.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 31, 2008

2008 Summary

၂၀၀၈ ခုနှစ်အတွင်းမှာ ကြုံဆုံဖြစ်ခဲ့သမျှလေးကို မှတ်တမ်းတင်ချင်လို့ မှတ်မိသလောက် အကျဉ်းချုပ်လေး ရေးထားလိုက်ပါအုံးမယ်။ မခင်မင်းဇော်လည်း အဲဒါမျိုးလေး ရေးထားတာ တွေ့လိုက်ရသေးတယ်။ သူ့လိုမျိုး အလွမ်းဒီဇင်ဘာတွေ နောက်ဆက်တွဲတွေ မလုပ်နိုင်ပေမယ့် အနှစ်ချုပ်ကတော့ ချုပ်နိုင်ရမယ်လေ။ ဟဟ...

၂၀၀၈ ခုနှစ်အတွင်းမှာ...

နာဂစ်မုန်တိုင်း
ရန်ကုန်ကို နာဂစ်မ၀င်ခင် တစ်ရက်ကြိုပြီး ရောက်နှင့်နေခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ရွှေမန်းမြို့မှာ လုပ်မယ့်မင်္ဂလာပွဲကို တက်ဖို့လာခဲ့ပေမယ့် မင်္ဂလာပွဲမရောက်ပဲ ရန်ကုန်ထဲမှာတင် ဒုက္ခလှလှခံလိုက်ရတယ်။ ဒီအသက်အရွယ်အထိ တစ်ခါမှ မကြုံမဆုံဖူးတဲ့ နာဂစ်မုန်တိုင်းကို သူငယ်ချင်းတွေနဲ့အတူ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။ သစ်ပင်အကြီးကြီး အိမ်ထဲဝင်လာလို့ ပြတင်းပေါက်မှန်ကွဲစတွေ မျက်နှာကို လာမစိုက်ခဲ့တာပဲ ကံကောင်းတယ် မှတ်ရမယ်။ တောကြီးမျက်မည်းထဲ ရောက်နေသလို တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်နေတဲ့ မြို့ပျက်ကြီးတစ်ခုမှာ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ ခြင်စာကျွေး ဖြတ်သန်းခဲ့တယ်။

ဖောက်ပြန်မှု
ခင်မင်မှုတွေ၊ သစ္စာရှိမှုတွေဟာ ငွေကြေးဆိုတဲ့အရာတစ်ခု ၀င်လာရင် တောင့်ခံထားနိုင်တာ ရှားလှပါတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အခင်ဆုံး၊ အယုံကြည်ရဆုံး၊ အားကိုးရဆုံး၊ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ငွေဆိုတဲ့ ဒဏ်ကို မခံနိုင်ပဲ ဖောက်ပြန်ခဲ့တယ်။ သစ္စာဖောက်ခဲ့တယ်။ ယုံကြည်မှုကို အလွဲသုံးစားပြုခဲ့တယ်။ အဲဒီတော့လည်း သူ့ထိုက်နဲ့ သူ့ကံ လက်တွဲဖြုတ်ခဲ့ရတာပေါ့။

စိမ်းသရဖူစိမ်း
တကယ်ဆို ဘာမှ မဆိုင်တော့မှန်း သိပေမယ့် မျှော်လင့်ချက်တွေ ထားခဲ့မိတယ်။ ဆုံးဖြတ်ချက်တွေများ ပြင်လို ပြင်ငြားပေါ့။ ကိုယ့်ဘက်က ဘာအမှားတွေ ရှိလို့ ဒီလောက်ထိ ဖြစ်သွားရလဲ။ ပေးဆပ်မှုတစ်ခုကို အပြစ်လို့ သတ်မှတ်ရင် အဲဒီ အပြစ်တစ်ခုပဲ ရှိနေတယ်။ သွေးအေးသွားအောင် အချိန်ပေး အယူခံဝင်ခဲ့ပေမယ့် ကြေကွဲစွာ ရရှိလိုက်တဲ့ အဖြေတစ်ခုက စိမ်းသရဖူစိမ်းပါပဲ။ ခေါင်းလေး တစ်ချက်တောင် စောင်းငဲ့မကြည့်သွားခဲ့ဘူး။

သေခြင်း
ငယ်စဉ်ကလေးဘ၀ကနေ ဒီအသက်အရွယ်အထိ ဦးလေးတွေထဲမှာ အဲဒီဦးလေးနဲ့ အနေအနီးဆုံးပဲ။ တခြား ဦးလေးတွေက သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေလို့၊ နေတဲ့နေရာမြို့နယ်ရပ်ကွက် မတူလို့ မေးထူးခေါ်ပြော အဆင့်လောက်ပဲ ရှိခဲ့တယ်။ ဦးလေးထဲမှာ သူက အကြီးဆုံးပါပဲ။ မာမားရဲ့ အစ်ကိုအကြီးဆုံးပေါ့။ အဲဒီ ဦးလေးနဲ့အတူ အိမ်ခေါင်မိုးပေါ်တက် စွန်လွှတ်ကစားခဲ့ဖူးတယ်။ ပြည်သူ့ရင်ပြင် ဖွင့်ကာစမှာ စက်ဘီးစီး သင်ပေးခဲ့ဖူးတယ်။ လှိုင်မြစ်ကမ်းမှာ ညနေဆည်းဆာတွေ ခံစားခဲ့ဖူးတယ်။ ကမ်းနားမှာ ကျောက်ချထားတဲ့ ငါးလုပ်ငန်းက သဘောင်္တွေပေါ် တက်ဆော့ခဲ့ဖူးတယ်။ ၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲနေ့မှာ သူ ဆုံးပါးခဲ့တယ်။ အသည်းရောင် အသားဝါ ဘီပိုးကြောင့်ပေါ့။

၂၀၀၈ ခုနှစ်အတွင်းမှာ...

အိမ်သာ
နာဂစ်မုန်တိုင်းဝင်ပြီး ၂ ရက်လောက် အရေးပေါ် ကယ်ဆယ်ရေးလောက်ပဲ လုပ်ဖြစ်ခဲ့တယ်။ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့တောင် အတော် လုပ်ယူခဲ့ရတာ။ အပြင်မှာ ဘာတွေ ဘယ်လောက်ထိ ဖြစ်နေမှန်းကို မသိခဲ့ဘူး။ သူငယ်ချင်းတွေက တစ်ခုခု လုပ်ကြရအောင် လာပြောကြတယ်။ ဒါပေမယ့် သူတို့တွေလည်း ဘာလုပ်ရမှန်း မသိကြဘူး။ ကိုမင်းအိုနဲ့ အဆက်အသွယ် ရတော့ ရေစက်တွေ မောင်းဖို့ စီစဉ်ခဲ့ကြတယ်။ အဲဒီကနေတဆင့် ဆေးအဖွဲ့တွေ၊ အိမ်သာဆောက်တဲ့ အဖွဲ့တွေ ထပ်ချဲ့နိုင်ခဲ့တယ်။ စလုံးကို ပြန်ရောက်တော့ အိမ်သာအတွက် အလှူငွေတွေ ကူရှာပေးနိုင်ခဲ့တယ်။ နာဂစ်အပြီးမှာ အိမ်သာ အလုံး ၁၀၀ နီးပါး ဆောက်လုပ်နိုင်ခဲ့တယ်။

ရာထူး
လက်ရှိအလုပ်မှာ ၁ နှစ်ခွဲ ပြည့်တဲ့အချိန် ရာထူးတိုးတယ်။ ရုံးမှာ လူဟောင်းတွေ ထွက်ကုန်တော့ ကိုယ်လည်း တဖြည်းဖြည်း လူဟောင်းဖြစ်လာတယ်။ တခြားဌာနက မန်နေဂျာတွေ ကောင်းမှုနဲ့ ရာထူးတိုးဖို့ လိုနေကြောင်း ဂျီအမ့်ကြီး နားထဲ သတင်းရောက်သွားတယ်။ ဂျီအမ်ကနေတဆင့် သက်ဆိုင်ရာဌာနက စီနီယာမန်နေဂျာကို ရာထူးတိုးပေးလိုက်ပါ ဆိုပြီး ညွှန်ကြားလိုက်တော့ ရာထူးတစ်ဆင့် တက်သွားပါလေရော။ ရာထူးတက်သလို လခလည်း တက်တယ်။ အဲဒီလိုပဲ တချို့တွေ့ရဲ့ မနာလို မုန်းတီးခံရမှုတွေလည်း များလာတယ်။ အခုတလော ချောက်တွန်းခံရတာ မသိမသာရော သိသိသာသာရော တွေ့နေရတယ်။

ကင်မရာ
ဓါတ်ပုံရိုက်ဝါသနာပါတာက ရှစ်တန်းကျောင်းသား အရွယ်ကတည်းက။ လက်ဆောင်ရတဲ့ ဖလင်ကင်မရာ အစုတ်လေးနဲ့ စွယ်တော်ဘုရားမှာ ဟိုဟိုဒီဒီ ဓါတ်ပုံလျှောက်ရိုက်ခဲ့သေးတယ်။ ကုလားပြည်မှာ ကာလတို ကျောင်းသွားတက်တုန်းက ဓါတ်ပုံရိုက်ခဲ့တာ အယ်လ်ဘမ်ကြီး ငါးအုပ်တောင်။ ဒါတောင် ဖလင်ကင်မရာနဲ့ ရိုက်ခဲ့တာပါ။ အခု စလုံးရောက်တော့ ကင်မရာ ကောင်းကောင်းတစ်လုံး ၀ယ်ကိုင်ဖို့ စိတ်ကူးရှိထားတယ်။ နေးတစ်မြန်မာဖိုရမ်က ဓါတ်ပုံဆရာတွေကလည်း လက်စွမ်းပြတာတွေ များလွန်းတော့ ဓါတ်ပုံရောဂါက ပိုသည်းလာတယ်။ အဲဒါနဲ့ ၀ယ်မယ့်ဝယ် နောက်ဆုံးပေါ် ၀ယ်မယ်ကွာဆိုပြီး လူမိုက်ဇာတ်ခင်းလိုက်တာ ဒီနိုင်တီး အုန်းသီးတစ်လုံး အဖတ်တင်သွားပါတယ်။

လူငယ်ကမ့်
စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေးခဲ့တာ ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီ။ သွေးလှူရှင် စုဆောင်းတဲ့ဘက်မှာ အများဆုံး လုပ်ခဲ့ပါတယ်။ ဂေဟာတွေလည်း ရောက်ခဲ့ပါတယ်။ ရှေ့နှစ်တုန်းက ကမ့်ဝင်ခဲ့ပေမယ့် ဒီနှစ်ကမ့်မှာတော့ လုပ်အားပေး တစ်ယောက်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဒီတစ်ခေါက် ကမ့်မှာ မြန်မာပြည်က ကြက်ခြေနီတွေ၊ သွေးလှူရှင်တွေ တက်ရောက်နိုင်ဖို့ ကြားခံကူညီ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ သူတို့ကို ကမ့်အတွင်းမှာလည်း လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။ ထိုင်းတွေ ဖိလစ်ပိုင်တွေလို မြန်မာပြည်က ၄ ယောက်တောင် ကမ့်ဝင်နိုင်တာကိုပဲ ဂုဏ်ယူမိပါတယ်။

အလွမ်း၊ အဆွေး၊ ဒေါသ၊ မောဟ၊ လောဘ၊ မာန၊ ဟာသ ရသအဖုံဖုံကို ကြုံဆုံခဲ့ရတဲ့ ၂၀၀၈ ပါပဲ....

