tag:blogger.com,1999:blog-18131319776825903042024-03-09T00:12:00.186+08:00July DreamBut last July is still, a lovely dream.JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.comBlogger735125tag:blogger.com,1999:blog-1813131977682590304.post-28936501375920776552019-07-30T15:22:00.000+08:002019-07-31T15:26:40.536+08:00Something about the protection of UNESCO UNESCO က အသိအမှတ်ပြုတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အမွေအနှစ်က ၂
မျိုး ရှိပါတယ်။ Memory of the World ကမ္ဘာ့မှတ်တမ်း အမွေအနှစ် နဲ့ World
Heritage Sites ကမ္ဘာ့အမွေအနှစ်ပါ။ ၂ ခုစလုံးမှာ အမွေအနှစ်ဆိုတဲ့
စာသားပါနေတော့ အတူတူလို့ပဲ ထင်နေကြတာ။
တကယ်တော့ အဲဒီ ၂ ခုက
မတူပါဘူး။ အသိအမှတ်ပြုတာနဲ့ ပတ်သက်ပြီး စိုက်ထူထားတဲ့ UNESCO
ဆိုင်းဘုတ်တွေမှာ သတိထားကြည့်မိရင် Logo အမှတ်တံဆိပ်တွေလည်း မတူပါဘူး။
Memory of the World တံဆိပ်က လိမ္မော်ရောင် အဝိုင်းကွင်းလေးတွေ ထပ်ထားတဲ့
ပုံစံမျိုးပါ။ World Heritage Sites ရဲ့ တံဆိပ်က အဝိုင်းတခုထဲမှာ စနွင်းမကင်းတုံးလေး ပါတဲ့ ပုံစံမျိုးလေးပါ။
Memory of the World အဖြစ် မြန်မာနိုင်ငံထဲမှာ အသိအမှတ်ပြုထားတာက
မြစေတီကျောက်စာ (၂၀၁၅)၊ ဘုရင့်နောင် မင်းတရားကြီးရဲ့ ခေါင်းလောင်းစာ
(၂၀၁၇) နဲ့ ကုသိုလ်တော်ဘုရားက ကျောက်စာချပ်(၂၀၁၃) တွေပါ။ အလောင်းဘုရားက
နေမဝင်အင်ပါယာကြီးက ဂျော့ဘုရင် ၂ ကို ပေးပို့ထားတဲ့ ရွှေပေလွှာ (၂၀၁၅)
ကိုလည်း အသိအမှတ် ပြုထားတယ်။ ဒါပေမယ့် အဲဒီ ရွှေပေလွှာက မြန်မာပြည်မှာ
မရှိတဲ့ဟာ ဖြစ်နေလို့ မြန်မာနဲ့ ဆိုင်ခဲ့ပေမယ့် မပိုင်တော့တဲ့ အရာပါပဲ။
မြန်မာနိုင်ငံထဲမှာ World Heritage Sites အဖြစ် အသိအမှတ်ပြု ခံထားရတာ ၂
ခုပဲ ရှိပါတယ်။ ပထမတခုက ၂၀၁၄ မှာ အသိအမှတ်ပြုခံရတဲ့
ပျူရှေးဟောင်းမြို့များပါ။ ရှေးဟောင်းမြို့များလို့ ရေးထားတာကို
သတိပြုမိရင် မြို့တခုမကဘူး ဆိုတာ သိရပါမယ်။ ဘိန္နက၊ မိုင်းမော၊ ဟန်လင်း၊
ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းတွေ အကုန် ပါပါတယ်။ နောက်တခုကတော့ ၂၀၁၉ မှာ
အသိအမှတ်ပြုခံရတဲ့ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပါ။
World
Heritage Sites ကို သတ်မှတ်တဲ့နေရာမှာ Cultural ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့
အမွေအနှစ်လား၊ Natural သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ အမွေအနှစ်လား ဆိုပြီး
ခွဲထားပါသေးတယ်။ မြန်မာပြည်ထဲမှာ လက်ရှိ အသိအမှတ်ပြုခံထားရတဲ့ ၂ ခုစလုံးက
Cultural ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ အမွေအနှစ်ပါ။
ရခိုင်ပြည်ထဲက
မြောက်ဦးနဲ့ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကြီးကို World Heritage Sites
အဖြစ် အသိအမှတ်ပြုဖို့အတွက် စာရင်းသွင်းဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၇
ကတည်းက ကြိုးစားနေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ အမွေအနှစ်အဖြစ်
စာရင်းသွင်းဖို့ ရှိတာတွေက ရှမ်းပြည်တောင်ပိုင်းက ပြဒါးလင်းဂူ၊ ဧရာဝတီမြစ်၊
အင်းတော်ကြီးအိုင်၊ အင်းလေးအိုင်၊ ချင်းပြည်နယ်က နတ်မတောင်၊
မြိတ်ကျွန်းစု၊ ဟူးကောင်းတောင်ကြားနဲ့ တနင်္သာရီက သစ်တောကြီးတို့ပါပဲ။
ကြိုးစားမှုတွေဟာ အရာထင်လာ မလား မဖြစ်လာနိုင်သေးဘူးလား ဆိုတာကတော့ အချိန်က
စကားပြောပါမယ်။ UNESCO အသိအမှတ်ပြုခံရဖို့ ဆိုတာ လွယ်တော့ မလွယ်ပါဘူး။
အရှေ့တောင်အာရှမှာ UNESCO ရဲ့ World Heritage Sites အဖြစ်
အသိအမှတ်ပြုခံထားရတဲ့ စာရင်းဝင် နေရာအများဆုံး တိုင်းပြည်တွေကတော့
အင်ဒိုနီးရှား (၉ ခု) ပါ။ ကျန်တဲ့နိုင်ငံတွေကတော့ ဗီယက်နမ် (၈ ခု)၊
ဖီလစ်ပိုင် (၆ ခု)၊ ထိုင်း (၅ ခု)၊ မလေးရှား (၄ ခု)၊ ကမ်ဘောဒီယား (၃ ခု)၊
လာအို (၃ ခု)၊ မြန်မာ (၂ ခု) နဲ့ စင်္ကာပူ (၁ ခု) ရှိပါတယ်။ ဘရူနိုင်းကတော့
တခုမှ မရှိသေးပါဘူး။
ဘာရယ် မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ အချက်အလက်တွေ
သူများတွေလည်း သိရအောင် ချရေးလိုက်တာပါ။ ဒါကို ဖတ်မိတဲ့အခါ အနည်းဆုံးတော့
သူများတကာရဲ့ အလိမ်မခံရဘူး အညာမခံရဘူးပေါ့လေ။
နောက်
၁၀ နှစ်ကျော် (၂၀၃၀) မှာ စက်ရုပ်တွေဟာ ကုန်ထုတ်စက်ရုံတွေမှာ လူသားတွေရဲ့
အလုပ်အကိုင် အခွင့်အလမ်း သန်း ၂၀ ကို လွှဲပြောင်းယူသွားတော့မယ်လို့ သတင်းမှာ
ပြသွားတယ်။ ဆိုလိုတာက လူတွေ အလုပ်အကိုင် အခွင့်အလမ်း နည်းသွားမယ်။
လူသားတွေ လုပ်နေတဲ့ အလုပ်နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးတဲ့ သဘောပါပဲ။
စက်ရုပ် ၁ ရုပ်ဟာ လူသား ၂.၂ ယောက်ရဲ့ ကုန်ထုတ်အလုပ်ကို လုပ်ကိုင်နိုင်စွမ်း
ရှိတယ်။ အဲဒီတော့ စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ အစားထိုးလာမှာဟာ မထူးဆန်းတဲ့
ကိစ္စတခုပါပဲ။
ကိုယ်တွေရဲ့ အလုပ်ထဲမှာလည်း နေ့စဉ်ပုံမှန်လုပ်ရတဲ့
အလုပ်တွေနေရာမှာ စက်ရုပ်တွေ အစားထိုးလာပြီ။ ဒါပြီးရင် ဒါလုပ် ဆိုတဲ့
ပုံမှန်သွားနေရတဲ့ အလုပ်မျိုးတွေမှာ စက်ရုပ်တွေ ပြောင်းသုံးလာပြီ။
စင်္ကာပူမှာက အစိုးရရဲ့ ကန့်သတ်ချက်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေ
အများကြီး ခန့်ထားလို့ မရဘူး။ နိုင်ငံခြားသား အလုပ်ကြမ်းသမားကို
ခန့်မယ်ဆိုရင် အစိုးရကို အခွန်အခ အများကြီး ပေးပြီးမှ ခန့်လို့ရတယ်။
စင်္ကာပူနိုင်ငံသားတွေကလည်း အလုပ်ကြမ်း ဆိုရင် မလုပ်ချင်ကြသလို...
မလုပ်နိုင်ကြတာလည်း ရှိတယ်။ အဲဒီလို အခြေအနေမှာ အလုပ်သမား လိုအပ်ချက်
များလာပြီး အလုပ်ရှင်တွေမှာ အခက်အခဲ ရှိလာပြီ။ အဲဒီတော့
စက်ရုံအလုပ်ရုံတွေမှာ စက်ရုပ်တွေကို အစားထိုးတာက ရေရှည်မှာ
ပိုအဆင်ပြေလာတယ်။ စက်ရုပ်က နိုင်ငံသားလား နိုင်ငံခြားသားလား ဆိုတဲ့
သတ်မှတ်ချက်လည်း မရှိသေးဘူး။
တလောကတင် ကိုယ့်ဌာနမှူး ဗီယက်နမ်ကို
အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်။ ကိုယ့်ကို လိုက်ခဲ့ဖို့ ခေါ်ပေမယ့် ကိုယ်လည်း
ကိုယ့်အလုပ်နဲ့ ကိုယ် ရှိနေတော့ မလိုက်သွားဖြစ်ဘူး။ ဗီယက်နမ်ကို သူ
သွားတာကလည်း လူအစားထိုး စက်ရုပ်နည်းစနစ်တခု အကောင်အထည် ဖော်ဖို့ပေါ့။ အဲဒီ
နည်းစနစ်တခုကို လိုင်စင်နဲ့ ဝယ်သုံးရင် ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၅
ထောင်လောက် ပေးရမယ်။ ဒါပေမယ့် အဲဒီစနစ်ကြောင့် ရုံးမှာ လူ ၅ ယောက်စာ
သက်သာမယ်။ ဗီယက်နမ်မှာ ရုံးဝန်ထမ်း ၁ ယောက်ကို အမေရိကန် ဒေါ်လာ ၁ ထောင် လစာ
ပေးရတယ် ဆိုရင် ၅ ယောက်စာက ဒေါ်လာ ၅ ထောင်။ ၁ နှစ်စာ လိုင်စင်ဖိုးက
ရုံးဝန်ထမ်း ၅ ယောက်ရဲ့ ၁ လစာ လုပ်အားခနဲ့ ညီနေမယ်။ ကျန်တဲ့ ၁၁ လစာက
ကုမ္ပဏီအတွက် အသားတင် စုမိဆောင်းမိတာပဲ။
ကဲ.. စစချင်းတုန်းက
ပြောခဲ့တဲ့ သတင်းကိစ္စ ပြန် ဆက်ရအောင်။ စက်ရုပ်တွေ အစားထိုး
ဝင်ရောက်လာမှုမှာ အထိအနာဆုံး ဖြစ်မယ့် တိုင်းပြည်ကတော့ တရုတ်ပါပဲ။
တရုတ်မှာက စက်ရုံတွေ အများကြီး ရှိတယ်။ အလုပ်သမားတွေလည်း အများကြီး ရှိတယ်။
အဲဒီလိုပဲ လုပ်ခလစာတွေလည်း တဖြည်းဖြည်း များများလာပြီ။ အရင်က
ဈေးပေါပေမယ့် တဖြည်းဖြည်း ဈေးကြီးလာပြီ။ လုပ်အားခတွေ ပေးရတာ
များလာတဲ့အခါမှာ စက်ရုံတွေက တွက်ခြေမကိုက်တာ ဖြစ်လာနိုင်ပြီ။ အဲဒီအခါမှာ
စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်လာမှာပဲ။ လေ့လာထားတဲ့
စစ်တမ်းအရ... ၂၀၃၀ ရောက်တဲ့အခါ တရုတ်ပြည်မှာ အလုပ်သမား ၁၁ သန်းကျော်ရဲ့
အလုပ်နေရာမှာ စက်ရုပ်တွေ အစားထိုး ဝင်ရောက်လာပါမယ်။
အဲဒီလိုဖြစ်လာတဲ့အခါမှာ အလုပ်အကိုင် ရှားပါးလာတဲ့ ၁၁ သန်းသော
တရုတ်ပြည်ကြီးက အလုပ်သမားထုကြီးဟာ ထိုင်နေလို့တော့ ဘာမှ မဖြစ်ဘူးဆိုတာကို
သိတဲ့အလျှောက် ပြည်တွင်းမှာ တခြားအလုပ်တွေ ပြောင်းလုပ်တာ ရှိနိုင်သလို
နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေထဲကို ဖြန့်ကျက် ရောက်လာနိုင်ပါတယ်။
ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ စက်ကိရိယာတွေကို
ကိုင်တွယ်တတ်တဲ့ ကျွမ်းကျင်အလုပ်သမားကို ကိုယ်တွေပြည်တွင်းက ဟိုယောင်ယောင်
ဒီယောင်ယောင် ယောင်ခြောက်ဆယ် အလုပ်သမားတွေ ဘယ်လိုမှ ယှဉ်လို့ ရမှာ မဟုတ်တာ
အသေအချာပါပဲ။ အဲဒီလို အခါမျိုးမှာ အလုပ်ရှင်တွေအနေနဲ့... ပေးရတဲ့ လုပ်ခလစာ
အတူတူ ဒါမှမဟုတ် နည်းနည်းလေး ပိုပြီးပေးရတဲ့ တရုတ်အလုပ်သမားနဲ့
ယောင်ခြောက်ဆယ် ပြည်တွင်းအလုပ်သမား ဘယ်သူ့ကို ရွေးမယ် ထင်ပါသလဲ။
အဲဒီအရွေ့ဟာ အနည်းနဲ့အများဆိုသလို မြန်မာပြည်မှာ ရိုက်ခတ်မှု
ရှိလာနိုင်ပါတယ်။ ကိုယ်တွေ ပြည်တွင်းမှာ အခုလိုပဲ ဆက်ပြီး ယောင်ခြောက်ဆယ်
လုပ်နေရင်တော့ ကိုယ်တွေပြည်တွင်းက စက်ရုံအလုပ်ရုံတွေမှာ
စက်ရုပ်တွေအများကြီး ဝင်မလာသေးပေမယ့် တခြားနိုင်ငံက ကျွမ်းကျင်အလုပ်သမားတွေ
အများကြီး ဝင်လာတဲ့အခါမှာ ပြည်တွင်းက အလုပ်သမားတွေ ထမင်းအိုးကွဲပါလိမ့်မယ်
ဆိုတာလေး တွေးမိမြင်မိလို့ စေတနာထား တပ်လှန့်နှိုးဆော်လိုက်တာပါ။
စကားမစပ်... ကိုယ်လည်း တရုတ်ပါပဲ။ ဒါပေမယ့် BBC မြန်မာပြည်ပေါက် တရုတ်ပါ။
စင်္ကာပူနဲ့
မလေးရှားက အသစ်အတိုင်း ရှိနေသေးတဲ့ စက်ဘီးတွေကို သင့်တော်တဲ့ဈေးနဲ့
ပြန်ဝယ်ပြီး မြန်မာပြည် တောနယ်ဘက်က ချို့တဲ့နွမ်းပါးတဲ့
ကျောင်းသားကလေးငယ်တွေကို အလကား ပေးဝေမယ့် အစီအစဉ်ကို ဖတ်လိုက်ရတယ်။ အဲဒီ
အစီအစဉ်ကို စတင် စီစဉ်နေကတည်းက အဲဒီသတင်းကို ဖတ်ဖူးခဲ့ပါတယ်။
တပ်ခေါက်သွားတဲ့ စက်ဘီးလုပ်ငန်းတွေရဲ့ ကျန်ရစ်နေတဲ့ စက်ဘီးတွေကို
ဈေးသက်သက်သာသာနဲ့ ဝယ်ပြီး မြန်မာပြည်ကို ဘယ်လိုသွင်းရမလဲ ဆိုတာ
အဖြေရှာနေတဲ့အကြောင်းပေါ့။ သူငယ်ချင်း ၁ ယောက်ကလည်း အဲဒါမျိုးဆန်ဆန်
မေးခွန်းတွေ မေးဖူးလို့ တဖွဲ့တည်းလို့တောင် ထင်ခဲ့မိဖူးတယ်။
မြန်မာပြည်မှာ စက်ဘီးဆိုတာ အတော်ကို အသုံးတည့်တဲ့ အရာပါ။ ကျေးလက်တောရွာနဲ့
မြို့နေ လူတန်းစားတွေအတွက် ဟိုနားဒီနား သွားဖို့တင်မက
ဝေးဝေးလံလံနေရာတွေလည်း သွားလာလို့ ရတဲ့ ခြေမြန်တော်ပါပဲ။ ဓါတ်ဆီ ဒီဇယ်
ထည့်ပေးဖို့လည်း မလိုတဲ့အတွက် ငွေကုန်ကြေးကျ နည်းစေတဲ့အပြင် စက်ဘီးနင်းရင်း
ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့အတွက် ကျန်းမာရေးရှုထောင့်က
ကြည့်ရင်လည်း ကောင်းကျိုးပေးပြန်တယ်။
ကိုယ်တွေ
ခြောက်တန်းကျောင်းသားဘ၀ကနေ စင်္ကာပူကို ထွက်မလာခင် အချိန်ထိ ရန်ကုန်မှာ
ရှိနေတဲ့အချိန်မှာ စက်ဘီးကို အဓိက အားထားပြီး ဟိုနားဒီနား သွားဖြစ်တယ်။
ကားတွေလည်း သိပ်မရှုပ်သေးတဲ့အချိန် ဖြစ်တော့ စက်ဘီးစီးပြီး သွားလာရတာ
စိတ်ပြေလက်ပျောက်လည်း ဖြစ်စေတယ်။ ဆိုင်ကယ် စီးခွင့်မရှိတဲ့ ရန်ကုန်မှာ
အချိန်လည်း ရှိတယ် အချိန်လည်း ပေးနိုင်တယ် ရာသီဥတုကလည်း အဆင်ပြေတယ်
ဆိုရင်... ဝေးဝေးလံလံကိုလည်း စက်ဘီးစီးပြီး သွားဖြစ်တယ်။
တက္ကသိုလ်
တက်နေတဲ့အချိန်မှာ ကျူရှင် သွားရင်လည်း အိမ်ကနေ စက်ဘီးနင်းပြီး
ထွက်သွားလိုက်တာပဲ။ တရုတ်စာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေကိုလည်း
စက်ဘီးနင်းပြီး သွားတက်လိုက်တာပဲ။ သူငယ်ချင်းတွေနဲ့ ညပိုင်း လက်ဖက်ရည်ဆိုင်
ထွက်ထိုင်ရင်လည်း နေထိုင်ရာ မြို့နယ် မတူတဲ့ တနေရာစီက သူငယ်ချင်းတွေ
စက်ဘီးကိုယ်စီနဲ့ ထွက်လာပြီး လက်ဖက်ရည်ဆိုင်မှာ ဆုံကြတယ်။ စက်ဘီး
