Monday, July 7, 2008
One year Anniversary
ကျွန်တော်ရဲ့ July Dream Blog လေးကို ၀၇-၀၇-၀၇ မှာ စတင်ခဲ့တာပါ။ ကျွန်တော့်တို့ရဲ့ လက်ရှိသက်တမ်းမှာ ၂၀၀၇ ဇူလိုင်လ ၇ ရက်နေ့ ၇ သုံးလုံး ဆုံတဲ့နေ့ဆိုတာ တစ်ခါပဲ ကြုံဆုံနိုင်တာပါ။ မွေးနေ့အထိမ်းအမှတ် အနေနဲ့ရော... ၀၇-၀၇-၀၇ အမှတ်တရအနေနဲ့ရော ဒီ Blog လေးနဲ့ အလွမ်းမိုးတွေ သည်းနေတဲ့ အညတရ လူသားတစ်ဦးဆီမှာ ဇူလိုင်အိမ်မက်တွေ ဖွားတည်လာပါတော့တယ်။
ဒီလိုနဲ့ ၂၀၀၇ ဇူလိုင်ကနေ မက်လိုက်တဲ့ အိပ်မက်တွေဟာ ၂၀၀၇ ဒီဇင်ဘာအကုန်မှာ စုစုပေါင်း ၁၃၁ ခု ရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၀၈ ဇန်န၀ါရီအစကနေ မက်လိုက်တဲ့ အိပ်မက်တွေဟာ အခု ၂၀၀၈ ဇူလိုင် ၇ ရက်နေ့ မှာတော့ စုစုပေါင်း ၁၀၁ ခု ရှိခဲ့ပါတယ်။ ၂၀၀၇ အောက်တိုဘာမှာ အိပ်မက်တွေ အများဆုံး မက်ဖြစ်ခဲ့တယ်။ စုစုပေါင်း ၂၇ ခုတောင် ရှိတယ်။ ၂၀၀၈ မေလကတော့ အိပ်မက် မက်ဖို့ အချိန်မရတဲ့ နာဂစ်မုန်တိုင်းကြားမှာ အိပ်မက်လေး ၆ ခုပဲ မက်နိုင်ရှာခဲ့ပါတယ်။ အင်တာနက် သုံးဖို့မပြောနဲ့ လျှပ်စစ်မီးဆိုတာ ဘာမှန်းတောင် မသိရတော့တဲ့ တောကြီးမျက်မဲထဲက မြို့ပျက်ဘ၀လေးတစ်ခုကို ရက်သတ္တပတ် ၂ ပတ်နီးပါး ရင်ဆိုင် ကျော်ဖြတ်ဖူးသွားတယ်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော် သီချင်းလေးကို ဆိုရင်းပေါ့... အဟက်...
ဒီ Blog လေး စစချင်းမှာတော့ ၀င်းကလောဖောင့်ပဲ သုံးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးတောင် မရှိတဲ့ အညတရလေးဆိုတော့ ရုံးက ကွန်ပျူတာနဲ့ပဲ ပို့စ်တွေ ရေးတင်ခဲ့ရတာပါ။ ရုံးက စက်တွေမှာ ဇော်ဂျီကီးဘုတ်ကို Install လုပ်ခွင့်မရလို့ ၀င်းကလောပဲ သုံးဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း အလုပ်ကနေ IBM ThinkPadလေး တစ်လုံး စွန့်ကျဲထားလို့ မျောက် အုန်းသီးရသလို ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရသွားတာနဲ့ နောက်ပိုင်းပို့စ်တွေကို ဇော်ဂျီနဲ့ ပြောင်းတင်ဖြစ်သွားတယ်။
ဒီနှစ်မွေးနေ့မှာတော့ Blog ရေးဖို့ အချိန်တောင် မနည်းရှာယူရတယ်။ ရုံးချုပ်မှာ အလုပ်တွေ ပိနေလို့ ညဘက်တောင် ရုံးအလုပ်တွေ လုပ်နေရတယ်။ တချို့ရက်တွေဆို မနက် ၃ နာရီအထိ အလုပ် လုပ်နေခဲ့ရတယ်။ ညလုံးပေါက် လုပ်ရလို့ ရုံးက အနားပေးလားဆိုတော့ မပေးပါဗျာ။ အလုပ်က အရမ်း အရေးကြီးလို့ဆိုပြီး ရုံးကို ၁၀ နာရီ အရောက် တက်စီငှားပြီး လာခိုင်းကြတယ်။ အဲဒီလိုနဲ့ အိပ်ရေးတောင် မ၀ရှာဘူး။ ဇူလိုင်တစ်ယောက် သနားဖို့ ကောင်းရှာပါတယ်။ မျက်နှာချောင်ချောင်လေးမှာ မျက်တွင်းလေး ဟောက်ပက်နဲ့။