Tuesday, December 30, 2008

Youth Donor Camp 2008 - 9


ဖိလစ်ပိုင်ပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


ဟောင်ကောင်ပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


မြန်မာပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


လာအိုပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။

Monday, December 29, 2008

Youth Donor Camp 2008 - 8


မိန်းခလေးဆိုလို့ ၁ ယောက်ပဲပါတဲ့ ထိုင်းအဖွဲ့သားတွေ ပြခန်းကို ပြင်ဆင်နေတာပါ။


ဖိလစ်ပိုင်အဖွဲ့ကလည်း မိန်းခလေး ၁ ယောက်ပဲပါတယ်။


ပါကစ္စတန်က ၁ ယောက်တည်း လာတယ်။ လက်ထောက်ညွှန်မှုးဆိုပဲနော်။


ဗီယက်နမ်ကလည်း ၁ ယောက်တည်းပဲ။ ဗလတောင့်တောင့်နဲ့ ကောင်လေးပေါ့။

Sunday, December 28, 2008

Youth Donor Camp 2008 - 7


Amazing Race ထဲမှာပါတဲ့ River Cross လို့ အမည်ပေးထားတဲ့ ကစားနည်းလေးပါ။
ဖြတ်ကူးစရာ မြစ်မရှိလို့ ပင်လယ်ထဲမှာပဲ ကမ်းစပ်နားကပ်ပြီး လှော်ကြတာပေါ့။


နောက်မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလှူရှင်ပါ။
ရှေ့မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလက်ခံမယ့် လူနာလို့ သတ်မှတ်ထားပါတယ်။


အေ၊ ဘီ၊ အို၊ အေဘီ သွေးအမျိုးအစားအလိုက် လူနာမှာ လက်ခံနိုင်မှု ရှိမရှိ သိစေချင်တာပါ။
အကယ်လို့ လူမှားသယ်လာရင် လက်မခံပဲ ဟိုဘက်ကမ်းကို ပြန်လှော်ခိုင်းပါတယ်။


အေဘီသမားကတော့ အေဘီသမားကိုပဲ လှူလို့ရပါတယ်။
သွေးအားလုံးမှာ သွင်းလို့ရတဲ့ အိုသွေး အလှူရှင်က အများဆုံး လှော်ခတ်ရပါတယ်။

Saturday, December 27, 2008

Youth Donor Camp 2008 - 6


Group - A (Aorta Group)


Group - C (Camaraderie Group)


Group - D (Ding Dung... Group)


Group - E (Elvis Group)

Friday, December 26, 2008

Youth Donor Camp 2008 - 5


ဒီကစားနည်းကို ရှဉ့်ကလေးနဲ့ အိမ်ကလေးလို့ ခေါ်ရမလားပဲ။
ကစားနည်းမှာ အိမ်ကနည်းပြီး ရှဉ့်တွေက ပိုများရပါတယ်။


အိမ်ရွှေ့ရင် ရှဉ့်တွေက ထိုင်နေရတယ်။ ရှဉ့်တွေ ရွှေ့ရင် အိမ်တွေက ငြိမ်နေရတယ်။


ကစားပြီး ခဏနား... ပြီးတော့ နေ့လည်စာ ၀ါးတီးပေါ့။
အအေးဗူးနဲ့ သစ်သီးတွေလည်း ကျွေးတယ်။


သူတို့တွေက အားရပါးရ စားနေချိန် ကိုယ်တွေကတော့ ရေသောက်ဗိုက်မှောက်ပဲ။
အားလုံး စားပြီးမှပဲ ကိုယ်တွေအလှည့်ရောက်တော့တယ်။ သြော်.. တာဝန် တာဝန်

Thursday, December 25, 2008

Youth Donor Camp 2008 - 4


ထမင်းမစားခင် Pavilion ထဲမှာ အားလုံးအတူ ဆော့ကစားပါတယ်။
စက်ဝိုင်းတစ်ခုဖြစ်အောင် အားလုံး လက်တွေချိတ်ထားရပါတယ်။


ပြီးရင် ကြိုးကို လက်တွဲမဖြုတ်ပဲ လက်ဆင့်ကမ်းရပါတယ်။
အ၀ါရောင်နဲ့ တစ်ယောက်က မြန်မာပြည်ကပါ။


အနီရောင်က ထိုင်းကြက်ခြေနီပါ။ အဖြူရောင်က လာအိုကြက်ခြေနီပါ။


ဆော့တာ နှေးတဲ့သူတွေက စည်းဝိုင်းအလယ်မှာ ကပြရပါတယ်။

Wednesday, December 24, 2008

Youth Donor Camp 2008 - 3


သဲသောင်ပြင်မှာ အဖွဲ့လိုက် ဆော့ကစားစဉ် ဗီဒီယိုမှတ်တမ်းရိုက်ကူးပါတယ်။
အဲဒီ ဗီဒီယိုကို IFRC (International Federation of Red Cross) ကို ပို့မှာပါ။


အမည်ခေါ်ခံရတဲ့သူကို ဆွမ်းကြီးလောင်း ၀ိုင်းရိုက်နေကြတာပါ။
သူက အခြားတစ်ယောက် အမည်ကို မခေါ်မချင်း အရိုက်ခံနေရမှာပါ။


အဖွဲ့ A မှာ Human Chain လို့ခေါ်တဲ့ ဂိမ်းကို ဆော့နေကြတာပါ။
တွဲထားတဲ့ လက်တွေကို မဖြုတ်ရပဲ လူတွေ နေရာရွှေ့ရတာပါ။


အဖွဲ့ D မှာ Human Chain လို့ခေါ်တဲ့ ဂိမ်းကို ဆော့နေကြတာပါ။
ချွေးပြိုက်ပြိုက် ကျတဲ့အပြင် တချို့ဆို လျှာတောင် ထွက်နေပြီ။

Tuesday, December 23, 2008

Youth Donor Camp 2008 - 2


Sentosa မှာ ဆော့ကစားဖို့အတွက် စီစဉ်စရာရှိတာကို လုပ်ဖို့ ရောက်လာတဲ့ ရှေ့ပြေးအဖွဲ့ပါ။


ကမ့်ဝင်တဲ့သူတွေ ရောက်မလာခင် ရှေ့ပြေးအဖွဲ့က လိုအပ်တာတွေကို နေရာယူ စီစဉ်ခဲ့ပါတယ်။


ကမ့်ဝင်တဲ့သူတွေ Sentosa ကို ရောက်လာပါပြီ။ အနီရောင်တွေက ထိုင်းကြက်ခြေနီတွေပေါ့။


ဂိမ်းတွေဆော့ဖို့ သဲသောင်ပြင်မှာ အဖွဲ့လိုက် နေရာယူခိုင်းထားလိုက်ပါတယ်။
နေကတော့ ခြစ်ခြစ်တောက်ပူနေတာပါပဲ။ အသားတောင် မဲတယ်။

Monday, December 22, 2008

Youth Donor Camp 2008 - 1


Bedok ဘူတာမှာ ကမ့်ဝင်မယ့်သူတွေကို လာကြိုတာပါ။


YDC banner ကြီးဖြန့်ပြီး အခုလို လူစုရတာပေါ့။ ပြီးမှ ကားနဲ့ ကမ့်ကို သွားကြမှာပါ။


မြန်မာပြည်က လာမယ့် ကြက်ခြေနီ ၂ ယောက်ကို လေဆိပ်မှာ လာကြိုနေတာပါ။


မြန်မာပြည် ကြက်ခြေနီ ၂ ယောက်နဲ့ လာကြိုတဲ့သူတွေ လေဆိပ်မှာ အမှတ်တရပေါ့။
အိတ်မှားယူသွားလို့ လေဆိပ်မှာ အကြောင်းကြားနေတာနဲ့ အကြာကြီးစောင့်ခဲ့ရသေးတယ်။

Sunday, December 21, 2008

A piece of gipsy life-3

အဲဒီတုန်းက ဘာရယ်တော့ မဟုတ်ဘူး လုပ်ချလိုက်တာ အခုချိန် ပြန်တွေးမိတော့လည်း အမှတ်ရစရာလေးပဲ။ လူငယ်လည်း မဟုတ် လူကြီးလည်း မဟုတ်တဲ့ အရွယ်မှာ ထင်ရာစိုင်းခဲ့တာလေးပေါ့။ မှတ်မှတ်ရရဆို လွန်ခဲ့တဲ့ ၄ နှစ်ကျော် ဒီဇင်ဘာလ ဆောင်းတွင်းကြီးထဲမှာပေါ့။

ကျွန်တော်မှာ မောင်မောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက အိုင်တီ ပရောဂျက် မန်နေဂျာပေါ့။ သူ့မှာ ဖြူလေးလို့ခေါ်တဲ့ ချစ်သူတစ်ယောက် ရထားတာ မကြာသေးဘူး။ ၆ လ လောက်ပဲ ရှိအုံးမယ်။ ကောင်မလေးက ဆယ်တန်း မအောင်သေးဘူး။ ဒါပေမယ့် အသက်မပြည့်တဲ့ ကလေးတော့ မဟုတ်ပါဘူး။ ဆယ်တန်း ၂ခါ ကျပေါ့။ အဲဒီနှစ်မှာ ဆယ်တန်းပြန်ဖြေဖို့ ကျူရှင် ပြန်တက်နေခဲ့တယ်။

တစ်နေ့ နေ့လည်ပိုင်းမှာ မောင်မောင်ရဲ့ရုံးကို ဖုန်းဝင်လာတယ်။ သူ့ရည်းစားရဲ့ ကျူရှင်က ကောင်လေး တစ်ယောက် ဆက်တာပါတဲ့။ ကောင်လေးက သူ နောက်တစ်ပတ်မှာ တောင်ငူပြန်တော့မှာမို့လို့ ဖြူလေးကို နှုတ်ဆက်စကား လွတ်လွတ်လပ်လပ် ပြောချင်တယ်။ ဒါကြောင့် ဒီအပတ်စနေနေ့ ကျူရှင်ကို ညပိုင်းမှာ လာမကြိုပေးလို့ ရမလားဆိုပြီး တောင်းဆိုပါတယ်။ ဖြူလေးကို ကျူရှင်က ကောင်လေးတစ်ယောက်လည်း လိုက်နေတယ်ဆိုတာ မောင်မောင်က သိထားတယ်။ အခုဖုန်းဆက်တဲ့ ကောင်လေးက ဖြူလေးကို လိုက်နေတဲ့ ကောင်လေးပဲ ဖြစ်ဖို့များတယ်။ မောင်မောင်လည်း လူကြီးပီပီ အသာတကြည် ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် သူရင်ထဲမှာ နေဆယ်စင်း တောက်လောင်နေပြီ။ အဲဒီနေ့က ကြာသပတေးနေ့။