မရှိတဲ့သူကို ရှိတဲ့သူက တင်နင်းလာရင်းပေါ့။
မြို့နယ်ကြက်ခြေနီတပ်ရင်းမှာ လူမှုရေးလုပ်ငန်းတွေ စေတနာ့ဝန်ထမ်း အဖြစ်
ထမ်းဆောင်တဲ့အချိန်တုန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဂျပန်ကနေ
စက်ဘီးတွေ လှူပေးလို့ မြို့နယ်အတွက် ရတဲ့ဝေစုအနေနဲ့ ကိုယ်တွေဆီမှာ
ကြက်ခြေနီတပ်ရင်းပိုင် စက်ဘီး ၄ စီး ရှိခဲ့ဖူးတယ်။ အဲဒီစက်ဘီးတွေက
ကိုယ်တွေရဲ့ လူမှုရေးလုပ်ငန်းတွေမှာ အတော်လေးကို အကျိုးပြုခဲ့ဖူးတယ်။
မြို့နယ်ထဲက အစည်းအဝေးတွေ အခမ်းအနားတွေ တက်ဖို့ဆိုရင်လည်း သုံးဖြစ်တယ်။
မြို့နယ်ပြင်ပကို ကြက်ခြေနီလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်စရာတွေ ရှိလာရင်လည်း
သုံးဖြစ်တယ်။ မှတ်မှတ်ရရ လှိုင်မီးဘေးတုန်းက ကိုယ့်မြို့နယ်က တပ်ဖွဲ့ဝငတွေ
မီးဘေးစခန်းမှာ တာဝန်ယူတော့ ကိုယ်တွေ နောက်တန်းကနေ အဲဒီတပ်ဖွဲ့ဝင်တွေဆီ
သူတို့ လိုအပ်တာတွေကို စက်ဘီးနင်းပြီး သွားပို့ပေးကြတယ်။ လခစားမဟုတ်တဲ့
စေတနာ့ဝန်ထမ်းဆိုတော့ အပိုသုံးဖို့ ငွေလည်း များများစားစား မရှိကြဘူးလေ။
အဲဒီတော့ စက်ဘီးနဲ့ပဲ သွားသွားလာလာ လုပ်ခဲ့ကြရတယ်။
အခုလည်း
ကျောင်းသွားဖို့ ဝေးဝေးလံလံ လမ်းလျှောက်နေရတဲ့ ကျောင်းသားလူငယ်တွေကို
စက်ဘီးတွေ ပေးလှူမယ်ဆိုတာ အတော်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါပဲ။
စက်ဘီးတွေ လှူတာဟာ ရောင်းတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ သိရသလောက်
စက်ဘီးတွေက အလကား ရတာ မဟုတ်ပါဘူး။ သင့်တော်တဲ့ ဈေးတခုခုနဲ့ ပြန်ဝယ်ရတာပါ။
ပြီးတော့ အဲဒီနိုင်ငံတွေကနေ မြန်မာပြည်ကို သယ်လာဖို့အတွက် သယ်ယူစရိတ်ဆိုတာ
ရှိပါသေးတယ်။ လက်ရှိစက်ဘီးမှာ တပ်ထားတဲ့ ဖုန်းနဲ့ဖွင့်ရတဲ့ သော့တွေ
ပြန်လဲဖို့လည်း လုပ်ရပါဦးမယ်။ ကုန်ကျစရိတ်က စက်ဘီး ၁ စီးကို ဒေါ်လာ ၅၀
လောက် ရှိတယ်လို့ ဖတ်လိုက်ရပါတယ်။
အဲဒီလို စက်ဘီးလှူမယ့်ကိစ္စကို
တချို့တွေက စိုးရိမ်တကြီးနဲ့ ထောက်ပြဝေဖန်တာကိုလည်း ဖတ်လိုက်ရပါတယ်။ သူတို့
ထောက်ပြတာက အမှိုက်ပါ။ တရုတ်ပြည်မှာ အဲဒီလို စက်ဘီးတွေကို
အမှိုက်ပုံကြီးလို ပစ်ထားတာကို မြင်ဖူးကြပါမယ်။ စက်ဘီးသင်္ချိုင်းလို့
ခေါ်ကြတာပေါ့။ သူတို့အမြင်က အဲဒီလို အမှိုက်တွေကို မြန်မာပြည်မှာ
လာစွန့်ပစ်တယ်ပေါ့။ မြန်မာပြည်ကြီးဟာ နိုင်ငံတကာက လာပစ်မယ့် အမှိုက်တွေရဲ့
အမှိုက်ပုံသဘောမျိုး ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ နိုင်ငံတကာမှာ
ဖြစ်နေတဲ့ဟာကို ထောက်ရှုရင် ဒါဟာ သင့်တော်တဲ့ စိုးရိမ်မှုပါပဲ။ ဟိုတလောက
မလေးရှားက သူ့နိုင်ငံထဲကို တင်ပို့လာတဲ့ ပလစ်တစ်စွန့်ပစ်အမှိုက်
ကွန်တိန်နာတွေကို မူလနိုင်ငံဆီကို ပြန်ပို့ဖို့ လုပ်နေတာမျိုး
ဖတ်လိုက်ရသေးတယ်။
ဒါပေမယ့် အခုကိစ္စမှာ စက်ဘီးတွေက အမှိုက်အဆင့်
မဟုတ်ပါဘူး။ အသစ်နီးပါး ကောင်းနေတဲ့ ပစ္စည်းတွေပါ။ လက်ရှိတိုင်းပြည်ရဲ့
လိုအပ်ချက်အရ ကျေးလက်နေ ကျောင်းသားလူငယ်တွေအတွက် အသုံးဝင်မယ့် သင့်တော်မယ့်
စက်ဘီးတွေပါ။ ကိုယ်တွေ မြန်မာပြည်ကြီးမှာတောင် သူများသုံးပြီးသား
ကားဟောင်းတွေကို တယုတယ စီးနေခဲ့တာ အခုအချိန်ထိပဲ မဟုတ်လား။ အဲဒီကားတွေကလည်း
အဲဒီမူလနိုင်ငံတွေမှာ ကားသင်္ချိုင်းမှာ ပစ်ထားရမယ့် ကားတွေလည်း
ပါလာနိုင်တာပဲလေ။
ဒါကြောင့် အခုစက်ဘီးတွေလှူမယ့် အစီအစဉ်ဟာ
လိုအပ်နေတဲ့အချိန်မှာ ကွက်တိဖြစ်လာတဲ့ အရာဖြစ်လို့ ကြိုဆိုပါတယ်။
သယ်ဆိုင်ရာနယ်မြေက ကျောင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်နေတဲ့သူတွေ
လက်ထဲကို စက်ဘီးတွေ တိုက်ရိုက် ရောက်နိုင်အောင် ကြိုးစားပေးကြပါလို့
တိုက်တွန်းချင်ပါတယ်။
စင်္ကာပူမှာ
ဘတ်စ်ကား စီးရတာ အဆင်ပြေတယ်။ လွယ်ကူတယ်။ အဲကွန်းတွေကလည်း အေးတော့
ခရီးသွားရတာ သက်တောင့်သက်သာ ရှိတယ်။ ဘတ်စ်ကားတွေကလည်း အချိန်မှန်တယ်။
မှတ်တိုင်တွေလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိတယ်။ အဲဒီလိုပဲ
ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးထားပြီး ကားခကိုလည်း တန်အောင် ယူပါတယ်။
အနီးအနား မှတ်တိုင် ၁ ခု စာ စီးရင်တောင် ၈၃ ဆင့် (မြန်မာငွေ ၈၅၀ ကျပ်
ဝန်းကျင်) ပေးရပါတယ်။ ၅ ကီလိုမီတာ အထက်ဆိုရင် ၁ ဒေါ်လာကျော် (မြန်မာငွေ ၁
ထောင်ကျော်) ပေးရပါပြီ။ အမြင့်ဆုံးပေးရတဲ့ ဘတ်စ်ကားခကတော့ ၂ ဒေါ်လာ ၈ ဆင့်
(မြန်မာငွေ ၂ ထောင်ကျော်) ပါ။
စင်္ကာပူမှာ မီးမှန်ပါတယ်။ မီးအားလည်း
ငြိမ်ပါတယ်။ အဲဒီလိုပဲ မီတာခကိုလည်း တန်အောင် ယူပါတယ်။ မီတာခက ၃ လ တခါ
အပြောင်းအလဲ ရှိတတ်ပါတယ်။ လတ်တလောမှာ မီတာခက ၁ ကီလိုဝပ် (kWh) ကို ၂၄.၃၉
ဆင့်ပါ။ မြန်မာငွေနဲ့ဆိုရင် ၂၅၀ ကျပ် ပတ်ဝန်းကျင် ရှိပါမယ်။ လေ့လာမိသလောက်
စင်္ကာပူမှာ မီတာခ သတ်မှတ်တာမှာ ကုန်ကျစရိတ်တွေကို ၂ ပိုင်းခွဲထားပြီး
တွက်ချက်သတ်မှတ်ပါတယ်။ Fuel Cost နဲ့ Non Fuel Cost ဆိုပြီးတော့
ခွဲခြားထားတယ်။ Fuel cost ကတော့ ဂတ်စ်ဖိုးတွေပါ။ စင်္ကာပူရဲ့
လျှပ်စစ်ထုတ်လုပ်မှု ၉၅% က သဘာဝဓါတ်ငွေ့ ဂတ်စ် သုံးထားတာပါ။ ဂတ်စ်ဖိုး
အတက်အကျ ရှိတိုင်း မီတာခ အပြောင်းအလဲ ရှိပါတယ်။ Non Fuel Cost မှာ
လျှပ်စစ်ဓါတ်အားထုတ်စက်ရုံ ဆောက်လုပ်စရိတ် ပြုပြင်ထိန်းသိမ်း
ကုန်ကျစရိတ်တွေ၊ ဝန်ထမ်းတွေအတွက် ပေးရတဲ့ လစာတွေ၊
လျှပ်စစ်ဓါတ်ကြိုးလိုင်းတွေရဲ့ ကုန်ကျစရိတ်တွေ၊ မီတာခ ဖတ်ရတဲ့ စရိတ်တွေ
အကုန် တွက်ချက်ပါတယ်။
ပစ္စည်း အရည်အသွေးနဲ့ ပတ်သက်ပြီးလည်း
ပြောချင်တာတွေ ရှိပါတယ်။ အဝတ်အထည်တွေပဲ ဆိုပါတော့။ တရုတ်တန်းမှာဆို တီရှပ် ၃
ထည်ကိုမှ ဒေါ်လာ ၁၀ ပဲ ပေးရတာမျိုးတွေ ရှိတယ်။ အဲဒီလိုပဲ
ကုန်တိုက်ကြီးတွေထဲမှာ နာမည်ကျော်တံဆိပ်တွေနဲ့ တီရှပ်တွေဆို ၁ ထည်ကို ဒေါ်လာ
၃၀ ကနေ ၈၀ ကျော်အထိ ပေးရတယ်။ တရုတ်တန်းက ၁၀ ဖိုး ၃ ထည် တီရှပ်တွေက ရေ ၃
ခါလောက် လျှော်ပြီးရင် အတော်လေးကို ရွဲသွားပြီ။ ပုံစံလည်း ပျက်နေပြီ။
အရောင်တွေလည်း မှိန်ကုန်ပြီ။ ဈေးကြီးပေး ဝယ်ထားရတဲ့ နာမည်ကျော်တံဆိပ်နဲ့
တီရှပ်က ၃ နှစ်လောက် ဝတ်ထားတာတောင် အခုထိ အရောင်လည်း မမှိန်၊ ပုံစံလည်း
မပျက်ပဲ ရှိနေတယ်။ တန်ရာတန်ကြေး ဆိုတာကို အဲဒီလို တီရှပ်တွေကနေ သဘောပေါက်
နားလည်လိုက်တယ်။
ကောင်းတာတွေ လိုချင်ရင် တန်အောင်လည်း ပြန်ပေးရမယ်
ဆိုတာကို သတိပြုစေချင်တာပါ။ ကောင်းတာတွေ လိုချင်ပြီး တန်ရာတန်ကြေး
မပေးနိုင်တဲ့အခါမှာ အချိန်တခုကြာတဲ့အခါ ကောင်းတာတွေဟာ
မကောင်းနိုင်တော့ပါဘူး။ အဲဒီလို အရည်အသွေး ဝန်ဆောင်မှု ကောင်းတာတွေကို
ရေရှည် ဆက်လက် ထိန်းထားနိုင်ဖို့ဆိုတာမှာ မှန်ကန်တဲ့ ဦးဆောင်မှုအပြင်
ငွေအင်အားလည်း လိုပါတယ်။ ကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေ စက်ပစ္စည်းတွေ
ဝယ်ဖို့၊ ကောင်းတဲ့ တော်တဲ့ ထူးချွန်တဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေကို
လစာပေးနိုင်ဖို့၊ ကောင်းမွန်တဲ့ ပြုပြင် ထိန်းသိမ်းမှုတွေ
လုပ်နိုင်ဖို့... ငွေလိုပါတယ်။ ငွေမရှိရင်တော့ ကောင်းတာတွေလည်း ရေရှည်မှာ
ဆက်မရှိနိုင်တော့ပါဘူး။
ကောင်းတာတွေ မလုပ်နိုင်သေးလို့ တန်အောင်
မပေးနိုင်ဘူး ဆိုတာနဲ့ တန်အောင် ပေးမယ်... ကောင်းသထက် ကောင်းအောင်
လုပ်ကြပါဆိုတာမှာ ရလဒ်က မတူဘူး ဆိုတာလည်း သတိချပ်စေချင်ပါတယ်။ အရှုံးခံပြီး
လုပ်နေရတာဟာ ရေရှည်အတွက် မကောင်းဘူး။ လုပ်သမျှ ရှုံးနေတဲ့အခါမှာ
ကောင်းအောင် လုပ်ဖို့ အင်အား မရှိတော့ပါဘူး။ အဲဒီအစား သင့်တင့်သလောက်
ကောက်ခံပြီး ကောင်းသထက် ကောင်းအောင် လုပ်ဖို့ကို ပြင်ဆင်သင့်ပါတယ်။
ဒါကြောင့် ကိုယ်တွေကလည်း ရေတိုကို မကြည့်ပဲ ရေရှည်ကို ကြည့်ဖို့
တိုက်တွန်းချင်ပါတယ်။ ပေးလိုက်ရတာပဲ မမြင်ပဲ ကောင်းအောင် လုပ်နေတာကို
မြင်တတ်ဖို့လည်း လိုပါတယ်။ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်တွေ ကိုယ်တွေထက်
အဆပေါင်း များစွာ ကောင်းမွန်ဖို့အတွက် အနစ်နာခံမှုတွေ လိုအပ်တဲ့
ပေးဆပ်မှုတွေ ကိုယ်စီကိုယ်စီ လုပ်လိုက်ကြပါလေ။ ပြိုင်တူရုန်းရင် နွံထဲက
လွတ်ကြမှာပါ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-72847264921044149842019-05-17T18:00:00.000+08:002019-05-22T13:32:47.605+08:00Why rule of law?ဟိုတလောက ရုံးအပြန် ကားဂိတ်ကို လမ်းလျှောက်သွားနေတုန်း လူသွားလမ်းဘေးက
မြက်ခင်းထဲမှာ ကြက်တူရွေး ၁ ကောင် သေနေတာ တွေ့လိုက်တယ်။ အမှုမဲ့
အမှတ်မဲ့ပဲပေါ့။ ဒီနေ့ ရုံးအလာ ကားဂိတ်ကနေ လမ်းလျှောက်လာတော့
အဲဒီမြက်ခင်းရှေ့နားက အဆောက်အဦး ခေါင်မိုးပေါ်မှာ ကြက်တူရွေး ၇ ကောင်လောက်
တွေ့လိုက်ရတယ်။ နားနေတဲ့အကောင်နဲ့ ပျံနေတဲ့ အကောင်နဲ့။ ကျောင်းတွေ အိမ်တွေ
ရုံးတွေ ရှိနေတဲ့ လူနေရပ်ကွက်ကြီးထဲမှာ ကြက်တူရွေးအုပ်လိုက်ကြီး
လွတ်လွတ်လပ်လပ် ပျံသန်းလို့ ရနေတာကို ပထမဦးဆုံး တွေ့ဖူးတာပါပဲ။
စင်္ကာပူမှာ တခြားငှက်တွေလည်း
လွတ်လွတ်လပ်လပ် ရှိတာ သတိထားမိတယ်။ ခိုနဲ့ ဆက်ရက်ကတော့ အပေါဆုံးပဲ။ တချို့
မြက်ခင်းပြင်နဲ့ ရေမြောင်းကြီးတွေမှာတော့ သဘာဝအတိုင်း အစာရှာနေတဲ့
ဗျိုင်းတွေကို အုပ်စုလိုက် တွေ့ရလေ့ရှိတယ်။ ငှက်ဝါလေးတွေနဲ့ နှံပြီစုတ်လည်း
တွေ့ရတယ်။ ဥသြကတော့ အသံပဲ ကြားရတယ်။ စာကလေးနဲ့ ကျီးကန်းကတော့ ရှားတယ်။
စင်္ကာပူမှာက လူနေရပ်ကွက်နဲ့ ရုံးတွေပတ်ဝန်းကျင်မှာ သစ်ပင်ကြီးတွေ
အများကြီးရှိတော့ ငှက်တွေလည်း နားခိုစရာ၊ အစာရှာစရာ ရှိသွားတယ်။ နောက်တခုက
စင်္ကာပူမှာက တရားဥပဒေ စိုးမိုးတယ်။ လမ်းဘေးက အပင်တွေမှာ သီးနေတဲ့ အသီးတွေ
ပန်းတွေ ခူးခွင့်မရှိဘူး။ ခိုးခူးလို့ မိသွားရင် ဒဏ်ငွေဆောင်ပေတော့ပဲ။
ဆောင်ရတဲ့ ဒဏ်ငွေနဲ့ အဲဒီလို အသီးမျိုးကို ဝယ်စားရင် ပေးရမယ့် တန်ဖိုး
ယှဉ်လိုက်ရင် ဒဏ်ငွေက မတရားများတော့ တော်ရုံတန်ရုံ ဘယ်သူမှ
ခိုးခူးမစားကြတော့ဘူး။ ဒါကြောင့် အပင်တွေမှာ အသီးတွေ ပြွတ်ခဲနေတာကို
တွေ့ရလိမ့်မယ်။ အသီးတွေ ရှိတော့လည်း ငှက်တွေလည်း သဘာဝအတိုင်း အစာရှာလို့
ရတာပေါ့။
လူတွေကလည်း ငှက်တွေ ရှဉ့်တွေ တခြားတိရစ္ဆာန်တွေကို
အကြောင်းမဲ့ ရန်မရှာဘူး။ သဘာဝအတိုင်းပဲ လွှတ်ထားပေးတယ်။ ဖမ်းတာလည်း မရှိဘူး။
အိမ်မှာ အကောင်ပလောင် မွေးရတဲ့ အလုပ်ကို တာဝန်မယူနိုင်တာလည်း ပါမယ်
ထင်တယ်။ ခွေးမွေးရင်တောင် အတော် အလုပ်ရှုပ်ခံရတာမျိုးလေ။ မနက်ကတောင်
ရုံးအလာ အိမ်အောက်မှာ ခွေးကျောင်းရင် မြက်ခင်းပေါ်မှာ ခွေးပါခဲ့သမျှ
ချီးတုံးတွေကို လက်အိတ်နဲ့ တခုမကျန် ကောက်နေရတဲ့ အန်တီကြီးကိုတောင်
တွေ့ခဲ့သေးတယ်။ ပြီးတော့ တိရစ္ဆာန်တွေကို နှိပ်စက်တာလည်း မရှိသလောက်
နည်းတယ်။ လူနေတိုက်ခန်းတွေမှာ ရှိနေတဲ့ ကြောင်တွေကို နှိပ်စက်တာ
သတ်ပစ်တာမျိုး... တိုက်အမြင့်ကနေ ပစ်ချတာမျိုးတွေ ရှိရင်လည်း ဥပဒေနဲ့အညီ
တရားစွဲဆို အပြစ်ပေးတာမျိုး ရှိတယ်။
ဆိုလိုချင်တာက တရားဥပဒေသာ
စိုးမိုးပါစေ အဲဒီတိုင်းပြည်မှာ လူတွေတင်မကဘူး သက်ရှိသတ္တဝါမျိုးစုံနဲ့
အပင်တွေပါ စိတ်ချမ်းသာမှု ရစေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ သဘာဝ
ပတ်ဝန်းကျင်နဲ့ လူတန်းစေ့မယ့် ဘ၀မျိုးကို ဖန်တီးမယ်ဆိုရင် တရားဥပဒေ
