.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, May 14, 2016

Bullshit Taboo

လာဘ်တိတ်စေသောအကြောင်းတရားများ ဆိုပြီး Facebook မှာ တက်လာလို့ ဖတ်ကြည့်လိုက်တယ်။ ဘာတွေ ရေးထားသလဲ ဆိုတာကို ပြန် ဖောက်သည်ချရမယ် ဆိုရင်တော့...
 
၁။ မနက်အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ။ မီးဖိုခန်းထဲသို့ သွားပြီး မီးမွှေးခြင်း ထမင်းအိုးတည်ခြင်း တန်းမလုပ်ရပါ။
၂။ ထမင်းစားပြီး ဘေးမှာကျနေသော အမှိုက်များကို မိမိ ပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ယူမသွားရ။
၃။ စားပြီး အိုးခွက် ပန်းကန်များကို မနက်မှ ဆေးမယ်လေဆိုပြီး မီးဖိုခန်းထဲမှာ တညလုံး ပုံမထားသင့်ပါ။
၎။ အိမ်ထောင်ဦးစီး အမျိုးသား၏အင်္ကျီ စွပ်ကျယ် ပုဆိုး တဘက် အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။
၅။ လင်မယားအချင်းချင်း နံနက် ၉နာရီ မကျော်မီ စောစောစီးစီး စကားများရန်မဖြစ်ရ မငြူစူရ ဒေါသမဖြစ်ရပါ။ စောစောစီးစီး နိမိတ်မကောင်းသော အမင်္ဂလာသီချင်းများ မဖွင့်ရပါ။ 
 
အဲဒီအချက် ၅ချက်ထဲကနေ ၂ချက်လောက် လုပ်မိလျှင် လာဘ်တိတ်စေပါတယ်။ ငွေဝင်လာလျှင်လဲ အကြောင်းရှာပြီး ပြန်ထွက်သွားတတ်ပါသည်။

ဘယ်သူက စလိုက်တဲ့ဟာလည်း မသိဘူး။ ဘယ်စာအုပ်ကနေ ကောက်နှုတ်ထားသလဲ မသိဘူး။ ဒါပေမယ့် ထုံးစံအတိုင်း တချက်ခြင်း ပြန်ရှင်းကြည့်ကြတာပေါ့။
 
၁။ မနက်အိပ်ယာထမှာ အိမ်သာထဲ တန်းမဝင်ရ ဆိုတော့ ဘာအရင် လုပ်ရမှာလဲ။ စကာင်္ပူက အိမ်တွေဆို အိမ်သာနဲ့ ရေချိုးခန်းက တွဲလျှက် ၁ ခန်းတည်းပဲလေ။ အဲဒါမျိုးဆိုရင်ရော ဘယ်လို လုပ်ရမလဲ။ ကုတင် အိပ်ယာပေါ်မှာပဲ ငုပ်တုပ်လေး ထိုင်နေရမှာလား။ တညလုံး မပေါက်ဖြစ်ပဲ အောင့်ထားတဲ့ သေးတွေကို ဆက်အောင့်ထားရမှာလား။ အာပုတ်ရည်တွေပေ မျက်ချေးတွေ ဝေနေတဲ့ အခွက်ကြီးနဲ့ ဧည့်ခန်းထွက်ပြီး ထိုင်နေရမှာလား။ အိပ်ယာထပြီးတဲ့နောက် မီးဖိုချောင်ထဲဝင်ပြီး မီးမွှေးတာ ထမင်းအိုးတည်တာ မလုပ်ရဘူး ဆိုတော့... အချိန်တွေ သိပ်ပေါနေတယ်ပေါ့ ဟုတ်လား။ မနက်စာ ဆီချက်ခေါက်ဆွဲလေးဖြစ်ဖြစ် နန်းကြီးသုပ်လေးဖြစ်ဖြစ် လုပ်စားမယ်ဆို မီးဖိုပေါ်တင် ခေါက်ဆွဲပြုတ်ရမှာပဲလေ။ အဲဒါတွေ မလုပ်ပဲ ဘာလုပ်ရမလဲ။
 