မောင်မောင် ရုံးဆင်းတော့ ကျွန်တော့်ဆီ ရောက်လာပြီး ဖြစ်ကြောင်းကုန်စုံ ရှင်းပြတယ်။ သူ စိတ်မချဘူးပေါ့။ တော်ကြာ ကောင်လေးက ကားတင်ပြေးရင် ဘယ်လို လုပ်မလဲတဲ့။ သူ စိုးရိမ်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ပြီးခဲ့တဲ့ ၂ လကျော်လေးတင် ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ကို ဘောလုံးကွင်းနားမှာ မှောင်ရိပ်ခိုပြီး ကားတင်ပြေးတာ ဖြစ်ပြီးပြီ။ အဲဒီတော့ သူ့ရဲ့သောကကို ကျွန်တော် ပျက်ရယ်မပြုရက်ခဲ့ဘူး။

ဂိမ်းအတူဆော့ကြတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘာလုပ်ကြရင် ကောင်းမလဲ စဉ်းစားကြတယ်။ သူတို့ကလည်း ဖြူလေးနဲ့ မောင်မောင်ကို သိထားတော့ ကူညီချင်ကြတယ်။ ဆောင်းတွင်းကြီးမှာ ကျွန်တော်တို့ ချွေးတွေ ပျံနေကြတယ်။ နောက်ဆုံး အစီအစဉ် တစ်ခု ဆွဲလိုက်တယ်။ ဒါရိုက်တာက ကျွန်တော်ပေါ့။ မှန်ထိုး မီးထိုး ကင်မရာမင်း အစုံအစိကိုတော့ ဂိမ်းအတူဆော့တဲ့ လူငယ်တွေ ၀ိုင်းကူကြခဲ့တယ်။

အရံမီးသတ်ထဲမှာ သူငယ်ချင်းတွေ ရှိတော့ သူတို့ဆီက လမ်းလျှောက် စကားပြောစက်တွေ ငှားလိုက်တယ်။ လည်ပင်းညှစ်ပြီး ငှားလိုက်တော့ စက် ၃ လုံး ရတယ်။ ကားရှိတဲ့ သူငယ်ချင်းတွေဆီက ကား ၂ စီးရတယ်။ စက်ဘီးက ၅ စီး ရလိုက်တယ်။ လိုအပ်တာတွေရတော့ လုပ်မယ့်အပိုင်းကို အကုန်ရှင်းပြပြီး သောကြာနေ့ ညပိုင်းကတည်းက အစမ်းလေ့ကျင့်တယ်။ နေရာယူဖို့ ပွိုင့်တစ်ခုချင်းကို လိုက်ပြတယ်။ အချိတ်အဆက်တွေ လှုပ်ရှားရမယ့် အပိုင်းတွေကို တကယ်လှုပ်ရှားရမယ့် နယ်မြေမှာ သွားပြီး အစမ်းလေ့ကျင့်ကြတယ်။ အစမ်းလေ့ကျင့်တာက ပစ္စည်းစုံနဲ့ အမှန်အကန် လေ့ကျင့်တာ။ ကားတွေရော စက်ဘီးတွေရောပေါ့။

စနေနေ့ညကို ရောက်လာပါပြီ။ ကြိုတင် စီစဉ်ထားတဲ့အတိုင်း အားလုံးကို နေရာယူခိုင်းခဲ့ပါတယ်။ ကျွန်တော်က သူငယ်ချင်း တစ်ယောက်ရဲ့ ကားထဲမှာ။ မောင်မောင်ကတော့ နောက်ထပ် ကားတစ်စီးထဲမှာ။ ကားတစ်စီးစီမှာ စကားပြောစက် ၁ လုံး စီရှိတယ်။ စက်ဘီးအဖွဲ့ထဲက ၁ ယောက်ကို စက် ၁ လုံးပေးထားတယ်။ သူ့ကိုတော့ နားကြပ်နဲ့ စကားပြောလို့ ရအောင် လုပ်ပေးထားတယ်။ အဲဒီတော့ စက်ကို လက်နဲ့ ကိုင်ထားစရာ မလိုတော့ဘူးလေ။ ဆောင်းတွင်းဆိုတော့လည်း အနွေးထည် ထူထူပွပွကြီးအောက်မှာ စက်ကို ၀ှက်ထားလို့ ရတယ်။ အဲဒီတော့ အပြင်လူတွေ မရိပ်မိတော့ဘူး။

ကျူရှင်ရှိတဲ့ လမ်းရဲ့ ထိပ် ၂ ဘက်မှာ ကားတစ်စီးစီ ရပ်ထားတယ်။ ကျူရှင်နဲ့ ဓါတ်တိုင် ၂ တိုင်စာအကွာ ဘယ်ညာ နှစ်ဘက်စလုံးမှာ စက်ဘီးတစ်စီးစီ စောင့်နေကြတယ်။ ကျွန်တော်တို့ ကားတွေနဲ့ ဓါတ်တိုင် ၃ တိုင်စာအကွာမှာ နောက်ထပ် စက်ဘီးတစ်စီးစီ စောင့်နေကြတယ်။ လမ်းက နည်းနည်းရှည်လို့ စက်ဘီး ၄ စီးကို တစ်လမ်းထဲမှာ ထည့်ထားတာပါ။ ကျူရှင်ဘေးမှာ လမ်းကြားလေး ရှိတယ်။ အဲဒီ လမ်းကြားကနေ ထွက်ရင် နောက်ဘက်က လမ်းထဲကို ရောက်သွားမယ်။ အဲဒီ လမ်းကြားလေးရဲ့ ထိပ်မှာ စက်ကိုင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ စက်ဘီး စောင့်နေတယ်။

အကယ်လို့များ ဖြူလေးတို့က လမ်းကြားထဲကနေ အခြားလမ်းဘက်ကို ထွက်လာရင် စက်ကိုင်ထားတဲ့ သူငယ်ချင်းက ကားတွေထဲမှာ ရှိတဲ့ ကျွန်တော်တို့ကို သတင်းလှမ်းပို့မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က ကားတွေကို နောက်ဘက်က လမ်းထိပ်ကို နေရာရွှေ့ပြီး ကြိုစောင့်နေမယ်။ ကျွန်တော်တို့ ကားတွေ နေရာရွှေ့ရင် ကားနဲ့အနီးဆုံးမှာ နေရာယူထားတဲ့ စက်ဘီးတွေလည်း နောက်ဘက် လမ်းထဲကို စက်ဘီးနဲ့ ပတ်ဝင်ကြမယ်။ ကျူရှင်ဘေးတစ်ချက်စီမှာ နေရာယူထားတဲ့ စက်ဘီး ၂ စီးက ဖြူလေးတို့နောက်ကို လမ်းကြားထဲကနေ လိုက်လာမယ်။

အကယ်လို့များ ကျူရှင်ရှိတဲ့ လမ်းအတိုင်းပဲ ထွက်လာရင်တော့ ကားတွေ၊ စက်ဘီးတွေက ပုံစံမပျက် နေရာယူနေမယ်။ ဖြူလေးတို့ လမ်းအလည်ကိုကျော်မှ ကျူရှင်ဘေးနားက စက်ဘီးတွေက ဖြည်းဖြည်းလေး နင်းပြီး စ ထွက်မယ်။ နောက်ကနေ ဖြည်းဖြည်းလေး လိုက်မယ်။ နောက်ကြောင်းရှင်းတဲ့ သဘောပေါ့။ လမ်းထိပ်နားက စက်ဘီးတွေကတော့ ကိုယ့်နေရာမှာ နေမြဲပဲပေါ့။

ကျူရှင်ဆင်းတော့ ဖြူလေးက သူသွားနေကျ လမ်းအတိုင်းပဲ သွားပါတယ်။ ဒါကြောင့် လမ်းကြားထိပ်က သူငယ်ချင်းက ကားတွေ နေရာရွှေ့ဖို့ မလိုတဲ့အကြောင်း စက်နဲ့လှမ်းပြောပါတယ်။ ကားတွေ မရွှေ့တော့ စက်ဘီးတွေလည်း မရွှေ့တော့ဘူးပေါ့။ ဒီလိုနဲ့ အဆင့်ဆင့် လှုပ်ရှားခဲ့လိုက်တာ ဖြူလေး အနားကို ဘယ်ယောကျာ်းလေးမှ ကပ်လာတာကို မတွေ့ရဘူး။ နောက်ဆုံး ဖြူလေးသာ သူ့အိမ် ပြန်ရောက်သွားတယ် ထူးခြားမှုတစ်ခုမှကို မတွေ့ရဘူး။ အဲဒီတော့လည်း အားလုံး လက်ဖက်ရည်ဆိုင် အတူတူထိုင် စမြုံပြန်ပြီး အိမ်ပြန်လာခဲ့ကြတာပေါ့ဗျာ။

နောက်မှ ပြန်သိရတာက ဖြူလေးက မောင်မောင့်ကို စမ်းသပ်တဲ့သဘောနဲ့ သူ့သူငယ်ချင်းတစ်ဦးကို ဖုန်းဆက်ခိုင်းတာပါတဲ့။ သူကတော့ ဘယ်ရယ်မဟုတ် ကျီစယ်လိုက်တာပါပဲ။ ကိုယ်တွေကတော့ အစိုးရိမ်ပိုပြီး စီစဉ်ထားလိုက်ရတာများ ပစ္စည်းအစုံအလင်နဲ့ ထောင့်ကိုစေ့နေတာပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က အတော်ကို ပျော်ခဲ့ပါတယ်။ ကလေးမဟုတ် သူငယ်မဟုတ် တစ်အုပ်တစ်မကြီး ဆော့လိုက်ရသလိုပဲဗျာ။ တကယ်ပဲ အမှတ်ရမိပါတယ်။

Friday, December 19, 2008

A piece of gipsy life-2

သူ့ကို ကျွန်တော်တို့က ကိုလင်းလို့ ခေါ်ကြတယ်။ သူက ကျွန်တော်ထက် ၇ နှစ်လောက် ကြီးမယ်။ သူက အသက်သာကြီးတာ လူငယ်တစ်ယောက်လိုပဲ။ လက်ထဲမှာ ဆေးလိပ်တို၊ ကျောမှာ ကျောပိုးအိတ်တစ်လုံးနဲ့ တွေ့ရတတ်တယ်။ တီရှပ်နဲ့ ဘောင်းဘီရှည် ၀တ်တာများတယ်။ ပုဆိုးဝတ်တာ ရှိပေမယ့် တွေ့ရခဲတယ်။

