်သည်။ ထုံးစံအားဖြင့် မြန်မာနှစ်သစ်သည် တန်ခူးလမှ အစပြုသည်။ သို့ရာတွင် မြန်မာနှစ်ဆန်း တစ်ရက်သည် အခါခပ်သိမ်း တန်ခူးလအတွင်း၌သာ ကျရောက်သည် မဟုတ်ချေ။ နှစ်ဆန်းတစ်ရက်သည် တန်ခူးလ တစ်ရက်ရက်၌လည်း သတ်သတ်မှတ်မှတ် ကျရောက်သည် မဟုတ်ချေ။ ထို့ကြောင့် နှစ်သစ်မကူးမီ တန်ခူးလ၏ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူးလတို့၏ ရက်တို့ကို ဦးရက်ဟု သတ်မှတ်၍ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ ခေါ်ဝေါ်ကြသည်။ တန်ခူးလသည် အင်္ဂလိပ် ဧပြီလနှင့် တိုက်ဆိုင်သည်။ မြန်မာနှစ်ဆန်း တစ်ရက်သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်း ကျရောက်တတ်သည်။

တန်ခူးလတွင် သင်္ကြန်ကျရောက်၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းလေရာ ထိုလတွင် တစ်နိုင်ငံလုံး၌ သင်္ကြန်ပွဲတော်ကို ကျင်းပကြသည်။ မြန်မာနှင့် ယဉ်ကျေးမှုချင်း ဆက်စပ်နေသော လောနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေး အင်းဝခေတ်ကပင်လျှင် အင်္ဂလိပ် စသော တိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ်ရာ မှတ်တမ်းတင်ခဲ့ကြသည်။

သင်္ကြန်ဟူသော စကားသည် သင်္ကန္တဟူသော ပါဠိမှ ဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည်။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်း ဖြစ်၏။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်းအလို ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် ပြည့်သောအခါ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုည အသာင်္သို့ ၀င်၏။ ဤကဲ့သို့ ၀င်စအချိန်တွင် သင်္ကြန်ကျသည်။ သို့ရာတွင် နှစ်မကူးသေးချေ။ ဗေဒင်တွက်ရိုးကျမ်းများ၌ ရ၀ိဖုဋဂြိုဟ်စင်နှင့် ရ၀ိမဓျဂြိုဟ်သွမ်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။ ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ် နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည်။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ ရက် ၄ နာရီ ၄ မိနစ်၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော်ကာလသို့ ၀င်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ်ပြုကြ၏။

ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက် ကစားကြသည်။ သင်္ကြန် ရေပတ်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်။ ရေသည် မေတ္တာဓါတ်ကို တင်စားသည်။ ရေကစားကြသည်မှာ "ရေလိုအေး၍ ပန်းလို လန်းပါစေ" ဟူသော မေတ္တာဓါတ်ဖြင့် ကစားခြင်း ဖြစ်သည်။ ရှေးက ဤအနက်အဓိပ္ပါယ်ကို ၀ိသေသ ထူးစေခြင်းငှာ "ထုံသင်း နံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်" သော အမွေးအကြိုင်တို့ကို ဖလားတွင် ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်။ ဤကဲ့သို့ ရေကစားခြင်း၌ ကလေးလူကြီး မရွေး အလွန် ရွှင်ပျော်ကြသည်။

သို့သော် လူကြီးများကား သင်္ကြန်နှစ်သစ်ကူးအခါတော်တွင် ကိုယ်နှုတ်နှလုံး သုံးပါးစုံ စင်ကြယ်စေသည် ဟူသော အထိမ်းအမှတ်ဖြင့် ဦးခေါင်းကို ဆေးကြလျှော်ကြသည်။ မြန်မာမင်းတို့၏ လက်ထက်တွင်မူ ဘုရင်မင်းမြတ်တို့ ကိုယ်တိုင် ဦးခေါင်းဆေး မင်္ဂလာကို ကြီးမှုး၍ ကျင်းပသည်။ ထို ဦးခေါင်းဆေးမင်္ဂလာနှင့် စပ်လျဉ်း၍ လူငယ်တို့က လူကြီးတို့၏ ဦးခေါင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးလျှော်ပေး၍ ကုသိုလ်ယူကြသည်။ ဤမင်္ဂလာ အမှုနှင့် တဆက်တည်း ဂါရ၀ နိဝါတ တရားကို ရည်မှန်း၍ လူငယ်တို့ အသက်ကြီး ရွယ်ကြီးတို့ကို ကန်တော့ကြသည်။

----------------
မှတ်ချက်။ ဆရာ မောင်ထင် ၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်မှ ထုတ်နှုတ် ကူးယူ ဖော်ပြပါသည်။

Saturday, April 12, 2008

Constitutional Referendum -14

မနေနိုင်လို့ နည်းနည်းတော့ ထပ်ပြောဦးမယ်ဟာ...။

နောင်တက်လာမယ့် အစိုးရဟာ လူထုအကျိုးကို ကြည့်မယ့် အစိုးရဖြစ်ဖို့ဆိုရင် လူထုအကျိုးကို ဆောင်ရွက်ခွင့်ရဖို့ သူ့မှာ အခွင့်အာဏာ လိုပါတယ်...။

အခြေခံဥပဒေမူကြမ်းအရ သူ့မှာ အခွင့်အာဏာ သိပ်နည်းပါတယ်...။

ငါက နင့်ကို ညစ်ပြီး မေးတာတော့ မဟုတ်ပါဘူး...။ နင်အခြေခံဥပဒေ မဖတ်ရသေးဘူးမဟုတ်လား...။ နင်သိထားတာက ထောက်ခံလိုက်ရင် အစိုးရပြောင်းသွားမယ်...။ အဲဒါဆိုရင် ကောင်းလာနိုင်တယ်... ဒီလို...။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရကနေ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလို့ အစိုးရ ပြောင်းခဲ့ပြီးတာကို နင်မေ့သွားပြီလား...။ တော်လှန်ရေးအစိုးရ ဆိုတာကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဦးဆောင်သော အစိုးရပြောင်းသွားတာတွေ မေ့ခဲ့ပြီလား...။

၁၉၆၂ နောက်ပိုင်း ဆိုရှယ်လစ်စီမံခန့်ခွဲမှုကြောင့် တိုင်းပြည် ဆင်းရဲသွားတယ်...။ LDC ဖြစ်သွားတယ်...။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ဈေးကွက်စီးပွားရေးကို ပြောင်းလဲကျင့်သုံးခဲ့တာ အနှစ် ၂၀ ပြည့်တော့မယ်...။ LDC ဘ၀က လွတ်ပြီလား...။ ဒုံရင်းပါပဲ...။ ဦးနေ၀င်းလက်ထက်က အင်ဂျင်နီယာတွေ တကယ်တတ်ကြတယ်...။ အခု တကယ်တတ်ကြရဲ့လား...။ နောက်တက်လာတဲ့အစိုးရဟာ ရှေ့အစိုးရထက် ပိုကောင်းမယ်လို့ ဘယ်အချက်တွေနဲ့များ နင်မှန်းနေသလဲဟာ...။

တရုတ်၊ ဗီယက်နမ် အစိုးရမပြောင်းပေမယ့် တိုးတက်လာတယ်...။ စနစ်ကို ပြင်ပေးလို့ပါ...။ အခုဟာက စနစ်က ဒီအတိုင်းပဲ သွားမယ်လို့ အခြေခံဥပဒေမှာ အခိုင်အမာ ပါပါတယ်ဟာ...။

နိုင်ငံတော် အခြေခံရမယ့်မူများမှာ လက်ရှိ ကြေညာနေတဲ့ တို့တာဝန်အရေးသုံးပါး၊ နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်တွေပဲ ပါပါတယ်ဟာ...။ အဲဒါကိုပဲ အခြေခံပြီး ဆက်သွားရမယ်လို့ ဆိုပါတယ်...။

နိုင်ငံတော်ရဲ့ မူဝါဒကို ပြင်ဆင်ခွင့်မပေးပါဘူး...။ နာမည်ပဲ ပြင်ဆင်ခွင့်ပေးတာပါ...။

နောက်တစ်ခါ လက်ရှိအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေပဲ ရာထူးကဆင်းပေးပြီး၊ စီမံခန့်ခွဲနေတဲ့ ဗြူရိုကရက်တွေက အရင်အတိုင်း ကျန်ခဲ့မှာပါ...။ အဲဒီ အဆင့်တွေကို နင်လည်း တွေ့ဖူးတာပဲ...။ သူတို့က ပြောင်းလဲပေးကြလိမ့်မယ်လို့ နင့်ကို ဘယ်အချက်တွေက ယုံကြည်စေပါသလဲ...။

မတရားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်နိုင်မယ်လို့ နင်ထင်သလား...။ အဲဒါတွေကို လွတ်လပ်စွာ တိုင်တောနိုင်မယ်လို့ နင်ထင်ပါသလား...။ စုစုနွေးလိုလူတွေ အဖမ်းမခံရတော့ဘူးလို့ နင်ထင်ပါသလား...။ ငါတော့ ရိုးရိုးသားသား မယုံပါဘူး...။

ငါတို့က နင်နားဝင်ဖို့ တစ်ခုခုပြောတိုင်း၊ ဥပမာတွေ ပေးတိုင်း၊ ကျွန်တော်ကတော့ ဒီလိုပဲ ယုံကြည်တယ်၊ ထောက်ခံမှာပဲလို့ နင်ပြန်ပြန်ပြောနေတာဟာ အဖြေကို ဦးတည်နေတာလား၊ နင်ဆုံးဖြတ်ချက်ချထားတဲ့ အချက်တစ်ခုအတွက် ရပ်ခံ နေတာလား စဉ်းစားပါ နှမရယ်...။

နင့်ကို ဒီလောက် ရှင်းပြနေတာဟာ နင့်စာတွေကို ဖတ်မိပြီး နဝေတိမ်တောင်ဖြစ်ကုန်မယ့် အသံမထွက်တဲ့ မမ်ဘာတွေကို ရှင်းပြနေတာပါ...။

ခေါင်းမာတာဟာ ငါတို့လား... နင်လား... အေးအေးဆေးဆေး စဉ်းစားကြည့်ပါဟာ...။

ငါက အခြေခံဥပဒေပြင်ဆင်ခွင့်သာရ ထောက်ခံဖို့ ၀န်မလေးပါဘူး...။ ပြန်မပြင်ရဘူးလို့ ပြောထားတဲ့ဟာကြီးကို တစ်ချက်လွှတ်အမိန့်နဲ့ အာဏာရှင်ဆန်မှုတွေ မပါဘူး... ကောင်းလာမှာပါလို့ နင့်လို မျက်စိမှိတ်ပြီး မပြောရဲတာကိုတော့ ငါ စိတ်မကောင်းပါဘူး...။

