Saturday, June 6, 2009

Match making

ငယ်ငယ်တုန်းက တက်ခဲ့တဲ့ အလယ်တန်းကျောင်းဘေးမှာ အစိုးရသစ်စက်ဝင်းကြီးရှိတယ်။ သစ်စက်ဝင်းရဲ့ အနောက်ထဲမှာ ၀န်ထမ်းတန်းလျားကြီး ရှိတယ်။ အဲဒီဝန်ထမ်းတန်းလျားမှာ ကျောင်းက သူငယ်ချင်းတွေ ရှိကြတော့ မကြာခဏ ရောက်ဖြစ်တယ်။ သစ်စက်ဝင်း ၀င်ပေါက်က လူတကာ ပေးမ၀င်ဘူး။ အဲဒီတော့ တန်းလျားထဲကို သွားချင်ရင် ရထားလမ်းဘေး လူသွားလမ်းကနေ သွားရတယ်။ ရထားလမ်းဆိုတဲ့အတိုင်း ကျူးကျော်တဲတွေ အများကြီး ရှိသလို ၀က်တွေလည်း ခြံခတ်ပြီး မွေးထားကြတယ်။

တစ်ရက်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီ အသွား လမ်းတ၀က်မှာ ၀က်သိုးကြီးတစ်ကောင်ကို ဂါလီပေါ်မှာ တင်လာတာ တွေ့ရတယ်။ ဂါလီဆိုတာ ဆိုက်ကားလိုပဲ။ ဒါပေမယ့် လူစီးဖို့ မဟုတ်ဘူး။ ပစ္စည်းတင်ဖို့ပါ။ ၀က်ပိုင်ရှင်ကလည်း ဂါလီဘေးကနေ လိုက်လာတယ်။ ရထားလမ်းဘေးက လူသွားလမ်းလေးကို ဂါလီကြီး တွန်းဝင်လာတော့ လူတွေတောင် သွားရလာရ ခက်ကုန်တယ်။ ဂါလီပေါ်က ၀က်သိုးကလည်း ငြိမ်ငြိမ်မနေတော့ ဂါလီလည်း ယိမ်းထိုးနေတာပါပဲ။ ၀က်ခြံတစ်ခု အရှေ့ရောက်တော့ ဂါလီ ရပ်သွားတယ်။ အဲဒီခြံထဲမှာက ၀က်မတစ်ကောင် ရှိနေတယ်။ လူတွေက ၀က်သိုးကြီးကို မနိုင်မနင်းဝိုင်းပြီး မကြတယ်။ ပြီးတော့ ၀က်မခြံထဲ ထည့်လိုက်တယ်။ အဲဒီလို ၀က်မင်္ဂလာဆောင် လုပ်ပြီးတော့ ၀က်ကလေးတွေ မွေးလာရင် ၀က်သိုးပိုင်ရှင်လည်း အချိုးကျ ဝေစုရတယ် ဆိုပဲ။

ဟိုတလောက အမေရိကားမှာနေတဲ့ အစ်ကိုတစ်ယောက် ရန်ကုန်ပြန်ပြီး ဇနီးလောင်း ရှာတယ်။ ထုံးစံအတိုင်း နီးရာနီးရာ စပ်ကြဟပ်ကြပေါ့။ ညီဖြစ်တဲ့ ကျွန်တော့်ဆီကိုလည်း အကူအညီ လှမ်းတောင်းလို့ ၀ိုင်တီယူက သူငယ်ချင်းတစ်ယောက်ရဲ့ ညီမနဲ့တောင် ချိတ်ပေးလိုက်သေးတယ်။ ဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တောင်း၊ ဟိုဘက်ရော ဒီဘက်ရော အီးမေးလ်တွေ ပို့ပေး၊ ကြားထဲက ငထွားခါးနာရပြီး အလုပ်တွေတောင် များကုန်တယ်။ အားလုံး အိုခေပြီ ဆိုတော့ ကိုယ်တော်က ရန်ကုန်ဆင်းပြီး လာကြည့်တယ်။ သူလည်း သဘောကျတယ်တဲ့။ ဒါပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ပါလေရော။ အမေရိကားမှာနေတဲ့ သူ့အဖိုးက ကန့်ကွယ်တယ်တဲ့။ မိန်းခလေးက ခွေးနှစ်ဖွားဖြစ်လို့ မကြိုက်ဘူးတဲ့။ အဖိုးကြီးရဲ့ ချွေးမတစ်ယောက်လည်း ခွေးနှစ်ဖွားပဲ။ အဲဒီချွေးမက ရန်လိုပြီး ဟောင်ဖွာဖွာ လုပ်တတ်လို့ ခွေးနှစ်ဖွား မယူရဘူးဆိုပြီး ဖုန်းဆက် တားပါလေရော။ အဲဒါနဲ့ အဲဒီဇာတ်လမ်းလေး ပလုံသွားတယ်။