ဒါပေမယ့် ကျွန်တော့်ဌာန မန်နေဂျာကြီးက သဘောကောင်းပါတယ်။ မွေးနေ့မှာ ရုံးချုပ်ကနေ ကိုယ့်နဂိုရုံးခွဲကို ပြန်ခေါ်ပြီး မွေးနေ့ပွဲ လုပ်ပေးပါတယ်။ သူဖုန်းဆက် လှမ်းခေါ်တာနဲ့ ညနေ ၄ နာရီလောက် ရုံးချုပ်ကနေ တက်စီငှားပြီး ရုံးခွဲကို ပြန်ရောက်ခဲ့တယ်။ ခဏနေတော့ အစည်းအဝေးခန်းမထဲမှာ မွေးနေ့ကိတ်အကြီးကြီးနဲ့ မွေးနေ့ပွဲ လုပ်ပေးတယ်။ မွေးနေ့ကိတ်ကလည်း မကြီးလို့ မရဘူးလေ။ ဌာနမှာက ၀န်ထမ်းတွေ အများကြီးဗျ။ ကျွန်တော်တို့ ဌာနက ကုလားတွေ များပြီး တရုတ်အရမ်းရှားတယ်။ ရှားရှားပါးပါး တရုတ်က ၄ ယောက်ပဲ ရှိတာ။ အသားမဖွေးကြတဲ့ ကုလားတွေကြားမှာ မွေးနေ့ရှင် ကိတ်မုန့်ခွဲနေတဲ့ပုံက ဆက်ရက်ငှက်တွေကြားမှာ ကြိုးကြာရောက်နေသလိုပါပဲဗျာ။ အဟီး...
ဒီနှစ်မွေးနေ့တော့ သွေးမလှူဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်လ ၇ ရက်နေ့က လှူထားတော့ ဒီလမှာလှူဖို့ ရက်မပြည့်ဘူးလေ။ ဒီလမှာ လှူရင်လည်း ရပေမယ့် ၁ လ စောင့်ရမှာကို မလိုချင်တာနဲ့ လှူလိုက်တာပါ။ မွေးနေ့အဖြစ် လှူဖို့ ကိုယ်စောင့်နေတဲ့ ၁ လအတွင်းမှာ သွေးလိုနေတဲ့လူနာက ၁ လ ခံမှာ မဟုတ်ဘူးလေ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘာမှတော့ ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး။ ဂျီတော့ခ်ကနေ အာကြီးကိုလင်းဦး (စိတ်ပညာ) လှမ်းပြောလို့ သိရတဲ့ facemyanmarမှာ မန်ဘာဝင်ထားတာပဲ ရှိတယ်။ အဲဒီမှာ Blogger တွေ ရှိတယ် ဆိုလို့ သွားချောင်းကြည့်တာ တင့်ကားမောင်းနေတဲ့ ဆံရှည်ကိုယ်တော်ကြီးကို တွေ့ခဲ့ရသဗျာ။ အလေးမတဲ့ လေးမလည်း ရှိတယ်ဗျ။ ဖီးနစ်ငှက်ပြာကြီးလည်း တွေ့ခဲ့တယ်။ လူမင်းလိုလို မျိုးကျော့မြိုင်လိုလို ကိုမောင်လှလည်း ရှိနေတယ်ဗျာ။
အင်း... ဘာလိုလိုနဲ့ ကျွန်တော်လည်း အသက် ၁ နှစ်ပိုကြီးသွားသလို Blog လည်း သက်တမ်း ၁ နှစ်ရှိသွားပြီ။ July Dream Blog ကို လာလည်တဲ့သူတွေ အကျိုးမရှိတောင်မှ အကျိုးမယုတ်လောက်ဘူးလို့ ထင်မှတ်ရတာပဲ။ အဆိပ်အတောက် မဖြစ်အောင်တော့ သတိထားနေပါတယ်။ သြော်... ဒါနဲ့ အမြင်တွေ မတူတိုင်းလည်း ရန်သူလို့ သဘောမထားနဲ့ပေါ့။ ကြည့်တဲ့ထောင့်တွေ မတူရင် မြင်ရတဲ့ အမြင်တွေလည်း ကွဲပြားနိုင်ပါတယ်ဗျာ။
ဇူလိုင်အိပ်မက်တွေ ဆက်မက်ဖို့...