စိုးမိုးရေးက အဓိကပါပဲ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-12457960385663736612019-05-02T22:00:00.000+08:002019-05-22T13:34:58.841+08:00Bad Experience with Batam Immigrationစင်္ကာပူနားမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ဘာတန်နဲ့ ဘင်တန် ဆိုတဲ့
ကျွန်းတွေ ရှိပါတယ်။ အဲဒီကို Speedboat နဲ့ သွားရင် ၁ နာရီ
ပတ်ဝန်းကျင်လောက် ကြာပါတယ်။ ပိတ်ရက်တွေမှာ စင်္ကာပူက လူတွေ အဲဒီကျွန်းဘက်ကို
အလည်သဘောမျိုးနဲ့ နေ့ချင်းပြန်ခရီးတွေ ထွက်လေ့ရှိတတ်ကြတယ်။ မြန်မာပြည်က
အလည်လာတဲ့ ဆွေမျိုးသားချင်းတွေကိုလည်း စင်္ကာပူအနီးအနားက ကျွန်းဖြစ်နေလို့
ရောက်ဖူးအောင်ဆိုပြီး လိုက်ပို့တတ်ကြပါသေးတယ်။ မြန်မာတွေ အင်ဒိုနီးရှားကို
သွားလည်မယ်ဆိုရင် ဗီဇာလည်း မလိုဘူးလေ။
ဒါပေမယ့် စင်္ကာပူကို အလည်လာပြီး အင်ဒိုကို
ထပ်ဆင့် ၀င်လည်တဲ့ မြန်မာတွေရဲ့ စင်္ကာပူမှာ နေထိုင်ခွင့်သက်တမ်း ၂ ပတ်အောက်
ရောက်နေတဲ့အခါမှာ ဒါမှမဟုတ် နေ့ချင်းပြန်ခရီး ဖြစ်နေတဲ့အခါမှာ အဲဒီကျွန်းက
အင်ဒိုနီးရှား လဝကအရာရှိတွေက အဲဒီခရီးသည်ကို ငွေညှစ်တတ်ပါတယ်။ သူတို့
ယူဆတာက စင်္ကာပူကနေ အင်ဒိုဘက်ကို ခဏ အထွက်ပြပြီး စင်္ကာပူမှာ နေထိုင်ခွင့်
သက်တမ်း တိုးဖို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ မြန်မာခရီးသည် ၁ ယောက်ကို စလုံး
ဒေါ်လာ ၁၀၀ တောင်းပါတယ်။ ပြုံးပြငိုပြ ညှိနှိုင်းပြီးရင်တော့ ဒေါ်လာ ၅၀
လောက်နဲ့ ကိစ္စပြတ်ပါတယ်။ တချို့တွေလည်း ဒေါ်လာ ၃၀ နဲ့ ရတယ်လို့
ပြောကြပြန်တယ်။
ပြောချင်တာက... စင်္ကာပူမှာ အလည်အပတ် နေထိုင်ခွင့်သက်တမ်း တိုးဖို့
ခဏအထွက်ပြချင်ရင်တော့ ကိစ္စမရှိပါဘူး။ အဲဒီလို မဟုတ်ပဲ... အလည်သဘောမျိုးနဲ့
ရောက်ဖူးချင်လို့ အဲဒီကျွန်းတွေဘက်ကို သွားလည်တယ်ဆိုရင်တော့ အင်ဒိုဘက်မှာ
ငွေညှစ်တတ်တာကို သတိထား သိရှိနိုင်အောင် ဝေမျှတာပါ။ စင်္ကာပူဘက်ကတော့ ဘာမှ
မလုပ်ပါဘူး။ အပြန်လေယာဉ် လက်မှတ် ပြနိုင်ရင် အဝင်တုံး ထုပေးလိုက်တာပါပဲ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-9081487131026461532019-04-29T15:30:00.000+08:002019-05-22T13:37:36.264+08:00Just do the best you can
မြန်မာပြည်မှာ
ရာသီဥတုက ပူနေတဲ့ကြားက မီးတွေပျက်နေတာကို ကိုယ်ချင်းစာပါတယ်။ တချို့ကလည်း
ပြောချင်ပြောပါမယ်... မီးမပျက်တဲ့နေရာမှာ နေပြီး အဝေးကနေ ကိုယ်ချင်းစာနေတာ
ဘာလုပ်ရမလဲပေါ့။ တကယ်တော့ ကိုယ်တွေလည်း မြန်မာပြည်မှာ
နေတဲ့အချိန်တုန်းကလည်း မီးပျက်တဲ့ဒဏ်ကို အလူးအလဲ ခံစားခဲ့ဖူးပါတယ်။
အဲဒီအတွေ့အကြုံကို အခြေခံပြီး ကိုယ်ချင်းစာမိတာပါ။
မီးပျက်တော့
အသံတွေ ထွက်ပါတယ်။ ရာသီဥတုကလည်း ပူတော့ စိတ်တွေ အိုက်ပြီး ဒေါသသံတွေလည်း
ပါလာတာပေါ့။ တချို့တချို့တွေဆီကနေ အပြစ်တင်သံတွေ ထွက်လာပြန်ရော။
အစိုးရဘက်လည်း လက်ညိုးထိုးကြတာပေါ့။
ဘာလုပ်နေသလဲ။ ဘာတွေ လုပ်ပေးမလဲပေါ့။ တချို့ကတော့ ကိုယ့်အစိုးရဆီကနေ အားကိုး
ရှာကြတဲ့ သဘောပါပဲ။ တချို့ကတော့ အခွင့်အရေးရတုန်းလေး ဖဲ့ထားဦးမှ ဆိုပြီး
လုပ်ကြတဲ့ သဘောလည်း ရှိနိုင်ပါတယ်။ ဘယ်လိုစာကို ဘယ်လို စိတ်ထားနဲ့
ရေးတယ်ဆိုတာကိုတော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲလေ။
တကယ်တော့ မြန်မာပြည်မှာ နွေရာသီမှာ မီးမနိုင်တာကတော့ ကြိုတင်
မျှော်လင့်ထားသင့်ပါတယ်။ ဆည်တွေလည်း ရေနည်းကုန်သလို တခြား
လျှပ်စစ်မီးရနိုင်စရာ အခြေအနေတွေလည်း မရှိဘူးလေ။ ကျောက်မီးသွေးသုံး
ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ဆိုတာလည်း ကန့်ကွက်မှုတွေကြောင့်
ရပ်တန့်နေတယ်။ နေရောင်ခြည် စွမ်းအင်သုံးတာတို့ လေအားလျှပ်စစ်တို့
ဆိုတာတွေလည်း မဖြစ်လာသေးဘူး။ ဒီဇယ်နဲ့ မောင်းမယ်ဆိုရင်လည်း ကုန်ကျစရိတ်က
အတော်များမယ်။ အစိုးရရဲ့ ဘတ်ဂျက်အရ လုပ်ပေးနိုင်မယ့်ကိန်း မမြင်မိဘူး။
အဲဒီတော့ ဘာလုပ်စရာ ရှိဦးမလဲ။
ကိုယ်တွေက အဲဒီလျှပ်စစ်ဓါတ်အားပေး
နယ်ပယ်ထဲက မဟုတ်တော့ ပညာရှင်တွေလို မသိနိုင် မတွေးနိုင်ဘူး။ ဒါပေမယ့်
ကိုယ်မြင်တာကတော့ လောလောဆယ်မှာ ဘာမှ လုပ်မရပဲ လမ်းဆုံးနေသလိုပဲ။ နှစ်တိုင်း
ဒီလိုပဲ လျှပ်စစ်လိုအပ်ချက်တွေ အနည်းနဲ့အများ ဆက်ဖြစ်နေဦးမယ်လို့
မြင်မိတယ်။
လျှပ်စစ်ဓါတ်အား ထုတ်ဖို့ကိစ္စက ကိုယ်တွေ လက်ထဲမှာ
လုပ်စရာ မရှိတာကို သဘောပေါက်ပြီ ဆိုရင် အပူဒဏ်ကို လျှော့ချဖို့တော့
ကိုယ်တွေ လုပ်နိုင်တာတွေကိုပဲ လုပ်ထားကြဖို့ လိုပါမယ်။ အရိပ်ရ အပင်များများ
စိုက်ကြပါ။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ ရေအရင်းအမြစ်တွေကို
စောင့်ရှောက်ပါ။ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာပါဘူးလေ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-25012676195067322912019-03-06T20:30:00.000+08:002019-05-22T13:41:15.068+08:00Education = Brighter Futureဒီနေ့မှာ မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရတယ် ဆိုတဲ့ သတင်းလေး
ဖတ်မိတော့ အင်တာနက်မှာ ဖြန့်ဝေနေတဲ့ တက်ကျမ်းလိုလို ကျကျမ်းလိုလို
ကြက်စွပ်ပြုတ်လိုလို ဂျင်းအကြီးစားကို သတိသွားရမိတယ်။
အဲဒါ
ဘာလဲဆိုတော့ တက္ကသိုလ်ကနေ ဘွဲ့မရခဲ့ပေမယ့် အောင်မြင်နေတဲ့သူတွေ
အကြောင်းပေါ့။ ဘွဲ့မရလည်း ဘာအရေးလဲ။ ဘ၀မှာ အောင်မြင်နိုင်တယ်
ဆိုတာမျိုးပေါ့။ ပညာရေးမှာ ခရီးမပေါက်တဲ့သူတွေကို စိတ်ဓါတ် မကျစေလိုလို့
အားပေးတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုတ်ရာတခြား ရှရာတခြား
ဖြစ်ပြီး... ပညာရေးက အရေးမကြီးဘူးလို့ ထင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဥပမာပေးတာကတော့ Steve Job, Bill Gate, Mark Zuckerberg တို့ပေါ့။ အဲဒီလို
ဥပမာပေးထားတဲ့ လူတွေ တက်ခဲ့တဲ့ တက္ကသိုလ်ကိုလည်း ပြန်ကြည့်ပါဦး။
တော်ရိရောရိတွေ တက်လို့ရတဲ့ တက္ကသိုလ်မျိုးတွေမှ မဟုတ်တာ။ ဆိုလိုချင်တာက
သူတို့ဟာ တက္ကသိုလ်ကနေ ဘွဲ့မရခဲ့ပေမယ့် ပညာရေးမှာ အချဉ်တွေတော့
မဟုတ်ခဲ့ဘူးလေ။ ပညာရေးမှာ အခြေခံကောင်းခဲ့ပြီး အတော်လေးကို
ထူးချွန်ခဲ့ကြတာမျိုးပါ။
အဓိက ပြောချင်တာက ပညာရေးကို ဦးစားပေးဖို့
လိုတယ် ဆိုတာလေး ထောက်ပြချင်တာပါ။ ပညာရေး အခြေခံ မကောင်းပဲနဲ့
အောင်မြင်တဲ့လူဆိုတာ လောကမှာ အများကြီး မရှိပါဘူး။ သူတို့မှာ တခြား
ထူးချွန်မှုတွေ ရှိနေလို့ အောင်မြင်လာတာပါ။ ဥပမာ ပေါင်းသင်းဆက်ဆံရေး
ကောင်းတာမျိုး၊ စီးပွါးရေးအမြင် ရှိတာမျိုးပေါ့။
ဘွဲ့မရလည်း
ဘာအရေးလဲလို့ မထင်ကြပါနဲ့။ ဘွဲ့ရနဲ့ ဘွဲ့ရ မဟုတ်ရင် အလုပ်အကိုင်မှာလည်း
ကွာလာပါတယ်။ စင်္ကာပူမှာဆို Professional အလုပ်နဲ့ ပတ်သက်ပြီး ဒီပလိုမာ
ဒါမှမဟုတ် ဘွဲ့ရဖြစ်မှ အလုပ် လုပ်ခွင့် Pass (SPass, EP) ထုတ်ပေးတာမျိုးပါ။
ကိုယ်က မိုးပျံအောင် တော်နေတတ်နေပြီး Pass အတွက် လိုအပ်ချက်ဖြစ်တဲ့
ဘွဲ့တခုခု မရထားရင် Pass မရတာမျိုး ဖြစ်တတ်ပါတယ်။ ဘွဲ့ရဖြစ်နေပြီး တခြား
အလုပ်ကြမ်း သွားလုပ်တာကတော့ တပိုင်းပေါ့လေ။
အဲဒီတော့ ကြိုးစားကြပါ။
ပညာရေးကို အရေးမကြီးဘူးလို့ မထင်ပါနဲ့။ အခု ငယ်ရွယ်စဉ်မှာ အရေးမကြီးဘူး
ထင်ပြီး ပစ်ထားခဲ့တဲ့အရာတွေဟာ တချိန်မှာ တန်ဖိုးကြီးကြီး ပေးရတာမျိုး
ဖြစ်နေနိုင်ပါတယ်။ အချိန်က စကားပြောပါတယ်။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-10810902967958261762019-02-11T11:19:00.002+08:002019-02-11T11:22:56.994+08:00Applying newborn passport in Myanmar Embassy - SG
စင်္ကာပူမှာ မွေးတဲ့ မွေးကင်းစကလေးအတွက် မြန်မာသံရုံးမှာ passport လျှောက်ဖို့လိုလာရင် ဘာတွေ ဘယ်လို လုပ်ရသလဲဆိုတဲ့ အတွေ့အကြုံကို ပြန်လည် ဝေမျှပါမယ်။
သားကို ၁၉ ရက်နေ့ ဇန်န၀ါရီလ ၂၀၁၉ မှာ စင်္ကာပူက ဆေးရုံတခုမှာ မွေးပါတယ်။ မွေးပြီး ၃ ရက်အကြာ ဆေးရုံဆင်းမယ့်နေ့ ၂၁ ရက်နေ့ ဇန်နဝါရီမှာ ဆေးရုံမှာပဲ မွေးစာရင်း (Birth Certificate) လုပ်ပါတယ်။ မွေးစာရင်းနဲ့အတူ စင်္ကာပူ လဝက ICA က Special Pass ကို မွေးဖွားတဲ့နေ့ကနေ စပြီး ၄၂ ရက်စာ (ရက်သတ္တပတ် ၆ ပတ်) ထုတ်ပေးပါတယ်။ အဲဒါကို Advisory Note လို့ ခေါ်ပါတယ်။ အဲဒီ ၄၂ ရက်အတွင်းမှာ ကလေးအတွက် မြန်မာသံရုံးမှာ passport လျှောက်ရပါမယ်။
မြန်မာသံရုံးမှာ Newborn အတွက် passport လုပ်တဲ့အခါမှာ အဆင့် ၂ ဆင့် ရှိပါတယ်။ ပထမအဆင့်က passport အသစ်လုပ်ခွင့်ကို မြန်မာသံရုံးကနေတဆင့် လျှောက်ထားရတာပါ။ အဲဒီဟာကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က စိစစ်ပြီး ခွင့်ပြုလိုက်ပြီးဆိုရင် ဒုတိယအဆင့်က မြန်မာသံရုံးမှာ passport လုပ်ရတာပါ။
ပထမအဆင့်အတွက် စင်္ကာပူက မြန်မာသံရုံးရဲ့ Website မှာ အရင်ဦးဆုံး Online Appointment ယူရပါတယ်။ Newborn Baby Passport ဆိုတာကို နှိပ်ရပါမယ်။ အဲဒီမှာ ပထမအဆင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို download လုပ်ဖို့ ပေးထားသလို ဒုတိယအဆင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို download လုပ်ဖို့လည်း ပေးထားပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို download လုပ်ထားပါ။ ပြီးရင်တော့ Online Appointment လုပ်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းပါ။ ပြီးရင် ကိုယ် ဖြည့်ခဲ့တဲ့ email ထဲကို မြန်မာသံရုံးက Confirmation Link လေး လှမ်းပို့တဲ့အခါ Confirm လုပ်ပေးဖို့ လိုပါတယ်။ Confirm လုပ်ပြီးရင် email ထဲကို Token နံပါတ်နဲ့အတူ ကိုယ်ရေးရာဇဝင် ဖြည့်ဖို့လျှောက်လွှာပုံစံ ပါတဲ့ email တစောင် ဝင်လာပါမယ်။ အဲဒီလျှောက်လွှာက ၁ စောင်တည်း ဆိုပေမယ့် မိတ္တူ ၃ စုံ ထုတ်ထားဖို့ လိုပါတယ်။
ပထမအဆင့်မှာ ဖြည့်ရတဲ့ စာရွက်စာတမ်း လျှောက်လွှာတွေ အတော်များပါတယ်။ မိဘ ၂ ပါးရဲ့ ကိုယ်ရေးရာဇဝင်နဲ့ လျှောက်ထားတဲ့ ကလေးရဲ့ ကိုယ်ရေးရာဇဝင်တွေ ဖြည့်ရပါတယ်။ ကိုယ်ရေးရာဇဝင် လျှောက်လွှာက စာမျက်နှာ ၈ မျက်နှာ ရှိပါတယ်။ အဲဒီထဲမှာ အဖေ အမေရဲ့ မိဘမောင်နှမ ဆွေမျိုးသားချင်းတွေပါ ဖြည့်သွင်းရပါတယ်။ အဲဒီ ကိုယ်ရေးရာဇဝင်မှာ မိဘ ၂ ပါးနဲ့ ကလေးရဲ့ ဓါတ်ပုံလည်း ကပ်ပေးရပါတယ်။ တခြား လိုအပ်တဲ့ စာရွက်စာတမ်းတွေက မိဘ ၂ ပါးရဲ့ Passport မူရင်းနဲ့ မိတ္တူ၊ စင်္ကာပူမှာ လက်ရှိကိုင်ဆောင်ထားတဲ့ ID Card (PR, EP, SPass, DP) မူရင်းနဲ့ မိတ္တူ၊ မြန်မာပြည်က နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ၊ ကလေးရဲ့ မွေးစာရင်း မူရင်းနဲ့ မိတ္တူ၊ အလုပ် လုပ်တဲ့ မိဘရဲ့ စင်္ကာပူက မြန်မာသံရုံးမှာ အခွန်ဆောင်ထားကြောင်း အခွန်ပြေစာ မူရင်းနဲ့ မိတ္တူ။
အဲဒါတွေ ပြင်ဆင်ပြီးပြီဆိုရင် မြန်မာသံရုံးကို Appointment ယူထားတဲ့ရက်မှာ သွားပါ။ သွားတဲ့အခါမှာ ကောင်တာနံပါတ် ၃ မှာ ကိုယ်ပြင်ဆင်လာတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ အရင် သွားစစ်သင့်ပါတယ်။ ကောင်တာနံပါတ် ၃ က ဓါတ်ပုံရိုက်တဲ့အခန်းရဲ့ အနောက်အတွင်းဘက်မှာ ရှိပါတယ်။ မိတ္တူကူးဖို့ လိုအပ်တာတွေ ရှိရင်လည်း အဲဒီမှာ ကူးပေးပါတယ်။ ၁ စောင်ကို စင်္ကာပူ ၅၀ ဆင့် (ပြား ၅၀) ပေးရပါတယ်။ အဲဒီမှာ စစ်ဆေးပြီးရင် ကောင်တာနံပါတ် ၁ နဲ့ ၂ က Token နံပါတ် ခေါ်ပါမယ်။ ကိုယ့်နံပါတ်ကို ခေါ်တဲ့အခါမှာ အဲဒီစာရွက်စာတမ်းတွေကို ပေးလိုက်ပါ။ သူတို့က စစ်ဆေးပြီးတဲ့အခါ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ဖြည့်ပါတယ်။ အဲဒီလို အချက်အလက် ဖြည့်သွင်းတဲ့ အကျိုးဆောင်ခအနေနဲ့ စင်္ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ အဲဒါပြီးရင်တော့ အဲဒီစာရွက်စာတမ်းတွေကို ကောင်တာနံပါတ် ၅ နဲ့ ၆ တခုခုမှာ တန်းစီပြီး လျှောက်လွှာတင်ပါ။ အဲဒီကောင်တာကနေ passport လျှောက်ထားကြောင်း သံရုံးထောက်ခံစာ လာထုတ်ဖို့ ဖြတ်ပိုင်းတခု ပြန်ပေးပါမယ်။ အဲဒီဟာကို ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ သွားထုတ်ရပါတယ်။ ထောက်ခံစာဖိုး စင်္ကာပူဒေါ်လာ ၈ ဒေါ်လာ ပေးရပါတယ်။