၂။ ထမင်းဝိုင်းမှာ ချထားတဲ့ စားပြီးသား ဟင်းထမင်း အရိုးတွေကို ထမင်းပန်းကန်ထဲ ထည့်သိမ်းတိုင်း လာဘ်တိတ်တယ်ဆိုရင်တော့ စင်္ကာပူက စားသောက်ဆိုင်တွေ လာဘ်တွေ တိတ်ပြီပေါ့လေ။ အခုများတော့ လာကြည့်ပါလေ... စင်္ကာပူက ဘယ်စားသောက်ဆိုင်တန်း မဆို ထိုင်စရာ စားပွဲနေရာ မရှိလို့ ရပ်စောင့်နေရတဲ့သူတွေ အများကြီး။ ဆိုင်တွေမှာလည်း တန်းစီပြီး ဝယ်ရတယ်။ စားသောက်ဆိုင်လုပ်ငန်း လုပ်တဲ့သူတွေ စီးတဲ့ ကားတွေကလည်း BMW တွေ မာစီးဒီးတွေ။ သူတို့တတွေ တကယ်ပဲ လာဘ်တိတ်ရှာတယ်နော်။
 
၃။ စားပြီး အိုးခွက်ပန်းကန်တွေကို မဆေးကြောပဲ မီးဖိုခန်းမှာ ပစ်ထားတာကတော့ ကျန်းမာရေးရှုထောင့်က ကြည့်ပြီး မလုပ်သင့်ဘူး ပြောရင် လက်ခံတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင် စားကြွင်းစားကျန်တွေ လာစားတဲ့ ပိုးဟပ် ကြွက် ယင်ကောင်တွေကနေ တဆင့် ရောဂါတွေ ရလာနိုင်တယ်။ ဒါပေမယ့် အဲဒီဟာနဲ့ လာဘ်တိတ်တာ ဘယ်လို ဆက်စပ်မှုရှိလဲ အဖြေရှာလို့ကို မရဘူး။
 
၎။ အိမ်ထောင်ဦးစီးရဲ့ အဝတ်ဟောင်းတွေကို လက်သုတ် ဖုန်သုတ် ကြမ်းသုတ်တဲ့နေရာမှာ မသုံးသင့်ဘူး ဆိုပဲ။ မသုံးတော့လို့ လွှင့်ပစ်ရမယ့် အဝတ်ဟာ အမှိုက်ပုံထဲ ရောက်သွားမှာပဲလေ။ အမှိုက်ပုံနဲ့ အိမ်က ဖုန်... ဘယ်အရာက ပိုညစ်ပတ်သလဲ။ Recycle သဘောတရားအရ ကြည့်ရင် ဒါဟာ ကောင်းတဲ့ အလေ့အကျင့်ပဲ။ ဘယ်သူဘယ်ဝှါရဲ့ အဝတ်ဟောင်း ဆိုတာကို ထည့်ပြောစရာကို မလိုတာ။ တမြတ်တနိုးထားတဲ့ ဘုရားစင်တို့ စာအုပ်စင်လို နေရာမျိုးတွေကိုတော့ အဲဒီလို အဝတ်ဟောင်းတွေနဲ့ ဘယ်သူမှ မသုတ်ကြဘူး။ အဲဒီတော့ အဲဒီကိစ္စနဲ့ အခုပြောနေတဲ့ဟာ မသက်ဆိုင်တော့ဘူး။
 