..................
.....................
........................
...........................
..............................
.................................
ကျွန်တော်ဇူလိုင်တစ်ယောက်...... အိပ်ရေးဝဖို့ လိုပါသည်။ အဟက်...
(ဘာမှလည်း မဆိုင်ဘူးနော်... ) :P
24 comments:
  1. သြော်ဆရာကြီးက တစ်နှစ်တောင် ပြည့်သွားပြီလား။ လေးစားပါ၏။
    အဟုတ်ဘဲ အရင်တုန်းက ၀င်းကလော စာလုံးတွေ မမြင်ရလို့  ခဏခဏလာလာအော်
    ရတာ မှတ်မိတယ်။ လင်းတို့ ကတော့ တနှစ်ပြည့်ဖို့ တော်တော်လိုသေးတယ်။( နုသေးတယ် နုသေးတယ်)
    ReplyDelete
  2. မွေးနေ့မှာ မွေးနေ့ကိတ်လေးတော့ စားရရှာသားပဲ...
    နောက်နှစ်တော့ ချန်စာလုံးမပါတဲ့ တရုတ်မစစ်စစ် (အသားမဲချင်မဲပစေ) လေးနဲ့ မွေးနေ့ကိတ်တူတူခွဲဖို့ အခွင့်အရေးလေး ထပ်ရကောင်းပါမှာပါ...
    အင်း . . . ဒီလိုနဲ့ပဲ အသက်တွေကြီးလာလိုက်တာ...
    ReplyDelete
  3. အော် ဂျူလိုင်တို့က ဘလော့သက်တမ်းနဲ့ မွေးနေ့ကို ခုလို ရောရောရှိ လုပ်လိုက်တယ်ပေါ့လေ.. အမကတော့ လိုရာဆန္ဒပြည့်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပြီနော်.. အဲဒီလိုရာဆိုတာ ဥစ္စာပေါ .. ရုပ်ချော.. ပညာတတ်.. သဘောမနောကောင်း .. အသက် မကြီးနဲ့.. ဟိ တရုပ်မလေး ဖြစ်ပါစေ...
    အမ ရှာတွေ့ထားတာ ရှိတယ် သိလား။ သိချင်ရင် ဂျီမှာ တွေ့ရင်မေး ပြောပြမယ်.. ဒန် တန် တန်
    (ချစ်ခင်စွာဖြင့် အတည်ပြောခြင်း)
    ReplyDelete
  4. ကိုဂျူလိုင်မွေးနေ့အတွက်ရော blog မွေးနေ့အတွက်ပါ ပေါင်းပြီး ဆုတောင်းပေးပါတယ်ဗျာ။ Happy Birthday ပါ ခင်ဗျာ :)
    ReplyDelete
  5. ဘလော့ဂ်လေးအတွက်ရော ဘလော့ဂ်ပိုင်ရှင်အတွက်ရော မွေးနေ့ဆုတောင်းပေါင်းပြီး တောင်းပေးခဲ့တယ်ဗျာ.
    အိပ်၍ မပျော်သောညများ ကုန်ဆုံးလွန်မြောက်ပါစေသား...
    ဟတ်ဟတ်ဟတ်.
