.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 31, 2009

2009 Summary

၂၀၀၉ ခုနှစ်အတွက် အကျဉ်းချုပ်မှတ်တမ်းလေးပါ။ ဖြစ်ခဲ့တာတွေ ရှိခဲ့တာတွေကို အချိန်ကာလတစ်ခု အကြာမှာ မေ့သွားနိုင်တဲ့ သဘောရှိနေလို့ အရှိကို အရှိအတိုင်း မှတ်မိသလောက် ရေးမှတ်ထားလိုက်ပါမယ်။


ဒီနှစ်အတွင်းမှာ နိုင်ငံရပ်ခြားကို ခရီးနှစ်ခါ ထွက်ဖြစ်တယ်။ နီးနီးနားနား မလေးရှားပေါ့။ တစ်ခုက ရှေးလက်ရာ အဆောက်အဦးတွေရှိတဲ့ မလက္ကာ၊ နောက်တစ်ခုက စတော်ဘယ်ရီခြံ၊ လက်ဖက်ခင်းတွေနဲ့ အေးချမ်းလှတဲ့ ကင်မရွန်းကုန်းမြင့်။ အဲဒီလိုပဲ မြန်မာပြည်ကို နှစ်ခေါက်တောင် ပြန်ဖြစ်ခဲ့တယ်။ ပထမတစ်ခေါက်က သူငယ်ချင်း မင်္ဂလာဆောင်မှာ ဓါတ်ပုံပြန်ရိုက်ပေးတာပါ။ ကျိုက်ထီးရိုးဘုရားလည်း ဖူးဖြစ်လိုက်တယ်။ နောက်တစ်ခေါက်က ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ခဏလေးပဲ ပြန်ဖြစ်ခဲ့တယ်။ အဲဒီတစ်ခေါက်က ရန်ကုန်မှာပဲ အချိန်ကုန်ခဲ့တယ်။


ဒီနှစ်မှာ ပီတိတွေနဲ့ ပျော်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ အွန်လိုင်းကမ္ဘာက သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှု အကူအညီနဲ့ မြန်မာပြည်အတွက် လူမှုရေးကူညီမှုနှစ်ခု လုပ်ပေးဖြစ်ခဲ့တယ်။ တစ်ခုက ခြင်ဆေးမှုတ်တာ။ ရန်ကုန်မှာ သွေးလွန်တုပ်ကွေးတွေ ဖြစ်လွန်းလို့ သက်သာရာ ရပါစေကြောင်း စာသင်ကျောင်းတွေမှာ ခြင်ဆေးမှုတ်၊ ခြုံရှင်း၊ မြောင်းဖော်ဖို့အတွက် အကူအညီတွေ ပေးဖြစ်ခဲ့တယ်။ နောက်တစ်ခုက အရုပ်လက်ဆောင်ပေးတာ။ သုခရိပ်မြုံဂေဟာက မိဘမဲ့ကလေးတွေ ပျော်ရွှင်ပါစေကြောင်း ခရစ်စမတ်နေ့မှာ အားဆေးတွေ မုန့်တွေ ကစားစရာအရုပ်တွေ လက်ဆောင်ပေးနိုင်ဖို့အရေး အဝေးကနေ စီစဉ်ပံ့ပိုးကူညီပေးခဲ့တယ်။ ပျော်ရွှင်မှုတွေ ဝေမျှနိုင်ခဲ့တယ်။


ဒီနှစ်အတွင်းမှာ ရင်ဘတ်တစ်ခုအပြည့် နာကျည်းစရာတွေ ရှိခဲ့တယ်။ တိုးလို့တန်းလန်း မပြတ်သားခဲ့တဲ့ အရာတွေကို သမင်လည်ပြန် ကြည့်စရာ မလိုလောက်အောင် ပြတ်သားတဲ့အဖြေတွေကို မျှော်လင့်ထားသလို ရခဲ့လိုက်တယ်။ သံယောဇဉ် လက်ကျန်တွေကြောင့် အရာရာကို အလျှော့ပေးပြီး အပြောင်းအလဲတစ်ခုကို စောင့်မျှော်ခဲ့ပေမယ့် ပြန်ရလာတဲ့ ရလဒ်ကတော့ အစိမ်းလိုက်ကွဲတဲ့ အသည်းနှလုံးတစ်ခုပါပဲ။ အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့ တောက်ခေါက်သံတွေ ကြားကနေ မဲ့တဲ့တဲ့ အပြုံးတစ်ပွင့် ဖျတ်ခနဲ လင်းလက်သွားတယ်။ အချိန်က ကုစားမှာပါ။


ဒီနှစ်အတွင်းမှာ အွန်လိုင်းကမ္ဘာမှာ ကျပ်မပြည့်တဲ့လူတွေကြောင့် ဒေါသအလိပ်လိုက် ထိန်းမနိုင် သိမ်းမရ ထွက်ခဲ့ရတယ်။ ပုဆိုးခြုံထဲက လက်သီးပုန်းပြကြတဲ့ ဟိုမရောက် ဒီမရောက် ဘယ်လိုဟာမျိုးနဲ့ နှိုင်းရမှန်း မသိရလောက်အောင် အောက်တန်းစား ကလေက၀ထက် အဆင့်အတန်း နိမ့်ကျတဲ့လူတွေကို ကြုံခဲ့ရတယ်။ တို့မီး ရှို့မီးနဲ့ မဟုတ်မမှန် ပလီပလာ လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး အပုတ်ချတာ နောက်ဆုံးမှာတော့ အပုပ်ချခံရတဲ့သူတွေခမျာ အပူအပုပ်တွေ ကင်းသွားရှာတယ်။ ၀မ်းနှုတ်ဆေးရဲ့ ရလဒ်ကတော့ ခင်မင်ရင်းစွဲ ရှိနေတဲ့သူအချင်းချင်း အရင်ကထက် ပိုပြီး စည်းလုံးသွားတယ်။ မိတ်ဆွေအသစ်တွေ ရလိုက်တယ်။


ဒီနှစ်မှာ ရွှေရုပ်ကလေး ကောက်ရတယ်။ ရင်မောရတဲ့ ဒုက္ခကို ခံစားဖူးသူတိုင်း သိကြမှာပါ။ ဦးဘညွှန့်ရဲ့ ချစ်ဒုက္ခ ဆိုတာ တကယ် ရှိတယ်။ အိပ်မရ စားမရ ငေးမှိုင်ရတဲ့ ဘ၀မျိုးပါ။ မုန်တိုင်းပြီးရင် လေပြေ လာလို့ တော်ပါသေးရဲ့။ နှလုံးသား ဟောက်ပက် ဇရပ်အိုကနေ အခုတော့ ဘ၀က မိုးဆန်းပန်းလို စိုစိုပြေပြေပါပဲ။ ကြော်ငြာထိုးတယ်လို့ မြင်ကုန်ကြတာကိုတော့ အားနာမိပါတယ်။ ဖြူစင်တဲ့ မြင့်မြတ်တဲ့ မေတ္တာတရားတွေကို ဘယ်အရာတွေနဲ့မှ အစားမထိုးနိုင်ဘူး ဆိုတာ အသေအချာပါပဲ။ အားကျ မနာလို မဖြစ်ကြပါနဲ့။


ဒီနှစ်အတွင်းမှာ အလုပ်အရမ်းများတယ်။ ဖိအားတွေလည်း အရမ်းများတယ်။ အလုပ်မှာလည်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလိုမျိုး ချီးမွန်းခုနစ်ရက် ကဲ့ရဲ့ခုနှစ်ရက် ဖြစ်နေရတယ်။ စီးပွါးရေး မကောင်းဘူးဆိုတဲ့ ကာလမှာ ခန့်လိုက်တဲ့ ၀န်ထမ်းတွေကလည်း မန်နေဂျာရာထူးတွေကြီးပဲ။ ဗိုလ်တစ်ထောင်မှာ တပ်သားက တစ်ယောက် ဖြစ်နေရတယ်။ ဆရာများတော့ သားသေ ဆိုသလိုပဲ ဂျာများတော့လည်း ကားပါတယ်။ ရုံးကနေ ဘလော့ရေးဖို့ အချိန်ရတဲ့ အရင်လို ဘ၀မျိုးကိုတောင် ပြန်လည် တောင့်တမိတယ်။ အခုတော့များ စိန်ဗေဒါလို လက်မလည်တော့ဘူး။ ဒီညလည်း မိုးလင်းပေါက် အလုပ် လုပ်ရအုံးမယ်။


ဒီနှစ်လည်မှာ ကျန်းမာရေးကို စောင့်ရှောက်မှ ဖြစ်တော့မယ် ဆိုတဲ့ အသိတရား နိုးကြားလာလို့ အနေအထိုင် အစားအသောက် ဆင်ခြင်လာတယ်။ အသီးအရွက်တွေ ပိုစားဖြစ်ခဲ့တယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေကို အချိန်ပေး လုပ်ဖြစ်လာတယ်။ အသက်ကို ဥာဏ်စောင့်တယ်။ ဒါပေမယ့် သိရဲ့နဲ့ မိုက်နေတာ ခက်လှတယ်။ ဒီလိုသာ မိုက်လုံးကြီးရင်တော့ ကမ္ဘာလုံးကားကြီး စီးရတော့မှာ မြင်လာပြီလေ။