အဲဒီဇာတ်လမ်း ပလုံသွားတော့ နောက်ထပ် ဇာတ်လမ်းတစ်ခုကို အမျိုးတွေက စီစဉ်ပေးကြတယ်။ ရန်ကုန်က ဟိုတယ်ပိုင်ရှင်တစ်ယောက်ရဲ့ သမီးနဲ့ ချိတ်ပေးတယ်။ ဟိုတယ်ကို သွား၊ ညစာတွေ စား၊ စကားတွေ ပြော၊ အိုခေ စိုပြေလို့။ မိန်းခလေးကလည်း ချောပါတယ်။ ပညာတတ်လည်း ဖြစ်တယ်။ ထုံးစံအတိုင်း ဘုံကျောင်းမှာ စာသွားချတော့ အဲဒီတစ်ယောက်ကို ယူရင် မိသားစုထဲက အသက်ကြီးကြီး ခြေနှစ်ချောင်း ထွက်ပါမယ်ဆိုလို့ တပ်ခေါက်သွားရတယ်။ အသက် ၈၀ ကျော် သူ့အဖိုး သေမှာစိုးလို့ မယူရဲတော့ဘူးတဲ့။ ဒီမိန်းခလေးကို မယူပဲ တခြားတစ်ယောက်နဲ့ ယူလည်း အသက်ကြီးကြီး ခြေနှစ်ချောင်းက ထွက်ချိန်တန်ရင် ထွက်မှာပဲလေ။ ဘာတွေ အယူသီးနေကြလည်း မသိဘူး။

ကျွန်တော် ရန်ကုန်ကို ဖေဖော်ဝါရီလ ပြန်တုန်းက အိမ်မှာလည်း မာမားနဲ့ စကားစပ်မိရင်း ဓမ္မာသောက အင်းဝရာဇာအကြောင်း ငြင်းကြသေးတယ်။ အိမ်ထောင်ဘက် မဖြစ်ရဘူးဆိုတဲ့ မွေးရက်တွေ အကြောင်းပေါ့။ ကျွန်တော်က အယုံအကြည် မရှိကြောင်း အဆို တင်သွင်းတော့ မာမားက သိပ်သဘောကျပုံ မရဘူး။ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ဆိုပြီး ပြောနေသေးတယ်။ ကျွန်တော်လည်း ချက်ကျလက်ကျ ဖြေရှင်းချက် မထုတ်နိုင်သေးတော့ ဆက်ငြင်းမနေတော့ဘူး။ ရန်ကုန်မှာရှိတုန်းက လမ်းမတော်ဘက်ကို ရောက်သွားရင်း သရက်တောကျောင်းတိုက်ဘက် သွားလိုက်တယ်။ အဲဒီကျောင်းတွေမှာ ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ပါး သီတင်းသုံးနေပါတယ်။ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာ ပါမောက္ခ၊ ဌာနမှူးပါ။ အဲဒီတက္ကသိုလ်က မရမ်းကုန်း စွယ်တော်ဘုရားနားမှာ ရှိပါတယ်။