အဲဒီထောက်ခံစာ ရပြီးတဲ့နောက် ရက်သတ္တပတ် ၂ ပတ်လောက်မှာ သံရုံး website မှာ passport အသစ်ပြုလုပ်ခွင့်ရတဲ့ စာရင်းမှာ ကိုယ့်ကလေးရဲ့အမည် ပါလာသလား ဆိုတာ ပုံမှန် စစ်ကြည့်ပေးဖို့ လိုပါပြီ။ အရင်တုန်းကတော့ ၁ လ လောက် ကြာတယ် ပြောကြတယ်။ ကိုယ့်သားအလှည့်မှာတော့ ၂ ပတ်တိတိမှာ အမည်စာရင်း ပါလာတာကို တွေ့ရတယ်။ အမည်စာရင်း ပါလာပြီ ဆိုရင် ဒုတိယအဆင့် passport လုပ်လို့ ရပါပြီ။ ထုံးစံအတိုင်း သံရုံး website မှာ Appointment တင်ပါ။ အဲဒီမှာ လိုအပ်တဲ့ အချက်အလက် ဖြည့်ပါ။ email ထဲကို Confirmation Link ပါတဲ့ စာ ဝင်လာပါမယ်။ Confirm လုပ်ပြီးတဲ့အခါ Token နံပါတ်နဲ့အတူ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် လျှောက်လွှာပါတဲ့ email ဝင်လာပါမယ်။
ဒုတိယအဆင့်မှာ ဖြည့်ရတဲ့ လျှောက်လွှာက ၁ မျက်နှာတည်းပါ။ အဲဒီမှာ ကလေးရဲ့ ဓါတ်ပုံ ၁ ပုံ ကပ်ရပါမယ်။ passport မှာ ထည့်ချင်တဲ့ ကလေးရဲ့ ဓါတ်ပုံကို ဖုန်းထဲမှာ ယူသွားလို့ ရပါတယ်။ အဲဒီ ဓါတ်ပုံကို ကောင်တာနံပါတ် ၃ မှာ email ကနေတဆင့် ပို့ပေးလို့ ရပါတယ်။ ဓါတ်ပုံ ထုတ်ပြီးသား ရှိရင်လည်း အဲဒီပုံကို ပေးလိုက်လို့ ရပါတယ်။ ဒုတိယအဆင့်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေက မိဘ ၂ ပါးရဲ့ Passport မူရင်းနဲ့ မိတ္တူ၊ စင်္ကာပူမှာ လက်ရှိကိုင်ဆောင်ထားတဲ့ ID Card (PR, EP, SPass, DP) မူရင်းနဲ့ မိတ္တူ၊ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ၊ ကလေးရဲ့ မွေးစာရင်း မူရင်းနဲ့ မိတ္တူ၊ အလုပ် လုပ်တဲ့ မိဘရဲ့ စင်္ကာပူက မြန်မာသံရုံးမှာ အခွန်ဆောင်ထားကြောင်း အခွန်ပြေစာ မူရင်းနဲ့ မိတ္တူ။ ဒုတိယအဆင့်မှာ မြန်မာပြည်က နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူကိုတော့ မတောင်းတော့ဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်တဲ့ passport အသစ်ပြုလုပ်ခွင့်ရတဲ့ စာရင်းကိုလည်း သံရုံး website ကနေ download လုပ်ပြီး print ထုတ်သွားပါ။ အဲဒီစာရင်းကို မယူသွားဖြစ်ရင်လည်း ကောင်တာနံပါတ် ၃ မှာ print ထုတ်ပေးပါတယ်။
ကိုယ်ယူထားတဲ့ Token နံပါတ်ကို ကောင်တာ ၁ နဲ့ ၂ က ခေါ်ပါမယ်။ အဲဒီလို မခေါ်ခင်မှာ ကောင်တာနံပါတ် ၃ မှာ ဖြည့်ထားတဲ့ အချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ အရင် စစ်ဆေးပါ။ အဲဒီလို ကြိုတင် စစ်ထားတော့ လိုအပ်တာတွေ အစုံရှိနေတဲ့အခါမှာ ကောင်တာ ၁ နဲ့ ၂ မှာ ချောချောမွေ့မွေ့ ရှိစေပါတယ်။ ကောင်တာနံပါတ် ၁ နဲ့ ၂ မှာ စာရွက်စာတမ်း မူရင်းတွေကို မိတ္တူတွေနဲ့ တိုက်စစ်ပြီးတဲ့အခါ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ဖြည့်ပါတယ်။ အဲဒီလို အချက်အလက် ဖြည့်သွင်းတဲ့ အကျိုးဆောင်ခအနေနဲ့ စင်္ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ အဲဒါပြီးရင်တော့ ဓါတ်ပုံရိုက်တဲ့အခန်းကို သွားရပါတယ်။ email ပို့ထားတဲ့ ဓါတ်ပုံကို လျှောက်လွှာနဲ့ တွဲပေးပြီး ဖြတ်ပိုင်းတခု ထုတ်ပေးပါတယ်။ ပြီးရင်တော့ ကောင်တာနံပါတ် ၅ နဲ့ ၆ တခုခုမှာ တန်းစီပြီး အဲဒီဖြတ်ပိုင်းနဲ့ လျှောက်လွှာကို တင်ပါ။ အဲဒီကောင်တာကနေ passport လာထုတ်ဖို့ ဖြတ်ပိုင်းတခု ပြန်ပေးပါမယ်။ ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ အဲဒီ ဖြတ်ပိုင်းကို ပြပြီး စင်္ကာပူဒေါ်လာ ၃၅ ဒေါ်လာ ပေးပြီးတဲ့အခါ passport ထုတ်လို့ ရပါပြီ။
ပထမအဆင့်မှာ စုစုပေါင်း စကာင်္ပူ ၂၈ ဒေါ်လာ ကုန်ကျပါတယ်။ ဒုတိယအဆင့်မှာ စင်္ကာပူ ၅၅ ဒေါ်လာ ကုန်ကျပါတယ်။ မိတ္တူကူးခတွေတော့ ထည့်မတွက်ထားဘူးပေါ့။ စင်္ကာပူက မြန်မာသံရုံးမှာ မွေးကင်းစကလေးအတွက် passport လျှောက်တာကတော့ ဒါပါပဲကွယ်။ အစစအရာရာ အဆင်ပြေကြပါစေ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-60684031971457047442018-11-27T18:00:00.000+08:002019-02-11T11:31:13.700+08:00Good things about my little girl Yoonယွန်းနဲ့ပါတ်သက်ပြီး ကောင်းကွက်လေးတွေ ပြောရရင် အခုချိန်အထိ
ကျောင်းပျော်လေး ဖြစ်နေတာပဲ။ ဘယ်သင်တန်း ဘယ်ကျူရှင်ပဲဖြစ်ဖြစ် မသွားချင်ဘူး
ဆိုတာ မရှိဘူး။ ကျောင်းသွားဖို့ဆို အမြဲတမ်း ပျော်ရွှင် တက်ကြွနေတယ်။
သင်တန်းအသစ်တွေ တက်ချင်တယ်ဆိုပြီး ပူဆာလို့ ကျောင်းလိုက်အပ်ပေးရင်
ပျော်နေတာပဲ။ ဘယ်တော့ အဲဒီသင်တန်းအသစ်ကို တက်ရမလဲ ဆိုပြီး မေးတတ်သေးတယ်။
ကျောင်းပိတ်ရက်ရှည်ထဲ ရောက်နေရင်လည်း ကျောင်းဖွင့်ရက်ကို မျှော်နေပြန်ရော။
မနက်မိုးလင်း အိပ်ယာထရင်လည်း ဂျီကျတာမျိုး မရှိဘူး။ အမြဲတမ်း ရွှင်ရွှင်ပျပျနဲ့ပဲ အိပ်ယာထတယ်။
လုပ်စရာရှိတဲ့ မျက်နှာသစ် သွားတိုက် သူ့ဘာသာသူ လုပ်သွားတယ်။ ပြီးရင်
ညအိပ်အဝတ်ကို ချွတ်ပြီး အဝတ်အသစ်လဲထားပြီး မနက်စာ စားဖို့အတွက် စားပွဲဆီမှာ
လာထိုင်တယ်။
သူ
လိုချင်တဲ့ပစ္စည်းကို မရရင်လည်း ထပ်ပြီး အထွန့်တက် မပူဆာပြန်ဘူး။ လိုချင်တာ
မရလို့ ငိုယိုတာလည်း မရှိဘူး။ သူ့ကို နားလည်အောင် ပြောပြထားရင် အိုခေ
ဆိုပြီး... ဆက်မပူဆာတော့ဘူး။ နောက်မှ ဝယ်ပေးမယ်လို့ ပြောပြရင်လည်း သူက
လက်ခံတာပဲ။
ဘယ်လောက်ပဲ ကစားကွင်းထဲမှာ အဆော့မက်မက်... တော်ပြီ
ပြန်ရတော့မယ် သွားတော့မယ် ပြောရင်လည်း ဆော့တာကို ရပ်ပြီး ပြန်ဖို့ လုပ်တယ်။
တီဗွီတို့ အိုင်ပတ်တို့ ကြည့်နေတဲ့အချိန်လည်း သတ်မှတ်ထားတဲ့
အချိန်ပြည့်လို့ ပြောပြလိုက်ရင် ဆက်မကြည့်တော့ပဲ ပိတ်ပစ်လိုက်တယ်။
အားတဲ့အချိန်မှာ အရုပ်တွေနဲ့ မဆော့ဖြစ်ရင် အရောင်ခြယ်တယ်...
ပန်းချီဆွဲတယ်... ကာတွန်း ဆွဲတယ်။
စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေကို
ဖတ်ရင်းနဲ့ စိတ်ပါလာရင် အဲဒီစာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲ ကူးရေးတယ်။
သင်္ချာတွေလည်း စိတ်နဲ့ တွက်လိုက် ပေသီးခေါက်လိုက်နဲ့ လုပ်နေတာပဲ။ တခါတလေ
စန္ဒားယား တီးလိုက် တယောထိုးလိုက်နဲ့ ဆော့ဖြစ်တော့ သူ့ဘာသာသူတော့
မအားရှာဘူး။ သီချင်းဆိုတာလည်း ဝါသနာက ပါသေးတော့ အိုင်ပတ်ကနေ
သီချင်းစာသားတွေ လိုက်ဖတ်ပြီး အော်ဆိုနေတတ်သေးတယ်။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-33035322894413336292018-07-06T11:21:00.000+08:002018-07-10T11:21:38.290+08:00Let's get enough Vitamin DVitamin D ကို နေရောင်ခြည်က အဓိက ရပါတယ်။ အရေပြားပေါ်ကို တိုက်ရိုက်ထိတဲ့ နေရောင်ကနေ ရရှိတာမျိုးပါ။
အရင်တုန်းကတော့ နေမထွက်တဲ့ အအေးပိုင်းဒေသ၊ ဥရောပဘက်အခြမ်းမှာပဲ အဲဒီလို
ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ရပေမယ့် အခုအခါမှာ အီကွေတာနဲ့ နီးတဲ့ဒေသမှာပဲ
ဗီတာမင်ဒီ ချို့တဲ့ လူနာတွေကို ဆရာဝန်တွေက တွေ့နေရပါတယ်။ အသိဆရာဝန်တွေ
ပြောပြချက်အရ တနေကုန် အိမ်တွင်းအောင်း စက်ချုပ်တဲ့သူတွေ၊ အပြင်မထွက်ပဲ
အိမ်ထဲမှာပဲ နေတဲ့သူတွေ၊ ရုံးမှာပဲ တနေကုန် ရှိနေတဲ့သူတွေ
ဆေးလာစစ်တဲ့အခါမှာ ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ကြတယ်တဲ့။
အခုခေတ်မှာ ရုံးထဲမှာပဲ တနေကုန် အလုပ် လုပ်... နေ့လည်စာလည်း ရုံးမှာ
စားဖြစ်တော့ လူတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးလာတယ်။
အလုပ်သွားတဲ့အချိန်ကလည်း စောတော့ နေက သိပ်မပူသေးတယ်။ အလုပ်ပြန်
အချိန်မှာတော့ နေဝင်နေပြီ။
ဗီတာမင်ဒီ ချို့တဲ့ရင်
ကိုယ်လက်ကြွက်သားတွေ နာကျင်ပါတယ်။ အရိုးတွေ အားနည်းလာပါတယ်။ တခြား
နောက်ဆက်တွဲ ရောဂါတွေလည်း ရှိလာနိုင်ပါတယ်။ ဥပမာ ဆီးချို၊ သွေးတိုးရောဂါ။
နေရာင်ခြည်ကို ပြတင်းပေါက်မှန်၊ ကားမှန်ကနေတဆင့် ရတာမျိုးမှာ အရေပြားက
ဗီတာမင်ဒီ မထုတ်လုပ်နိုင်ပါဘူး။ အသားမဲမှာ စိုးလို့ နေရောင်ကာဆေးတွေ
အရေပြားမှာ လိမ်းထားရင်လည်း မရပါဘူး။ ဗီတာမင်ဒီ ထုတ်လုပ်ဖို့အတွက်
အရေပြားပေါ်ကို တိုက်ရိုက် နေရောင်ထိတွေ့ဖို့ လိုပါတယ်တဲ့။
နေ့ခင်း
၁၁ နာရီနဲ့ ၁ နာရီကြားမှာ နေရောင်ခြည်က ပြင်းအားအများဆုံး ဖြစ်လို့
အဲဒီအချိန်မှာ အရေပြားနဲ့ နေရောင်ထိတွေ့မှု ၁၅ မိနစ်လောက် ရှိရင်
တနေ့စာအတွက် လုံလောက်တဲ့ ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့်
နေရောင်ခြည် ပြင်းထန်လွန်းရင်လည်း အရေပြားကင်ဆာ ဖြစ်နိုင်တာကို သတိထားဖို့
လိုပါမယ်။
ဖြစ်နိုင်ရင်တော့ နေရောင်အောက်မှာ ဆက်တိုက်
အချိန်အကြာကြီး မနေဖို့ လိုပါမယ်။ ၅ မိနစ်လောက် ၁၀ မိနစ်လောက်ပဲ
နေရောင်အောက်မှာ နေပူဆာလုံသင့်ပါတယ်။ ပြီးရင် အရိပ်ထဲ ပြန်ဝင်
ခဏနားနေပြီးမှ နောက်တခေါက် နေပူဆာလှုံတာမျိုးက ပိုကောင်းပါမယ်။
တချို့တွေကတော့ မနက်နေရောင်ခြည်ကို အားကိုးကြပါတယ်။ ညနေ နေရောင်ခြည်က
ဗီတာမင်ဒီ ထုတ်လုပ်မှု အားနည်းတယ်လို့လည်း ပြောကြပါတယ်။
အချိန်ဘယ်လောက် နေပူဆာလှုံသင့်သလဲ ဆိုတာကတော့ အသားရောင်ပေါ် မူတည်ပါတယ်။
အသားမဲတဲ့သူတွေရဲ့ အရေပြားက ဗီတာမင်ဒီ ထုတ်လုပ်နိုင်မှု အားနည်းတဲ့အတွက်
အသားဖြူတဲ့သူတွေထက် နေရောင်ခြည် ထိတွေ့မှု ပိုလိုအပ်ပါတယ်။ အသားဖြူတဲ့သူတွေ
အချိန် ၁၅ မိနစ် နဲ့ တနေ့စာအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ်
လုံလောက်နိုင်ပေမယ့် အသားမဲတဲ့သူတွေကတော့ ၁ နာရီလောက် နေပူဆာလုံရပါတယ်။
အကယ်လို့များ နေရောင်ခြည်ကနေ လုံလောက်တဲ့ ဗီတာမင်ဒီတွေ မရခဲ့ဖူးဆိုရင်လည်း
ဗီတာမင်ဒီဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုပါတယ်။
ကြက်ဥအနှစ်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးသေတ္တာငါးတွေမှာ ဗီတာမင်ဒီဓါတ်
ပါပါတယ်။ နွားနို့၊ ပဲနို့၊ ဒိန်ချဉ်တွေမှာလည်း ဗီတာမင်ဒီ ပါပါတယ်။
အသီးအရည်မှာတော့ သဘာဝလိမ္မော်ရည်မှာ ဗီတာမင်ဒီ ပါပါတယ်။ အသီးအရွက်မှာတော့
မှိုကတော့ ဗီတာမင်ဒီဓါတ် များများပါပါတယ်။
အစားအသောက်ကနေ ဗီတာမင်ဒီ
ရဖို့ မလွယ်ရင်တော့ ဗီတာမင်ဒီ အားဆေးတွေလည်း ရှိပါသေးတယ်။ အဲဒါကိုတော့
ဆေးစစ်ပြီးတဲ့အခါ လိုအပ်ချက်အရ ဆရာဝန်ကပဲ ညွှန်ကြားပေးပါလိမ့်မယ်။
လိုအပ်တဲ့ ဗီတာမင်ဒီကို လုံလောက်စွာ ရရှိနိုင်ကြဖို့ နေသာတဲ့အခါ နေပူဆာလှုံကြပါလို့ တိုက်တွန်းလိုပါတယ်။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-23215549051879507342018-06-17T11:23:00.001+08:002023-03-24T11:08:05.494+08:00Save this World
ကိုယ်က ကုလားကား အကြည့်များတယ်။ တကူးတက ရှှာဖွေကြည့်တာထက်... စနေ တနင်္ဂနွေမှာ ကုလားတီဗွီလိုင်းက ပြတဲ့ ကားတွေကိုပဲ ကြည့်ဖြစ်တာ များပါတယ်။
တခါက ကြည့်ဖူးတဲ့ ကုလားကားမှာ မင်းသားက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကိစ္စမျိုးတွေမှာ တက်ကြွလှုပ်ရှားသူပေါ့။ သူနဲ့ သူ့ညီဝမ်းကွဲ (ဗီလိန်)တို့ ထိပ်တိုက်ရင်ဆိုင်တဲ့ အခန်းမှာ...