ဒီနှစ်အတွင်းမှာ ဂီတနဲ့ ပိုပြီးနီးနီးစပ်စပ် နေဖြစ်လာတယ်။ အရင်ကတော့ ပွဲမှန်သမျှ ရှောင်ခဲ့တယ်။ အခုတော့ ဒူးရင်းသီးထဲက ဂီတပွဲတွေကို အချိန်ပေး နားထောင်ဖြစ်တယ်။ တေးသွား ကင်းမဲ့နေရင် ကမ္ဘာကြီးက ပျင်းဖို့ အတော်ကောင်းမယ်လေ။ အခုတော့ ဂီတပိုးလေး ၀င်လာတဲ့ သဘောပေါ့။ တယော ထိုးရင် ကောင်းမလား။ ကီးဘုတ် တီးရင် ကောင်းမလား စဉ်းစားလာပြီ။ အချိန်ပေးနိုင်ဖို့ အရင်ကြိုးစားရအုံးမယ်။ ကောက်ရိုးမီးတော့ မဖြစ်ချင်ဘူး။


ကျောင်းစာ မဖတ်ဖြစ်တာ အတော်ကြာပြီ။ လျှောက်သမျှ ကျောင်းတွေမှာ ၀င်ခွင့် မရတာလည်း ပါတာပေါ့။ စလုံးက ကျောင်းတွေတက်ဖို့ကို အရည်အချင်း မမှီသေးဘူး။ ဒီလိုနဲ့ ဦးနှောက်လည်း သံချေးတက်နေပြီ။ ဒီနှစ်ကုန်ပိုင်းမှာတော့ သင်တန်းတစ်ခု တက်ဖြစ်တယ်။ သင်တန်းဈေးက မနည်းလှဘူး။ တက်ရတဲ့ ရက်လည်း နည်းနည်းလေးပါ။ ဒါပေမယ့် အီးတစ်ပေါက်ပါပဲ။ အလုပ် မအားတာနဲ့ ကျောင်းပျက်ရတယ်။ စာမေးပွဲဖြေဖို့ စာကြည့်ရမယ် ဆိုတဲ့ အသိတရားတော့ ၀င်လာတယ်။ စမိမှတော့ ဆုံးအောင် လုပ်ရတော့မှာပေါ့။


ဘာပဲဖြစ်ဖြစ် ၂၀၀၉ ခုနှစ်ဆိုတာ ထားခဲ့ရတော့မှာပါ။ ရှေ့ဆက်ရမယ့် နှစ်သစ်မှာ အတ္တဟိတ ပရဟိတ မျှတတဲ့ ရိုးရိုးရှင်းရှင်း လူသားတစ်ယောက်အဖြစ်..... တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ ဆိုတဲ့ ထုံးကို နှလုံးမူပြီး ရည်ရွယ်ရာ ပန်းတိုင်ဆီကို ရောက်ဖို့ တရွေ့ရွေ့ မရပ်မနား လျှောက်လှမ်းနေအုံးမယ်။ နှစ်သစ်မှာ ဖြစ်ချင်လှတဲ့ ဆန္ဒတစ်ခုကတော့ သံသရာမှာ ကျင်လည်နေသမျှ ဘ၀တလျှောက်မှာ အပြုံးတုတွေကို မမြင်ချင်မိပါဘူး။

Image Credit: Mood Weather Report - Facebook

Wednesday, December 30, 2009

Youth Donor Camp 2009


စင်္ကာပူက သွေးဘဏ်ကိုလည်း လေ့လာရေးထွက်ခဲ့ကြတယ်။


အသက်ငယ်ပေမယ့် အတော်သွက်တဲ့ ချစ်စရာ ကောင်မလေးတွေ။


ဒါကတော့ ဒီလိုရှိတယ်။ ဟိုဟာကတော့ ဟိုလိုရှိပါတယ်။


အင်္ဂလိပ်စကားမွတ်နေအောင် ပြောတတ်တဲ့ ထိုင်းကြက်ခြေနီလေး။


နိုင်ငံအစုံက လူငယ်တွေ စုစုစည်းစည်းပေါ့။


အပီအပြင် ဗိုက်လှုပ်ပြီး ကနေတဲ့ ဗီယက်နမ်က ၀၀တုတ်တုတ် ဆရာဝန်


ပြန်ခါနီးညနေစောင်းမှာ နှုတ်ဆက်အလွမ်းတွေနဲ့ ဝှေ့ယမ်းနေတဲ့လက်တွေ။

Tuesday, December 29, 2009

Beautiful Sunday



ဒူးရင်းသီးထဲက လှတပတ တနင်္ဂနွေ... အစီအစဉ်ကို တစ်လမှာ တစ်ခေါက် ကျင်းပလေ့ရှိပါတယ်။ ဂီတပွဲရဲ့ ၀င်ကြေးက အခမဲ့ပါ။ ကျင်းပမယ့် ပွဲချိန်အတိအကျကို ဒူးရင်းသီးဆိုဒ်ရဲ့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ ဟင်းစားပေးတာ မဟုတ်ပဲ ကွန်ချက်ပါ ပြလိုက်ပါတယ်။ အဲဒီကွန်ချက်ကလည်း သိတာ မကြာသေးပါဘူး။ အစကတော့ ရုံးက မန်နေဂျာ မတ်ဆေ့ခ်ျပို့ပေးနေတာနဲ့ပဲ ကွန်ချက်ကို မတောင်းထားမိခဲ့ဘူး။ တလောက လုပ်မယ့်ပွဲကို ရက်သိပေမယ့် ပွဲချိန်ကို အသေအချာ မသိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဒူးရင်းသီးဆိုဒ်ထဲ ၀င်မွှေလိုက်ရင်း ကွန်ချက် တွေ့ခဲ့တာပါ။

ပွဲတိုင်းကိုလည်း ကောင်းတယ်လို့ မပြောချင်ပါဘူး။ တချို့ပွဲတွေကို သွားတာ နားထောင်ခဲ့တယ်။ စိတ်ထဲမှာ ကြိုက်လှတယ်တော့ မဟုတ်။ တရုတ်ရှေးရိုးရာ တူရိယာတွေကို အသုံးပြုပြီး အနောက်တိုင်းဂီတသံစဉ်တွေကို တီးမှုတ်ပြရင် နားထောင်လို့ မကောင်းဘူး။ ကီးမကိုက်ဘူးလို့ပဲ ထင်နေမိတယ်။ ဟာတာတာကြီးပါ။ ဂီတအကြောင်းကို နားလည်လွန်းလို့ ဝေဖန်တာတော့ မဟုတ်ပါဘူး။ စည်းနဲ့ဝါးတောင် မသိပါဘူး။ တကယ့်ကို ဘာမှ မသိတဲ့ မြင်းထိန်းငတာလေးပါ။ တချို့ပွဲတွေက ပွဲအစအဆုံး စိတ်ဝင်စားဖို့ ကောင်းတယ်။ မပျင်းမရိ နားထောင်လို့ ကောင်းတယ်။ တချို့ပွဲတွေကျတော့ နားထောင်လို့ကောင်းတဲ့ သီချင်းအပုဒ်တွေ ရှိသလို တချို့အပုဒ်တွေကျတော့ ပျင်းဖို့ အလွန်ကောင်းပါတယ်။

လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း ထပ်တူညီတူနိုင်မယ် မထင်ပါဘူး။ ပျင်းစရာကြီးကွာ ဆိုပြီး စိတ်မ၀င်စားတဲ့လူ ရှိနိုင်သလို တစ်ပွဲမှ အလွတ်မခံသေးတဲ့ ကျွန်တော့်လို လူတွေလည်း ရှိနိုင်ပါတယ်။ မြန်မာပွဲတွေကိုတော့ တစ်ခါမှမလာပဲ စလုံးပွဲတွေပဲ အားပေးနေလို့ အမျက်တော်ရှတော်မူတဲ့ တချို့တလေက တီးတိုးပြောကြတယ်။ မောင်ဇူလိုင်တစ်ယောက် ဇီးသီးသည် ဖြစ်သွားပြီလားတဲ့။ မြန်မာပွဲတွေက မြန်မာပြည် အလွမ်းပြေဆိုတာကို နားလည်ပါတယ်။ ပွဲစီစဉ်တဲ့သူတွေရဲ့ အားထုတ်မှု စေတနာကိုလည်း လေးစားပါတယ်။ အလွမ်းမပြေမယ့်သူအတွက် အဲဒီပွဲတွေကို မလာဖြစ်တာ တရားပါတယ်လေ။ အဲဒီတော့ မြန်မာပြည်အတွင်းမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် နေခဲ့ရတဲ့သူကို တခြားကမ္ဘာက မမြင်ဖူးမကြားဖူးတဲ့ အရာတွေကို ထိတွေ့စူးစမ်းခွင့် ကြိုက်ခွင့်လေးတော့ ပေးသင့်ပါတယ်။

ဒါကြောင့် ကျွန်တော်ဇူလိုင် ဇီးသီးသည် မဖြစ်သလို ရှောက်သီးဆေးပြားသည်လည်း မဟုတ်ပါဘူး... ဆိုတာကို ဒီနေရာမှာ တစ်ခါတည်း ပြောပြလိုက်ပါပြီ။ အဲဒီတော့ သုံးပုဒ်တစ်ဆယ်ခေတ် ကုန်သွားပြီပေါ့ဗျာ။