၅။ မနက် ၉ နာရီ မကျော်မီ လင်မယားချင်း စကားမများရဘူး... ရန်မဖြစ်ရဘူး ဆိုတော့ မနက် ၉ နာရီနောက်ပိုင်းတော့ ရန်ဖြစ်ချင်ရင် ရန်ဖြစ်ကြ... စကားများချင်ရင် စကားများကြလို့ ပြောချင်တာလား။ အမှန်က စကားမများ ရန်မဖြစ်ကြရင် အကောင်းဆုံးပဲ မဟုတ်ဘူးလား။ မနက်စောစောစီးစီး ရန်ဖြစ်ရင်တော့ စိတ်မကြည်မလင် ဖြစ်ပြီး အလုပ်မှာ အဆင်မပြေတာတွေ ဆက်ပြီး ကြုံတွေ့နိုင်တယ်။ ညဘက် ရန်ဖြစ်ရင်ရော... အိမ်က လူတွေ သားသမီးတွေ အိမ်နီးနားချင်းတွေ စိတ်အနှောင့်အယှက် မဖြစ်ရဘူးလား။ နိမိတ်မကောင်းတဲ့ အမင်္ဂလာ မရှိတဲ့ သီချင်းတွေကို မနက်ဖွင့်တာ ညဖွင့်တာထက် ဘာသီချင်းဖြစ်ဖြစ် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံကို ဂိတ်ဆုံးဖွင့်တာမျိုး မလုပ်ရင် ပိုကောင်းပါတယ်။
 
တချို့ ရှေးရိုးအယူအဆတွေဟာ တကယ်ကို ပေါက်တက်ကရတွေပါပဲ။ အဲဒီထဲက အယူအဆတချို့ဟာ မိန်းမသားတွေဘက်ကို တမင် နိမ့်ချထားတယ်။ ယောကျာ်းက မိန်းမထက် ပိုမြတ်တယ် ဆိုတဲ့ အယူအဆကို အခြေခံထားတယ်။ ယောကျာ်းက မိန်းမထက် ပိုမြတ်သလား... မိန်းမက ယောကျာ်းထက် ပိုမြတ်သလား ဆိုတာ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်။ မွေးလာကတည်းက ပါလာတဲ့ လိင်အင်္ဂါတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။ အရက်သမား ယောကျာ်းနဲ့ တရားဓမ္မနဲ့ မွေ့လျှော်နေတဲ့ မိန်းမမှာ ယောကျာ်းက ပိုမြတ်တာပေါ့လို့ ဆိုလိုချင်တယ် ဆိုရင်တော့... အမေမွေးတုန်းက ပါလာတဲ့ ဦးနှောက်ကို မသုံးတတ်တာ သိပ်သိသာစေတယ်။
 
တချို့က ပြောကြပါဦးမယ်... ဟဲ့... ရှေးရိုးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့။ ဒါပေမယ့် ပယ်သင့်တဲ့ဟာတော့ ပယ်ရမှာပဲ။ ဘုမသိ ဘမသိ ဒါဟာ ရှေးရိုးကွ မပယ်သင့်ဘူးလို့ လာမပြောကြပါနဲ့။ အဲဒီရှေးရိုးအကြောင်းကို အပ်ကျမတ်ကျ သိအောင် အရင်လုပ်ပြီး အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ လာပြောရင်တော့ လက်ခံသင့်တဲ့ဟာကို လက်ခံမယ်။ ၁၀၀% တော့ အာမ မခံဘူး။

Wednesday, May 11, 2016

The living cost in SG is not cheap

စင်္ကာပူမှာ အိမ်ခန်းငှားခက ၁ လကို မြန်မာငွေ ၁၆ သိန်းကနေ ၁၈ သိန်းကြား ပေးရတယ်။ အိပ်ခန်း ၃ ခန်းပါတဲ့ တိုက်ခန်း ၁ ခန်းလုံးကို ငှားတာမျိုးပေါ့။

စင်္ကာပူမှာ အိမ်မှာ တပ်ထားတဲ့ အင်တာနက်ဖိုးက မြန်မာငွေနဲ့ဆို ၅ သောင်းလောက် ပေးရပါတယ်။ လက်ကိုင်ဖုန်းဖိုးကလည်း ၅ သောင်းလောက် ပေးရပြန်တယ်။ အင်တာနက်နဲ့ ဖုန်းဖိုးက ၁ လကို မြန်မာငွေ ၁ သိန်းလောက် ကုန်ပါတယ်။ ဖုန်းမပြောဖြစ်လည်း ဖုန်းဖိုးကိုတော့ လစဉ် ပေးရပါတယ်။ ၂ နှစ်စာ စာချုပ် ချုပ်ထားရလို့ပါ။

