Saturday, May 2, 2009

Joys over Nargis - 1

မြန်မာပြည်ရဲ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့တဲ့ နာဂစ်မုန်တိုင်း ၀င်မွှေသွားတာ အခုဆို ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီလေ။ အဲဒီအချိန် ကျွန်တော် ရန်ကုန်မှာပါ။ ယောက်လမ်းက သူငယ်ချင်းရဲ့ အိမ်မှာ တည်းခိုပြီး နာဂစ်မုန်တိုင်းကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့လိုက်ရတယ်။ သေကံမရောက် သက်မပျောက်ဆိုသလို အိမ်ထဲကို ပြိုဆင်းဝင်လာတဲ့ ကုက္ကိုပင်ကြီးက မဟော်ဂနီစားပွဲရှည်ကြီး ခံနေလို့သာ ကျွန်တော့်ခေါင်းကို ဖိမချသွားတာပါ။ မဟုတ်ရင် ခေါင်းပြားနေလောက်ပါပြီ။

မုန်တိုင်းအပြီးမှာ အပျက်အစီးတွေ များလွန်းတာကို သိပေမယ့် ယောင်ချာချာနဲ့ ဘာလုပ်ရမယ်မှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှာတော့ လုပ်စရာရှိတာတွေ လုပ်သင့်လုပ်ထိုက်တာတွေကို တဖြည်းဖြည်း လုပ်ဖြစ်ခဲ့ကြတယ်။ ရင်ဘတ်ချင်းနီးပြီး ခံစားချက်တွေတူကြတဲ့ သူငယ်ချင်းများစွာရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ကျွန်တော်တို့တတွေ နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးမွေတွေကို မျှဝေခံစားခဲ့ကြတယ်။ အဲဒီကာလမှာ စိတ်ရော ကိုယ်ရော ပင်ပန်းခဲ့တယ်။ အနှောင့်အယှက်မျိုးစုံကြောင့် စိတ်တွေ ညစ်ခဲ့ရတယ်။ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတူတကွ ကျော်လွှားဖြတ်သန်းခဲ့တယ်။

အခုချိန်မှာတော့ နာဂစ်အလွန် ပီတိများလို့ပဲ ပြောလိုက်ပါမယ်။ ပြန်လည် မျှဝေခံစားတာပါ။ တချို့ဟာတွေမှာ ကျွန်တော် ကိုယ်တိုင်ပါဝင်ခဲ့တယ်။ တချို့ဟာတွေမှာ ကျွန်တော် အဝေးရောက် ကူညီပံ့ပိုးပေးခဲ့တယ်။


နာဂစ်မုန်တိုင်းဝင်ပြီး မနက်ပိုင်းမှာ လှိုင်မြစ်တဖက်ကမ်းကို ပြန်ဖို့စက်လှေမရှိတော့လို့ သောင်တင်နေကြတဲ့ လူတွေအတွက် ကျွန်တော်တို့ သဘောင်္တစ်စင်း စီစဉ်ပေးခဲ့ပါတယ်။ ဟိုဘက်ကမ်းမှာ ကျန်ခဲ့တဲ့ မိဘဆွေမျိုး သားသမီးတွေအတွက် ရတတ်မအေးရှာ စိတ်ပူနေရရှာတဲ့ လူတွေရဲ့ သောကအပူမီးကို အထိုက်အလျောက် ကူညီဖြေရှင်း ငြိမ်းသတ်ပေးနိုင်ခဲ့လို့ ပီတိဖြစ်ခဲ့ရပါတယ်။


စစ်ပြီးကာလ မြို့ပျက်ကြီးတစ်ခုလို နေ့ချင်းညချင်း ဘ၀ပြောင်းသွားတဲ့ မြို့တော်ရန်ကုန်မှာ သောက်ရေသုံးရေ အခက်အခဲတွေ ရင်ဆိုင်လာခဲ့ရတဲ့အချိန်... ပံ့ပိုးနိုင်တဲ့ အလှူရှင်တွေကို ရှာဖွေပြီး မီးစက်ရေစက်တွေ မောင်းပြီး မြို့နယ် ၆ မြို့နယ်က ရပ်ကွက်တွေမှာ ရေပေးဝေမှုကို လနဲ့ချီပြီး လုပ်ဆောင်ခဲ့ပါတယ်။ တစ်လကို လုပ်ခလစာ ကျပ် ၂ သောင်းတောင် မရကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေ တစ်နေ့ကို သိန်းချီကုန်တဲ့ ရေအလှူကြီးကို ဖန်တီးနိုင်ခဲ့မှုဟာ ချီးကျူးစရာပါပဲ။


