.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, February 28, 2009

Seventh time already!!!


ခုနှစ်ကြိမ်တော့ ရှိသွားပါပြီ။ နတ်လမ်းညွှန်လို့ပဲ ပြောလိုက်ပါတော့မယ်။ အဲဒီကို အဲဒီကနေ သွားပါတဲ့ခင်ဗျာ။


တက်ရောက်တဲ့သူတွေကို မှတ်တမ်းယူပါတယ်။ အဖွဲ့အစည်းအစုံ ကျောင်းပေါင်းစုံက လာကြပါတယ်။


စလုံးကြက်ခြေနီ သွေးလှူရှင်စုဆောင်းရေးအဖွဲ့ ညွှန်မှုးက အဖွင့်အမှာစကား ဦးစွာပြောကြားပါတယ်။


၂၀၀၉ မှာ လုပ်မယ့် သွေးစုဆောင်းမှုလုပ်ငန်းစဉ် အကြောင်းတွေကိုလည်း
ကျန်းမာရေးအာဏာပိုင် တွဲဘက်ညွှန်မှုး ဒေါက်တာတစ်ဦးက ရှင်းပြပါတယ်။


တက်ရောက်တဲ့ ဧည့်ပရိသတ်လည်း မနည်းမနှောပါပဲ။ ဒါတောင် အရင်နှစ်လောက် မများဘူးဆိုပဲ။


လက်ဖက်ရည်ချိန်မှာ ၀ါးတီးဆွဲနေကြတာပါ။ ပွဲအပြီးမှာ နေ့လည်စာလည်း ကျွေးပါသေးတယ်။


လုပ်ခဲ့ပြီးသမျှ Bloodmobile ပွဲတွေက ပိုစတာတွေ နဖူးစည်းစာတန်းတွေကို စုစည်းတင်ပြထားတာပါ။


Institute of Mental Health က ဌာနမှူးတစ်ယောက်ကလည်း အားပေးစကားတွေ ပြောသွားသေးတယ်။


Volunteer ကြက်ခြေနီဆိုတာ သိသာစေပါတယ်နော်။ ဒီမှာက Volunteerတွေ မျက်နှာမငယ်ရဘူး။


အဖွဲ့အလိုက် ကျောင်းအလိုက် သွေးလှူဒါန်းမှုအပေါ်မှာရှိတဲ့ ခံစားချက်ပီတိတွေ မျှဝေကြပါတယ်။


အဲဒီ မျှဝေချက် ပီတိတွေကို Play back အက အဖွဲ့က ထိထိမိမိ သရုပ်ဖော် ကပြပါတယ်။


Play back အကအဖွဲ့ကို ကြက်ခြေနီဝက်ဝံရုပ်တွေကို အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

Friday, February 27, 2009

Bloodmobile Organisers



မနက်ဖြန် အဲဒီပွဲလေးကို ကင်မရာယူပြီး သွားလိုက်အုံးမယ်။ သူတို့တွေ ဘာတွေကို ဘယ်လိုမျိုး လုပ်ကြတယ် ဆိုတာကို သွားလေ့လာချင်လို့။ ကိုယ့်တိုင်းပြည်မှာ အဆင်ပြေပြေ ပြန်သုံးလို့ရတာရှိရင် သုံးကြည့်တာပေါ့။ လာရောက်လေ့လာချင်သူများရှိရင် လာနိုင်ကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါတယ်။ ၀ါးတီးလည်း ရှိပါတယ်။

Thursday, February 26, 2009

A quiet simple life



ဘ၀ဆိုတာ ဘကုံးနဲ့ဝလုံးဆိုပေမယ့်
အေးချမ်းဆိတ်ငြိမ်ချင်တယ် ချစ်ရတဲ့သူရေ...

Wednesday, February 25, 2009

Unsecured Air

လိမ္မာတယ် တော်တယ် ကောင်းတယ် မြင်နေတဲ့သူတွေအတွက်ပါ။ ကျွန်တော် အမောင်ဇူလိုင် ဆိုးသွမ်းတာတွေ အများကြီးပါ။ အူကြောင်ကြောင်လည်း လုပ်တတ်ပါတယ်။ ဂွတီးဂွကျနေတာလည်း ရှိပါတယ်။ ဘုကလန့်နဲ့ ရိုက်ချင်စရာ ကောင်းအောင်လည်း ပြောတတ်ပါတယ်။ ဒါကြောင့် အသားလွတ် အထင်ကြီးတော် မမူကြပါနဲ့။ မကောင်းတာတွေလည်း ရေးချင်လာလို့ ရေးပါအုံးမယ်။ မိတ်ပျက်ပေါင်းလည်း မနည်းပါဘူး။ လူမုန်းလည်း ခံရပါတယ်။ ကွယ်ရာမှာရော ရှေ့တင်မှာရော အတင်းလည်း အပြောခံရပါတယ်။ ဒါပေမယ့် အဲဒါတွေကို ဂရုမစိုက်တာ အခုအချိန်အထိပါပဲ။

ကရကဋ်တို့ရဲ့ ထုံးစံအရလို့ပဲ ပြောမိရင်ပဲ ဗေဒင်ရူးကြီး ရူးတော့သည်လို့ ကုန်းရုန်းအော်တော့မယ့်သူတွေ မြင်ယောင်နေပါတယ်။ ဒီလိုခံစားချက်နဲ့ အမူအကျင့်တွေကို 69 ဂဏန်းကောင်တွေပဲ လုပ်တတ်ကြသလား တခြားရာသီခွင်တွေရော လုပ်တတ်သလား သေချာတော့ မသိပါဘူး။ ကဲ... ထားလိုက်ပါတော့။ ပြောချင်တာက စိတ်ထဲမှာ အလိုမကျတာမျိုးဖြစ်လာစေတဲ့ နေရာမှာ မိနစ်ပိုင်းလေးတောင် မနေတတ်ပဲ ရှောင်ခွါသွားတတ်တဲ့ အကျင့်လေးကို ပြောချင်တာပါ။ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနား အရေးပါတဲ့ ပွဲကြီးပွဲကောင်း ဖြစ်နေပါစေ။ ဘယ်လောက်ပဲ ရင်းနှီးတဲ့သူပဲ ဖြစ်ပါစေ။ ကျွန်တော် မကြိုက်ရင် ဟန်ဆောင်မျက်နှာနဲ့ သည်းခံအောင့်အီးပြီး မနေတတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က ရုံးမှာ နှစ်ပတ်လည် ညစာစားပွဲလုပ်တယ်။ စင်္ကာပူရဲ့ နာမည်ကျော် ဟော်တယ်ကြီးတစ်ခုမှာ လုပ်တဲ့ပွဲပေါ့။ ပိုက်ဆံ သောက်သောက်လဲ ကုန်ခံထားတဲ့ပွဲပဲ။ အဲဒီပွဲကို တက်ရောက်မယ်လို့ အားခဲထားပြီး ရောက်အောင် သွားခဲ့တယ်။ ဟိုရောက်တော့ ကိုယ်နဲ့ချိန်းထားတဲ့ အသိတွေက အလျှိုလျှို ခုံတွေမှာ ထိုင်နေပြီ။ သူတို့က ကျွန်တော့်ကို စောင့်နေမယ် ပြောထားပြီးမှ ဟိုရောက်တော့ ဟိုအသိက ခေါ်၊ ဒီအသိက ခေါ်နဲ့ စားပွဲဝိုင်းတွေမှာ နေရာယူပြီးနေပြီ။ ကျွန်တော်ရောက်တော့ အူကြောင်ကြောင်နဲ့။ ဘယ်စားပွဲမှာ ထိုင်ရမှန်း မသိဘူး။ လွတ်နေတဲ့ ၀ိုင်းတွေမှာက ကျွန်တော်နဲ့ မသိတဲ့ တခြားဌာနက ၀န်ထမ်းတွေ။ ကိုယ်နဲ့ မသိတဲ့ မျက်နှာစိမ်းတွေကြားမှာ အထီးကျန်ဆန်ဆန် ထိုင်ပြီး ညဦးပိုင်းတစ်ခုကို အကျိုးမဲ့ဖြတ်သန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် အသိဆုံးပဲ။ လူတော မတိုးဘူးပေါ့ဗျာ။ အဲဒီတော့ အသာအယာ ပြန်ထွက်လာပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ ရုံးက အသိတွေကတော့ ကျွန်တော် ပွဲလာသွားတယ်ဆိုတာပဲ သိခဲ့လိုက်တယ်။ ဘယ်စားပွဲမှာ ထိုင်နေလဲ မသိခဲ့ဘူး။ အဲဒီတုန်းက တည်ခင်းတဲ့ ညစာတွေကို မစားဖြစ်ခဲ့ပေမယ့် ကံစမ်းမဲမှာ မဲပေါက်ပြီး ဒစ်ဂျစ်တယ်ကင်မရာတစ်လုံး လက်ဆောင်ရခဲ့လိုက်တယ်။ အဲဒီကင်မရာလေးလည်း နာဂစ်တုန်းက လပွတ္တာက မူလတန်းကျောင်းတစ်ကျောင်းမှာ ထုပ်တန်းစာမိသွားလို့ အနိစ္စသဘောနဲ့ ကိစ္စချောသွားပါပြီ။

အဲဒီလိုပဲ သူငယ်ချင်းတစ်ယောက်က လွတ်လပ်ရေးနေ့တိုင်း သူ့အိမ်မှာ ဆွမ်းကျွေးပြီး အလှူလုပ်တယ်။ ၀ိုင်တီယူက အရင်းနှီးဆုံး သူငယ်ချင်းတွေကို အဓိကထားပြီး ဖိတ်တယ်။ နှစ်တိုင်းလည်း သူတို့အလှူကို သွားဖြစ်တယ်။ ငတ်ကြီးကျချင်လွန်းလို့ သွားစားတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စကားတွေ ပြောချင်လို့ပါ။ သူတို့နဲ့က ကျောင်းမှာလည်း တွေ့ကြတယ် ဆိုပေမယ့် ကိုယ့်မေဂျာနဲ့ကိုယ် အတန်းချိန်တွေက တူတာ မဟုတ်တော့ လွတ်လွတ်လပ်လပ် ဆုံတွေဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒီလိုနဲ့ အလှူတစ်ခုမှာ မမြင်ချင် မတွေ့ချင်တဲ့ အကောင်တွေ ပါလာတယ်။ သူတို့နဲ့က စရိုက်တွေ မတူလို့ တမင်ရှောင်ထားတာ။ အဲဒီပွဲမှာမှ တည့်တည့် လာတိုးခဲ့တယ်။ ကဲ... ကြာပါတယ်ကွာ။ ထပြန်ကြမယ်ဆိုပြီး ကျွန်တော်တို့ တစ်ဖွဲ့လုံး ထပြန်ခဲ့ကြတယ်။ အလှူရှင်မှာ မျက်နှာလေးကို ငယ်လို့။ မပြန်ကြဖို့ အတင်း လှမ်းဆွဲပေမယ့်လည်း ဘူးဆို ဖရုံမသီးကြတဲ့ ကျွန်တော်တို့တွေ ပြန်ခဲ့ကြတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် အပ်နဲ့ပဲ ထွင်းခဲ့လိုက်တယ်။ မဟုတ်ရင် ပုဆိန်ပေါက်တွေ လာတော့မယ်လေ။