ဆရာတော်ကို ဦးချကန့်တော့ပြီး စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတဲ့ ဓမ္မာသောက အင်းဝရာဇာ အကြောင်းကို မေးလျှောက်လိုက်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အိမ်ထောင်ဘက်ကို ဘယ်လို ရွေးရမလဲပေါ့။ ဆရာတော်က မိန့်တော်မူတယ်။ အိမ်ထောင်ဘက် ပါရမီဖြည့်ဘက်ဆိုတာ အတော်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မပါပါဘူးတဲ့။ ပါရမီဖြည့်ဘက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာက... သမ္မာသတ္တ၊ သမ္မာစိတ္တ၊ သမ္မာသီလ ဆိုပြီး အကြောင်းအရာ ၃ မျိုးနဲ့ ပြည့်စုံရမယ်တဲ့။

သမ္မာသတ္တ = တူညီသော ယုံကြည်မှု ရှိရမယ်...
သမ္မာစိတ္တ = တူညီသော စိတ်နှလုံး ရှိရမယ်...
သမ္မာသီလ = တူညီသော အကျင့်ဖြူစင်မှု ရှိရမယ်... အဲဒီ ၃ မျိုး တူညီပြည့်စုံရင် ပါရမီဖြည့်ဘက် ဖြစ်ပြီတဲ့။

လောကမှာ လင်မယား ၄ မျိုးရှိတယ်ဆိုတာကိုလည်း ဆရာတော်က ဟောသေးတယ်။
နတ်သားနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
နတ်သားနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
နတ်သားနဲ့ တူသော လင်ဆိုတာ လင့်ဝတ္တရားတွေ ကျေပွန်ပြီး မယားအပေါ်မှာ စောင့်ရှောက် ဖေးမ ကြင်နာတဲ့ ယောကျာ်းကို ဆိုလိုတာပါ။ နတ်သမီးနဲ့တူသော မယားဆိုတာ မယားဝတ္တရားတွေ ကျေပွန်ပြီး ခင်ပွန်းအပေါ်မှာ ချစ်ခင် ကြင်နာ ဖြည့်ဆည်းပေးတဲ့ မိန်းမကို ဆိုလိုတာပါ။ လူသေဆိုတာကတော့ လူသေကောင်လိုပဲ ချစ်ခင် ကြင်နာမှုတွေ မရှိ၊ ဘာတစ်ခုမှ မလုပ်ချင် မကိုင်ချင်၊ အပျင်းတွေ တစ်ပြီး ၀တ္တရားတွေ လစ်ဟင်းနေတာမျိုးပါ။ ဒါကြောင့် လူသေလင်မယားမျိုး မဖြစ်စေပဲ နတ်သားနတ်သမီး လင်မယားမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် အားထုတ်ရင်လည်း အိမ်ထောင်ဘက်ကောင်းတွေ ဖြစ်ကြမှာပါပဲတဲ့။

ဆရာတော် ဟောပြလိုက်တော့လည်း အိမ်ထောင်ဘက်ရွေးတဲ့ကိစ္စ ရှင်းသွားတာပဲ။ မှုန်ဝါးဝါး မြင်ကွင်းတွေ ကြည်လင်သွားတယ်။ မာတာမိခင်ကို ပြေလည်ချေပ လမ်းပြဖို့ စကားအနှစ်တွေ ရလိုက်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဓမ္မာသောက အင်းဝရာဇာ အယူက ကျွန်တော့်ဘ၀မှာ သပွတ်အူလို လာရှုပ်နေနိုင်တယ်။ နေ့မတည့် နံမတည့်ဆိုတာကြီးကြောင့် ချစ်ရဲ့နဲ့ဝေးခဲ့ရတဲ့ ချစ်သူတွေ ဘယ်လောက်များ ရှိကုန်ပြီလဲ။ တချို့အယူအဆတွေဟာ သေသေချာချာ ဂဃနဏ မသိပဲ လေသံကြား ဖမ်းတရားနာနေကြတာပါ။ အဲဒီတော့ ဘေးထွက်ဆိုးကျိုးတွေကို ခံရတာပေါ့။ ကျွန်တော့်အလှည့်မှာတော့ အဲဒါကြောင့် ဝေးရတယ် ဆိုတာမျိုး လုံးဝ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် အခုကတည်းက သေချာရှင်းလင်းအောင် မေးမြန်းထားတာပေါ့ကွယ်။