Saturday, December 26, 2009

Project FIVE

နောက်ထပ် ငါးနှစ်အတွင်းမှာ ဘာလုပ်မလဲ။ စိတ်ကူးထားတာတွေ ရှိပေမယ့် အကောင်အထည် ဖော်ဖို့အတွက် ခြေလှမ်းတွေ မပြင်ဆင်ရသေးဘူး။ စိတ်ကူးမှာ ဆုံးဖြတ်ချက် မရှိသရွေ့ စိတ်ကူးဆိုတာ အိပ်မက်တစ်ခုထက် မပိုတာ သေချာပါတယ်။ ဒါကြောင့် စိတ်ကူးကနေ တကယ်ဖြစ်လာမယ်လို့လည်း လှေနံဓါးထစ် မယုံကြပါနဲ့။ တချို့စိတ်ကူးတွေက ဖွင့်ပြောပြဖို့ မလိုအပ်ဘူး။ တချို့စိတ်ကူးက လူသိလည်း ဘာမှ မဖြစ်ဘူး။ အဲဒီတော့ ပြောပြချင်သလောက် ပြောပြမယ်။ လျှိုဝှက်သင့်သလောက် ထိန်ချန်ထားမယ်။

ရေတိုကာလ လတ်တလောမှာ အထူးဂရုထားနေတာက ကျန်းမာရေးပါပဲ။ အလုပ်နဲ့ အပျော်အပါး နှစ်ခုကြားမှာ ပုံပျက်ပန်းပျက် ယိုယွင်းလာတဲ့ လောက်စာအိုးကြီးကို အချိန်မှီ ပြုပြင်နေရတယ်။ ငယ်ပါသေးတယ် ဆိုပေမယ့် သက်တူရွယ်တူတွေ နာကုန်တာ မြင်နေရတယ်။ ခေါင်းနာ ဖင်အောင့် အသေးအမွှားကနေ လေးဘက်နာ ဂေါက် သွေးတိုး ကျောက်တည် ဆီးချို ကင်ဆာအထိ ဖြစ်နေကြတယ်။ အဲဒီတော့ ရေရှည်စီမံကိန်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း စိုက်တဲ့အပင်က အသီးမမြင်ရတဲ့ ဘ၀ကို မရောက်ချင်သေးဘူး။ နောက်လူ ကောင်းစားတာ မုဒိတာပွားနိုင်ရင်တော့ ကောင်းတာပေါ့။

နောက်ထပ်ငါးနှစ်အတွင်းမှာ လုပ်မယ့်အရာတွေက အများကြီးပဲ။ သေချာတာတစ်ခုက အိမ်ထောင်ပြုဖို့ပဲ။ သူငယ်ချင်းအချို့က စောပါသေးတယ်လို့ ပြောကြတယ်။ ဘ၀ကို ခိုင်မာအောင် အရင်တည်ဆောက်ပါအုံးတဲ့။ တချို့စုံတွဲတွေ အိမ်ဝယ်နိုင်တဲ့အထိ စုဆောင်းပြီးမှ ယူကြမယ် ဆိုပဲ။ တချို့က အလုပ်ရာထူးတိုးတဲ့အထိ စောင့်အုံးမယ်တဲ့။ လူဆိုတာ ရလေ လိုလေ အိုတစ္ဆေပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဘူး။ တစ်ခုပြီးရင် တစ်ခု ထပ်လိုချင်အုံးမှာပါ။ အဲဒီတော့ အိမ်ထောင်ပြုဖို့ စောသေးတယ် နောက်ကျတယ် ဘယ်လိုပဲ ဝေဖန်ပါစေ။ နောက်ငါးနှစ်အတွင်းမှာတော့ အိမ်ထောင်ပြုဖြစ်မှာ အသေအချာပါပဲ။ မဟုတ်ရင် မီးဝင်မီးထွက် ဖြစ်တော့မယ်။

အိမ်ထောင်ပြုမယ်ဆိုတော့ အိမ်ထောင်ဖက် ဘယ်လို ရွေးမလဲ ဆိုတာတွေ မေးကြအုံးမယ်။ ဘယ်လို စံနှုန်းတွေ ထားသလဲပေါ့။ ပြောပြန်ရင်လည်း မောင်မင်း လွန်ရာ ကျအုံးမယ်။ မပြောတော့လည်း လျှိုတယ် ပြောကြမယ်။ ဆုပ်လည်းစူး စားလည်းရူးပဲ။ ဘယ်အရာမှ အပြော မလွတ်နိုင်ဘူး။ အဲဒီတော့ စံနှုန်းအချို့ကို ပြောပါအုံးမယ်။ အဓိက အရေးကြီးဆုံး စံနှုန်းက ၁၀၀% တရုတ်လူမျိုး ဖြစ်ရပါမယ်။ အဲဒီအတွက်ကြောင့် လူမျိုးကြီးဝါဒီလားလို့ ထင်ချင်ရင် ထင်ကြပါစေ။ ကြက်မှာ အရိုး လူမှာ အမျိုးပါ။ ဘိုးဘေးဘီဘင်ကနေ အဖေလက်ထက်အထိ တည်ဆောက်လာတဲ့ အမျိုးကို ကိုယ့်လက်ထက်မှာ ပျက်ရမယ်ဆိုရင် သောက်သုံးမကျရာ ဖြစ်လွန်းပါတယ်။ ဒါကြောင့် ရာဇ၀င် မရိုင်းရအောင် ဒီစံနှုန်းကို လက်ကိုင်ပြုပါတယ်။ တချို့တချို့တွေ လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာမိပါတယ်လေ။

မြင်းအုန်းခွံ ကျွန်ကုလား မယားတောသူတဲ့။ မြင်းလည်း မစီးဖူးဘူး။ မြင်းဝယ်စီးဖို့လည်း အစီအစဉ် မရှိဘူး။ ကျွန်ဆိုတာက အတော်ဆိုးတဲ့ အခေါ်အဝေါ်ပဲ။ ဘ၀မှာ ကုလားတော့ ရှိတယ်။ ဒါပေမယ့် သူက သူငယ်ချင်း၊ ကျွန် မဟုတ်။ မယားကတော့ တောသူမှ ကောင်းတယ်ဆိုပဲ။ ကောင်းမကောင်း ဘာနဲ့တိုင်းသလဲ ဆိုတာ တိုင်းတာတဲ့သူရဲ့ ပေတံပေါ်မှာပဲ မူတည်တယ်။ တောသူတွေက ရိုးရိုးလေးတွေ အပြစ်ဆိုစရာ လုံးဝမရှိဘူး အပျိုစစ်တယ်လို့ ဆိုလာရင် ကောက်ရိုးပုံတွေကို သွားမြင်မိတယ်။ ပြောသမျှ ကျိုးနွံနာခံ ထားရာနေ စေရာသွား မိန်းမသားမျိုးကို လိုချင်သလားလို့ မေးလာရင်တော့ ခေါင်းကို သွင်သွင်ခါမိမယ်။ မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်စေချင်တာတော့ အမှန်ပဲ။ အိမ်သူဖြစ်ဖို့ အသွင်တူဖို့တော့ မလိုပါဘူး။ အသွင်အကုန်တူတာ ကြိုက်နေရင် အကုန်တူနေတဲ့ ယောကျာ်းပဲ ယူလိုက်တာ ပိုကောင်းပါမယ်။ လည်ဇလုပ်တောင် တူနေမယ်လေ။

အိမ်ထောင်ပြုပြီးရင် ကြွေးသစ်ချဖို့အတွက် ကြိုးစားရမယ်။ ဒီခေတ်ကြီးမှာ လူဖြစ်အောင် မွေးရတာ မလွယ်မှန်း သိကြမှာပါ။ တခါတလေမှာ မိဘနှစ်ပါးကို အားကျမိတယ်။ ဘယ်လိုများ ရုန်းကန် ထမ်းပင့်ခဲ့သလဲပေါ့။ အခုချိန်မှာ သူတို့လောက် သတ္တိမရှိသေးတာ အမှန်ပဲ။ အဲဒါကြောင့် ကလေး တစ်ယောက်လောက်ပဲ ယူရင် ကောင်းမယ်လို့ တွေးမိတယ်။ တစ်ယောက်တည်းဆိုရင် ကလေးမှာ မောင်နှမ မရှိတော့ ပျင်းနေလိမ့်မယ်။ နောက်ထပ် တစ်ယောက်လောက် ထပ်ယူသင့်တယ်လို့ အကြံပေးကြမှာလည်း မြင်နေတယ်။ ဟိုတလောက အွန်လိုင်းကနေ သဘာဝအတိုင်း ကလေးမွေးတဲ့ ဗီဒီယိုလေး ကြည့်လိုက်ရတယ်။ ခွဲမွေးတာ မဟုတ်ပါဘူး။ အဲဒီ ဗီဒီယိုလေး ကြည့်မိပြီး ကလေးမွေးပေးရမယ့် မိန်းမကို သနားသွားတယ်။ ကလေးမွေးတယ်ဆိုတာ အတော်မလွယ်တာပဲ။ စမြင်းတုံး တစ်ရင်တောင် မနည်း ညှစ်ရတာလေ။ ရေသန့်ဗူးလောက်ရှိတဲ့ ကလေး အပြင်ထွက်လာဖို့ မနည်းကို ညှစ်ယူရမှာကို တွေးမိရင်း ကိုယ်ချင်းစာမိလို့ ကြက်သီးတွေတောင် ထတယ်။ မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိသေးပါဘူး။ ဒါပေမယ့် စိတ်ကူးဆိုတာ အဆုံးအစမဲ့ လွင့်မျောတတ်တဲ့ သဘောရှိပါတယ်။