စင်္ကာပူမှာ လျှပ်စစ်မီးဖိုး ဂတ်စ်ဖိုး ရေဖိုးက ၁ လကို မြန်မာငွေ ၂ သိန်းကနေ ၃ သိန်းကြား ကုန်ပါတယ်။
စင်္ကာပူမှာ ဘတ်စ်ကား ရထားစီးရင် ၁ လကို မြန်မာငွေ ၈ သောင်းကနေ ၁ သိန်းကြား ကုန်ပါတယ်။

စင်္ကာပူမှာ တိုက်စီငှားရင် ဟိုနားဒီနားကို မြန်မာငွေ ၁ သောင်းလောက် အနည်းဆုံးကုန်ပါတယ်။ နည်းနည်းဝေးရင်တော့ မြန်မာငွေ ၂ သောင်းကနေ ၄ သောင်းခွဲကြား ကုန်ပါတယ်။

စင်္ကာပူမှာ နေမကောင်းလို့ ဆေးခန်းပြရင် တခါပြရင် မြန်မာငွေ ၄ သောင်းကနေ ၆ သောင်းကြား ကုန်ပါတယ်။ အထူးကုနဲ့ ပြရင် မြန်မာငွေ ၂ သိန်းလောက် ကုန်ပါတယ်။

စင်္ကာပူမှာ ကလေးကို ၂ နာရီစာ ကျောင်းထားတာ ၁ လကို မြန်မာငွေ ၁ သိန်းခွဲ ကုန်ပါတယ်။ တနေကုန် ကျောင်းထားရမယ် ဆိုရင်တော့ ၁ လကို မြန်မာငွေ ၈ သိန်း ၉ သိန်းလောက် ကုန်ပါတယ်။

စင်္ကာပူမှာ ဘာပဲ သုံးသုံး ဘာပဲ ဝယ်ဝယ်... အစိုးရကို အခွန် ၇% ထည့်ဆောင်ရပါတယ်။ စားသုံးသူက ဆောင်ရတာပါ။ ဒေါ်လာ ၁၀၀ ဖိုး ဝယ်ရင် ၁၀၇ ဒေါ်လာ ပေးရပါတယ်။

စကာင်္ပူမှာ နိုင်ငံခြားသားဖြစ်လည်း နှစ်စဉ် အစိုးရကို ဝင်ငွေခွန် ဆောင်ရပါတယ်။ ၁ နှစ်စာ ဝင်ငွေပေါ်မှာ မူတည်ပြီး ၂% ကနေ ၂၀% အထိ အခွန်ဆောင်ရပါတယ်။ ဝင်ငွေများလေလေ အခွန်ငွေကို ရာခိုင်နှုန်းများများ ဆောင်ရလေပါပဲ။ ၁နှစ်စာ ဝင်ငွေခွန်ဆောင်ရတဲ့ အခွန်ဟာ မြန်မာငွေနဲ့ ဆိုရင် ၂ သိန်းကနေ သိန်း ၃၆၀ အထိ ဖြစ်နိုင်ပါတယ်။

ပြောချင်တာက... ကုလားခပ်တဲ့ ရေကိုပဲ မမြင်ကြပါနဲ့။ ကုလားခပ်တဲ့ရေက ကုလား ဖင်ဆေးတာနဲ့တင် ရေက အတော်ကုန်နေပါပြီ။ မာမားကတော့ ပြောပါတယ်.... ငရုတ်သီး လျှော့စားပါတဲ့။ ;D

Monday, May 9, 2016

Note for Ko Zaw

မနေ့က ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အနေနဲ့... နာဂစ်ဝင်ပြီးနောက် လှိုင်မြစ်ကမ်းနားဘက်ကို ကူညီ ကယ်ဆယ်ရေး ဆင်းဖို့ ထွက်လာတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေရဲ့ ပုံလေး FB မှာ တင်ဖြစ်တယ်။ အဲဒီထဲမှာ ပါတဲ့ ညီငယ်တယောက်က အဲဒီဓါတ်ပုံကို မြင်ပြီး လာပြောတယ်....

