Sunday, November 18, 2007

Who am I?

အခုတလော ဓါတ်ကျသလို TAG ခံနေရပါတယ်။ TAG အကြွေးတွေ ပါတ်လည်ဝိုင်းလျှက် ရှိနေသောသူကို ဘလော့ဂါဟု ခေါ်ပါတယ် ဆိုပြီးတောင် ပြောလို့ရသလိုပဲ။ အခုတော့ မခင်မင်းဇော်က ကျွန်တော် ဘယ်သူလဲ လို့ လှမ်းမေးပါတယ်။ ကြည့်ရတာ ကျွန်တော်ကို မသင်္ကာဘူး ထင်တယ်။ အဟား... အဲဒါကြောင့် နောက်ကြောင်းရှင်းအောင် ကိုယ်ပေါင် ကိုယ်လှန်ထောင်း ရပြီပေါ့ခင်ဗျာ။ သူများတွေ ထောင်းတာထက်စာရင် ကိုယ့်ဘာသာကိုယ် ထောင်းတော့ ဖြေးဖြေးလေး ထောင်းလဲ ရတာပေါ့ဗျ။

ဘယ်လိုပုံမျိုးလဲ ဆိုတော့ ပြောရခက်ကြီးဗျ။ အရင်တုန်းကတော့ ချာလီချက်ပလင်လို နှုတ်ခမ်းမွေးလေးနဲ့။ အခုတော့ ကျူးဘားက ကတ်စထရိုလို မုတ်ဆိတ်မွေးနဲ့။ မျက်နှာက ဆယ်ပြားစေ့လိုမျိုး မျက်နှာမျိုးလဲ မဟုတ်တော့ သမိန်ပေါသွပ်မျက်နှာမျိုး မဖြစ်ပြန်ဘူး။ ဘဲဥလို ၀ိုင်းလား ဆိုတော့လဲ ၀ိုင်းဘူး။ အဲဒီလိုဆိုတာ ကာတွန်းပိုးဇာရဲ့ လူပျိုကြီး မောင်မောင်ဇာလို မျက်နှာရှည်ရှည်ကြီးလား ဆိုတော့လဲ ဟုတ်ပြန်ဘူး။ အဲဒီလိုမျိုးတွေ မဟုတ်တဲ့ ဟိုမရောက် ဒီမရောက် ကြားထဲက မျက်နှာလေးပေါ့။

မျက်ခုံးမွေးက ဇာဂနာလို ဇင်ယော်တောင် မဟုတ်တာတော့ ကျိမ်းသေတယ်။ မျက်ခုံးမွေးထူထူကို နှစ်ဘက်မိဘရဲ့ အဘိုးအဘေးတွေဆီက အမွေဆက်ခံထားရလို့ ထူထူထဲထဲလေး ရထားလိုက်တယ်။ မျက်ခွံနှစ်ဖက်မှာ ငယ်ငယ်တုန်းကတော့ မျက်ရစ်တွေ ပါဘူးခင်ဗျ။ အခု အသက်လေး မဆိုစလောက် ဖြစ်လာတော့ မျက်ရစ်တွေ ပေါ်လာတယ်။ ကြည့်ရတာ ဇရာကြောင့် မျက်ရစ်တွေ ထွက်လာတာလား မသိဘူး။ ခုတော့ အိုပြီလေ။

မျက်လုံးကလား... တောက်ရှုးကြယ်လို ရွှန်းပနေသလား ဆိုတော့ အဲဒီလောက် အရောင်မလက်ဘူး။ သမင်မျက်လုံးလိုလား ဆိုတော့လည်း သမင်နဲ့ ကျွန်တော် တစ်ခါမှ ခေါင်းချင်းပူးပြီး ဓါတ်ပုံရိုက်မထားတော့ တူမတူ ဆိုတာကို တိုက်မကြည့်ဖြစ်လိုက်ဘူး။ ဒါပေမယ့် ကျွန်တော့်မျက်လုံးတွေနဲ့ အသေအချာ စူးစိုက်ကြည့်ရင် သူငယ်ချင်းတွေ ကြက်သီးထကြတယ်တဲ့။ ကြည့်ရတာ အဲဒီအချိန်မှာ ဒီကောင်တွေ သေးပေါက်ချင်လို့ ထင်တယ်။ မျက်မှန်ကို သဘောကျလို့ မျက်မှန် တပ်လေ့ရှိပါတယ်။ မျက်မှန်အောက်က လောကကြီးကို ဘောင်ခတ်ကြည့်နေတဲ့ ကျွန်တော့်မျက်လုံးတွေက အနက်ပြန်ဖို့ ခက်လှပါတယ်။

နှာခေါင်းလား ထုံးစံအတိုင်း ပြားတာပေါ့ဗျာ။ ဒါတောင် မားမားက ငယ်ငယ်တုန်းက နှာခေါင်းကို ခဏခဏ ဆွဲပေးလွန်းလို့ မျက်နှာပေါ်မှာ နှာခေါင်းတင်ကျန်ခဲ့တာပါ။ နှုတ်ခမ်းတွေက နှုတ်ခမ်းနီ ဆိုးစရာမလိုအောင် အမြဲတမ်း နီရဲကြွရွနေပြီး ပုရစ်ဖူးလို လှနေလို့ ကျောင်းကသူငယ်ချင်း မိန်းခလေးတွေကတောင် မနာလိုကြပါဘူး။ မေးစေ့လား... သူများတွေကတော့ နှစ်ခွဗျ။ ကျွန်တော့်ကတော့ အဲဒီလို မဟုတ်ဘူးဗျ။ မေးစေ့ချွန်ချွန်လေးပေါ့။