ဒီတစ်ခေါက် ရန်ကုန်ပြန်တာကလည်း သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေကို တက်ဖို့ပါ။ စင်္ကာပူက နှစ်တွဲ မြန်မာပြည်ပြန်ပြီး မင်္ဂလာဆောင်သလို ရန်ကုန်က တစ်တွဲကလည်း မင်္ဂလာဆောင်ကြပါတယ်။ ပေါင်းသုံးပွဲ တက်မယ်ဆိုပြီး ခွင့်တွေတင် လေယာဉ်လက်မှတ်ဝယ် ရန်ကုန်ပြန်ခဲ့လိုက်တယ်။ ပွဲတွေက ထပ်နေတော့ နေ့ပွဲ ညပွဲတွေ ခွဲတက်မယ်ပေါ့။ ဒါပေမယ့် တကယ့်ပွဲထဲကို ရောက်သွားတော့ စိတ်ထဲမှာ အဆင်မပြေတာတွေ ရှိတာနဲ့ ချက်ချင်းပဲ အိမ်ကို လှည့်ပြန်ခဲ့တယ်။ ထင်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ အလိုမကျမှုတွေက ရှိစမြဲပဲလေ။ မမျှော်လင့်ထားတဲ့ ဆီးကြိုမှုတွေလည်း ပါတာပေါ့။ ပွဲမှာ သတို့သားနဲ့ သတို့သမီးတောင် ရောက်မလာသေးဘူး။ သူတို့ကို မနှုတ်ဆက်ရသေးတော့ မကောင်းတတ်ပါဘူးလေ ဆိုပြီး အိမ်ကနေ ကားငှားပြီး မင်္ဂလာပွဲကို ပြန်ထွက်လာခဲ့တယ်။ ဟိုရောက်တော့ ဧည့်သည်တွေက စားနှင့်သောက်နှင့်နေကြပြီ။ သတို့သား သတို့သမီးရဲ့ စားပွဲဝိုင်းကိုသွား စကားစမြည်ပြော လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ပြန်လှည့်လာခဲ့တယ်။ မကောင်းဘူးဆိုတာ သိပေမယ့် ကိုယ့်ဒုက္ခ ကိုယ်မရှာချင်ဘူး။ ဟန်ဆောင်အပြုံးတွေနဲ့ မနေချင်ဘူး။

စိတ်ထဲမှာ မပျော်ရင် မလုံခြုံဘူးလို့ ထင်ရင် ကျွန်တော် တမင်တကာ မိတ်ပျက်အောင် လုပ်တာ မဟုတ်ပေမယ့် မရည်ရွယ်ပဲ မိတ်ဖျက်တတ်ပါတယ်။ ကျွန်တော့်စိတ်ကို ခံစားနားလည် သဘောပေါက်တဲ့သူတွေ ရှိနိုင်သလို သောက်မြင်ကပ်ပြီး အခေါ်အပြော မလုပ်ချင်တော့တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အားလုံး ကိုယ့်သဘော ကိုယ်ဆောင်ကြတာဖြစ်လို့ ဘာမှ အထွေအထူး မပြောလိုပါ။ သဘောရှိ နေကြပါ။ အဲ... ကျွန်တော်ကတော့ အဲဒီလို အရိုးခံလေး ဆိုးပါတယ် ခင်ဗျာ။

Sunday, February 22, 2009

The tamed in the wild



အရိုင်းနဲ့အယဉ်

Saturday, February 21, 2009

Got back from Yangon

ရန်ကုန်မြို့ကနေ စင်္ကာပူကျွန်းကို အခုညပိုင်း ၉ နာရီကျော်လေးတင် ပြန်ရောက်တယ်။ အပြန်ခရီးလမ်းလည်း အသွားခရီးလိုပဲ ပို့သတဲ့မေတ္တာတွေကြောင့် ဘေးမသီရန်မခ အေးအေးချမ်းချမ်း ရှိလှပါတယ်။ အပြန်ခရီးမှာ တိမ်အုပ်တွေနဲ့ တိုးနေလို့လား မသိဘူး၊ လေယာဉ်တုန်တာ ခဏခဏဖြစ်တယ်။ လေယာဉ်ဆင်းကာနီးမှာ နားတွေတော့ အတော်အူပြီး လေဆိပ်ထဲရောက်တဲ့အထိ နားတောင် သိပ်မကြားတော့ဘူး။ အသွားတုန်းက ရန်ကုန်မြေကို မြန်မြန်ရောက်ချင်တဲ့ စိတ်က စောသလောက် အပြန်ခရီးမှာတော့ ဘယ်အချိန်ရောက်ရောက် ဖြစ်နေတယ်။ စိတ်ခံစားချက်တွေ ပြောင်းလဲပုံများ အသွားနဲ့ အပြန်တောင် မတူကြဘူး။

ထုံးစံအတိုင်း ပြတင်းပေါက်နားက ခုံကို မယူပဲ အလည်လမ်းနဲ့ ကပ်ရပ်ခုံပဲ ယူခဲ့လိုက်တယ်။ အတွင်းခုံတွေ ယူမိရင် အိမ်သာသွားတဲ့အခါ တခြားသူတွေကို ဖြတ်ကျော်ရမယ်။ သူတို့က အိပ်ပျော်နေရင် နိုးရမှာကို အားနာနေရမယ်။ အပြင်ခုံကတော့ ဘယ်အချိန် ထသွားသွား အဆင်ပြေတယ်လေ။ အဲဒီလို ပြတင်းပေါက်ခုံကို မယူတော့ ရှုခင်းတွေ မမြင်ရဘူးပေါ့။ ဒါပေမယ့် အလည်လမ်းခုံကနေ ပြတင်းပေါက်ကို လှမ်းကြည့်ရင် အပြင်ကို မြင်ရပါတယ်လေ။ အနီးကပ် မမြင်ရတာပဲ ရှိတာပါ။

လေယာဉ်က နေရဲ့ဦးတည်ချက်နဲ့ ပြောင်းပြန် သွားနေရတော့ အချိန်တွေ မသိမသာလေး ခိုးခံလိုက်ရတယ်။ ညနေစောင်းကနေ ညဦးပိုင်းအထိ လေယာဉ်စီးလိုက်ရသလိုပဲ။ လင်းထိန်ဝင်းပနေတဲ့ ကောင်းကင်ကြီးကနေ ပုစွန်ဆီရောင်သမ်းနေတဲ့ ဆည်းဆာအချို့ကို ဖြတ်သန်းပြီး မဟူရာကောင်းကင်မည်းကြီးထဲကို တရွှေ့ရွှေ့ တိုးဝင်ခဲ့ရတယ်။ ပြတင်းပေါက်ကနေ ညနေဆည်းဆာ တိမ်အလှတွေကို စူးရှတဲ့ နေရောင်အောက်မှာ လွမ်းမောဖွယ် မြင်ခဲ့ရသလို မှောင်မိုက်နေတဲ့ ထက်အာကာတခွင်မှာ ဖြတ်ခနဲမြင်လိုက်ရတဲ့ ပိုးစုန်းကြူးတွေလို မီးရောင်လေး မှိတ်တုပ်မှိတ်တုပ်နဲ့ ပင်လယ်ပြင်ကြီးထဲက သဘောင်္တွေကိုလည်း ဟိုတစ်ကွက် ဒီတစ်ကွက် မြင်ခဲ့ရတယ်။ လွမ်းတတ်တဲ့သူအဖို့ လွမ်းစရာတွေကြီးပါပဲ။

ညအမှောင်ထဲကိုရောက်တော့ ကြည့်စရာ သိပ်မရှိတော့ တချို့တွေက စာဖတ်ကြတယ်။ တချို့တွေက တီဗွီမှာ ပြတဲ့အစီအစဉ်တွေကို ကြည့်တယ်။ တချို့တွေက အိပ်တယ်။ ကျွန်တော်ကတော့ ဒီလိုပါပဲ။ အိပ်တဲ့အခါလည်း ရှိသလို တီဗွီကြည့်တဲ့ အချိန်လည်း ရှိပါတယ်။ ဟိုဟိုဒီဒီ တောင်တွေး မြောက်တွေးလည်း ပါတာပေါ့။ ရင်ထဲက ဝေဒနာကြာနီပွင့်တွေကို ဘုရားလှူပစ်လိုက်တာပဲ ကောင်းပါတယ်လေ။ သိမ်းထားလို့မှ မကောင်းတော့တာ။ ဘ၀သစ်ကို စတင်ဖို့ ရွက်နုဝေသင့်ပါပြီ။ အချိန်က စကားပြောမယ်ဆိုတာ သိပေမယ့် မေ့ပျောက်ဖို့ကလည်း ခက်ပြန်ရော။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်ကြောင့် ဘ၀မှာ အပြောင်းအလဲတစ်ခု ရှိသွားတယ်ဆိုတာ အသေအချာ မှတ်တမ်းတင်ရမှာပါပဲ။

ပေရှည်တဲ့ ကုလားကားတော့ ပြီးသွားပါပြီ။ ၀ုန်းဒိုင်းကျဲမယ့် တရုတ်သိုင်းကားပဲ ကြည့်ရမလား။ နုနုရွရွ ကိုရီးယား အချစ်ကားတွေပဲ ကြည့်ရမလား။ ကံဇာတ်ဆရာအလိုကျ ဘ၀မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုဖို့ စကာင်္ပူမြေကို ပြန်နင်းလာခဲ့ပါပြီ။ ရန်ကုန်မြေ အသွားတုန်းက ဆိုငြီးခဲ့တဲ့ နိမိတ်ပြ ဒီသီချင်းလေးကတော့ အခုတလော ပါးစပ်ဖျားမှာ ဟီးလေးခိုနေရင်း...

ပျော်စရာဆိုတာ ဒို့ရဲ့ကမ္ဘာမှာ မရှိပါ...
ရင်နာစရာတွေ တွေးကြည့်ပြန်ရင် ရင်ထဲမှာ...
ပြည့်ကျပ်ကာနေ အလွမ်းဝေ...
သံသရာ ၀ဋ်ဒုက္ခကနေ ကျေပါစေ...
ဒီဘ၀အတွက်တော့ ဒီတင်ပဲ ကျေ...