"ကိုကြီးရေ.... ကိုဇော် မရှိတော့ဘူး။ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ဆုံးသွားပြီတဲ့..."

ကိုဇော်ဆိုတာ ကျွန်တော်တို့ထက် ငယ်ပါတယ်။ ပျော်ပျော်နေတတ်တယ်။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံး လုပ်နေတတ်တယ်။ ။ ကျောင်း ဆက်မတက်တော့ပဲ သူ့ယောက်ဖရဲ့ ကားဝပ်ရှော့မှာ အလုပ် လုပ်တယ်။ အဝတ်အစားကို ကောင်းကောင်းမွန်မွန် ဝတ်လေ့မရှိဘူး။ ဘောင်းဘီပွပွကြီနဲ့ တီရှပ်အဟောင်း ဝတ်ပြီး ဟိုသွားဒီသွား လုပ်နေတာကို တွေ့ရလိမ့်မယ်။

ကိုဇော်က ကြက်ခြေနီတပ်ဖွဲ့မှာ တပ်ကြပ်ကြီး ၃ ရစ်နဲ့ လူမှုရေး တာဝန်ကို စေတနာနဲ့ ထမ်းဆောင်ပါတယ်။ လူမှုရေးလုပ်ငန်းတွေမှာ အားကိုးရသလို... လူကြီးသူမတွေကိုလည်း ရိုသေသမှုရှိတယ်။ လူကြီးတွေ ရှေ့ကနေ ဖြတ်လျှောက်ရင် ခေါင်းလေးငုံ့ ခါးလေးကိုင်းပြီး လျှောက်တယ်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲမှာလည်း ကူညီလေ့ရှိတယ်။

နာဂစ်မုန်တိုင်း ဝင်သွားပြီးတဲ့နောက် သောက်ရေသုံးရေနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ မြို့ကြီးမှာ ထူးကုမ္ပဏီနဲ့ ပေးတဲ့ အကူအညီနဲ့ သောက်ရေသုံးရေ ဖြန့်ဝေပေးတဲ့ အလုပ်ကို ရန်ကုန်ထဲက မြို့နယ်အချို့မှာ လုပ်ပေးဖြစ်တယ်။ ကိုဇော်က အဲဒီအထဲက မြို့နယ်တခုအတွက် ရေစက်မောင်း၊ ဒီဇယ်ဆီဝယ်၊ ရေပေးဝေရေး အကုန်လုံးအတွက် ရက်ပေါင်းအတော်ကြာကြာ တာဝန်ယူ လုပ်ကိုင်ပေးခဲ့ဖူးတယ်။ သူတို့တတွေသာ ဝိုင်းမကူပေးရင် မြို့နယ် ၄ ခု ၅ ခုမှာ ရေပေးဝေဖို့ကိစ္စဟာ ကျွန်တော်တို့အတွက် အတော်ကို ခေါင်းပူခေါင်းခြောက်ရမယ့်ကိစ္စပါပဲ။

အခုတော့ ဆုံးပြီ။ အရက်ကြောင့် ရတဲ့ ရောဂါတွေနဲ့ သူ ဆုံးပြီ။

သူနဲ့တွေ့တဲ့ နောက်ဆုံးအခေါက်မှာ ပြောဖူးတယ်။ "ကိုဇော်... မင်း ညနေတိုင်း သောက်နေတယ်လို့ ငါကြားတယ်နော်။ အဲဒီလို ဆက်လုပ်နေရင် မင်းအတွက် မကောင်းဘူးနော်" လို့။

"ဟုတ် အစ်ကို... ကျွန်တော်က နည်းနည်းလေးပဲ သောက်တာပါလို့..." စပ်ဖြဲဖြဲနဲ့ ပြန်ဖြေတယ်။
အခုတော့ ကိုဇော် သွားနှင့်ပြီ။ အရက်က သူ့ကို နိုင်သွားပြီ။ ကူညီတတ်တဲ့ စိတ်ကောင်းရှိတဲ့ ကိုဇော်... ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ပါစေ။