နင့်ရဲ့ စံပြဟာ ဒေါ်စုလို့ နင်ပြောခဲ့ဖူးတယ်...။ ဒေါ်စုက အခုထိ ထောက်ခံပါလို့ တစ်ခွန်း မပြောတာကို နင်ဘာကြောင့် ထည့်မစဉ်းစားတာလဲ...။ ဒေါ်စုဘ၀က ထောက်ခံပါ မပြောနိုင်သလို၊ ကန့်ကွက်ပါတယ်လို့လည်း တိုက်ရိုက် မပြောနိုင်တဲ့ဘ၀...။ အဲဒါကိုရော နင်ဘာလို့ မတွေးမိတာလဲ...။

သူက ဘာဖြစ်လို့ တိုင်းပြည်ကိုတစ်ပတ်မရိုက်ပါလို့ စာထွက်ချိတ်ရတာလဲ...။ သူတစ်ပတ်မရိုက်ရင် ဘယ်သူတွေက ရိုက်နေလို့လဲ...။

သူက ကန့်ကွက်တယ်လို့ တိုက်ရိုက်ရေးသားပြီး စာချိတ်ရင် သက်ဆိုင်ရာက ခွင့်ပြုမယ်လို့ နင်ထင်ပါသလား...။

လူထုဒေါ်အမာကလည်း မထောက်ခံဘူး...။ လူထုစိန်ဝင်းကလည်း မထောက်ခံဘူး...။ ဒဂုန်တာရာကလည်း မထောက်ခံဘူး...။

ငါ့အတွက်တော့ လုံလောက်ပါပြီ...။ ငါရိုသေတဲ့လူတွေ ငါ့ဆရာတွေ မထောက်ခံကြဘူး...။ ငါ့ရဲ့ ကန့်ကွက်မှုအတွက် သူတို့ရဲ့ ထောက်ပံ့မှုကို ငါရပြီးပြီ...။ (ငါ့အဖေကလည်း မထောက်ခံဘူးဆိုပဲဟ...။)

ငါတို့တွေက ခေါင်းမာနေကြတာလား...။

ငါတို့တွေက တိုင်းပြည်ကို နင်တို့လောက် မချစ်ဘူးလား...။

ငါတို့တွေက အနာဂတ်ကို နင်တို့လောက် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူးလား...။

ငါတို့တွေအားလုံး အမြင်သိပ်ကျဉ်းနေကြပါသလား...။

သူဖြူလို့ ငါမည်းတာမဟုတ်ပါဘူး...။ သူတို့က စကတည်းက မဖြူတာကို ခင်ဗျားဟာကြီးက အဖြူမှ မဟုတ်တာလို့ ပြောနေခြင်းသာ ဖြစ်ပါတယ်...။

ရွှေမှန်ရင် မှတ်ကျောက်အတင်ခံပါတယ်...။ မှတ်ကျောက်အတင်မခံရဲတဲ့ ရွှေကို ငါတို့က ရွှေပါလို့ ဘယ့်နှယ့် ထောက်ခံကြမလဲ...။

နင့်အနားထိလာပြီး ငါပြောချင်ပါသေးတယ်...။
နှမလေး... လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်...။

ချစ်ခင်သောစိတ်ဖြင့် မှားနေတယ်ထင်တာကို တည့်ပေးတာပါ...။
မှန်နေတယ်လို့ နင့်ဘာသာ သေချာရင် ဆက်လျှောက်ပါ...။

နင့်တစ်မဲကြောင့် တိုင်းပြည်ကြီး ကောင်းသွားပါစေလို့ ငါတို့ မုဒိတာပွားပေးနေပါ့မယ်...။
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Friday, April 11, 2008

Constitutional Referendum -13

ကန့်ကွက်မဲပေးလို့...
၁။ သွေးချောင်းမစီးဘူး...။
၂။ လက်လုပ်လက်စားတွေ အလုပ်အကိုင်မထိခိုက်ဘူး...။
၃။ စစ်တပ်နှင့် လူထုကြားမှာ တိုက်ရိုက်အမုန်းတိုးမလာဘူး...။
(အစိုးရကတော့ မုန်းမှာပေါ့...။ ဒါပေမယ့် အခုလည်း အစိုးရက လူထုကို ချစ်တာမဟုတ်လို့ သိပ်မထူးလှပါဘူး...။)

ထောက်ခံမဲပေးရင်...
၁။ သွေးချောင်းမစီးဘူး...။
၂။ လက်လုပ်လက်စားတွေ အလုပ်အကိုင်မထိခိုက်ဘူး...။
၃။ စစ်တပ်နှင့် လူထုကြားမှာ တိုက်ရိုက် အမုန်းတိုးမလာဘူး...။
(အစိုးရကတော့ မယုံပေမယ့် သဘောကျမှာပါ...။)

အတူတူပဲ မဟုတ်ဘူးလား...။ ကန့်ကွက်မဲနဲ့ ထောက်ခံမဲမှာ ဒီသုံးချက် ဘာလို့ တူနေရတာလဲ...။

အစိုးရကိုယ်တိုင်က ဥပဒေနဲ့အညီ လူထုကို တရားဝင်မဲထည့်ခွင့်ပေးထားလို့ဖြစ်တယ်...။ ဆန္ဒပြတာမဟုတ်ဘဲ တရားဝင် မဲထည့်ခွင့်ရတာမို့ လူတိုင်းက ကိုယ့်ရင်ထဲက ဆန္ဒအမှန်နဲ့ တိုင်းပြည်အတွက် တကယ် အကျိုးရှိမှာကို ထည့်သင့်ပါတယ်။

ဒီတော့ လူထုက သူတို့ ထောက်ခံလိုက်တဲ့ အခြေခံဥပဒေကို သူတို့ ဥာဏ်မီသလောက် ဖတ်ကြည့်ပေါ့...။ နားမလည်ရင်လည်း နားလည်သူတွေ ပြောတာ နားထောင်ကြည့်ပေါ့...။ အနည်းဆုံး သတင်းစာ ဖတ်ကြည့်ရင်ကို ဆောင်းပါးတွေမှာ အခြေခံဥပဒေ ကောင်းကြောင်းတွေ ရေးထားတာကို တွေ့ရမှာပဲ...။ ပြီးရင် ဆုံးဖြတ်ပေါ့...။

လူထုထောက်ခံပွဲတွေ နယ်တိုင်းမှာ သူတို့ စီစဉ်ခဲ့တာပဲ...။ လူတွေ ထောင်ပေါင်းများစွာ လက်သီးလက်မောင်းတန်းပြီး ထောက်ခံပါတယ် အော်ခဲ့ကြတာပဲ...။ သူတို့က အဲဒါကို တွေ့ရ သိရတော့ လူထုကို ယုံကြည်သွားလို့လား...။ ဒါဟာ ကြောက်လို့ ထောက်ခံနေကြတာ တကယ်မဟုတ်ဘူး တို့ဆင်ထားတဲ့ လုပ်ဇာတ်ဆိုတာ သူတို့ဘာသာ သိနေတာပဲ...။

အခု ၀ိုင်းထောက်ခံကြလည်း ငါတို့ဆင်းပေးမယ်ပြောလို့ ၀ိုင်းထောက်ခံနေကြတာလို့ ပြောမှာပါပဲ...။ အဲဒီအခါ အာဏာလွှဲပြီးရင် ငါတို့ကို ငါတို့သားသမီးတွေကို ငါတို့ဆွေမျိုးတွေကို ဒုက္ခမပေးနိုင်အောင် သေသေချာချာ စီစဉ်ခဲ့ဦးမှလို့ တွေးမှာပါပဲ...။

နောက်တစ်ခါ သူတို့ရဲ့ အတ္တကို ထည့်စဉ်းစားသင့်ပါတယ်...။ သူတို့အောင်မြင်အောင် မတည်ဆောက်နိုင်ခဲ့တဲ့ နိုင်ငံတော်ကြီးကို နောက်အစိုးရက တည်ဆောက်နိုင်ဖို့ သူတို့တွေက အခြေခံကောင်းတွေ ပြင်ဆင် ပေးခဲ့မယ်လို့ မထင်ပါ...။ သူတို့လုပ်ပေးခဲ့မှာက သူတို့လက်ရှိသွားထားတဲ့ နိုင်ငံတော်ပုံစံအတိုင်း နောက်ထပ် အနည်းဆုံး ၁၀နှစ် ဆက်သွားစေဖို့ပဲဖြစ်မှာပါ...။ ၁၀နှစ်ဆိုတာက ရွေးကောက်ပွဲနှစ်ကြိမ်...။ နောက်အစိုးရ နှစ်ဆက်စာလို့ ပြောတာပါ...။

နိုင်ငံကို တိုးတက်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို တွေးတဲ့အခါမှာ အစိုးရတွေးနေတာတွေက အရပ်သားတွေနဲ့ မတူပါဘူး...။ ဒါကြောင့်လည်း ထင်သလောက် တိုးတက်မလာဘဲ ပိုနိမ့်ကျသွားတာပါ...။ သူတို့က တင်ပေးခဲ့မယ့် အစိုးရဟာ ပိုကောင်းတာကို တွေးနိုင်တဲ့ တွေးခွင့်ရတဲ့လူတွေ တက်လာမယ်ဆိုတာ လက်ရှိ အခြေခံဥပဒေအရ မဖြစ်နိုင်ပါဘူး...။

ပြောရရင် နင်တို့ပြောတဲ့ ရသလောက် ပြုပြင်ပြောင်းလဲယူမယ်ဆိုတာမျိုး အခြေခံဥပဒေမှာ လုပ်ခွင့် ပေးမထားပါဘူး...။

ဒါကြောင့် အခြေခံဥပဒေကို ထောက်ခံလိုက်ခြင်းဟာ အမှားကင်းပြီး ပိုကောင်းတဲ့ အစိုးရတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ မဖြစ်နိုင်ပါဘူး...။

အခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်ခွင့်ရမှသာ ပိုကောင်းတဲ့ အစိုးရတစ်ခု ဖြစ်ခွင့်ရလာနိုင်ပါတယ်...။

