.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, April 28, 2009

The ten heads

မဖြစ်ညစ်ကျယ်တွေ လျှောက်ရေးထားတတ်တဲ့ ညီမငယ် မိုးခါးက တွေ့ချင်မြင်ချင်သော ဆယ်ဦးသော ပုဂ္ဂိုလ်များ ဆိုတာကို လက်ဆင့်ကမ်း ရေးခိုင်းထားတဲ့အတွက် နောက်လအထိ အကြွေးမယူသွားချင်တော့လို့ ရေးရပါအုံးမယ်။

တချို့က အွန်လိုင်းလောကသား ဘလော့ဂါတွေကို တွေ့ချင်မြင်ချင်တယ်လို့ ရေးထားကြတယ်။ တချို့က အပြင်ကမ္ဘာက တွေ့ချင်မြင်ချင်မိတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ရေးတယ်။ တချို့တွေများ တွေ့ချင်မိတဲ့လူတွေ အကြောင်းရေးခိုင်းတာနဲ့ အပြင်မှာတွေ့ဖူးတဲ့သူတွေကို ချက်ချင်းအလုပ်ခန့်ပြီး လက်ဖက်ရည်ဆိုင်ဖွင့် အချိန်မီ စီးပွါးရှာလိုက်သေးတယ်။

ဖိုရမ်တွေမှာ စာရေးခဲ့တဲ့အချိန်က ဖိုရမ်မီတင်လုပ်ပြီဆိုရင် သွားချင်လာချင်မိခဲ့တယ်။ ရေးဖော်ရေးဖက်တွေကို အပြင်လောကမှာ မြင်ဖူးချင်တယ်။ ဖိုရမ်မီတင်ကနေ အသိအကျွမ်း မိတ်ဆွေသစ်တွေ ရခဲ့သလို မမေ့နိုင်စရာ အဖြစ်တွေလည်း ရှိခဲ့တယ်။ အပြင်မှာ လူချင်းသိတဲ့ပြီးတဲ့နောက် ဖိုရမ်မှာ စာတွေရေးတဲ့အခါ အရင်ကလို လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်း မရေးဖြစ်တော့တာကို သတိထားမိတယ်။ မျက်နှာနာစရာတွေ ရှိမှာစိုးလို့ ငြိုငြင်မှာစိုးလို့ အမြင်မတူရင်တောင် ပြန်ပြီးငြင်းမနေတော့ဘူး။ အဲဒါကြောင့် မျက်နှာသိ ငပိမ၀ယ်ရလို့ ရှေးလူကြီးတွေ ပြောခဲ့တာနေမယ်။ ဖိုရမ်ကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ လူတွေကို အတော်ရွှံသွားတယ်။ အထူးသဖြင့် ပညာတတ် လူတန်းစားကြီးကိုပေါ့။ ဖိုရမ်နဲ့ပတ်သတ်ပြီး လွမ်းစရာတွေ ရှိပေမယ့် နာစရာတွေနဲ့ ဖြေခဲ့တော့လည်း အခုတော့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။

မြန်မာလို ဘလော့ဂ် ရေးနေတဲ့သူတွေ အခုတော့ အများကြီး ဖြစ်လာပါပြီ။ ကျွန်တော်လည်း နောက်ပေါက်ပါပဲ။ ကိုမောင်လှတို့ ကိုညီလင်းဆက်တို့ ကိုကယ်လ်ဗင်တို့ ဘလော့ဂ် စရေးနေတဲ့အချိန် ကျွန်တော်က ဖိုရမ်မှာ ရေးလို့ ကောင်းတုန်းပါပဲ။ သူတို့တွေနဲ့ ဖိုရမ်တစ်ခုထဲမှာ အတူရေးနေကြပေမယ့် အင်တာနက် သုံးဖို့အတွက် အခက်အခဲတွေ ရှိနေသေးတော့ ဘလော့ဂ်ဘက်ကို ခြေဦးမလှည့်နိုင်ခဲ့ပါဘူး။ ဖိုရမ်တောင် နေ့စဉ်ရက်ဆက် ဖတ်နိုင် ရေးနိုင်ခဲ့တဲ့သူ မဟုတ်ခဲ့ဘူးလေ။ စင်္ကာပူကို ရောက်မှပဲ ဘလော့ဂ်ဆိုတာကို လက်လှမ်းမီခဲ့တယ်။ ဒါကြောင့် အတော်ကို နောက်ကျပြီးမှ ဘလော့ဂ် စရေးဖြစ်တဲ့သူပါ။

ဒီလောက် အများကြီး ရှိနေတဲ့သူတွေကြားမှာ တွေ့ချင်မြင်ချင်တဲ့သူ ၁၀ ဦးဆိုတာလေးပဲ ရွေးခိုင်းတော့ အတော်လေးကို ရွေးရခက်ပါတယ်။ ဘယ်သူမှ မတွေ့ချင်ဘူး ပြောရင်လည်း စိတ်ကောင်းကြမှာ မဟုတ်ဘူး။ မြန်မာလိုရေးတဲ့ ဘလော့ဂ်အားလုံးကို တွေ့ချင်တယ် ပြောရအောင်လည်း အဲဒီအားလုံးဆိုတာ ဘယ်နှယောက် ရှိမှန်းတောင် သေချာ မသိတာဆိုတော့ မလိမ်ချင် မညာချင်ဘူး။ ဆုပ်လည်း ဆူး... စားလည်း ရူးဆိုတဲ့ ပဒိုင်းသီးဇာတ်မှာ ကပြဖို့အတွက် စင်ပေါ်ကို တွန်းတင်ခံလိုက်ရတဲ့ မျောက်ဖိုးစိန်လို့တောင် ကိုယ့်ဘာသာ ထင်မိသေးတယ်။ ရေးခိုင်းတဲ့သူက ခင်လို့မင်လို့ လက်ဆင့်ကမ်း ရေးခိုင်းမှန်း သိတော့လည်း ၀က်ဖြစ်မှတော့ ချီးကြောက်နေလို့ မရတော့ပါဘူးလေ။ ချီးမကြောက်လို့ ကျွန်တော်ဇူလိုင် ချီးစားမယ်တော့ မထင်လိုက်ပါနဲ့။ မစားပါဘူး။ စိတ်ချပါ။ တွေ့ချင်မြင်ချင်တဲ့ ၁၀ ယောက်ပဲ ရွေးမှာပါ။

နံပါတ်စဉ်တွေ တပ်သွားလို့ နံပါတ်တစ်ကို အတွေ့ချင်ဆုံးလို့လည်း မထင်ကြပါနဲ့။ နံပါတ် ၁၀ ကိုလည်း နောက်ဆုံးမှ မြင်ချင်တဲ့သူလို့ ရက်ရက်စက်စက် မယူဆပါနဲ့။ အားလုံးကို ကျောသားရင်သား မခွဲခြားပါဘူး။ မယုံရင် အခါအခွင့်ကြုံတဲ့အခါ ချစ်သူလေးကို မေးကြည့်ပါ။ ချစ်သူလေးဆိုတာ ဘယ်သူလဲတော့ မမေးပါနဲ့။ လုံးဝ ဖြေကြားပေးလိမ့်မည် မဟုတ်ပါ။

၁။ ကိုလူသစ်
အဲဒီလူကြီးရဲ့ သမီးလေးက ချစ်စရာလေးဗျ။ သမီးလေး ချောလို့ သူ့ကို တွေ့ချင်မိတာ။ ရိုးရိုးသားသားပါ။ ကျွန်တော် အချိန်မဖြုန်းပါဘူး။ ဒီလောက်အကြာကြီးလည်း မစောင့်နိုင်ပါဘူးဗျာ။ အတည်ပြောရမယ်ဆိုရင် သူရေးတဲ့စာတွေလည်း ဖတ်လို့ ကောင်းပါတယ်။ သရော်စာတွေလည်းပါတော့ ရီရတယ်။ ကျွန်တော် မတွေးမိ မမြင်မိတာတွေ သူ ဆွဲထုတ်ပြနိုင်တယ်။ ဟိုးအရင် ဘလော့ဂ်အဟောင်းထဲက စာဖတ်လို့ ကောင်းခဲ့တယ်။ ဘလော့ဂ်အဟောင်းက စာတွေ ဖျက်ပစ်လိုက်တယ် ဆိုရင်တော့ နှမြောဖို့ ကောင်းတယ်လို့ ပြောချင်တယ်။

၂။ မမသီရိ
သူ့ကို ကျွန်တော်က မျောက်မမကြီးလို့ ခေါ်လေ့ရှိတယ်။ မျောက်နှစ်ဖွားမို့လို့ အဲဒီလို ခေါ်တာပါ။ ကဗျာတွေ အများဆုံး ရေးလေ့ရှိတယ်။ ကဗျာထက်စာရင် စိတ်ဝင်စားစရာ ပို့စ်တွေပဲ အဓိက အချိန်ပေး ဖတ်ဖြစ်တယ်။ လူမှုရေးလုပ်ငန်း ၀ါသနာပါတဲ့ လူအချင်းချင်းဆိုတော့ ပြောစရာ စကားတွေ များလှပါတယ်။ မြန်မာပြည်ရဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်နေရတာနဲ့ နေ့တိုင်းနီးပါး စကားပြောဖြစ်ပါတယ်။ လူငယ်တွေ အကြောင်းကို အဓိကထား ပြောဆိုဖြစ်ကြတယ်။ တကယ်တော့ သူဟာ အလှကြိုက်တဲ့ မမပါ။ သမီးလေး မွေးရင် ကျွန်တော့်ကို ပေးစားမယ်ဆိုပဲ။

၃။ အယ်လ်ဇီ
ရွာသားလေးကတော့ သူ့ကို ဒေါ်လေးလို့ ခေါ်နေတာတော့ တွေ့တွေ့နေရတယ်။ ဒါပေမယ့် သူတို့တွေက အမျိုးတွေ တော်နေလို့ပဲ အဲဒီလို ခေါ်နေကြသလားမှ မသိတာ။ ကျွန်တော်ကတော့ အဲဒီလို လိုက်မခေါ်ပေါင်။ ကျွန်တော့်ထက် အသက်တော့ ကြီးမယ် ထင်ပါတယ်။ ဟိုးအရင်ကတည်းက သူ့စာတွေကို ဖတ်ဖြစ်တယ်။ ကွန့်မန့်တော့ ပေးဖြစ်ပေမယ့် ရောက်တဲ့အခါတိုင်း ခြေရာလက်ရာ ချန်စရာ မရှိလို့ မချန်ခဲ့မိဘူး။ စာတွေက ပေါ့ပေါ့ပါးပါးတွေ ဖြစ်ပေမယ့် ဘ၀အတွေ့အကြုံတွေ ပါနေတော့ ဗဟုသုတရတယ်။

၎။ မကေ
ဆရာမကြီးပါ။ ဘလော့ဂ်လောကမှာ ကျွန်တော့်ကို ခပ်တည်တည်နဲ့ ဆူဟောက်တတ်တာ သူတစ်ယောက်ပဲ ရှိပါတယ်။ စိတ်လိုလက်ရ ရှိရင်ရှိသလို စကားအကောင်းပြော စိတ်ရှည်သလောက် တခါတလေ ဘာမှ မဟုတ်တာလေးကို မေးမိရင်ပဲ စပ်စုတယ်ဆိုပြီး ဆူတတ်တဲ့သူပါ။ ပြောပုံပြောပေါက်အရ အသက်ကြီးမယ် ထင်ထားပေမယ့် တကယ်တော့ သူ့အသက်က ကျွန်တော်နဲ့ ဘာမှ ကွာတာမဟုတ်ပါဘူး။ နေ့ခင်းနေ့လည် ဂျီတော့ခ်မှာ တွေ့လို့ စကားသွားပြောမိရင်လည်း ထမင်းစားပြီးချိန်မှာ အိပ်ငိုက်နေလို့ စကားလာပြောတာ မဟုတ်လားဆိုပြီး ဘုဘောက်ကျတတ်ပါတယ်။ ဘလော့ဂ်မှာ သူရေးတဲ့ စာတွေက နည်းနည်း လေးပါတယ်။ ၀ိတ်မပြီးမှ စာရေးတယ်လို့လည်း ပြောပါသေးတယ်။ သေချာ အချိန်ပေး ဖတ်ကြည့်မိရင်တော့ စာတွေက တန်ဖိုးရှိလှပါတယ်။

၅။ ရမ်းဂမ်း
ဗေဒင်ဆရာလေး ရမ်းဂမ်းပါ။ သူရေးတဲ့စာတွေမှာ ဗေဒင်ပညာကို ၀ါသနာပါတဲ့သူအတွက် ဖတ်စရာ မှတ်စရာ ကောင်းတာတွေ ပါပါတယ်။ အစွန်းမရောက်အောင် မျှမျှတတ ရေးတတ်ပါတယ်။ ရှာရှာဖွေဖွေတွေလည်း ရေးတတ်ပါတယ်။ တချို့ဟာတွေက ကျွန်တော် သိပြီးသားတွေ ဖြစ်ပေမယ့် သေသေချာချာ သဘောပေါက် နားလည်ထားတာမျိုး မဟုတ်ပါဘူး။ အဲဒါတွေကို သူ ရေးပြမှပဲ နားလည် သဘောပေါက်သွားရတာတွေ ရှိပါတယ်။ လောလောဆယ် သူ့ကိုတွေ့ရင် မေးချင်တာက ဓမ္မာသောက အင်းဝရာဇာကို ယုံသင့် မယုံသင့် အကျိုးသင့် အကြောင်းသင့် သေသေချာချာ ရှင်းပြပေးဖို့ပါပဲ။

၆။ ဆိုးသွမ်း
ဟိုးအရင်က ညီငယ်ဆိုးသွမ်းနဲ့ ဂျီတော့ခ်မှာ စကားပြောဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ ကျောင်းစာတွေနဲ့ပဲ မအားတော့လို့လား မသိပါဘူး။ ဂျီတော့ခ်မှာ မတွေ့ရတော့ပါဘူး။ ကြည့်ရတာ သူလည်း ဂျီပုန်းဖြစ်သွားရှာပြီ ထင်တယ်။ သူနဲ့ စကားစမြည် ပြောဖြစ်တုန်းက သူရဲ့ပွင့်လင်းမှုကို မြင်မိပါတယ်။ ပကတိ ရိုးစင်းမယ်လို့လည်း ထင်ပါတယ်။ အဝေးရောက် ပညာတော်သင်ဖြစ်တဲ့ တခြားသူတွေနဲ့လည်း မတူပါဘူး။ တချို့က ကျယ်ပါတယ်။ သူ မြန်မာပြည် ပြန်ရောက်တဲ့အခါ သူ့အလုပ်ရှိရာ တောင်ပေါ်ဒေသကို လာလည်ပါလို့လည်း ကျွန်တော့်ကို ဖိတ်ထားပါတယ်။ မိန်းမတောင်းဖို့အတွက် လိုအပ်တာတွေ နိုင်သလောက် ကူညီမယ်ဆိုပဲ။