သူက ကျွန်တော့်ဆရာမတစ်ယောက်ရဲ့ တူပါ။ ဆရာမက ကျွန်တော်ကို တွေ့တိုင်း သူ့တူနဲ့ တူတယ်လို့ ပြောလေ့ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဘယ်သူ့ကို ပြောနေမှန်း မသိဘူး။ ဘယ်သူဘယ်ဝှါကို ပြောမှန်း သိတဲ့အချိန်မှာ ကျွန်တော်နဲ့ ကိုလင်းက ဘော်ဒါတွေ ဖြစ်နေပြီးပြီ။ ဘာတွေ တူသလဲ ဆိုတော့... ပိန်ပိန်ပါးပါး ဖြစ်တာ တူတယ်။ စက်မှုကျောင်းသား ဖြစ်တာ တူတယ်။ နောက်ပြီး နှစ်ယောက်စလုံးက မျက်မှန်သမားတွေပဲ။

သူက တကယ့်ကို လေနှင်ရာလွှင့်တဲ့ ဂျစ်ပစီတစ်ယောက်ပါပဲ။ အစိုးရ၀န်ထမ်း အရာရှိတစ်ဦး ဖြစ်ပေမယ့် သူဟာ လူပျော်တစ်ယောက်ပါ။ အဆင်ပြေတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အိမ်မှာ အဆင်ပြေသလို အိပ်တယ်။ သူ့မှာ အိမ်ရှိပေမယ့် အဲဒီအိမ်မှာ ညအိပ်တာ ခပ်ရှားရှားပဲ။ သူအမြဲလွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသုတ်ပုဝါ၊ မုတ်ဆိတ်ရိတ်စက် အကုန်ပါတယ်။ စိတ်ကို ပေါ့ပေါ့ပါးပါး လွှတ်ထားလေ့ရှိတယ်။ နေချင်သလို နေတတ်တယ်။ ဂုဏ်တွေ ပကာသနတွေ သိက္ခာတွေကို ဂရုမထားဘူး။

တစ်ခါက လက်ဖက်ရည်ဆိုင် ထိုင်ရင်း သူက ပြောပါတယ်... ငါက ပန့်ခ်တဲ့။ ကျွန်တော်က ပြန်ပြောတယ်... ဟာ ကိုလင်းက ပန့်ခ် မဟုတ်လောက်ပါဘူး။ ပန့်ခ်တွေက ကြက်မောက်လို ဆံပင်တွေ ထောင်ထားကြတာ။ မျက်နှာမှာလည်း ကွင်းတွေ အပေါက်တွေနဲ့။ လျှာတောင် အလွတ်ပေးတာ မဟုတ်ဘူး။ လက်ပတ်တွေ လည်ပတ်တွေကလည်း ထိုးထိုးထောင်ထောင် ဆူးချွန်တွေနဲ့။ ကိုလင်းက ဆံပင်ပုံစံ ဘေးခွဲကြီးနဲ့။ အပေါက်ဆိုလို့ နားပေါက်တောင် မရှိ။ ဘယ်လိုဖြစ်ပြီး ပန့်ခ် ဖြစ်မလဲဗျ။

သူက ပြန်ပြောပါတယ်။ ဟ... နားကွင်းတွေပါမှ ကြက်မောက်တွေ ထောင်ထားမှ ပန့်ခ်လို့ ဘယ်သူ ပြောလဲကွ။ ပန့်ခ်ဆိုတာ လွတ်လွတ်လပ်လပ် ပျော်သလို နေတတ်တဲ့သူတွေကွ။ စိတ်ထင်ရာ လုပ်တတ်တဲ့ လူစားတွေ။ ငါလည်း လုပ်ချင်ရာ လုပ်နေတာပဲလေ။ နောက်ပြီး ငါက ပန့်ခ်သီချင်းတွေ ကြိုက်တယ်။ ဒါကြောင့် ငါက ပန့်ခ်ကွ... တဲ့။ သူ့စကားကြားမိမှပဲ ပန့်ခ်တွေကို သိပ်အမြင်မကပ်တော့ဘူး။ ကြည့်လို့ ရသွားတယ်။

လူငယ်အများစုက သူ့ကို ချစ်ကြခင်ကြတယ်။ သူနဲ့ ပေါင်းရတာကို ပျော်ကြတယ်။ သူက သူရဲ့နိုင်ငံခြား အတွေ့အကြုံတွေကို ပြောပြတတ်တယ်။ ပြီးတော့ သူက ပေါက်တက်ကရ ရီစရာဟာသတွေ ပြောတတ်သလို အချစ်အကြောင်းတွေလည်း လေးလေးနက်နက်ထားပြီး ဆွေးနွေးတတ်တယ်။ သူနဲ့အတူ လက်ဖက်ရည်ဆိုင် ထိုင်ရင် ဂီတလောကအကြောင်း၊ သီချင်းတွေအကြောင်းလည်း ကြားရတယ်။ လူငယ်အချင်းချင်းဖြစ်တဲ့ ပြသနာ အများစုမှာတော့ သူက ကြားနေလေ့ရှိတယ်။ အမုန်းမခံတာပေါ့။

နာဂစ်ဖြစ်ပြီးတုန်းက သူလည်း ရုံးမတက်ရမယ့်အတူတူ အကျိုးရှိတာ လုပ်ကြတာပေါ့ဆိုပြီး လူငယ်တွေနဲ့အတူ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်ပြည့် လုပ်ပေးခဲ့ပါတယ်။ ရေပေးဝေတဲ့အလုပ်မှာ လုပ်တုန်းက သူက ငါးထပ်ကြီးဘုရားရှိတဲ့ ရပ်ကွက်မှာ အဓိက တာဝန်ယူပါတယ်။ အဲဒီရပ်ကွက်ကလည်း ထူးထူးခြားခြားပဲ။ ရေလာခပ်တဲ့သူ အများစုက မိန်းမ၀၀ကြီးတွေ။ ပင်ပင်ပန်းပန်း အလုပ်တွေကို ယောကျာ်းတွေက မလုပ်ပဲ မိန်းမတွေက လုပ်ကြတဲ့ ရပ်ကွက်ပေါ့။ ရေပုံး ၂ ပုံးကို ဆိုင်းထမ်းကြီးတွေနဲ့ အခေါက်ခေါက် သယ်နေကြပုံများ ဆလံသမိတယ်။ ညမိုးမှောင်တဲ့အထိ မနားတမ်း အိမ်အတွက် ရေဖြည့်ကြတာ။

အဲဒီရပ်ကွက်က ရွှေဂုံတိုင်ဆေးခန်းနဲ့ နီးတော့ အဆောင်ငှားနေတဲ့ သူနာပြုဆရာမလေးတွေလည်း အများကြီး ရှိပါတယ်။ တချို့ အဒေါ်ကြီးက အဆောင်ပိုင်ရှင်တွေ ဖြစ်မယ် ထင်တယ်။ ကိုလင်းကို သဘောကျလွန်းလို့ ကြိုက်တဲ့ သူနာပြုဆရာမလေး တွေ့ရင်ပြောပါ။ သူတို့ အဆင်ပြေအောင် နားချပေးမယ် ဆိုတာကြီးပဲ။ ကိုလင်းကလည်း ကိုလင်းပဲ။ တကယ်ကို ပျော်ပျော်နေတတ်တဲ့ ရေလာခပ်တဲ့သူတွေ မပျင်းရအောင် တစ်မျိုးပြီး တစ်မျိုး ပြောနေတာပါပဲ။ သူက အတည်ပေါက်နဲ့လည်း နောက်တတ်တော့ ပွဲစည်တာပေါ့။ ရေပေးတဲ့နေရာမှာ ဆောင့်ကြောင့်လေး ထိုင်၊ ရေပိုက်လေး ကိုင်ပြီး ဆေးပေါ့လိပ်ခဲနေတဲ့ ကိုလင်းပုံစံက တမူထူးခြားပါတယ်။ အဲဒီနေရာမှာ ၁၅ ရက်လောက် ရေလှူခဲ့တာဆိုတော့ ရပ်ကွက်တစ်ခုလုံး သူနဲ့ အတော်လေး ခင်သွားပါတယ်။

တစ်ခါ ရေပေးနေတဲ့အချိန် ကိုလင်းနဲ့အတူ ၀ိုင်းလုပ်ပေးတဲ့ ကောင်လေးတွေက သီချင်းဆိုကြတယ်။ အဲဒါကို အမူးသမားတစ်ယောက်က ဒီလောက် ခေတ်ပျက်နေတဲ့အချိန် မင်းတို့က သီချင်းဆိုပြီး ပျော်နေရသလားဆိုပြီး လာရစ်ပါတယ်။ ကောင်လေးတွေကလည်း ခေတဲ့သူတွေမှ မဟုတ်တာ။ ကျွန်တော်တို့ ရပ်ကွက်ထဲက ဖိုက်တာ ပေါက်စတွေပေါ့။ ဒါပေမယ့် ကိုလင်းက ရန်အဖြစ်မခံပါဘူး။ ကြားထဲကနေ ၀င်ပြီး တောင်းပန်တာပေါ့။ ဒါပေမယ့် အမူးသမားက အလျှော့ပေးမှန်းသိတော့ ရောင့်တက်ပြီး ပိုရစ်လာရော။ အဲဒီမှာ ပွဲက စတာပါပဲ။

ကိုလင်းနဲ့ကောင်လေးအုပ်စု ဘာမှ မလုပ်လိုက်ရပါဘူး။ ရေလာခပ်နေတဲ့ မိန်းမအုပ်ကြီးက ကျီးအာသလို ၀ိုင်းပြောလိုက်ကြတာ အမူးသမားကြီး အမူးတောင် ပြေသွားတယ်။ အမူးမပြေလို့လဲ မရဘူးလေ။ ထမ်းပိုးတွေ ကိုင်ထားတဲ့ ၀၀တုတ်တုတ် အဒေါ်ကြီးတွေကြားမှာ အခန့်မသင့်ရင် အသက်တောင် ပျောက်သွားနိုင်တယ်။ အဲဒီ အမူးသမားလည်း နောက်နေ့က စပြီး ရေပေးတဲ့နေရာမှာ ကိုလင်းတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ဆေးလိပ် ၀ယ်ပေးတာတို့၊ ရေနွေးကြမ်းအိုး လာပေးတာတို့၊ ရေပိုက်ကိုင်ပေးတာတို့ ၀ိုင်းကူလုပ်ပေးရှာပါတယ်။ ညပိုင်းကျတော့ ကိုလင်းတို့နဲ့ အတူစုပြီး သောက်ကြတာလည်း ပါတာပေါ့ဗျာ။ ကိုလင်းတို့က အဲဒီလိုမျိုးဗျ။

Wednesday, December 17, 2008

Roll of Honour



ဂုဏ်ယူတတ်တဲ့သူကြားမှာ ဒါတွေဟာ တန်ဖိုးရှိပေမယ့်...
တန်ဖိုးမသိတဲ့သူတွေကြားမှာ သစ်သားပြားတစ်ချပ်ထက် မပိုပါဘူး။
တချို့အလုပ်တွေဟာ ဂုဏ်ပြုခံချင်လို့ လုပ်တာ မဟုတ်ပါဘူး။
ဒါပေမယ့် တန်ဖိုးသိတဲ့သူတွေက အမှတ်တရ ဂုဏ်ပြုပေးကြပါတယ်။

Saturday, December 13, 2008

Meeting or Parting?



