.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, May 29, 2010

Let's paint GREEN

အရင်တုန်းက အိမ်ပတ်ဝန်းကျင်မှာ ညောင်ပင်ကြီးရယ် ဗာဒံပင် ၃ ပင်ရယ် သရက်ပင်ရယ် ရှိခဲ့တယ်။ ဗာဒံပင် ၂ ပင်က အိမ်ရှေ့တည့်တည့်မှာ ရှိတယ်။ ညောင်ပင်က အိမ်ရှေ့ထောင့်မှာ ရှိတယ်။ အိမ်နောက်ဘက်မှာက သရက်ပင်ရယ် ဗာဒံပင်ရယ် ရှိတယ်။ ဝါးလုံးတွေ ဝါးခြမ်းပြားတွေနဲ့ ပေါင်းမိုးလေးတွေ လုပ်ပြီး အဲဒီအပေါ်မှာ ဆောင်တော်ကူးပန်းတွေလည်း စိုက်ထားသေးတယ်။ စံပါယ်ခြုံကလည်း အကြီးကြီးပဲ။

မနက်ဘက် နေထိုးရင် အိမ်ရှေ့က ဗာဒံပင်တွေက အရိပ် အပြည့်ပေးထားတယ်။ ညနေခင်း ကျနေထိုးရင် အိမ်နောက်ဘက်က သရက်ပင်နဲ့ ဗာဒံပင်က ကာပေးထားတယ်။ အိမ်ထောင့်က ညောင်ပင်ကြီးကလည်း အရိပ်ရတယ်။ နေခင်းပိုင်းဆို ဆောင်တော်ကူးပန်းခြုံထဲမှာ ဝင်ဆော့လို့တောင် ရသေးတယ်။ ညနေဘက်ဆို လူကြီးတွေ အိမ်ဘေးမှာ ခွေးခြေပုလေးတွေနဲ့ ထိုင်ပြီး စကားပြောကြတယ်။ ကလေးတွေ ဆော့နေတာကို ကြည့်ရင်း ထိန်းရင်းပေါ့။

လမ်းဟိုဘက်ခြမ်းမှာလည်း ကုက္ကိုလ်ပင်ကြီးတွေ အစီစီ အရီရီ။ ပိတောက်ပင်တွေလည်း ရှိတယ်။ ဗာဒံပင်လည်း လက်ညိုးထိုး မလွဲဘူး။ မလေးရှားပိတောက်လို့ ခေါ်တဲ့ အပင်တွေလည်း ရှိတယ်။ အပင်တွေက တစ်ပင်နဲ့ တစ်ပင် ၁၀ ပေတောင် မကွာတော့ အကိုင်းအခက်တွေ ထိမတတ်ပဲ။ အဲဒီတော့ မနက်ဘက် ကျောင်းသွားရင် အရိပ်ထဲက အေးအေးလူလူ သွားရုံပဲ။ ညနေ ကျောင်းပြန်ရင်လည်း အရိပ်ထဲကပဲ ဖြတ်လျှောက်ရုံပဲ။

တစ်နေ့မှာတော့ အိမ်ရှေ့က လမ်းမကြီးတွေ ချဲ့ကြပါတယ်။ လူသွားဖို့ ပလက်ဖောင်းတွေ ရှိလာတယ်။ ကွန်ကရစ်အထူကြီးတွေ ခင်းလို့ လမ်းကြီးတွေက ဖြောင့်ဖြူးခိုင်ခံ့သွားတယ်။ ၄ လမ်းသွား လမ်းမကြီးတွေ ဖြစ်ကုန်တယ်။ ညအခါ လသာသာမှာ ဆော့ကစားဖို့ လမ်းကျယ်ကျယ် ရလိုက်တော့ ကလေးသဘာဝ ပျော်တာပေါ့။ သတိ မထားမိတာက လမ်းဘေးက ကုက္ကိုလ်ပင်ကြီးတွေနဲ့ ပိတောက်ပင်တွေ မရှိတော့ဘူး ဆိုတာပဲ။