၇။ မဆုမွန်
ဘန်ဂျီခုန်တဲ့ မဆုမွန်ပါ။ ငါတို့တိုင်းပြည်လေးထဲက မဆုမွန်ပေါ့။ ထိုင်းနိုင်ငံရေး အကြောင်းတွေ ရေးပြတာများ ကိုယ်တိုင် ရောက်နေသလို ခံစားမိတယ်။ ကြိုးစား အားထုတ်ထားတဲ့ စေတနာတွေကို စာထဲမှာ မြင်မိတယ်။ စာရေးတာလည်း ကောင်းပါတယ်။ အသက်ကလည်း ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ့ခမျာ ကျွန်တော့်ကိုတော့ အစ်ကို ခေါ်လို့မရရှာပါဘူး။ ကျွန်တော်ထက် အသက်ကြီးနေလို့ပါ။ သေချာတာ တစ်ခုက သူ့ဘလော့ဂ်ကို ရုံးချိန်အတွင်းမှာ ခိုးဖတ်လို့ မကောင်းပါဘူး။ သူများတကာ မသုံးတဲ့ အစိမ်းရောင်ကြီး သုံးထားတဲ့အပြင် ဓါတ်ပုံတွေ ဝေဆာနေလို့ ရုံးအလုပ်နဲ့ မဆိုင်တဲ့ဟာမှန်း ချက်ချင်းသိစေနိုင်လို့ပါ။

၈။ မမိုးချိုသင်း
၀၀ကစ်ကစ် မချိုသင်းပါ။ စာတွေ ရေးထားတာများ အရှည်ကြီးတွေပါ။ ဖတ်ရတာ ပေါ့ပေါ့ပါးပါးလေးပါပဲ။ စာရေးတော်တယ်လို့ ပြောရမယ် ထင်ပါတယ်။ ဆွဲဆောင်မှုရှိအောင် ရေးတတ်တယ်။ အဲဒီလိုမျိုး ဖြစ်အောင် တမင်တကာ ရေးယူထားတဲ့ ပုံစံလည်း မပေါက်ပါဘူး။ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ဘ၀အစိတ်အပိုင်းတွေကို ထည့်ရေးတတ်တော့ ကျွန်တော်လို မသိသေးတဲ့ သူတွေအဖို့ အသိတိုးစေပါတယ်။ ကျွန်တော်လေးစားတဲ့ ဗိသုကာဆရာရွှေနဲ့ ရင်းနှီးကြတဲ့ မိသားစုဖြစ်နေတော့လည်း အခင်အမင် ပိုမိပါတယ်။ ခြေရာလက်ရာ ချန်စရာ နေရာ မပေးထားတဲ့အတွက် သူ့ဆီကို အလည်တစ်ခေါက် ရောက်တဲ့အခါ စာအသစ် မတွေ့ရင် နှုတ်တောင် မဆက်လိုက်ရပဲ ဒီအတိုင်းလှည့်ပြန်ခဲ့ရတာ များပါတယ်။

၉။ ဦးဂင်ကြီး
အမည်ကို သတိထားမိလိုက်လို့ပါ။ ဂင်ကြီးဆိုပဲ။ ဘာကြောင့် ဂင်သလဲတော့ ကျွန်တော် သေချာမသိပါ။ အဲဒါကို တွေ့တဲ့အခါ မေးပါအုံးမယ်။ သေချာတာက ဂီတာတီးတတ်ပါတယ်။ အနုပညာ ၀ါသနာပါပါတယ်။ အဝေးမြေကို ရောက်နေရှာတယ်။ သမီးလေး ၂ ယောက် ရှိပါတယ်။ ဘ၀အတွေ့အကြုံ စုံသလို နိုင်ငံနဲ့လူမျိုးအတွက် နိုင်သလောက် ကြိုးစားချင်နေတဲ့သူလို့ မြင်မိပါတယ်။။ သူနဲ့ လက်ဖက်ရည်ဆိုင် အတူတူထိုင်ပြီး ဟိုဟိုဒီဒီ စကားစမြည် ပြောချင်မိတယ်။ ဖြစ်နိုင်တယ် ဆိုရင်ပေါ့လေ။

၁၀။ မခင်မင်းဇော်
တကယ်တော့ သူ့ရဲ့ပီအေကြီးကို ပိုတွေ့ချင်တာပါ။ ကျောင်းတော်သားချင်း အတူတူဖြစ်လို့ ဘက်လိုက်တယ် ပြောချင်လည်း ပြောပါစေ။ ဟိုက တကယ့်ခန့်ချောကြီးပါ။ စွယ်တော်ရိပ်ခိုခဲ့လို့ ထင်ပါတယ်။ မခင်မင်းဇော်ရဲ့ ထောင်တွင်း အတွေ့အကြုံတွေ ရေးထားတာတော့ ဖတ်လို့ ကောင်းပါတယ်။ စာရေးကောင်းတဲ့ လူတွေထဲမှာ သူလည်းပါတယ်။ အဖြစ်အပျက်ကို မြင်လာအောင် ရေးတတ်ပါတယ်။ အခုချိန် ဘာလုပ်လုပ် တရားတယ်လို့ အော်နေတော့ တခါတလေ ကြောက်ရပါတယ်။ ကင်မရာကြီးနဲ့ ကောက်ပေါက်လိုက်ရင် ဒုက္ခ။

လက်ဆင့်ကမ်းရမယ်ဆိုရင်တော့
စွယ်တော်ရိပ်ခိုခဲ့တဲ့ တောင်ငူသားပါပဲ ခင်ဗျာ။

Monday, April 27, 2009

I'm a baddie

ကျွန်တော့်အတွင်းစည်းထဲမှာ ကျွန်တော်ဟာ လူကြမ်းတစ်ယောက်ပါပဲ။ အပြင်စည်းမှာတော့ အေးဆေးပါ။ လူကြမ်းဆိုတဲ့အတိုင်း လူမုန်းများပါတယ်။ လူမုန်းများတဲ့အတွက် မကြာခဏ အဆော်ခံထိပါတယ်။ မြို့မေတ္တာ ခံယူရပါတယ်။ ထင်းခွေမကြုံ ရေခပ်ကြုံဆိုသလို... အမုန်းတွေရဲ့ ဖွင့်ဟချက်တွေကို နည်းမျိုးစုံနဲ့ လက်ခံ ရရှိတတ်ပါတယ်။

မွေးကင်းစအရွယ်မှာ ထိန်းခဲ့တဲ့ ညီမ၀မ်းကွဲ တစ်ယောက်ရှိတယ်။ အသားလေးတွေ နှင်းလို ဖြူဖွေးဆွတ်နေလို့ အရမ်းချစ်ဖို့ ကောင်းခဲ့တယ်။ အစ်ကိုတွေ အစ်မတွေရဲ့ အသည်းကျော်လေးပေါ့။ အသက် ၂ နှစ်မပြည့်တဲ့ အချိန်မှာ ရှမ်းပြည်ကို ပြန်သွားခဲ့တာ အပျိုပေါက်အရွယ် ရောက်မှပဲ ရန်ကုန်ပြန်ရောက်ခဲ့တယ်။ အခုတော့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပထမနှစ်တက္ကသိုလ်ကျောင်းသူကြီး ဖြစ်နေပါပြီ။ ဟိုးငယ်ငယ်လေးကတည်းက ခွဲသွားခဲ့ပြီး ကြီးမှ ပြန်ရောက်လာတော့ အစ်ကိုဝမ်းကွဲတွေ အစ်မ၀မ်းကွဲတွေနဲ့ ထိတွေ့မှု သိပ်မရှိခဲ့ဘူး။ မိဘတွေကလည်း အလိုလိုက်ထားတော့ မရိုင်းပေမယ့် မလိမ္မာပါဘူး။ ကျွန်တော်ကတော့ အဲဒီရပ်ကွက်နားမှာပဲ သူငယ်ချင်းတွေနဲ့အတူ အိမ်ငှားနေခဲ့တော့ အဲဒီညီမလေးရဲ့ အိမ်ကို အ၀င်အထွက်ရှိတယ်။ ကျန်တဲ့ အစ်ကို အစ်မတွေကတော့ နှစ်ကူးလိုပွဲမျိုးတွေရှိမှ အဲဒီအိမ်ကို ရောက်ကြပါတယ်။ အဲဒီအိမ်မှာ အဖွားလည်း ရှိတယ်။ ဒါကြောင့် ကျွန်တော်က အဖွား အဖော်ရအောင် စကားသွားပြောလေ့ ရှိပါတယ်။

အဲဒီအိမ်ကို မရောက်တဲ့သူတွေက ညီမလေး ဆိုးတာကို မမြင်မတွေ့ရပေမယ့် တစ်လကို အခါ ၂၀ လောက် ရောက်တဲ့ ကျွန်တော့်အဖို့ အမြင်မတော်တာလေးတွေ မြင်တွေ့ရတာ မဆန်းပါဘူး။ တချို့ မောင်နှမတွေက သူဆိုးတာကို တခါတလေ တွေ့ကြပေမယ့်လည်း သူ့မိဘတွေ ငြိုငြင်မှာ စိုးလို့ မပြောကြ မဆိုကြပါဘူး။ အမုန်းမခံနိုင်တာလည်း ပါမှာပေါ့လေ။ အဲဒီမှာ လူကြမ်းကြီးက ကျွန်တော်ပါပဲ။ ကျွန်တော့်ရဲ့ နဂိုဗီဇအရလည်း အမြင်မတော်တာ တွေ့ရင် ပြောဆိုဝေဖန်တတ်တော့ လူကြမ်းနေရာက ကျွန်တော့်အတွက် ကွက်တိပါပဲ။ ကျွန်တော် ရန်ကုန်မှာ ရှိနေခဲ့တဲ့ အချိန်တွေမှာ အမြင်မတော်တာ တွေ့တိုင်း ဆူဆုံးမတဲ့ အစ်ကိုတစ်ယောက် သူ့မှာ ရှိသွားခဲ့တယ်။ အသက်ကလည်း ၁၀ နှစ်လောက် ကွာတော့ ကျွန်တော် ဆူတာကို မကျေနပ်ပေမယ့် ခွန်းတုံ့မပြန်ရဲပါဘူး။

နောက်ပိုင်းမှာတော့ ကျွန်တော် စင်္ကာပူကို ရောက်လာခဲ့တယ်။ ပြီးခဲ့တဲ့မတ်လမှာ ရန်ကုန်က တပည့်တွေက သတင်းပို့တယ်။ အစ်ကို့ညီမကို ကန်တော်ကြီးထဲက ဒေးကလပ်မှာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ တွဲကနေတာ တွေ့ခဲ့တယ်တဲ့။ နေ့လည် ၁ နာရီကနေ ၃ နာရီခွဲကျော်တဲ့အထိ အဲဒီထဲမှာ ရှိနေတယ်တဲ့။ အစ်ကိုဆီကို သတင်းပို့ဖို့ မပို့ဖို့ စဉ်းစားနေရလို့ အခုမှ ပြောဖြစ်တာပါတဲ့။ အဲဒီညက သတင်းလှမ်းပို့တဲ့ တပည့်ကို အမှုစစ်သလိုမျိုး သူမြင်ခဲ့သမျှ အကုန် မေးပစ်လိုက်တာ မနက် ၂ ချက်တီးသွားတယ်။ နောက်တနေ့ မနက်မှာ ရန်ကုန်က သူ့အိမ်ကို ဖုန်းခေါ်လိုက်တယ်။ သူ့အမေနဲ့ တွေ့ပြီး အကျိုးအကြောင်း သေချာ ရှင်းပြလိုက်တယ်။ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့လည်း အထပ်ထပ် မှာလိုက်တယ်။ မရိုက်ဖို့လည်း သတိပေးထားလိုက်တယ်။ သူ့အမေပြောပြထားလို့ ရန်ကုန်က အကြောင်းကို စင်္ကာပူမှာနေတဲ့ အစ်ကိုက သတင်းရပြီး လှမ်းတိုင်တယ် ဆိုတာတော့ သူ သိပါတယ်။ အဲဒီတော့ လူကြမ်းကြီး ကျွန်တော်ပါပေါ့ဗျာ။

အခုတလောလည်း သူငယ်ချင်းစုံတွဲကြားမှာ လူကြမ်းအဖြစ် ၀င်ပါနေရတယ်။ သူတို့ကြားမှာ အပြစ်တွေမြင်ပြီး အချစ်တွေ မ၀င်ကြပဲ အမြင်တွေ လွဲနေတာကို အမုန်းခံပြီး ၀င်ရှင်းနေမိပြန်တယ်။ စိတ်ဆိုးနေကြတဲ့ သူတွေကို အကျိုးအကြောင်း ရှင်းပြရတာ နွားကို ပလာတာ ကျွေးရသလိုပါပဲ။ မာနတွေ မိုးထိအောင် မြင့်နေတော့လည်း ဖျောင်းဖြမှုတွေက ကျွဲပါးစောင်းတီးသလိုမျိုး ဖြစ်နေရတယ်။ ငါသိငါတတ် ဆိုတော့လည်း ဘုန်းကြီးတစ္ဆေကို ကမ္မ၀ါစာ ဖတ်ပြရသလိုပါပဲ။ ဘာဆိုဘာမှ မဟုတ်တာလေးနဲ့ လမ်းခွဲသွားတဲ့ အဆင့်အထိ မရောက်စေချင်လို့ မိကျောင်းမင်းကို ရေခင်းပြနေရတယ်။ ကောင်းစေချင်လို့ ၀င်ညှိပေးနေတဲ့ စေတနာတွေကို သဲထဲရေသွန် မဖြစ်စေချင်ပါဘူး။ လောလောဆယ်တော့ ကျွန်တော့်ရဲ့ စကားလုံး မုန်တိုင်းတွေကြားမှာ နားငြီး နေမလား။ သောက်မြင်ပဲ ကပ်နေမလား။ တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်သလို နှစ်ခုစလုံးလည်း ဖြစ်နိုင်ပါတယ်။

သင်တန်းတစ်ခုက တပည့်မလေးနဲ့ ဟိုတလောက ဂျီတော့ခ်မှာ စကားပြောဖြစ်တယ်။ ရန်ကုန်မှာ လုပ်ခဲ့တဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို သွားတုန်းက သူနဲ့ ပြန်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော့်ကို မြင်တော့ မှတ်မိပြီး လာနှုတ်ဆက်ပါတယ်။ ကျွန်တော် စင်္ကာပူကို ပြန်ရောက်ပြီး နောက်ပိုင်းမှာ သူ့အစ်မကနေတဆင့် ကျွန်တော့် ဂျီမေးလ်ရပြီး ဂျီတော့ခ်မှာ စကားပြောဖြစ်ကြတယ်။ သူတို့ကျောင်းမှာ သင်တန်းဖွင့်ဖြစ်တုန်းက ကျွန်တော်က နည်းပြပေါ့။ ပြန်ဆုံတော့လည်း ဟိုအကြောင်းပြော ဒီအကြောင်းပြောဖြစ်ကြတယ်။ ပြောရင်း ပြောရင်းနဲ့ သူက လွှတ်ခနဲ ပြောလိုက်မိတယ်။ ဆရာက အရမ်းဆိုးတယ်တဲ့။ တခြားဆရာတွေလို သဘောမကောင်းဘူးတဲ့။ အမြင်ကတ်ဖို့ ကောင်းလွန်းလို့ ဆရာ့အမည်ကိုတောင် မမှတ်ထားဘူးတဲ့။

ကျွန်တော် ချက်ချင်း သဘောပေါက်လိုက်ပါတယ်။ ထုံးစံအတိုင်း လူကြမ်းကြီး ကျွန်တော် ခံရပြန်ပြီပေါ့ဗျာ။ သင်တန်းကာလမှာ ကျွန်တော်က နည်းပြအပြင် စည်းကမ်းထိန်းသိမ်းရေးတာဝန်ပါ တွဲကိုင်ခဲ့ရတယ်။ အဲဒီတော့ တချို့နေရာတွေမှာ စည်းကမ်းဖောက်တဲ့ သင်တန်းသားတွေကို မာမာထန်ထန် ကိုင်တွယ် ပြောဆိုရတာတွေ ရှိခဲ့တယ်။ နောက်ပြီး ကျွန်တော်က သင်တန်းမှာ စာမေးပွဲအဖြေလွှာ အမှတ်ခြစ်တဲ့ ခရိုင်စာစစ်မှူး။ အဲဒီတော့ သင်တန်းကာလမှာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရတာတွေ ရှိပြန်ရော။ ကျွန်တော်ကိုယ်တိုင် သင်တန်းသား သင်တန်းသူတွေနဲ့ ရောရောနှောနှော မနေပဲ သီးခြားလေး နေနေတတ်တယ်။ အရမ်းရောရင် စည်းကမ်းပိုင်းမှာ ထိန်းရခက်တယ်လေ။ အဲဒါတွေကြောင့် တပည့်တွေက ကျွန်တော့်ကို အမြင်ကတ်ကြပုံပါပဲ။