ဆုံမှတ်တစ်ခုလား...
လမ်းခွဲတစ်ခုလား...
ဝမ်းသာရမှာလား ၀မ်းနည်းရမှာလား...
အရာရာဟာ ဦးတည်ချက်တစ်ခုပေါ်မှာ မူတည်နေတယ်။

ချစ်ရတဲ့သူရေ... အဖြေကို သိခွင့်လေးများ ရှိမလားကွယ်...

Friday, December 12, 2008

YDC Camp Meeting -2


သောကြာနေ့ညက ကမ့်အတွက် နောက်ဆုံးမီတင်ရှိလို့ ရုံးကနေ အိမ်ကိုအရင်ပြန်ပြီး ရေမိုးချိုးအ၀တ်စားလဲ... အိမ်မှာရှိတဲ့ မုန့်လေးကို အစာပြေ စားပြီးတော့ သွေးဘဏ်ကို ထွက်လာခဲ့လိုက်တာ ၇ နာရီ ၂၅ မိနစ်မှာ ရောက်ခဲ့တယ်။ ဟိုရောက်တော့ အဖွဲ့ ၅ ဖွဲ့ခွဲထားတဲ့ အမည်စာရင်းတွေ့တာနဲ့ ယူဖတ်ကြည့်လိုက်တယ်။ အဖွဲ့တိုင်းမှာ မြန်မာအမည်တွေ ပါနေတာကို တွေ့လိုက်ရတယ်။ မိန်းခလေး ၂ ယောက် ယောကျာ်းလေး ၄ ယောက်ပါ။ စုစုပေါင်း ၆ ယောက် တွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာ ဆရာဝန် ၂ ယောက် ပါပါတယ်။

အစည်းအဝေးမှာ အခြားနိုင်ငံက ကိုယ်စားပြုလာမယ့် ကိုယ်စားလှယ်တွေကို လေဆိပ်မှာ သွားကြိုဖို့အတွက် ဆွေးနွေးကြပါတယ်။ အများစုက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စင်္ကာပူကို ရောက်ပါမယ်။ ဖိလစ်ပိုင်က ၄ ယောက်က မနက် ၉ နာရီ ၅၀ မိနစ်မှာ Terminal 1 ကို ရောက်ပါမယ်။ လာအိုက ၄ ယောက်နဲ့ ပါကစ္စတန်က ၁ ယောက်က နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှာ Budget Terminal ကို ရောက်ပါမယ်။ ဟောင်ကောင်ကိုယ်စားပြု ၁ ယောက်က Terminal 1 ကို နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှာ ရောက်ပါမယ်။ ထိုင်းနိုင်ငံ ကိုယ်စားပြု ၅ ယောက်က ညနေ ၄ နာရီ ၁၀ မိနစ်မှာ Terminal 1 ကို ရောက်ပါမယ်။ ဗီယက်နမ် ၁ ယောက်ကတော့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ Terminal 1 ကို ရောက်ပါမယ်။

လေဆိပ်ကြိုရမယ့်စာရင်းတွေ ဖတ်ပြသွားတော့ မြန်မာနဲ့ မလေးရှားက မပါဘူးဖြစ်နေတယ်။ မလေးရှားက စင်္ကာပူနဲ့ နီးတော့ ကိစ္စမရှိဘူး။ သူတို့ဘာသာ သွားတတ် လာတတ်ကြတယ်။ မြန်မာက လာမယ့်အချိန်ကို အခုထိ အကြောင်းမပြန်နိုင်သေးဘူး ဖြစ်နေတယ်။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်သိတော့ အေးဆေးဖြစ်ပေမယ့် စင်္ကာပူက လူတွေကတော့ စိုးရိမ်လို့ မေးကြတာပေါ့။ ဘယ်နေ့ လာမယ်ဆိုတာ သိနိုင်မလားပေါ့။ ကိုယ်လည်း မသိတော့ မသိဘူးပဲပေါ့။ အခုတလော လေယာဉ်လက်မှတ်တွေ ၀ယ်ရခက်နေတာပဲ သိတယ်။

ဒီတစ်ခေါက်ကမ့်က Regional Camp ဖြစ်လို့ ကြက်ခြေနီအလံ လွှင့်ထားဖို့ ကိစ္စတွေ၊ YDC အလံပါ လွှင့်ဖို့ လိုအပ်တဲ့ အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်။ Banner တွေလည်း လုပ်ကြမယ်ပေါ့။ ည ၁၁ နာရီခွဲပြီဆိုတာနဲ့ မီးပိတ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်။ မနက်စာ စားရမယ့်အချိန်နဲ့ သန့်ရှင်းရေး လုပ်ရမယ့် အချိန်တွေကို ပြန်ပြင်ကြတယ်။ အစက မနက် ၈ နာရီခွဲမှာ မနက်စာ စားဖို့ စီစဉ်ထားပေမယ့် မနက် ၇ နာရီ ၄၅ မိနစ်ကို ပြောင်းလိုက်ပါတယ်။ စာသင်ချိန်က မနက် ၉ နာရီ စမှာဆိုတော့ မနက်စာ စားတဲ့အချိန်နဲ့ နည်းနည်းလေး ခွာထားလိုက်တာပါ။

ဒီတစ်ခေါက် ကမ့်မှာ သွေးဘဏ်ကို လေ့လာရေးခရီးထွက်တာ ပါသလို Blood Mobile Drive တစ်ခုကိုလည်း လေ့လာကြမှာပါ။ ပထမဦးဆုံး သွေးဘဏ်ကို လေ့လာရေး ထွက်ကြမှာပါ။ သွေးဘဏ်မှာ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံပါမယ်။ Dhoby Ghaut NEL Station မှာ SMU က ဦးစီးကျင်းပတဲ့ သွေးလှူဒါန်းပွဲ ရှိပါတယ်။ အဲဒီပွဲကို အဖွဲ့လိုက် သွေးဘဏ်ရှိရာကနေ ရထားစီးပြီး လေ့လာရေး ခရီးထွက်ကြပါမယ်။ ပြီးမှ ကမ့်ရှိရာကို ကားနဲ့ ပြန်ကြမယ်။

နောက်ဆုံးနေ့ မတိုင်ခင် ညဦးပိုင်းမှာလည်း အဖွဲ့လိုက် ပြဇာတ်တိုတွေ လုပ်ရအုံးမှာပါ။ အဲဒီ ပြဇာတ်တွေကို အမှတ်ပေးမယ့် ဒိုင်အဖွဲ့လည်း ရှိပါတယ်။ ဒီတစ်ခေါက် ဒိုင်မှာ စင်္ကာပူကြက်ခြေနီရဲ့ အတွင်းရေးမှူး ကိုယ်တိုင် တက်ရောက် အမှတ်ပေးမှာပါ။ အခြားနိုင်ငံက ကြက်ခြေနီ လူကြီး ၃ ယောက်လည်း အမှတ်ပေးဒိုင်အဖြစ် လာကြအုံးမယ်တဲ့။ အဲဒီညမှာပဲ Farewell Dinner အနေနဲ့ ရှေ့နှစ်ကလို BBQ လုပ်ကြမယ်။ ပြီးရင် အခြား ပျော်စရာဂိမ်းအစီအစဉ်တွေလည်း လုပ်ကြအုံးမယ်။ အဲဒီညက မီးကုန်ယမ်းကုန် အပြတ်ကဲကြမယ့် ညပေါ့။ ရှေ့နှစ်တုန်းကဆို တချို့အဖွဲ့တွေ ညလုံးပေါက် မအိပ်ပဲ စုဖွဲ့ထိုင်ပြီး စကားတွေပြော လေပန်းကြသေးတယ်။ ဘယ်ရမလဲ... ကိုယ်ကတော့ အိပ်တာပေါ့။

အဲဒီလိုနဲ့ ကမ့်နဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ အစုံအလင် ဆွေးနွေးရင်း ည ၁၀ နာရီခွဲကျော်မှာ အစည်းအဝေး ပြီးဆုံးခဲ့ပါတယ်။ ကမ့်မှာ ၀တ်ဖို့အတွက် တစ်ယောက်ကို ကြက်ခြေနီ တီရှပ် ၂ ထည်စီပေးပါသေးတယ်။ အရင်ပွဲတွေမှာ ပေးခဲ့တာတွေ ရှိတော့ ၅ ရက်စာ ၀တ်ဖို့ ပူစရာ မလိုတော့ဘူးပေါ့။ သိမ်းဆည်းစရာ ရှိတာတွေ သိမ်းဆည်းပြီး ရထားစီး အိမ်ပြန်လာခဲ့တာ ည ၁၂ နာရီထိုးခါနီးမှ အိမ်ပြန်ရောက်တယ်။ အိမ်ပြန်ရောက်တော့ အိမ်တံခါးက အထဲကနေ လော့ခ်ချထားလို့ ဖွင့်လို့မရဘူး ဖြစ်နေတယ်။ ဒါနဲ့ အိမ်ထဲမှာ အိပ်နေတဲ့သူကို ဖုန်းဆက်ပြီး နှိုးရသေးတယ်။ နှိုးလာလို့ တော်သေးတာပေါ့ဗျာ။ မဟုတ်ရင် ဘယ်ပန်းခြံမှာ ဘယ်ခုံတန်းမှာ ခွေခွေလေး သွားအိပ်ရမလဲဆိုတာ မသိတဲ့ဘ၀ကို ရောက်ရတော့မှာဗျာ။

Thursday, December 11, 2008

The little walkway



ဒီလိုလမ်းကလေးမှာ တစ်ယောက်သောသူနဲ့ နှစ်ယောက်အတူတူ...
နွေရာသီရဲ့ ညတိုင်းမှာ လေညှင်းခံထွက် လျှောက်လှမ်းခွင့်ရလိုက်ရင်...
မိုးရာသီရဲ့ နေ့လည်ပိုင်းမှာ ထီးအတူဆောင်းရင်း လျှောက်လှမ်းခွင့်ရလိုက်ရင်...
ဆောင်းရာသီရဲ့ မနက်ခင်းမှာ အနွေးထည်ဆင်တူဝတ်ရင်း လျှောက်လှမ်းခွင့်ရလိုက်ရင်...

အခုတော့... ကျွန်တော့်အဖို့ ဒီလမ်းကလေးဟာ အိပ်မက်လမ်းကလေးတစ်ခုပါပဲဗျာ။

Wednesday, December 10, 2008

Just a stranger

သူစိမ်းတစ်ယောက်

မရေရာတာ အသေချာပဲ
မြင်နိုင်တယ် ဖြေရန် မလိုတော့ပါ
အချိန်တွေတာ လည်ပတ်ဆဲ
ကျန်နေသူ ဒီလူဟာ သူစိမ်းပါ
မဖြစ်နိုင်တဲ့ဘ၀မှာ
အရှုံးတာ နောက်ဆုံးပဲ
မဟုတ်လား...