တစ်ရက်မှာလည်း စည်ပင်သာယာဝန်ထမ်းက လာပြောပါတယ်။ အိမ်ရှေ့က စည်ပင်ပိုင်မြေမှာ အပင်စိုက်ခွင့် မရှိဘူးတဲ့။ အခုရှိနေတဲ့ အပင်တွေအတွက် ကျူးကျော်ခ အခွန်ဆောင်ရမယ်တဲ့။ ဓါတ်ကြိုးနဲ့ မလွတ်တဲ့ အကိုင်းတွေကို ပုံမှန် ခုတ်ပေးရမယ်လို့လည်း ပြောလာတယ်။ အေးဆေးနေချင်တဲ့ လူကြီးတွေက သူတို့နဲ့ စကားမပြောချင်ဘူး။ မပတ်သက်ချင်ဘူး။ အဲဒီရလဒ်ကတော့ အိမ်ရှေ့က ဗာဒံပင်နှစ်ပင် ပျောက်သွားတယ်။ လမ်းတလျှောက်မှာလည်း အပင်တွေ တဖြည်းဖြည်း ပျောက်ကုန်တယ်။ ကလေးဘဝထဲကိုလည်း တီဗွီတွေ ဂိမ်းတွေ ဗီဒီယိုတွေ ဝင်လာတော့ အရင်ကလို လမ်းပေါ်မှာ မဆော့ဖြစ်တော့ဘူး။ အဲဒီတော့ အပင်တွေ ပျောက်ကုန်တာလည်း အေးဆေးပါပဲ။

ဒီလိုနဲ့ နာဂစ် ဝင်လာခဲ့ပါတယ်။ နာဂစ်မွေလို့ ရန်ကုန်မြို့တခွင်က အပင်အကြီးကြီးတွေ အလဲလဲ အပြိုပြိုနဲ့ ဘဝနိဂုံးချုပ်ခဲ့ရတယ်။ စုံတွဲတွေရဲ့ အထင်ကရ ခရေပင်လမ်းလည်း ပြုတ်ပြုတ်ပြုန်းပြီး ကုန်သလောက်နီးပါးပဲ။ ကန်တော်ကြီးထဲက အပင်ကြီးတွေလည်း ပြိုလဲကုန်တယ်။ မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာလည်း သစ်ပုတ်ပင်ကြီးတောင် ကံကောင်းလို့ ကျန်ခဲ့တာ။ ရပ်ကွက်ထဲက လမ်းတွေ လမ်းတွေ ဟာလာဟင်းလင်းပဲ။ အရင်က လမ်းဘေးဝဲယာမှာ အပင်တွေရှားတယ် ဆိုပေမယ့် နာဂစ်ဝင်ပြီးတဲ့နောက်ပိုင်း အပင်တွေ လုံးဝကို မရှိတော့တာပါ။ ရပ်ကွက်ထဲမှာတောင် အပင်ရှားတယ် ဆိုရင် လမ်းမကြီးတွေမှာ အပင်တွေ မြင်ရဖို့ သိပ်ကို ခက်သွားပါပြီ။

မရှိတော့တဲ့ အပင်တွေကို ပြန်စိုက်ပျိုးဖို့ အကြံပေးခဲ့ဖူးတဲ့သူတွေ ရှိပါတယ်။ အပင်တွေ ရှိမှ ရာသီဥတု ကောင်းမယ် အပူဒဏ် သက်သာမယ်ဆိုတာ ထောက်ပြခဲ့ကြတယ်။ ဒါပေမယ့် ဒီဘက်နားက ဝင် ဟိုဘက်နားက ထွက် ဆိုသလိုမျိုးပါပဲ။ နောင်ခါလာ နောင်ခါဈေးဆိုပြီး နေနေကြတဲ့ ဘဝပုံစံဟာ အကျင့်တစ်ခုလို စွဲကပ်နေပြီ။ ဒါဟာ အဆန်းတော့ မဟုတ်ပါဘူး။ နာဂစ်မှာ ပြိုလဲခဲ့တဲ့ အပင်ကြီးတွေကနေ ထုလုပ်ထားတဲ့ ပန်းပုရုပ်တွေကို စိတ်ဝင်စားကြတာတော့ ဆန်းလှပါတယ်။