    ReplyDelete
  6. ဟက်ပီးဘတ်ဒေး ဦးဝက်သိုး
    လူပြိုရီးပီပီ ဘတ်ဒေးကိတ်တစ်လုံးပဲကျွေးတယ်.. နည်းတယ်နော် ...
    ReplyDelete
  7. အခုလို အမှတ်တရလေး ရေးပေးထားတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
    ReplyDelete
  8. မွေးနေ့ကို နောက်ကျမှ ရောက်လာရပါတယ် . .
    =) .. မွေးနေ့ရှင်ကြီး အိပ်ရေးဝပါစေ..
    အိပ်မက်တွေ ဆက်မက်နိုင်ပါစေ..
    ဆက်လက် မျှဝေနိုင်ပါစေ လို့ ..
    မွေးနေ့ဆုတောင်းတွေ နိုင်သလောက် တောင်းပေးလိုက်ပါတယ်။
    ReplyDelete
  9. သုံးဖက်မြင်နဲ့ မခင်မင်းဇော်တို့ကတော့
    အတော်လေးကို အားကြိုးမာန်တက် အောင်သွယ် လုပ်နေကြတာပဲနော့။ အားကိုး သင့်တဲ့သူတွေ ဆိုတော့လည်း အားကိုးရမှာပေါ့ဗျာ။
    စကားမပီ လေဖျန်းထားတဲ့ နှင်းပွင့်ဖြူလေး
    ရွှန်းမီက...
    နိုင်သလောက် ဆုတောင်းပေးသွားတယ် ဆိုတော့ ဘယ်လောက်များ သယ်လာခဲ့လဲ မသိဘူး။ အဲဒီလိုမှန်း သိရင် ၀ိုင်းကူသယ်ပေးပါတယ်ဗျာ။ များများ ရတာပေါ့။ အဟက်...
    ReplyDelete
  10. お誕生日 おめでとう!!!!
    ReplyDelete
  11. Belated happy birthday
    ဖိုးဖိုးမွေးနေ့မှန်းသိလိုက်ဝူးဂျ
    အိပ်ရေးဝအောင်အိပ်လေ
    ပန်ဒါလိုလိုဘာလိုလိုနဲ့
    လှဝူးနော့
    (နဂိုမလှမှာ မလှဆင့်လို အိုးးးးးးးးးးမတင့်တယ်)
    ဟတ်ဟတ်
    ချတာ ချိတ်ချိုးနဲ့
    ReplyDelete
  12. ကိုဂျူလိုင်က ဘယ်နနှစ်မြောက်မွေးနေ့လဲဗျ
    ဂျူလိုင်သားချင်း တူနေပြီနော်
    ကျွန်တော်လဲ ဂျူလိုင်သားပဲဗျ
    ReplyDelete
  13. Megumi မိုးပြေးရေ...
    ဘူးသီးငပေါင်းကြော်တွေနဲ့ ရေးသွားတာ မဖတ်တတ်ဘူး ခင်ဗျ။ ဘာသာပြန်ပေးအုံး။ အဟက်...
    မြေးမလေး ကြေးအိုး (chaos)
    ကျုပ်မလှလည်း အေးဆေးပါဟယ်။ ညည်းသာ လှချင်ရက် စက်စက်ယို ဖြစ်နေတာပါ။ အဟ... သိပါတယ်လေ။ ဘာရဲ့ စွမ်းအားတွေ ဆိုပဲ...
    ကိုရက်ရာဇာရေ...
    ကျွန်တော်က မြေးတောင် ရနေပြီဆိုတော့ အသက်ကိုတော့ မေးမနေပါနဲ့လား။ ဂျူလိုင်သားတွေ ရုပ်ချော သဘောကောင်း ခံစားထိရှ လွယ်တယ်ဆိုတာ သိကြမှာပါ။ (မနာလိုတဲ့လူတွေက ဘေးတိုက်သွားတဲ့ ဂဏန်းတွေလို့ စကားတင်း ဆိုမှာပဲလေ... အင်း... ခွင့်လွှတ်လိုက်ပါဗျာ။)
    ReplyDelete
  14. ကိုဂျူလိုင်... ၇၊ ၇ မှာမွေးတာလား။ မိုက်တာပေါ့...ဘာပဲပြောပြော 7 ဆိုတာ ဂဏန်းဗေဒင်မှာတော့ လပ်ကီးအကောင်းဆုံး ဂဏန်းပဲ။ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ...:)
    ReplyDelete
  15. ဟုတ်ကဲ့ပါ...