ကြင်နာတယ်ဆိုပေမယ့်
အချိန်တန်ပြီဆိုရင် ပြန်သွားပါ
ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရအုံးမှာ...

ငြင်သာစွာတိုးတိတ်
နာကျင်လွန်းတဲ့စိတ်
မှောင်လွန်းတဲ့ဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

မှောင်လွန်းတဲ့ဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွှဲချော်ခဲ့
မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့
ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ...

မရေရာတာ သေချာပေမယ့်
ဆုံနိုင်တယ် ဒီအိပ်မက်ထဲမှာ
ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရအုံးမှာ
တကယ်ဆို ချစ်လျက်နဲ့
အရာရာ ပေးဆပ်ခဲ့ရသူပါ...

မှောင်လွန်းတဲ့ဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

မှောင်လွန်းတဲ့ ဒီဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွှဲချော်ခဲ့
မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့
ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ...

သူစိမ်းတစ်ယောက်ပါ...

တေးဆိုက မျိုးကြီးပါ။ တေးရေးဆရာကတော့ မောင်မောင်ဇော်လတ်လို့ ထင်ပါတယ်။ ကျွန်တော် သေချာတော့ မသိပါ။ မှားနေတယ်ဆိုရင်လည်း ပြန်ပြောပြကြပါ။ ဟိုတစ်ခါလုပ်ခဲ့တဲ့ Live Showမှာ မျိုးကြီးက အသည်းကွဲတဲ့ ဘော်ဒါတွေအတွက် ဒီသီချင်းကို ဆိုပေးခဲ့ပါသေးတယ်။ အခုတလော အဲဒီသီချင်းလေးကို ဓါတ်ကျနေမိတယ်။ ခံစားချက်တွေနဲ့ တိုက်ဆိုင်မှုရှိတယ်ပေါ့ဗျာ။

အချိန်တန်လို့ ဒီနေရာကို ပြန်လာပေမယ့်လည်း အခုတော့... သူစိမ်းတစ်ယောက်ပါပဲ။

Monday, December 8, 2008

Sunday, December 7, 2008

I got a coconut toy!!!


ဒီနေ့ Nikon D90 ၀ယ်ဖြစ်သွားပါတယ်။ Bugis က Sim Lim Square မှာ ၀ယ်ခဲ့တာပါ။ Audio House ရဲ့ Promotion လက်ကမ်းစာစောင်မှာ One set ကို စလုံး ၁၉၈၈ ဒေါ်လာနဲ့ ရောင်းထားတာ တွေ့လို့ Sim Lim Squareမှာ ဘယ်လောက် ပေးရမလဲဆိုတာ သိချင်တာနဲ့ Sim Lim Squareကိုပဲ အရင်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ကွန်ပျူတာပြပွဲတုန်းက D90 ကို စလုံး ၁၉၉၈ ဒေါ်လာနဲ့ ရောင်းထားတာကို တွေ့ရပေမယ့် ပစ္စည်းမစုံပါဘူး။ ဈေးမေးပေးခဲ့တဲ့သူပဲ သေချာ မမေးနိုင်ခဲ့သလားတော့ မသိပါဘူး။

နေ့လည် ၁ နာရီလောက် အိမ်မှာအတူနေတဲ့ အစ်ကိုတစ်ယောက်နဲ့ ထွက်ခဲ့ပါတယ်။ သူက သူ့ရဲ့ Laptop ကို ပြင်စရာရှိလို့ တခါတည်း ယူလာခဲ့သေးတယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်တော့ မလုပ်ဖြစ်ပါဘူး။ ဟိုတစ်ခါ လာကြည့်တုန်းက ဈေးအသက်သာဆုံး ပြောခဲ့ဖူးတဲ့ဆိုင်ကိုပဲ ပြန်လိုက်ရှာပြီး ဈေးဝင်မေးတာပါ။ အဲဒီဆိုင်က မြေညီထပ်မှာ မဟုတ်တာ တစ်ခုပဲ မှတ်မိတော့တယ်။ ဆိုင်ရှိတဲ့နေရာကို သေချာမမှတ်မိလို့ ၂ ခါလောက် တက်လိုက်ဆင်းလိုက် ပြန်ရှာရသေးတယ်။ နောက်ဆုံးတော့ တွေ့လေသတည်း။

Body နဲ့ Lens ကို ၁၆၀၀ ဒေါ်လာ ဈေးခေါ်ထားပါတယ်။ ခက်တာက အဲဒါကြီးပဲ ၀ယ်လို့မှ မရတာ။ အခြား အသေးအမွှားတွေလည်း လိုသေးတယ်လေ။ အဲဒါနဲ့ Dry Cabinet, Tripod, Memory Card, Battery, Flash light, Camera Case အကုန် လျှောက်မေးတော့ ဆိုင်က One set လိုချင်တာလားတဲ့။ အဲဒါဆိုရင် သူတို့ တွက်ပေးမယ်ဆိုပြီး တွက်ပေးပါတယ်။ Audio House မှာ ပေးထားသလောက် ပစ္စည်း မစုံပေမယ့် ဈေးက ၁၇၈၀ ဒေါ်လာပဲ ကျပါတယ်။ Battery Grip တစ်ခုနဲ့ 4GB memory card တစ်ခု မပါဘူးပေါ့။

ကင်မရာနဲ့ ပါတ်သတ်ပြီး သိချင်တာတွေကို ဓါတ်ပုံဆရာကြီး ဆိတ်ဖင်အလယ်စမ်းထားဆီကို ဖုန်းဆက် မေးလိုက်ပါတယ်။ နေ့လည့်ပိုင်းဆိုတော့ ကိုယ်တော်ချောက စက်တော်ခေါ်နေသလား မသိဘူး။ တော်တော်နဲ့ ဖုန်းလာမကိုင်ဘူး။ အခြေအနေကို ရှင်းပြလိုက်တော့ သူကလည်း ၀ယ်ဖို့ အားပေးပါတယ်။ တန်တယ်ဆိုပဲ။ တခြား သိချင်တာတွေကိုလည်း မေးမြန်းခဲ့သေးတယ်။ ဆောင်ရန် ရှောင်ရန် ဘာဘာညာညာပေါ့။

အဲဒါနဲ့ပဲ ကင်မရာတစ်လုံး ၀ယ်ဖြစ်လိုက်ပါတယ်။ မွဲဆေးကတော့ စ ဖော်လိုက်ပါပြီ။ နောက်ပိုင်းမှာ ထပ်ဝယ် ထပ်ဖြည့်ရမယ့် ပစ္စည်းတွေ တန်းစီနေတာ မြင်ယောင်နေပါတယ်။ ကိုယ့်စိတ်ကို သေသေချာချာ မထိန်းနိုင်ရင် ကုန်နီးကီးပါပဲ။ UV Protector မပါလို့ ထပ်ဝယ်ရပါသေးတယ်။ အဲဒါက ၄၉ ဒေါ်လာ ပေးရပါတယ်။ Screen protector က ၁၆ ဒေါ်လာ၊ Battery တစ်လုံးက ဒေါ်လာ ၇၀။ Flash light က ဒေါ်လာ ၁၂၀ ပေးရတယ်။ ဒါတောင် Nikon brand မဟုတ်ဘူး။ အားလုံးပေါင်းလိုက်တော့ စလုံး ၂၀၀၀ ကျော် ပြောင်သွားပါတယ်။ ဘာတွေ ရလိုက်လဲဆိုတော့ Nikon D90 Body & Lens, Nikon Tripod, Cleaning Kit, 8GB Memory Card, Nikon Camera Case, UV Protector, Screen Protector, Dry Cabinet နဲ့ Flash Light တို့ပါပဲ။

အင်း... မျောက်လက်ထဲ အုန်းသီးတော့ ရောက်နေပါပြီ။ ဒါပေမယ့် ဓါတ်ပုံကောင်းကောင်းတွေ ထွက်အုံးမှာ မဟုတ်သေးပါဘူး။ ဓါတ်ပုံပညာနဲ့ ပါတ်သတ်ပြီး လေ့လာသင်ယူတာတွေ လုပ်ရပါအုံးမယ်။ နောက်တစ်ခုက အုန်းသီးပဲ လက်ထဲရောက်နေတာပါ။ အဲဒီအုန်းသီးကို ဘယ်လိုခွဲစားရမလဲ ဆိုတာ သိသေးတာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ် ကြာမယ်ပေါ့ ခင်ဗျာ။

Friday, December 5, 2008

YDC Camp Meeting -1


သောကြာနေ့ညပိုင်းမှာ ကမ့်နဲ့ပါတ်သတ်ပြီး အစည်းအဝေးရှိလို့ ရုံးဆင်းတာနဲ့ အိမ်ကိုအရင်ပြန် ရေမိုးချိုး အ၀တ်စားလဲပြီး သွေးဘဏ်ကို ပြန်ထွက်လာတာ ၇ နာရီခွဲမှာ ရောက်တယ်။ အဲဒီနေ့မှာပဲ စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေး ကြက်ခြေနီတွေအတွက် ဂုဏ်ပြုညစာစားပွဲရှိတယ်။ အစည်းအဝေးက ပိုအရေးကြီးလို့ ဟိုပွဲကို မတက်တော့ဘူး။ ဒါကြောင့် စကာင်္ပူကြက်ခြေနီ ရုံးခွဲရှိတဲ့ သွေးဘဏ်ကိုပဲ ထွက်လာခဲ့တယ်။

ကမ့်မှာတာဝန်ယူကြမယ့် တချို့တွေက ရောက်နှင့်နေပြီ။ တချို့တွေကတော့ မရောက်သေးဘူး။ ဗိုက်ဆာတာနဲ့ မိုင်လိုတစ်ခွက် ဖျော်သောက်ရင်း စောင့်နေလိုက်တယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ကမ့်မှာ ကျွန်တော်က ကမ့်ဝင်သူပေါ့။ ဒီနှစ်မှာတော့ ကမ့်ရဲ့တာဝန်ရှိသူ တစ်ဦးပေါ့။ တာဝန်ခွဲဝေမှုဇယားမှာ ကျွန်တော် တာဝန်ယူရမယ့် အပိုင်းကို ကြည့်လိုက်တော့ Program အပိုင်းဖြစ်နေတယ်။ ဆန်တိုစာမှာ လုပ်မယ့် Amazing Race မှာ အဓိက တာဝန်ကျပါတယ်။ ကောင်းလိုက်တာ။ တချို့တွေက Logistics အပိုင်း တာဝန်ယူရတယ်။ တချို့တွေက Food & Beverage အပိုင်း၊ တချို့တွေက Safety အပိုင်းပေါ့။ တချို့တွေကတော့ Group leader အဖြစ် တာဝန်ယူရပါတယ်။ Group က ၅ ဖွဲ့ ရှိပါမယ်။ A, B, C, D, E ပေါ့။ တစ်ဖွဲ့မှာ Leader ၂ ယောက် ရှိကြမှာပါ။