အိမ်ထောင်ပြုပြီးရင် အိမ်ထောင်အတွက် စီးပွါးရေးကိုလည်း ထည့်သွင်း စဉ်းစားရအုံးမယ်။ အခုချိန်အထိတော့ လခစား ၀န်ထမ်းဘ၀ကနေ ရုန်းမထွက်နိုင်သေးဘူး။ သင်ထားတဲ့ ပညာနဲ့အသိတရားကလည်း လခစားပဲ လုပ်လို့ရသေးတယ်။ ပညာဝမ်းစာပြည့်ဖို့ အများကြီးလိုသေးတော့ ဆက်ဖြည့်ရအုံးမယ်။ ကိုယ်ပိုင်စီးပွါးရေး လုပ်ဖို့ဆိုတော့လည်း တိုင်းရေးပြည်ရေး အခြေအနေကို ကြည့်ရတာက တပိုင်း၊ လျှာပေါ် မြက်ပေါက်ပါစေ တိုင်းပြည်ကို ရောင်းမစားချင်တာက တပိုင်း၊ လုံလောက်တဲ့ အရင်းအနှီး မရှိတာက တပိုင်း၊ ဒီလိုနဲ့ ဟိုတပိုင်း ဒီတပိုင်းနဲ့ လူလည်း တော်ရာမှာနေ မပျော်တဲ့ ဖားတပိုင်း ငါးတပိုင်းဘ၀ကို အရှင်လတ်လတ် ရောက်နေတယ်။ မြန်မာပြည်ပြန်ပြီး ချဲဒိုင်ဘောဒိုင်ပဲ လုပ်ရင် ကောင်းမလား၊ ကေတီဗွီပဲ ဖွင့်ရင် ကောင်းမလား၊ အနှိပ်ခန်းပဲ ထောင်ရမလား။ ခိုးဆိုးလုယက်နေတဲ့ အလုပ်မျိုး မဟုတ်ပေမယ့် သမာအာဇီဝ အလုပ်လို့ တခြားသူတွေ မမြင်ပေးနိုင်မှာက အသေအချာပါပဲ။ သူခိုးကြီးတွေကတော့ ဘုရားဒါယကာ ကျောင်းဒါယကာတွေ ဖြစ်လို့ ဘွဲ့ထူးတွေတောင် ရကုန်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိပါတယ်လေ။

နောက်ထပ်ငါးနှစ်အတွင်းမှာ ကျွန်မနဲ့မောင်... ဆိုပြီး ရေးလာမယ့်တစ်ယောက် ရှိလာအောင် ကျွန်တော်ဇူလိုင် ကြိုးစားရင်း မ၀ါဝါခိုင်မင်းရဲ့ ကျွန်မနဲ့မောင်ကနေ ဘာမဆိုင် ညာမဆိုင် ငါးနှစ်စီမံကိန်းကြီးကို အမှတ်စဉ် ၃၇ (ဘူကောင်) မှာ အမှတ်တရ ရေးခိုင်းတဲ့အတွက် အခုလို အရူးချီးပန်း စိတ်ကူးယဉ်ထားတဲ့ အရည်မရ အဖတ်မရ စာတစ်ပုဒ်ကို ရေးပေးလိုက်ပါတယ် ခင်ဗျာ။

Saturday, December 19, 2009

Craving Myanmar food

မြန်မာပြည်က စားစရာတချို့တလေကို ချင်ခြင်းတမိနေတယ်။ တချို့ဟာတွေက ဒီမှာ ၀ယ်စားလို့ရတယ်။ တချို့ဟာတွေက ခပ်ဆင်ဆင်တူတယ်။ တချို့ဟာတွေက ဒီမှာ လုံးဝရှာလို့ကို မရဘူး။ ချင်ခြင်းတပေမယ့် ရိုးရိုးသားသားပါ။ မစားရတာ ကြာလို့ လွမ်းမိတာမျိုးပါ။ သတိရတယ် ဆိုတဲ့ အဆင့်ထက်တော့ ပိုတာပေါ့။ လွမ်းတယ်ဆိုတာ သတိရတယ်... ဆိုတာထက် ပိုတယ်ဆိုတာကို ချစ်သူရှိတဲ့သူတွေ သိကြမှာပါ။ ဒါကြောင့် ကျွန်တော်လည်း သိပါတယ်။

မနက်ပိုင်း ရုံးသွားရင် ခရီးဆုံးဘူတာအောက်မှာ မုန့်လာဥကိတ် ရောင်းတယ်။ မနက်တိုင်း အဲဒီဆိုင်က အနံ့လေးကို ပိုက်ဆံမပေးရပဲ အခမဲ့ ရှူနေတာ အတော်ကြာလှပေါ့။ မုန့်လာဥကိတ် ဆိုတာ ရန်ကုန်က အော်ကေ့ကြည်နဲ့ အတော်တူတယ်။ ဒီတော့ စလုံးမုန်လာဥကိတ် ညီမျှခြင်း အော်ကေ့ကြည်။ စင်္ကာပူမှာ အော်ကေ့ကြည်က ကြော်ထားတာမျိုး မဟုတ်ဘူး။ ဖြူဖတ်ဖြူရော်ကြီး။ ရန်ကုန်မှာတုန်းက အော်ကေ့ကြည်ကို အတော်ကြိုက်တယ်။ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ဘေးမှာ အော်ကေ့ကြည် ဆိုင်ရှိတော့ မနက်စာသည် အော်ကေ့ကြည်ပဲ။ ဆိုင်ဖွင့်တဲ့ မိသားစုက မွန်လူမျိုးတွေ။ အိမ်နီးနားချင်းတွေဖြစ်တော့ ကိုယ်လိုချင်တဲ့ပုံစံမျိုး လုပ်ခိုင်းလို့ရတယ်။ အော်ကေ့ကြည်ကို သေးသေးလေး ညှပ်ပေးပါဆို ညှပ်ပေးတယ်။ ကျွတ်ကျွတ်လေး ကြော်ပေးပါ ဆိုလည်း နီရဲတွတ်နေအောင် ကြော်ပေးတယ်။ အချဉ်ရည် ရွှဲရွှဲလေး များများစမ်းပေးပါဆို အိုင်ထွန်းနေအောင် စမ်းပေးတယ်။ အဲဒီ အော်ကေ့ကြည်ကို လွမ်းမိတယ်။

ရုံးမတက်တဲ့ စနေ တနင်္ဂနွေ မနက်တွေဆို အိမ်နားက မလေးဆိုင်မှာ ကြာဇံစွန်တို စားလေ့ရှိတယ်။ သူက ခေါက်ဆွဲနဲ့လည်း ရတယ်။ ခေါက်ဆွဲနဲ့ဆိုရင် မီစွန်တိုလို့ ခေါ်တယ်။ ခေါက်ဆွဲ ကြာဇံမှာ ပဲပင်ပေါက်တွေနဲ့ ကြက်သားဖတ်တွေ ပါတယ်။ ပြီးရင် ဟင်းအရည် လောင်းထည့်ပေးတယ်။ ငရုတ်သီး စပ်စပ်လေးနဲ့ ရောမွှေပြီး စားလိုက်ရင် ရှူးရှဲပဲ။ မြန်မာပြည်က မုန့်ဟင်းခါးနဲ့ ခပ်ဆင်ဆင် တူတယ်လို့ မြန်မာပြည် ရောက်ဖူးတဲ့ စလုံးတွေက ပြောကြတယ်။ ပုံစံချင်း ခပ်ဆင်ဆင် တူတာမျိုးပါ။ အရသာက မတူပါဘူး။ မုန့်ဟင်းခါး မရှိတဲ့အရပ်မှာ အဲဒီစွန်တိုလေးပဲ ရသေ့စိတ်ဖြေ စားရတာပေါ့။ မုန့်ဟင်းခါးက ပိုပြီး စားလို့ ကောင်းတယ်။ အခုတလော မုန့်ဟင်းခါးကိုလည်း လွမ်းမိနေတယ်။ အလွမ်းပြေအောင် ပင်နီဇူးလားမှာ သွားစားပါလားလို့ အကြံမပေးကြပါနဲ့။ အလွမ်းမပြေတဲ့အပြင် မြန်မာပြည်က မုန့်ဟင်းခါးကို ပိုတောင် လွမ်းသွားပါမယ်။