ဒါမျိုးတွေ ခါးသီးစွာ ကြုံနေရပေမယ့် ကျွန်တော် လူကြမ်းပဲ ဖြစ်ချင်နေပါတယ်။ လူကြမ်းဆိုတာ လူမုန်းခံရမယ်။ ဒါကို ကျွန်တော် သိတယ်။ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးထက်စာရင် ကျွန်တော် လူကြမ်းဖြစ်ရတာ ဂုဏ်ယူတယ်။ ပျားသကာလို ချိုမြတဲ့စကားတွေ ဖွဲ့နွဲ့ပြောပြီး နောက်ကျောကို ဓါးနဲ့ထိုးတဲ့ လူတွေထက် အမြင်မတော်တာကို ဟော့ဟော့ဒိုင်းဒိုင်း ပြောဆိုဝေဖန်တဲ့ လူကို ပိုပြီးတန်ဖိုးထားတယ်။

ကျွန်တော် ကြမ်းခဲ့တာတွေဟာ သူတို့အတွက်ပါဆိုတာ သူတို့ သိနားလည်တဲ့ အချိန်မှာ အဲဒီလူကြမ်းကြီးက သူတို့အနားမှာ ရှိနေအုံးမလားဆိုတာ မသေချာ မရေရာပါဘူးလေ။

Saturday, April 25, 2009

Need to control

အက်ရှင်မင်းသား ဂျက်ကီချန်းကတော့ တရုတ်ပြည်သူတွေ ထိန်းချုပ်မှု လိုအပ်တယ်လို့ ဟိုတလောလေးက ပြောသွားတယ်။ ထိန်းသိမ်း နေထိုင်သင့်တယ်လို့ ကျွန်တော်လည်း ပြောချင်ပေမယ့် ဂျက်ကီချန်း ပြောခဲ့တာနဲ့ မတူပါဘူး။ ဂျက်ကီချန်းက တရုတ်ပြည်သူတွေကို အဓိကထား ပြောသွားတာပါ။ ကျွန်တော်ကတော့ စင်္ကာပူမှာ နေထိုင်နေတဲ့ အနည်းငယ်သော မြန်မာအမျိုးသမီးတချို့ကို ရည်ရွယ်ပါတယ်။

ဒီစာကို ရေးသင့်မရေးသင့် စဉ်းစားပေမယ့် စိတ်ထဲမှာ ကျလိကျလိဖြစ်နေတော့လည်း နောက်ဆုံးမှာတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ချရေးလိုက်ဖို့ ဆုံးဖြတ်မိပါတယ်။ အ၀ါရောင်ဂျာနယ်လစ်ဇင် သဘောမျိုး အတင်းအဖျင်း အညှီအဟောက်တွေကို အာသာငမ်းငမ်း ရေးချင်လို့ အခုစာကို ရေးတာ မဟုတ်ပါဘူး။ ကိုညီလင်းဆက်ရဲ့ ဘလော့မှာ တင်ထားတဲ့ သင်္ကြန်ကာလအတွင်း စိမ်းလန်းစိုပြေပန်းခြံထဲက ရေကူးကန်ထဲမှာ လူမြင်မတော်တဲ့ အမှုကိစ္စတွေလုပ်နေကြတဲ့ စုံတွဲတွေအကြောင်းကို ရေးထားတဲ့ သင်္ကြန်ပြာပြာရေကူးကန်မှာ ဆိုတာကို ဖတ်မိပြီး ဒီမှာလည်း အမြင်မတော်တဲ့ ကိစ္စလေးတွေကို မဆီမဆိုင် တွေးမိပြီး ရေးချင်လာလို့ ရေးမိတာပါ။

ဟိုတလောက သူငယ်ချင်းက ကျွန်တော့်ကို ပြောပြတယ်။ သူ့အိမ်မှာ အတူစုနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ မိန်းမက အိမ်မှာနေရင် အတွင်းခံ ဘရာစီယာ မ၀တ်ပဲ နေတဲ့အကြောင်းပါ။ ဧည့်သည့်တွေ လာရင်လည်း အဲဒီပုံစံပါပဲတဲ့။ ကျောသားရင်သား မခွဲခြားတဲ့ မိန်းမမျိုးမဟုတ်ပဲ ပန်းသီးမက ကျွဲကောသီးမကျ အရွယ်ကြီးနဲ့ အတွင်းခံ မ၀တ်ပဲ အိမ်ထဲမှာ သွားလာ လှုပ်ရှားနေတာ အမြင်မတော်ဘူးဆိုတဲ့ အကြောင်းပါ။ အိမ်ထောင်ရှင် အမျိုးသမီးဖြစ်လို့ လက်လွတ်စံပါယ် နေတာမျိုးဖြစ်ပေမယ့် အိမ်မှာအတူနေတဲ့ ယောကျာ်းသားတွေအတွက် စိတ်မသက်မသာ ဖြစ်စေပါတယ်။ အနေအထိုင် ခက်စေပါတယ်။ ကာယကံရှင်အနေနဲ့ မသိတတ်တာပဲလား၊ ဆင်ခြင်ရမယ့် အပြုအမူတစ်ခုလို့ မယူဆတာပဲလား။

အဲဒီအိမ်မှာ ကျွန်တော်နေဖူးပါတယ်။ စင်္ကာပူကို အလုပ်ရှာဖို့ လာတုန်းက အိမ်ခန်းရှာမရသေးတဲ့ အချိန်အထိ အဲဒီအိမ်မှာ ၂ ပတ်လောက် ခေတ္တ နေခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဲဒီအိမ်မှာ ယောကျာ်းသားတွေပါပဲ။ ယောကျာ်းသားတွေပဲ နေကြလို့ ထမင်းစားခန်းမှာ ဧည့်ခန်းမှာ အပေါ်ပိုင်းကိုယ်ဗလာနဲ့ ဒူးထောင်ပေါင်ကား ပေါ့ပေါ့ပါးပါး နေတဲ့သူတွေ ရှိပါတယ်။ နောက်ပိုင်းတော့ အလုပ်နဲ့နီးရာ ပြောင်းကုန်တဲ့သူနဲ့ ပီအာရလို့ အိမ်ကမိန်းမကို လှမ်းခေါ်တဲ့ သူနဲ့ဖြစ်ကုန်ပြီး အိမ်မှာ ယောကျာ်းသားတွေပဲ မဟုတ်တော့ပါဘူး။ အိမ်မှာ မိန်းမသားရှိတဲ့အတွက် ယောကျာ်းသားတွေက အနေအထိုင် ဆင်ခြင်သွားပါတယ်။ ဧည့်ခန်းထဲမှာ အရင်လို ကိုယ်လုံးတီးနဲ့ မနေကြပါဘူး။ ဒူးထောင်ပေါင်ကား မနေကြပါဘူး။ ညစ်ညစ်ပတ်ပတ်တွေ မပြောတော့ပါဘူး။

ယောကျာ်းသားတွေအနေနဲ့တောင် ဆင်ခြင်နေထိုင်ပေးရင် မိန်းမသားဘက်ကလည်း အထိုက်အလျှောက် ဆင်ခြင်နေထိုင်သင့်ပါတယ်။ တစ်အိမ်တည်းနေ မောင်နှမတွေလို အကျင့်သီလ စာရိတ္တကို ယုံကြည်လို့ဆိုရင် မြန်မာပြည်က မိဘမောင်ဘွားတွေ အရှေ့မှာ အခုလိုပဲ အတွင်းခံမ၀တ်ပဲ လှုပ်လီလှုပ်လဲ့ နေထိုင်ကြပါသလား။ နိုင်ငံခြားရောက်နေပြီဆိုတိုင်း အနောက်တိုင်းဆန်ဆန် စိတ်လွတ်ကိုယ်လွတ် နေထိုင်နေတာလား။ စင်္ကာပူရဲ့ အပူဒဏ်ကို မခံနိုင်လို့ပဲ အ၀တ်တွေ လျှော့ထားတာလား။ အိမ်ထောင်ရှင်ဖြစ်နေလို့ အရှက်အကြောက်တွေကို အလေးမထားတော့တာလား။ အပျိုဘ၀တုန်းကဆို ဒီလိုမျိုး နေပါ့မလား။ လားပေါင်းများစွာနဲ့ မေးခွန်းတွေ ခေါင်းထဲမှာ အစီအရီ ပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ပါစေ တစ်အိမ်တည်းနေ အခြားသော ယောကျာ်းသားတွေ အနေမခက်စေဖို့အတွက် အဲဒီလိုဘရာစီယာမ၀တ်ပဲ မနေသင့်ဘူးလို့ပဲ ကျွန်တော် မြင်မိပါတယ်။ သိသာသိစေ မမြင်စေနဲ့ပေါ့ဗျာ။

အမြင်မတော်တဲ့ နောက်တစ်ခုက ည၀တ်ဂါဝန်ဝမ်းဆက်ကြီးနဲ့ မနက်ပိုင်းမှာ ဈေးသွားဈေးလာ လုပ်နေကြတဲ့ မိန်းမတွေပါပဲ။ မြန်မာတွေတင် မဟုတ်ပါဘူး။ ကုလားမတွေလည်း အဲဒါကြီးဝတ်ပြီး အပြင်ထွက်နေတာ တွေ့ဖူးပါတယ်။ ကိုယ့်အိမ်ထဲမှာ ဒါမျိုးဝတ်တာကို ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် ကုတင်ပေါ်တက်မယ့် ယူနီဖောင်းကြီးနဲ့ လူမြင်ကွင်းကို ထွက်လာတာ မကောင်းပါဘူး။ အဲဒါကြီး ၀တ်လို့ လှတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်ကို ခဏတဖြုတ် ထွက်တဲ့အချိန်လေးအတွက် အ၀တ်လဲရမှာကို ပျင်းပြီး အလွယ်လိုက်ကြပုံပဲ။ တောင်းမှာအကွပ် လူမှာအ၀တ်ဆိုသလို ကိုယ့်ရဲ့တန်ဖိုးကို လူတကာအလည်မှာ ချပြတာပါပဲ။ ညအိပ်ရာဝင် အလှစစ်ကို ထုတ်ကြွားသလားပဲနော်။ အဲဒီလို ညအိပ်အ၀တ်မျိုးက အပြင်ထွက်တဲ့အချိန်မှာ မ၀တ်ရဘူးလို့ ဘယ်သူမှ အမိန့်မထုတ်သလို ဘယ်ဥပဒေမှာလည်း မပြဌာန်းထားပေမယ့် လူမြင်မတော်ဘူးလို့ ရိုးသားစွာ ထင်မိတယ်။ လူမြင်မတော်တာမျိုး မဖြစ်ရအောင် အ၀တ်လဲရမယ့် အချိန်လေးကို မနှမြောသင့်ပါဘူးဗျာ။

မြင်တာတွေကို မြင်မိလို့ ပြောချင်တာတွေကို ပြောမိပါတယ်။ ထိန်းသင့်တယ်လို့ မြင်ရင် ထိန်းကြပါကွယ်။

Thursday, April 23, 2009

Dear Yesterday - 9

မနေ့က သူငယ်ချင်းရဲ့ မွေးနေ့ပါ။ ဒီကောင်နဲ့က ဆယ်တန်းအောင်ပြီးမှ တွေ့ဖြစ်ခဲ့ပေမယ့် အခုချိန်အထိ အတွဲမပျက်သေးပါဘူး။ ဒီကောင်က ဗိုလ်တထောင်ဘက်မှာ နေလို့ သူ့ကို ချီးပိုးထိုးလို့လည်း ခေါ်ကြတယ်။ ဗိုလ်တထောင်မှာ ချီးကန်ကြီးတွေ ရှိတယ်လေ။ ပေပေတေတေ စုတ်စုတ်ပြတ်ပြတ် နေတတ်ပြီး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ဗလပွနဲ့မို့ သူ့ကို နှုတ်ခမ်းမွှေးလို့လဲ ခေါ်ကြတယ်။ အခုတော့များ သန့်လို့ပြန့်လို့။ အချစ်ရဲ့ တန်ခိုးတွေပေါ့ကွယ်။ သူ့ရဲ့ ချစ်လှစွာသော မမကြောင့်ပဲလား သူကိုယ်တိုင်ကပဲ ပြင်ချင်လို့ ပြင်တာပဲလား မသိဘူး။ အရင်ကထက် ပိုပြီး သေသပ်သားနားလာတယ်။ ဘေးလူတွေအနေနဲ့ ကြည့်ရင် သိပ်မသိသာပေမယ့် ကျွန်တော်ကတော့ သူနဲ့ ၁၀ နှစ်ကျော်ကျော် တွဲလာခဲ့တဲ့ သူငယ်ချင်းဆိုတော့ သူရဲ့ ပြောင်းလဲမှုတွေကို အထင်းသား မြင်နေရတယ်။

ဒီကောင်လည်း လူတစ်မျိုးပဲ။ ပြိဿရာသီဖွား နွားသိုးကြိုးပြတ် ရှူးရှဲငနဲဆိုရင် သူမှ သူပါပဲ။ ဒီကောင်က သူငယ်ချင်းတွေအပေါ် အနွံနာခံတယ်။ ဒါပေမယ့် သဘောထားချင်း မတိုက်ဆိုင်ရင် ရှူးရှဲလုပ်တတ်တယ်။ ဒီကောင်နဲ့ တွဲလာခဲ့တဲ့ သက်တမ်းတလျှောက် ဒီကောင် ၀ူးဝါးရှူးရှဲလုပ်တာကို ခဏခဏ ကြုံဖူးနေတော့ ကျွန်တော်မှာ အရီအပြုံးတောင် မပျက်တော့ဘူး။ သူ့ဘာသာသူ ရှူးရှဲလည်း ကိုယ်ကတော့ အေးဆေးပဲ။ ဒီကောင်က ကျောင်းစာလည်း ကြိုးစားသင့်သလောက် ကြိုးစားတယ်။ ဇွဲရှိသလောက် အလုပ်တစ်ခုကို မလုပ်ချင်ရင်လည်း လှည့်မကြည့်ပဲ ပစ်ထားတတ်တယ်။ ဒီကောင်က ပေါင်းရသင်းရခက်တဲ့ လူမဟုတ်ပေမယ့် လူတွေအကြားမှာ မတူတာတော့ အမှန်ပါပဲ။ အဲဒါကြောင့်လည်း အမြုတေရှိရာ အမြုတေလာ ဆိုသလိုမျိုး ဓါတ်တူနံတူ စုမိပြီး ကျွန်တော့် သူငယ်ချင်း ဖြစ်နေတာပေါ့။ သိတဲ့အတိုင်း ကျွန်တော်ကလည်း လူ့ဂွစာပဲလေ။