ဒါကြောင့်သာ ကန့်ကွက်မယ်လို့ပြောတာပါ...။

ကန့်ကွက်ခြင်းရဲ့ ရလာဒ်ဟာ အစိုးရက ပိုမိုဖိနှိပ်ခြင်းမဟုတ်ပါဘူး...။ အစိုးရက အခြေခံဥပဒေကို ပြင်ဆင်ခွင့်ပေးဖို့ပါ...။ အခုပြင်ဆင်ခွင့်မပေးတောင် နောင်ပြင်ဆင်ခွင့်ရှိတယ်လို့ အခြေခံဥပဒေထဲမှာ ထည့်ရေးပေးဖို့ပါ...။ အခုဟာက ကာကွယ်ရေးဦးစီးချုပ် သဘောမတူရင် ပြင်ဆင်ခွင့် မရှိဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်...။

ဒါဆိုရင် ဘေးကင်းရန်ကင်း ဘာမှမထူးမဲ့ ကန့်ကွက်ခြင်းရဲ့ အကျိုးကို မြင်မယ်ထင်ပါတယ်...။

ကန့်ကွက်တာဟာ အစိုးရကို ကန့်ကွက်နေတာမဟုတ်ပါဘူး...။ အခြေခံဥပဒေတစ်ခုလုံးကို ကန့်ကွက်နေတာ မဟုတ်ပါဘူး...။ အချက်တချို့ကို ပြင်ဆင်ခွင့်ပေးဖို့၊ အခုမပေးနိုင်တောင် နောင် လူထုဆန္ဒနဲ့ ပြင်ဆင်ချင်ရင် ပြင်ဆင်ခွင့်ရစေဖို့အတွက် ကန့်ကွက်ရတာပါ...။

နင်တို့လိုချင်တဲ့ ပြုပြင်မှုရဲ့အစဟာ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်ခွင့်ရမှသာ လုပ်ခွင့်ရမှာပါ...။ မယုံရင်တော့ အခြေခံဥပဒေကို ဖတ်ကြည့်စေချင်ပါတယ်...။

ကန့်ကွက်ခြင်းဟာ တွေဝေခြင်းမဟုတ်ပါဘူး...။ ကန့်ကွက်ခြင်းဟာ သူဖြူလို့ ငါမည်းတာမဟုတ်ပါဘူး...။

ရိုးသားစွာ ကန့်ကွက်တာပါ...။ အခြေခံဥပဒေပါ ပြင်ဆင်ခွင့်အခန်းနဲ့ အုပ်ချုပ်မှု အာဏာခွဲဝေရေး အခန်းလေးတွေထဲက မကြိုက်တာလေးတွေ ပြင်ခွင့်ရဖို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်...။

နင်တို့ သတိမပြုမိတာလေးကို ထပ်ပြောပါဦးမယ်...။

အခု ထောက်ခံခြင်းနဲ့ ကန့်ကွက်ခြင်းလုပ်ခိုင်းနေတာ အခြေခံဥပဒေကိုပါ...။ နောင်တက်လာမယ့် အစိုးရကို မဟုတ်သေးပါဘူး...။ သူက ၂၀၁၀ကျမှပါ...။

နင်တို့က အခြေခံဥပဒေပါအချက်တွေကို မကိုင်တွယ်ဘဲ ၂၀၁၀ရွေးကောက်ပွဲကျမှ စဉ်းစားရမယ့် ပြုပြင်ပေးမယ့် အစိုးရကို ကြိုပြီး စဉ်းစားနေကြတာလေးက အခြေအနေနဲ့ အံမ၀င်သလို ဖြစ်နေသလားလို့...။

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Thursday, April 10, 2008

Constitutional Referendum -12

မထောက်ခံရင် ဘာဖြစ်မှာလဲလို့ မေးသူတိုင်းကို ပြောချင်ပါတယ်...။

ဘာမှ မဖြစ်ပါဘူး...။

လက်ရှိ နိုင်ငံတော်အစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေမူကြမ်းကို မထောက်ခံဘူး...။ ကန့်ကွက်ကြမယ်...။

ကန့်ကွက်မဲများတာကို ပယ်မဲမလုပ်ဘဲ တကယ်လက်ခံပြီး ကမ္ဘာကို ကြေညာပေးမယ်ဆိုရင်ပေါ့...။

၂၀၀၈ခုနှစ် အခြေခံဥပဒေမူကြမ်းကြီး အတည်မဖြစ်ပါဘူး...။

တိုင်းပြည်ဘာဖြစ်မလဲ...။ ဘာမှ မဖြစ်ပါ...။ လူတွေ ဘာဖြစ်မလဲ...။ ဘာမှမဖြစ်ပါ...။

အဲဒီလိုပဲ လက်ရှိ နိုင်ငံတော်အစိုးရဘာဖြစ်မလဲ...။ သူလည်း ဘာမှမဖြစ်ပါ...။

ဝင်း-၀င်းလို့တောင် ပြောလို့ရသေးတယ်...။ အားလုံး ဘာမှ မဖြစ်ဘူး...။

ကျွန်တော်ကတော့ ရှင်းရှင်းပဲဗျာ...။ လက်ရှိ နိုင်ငံတော်အစိုးရကြီးကိုပဲ ချစ်တယ်...။ ကြည်ညိုတယ်...။ ဒီအတွက် လက်ရှိ အစိုးရကြီး ရာထူးကနေ ဆင်းပေး ဖယ်ပေးမှာကို လုံးဝ အလိုမရှိဘူး...။ ဒီအတွက် နောက်အစိုးရအသစ်တစ်ခု ဖြစ်လာစေမယ့် ဒီအခြေခံဥပဒေကြီးကို ကန့်ကွယ်တယ်...။ (အဲဒီလိုလေးများ ပြောရင်ကောင်းမလားလို့ စဉ်းစားတာပါ...။ တကယ် မပြောရသေးဘူးနော်...။)

အားလုံးပဲဗျာ အင်တာနက်ထဲမယ် လက်ရှိ အခြေခံဥပဒေမူကြမ်းရော၊ အခြေခံရမယ့်မူများ စာအုပ်ရော ဖတ်လို့ရနေတာပဲ...။ ကိုယ့်ဘာသာပဲ ဖတ်ကြည့်ကြပါတော့ဗျာ...။

ဖတ်ပြီးလို့ ထောက်ခံချင်လည်း ထောက်ခံပေါ့...။ ကန့်ကွက်ချင်လည်း ကန့်ကွက်ပေါ့ဗျာ...။ မခက်ပါဘူး...။

ထောက်ခံရင် ဘာတွေဖြစ်လာမယ်နဲ့၊ မထောက်ခံရင် ဘာတွေဖြစ်လာမယ်ဆိုတာ အမှန်းအဆတွေသာ ဖြစ်ပါတယ်...။ တကယ်ဖြစ်လာမှာကို ဘယ်သူမှ ကြိုမသိပါဘူး...။ နိုင်ငံတော်အစိုးရတောင် ကြိုသိပါ့မလား မသိပါဘူး...။

ကျွန်တော်တို့ ဖိုရမ်ထဲကလူတွေ အမှန်းအဆတွေ ပြောခဲ့ကြပေမယ့် မဖြစ်လာဘဲ သူဖြစ်ချင်တာတွေ ဖြစ်ကုန်တာတွေ ရှိနေတာပဲ...။ အနီးစပ်ဆုံး မန္တလေးရတနာပုံမီးလောင်တော့ အမ်အိုင်စီတီပါသွားတယ်...။ အားလုံးက မေမြို့က ရတနာပုံမြို့သစ်ကို ဆက်သွယ်ရေးဝန်ကြီးက ပြောင်းခိုင်းမယ် မှန်းကြတယ်...။ အခု မန္တလေးဘူတာကြီး အပေါ်ထပ်မှာ ဖွင့်မယ်ဖြစ်တယ်...။

ကျွန်တော်တို့တွေးသလို လက်ရှိ အစိုးရနဲ့ ၀န်ကြီးတွေက မတွေးဘူးဆိုတာကို အကောင်းဆုံးပြတဲ့ သက်သေလို့ မြင်ပါတယ်...။

ဒီအတွက် ထောက်ခံရင်၊ ကန့်ကွက်ရင် ဆက်ဖြစ်မှာတွေကို ကျွန်တော်တို့တွေးတာဟာ ကျွန်တော်တို့ တွေးတာတွေပဲ ဖြစ်ပါလိမ့်မယ်...။ သူကတော့ သူလုပ်ချင်တာ လုပ်မှာပါပဲ...။ သူတွေးမိသလို လုပ်မှာပါပဲ...။

ကျွန်တော့်ရည်ရွယ်ချက်က မြန်မာပြည် ငြိမ်းချမ်းစေချင်တယ်...။ ဒါပဲ...။ ဒီအတွက် ကျွန်တော် အကောင်းဆုံး ထင်တာလေးတွေကို အမှားနည်းနိုင်သမျှ နည်းအောင် စဉ်းစားပြီး လုပ်မယ်...။

ကန့်ကွက်ခြင်းဟာ အကောင်းဆုံးမဟုတ်ပေမယ့် အမှားအနည်းဆုံးလို့ ကျွန်တော်ယူဆပါတယ်...။

၁၉၄၇ အခြေခံဥပဒေကို လူထုဆန္ဒမခံယူဘဲ အတည်ပြုခဲ့တယ်...။ (ပြည်တွင်းစစ် ထဖြစ်တယ်...။)

၁၉၇၄ အခြေခံဥပဒေကို လူထုက အတည်ပြုပေးခဲ့တယ် ဆိုပါတယ်...။ (တိုင်းပြည် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်...။)

၂၀၀၈အခြေခံဥပေဒကို လူထုက ဘယ်လို သဘောထားမလဲ...။ အဲဒါဟာ အတည်ပါပဲ...။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ၊ မဲမခိုးဘူးဖြစ်စေ၊ မဲလိမ်သည်ဖြစ်စေ... ကျွန်တော်ကတော့ ရလာဒ်ကိုပဲ စောင့်ပါမယ်...။ အတည်မဖြစ်ရင် ပြန်ပြင်သင့်တာတွေကို ဆော်သြပါမယ်...။ အတည်ဖြစ်ခဲ့ရင် မူဘောင်ထဲက လုပ်သင့်တာကို ဆက်လုပ်ပါမယ်...။

ရည်မှန်းချက် ၁ က အခြေခံဥပဒေအတည်မဖြစ်ဖို့ပါ...။

အတည်မဖြစ်ခဲ့ရင် ဘာတွေလုပ်မယ် ပြောပြီးပါပြီ...။ အတည်ဖြစ်ရင် ဘာတွေ လုပ်မယ်ဆိုတာလည်း စဉ်းစားပြီးသားပါ...။

အကောင်းဆုံးကို မျှော်လင့်ပါတယ်...။ အဆိုးဆုံးအတွက်လည်း အသင့်ပါ...။

စကားမစပ်။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောသေးဘူးလို့ ပြောထားတာတွေ့ပါတယ်...။ သိချင်ရင် ကိုယ်တိုင်သွားမေးပေါ့...။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်သူမှ တွေ့ခွင့်မရဘဲ သူက ဘာပြောတယ်ဆိုတာကို ဘယ်သူက သိမှာလဲ...။ အစက အန်အယ်လ်ဒီက ဘာမှ မပြောသေးဘူးလို့ ကန့်ကွက်မယ့်လူတွေကို ပြောခဲ့တယ်...။ အခု အန်အယ်လ်ဒီက ကန့်ကွက်တယ်လည်းဆိုရော ဒေါ်စုက ဘာမှ မပြောသေးဘူးလို့ ထပ်ပြောလာကြတယ်...။ ဒေါ်စုက ကန့်ကွက်ပါတယ်လို့ ပြောရင်ရော ကျွန်တော်တို့ ဘယ်သူ့ကို စောင့်ရဦးမလဲ...။ ဦးတင်ဦးလား... ဦးဝင်းတင်လား... ဦးခင်ညွန့်လား...။
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Tuesday, April 8, 2008

Star never fall...