အိုးချန်းကီးလို့ အမည်ပေးထားတဲ့ ဆိုင်မှာ အကြော်တွေ ၀ယ်စားလို့ရတယ်။ အဲဒီဆိုင်တွေက ဘူတာတိုင်းမှာ ရှိတတ်ပါတယ်။ ကော်ပြန့်ကြော်၊ ပုစွန်ကြော်၊ ဂဏန်းသားကြော်တွေ ရတယ်။ ပူပူနွေးနွေးလေး ဖြစ်အောင် လုပ်ထားတော့ အကြော်တွေက စားလို့ ကောင်းပါတယ်။ ဆိုင်ကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းပါ။ ဒါပေမယ့် ရန်ကုန်က လမ်းဘေးအကြော်ဆိုင် ညစ်ညစ်ပတ်ပတ်လေးကို ပိုပြီး လွမ်းနေမိတယ်။ လက်သုတ်ဝတ် မဲချိတ်ချိတ်၊ နှုတ်ခမ်းပဲ့နေတဲ့ ရေနွေးပန်းကန်၊ ပိန်ရှုံ့နေတဲ့ ရေနွေးအိုးက စားပွဲခုံလေးတွေပေါ်မှာ။ အကြော် ပူပူလေးကို ငရုတ်သီးစိမ်းတွေ ပါတဲ့ အချဉ်ရည်နဲ့ တို့ပြီးစား။ ဆလပ်ရွက်၊ ဂေါ်ဖီဖတ်တွေ ပေးတဲ့ဆိုင်ဆိုရင် တကယ်ကို ရှလွတ်ပဲ။ မြန်မာပြည် ပြန်တဲ့အခေါက်တိုင်း အကြော်ဆိုင်တွေမှာ မစားဖြစ်သေးဘူး။ ဘူးစို့ ဆောင်နေရမှာ စိုးလို့။ နာဂစ်ဝင်တဲ့ တခေါက်တုန်းက ငတ်ငတ်နဲ့ပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး စားဖြစ်လိုက်တယ်။

အီကြာကွေး၊ စမူဆာ၊ ပလာတာ... အဲဒါတွေလည်း ဒီမှာ ရပါတယ်။ ဒါပေမယ့် ရန်ကုန်က လက်ရာနဲ့ ကွာတယ်။ ရန်ကုန်မှာက ဆီရွှဲရွှဲနဲ့ ကြော်တာဆိုတော့ ပိုစားကောင်းသလိုပဲ။ ကျန်းမာရေး ရှူထောင့်က ကြည့်ရင်တော့ ဆီများတာ မကောင်းပါဘူး။ ဒီလိုနေရာမှာ ဒီလောက် ဆီလျှော့ထားတဲ့ အစားအစာတွေကို စားတာတောင် လူက ကိုယ်ဝန်ကြီး ဗိုက်နဲ့ ဖြစ်နေပြီ။ ချင်ခြင်းတမိမှတော့ တခါတလေ စားတာပါဆိုပြီး ဆင်ခြေပေးဖို့က အသင့်ပါပဲ။ ရန်ကုန် ပြန်တဲ့အခါ အဲဒါတွေတော့ စားအုံးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထာလိုက်မယ်။

အခုတော့ ချစ်သူကိုလည်း လွမ်း၊ ရန်ကုန်က အစားအစာတွေကိုလည်း လွမ်း။ မိုးကလည်း တဖွဲဖွဲလေးရွာ။ အပြင်ကလည်း သိပ်မထွက်ချင်။ အဲဒီတော့ လွမ်းပြီးရင်း လွမ်းနေမိတာ ကျွန်တော့်အလွန် မဟုတ်ဘူးဆိုတာ သိလောက်ပါပြီနော်။

Wednesday, December 16, 2009

The leap



ခုန်နေတဲ့သူတွေကို မြင်တော့
သူတို့လိုမျိုး ခုန်လိုက်ချင်တယ်
ဒါပေမယ့် လောလောဆယ်မှာ
အဲဒီလိုခုန်ဖို့ သတ္တိတွေပျောက်နေတယ်
ဘာပဲဖြစ်ဖြစ် ခုန်နိုင်ဖို့ကြိုးစားနေပါမယ်။

Thursday, December 10, 2009

The way I trusted

ရည်ရွယ်ရာ အိပ်မက်လမ်းကို ပြောပါဆိုရင် သမိုင်းကြောင်း ကောင်းဖို့ တစ်ခုခု လုပ်ချင်တယ်လို့ ဖြေမိမယ်။ ယုံကြည်ရာက ဘာလဲဆိုရင် သေခြင်းတရားပဲ။ မြစ်တွေရဲ့ ဆုံစည်းရာက ပင်လယ်ပြင်ပါ။ လူသားတွေအတွက် အဆုံးသတ်က သေခြင်းတရားပဲ။ ဒါကြောင့် ခဏတာ နေခွင့်ရတဲ့ လူသားဘ၀မှာ တန်ဖိုးရှိချင်တယ်။

တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင် ဘာတွေ လုပ်ရမလဲ။ အဲဒီအတွက် ပြဌာန်းချက်တွေ အများကြီးပဲ။ စံသတ်မှတ်ချက် အမျိုးမျိုးအတွက် တိုင်းတဲ့ ပေတံတွေ အစုံအလင်ပဲလေ။ ကြည့်တဲ့ရှုထောင့်တွေ ကွာရင် အမြင်တွေလည်း ပြောင်းလဲနိုင်တယ်။ လူဆိုးကို သူတော်ကောင်း ထင်ပြီး လူတော်ကို လူနုံလူအလို့ မြင်သွားနိုင်တယ်။ အဲဒီတော့ တန်ဖိုးရှိတဲ့လူဖြစ်ဖို့အတွက် လောကကြီးအတွက် ဖြစ်သင့်တယ် မှန်တယ်လို့ လက်ခံထားတဲ့ အရာတွေကို ခေါင်းမာမာနဲ့ တဇွတ်ထိုး လုပ်ခဲ့မိတယ်။ ရလဒ်ကတော့ ချီးကျူးသံတွေ ကဲ့ရဲ့သံတွေ။ အားပေးသံတွေ ပြစ်တင်သံတွေ။ အပြုံးတွေ အမုန်းတွေ။ ဒီလိုနဲ့ ဖြူစင်တဲ့ စေတနာတွေ နီဆွေးတဲ့ ဝေဒနာဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လျှောက်ဆဲပါ။

စမ်းတ၀ါးဝါး လမ်းဆိုတဲ့အထဲမှာ နိုင်ငံရေးဆိုတာ ပါနေတယ်။ နိုင်ငံရဲ့ အရေးကို လုပ်သမျှ နိုင်ငံရေးပဲလို့ ဖတ်ဖူးတယ်။ နိုင်ငံရေးမှာ နိုင်ငံသားတိုင်း ပါရမယ်ဆိုတဲ့ သဘောတရားကို လက်ခံတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ ကြီးကျယ် မြင့်မြတ်မှုအောက်မှာ ကျွန်တော် ပိပြားနေတယ်။ ခေါင်းတောင် ဖော်ခွင့် မရလိုက်ဘူး။ အဲဒီလိုနဲ့ နိုင်ငံရေးကို ကျွန်တော် ဝေးဝေးနေလာခဲ့တယ်။ နိုင်ငံရေးလုပ်နေတဲ့ သူတွေဆိုတာ ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေတဲ့သူတွေ ဆိုတာ သိလိုက်ရတော့ တတ်နိုင်သမျှ ရှောင်နေလိုက်တယ်။ ထောင်ထွက်ဆိုတာ နာမည်ဆိုးတယ်လေ။ လူအထင်ကြီးမှာမှ မဟုတ်တာ။ ကျွန်တော်ဟာ အတ္တကြီးတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့် အတ္တတော့ ရှိနေတယ်ဆိုတာ အကြွင်းမဲ့ ၀န်ခံပါတယ်။

ကိုယ်ကသာ ရှောင်နေတာ နိုင်ငံရေးက ကျွန်တော်ဆီ တည့်တည့်ဝင်လာနေတယ်။ ဒါပေမယ့် အဲဒီလို ၀င်လာနေတယ် ဆိုတာကို မသိလိုက်ဘူး။ သတိမထားမိတာလည်း ဖြစ်မယ်။ အသိ မကြွယ်တာလည်း ဖြစ်မယ်။ ဦးနှောက်ထဲမှာ ရှိနေတဲ့အသိက နှစ် ၂၀ နီးပါး ဖတ်ထားတဲ့ သတင်းစာက ဆောင်းပါးတွေ။ ပုဆိန်ရိုးတွေ၊ ပြည်ပအားကိုးတွေ၊ ဆူပူလှုံ့ဆော် မြေပေါ်မြေအောက် အဖျက်သမားတွေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကိုတောင် အသားလွတ် အမြင်ကပ်နေခဲ့တယ်။ ဗိုလ်ချုပ်မျက်နှာကိုမှ မထောက်... တိုင်းပြည်ကို ကျွန်ပြုခဲ့တဲ့ မျက်နှာဖြူကောင်ကိုမှ လင်လုပ်တဲ့သူ ဆိုပြီး မျက်မုန်းကျိုးနေခဲ့ဖူးတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဆိုတာ ဘယ်သူမှန်းတောင် မသိဘူး။ သိခဲ့တာက နိုင်ငံခြားက အထောက်အပံ့ ဒေါ်လာတွေကို ယူပြီး တိုင်းပြည်ကို ချောက်ထဲ တွန်းချနေတဲ့ လူတစ်စုပေါ့။ အာဏာကို ဖြတ်လမ်းကနေ ယူဖို့ ကြိုးစားနေတဲ့ လူတစ်သိုက်ပေါ့။ နိုင်ငံပိုင် သတင်းစာထဲမှာ အဲဒီလိုတွေပဲ ရေးထားခဲ့တာလေ။