ဒီကောင်အတွက် မွေးနေ့ဆုတောင်းကို မနက်ရုံးသွားတဲ့အချိန်မှာ ဖုန်းနဲ့ မတ်ဆေ့ခ်ျပို့လိုက်တယ်။ သူကတော့ ပျော်နေရှာမှာပဲ။ သူရဲ့ ချစ်မမနဲ့ ဘုန်းကြီးကျောင်းသွားမယ် ဆိုတာ သိထားတာကိုး။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာဘူး။ မမက သူ့ချိန်းထားတဲ့အချိန်အတိုင်း ဘုန်းကြီးကျောင်းကို အရောက်လာပေမယ့် သူသွားစီးချင်တဲ့ စင်္ကာပူရဟတ်ကြီးကို မလိုက်ချင်ဘူး ဖြစ်နေတယ်။ သူ့မမက ဗိုက်အောင့်နေလို့ ဆိုပြီး အကြောင်းပြတယ်။ အဲဒါနဲ့ ဒီကောင်က သူ့မွေးနေ့မှာ ချားမစီးရလို့ စိတ်တိုတော်မူတယ်။ ခက်တာပဲနော်။ အဲဒီလိုဖြစ်နေမှန်း သိရင် ဒီကောင်ကို ကျွန်တော့်ရုံးအပြန်မှာ အိမ်ခေါ်ပြီး ချားစီးခိုင်းပါတယ်။ စီးချင်တဲ့ ချားကို အ၀စီးခိုင်းပါတယ်။

အဲဒီကိစ္စမှာ ဘယ်သူမှားတယ် မှန်တယ်လို့တော့ မဝေဖန်ချင်ပါဘူးဆိုပေမယ့် တကယ်တော့ နှစ်ယောက်စလုံး အပြစ်မရှိသလို နှစ်ယောက်စလုံးမှာ အပြစ်ရှိပါတယ်။ အပြစ်မရှိဘူးဆိုတာက မွေးနေ့ရှင်ကလည်း ချစ်သူနဲ့ မွေးနေ့မှာ အမှတ်တရဖြစ်စေချင်တယ်။ သူ့မွေးနေ့ဖြစ်လို့ ချစ်မမက လိုက်လျောပေးမယ် ထင်ထားတယ်။ ဒါပေမယ့် အဲဒီအချိန် ချစ်မမမှာလည်း ဝေဒနာ ရင်မှာ ပိုက်ပါလို့ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဟိုဟိုဒီဒီ လျှောက်သွားဖို့ကို စိတ်မ၀င်စားတာ ဖြစ်နိုင်တယ်။ ဗိုက်အောင့်နေတယ် ဆိုတော့လည်း ကျန်းမာရေးအရ အနားယူသင့်တယ်။ ဒီကောင် ချိန်းတဲ့နေရာအထိ အရောက်လာတာနဲ့တင် ကျေနပ်သင့်တယ်။ အဲဒါကြောင့် အပြစ်မရှိဘူး။ အပြစ်မရှိတဲ့အတွက် ၀မ်းသာတဲ့အထိမ်းအမှတ်အဖြစ် ဆူရှီကျွေးဖို့ ပြင်ထားသင့်ပါတယ်။

အကြောင်းပြချက် သက်သက်ပေးဖို့ လီဆယ်တယ်ဆိုရင်တော့ မမမှာ အပြစ်ရှိတယ်။ ချစ်သူအပေါ် နွဲ့ဆိုး ဆိုးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကတော့ အခြေအနေနဲ့ အချိန်အခါအပေါ်မှာ ကြည့်ပြီးမှ ဆိုးသင့်တယ်။ ချစ်သူရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုသလိုမျိုး မဖြစ်သင့်ဘူး။ ဒီလိုပဲ ဒီကောင်ကလည်း ချစ်သူသက်တမ်းမှာ အချိန်ပေး နားလည် အလျှော့ပေးခဲ့သမျှ ဘာဖြစ်လို့ ဒီတစ်ခါရောက်မှ မာနတံခွန်ထူသွားလဲ မသိဘူး။ မမကို သူ့လောက် ချစ်တာလည်း သူပဲ။ မချစ်တာလည်း မဟုတ်။ အခုကျမှ မီးတောင်ပေါက်သလို ရှူးရှဲဖြစ်သွားတယ်။ ဘာမှမဟုတ်တာကို ဇာချဲ့တဲ့အတွက် ဒီကောင်လည်း အပြစ်ရှိတယ်။ အပြစ်ရှိတဲ့အတွက် ချားစီးတဲ့အခါကျရင် စရိတ်ခံခေါ်ဖို့ တာဝန်ယူသင့်တယ်။ ချားအတူတူ စီးကြတာပေါ့လေ။

မနေ့က ရုံးမှာ တရုတ်မတစ်ယောက် မြွေဖမ်းသေးတယ်။ ကျွန်တော်နဲ့ ရာထူးတူပေမယ့် ဌာနမတူတဲ့ဟာကို ဘာတွေများ ဂျေဝင်နေလို့လဲ မသိပါဘူး။ အတိုက်အခိုက်တွေ များနေတယ်။ သူ့ကိုင်ထားတဲ့ ပရောဂျက်က အချက်အလက်တွေကို စီနီယာမန်နေဂျာက လိုချင်လို့ဆိုပြီး ကျွန်တော်ဆီက လှမ်းတောင်းတယ်။ အဲဒီတော့ သူ့ဆီက တောင်းထားတာ တနေ့ကတည်းက။ သူက အလုပ်မအားလို့ ညကျရင် ပို့ပေးပါမယ်တဲ့။ ညဘက် ၁ နာရီအထိ စောင့်နေတာလည်း ဘာမှ မပို့ဘူး။ အဲဒီတော့ မနေ့က ညနေပိုင်းမှာ သူ့စားပွဲကို သွားပြီး မေးတော့ သူ ဒီလောက် အလုပ်များနေတာ မတွေ့ဘူးလား။ အချိန်မရှိဘူး။ နားလည်လား ဘာလာ ညာလားနဲ့ ကျွန်တော့်ကို ကဗျာလွတ် သိုင်းကွက်တွေနဲ့ ဆော်ပလော်တီးသွားတယ်။ သူ့ဆီ အီးမေးလ် ပို့ပြီး အခြေအနေ မေးထားတာကို သူကမှ စာမပြန်တော့ လူကိုယ်တိုင် လာမေးရတာပေါ့။ ဒါတောင် ညနေပိုင်းမှ မေးတာပါ။ မနက်ခင်းမှာ လွှတ်ပေးထားသေးတယ်။ မမေးလို့ မရတော့တဲ့အချိန်မို့ ကျွန်တော်လည်း မေးရတာပဲလေ။ မဟုတ်ရင် သူ့ပထွေးတွေကို ကျွန်တော်က ဘာပြန်ဖြေရမှာလဲ။ ကြည့်ရတာ စီနီယာမန်နေဂျာက သူ့ဆီက တိုက်ရိုက်မတောင်းပဲ ကျွန်တော့်ဆီကနေတဆင့် တောင်းခိုင်းလို့ပဲ ညစ်တွန်းတွန်းတာလား မသိပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကိုယ်က ကြားထဲကနေ ဖရီးကစ် အကန်ခံလိုက်ရတယ်။

မနေ့က တစ်ယောက်သောသူ နေမကောင်းဘူး။ အစားမှားပြီး လက်ချောင်းလေးတွေ ယောင်နေတယ်တဲ့။ ဘာစားမိလို့လဲဆိုတော့ ငါးခြောက်နဲ့ ငါးပိတဲ့။ ကြည့်ရတာ မျောက်ရောဂါ ထင်တယ်နော်။ မျောက်က ငပိဆို အသေကြောက်တာပဲလေ။ လက်ချောင်းထဲက သွေးကြောမျှင်လေးတွေ ဖောင်းတာ ဆိုပဲ။ ဘယ်ဘက်လက်ပဲ ဖြစ်တာတဲ့။ ဆေးခန်းပြပြီး ဆေးသောက်ထားတယ်။ ဒါကြောင့် ဒီနေ့တောင် အွန်လိုင်း မလာခိုင်းထားဘူး။ အိမ်မှာပဲ နားနားနေနေ နေခိုင်းထားတယ်။ မနက်တစ်ခါ နေ့လည်တခါ ညနေတစ်ခါ ဖုန်းဆက်ဖြစ်တယ်။ အဝေးကနေပဲ ဂရုစိုက်နေရတဲ့ ဘ၀ဆိုတော့လည်း အားမလို အားမရတော့ ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း အနားမှာ အတူရှိနေနိုင်ပြီး မာနတွေ ခ၀ါမချနိုင်တဲ့ ချစ်သူတွေနဲ့ ယှဉ်ရင်... ကိုယ့်အချစ်က ပိုပါတယ်လို့ပဲ ပြောရမလားပဲနော်။ အဟက်...

Monday, April 20, 2009

Incredible voice


Photo Credit: www.dailyrecord.co.uk

သူ့မအမည်က Susan Boyle။ သူမအသက်က ၄၇ နှစ်ရှိပါပြီ။ စကော့တလန်က West Lothian လို့ အမည်ရှိတဲ့ ကျေးရွာတစ်ရွာမှာ ကြောင်လေးတစ်ကောင်နဲ့အတူ မထင်မရှား နေထိုင်နေတဲ့ သူပေါ့။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အထိ သူမဟာ တကယ့်ကို မထင်မရှား အလုပ်လက်မဲ့ ကျေးတောသူတစ်ဦးပါ။ ဘုရားကျောင်းမှာ သက်ကြီးရွယ်အိုတွေအတွက် လုပ်အားပေးတစ်ယောက်အဖြစ် လုပ်ကိုင်ပေးနေတဲ့ သူမဟာ အခုချိန်မှာတော့ ကမ္ဘာတလွှားမှာ ထင်ရှားကျော်ကြားနေပါပြီ။

တတိယအကြိမ်မြောက်ကျင်းပတဲ့ The Britain’s Got Talent ရဲ့ ပွဲမှာ I Dreamed A Dream ဆိုတဲ့ သီချင်းနဲ့ ၀င်ရောက်သီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမရဲ့အိပ်မက်က အဆိုတော်တစ်ယောက် ဖြစ်ချင်တာပါလို့ ပြောတုန်းက လှောင်ပြုံးခဲ့ကြတဲ့ ပွဲကြည့်ပရိသတ်တွေ သူမ သီချင်းဆိုပြပြီးတဲ့အချိန်မှာ မရီနိုင်တော့ပါဘူး။ မတ်တပ်ရပ်ချီးမြှောက် အားပေးတဲ့ လက်ခုပ်သံတွေ အကြားမှာ... မယုံနိုင်လောက်အောင် အံ့အားသင့်နေတဲ့ ပရိသတ်တွေကြားမှာ... အကဲဖြတ်ဒိုင်လူကြီး ၃ ဦးစလုံးက အမှတ်ပြည့်ပေးတဲ့အထိ သူမရဲ့ အသံဟာ မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်လှပါတယ်။ အင်တာနက် Youtubeမှာ တင်ထားတဲ့ သူမရဲ့ သီဆိုယှဉ်ပြိုင်မှု ဗီဒီယိုဖိုင်ကို ကြည့်ရှူ့သူပေါင်း ၁၉ သန်း ကျော်သွားပါပြီ။

ချီးကျူးစကား သိပ်မပြောတတ်တဲ့ Simon
က မှတ်ချက်ပေးသွားတာကတော့...
“I knew there would be something extraordinary when I saw you up there and I was right. You’re a real little tiger aren’t you?”

အသက်ကြီးပေမယ့် မပျက်ဆီးသေးတဲ့ ရွက်ပုန်းသီးတွေဆိုတာ ဒါမျိုးတွေပဲနေမှာပါ။

Thursday, April 16, 2009

Emotion of Thingyan

သင်္ကြန်ကာလ ၄ ရက်စလုံးမှာ နေ့စဉ်မပြတ် ရုံးတက်နေရပေမယ့် စိတ်က ရန်ကုန်မှာပဲ တ၀ဲလည်လည်။ အခုအသက်အရွယ်အရ ရေဆော့ကစားဖို့ မသင့်တော်တော့ပေမယ့် သင်္ကြန်ကာလအတွင်း မြန်မာပြည်မှာပဲ ရှိနေချင်မိတယ်။ ရေဆော့ဖို့ ရေကစားဖို့ ရှိနေချင်တာမျိုး မဟုတ်တာ ကိုယ့်ဘာသာကိုယ် အသိဆုံးပါပဲ။ မြန်မာပြည်က သင်္ကြန်ကို လွမ်းတယ်ဆိုတာ ပြောမိတော့ သူငယ်ချင်းက ပြန်ပြောပါတယ်။ သင်္ကြန်သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး ရေချိုးခန်းထဲက ရေပန်းအောက်မှာ တစ်ယောက်တည်း ရေမွန်းအောင် ချမ်းအောင် ချိုးပြီး အလွမ်းဖြေပေါ့တဲ့။ ငပေါရေ... တူမှ မတူတာဟလို့ ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်။

တကယ်တော့ သင်္ကြန်ရဲ့ အငွေ့အသက်က တမျိုးတိုးတိုး ခံစားရပါတယ်။ ပူပြင်းတဲ့ နွေရာသီရဲ့ အလယ်မှာ ပက်ဖျန်းထားတဲ့ သင်္ကြန်ရေတွေကြောင့် ပတ်ဝန်းကျင်တခွင်လုံး အေးမြသယောင်ယောင် ရှိနေပါတယ်။ ရုံးပိတ်ရက် အားလပ်ရက် ဖြစ်တာကြောင့်လည်း ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာပြီး ပေါ့ပါးလန်းဆန်း နေပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ရေပက် မကစားဖြစ်ပေမယ့်လည်း ကိုယ့်ဝန်းကျင်က ကလေးတွေ လူငယ်တွေ ရေဆော့ကစားတာကို မြင်တွေ့နေရတာလည်း ကြည်နူးစရာပါပဲ။ ရပ်ကွက်တွင်းမှာလည်း တလမ်းနဲ့ တလမ်း ဆောင်းဘောက်တွေ အပြိုင်အဆိုင်ချပြီး သင်္ကြန်သီချင်းတွေ၊ ခေတ်ပေါ်သီချင်းတွေ နေ့ရောညပါ ဖွင့်ကြလို့ မြူးထူးတက်ကြွစေပြန်ပါတယ်။

သင်္ကြန်ကာလမှာ သင်္ကြန်သီချင်း အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည် ဆိုသလိုမျိုး သင်္ကြန်မိုးရုပ်ရှင်ကားထဲက သီချင်းတွေက နားဝင်ပီယံ အဖြစ်ဆုံးလို့ ခံစားမိပါတယ်။ သင်္ကြန်သီချင်းတွေထဲမှာ အကောင်းတကာ အကောင်းဆုံး လက်ရာမွန်လို့ တင်စားပြောရင် လွန်မယ် မထင်ပါဘူး။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အောင်မြင်နေတဲ့ သီချင်းကောင်းတွေပါ။ သင်္ကြန်ကာလမှာ အဲဒီသီချင်းတွေ မဖွင့်ဖြစ် မကြားရရင် သင်္ကြန်မှာ တစ်ခုခုလိုနေသလို ခံစားမိစေတဲ့အထိ စွဲဆောင်မှု အားကောင်းလှပါတယ်။

အဆိုတော် သန်းမြတ်စိုး သီဆိုခဲ့တဲ့ မြူမှောင်ဝေကင်း သီချင်းအဖွင့်လေးနဲ့ သင်္ကြန်ရဲ့ မနက်ခင်းတွေဟာ ကျက်သရေ ရှိလွန်းလှပါတယ်။ အဲဒီသီချင်းထဲမှာ ပထမဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲဗျာ။ ချစ်တဲ့တိုင်းမြန်ပြည်ကို အေးချမ်းစေချင်တဲ့ ဆန္ဒတွေကို မြင်တွေ့ရသလို ရေလောင်းတဲ့ လုံမေတွေကိုလည်း ထူးထူးကဲကဲ လှပါစေလို့ ဆုတောင်းပေးသွားတာကို သဘောကျမိတယ်။
မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ
ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု

သွန်းခါရေ အေးစေကြောင်း
လောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ...