Thursday, February 19, 2009

My wild flower

မောင့်အရိုင်းပန်း

ညှာတာမှု ကင်းမဲ့လှစွာ လေပွေသရမ်းတွေ
အမှတ်မထင်ပဲ တိုက်ခတ်ရက်စက်လာ
နုနယ်တဲ့ မောင့်အရိုင်းပန်း
အသိမကြွယ်တဲ့ မောင့်တစ်ပွင့်ပန်း

အညှာမခိုင်သေးတော့ မဖွံ့ဖြိုးခင်
ကြွေကာကျရရှာပြီ။

စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
အလစ်ကိုချောင်း တစ်ဘက်သား တစ်ချက်အငိုက်ကို

အပြစ်အနာမဲ့ မောင့်အရိုင်းပန်း

သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း

အနီရောင် စွန်းထင်းကာ
အလှမပြည့်ခင် မြေမှာခ ရရှာပြီ။

ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထန် လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။

သန်းခေါင်ယံည လမိုက်ခိုက်တောင်
မမှီနိုင်ဘူး ထင်
စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်

မေတ္တာတရား ခေါင်းပါးလို့နေ
ကရုဏာမဲ့ သွေးသားအလိုအတွက်
ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ
ခန္ဓာကိုယ် စတေးရရှာတယ်
သေတမန် ပြောင်းဝကို အရိုင်းပန်းနှယ်
မလွန်ဆန်နိုင် ဆက်သရုံပဲ။

ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထံ လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။

တေးရေးကတော့ ဆရာစိုင်းခမ်းလိတ်ပဲ ထင်ပါတယ်။ တေးဆိုကတော့ ကိုထီးလို့ခေါ်တဲ့ စိုင်းထီးဆိုင်ပါပဲ။ အဲဒီခေတ်အခါက ဒီသီချင်း ဆင်ဆာလွတ်ခဲ့တာ အံ့သြမိပါတယ်။ ဒီခေတ်မှာတော့ ဒီလိုသီချင်းတွေ ဆင်ဆာ လွတ်မယ် မထင်ပါဘူး။ သီချင်းမှာပါတဲ့ စာသားတွေက သိသာလွန်းလှပါတယ်။ အခုတလော သတင်းမွှေးနေတဲ့ သီချင်းအချို့ကို ရေးစပ်နေတဲ့သူတွေ ဒီသီချင်းကို အတုယူသင့်တယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။ အကျည်းတန် ညစ်ညမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို စကားလုံး လှလှလေးတွေနဲ့ နားခံသာအောင် ဖွဲ့ဆိုထားတဲ့ အနုပညာရဲ့ အရည်အသွေးကို ကျွန်တော် တန်ဖိုးထား လေးစားမိတာ အမှန်ပါပဲ။

အဲဒီသီချင်းကို ခံစားကြည့်မိတော့ သီချင်းက အခုခေတ် မဟုတ်တဲ့ ဟိုးအရင်ခေတ်က ရှမ်းပြည်ကိုများ နောက်ခံထားလေမလားပဲ။ အခုခေတ်မှာရော အကျုံးဝင်နေသေးလား။ ရေတိမ်နစ်ရသူက ဖြူစင်ရိုးသားတဲ့ တိုင်းရင်းသူလေးပဲ ဖြစ်မယ်ထင်တယ်။ သေတမန် ပြောင်းဝဆိုတာကြီးက ကြောက်စရာကြီး။ တွတ်ပီကိုင်တဲ့ သေနတ်လို နှစ်လုံးပြူးသေနတ်တော့ မဟုတ်လောက်ဘူး။ စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေဆိုတာလည်း ဘယ်သူတွေကို ပြောချင်တာလဲ မသိဘူးဗျာ။ တောထဲမှာ နေတဲ့သူတွေကိုတော့ အရိုင်းအစိုင်းလို့သုံးထားတာ မြင်ဖူးဖတ်ဖူးမိတာပဲ။ အဲဒါကလည်း ပကတိ ရိုးသားဖြူစင်မှုကို အရိုင်းဆန်တယ်လို့ ပြောထားပုံပါပဲ။ ဒီအဖြေကို သိနေလည်း မဖြေတာပဲ ကောင်းပါတယ်လေ။

Sunday, February 15, 2009

What did Bogyoke do? -2

ဖက်ဆစ်တော်လှန်ရေး စစ်ပွဲကို ခေါင်းဆောင်နေသော သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဉာတိ အစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်မှ မငဲ့ညှာဘဲ အဂတိတရား ကင်းရှင်းစွာ ထာဝစဉ် စောင့်ရှောက် ကာကွယ်ပေးလိမ့်မည် ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစုတိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက် ရှိလေပြီ ဖြစ်ရကား "ဗိုလ်ချုပ်တယောက် ရှိသမျှ ကာလပတ်လုံး ငါတို့တိုင်းရင်းသား လူနည်းစုတွေ ဘာမှ စိုးရိမ်စရာမရှိ" ဟူသော တွေးတောချက်ကလည်း သူတို့တတွေအား နှစ်သိမ့်စေကာ ဗမာများနှင့် ရဲရဲကြီး လက်တွဲကာ လုပ်ငန်းအရပ်ရပ်ကို စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ကြခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့်ပင် ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ဖဆပလ အဖွဲ့ချုပ်ကို ဗိုလ်ချုပ်ပင် သဘာပတိပြုလျက် အထင်အရှား တည်ထောက်လိုက်သောအခါ ကရင် ဗမာ မွန် ရခိုင် မူဆလင် စသော လူမျိုးရေး အဖွဲ့အစည်းများ လူငယ်အစည်းအရုံး အလုပ်သမား လယ်သမား သမဂ္ဂအစည်းအရုံး အမျိုးသမီးအဖွဲ့ မီးသတ်အဖွဲ့စသော လူထုအသင်းအပင်းများတို့သည် တခဲနက် ၀င်ရောက်စုရုံး၍ ဖဆပလ အလံတော်အောက်သို့ ခိုလှုံရန် လာခဲ့ကြပေသည်။

အောက်မြို့ကျေးရွာမှ တိုင်းရင်းသား လူထုအကျိုးကို မားမားမတ်မတ် သည်ပိုးဆောင်ရွက်လျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း အမည်ရှိ ပုဂ္ဂိုလ်ထူးတယောက်၏ ကျော်စောသော နာမည်ဂုဏ်သတင်းသည် ဗမာပြည် အရှေ့မြောက်ဖျားရှိ မြင့်မားညှိုမောင်း၍နေသော ကချင် တောင်ကြီးများဆီသို့လည်း ပဲ့တင်ရိုက်၍ လာပြန်လေရကား ၄င်းတောင်ကြီးများ တ၀ှမ်းရှိ ကချင်(ဂျင်းဖော) အမျိုးသားတို့သည်လည်း ဗမာခေါင်းဆောင် ဗိုလ်ချုပ်အား တွေ့ချင်မြင်ချင် အားကိုးချင်သည့် စိတ်တွေ တဖွါးဖွါး ဖြစ်ပေါ်လာလျက် ၁၉၄၆-ခုနှစ် နှစ်ဦးတွင် မြစ်ကြီးနား၌ ပြုလုပ်သော ကချင်(မနောပွဲ)ကြီးသို့ ဗိုလ်ချုပ်အား ဘိတ်မန္တက ပြုခဲ့လေသည်။ သို့သော် ရန်ကုန်တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးနှင့် တိုက်ဆိုင်နေ၍ ဗိုလ်ချုပ်မှာ မသွားနိုင်ခဲ့ရှာပေ။

တဖန် ၁၉၄၆-ခုနှစ် မတ်လတွင် ကမ္ဘာဇတိုင်း လယ်ချာနယ်၌ ကျင်းပသော ပင်လုံကွန်ဖရင့်၌လည်း တိုင်းရင်းသား အပေါင်းတို့သည် ဗိုလ်ချုပ်အား အထူးတောင့်တခဲ့ကြသေး၏။ ဤတွင်လည်း ဗိုလ်ချုပ်မှာ ရခိုင်ပြည်၌ ခရီးလွန်နေ၍ အချိန်မှီ မတက်ရောက်နိုင်ခဲ့ပေ။ သို့ရာတွင် တိုင်းရင်းသား လူနည်းစုတို့ နေထိုင်ရာ နယ်ပယ်များ၌ ဗိုလ်ချုပ်သည် မည်မျှစိတ်ပါ ၀င်စားသည်ကိုကား သူအစိုးရအဖွဲ့ထဲ ၀င်ပြီးတဲ့အချိန်မှသည် နောက်ဆုံး သူရေတိမ်နစ်ခဲ့သည်အထိ ဗမာပြည် တောင်တန်းဒေသ နယ်စွန်နယ်များ ဟူသမျှကို အလွန်ဆင်းရဲ ပင်ပန်းခံကာ ဒလကြမ်း ခရီးထွက်ခဲ့ခြင်းကြောင့် ထင်ရှားစေခဲ့လေသည်။

ယခုဗိုလ်ချုပ်ခမျာမှာ သူကိုယ်တိုင် စတင်အုဌ်မြစ်ချကာ တည်ဆောက်ခဲ့သော လွတ်လပ်ရေး ဗိမာန်ကြီးသို့ ရောက်လှုနီးမှ ကျဆုံးသွားရရှာလေရာတွင် နိုင်ငံရေးခေါင်းဆောင်များ၊ လူထုဆင်းရဲသားများ၊ ရဲဘော်များက ၀မ်းနည်းကြေကွဲသလောက် ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ဂျင်းဖေါစသော တိုင်းရင်းသား လူနည်းစုတို့ပင်လည်း သူတို့အဘို့ အကြီးဆုံးသော ဆုံးရှုံးခြင်း တရပ်သည် ဖြစ်ပေါ်လာခဲ့လေပြီဟု နှမြော တသ ယူကြုံးမရ ဖြစ်ခဲ့ကြရ ရှာလေသည်။

ဗိုလ်ချုပ်ကျဆုံးပြီးသည့် နောက်တနေ့ (၂၀-၇-၄၇)နေ့တွင် ဒူးဝါးကြီး ဆမားဆင်ဝါနောင်သည် တာဝါလိမ်း အိမ်ရှိ ဗိုလ်ချုပ် ရုပ်ကလပ်ကို မြင်ရသောအခါ ဣနြေ္ဒ မဆည်နိုင်တော့ဘဲ မျက်ရည်ပေါက်ကြီးများ ကျရှာလေတော့သည်။ ဤသို့လျှင် စစ်မက်တိုက်ခိုက်မှုကို ၀ါသနာပါ၍ ခက်ထန်သော စိတ်ကြမ်းရှိသည်ဟု ဆိုကြသော ဒူးဝါးကြီးပင်လျှင် မျက်ရည်ကျလောက်အောင် ယူကြုံးမရ ဖြစ်ခဲ့ရလေသည်။

ဗမာပြည်မမှ လူထုနှင့် တိုင်းရင်းသား လူနည်းစုတို့၏ သွေးစည်းမှု ပန်းချီကားကြီးကို တပင်တပန်း အကြိမ်ကြိမ် မွန်းမံရေးဆွဲခဲ့သော ဗိုလ်ချုပ်သည် ၁၉၄၇-ခုနှစ် ပင်လုံကွန်ဖရင့်တွင် ၄င်းပန်းချီကားကြီး၏ အဆုံးသတ် ချယ်လှယ်ခြင်းများ ပြီးမြောက်ခဲ့လေသည်။