၈၈ အရေးအခင်း ဖြစ်တုန်းက ကျွန်တော်က မူလတန်းကျောင်းသား ချာတိတ်။ ဘာကြောင့် ဒီအရေးအခင်း ဖြစ်ရသလဲဆိုတာ လုံးဝ မသိခဲ့ဘူး။ လူကြီးမိဘတွေကလည်း မသိလေ ကောင်းလေဆိုပြီး ဘာမှကို မပြောပြခဲ့ဘူး။ အဲဒီမှာ ဘာတွေ မှတ်မိသလဲဆိုရင်... ခွပ်ဒေါင်းအလံ၊ ခွပ်ဒေါင်းနှဖူးစည်း၊ လမ်းမပေါ်က လူအုပ်ကြီးတွေ၊ ဒို့အရေး ဒို့အရေး အော်သံတွေ၊ အလံဇောက်ထိုးတွေ၊ ဂိုဒေါင်ဖောက်ပြီး ပစ္စည်းတွေ သယ်လာတဲ့လူအုပ်ကြီးတွေ၊ ဗြောက်အိုးဖောက်သံလို့ ထင်ထားတဲ့ သေနတ်သံတွေ၊ အိမ်အောက်ထပ် မြေအောက်ခန်းမှာ ပြားပြားဝပ်ခဲ့ရတဲ့ အချိန်တွေ၊ ဂျင်ဂလိနဲ့ ၀ါးကပ်တွေ၊ ငှက်ကြီးတောင်ဓါး လွယ်ထားတဲ့ ကင်းသမားတွေ။ အဲဒီတုန်းက ဘာလုပ်ခဲ့သလဲ ဆိုရင် အိမ်က ဟိုင်းလတ်ကား ခေါင်မိုးအပေါ်တက်ပြီး ဒို့အရေးအော်ပြီး မျောက်ရှုံးအောင် ဆော့ခဲ့ဖူးတယ်။ အိမ်က အဒေါ် ခေါ်သွားလို့ အစာငတ်ခံဆန္ဒပြတဲ့ နေရာမှာ သွားထိုင်ဖူးတယ်။ အဲဒီတုန်းက အစာမငတ်ပေမယ့် ရေငတ်တာတော့ အမှန်ပဲ။

ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်နေတဲ့ အရင်းနှီးဆုံး ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မိဘတွေလည်း ဒီမိုသမားပဲ။ သူက ခမောက်ဆောင်းချိန် ကျွန်တော်က တူတံစဉ်နဲ့စပါးနှံ ကိုင်ထားတယ်။ သူက ရွံ့လို့ဆိုပြီး သတင်းစာ မဖတ်ဘူး။ အင်္ဂလိပ် မဂ္ဂဇင်းတွေ ဖတ်တယ်။ ကျွန်တော်မှာ ဖတ်စရာက သတင်းစာပဲ ရှိတယ်။ သူက အစိုးရ မကောင်းကြောင်း ပြောတိုင်း ကျွန်တော်က အစိုးရ ကောင်းကြောင်းတွေ ရှာပြီး ပြောတယ်။ မြန်မာပြည်အနှံ့ တိုးတက်မှုတွေကို မြင်အောင် ကြည့်စမ်းပါအုံး။ မြစ်ကူးတံတားကြီးတွေ၊ ဆည်တွေ၊ ရေတွင်းရေကန်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ။ တစ်သီးစား လယ်တွေကနေ သုံးသီးစား လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ ငြင်းခုန် သတ်ပုတ်နေခဲ့ကြတာ ၁၀ နှစ်လောက်ရှိခဲ့ပြီပေါ့။ အခင်အမင်တော့ မပျက်ပါဘူး။ အမြင်တွေ မတူတိုင်း ရန်သူမှ မဟုတ်တာဗျာ။

ဒီလိုနဲ့ တက္ကသိုလ် ရောက်ခဲ့တယ်။ ကျောင်းတော်ကြီးမှာ ပြောလို့ မကုန်နိုင်တဲ့ သမိုင်းတွေ ရှိနေတာကို ရိပ်မိလာတယ်။ စွယ်တော်အဖြူမှာ သွေးနီနီ စွန်းခဲ့တဲ့အကြောင်း သိလာရတယ်။ ကျောင်းတော်ကြီးမှာ ဆရာ ဆရာမ တချို့တလေက ဟိုနည်းနည်း ဒီနည်းနည်း ပြောပြတယ်။ သူတို့ရင်ထဲမှာ နှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ ခံစားချက်တွေ ပွင့်အန်လျှံကျလာတယ်လို့ မြင်မိတယ်။ ဒီလိုနဲ့ပဲ လျှံကျလာသလောက် သိခွင့်ရလိုက်တယ်။ မိခင်ကျောင်းတော်ကြီးမှာ မတက်ရပဲ မြို့ပြင်က ကျောင်းကို သွားတက်ရတော့ စိတ်ထဲမှာ မိဘသဖွယ် အုပ်ချုပ်နေတဲ့ အစိုးရမင်းကို မကြည်မလင် ဖြစ်လာမိတယ်။ မကြည်မလင် ဖြစ်ရတဲ့အထဲမှာ အိပ်ရေးမ၀တာလည်း ပါပါတယ်။ ရင်ဝယ်သားသဖွယ်အုပ်ချုပ်တယ်ဆိုပြီး ဒီလောက်ခန့်ညားတဲ့ ရုပ်ရည်ပိုင်ရှင် တက္ကသိုလ်ကျောင်းသားကြီးကို ဘာလို့ မျက်တွင်းဟောက်ပတ် ပိန်ညောင်ရှိုက်ကုန်း ဖြစ်စေချင်သလဲပေါ့။ အဲဒီမိဘကို စိတ်ကောက်ချင်စိတ် ပေါက်သွားတယ်။ နည်းနည်း အမြင်ပြောင်းသွားတယ်။

တတိယနှစ်အပြီးမှာ အတန်းထဲက တချို့ စာမေးပွဲကျပြီး ကျောင်းထုတ်ခံရတယ်။ သူတို့က ဆူးလေတ၀ိုက်မှာ စာကပ်တယ် ဆိုလား စာဝေတယ်ဆိုလားပဲ။ သူတို့ကို ညဘက်ကြီး တံခါးခေါက်ပြီး ခေါ်သွားတယ်။ နှစ်ပတ်လောက် ပျောက်သွားတယ်။ ကျောင်းမှာ ပြန်ပေါ်လာတော့ မျက်လုံးတွေ ဖူးယောင်နေတာပဲ။ လက်မှာလည်း ပတ္တီးနဲ့။ သွားတွေလည်း ကျိုးလို့။ အတော်လေး အတီးခံထားရပုံပဲ။ ကျောင်းမမှန်တဲ့သူ အချင်းချင်းဆိုတော့ သူတို့နဲ့က အဆက်အဆံ မရှိသလောက်ပဲ။ ဒါဝင်ရဲ့သီအိုရီ ဆိုတဲ့ ကဗျာစာအုပ် ထုတ်တုန်းကတော့ အားနာလို့ ၀ယ်ဖူးတယ်။ အဲဒီကဗျာစာအုပ်မှာ အစိုးရကို သရော်ထားတာ ပါတယ်ဆိုပဲ။ ဖတ်တာ ဖတ်ကြည့်တယ်။ တစ်လုံးမှ နားမလည်ဘူး။ သူငယ်ချင်းတွေက စကားပြေ ပြန်ပေးရတယ်။ အဓိပ္ပါယ် သိသွားတော့လည်း ဟုတ်နေတာပဲ။ စိတ်ထဲကနေ ကျိတ် ချီးကျူးလိုက်တယ်။ ကျွန်တော်ဆို အဲဒီလို မတွေးမိသလို ရေးရဲမှာလည်း မဟုတ်ဘူး။ စာကပ်ဖို့ စာဝေဖို့ဆို ဝေလာဝေးပဲ။ ခေါင်းထဲမှာ ဘွဲ့ရဖို့ပဲ ရှိတယ်။

ဗိသုကာ တတိယနှစ်မှာပဲ အီကိုကျောင်းသား ရာဟု ဆိုတဲ့သူနဲ့ တွေ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ စုငှားထားတဲ့ အိမ်မှာပေါ့။ အဲဒီတုန်းက အီိကိုကျူရှင်ကို အဲဒီအခန်းမှာပဲ ဖွင့်ထားတယ်။ သူက ကျူရှင်တော့ မတက်ပါဘူး။ ကျူရှင်က သူငယ်ချင်းဆီ လာလည်တာပါ။ အဲဒီမှာ သူနဲ့ စကားစမြည် ပြောဖူးတယ်။ သူအများဆုံး ပြောသွားတာက လူမှုရေးလုပ်ငန်းတွေပေါ့။ သူနဲ့ နှစ်ခါ သုံးခါလောက် ဆုံဖြစ်တယ်။ စက်တင်ဘာမှာ သူ ဓါတ်ပုံကြီး မြင်လိုက်တော့ ဒီလူကို မြင်ဖူးပါတယ်ပေါ့။ သတင်းတွေမှာ ရေးထားတာက ဗကသခေါင်းဆောင် ကျော်ကိုကိုဆိုပဲ။ သိထားတာက ရာဟုပါ။ ဒီကောင်မှ ဒီကောင် အသေအချာကြီးပါ။ စိတ်ထဲမှာ ၀ိုးတိုးဝါးတား မသေချာလို့ အီကိုက သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့်တော့ သူက ရာဟု ဆိုတာ သိလိုက်ရတယ်။ ဗကသခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ထင်တောင် မထင်ထားဘူး။