ဒီလိုနဲ့ပဲ ရေလိုက်ငါးလိုက် နေလာခဲ့လိုက်တာ အခုနှစ် ၂၀၁၀မှာ အပင်တွေရဲ့ တန်ဖိုးကို နားလည်လာကြမယ် ထင်ပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်တယ်။ မိုးရွာသင့်ပေမယ့် မရွာဘူး။ အပူချိန် အလွန်မြင့်တယ်။ ရေတွင်း ရေကန်တွေ ခမ်းခြောက်ကုန်တယ်။ ဒါတွေဟာ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ဆိုးတွေတော့ မဟုတ်လောက်ပါဘူး။ မင်းကျင့်တရားနဲ့ သက်ဆိုင်တယ် ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ဒါမျိုးတွေ ဖြစ်ရမှာပါ။ ပြောမယ့်သာ ပြောတာ ရှေးအရင်ကလည်း အပင်တွေ အတော်နည်းနေပါပြီ။

အနာသိရင် ဆေးရှိပြီပေါ့။ အပင်တွေ မရှိလို့ အခုလို ဖြစ်ခဲ့ရတာကို သိရှိနားလည်ပြီဆိုရင် အပင်တွေ ရှိဖို့ ကြိုးစားသင့်တယ်။ အဖြေက တကယ်ကို ရိုးရှင်းပါတယ်။ လုပ်ဖို့လည်း လွယ်ပါတယ်။ အပင်ရှိဖို့ ဘာတွေ လုပ်ရမလဲဆိုရင် အပင်ရှိဖို့ အပင်စိုက်ကြတာပေါ့။ စိုက်တာ တစ်ဖွဲ့ ခုတ်တာ တစ်ဖွဲ့ကို တွေးမိပြီး အဝေးကြီးကို စိတ်မပူနေပါနဲ့။ စိုက်ဖို့လိုတဲ့အချိန် စိုက်လိုက်ကြရအောင်။ ခုတ်တဲ့အဖွဲ့တွေလည်း နားလည်သင့်ပါပြီ။ ခုတ်သင့်သလောက် ခုတ်ပါ။ ဒါပေမယ့် များများချန်ထားပါ။ ရေရှည်အတွက် ကြည့်ပေးပါ။ နောက်မျိုးဆက် သားစဉ်မြေးဆက်ကို ကြည့်ကြပါ။

အခု မိုးဝင်လာပါပြီ။ မြို့ကတုံးကို သျှောင်ထုံးကြဖို့ ရပ်ကွက်အလိုက် လမ်းဘေးဝဲယာမှာ အရိပ်ရ အပင်ကြီးတွေ စနစ်တကျ စိုက်စေချင်ပါတယ်။ လမ်းမပေါ်တော့ တက်မစိုက်နဲ့ပေါ့။ ဘယ်အဖွဲ့အစည်းက ဘယ်အပင်စိုက်စိုက် စည်းဘောင်ထဲက ခွင့်ပြုသင့်တယ်လို့ ရိုးရှင်းစွာ မြင်မိပါတယ်။ အပင်စိုက်တာဟာ နိုင်ငံရေး လုပ်တာလည်း မဟုတ်ပါဘူး။ နိုင်ငံရေး အမြတ်ထုတ် နိုင်စရာအကွက်လည်း မမြင်မိပါဘူး။ ဒါကြောင့် မြန်မာပြည်သားတွေ ကုက္ကိုလ်၊ ပိတောက်၊ မန်ကျည်း၊ ကံကော်၊ ခရေပင်တွေ နိုင်သလောက် စိုက်စေချင်ပါတယ်။

ကဲ... အစိမ်းရောင်ခြယ်ဖို့ အပင်စိုက်ကြရအောင်...