နွေဦးရွှေမန်းမာလာ သီချင်းလေးကလည်း သင်္ကြန်နှစ်ဦး တူးပို့တူးပို့... စာသားလေးနဲ့ ကောင်းလှပါတယ်။ တူးပို့ တူးပို့ ဆိုတာ သင်္ကြန်နဲ့ခွဲလို့မရအောင် အစဉ်ယှဉ်တွဲ မှတ်မိစေခဲ့တယ်။

ရွှဲလို့စို အသဲထဲစိမ့်အောင် လောင်းလေ
နွှဲကြမယ် မရိုးတဲ့သင်္ကြန်ပွဲ
သံသာယာ အေးငြိမ့်ငြိမ့်
လေပြေမှာ ယိမ်းနွှဲ့ကာ
စိုပြေတဲ့ ပိတောက်တို့ ပွင့်ချိန်ပဲ...
နွေဦးကဗျာထဲက သီချင်းစာသားလေးပါ။ အသဲထဲ စိမ့်အောင် လောင်းလေဆိုပဲ။ မရိုးတဲ့ သင်္ကြန်ပွဲဆိုတာလည်း ဟုတ်ပါတယ်။ နှစ်စဉ်မပျက် ကျင်းပပေမယ့် ရိုးသွားတယ်ဆိုတာ တစ်ခါမှ မရှိကြပါဘူး။ နှစ်စဉ်နှစ်တိုင်း ရင်ခုန် ကြည်နူးစရာ အပြည့်ပါပဲ။

တစ်နှစ်တစ်ခေါက်တော့ ရောက်ချင်တယ် မိန်းမချောလေးရေ
ပိတောက်ပွင့်တဲ့ရက်မှာ အတူတွဲနွှဲကြမယ်...
တွေ့တော့မှ သူစိမ်းတွေလို စိမ်းမသွားနဲ့ကွယ်
တစ်နှစ်တစ်ယောက်မို့ မောင့်ကိုလေ စွန့်ခွါမှာလား...
ပိတောက်တစ်မျက်နှာ ဆိုတာကလည်း သင်္ကြန်ကာလရဲ့ လူငယ်သဘာဝ ရင်ခုန်ဖွယ် အချစ်ဇာတ်လမ်းတွေကို ကိုယ်စားပြုသလိုလိုပဲ။ အဲဒီလို သင်္ကြန်မှာ အစပြုပြီး အတည်အတန့် ဖူးစာဖက် အိမ်ထောင်ဘက်တွေအထိ ဖြစ်သွားကြသလို ခဏတဖြုတ် ချစ်ကြိုက်ကွဲတွေလည်း မြင်ဖူးပါတယ်။

စကားတစ်ခွန်းတော့ ပြောချင်တယ် ခွင့်လွှတ်လိုက်ကွယ်
ဖလားလေးနဲ့ နှစ်ယောက်အတူ ရေသွားပက်ကြမယ်...
အဲဒီလို ဖလားလေးနဲ့ ရေပက်ကြတဲ့ခေတ်တွေကို ပြန်လွမ်းမိတယ်။ အခုတော့ ပိုက်တွေနဲ့ပဲ ထိုးနေကြတယ်။ ရေဖလားလေးနဲ့ ပခုံးကနေ လောင်းကြတဲ့ ပုံစံလေးက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းတယ်လို့ မြင်မိတယ်။ တချို့ဆို ဖလားထဲက ရေအေးအေးမှာ ရေမွှေးတွေတောင် ရောထားကြသေးတယ်။ သပြေခက်တွေတောင် ပါလိုက်သေးတယ်။

သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ
လောင်းကာပက်ကာ မောင်ရင်းနှမပမာ ကြည်လင်စွာ
သြော် ရေကစားမှာ ရေကစားမှာ
ညိုမြတော့ ခေါ်ခံနိုင်ဘူးဆရာ...
ငယ်ငယ်တုန်းက ညိုမြဆိုတာ ဘာမှန်းကို သေချာမသိခဲ့ဘူး။ တောဆန်ဆန် အမည်တစ်ခုလို့ပဲ တုံးအစွာ ထင်ထားခဲ့တယ်။ လမ်းထဲမှာလည်း မညိုကြီးလို့ ခေါ်တဲ့ အစ်မကြီးတစ်ယောက်လည်း ရှိတော့ သူ့ကိုပဲ ခေါ်နေသလားပေါ့။ နောက်ပိုင်း မာမားကို မေးကြည့်တော့မှ သိတော့တယ်။ အဲဒီ ညိုမြသီချင်းကိုလည်း ဖျက်ဆိုထားတာ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဘော်လီ မပါဆိုတာလေ။ အဲဒီလိုမျိုး ဘော်လီမပါပဲ ရေကစားတာမျိုး ရှိနေတာကို သင်္ကြန်လည်တုန်း အမှတ်မထင် မြင်ဖူးပါတယ်။ အမှတ်မထင် ဆိုပေမယ့် ၃ ခါလောက်ကို တွေ့ဖူးပါတယ်။ အဲဒီတုန်းက ညိုမြသီချင်းတောင် သတိရသွားတယ်။

နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ်
မောင်ကြီး လာပါမယ် လာပါမယ်

ဒီနှစ်ကိုလည်း ဆီးလို့ကြိုကွယ်
နောက်နှစ် လာပါမယ် လာပါမယ်

သာယာစေကွယ် သဒ္ဓါတွေပိုတယ်
တီးဆိုလို့နေမယ်

ပြန်ပါအုံးမယ် ပြန်အုံးမယ်
နှုတ်ခွန်းဆက်ပါတယ်...

နှုတ်ခွန်းဆက် ဆိုတဲ့ သီချင်းလေးကလည်း သင်္ကြန်အတက်နေ့တွေမှာ နားထောင်လို့ အကောင်းဆုံးလို့ ထင်မိပါတယ်။ ရေပက်မဏ္ဍပ်တွေအရှေ့ သင်္ကြန်ကားပေါ်တွေကနေ အဲဒီသီချင်းတွေကို အော်ဆိုပြီး နှုတ်ဆက် လက်ပြသွားတဲ့ ကာလသားတွေကို မြင်ယောင်မိစေတယ်။

ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက် တင့်မှာမို့
မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သင်္ကြန်အခါ
လန်းဆန်းတဲ့မိုးရေ မိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်အုံး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရယ် စိုရုံဖျန်းပက်အုံး...
သင်္ကြန်မိုးဆိုတဲ့ သီချင်းလေးကြောင့် သင်္ကြန်မှာ ရွာမယ့်မိုးပြေးလေးကို ဘာရယ်မဟုတ် မျှော်လင့်စောင့်စား တမ်းတခဲ့ဖူးတယ်။ ပိတောက်ပန်းကို စွဲစွဲလန်းလန်း မကြိုက်ပေမယ့် ခါသင်္ကြန်မှာ ပန်းပိတောက်တွေ ပွင့်နေရင် ပျော်မိတယ်။ အခါလွန်မှ ရွာတဲ့မိုးထက်စာရင် သင်္ကြန်အမီ ရွာတဲ့ မိုးပြေးတွေကို ချစ်မိတယ်။ သင်္ကြန်မိုးဆိုတာ ပွဲဖျက်တဲ့ မိုးမဟုတ်တဲ့ ချစ်စရာ မိုးပြေးလေးတွေပေါ့။

သင်္ကြန်ကာလအတွင်း သင်္ကြန်သီချင်းတွေ နားထောင်ရင် ဟိုဟိုဒီဒီ ပေါ်လာတဲ့ အတွေးစတွေကို အလွမ်းပြေ ရေးချလိုက်တာပါ။ သင်္ကြန်သီချင်းတွေ နားထောင်တော့ အလွမ်းက မပြေတဲ့အပြင် ပိုလို့တောင် လွမ်းလာလို့ သင်္ကြန် ၄ ရက်စလုံးမှာ ရန်ကုန်ကိုတောင် ဖုန်းခေါ်မိတယ်။ ဖုန်းခေါ်တော့လည်း ဖုန်းထဲကနေ သင်္ကြန်ရဲ့ အငွေ့အသက် အသံဗလံတွေကို ကြားရတော့ နှစ်ဆတိုးပြီး လွမ်းသွားတယ်။ အလွမ်းတွေ ပင်ဆင့်သွားပြီလေ။

လွမ်းတယ် သင်္ကြန်ရယ်... ဘာရယ်မဟုတ် လွမ်းမိတယ်။

Tuesday, April 14, 2009

Rose and Gun


Photo Credit: MSNBC

A Thai man hands flowers to soldiers during a protest in Bangkok on Monday.

သွေးထွက်သံယို ပဋိပက္ခတွေ၊ ရန်စောင်မုန်းတီးမှုတွေကြားမှာ
အမှတ်မထင် မြင်လိုက်ရတဲ့ ဓါတ်ပုံလေးကို သဘောကျနှစ်ခြိုက်လွန်းလို့ပါ။

Sunday, April 12, 2009

Past Moments of Thingyan

သင်္ကြန်ဆိုတာ မြန်မာပြည်ရဲ့ ချစ်စရာကောင်းတဲ့ နှစ်သစ်ကူး ရိုးရာပွဲတော်လေးတစ်ခုပါ။ မြန်မာပြည်မှာ ပေါက်ဖွားရှင်သန်ခဲ့တဲ့ ကျွန်တော့်မှာလည်း သင်္ကြန်ရဲ့ အမှတ်တရအချိန်တွေ အနည်းနဲ့အများဆိုသလို ရှိနေမှာ အသေအချာပါပဲ။ အဲဒါတွေကို ရိပ်မိထားပုံရတဲ့ မိုးခါးက အမှတ်ရနေသော သင်္ကြန်အချိန်လေးများအကြောင်း ရေးပေးပါဆိုပြီး Tagလိုက်လို့ လွမ်းမောဖွယ်ရာ အတိတ်ကမ္ဘာဆီကို အတွေးစင်္ကြာဖြန့်ရပါအုံးမယ်။

ဟိုးငယ်ငယ်ကလေးဘ၀ကနေ အလယ်တန်းကျောင်းသားဘ၀အထိ သင်္ကြန်ဆိုတာ ကျွန်တော်နဲ့ သက်ဆိုင် ဆက်နွယ်မှု မရှိခဲ့ပါဘူး။ သင်္ကြန်အတွင်းမှာ အပျော်လွန်နေပြီး သတိလက်လွတ် မောင်းတတ်တဲ့ ကားတွေရဲ့ အန္တရာယ်ကို စိုးရိမ်ရှာတဲ့ မာမားက ကျွန်တော်တို့ကို သင်္ကြန်မှာ အိမ်ပြင်ထွက်ခွင့် ပိတ်လေ့ရှိပါတယ်။ စည်းကမ်းကြီးတဲ့ မာမားရဲ့ ထိန်းကွပ်မှုအောက်မှာ သူများတကာတွေ ပျော်နေကြတဲ့ သင်္ကြန်ဆိုတာကို ကားဂိုဒေါင်ထဲကနေ ချောင်းကြည့်ခဲ့ရတယ်။ အိမ်မျက်စောင်းထိုးမှာ ဆောက်ထားတဲ့ အုန်းလက်မဏ္ဍပ်က သင်္ကြန်သီချင်းတွေကို နားထောင်ရင်း သင်္ကြန်ကားတွေ လမ်းထဲကို ၀င်လာတဲ့အချိန်ကို မျှော်နေမိတတ်တယ်။ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ အိမ်ရှေ့လမ်းပေါ်မှာ ရေပက်ဆော့ကစားနေတဲ့ အရွယ်ပေါင်းစုံ ပျော်ရွှင်နေတာကို အိမ်ထဲကနေ လှမ်းကြည့်ပြီး အပျော်တွေ ကူးနေခဲ့မိတယ်။

တခါတလေတော့ ပါပါးက ရေထွက်ပက်ခွင့်ပေးပါတယ်။ အများအားဖြင့် အတက်နေ့ ညနေပိုင်းလောက်ပေါ့။ ကျွန်တော်တို့တွေ တခုခုဖြစ်မှာ စိုးရိမ်လို့ သူကိုယ်တိုင်လည်း ကျွန်တော်တို့အတွက် ရေခပ်ပေးရင်း အနားမှာ အချိန်ပြည့် စောင့်နေပေးပါတယ်။ အတက်နေ့မို့လို့ အပီအပြင် ဆော့ရမယ် မထင်ပါနဲ့။ သုံးနာရီလောက် ရေဆော့ပြီးရင် အိမ်ထဲပြန်ဝင်ဖို့ မာမားက လှမ်းခေါ်ပါပြီ။ သူများတကာတွေတော့ အရှိန်ကောင်းနေတုန်းပေါ့။ ရေခွက်လေးနဲ့ ရေပက်ခဲ့ရတဲ့ ကလေးဘ၀မှာ စတီးရေပြွတ်ကို လိုချင်ခဲ့မိတယ်။ အဲဒါကိုလည်း ပါပါးပဲ ၀ယ်ပေးခဲ့တာပါ။ ဒါပေမယ့် အတက်နေ့လောက်ပဲ ရေဆော့ရတော့ ရေပြွတ်တွေလည်း အသစ်အတိုင်းပါပဲ။ ရေပြွတ်ထဲက ၀ါရှာတွေလောက်ပဲ ဆွေးကုန်တာရှိတယ်။

တက္ကသိုလ်ကျောင်းသားဘ၀ ရောက်တော့ သင်္ကြန်ကားနဲ့ အလည်ထွက်ဖူးတယ်။ ကျောင်းက မိန်းခလေး သူငယ်ချင်း အရင်းအခြာကြီးတွေ ရေပက်ခံထွက်မယ့်ကားမှာ ယောကျာ်းလေး အင်အားနည်းလို့ အဖော်အဖြစ် လိုက်ပေးဖူးတယ်။ သူငယ်ချင်းတွေရဲ့ မိဘကလည်း ပြောပါတယ်။ နင်တို့က ကျားမဟုတ်တဲ့ ကျားတွေဖြစ်လို့ ငါ့သမီးကို လွှတ်တာတဲ့။ နင်တို့တွေ မပါရင် ငါတို့ စိတ်မချဘူးတဲ့။ အဲဒါနဲ့ပဲ အဲဒီသင်္ကြန်ကားပေါ်မှာ ကျွန်တော်တို့တွေ မိန်းမစိုးဘ၀ကို ရောက်ရပါလေရော။ ကြက်သားပေါက်လေးတွေကို တောင်ပံကြီးဖြန့်ပြီး ကာနေရတဲ့ ကြက်မကြီးကို ဖြစ်ရောပဲဗျာ။ ပျော်သလားဆိုတော့ လွတ်လွတ်လပ်လပ် မဟုတ်တဲ့အတွက် မပျော်မိသလိုပဲ။ အင်းလျားလမ်းမှာလည်း ကားလမ်းပိတ်မိပြီး တနေကုန်လုံး နေခြောက်လှန်းခံလိုက်ရတော့ အီစလံဝေသွားတာပါပဲ။ အင်းလျားလမ်းကို ကျွန်တော်တို့ရေပက်ခံကား ၀င်နိုင်တဲ့အချိန်မှာ တချို့မဏ္ဍပ်တွေ ပိတ်ကုန်ပြီ။ အဲဒီတော့ ရေလည်း မစိုဘူးပေါ့။