ဗိုလ်ထွန်းလှ
၁၉၄၇-ခု၊ စက်တင်ဘာလ ၁၅ ရက်။

မှတ်ချက်။ ဦးပုကလေး ရေးသားခဲ့တဲ့ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ စာအုပ် ဒုတိယအတွဲမှ နိဒါန်းကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

Saturday, February 14, 2009

What did Bogyoke do? -1

ပစ္စုပ္ပန်ခေတ် ဗမာပြည်နိုင်ငံရေးသမိုင်းကို စာတင်၍ ရေးသားသည်ရှိသော်၊ "ဗမာပြည်ဘွား တိုင်းရင်းသား လူမျိုးအချင်းချင်း သွေးစည်းပြီး ညီညွတ်မှု ချစ်ကြည်ရေးအတွက် ဘယ်နိုင်ငံရေး ခေါင်းဆောင်သည် အချိန်အနည်းဆုံးတွင် အများဆုံး လုပ်ဆောင်ခဲ့လေသနည်း" ဟူသော မေးခွန်းတရပ်သည်လည်း ဖြစ်ပေါ်လာလိမ့်မည်။ ထိုမေးခွန်းကို အထူးစဉ်းစား၍ မနေဘဲ မဆိုင်းမတွ ကျွန်ုပ်ဖြေကြားလိုပေသည်။

ကျွန်ုပ်၏အဖြေကား "ဗမာ၊ ရှမ်း၊ ကရင်၊ ချင်း၊ ဂျင်းဖေါ စသော တိုင်းရင်းသား အချင်းချင်း သွေးစည်းမိအောင် ချစ်ကြည်ရေးကို အများဆုံး စွမ်းဆောင်ကြိုးပမ်းခဲ့သူမှာ မကြာမီက ရေတိမ်နစ်ခဲ့ရရှာသော ကျွန်ုပ်တို့၏ ဆရာ ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်သည်" ဟူသတည်း။

အကြောင်းသင့်၍ ဗိုလ်ချုပ်၏ အကြောင်းကိုပါ အနည်းငယ် ရေးရပေဦးမည်။ ဗိုလ်ချုပ်တွင် ထူးခြားသော အရည်အချင်း တခုရှိ၏။ ၄င်းကား သူ၏နာမည်ကြားရုံနှင့် ချစ်ခင်ကြည်ညိုသူ ပေါသလောက် မမြင်ဘူးသူများသည် မြင်လျှင်မြင်ချင်းပင် သူ့အား ချစ်ခင်လေးစားပြီး ကြည်ညို အားကိုလိုစိတ် တပြိုင်နက် ဖြစ်ပေါ်လာစေနိုင်သော သတ္တိထူးပင်တည်း။

ထို့ကြောင့်ပင် အိန္ဒိယပြည်ထုတ် ဖိုရမ်း(Forum) အမည်ရှိ ရုပ်စုံမဂ္ဂဇင်းတစ်စောင်တွင် (General U Aung San, Of BURMA.) "ဗမာပြည်က ဗိုလ်ချုပ်ကြီး ဦးအောင်ဆန်း" ဟူသော ခေါင်းစဉ်ဖြင့် သူ့အကြောင်းရေးသားရာ၌...

"ဂန္ဒီကြီးကဲ့သို့လည်း ဘာသာရေးကြောင့် ကြည်ညိုခံရသူ မဟုတ်၊ နေရူးကဲ့သို့လည်း နိုင်ငံရေးမျက်စိ အလွန် အမြင်ကျယ်ကာ ဗဟုသုတ စွယ်စုံမြောက်သူလည်း မဟုတ်၊ ဆာဒါပတေးကဲ့သို့လည်း စည်းရုံးရေးလုပ်ငန်း၌ ထူးချွန်စွာ စွမ်းဆောင်နိုင်သူလည်း မဟုတ်၊ သို့သော် ဂျင်နရယ်အောင်ဆန်းသည် ဗမာလူထု၏ ချစ်ခင်ကြည်ညိုမှု ယုံကြည်ကိုးစားမှုကို ခံယူရာ၌ ဂန္ဒီ၊ နေရူး၊ ဆာဒါပတေး သုံးယောက်ပေါင်းထားသည်နှင့် ညီမျှလေသည်၊ (ဗမာ့လွတ်လပ်ရေးနှင့် စည်းရုံးညီညွတ်မှု တည်ဆောက်ရေး ဗိသုကာကျော် ရဲဘော်အောင်ဆန်း ကျဆုံးခြင်းကြောင့် ဗမာပြည်အတွက်၎င်း၊ အာရှတိုက် တခုလုံးအတွက်၎င်း၊ ကျွန်ုပ် ၀မ်းနည်းကြေကွဲပြီး နှမြော တသ၍ မဆုံးနိုင်ပါ)ဟု အချစ်ဆုံး အဖေါ် သူငယ်ချင်းနှင့် ကွဲရသော ခလေးငယ်ပမာ ငိုကြွေးခဲ့သော ပဏ္ဍစ်နေရူးသည် အောင်ဆန်း၊ ရှာရီးယား၊ ဟိုချီမင်း စသော ရဲဘော် ခေါင်းဆောင်များ၏ အကူအညီဖြင့် ငြိမ်းချမ်းသော ကမ္ဘာတွင် သာယာဝပြောသော အရှေ့အာရှ နိုင်ငံသစ်ကြီးကို သူ၏စိတ်ကူးတွင် တည်ဆောက်ထားခဲ့ပြီး ဖြစ်လေသည်။" ဟူ၍ အရှေ့အာရှ စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ရာ၌ ထူးခြားစွာ စွမ်းဆောင်လတ္တံ့သော ဗိသုကာကျော်တဦး ကျဆုံးခဲ့ပုံ နှမြော တသလျှက် ရေးသားခဲ့လေသည်။

ဗမာပြည်တွင် နယ်ချဲ့စနစ်၏ အကြီးဆုံးသော အမွေအနှစ်တခုကား နိုင်ငံတွင်းရှိ တိုင်းရင်းသား လူနည်းစု အချင်းချင်းသော်၎င်း၊ လူနည်းစုများနှင့် ဗမာပြည်မနေ လူထုနှင့်သော်၎င်း၊ စိတ်ဝမ်းကွဲပြားကာ မသင့်မတင့် မညီညွှတ်မှု၊ တဦးပေါ်တဦး ယုံကြည်ခြင်း ကင်းမဲ့မှုများ အလိုလို ပေါ်ပေါက်လာခြင်းပင် ဖြစ်လေရာ ထိုသို့ ဗမာလူမျိုးနှင့် တိုင်းရင်းသားများ စိတ်ဝမ်းကွဲပြားမှုတွင် ကရင် ဗမာအရေးသည် အောက်ဗမာပြည်တွင် အဓိက ဖြစ်ပေါ်လျှက်ရှိလေသည်။

ထိုကရင်ဗမာ စိတ်ဝမ်းကွဲပြားမှု အရေးတော်ပုံသည် ဗြိတိသျှတို့ ဗမာပြည်က ဆုတ်ခွာ၍ ပြေးရသည့် (ဘီအိုင်အေ)ခေတ်တွင် အထွဋ်အထိပ်သို့ ရောက်ခဲ့လေသည်။ ရွာများကို အပြန်အလှန် မီးရှို့ဖျက်ဆီးခြင်း၊ လက်နက် ဆွဲကိုင်ခါ တပ်ချီ၍ အလုံးအရင်းနှင့် အချင်းချင်း သတ်ဖြတ်ကြခြင်းတို့ပင်။ ဘီအိုင်အေခေတ် ကရင်ဗမာ အရေးတော်ပုံတွင် မြစ်ဝကျွန်းပေါ်၌ ကြုံခဲ့ရလေသည်။

ထိုသို့အကြီးအကျယ် သွေးခွဲ၍ နေကြသော ဗမာနှင့် ကရင်တိုင်းရင်းသားတို့အား ယုံနိုင်စရာ မရှိအောင် စစ်အတွင်း ဂျပန်ခေတ်တွင် ဗမာ့လက်နက်ကိုင် တပ်ပေါင်းစု၏ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် စွမ်းဆောင် အောင်မြင်ခဲ့လေသည်။

သူ၏ ဗမာ့တပ်မတော်တွင် စစ်တပ်ဖွဲ့စည်းရေး ဌာနကြီးမှုးအဖြစ် ဗိုလ်မှူးကြီးစောကြာဒိုးကို မြင်ရလျက် ကရင်အမျိုးသား ခေါင်းဆောင်သည့် တပ်မတော် စစ်တီးဝိုင်းအဖွဲ့၊ ကရင်ရဲဘော်များ၏ သီးသန့် တပ်ရင်းတို့သည်လည်း အထင်အရှား ပေါ်ပေါက်ခဲ့လေသည်။ ဖက်ဆစ်တော်လှန်မှု အရေးတော်ပုံကြီး စစ်ဆင်သော ၁၉၄၅-ခုနှစ် နွေဦးပေါက်သောအခါ ဗိုလ်ချုပ်အောင်ဆန်း၏ ကရင်ဗမာ သွေးစည်းရေး လုပ်ငန်းကြီးသည် အဆုံးသတ် ချယ်လှယ်ခြင်း ပြီးဆုံးခဲ့လေသည်။

ထိုမျှမကသေး ဖက်ဆစ်ဂျပန်တို့အား စစ်မျက်နှာအရပ်ရပ်၌ ကရင်ဗမာရဲဘော်များသည် ပခုံးချင်းယှဉ်ကာ သေအတူ ယှဉ်မကွဲ တညီတညွတ်တည်း တိုက်ခိုက်လျက်ရှိစဉ် ဗိုလ်ချုပ်ကိုယ်တိုင် ဦးစီးသော ရှေ့တန်း စစ်ဌာနချုပ် နယ်ပယ်ဖြစ်သော သရက်ခရိုင် စစ်ကြောင်းတွင် ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်လျက်ရှိသော ချင်းအမျိုးသား ရဲဘော်များကိုပါ ထူးခြားစွာ တွေ့ရလေသည်။ သူတို့လည်း ကရင်ဗမာ ရဲဘော်မျာနှင့်အတူ ဖက်ဆစ်ဂျပန်အား ၀ိုင်းကူ၍ တွန်းလှန်တိုက်ခိုက် နေကြသည်။ ဘာကြောင့် ဤမျှ သူတို့ညီညွှတ် သွေးစည်းမိကြလေသနည်း။

ဗိုလ်ထွန်းလှ
၁၉၄၇ စက်တင်ဘာလ ၁၅ ရက်

မှတ်ချက်။ ဦးပုကလေး ရေးသားခဲ့တဲ့ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ စာအုပ် ဒုတိယအတွဲမှ နိဒါန်းကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