Monday, May 24, 2010

Sandwiched

ပဲကြီးလှော်ကြား ဆားညှပ်တယ်လို့ပဲ ခေါ်ရမယ် ထင်ပါတယ်။ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လို ဘဝမျိုးလေးနဲ့ ဆင်တူတယ်။ ဒါပေမယ့် သူတို့ဘာသာဖြစ်နေတဲ့ ပြဿနာကြားထဲကို ပါလေရာ ငပိချက်ဆိုပြီး ခုန်ဝင်မိတာမျိုး မဟုတ်တဲ့အတွက် ဓါးခုတ်ရာမှာ လက်ဝင်လျှိုတာမျိုး မဟုတ်ခဲ့ဘူး။

သူ့ဘက်က ကြည့်လည်း မှန်တယ်။ တခြားဘက်က ကြည့်လည်း မှန်တယ်။ နှစ်ဘက်လုံး မှန်နေတော့ မှားတာ ကိုယ်တိုင်ပဲ ဖြစ်နေသလားလို့ အတွေးလေးတွေတောင် ဝင်လာတယ်။ ဟစ်တိုင်ဘဝက တခါတလေ ဘာမှမဆိုင်တဲ့ ပိန္နဲပင်လိုပဲ မဆီမဆိုင် ဆွဲထည့်ခံရတယ်။ ကြာတော့ နားလည်းပူသလို စိတ်လည်းညစ်ရတယ်။ အဲဒီတော့ စိတ်ထဲမှာလည်း လက်ပံပင်ကြီးကို ဓါးနဲ့ပဲ တသွင်သွင် ချိုင်နေမိတယ်။

သေချာတာက ရောမမြို့ကို တစ်ရက်တည်းနဲ့ မတည်ဆောက်ခဲ့တာပါပဲ။ အောင်မြင်မှုဆိုတာလည်း ဒီလိုပဲ။ ကိုယ့်လက်ထက်မှာ အောင်မြင်တယ်ဆိုပြီး လက်မထောင်လို့ မရဘူး။ သရက်ပင် စိုက်ခဲ့တဲ့ အဖိုးအိုကို သတိရသင့်တယ်။ သရက်ပင်ကနေ သီးလာမယ့် အသီးတွေကို သူ မစားရဘူး ဆိုတာ သိရဲ့သားနဲ့ စိုက်ခဲ့တာကို ပြန်မြင်သင့်တယ်။

ပြဿနာဆိုတာလည်း ထို့နည်းတူတူပဲ။ ဝိုင်းကနဲ ဒိုင်းကနဲ ပေါ်ပေါက်လာရတာမျိုး ရှိသလို ဖွဲမီးလို တမြေ့မြေ့ လောင်ကျွမ်းတာမျိုးလည်း ရှိတယ်။ ရှေ့အစဉ်အဆက်က အမြင်မရှင်းခဲ့တဲ့ အဖုအထစ်လေးတွေ တဖြည်းဖြည်း ကြီးထွားလာတော့ အခုချိန်မှာ ပေါက်ကွဲသံစဉ်တွေ မြိုင်ဆိုင်ကုန်ပြီ။ မာနတွေ ကိုယ်စီနဲ့ ဆိုတော့လည်း မျဉ်းပြိုင်တွေလို ဆုံမှတ် ရှိနိုင်မှာ မဟုတ်ဘူးလေ။ တကယ်တော့ လက်ညိုးတွေ ထိုးရတာ လွယ်ပါတယ်။