ဒီလိုနဲ့ပဲ အက်စ်ဝမ်းနဲ့လည်း ကျောင်းမှာ ဆုံခွင့်ရလိုက်တယ်။ အက်စ်ဝမ်းနဲ့ ပတ်သက်ပြီး သတိထားမိတာက အစိုးရကို ခါးခါးသီးသီး မုန်းတာပဲ။ ဘယ်တော့မှ အကောင်းမပြောဘူး။ သူမှာ နာကျည်းချက်တွေ ရှိမှာပါ။ ကိုယ်တိုင်မှ မခံစားဖူးတော့ သူ့လို နာကျည်းချက်မျိုး မရှိတာ မဆန်းလှပါဘူး။ လူဆိုတာကလည်း ထိမှ နာတဲ့အမျိုးပါ။ မထိသရွေ့ နေသာသလို အေးဆေးနေတတ်ကြပါတယ်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်က ရဲရဲတောက်တွေကတော့ အတော်လေးကို ထိချက်နာခဲ့သူတွေပါ။ ကိုယ်တိုင်ကိုယ်ကျ ခံစားရတဲ့သူ ရှိသလို မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပြိုလဲ ပျက်ဆီးခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအချိန်အထိ စာနာနားလည်မှုပဲ ရှိခဲ့သေးတယ်။ ကျန်တာကတော့ အရာရာ အေးဆေးပါ။ အားလုံး ကောင်းပါသည်ပေါ့ဗျာ။ ဒါပေမယ့် ကောင်းတော့ ကောင်းတယ်... မျက်စိစပ်တယ် ဆိုသလိုမျိုးပဲ ၄ လ တစ်တန်း ကျောင်းစာကို လျှာအတောင့်လိုက် ထွက်လုနီးပါး ဖင်တရွတ်တိုက် လိုက်ပြီး စာမေးပွဲအောင်အောင် ဖြေခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကို မှောက်အိပ်မိလို့ နာတဲ့ရင်မျိုးမဟုတ်တဲ့ ရင်နာမှုတွေ ရရှိခဲ့လိုက်တယ်။

ဒီလိုနဲ့ပဲ အထဲမှာ နေစရာ မရှိတော့လို့ အပြင်ရောက်လာတယ်။ မြို့တော်ကြီးမှာ မီးခဏ ခဏ ပျက်တော့ လူလည်း ဘ၀ပျက်လာပြီ။ မဖြစ်တော့ဘူးဆိုပြီး ပင်လယ်ပြင်ကို ဖြတ်ခဲ့လိုက်တယ်။ စွန့်စားခန်းအသစ်တွေ ဖွင့်ကြည့်လိုက်တယ်။ ရလဒ်ကတော့ စာအသစ်တွေ ဖတ်ခွင့်ရလိုက်တယ်။ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရတာ သိလိုက်ရတယ်။ ဦးသန့်အရေးအခင်း သိလိုက်ရတယ်။ စွယ်တော်နန်းက နောင်တော်ကြီး ဘုန်းမော်အကြောင်း ပိုသိလိုက်ရတယ်။ မိုးပေါ်ကို ထောင်မပစ်ဘူးဆိုတဲ့ စကားကို ကြားခွင့်ရလိုက်တယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို စောင်းငဲ့ကြည့်မိတော့ ၀ါးလုံးခေါင်းထဲ လသာခဲ့တဲ့ ဘ၀ကို မြင်လာမိတယ်။ ကိုယ်နေခဲ့တဲ့ ရေအိုင်လေးကို ပင်လယ်ကြီးလို့ ထင်ခဲ့မိတဲ့ ကျွန်တော်ဟာ ဖားတစ်ကောင်ပဲဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ ကုလားမယားဆိုတဲ့ အဘွားကြီးဆိုတဲ့ ဘိုကတော်ဆိုတဲ့ ဂုဏ်တင်ခံထားရတဲ့ ဇွဲမာန်အပြည့်နဲ့ အချိန်နဲ့ နုပျိုမှုတွေကို စတေးနေရတဲ့ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရတယ်။ အပျော်လမ်းထွက်လျှောက်တာမျိုး မဟုတ်တဲ့ ကျောင်းသားကြီးတွေကို မြင်လိုက်ရတယ်။ သူတို့တွေက ကျောင်းသားအရွယ် မဟုတ်တော့ပါဘူး။ ဆံပင်တောင် ဖြူနေပါပြီ။ သူတို့နဲ့ ပတ်သက်ပြီး သိလာရတာတွေ ရှိလာတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူးပေါ့။ မသိသေးတာတွေလည်း အများကြီး ရှိနေသေးပါတယ်။

အခုချိန်ထိ ကျွန်တော်ဟာ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လှမ်းလျှောက်နေဆဲပါ။ အရင်ကထက်တော့ အလင်းရောင်လေး ပိုမြင်ခွင့်ရလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်တွေ၊ ကျွန်တော်တို့ရဲ့ နောက်က မျိုးဆက်တွေ အမှောင်လမ်းမှာ လျှောက်လှမ်းနေဆဲပါ။ ကျေးဇူးပြုပြီး အဲဒါကို အပြစ်တင် မစောကြပါနဲ့။ ကျွန်တော်တို့တတွေ ကန်းချင်လို့ ကန်းနေတာ မဟုတ်ပါဘူး။ မြင်ခွင့်မရလို့ ကန်းနေတာပါ။ မကြားချင်လို့ နားတွေ ပင်းနေတာ မဟုတ်ပါဘူး။ ကြားခွင့်မရှိလို့ နားတွေ ပိတ်ကုန်တာပါ။ မပြောရဲ မဆိုရဲတာကိုလည်း ခွင့်လွှတ်ပါ။ ပြောခွင့်မရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒါမျိုးတွေကို ပြောရမှန်းတောင် မသိခဲ့ပါဘူး။ ဒါကြောင့် မှောင်နေရင် မီးထွန်းပေးကြပါ။

ကျွန်တော်ဟာ ယုံကြည်ရာ အိပ်မက်လမ်းကို ရောက်အောင်သွားဖို့ ဆက်လက်ချီတက်ဆဲပါ။ ကျွန်တော် ၀ါသနာပါရာ လူမှုရေးလုပ်ငန်းတွေမှာ အချိန်ပေး လုပ်ကိုင်နေဆဲပါ။ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပဲ ဖြစ်ချင်ပါတယ်။ အုတ်တံတိုင်းကြီးနဲ့ သဲမုန်တိုင်းကြီး မဖြစ်ချင်ပါဘူး။ အချိန်တန်ရင် အားလုံး သေရမှာပါပဲ။ ဒါကြောင့် လောကကြီးအတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားရင်း တန်ဖိုးရှိတဲ့ အတ္တသမားတစ်ယောက် မနာလိုသူရဲ့ အမုန်းတွေကို အပြုံးတွေနဲ့ ရင်ဆိုင်နေမှာပါ။

အခုတော့ ဇူလိုင်အိပ်မက်ရဲ့ သမိုင်းကြောင်းကို တွေးတောရင်း နေ့အိပ်မက်အတွက် ယုံကြည်ရာလမ်းကို ဖောက်ရင်းပေါ့ဗျာ။

Sunday, December 6, 2009

Saved 33 lives



Saved
33
lives


Mr. July, 28 - Snr. Consultant and Regular Blood Donor
Youth Donor Club, Singapore Red Cross

Saturday, December 5, 2009

Fighting the HIV stigma

နာမည်ပျက်လေး ရှိခဲ့လို့... လူတကာတွေက ရှောင်ဖယ်ကြတယ် ဆိုတာ ကျွန်တော်တို့ လူ့ဘောင်လောကမှာ မြင်တွေ့နေကြမို့ သိပ်ပြီးမဆန်းလှပါဘူး။ တံဆိပ်တွေ ကပ်ကြတာ လူတွေရဲ့ သဘာဝပါ။ တံဆိပ်ကပ်တဲ့ နောက်ကွယ်မှာ အတူတွဲပါလာတဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်တွေကိုတော့ သတိထားမိကြတဲ့သူ ရှိသလို သတိမမူမိတဲ့သူလည်း ရှိကြမှာပါ။ ငါနဲ့မဆိုင်ပါဘူး ဆိုပြီး ဘာသိဘာသာ နေကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလို လည်နေတတ်တယ်။ စက်ဝိုင်းတွေ လွှမ်းမိုးနေတဲ့ လူ့ဘ၀မှာ မဆိုင်ပါဘူး ဆိုတဲ့သူတွေဆီ အကျိုးဆက်တစ်ခု ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