ကမ့်ဝင်မယ်လို့ စာရင်းပေးထားတဲ့အထဲမှာ စင်္ကာပူက ၈၂ ယောက်ပါ။ အခြားတိုင်းပြည်က လာမယ့်သူကတော့ လောလောဆယ် ၁၉ ယောက် ရှိပါပြီ။ ဒါကြောင့် စုစုပေါင်း ၁၀၀ ကျော်နိုင်ပါတယ်။ ဗီယက်နမ်၊ လာအို၊ ယိုးဒယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဟောင်ကောင်နဲ့ ပါကစ္စတန်က လာကြပါမယ်။ လေ့လာသူအနေနဲ့ လာမယ့်အဖွဲ့တွေလည်း ရှိနေပါတယ်။ IFRC လို့ခေါ်တဲ့ Federation ကလည်း အဲဒီပွဲကို အကဲဖြတ် လေ့လာမှာပါ။ ဒါကြောင့် စကာင်္ပူကြက်ခြေနီအနေနဲ့ ဒီပွဲကို အစွမ်းကုန် ကြိုးစားယူမယ့် သဘောမှာ ရှိနေပါတယ်။ မျက်နှာ အပျက်မခံနိုင်ကြပါဘူး။

အစည်းအဝေးမှာ တာဝန်ယူမယ့်အပိုင်းအလိုက် တာဝန်နဲ့ ၀တ္တရားတွေကို ရှင်းလင်းပါတယ်။ နေ့အလိုက် လုပ်မယ့် အချိန်ဇယားကို တင်ပြဆွေးနွေးကြပါတယ်။ အဲဒီမှာ လိုအပ်တာတွေ ဖြည့်စွက် အကြံပေးကြပေါ့။ ရှေ့နှစ်ကတော့ အိပ်ရာထချိန်ကို ၈ နာရီလို့ သတ်မှတ်ခဲ့ပေမယ့် အခုနှစ်မှာတော့ မနက် ၇ နာရီ ထရမယ်လို့ ပြင်ထားပါတယ်။ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့အတွက် အချိန်ပြောင်းလိုက်တာပါ။ အိပ်ချိန်ကတော့ ည ၁၀ နာရီပါပဲ။ ကမ့်မှာ တာဝန်ယူမယ့် ကျွန်တော်တို့တွေက ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခွဲ အရောက် ကမ့်ကို သတင်းပို့ရမှာပါ။ ပြီးမှ ဘဒုတ်ဘူတာမှာ ကမ့်ဝင်မယ့်သူတွေကို သွားကြိုတဲ့အဖွဲ့နဲ့ ကမ့်မှာ နေရာချထားမယ့် အဖွဲ့ဆိုပြီး ၂ ဖွဲ့ခွဲလိုက်ပါမယ်။

ဆန်တိုစာမှာ လုပ်မယ့် ကစားပွဲအတွက်လည်း ဘာတွေလုပ်မယ် ဆိုတာကို တစ်နေရာချင်းစီအလိုက် ရှင်းပြ ဆွေးနွေးကြပါတယ်။ လိုအပ်တာတွေ ဖြည့်စွက်ကြပါတယ်။ မကြိုက်တဲ့အချက်တွေကို ငြင်းကြခုန်ကြပါတယ်။ အဖွဲ့လိုက် တာဝန်ယူရမယ့် အပိုင်းတွေကို ပြောကြပါတယ်။ Safety အပိုင်းကလည်း သူတို့ တာဝန်ယူမယ့် အပိုင်းတွေကို ရှင်းပြပါတယ်။ တစ်ခုခုဖြစ်ခဲ့ရင် အချိန်မှီ အကြောင်းကြားဖို့ကိုလည်း တဖွဖွ မှာပါတယ်။ ကမ့်ဝင်တဲ့သူတွေမှာ ဓါတ်မတည့်တာတွေ ပင်လယ်စာနဲ့ မတည့်တာတွေ ရှိရင်လည်း ကြိုမေးထားဖို့လည်း ပြောကြပါတယ်။

အဲဒီလို အပြန်အလှန် ငြင်းခုန်ဆွေးနွေးရင်း ည ၁၀ နာရီမှာမှ အစည်းအဝေး ပြီးပါတယ်။ လေဆိပ်မှာ သွားကြိုဖို့အတွက် တာဝန်ယူနိုင်မယ့်သူတွေ ရှိရင် စာရင်းပေးဖို့နဲ့ နောက်တစ်ပတ် သောကြာနေ့ညပိုင်းမှာ နောက်ဆုံးပိတ် အစည်းအဝေးတစ်ခု ထပ်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ တာဝန်ရှိသူအားလုံး မပျက်မကွက် တက်ရောက်ပေးကြဖို့ ပြောကြားပြီး ကျွန်တော်တို့တွေ လမ်းခွဲခဲ့ကြပါတော့တယ်။

Wednesday, December 3, 2008

I hate about myself

ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်... ရေးပေးပါဆိုပြီး နှစ်ကျောင်းတူ ပုလုကွေးဆိုတဲ့ ရခိုင်သားက အစောဆုံး လာပြောသွားပါတယ်။ တစ်ပတ်လုံး အလုပ်တွေများလို့ သူ့အကြွေးကိုတောင် မဆပ်ရသေးချိန်မှာ အလွမ်းမင်းသမီးလို့ ကိုယ်ဘာသာ အမည်ပေးထားတဲ့ မျက်ရည်မီးတောက်ရှင် ကလေးသိုးကြီးမလင်းက အဲဒီအကြောင်းကိုပဲ ထပ်ဆင့် ရေးခိုင်းပြန်ပါတယ်။ အဲဒါနဲ့ပဲ ထပ်ဆင့် အကယ်ဒမီ မဟုတ်ရှာတဲ့ ဒီပို့စ်ကို ကျွန်တော် ရေးရပါတော့မယ်။

တကယ်တော့ အပြင်ပန်းကနေ ကြည့်လိုက်ရင် ဒီအချက်တွေကို မုန်းမယ်လို့ ထင်ရပေမယ့် ဒီအချက်တွေကပဲ ကျွန်တော်ဇူလိုင် ဖြစ်နေတာပါပဲ။ ဒီလိုပုံစံ ဒီလိုအကျင့် ဒီလို မုန်းစရာတွေ မရှိရင် ဇူလိုင်ဆိုတဲ့ ကောင်ဟာ ဒီပုံစံမျိုးဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အဖို့ ချစ်ခြင်းနဲ့ မုန်းခြင်းဆိုတာမှာ နယ်နမိတ်လို့ သတ်မှတ်ထားတဲ့ မျဉ်းကြောင်းငယ်လေး တစ်ခုပဲ ခြားထားတာပါ။

၁။ ဂွတီးဂွကျ စကားကို ခပ်ပြတ်ပြတ် ပြောဆိုတတ်ပါတယ်။
ပင်ကိုယ်စရိုက်အရ လူတိုင်းနဲ့အဆင်ပြေအောင် ဆက်ဆံပါတယ်။ ဒါပေမယ့် လူအများစုက ကိုယ့်အပေါ်မှာ ဒုက္ခပေး၊ သစ္စာဖောက်သွားတော့ ဘ၀မှာ ဒဏ်ရာတွေက များလာပါတယ်။ ပျားသကာလို ချိုသာတဲ့ စကားတွေ ပြောပြီးမှ ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးခံရတာ များလှပြီ။ ကိုယ့်အပေါ် အမြတ်ထုတ်သွားတာလည်း မနည်းလှဘူး။ ဒါကြောင့် ဂွကျကျပုံစံ ဖြစ်သွားပါတယ်။ အရွဲ့တိုက်တတ်သွားပါတယ်။ အဖြူရောင်မှာ အဲဒီလိုပဲ နာကျင်ညစ်ထေး စွန်းပေတဲ့ဘ၀တွေ ရှိနေနိုင်ပါတယ်။ စကားကို ခပ်ပြတ်ပြတ်ပြောတာ၊ ဂွတီးဂွကျပြောတာ မကောင်းမှန်းသိပေမယ့် ပြင်လို့မရသေးတဲ့ အကျင့်ကိုတော့ မုန်းမိပါတယ်။

၂။ စိတ်မြန်လက်မြန် လုပ်တတ်ပါတယ်။
တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် စိတ်မြန်လက်မြန် တုံးတိုက်တိုက် ကျားကိုက်ကိုက် ချက်ချင်း လုပ်တတ်ပါတယ်။ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး။ လုပ်စရာရှိတာတွေ ပြီးသွားတော့ စိတ်ဆေးရတာပေါ့။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်မျိုးမဟုတ်တဲ့ အဖွဲ့လိုက်လုပ်ရတဲ့ နေရာတွေမှာတော့ ကိုယ်က စိတ်မြန်လက်မြန်သလောက် နောက်ကနေ မလိုက်နိုင်တဲ့ အခြားအဖွဲ့သားတွေကြောင့် စိတ်အလိုမကျ ဘ၀င်မကျဖြစ်ရပါတယ်။ ဒီလို စိတ်ပင်ပန်းရတဲ့ စိတ်မြန်လက်မြန် အကျင့်ကလည်း မုန်းစရာပါပဲ။

၃။ ရန်ငြိုးကို ကလဲ့စားချေ တုန့်ပြန်တတ်ပါတယ်။
ပေးဆပ်မှုနဲ့ချစ်တတ်လွန်းတဲ့ နှလုံးသားက မထင်မှတ်ရအောင် အငြိုးကြီးလှပါတယ်။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို စော်ကားသွားတဲ့သူတွေ၊ ကိုယ့်ကို ဒုက္ခပေးထား၊ နှိမ့်ချဆက်ဆံထားခဲ့တဲ့သူတွေအပေါ်မှာ အခါအခွင့်သင့်ရင် ကလဲ့စားချေ တုန့်ပြန်တတ်ပါတယ်။ ဒါပေမယ့် အခါအခွင့်ကို တကူးတကကြီး အချိန်ပေး စောင့်မနေပါဘူး။ ကလဲ့စားချေဖို့ အခွင့်အရေး ပေါ်လာတဲ့အချိန်ကို အမိအရ သေသေချာချာ ဆုပ်ကိုင်ပြီး ကလဲ့စားချေတာမျိုးပါ။ ဒါပေမယ့် ဘယ်တော့မှ ကန့်လာကာရှေ့ ထွက်မလာပါဘူး။ အရာရာကို ကန့်လန့်ကာ နောက်ကွယ်ကနေ အကွက်ကျကျ ထောင့်စေ့အောင် စီစဉ်တတ်လို့ အကြောင်းသိတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို ကြောက်ကြပါတယ်။ ဒါလည်း မုန်းစရာတစ်ခုပါပဲ။