လုပ်ပေးသင့်တယ်လို့ မြင်မိတဲ့ ကွက်လပ်တစ်ခုကို ဝါသနာ အရင်းခံပြီး ဖြည့်ဆည်းနေတာက နာမည်ကြီးဖို့ လုပ်နေတာ မဟုတ်ပါဘူး။ အထိုက်အလျောက် အောင်မြင်မှုတွေ ရှိပေမယ့် ကြယ်ငါးကောက်တဲ့ ကျွန်တော့်က အညတရလေးပါပဲ။ တကယ့်လက်တွေ့မှာလည်း ကန့်လန်ကာ နောက်ကွယ်က ကျွန်တော့်ကို မသိတဲ့သူ အများကြီးပါ။ ဒါပေမယ့် ရေအိုင်ထဲက ဖားသူငယ်လိုမျိုး ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ မဆိုသလောက်လေး လူသိမယ် ထင်ပါတယ်။ အဲဒါကို ဝါးလုံးခေါင်းထဲမှာ လသာနိုင်ရင်တော့ ပျော်စရာကြီးပေါ့။

ရောမမြို့ပျက်တဲ့အချိန်မှာ နီရိုးဘုရင် တယောထိုးနိုင်ပေမယ့် နှစ်ပေါင်းများစွာ တည်ခဲ့တဲ့ မြို့သေးသေးလေးကို အပျက်မခံနိုင်တဲ့ ကျွန်တော်ကတော့ ရင်ထဲမှာ မီးဟုန်းဟုန်း တောက်နေရတယ်။ အပြင်မှာ လောင်ရင် ငြိမ်းပေးမယ့် မီးသတ်ရှိပေမယ့် ရင်မှာ လောင်တဲ့ မီးကို ဘေးလူငြိမ်းဖို့ မလွယ်လောက်ပါဘူး။ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးအတွက်လည်း ရင်ဆိုင်ဖို့ စိတ်ခွန်အားကို ပြင်ဆင်ထားတယ်။ ဖြစ်ပြီးရင် ပျက်ရမှာပဲ ဆိုတာ နှလုံးသွင်းထားရင်း ကံဇာတ်ဆရာ အလိုကျ ရှေ့ဆက် လျှောက်ရမှာပါပဲ။

ကွက်လပ်တွေ ဆက်ဖြည့်နိုင်ဖို့ ကြိုးစားရင်း မမျှော်လင့်ပဲ ဆားညှပ်ခံရတဲ့ အချိန်ကာလကို အမှတ်တရလေး ခြယ်မှုန်းထားတာပါ။

Tuesday, May 18, 2010

Gift of water project (May 16)












မေလ ၁၆ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ ထန်းတပင်မြို့နယ်အပိုင် ရခိုင်ရိုးကြီးကျေးရွာမှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

ပံ့ပိုးမှုအလှူပစ္စည်းစာရင်း

ရေလီတာပေါင်း ၁၄၀၀၀။

Sunday, May 16, 2010

Gift of water project (May 15)












မေလ ၁၅ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ ကြည့်မြင်တိုင်မြို့နယ်အပိုင် လှိုင်မြစ်တစ်ဖက်ကမ်းက ဂျောင်ဝိုင်းကြီးကျေးရွာ (တောင်ပိုင်း/မြောက်ပိုင်း)၊ ဂျောင်ဝိုင်းလေးကျေးရွာနဲ့ တွံတေးမြို့နယ်ထဲက ကရင်စုကျေးရွာတွေမှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

ပံ့ပိုးမှုအလှူပစ္စည်းစာရင်း

5 Litre ရေဗူး - ၂၀၄ ဗူး
1 Litre ရေဗူး - ၉၂ တွဲ
600 ml ရေဗူး - ၁၀၀ ဗူး
30 Litre ရေဗူး - ၇၀ ဗူး
ရေသမ္ဗာန် ၂ စီး၊ စုစုပေါင်း ရေဂါလံ ၁၈၀၀။

Friday, May 14, 2010

On the water crisis


ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ...


သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ


တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ

နွေကန္တာရအလည်မှာ သောက်ရေအတွက် ရတတ်ပွေနေရတဲ့ တို့ပြည်သူပြည်သားတွေ

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။

ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေေ​ဝ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။

လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။

ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။

သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

Sunday, May 9, 2010

Mother day blood drive



ဘဝမှာ ပထမဦးဆုံး စီစဉ်ဖြစ်တဲ့ စုပေါင်းသွေးလှူပွဲလေးပါ။ စင်္ကာပူက သွေးဘဏ်မှာ မေလ ၉ ရက်နေ့ ၂၀၁၀ အမေများနေ့ အထိမ်းအမှတ်အနေနဲ့ ဘာသာရေးအသင်းအဖွဲ့တစ်ခုက အမေကို ချစ်ကြတဲ့ ရွှေမြန်မာတွေ စုပေါင်း သွေးလှူဒါန်းဖြစ်ခဲ့တယ်။ မနက် ၉ နာရီခွဲမှာ စခဲ့တဲ သွေးလှူပွဲဟာ နေ့လည် ၁၂ နာရီမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သွေးလှူရှင် စုစုပေါင်း ၃၅ ယောက် လာရောက် သွေးလှူဒါန်းကြပေမယ့် ၃ ယောက်က ဟေမိုဂလိုဗင် မပြည့်တာကြောင့် လှူလို့ မရတဲ့အတွက် ၃၂ ယောက်ပဲ သွေးလှူဖြစ်ခဲ့ပါတယ်။

သွေးလှူပွဲမှာ အစစ အရာရာ အဆင်ပြေအောင် စီစဉ်ပေးတဲ့ စင်္ကာပူကြက်ခြေနီက တာဝန်ခံမန်နေဂျာကိုလည်း ကျေးဇူးတင်ပါတယ်။ သွေးလှူရှင်များကို ဂရုတစိုက်ရှိလှတဲ့ သွေးဘဏ်က သူနာပြုဆရာမတွေ အထူးသဖြင့် မြန်မာသူနာပြုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သွေးဘဏ်မှာ သွေးလာလှူကြတဲ့ သွေးလှူရှင်များနဲ့ ပွဲဖြစ်မြောက်အောင် စုစည်းစီစဉ်တဲ့ ကိုသန့်ဇင်ကျော်၊ ရှမ်းကြီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပွဲအစအဆုံး လာရောက်ကူညီသွားတဲ့ မဟူရာပြုံးအလှပိုင်ရှင် ကောင်ကောင်မိုကိုလည်း ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

Wednesday, May 5, 2010

Time is flying quickly

အခုတလော မအားတာမှ အတော်ကို မအားတာပါ။ ပြောပြန်ရင်လည်း ယုံကြမှာ မဟုတ်ဘူး။ မိုးလင်းကနေ မိုးချုပ် အချိန်တွေ ဘယ်လိုဘယ်ပုံ ကုန်သွားမှန်းကို မသိဘူး။ မနက်မိုးလင်း မျက်လုံးနှစ်လုံး ပွင့်တာကနေ ညသန်းခေါင် မျက်လုံးနှစ်လုံး ပိတ်သွားတဲ့အချိန်အထိ ဟိုလုပ် ဒီလုပ်နဲ့ တစ်ယောက်တည်းနဲ့ အလုပ်တွေ ရှုပ်နေတယ်။ အချိန် စီမံခန့်ခွဲမှု ညံ့တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။

"နင်တို့ စကာင်္ပူက လူတွေ အတော်ကြီး အားကြတယ်။ ကြည့်လိုက်ရင် စီပုံးတွေမှာ တနေကုန်ပဲ။ အလုပ်ရော လုပ်ကြလားလို့"... မေးတဲ့ သူကိုတောင် မဆီမဆိုင် သတိရမိသေးတယ်။ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ရွှေအိုရောင် အတိတ်တွေကို ပြန်လည်လွမ်းဆွေးမိတယ်။ အလုပ်ထဲကနေ ဘလော့လည်း ရေးလို့ရတယ်။ ဖိုရမ်တွေလည်း ရေးတယ်။ ဘလော့ရေးဖို့တောင် အချိန်ပေးနိုင်ရင် ဖတ်ဖို့ကတော့ ပြောမနေနဲ့တော့။ ရုံးမှာ အချိန်တွေများ မကုန်နိုင်လွန်းလို့ မနည်းကို ဖြုန်းတီးနေခဲ့ရတယ်။