လောလောဆယ်တော့ အမေရိကားက အစ်ကို မြန်မာပြည်ပြန်ပြီး မိန်းမရှာနေရတာကို မြင်တော့ ကျွန်တော့် မျက်စိထဲမှာ ၀က်သိုးကြီးကို ပိုတော်တယ်လို့ မြင်မိလာတယ်။ အစ်ကိုခင်မျာ... ၀က်ပျိုမတွေ ရှိတဲ့ခြံတွေကို ဂါလီကြီးစီးပြီး သွားနေရပေမယ့် ရည်မှန်းချက် မရောက်ရှာဘူး။ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ ၀က်သိုးကြီးနဲ့ ယှဉ်လိုက်ရင် သူက ညံ့နေသလားပဲဗျာ။ အဖြေက ရှင်းရှင်းလေးပါ။ ၀က်တွေက အယူမသီးဘူးလေ။

43 comments:

  1. Match making ဆိုတာမြင်တာနဲ့ ဒုန်းပြေးလာတာ။ ကယ်ပါဦးဆရာဂျူလိုင်ရယ်။
    ကျွန်တော်လဲ တရုတ်မလေးတစ်ယောက်ကို ကြိုက်မိတာ ငါးပါးမှောက်နေလို့။
    အီး ဟီး...

    ReplyDelete
  2. ဗျာ... ကျွန်တော်လည်း မကယ်နိုင်ဘူး ခင်ဗျ။ ကျွန်တော်လည်း တရုတ်မလေးပဲ ကြိုက်တာ ခင်ဗျ။ ကျွန်တော်က ငါးပါးတင် မကဘူး ၁၈၁၈ လည်း မှောက်တယ်။ ဘောနပ်စ်လည်း မှောက်တယ်။ အိမ်မှာ အပေါဆုံးက ဖုန်းကဒ်တွေ ဖြစ်နေပြီဗျာ။

    ReplyDelete
  3. ရော် ဟိုက သူ့ကယ်ခိုင်းတာ သူကပါရောပြီး ညည်းပြနေတယ်.. အင်း ကြွားတာလည်း ဖြစ်နိုင်ပါတယ်လေ.. သူက ဂါလီစီးတဲ့ ဝက်သိုးမဟုတ်ကြောင်း.. ဒါနဲ့ စကားပုံပြောင်းဦးမှ..
    ဝက်သိုး ကြိုးပြတ်ဆိုပြီး ;P :D

    ReplyDelete
  4. ပြီးခဲ့တဲ့ post မှာ 2010 မျှော်တယ်ဆိုတာက ဒီကိစ္စနဲ့များ ဆိုင်နေလေမလား။

    ခုတလော post တွေ ဖတ်ပြီးရင် သီချင်းတွေ ခေါင်းထဲရောက်ရောက်နေတယ်။
    ကို july ရေးတာ ဖတ်ပြီး ဗဒင် သီချင်းတောင် သတိရလိုက်သေး။ "တို့နှစ်ယောက်ထက်ပဲ ဗေဒင်ဆရာဟာ ပိုသိနိုင်မလား" ဆိုတာ။ ဒီအတိုင်းသာ ဆင်းသွားလိုက်ပါ ကို july ရယ်။

    ကျွန်မက မျောက် နှစ်ဖွား။ ဆိုတော့ ဒီ post ထဲက အဖိုးလိုဆို ဒီကောင်မလေး ငြိမ်ငြိမ်နေမှာမဟုတ်ဘူး ဆိုပြီး ပယ်ခံရနိုင်တယ်
    :(

    ReplyDelete
  5. တို့က ဓမ္မာသောက အင်းဝရာဇာ ထဲကနဲ့ယူပါတယ။် အဆင်ပြေလိုက်သမှ ပြေပါတယ။် ယူတုံးကတော့ခပ်ကြောက်ကြောက်ဘဲ. .ယူချင်တာနဲ့ယူလိုက်တယ်။ ကိုယ်က ယူချင်တာကိုး။ ဘာမှပြသာနာမရှိပါဘူး.