အမေလူထုဒေါ်အမာ ကွယ်လွန်ရှာပြီ...။

စာမရေးနိုင်တော့ဘူးလို့ အမေပြောခဲ့တာမှ တစ်နှစ်ပဲရှိသေးတယ်...။ စာမရေးနိုင်တော့ပေမယ့် အမေသက်ရှိ ထင်ရှားရှိနေသေးတာဟာ ကျွန်တော်တို့အတွက် ခွန်အားပါပဲလို့ ပြောခဲ့ဖူးတယ်...။

အခုတော့ ကွယ်လွန်သွားရှာပါပြီ...။

အသက် ၉၃နှစ်ဖြစ်ပြီး... မန္တလေးဆေးရုံကြီး၊ နှလုံးရောဂါအဆောင်မှာ မနေ့က (၇-၄-၂၀၀၈) မနက် ၈ နာရီ ၃၇ မိနစ်တွင် ကွယ်လွန်ကြောင်း (ကို)ညီပုလေးက ပြောတယ်လို့ သတင်းများမှာ ဖတ်ရပါတယ်...။

မြန်မာစာပေအတွက်သာမကဘဲ မြန်မာတစ်မျိုးသားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်လို့ ခံစားရပါတယ်...။

တိုင်းပြည်ကောင်းဖို့ဆိုရင် လက်ဝဲဖြစ်ဖြစ်၊ လက်ယာဖြစ်ဖြစ် ကူညီခဲ့တဲ့ လူထုဦးလှနှင့် အမေလူထုဒေါ်အမာတို့ ကောင်းရာမွန်ရာဘုံဘ၀မှာ ပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။


Sunday, April 6, 2008

Save the Wildlife

အီးမေးလ်ကနေ ရထားတဲ့ National Geographic က ဆုရ ဓါတ်ပုံတွေကို ကြည့်မိရင်း ၀င်လာတဲ့ ခံစားချက် အတွေးစ ပိစိကွေးလေး တစ်ခုပါ။ တက္ကသိုလ်ကျောင်းတွေ လျှောက်ဖို့ ဖောင်တွေဖြည့်တော့ သစ်တောတက္ကသိုလ်ကို ဦးစားပေးလျှောက်ဖို့ လုပ်ခဲ့တာလေးကို အမှတ်တရ ပြန်ဖြစ်စေပါတယ်။ ငယ်တုန်းမှာ တောထဲတောင်ထဲ လှုပ်ရှားသွားလာချင်တဲ့ စိတ်ကလေးတစ်ခုနဲ့ အဲဒီကျောင်းကို တက်ချင်မိတာပါ။ နောက်ပြီး ကျောင်းပြီးရင် အလုပ်ရဖို့လည်း လွယ်တယ်လေဗျာ။

အဲဒီတုန်းက သစ်တောကို ဦးစားပေး ၁ မှာ ရွေးချယ်ချင်ခဲ့ပေမယ့် အိမ်က မိဘတွေက ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်ကို ဦးစားပေး လျှောက်ဖို့ တိုက်တွန်းခဲ့ကြတယ်လေ။ အဲဒါနဲ့ပဲ နည်းပညာတက္ကသိုလ်ကို ဦးစားပေး ၁ အနေနဲ့ လျှောက်ခဲ့ပြီး ဆေးတက္ကသိုလ်ကို ဦးစားပေး ၂၊ သစ်တောတက္ကသိုလ်ကို အမှတ် ၃ နေရာကနေ လျှောက်လိုက်တယ်။ ဟိုကျောင်းတွေက မရွေးချယ်ခဲ့ရင် သစ်တောတက္ကသိုလ် တက်ခွင့်လေး ၀င်ခွင့်လေး ရကောင်းပါရဲ့ပေါ့။ ဒါပေမယ့် နည်းပညာတက္ကသိုလ်ကိုပဲ ရောက်ခဲ့ပါတယ်။ အဲဒါလေးကလည်း ကလေးဘ၀ အိမ်မက်တစ်ခုဆိုတော့လည်း အင်ဂျင်နီယာကျောင်းကို တက်လိုက်တာပေါ့။
ဓါတ်ပုံတွေက တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကို အပြည့်အ၀ ဖော်ကျူးပြသနိုင်တယ်။ အတော်လေးလည်း လှတယ်ဗျာ။ ဓါတ်ပုံထဲမှာတင် တောရိုင်းတိရစ္ဆာန်တွေရဲ့ ချစ်စရာကောင်းပုံလေးတွေကိုလည်း သတိထား မြင်နိုင်တွေ့နိုင်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး... တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး... ဆိုတာ နိုင်ငံအတွက် အလွန်ကို အရေးကြီးပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ နည်းနည်းများ စိမ်းနေသလားပဲ။ တောတောင်ရေမြေ သဘာဝတွေ သာယာလှလွန်းတဲ့ မြန်မာပြည်ကြီး နီးရဲ့နဲ့ ဝေးနေတာလား။ မြင်ပါများလို့ ငယ်... နမ်းပါများလို့ ပြယ် ကုန်ကြတာလား။
ဇီဝမျိုးပေါင်းစုံ ကြွယ်ဝတဲ့ တောတောင်ရေမြေ အင်းအိုင်မြစ်ချောင်းတွေ မြန်မာရေမြေမှာ ရှုမငြီးအောင် တွေ့ရမှာပါ။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ အဲဒီလိုအရာတွေကို တန်ဖိုးထား ထိန်းသိမ်းရကောင်းမှန်း မသိကြသေးဘူး။ အမြင်မကျယ်ကြသေးဘူး။ သစ်တောကြီးတွေကို သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်မှုတစ်ခုတည်း လုပ်နေမယ့်အစား တောတွင်းသဘာဝ အပန်းဖြေစခန်းကြီးတွေ ပြုလုပ်တာတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ရောင်းချမယ့်အစား သဘာဝအတိုင်း ပြသတာတွေ၊ ပင်လယ်ကမ်းခြေမှာ ဘန်ဂလိုတွေ ပြွတ်နေအောင် ဆောက်မယ့်အစား သာယာတဲ့ကမ်းခြေ တန်ဖိုးမြင့်တဲ့ ကမ်းခြေတွေအဖြစ် ပြောင်းလဲတာတွေ လုပ်သင့်ပါတယ်။
မြန်မာပြည်မှာ အဲဒီလို ထိန်းသိမ်းရေးလုပ်ငန်းတွေ မရှိဘူးလို့ မဆိုလိုပါဘူး။ အလောင်းတော် ကဿပလို ကြိုးဝိုင်းသစ်တောတွေ၊ လှော်ကားဥယျာဉ်၊ မေမြို့ကန်တော်ကြီး၊ ဟူးကောင်းချိုင့်ဝှမ်း၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်၊ အင်းတော်ကြီး စတဲ့ သဘာဝပါတ်ဝန်းကျင်တွေကို ထိန်းသိမ်းနေတဲ့ နေရာတွေ ရှိကြပါတယ်။ ဒါပေမယ့် အားနည်းနေတုန်းပါ။ ငွေကြေးအင်အား ပြည့်စုံမှု မရှိသလို နည်းပညာပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဘက်ဘက်က ပံ့ပိုးမှု အားကောင်းစေချင်တယ်။
ဟိုတလောက ဂျာနယ်တစ်စောင်မှာ ဖတ်မိလိုက်ရတာကတော့ မြန်မာနိုင်ငံအပါအ၀င် အာရှ ၈ နိုင်ငံမှာ မိုင် ၅၀၀၀ ကျော် ရှည်တဲ့ ကျားထိန်းသိမ်းရေးစင်္ကြာတစ်ခုကို စီမံကိန်းချ ဆောင်ရွက်မယ်လို့ ရေးထားပါတယ်။ ကမ္ဘာမှာ နောက်ဆုံးကျန်ရစ်တဲ့ ကျားမျိုးစိတ်တွေအတွက် အကြီးမားဆုံး စုဝေးကျက်စားရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားဖို့ပါ။ အဲဒီ စီမံကိန်းကို Tiger Forever ဆိုတဲ့အဖွဲ့အစည်းက ဆောင်ရွက်နေတာပါ။ စီမံကိန်းဧရိယာအရ ဘူတန်နိုင်ငံ ဒေသအများစု၊ အိန္ဒိယ မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်မှာပါ။ ဘူတန်နိုင်ငံရဲ့ ဘုရင်ကတော့ စီမံကိန်းကို သဘောတူ အတည်ပြုခဲ့ပြီး အခြားနိုင်ငံ ခေါင်းဆောင်တွေကိုလည်း ကူညီဖို့ တိုက်တွန်းသွားပါတယ်။
ကမ္ဘာမှာ ကျားမျိုး ကိုးမျိုးရှိပေမယ့် သုံးမျိုးက လုံးဝ မျိုးသုဉ်းသွားပါပြီ။ မြန်မာနိုင်ငံမှာတော့ ဘင်္ဂလားကျားမျိုးနဲ့ အင်ဒိုချိုင်းနားကျားမျိုးတို့ ကျက်စားနေထိုင်ပါတယ်။ ဟိုးရှေးခေတ် မြန်မာနိုင်ငံမှာ မြောက်ဘက်ပိုင်းက ကုန်းမြင့်ဒေသတွေကလွဲပြီး နေရာဒေသ အတော်များများမှာ ကျားကို တွေ့ရှိနိုင်ခဲ့ပါတယ်။ လူဦးရေ တိုးပွါးလာတာနဲ့အမျှ မြေယာအသုံးချမှုတွေ များပြားလာပါတယ်။ အဲဒီလိုနဲ့ တိရစ္ဆာန်တွေအတွက် ကျင်လည်ကျက်စားရာ နယ်မြေဒေသ ကျဉ်းမြောင်းသွားရပါတယ်။ အကျိုးဆက်က ကျားတွေအတွက် စားသုံးဖို့ သားကောင်တွေ လျော့နည်း ရှားပါးသွားပါတယ်။ ရိုးရာဆေးတွေ အဖြစ် အသုံးပြုဖို့ ကျားတွေကို အမဲလိုက် သတ်ဖြတ်မှုတွေရှိခဲ့ပြီး အမဲလိုက်ခြင်းကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ မြန်မာပြည်မှာ ကျားကောင်ရေ လျှော့နည်းကျဆင်းသွားပါတယ်။

