Saturday, March 26, 2016

The preference

လူတကိုယ် အကြိုက်တမျိုးစီပဲ။ ကိုယ်ကတော့ ကာတွန်းကားတွေ ကြိုက်တယ်။ ဒါကြောင့် ကာတွန်းကားအသစ်တွေ ထွက်ရင် ဘာကားအသစ်ထွက်သလဲ ဆိုတာ သိတယ်။ သိအောင်လည်း ကြိုးစားအားထုတ်မှု အထိုက်အလျှောက် ရှိရတာပေါ့။

ကုလားကားကိုတော့ စင်္ကာပူမှာ ကုလားလိုင်းက စနေ တနင်္ဂနွေမှာ ပြတော့ ကြည့်ဖြစ်တယ်။ သို့ပေမယ့်လည်း ကုလားကား ဘာကားအသစ်တွေ ထွက်သလဲ ဆိုတာတော့ မသိဘူး။ ရုပ်သံလိုင်းက ပြတာပဲ ကြည့်တာကိုး။ တကူးတက အသစ်တွေ လိုက်ရှာပြီး ကြည့်မနေဖြစ်ဘူး။
ဒီလိုပဲ တခြား ဘာရုပ်ရှင်ကားသစ်တွေ ထွက်သလဲ လာမမေးနဲ့။ တကယ်ကို မသိဘူး။ မြန်မာကားလည်း မကြည့်ဘူး။ တရုတ်ကား ဂျပန်ကား ကိုရီးယားကားတွေလည်း မသိဘူး။ အက်ရှင်တွေ ဒရမ်မာတွေ သရဲကားတွေ ဘာတခုမှ လာမမေးနဲ့ တကယ်ကို မသိဘူး။ သိအောင်လည်း မကြိုးစားထားဘူး။

ကျွန်တော်နဲ့ ဆန့်ကျင်ဘက် ပြောင်းပြန် လူတွေလည်း ရှိနေနိုင်တယ်။ ကာတွန်းကားက လွဲလို့ ကျန်တဲ့ကား အကုန်ကြည့်တယ်။ ကာတွန်းကားအကြောင်း ပြောရင် ဘာတခုမှ မသိတဲ့ သူမျိုးပေါ့။ သူတို့အတွက် ကာတွန်းကားက ဆက်သွယ်မှုပြင်ပဧရိယာပဲ။

ပြောချင်တာက... လူတဦးဆီမှာ အကြိုက်မတူသလို တန်ဖိုးထားချက်လည်း မတူဘူး။ တချို့အတွက် ရိုးသားမှုက တန်ဖိုးကြီးတယ်။ တချို့အတွက် ပညာအရည်အချင်းက အရေးကြီးတယ်။ တချို့အတွက် လူရည်လည်မှု လည်လည်ပတ်ပတ် ရှိမှုက အရေးကြီးတယ်။ တချို့အတွက် ဂုဏ်ဓနက အရေးကြီးတယ်။ တချို့အတွက်က အပြောအဆို ကောင်းတာမျိုးက အရေးကြီးတယ်။

ကြက်ခြေနီအမှတ်အသား အလွဲသုံးစား လုပ်မှုကို မြင်တဲ့အခါ ကိုယ်တွေက သဲသဲလှုပ် အသံတွေ ထွက်နေချိန်မှာ ကျန်တဲ့သူတွေက နေစိမ့်နေကြတယ်။ တခြားသူတွေ အာဆင်နယ် မန်ယူ လီဗာပူး ချယ်ဆီး ဆိုပြီး ဘောလုံးနဲ့ ပတ်သက်ပြီး နောင်ဂျိန်ချနေချိန်မှာ ကိုယ်ကတော့ အေးဆေးပါပဲ။ သူများတွေက အမှိုက်ကောက်နေတဲ့အချိန် ကိုယ်တွေက သွေးလှူရှင်စုဆောင်းရေးကို အဓိကထား အာရုံစိုက်ထားတယ်။ ဆိုလိုချင်တာက အာရုံစိုက်မှု ဂရုပြုမှုက လူတိုင်းမှာ တပြေးညီတည်း မရှိနိုင်ဘူး။

လောလောဆယ်တော့ ရွေးချယ်ခံ ဝန်ကြီး ၂ ပါးရဲ့ ဒေါက်တာဘွဲ့အတုနဲ့ ပတ်သက်ပြီး အသံတွေ ထွက်ကြတယ်။ သူငယ်ချင်းတွေထဲမှာလည်း အသံတွေ ဆူဆူညံညံ ထွက်ကြတယ်။ ရိုးသားမှုနဲ့ တိုင်းကြတယ်။ အတုမှန်း မသိရအောင် အလိမ်ခံရတဲ့အထိ ညံ့ကြသလား ဆိုပြီး တိုင်းကြတယ်။ အတုတွေကို မစစ်နိုင်လောက်အောင် စိစစ်ရေးကော်မတီက အားနည်ချက်ရှိရသလားလို့ ဆိုကြတယ်။ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးထားချက်အရ အသံတွေ ထွက်ကြတာကို သဘောပေါက် လက်ခံပါတယ်။