သူ့ညီက ပြောတာက... ဒီတောဒီတောင် ဒီပိုင်နက်ကို သူ့ယောက်ခမ ပိုင်တာ ဖြစ်လို့... စီးပွါးရေးအရ အကျိုးအမြတ်ရှိမယ့် ကိစ္စမှန်သမျှကို သူ လုပ်ချင်သလို လုပ်မယ်။ လာမတားနဲ့ မရဘူး... ဆိုတဲ့ သဘောမျိုး ပြောတယ်။
မင်းသားက ပြန်ပြောတယ်။ ဒီတောဒီတောင် ဒီသဘာဝပတ်ဝန်းကျင်ကို ဘယ်သူမှ မပိုင်ဘူး။ ငါတို့က ဧည့်သည်တွေ။ ဒီသဘာဝပတ်ဝန်းကျင်ရဲ့ ဧည့်သည်တွေ။ ငါတို့က ပိုင်ရှင် မဟုတ်ဘူး။ ဒီသဘာဝပတ်ဝန်းကျင်ကို ငါတို့လည်း မပိုင်သလို အနာဂတ်မှာ ရှိလာမယ့် လူသားတွေလည်း မပိုင်ဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်မဆီးရလေအောင် သဘာဝအတိုင်းပဲ ရှိနေဖို့လိုတယ် ဆိုတာမျိုး ပြန်ပြောတယ်။
အဓိက ပြောချင်တာက... ကိုယ်တွေက ဧည့်သည်ပါ။ ဒီကမ္ဘာမြေကြီးက အိမ်ရှင်ပါ။ အိမ်ရှင်ကို ဧည့်သည်က မစော်ကားရဘူး ဆိုတာမျိုး ပြောကြဆိုကြတယ်။ အိမ်ရှင်ကို စော်ကားမိရင် ဧည့်သည်အဖို့ ရလဒ်ကောင်းတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ အိမ်ရှင်ကို စော်ကားတဲ့ လုပ်ရပ်တွေ လုပ်မိကိုင်မိတဲ့အခါမှာ အိမ်ရှင်ရဲ့ တုံ့ပြန်မှုကို ဧည့်သည်တွေ ခါးစည်းခံရပြီပဲ။
ဘာရယ်တော့ မဟုတ်ပါဘူး။ ရေကြီးတာတွေ ရာသီဥတု ဖောက်ပြန်တာတွေကို မြင်ရကြားရသိရတော့ ဧည့်သည်ဖြစ်တဲ့ လူသားတွေဟာ အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်မှာ စော်ကားထားတာ များနေပြီဆိုတာ သတိချပ်မိလို့ပါ။ တောတွေတောင်တွေ ပြောင်သလင်းခါကုန်ရင် ရေတွေကြီးတတ်တယ် ဆိုတာကို လက်တွေ့ မြင်ရလာပါပြီ။ သစ်တောသစ်ပင်တွေ မရှိတဲ့အခါ ရာသီဥတုကြီး ပူသထက် ပိုပူလာပါပြီ။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းကြပါလို့... သစ်တောသစ်ပင်တွေကို စောင့်ရှောက်ကြပါလို့... အထူး တိုက်တွန်းချင်ပါတယ်။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-9691215377387785162018-06-05T11:26:00.001+08:002023-03-24T11:07:48.400+08:00My Lovely Teachers
မနက်ပိုင်းမှာ အိပ်မက် မက်တယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ကို ခရီးထွက်လာတာပေါ့။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ အလုပ်က ကိုယ့်အထက်အရာရှိ ဘွားတော်ကြီးနဲ့ တွေ့လို့ ပုသိမ်ကို ဘယ်လို သွားမလဲ လို့တောင် သူက မေးတယ်။ ကိုယ်က ဘယ်သွားသွား ကိုယ့်ပါးပါးက ကားမောင်းပြီး လိုက်ပို့ပေးတာလို့ ဖြေလိုက်တယ်။ (ဟိုးအရင်ကတည်းက ကိုယ်တွေ အလုပ်ကိစ္စ စာမေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ သွားရမယ်ဆိုရင် ပါးပါးက သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တာကို စိတ်စွဲတာ ဖြစ်မယ်။ စင်္ကာပူရုံးက လူတွေ ပုသိမ်ကို ဘာသွားလုပ်ဖို့လဲ ဆိုတာလည်း အိပ်မက်ထဲမှာ မပါဘူး။)
အဲဒီလက်ဖက်ရည်ဆိုင်နားမှာ တခြားဆိုင်တွေလည်း ရှိလို့ လှည့်ပတ်ကြည့်နေတုန်း စာသင်ကျောင်းတခုထဲကို ရောက်သွားတယ်။ ကျောင်းကတော့ ပျဉ်ကာ သွပ်မိုး မြေစိုက်ကျောင်းလေးပါ။ ကျောင်းဝင်းတံခါးကလည်း သစ်သားပျဉ်ချပ်တွေနဲ့ လုပ်ထားတဲ့ တံခါးပေါ့။ ကျောင်းခြံစည်းရိုးတွေကလည်း သစ်သားတိုင်တွေနဲ့ ကာထားတာ။ ကျောင်းဖွင့်ခါစ ဖြစ်လို့ အကြီးတွေက ငိုနေတဲ့ အငယ်တွေကို လက်ဆွဲပြီး ကျောင်းထဲ ခေါ်လာတာမျိုးတွေလည်း တွေ့ရတယ်။ တချို့ဆို ပွေ့ပိုက်ချီပြီး ကျောင်းခန်းထဲ ခေါ်လာတာလည်း မြင်ရတယ်။ (ဒါကတော့ သတင်းတွေမှာ မြန်မာပြည်က ကျောင်းဖွင့်ချိန် မြင်ကွင်းတွေကို မြင်ပြီး အိပ်မက်ထဲအထိ ပါလာတာ ဖြစ်မယ်။)
ဘယ်ကနေ ဘယ်လို ကိုယ်က ကျောင်းဝင်းထဲ ရောက်နေသလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဝင်းတံခါးကနေ ကိုယ်က ဝင်လာတာ မဟုတ်ဘူး။ ကျောင်းဝင်းတံခါးနားမှာ ကင်းတဲလိုမျိုး သစ်သားဆောင်လေးတခု ရှိတယ်။ အဲဒီိအဆောင်လေးထဲမှာ ဆရာမတွေ ရှိကြတယ်။ ကျောင်းရဲ့ ခြံထောင့်နားမှာလည်း စက္ကူပန်းပင်တွေ ရှိနေတယ်။ အဲဒီအောက်က သစ်သားခုံတန်းရှည်မှာလည်း ဆရာမတချို့ ထိုင်နေကြတယ်။
ကျောင်းဝင်းအဝကို ကိုယ်က လှမ်းကြည့်မိလိုက်တော့ ဆရာမတယောက်က ကိုယ့်ကို မြင်ပြီး အားရဝမ်းသာနဲ့ လက်ကြီး၂ ဘက်ကို ဘေးကို ဖွင့်ထားပြီး ပြေးလာတယ်။ ပြီးတော့ ကိုယ့်က ဖက်ထားလိုက်တယ်။ အဲဒါ ကိုယ်နေခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမ ဒေါ်နော်စာဖောပဲ။ ကရင်ဆရာမကြီးပေါ့။ ဆရာမက ကွမ်းစားတတ်လို့ သွားမှာ ကွမ်းဂျိုးတွေ ကပ်နေတာကို အထင်းသား မြင်ရနိုင်တဲ့အထိ ပါးစပ်ကြီး အားရပါးရ ဖွင့်ပြီး ရယ်ပြံုံးတတ်တဲ့ ဆရာမပါ။
ဆရာမက ကိုယ့်ကို ဖက်ထားတုန်း ကိုယ့်စိတ်ထဲမှာ ကိုယ်တွေရဲ့ ဆရာမ ဒေါ်ရွှေသန်းကို ဖြတ်ကနဲ သတိရမိသွားတယ်။ အဲဒါကို ဆရာမ ဒေါ်နောစာဖောကိုလည်း ပြောမိတယ်။ ဆရာမကို အခုလိုနေရမှာ မမျှော်လင့်ပဲ တွေ့တော့ ဆရာမဒေါ်ရွှေသန်းကို သတိရမိသွားတယ်လို့။ အဲဒီအခါ ဆရာမလည်း ငို... ကိုယ်လည်း ငိုကြတယ်။ ကိုယ်တွေ ငိုနေတာကို စာသင်ခန်းထဲက ဆရာမဒေါ်စန်းစန်းက လှမ်းကြည့်နေတယ်။ စက္ကူပန်းပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ ဆရာမဒေါ်ကြည်ကြည်လွင်တို့လည်း လှမ်းကြည့်ကြတယ်။
အပြင်လောကမှာ ဆရာမ ဒေါ်ရွှေသန်းရော ဆရာမ ဒေါ်နောစာဖောရော မရှိကြတော့ပါဘူး။ ဆရာမ ဒေါ်ရွှေသန်းက အရင်ဆုံးတာပါ။ ဆရာမ ဒေါ်နောစာဖောကတော့ နောက်မှ ဆုံးတာပါ။ ဆုံးပါးသွားပြီ ဖြစ်တဲ့ ဆရာမ ၂ ယောက်ကို အိပ်မက်ထဲမှာ တွေ့မိ သတိရမိတာပါ။
အိပ်မက်ထဲမှာ မျက်ရည်တွေ အလုံးလိုက် ကျတဲ့အထိ ဝမ်းနည်းပက်လက် ငိုကြတယ်။ ဘယ်လောက်တောင် ငိုသလဲတော့ မသိဘူး။ အဲဒီ ငိုတဲ့အရှိန်နဲ့ အိပ်ယာက နိုးလာတယ်။ နိုးလာတာတောင် ရင်ထဲမှာ ငိုထားတဲ့အရှိန်က မသေသေးဘူး။ တငွေ့ငွေ့နဲ့ ကျန်နေသေးတယ်။
ပြောချင်တာက ကိုယ်တွေနေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာ ဆရာမတွေကို ကိုယ်တွေ သိပ်ချစ်ကြောက်ရိုသေတာ ဘယ်လောက်ထိလဲ ဆိုတော့... အိပ်မက်ထဲမှာ မျက်ရည်အလုံးလိုက် ကျအောင် ငိုခဲ့ရတဲ့အထိ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ကြီးမားလွန်းလှတယ် ဆိုတာပါပဲ။ ကိုယ်တွေရဲ့ တောကျောင်းက ဆရာ ဆရာမတွေ သိပ်ချစ်ဖို့ ကောင်းတယ်။ ကိုယ်တွေအပေါ်မှာ ကျေးဇူးကြီးလှပါတယ်။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-9192425091042212342018-04-22T11:28:00.001+08:002023-03-24T11:07:33.225+08:00The meaning of Entitlement
မနက်က တီဗွီအစီအစဉ်မှာ စင်္ကာပူမှာ လာဖွင့်ထားတဲ့ ဂျပန်ဆူရှီဆိုင်အကြောင်း ပြတယ်။ စားဖိုမှုးနဲ့ ငါးအပါအဝင် ကုန်ကြမ်းတွေက ဂျပန်ကပေါ့။ အမှတ်မထင် ထိုင်ကြည့်လိုက်ပေမယ့် စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။
ဂျပန်မှာ ငါးအသားက အညိုအမဲ စွဲနေရင် စျေးကို ပြန်သွားပြီး ချက်ချင်း ပြန်လဲလို့ရတယ်။ အခု စင်္ကာပူမှာကတော့ ငါးက ဂျပန်ကနေ လာတာဖြစ်လို့ အသားလွှာလိုက်ရင် အသားမှာ အညိုအမဲ မစွဲတဲ့ ငါးတွေ ပါလာဖို့ပဲ ဆုတောင်းနေရတယ်တဲ့။ ဂျပန်မှာ အရာရာ အဆင်ပြေနေလို့ ဂရုစိုက်ဖို့ မလိုတဲ့ အသေးအမွှားတွေကို စင်္ကာပူမှာ ဂရုစိုက်နေရတဲ့အကြောင်း ပြောပြသွားတယ်။
နောက်တခုက သူ့အဖေက သူ့ကို ဘယ်လို လေ့ကျင့်ပေးတယ် ဆိုတဲ့အကြောင်းလေးကို အင်တာဗျူးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အဖေက သူ့ကို အသက် ၁၄ နှစ်အရွယ်ထိ ဆူရှီဆိုင်ကို ဝင်လာဖို့ မပြောနဲ့ ချောင်းကြည့်ခွင့်တောင် မပေးခဲ့ဘူး။ စိတ်ဝင်စားမှု မလျှော့သွားရအောင် ဆိုင်ကို ပေးမကြည့်တဲ့ သဘောမျိုးပဲ။ မြင်ပါများရင် ငယ် နမ်းပါများရင် ပြယ် ဆိုတဲ့ သဘောတရားလိုမျိုး ဖြစ်မယ်။
သူ့အသက် ၁၄ နှစ်အရွယ် ရောက်မှ သူ့အဖေက ဆိုင်ထဲကို ပေးဝင်ပြီး အလုပ် စ လုပ်ခိုင်းတယ်။ အဲဒီမှာ သူ့အဖေ ပြောသွားတဲ့ စကားလေးကို သဘောကျမိတယ်။
လူငယ်တွေက ရပိုင်ခွင့် (entitlement) ကို နားလည်မှု လွဲနေကြတယ်။ အစစအရာရာကို သင်ပေးမှု တတ်မြောက်နိုင်တာ မဟုတ်ဘူး။ သူ့သားကို ဘာတခုမှ သင်ပေးဘူး။ ဓါးလည်း ပေးမကိုင်ဘူး။ ငါးလည်း မကိုင်ရဘူး။ ၂ နှစ်တိတိ ဆိုင်ထဲမှာ စားပွဲထိုးခိုင်းထားတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲက စာဖိုးမှူးတွေ ဆူရှီီတွေကို ဘယ်လိုမျိုး ပြင်ဆင်သလဲ ငါးတွေကို ဘယ်လိုမျိုး အသားလွှာသလဲ ဆိုတာကို ဘေးကနေ ကြည့်ခိုင်းတယ်။ သူများတွေ လုပ်ပုံကိုင်ပုံကို အတုယူဖို့ အရေးကြီးတာကို နားလည်အောင် လုပ်ပေးတယ်။ ၂ နှစ် ပြီးတော့မှ ဓါးပေးကိုင်ပြီး လက်တွေ့ လုပ်ခိုင်းခဲ့တယ်တဲ့။
ရပိုင်ခွင့်တွေကို မကြည့်ပဲ အလုပ်ထဲကနေ ဘာတွေ လေ့လာသင်ယူလို့ ရသလဲ ဆိုတာတွေကိုလည်း ကြည့်သင့်ကြောင်းကို ဂျပန်အဖိုးကြီးက ပြောပြသွားတာ လိုုက်နာစရာ နမူနာယူစရာပါပဲ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-58983052011916222752018-03-10T11:34:00.001+08:002023-03-24T11:09:08.763+08:00Don't spread fake news
အမှန်တရားက အပြင်ထွက်ဖို့ ဖိနပ်စီးနေချိန်မှာပဲ မုသားက ကမ္ဘာတပတ် ပတ်ပြီးသွားပြီတဲ့။
FB မှာ သတင်းအမှားတွေ လုပ်ကြံရေးသားတဲ့ သတင်းအတုတွေကို မိတ်ဆွေတချို့က ဝေမျှတတ်ကြပါတယ်။ အဲဒီလို သတင်းအမှား ဖြစ်ကြောင်းကို ကိုယ်တွေက ထောက်ပြ ရှင်းပြပြီးတဲ့အချိန်မှာပဲ အဲဒီလို သတင်းအတုကို ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကနေ တဆင့် ဖတ်မိပြီး လက်ဆင့်ကမ်း ဝေမျှထားတဲ့သူတွေက များသထက် များနေပြီးပါပြီ။
ကိုယ်တွေက ထောက်ပြရှင်းပြလိုက်လို့ ကိုယ့်မိတ်ဆွေတွေက အမှန်ကို သိသွားတဲ့အခါ အဲဒီသတင်းအမှားကို ဖျက်ချလိုက်တာမျိုးလည်း ရှိပြန်တယ်။ အဲဒါမျိုးက ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။
မကောင်းတာက ကိုယ်တွေ ဖြေရှင်းထောက်ပြထားတဲ့ သတင်းအမှား ဖြစ်တယ် ဆိုတဲ့အကြောင်းကို တခြားသူတွေ ဖတ်ခွင့်မကြုံရတော့ဘူး။ အဲဒီတော့ သူ့ဆီကနေ တဆင့် ထပ်ဆင့်ဝေမျှထားတဲ့သူတွေက အဲဒီအမှားကို သိခွင့်မရလိုက်လို့ ပြင်ဆင်ခွင့်လည်း မရတော့ဘူး။
ကောင်းတာက အဲဒီသတင်းအမှားကို မဖတ်ရသေးတဲ့သူအနေနဲ့ အဲဒီဟာကို သိခွင့် မကြုံလိုက်ရတော့ဘူး။ အဲဒီတော့ အဲဒီသတင်းအမှားကို လက်ဆင့်ကမ်း မဖြန့်ဝေဖြစ်တော့ဘူး။
ဒါပေမယ့် လက်ဆင့်ကမ်း ဖြန့်ဝေထားတဲ့ သတင်းအတုရဲ့ ခရီးရောက်နှုန်းက သိပ်ကို မြန်လွန်းပါတယ်။ ပြင်ဆင်ခွင့်လေးက အနောက်ကနေ ဘယ်လိုပဲ လိုက်လိုက်... အမှားကို အမှီလိုက်ဖို့ မလွယ်တော့ဘူး။ သတင်းမှန်တွေ ဘယ်လိုပဲ ထုတ်ထုတ် အမှားလိုမျိုး ထပ်ဆင့်ဝေမျှတဲ့သူ မရှိကြဘူး။ အမှန်တရားကို ထပ်ဆင့် ဝေမျှတဲ့သူက နည်းကြတယ်။ သတင်းအမှန်ကို ဖတ်ပြီးရင် ဖတ်ပြီးသလိုပဲ ထားတဲ့သူက များတယ်။
ရိုးသားတဲ့ ကိုယ့်မိတ်ဆွေတချို့က အဲဒီလို သတင်းအတုတွေကို တခြားသူတွေက နောက်ပြောင် ကျီစယ်တဲ့အနေနဲ့ ရေးတယ်လို့ ထင်ကြတယ်။ အတော် နောက်တဲ့ လူတွေပဲဗျာလို့ ပြောတတ်ကြတယ်။ ကိုယ်ကတော့ အဲဒီလို မမြင်ဘူး။ ဒါဟာ အကွက်ကျကျ ချောက်ချတာပါပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ မြင်မိတယ်။
ကိုယ့်မိတ်ဆွေတွေကို စေတနာနဲ့ ပြောချင်တာက...