    ReplyDelete
  6. အရူးအမဲသားကျွေးမိ (ဟမ်)

    ReplyDelete
  7. တော်တော် ပေါက်ပေါက်ရှာရှာတွေးတယ်.....
    အဲဒီအမျိုးအကိုရော ဘာနှစ်ဖွားလဲ ပြောပြ... တို့မှာလဲ တူမတွေ ရှိနေတယ် ဟဟ
    မခင်ဦးမေ အရမ်းမပြောနဲ့လေ...
    ကလေးတွေ အတုယူမှားနေမယ် ... သူတို့လဲ အရူးအမဲသားစားမိ (ဟမ်းးးး)

    ReplyDelete
  8. ကိုဇူလိုင်ရေ..

    အယူမသီးဘူးဆိုလည်း ယူတော့ဗျာ..


    ခင်မင်စွာဖြင့်
    သီဟသစ်

    လူပျိုကြီးတွေ လွတ်လွတ်လပ်လပ်နေနေတာကို မနာလိုသူ :D

    ReplyDelete
  9. ကျနော်ကတော့သံဃာစင်ပါမှောက်ခဲ့ရပါကြောင်း :P

    ReplyDelete
  10. Yeah! that is the rule of chinese family. I am facing this problem :(

    ReplyDelete
  11. နတ်သားနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
    လူသေနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
    လူသေနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
    နတ်သားနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား

    0 & 0 = 0
    0 & 1 = 0
    1 & 0 = 0
    1 & 1 = 1
    just revising old-time lesson. :D

    ReplyDelete
  12. ဗေဒင်ဆရာကို တိုင်ပင်ပါ။ ဗေဒင်ကို ဗေဒင်နဲ့ ပြန်တိုက်ပါ။ ကောင်းကွက်ဆိုတာ ရှာရင် ရပါတယ်။ ဗေဒင်ဆရာကို လိုချင်တာ ကိုယ့်ဖက် ဆွဲဟောခိုင်းလို့ ရပါတယ်။

    ReplyDelete
  13. hi 5! အစ်ကို 100% Agree! ;)

    ReplyDelete
  14. ဒီပိုစ့်လေးကို ကော်ပီကူးပြီးသိမ်းထားတယ်။ကိုယ်တိုင်လည်း သုံးလုံးရ သူများကိုလည်း ဖောလိုရ အဲ ရှင်းပြလို့ရအောင်လို့ပါ...
    ကျေးဇူး...။

    ReplyDelete
  15. ကို ဂျုလိုင် ရေ
    ဒါဆို မေလေး ကတော့ နတ်သမီးနဲ့ တူသော မယား ဖြစ်နိုင်တာပေါ့ (ကြုံကြွား) ချစ်သူက ကြည်နူးရိပ်မှာ လာနေရင် ပြောပါတယ်...
    တရုတ်မလေးကို ကြိုက်တာ ဘာလို့ ငါးပါးမှောက်တာ လဲ မေလေးလဲ တရုတ်မ စစ်စစ် နော် ရေတောင် မရောဘူး
    မြန်မာပြည် က တရုတ်မလေးတွေက စိတ်ထားနူးညံပါတယ်နော်
    ခင်တဲ့
    မေလေး

    ReplyDelete
  16. ဘယ်လိုပဲရှာရှာ
    ဘာပဲလုပ်လုပ်
    ဖူးစာပါမှညားကျတာပဲမဟုတ်လား..
    ကံထားရာနေ
    ကံစေရာသွားပြီး
    ကံပေးစားတဲ့ မိန်းမပဲစောင့်ယူတော့မယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  17. ဗေဒင်ဆိုတာက မမှန်၊ မှန် ဆိုတာ တိုက်ဆိုင်တဲ့အချိန်မှ သိတတ်တယ်။
    တိုင်ဆိုင်မှု မရှိရင် မမှန်ဘူးပဲ။

    ဖတ်လို့ကောင်းတယ်ဗျာ။

    ReplyDelete
  18. ဘောင် ဆိုတာပေါ့ဗျာ။ ကိုယ့်ဘာသာ ချုပ်တဲ့ အကျဉ်းထောင်ပါ။

    ReplyDelete
  19. မင့် တရုတ်မလေး က ဘာနှစ်ဖွားတုန်း..း)
    ဘာနေ့သမီးတုန်း..း)