ကိုယ်တွေကတော့ လောလောဆယ်မှာ ပွဲကြည့်ပရိသတ်ပါ။ ဝေဖန်ဖို့ စောသေးတယ်လို့ပဲ မြင်မိတယ်။ အစိုးရအဖွဲ့အသစ်က အလုပ်တွေ ဘာတခုမှ မစရသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ပဲ အားသန်မိတယ်။ လုပ်ဆောင်ချက်တွေနဲ့ တာဝန်ယူမှုတွေဟာ အရင်အစိုးရလိုပဲ ထူးမခြားနားဆိုရင်တော့ အသံတွေ ထွက်ရမှာပေါ့။ အစိုးရအဖွဲ့ကို စောင့်ကြည့်သလို ကိုယ်တွေလည်း ကိုယ့်အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ကြတာပေါ့။

အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူး။ ရောမမြို့ကို တရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် လိုအပ်ချက်တွေအပေါ်မှာ အကောင်းဘက်ကို ဦးတည်တဲ့ ဝေဖန်မှုတွေ ထောက်ပြမှုတွေနဲ့ တိုင်းပြည်ကို အချိန်ယူ ပြန်လည် တည်ဆောက်ကြပါစို့။

Tuesday, March 22, 2016

Rome was not built in One day

အစိုးရအသစ်က မတက်ရသေးခင် အခုကတည်းက ကြိုပြောထားတာ။ ရောမမြို့ကြီးကို ၁ ရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ စုတ်ပြတ်နံဟောင်နေတဲ့ တိုင်းပြည်ကြီးကို နတ်ဘုံနတ်နန်းလိုမျိုး ပြောင်လက်တောက်ပသွားအောင် နေ့ချင်းညချင်း ဟတ်ချလောင်းဆိုပြီး ပြောင်းလဲဖို့ဆိုတာ အိပ်မက်ထဲမှာတောင် မလွယ်လှဘူး။

အဲဒီတော့ အစိုးရသစ်ရဲ့ ပထမနှစ် ဒုတိယနှစ်တွေမှာ အခုချိန်မှာ ရှိနေတဲ့ သောင်းခြောက်ထောင်သော ပြဿနာတွေဟာ အကုန် ပြောင်ရှင်းသွားမှာ မဟုတ်ပဲ ဆက်လက် ရှိနေဦးမှာပါ။ ရန်ကုန်မြို့က လမ်းတွေ ဆက်ပိတ်နေဦးမှာပါပဲ။ နွေရာသီရောက်ရင် ရေလည်း ရှားနေဦးမှာပဲ။ ရာသီဥတုလည်း ပူမြဲ ပူနေဦးမှာပဲ။ မီးတွေလည်း ပျက်နေဦးမှာပဲ။ ဒါပေမယ့် အဲဒီချီးထုပ်တွေ အမှိုက်ထုပ်တွေကို ရှင်းလင်းဖို့ အစိုးရအသစ်ဟာ ပြုပြင်ပြောင်းလဲရေးတွေကိုတော့ လုပ်ဆောင်မယ်လို့ ယုံကြည်ပါတယ်။

ပြောချင်တာက အဲဒီချီးထုပ်တွေ အမှိုက်ထုပ်တွေ အပြောင် မရှင်းရသေးခင်မှာ ချီးပေါက်မယ့် လူတွေကိုပဲ။ အဲဒီ ချီးထုပ်တွေ အမှိုက်ထုပ်တွေဟာ ဘယ်သူ့ဟာတွေလည်း ဆိုတာ ဒင်းတို့တွေ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ အဲဒါတွေကို အမြစ်ဖြတ်ဖို့ အချိန်လိုတယ် ဆိုတာ ဒင်းတို့တွေ သိဖို့ လိုပါတယ်။

ဒါဆို အရင်အစိုးရလက်ထက်တုန်းက မင်းတို့တွေက အပြစ်တွေပဲ ပြောပြီး ဘာလို့ အချိန်မပေးသလဲ... ပြန်မေးရင် သူတို့ နှစ်ပေါင်း ၂၀ ကျော် အချိန်အများကြီး ရခဲ့ပေမယ့် ကောင်းကောင်းကန်းကန်း မလုပ်ပြနိုင်ခဲ့တာကို ပြန်ညွှန်ပြချင်ပါတယ်။