လေးလုံးရောဂါ ဆိုလို့ မျက်မှန်တပ်တဲ့ လူတွေကိုများ ပြောသလားပေါ့... ဆိုပြီး တပ်ထားတဲ့ မျက်မှန်တောင် ကိုယ့်ဘာသာ ပြန်စမ်းမိတယ်။ အဲဒီကောင်မ အေကိုက်နေတယ်တော့... ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် အတင်းချတယ်။ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်။ တချို့ကတော့ စကားဝှက်လေးနဲ့ အေ၀မ်းဒီဖိုက် ဆိုပဲ။ အဲဒီကနေ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာတယ်။ တောထုတ်ချင်လာတယ်။ ဝေးဝေးရှောင်တယ်။

လမ်းဆုံလမ်းခွတွေမှာ ကုရာနိတ္ထိ ဆေးမရှိ... ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်လိုက်တော့ အခြေအနေ ပိုဆိုးသွားတယ်။ နဂိုကမှ ခွဲခြားဆက်ဆံခံရတဲ့အထဲ အဲဒီလိုမြင်လိုက်ရတော့ လူတွေရဲ့ တကိုယ်ကောင်းဆန် အတ္တကို မီးကူထိုးပေးလိုက်သလို ဖြစ်ကုန်တယ်။ ရောဂါပိုး ကူးစက်ခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေ များလာတယ်။ တကယ်တော့ လောကမှာ ကုမရတဲ့ ရောဂါတွေ အများကြီးပါ။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဘီပိုး၊ သွေးကင်ဆာ... ဘယ်မှာ အရှင်းပျောက်အောင် ကုလို့ရလို့လဲ။ ရောဂါသက်သာအောင် အခြေအနေ ပိုမဆိုးအောင်ပဲ လုပ်လို့ရတာမျိုးပါ။ အေလည်း ဒီအတိုင်းပါပဲ။ ပျောက်အောင် ကုလို့မရပါဘူး။ ဒါဖြင့် ဘာကွာလို့များ လူတွေက အသည်းအသန် ကြောက်လန့်နေရသလဲ။

လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ... မိမိဇနီးခင်ပွန်းအပေါ်မှာ သစ္စာရှိပါ... တစ်လင် တစ်မယားစနစ် ကျင့်သုံးပါ... ဆိုတဲ့ လူမြင်ကွင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကြောင့် နှာဘူးကျလို့ တဏှာကြီးတဲ့ ကာမဘီလူးတွေပဲ အေအိုင်ဒီအက်စ် ရောဂါရသလို လူတွေက ထင်ကုန်ကြတယ်။ ဒီရောဂါရှိရင် ယောကျာ်းလေးဆို နှာဘူး သို့မဟုတ် ဂန်ဒူးလို့ ထင်ကြတယ်။ မိန်းခလေးဆို အရပ်ပျက်မ ရွစိစိန် သို့မဟုတ် အောက်အီးအွတ်ပေါ့။ ကဲ... ဥမမယ် စာမမြောက်သေးတဲ့အရွယ် ကလေးငယ်တွေကို ဘယ်လို ပြောကြအုံးမလဲ။ ဘယ်တံဆိပ် ကပ်ကြအုံးမလဲ။ တကယ်တော့ ရောဂါဘေးတားဆီးတဲ့ နေရာကနေ မမျှော်မှန်းထားပဲ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို နာမည်ပျက်တစ်ခုအနေနဲ့ ဘ၀တစ်သက်စာ အလူးအလိမ့် အလဲအကွဲ ခံစားရတာက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံလိုက်ရတဲ့ အသိုင်းအ၀ိုင်းပါပဲ။

အိတ်ခ်ျအိုင်ဗွီပိုးက လိင်အပျော်အပါး တစ်ခုတည်းကနေ ကူးတာ မဟုတ်မှန်း အခုအချိန်မှာ အတော်များများ နားလည်သိရှိပြီးသားပါ။ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆေးထိုးအပ်တွေ၊ စနစ်တကျ မရှိလှတဲ့ သွေးသွင်း ကုသမှုတွေကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သိပေမယ့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှောင်ခွာဖယ်ကျဉ်မှုတွေ ရှိနေတုန်းပါပဲ။ အဲဒီလို ခွဲခြားဆက်ဆံမှုကြောင့် နာမည်ဆိုးတွေ ဖြစ်စေကုန်တယ်။ နာမည်ပျက်ကုန်တယ်။ အရိပ်မည်းကြီး မိုးကုန်တယ်။

နာမည်ဆိုး အရိပ်မည်းကြောင့် ဘာတွေဖြစ်ကုန်လဲ။ ရောဂါပိုး ရှိကြောင်း ပြောရမှာ ရှက်လာတယ်။ အပြစ်တစ်ခု ရှိသလို ခံစားလာရတယ်။ လူတွေကို ကြောက်လာတယ်။ ခံယူချက်တွေ မှားလာတယ်။ အမူအကျင့်တွေ ပြောင်းကုန်တယ်။ တချို့က လောကကြီးကို အရွဲ့တိုက်ကြတယ်။ အဲဒါကြောင့် ရောဂါပိုးကို ဆက်လက် ဖြန့်ဖြူးတယ်။ တချို့က ဇာတ်မြှုပ်ပြီး ဘ၀ကို အမြန် အဆုံးသတ်ချင်လာတယ်။ ဒါကြောင့် သတ်သေတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ကတော့ ပျော်ရွှင်ကြည်နူးစရာ မဟုတ်တာတော့ သေချာပါတယ်။

နာမည်ပျက်ဖြစ်စေတဲ့ အရာတွေက အများကြီးပါ။ အလွယ်တကူ မြင်နိုင်တဲ့အရာကတော့ ရပ်ကွက်ထဲမှာ အတင်းပြောတာပါပဲ။ အတင်းပြောတာက အတော်လေး ပြောလို့ ကောင်းပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ မကောင်းပါဘူး။ အတင်းပြောခံရတဲ့ လူအနေနဲ့ လူ့အသိုင်းအ၀ိုင်းကနေ တဖြည်းဖြည်း ဝေးကွာလာပါတယ်။ အတင်းပြောခံရမှာ ကြောက်ပြီး သူ့မှာ ရောဂါရှိနေကြောင်း ဖွင့်ပြောရဲတဲ့ သတ္တိတွေလည်း လျှော့နည်းကုန်တယ်။ ရောဂါရှိမှန်း မသိတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲ။ မြင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကိုရေးရင် ကျမ်းတစ်စောင် ဖွဲ့လို့ရပါတယ်။ အဲဒီတော့ အနှစ်ချုပ် တိုက်တွန်းချင်တာက ရောဂါပိုး ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မလုပ်ပါနဲ့။ နာမည် မဖျက်ကြပါနဲ့။ နှာခေါင်း မရှုံ့ပါနဲ့။ အတင်း မတုပ်ပါနဲ့။ သူတို့ကို ပုံမှန်အတိုင်း ဆက်ဆံပါ။ စကားပြောပါ။ ကြင်နာပါ။ ဖေးမပါ။ ကူညီပါ။ ရောဂါပိုး ရှိတဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို သေသေချာချာ နားထောင်ပေးပါ။ စိတ်ဝင်တစား ပြန်လည်ဆွေးနွေးပါ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မဖြစ်ရအောင် ၀ိုင်းဝန်း ကာကွယ် တားဆီးပေးကြပါ။ ကိုယ်တိုင် ဦးဆောင်ပြီး လှုပ်ရှားပြပါ။ မီဒီယာတွေကလည်း လွှဲမှားတဲ့ အသိတရားတွေ မဖြစ်ရလေအောင် သေချာ စိစစ်လေ့လာပြီး ပညာပေးတွေ ပြုလုပ်ပေးစေလိုတယ်။

နေခွင့်ရတဲ့အခိုက်မှာ ကမ္ဘာလောကကြီးကို လှပစေချင်တယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိနေတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အပြစ်တစ်ခုလည်း မဟုတ်ပါဘူးဆိုတာ လက်ခံလိုက်ကြပါ။ အင်း... ပြောတာတော့ လွယ်ပါတယ်။ ခေါင်းညိမ့်ဖို့လည်း လွယ်ပါတယ်။ တကယ်လုပ်ဖို့က အတော် ခက်လှပါတယ်။ ဒါပေမယ့် ကြိုးစားကြည့်ရအောင်ဗျာ။

Tuesday, December 1, 2009

Don’t hate me in silence


Photo Credit: www.uniview.co.uk

ကျွန်တော် ဘယ်သူလဲဆိုတော့... ကျွန်တော်ဟာ ကျွန်တော်ပါ။ အသက် ၂၈ နှစ်ကျော်နေပြီဖြစ်တဲ့ ကိုဇူလိုင်ပါ။ အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်ဗ်ပေါ့။ ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်ကိုယ်တိုင် ပြောပြရဲတာကိုပဲ ကျွန်တော့်ဘာသာ ဂုဏ်ယူမိနေတယ်။ အဲဒီတော့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေလို့ ကျွန်တော့်ကို ချစ်ကြ မုန်းကြမလား။ ဘယ်လိုပုံစံပဲ တုန့်ပြန်ကြပါစေ... ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ အဲဒီအတွက်နဲ့ ခင်ဗျားတို့ တွေဝေနေမလား၊ စိတ်ရှုပ်နေမလား။ မသေချာ မရေရာတာတွေ ရှိနေရင်လည်း ကျွန်တော့်ကိုပဲ မေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ တိတ်တိတ်လေး မုန်းမနေကြပါနဲ့ဗျာ။
World AIDS Day - 2009