    ReplyDelete
  20. အမှန်ပဲ၊ အခုခေတ်မှာတော့ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး။ ခွေးနှစ်ဆိုတာနဲ့ မယူရဲဘူးဆိုတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ အရေးကြီးတဲ့ အရာကို သူတို့ မေ့များ သွားသလား။
    ကိုဂျူလိုင်ကတော့ အမေကဖြင့် မကန့်ကွက်ရသေး၊ ဘုန်းကြီး ပြေးမေးထားပြီဆိုတဲ့ အပေါက်ပဲ။ အမတို့လဲ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ ဗေဒင်တွေ ဘာတွေ ဘာမှကို မမေးဘူး အေးရော။ ကိုယ့် စိတ်ချမ်းသာမှုကို သူတို့က ကိုယ့်ထက် ပိုသိနိုင်မှာမို့လို့လားလေ။

    ReplyDelete
  21. ကိုဂျူလိုင်လည်း နတ်သမီးနဲ့တူသော . . . အမျိုးသမီးနဲ့ မြန်မြန်အဆင်ပြေပါစေရှင်

    ReplyDelete
  22. ဟားဟား ဝက်လောကကို roll မြှင့်ပေးတဲ့ ကိုဂျူလိုင်ပဲ
    ဒီပို့စ်ကို အကိုဝမ်းကွဲဖတ်မိရင် ဘယ်လိုလုပ်မလဲ

    ReplyDelete
  23. တယ်လဲ အမြော်အမြင်တွေကြီးနေပါလား။ ကြိုကန်လို့ရအောင် ခုထဲက အချက်အလက်တွေ ရှာနေတယ်ပေါ့။ ခွိခွိ

    ReplyDelete
  24. ကိုဂျူလိုင်ရေ.. ကျမတို့က လင်မယားက အင်းဝ ပဲ... သူများတွေကပြောကြတယ်.. တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးယူရင် အုန်းတောင်မနွေးဘူးတဲ့ .. အယူအဆမရှိလို့ ယူလိုက်တာပဲ ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အခုဆို သမီးနှစ်ယောက်တောင် တော်တော်ကြီးနေပါပြီ... ဆရာတော်ပြောတာအမှန်တရားပါပဲ... တယောက်နဲ့တယောက် နားလည်မှုက အဓိကပဲလေ..

    ReplyDelete
  25. အိမ်မှာ အပေါဆုံးက ဖုန်းကဒ်တဲ့။

    ReplyDelete
  26. သာမီးတို့ကတော့ ဒီလိုပဲ ဗေဒင် နေ့နံမမေးပဲ ယူပစ်လိုက်တာပဲ....။

    ReplyDelete
  27. ထိုင်းမှာလည်း ဟိုနိုင်ငံက မြန်မာမစွံကြီးတွေ လာလာရှာကြတယ် ပါပါသွားကြတာတွေရှိတယ် နောက် မြန်မာပြည်က မိဘတွေ လာပို့ပေးတာလဲ ရှိတယ်တဲ့ ရယ်ရတယ်နော်

    ReplyDelete
  28. ခုမှ ခုမှ အယူမသီးနဲ့လေးဘာလေးနဲ့...
    အရင်ကသာ အခုလို အသိလေး စောစောရခဲ့ရင် ချိန်သီး၊ ပေပင် ဘ၀က လွတ်လောက်ရောပေါ့ကွယ်...
    မင့် မာမား ပြောစကားနားထောင် ကောင်လေး၊ မမှားဘူးပေါ့ကွယ်... ငှက် ငှက်...