    ကျွန်တော် 7 July ဆိုတဲ့ သမိုင်းဝင် အထင်ကရနေ့ကြီးမှာ မွေးခဲ့တာပါ ခင်ဗျာ။ အဲဒါကြောင့်လည်း.... တခါတလေ ပုန်ကန်တဲ့ စိတ်ဓါတ်လေးက ရှိတယ်ဗျ။ ကျွန်တော့် အိမ်ကတော့ ပြောပါတယ်... အမြဲတမ်း ကလန်ကဆန် လုပ်တယ်တဲ့ဗျာ။
    ReplyDelete
  16. အကိုဂျူ
    အသက်လည်းမသိရပါဘာလားဗျ
    လူရော ဘလော့ရော
    ကံကောင်းခြင်းဂဏန်းတွေနဲ့ စတင်မွေးဖွားလာတဲ့အတိုင်း ကံကောင်းခြင်းတွေ ဆထက်ထမ်းပိုးတိုးနိုင်ပါစေဗျာ
    မေတ္တာဖြင့်
    ReplyDelete
  17. အိတာကိုလည်းမကျွေးဘူး.....
    စတာ ဟီးးးးးးး
    အိပ်ရေးဝချင်ရင်အိပ်သာအိပ်ပလိုက် ....ဟီးးးးးးးးးးး
    ReplyDelete
  18. ဟက်ပီဘက်ဒေးပါ ကိုဂျူလိုင်
    ဆုတောင်းတာ အတော်နောက်ကျလို့ ရန်ကုန်ကနေထွက်တာ အခု တရုတ်ပြည်ထဲတောင် ရောက်တဲ့အထိ ကြာသွားတယ်။ ဟိ..
    အပေါ်က ကွန်မန့်တွေမှာ ဖတ်ရတယ်။ တရုတ်မလေးနဲ့ ဆိုပဲ။ ဟိ.. အားပေးတယ်။ ဆက်သာလုပ် ကိုယ့်လူ။ ကျော်ကြားတဲ့ လူတွေရဲ့ နောက်မှာ အလွန်တော်တဲ့ အိမ်ရှင်မရှိတယ်တဲ့။ ဟဲဟဲဟဲ
    ReplyDelete
  19. ကို လကလေး...
    ဆက်လုပ်ဆိုပဲ... ရဲဘော် ဆက်လုပ်ပေါ့။ အဟ...
    တောင်ငူရေ...
    ခုနစ်ဂဏန်းလေးက ကျွန်တော့်အတွက် အမြဲကို လေးနက်ပါတယ်။ ဒါပေမယ့် အလုပ်ကောင်းရင် ကံကောင်းမှာပါဗျာ။
    အိတာရေ...
    ကျွေးပါတယ်... စားချင်တာ စားပါ။
    အိပ်ရေးကတော့ ၀ချင်ပါတယ် ဗျို့။
    ကိုဒေါင်းညင်သာရေ...
    ကွန်းမန့်ခဲတစ်လုံးနဲ့ ငှက် ၂ ကောင် ပစ်သလိုပဲဗျာ။ ကျွန်တော်က မကျော်ကြားဘူး ဆိုတော့ ကျွန်တော့် နောက်မှာ အလွန်တော်တဲ့ မိန်းမ မရှိဘူး ဆိုတဲ့ သဘောပဲပေါ့ဗျာ။ မိန်းမလည်း မရှိသလို ကျန်တာလဲ မရှိပါဘူးဗျာ။ အဟက်... တော်ကြာ အထင်ကြီးနေမှာ စိုးလို့ပါဗျ။
    ReplyDelete
  20. happy birthday July ! I love you. :rm:
    ReplyDelete