ဒီဇယ်၊ ဓါတ်ဆီ အပါအ၀င် မီးစက်ရေစက် အပြည့်အစုံနဲ့ နေ့စဉ်ရက်ဆက် ရေလှူပေးနေတဲ့ ကျွန်တော်တို့ရဲ့ စေတနာကို ရပ်ကွက်နေ ပြည်သူတွေရဲ့ အပြုံးတွေကို မြင်ရရုံနဲ့ နားလည် ခံစားမိမှာပါ။ လတ်တလောမှာ ကြုံနေရတဲ့ ဘ၀ဒုက္ခတွေကို မေ့ပျောက်ထားစေနိုင်တဲ့အထိ သူတို့ရဲ့ အပြုံးတွေ အရွှန်းဖောက် ဟာသတွေဟာ အစွမ်းထက်လှပါတယ်။


သောက်သုံးရေအတွက် မြစ်ရေတွေ၊ ကန်ရေတွေကို အားထားနေရတဲ့ ဘိုကလေးဘက်က ရွာတွေအတွက် ရေသန့်ဆေးပြားတွေ လှူပေးဖို့ အလှူရှင်တွေက အကူအညီ တောင်းခံတဲ့အခါ ကျွန်တော့် သူငယ်ချင်းတွေ လှိုင်းမကြောက် လေမကြောက် ရေလမ်းခရီးနဲ့ ခရီးဝေးဝေးနှင်ခဲ့ကြပါတယ်။ သွေးမတော် သားမစပ်တွေ ဖြစ်ပေမယ့် တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ ညီအစ်ကို မောင်နှမတွေအတွက် သူငယ်ချင်းတွေ စည်းလုံးခဲ့ကြတာ အားကျစရာပါပဲ။


ရွာထဲက အိမ်တွေအတွက် ရေသန့်ဆေးပြားတွေ လှူခဲ့ပေးတော့ ကျေးရွာလူထုရဲ့ တုန့်ပြန့် အပြုံးတွေဟာ ပိုက်ဆံရှိပြီး ၀ယ်စားစရာမရှိလို့ ခရီးလမ်းကြမ်းကြမ်းမှာ အစာငတ်ခဲ့တာတွေတောင် မေ့ပျောက်စေခဲ့ပါတယ်။ ရေအသက် တစ်မနက်အတွက် နေပူပူအောက် လှေငယ်လေးနဲ့ ချောင်းကြိုချောင်းကြားတလျှောက် တနေကုန် ခရီးဝေးနှင်ပြီး အပင်ပန်းခံ အဆင်းရဲခံ ကူညီခဲ့တဲ့ သူငယ်ချင်းတွေရဲ့ လူမှုရေးစိတ်ဓါတ်ကို ဂုဏ်ယူမိပါတယ်။


နူရာဝဲစွဲ ဆိုသလိုမျိုး နာဂစ်မုန်တိုင်းကြောင့် ဒုက္ခတွေ တနင့်တပိုး ခါးစည်းခံနေရချိန်... အနာရောဂါဒဏ်ကို ခံစားနေရတဲ့ ဝေဒနာသည်တွေအတွက် အခမဲ့ ဆေးကုသစခန်းတွေကို ကျေးရွာတွေအထိ ဖွင့်လှစ်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ ဆေးလောကသား သူငယ်ချင်းတွေ ကူညီရိုင်းပင်း စည်းလုံးခဲ့မှုဟာ အမှတ်တရပါပဲ။


အနာသိရင် ဆေးရှိရမယ်။ ဆေးရှိပေမယ့်လည်း ဆေးဖိုး မတတ်နိုင်တဲ့သူတွေ အများသားဆိုတော့ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလိုမျိုး... လိုအပ်တဲ့ ဆေးဝါးတွေပါ အစအဆုံး ကူညီပေးခဲ့ကြပါတယ်။ နေ့စဉ် ကုန်ကျနေတဲ့ ဆေးဖိုးကို လှူတဲ့အလှူရှင်တွေကြောင့် ဆေးဝါးအလုံအလောက် ရှိတာရယ်... ဆေးပေးဖို့ ကူညီကြတဲ့ လုပ်အားပေး ဆေးဝါးကျွမ်းကျင် သူငယ်ချင်းတွေရယ်... ထောင့်ပေါင်းစုံက ဟာကွက်မရှိခဲ့လို့ ကုသိုလ်ဖြစ် ဆေးခန်းလေး မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့တာတွေဟာ ရောဂါသည်တွေအတွက် အားရှိလှစေပါတယ်။

Photo Credit: RAVEN Blood Donor Club

16 comments:

  1. ကူညီနိုင်တာ .. ကူညီတာတွေကို ၀မ်းသာ သာဓုခေါ်ပါတယ်။
    အားလုံး အကူအညီ မလိုကြတဲ့ အနေအထားမှာ ဆိုရင် ပိုဝမ်းသာဖို့ ကောင်းမယ်လို့ တွေးမိတယ်။
    Nargis period is traumatizing moment !