    ReplyDelete
  29. အဲဒီလင်္ကာလေးဟာ ဗေဒင်ကိန်းခန်းမှာ အသုံးပြုတဲ့ ဌာနပမာဏရန် တနည်းအားဖြင့် ခိုင်မြဲရှည်ကြာသော၊ အင်အားပြင်းထန်သော ရန်တွဲတွေကို စပ်ဆိုထားတဲ့ လင်္ကာသာ ဖြစ်ပါတယ်။ အိမ်ထောင်ဖက်ရွေးဖို့ သုံးတယ်ဆိုတာ ဗေဒင်ပညာကို ရှေးထုံးစဉ်လာနဲ့၊ ရောထွေးယူဆသွားတဲ့အတွက်သာ ဖြစ်ပါတယ်ခင်ဗျာ။ ဥပမာ ကျနော်တို့ မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ်မှာ၊ နောက်.. ဆန်းကျမ်းဗေဒင်မှာ အဲဒီရန်တွဲတွေ အင်းဝဆိုပါတော့။ အဲဒီ အင်းဝ ၁-၄ အတွဲဟာ နိစ်၊ ပြဌာနဆိုးတွေမှာ ရပ်တည်လာတဲ့အခါ ရန်များတာ၊ အတိုက်အခံပြုတာ၊ အင်အားကြီးမားတဲ့ရန်နဲ့ ရင်ဆိုင်ရတာတွေ ကြုံလာရတတ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီလင်္ကာလေးဟာ အိမ်ထောင်ဖက်ရွေးတာနဲ့ တိုက်ရိုက်မပက်သက်တဲ့အပြင်၊ ဒီလင်္ကာတစ်ခုကိုပဲ နူတ်ထဲစွဲပြီး၊ မတည့်ဘူး။ မယူနဲ့။ ဝေးဝေးရှောင်။ .. လို့ ဆိုခဲ့ရင် ဒါသာ လုံးဝအခြေအမြစ်မရှိတဲ့ အယူအဆသာ ဖြစ်ပါတယ်။ နောက်ပြီး ဗေဒင်ပညာမှာ ဥစ္စာလို ရန်ဂြိုဟ်ရှာဆိုတဲ့ ဓာတ်ရိုက်ဓာတ်ဆင် ပညာခန်းလေးတစ်ခုလဲ ရှိပါတယ်။ ဒီတော့ အဲဒီ ဓမာ၊ သောက၊ အင်းဝ၊ ရာဇာ မတည့်ဘူး လို့ လာပြောခဲ့ရင်.. ကိုဂျူလိုင်ရေ။ ကျနော်ပြောသလို စီးပွား ဥစ္စာတွေ ဖြစ်ထွန်းအောင် ရန်ဂြိုဟ်ရှာတဲ့အနေနဲ့ ရန်နံကျနေတဲ့ ချစ်သူလေးကို တစ်သက်စာ လက်တွဲမယ်နော်။ လို့သာ ပြန်ရှင်းပြလိုက်ပါတော့ဗျာ။ အော်.. အဲဒီလင်္ကာလေးအပေါ် ပုံသေစွဲလို့ မရဘူးလို့ ရှင်းပြလိုက်တာနဲ့ ဗေဒင်ပညာအားလုံးဟာ အာပလာလို့လည်း မယူလိုက်ပါနဲ့ဦးနော်။ တကယ်တမ်း အိမ်ထောင်ဖက်ရွေးမယ်ဆိုရင် ဟိန္ဒူနက္ခတ်ပညာမှာ စည်းကမ်းချက်ပေါင်း ၁၂ ချက်တောင်မှ ရှိပါတယ်တဲ့။ ဒါကတော့ ဇာတာချင်းတိုက်ဆိုင်တဲ့ နက်ရှိုင်းတဲ့ ပညာရပ်တစ်ခု ဖြစ်တဲ့အတွက် နောင်မှ အသေးစိတ်ပြောဖြစ်ပါတော့မယ်။ လောလောဆယ်တော့ မြန်မာတွေ နူတ်စွဲနေတဲ့ လင်္ကာတော်တော်များများဟာ အပေါ်ယံအထင်အမြင်တွေနဲ့ လားလားမှ မဆိုင်ဘဲ နက်နဲတဲ့ပညာတွေရဲ့ လမ်းစတွေကို မျက်စပစ်ထားခြင်းသာ ဖြစ်ပါကြောင်းးးး။