၁၉၇၅ မှာ မြန်မာနိုင်ငံက ကျားနဲ့ ကျားထွက်ပစ္စည်းတွေ ရောင်းဝယ်ခြင်းကို တားမြစ်ခဲ့ပါတယ်။ ဥပဒေ လက်တစ်လုံးခြား လုပ်ပြီး မှောင်ခိုဈေးကွက်မှာ ကျားတွေ ရောင်းပန်းလှနေခဲ့ပါတယ်။ အဲဒီလိုပဲ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်မှာ ကျားနဲ့ အခြားတောရိုင်း တိရစ္ဆာန်တွေ ကျင်လည်ကျက်စားတဲ့ သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါတယ်။ ကျားမျိုးစိတ်တွေ ရေရှည် ရှင်သန်ရပ်တည် လှုပ်ရှားသွားလာဖို့အတွက် အကျယ်အ၀န်း စတုရန်းကီလိုမီတာ ၃၀၀၀ ကနေ ၁၅၀၀၀ အထိ လိုအပ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြပါတယ်။

၁၉၉၁-၉၂ ကွင်းဆင်းလေ့လာမှုတွေအရ ကျားကောင်ရေ လျှင်မြန်စွာ ကျဆင်းနေပါတယ်။ အလောင်းတော် ကဿပဒေသ၊ မဟာမြိုင်ဒေသနဲ့ ပန်းလောင်ပြဒါးလင်းဒေသမှာ အရင်က ကျားတွေ ရှိခဲ့ပေမယ့် အခုမှာ လုံးဝ ပျောက်ကွယ်သွားပါပြီ။ မှတ်တမ်းအရ ထမံသီမှာ ကျား ၅ ကောင်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ၁၅-၂၀ ကောင်၊ ဟူးကောင်းပတ်ဝန်းကျင်မှာ ၁၅-၂၀ ကောင်ပဲ ရှိကြပါတော့တယ်။ မှတ်တမ်းမတင်နိုင်တဲ့ ဒေသတွေမှာလည်း ကျားကောင်ရေက ၂ ကောင် ၃ ကောင်လောက်ပဲ ရှိကြပါတယ်။ အချိန်မှီ ထိန်းသိမ်းနိုင်မှု မလုပ်နိုင်ရင်တော့ မြန်မာ့မြေမှာ ကျားဆိုတာ ရှာတွေ့နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး... တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး... ဆိုတာတွေကိုလည်း ကိုယ်နဲ့မဆိုင်သလို လျစ်လျူမရှုထားကြပဲ အလေးအနက်ထား ကာကွယ်ကြပါစို့လားဗျာ။

Saturday, April 5, 2008

World Eating Disorder

လတ်တလောမှာ ဆန်ရေစပါး အစားအစာ ရှားပါးပြတ်လပ်မှုကို ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ကြုံတွေ့နေရပါပြီ။ အစားအစာတွေလည်း ကမောက်ကမ ကစဉ့်ကလျားတွေ ဖြစ်လို့ပေါ့။ စားသောက်ကုန်တွေ ဈေးမြင့်မှုဒဏ်ကို နဖူးတွေ့ဒူးတွေ့ ခံစားရမယ့်သူတွေကတော့ ဆင်းရဲသားတွေပါပဲ။ မိုးပေါ်ကို ပျံဝဲတက်နေတဲ့ စားသောက်ကုန် ဈေးနှုန်းတွေကြောင့် ဆင်းရဲသား မိသားစုတွေဟာ သူတို့ရဲ့ ခါးပတ်တွေကို ကျပ်သည်ထက် ကျပ်အောင် တင်းသည်ထက် တင်းအောင် ပတ်ထားရတော့မလား။

တစ်ကမ္ဘာလုံးက နိုင်ငံတွေဟာ သူတို့နိုင်ငံ ဆန်ဖူလုံမှုရှိရေးအတွက် ကြိုးစားနေကြရပါပြီ။ အီဂျစ်နိုင်ငံကတော့ နိုင်ငံခြားကို ဆန်တင်ပို့နေတဲ့ လုပ်ငန်းအားလုံးကို ၆ လ ရပ်နားထားလိုက်ပါပြီ။ ကမ္ဘောဒီးယားနိုင်ငံကလည်း ပုဂ္ဂလိက ဆန်တင်ပို့တဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။ အိန္ဒိယနဲ့ ဗီယက်နမ်ကလည်း ပြည်တွင်း စားသုံးမှု ဖူလှုံရေးကို အလေးပေးနေပါတယ်။

ဒီအပတ်မှာတော့ ဟောင်ကောင်နဲ့ စင်္ကာပူက စတိုးဆိုင်တွေရဲ့ ဆန်အိတ်တွေရောင်းတဲ့ စင်တွေမှာ ပြောင်သလင်းခါအောင် အ၀ယ်များခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆန်ဈေးတွေ မြင့်တက်လာမှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။ ကမ္ဘာမှာ ဆန်အများဆုံး ၀ယ်ယူရတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ဟာ အာရှမှာ အထိအနာဆုံး နိုင်ငံပါပဲ။ ဖိလစ်ပိုင်သမ္မတကိုယ်တိုင် ဦးဆောင်ပြီး ဖြေရှင်းနေရပါတယ်။ ဆန်တွေကို တက်ဈေးနဲ့ ပြန်ရောင်းထုတ်ဖို့အတွက် အများအပြား သိုလှောင်ထားတဲ့ ကုန်သည်တွေကို ဖမ်းဆီး နှိမ်နှင်းခဲ့ပါတယ်။ ဆန်ဂိုဒေါင်တွေကို ၀င်စစ်ခဲ့ပါတယ်။ အဲဒီလို ပြစ်မှုအတွက် ထောင်ဒဏ်တစ်သက် ပေးဖို့အထိ လုပ်နေကြပါတယ်။

လွန်ခဲ့တဲ့ လတွေကလည်း အဲဒီလို အခြေခံစားကုန် ပြတ်လပ်မှုကို ဆီနီဂေါ၊ ဥဇဘက်ကစ္စတန်၊ မက်ဆီကို၊ မော်ရိုကို၊ ဂွေနီးယား၊ ယီမင် စတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ကုလသမဂ္ဂကလည်း အစားအစာ ရှားပါးပြတ်လပ်မှုကို ကြုံတွေ့နိုင်တဲ့ ၃၆ နိုင်ငံစာရင်းကို ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ လူဦးရေများလွန်းတဲ့ တရုတ်နိုင်ငံလည်း ပါခဲ့တာပေါ့။

စကာင်္ပူနိုင်ငံ အစိုးရကတော့ ဆန်ပြတ်လပ်မှု မရှိပါဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။ သူတို့အနေနဲ့ အနည်းဆုံး သုံးလစာ ဆန်တွေ သိုလှောင်ထားကြောင်း၊ ဆန်တင်ပို့နေတဲ့သူတွေက အခက်အခဲတွေကြားထဲက ဆန်တင်ပို့ပေးနေကြောင်း၊ ထိုင်းနိုင်ငံကနေ ဆန်သယ်လာတဲ့ သင်္ဘောတွေ ဆိုက်ရောက်နေပြီဖြစ်ကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဆန်ဖူလှုံကြောင်း ရေးထားသလို ဆန်အစား အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပလောပီနံတွေကို အစားထိုး စားသုံးဖို့ တိုက်တွန်း ရေးသားထားပြန်ပါတယ်။

နိုင်ငံအတော်များများက မိသားစုတွေဟာ စားသောက်ဆိုင်ကြီးမှာ ထွက်စားတာဟာ ဇိမ်ခံတဲ့အလုပ်လို့ မြင်လာကြပြီး အခုနောက်ပိုင်းမှာ ဈေးနှုန်းတွေ အဆမတန် ကြီးတဲ့အတွက်ကြောင့် မတတ်နိုင်ကြတော့ပါဘူး။ ဒါကြောင့် မိသားစုလိုက် အိမ်မှာပဲ ချက်ပြုတ်စားသောက်ဖို့ စီစဉ်လာကြပါတယ်။ သတင်းစာတွေကလည်း အိမ်မှာ ချက်ပြုတ်စားသောက်ရင် ကုန်ကျမယ့် စရိတ်တွေကိုလည်း လေ့လာစုစည်း တင်ပြလာကြပါတယ်။ တရုတ်နိုင်ငံက မိသားစုတစ်စုရဲ့ တစ်ပတ်စာ အစားအစာ အတွက် ကုန်ကျငွေဟာ စကာင်္ပူဒေါ်လာ ၆၉ ဒေါ်လာ ကုန်ကျပါတယ်။ စင်္ကာပူနိုင်ငံက မိသားစုကတော့ စကာင်္ပူဒေါ်လာ ၂၈၀ ဒေါ်လာ ကုန်ကျပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မိသားစုကတော့ စကာင်္ပူဒေါ်လာ ၁၉ ဒေါ်လာမျှ ကုန်ကျပါတယ်။ အိန္ဒိယနိုင်ငံက မိသားစုကတော့ စကာင်္ပူဒေါ်လာ ၃၅ ဒေါ်လာမျှ ကုန်ကျပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ လက်ရှိအချိန်အထိ ဆန်ဈေး တဟုန်ထိုး မြင့်တက်သွားတာ မရှိသေးပါဘူး။ ရန်ကုန်မှာတော့ ဆန်ကောင်း တစ်အိတ်ကို ၂ သောင်းခွဲ ပတ်ဝန်းကျင်မှာ ရှိနေတုန်းပါပဲ။ ဒီထက် ထပ်တက်စရာ မရှိဘူးလို့ မြင်မိပါတယ်။ ဈေးတွေက အတော်လေးလည်း တက်ခဲ့ပြီးပြီလေ။