ကျောင်းပြီးသွားပြီးနောက် ကိုယ်ပိုင်စီးပွါးရေး လုပ်ဖြစ်တော့ သင်္ကြန်ထွက်လည်ဖြစ်သေးတယ်။ ရပ်ကွက်ထဲက သူငယ်ချင်း ဆိုးပေတွေနဲ့ပေါ့။ သူတို့တွေက ကိုယ်ပိုင်အတွဲလေးတွေ ရှိကြတော့ ကားပေါ်မှာ ပါလာတဲ့ မိန်းမသားတွေအတွက် ကျွန်တော်မှာ တာဝန်မရှိပါဘူး။ ကိုယ့်အတွဲ ကိုယ်တာဝန်ယူပေါ့။ တာဝန်ရှိတာက ရေနွေးကြမ်း သောက်လွန်းတာကို ထိန်းရတာ တစ်ခုပါပဲ။ ရေနွေးကြမ်း သောက်ပြီးရင် အေးဆေးနေကြပေမယ့် လာထိမိရင် ပါးပြင်ထောင်တတ်တဲ့ မြွေဟောက်တွေလို လက်စလက်န ပြင်းကြတယ်။ ဒါကြောင့် သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေရတယ်။ သင်္ကြန်ကားပေါ်မှာ ဒုတ်၊ တင်းပုတ်၊ သံလက်သီး၊ ချိန်းကြိုး၊ ဘော့စ်ဘောရိုက်တံ ဘာတစ်ခုမှ မပါလာတာတောင် ကားရှေ့ခန်းထဲမှာ ၀က်အူလှည့် သွားနှိုက်နေလို့ ပြန်လုနေရသေးတယ်။ အရက်မူးပြီး ကားပေါ်ကနေ ပြုတ်ကျတဲ့ကောင်ကလည်း ရှိသေးတယ်။ အခုချိန်ထိ ဘ၀တလျှောက်လုံးမှာ သင်္ကြန်ရေပက်ခံထွက်ဆော့တာ ၂ ခါပဲ ရှိခဲ့ဖူးတယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ လည်တဲ့အခေါက်ထက် ဆိုးပေတွေနဲ့ ကဲရတဲ့အခေါက်က ပိုပျော်ဖို့ ကောင်းတယ်။ စိတ်လက်ပေါ့ပါးတယ်။

အိမ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အထိန်းအကွပ်အောက်မှာ မရှိတော့တဲ့အချိန်... ကျန်တဲ့နှစ်ရဲ့ သင်္ကြန်တွေမှာ ဘာလုပ်သလဲဆိုတော့... တရားစခန်းဝင်တာ ၂ နှစ်ရှိဖူးတယ်။ တစ်ခါက ပုလုကွေးနဲ့ပေါ့။ လှည်းကူးက အောင်သုခကျောင်းမှာ ၁၅ ရက်စခန်းဝင်ခဲ့တယ်။ နောက်တစ်ခါက သန်လျှင် အောင်သုခကျောင်းမှာပါ။ အဲဒီမှာ ရပ်ကွက်ထဲက ဆိုးပေလေးတွေကို တရားစခန်း သွင်းပေးနိုင်ခဲ့တယ်။ တချို့နှစ်တွေမှာတော့ ရပ်ကွက်ထဲမှာပဲ အေးအေးဆေးဆေး နေတတ်တယ်။ စာအုပ်လေး ဖတ်လိုက် ရုပ်ရှင်လေး ကြည့်လိုက်ပေါ့။ ညနေပိုင်းမှာဆို လက်ဖက်ရည်ဆိုင် ထိုင်ပေါ့။

သင်္ကြန်အတွင်း မီးလောင်ပြင်နှစ်ခုမှာ ကူညီဖူးတယ်။ သူများတွေက ပျော်ပျော်ရွှင်ရွှင် ရေပက်နေတဲ့အချိန် ကိုယ်တွေက မီးသတ်နေတဲ့အထဲ ရောက်နေတယ်။ တစ်ခုက ဖော့ကန်မှာ လောင်တာ။ တစ်ခုက အအေးခန်း မီးလောင်တာ။ အအေးခန်းက ၀ါယာရှော့ခ်ဖြစ်ပြီး မနက်ကတည်း မီးလောင်နေတာပါ။ တငွေ့ငွေ့ပေါ့။ ဒါပေမယ့် မီးသတ်ဌာနကို အကြောင်းမကြားပဲ ကျိတ်ငြိမ်းကြတယ်။ နေ့လည့်ကျမှ မီးသတ်ဌာနကို သတင်းပို့တော့ မီးက အအေးခန်းရဲ့ နံရံတွေကြားမှာ လှိုက်ပြီး လောင်နေပြီ။ မီးတောက် မကြီးပေမယ့် ဖော့တွေကို လောင်တာဆိုတော့ မီးခိုးတွေ အရမ်းများလွန်းတယ်။ အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အအေးခန်းထဲဝင်ပြီး မီးငြိမ်းနေကြတဲ့ မီးသတ်ရဲဘော်တွေ မူးမေ့လဲကျတယ်။ အသက်ရှုကိရိယာတွေက လုံလောက်မှုမရှိတော့ မျက်နှာကို ရေစိုဝတ်လေးအုပ်ပြီး မီးသတ်နေကြရတယ်။ ကျွန်တော်တို့ကတော့ မူးလဲကျတဲ့သူတွေကို အပြင်ဆွဲထုတ်ပြီး သတိရအောင် ပြန်လုပ်ပေးခဲ့ရတာပေါ့။ အဲဒီမှာ ကြောက်ရတာက ဂတ်စ်အိုးတွေပဲ။ အဲဒီအိုးတွေ ထပေါက်ရင် ရပ်ကွက်တစ်ခုလုံး ပျောက်သွားနိုင်တယ်။ ရပ်ကွက်တောင် ပျောက်သွားနိုင်တယ် ဆိုမှတော့ အဲဒီနေရာမှာ ရောက်နေတဲ့ ကျွန်တော်လည်း အစအန ဘယ်ရှာရနိုင်မလဲ။ စိုးတထိတ်ထိတ်ပါပဲ။ နောက်နေ့မှာ အိမ်က သိသွားတော့ အဆူခံထိပါလေရော။

မှတ်မှတ်ရရတစ်ခုက ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ရဲ့အဖေ သင်္ကြန်အတွင်းမှာ လူကြီးရောဂါနဲ့ ဆုံးသွားတဲ့အတွက် နာရေးကို အစအဆုံး ကူညီဖူးတယ်။ သူရဲ့ မိသားစုဝင် အားလုံးက သင်္ကြန်အတွင်းမှာ ဘုန်းကြီးဝတ်၊ သီလရှင်ဝတ်နေတော့ ရပ်ကွက်က လူတွေနဲ့ပေါင်းပြီး နှစ်ဆန်း ၁ ရက်နေ့ မရောက်ခင် အပြီး စီစဉ်ခဲ့ရပါတယ်။ ရေပတ်ခံကားတွေ ပိတ်နေတဲ့ လမ်းတလျှောက် နာရေးလိုက်ပို့တဲ့ကားတွေ ထွက်လို့ရအောင် လုပ်ခဲ့ရတယ်။ ဒါတောင် မီးသဂြိုလ်ခွင့် စာရွက် အသုဘအိမ်မှာ ကျန်ခဲ့လို့ တစ်ခေါက် ပြန်ယူရသေးတယ်။ ထိန်ပင် အသွားအပြန် ရေပက်ခံ ထွက်သလားမှတ်ရတယ်။ ရေကို မွန်းနေတာပါပဲ။

အခုတော့ သင်္ကြန်မိုးသီချင်းလေးနဲ့ပဲ...

လက်ဆင့်ကမ်းမယ့် စာရင်းဝင်သွားသူကတော့...
လှိမ့်တိုင်းထွက်တဲ့ မ၀ါဇီ (ခ) အယ်ဂျုနို
ဆင်ဆာမလွတ်ရှာတဲ့ ဗီလိန်

Friday, April 10, 2009

Whatever you are

ဘာဖြစ်ဖြစ်ချစ်တယ်

တဒင်္ဂလေးအတွင်းပိုင်းမှာ
တခဏလေးအတွင်းပိုင်းမှာ
မယုံနိုင်အောင် ဆွဲဆောင်သူပါ
နင်လိမ္မာလည်း ချစ်ပါ့မယ်
အပေအတေဆိုလည်း ချစ်ပြမယ်
မင်းဘက်က အမြဲရပ်တည်မှာ...

နင်ဘာပဲဖြစ်ဖြစ် ချစ်မယ်
မလိမ်မညာပါ ကျိန်ပြောရဲတယ်...

ဆံပင်ရှည်လေးနဲ့ လိုက်တယ်
ဆံပင်အတိုထားလည်း ကြိုက်တယ်
ဘယ်လိုပြင်ပြင် လှနေတာပဲ
အာရုံနောက်လည်း ချစ်ပါ့မယ်
အနိုင်ယူနေလည်း ချစ်ပြမယ်
မင်းဆိုးသမျှ သည်းခံပါ့မယ်...

နင်ဘာပဲဖြစ်ဖြစ် ချစ်တယ်
မလိမ်မညာပါ ကျိန်ပြောဝံ့တယ်...


ဆံပင်တွေဖြူတဲ့အထိ ချစ်မယ်
ပါးရေတွေတွန့်သွားလည်း ချစ်မယ်
ကိုယ့်အချစ်က ရိုးမြေကျပဲ
ဖေဖေဆူလည်း ကြိုးစားမယ်
မေမေဆူတော့ ခိုးပြေးမယ်
ကိုယ့်အချစ်က ပြတ်သားပါတယ်...

နင်ဘာပဲဖြစ်ဖြစ် ချစ်မယ် ကလေးရယ်
မင်းဘက်က လိုက်လျောရုံပဲ

နင်ဘာပဲဖြစ်ဖြစ် ချစ်တယ် ကလေးရယ်
မင်းဘက်က လိုက်လျောသင့်တယ်...


တေးရေး/တေးဆို ဟဲလေးပါ။ သီချင်းခေါင်းစဉ်က ဘာဖြစ်ဖြစ်ချစ်တယ် ဆိုပဲ။ Youtube မှာလည်း အဲဒီသီချင်း ရှိပါတယ်။ ဟဲလေးရဲ့ သီချင်းတွေ အတော်များများကို သဘောကျမိတယ်။ သူဆိုထားတဲ့ ကြင်ယာဖက်ဆိုတဲ့ သီချင်းလေးလည်း ကောင်းတယ်။ ဟဲလေးပါတဲ့ TEEN အဖွဲ့ကိုလည်း စကတည်းက သဘောကျမိတယ်။ သူတို့သီချင်း အေးအေးလေးတွေက နားထောင်လို့ ကောင်းတယ်။ နောက်ပိုင်းမှာတော့ ဟဲလေးတစ်ယောက်ပဲ ချွန်ထွက်လာတယ်။ ကျန်တဲ့သူတွေ သိပ်မတွေ့မိတော့ဘူး။

အဲဒီသီချင်းက ထွက်တာ ကြာနေပြီဖြစ်ပေမယ့် ကျွန်တော် နားမထောင်ဖူးသေးပါဘူး။ တစ်ယောက်သောသူက ရှေ့မတ်လလေးတင် ဂျီမေးလ်နဲ့ ပို့ပေးလိုက်တဲ့အတွက် အဲဒီသီချင်းကို ကျွန်တော် နားထောင်ဖူးသွားတာပါ။ သီချင်းစာသားတွေက အတော်ကောင်းလွန်းလို့ အဲဒီသီချင်းကို သဘောကျမိတယ်။ သူ့ကို ပြောပြချင်နေတဲ့ ရင်တွင်းစကားတွေက သီချင်းထဲမှာ ပါပြီးသားဖြစ်နေလို့ ရင်ခုန်သံ ထပ်တူဖြစ်တယ်လို့ ပြောလို့ရတယ်။ ဖေဖေဆူလည်း ကြိုးစားမယ်။ မေမေဆူတော့ ခိုးပြေးမယ်တဲ့။ တခါတည်း နည်းလမ်းပါ ပေးထားသလိုပဲ။ ဒါပေမယ့် သီချင်းထဲမှာ ဆံပင်ရှည်ရော ဆံပင်အတိုရော ပါပေမယ့် ကတုံးဖြစ်နေတယ်ဆိုရင်ရော ချစ်လား မချစ်ဘူးလားဆိုတာတော့ မပါထားဘူး။ ဘာရယ်တော့ မဟုတ်ပါဘူး။ သတိထားမိတာပါ။

Tuesday, April 7, 2009

Digging the old posts

ကျွန်တော် ရေးခဲ့သမျှလေးတွေကနေ ဒုတိယအကြိမ်မြောက် ထုတ်ဝေခြင်း လုပ်ပေးအုံးပါဆိုတဲ့ Tag လေးကို မျောက်နှစ်ဖွားမမသီရိက လက်ဆင့်ကမ်းလို့ ရေးရပါအုံးမယ်။ အဲဒီလို ပုံစံမျိုးလေးကို Blog စစချင်းမှာလည်း ရေးခဲ့ဖူးတယ်။ နှစ်ခုစလုံးက Tag Game တွေပါပဲ။ တစ်ခုက အကြိုက်ဆုံးငါးခု ရွေးပေးရတာပါ။ ၂၀၀၇ စက်တင်ဘာလမှာ မွန်းသက်ပန်(ဆေး-၁)က ရေးခိုင်းခဲ့တာပါ။ နောက်တစ်ခုက ၂၀၀၈ စက်တင်ဘာလမှာ ရေးတင်ခဲ့တဲ့ လတ်တလော ခံယူချက် အမြင်လေးတွေ ဆိုတာလေးပါ။ ရွှန်းမီ ရေးခိုင်းတဲ့ ကျွန်တော်ရဲ့ ခံယူချက်အမြင်တွေကို ရေးပေးရင်း ပြန်လည် ဖတ်ရှုသွားစေချင်တဲ့စာတွေကို ကိုယ့်ဘာသာ ရွေးထုတ်ပြီး လင့်ခ်တွေ ချိတ်ပေးခဲ့ပါတယ်။ ကြော်ငြာထိုးသွားတာမျိုးပေါ့။

အခုချိန်မှာ ပြန်လှည့်ကြည့်တော့ ရေးခဲ့သမျှမှာ ကိုယ်ရေးကိုယ်တာတွေ အများသား။ သီချင်းတွေ ခံစားလိုက်၊ ဓါတ်ပုံတွေ ရိုက်လိုက်၊ သွားခဲ့ လာခဲ့သမျှတွေ ရေးလိုက် စုံစိနဖာပါပဲ။ တနည်းပြောရရင်တော့ အရည်မရ အဖတ်မရတွေပေါ့။ အရင်တုန်းက ပညာပေးလေးတွေ ရေးဖြစ်ခဲ့ပေမယ့် နောက်ပိုင်း အဖျားရှူးသွားမိတယ်။ ပညာပေးတွေကြီးပဲ မရေးချင်တာလည်း ပါပါတယ်။ စာသင်နေတဲ့ ကျောင်းလည်း မဟုတ်ဘူးလေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမယ့် အချိန်နား နီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဝေဖန်ထားတဲ့ စာတွေကို တဆင့်ပြန်လည် ဝေမျှပေးခဲ့ဖူးပါတယ်။ အခြေခံဥပဒေကြီးကို ဖတ်ထားပြီး အသေအချာ ရှင်းပြ ဝေဖန်ထားတဲ့ စာတွေကို ဖိုရမ်တစ်ခုမှာ ဖတ်မိပြီး တခြားသူများလည်း ဖတ်စေချင်တဲ့အနေနဲ့ ၂၀၀၈ ခုနှစ် မတ်လနဲ့ ဧပြီလအတွင်းမှာ စုစုပေါင်း ၁၄ စောင်တိတိ တင်ဖြစ်ခဲ့ပါတယ်။ မသိမမြင်ခဲ့တဲ့ အရာတွေ၊ မတွေးဖူးခဲ့တဲ့ အရာတွေ အဲဒီစာတွေမှာ တွေးတောဖော်ပြထားပါတယ်။