    ReplyDelete
  30. ကိုဂျူလိုင်ရ ကြည့်လုပ်နော်
    မရီတာတော့ ချိန်နေပြီ :P

    ReplyDelete
  31. ဟိုက်..... ကိုဂျူလိုင်ပြောမှ ဝက်ဖြစ်ချင်လာပြီ။
    ကဲလာထား..... ကျွန်တော်လဲ အယူမသီးတဲ့ဝက်..... :P

    ReplyDelete
  32. သဘောကျမိတဲ့အကို..တော်လိုက်တာ

    ReplyDelete
  33. ထောက်ခံပါတယ်
    ထောက်ခံပါတယ်
    ထောက်ခံပါတယ်

    ReplyDelete
  34. ၁၈၁၈ ကဒ်တွေပုံနေတယ်ဆိုပဲ ..ကဒ်နဲ့ တခုခုလဲလို့၇ခဲ့ရင် ညီမကိုလည်းပြောပါ ညီမဆီမှာလည်း၁၈၁၈ ကဒ်တွေအများကြီးရယ် .. ဗေဒင်နဲ့အမေ ပြောတာသာနားထောင်ရရင် လုံးဝသေချာပါတယ် အပျိုကြီးဖြစ်ပြီ :)

    ReplyDelete
  35. ကောင်းတယ်ဗျာ..အစ်ကို...း)..ဒါနဲ့ အစ်ကိုကော ၀က်သိုးကြီးထက် သာပြီလား.. ဟီးဟီး.....

    ReplyDelete
  36. သြော် ... မယူချင်တဲ့လူတွေ အကြောင်းရှာလို့ရအောင် ထားထားစမ်းပါဦး။ အသေမတိုက်ဖျက်လိုက်ကြပါနဲ့။

    ReplyDelete
  37. ၀က်တွေကတော့ အယူမသီးဘူးလေ။
    ကိုဂျူလှိုင်လည်း အယူမသီးဘူးထင်ပါတယ်။
    ပေးမယ် ပြောထားတာလေး လာပို့ တယ်နော်။
    စိတ်ကူးလေးနဲ့ မှန်းကြည့်
    လူရှိန်မှာတော့ သေချာတယ်။

    ReplyDelete
  38. တစ်တစ်ခွခွကြီးကို ဥပမာပေးလိုက်တယ်ပေါ့..။
    ကောင်းပါ့ဗျာ.. ဟုတ်တယ်ဗျ အထူးသဖြင့် မြန်မာတွေ အရမ်းအယူသီးတတ်ကြတယ် ခေတ်နောက်ကျတာလဲ ပါချင်ပါမှာပေါ့၊ ခုခေတလူငယ်တွေကတော့.... အင်း ..ခေတ်မှီ
    တယ်ပေါ့ဗျာ... တချို့ဆို လွန်တောင်လွန်နေကြတာဗျ...။

    ReplyDelete
  39. ဒိုင်ယာရီတစ်ယောက် ၀က်မဟုတ်မချင်းတော့
    :)
    အင်း
    ဘာပြောရမှန်းတောင်မသိတော့ဘူး...
    အကိုရော အဟီးးးး

    ReplyDelete
  40. ဟဟားးး
    မီးမီးတို့ကလည်း ကြိုက်ပြီဆိုမှတော့ ဗေဒင်မမေးပဲယူ
    လိုက်တာပဲ.. မလိုဘူးလားလို့..း)))

    ReplyDelete
  41. ဓမ္မ သောကလည်း မယုံကြည်ခဲ့ပါဘူး..
    နားလည်ခြင်းနဲ့စာနာ ညှာတာခြင်းကိုပဲ ယုံကြည်ခဲ့တာ..
    ဗေဒင်တောင်မမေးခဲ့ဘူး ယူခဲ့တား)
    မှန်နေပါရောလား

    ReplyDelete
  42. ဗေဒင်သာယုံနေရရင်တော့... ပြောမပြောချင်တော့ပါဘူး.... :(

    ReplyDelete
  43. တွေးတတ်လိုက်တာနော် . ဘာပဲပြောပြောဖတ်လို့ကောင်းပါတယ်

    ReplyDelete