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တင်ပို့ ရောင်းချပြီး နိုင်ငံခြားငွေ ရှာဖွေကြပါတယ်။ အခုနှစ် ၂၀၀၈-ခုမှာ ပြည်ပကို ဆန်တန်ချိန် လေးသိန်းအထိ တင်ပို့ရောင်းချဖို့ စီစဉ်ထားပါတယ်။ ရောင်းချမယ့်နိုင်ငံတွေထဲမှာ စကာင်္ပူ၊ မလေးရှားတို့လည်း ပါတာပေါ့။ အရှေ့တောင်အာရှရဲ့ စပါးကျီကြီး ဆန်အိုးကြီးလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာတော့ အုပ်ချုပ်သူ အစိုးရအနေနဲ့ ပြည်တွင်းစားသုံးမှု ဖူလှုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာပြည်သားတွေ ၀၀လင်လင် စားနိုင် သောက်နိုင်ကြပါစေဗျာ။

Friday, April 4, 2008

Constitutional Referendum -11

အခြေခံဥပဒေမူကြမ်းအတည်ဖြစ်လျှင် သာမန်ပြည်သူများရရှိမည့် အပြောင်းအလဲများ

၁။ ဗိုလ်ချုပ်မှူးကြီးရာထူးက ဆင်းပေးသွားပြီး နောက်ထပ် ဗိုလ်ချုပ်မှူးကြီး အသစ်တစ်ယောက် ရပါမယ်...။
၂။ အစိုးရတစ်ဖွဲ့လုံးနီးပါး ရာထူးမှ ဆင်းပေးသွားပြီး အစိုးရအသစ်ကို ရပါမယ်...။
၃။ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဒုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ အများအပြားပေါ်လာပြီး၊ များပြားလှသော ၀န်ကြီးကတော်များနှင့် ၀န်ကြီးသားသမီးများကို ရိုသေစွာ ဆက်ဆံရပါမယ်...။
၎။ အမေရိကန်က စီးပွားရေး ဆက်လက်ပိတ်ဆို့ပါမယ်...။
၅။ ဥရောပသမဂ္ဂမှ စီးပွားရေးပိတ်ဆို့မှုတချို့ကို လိုတိုးပိုလျှော့ လုပ်ပေးကောင်း လုပ်ပေးနိုင်သလို၊ မလုပ်ပေးဘဲ ဒီအတိုင်းပဲထားချင်လည်း ထားနိုင်ပါတယ်...။
၆။ လက်ရှိ သူဌေးကြီးများ ယခုအတိုင်း ဆက်လက် ကြီးပွားချမ်းသာကြပါမယ်...။
၇။ အလိုတော်ရိများ ယခုအတိုင်း ဆက်လက် ပန်းပိုင်နိုင်ကြပါမယ်...။
၈။ ဆင်ဆာနှင့် တားမြစ်မှုအားလုံးသည် ယခုအတိုင်း ဆက်လက်တည်ရှိနေပါမယ်...။
၉။ ပါတီများ အပြိုင်းအရိုင်းပေါ်လာပြီး မဲဆွယ်မှုများနှင့် အချင်းချင်းပုတ်ခတ်မှုများ၊ ရန်ပြုမှုများ ပေါ်ပေါက် လာပါမယ်...။
၁၀။ ကုန်ဈေးနှုန်းများ ဆက်တက်ပါမယ်...။
၁၁။ ဒေါ်လာဈေးကွက်ဟာ မှောင်ခိုဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပါမယ်...။
၁၂။ မြန်မာလူငယ်များ နိုင်ငံရပ်ခြားကို ဆက်လက် ထွက်ခွာကြပါမယ်...။
၁၃။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တို့ထက် တပ်မတော်နေ့သည် ယခုကဲ့သို့ပင် ပိုမိုအရေးပါပြီး ကုန်ကျစရိတ် ပိုမိုသုံးစွဲရသော အခမ်းအနားဖြစ်မြဲဖြစ်ပါမယ်...။
၁၄။ တက္ကသိုလ်ကျောင်းသားများ ကိုယ့်ဘာသာရပ်အဆောင်မှလွဲပြီး ကျန်ဘာသာရပ်ဆောင်များကို သွားခွင့်မရှိ၊ ကန်တင်း ထိုင်ခွင့်မရှိ၊ အ၀တ်အစားလွတ်လပ်စွာ ၀တ်ခွင့်မရှိ၊ အနုပညာအသင်း၊ ၀တ်အသင်း၊ တောင်တက်အသင်း၊ စာဖတ်အသင်း၊ နံရံကပ်စာစောင် စသော ကျောင်းတွင်း လူငယ်လှုပ်ရှားမှုများ အားလုံး လွတ်လပ်စွာ လုပ်ခွင့်မရှိ... စသည်များ ဆက်လက်ရှိနေပါမယ်...။
၁၅။ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် သင်ကြားမှုပုံစံ၊ သင်ရိုးစာအုပ်များ ယခုအတိုင်း ဆက်လက်ရှိပါမယ်...။
၁၆။ ကျူရှင်များ၊ ဘော်ဒါများနှင့် စာခိုးချမှုများ ဆက်လက်ရှိနေပါမယ်...။
၁၇။ အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ယခု ပုံစံအတိုင်း ဆက်လက်ရှိပါမယ်...။
၁၈။ အခွန်အကောက်များ ပိုပေးရပါမယ်...။
၁၉။ မီးဆက်ပြတ်ပါမယ်...။ (စာချုပ်စာတမ်းနှင့် ရောင်းထားပြီးသော ဓါတ်ငွေ့များကို ဆက်မရောင်းတော့ဘူး လုပ်မရပါ...။)
၂၀။ လူကြီးသားသမီးများ၊ ၄င်းတို့နှင့် ပိုင်သူဆိုင်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမည်ခံထား သူများက ကာရာအိုကေ၊ အနှိပ်ခန်းနှင့် ဇိမ်ခန်းများကို ဆက်လက် ဖွင့်လှစ်လုပ်ကိုင်ကြပါမယ်...။
၂၁။ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲလုပ်ပြီး မဲထည့်ခွင့်ရပါမယ်...။
၂၂။ သမ္မတရွေးကောက်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်ပေးသော သမ္မတကြီးကို နိုင်ငံတော်အကြီးအကဲဟု သတင်းစာများတွင် ဖတ်ရပါမယ်...။
၂၃။ ၂၀၀၇ စက်တင်ဘာတုန်းက သံဃာအတုအယောင်လှုပ်ရှားမှုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် နိုင်ငံတော် တာဝန်ရှိသူများနှင့် သံဃာ့နာယကတို့က ဆက်လက်ကြိုးပမ်းသည်များကို ဆက်တွေ့ရပါမယ်...။
၂၄။ ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံတော်ကို ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ တတိယမြန်မာနိုင်ငံကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က အောင်မြင်စွာ စုစည်းတည်ထောင်ခဲ့နိုင်ကြောင်း နောက်မျိုးဆက်များကို လွတ်လပ်စွာ သင်ကြားပေးခွင့်ရပါမယ်...။
၂၅။ ဦးသန့်၊ သခင်ကိုယ်တော်မှိုင်း၊ ဘုန်းမော်၊ အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်ဆိုသော အမည်များသည် အများပြည်သူရှေ့တွင် ကျယ်ကျယ်ပြောသင့်သော နာမည်များ မဟုတ်ကြောင်းကိုလည်း ဆက်လက် ရင်ဆိုင်ရပါမယ်...။
၂၆။ အရေးအကြီးဆုံးကတော့ အိမ်ထောင်စုဝင်အားလုံး ယနေ့ကဲ့သို့ အလုပ်လုပ်ရန် လိုအပ်ပြီး၊ စားဝတ်နေရေးတွင် စားခြင်းတစ်ခုတည်းကို လူစဉ်မီအောင် ကိုယ့်ဘာသာ ဆက်လက် ရုန်းကန်ကြရမှာ ဖြစ်ပါတယ်...။
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Thursday, April 3, 2008

Money makes everything

ငွေ... ပိုက်ဆံ... အမျိုးမျိုးခေါ်ကြတယ်။ နိုင်ငံတိုင်းမှာ ငွေကြေးဆိုတာ ရှိကြတယ်။ နိုင်ငံရဲ့ကြွယ်ဝ ချမ်းသာမှုပေါ် မူတည်ပြီး ငွေကြေးရဲ့ ထည်ဝါမှုကလည်း ကွာခြားပြန်တယ်။ ဒေါ်လာ၊ စတာလင်ပေါင်၊ ယူရို တို့ကတော့ မျက်နှာကြီးမျိုးတွေပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ကျပ်ငွေပေါ့။ ကျပ်ငွေလေးကတော့ မျက်နှာမွဲစာရင်းထဲမှာ ပါတာပေါ့ဗျာ။

ငွေဆိုတာ အရာရာကို ဖန်တီးနိုင်တယ်။ ငွေဆိုတာ အလွန်တရာကို အရေးကြီးတယ်။ ငွေရှိမှ လောကကြီးမှာ စိတ်ချမ်းသာမယ်။ စုံနေတာပါပဲ။ ငွေကို အလွန်တရာ ကိုးကွယ်တဲ့သူတွေ ပြောကြတဲ့စကားတွေပေါ့။ တချို့က ငွေကို လက်နက်အဖြစ် အသုံးချတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေက အရာအားလုံးကို ၀ယ်နိုင်တယ်လို့ ထင်ထားကြလို့ပါပဲ။

တကယ်တမ်း စဉ်းစားကြည့်ရင် မှန်သလိုလိုနဲ့ မမှန်ပါဘူး။ မှားသလားဆိုတော့လည်း မမှားပြန်ပါဘူး။ ဒါဆိုဘာလဲ... အမှန် မဟုတ်သော အမှန်တရားပေါ့။