၎။ ခံစားချက်တွေကို သိုဝှက်ထားတတ်ပါတယ်။
ခံစားချက်မှန်သမျှကို ရင်ထဲမှာ သိုဝှက်ထားတတ်တဲ့အတွက် ကိုယ်ရဲ့ ၀မ်းနည်းဝမ်းသာ ခံစားချက်မှန်သမျှ ဘယ်သူမှ ခန့်မှန်းလို့မရပါဘူး။ ၀ဋ်ရှိလို့သာ ခံစားခဲ့ရတယ်လို့ပဲ အလွမ်းတွေကို သဘောထားတတ်တယ်။ အဲဒီလိုပဲ အခြားသူကို အားနာလိုက်လျော အကူအညီတွေ ပေးဖို့ ၀န်မလေးပေမယ့် ကိုယ်တိုင် အကူအညီ လိုတဲ့အခါမှာ ထုတ်မပြောတတ်ပြန်ဘူး။ တစ်ယောက်တည်း ကျိတ်မှတ်ခံစားရတာ မသက်သာပေမယ့် အဲဒီလို မုန်းစရာ ပုံစံလေးကလည်း ပြင်လို့မရသေးပါဘူး။

၅။ စည်းစနစ်မကျတဲ့သူတွေကို ရှောင်ရှားတတ်ပါတယ်။
စည်းစနစ်မကျတဲ့သူဆိုတာ အလုပ်ကို ပေါ့ပျက်ပျက် လုပ်တတ်တဲ့သူ၊ ပျာယာခတ်နေအောင် လုပ်တတ်တဲ့သူ၊ အချိန်ကို မလေးစားတဲ့သူတွေကို ပြောတာပါ။ ကိုယ်က အလေးအနက်ထား သေသေချာချာ လုပ်နေပြီး သူတို့က ပေါ့ပျက်ပျက်လုပ်ရင် စိတ်ပျက်ရပါတယ်။ ကိုယ်က တည်တည်ငြိမ်ငြိမ် ခေါင်းအေးဆေးထားပြီး လုပ်နေချိန်မှာ သူတို့က ဆပ်ပြာသည် လင်ပျောက်သလို ပျာယာခတ်နေရင် စိတ်ရှုပ်ရပါတယ်။ ကိုယ်က အချိန်ပေးပြီး တကူးတက လာခဲ့ပြီးမှ သူတို့တွေက ရောက်မလာတတ်ရင် အတော်ကို စိတ်တိုပါတယ်။ သူတို့က သူတို့ပုံစံနဲ့ လုပ်နေပေမယ့် ကိုယ်ရဲ့ ပေတံကြီးအောက်မှာ အလူးအလဲခံနေရရှာတယ်။ ဒါကြောင့် သူတို့ကို အားနာလို့ သနားလို့ ရှောင်နေတတ်ပါတယ်။ အဲဒီတော့ ကိုယ်ပဲ ပေါင်းသင်းဆက်ဆံရေး ညံ့တယ် ဖြစ်သွားရတာပေါ့ဗျာ။

၆။ အချောင်စားတတ်တဲ့သူတွေကို ရွံ့မုန်းတတ်ပါတယ်။
တကယ်ကို အကူအညီလိုအပ်တဲ့သူတွေကို ကူညီဖို့ ၀န်မလေးတတ်ပေမယ့် အချောင်စားတတ်သူတွေကိုတော့ ရွံ့မုန်းပါတယ်။ အချောင်စားတတ်တဲ့သူတွေကို ပေးရမှာလေးက ဘာမှမဟုတ်ပေမယ့် ခေါင်းမာစွာနဲ့ မပေးပဲ တင်းခံထားတတ်ပါတယ်။ လူရွှင်တော်ဇာဂနာ ပြောခဲ့တဲ့အတိုင်း အားလည်းနာတယ် ခင်လည်း ခင်တယ် ဆိုတဲ့ မြန်မာပြည်က အချို့ကိစ္စတွေမှာ အချောင်စားတတ်တဲ့သူတွေကို မကျွေးမပေးရင် ရှေ့ဆက်လို့မရတဲ့အရာတွေ အများကြီးပါပဲ။ ကျွေးလိုက် ပေးလိုက်ရင် အဆင်ပြေသွားမှာကို သိရဲ့သားနဲ့ သူတို့ကို မကျွေးမမွေးပဲ ခွေးပဲ ကျွေးလိုက်တဲ့ အကျင့်က မုန်းစရာပါပဲ။

၇။ ကိုယ်ပိုင်ဟန်ကို ဦးစားပေးတတ်ပါတယ်။
ကိုယ်ရဲ့ ယုံကြည်မှုအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်တတ်တယ်။ ကိုယ့်ကျင့်တရားကို တန်ဖိုးထားတယ်။ အရာရာကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးနဲ့ လုပ်ကိုင်တတ်တယ်။ ဒါကြောင့် နောက်လိုက် မလုပ်တတ်ဘူး။ စိတ်နှလုံး နူးညံ့ပေမယ့် မလိုအပ်ရင် အလျှော့မပေးတတ်တဲ့ ပုံစံလေးက နားလည်တဲ့သူတွေကြားမှာပဲ ရှင်သန်ကြီးထွားခွင့်ရပါတယ်။ နားမလည်တဲ့ သူတွေကြားမှာတော့ ကိုယ်ဟာ လူ့ဂွစာကြီးပါပဲ။ အဓိပတိဖွားပီပီ ဆရာကြီး လုပ်တတ်သေးတယ်။ ကောင်းစေချင်လို့ ထောက်ပြဝေဖန် ပြောဆိုဆုံးမတာ ဖြစ်ပေမယ့် မကြိုက်ကြဘူးလေ။ အဲဒီတော့ တချို့တလေတွေက မုန်းကြတာပေါ့။

၈။ အပေါင်းအသင်း နည်းပါတယ်။
ဖာခေါင်း၊ သူတောင်းစားကနေ ၀န်ကြီးအထိ နယ်ပယ်အစုံက ကျယ်ပြန့်တဲ့ အသိုင်းအ၀ိုင်း ရှိပေမယ့် ရင်းနှီးတဲ့၊ သစ္စာရှိတဲ့၊ ကိုယ့်အပေါ် ကောင်းတဲ့ အပေါင်းအသင်း နည်းလှပါတယ်။ တွေ့ကရာနေရာကို မသွားတတ်သလို တွေ့ကရာ အပေါင်းအသင်းလည်း မပေါင်းသင်းတတ်ပါ။ ရွေးချယ်ပေါင်းသင်းတတ်တဲ့ အကျင့်ကြောင့် အပေါင်းအသင်း များများစားစား မရှိပါဘူး။ ဒါကြောင့် နားလည်ရခက်တဲ့ ပေါင်းသင်းရခက်တဲ့ မျက်နှာသေကြီး မာနမင်းသားတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က မြင်တတ်ကြပါတယ်။ ဒါလည်း မုန်းစရာတစ်ခုပါပဲလေ။

၉။ အစားအသောက်ကို ခုံခုံမင်မင် မရှိပါဘူး။
စားနေကျ အစားအစာတွေကိုပဲ စားသောက်လေ့ရှိတယ်။ အသစ်အဆန်းတွေ တကူးတက ရှာဖွေ မစားဘူး။ သူငယ်ချင်းတွေရဲ့အလှူကို သွားရင်တော့ မိတ်ပျက်ရတာပဲ။ ဟိုမှာက ကြက်ဝက်အမဲဆိတ် ဖွယ်ဖွယ်ရာရာ အစုံအလင် ချက်ထားပေမယ့် ကိုယ်က ချဉ်ပေါင်ကြော်၊ ငပိချက်နဲ့ သခွါးသီးပဲ ယူစားတော့ တစ်မျိုးတိုးတိုး ဖြစ်တာပေါ့။ ကိုယ်မကြိုက်တဲ့ဟာဆိုလည်း မစားတတ်ဘူး။ ဘာတစ်ခုမှ စားစရာမရှိရင်လည်း ဗိုက်မှောက် ရေသောက် ပေတေနေတတ်တယ်။ အစားအသောက်အတွက် တကူးတက အချိန်ပေးမနေဘူး။ ဖြစ်သလိုပဲ စားတာများတယ်။ ကျန်းမာရေးအတွက် မကောင်းမှန်းသိပေမယ့် အဲဒီပုံစံလေးကို မပြင်နိုင်သေးတော့လည်း အမုန်းစာရင်းထဲမှာ ထည့်လိုက်ပါတယ်။

၁၀။ ချစ်တတ်ပေမယ့် အလိုမလိုက်တတ်ဘူး။
အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်သလောက် ဘ၀ကို အိပ်မက်တစ်ခုလို သဘောမထားတတ်ပါဘူး။ ဒါကြောင့် ချစ်တတ်ပေမယ့် အလိုမလိုက်တတ်ဘူး။ အချစ်ရေးမှာ ဟန်ဆောင်တာတွေ မကြိုက်ဘူး။ ချစ်သူကို သ၀န်တို ချုပ်ချယ်တာမျိုးတွေ မလုပ်ဘူး။ ဒါပေမယ့် စည်းကမ်းတကျ နေထိုင်ပြောဆိုတတ်မှ သဘောကျတယ်။ မပြောပဲနဲ့ သိနေတာကို ပိုပြီးလိုလားတယ်။ ရင်ဘတ်ချင်းတူတဲ့ ကိုယ်ပွါးချစ်သူမျိုးကို မရသေးသရွှေ့ကတော့ အလိုမလိုက်တတ်တဲ့ ပုံစံလေးကြောင့် ချစ်သူရဲ့ သစ်စိမ်းချိုး ချိုးခြင်းခံရပါတယ်။ အလိုလိုက်သင့်တယ်ဆိုတာ သိပေမယ့် အခုထိ မပြင်နိုင်တော့လည်း မုန်းစရာပဲပေါ့။


ကဲ... အစဉ်အလာရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
မိုးရွာရင် စိတ်ညစ်တဲ့ မနှင်းဆီ

Monday, December 1, 2008

Keep the promise


The theme for World AIDS Day 2007 and 2008 is “leadership”. This theme will continue to be promoted with the campaigning slogan, “Stop AIDS. Keep the Promise.

Leadership was selected as the theme for World AIDS Day to encourage leaders at all levels to stop AIDS. Building on the 2006 theme of accountability, leadership highlights the discrepancy between the commitments that have been made to halt the spread of AIDS, and actions taken to follow them through. The theme empowers everyone from individuals to organisations to governments to lead in the response to AIDS.

International statistics


People living with HIV:
* 33 million people living with HIV worldwide
* 30.8 million adults
* 15.5 million women
* 2.0 million children under 15

New HIV cases in 2007:
* 2.7 million total new cases
* 2.3 million adults
* 370,000 children under 15

HIV-related deaths in 2007:
* 2.0 million total deaths

All figures from UNAIDS.

In Singapore, new cases of HIV infection have rise from 42 to 423 in the last 16 years. In Thailand, they have fallen from 143,000 to 17,000. What made the difference?

Education, awareness and safe sex helped in Thailand. So did easy access to generic drugs that can keep people with HIV healthy for many years. Infectious disease experts and social workers say battling HIV is tough in Singapore because many patients cannot afford critical medicines which are not subsided. Some smuggle home cheaper drugs from Thailand. Others skip treatment, risking an earlier death from AIDS.

Credit to :
UNAIDS
World AIDS Campaign
National AIDS Trust (NAT -UK)
The Straits Times