Friday, February 13, 2009

Some speech of Bogyoke

ဒီနေ့က... ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ဆိုတဲ့ အောင်ဆန်းဇာနည် ကဗျာလေးထဲကအတိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။ မြန်မာ့သမိုင်းမှာ ဘယ်တော့မှ မပျောက်ကွယ်သွားနိုင်တဲ့ အာဇာနည် သူရဲကောင်းကြီး တစ်ယောက်ရဲ့ မွေးနေ့ကို မသိတဲ့သူတွေ အများသားပဲ။ ဘာမှ မဟုတ်တဲ့ ချစ်သူများနေ့ကို လွန့်လွန့်လူးဖြစ် အလေးထားနေကြတာကို ကြည့်မရတာတော့ အမှန်ပဲဗျာ။ အဲဒီလိုပြောလို့ မကျေနပ်လည်း မတတ်နိုင်ဘူးလေ။ ကိုယ်က ကြည့်မရလို့ ကြည့်မရဘူး ပြောတာပါ။ ဘယ်သူဘယ်ဝှါကို ထိခိုက်ပါစေဆိုတဲ့ စိတ်ကြီး လုံးဝမပါတာ အမှန်ပဲ။

ဗိုလ်ချုပ်ရဲ့မွေးနေ့ကို မြန်မာကလေးများနေ့လို့ သတ်မှတ်ပေးထားခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီနေ့ အထိမ်းအမှတ် ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းလေး လက်ထဲမှာ ရှိလို့သာ မြန်မာကလေးများနေ့ဆိုတာ သိနေတာပါ။ နောက်ပိုင်းတော့ ဒါမျိုးတွေ တံဆိပ်ခေါင်း ထပ်ထုတ်တာ မတွေ့တော့သလို သတင်းစာတွေ မဂ္ဂဇင်းမှာလည်း အဲဒီနေ့အကြောင်း ဖော်ပြတာ သိပ်မရှိတော့ပါဘူး။

ရှေ့နှစ်ဗိုလ်ချုပ်မွေးနေ့တုန်းကလည်း ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတချို့ကို ကူးယူဖော်ပြခဲ့သလို ဒီနှစ်မှာလည်း ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတစ်ခုကို မူရင်းစာလုံးပေါင်းအတိုင်း ကောက်နှုတ် ဖော်ပြလိုက်ချင်ပါတယ်။ အခုမိန့်ခွန်းက ဗိုလ်ချုပ် လုပ်ကြံမခံရမီ ရက်သတ္တပတ် တစ်ပတ်အလိုဖြစ်တဲ့ ၁၉၄၇ ဇူလိုင် ၁၃ ရက်နေ့ နံနက်မှာ ရန်ကုန်မြို့ မြို့တော်ခန်းမဆောင် အပြင်ဘက်နေ လူထုကြီးကို ဟောပြောခဲ့တဲ့ နောက်ဆုံးမိန့်ခွန်းလည်း ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းတွေကို မဖတ်ဖူး မကြားဖူးလို့ မသိသေးတဲ့သူတွေ ရှိနေနိုင်ပါတယ်။ ဒီမိန့်ခွန်းကို သေချာဖတ်မိပြီး ဗိုလ်ချုပ်အောင်ဆန်းကို အထင်လွဲနေတဲ့ ခေတ်ပညာတတ် အမျိုးကောင်းသားများလည်း ကိုယ့်ဘာသာကို ပြန်လည် ဆန်းစစ်နိုင်ကြပါစေဗျာ။



သစ္စာမဲ့များ သတိထား...


ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက... ဒီ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဆိုတာ ရာဇ၀င်မှာ ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇ၀င်မှာ ပြန်ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်လာတဲ့ နိုင်ငံရေးအဖွဲ့တွေ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို တယောက်စီ တယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာစဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လို လူစားတွေလဲ။ ဘယ်လို အဖွဲ့ကြီးလဲ ဆိုတာကို ခင်ဗျားတို့ စဉ်းစားမှ အဖြေထွက်လာလိမ့်မယ်။ အခုနေအခါမှာ ကျုပ်တို့ အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ အတိုက်အခံဆိုတာ ရှိစမြဲဘဲ။ ဘုရားလက်ထက်က ဘုရားကိုယ်တိုင်ပင် အတိုက်အခံနဲ့ မကင်းခဲ့ပါဘူး။ ဒီတော့ ကျုပ်တို့လဲ မကင်းနိုင်ဘူး။ ကျုပ်တို့ အစိုးရလုပ်တဲ့ အချိန်အခါမျိုးကလဲ တပ်ပျက်မှာ ဗိုလ်လုပ်ရတဲ့ အချိန်အခါမျိုး ဖြစ်နေပါတယ်။ ကျုပ်တို့မှာ ချို့ယွင်းချက်တွေ အမြောက်အများ ရှိတယ်ဆိုတာ ကျုပ်တို့ ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှ ချို့ယွင်းချက် မရှိတဲ့ အစိုးရဆိုတာ မရှိဘူး။ တိုင်းပြည်မှာ စေတနာ ထားပြီးတော့ကာ တဆင့်ထက်တဆင့် တက်ပြီး လုပ်လာခဲ့တာ တိုးတက်လား မတိုးတက်ဘူးလား ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ နောက်ရက်များ မကြာခင်လောက်ဆို သခင်နု ပြန်လာလို့ နောက်ရက် တော်တော်လေး ကြာလို့ရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကျေညာနိုင်တဲ့ စာတမ်းမျိုး ထုတ်နိုင်ပါလိမ့်ဦးမယ်။ အဲဒီတော့ကား ကျွန်တော်တို့ဟာ လွတ်လပ်ရေး လုပ်ငန်းမှာ ဘယ်ထိအောင် စခမ်းတက်လာပြန်ပြီ၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို စခမ်းတက်လာပြီ ဆိုတာ အစရှိသဖြင့် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။

အဲဒီတိုင်းပြည် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းမှာ တဆင့်ထက်တဆင့် တက်လာတာ လွတ်လပ်ရေး လုပ်ငန်းနဲ့ ပတ်သတ်ပြီး တဆင့်တက်လာတာကို ရက်များ မကြာခင် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒါတွေကို မြင်ရရုံတွင် မကဘူး၊ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်တုန်းက ရှိတဲ့အစိုးရတွေ အကုန်လုံး ယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် ကျုပ်ပြောရဲတယ်။ အခုအစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိဘူးဆိုတာ ကျုပ်ပြောရဲတယ်။ အရင်တုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက အခုနေအခါမှာ တိုင်းပြည်ကို မိမိတို့ပါတီပြန်ပြီး အာဏာရအောင် ခြေထိုးကြတယ်။ ခြေထိုးကြတဲ့ ကိစ္စမှာ အယောင်ယောင် အမှားမှား ဖြစ်ကြတဲ့ လူတွေဟာ စေတနာပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တိုင်းပြည် သစ္စာဖေါက်တဲ့ ရန်သူ နံပါတ် ၁ တွေ ဖြစ်တယ်။ အဲဒီ ရန်သူ နံပါတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ် ဆိုလို့ရှိရင် ခင်ဗျားတို့ လယ်ပင်း ခင်ဗျားတို့ဘဲ ကြိုးတပ်ကြပေတော့။

ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်လာလို့ အစိုးရဖြစ်လာတာ ဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့ အစိုးရ ဖြစ်နေရတာဘဲ။ တိုင်းပြည်လူထု ယုံကြည်မှု မရှိဘူး မကြည်ညိုဘူးဆိုရင် ကျုပ်တို့လဲ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လည်း တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ ဘယ်လိုလူစားတွေဘဲ၊ ရာဇ၀င်ထဲ အရေးခံရမဲ့ လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။

Tuesday, February 10, 2009

The 7 Fundamental Principles


Humanity
We serve people
not systems


Impartiality
We care for victims
innocent or not


Neutrality
We take the initiative
but never take sides


Independence
We are directed by need
not by kings


Voluntary Service
We work round the clock
but never line our pockets


Unity
We have many ideas
but only one ideal


Universality
We respect nations
but cross borders to help


The seven Fundamental Principles of Red Cross and Red Crescent Movement


Cartoon Credit: ICRC Credit Section

Saturday, February 7, 2009

Special Gifts


အတ္တဟိတနဲ့ ပရဟိတ မျှစေမယ့်
အိမ်အပြန်လက်ဆောင်တွေပေါ့...

မှတ်ချက်။ လူရင်းကြီးတွေ မဖွကြေးနော်... အဟဲ။

Thursday, February 5, 2009

Gtalk shock

ဂျီတော့ခ်နဲ့ ပါတ်သတ်ပြီး ရေးနေကြတာ ဖတ်ဖူးပါတယ်။ အများစုကတော့ အလွဲသုံးစားပြုမှုပေါ့။ စုံစီနဖာ မျိုးစုံ တွေ့နေရပေမယ့် ဇာတ်လမ်းတွေက ရိုးမသွားပါဘူး။ တစ်ယောက်တစ်မျိုး မရိုးရအောင် တစ်မျိုးပြီးတစ်မျိုး ကြုံဆုံနေရတာပါပဲ။ ကျွန်တော်ဇူလိုင်လည်း အွန်လိုင်းကမ္ဘာထဲမှာ တကူးတက အပူမရှာပဲ ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်း နေထိုင်ပေမယ့်လည်း အဲဒီအရှုပ်တော်ပုံ ကပ်ဘေးကြီးက ပြေးမလွှတ်နိုင်ခဲ့ပါဘူး။ ရှေးဘ၀ ၀ဋ်ကြွေး မပြေသေးလို့ ဒီဘ၀ ခါးစည်းဆပ်နေရသလားပဲ။

Blogကမ္ဘာမှာ ရေးသူဖတ်သူ အချင်းချင်း ဆက်သွယ်လို့ရအောင်... ရေးသားထားခဲ့တဲ့ စာတွေနဲ့ ပတ်သတ်ပြီး တစ်စုံတရာ အငြင်းပွါး ဝေဖန်စရာတွေ ရှိရင် လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီး ပြောဆို ဝေဖန်လို့ရအောင်... ဂျီးမေးလ်လေး ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ပဲ အသိအကျွမ်း အသစ်တွေ ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။ ဒီအသိုင်းအ၀ိုင်းလေးမှာ ကျင်လည်နေတဲ့သူ အများစုကတော့ စာတတ်ပေတတ်တွေပါပဲ။ ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ ဆိုသလို ဂျီတော့ခ်မှာ သူတို့က အေးဆေးပါပဲ။ မအေးဆေးတာကတော့ Forward email တွေမှာ ပါလာတဲ့ လိပ်စာမှန်သမျှ လှမ်းဖိတ်ပြီး ဂျီတော့ခ်လောကထဲ ဘုမသိဘမသိ ၀င်လာတဲ့ သကောင့်သား အထီးအမ ပေါင်းစုံပါပဲ။