ငွေမှာ တန်ခိုးပါဝါ ရှိပါတယ်။ ငွေနဲ့ ၀ယ်လို့ရတဲ့အရာတွေ အများကြီးရှိပါတယ်။ ငွေနဲ့ အစားအစာတွေ အ၀တ်အထည်တွေ ၀ယ်နိုင်ပါတယ်။ ဇိမ်ခံပစ္စည်းတွေ ၀ယ်နိုင်ပါတယ်။ ခြံဝင်းကျယ် အိမ်ကြီးရခိုင်တွေ ၀ယ်နိုင်ပါတယ်။ နောက်ဆုံးပေါ် ကားအကောင်းစားကြီးတွေ ၀ယ်နိုင်ပါတယ်။ အင်း... ဒီလိုဆိုတော့လည်း ငွေက ဘ၀မှာ အတော်ကို အရေးပါသလိုပါပဲ။

တချို့မိသားစုတွေမှာ သုံးစွဲရန် လောက်ငှတဲ့ငွေပဲ ရှိကြပါတယ်။ နေ့စဉ် စားသောက်စရိတ်ကို ကာမိရုံလေးပေါ့။ သူတို့မှာ ကိုယ်ပိုင်ကား မရှိကြပါဘူး။ သူတို့မှာ ခြံဝင်းကျယ်ကြီးနဲ့ အိမ်မရှိပါဘူး။ နောက်ဆုံးပေါ် အမ်ပီသရီးတို့ အမ်ပီဖိုးတို့ အိုင်ပေါ့ဒ်တွေ မ၀ယ်နိုင်ကြပါဘူး။ ဇိမ်ခံပစ္စည်းတွေလည်း မသုံးနိုင်ကြပါဘူး။ ဒါပေမယ့် ပျော်အောင် နေတတ်တဲ့ မိသားစုအဖို့ ငွေကြေး မချမ်းသာလည်း ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါတယ်။

သူဌေးအများစုကတော့ သူတို့ပျော်သလို မပျော်နိုင်ကြပါဘူး။ တစ်နေ့ တစ်နေ့ ငွေ ငွေ ဆိုတာပဲ သူတို့ ခေါင်းထဲမှာ ရောက်နေကြရင် ပိုဆိုးပြီပေါ့။ သူတို့တွေမှာ ဇိမ်ခံပစ္စည်းတွေ အများကြီး ၀ယ်ထားနိုင်ပေမယ့် အဲဒါတွေကို သုံးဖို့ အပန်းဖြေဖို့ အချိန်မရရှာကြပါဘူး။ နေ့တိုင်းနေ့တိုင်း မိုးလင်းမိုးချုပ် ငွေရှာဖို့အတွက် အလုပ်များနေကြပါတယ်။ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းနေတာနဲ့ ဇိမ်ခံပစ္စည်းတွေကို မသုံးနိုင်ကြပါဘူး။ သူတို့တွေအနေနဲ့ အစားအသောက်ကောင်းတွေကို ၀ယ်စားနိုင်ပေမယ့် လုပ်ငန်းအတွက် စိုးရိမ်နေရတာနဲ့ပဲ ကောင်းကောင်း မစားနိုင်ရှာကြပါဘူး။ ကောင်းကောင်းလည်း မအိပ်နိုင်ရှာကြပါဘူး။

ဒါကြောင့် ပိုက်ဆံဟာ နာရီတစ်လုံးကို ၀ယ်နိုင်ပေမယ့် အချိန်ဆိုတာကို ၀ယ်လို့ မရနိုင်ပါဘူး။ ပိုက်ဆံနဲ့ အိပ်ရာကုတင်ကို ၀ယ်နိုင်ပေမယ့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကိုတော့ ၀ယ်လို့ မရနိုင်ပါဘူး။ ပိုက်ဆံနဲ့ သွေးကို ၀ယ်လို့ရပေမယ့် အသက်ကိုတော့ ၀ယ်လို့ မရနိုင်ပါဘူး။ ပိုက်ဆံနဲ့ စာအုပ်ကို ၀ယ်လို့ရပေမယ့် အသိပညာကိုတော့ ၀ယ်လို့ မရပါဘူး။ ပိုက်ဆံက သူငယ်ချင်းများစွာကို ရနိုင်ပေမယ့် သူငယ်ချင်းအစစ်ကို ရဖို့ကတော့ မဖြစ်နိုင်ခဲ့ပါဘူး။ စစ်မှန်တဲ့ ခင်မင်မှုကို ငွေကြေးနဲ့ ၀ယ်လို့ မရနိုင်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့မှာ ပြည့်စုံလုံလောက်တဲ့ ငွေကြေးတော့ ရှိရပါမယ်။ ပိုက်ဆံမရှိရင် ပညာသင်လို့ မရပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှု မလုပ်နိုင်ပါဘူး။ ပညာမသင်နိုင်ရင် အလုပ်အကိုင် ကောင်းကောင်း မရနိုင်ကြပါဘူး။ အလုပ်ကောင်းကောင်း မရရင် ၀င်ငွေကောင်းလည်း ရမှာ မဟုတ်ပါဘူး။ ငွေကို မုန်းတီးရမယ် ဆန့်ကျင်ရမယ်လို့ လုံးဝ မဆိုလိုချင်ပါဘူး။

တကယ်တမ်း ပြောချင်တာက လူတွေဟာ ပြီးပြည့်စုံတဲ့ဘ၀လေးမှာ အသုံးချရမယ့် ငွေရဖို့အတွက် အလုပ် လုပ်ကြပါ။ ဒါပေမယ့် ငွေနောက်ကို တရွတ်တိုက် လိုက်နေရင်း ဘ၀တစ်ခုလုံးက အချိန်တွေကို ပျော်ရွှင်မှု ခမ်းခြောက်ဆိတ်သုဉ်းပြီး မဖြတ်သန်းစေလိုပါ။ အလွန်တရာ လောဘမကြီးစေလိုပါ။ သင့်တင့်လျှောက်ပတ်တဲ့ နေထိုင်မှုပုံစံနဲ့ မိသားစုကို အချိန်ပေးကြပါ။ အနားယူ အပန်းဖြေကြပါ။ ၀ါသနာပါရာ အိမ်မက်တွေနဲ့ ကခုန်ကြပါ။ ကိုယ်ရှင်သန်ရာ လူ့လောက ပတ်ဝန်းကျင်ကို နိုင်သလောက်လေး အလှဆင်ကြပါ။ အကျိုးပြုကြပါ။

ငွေကြောင့် သင့်ဘ၀ မဆုံးပါစေနဲ့။

Wednesday, April 2, 2008

Am I wrong?

ကိုယ်မှားနေလား

စေတနာကောင်းရင် ကံကောင်းမယ်နဲ့ စေတနာသည် လူတိုင်းနဲ့ မတန်ဆိုတဲ့ မြန်မာဆိုရိုးနှစ်ခုကြား ဘယ်ဘက်ခြမ်းက ကိုယ်နေရတော့မလဲလို့ စဉ်းစားမိတာ အကြိမ်ကြိမ်။ လောကရဲ့ သဘောကိုက ထွေပြားတတ် လွန်းတာလား။ ကိုယ့်ကပဲ ညံ့ဖျင်းလွန်းသေးတာလားကို မဆိုနိုင်ဘူး။ လောကဓံရဲ့ လက်သီးချက်က တစ်ချီတစ်ချီဆို နင့်ကနဲ၊ ကိုယ်တော့ မိုက်ကနဲ ဖြစ်ဖြစ်သွားတယ်။ ကိုယ်မှားနေလား။

ဈေးကွက်စီးပွါးရေးမှာ နိုင်ငံတော်က အလုံးစုံ တာဝန်ယူထားပေးခဲ့ရတဲ့ ပြည်သူ့ဆေးရုံများ သာမကတော့ဘဲ ပုဂ္ဂလိက ဆေးရုံဆေးခန်းကြီးများ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီမှာ ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ထိုက်သင့်တဲ့ ၀န်ဆောင်မှုတို့ကို ရရှိနိုင်ပြီး တချို့လည်း ဈေးမြင့်မြင့်နဲ့ ၀န်ဆောင်မှု ကောင်းကောင်းရယူနိုင်ကြပါတယ်။

ဒါပေမယ့် နိုင်ငံတော်ပိုင်ဆေးရုံများမှာ နိုင်ငံဝန်ထမ်းဆရာဝန်၊ ဆရာမနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေဟာ နိုင်ငံတော်ရဲ့ လစာကို ခံယူစားသုံးပြီး မကျန်းမာသူတို့ကို စောင့်ရှောက်ကူညီပေးလျက်ပဲ ရှိပါတယ်။

နိုင်ငံတော်မှ ပံ့ပိုးဖြည့်ဆည်းပေးထားတဲ့ အခြေခံ အဆောက်အဦးများ ရှိပါတယ်။ ကျွမ်းကျင်ဆရာဝန်၊ ဆရာမများ ၀န်ထမ်းများ ရှိပါတယ်။ ပစ္စည်းကိရိယာများ အတတ်နိုင်ဆုံး ပြည့်စုံလုံလောက်မှု ရှိစေရန်ကိုလည်း နိုင်ငံတော်မှ တာဝန်ယူ ဖြည့်ဆည်းပေးလျက် ရှိပါတယ်။

ဆိုရှယ်လစ် စီးပွါးရေးစနစ် မဟုတ်တော့တာကြောင့် ပြည်သူအားလုံးအတွက် ဆေးဝါးကိုတော့ နိုင်ငံတော်မှ လုံးဝ ပြည့်စုံ လုံလောက်မှု ရှိစေရန် ပံ့ပိုးမှုမပေးနိုင်တော့ပါ။ ဒါပေမယ့်လည်း မရှိမဖြစ် အဓိကဆေးဝါး၊ အခြေခံဆေးဝါး၊ တီဘီရောဂါ ကုဆေးဝါး၊ မြွှေဆိပ်ဖြေဆေး၊ ကလေးများ ရောဂါကာကွယ်ဆေး၊ ငှက်ဖျားဆေး၊ သားဆက်ခြား စီမံကိန်းအတွက် ဆေးဝါးတွေကိုတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေပါတယ်။

ဒီကြားထဲမှာပဲ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေကြောင့် မြန်မာနိုင်ငံဟာ နောက်ကျမကျန်ရစ်ဘဲ ကမ္ဘာမှာ ဒီနေ့ပေါ်ပြီး ဒီနေ့သုံးနေတဲ့ ဆေးကို ကိုယ်နိုင်ငံမှာလည်း ချက်ချင်းလိုက်ပြီး သုံးနိုင်တဲ့ ခေတ်ကို ရောက်ရှိလာပါတယ်။ ဈေးကွက်ဖွင့်လှစ်မှုနဲ့အတူ ဆေးကုမ္ပဏီများရဲ့ တင်သွင်းမှုနဲ့ ဆေးဝါးအသစ်များကို လက်ခံသုံးစွဲခွင့် ရရှိလာခဲ့ကြပါတယ်။