အခုများတော့ ရုံးမှာ အလုပ်တွေက အတော်များတယ်။ ရာထူးနဲ့ လုပ်ပိုင်ခွင့် တိုးပေးခံထားရတယ်။ ဒါကြောင့် တာဝန်ယူရတာလည်း ပိုများလာတယ်။ ရုံးချိန်အတော်များများက အစည်းအဝေးတွေနဲ့ပဲ ကုန်သွားရတယ်။ တချို့အလုပ်တွေက ညဘက်အိမ်ရောက်မှပဲ လုပ်နေရတယ်။ လက်အောက်ငယ်သား ရအောင် ဆိုပြီး အဖွဲ့မှာ လူသစ်တွေ ခန့်ပေးထားတော့ လောလောဆယ်မှာ သူတို့ကို သင်ပေးနေရတယ်။ လခလည်း တိုးပေးမယ် ဆိုတော့ အလုပ်မှာ ပိုကြိုးစားပြရတာပေါ့။

အိမ်မှာလည်း ရာထူးတိုးသွားတယ်။ အရင်လို အားအားလျားလျား နေလို့ မရဘူး ဖြစ်နေတယ်။ ညစာကို အိမ်မှာပဲ ချက်တာဆိုတော့ ဟင်းချက်ဖို့အတွက် ဈေးဝယ်ထွက်ရသေးတယ်။ ဟိုလိုလို ဒီလိုလို တိုလိုမိုလီတွေ လုပ်ရတာနဲ့ အချိန်ကုန်ပြန်တယ်။ ကျန်းမာရေးအတွက် ညစာစားပြီးရင် အိမ်နားတဝိုက် လမ်းလျှောက်ဖို့လည်း လုပ်ရသေးတယ်။ အိမ်မှာလည်း အချိန်ကုန်တာ အတော်မြန်တယ်။ ရုံးချိန်ပြင်ပက အချိန်တွေရဲ့ တဝက်မှာ အတ္တဟိတတွေ နေရာယူထားရှာတယ်။

အတ္တဟိတနဲ့အတူ ပရဟိတအလုပ်လည်း လုပ်ဖြစ်တယ်။ စစ်ကိုင်းတောင်ရိုး အာရုဏ်ဆွမ်းအလှူအတွက် အလှူငွေ ကောက်ပေးဖို့ တာဝန်ယူထားတယ်။ ရန်ကုန်က လူငယ်အဖွဲ့တွေနဲ့ အလှူတွေ တောက်လျှောက် စီစဉ်နေရတယ်။ ရွာသာကြီးက စိတ်ကျန်းမာရေးဆေးရုံနဲ့ သုခရိပ်မြုံဂေဟာမှာ အလှူတွေ လုပ်ဖြစ်နေတယ်။ တချို့ဟာတွေက အစအဆုံး တာဝန်ယူတာမျိုး မဟုတ်ပဲ လိုအပ်တာတွေကို ညှိနှိုင်း အကြံပေးတာလောက်ပါပဲ။ စင်္ကာပူကြက်ခြေနီက အစည်းအဝေးတွေလည်း တက်ဖို့ အချိန်ပေးရသလို သွေးလှူပွဲတွေ စီစဉ်ဖို့လည်း ရှိပြန်တယ်။ ဒီလိုနဲ့ အချိန်တွေက အတော်ကို အကုန်မြန်သွားတယ်။

ဒါကြောင့် ကျွန်တော်ဇူလိုင် တကယ်ကို မအားတာပါ။ စာရေးဖို့အတွက်တောင် အချိန်တွေ ရှာမရဖြစ်နေတယ်။ အလည်တခေါက် လာရောက် ဖတ်ရှုသွားတဲ့ ရွှေဧည့်သည်များကို ကျေးဇူးတင် အားနာလျှက်... အမှန်တကယ် မအားတာကို မအားတာလို့ပဲ ရိုးရိုးသားသား မြင်ပေးကြပါလို့ ပြောလိုက်ချင်ပါတယ်။