မှတ်မှတ်ရရ ပြဿနာတစ်ခုက ယောကျာ်းလေး ၃ ယောက်ပါတဲ့ ပုံတစ်ခုကို တင်ထားပြီး ဆောင်းဆိုတဲ့ စာလုံးတစ်ခုပါတဲ့ အကောင့်တစ်ခုက ဟယ်လိုဆိုပြီး အင်္ဂလိပ်လို စနှုတ်ဆက်လို့ ကျွန်တော်က ဟုတ်ကဲ့ ပြောပါခင်ဗျာ...လို့ မြန်မာလို စာရိုက် ပြန်ဖြေလိုက်တော့ ကိုယ်တော်က ဘားဂလစ်ရှ်နဲ့ ပြန်မေးပါတယ်။ မင်း ဗမာလားတဲ့။ မြန်မာစာလုံးနဲ့ ရိုက်ပြီး ပြန်ဖြေထားတာတောင် မင်းဗမာလားလို့ မေးရတဲ့ ငကြောင်မျိုးကို အဲဒီတစ်ခါမှာ တွေ့လိုက်ရပါတယ်။ အတော်လေးကို စိတ်ပျက်စရာ ကောင်းလှပါတယ်ဗျာ။

နောက်တစ်ခါကတော့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ရဲ့ ဂျီမေးလ်။ လူဆိုးလေးပေါ့။ အသက်ကတော့ ငယ်ပါတယ်။ ရုပ်ကတော့ ကျွန်တော်ထက် ကြီးတယ် ထင်ရတယ်။ ဘယ်သူကနေ ဘယ်လိုပေးလိုက်လို့လဲ မသိဘူး ကျွန်တော့်သုံးနေတဲ့ ဂျီမေးလ်အကောင့်က သူ့ဆီရောက်သွားတယ်။ အဲဒီလိုနဲ့ ပြန်တွေ့ဖြစ်ကြတယ် ဆိုပါတော့။ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးတွေ လုပ်ကြတော့ သူလည်း ကျွန်တော်တို့နဲ့အတူ ၀ိုင်းပြီး လုပ်ပေးဖူးတယ်။ ဒါနဲ့ပဲ အခုနောက်ပိုင်းမှာ ဘာတွေ ဆက်လုပ်ဖြစ်နေလဲ ပြောဖြစ်ဆိုဖြစ်ကြတယ်။ ဒီလိုနဲ့တစ်လလောက် တစ်ရက်ခြား တစ်ခါလောက် ညပိုင်းတွေမှာ စကားတွေ ပြောဖြစ်ခဲ့တယ်။ နောက်တော့ ကျွန်တော်လည်း ကမ့်ဝင်ရတော့ အွန်လိုင်းနဲ့ တစ်ပတ်လောက် အဆက်အသွယ် ပြတ်သွားတယ်။

ကမ့်က ပြန်ထွက်လာပြီး တစ်ပတ်လောက်အထိ သူ့ကို အွန်လိုင်းမှာ မတွေ့ရပါဘူး။ တစ်ရက်မှာ ကျွန်တော့်ကို ဟယ်လိုဆိုပြီး လှမ်းပြီး နှုတ်ဆက်ပါတယ်။ ကျွန်တော်ကလည်း သိထားပြီးသား လူဟောင်းပဲဆိုတော့ ဝေး... နေကောင်းတယ် မဟုတ်လား...လို့ ပြန်မေးလိုက်တယ်။ သူက အင်္ဂလိပ်လို ရား... ဆိုပြီးတော့ I want to meet you တဲ့။ ကျွန်တော် နည်းနည်းကြောင်သွားတယ်။ သူက ရန်ကုန်မှာ ကျွန်တော်က စင်္ကာပူမှာ။ ဘာကြောင့် သူက ကျွန်တော်ကို တွေ့ချင်ရသလဲပေါ့။ ကျွန်တော်က ဘာလုပ်ဖို့လဲ... လို့ ပြန်မေးလိုက်တယ်။

အဲဒီတော့ သူက ဖုန်းရှိလားတဲ့။ ရှိမှာပါတဲ့။ ရှိရင် ပေးပါနော်တဲ့။ ဒီကောင် သိပ်ပြီး မူမမှန်တော့ဘူးလို့ ကျွန်တော့်စိတ်ထဲမှာ ထင်စ ပြုလာပြီ။ ဒါပေမယ့် အရေးကြီးကိစ္စ တစ်ခုခုများ ပြောစရာရှိလို့ pfingo ကနေ ခေါ်မလို့လားဆိုပြီး ဖြေတွေးပေးလိုက်သေးတယ်။ အဲဒါနဲ့ သူ့ကို ဖုန်းဆက်ဖို့ ဘာအကြောင်းထူးရှိလဲ ပြန်မေးလိုက်တယ်။ သူက ဒီလိုပါပဲ ပြောချင်လို့ပါ။ ပေးပါနော်တဲ့။ မနက်ဖြန် ည အားလားတဲ့။ အပြင်မှာ ဆုံကြရအောင်နော်တဲ့။

ဟားဟား.... ဘာကြီးလဲဟ။ နည်းနည်းတောင် လန့်သွားတယ်။ သဘောပေါက်လိုက်ပြီ။ ဒီအကောင့်ကို မူရင်းပိုင်ရှင် သုံးနေတာ မဟုတ်လောက်ဘူး။ တခြားတစ်ယောက် ၀င်သုံးနေတာ ဖြစ်မယ်။ ဒါကြောင့် ဒီလို စကားတွေ ထွက်လာတာ။ သေချာတာက ကျွန်တော့်ကို မူရင်းပိုင်ရှင်က ဒီလိုစကားမျိုးတွေ လုံးဝ မပြောရဲခဲ့ဘူး။ ဘာဖြစ်လို့များ ဒီလိုမျိုးတွေ လုပ်ကြသလဲပေါ့။ ကိုယ်သုံးနေတဲ့ အကောင့်ကို ကိုယ်ပဲ သုံးကြပေါ့။ အခုဟာ သူများတကာကို လက်ပြောင်းလက်လွဲ လုပ်သွားတာက မကောင်းဘူးလို့ မြင်မိပါတယ်။ Contact list တွေကို လူကုန်ကူးသလိုမျိုး သူများလက်ထဲ ပေးခံလိုက်သလို ခံစားရတယ်။ အတော်ကို စိတ်ဆိုးမိပါတယ်။ ဒါကြောင့် သေချာတာ တစ်ခုကတော့ ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ဒီကောင်ကို ပညာပေးလိုက်အုံးမယ်။

ရန်ကုန်က အင်တာနက်ဆိုင်တွေမှာ ချက်တင်းထိုင်ရင်း ဖွန်ကြောင်နေတာ ဖက်ရှင်တစ်ခုလို ဖြစ်နေကြပြီလား။ ကိုယ်မအားတဲ့အချိန် တခြားတစ်ယောက်ကို မင်း ဆက်ကြောင်ထားလိုက်ကွာဆိုပြီး လက်ပြောင်းလက်လွှဲ လုပ်နေကြတာလား။ လက်လွှဲယူထားတဲ့ အကောင်ကလည်း အခုပြောနေတဲ့သူက အထီးလား အမလား ဘာတစ်ခုမှ မသိပဲ စွတ်ဆတ်ကြောင်တာကလည်း ဆလံသလောက်ပါတယ်။ မတော်လို့များ မူရင်းပိုင်ရှင်နဲ့ ပတ်သတ်နေတဲ့ အမျိုးအရင်းတွေ၊ ဆရာတွေ ဆရာမတွေများ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ဘာဖြစ်လို့ အဲဒီလောက်တောင် အသိဥာဏ် နုံနဲ့ရတာလဲဆိုပြီး စိတ်ထဲက မခံချိ မခံသာ ဖြစ်မိပါတယ်။ အင်တာနက်သာ သုံးနေကြတာ ပုဂ္ဂလိက လွတ်လပ်ခွင့် ဆိုတာကို နားမလည်သေးတဲ့သူတွေပဲဗျာ။

ခေတ်မှီချင်လွန်းလှတဲ့ အောင်သွယ်တော် မြားနတ်မောင်လည်း ဂျီတော့ခ်လောကထဲ ဒိုင်ဗင်ထိုးဝင်လာတော့ ဒင်းနဲ့ကျွန်တော် နောင်ဂျိန်ချရပြီပေါ့ဗျာ။ ဒင်းကတော့ ဒီလူပျိုကြီး စွံပါစေတော့ ဆိုပြီး မယောင်မလည် အူကြောင်ကြား မနူးမနပ် သူငယ်နပ်စား ကလေးမတွေကို ကျွန်တော့် ဂျီတော့ခ်ထဲ လွှတ်ထည့်လိုက်တာမှာ ဒေါသအိုးကို စနက်တံ ဖြုတ်သလို ဖြစ်သွားရတာပေါ့။ ကလေးမတွေကလည်း မေးခွန်းမျိုးစုံကို တရပ်စပ် လိမ့်မေးတာက အလုပ်တစ်ဘက်နဲ့ ဖြေနေရတဲ့ ကျွန်တော်အဖို့ ဒေါသဒီဂရီတွေကို တရိပ်ရိပ် မြင့်စေပါတယ်။ ပြီးရင် ဖြေထားတာကို မယုံသလိုလိုနဲ့ တကယ်လား။ အဟုတ်လား။ မလိမ်နဲ့နော် ဆိုပဲ။ ညည်းတို့ထက် အသက်ကြီးပါတယ်။စင်္ကာပူမှာ နေပါတယ်။ အခု အလုပ်များနေပါတယ်။ ဒါမျိုးတွေ ဖြေထားတာကို မလိမ်ပါနဲ့ အခု ဘယ်ဆိုင်ကနေ သုံးနေတာလဲ တဲ့။ သေ သေ... သေလိုက်ကြပါတော့ကွယ်။

ကိုဇူလိုင်ဗျာ... ဘာဖြစ်လို့ ဒုက္ခခံနေရသလဲ။ မသိတဲ့သူဆိုရင် နဂိုကတည်းက လက်မခံနဲ့လေ။ ဒါမှမဟုတ် လက်ခံမိရင်လည်း block လုပ်ပေါ့ဗျာလို့ ပြောကြမှာကို သိနေပါတယ်။ အဲဒီအတွက် ပြန်ဖြေရှင်းပေးရရင် ကျွန်တော် မသိပေမယ့် လက်ခံမိတာက Blog ကနေတဆင့် လာတဲ့သူတွေ ဖြစ်မှာ စိုးလို့ပါ။ နောက်တစ်ခုက သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်နေမှာ စိုးလို့ပါ။ စကားပြောကြည့်လို့ အချိုးမပြေတဲ့သူတွေကို ကျွန်တော် block လုပ်ပါတယ်။ အခုပြောနေတာက block မလုပ်ခင်အချိန်မှာ ခံရတဲ့ ဒုက္ခလေးကို ပြောနေတာပါ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်တော့ စိတ်ကြီးကိုမှ အတော်ညစ်ရပါတယ်။