လူနာတစ်ယောက် နိုင်ငံတော်ပိုင် ဆေးရုံကို ရောက်ရှိလာတဲ့အခါ အစိုးရ ထောက်ပံ့ဆေးဝါး မဟုတ်တဲ့ အခြားခေတ်မှီ ဆေးဝါးများ၊ ကုထုံးများ သုံးစွဲရန် လိုအပ်လာတဲ့အခါ လူနာကို မိမိရဲ့ စရိတ်နဲ့သာ ၀ယ်ယူ သုံးစွဲစေရပါတယ်။

ပြင်ပပုဂ္ဂလိက ဆေးကုခန်းများနဲ့ နှိုင်းယှဉ်ရင် ၀န်ဆောင်မှုဟူ၍ လုံးဝမကုန်၊ နေထိုင်စရိတ် ပေးရခြင်းလည်း မရှိဘဲနဲ့ ဆေးဖိုးအတွက်သာ ကုန်ကျခံရခြင်းများ ဖြစ်ပါတယ်။ ဆေးရုံမှ ပေးနိုင်တဲ့ ဆေးဝါးများကို ပေးပြီး လိုအပ်လာခဲ့ရင်တော့ ပြင်ပမှဆေးဝါးများ ၀ယ်ယူသုံးစွဲ ကျခံရပါတယ်။

ငွေကြေးပြည့်စုံ ချမ်းသာသူတို့က ပြင်ပပုဂ္ဂလိက ဆေးရုံဆေးခန်းများကိုသွားပြီး နွမ်းပါးချို့တဲ့သူတို့က နိုင်ငံပိုင်ဆေးရုံများကိုသာ အားကိုးကြရပါတယ်။ ဒီအခါ ၀ယ်ယူသုံးစွဲရတဲ့ ငွေကြေးဟာ အနည်းငယ်ပင် ဖြစ်ပါစေ သူတို့အတွက်ကြတော့ ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပါတယ်။

ဒီအတွက်ကိုလည်း နိုင်ငံတော်မှ နိုင်ငံပိုင်ဆေးရုံများအတွက် ဆေးပဒေသာပင် ရန်ပုံငွေများ စုဆောင်းစိုက်ထူ ထားရှိစေ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရန်ပုံငွေဟာ ဘဏ်မှာထားရပြီး အရင်းငွေကို လုံးဝထုတ်ယူ သုံးစွဲခွင့်မရှိပါဘူး။ ရရှိလာတဲ့ အတိုးအပွါးများကိုသာ ဆေးရုံကြီးကြပ်ကော်မတီရဲ့ အုပ်ချုပ်မှုအောက်မှာ စနစ်တကျ သုံးစွဲရပါတယ်။ နွမ်းပါးတဲ့လူနာ ဦးရေဟာ ရရှိလာတဲ့ အတိုးထက် ကျော်လွန်သွားခဲ့ရင် စိုက်ထုတ်ငွေကြေး သုံးစွဲမှုဟာလည်း ကန့်သတ်ချက် ရှိလာခဲ့ပါတယ်။

ဆရာဝန်တစ်ဦးဟာ လူနာတစ်ယောက်အတွက် မိမိကိုယ်ပိုင် ငွေကြေးများထဲမှ တစ်ထောင်ကျပ် လှူဒါန်းသုံးစွဲပေးခဲ့ရင် အယောက်တစ်ရာဆိုရင် ငွေတစ်သိန်း ကုန်ကျတာမို့ မိမိရရှိတဲ့ လစာငွေထက် ကျော်လွန်သွားခဲ့ရင်လည်း ထိုဆရာဝန်ဟာ မတတ်နိုင်တော့ပါ။ ယနေ့ခေတ် ဆေးဝါးစရိတ်များအရ ငွေတစ်ထောင်ကျပ်ကလည်း အရာမထင်တော့ပါ။

ပြသနာကို ဖြေရှင်းရန် စေတနာအမှန်ဖြင့် လုပ်ဆောင်ချက် အမှန်တစ်ခုကို ပြုခဲ့မိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိသော်လည်း မိမိအတွက်တော့ ပြသနာတစ်ခုကို ရှာဖွေမိလိုက်သလိုသာ ဖြစ်ခဲ့ရပါတယ်။ ရှိနေတဲ့သူများဆီမှ မပြောပလောက်တဲ့ ပမာဏ နည်းနည်းကလေးနဲ့ လူဦးရေများများ စုကြည့်ရအောင်။ ဘဏ်မှာ ပုံသေအပ်တဲ့စနစ် မဟုတ်ဘဲ လစဉ်လစဉ် ၀င်ငွေ ရရှိနေအောင် ကြံဆောင်ကြည့်ကြရအောင်လို့ ကိုယ်နေတဲ့ မြို့မိမြို့ဖများ၊ သြဇာအာဏာ ကြီးမားသူများကို ရှင်းပြအကူအညီတောင်း၊ စည်းရုံး ဆောင်ရွက် ကြည့်ခဲ့မိပါတယ်။

လူတစ်ယောက်ကို တစ်လ ၅၀၀ ကျပ်နဲ့ စုခဲ့လို့ လူတစ်ရာကိုသာ စည်းရုံးနိုင်ခဲ့ရင် ဘယ်လောက်၊ လူ ၅၀၀ ကိုသာ စည်းရုံးနိုင်ခဲ့ရင် ဘယ်လောက်၊ စိုက်ထုတ်သုံးစွဲ ကူညီပေးနိုင်မှာပဲလို့ တစ်ယောက်အားနဲ့ ယူလို့မရတဲ့အရာကို အများအားနဲ့ မျှော်ကိုးရင်ခုန်ကြည့်ခဲ့မိပါတယ်။

ကိုယ်နဲ့ ကိုယ့်ဆေးရုံအပေါ်မှာ ယုံမှားသံသယတွေ ရှင်းအောင်လို့ အဲဒီအဖွဲ့အစည်းထဲမှာ ကိုယ်ဘယ်နေရာ ကမှ မပါပါရစေနဲ့။ ဘာတာဝန်ကိုမှ မယူရပါစေနဲ့။ ချို့တဲ့နွမ်းပါးတဲ့ လူနာရောက်ရှိ လာခဲ့လို့ရှိရင် အသင်းကို အကြောင်းကြားပါမယ့်။ တာဝန်ရှိသူက လာကြည့်ပြီး ဆေးရုံက လိုအပ်တဲ့ဆေးဝါးကို လူနာကို ကိုယ်တိုင်ဝယ်ယူ ပေးသွားပါ။ အခြားဝန်ဆောင်မှု တစ်စုံတစ်ရာအတွက် အသင်းပိုင်ငွေကြေး တစ်ပြားတစ်ချပ်မှ မကုန်ကျရအောင် ကိုယ့်တာဝန်ထားပါလို့လည်း အာမတွေခံလို့ ကိုယ်တတ်နိုင်တဲ့ အပိုင်းပဲ ကိုယ်တာဝန်ယူပြီး စိတ်ကူးတွေ စိန်စီထားတဲ့အချိန်တွေပေါ့။

အတိုင်ခံရလို့တဲ့၊ စစ်ဆေးခံရမယ်တဲ့။ ပီအီးတဲ့။ ဒီအီးတဲ့။ အဲဒီအိမ်မက်မျိုးတွေက တစ်ခါမှတောင် စိတ်မကူးခဲ့ပါပဲနဲ့ ကိုယ့်ဘ၀ထဲ အတင်း တိုးဝင်လာခဲ့တယ်။ ဘယ်နေရာမှာများ မှားသွားခဲ့တာလဲ။ ဘယ်လိုချိန်မှာ အမှားပါသွားခဲ့တာလဲနဲ့ ဦးနှောက်ကို ချာချာလည်ရောပဲ။ ငွေလည်း တစ်ပြားမှ မကိုင်၊ တာဝန်ရှိသူလည်း မလုပ် အစစကင်းအောင် နေခဲ့ပါရဲ့ နဲ့တောင် သြော်... ငါ့နှယ် ဖြစ်ရလေခြင်းရယ်လို့ပဲ ညည်းလိုက်ချင်တော့တယ်။ အဲဒီလိုနဲ့ပဲ စိန်စီထားတဲ့ အိမ်မက် တွေလည်း ကျောက်ခဲစီထားခဲ့သလိုပါပဲ။ ပလုံလေးတောင် မြည်သံမကြားဘဲ စုန်းစုန်းကို မြုပ်ခဲ့တော့တာပါ။

ကိုယ်ရလိုက်တာက ကြောက်သွားခြင်း၊ လန့်သွားခြင်းနဲ့ နောင်ကြဉ်သွားတယ်လို့များ ပြောလို့ရမလားပဲ။ နေတော့ကွာ။ ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံပဲ၊ သတ္တ၀ါ တစ်ခု ကံတစ်ခုပေါ့လေ။ သေချာတာကတော့ သိပ်ကိုသတ္တိရှိပြီး သိပ်ဇွဲကောင်းတဲ့ စိတ်ဓါတ်ပိုင်ရှင်မျိုးထဲ ကိုယ်မပါတာပဲနေမှာ။ နောက်မြို့တွေမှာကော ... အင်းလေ..... မလုပ်မရှုပ် မပြုတ်ဘဲ နေလိုက်တော့လည်း အေးတာပါပဲ.... ဆိုပြီး တွေးမိသွားတယ်။ ကိုယ်မှားနေပြီလား။

လုပ်ပိုင်ခွင့်နဲ့ ရာထူးဌာန္တရကို အသုံးပြုပြီး စပါးတင်းထောင်ပေါင်း၊ မြေကွက်လယ်ကွက်နဲ့ မြေတွေ ပိုင်ဆိုင်နိုင်အောင် လုပ်နိုင်ခဲ့ကြတဲ့ လူတွေက ဘာပြဿနာမှ မတက်ဘဲ ကိုယ့်မှ ဘာကြောင့် ဖြစ်ရတာလဲ၊ သြော်... လောကမှာ ကိုယ်မသိတာတွေ ရှိနေပါသေးလား။ ကိုယ်မှားနေလား။

ကလောင်ရှင် - ရွှေမိုးညို
7 Days New Journal
ဇန်န၀ါရီ ၁၈ ၂၀၀၇
စာမျက်နှာ ၁၁

ဒီအီး = Departmental Enquiry
ပီအီး = Personal Enquiry