Share ဆိုတာကို ကလစ်မနှိပ်ခင် သေချာ စဉ်းစားကြပါ။ ကိုယ်က ဒီသတင်းမျိုးကို Share ဖို့ လိုသလားပေါ့။
အမှန်တရား ဘက်တော်သားတယောက်အနေနဲ့... ဒီမိုကရေစီ သဘောတရားအရ... လက်မခံနိုင်တဲ့အရာကို လက်မခံနိုင်ကြောင်း ပြောခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းအရာက ကာယကံရှင်ကိုယ်တိုင်က တကယ်ပြောခဲ့တာလား တခြားသူက လုပ်ကြံ ပြင်ဆင် ရေးသားထားတာလား ခွဲခြား သိမြင်ဖို့ လိုအပ်ပါတယ်။
တကယ်လို့များ လွှတ်တော်အမတ်တွေက ဖြစ်စေ... အစိုးရ အဖွဲ့ဝင်က ဖြစ်စေ... အတိုက်အခံပါတီက ဖြစ်စေ... အများပြည်သူ လက်မခံနိုင်တဲ့ အကြောင်းကိစ္စတခုကို စီစဉ်လုပ်ကိုင် ပြောဆိုနေရင် ပြည်တွင်းမှာရှိတဲ့ သတင်းဌာနတွေ၊ တက်ကြွလှုပ်ရှားသူတွေက ငြိမ်မနေကြပဲ အသံထွက်လာမှာ အသေအချာပါပဲ။ NLD အမတ်တွေက အမှား လုပ်တာ ဆိုရင် ပြည်ခိုင်ဖြိုးဘက်က အသံထွက်လာမှာပါ။ ပြည်ခိုင်ဖြိုးဘက်က မှားတာ လုပ်တယ်ဆိုရင်လည်း NLD ဘက်ကနေ အသံတွေ ထွက်လာမှာပါ။ အဲဒီလိုပဲ ဘယ်ဘက်က မှားမှား... သတင်းဌာနတွေက ဆော်ကြဦးမှာပါ။ ကိုယ်တွေက အချိန်လေးတခု ယူပြီး စောင့်ကြည့်နေရုံပါပဲ။
ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းမျိုး မဟုတ်ရင် အပျင်းပြေ ဖတ်ကြည့်ဖို့တောင် မလိုပါဘူး ခင်ဗျာ။ ထပ်ဆင့် ဝေမျှဖို့ဆိုတာ ပိုလိုတောင် ဝေးပါသေးတယ်။ FB မှာ ရေးထားသမျှဟာ အမှန်တွေ မဟုတ်ပါဘူး။ ဒါကို အသိတရားနဲ့ ဆင်ခြင်နိုင်ဖို့ လိုအပ်သလို ကိုယ့်ရဲ့လက်ကို ဘရိတ်လေး အုပ်တတ်ဖို့ လိုအပ်ပါတယ်။ မုသားက ကမ္ဘာပတ်တာ အရမ်းမြန်နေလို့ပါ။
မိတ်ဆွေရောင်းရင်းတွေအတွက် ကောင်းကျိုးလိုလားတဲ့ စေတနာနဲ့ အမုန်းခံပြီး ပြောတာပါ ခင်ဗျာ။ မသိခြင်းများကြောင့် ကိုယ်တိုင်ရေးသမိုင်းထဲမှာ တိုင်းပြည်အတွက် အဆိပ်ပင် ရေလောင်းခဲ့သူ မဖြစ်စေလိုပါ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-24001587384077620842018-02-22T11:37:00.001+08:002023-03-24T11:08:55.437+08:00Pressure Cooker Work Environment
Pressure Cooker Work Environment ဆိုတာမျိုးကို စင်္ကာပူရဲ့ အလုပ်ခွင် အများစုမှာ တွေ့ရနိုင်ပါတယ်။ အများစုလို့ ပြောထားတာက တချို့ လုပ်ငန်းခွင်တွေကတော့ အမေရိကန်စံနှုန်း ဥရောပစံနှုန်းတွေနဲ့ အေးဆေးသက်သာ အလုပ် လုပ်ကြတာမျိုးလည်း ရှိပါတယ်။
အများစုကတော့ အလုပ်ပြီး နောက်အလုပ်... အလုပ်ပေါ် အလုပ်ဆင့် တောက်လျှောက် လုပ်ရတာမျိုးပါ။ အလုပ်မရှိရင် အလုပ်ရှိအောင် ရှာလုပ်ရပါတယ်။ ရှိပြီးသားအလုပ်အပြင် နောက်ထပ် အလုပ်တွေကိုလည်း ထပ်ယူရပါတယ်။ ကျောက်ခဲကို ရေညှစ်ထုတ်ချင်တဲ့ တိုင်းပြည်ပါ။
အလုပ်တွေကို လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းပါတယ်။ ၅ ယောက် လုပ်ရမယ့် အလုပ်ကို ၁ ယောက်တည်းနဲ့ ပြီးအောင် လုပ်ခိုင်းကြပါတယ်။ ပြီးအောင် ဆိုတာမှာ ပြီးလည်း ပြီးရမယ်... ကောင်းလည်း ကောင်းရမယ်။ ပြီး ပြီးရော လုပ်လို့လည်း မရပြန်ပါဘူး။ မှန်လည်း မှန်ရမယ်။ မြန်လည်း မြန်ရမယ်။ ပြီးရင် ကုန်ကျစရိတ်လည်း သက်သာချင်သေးတယ်။
၅ ယောက်စာအလုပ်ကို ၁ ယောက်တည်းက လုပ်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတွေ နည်းပညာတွေ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးထားပါတယ်။ လက်ကြီးဗလာ ထားခဲ့ပြီး နင် မပြီးရင် နင့်ကိစ္စလို့... လုပ်တာမျိုးလည်း တချို့နေရာတွေမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် နည်းပါတယ်။
ပြောပြချင်တာက... အလုပ်ကို ကုန်းရုန်း လုပ်ကြရပါတယ်။ တာဝန်ယူ တာဝန်ခံရပါတယ်။ ညှိနှိုင်းဖြေရှင်းရပါတယ်။ အဲဒီလို လုပ်တဲ့အတွက်လည်း တန်ရာတန်ကြေး လခကောင်းကောင်း ပေးထားပြီး အရည်အသွေးရှိတဲ့ ဝန်ထမ်းတွေကို ထိန်းထားနိုင်ပါတယ်။ ဒါကြောင့်လည်း စင်္ကာပူဟာ ချမ်းသာဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်နေတာပါ။
အလုပ်တွေကို ကောင်းသထက် ကောင်းအောင် မြန်သထက် မြန်အောင်... ကြိုးစားလုပ်ကိုင်ပြရင်း စင်္ကာပူဟာ နိုင်ငံတကာက စီးပွါးရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပြီး စီးပွါးရေးအခွင့်အလမ်းတွေ အများကြီး ရရှိနေတာ သက်သေထူနေပါပြီ။
ကိုယ်တွေအနေနဲ့ အလုပ်ကို တာဝန်ကျေလုပ်နေရင် ရပြီလို့ ထင်ထားရင်တော့ ရှေ့ရေးအတွက် ခက်ပါသေးတယ်။ တာဝန်ကျေဖို့အပြင် ကောင်းသထက် ကောင်းအောင် စေတနာထည့် ကြိုးစားဖို့လည်း လိုပါသေးတယ်။ အဲဒီလို ကြိုးစားမှုတွေက ကိုယ့်ရဲ့အလုပ်အတွက်တင် မဟုတ်ပါဘူး... နိုင်ငံအတွက်လည်း တနည်းအားဖြင့် အထောက်အကူ ဖြစ်စေပါတယ်။
မယုံရင် စင်္ကာပူကို ကြည့်လိုက်ပါ။
နေ့လည်ထမင်းစားချိန်မှာ သတင်းတွေ နည်းနည်းလောက် ဖတ်ပြီးတဲ့နောက်တော့
♪♬ စိတ်ဓါတ်များရဲ့အင်အား တဖြည်းဖြည်း နည်းသွားပြီလား♫♩ ဆိုတဲ့ ထူးအိမ်သင်ရဲ့ "စိတ်ဓါတ်ကင်ဆာ" သီချင်းလေးကို နားထောင်မိနေတယ်။
အဲဒီသီချင်းလေးထဲကအတိုင်း ကိုယ်တွေရဲ့ ချစ်လှစွာသောတိုင်းပြည်မှာ
စိတ်ဓါတ်ကင်ဆာလည်း အဖြစ်များနေတာကို သတိထားမိတယ်။ မယုံဘူးလား... မယုံရင်
သတင်းတွေအောက်က မြန်မာလိုရေးထားတဲ့ မှတ်ချက် (ကွန့်မန့်)တွေကို
လိုက်ဖတ်ကြည့်ပါလေ။
ကောင်းတာတွေကို လိုက်မကြည့်ပဲ မကောင်းတာတွေပဲ
လိုက်ကြည့်နေရင် မကောင်းတာတွေပဲ တွေ့ရတာ မဆန်းပါဘူးလို့ ဆိုချင်တဲ့သူတွေ
ရှိနိုင်ပါမယ်။ လိုက်ကြည့်နေတာ မဟုတ်ပဲ... ကြုံဆုံတုန်းလေး
လမ်းကြုံးတုန်းလေး ဝင်ဖတ်ကြည့်မိရင် တချို့တချို့တွေမှာ ဘယ်လို ဆိုးဝါးတဲ့
သဘောထားတွေ... ဘယ်လို ကောက်ကျစဉ်းလဲတဲ့ အမြင်တွေ ရှိနေသလဲ ဆိုတာ
ခြုံငုံမြင်မိပါမယ်။
မှိုင်းတိုက်ခံထားရတဲ့ ဦးနှောက်တွေမှာ
ဖြူစင်တာတွေ ပျောက်ဆုံးကုန်ပြီ။ ဘာသာခြားရင် မကောင်းဘူး။ လူမျိုးခြားဆို
မကောင်းဘူးလို့ မြင်တဲ့သူတွေ ရှိလာကြပြီ။ ဒီဘာသာခြားတွေ လူမျိုးခြားတွေကို
ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ဝါးမြိုမယ်လို့ ရူးရူးမိုက်မိုက် ထင်လာကြတယ်။
အမျိုး ဘာသာ သာသနာအတွက် မှန်ကန်တဲ့ လမ်းကြောင်း ဖြောင့်မတ်တဲ့ အမြင်မျိုး
မရှိရင် ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကိုယ်တိုင်
နင်းချေဖျက်ဆီးနေတာမျိုး ဖြစ်နေဦးမှာပါ။ ကိုယ့်အမျိုး ကိုယ့်ဘာသာကို
ကိုယ်ချစ်ရင် မြတ်နိုးရင် တခြားလူမျိုး တခြားဘာသာကို စော်ကားပြောနေစရာ...
တိုက်ခိုက်နေစရာ မလိုပါဘူး။ ကိုယ်တိုင် ကြိုးစား တည်ဆောက်ယူရမယ့်အစား
သူတပါးပျက်စီးဖို့ပဲ ကြိုးစားနေရင် အမှားကြီး မှားပါလိမ့်မယ်။
ပြည်တွင်းနေ တရုတ် ကုလားတွေ ကြီးပွါးချမ်းသာလာအောင် မိသားစုမျိုးရိုးစဉ်ဆက်
နှစ်ကာလရှည်ကြာစွာ ဘယ်လိုတည်ဆောက် ကြိုးစားယူခဲ့တယ် ဆိုတာမျိုးကို
အတုယူရမယ့်အစား ပျက်စီးရာပျက်စီးကြောင်း ဘေးထိုင်ဘုပြော နေရင်တော့ ဒီဘဝကနေ
တက်လာမှာ မဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်ယူမှပဲ ရမယ်။ သူတပါးဘဝ
ပျက်စီးသွားရင် ကိုယ့်ဘဝ အလိုလို တိုးတက်လာမယ် ထင်နေရင်တော့ အမှားကြီး
မှားပြန်တယ်။
တရုတ် ကုလားတွေထဲမှာ ကောင်းတဲ့သူ ရှိသလို
မကောင်းတဲ့သူလည်း ရှိမယ်။ ဘာသာတူတဲ့သူ ရှိသလို ဘာသာမတူတဲ့သူလည်း ရှိမယ်။
တိုင်းပြည်နဲ့ နေထိုင်ရာ ပတ်ဝန်းကျင်၊ လူနေမှုပတ်ဝန်းကျင်ကို
အကျိုးပြုတဲ့သူ ရှိသလို အကျိုးယုတ်စေတဲ့သူလည်း ရှိမယ်။ ဒါဟာ
တဦးချင်းစီနဲ့ပဲ ဆိုင်တယ်။ တရုတ်ဖြစ်လို့ ကုလားဖြစ်လို့ ဘာသာတူလို့
ဘာသာခြားလို့ ဆိုတာနဲ့ မဆိုင်ဘူး။ အဲဒီလို ဆိုင်လား မဆိုင်လား ဆိုတာ
ခွဲခြားမြင်တတ်တဲ့ အသိဥာဏ်တွေ မရှိကြတာကိုလည်း မြင်တွေ့လာရတာဟာ တကယ်ကို
စိတ်ပျက်ဖို့ ကောင်းပါတယ်။
ကိုယ့်အမျိုးကို ကိုယ်ချစ်ရင်
ကိုယ့်မိသားစုနဲ့ ကိုယ့်ဘဝကို အရင်မြှင့်တင်ပါ။ ကိုယ်တွေ ဆင်းရဲခဲ့သလို
ကိုယ့်ရဲ့ နောက်မျိုးဆက် မဆင်းရဲရအောင် အလုပ်ကို ကြိုးစားပါ။
မလိုအပ်တာတွေမှာ မဖြုန်းတီးမိအောင် နေပါ။ ကိုယ်တွေ မှားခဲ့သလိုမျိုး
ကိုယ့်ရဲ့ နောက်မျိုးဆက် မမှားရအောင် ဘဝသင်ခန်းစာတွေကို မျှဝေပြီး
သွန်သင်ဆုံးမပါ။ ကိုယ်တွေ မသိခဲ့ မတတ်ခဲ့လို့ ဘဝတွေ အောက်ကျနောက်ကျ
ဖြစ်ရတာမျိုး ကိုယ့်နောက်မျိုးဆက်တွေ မဖြစ်ရလေအောင် ပညာကို တကယ် သိအောင်
တတ်အောင် လေ့လာခိုင်းပါ။ ကိုယ်တွေ စာမဖတ်ခဲ့လို့ စဉ်းစားချင့်ချိန်မှု
အားနည်းတာမျိုး မဖြစ်ရအောင် ကိုယ့်မျိုးဆက်တွေကို စာများများ ဖတ်ခိုင်းပါ။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဘဝတွေကနေ ရုန်းထွက်ကြပါ။
ဒါမျိုးဆိုတာက မျိုးဆက်အလိုက် အဆင့်ဆင့် ပုခုံးထမ်း လုပ်ခဲ့မှပဲ
နောက်မျိုးဆက်တွေမှာ အဲဒီအသီးအပွင့်တွေကို ခံစားရမှာပါ။
ချက်ချင်းလက်ငင်းကြီး ဖြစ်လာမှာတော့ မဟုတ်ဘူးပေါ့။ ရောမမြို့ကို
တရက်တည်းနဲ့ အပြီးတည်ခဲ့တာ မဟုတ်ဘူးလေ။
ကိုယ်တွေရဲ့ အဘိုးအဘွားတွေ
သူစိမ်းတို့အလည်မှာ နဖူးကချွေး ခြေမ ကျအောင် ရုန်းကန်ခဲ့ကြတယ်။
ကိုယ့်မိဘတွေ ဦးလေးအဒေါ်တွေ ပညာတတ်ဘွဲ့ရ ဖြစ်အောင် ပုခုံးထမ်း
တင်ပေးခဲ့တယ်။ ကိုယ့်မိဘတွေကလည်း ကိုယ်တွေကို နိုင်ငံရပ်ခြားမှာ ပညာနဲ့
အသက်မွေးဝမ်းကြောင်းအလုပ် လုပ်နိုင်တဲ့ဘဝမျိုး ရောက်အောင်
ခြိုးခြံချွေတာပြီး ပုခုံးထမ်း တင်ပေးခဲ့တယ်။ ကိုယ်တွေလည်း ကိုယ်တိုင်လည်း
ကြိုးစားသင်ယူနေရင်း ကိုယ်ရဲ့ နောက်မျိုးဆက်ကို ကိုယ့်ထက်သာတဲ့ဘဝ
ချစ်ခြင်းမေတ္တာအပြည့်နဲ့ လူသားဆန်တဲ့ လူသားတွေ ဖြစ်လာဖို့ ပုခုံးထမ်း
တင်ပေးနေတယ်။
ရွှေပြည်ကြီးဟာ ကိုယ်ရဲ့ မွေးဖွားရာမြေပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မွေးဖွားရာမြေကို ကိုယ်တွေ ချစ်သလို သံယောဇဉ်ရှိသလို
ကိုယ့်တိုင်းပြည်က လူတွေကိုလည်း အခြေမြင့်တဲ့ ဘဝမျိုးတွေကို
ရောက်စေချင်မိတယ်။ ဆင်းရဲတဲ့ဘဝမှာ နေကြမယ့်အစား ချမ်းသာတဲ့ဘဝမှာ
အတူပျော်ရွှင်ရတာ မကောင်းဘူးလား။
ဒါကြောင့် မျက်ကန်းမျိုးချစ်စိတ်
မှိုင်းဝနေတဲ့အတွက် ကောက်ကျစ်မှုများနေတဲ့ လူဆိုးတွေကြားထဲမှာ
ဖြူစင်စိတ်ထားရှိနေသေးတဲ့ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရောင်းရင်းတွေဆီကနေ
ကိုယ် မျှော်လင့်နေမိတာကတော့...
သီချင်းစာသားလေးအတိုင်းပေါ့...