အဲဒါကြောင့် Forward Mail တွေ ပို့ရင် ကျွန်တော့် အီးမေးလ်ကို BCC မှာပဲ ထည့်ပြီး ပို့ကြပါခင်ဗျာလို့ ပြောလိုက်ချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော့်ဆီ ဘာတစ်ခုမှ Forward မလုပ်တာ ကောင်းပါတယ်။ မပို့လို့ ချန်ထားခဲ့လို့ စိတ်ဆိုးမယ့် လူစားမျိုးမဟုတ်ပါဘူး ခင်ဗျာ။ အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်ဇူလိုင် လုံးရာကနေ ပြားသလိုမျိုး ယောကျာ်းအချင်းချင်း ဖွန်ကြောင်ခံရသလို မနူးမနပ် သာလိကာမတွေရဲ့ တကယ်လားဟင် ဟုတ်ရဲ့လားဟင် မညာနဲ့နော်ဆိုတဲ့ တီတီတာတာ စကားမလိုင်များကြားမှာ အီစလံဝေပြီး ဒေါသဒီဂရီတွေ တိုးနေပါလိမ့်မယ်။ ကျွန်တော့်ကို သနားကြပါ... သနားကြပါခင်ဗျာ။

Tuesday, February 3, 2009

Flying Cambridge Shoe


ဖိနပ်ပျံကြီး ထပ်ပေါ်လာပြန်ပါပြီ။ ၂၀၀၈ ရဲ့ နှစ်ဆုံးပိုင်းမှာ ပျံတဲ့ဖိနပ်မျိုး ၂၀၀၉ နှစ်ဆန်းပိုင်းမှာ တစ်ခါ ထပ်ပေါ်လာပြန်ပါတယ်။ ရှေ့တစ်ခေါက်က အမေရိကန်သမ္မတ ဂျော့ဘုရှ်ပါ။ ဒီတစ်ခါ ဈေးဦးပေါက်သွားတာက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ပါပဲ။ ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ World Economic Forum တက်ရောက်ခဲ့တဲ့ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်ဟာ ပြည်တော်မပြန်ခင် နောက်ဆုံးခရီးစဉ်အနေနဲ့ အင်္ဂလန်ကို ၀င်ရောက်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဘရောင်းနဲ့ စီးပွါးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

မနေ့က တနင်္လာနေ့မှာ ကျင်းပတဲ့ Cambridge University က ဟောပြောပွဲမှာ မိန့်ခွန်းချွေတဲ့ ၀န်ကြီးချုပ် ၀မ်ကျားပေါင် မိန့်ခွန်းရဲ့ အဆုံးပိုင်းနားအရောက်မှာ ဂုဏ်ပြုဖိနပ်စာ အကျွေးခံရပါတော့တယ်။ ခန်းမဆောင်ရဲ့ နောက်ပိုင်းနားမှာ ထိုင်နေတဲ့ ဥရောပတိုက်သားလို့ ထင်ရပြီး ဆံပင်အနက်ရောင်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာပါ။

ဒီတစ်ခါ ဖိနပ်နဲ့ ကောက်ပေါက်တဲ့သူက လက်မတည့်ရှာပါဘူး။ အဝေးကြီးကနေ လှမ်းပစ်ရလို့ ထင်ပါတယ်။ ၀မ်ကျားပေါင်ရဲ့ ဘေးဘက် ပေအနည်းငယ်အကွာကို ရောက်အောင်ပဲ ပစ်နိုင်ခဲ့ပါတယ်။ ဂျော့ဘုရှ်တုန်းကလို ခေါင်းငုံပြီး ရှောင်စရာတောင် မလိုခဲ့ပါဘူး။ ဂျော့ဘုရှ်ကတော့ ခေါင်းမငုံ့မိခဲ့ရင် နဖူးပေါက်သွားနိုင်ပါတယ်။ ဖိနပ်နဲ့ပေါက်အပြီးမှာ တက္ကသိုလ်လုံခြုံရေးတွေက သူ့ကို အပြင်ဆွဲခေါ်သွားပါတယ်။ ပရိသတ်တွေကလည်း ထွက်သွား ထွက်သွား... ရှက်ဖို့ ကောင်းတယ်လို့ ပြန်အော်နေတာကို ရုပ်သံတွေကနေတဆင့် မြင်တွေ့ ကြားသိခဲ့ရပါတယ်။ ထုံးစံအတိုင်း မိန့်ခွန်းပြောတဲ့ စင်မြင့်နားမှာလည်း လုံခြုံရေးတွေ ပိုများသွားတာပေါ့ဗျာ။

လူပုံအလည်မှာ ဖိနပ်နဲ့ ကောက်ပေါက်ခံရလို့ မအီမသာဖြစ်သွားရရှာတဲ့ ၀မ်ကျားပေါင်ကတော့ အခုလို အထင်သေးဖွယ်ကောင်းတဲ့ လုပ်ရပ်ဟာ ဗြိတိန်နဲ့ တရုတ်ပြည်အကြား ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားစေမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဖိနပ်နဲ့ပေါက်တဲ့သူကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေအရ တရားစွဲဆို အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားပါသေးတယ်။

လွန်ခဲ့တဲ့ ၂ လက အီရတ်ကို အမေရိကန်သမ္မတ တစ်ဦးအနေနဲ့ နောက်ဆုံးခရီးအဖြစ် သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို သတင်းစာရှင်းလင်းပွဲမှာ ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် တီဗွီသတင်းထောက် Muntadhar al-Zaidi ကိုတော့ အာရပ်ကမ္ဘာက သူရဲကောင်းတစ်ယောက်လို့ ချီးမွန်း ဂုဏ်ပြုခဲ့ပါတယ်။ အာရပ်ကမ္ဘာမှာ ဖိနပ်နဲ့ပေါက်တာဟာ အပြင်းထန်ဆုံး စော်ကားမှူတစ်ခုလို့ ဆိုနိုင်ပါတယ်။ လောလောဆယ်တော့ အဲဒီအီရတ်သတင်းထောက်ဟာ နိုင်ငံတော်ရဲ့ အထူးဧည်သည့်တော်ကို စော်ကားမှူနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေး အရေးယူခံရဖွယ်ရှိပါတယ်။

Photo credit: NECN.com

Monday, February 2, 2009

Please be punctual

ကိုယ့်ပတ်ဝန်းကျင် တချို့လူတွေ အချိန်နဲ့ ပတ်သတ်ပြီး မလေးစားသေးတာကို တွေ့မိရတော့ အတော်လေးကို စိတ်ပျက်မိပါတယ်။ အချိန်လေးစားတယ် ဆိုတာက အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ကြိုတင်ချိန်းချက်ထားပြီး အချိန်မှီမရောက်တဲ့ လူတွေကို အဓိက ဆိုလိုပါတယ်။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်။ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်ဆိုတော့ စိတ်ပျက်မိတာ အမှန်ပါပဲ။

တချို့က ချိန်းတဲ့အချိန်ကို ဘယ်တော့မှ ရောက်အောင် မလာနိုင်ကြဘူး။ ဒီဘူတာမှာ ဒီအချိန် ရောက်အောင် လာခဲ့မယ်ဆိုပြီး ကိုယ်က သွားစောင့်နေရင် သူတို့က ရောက်မလာကြသေးဘူး။ အဲဒီအချိန်က သူတို့ကိုယ်တိုင် ချိန်းချက်တာပါ။ ကိုယ်ကပဲ စိတ်စောလို့လား မသိဘူး ချိန်းတဲ့အချိန် မရောက်ခင် ငါးမိနစ် ဆယ်မိနစ်အလိုမှာ ရောက်နှင့်နေအောင် သွားခဲ့ပေမယ့် သူတို့က ရောက်လာရင် နဂိုချိန်းတဲ့အချိန်ထက် ဆယ်မိနစ်လောက် နောက်ကျနေတော့ ကိုယ့်မှာ မိနစ် ၂၀ လောက် စောင့်လိုက်ရတဲ့ သဘောဖြစ်နေတယ်။

တချို့ကျတော့ အိမ်ကို လာမယ့်သူ။ သြော်... သူက အိမ်ကနေ စောင့်နေရတာပဲ အပန်းမကြီးရှာဘူးလို့များ သဘောထားသလားပဲ။ ချိန်းထားတဲ့ အချိန်အတိုင်း ပေါ်မလာဘူး။ ဥပမာဆို အိမ်လခ လာယူတဲ့ ပွဲစားမပေါ့။ ရုံးပိတ်ရက် မနက်ပိုင်း ၁၀ နာရီ လာမယ်ဆိုပြီး ၁၁ နာရီလည်း မရောက်။ မွန်းတည့် ၁၂ နာရီလည်း မရောက်။ သူလာမယ်ဆိုတော့ ကိုယ်တွေမှာက အပြင်ထွက်လို့လဲ မရ။ သူကလည်း မလာသေး။ ဖုန်းဆက်လိုက်ရင် ရောက်တော့မယ် ခဏလေး ဆိုပဲ။ နောက်ထပ် မိနစ် ၂၀ ဆို ရောက်ပါပြီတဲ့။ အဲဒီ မိနစ် ၂၀ ကလည်း တစ်နာရီလောက် ကြာသွားတတ်တယ်။ ဒါတောင် သူက ပိုက်ဆံရမယ့်သူ ကိုယ်က ပေးရမယ့်သူ။ အဲဒါကို အချိန် မတိကျဘူး။

တချို့ကျတော့ လမ်းတ၀က်ကနေ လှမ်းချိန်းတယ်။ ကိုယ်ကလည်း လမ်းတ၀က်မှာ ရောက်နေတဲ့အချိန်ပေါ့။ ငါ ဘယ်နားရောက်နေတယ်ကွ။ မင်း လာခဲ့ပါလား။ ငါတို့ တစ်နေရာမှာ ဆုံကြရအောင် ဆိုပြီးတော့ပေါ့။ အိုခေပေါ့။ ဘယ်အချိန်လောက် ရောက်နိုင်မလဲ ပြန်မေးလိုက်တယ်။ ကိုယ်က အဲဒီနေရာကို ရောက်နေပြီ စချိန်းတဲ့သူက ရောက်မလာသေးဘူး။ ဖုန်းဆက်ကြည့်လိုက်တော့ ဈေးဝယ်ဈေးပတ်နေတာ မပြီးသေးဘူး။ နောက်ထပ် နာရီဝက်လောက် ထပ်စောင့်ပေးပါလားတဲ့။ ဒါနဲ့ပဲ ဟိုနားဒီနား လျှောက်သွားလိုက်ပြီး နာရီဝက်လောက် အချိန်ပေးလိုက်တယ်။ အဲဒါလည်း ရောက်မလာသေးဘူး။ ဖုန်းထပ်ဆက်ကြည့်တော့ စထွက်လာပြီတဲ့။ အခု ရထားပေါ်မှာ ဆိုပဲ။ အဲဒီလို အားမနာတဲ့ စိတ်ကို ထားနိုင်တာ အံ့သြပါရဲ့ဗျာ။ အဲဒီလိုမျိုးတွေ တွေ့ရင်တော့ ဆက်စောင့်မနေပဲ အိမ်ပြန်လာဖြစ်တာ များပါတယ်။