    ReplyDelete
  2. ဒုက္ခပင်လယ် ဝေနေချိန်မှာ လူအချင်းချင်း စေတနာ၊ မေတ္တာ၊ အနစ်နာ တို့ ကို အရင်းခံပြီး ကူညီကြတဲ့ သူငယ်ချင်းတွေကို ၀မ်းသာ သာဓု ခေါ်ပါတယ်ဗျာ။

    ReplyDelete
  3. ကောင်းလိုက်တာဗျာ JDရေ အမျှ အမျှ အမျှ...အို့...
    မှားလို့..
    သာဓု ၃ကြိမ်ပါဗျာ

    ReplyDelete
  4. ကြက်သီးတွေထမိတယ် အကိုရယ်... သူများတွေလို ကိုယ်တိုင်ကိုယ်ကျ ၀ိုင်းဝန်းကူညီခွင့် မရပေမယ့် အကိုတို့လို စေတနာ မေတ္တာရှင်တွေကိုတော့ လေးလည်း လေးစားမိပါတယ်။ စိတ်ထဲကလည်း အကြိမ်ကြိမ် သာဓုခေါ်မိတယ်။ သာဓု သာဓု သာဓု...

    ReplyDelete
  5. တကယ့်ကို သာဓု ခေါ်ပါတယ်။

    ReplyDelete
  6. ကူညီနိုင်ခဲ့တာ ဝမ်းသာသည်။

    ReplyDelete
  7. သုကိုလ် ကောင်းမှု ပီတိတွေ မျှဝေပေးလို့ သာဓုခေါ်ပါတယ်။

    ReplyDelete
  8. လေးစားဂုဏ်ယူ ပီတိ ဖြစ်ရပါတယ် ကို JD ရေ။
    (ဒါနဲ့ ဒီတစ်ခါတော့ စကားစပ်ပြီး ထည့်မပြောတော့ပါလား။ ကို JD အစစ်မှ ဟုတ်ရဲ့လား)

    ReplyDelete
  9. အကူအညီလိုတဲ့အချိန်မှာ ကူညီခွင့်ရတဲ့ ကိုဂျူလိုင် တကယ်ကောင်းပါတယ် .ကူညီသူရော. ကူညီခံရတဲ့သူရော အားလုံး အတွက် ကောင်းပါတယ်ရှင်

    ReplyDelete
  10. ကြည်နူးပီတိဖြစ်ရပါတယ်။

    ReplyDelete
  11. သိပ့ါသိပ့ါ။ ကိုဂျူလှိုင်ရဲ့ စိတ်ဓတ်ကိုလေးစားပြီးသားး)

    ReplyDelete
  12. တကယ့်ကို လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တွေအများကြီးပေါ်ထွက်လာခဲ့တာကို မြင်ခဲ့ရတာ နာဂစ်ထဲက ထွက်လာခဲ့တဲ့ အမြတ်တွေပါပဲ ကိုဂျူလိုင်ရယ်..အဲဒီအတွက် ကျမ မြန်မာပြည်ကြီးအတွက် ဂုဏ်ယူတယ်.. ကျေးဇူးလည်းလှိုက်လှိုက်လှဲလှဲ တင်ပါတယ်..။ ဘယ်လောက်တောင် အခက်အခဲတွေကို ကျော်လွှားလိုက ဖြစ်မြောက်အောင်မြင်အောင် လုပ်ခဲ့ရသလဲဆိုတာတော့ ပြောစရာမလိုလောက်အောင် နားလည်နိုင်ပါတယ်..။

    သာဓုခေါ်သွားပါတယ်ရှင်...

    ReplyDelete
  13. ထမင်းတစ်ဆုပ် ရေတစ်မုတ်ကုသုလ်က နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းတွေပဲ။
    ကိုဂျူလှိုင်တို့ လို စေတနာရှင်တွေသာ မရှိရင် သေဆုံးသူ နှစ်ဆဖြစ်ကုန်မယ်။
    ချောကလက်တို့  အဟာရဘီစကစ်တို့  ဆိုတာ...

    ReplyDelete
  14. ကိုယ်ထိလက်ရောက်လှုဒန်းခဲ့တာ
    အားကျဂုဏ်ယူမိပါတယ်ဗျာ။

    ReplyDelete
  15. ကိုယ့်လက်နဲ့ ကိုယ်တိုင်သွားရောက် မကူညီနိုင်လို့ ဒီထဲက ပုံတွေကို ကြည့်ပြီး ကိုယ်တိုင်သွားလှူတယ်လို့ သဘောထားကာ သာဓုခေါ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်လက်ကိုယ့်ခြေနဲ့ ဒုက္ခရောက်နေသူတွေကို ဒီလိုကူညီနိုင်တဲ့နေ့ကို ရောက်ရပါလို၏လို့လည်း ဆုတောင်းမိပါတယ်။

    ReplyDelete
  16. သာဓု ခေါ်ပါတယ် အကိုရေ

    ReplyDelete