♫♩ရက်စက်မှုများအလယ် ကြင်နာစိတ်ကလေး ထားရှိနိုင်မလား...♪♬
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-10085670811826808032018-02-07T16:55:00.000+08:002018-02-12T16:57:26.982+08:00Result of True Learningကိုယ်တွေ ဒီ Logistics နယ်ပယ်ထဲကို ရောက်ပြီး အလုပ် လုပ်နေပေမယ့်
တကယ်တမ်း စလုပ်တုန်းက ဘာဆိုဘာမှ မသိခဲ့သူပါ။ ဒီအလုပ်နဲ့ သက်ဆိုင်တဲ့
ကျောင်းတွေ ဘာသာရပ်တွေ ဆိုတာလည်း မြန်မာပြည်မှာ မရှိခဲ့ဘူး။ လေ့လာစရာ
အခွင့်အရေးလည်း ကိုယ့်အနေနဲ့ မကြုံခဲ့ဘူး။ Logistics ဆိုတဲ့
အင်္ဂလိပ်စာလုံးကိုလည်း သိတောင် မသိခဲ့ဘူး။
အဲဒီလိုနဲ့ အလုပ်မှာ
လုပ်ရင်းကိုင်ရင်း လေ့လာခဲ့ရတယ်။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့
အသုံးအနှုန်းတွေကို ဆိုရင် မကြားဖူးလို့ ဘာပြောမှန်းလည်း မသိဘူး။ အဲဒါကို
မရှက်မကြောက် စာလုံးပေါင်းပါ မေးကြည့်တယ်။
ပြောပြရှင်းပြတဲ့သူရှိရင် နားထောင်ခဲ့တယ်။ အစပိုင်းတွေမှာ ဘယ်နေ့
အလုပ်ပြုတ်မလဲ ဆိုတာတောင် ခေါင်းထဲထည့် စဉ်းစားနေရတာ။ ဘာဖြစ်လို့လဲဆိုတော့
ဘာမှ မသိသေးဘူးလေ။ အဲဒီတော့ ကိုယ့်ရဲ့ အလုပ်ရလဒ်တွေကိုလည်း
ကောင်းကောင်းမွန်မွန် ပြစရာလည်း မရှိဘူး။
တရက်မှာ ကိုယ်တွေရုံးရဲ့ ဌာနမှုးတယောက်ရဲ့အခန်းထဲကို အလုပ်ကိစ္စ အစည်းအဝေး
တက်ရတဲ့အခါမှာ ဘာတွေ့မိသလဲ ဆိုတော့ သူ့အခန်းထဲမှာ ပိုစတာတခု ကပ်ထားတယ်။
အဲဒီပိုစတာလေးက ရေနွေးခွက်ထဲမှာ ထည့်ထားတဲ့ လက်ဖက်ခြောက်အထုပ်လေးပုံပဲ။
အဲဒီမှာ စာလေး ရေးထားတယ်။ ရေနွေးပူပူနဲ့ တွေ့လေ လက်ဖက်ခြောက်အနံ့
ပိုမွှေးလေပဲတဲ့။ အဲဒီစာလေးကို ဖတ်မိပြီး အလုပ်နဲ့ပတ်သက်တဲ့ ကြိုးစားမှုတွေ
ပြောင်းလဲလာတယ်။ အကောင်းဘက်ကို ပြောင်းလာတာမျိုးပေါ့။
သူများ
မလုပ်ချင်တဲ့အလုပ်... ပင်ပန်းတဲ့အလုပ် (ဥပမာ ညဂျူတီ) အဲဒါမျိုးတွေကို
ကိုယ့်ဆီကို လာပေးပြီး လုပ်နိုင်မလား မေးတဲ့အခါကျရင် စမ်းလုပ်ကြည့်တယ်။
ရုံးပိတ်ရက်တွေ နှစ်သစ်ကူးညတွေမှာ အလုပ်တာဝန် ချထားရင်လည်း လုပ်ပေးခဲ့တယ်။
မလုပ်ဖူးတာတွေ လာခိုင်းတော့ အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိခဲ့တယ်။
ဒါပေမယ့် လုပ်ကြည့်ဖူးသွားတယ်။
အပေါက်ဆိုးတဲ့ လူကြီးတွေနဲ့
တွေ့ရမယ့် အစည်းအဝေးတွေကို ရှောင်ချင်ကြတဲ့ တချို့တွေက အဲဒီလို
အစည်းအဝေးထဲကို ကိုယ့်ကို ထိုးထည့်ကြတယ်။ အဲဒါမျိုးတွေလည်း
သွားတက်လိုက်တာပဲ။ မေးသမျှကို သိသမျှ ဖြေတယ်။ မသိတာတွေကို
ပြန်မေးပေးမယ်ဆိုပြီး ယူလာတယ်။ ပြန်မေးပြီးရင် လူကြီးတွေကို ပြန်ဖြေပေးတယ်။
အဲဒီလိုတွေ လုပ်ရင်းကနေ အထက်လူကြီးတွေက တာဝန်တွေ ပေးလာတယ်။ အလုပ်
လုပ်ခိုင်းတယ်ပေါ့။ လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ပရောဂျက်တခု ရှိနေတယ်။ မင်း
ပရောဂျက်မန်နေဂျာ ဝင်လုပ်ပါလား ဆိုပြီး အလွတ်တာဝန်ပေးတယ်။ အဲဒီဟာကို
မေးမြန်းစုံစမ်း လေ့လာပြီး လုပ်လိုက်ရင်း လုပ်လိုက်ရင်း နောက်ပိုင်းမှာ
တကယ်ကို တရားဝင် ပရောဂျက်မန်နေဂျာ ဖြစ်လာတယ်။ လိုင်းပြောင်းလာတဲ့ သဘောပေါ့။
ပရောဂျက်မန်နေဂျာ အလုပ် စလုပ်တဲ့အချိန်ကနေ ၉ နှစ်ကျော်အကြာမှာတော့ ရုံးချုပ်ရော
ရုံးခွဲတွေက ပရောဂျက်မန်နေဂျာ အားလုံးကို ကိုယ်က ဦးစီးလာရတယ်။ ပရောဂျက်တွေ
အားလုံးကို ကိုယ်က တာဝန်ခံပေးရတယ်။ ပြီးတော့ မဲခေါင်မြစ်ဝမ်းဒေသမှာ
ပါဝင်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်ရုံးတွေက IT
ဌာနတွေကို ကိုယ်ကို့ ဦးစီးခိုင်းတယ်။ ဒီတခေါက်မှာ ဖိလစ်ပိုင်က IT
ဌာနကိုလည်း ကိုယ့်ကို ဦးစီးဖို့အတွက် ပေးလာပြန်တယ်။
ပြောချင်တာက...
အစတုန်းက တကယ်ကို ဘာမှ မသိပါဘူး မတတ်ပါဘူး။ အဲဒီလို မသိတဲ့ မတတ်တဲ့
နယ်ပယ်ကြီးမှာ သိအောင်တတ်အောင် အလုပ်ကနေ ကြိုးစားသင်ယူလို့ ရပါတယ်ဆိုတာကို
ဝေမျှပြောပြချင်တာပါ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-54840961774829003152017-12-31T22:00:00.000+08:002018-01-13T00:18:49.326+08:00The summary of my 20172017 ဆိုတဲ့ နှစ်ကတော့ မကြာခင် အချိန်အတွင်းမှာ ကုန်ဆုံးပြီး 2018 ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းပါတော့မယ်။
2017 အတွင်းမှာ ကိုယ့်အနေနဲ့ ဘာတွေ လုပ်ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်ပြောင်းစဉ်းစားကြည့်ရင်တော့...
၁။ ကျန်းမာရေးကို အလေးထားလာတယ်။ နှစ်လယ်ပိုင်းနောက်ပိုင်းမှာ
လေ့ကျင့်ခန်းကို အချိန်ပေး လုပ်ဖြစ်လာတယ်။ အဆီအစိမ့်နဲ့ အချိုစားတာကို
တတ်နိုင်သလောက် ရှောင်ဖြစ်လာတယ်။ အဲဒီအတွက် အကျိုးရလဒ်က ကိုယ်အလေးချိန်နဲ့
ခါးဆိုဒ် ကျသွားတယ်။
၂။
ပန်းချီကားတွေကို စတင် ဝယ်ယူ စုဆောင်းဖြစ်လာတယ်။ စုစုပေါင်း ပန်းချီကား ၎
ကား ဝယ်ဖြစ်ခဲ့တယ်။ ပန်းချီကားတွေကို ကြည့်ရှု ခံစားတတ်လာတယ်။
ပန်းချီပြပွဲတွေ ကြုံခဲ့ရင်လည်း ဝင်ကြည့်တတ်လာတယ်။
၃။ မိသားစုနဲ့အတူ
ပြည်ပခရီး ၃ ကြိမ် ထွက်ဖြစ်ခဲ့တယ်။ မလေးရှားက ကုန်းမြင့်ဒေသ၊ ဗီယက်နမ်က
ပင်လယ်ကမ်းခြေ၊ ပြီးတော့ မလေးရှားနဲ့ စကာင်္ပူကြားက ပင်လယ်ပြင်ခရီး။
အပျော်စီး ပင်လယ်ကူးသင်္ဘောနဲ့ ခရီးထွက်ဖြစ်တာက အမှတ်တရပါပဲ။
၎။
အလုပ်နဲ့ ပတ်သက်ရင် လက်ရှိတာဝန်တွေအပြင် တာဝန်အသစ်တွေ ယူလာဖြစ်တယ်။
အလုပ်တာဝန်အသစ်ကြောင့် အတွေ့အကြုံအသစ်တွေ ရသလို စိတ်ရှုပ်
ခေါင်းခြောက်ရတယ်။ ဒီလိုပဲ အလုပ်ကနေ လေ့လာ သင်ယူရမှာပဲ။
၅။ ငယ်ငယ်က
နေခဲ့တဲ့ကျောင်းက ဆရာမတွေနဲ့ သူငယ်ချင်းအချို့ တွေ့ဆုံပွဲအနေနဲ့ နေ့လည်စာ
ထမင်းပွဲလေးကို လုပ်ဖြစ်တယ်။ ပင်စင်ယူထားတဲ့ ဆရာမတွေလည်း အချင်းချင်း
ပြန်ဆုံရသလို တပည့်အချို့နဲ့လည်း ပြန်ဆုံရတာပေါ့။ ဆရာကန်တော့ပွဲကို
မရောက်နိုင်တဲ့အတွက် ဆရာမတွေကို တခါတည်း ကန်တော့ဖြစ်ခဲ့တယ်။
၆။
ရန်ကုန်ရောက်တုန်း နာမကျန်းတဲ့ အဘွားကို အချိန်ပေးဖြစ်တယ်။ နေ့တိုင်းလိုလို
မရောက်ပေမယ့် မကြာခဏ ရောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ ဆေးရုံမှာ
ရှိတုန်းကလည်း ရှိသလို... အိမ်မှာ ရှိတော့လည်း ရှိသလို... လိုအပ်တာတွေ
လုပ်ပေးပြီး ပြုစုပေးဖြစ်ခဲ့တယ်။
၇။ မရောက်တာ ဆယ်စုနှစ်အကြာ
ရှိပြီဖြစ်တဲ့ အစိုးရရုံးတွေကို စာရွက်စာတမ်းကိစ္စအတွက် ရောက်ဖြစ်ခဲ့တယ်။
တိုးတက် ကောင်းမွန်သင့်သလောက် မပြောင်းလဲနိုင်သေးတာနဲ့
လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဟာကွက်တွေ ရှိတာကို တွေ့ခဲ့ရတယ်။
မကြာခင် ရောက်လာမယ့် 2018 မှာ ကိုယ့်အတွက် လတ်တလောမှာ အရေးကြီးဆုံးကတော့ ရက်စွဲတပ်တဲ့အခါ 2017 လို့ မှားမရေးမိစေဖို့ပဲ။ ပြီးရင်တော့ စာများများဖတ်ဖြစ်ဖို့ ကျန်းမာရေးလိုက်စားဖို့။ မိသားစုနဲ့ ခရီးထွက်ဖြစ်ဖို့လည်း အရေးကြီးတယ်။
2018 မှာ အတ္တဟိတနဲ့ ပရဟိတကိုလည်း မျှတအောင် လုပ်ရမယ်။ ဝေးဝေးနေသင့်တဲ့
သူတွေရဲ့ အဝေးကြီးမှာ နေဖို့လည်း ကြိုးစားရမယ်။ အချိန်တန်ရင်လည်း
ကိုယ့်လမ်း ကိုယ်လျှောက်ရတာပဲလေ။ မလိုအပ်တဲ့ အသေးအမွှားကိစ္စတွေကိုလည်း
ခေါင်းထဲကနေ ထုတ်ထားရမယ်။
Health first, wealth later. Make your and your family's health a priority this year. Have a healthy new year 2018.
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-44007029875665429472017-12-23T17:30:00.000+08:002018-01-13T00:22:39.855+08:00How to grow the reading habit?စာတွေ ဖတ်ဖြစ်ဖို့ဆိုတာ တကယ်တော့ လွယ်တော့ မလွယ်ဘူး။ ဒါပေမယ့် ခက်လည်း မခက်ပါဘူး။
ဘယ်စာအုပ်တွေကို ဖတ်ရကောင်းမှန်း သိဖို့ဆိုတာ စာစဖတ်တဲ့သူအဖို့ ခက်တယ်။
စာမဖတ်တဲ့သူငယ်ချင်းတွေကို စာဖတ်ဖို့ တိုက်တွန်းရင် ဘယ်စာအုပ် ဖတ်ရမလဲ
ဆိုတာပဲ မေးကြတယ်။
ကိုယ်ကတော့ ဘယ်စာဖြစ်ဖြစ် တခုခုကို စ
ဖတ်လိုက်ပါလို့ပဲ အကြံပေးတယ်။ သိုင်းဝတ္ထု အချစ်ဝတ္ထုတွေ ဖတ်လည်း အဆင်ပြေတယ်။
အဲဒီကနေ စာဖတ်အား ရလာလိမ့်မယ်။
စာဖတ်အားရလာရင်း တဖြည်းဖြည်းနဲ့ တခြားစာတွေကိုပါ ဖတ်လာလိမ့်မယ်။ ရသစာပေ
သုတစာပေတွေ ရှာဖွေဖတ်လာလိမ့်မယ်။ တချို့စာအုပ်တွေက ဘယ်စာအုပ်က ဘယ်လို...
ဘယ်စာသားလေးက ဘယ်စာအုပ်က ဆိုတာမျိုးတွေ ပြန်ညွှန်းထားတာတွေ ရှိတယ်။
အဲဒီလိုကနေ အစဆွဲမိပြီး အဲဒီစာအုပ်တွေ လိုက်ရှာဖွေ ဖတ်ဖြစ်တယ်။
စာဖတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းကလည်း သူတို့ ဖတ်ဖြစ်တဲ့ ဖတ်နေတဲ့
စာအုပ်အညွှန်းလေးတွေ ရေးကြတယ်။ အဲဒီအမြည်းတွေ လိုက်ဖတ်ရင်းနဲ့
သူတို့ညွှန်းတဲ့ စာအုပ်ကို လိုက်ရှာဖွေ ဖတ်ဖြစ်တယ်။
ငယ်ငယ်တုန်းက
ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား၊ မင်္ဂလာမောင်မယ်၊ မြတ်မင်္ဂလာ
စာအုပ်တွေ ဖတ်ဖြစ်တယ်။ ပြီးတော့ ပုံပြင်စာအုပ်တွေ ဖတ်တယ်။ ၇ တန်း ၈
တန်းလောက်မှာ သိုင်းဝတ္ထုတွေကို အတွဲလိုက် ပြီးအောင် ဖတ်တယ်။
ဆယ်တန်း
ဖြေပြီးတဲ့နောက် အချစ်ဝတ္ထုတွေ ဖတ်တယ်။ လမင်းမိုမို၊ လွန်းထားထား၊
မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ မောင်လှမျိုး
(ချင်းချောင်းခြံ) ရေးတဲ့ ဝတ္ထုစာအုပ်တွေကို စာအုပ်အငှားဆိုင်မှာ တင်ထားသမျှ
နေ့စဉ်နီးပါး ငှားဖတ်ခဲ့တယ်။
အဲဒီကနေ ချစ်နိုင် (စိတ်ပညာ) ရေးတဲ့
ချစ်လို့ ပြောတာ မှတ်ပါ ကို ဖတ်မိတယ်။ အဲဒီစာအုပ်ထဲမှာ ညွှန်းထားတဲ့
စာအုပ်တွေကို လိုက်ရှာဖတ်ရင်း ဂျူးကို စ ဖတ်မိတယ်။ ပြီးတော့ မိုးမိုး
(အင်းလျား)၊ မစန္ဒာ၊ ဂျာနယ်ကျော်မမလေး၊ လယ်တွင်းသား စောချစ်၊ ဖေမြင့်၊
ဦးနု၊ မြသန်းတင့်၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝရဲ့ စာအုပ်တွေ ဖတ်ဖြစ်လာတယ်။
အထုပ္ပတ္တိတွေ အရေးများတဲ့ တက္ကသိုလ်စိန်တင်ရဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်လာတယ်။
ပြောချင်တာက စာဖတ်အား ရလာတာနဲ့အမျှ စာအုပ်တွေ ရှာဖွေ ဖတ်ဖြစ်လာပါမယ်
ဆိုတာပဲ။ လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝကြီးထဲမှာ တနေ့ကို အချိန်
နည်းနည်းရသမျှ စာလေး ရသလောက် ၄ မျက်နှာ ၅ မျက်နှာလောက်ကို ဖတ်ရင်း
ဖတ်ရင်းနဲ့ မပြည့်တဲ့ အိုးတွေကို ဖြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-19000176469585392782017-12-15T17:15:00.003+08:002023-03-24T11:09:50.856+08:00Something about PMP
PMP ဆိုတာ အသိအမှတ်ပြု လက်မှတ်တခုပါ။ ဘွဲ့မဟုတ်ပါဘူး။ သူ့အရှည်ကောက်တော့ Project Management Professional ပါ။ Project Manager လောကမှာ နာမည်ကြီး ရေပန်းစားတဲ့ အသိအမှတ်ပြု လက်မှတ်တခုပေါ့။
အဲဒီလက်မှတ်ရဖို့အတွက် မေးခွန်း ၂၀၀ ပါတဲ့ ၄ နာရီစာ စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲဖြေဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ ပထမဦးဆုံး အဲဒီအဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် နှစ်စဉ်ကြေးပေးပြီး ဝင်ရတယ်။ စာမေးပွဲ ဖြေမယ့်သူဟာ Project Management နဲ့ ပတ်သက်တဲ့ သင်တန်းကို ၃၅ နာရီ တက်ရောက် သင်ကြားလေ့လာထားသူ ဖြစ်ရပါမယ်။ ဒီပလိုမာပဲ ရထားတဲ့သူဖြစ်ရင် Project Management နဲ့ ပတ်သက်တဲ့ အလုပ်မှာ နာရီပေါင်း ၇၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။ ဘွဲ့ရ ဆိုရင်တော့ နာရီပေါင်း ၄၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။
စာမေးပွဲဖြေဖို့ အဲဒီလိုအပ်ချက်တွေ ပြည့်တယ်ဆိုရင် သင်တန်းဆင်းလက်မှတ်နဲ့အတူ ကိုယ်လုပ်ထားဖူးတဲ့ Project တွေနဲ့ အချိန် ဘယ်လောက် လုပ်ခဲ့သလဲ ဆိုတဲ့ စာရင်းကို တွဲတင်ရပါတယ်။ အဲဒီဟာကို စာမေးပွဲစစ်တဲ့အဖွဲ့အစည်းက မှန်ကန်မှု ရှိမရှိ စစ်ဆေးပါတယ်။ လိုအပ်ရင် လိုအပ်သလို ကိုယ်လုပ်ခဲ့တဲ့ အလုပ်က လူကြီးတွေကို ဆက်သွယ်မေးမြန်းတာတွေ လုပ်ပါတယ်။ စာမေးပွဲ ဖြေခွင့်ရပြီဆိုရင် စာမေးပွဲကြေး သွင်းပြီး စာမေးပွဲဖြေမယ့် ရက်ကို ရွေးရပါတယ်။
စာမေးပွဲမှာက multiple choice မေးခွန်း ၂၀၀ ကို မေးတယ်။ ကိုယ်ရဲ့ အတွေ့အကြုံနဲ့ သင်ထားတဲ့စာနဲ့ ယှဉ်ပြီး ဖြေရတယ်။ ဖတ်စာအုပ်ထဲကအတိုင်း စာတွေကို အတိအကျ ပြန်မေးတာမျိုးကြီးပဲ မဟုတ်ဘူး။ တချို့ သီအိုရီတွေကိုတော့ မေးတာမျိုးတော့ ရှိတယ်။ ဖြစ်စဉ်တွေကို ပြောထားပြီး ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ မေးတာမျိုးတွေလည်း ပါတယ်။ စာမေးပွဲအောင်ချက်ကတော့ နည်းတယ်လို့ ပြောကြတယ်။ ဘယ်လို သတ်မှတ်ထားသလဲတော့ အတိအကျ မသိကြဘူး။
စာမေးပွဲအောင်ပြီဆိုရင် PMP လက်မှတ် ရပြီပေါ့။ အသိအမှတ်ပြု လက်မှတ်ရှိတဲ့ Project Manager ဖြစ်လာပြီပေါ့။ ဒါပေမယ့် အဲဒီလက်မှတ်ရဲ့ သက်တမ်းက ၃ နှစ်ပါပဲ။ အဲဒီ ၃ နှစ်အတွင်းမှာ PDU လို့ ခေါ်တဲ့ အမှတ် ၆၀ ရအောင် ပြန်စုရပါတယ်။ အဲဒီ အမှတ် ၆၀ ရရင် အဲဒီ PMP လက်မှတ်ရဲ့ သက်တမ်းကို နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးပေးပါတယ်။
PDU အမှတ်တွေက ဘယ်လို ပေးသလဲ ဆိုတော့... Project Management နဲ့ သက်ဆိုင်တဲ့အလုပ်ရဲ့ ၃ နှစ်စာအတွက် အများဆုံး ၈ မှတ်ပေးပါတယ်။ ဆက်စဉ်မပြတ် လေ့လာသင်ကြားရေးကို အားပေးတဲ့အနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ဆက်လက် လေ့လာ သင်ယူရပါတယ်။ အွန်လိုင်းကနေ ပို့ချတဲ့ သင်ခန်းစာတွေကို နားထောင်ရပါတယ်။ ၁ နာရီစာ သင်ခန်းစာတခုကို ၁ မှတ်ပေးပါတယ်။ အဲဒီတော့ အမှတ် ၆၀ ရဖို့အတွက် အနည်းဆုံး ၅၂ မှတ်စာ ဟောပြောပို့ချချက် သင်ခန်းစာ ၅၂ ခုကို ကြည့်ရှု နားထောင်ရပါတယ်။ အဲဒီလိုဟာမျိုးက အမှတ် ၆၀ စာကို သက်တမ်း ၃ နှစ် ပြည့်တိုင်း ထပ်ယူရပါမယ်။ မယူနိုင်ရင် အဲဒီလက်မှတ်ဟာ ပျက်ပြယ်သွားပါပြီ။ လက်မှတ် ပြန်လိုချင်ရင် စာမေးပွဲ ပြန်ဖြေရမယ်။
အဲဒီတော့ စာမေးပွဲ ပြန်ဖြေမယ့်အစား ၃ နှစ်အတွင်းမှာ လိုအပ်တဲ့ အမှတ်တွေပဲ လိုက်စုတာ ပိုကောင်းမယ်။ သူများတွေတော့ မသိပေမယ့် ကိုယ်ကတော့ PMP လက်မှတ်ရဲ့ ဒုတိယနှစ်သက်တမ်းမှာ အမှတ်တွေကို အသည်းအသန် လိုက်စုပါတယ်။ ပထမနှစ်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ စာတွေ မလုပ်ဖြစ်ဘူး။ ၃ နှစ်ဆိုတော့ လိုပါသေးတယ်ပေါ့။ တတိယနှစ်ကျတော့ ခြေချော်လက်ချော်ဖြစ်ပြီး အချိန်မရှိတာမျိုး ဟောပြောပို့ချချက်တွေ လိုက်မကြည့်နိုင်တာမျိုး ဖြစ်ပြီး ပလုံမှာ စိုးလို့ တတိယနှစ်ကို အရံသဘောမျိုးပဲ ထားတယ်။ လုပ်စရာရှိတာ ဖြည့်စရာရှိတာကို ဒုတိယနှစ်အတွင်းမှာ ကုန်းရုန်း ဖြည့်တယ်။
နောက်နှစ် ၂၀၁၈ ဒီဇင်ဘာဆို ကိုယ်ရဲ့ လက်ရှိ PMP လက်မှတ် သက်တမ်းကုန်မယ်။ အဲဒီတော့ ၂၀၁၇ ရဲ့ ဒီဇင်ဘာဟာ ကိုယ့်အတွက် စာလုပ်ရတဲ့ လပဲ။ Sweet December ဖြစ်မဖြစ်တော့ မသိဘူး။ နေ့တိုင်းတော့ အွန်လိုင်းက ဟောပြောပို့ချချက်တွေ ၂ ခုကနေ ၃ ခုကြား နားထောင်နေရတယ်။ ရှေ့ရက်က Talent Management Conference 2017 ကို တက်လိုက်တော့ PDU က ၆ မှတ်ပေးတယ်။ သိပ်ပျော်ဖို့ ကောင်းတာပဲ။ အခုတော့ နောက်ထပ် ဖြည့်စရာ ၁၅ မှတ်ပဲ လိုတော့တယ်။ ဒီနှစ်မကုန်ခင် ဒါမှမဟုတ် နောက်နှစ်ဆန်းမှာတင် လိုအပ်တဲ့ အမှတ် ၆၀ ပြည့်နိုင်ပါပြီလေ။
လွယ်တော့ မလွယ်ဘူးပေါ့။ ဒီလိုပဲ ကြိုးစားရတာပေါ့။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-63788510061361881722017-12-12T16:45:00.001+08:002017-12-12T16:45:25.282+08:00Difficulty to Live with Harmonyငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ပြောရင်တော့ လွယ်တာ။ တကယ်
လုပ်ရတဲ့အခါ မလွယ်ဘူး။ ဘဝပေးအခြေအနေတွေ မတူညီရင် မတူညီသလို
ယှဉ်တွဲနေထိုင်ဖို့ဆိုတာ သိပ်ခက်တယ်။ တဘက်ဘက်က အလျှော့ပေးဖို့ လိုသလို
တခြားတဘက်ကလည်း နားလည်သိတတ်ဖို့ လိုအပ်တယ်။ အခြေတွေ မတူရင် ထပ်ကိန်းတွေ
ပေါင်းလို့ မရတဲ့ သချာင်္သဘောတရားလိုပဲ။
အဲဒီဘဝပေးအခြေအနေ
မတူတဲ့နေရာမှာ အတူယှဉ်တွဲ နေထိုင်ရေးရဲ့ အခက်အခဲကို ဥပမာ ပြောရရင်...