၂၀၀၈ ဇွန်လအတွင်းမှာ ရေးခဲ့တဲ့ စာနှစ်စောင်ကလည်း ကျွန်တော့်ကို ခြံစည်းရိုး ခွထိုင်သူအဖြစ် အမည်ပေး ကင်ပွန်းတပ် တံဆိပ်အကပ်ခံခဲ့ရပါတယ်။ အဲဒီစာနှစ်စောင်ကို တင်တဲ့ရက်က ၁၀ ရက်တိတိပဲ ကွာပါတယ်။ အမှန်ကတော့ ကျွန်တော်က ခြံစည်းရိုး ခွထိုင်တာ မဟုတ်ပါဘူး။ ကျွန်တော့် ခံယူချက်အတိုင်း ကျွန်တော် နေခဲ့တာပါ။ ဘာကောင်ကြီး ဖြစ်နေဖြစ်နေ... ဘယ်သူ မှန်တယ် မှားတယ်ဆိုတာကို ကျွန်တော် လုံးဝ စိတ်မ၀င်စားပါဘူး။ ဘာတွေလုပ်ပြီး မှန်နေလဲ ဆိုတာပဲ ကျွန်တော့်အတွက် အရေးကြီးပါတယ်။

၂၀၀၈ မေလမှာ ရန်ကုန်ရောက်နေပြီး နာဂစ်နဲ့တည့်တည့်တိုးလို့ စာတွေ သိပ်မရေးဖြစ်ခဲ့ပါဘူး။ ဇွန်လမှာ ပွဲဦးထွက် ရေးမိတဲ့ စာကတော့ "နှစ်အကူးမှာတော့ ပုရစ်ဖူးတွေ ဝေကြပေလိမ့်မည်"ဆိုတာကို ရေးတဲ့ ဆောင်းပါးရှင် လှိုင်အောင်ကို ရည်ညွှန်းပြီး ရေးခဲ့တဲ့ ပြန်စာတစ်ခုပါ။ ကြေးမုံသတင်းစာ ၂၀၀၈ မေလ ၂၉ ရက်နေ့ထုတ် စာမျက်နှာ ၈ မှာပါလာတဲ့ ဆောင်းပါးလေးပါ။ ဆောင်းပါးမှာပါတဲ့ အချက်အလက်တွေက နာဂစ်ကို နဖူးတွေ့ဒူးတွေ့ ကြုံလာတဲ့ ကျွန်တော့်အဖို့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတာနဲ့ မနေနိုင် မထိုင်နိုင် အမုန်းဆေးဖော်ခဲ့မိတယ်။

အဲဒီလိုပဲ ခေတ်ပြိုင်က ဇွန်လ ၉ ရက်နေ့မှာ တင်ထားတဲ့ သတင်းတစ်ခုနဲ့ ပတ်သတ်ပြီး အဖြစ်မှန်ကို ရှင်းလင်း တင်ပြဝေမျှဖို့ လိုအပ်တယ်လို့ ခံယူပြီး အခမဲ့ရှေ့နေလိုက်ခဲ့တယ်။ အဲဒါနဲ့ သတင်းအမှန်ရဲ့နောက်ကွယ်က အမှန်တရားဆိုပြီး စာတစ်စောင် ရေးဖြစ်ခဲ့တယ်။ သတင်းကြောင့် စေတနာအရင်းခံပြီး အချိန်ပေးကူညီ လုပ်ကိုင်ပေးနေတဲ့သူတွေကို စိတ်မပျက်စေချင်ဘူး။ ပွဲပြီးမှ အလံဝင်ထူတတ်တဲ့ ဝေလေလေကောင်တွေ အချောင်နေရာဝင်ယူမှာကို မလိုလားမိဘူး။ ဒါကြောင့် သတင်းရဲ့ နောက်ဆက်တွဲကြောင့် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ မဖြစ်စေချင်လို့ နိုင်သလောက်လေး ဖြေရှင်းပေးခဲ့တာပါ။ ဒီလိုနဲ့ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းခဲ့တယ်ပေါ့ဗျာ။

ဒုတိယအကြိမ် ထုတ်ဝေခြင်းအတွက် ရွေးထားတဲ့ စာကတော့ ၂၀၀၈ ဖေဖော်ဝါရီမှာ ရေးခဲ့တဲ့ သူတို့တွေကို ကျွန်တော် ယုံပါတယ် ဆိုတဲ့ စာပါပဲ။ ရန်ကုန်မြို့တွင်းက မီးလောင်ပြင်တွေကို ထဲထဲဝင်ဝင် ရောက်ဖူးတဲ့ ကျွန်တော့်အဖို့ မီးသတ်သမားတွေနဲ့ ပတ်သတ်ပြီး ပြန်လည် ဝေမျှစရာတွေရှိတယ်လို့ ခံယူမိပြီး အဲဒီစာကို ရေးခဲ့တာပါ။ အခုလည်း နွေရာသီကို ရောက်နေပြီဆိုတော့လည်း အချိန်အခါသင့်ပါတယ်။

စာမြည်းလေး ပေးရမယ်ဆိုရင်...
သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?

ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။

လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။
~~~
ကျန်တာတွေကို ပေးထားတဲ့လင့်ခ်မှာပဲ သွားဖတ်လိုက်ကြပါတော့။ အဲဒီမှာ သွားဖတ်တော့ တခြားသူတွေရဲ့ အမြင်တွေဖြစ်တဲ့ ကွန့်မန့်တွေပါ ဖတ်ဖြစ်တာပေါ့ ခင်ဗျာ။

အစဉ်အလာအရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
ဆန္ဒဂတိများနေရှာတဲ့ အယ်ဂျူနို
စာရင်းစစ်တော်တဲ့ မနှင်းဆီနီနီ
ဂီတာတီးတော်တဲ့ မတူးတူးသာ
ဘန်ဂျီခုန်ခဲ့ဖူးတဲ့ မဆုမွန်

Sunday, April 5, 2009

Naranjan to Changi

မနေ့ညက သူငယ်ချင်းတစ်ယောက် East Coast မှာ လျှောက်လည်ပြီး သူ့အိမ်ပြန်ဖို့ ဝေးတယ်ဆိုပြီး ကျွန်တော့်အိမ်မှာ လာအိပ်တယ်။ သူ့ကို ညကတည်းက ပြောထားလိုက်တယ်။ မနက်ကျရင် မူစတာဖာဘက်မှာ iPod Touch ၀ယ်စရာရှိလို့ မနက် အိပ်ရာထတာနဲ့ သွားကြမယ်ပေါ့။ ညကလည်း နှစ်ယောက်သား စုံစီနဖာ တောင်ရောက်လိုက် မြောက်ရောက်လိုက် လေကန်နေလိုက်တာများ မနက် ၂ နာရီကျော်သွားပါလေရော။ ချစ်လှစွာသော သူ့မမက သူ့ဆီ မနက် ၉ နာရီခွဲလောက် ဖုန်းဆက်မှာတဲ့။ အဲဒီတော့မှ ထမယ်လို့တော့ အိပ်ရာဝင်ခါနီး ပြောရှာသေးတယ်။ ကျွန်တော်က မနက်ကျတော့ ၉ နာရီလောက် အိပ်ရာ နိုးနေတယ်။ ကိုယ်တော်ချောကတော့ အိပ်ကောင်းနေတုန်းပါ။

ကျွန်တော် ဂျီတော့ခ် ၀င်လိုက်တော့ ပြောမနာ ဆိုမနာ သူငယ်ချင်းတစ်ယောက်ကို တွေ့တယ်။ အဲဒါနဲ့ပဲ သူ့ကို အိပ်နေတဲ့သူဆီ ဖုန်းဆက်ခိုင်းလိုက်တယ်။ သိုးနေအောင် အိပ်နေတဲ့သူခင်မျာ ဖုန်းသံကြားတော့ ငေါက်ကနဲ ဖုန်းကိုင်လိုက်တာများ အသေကောင် ဖုတ်ဝင်သလား မှတ်ရတယ်။ ဒါပေမယ့် သူ့ခင်မျာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပေမယ့် ပြန်အိပ်လို့တော့ မရရှာတော့ဘူး။ အဲဒါနဲ့ ရေမိုးချိုး အ၀တ်စားလဲပြီး အိမ်နားက ကော်ဖီဆိုင်မှာ လက်ဖက်ရည်သောက်ကြတယ်။ ပြီးတော့ မူစတာဖာရှိရာ ခရမ်းရောင်လိုင်းပေါ်ကို ချီတက်လာခဲ့လိုက်တယ်။ Farrer Park ဘူတာမှာ ဆင်းပြီး Exit A ကနေ ထွက်လာခဲ့ကြတယ်။

သွားချင်တဲ့နေရာက Naranjan ဆိုတဲ့ ကုလားဆိုင်ပါ။ အဲဒီမှာ ဖုန်းတွေ iPodတွေ အတော် ဈေးချိုပါတယ်။ စကာင်္ပူမှာ ဈေးအပေါဆုံးဆိုင်လို့ ပြောလို့ရပါတယ်။ ပစ္စည်းတွေကတော့ အသစ်ဖြစ်ပေမယ့် အာမခံချက်တော့ မပေးပါဘူး။ အဲဒီဆိုင်ကို သွားမယ်ဆိုရင် Exit C ကနေ ထွက်လာရင် ပိုနီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီကုလားတန်းကို ၁ နှစ်နေလို့ တစ်ခါတောင် မရောက်ပါဘူး။ ဘူတာ အပြင်ရောက်တော့ မှတ်မိသလောက် ဟိုဒီလျှောက်ပြီး မီးပွိုင့်တစ်ခုကို ဖြတ်ပြီးတာနဲ့ ဖုန်းဆိုင်တန်းကို တွေ့ပါလေရော။ ဆိုင်ထဲမှာတော့ လူတွေ အများသား။ မြန်မာ၊ ဖိလစ်ပိုင်၊ တရုတ်၊ ကုလား အစုံအလင်ပါပဲ။ ဆိုင်ထဲရောက်တော့ လိုချင်တဲ့ပစ္စည်းကို ဈေးကြည့်ပြီး တခါတည်း ၀ယ်ချလိုက်တယ်။ ငွေသားနဲ့ပဲ ချေရတယ်။

လိုချင်တာ ၀ယ်ပြီးတော့ အချိန်က နေ့လည်ကျော်နေပြီ။ ဗိုက်ထဲမှာလည်း လက်ဖက်ရည်တစ်ခွက်ပဲ ရှိခဲ့တော့ သံစုံတီးဝိုင်းက စနေပြီ။ အဲဒါနဲ့ပဲ ကုလားတန်းက စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာ ၀င်စားလိုက်တယ်။ အဲဒီမှာပဲ လက်ဖက်ရည် ထပ်သောက်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်က ချန်ဂီလေဆိပ်မှာ လူကြုံယူစရာ ရှိလို့ လေဆိပ်ဘက်ကို ဆင်းလာခဲ့တယ်။ သူငယ်ချင်းကတော့ တခြားကိစ္စလေးတွေ ရှိသေးလို့ ကလီမန်တီးဘက်ကို ပြန်သွားတယ်။ ကျွန်တော့်အိမ်က လူကြုံထည့်ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းတော်ကြီးက အစ်မတစ်ယောက်က စင်္ကာပူကို အလည်အပတ်လာရင်း သယ်လာပေးတော့ လေဆိပ်မှာပဲ သွားယူလိုက်တယ်။

လေဆိပ်မှာပဲ ကျောင်းတုန်းက မေဂျာတူ သူငယ်ချင်းလည်း အဲဒီအစ်မကို လာကြိုတော့ ဆုံဖြစ်ခဲ့သေးတယ်။ သူနဲ့က ကျောင်းပြီးသွားတဲ့ နောက်ပိုင်း မဆုံဖြစ်ခဲ့တာ အခုချိန်ထိပဲ ဆိုပါတော့။ ကျောင်းက သူငယ်ချင်းတွေ အကြောင်း ဟိုဟိုဒီဒီ ပြောဖြစ်ကြသေးတယ်။ အဆက်အသွယ် ပြတ်နေတာလည်း ကြာခဲ့ပြီဆိုတော့ ကျွန်တော် မသိတာတွေ အများသား။ စလုံးလာလည်တဲ့ အစ်မ အပြင်ထွက်လာတော့ ကျွန်တော့်အိမ်က ပေးလိုက်တဲ့ စာရွက်တွေကို ပေးပါတယ်။ သူက ဒီလအတွင်းမှာ ရန်ကုန်ပြန်မှာဆိုတော့ ကျွန်တော်လည်း ဒီနေ့ ၀ယ်လာတဲ့ iPod Touchကို တခါတည်း လူကြုံပြန်ထည့်ပေးလိုက်တယ်။ သူတို့တွေကို အမှတ်တရ ဓါတ်ပုံရိုက်ပေးပြီး အိမ်ပြန်ဖို့အတွက် လမ်းခွဲခဲ့လိုက်တယ်။ နာရီကြည့်တော့ ၃ နာရီထိုးနေပြီ။

ကျွန်တော်က ညနေ ၄ နာရီအရောက် အိမ်ပြန်ရောက်ရမယ့် အရေးတကြီး ကိစ္စကလည်း ရှိနေတော့ အမြန် သုတ်ခြေတင်လာခဲ့ရတယ်။ မိုးတွေကလည်း ရွာနေတုန်းပဲ။ ကားတတန် ရထားတတန် ခြေလျင်တတန်နဲ့ မိုးရေထဲမှာ ကင်မရာကို ရေလုံအောင် ထုပ်ပြီး အိမ်အရောက် ပြန်ပြေးခဲ့ရတယ်။ ဒါတောင် မိနစ် ၂၀ လောက် နောက်ကျနေပြီလေ။

Friday, April 3, 2009

Golden Reply

ရွှေရုပ်ကလေး ကောက်ရသူ

သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ်
ပြန်စာ ပြန်စာ သူလေးက ပေးလာ
ဝမ်းလည်းသာ ပျော်တယ်အချစ်ရေ
ရွှေရုပ်ကလေး ကောက်ရသလို...

မာနကြီးလေး မောင့်ရဲ့ချစ်သူ
ပေးလိုက်တဲ့ စာလေးကြောင့်
အသည်းလေးရွှင်
ကိုကိုခေါ်သံ သိန်းဆုထက်ခင်
မိုးလေးအမြင့်ပေါ် ခုန်ကာတက်ချင်...

သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ်
ပြန်စာ ပြန်စာ သူလေးက ပေးလာ
ဝမ်းလည်းသာ ပျော်တယ်အချစ်ရေ
စိန်စီသောလမ်း ဖြောင့်တန်းစွာ။

ရှားလားလား လာလား
လားလာ လား လာလား

ဂုဏ်ရည်လေးများ တူရင်နော်
အပြေးလေး လက်ထပ်ထားမယ်
အဟုတ်တကယ်...

ချစ်သူရှိတယ် ဆိုနိုင်ပြီကွယ်
လူလူသူသူ အချစ်ကလေး ကိုယ်နံဘေးမှာ
ထမင်းလည်း မဆာ ရင်မှာပြည့်လာ
ဘယ်နတ်မင်းလေးက ကူ...

အိပ်မက်ကလေးထဲ စွဲလန်းရသူ
လှပတဲ့အချစ်ကလေး တချစ်ရှိသည်
ငွေလ၀န်းလေး မောင့်အချစ်နှင့်အတူ
နှလုံးသားလေးပေါ် ပီတိအလင်းကူ...

မေတ္တာမြို့ဝယ် အတူတူနေမယ်
အဖြူရောင် အကြင်နာ
လက်ကလေး ကမ်းလိုက်ကွယ်
မီးပင်လယ် ကျော်ကာဖြတ်မယ်
အိပ်မက်ကလေးထဲ လာခဲ့ကွယ်။

ရှားလားလား လာလား
လားလာလား လာလား

ဂုဏ်ရည်လေးများ တူရင်တော့
အပြေးလေး လက်ထပ်ကြမယ်
အဟုတ်တကယ်...

တေးရေးကတော့ ကိုလေးလွင်ပါ။ မူရင်းအဆိုတော်က မြန်မာပြည်သိန်းတန်ပါ။ ဒါပေမယ့် ကျွန်တော့်ကတော့ ချစ်ရည်းစားဆိုတဲ့ တေးစီးရီးထဲက ပိုးဒါလီသိန်းတန် သီဆိုတဲ့ သီချင်းကိုပဲ စတင် နားဆင်မိခဲ့တာပါ။ ၈ တန်း အောင်တော့ အိမ်က ကက်ဆက်တစ်လုံး ၀ယ်ပေးခဲ့တယ်။ အဲဒါနဲ့ ရတဲ့မုန့်ဖိုးတွေ စုပြီး ကက်ဆက်ခွေတွေ ၀ယ်ခဲ့တာပေါ့။ ဘယ်ကနေ ဘယ်လို အဲဒီစီရီးအခွေကို ၀ယ်ဖြစ်ခဲ့သလဲ ဆိုတာတော့ သိပ်မမှတ်မိတော့ဘူး။ မှတ်မိတာကတော့ အဲဒီအခွေထဲက သီချင်းအတော်များများကို ကြိုက်ခဲ့တယ် ဆိုတာပါပဲ။ မကြာခဏလည်း ဖွင့်ဖြစ်ခဲ့တယ်။

အဲဒီသီချင်းကိုလည်း ပါးစပ်ဖျားမှာ မကြာခဏ ဆိုနေမိလို့ အိမ်က လူကြီးတွေကတောင် "နင်... ရည်းစားများ ရနေပြီလား..." ဆိုပြီး မယုံသင်္ကာ မေးတာတောင် ခံခဲ့ရပါသေးတယ်။ အဲဒီအချိန်မှာ ရည်းစားတော့ မသိဘူး။ သေချာတာတစ်ခုက ဇီးပြားပဲ စားနေတဲ့အချိန်။ အဲဒီအရွယ်မှာ အဲဒီသီချင်းကို ကြိုက်မိတာက ရွှေရုပ်ကလေး ကောက်ရသူ ဆိုတဲ့ ခေါင်းစဉ်ကြောင့်ပါ။ ရည်းစားရဖို့ထက် ရွှေရုပ်ကောက်ရဖို့ကို ပိုစိတ်ဝင်စားနေခဲ့မိတယ်။ ရွှေရုပ်လေးသာ ကောက်ရရင် ပြန်ရောင်းစားပြီး လိုချင်နေတဲ့ ဂိမ်းစက်တွေ၊ စက်ဘီးတွေ၊ ပုံပြင်စာအုပ်တွေ ၀ယ်မယ်ပေါ့။ ပြီးတော့ ဈေးကြီးတဲ့ ရှေးဟောင်း တံဆိပ်ခေါင်းတွေလည်း ၀ယ်အုံးမှာပါ။

အခုအချိန်မှာဆိုရင်တော့ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို သားရွှေအိုးထမ်းတာမျိုးပဲ ဖြစ်ချင်ပါတော့တယ်။
Happy birthday, My Dear.

Thursday, April 2, 2009

Twin Durian



ရွှေရောင်ဝင်းတဲ့ ဒူးရင်းညီနောင်
စားဖို့မဟုတ် အားကျဖို့ပါ
ကြိုးစားကြကွယ်...

Wednesday, April 1, 2009

All fools day

နှစ်စဉ် ဧပြီလ ၁ ရက်နေ့ကို ရောက်လာရင် နိုင်ငံတကာမှာတော့ အရူးများနေ့ ကျင်းပပါတယ်။ အဲဒီနေ့ကို ဧပြီအရူးနေ့လို့လည်း ခေါ်ကြပါတယ်။ တရားဝင် ရုံးပိတ်ရက် အားလပ်ရက် မဟုတ်ပေမယ့် အစဉ်အလာမပျက် ကျင်းပကြပါတယ်။ အထူးသဖြင့် အဲဒီဓလေ့ စတင်ဖြစ်တည်ခဲ့ရာ ကမ္ဘာအနောက်အခြမ်းမှာပေါ့။ ဒါပေမယ့်လည်း အဲဒီဓလေ့က အရှေ့ကမ္ဘာမှာလည်း ကူးစက်နေပါပြီ။

ဧပြီအရူးနေ့ ဖြစ်တည်လာတဲ့ နောက်ခံသမိုင်းကြောင်းက ခိုင်ခိုင်လုံလုံ မရှိရှာပါဘူး။ ပါးစပ်ရာဇ၀င်တွေပါပဲ။ ပြင်သစ်ပြည်က စတင်ခဲ့တယ်လို့လည်း တချို့တလေက ပြောကြပါတယ်။ ပုပ်ရဟန်မင်းကြီး ဂရီဂိုရီ(၁၃)က ပြက္ခဒိန်အသစ်တစ်ခုကို ၁၅၈၂ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ပြက္ဒဒိန်အဟောင်းအရ နှစ်သစ်ကူးနေ့ရက်က ဧပြီလ ၁ ရက်နေ့ပါ။ ပြက္ဒဒိန်အသစ်မှာတော့ ဇန်န၀ါရီလ ၁ ရက်နေ့ ဖြစ်သွားပါတယ်။ ပြင်သစ်ပြည်က အဲဒီပြက္ခဒိန်အသစ်ကို သုံးစွဲမယ်ဆိုပြီး နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၁ ရက်နေ့လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲလူတွေကတော့ အဲဒီလိုပြောင်းလဲမှုကို လက်မခံနိုင်ကြပဲ ဧပြီလ ၁ ရက်နေ့ကိုပဲ နှစ်သစ်ကူးနေ့အဖြစ် ဆက်လက်ခံယူထားပါတယ်။ အဲဒီလို ဧပြီ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ ရှေးရိုးစွဲလူတွေကို အခြားလူတွေက အရူးတွေလို့ လှောင်ပြောင်ကျီစယ် အရူးလုပ်တာကနေ အဲဒီ ဧပြီအရူးနေ့ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီလိုနဲ့ ဥရောပတလွှားမှာ အဲဒီဧပြီအရူးနေ့ ဓလေ့လေး ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပြက္ဒဒိန်ပြောင်းလိုက်လို့ ဧပြီအရူးနေ့ ဖြစ်လာရတယ်ဆိုတဲ့ ရာဇ၀င်မှာလည်း ချို့ယွင်းချက်တွေ ရှိနေပါတယ်။ ပထမတစ်ချက်က အင်္ဂလန်နိုင်ငံက အဲဒီပြက္ခဒိန်အသစ်ကို ၁၇၅၂ ခုနှစ်မှ စတင် လက်ခံ အသုံးပြုခဲ့တာပါ။ ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာ ဧပြီအရူးနေ့ကျင်းပတဲ့ ဓလေ့က အဲဒီနှစ်တွေ မတိုင်ခင် ဟိုအရင်ကတည်းက ရှိနေနှင့်ပါပြီ။ ပြက္ခဒိန်ပြောင်းလို့ အဲဒီနေ့ရှိခဲ့တာ မဟုတ်တော့ဘူး။ ဒုတိယတစ်ချက်က သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားတွေ ခိုင်ခိုင်လုံလုံ မရှိခဲ့တာပါပဲ။ ဒါကြောင့် ပါးစပ်ရာဇ၀င်လို့ပဲ သတ်မှတ်ရမှာပါ။

အဲဒီအရူးများနေ့မှာ သတင်းမှားတွေ ပေးကြပါတယ်။ ကောလဟာသတွေ ထုတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချောက်ချကြပါတယ်။ အရူးလုပ်ကြပါတယ်။ လူငယ်စကားနဲ့ ပြောရင်တော့ အရောက်ပို့ ပါတယ်ပေါ့။ ဒါပေမယ့် သူတပါး နစ်နစ်နာနာ ဖြစ်စေတဲ့အထိတော့ မလုပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာပြည်က ကျီးမနိုးပွဲ သူခိုးကြီးညလိုမျိုး ကျီစယ်တဲ့ သဘောလေးနဲ့ လုပ်ကြပုံပါပဲ။ ပျော်စေပျက်စေပေါ့။

ထင်ရှားတဲ့ ဧပြီအရူးနေ့ အရူးလုပ်တဲ့ ဟာသတွေထဲက တစ်ခုကတော့ ဆွီဒင်နိုင်ငံက ရောင်စုံတီဗွီပြောင်းတဲ့ နည်းပါပဲ။ ၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်မှာ ဆွီဒင်နိုင်ငံရဲ့ ရုပ်မြင်သံကြားချန်နယ်က လိုင်းတစ်ခုတည်းပဲ ရှိပါသေးတယ်။ အဲဒီကာလက အဖြူအမည်းနဲ့ ထုတ်လွှင့်တဲ့ ကာလပေါ့။ ၁၉၆၂ ဧပြီလ ၁ ရက်နေ့မှာ ရုပ်သံလိုင်းက နည်းပညာကျွမ်းကျင်သူဖြစ်တဲ့ Kjell Stenssonက အစီအစဉ်တစ်ခုမှာ ကြေညာပါတယ်။ နည်းပညာဖွံ့ဖြိုးမှုကြောင့် အခုကြည့်နေတဲ့ အဖြူအမည်းတီဗွီတွေကို ရောင်စုံတီဗွီအဖြစ် ချက်ချင်းလက်ငင်း ပြောင်းလဲနိုင်မှာ ဖြစ်တဲ့အကြောင်းပေါ့။ ပြောင်းလဲဖို့အတွက် ဘယ်ပုံဘယ်နည်း လုပ်ကိုင်ရမလဲ ဆိုတာကို သူက သရုပ်ဖော် ပြသပါသေးတယ်။ သူက နိုင်လွန်ခြေအိတ်ကို တီဗွီရဲ့ ဖန်သားမျက်နှာပြင်ပေါ်မှာ ဆွဲဆန့်ပြီး ကပ်ထားခိုင်းပါတယ်။ အဲဒီလို လုပ်ပြီးရင် လုံလောက်တဲ့ အကွာအဝေးကနေ လှမ်းကြည့်မယ်ဆိုရင် တီဗွီမှာ အရောင်တွေ ပြောင်းနေတာကို တွေ့ရနိုင်ကြောင်း ခပ်တည်တည်နဲ့ ပြောသွားခဲ့ပါတယ်။ သူပြောတာကို ယုံကြည်မိတဲ့ ရုပ်သံကြည့်ရှူသူ ထောင်ပေါင်းများစွာဟာ သူခိုင်းတဲ့အတိုင်း လိုက်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဆွီဒင်မှာ ရောင်စုံတီဗွီ ကြည့်နိုင်ခဲ့တာက ၁၉၇၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ခဲ့တာပါ။

၁၉၈၀ ဧပြီလ ၁ ရက်နေ့မှာ ဘီဘီစီ သတင်းဌာနက သတင်းတစ်ခု ကြေညာပါတယ်။ Big Ben နာရီစင်က နာရီကြီးကို ဒီဂျစ်တယ်ဒိုင်ခွက်တွေနဲ့ ပြောင်းလဲ ပြသမယ်ဆိုတဲ့အကြောင်းပေါ့။ အဲဒီသတင်းကို ကြားလိုက်တဲ့ သူတွေက အဲဒီလိုပြောင်းလဲမှုမျိုးကို လက်မခံနိုင်ကြောင်း ဒေါသတကြီး ပြန်လည် တုန့်ပြန်ကြပါတယ်။ ဘီဘီစီ ဂျပန်ပိုင်း အစီအစဉ်ကလည်း သမိုင်းဝင်နာရီစင်က နာရီလက်တံတွေကို ရောင်းချမှာ ဖြစ်တဲ့အကြောင်း။ အခု သတင်းကို နားထောင်မိပြီး ပထမဦးဆုံး ကမ်းလှမ်းသူ ၄ ယောက်ကို ရောင်းချမှာဖြစ်လို့ အမြန်ဆက်သွယ်ပါ ဆိုပြီး ပြောသွားပါတယ်။ ပင်လယ်ပြင်ထဲမှာ ရောက်နေတဲ့ ဂျပန်သဘောင်္သားတစ်ဦးက အဲဒီ သတင်းကို နားထောင်မိပြီး ရေဒီယိုဆက်သွယ်ရေးစနစ်နဲ့ ဘီဘီစီကို လှမ်းအကြောင်းကြားခဲ့ပါသေးတယ်။

၁၉၉၆ ဧပြီလ ၁ရက်နေ့တုန်းက Taco Bell Corporation က Liberty Bell လစ်ဘာတီ ခေါင်းလောင်းကို ၀ယ်ယူလိုက်ပြီး Taco Liberty Bellလို့ အမည်ပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီသတင်းကို ကြားပြီးတဲ့ နာရီပိုင်းအတွင်းမှာ ရာပေါင်းများစွာသော ပြည်သူတွေဟာ Liberty Bell တည်ရှိရာဖြစ်တဲ့ ဖီလာဒဲဖီးယားက သမိုင်းဝင်အမျိုးသားပန်းခြံကို ဆန္ဒပြဖို့အတွက် ဒေါသတကြီး စုရုံးရောက်ရှိလာကြပါတယ်။ သူတို့က ခေါင်းလောင်း အမည်ပြောင်းခြင်းကို လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှ အဲဒီသတင်းဟာ ဧပြီအရူးနေ့အတွက် အရူးလုပ်လိုက်တဲ့ သတင်းဖြစ်ကြောင်း သူတို့ သိရှိသွားခဲ့ပါတယ်။ ပန်းခြံက သက်ဆိုင်ရာ လူကြီးတွေတော့ အလုပ်များသွားပုံပါပဲ။

၁၉၁၅ ဧပြီလ ၁ ရက်နေ့ ပထမကမ္ဘာစစ်ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ ပြင်သစ်လေယာဉ်တစ်စင်းဟာ ဂျာမန် တပ်စခန်းပေါ်ကို ၀ဲပျံလာပြီး ကြီးမားလှတဲ့ဗုံးလို့ ထင်ရတဲ့ ဗုံးတစ်လုံးကို ချသွားခဲ့ပါတယ်။ တပ်စခန်းထဲက ဂျာမန်စစ်သားတွေခင်မျာ အရပ်မျက်နှာမျိုးစုံကို ဦးတည်ပြီး ထွက်ပြေးကြတာပေါ့။ ဒါပေမယ့် ဗုံးပေါက်ကွဲသံကို မကြားရပါဘူး။ အချိန်အတော်လေးကြာမှ ဂျာမန်စစ်သားတွေ မိကျောင်းတက် တွားသွားပြီး ဗုံးအနားကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပါတယ်။ ဗုံးအနားရောက်တဲ့အခါ တွေ့လိုက်ရတာက ဘောလုံးတစ်လုံးဖြစ်နေပြီး အဲဒီပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားပါတယ်။ စာရွက်ထဲမှာ ရေးထားတာကတော့ "April Fool!" တဲ့ဗျာ။