ဒါကြောင့် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကိုလည်း စေတနာနဲ့ သတိပေးချင်တယ်။ သောက်တဲ့အကျင့်ရှိတဲ့ လူတွေကို ဆက် မသောက်ဖို့ စေတနာနဲ့ တားချင်တယ်။ နည်းနည်းလေးပါ ဆိုပြီး အများကြီးတွေ ဖြစ်လာရတယ်။ အစ မလုပ်တာ အကောင်းဆုံးပါပဲ။

အရက်ကို မသောက်ပဲ နေနိုင်ရင်... မသောက်ကြပါနဲ့။ သောက်နေတဲ့ လူတွေကလည်း ဖြစ်နိုင်ရင် ဖြတ်ဖို့ ကြိုးစားကြပါ။ အကောင်းစားတွေ မသောက်နိုင်လို့ဆိုပြီး တွေ့ရာနေရာမှာ ခွက်ပုန်းတွေ ခုတ်မနေကြပါနဲ့။ အကျိုးရှိတဲ့ လုပ်ရပ်တွေနဲ့ပဲ ဘဝကြီးကို ဖြတ်သန်းကြပါလို့ ပြောချင်ပါတယ်။

Sunday, May 1, 2016

We built this community day by day

ကျွန်တော်က အွန်လိုင်းပေါ်ကို FB ပေါ်လာမှ ဝုန်းခနဲ ရောက်လာတာမျိုး မဟုတ်ပဲ ဆင့်ကဲဆင့်ကဲ ပြောင်းလဲမှုတွေမှာ လိုက်ပါစီးမျှောရင်း တဆင့်ချင်း ရောက်လာခဲ့ရတာဟာ ရှားရှားပါးပါး ကံကောင်းခြင်းတခုအနေနဲ့ မြင်မိတယ်။

၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဖိုရမ်တွေမှာ ကျင်လည်ခဲ့တယ်။ ဘယ်သူ ဘယ်ဝှါမှန်း မသိတဲ့ အသိုင်းအဝန်းမှာ အပြန်အလှန် ဆွေးနွေးချက်တွေ၊ အရွယ်ပေါင်းစုံ အလွှာပေါင်းစုံက လူပေါင်းစုံရဲ့ စာတွေ အမြင်တွေကို လေ့လာ နာယူခဲ့ရတယ်။ သတင်းမှားတွေ ကောလဟာလတွေ Hoax တွေ ဆိုတာ ဒါမျိုးတွေပါလားဆိုတာကို ပိုင်းခြား ဆင်ခြင်နိုင်တဲ့ အသိတွေ တိုးလာရတယ်။ 

အမြင်တွေ မတူလို့ စာတွေ အပြန်အလှန်ရေး... ငြင်းခုန်ရင်း ကျွန်တော်မှားသွားတဲ့ဟာတွေမှာ စေတနာထား လမ်းညွှန် ဆုံးမမယ့် ဖိုရမ်သဘာရင့်ကြီးတွေ ရှိခဲ့တယ်။ ဘယ်ဟာက အမှား ဘယ်ဟာက အမှန်ဆိုတာ စေတနာမှန်နဲ့ ပြောတဲ့ ဖိုရမ်မန်ဘာတွေရဲ့ တုန့်ပြန်ချက် စာတွေဟာ အဲဒီအချိန်မှာ ခါးကောင်း ခါးပါလိမ့်မယ်။ ဒါပေမယ့် ဆေးခါးကြီးတွေက အခုချိန်မှာ ကျွန်တော့်အတွက် ကမ္ဘာအတုမှာ ဒေါင်ဒေါင်မြည်နေအောင် ခံနိုင်ရည် အားကောင်း နေစေခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၇ ပတ်ဝန်းကျင်မှာ ဘလော့ကမ္ဘာကို ဖြတ်သန်းခဲ့ရတယ်။ ကိုယ်သာလျှင် ကိုယ့်ဘလော့ရဲ့ အရှင်သခင် ဆိုပေမယ့် အယ်ဒီတာ မရှိတဲ့ လောကမှာ စောင့်ထိန်းအပ်တာတွေကို မြင်တွေ့ နားလည်ခဲ့ရတယ်။ အသိဥာဏ် မူပိုင်ခွင့်ဆိုတာကို ကိုယ့်ရဲ့ ထုတ်ကုန်စစ်စစ် ခံစားချက် အမြင်တွေကို Blog မှာ ရေးရင်း နားလည်လာတယ်။ အင်တာနက်မှာ တင်ထားတာကို တွေ့တိုင်း ကူးချင်သလို ခပ်တည်တည်နဲ့ ကူးယူလို့ မရတာကို သိမြင်လာတယ်။ စာတပုဒ် ထွက်လာဖို့ ဘယ်လို ကြိုးစား အားထုတ်ယူရတယ် ဆိုတာ ကိုယ်တွေ့တွေ ဖြစ်လာတယ်။ ဘလော့ဂါတွေရဲ့ စာတွေကို လိုက်ဖတ်ရင်းနဲ့ အသိတွေ ကြွယ်ဝလာတယ်။ ယူစရာရှိတာကို ယူ ပယ်စရာရှိတာကို ပယ်ရင်းနဲ့ပေါ့။ မိတ်ဆွေတွေလည်း တိုးရင်းပေါ့။