ကိုယ်တွေ ရုံးကနေ အိမ်ပြန်တဲ့လမ်းမှာ အထွေထွေလုပ်သားတွေ အတွက်
ဝန်ထမ်းအိမ်ယာ အဆောင်တွေရှိတယ်။ အဲဒီတော့
တခါတလေ ရုံးပြန်နောက်ကျတဲ့အချိန် အဲဒီလုပ်သားတွေနဲ့ ဘတ်စ်ကားပေါ်မှာ အတူတူ
စီးရလေ့ ရှိတယ်။ အများစုကတော့ ပြည်ကြီးတရုတ်တွေနဲ့ ဘင်္ဂလားတွေပေါ့။
တနေကုန် နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ်လာရတဲ့ သူတို့တတွေမှာ
ချွေးစော်နံတာတွေ အဝတ် ရေစိုတဲ့အနံ့တွေ အဝတ်အစားတွေ ညစ်ပတ်နေတာတွေ
ရှိတတ်တယ်။ အလုပ်ခွင်အနေအထားအရ ကိုယ်လက်သန့်စင်ဖို့ အခွင့်အရေး မရှိတာလည်း
ဖြစ်နိုင်သလို အချိန်မရတော့လို့ အဆောင်ကို တန်းပြန်လာတာလည်း
ဖြစ်နိုင်ပါတယ်။
ကားပေါ်မှာ ကိုယ်က ထိုင်ခုံရလို့ အရင်ထိုင်ထားတဲ့အခါ
သူတို့တက်လာတဲ့အချိန် ကိုယ့်ဘေးမှာ ခုံလွတ်နေလို့ ဝင်ထိုင်တာမျိုးမှာတော့
ရှေ့မှာ ပြောတဲ့အခက်အခဲတွေ စတင်ပါပြီ။ ချွေးနံ့ကို မိုးရေစိုထားတဲ့ အနံ့က
ရောသမမွှေထားတဲ့အပြင် မြေကြီးအနံ့ ရွှံ့အနံ့တွေ အပိုဆုအနေနဲ့
အကုန်ပေါင်းစုတဲ့အခါ ဖြစ်နိုင်ရင် နှာခေါင်းကို ကားအပြင်ကို
ထုတ်ထားချင်မိတယ်။
အဲကွန်းဘတ်စ်ကား အလုံပိတ်ကြီးရဲ့
ခရီးတိုအတွင်းမှာ အတူယှဉ်တွဲ ထိုင်ဖို့အတွက်ကို အတော် သည်းခံယူရပါတယ်။
ကိုယ့်ဘက်က လမ်းတလျှောက် သည်းခံပြီး ကိုယ်ဆင်းမယ့် မှတ်တိုင်ကို မြန်မြန်
ရောက်ပါစေလို့ပဲ စိတ်ရောက်မိတယ်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်ရင်တော့
မင်းတို့ ဆင်းကွာလို့ မောင်းချလို့မှ မရတာ။ အဲဒီတော့ နီးရာမှတ်တိုင်မှာ
ဆင်းပြီး နောက်ကား စောင့်စီးပေါ့။ ဒါပေမယ့် နောက်ကားမှာလည်း အိမ်ပြန်လာတဲ့
သူတို့တွေ ထပ်ပါလာနိုင်သေးတာပဲလေ။ အဲဒီတော့ သည်းခံလက်စနဲ့ ဆက်
သည်းခံရပါတယ်။
သူတို့အနေနဲ့လည်း အတူယှဉ်တွဲ ထိုင်ဖို့အရေးမှာ
တတ်နိုင်သလောက် ကိုယ်လက်ဆေးကြော သန့်စင်ခဲ့ရင် တခြားခရီးသည်တွေအတွက်
ကောင်းပါတယ်။ အဆင်ပြေရင် ပြေသလိုပေါ့။ အဆင်မပြေလို့ တခါတလေ
ညစ်ပတ်နံ့စော်တာမျိုးက လွဲရင် အိမ်အပြန်ခရီးလမ်းမှာ သန့်သန့်ရှင်းရှင်းနဲ့
တခြားခရီးသည်တွေရဲ့ ဘေးပတ်ဝန်းကျင်ကို မထိခိုက်ဖို့အတွက် နားလည်သိတတ်ဖို့
လိုပါမယ်။
အတူယှဉ်တွဲနေထိုင်ဖို့အရေးမှာ အခက်အခဲတွေကို သည်းခံဖို့
လိုသလို အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားဖို့ နားလည်သိတတ်ဖို့လည်း
လိုပါတယ် ဆိုတဲ့အကြောင်းလေးပါ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-74529143501247575532017-12-08T17:16:00.000+08:002017-12-15T17:16:49.546+08:00What is the root cause?ထန်းတပင် အလုပ်သမားဆေးရုံက ခွဲစိတ်ဆရာဝန်တယောက်ရဲ့ ရင်ဖွင့်ချက်
Recorded Live ကို ကြည့်လိုက်ရတယ်။ တဝက်တပျက်ပဲ ကြည့်လိုက်ပြီးတဲ့အခါ
စိတ်နောက်သွားတာ အမှန်ပဲ။ ဆေးလောကမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆေးလောကသား
အချင်းချင်းရဲ့ အတွန်းအတိုက်တွေ၊ စိတ်ညစ်စရာတွေကို မျှဝေခံစားလိုက်ရတယ်။
ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ဒွန်တွဲနေတာကတော့ ဆေးလောကရယ်မှ
မဟုတ်ဘူး။ ဒါမျိုးဟာ မြန်မာပြည်မှာတော့ နေရာတိုင်းနီးပါးမှာပါပဲ။ ဘယ်လို
အခြေခံအကြောင်းတရားတွေကြောင့် အဲဒီလိုပတ်ဝန်းကျင်တွေ အကျိုးတရားတွေ
ဖြစ်ပေါ်လာရသလဲ ဆိုတာ ကိုယ်တွေ ပြန်လည်သုံးသပ် ဆင်ခြင်သင့်တယ်။ ဆရာဝန်ရဲ့ ကိစ္စတခုတည်းကို ပြောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။
မြင်မိတာတခုကတော့ ကိုယ်တွေဟာ အချင်းချင်း ပူးပေါင်း
ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းတယ်။ အဲဒီအားနည်းချက်က ခေတ်အဆက်ဆက်ကတည်းက
အခုချိန်အထိပဲ။ တဦးချင်း တော်တီးတီး တော်ပေမယ့် အုပ်စုလိုက် အဖွဲ့လိုက်
ဆောင်ရွက်ဖို့ကိစ္စတွေမှာ သူတလူ ငါတမင်း ဖြစ်ကုန်ကြတယ်။ အစပိုင်းမှာ
ပေါင်းလို့ရပေမယ့် တဖြည်းဖြည်းနဲ့ ကွဲထွက်ကုန်တယ်။
ဘာကြောင့်
ကွဲထွက်ကုန်သလဲ... ကိုယ်ကတော့ အဲဒါဟာ မာနတွေကြောင့်လို့ မြင်မိတယ်။
ကိုယ်တွေမှာလည်း အဲဒီလို တလွဲမာနတွေ ရှိခဲ့တယ်။ အခုထိလည်း အဲဒီလို
တလွဲမာနတွေ ရှိတုန်းပဲ ဆိုတာ ဝန်ခံပါတယ်။ လူရည်ချွန် ဖြစ်ခဲ့တာတွေ...
ဆယ်တန်းမှာ ဂုဏ်ထူးထွက်ခဲ့တာတွေ... ဆေးကျောင်း စက်မှုတက္ကသိုလ်
တက်ခဲ့တာတွေ... မဟာဘွဲ့ ဒေါက်တာဘွဲ့တွေ ယူထားတာတွေ... ဘယ်သူ့အမျိုး
ဘယ်သူ့သားသမီး ဆိုတာတွေ... အဲဒီဟာတွေက အပြိုင်အဆိုင်စိတ်တွေ
ထိုးထွက်လာစေတယ်။ အဲဒီဟာကနေ မာနတွေ ချွန်ထွက်လာကြတယ်။ အတိတ်မှာ
ရွှေထီးဆောင်းခဲ့တာတွေကို ပြန်တမ်းတတာမျိုးမှာလည်း ကိုယ်တွေက
ပြိုင်ဖက်ကင်းပဲ။
မာနကနေတဆင့် သည်းခံမှုတွေ ပျောက်ဆုံးကုန်တယ်။
ဒေါသကို ထိန်းချုပ်ရ ခက်ကုန်တယ်။ မင်းဘာကောင်လဲ ငါဘာကောင်လဲတွေ ဖြစ်လာတယ်။
အချင်းချင်း ညှိလို့ရတာတွေဟာ မညှိဖြစ်တော့ပဲ ဝုန်းဒိုင်းတွေ ကြဲကုန်ကြတယ်။
အဆင်ပြေရင် ပြေသလို မသိမသာ ချောက်ချတယ်။ နောက်ကျောကနေ ဓါးနဲ့ထိုးတယ်။
ခံရတာတွေ များလွန်းတဲ့ ဘဝမှာ ပေဖြစ်တုန်းကတော့ ခံမယ်ဟေ့... တူဖြစ်တဲ့အခါ
နှံမယ် ဆိုတဲ့ စိတ်တွေ ရှိလာကြတယ်။ မိုးကောင်းတုန်း ရွာထားပေါ့ကွာ။
ငါ့အလှည့်ကျရင် မိုးကြိုးပါ ပစ်ချမယ် ဆိုတာတွေ ဖြစ်လာတယ်။ အမြင့်ကို
ရောက်ဖို့ ကြိုးစားလာတာဟာ ကိုယ့်ဘဝအတွက် ဖြစ်ချင်ဖြစ်သလို ...
တူဖြစ်ဖို့အတွက် ကြိုးစားတာမျိုးလည်း ဖြစ်ချင်ဖြစ်နေမယ်။
ခံရပေါင်းများလွန်းတဲ့အခါ တဖက်သားကို သံသယလည်း ဝင်လွယ်ကြတယ်။ မယုံကြည်ရတဲ့
ပတ်ဝန်းကျင်ကနေ တသက်လုံး ရှင်သန် နေထိုင်လာရတဲ့သူတွေအဖို့ အရာရာကို
သံသယမျက်လုံးနဲ့ ကြည့်လာကြတယ်။ ရိုးရိုးရှင်းရှင်း သဘောထားနဲ့
ပြောနေတဲ့သူကိုလည်း မယုံသင်္ကာဖြစ်ကြတယ်။ အဲဒီလိုနဲ့ အပြန်အလှန်
ယုံကြည်မှုတွေ မတည်ဆောက်နိုင်ပဲ အကွဲအပြဲတွေ များသထက် များလာတယ်လို့
မြင်မိတယ်။
အခုပြောနေတာတွေဟာ သူများကို ဆရာလုပ်နေတာ မဟုတ်ပါဘူး။
ကိုယ့်ဘာသာ ကိုယ် ဆင်ခြင်နိုင်အောင် ရေးမှတ်ထားတာပါ။ တကယ်တော့ ကိုယ်လည်း
ဘာမှ မဟုတ်တာလေ။
JulyDreamhttp://www.blogger.com/profile/14075903192936224849noreply@blogger.com0tag:blogger.com,1999:blog-1813131977682590304.post-15956303766985803752017-11-28T17:17:00.000+08:002017-12-15T17:20:20.025+08:00How we dealt with drunken guyအရက်သောက်ပြီးတော့ မူးပြီးပတ်ရမ်းတာတွေ ဆဲတာတွေကို အများကြီး
မခံခဲ့ရဖူးပေမယ့် အဲဒီလိုမျိုး ခံခဲ့ရတဲ့ ၁ ခေါက်ကတော့ မှတ်မှတ်ရရ
ရှိပါတယ်။ ကိုယ်က မူးတာမဟုတ်ဘူးနော်။ မူးတဲ့သူက လာရမ်းတာမျိုးကို ခံရတာပါ။
အဲဒီတုန်းက ရပ်ကွက်ထဲမှာ ကိုယ်တွေက ဂိမ်းဆိုင်လေး ဖွင့်ထားတယ်။
ကိုယ့်ဆိုင်ရှေ့တည့်တည့်မှာက လက်ဖက်ရည်ဆိုင် ရှိတယ်။ ကိုယ့်ဆိုင်မှာ
ဆော့နေကျ လူတွေကလည်း နှစ်နဲ့ချီအတူ ဆော့လာတော့ လူညီသလား မမေးနဲ့။
ဂိမ်းဆော့ရင်လည်း အတူတူ... မီးပျက်သွားတဲ့အချိန် မီးစက်ခဏ
အနားပေးတဲ့အချိန် လက်ဖက်ရည်ဆိုင် ထိုင်ရင်လည်း အတူတူ။ ညလုံးပေါက် ဂိမ်းဆော့ပြီး ဗိုက်ဆာလို့ မိုးအလင်းပေါက်ရောင်းတဲ့ ထမင်းကြော်ဆိုင် သွားရင်လည်း အတူတူပဲ။
တခါတလေမှာ ကလေးတွေ ဆော့နေတဲ့အတွက် စက်မအားသေးလို့ လက်ဖက်ရည်ဆိုင်မှာလည်း
လက်ဖက်ရည် သောက်ရင်း စက်အားတဲ့အထိ စောင့်ကြတယ်။ ဆိုလိုချင်တာက
ဂိမ်းဆိုင်ထဲမှာ လူရှိသလို ဆိုင်ရှေ့က လက်ဖက်ရည်ဆိုင်ထဲမှာလည်း ကိုယ့်လူတွေ
ရှိနေကြတယ်။
တညမှာတော့ လူငယ်ပိုင်းထဲက တယောက်က မူးပြီး
ဆိုင်ရှေ့ကနေ ကိုယ်တွေကို ဆဲတယ်။ ရမ်းတယ်။ ကိုယ့်ဆိုင်ထဲက လူတွေရော...
လက်ဖက်ရည်ဆိုင်ကနေ ထလာတဲ့ ကိုယ့်လူတွေရော... ညီလေး မလုပ်နဲ့
မလုပ်နဲ့ဆိုပြီး အနောက်ကနေ ဆွဲတဲ့သူက ဆွဲ... ဘေးကနေ ဆွဲတဲ့သူက ဆွဲ။
မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကတ္တရာလမ်းပေါ်မှာ ခေါင်းဖိပြီး
မူးပြီးရမ်းနေတဲ့လူအပေါ်က ထိုင်တဲ့သူက ထိုင်။ မသိမသာလေး
ဆွမ်းကြီးလောင်းလိုက်တာ ဆဲနေတဲ့လူလည်း အမူးပြေသွားလေရဲ့။ အဲဒါလည်းပြီးရော
ရပ်ကွက်ရုံးက မီးသတ်တွေနဲ့ ရဲကင်းက ရဲတွေရော စခန်းက ရဲတွေရော ရောက်လာပြီး
ရဲစခန်းကို ရဲကားနဲ့ပဲ ပင့်သွားလေရဲ့။ သူ့မိဘတွေက လာပြီးအမှုမဖွင့်ဖို့
တောင်းပန်တာနဲ့ ညတွင်းချင်းပဲ အိမ်ပြန်ခွင့် ရလိုက်ပါတယ်။
ကိုယ့်လူတွေရဲ့ မသိမသာ ဆွမ်းကြီးလောင်းချက်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့
ညပေါ့ကွယ်။ အဲဒီတယောက်လည်း ကိုယ်တွေ အားလုံးကို ဘယ်တော့မှ
ကွိုင်မရှာတော့ဘူး။ တခါသေဖူးတော့ ပျဉ်ဖိုး နားလည်သွားရှာတယ်။