တချို့ကျတော့ ရက်တွေ အများကြီး ခွာပြီး ချိန်းဆိုခဲ့တာ။ လူကြုံ ပစ္စည်းလေးတစ်ခု ပေးလိုက်ချင်လို့ ဒီအပတ် စနေနေ့မှာ ဘူတာကို လာခဲ့မယ်။ ကိုယ်ကလည်း အဲဒီအချိန်မှာ အားမယ်ဆိုတာ သိထားတော့ အိုခေ လာခဲ့ပါ။ လာစောင့်နေပါမယ်ပေါ့။ အိမ်က စထွက်လာတဲ့ အချိန်ကျရင် ဖုန်းဆက်ပေးပါပေါ့။ အဲဒီလိုနဲ့ စနေနေ့ကို ရောက်လာပါရော။ မနက်မိုးလင်း အိပ်ရာထ မျက်နှာသစ် မနက်စာ စားပြီး ကွန်ပျူတာသုံးပေါ့။ ဘယ်အချိန် ဖုန်းခေါ်သံများ ကြားရနိုးနိုးပေါ့။ နေ့လည်တာ ရောက်သွားတယ် ဖုန်းသံက မကြားရဘူး။ သောကြာနေ့ည အိပ်ရာဝင် နောက်ကျလို့ အခုမနက် အိပ်ရာ မထသေးလို့များလားပေါ့။ နေ့လည်ကျော်တော့ ကိုယ်ကပဲ စပြီး ဖုန်းဆက်လိုက်တယ်။ ဘယ်အချိန် ရောက်လာမလဲပေါ့။ အဲဒီတော့မှ ကိုယ်တော်ချောက ပြန်ဖြေတယ်။ မလာတော့ဘူးတဲ့။ လူကြုံကို တခြားသူနဲ့ ထည့်ပေးလိုက်ပြီတဲ့။ အဲဒါကို ဖုန်းလေးနဲ့တောင် လှမ်းဆက် မပြောရှာဘူး။ ဒီမှာကတော့ သစ်ကုလားအုတ်လို လည်ပင်းကြီးကို ရှည်လို့ဗျာ။

လူတွေ လူတွေ အတော်ခက်ကြပါတယ်။ အတ္တသမားပီပီ ကိုယ့်ဘက် ကိုယ်ကြည့်တာကို အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် တခြားသူဘက်ကိုလည်း တစ်ချက်လေးတော့ စောင်းငဲ့ကြည့်သင့်ပါတယ်။ လောကမှာ စောင့်ရတဲ့ အလုပ်ကို အမုန်းဆုံးပါပဲ။ ကိုယ်က စောင့်ရတာ မကြိုက်သလို သူများတကာလည်း စောင့်နေရတာ မကြိုက်မှန်း သိသင့်ပါတယ်။ အဲဒီလိုပါပဲ အချိန်းအချက် တစ်ခုဆိုတာ လူတစ်ယောက်တည်း တစ်ဘက်တည်းက လုပ်တဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် အသေအချာ ချိန်းဆိုပြီး လုပ်ခဲ့ကြတာပါ။ အဲဒါကို တစ်ဖက်သားကို အားနာမှု လုံးဝမရှိပဲ ကိုယ်အဆင်ပြေဖို့ပဲ အဓိက ဦးတည်ပြီး ကိုယ့်စိတ်တိုင်းကျ လုပ်ချင်သလို လုပ်တာမျိုးကိုတော့ မနှစ်မြို့ပါဘူး။ တစ်ကိုယ်ကောင်း ဆန်လွန်းလှပါတယ်။

ဒီတော့ဗျာ တစ်ဖက်သားကို လေးစားဖို့အတွက် အချိန်ကို လေးစားကြပါဗျာ။

Sunday, February 1, 2009

Operation rainbow

Operation rainbow ဆိုတာ facebook ထဲက Group တစ်ခုပါ။ လိုအပ်တဲ့နေရာတွေကို လိုအပ်သလို ကူညီပံ့ပိုးပေးနိုင်ဖို့ ကြိုးစားကြမယ့် စိတ်တူကိုယ်တူရှိတဲ့ လူငယ်တစ်စုပါပဲ။ အဲဒီအဖွဲ့လေးက YDC Camp 2008 တုန်းက Elvis Group ဆိုတဲ့ Group E ကနေ စတင် ပေါက်ဖွားလာတာပါ။ Behind every storm, the rainbow will always be there… Waiting behind the dark clouds…ဆိုပြီး အဖွဲ့အမည်ကို Rainbow လို့ ပေးခဲ့ကြပါတယ်။ အဖွဲ့ထဲမှာ အများစုက စလုံးတွေပါ။ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာလည်း ပါပါတယ်။ မြန်မာပြည်ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ရှိလာရင် သူတို့အနေနဲ့ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ရည်ရွယ်ထားသလို အာဆီယံဒေသအတွင်း အခြားနိုင်ငံတွေအတွက်လည်း လုပ်ကြမယ်လို့ ဆုံးဖြတ်ကြပါသေးတယ်။

လောလောဆယ်မှာ ပွဲဦးထွက်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေဘေးမှာ စတင်ကူညီပါမယ်။ အဖွဲ့ထဲမှာ ဖိလစ်ပိုင် ကြက်ခြေနီက သူတွေ ပါပါတယ်။ ဇန်န၀ါရီလဆန်းပိုင်းမှာ ဖိလစ်ပိုင် Gingoog မြို့မှာ ဖြစ်ခဲ့တဲ့ ရေကြီး မြေပြိုမှုတွေကို အကူအညီပေးဖို့ ဖိလစ်ပိုင် သူငယ်ချင်းက တင်ပြခဲ့ပါတယ်။ အဲဒီ ရေဘေးဒုက္ခသည် ဦးရေက လူဦးရေ ၁ သိန်းကျော် ရှိပြီး ၁၁ ယောက် သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေပါတယ်။ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဖိလစ်ပိုင် ရေဘေးအတွက် ကူညီမယ်ဆိုပြီး အမာခံအဖွဲ့ဝင် ၁၈ ဦးကို အခြေခံပြီး ရံပုံငွေ စုဆောင်းတဲ့အလုပ်ကို စတင် လုပ်ကိုင်ခဲ့ကြပါတယ်။

အဲဒီOperationမှာ ကျွန်တော်အနေနဲ့လည်း တတ်နိုင်သလောက်လေး ကူညီပေးချင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်အနီးအနား ပတ်ဝန်းကျင်က လူတွေဆီက အလှူငွေကောက်ခံပေးခဲ့ပါတယ်။ အလှူငွေ ကောက်ရတယ် ဆိုတာလည်း သိတဲ့အတိုင်းပါပဲ။ ပြောတော့တာ လွယ်တာပါ။ တကယ် လုပ်ရင် အတော်ခက်ပါတယ်။ အဓိက ယုံကြည်မှုပေါ့။ နောက်တစ်ခုက ခံယူချက် သဘောထား။ အဲဒီတွေမှာ ထပ်တူ မညီရင် အတော်ကို မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။

ကိုယ်က မြန်မာပြည်ကဆိုတော့ စလုံးရောက် မြန်မာအသိုင်းအ၀ိုင်းကို အဓိကထား အလှူငွေ ကောက်ခဲ့မိတယ်။ မြန်မာအများစုကတော့ မြန်မာပြည်အတွက် မဟုတ်လို့ဆိုပြီး အလှူငွေ မထည့်ကြပါဘူး။ ယဉ်ယဉ်လေးနဲ့ ငြင်းတဲ့သူတွေ ရှိသလို မြန်မာပြည်အတွက် မဟုတ်လို့ အလှူငွေ မထည့်နိုင်ဘူး စိတ်မ၀င်စားဘူးလို့ တုံးတိတိ ပြောတဲ့သူတွေလည်း ရှိပါတယ်။ လူမှုကရုဏာလုပ်ငန်းကို နားလည်ခံစား သဘောပေါက်တဲ့သူတွေပဲ အလှူငွေ ထည့်ကြပါတယ်။ လူသားချင်း စာနာထောက်ထားမှုကို သဘောပေါက်ကြတဲ့သူတွေလို့ မြင်မိပါတယ်။

မြန်မာပြည်အတွက် မဟုတ်လို့ အလှူငွေ မထည့်နိုင်တဲ့သူတွေကို ခံစားနားလည်ပေးလို့ ရပါတယ်။ သူတို့မှာ မျိုးချစ်စိတ် ပြင်းထန်သွားလို့ ထင်ရပါတယ်။ ဒါပေမယ့် တစ်ခု ပြန်စဉ်းစားပေးရမှာက ကိုယ့်နိုင်ငံအတွက် မဟုတ်လို့ မလုပ်နိုင်ဘူး ဆိုရင် တခြားနိုင်ငံသားတွေ မြန်မာပြည်အတွက် အကူအညီတွေ ပေးနေတာကို ပြန်စဉ်းစားစေချင်ပါတယ်။ ငါ့တို့နိုင်ငံမှ မဟုတ်တာကွာ... လုပ်ပေးမနေပါနဲ့လို့ သူတို့ သဘောမထားပါဘူး။ ဥပမာ နာဂစ်တုန်းက စင်္ကာပူက မြန်မာမဟုတ်တဲ့သူတွေ နိုင်သလောက် ကူညီပေးခဲ့တာကို တွေ့ရမှာပါ။ သူတို့အတွက် အကျိုးအမြတ် တစ်စုံတရာ မရှိပဲ လူသားချင်းစာနာ ထောက်ထားပြီး လှူဒါန်းကူညီခဲ့တာတွေ တွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည်မဟုတ်တဲ့ တခြားနေရာတွေမှာ အကူအညီပေးဖို့ လိုအပ်လာရင် တတ်နိုင်သလောက် ပြန်ကူညီသင့်ပါတယ်။ အဲဒီလို လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်သင့်ပါတယ်။ အတုံ့အလှည့်လေးပေါ့ဗျာ။

ဒီလို အလှူငွေ ကောက်ခံတဲ့အကြောင်းကို ကျွန်တော့်Blogပေါ်မှာ ပို့စ်တင်ပြီး မပြောခဲ့ပါဘူး။ လောလောဆယ် စာရင်းပိတ်သိမ်းချိန်အထိ ကျွန်တော့်ဘက်က အလှူငွေအဖြစ် စင်္ကာပူဒေါ်လာ ၂၁၀ ကောက်ခံနိုင်ခဲ့ပါတယ်။ အခုOperationမှာ အလှူငွေ ထည့်ခဲ့တဲ့ ကျွန်တော့် အနားတ၀ိုက်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခွဲခြားဆက်ဆံခြင်းဆိုတာ လုံးဝမရှိပဲ လူသားချင်း စာနာထောက်ထားတဲ့ အဖြူရောင် စိတ်တစ်ခုတည်းနဲ့ အခုလို ကူညီပေးခဲ့တာကို ဖိလစ်ပိုင်က သူငယ်ချင်းတွေ သိရှိခံစားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

No discrimination as to nationality, race, religious beliefs, class or political opinions. Together for Humanity!