အဲဒီ ကမ္ဘာအတုက မိတ်ဆွေတချို့ဟာ အခု FB ပေါ်အထိ ဆက်ပါလာတုန်းပါပဲ။ ဘယ်သူ ဘယ်ဝှါဟာ ဘယ်လို စိတ်နဲ့ ကိုယ့်အပေါ် တုန့်ပြန် ပြောဆို ဆက်ဆံတယ် ဆိုတာကို သူရေးထားတဲ့ စာအရ... ဘေးလူအနေနဲ့ ကြည့်ရင် အလုံးစုံကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်ကျော် အချိန်တခုနဲ့ အတူ လိုက်ကြည့်နိုင်မှာပဲ မြင်နိုင်တဲ့ကိစ္စမျိုး ဖြစ်နေတယ်။

တချို့ စာတွေဟာ လေသံဟာ ခပ်ပြတ်ပြတ် ခပ်ရင့်ရင့် ဖြစ်ချင် ဖြစ်နေမယ်။ တချို့စာတွေဟာ ဆရာကြီး ဆရာမကြီး လေသံ ပေါက်ချင် ပေါက်နေမယ်။ တချို့ဟာတွေဟာ ပေါ့ပေါ့ပါးပါး ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် နောက်တီးနောက်တောက် ပေါ့ရွှတ်ရွှတ် ဖြစ်ချင်ဖြစ်နေမယ်။

ဘယ်လိုစာတွေပဲ ဖြစ်ဖြစ် ဒီတယောက်ဟာ ဘာကြောင့် ဒီိလို ရေးတယ်ဆိုတာက ကိုယ်ကတော့ နားလည်တယ်... သဘောပေါက်တယ်။

ဒါကြောင့်... ကြားထဲကနေ ဝင်ပြီး ဒီဘဲက ဘာကြီးလဲဟ၊ ဒီအန်တီက ရင့်တယ်ဟ၊ ဒီကောင်က ဘာကောင်ကြီးလဲ... မထင်နေကြပါနဲ့။ ကာယကံရှင်ကိုယ်တိုင်က ဘာမှမဖြစ်တာကို သဘောပေါက်ကြပါ။
အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေမှာ အပြန်အလှန် ရင်းနှီးခဲ့တဲ့ စာတွေနဲ့အတူ တန်ဖိုးဖြတ်လို့ မရတဲ့ စေတနာနဲ့ ပေါင်းစပ် တည်ဆောက်ထားတဲ့ အသိုင်းအဝန်းက လူရင်းတွေဖြစ်နေလို့ ဘာပြောပြော မနာပါဘူး ဆိုတာလေး ပြောပြချင်ပါတယ်။

ချစ်လို့ ပြောတယ် မှတ်ပါတယ်။