ဆံပင်ကတော့ ငယ်စဉ်ကတည်းက အမြဲတမ်း ဆီလိမ်းထားလို့ မဲနက်တောင်ပြောင်ပြီး မဟူရာကျောက် အရောင်လို ဖြစ်နေပါတယ်။ ဆံပင်တွေက တွန့်လိမ်ကောက်ကွေးခြင်း အလျင်းမရှိဘဲ ဖြောင့်တန်း ပျော့ပျောင်းနေတော့ ဆံပင်အရှည်များ ထားတုံးက နောက်ကကြည့်ရင် မိန်းခလေး ဆံပင်နဲ့တောင် မှားပါတယ်။ ဆံပင်ကိုပဲ ကြည့်တာနော်။ ကျန်တာ မပါဘူး။

အရပ်အမြင့်က မြန်မာပြည်မှာဆို ရှည်တယ်လို့ ပြောလို့ ရပေမယ့် နိုင်ငံခြားမှာတော့ ကျွန်တော် ငပုပါပဲ။ အသားအရေကတော့ ဇိနတိုင်းသားအနွယ် ဆိုတဲ့အတိုင်း စိုပြေလှပ ဖြူဖွေးဝင်းပပါတယ်။ ကိုယ်ခန္ဓာ အချိုးအစားကတော့ ကရကဋ်ဖွားပဲဗျာ။ ဒဏ္ဍာရီမှာတော့ လနတ်သမီး ဒိုင်နာ စိုးမိုးတဲ့ဂြိုဟ် တစ်ခုပေါ့။ လနတ်သမီးရဲ့ ဖန်းတီးချက်ကြောင့် အလှဆုံးသော ကိုယ်ခန္ဓာ အချိုးအစားကို ကျန်တဲ့ရာသီဖွားတွေ မနာလို ဖြစ်အောင် ပိုင်ဆိုင်ထားရတာပေါ့ဗျာ။ ဗေဒင်စာအုပ်က အဲဒီလိုမျိုး ရေးထားတာပဲ။

စိတ်နေစိတ်ထားလား.... အင်း ပြောရရင်တော့ သိရခက်တဲ့ နားလည်ရခက်တဲ့ ပဟေဠိဆန်တဲ့ လူသားတစ်ဦးပေါ့။ အကျဉ်းချုပ်ပြောရရင် ပညာမာနကြီးပါတယ်။ စာနာတတ်တဲ့ စိတ်ရှိပါတယ်။ လုပ်တဲ့ အလုပ်အပေါ်မှာ စေ့စပ်သေချာအောင် လုပ်လေ့ရှိတယ်။ အစွဲအလန်းလည်း ကြီးပါတယ်။ ရှေးရိုးဆန်ပါတယ်။ အသိုင်းအ၀ိုင်း အပေါင်းအသင်းကို သံယောဇဉ် အလွန်ကြီးပါတယ်။ နှလုံးသား ပျော့ပျောင်းနူးညံ့တယ်။ ခံစားထိရှ လွယ်ပါတယ်။ ပေးဆပ်မှုနဲ့ ချစ်နေတတ်ပေမယ့် ချစ်သူအပေါ် ချစ်လွန်းလို့ သ၀န်တိုတတ်ပါသေးတယ်။ အလွယ်တကူ မချစ်တတ်ဘူး။ အလွယ်တကူ မမုန်းတတ်ပါဘူးဗျာ။ အပြောင်းအလဲ ဗလောင်းဗလဲလည်း မလုပ်တတ်ပါဘူး။

အသေးအဖွဲလေးတွေကိုလည်း အကျယ်ချဲ့တတ်ပါတယ်။ ဇီဇာလည်း ကြောင်ပါတယ်။ မနာလိုတဲ့သူ ဂုန်းတိုက်တဲ့သူတွေကို ပြန်လည် အရွဲ့တိုက်တာကလည်း နှစ်ယောက်မရှိပါဘူး။ ခေါင်းမာတဲ့ နေရာမှာလည်း ပြိုင်စံရှားပါတယ်။ တစ်ကိုယ်တည်း သီးသန့်နေတတ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ခရီးရှည်တွေ သွားရတာမျိုးလဲ ကြိုက်ပြန်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဇူလိုင်အိမ်မက်ဟာ ဂဏန်းကောင်လို အများနဲ့မတူ အူကြောင်ကြောင် ဖြစ်ဖြစ်ပြီး လူ့ဂွစာမျိုးထဲမှာလည်း ပါပါတယ်။

ကဲ... အဲဒါတွေက ကျွန်တော်ကိုယ်တိုင် မသိသော ကျွန်တော်ရဲ့ ပုံစံလေးပေါ့ဗျာ။ အခုတလော ပျင်းပျင်းနဲ့ အရင်ကလို စာသိပ်မရေးတော့ပဲ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့ ဆရာဝန်မမလေး မွန်းသက်ပန်... အခုလက်ရှိ အသက်အရွယ်အရ အပျိုကြီး ဖြစ်နေပြီဆိုတာကို လက်မခံသေးတဲ့ နှင်းဆီနီအိမ်မက်... ကဗျာချစ်သူဆိုပြီး အမည်ခံထားပေမယ့် သာလိကာမလေးလို စကားပြောလွန်းလှတဲ့ အညတရ မြေးမလေး ကြေးအိုး... တို့ကို ဆက်လက်ပြီး လက်ဆင့်ကမ်း အကြွေးဆပ်ခိုင်း ချင်ပါတယ်။

ကဲ... ကိုယ့်ဂုဏ် ကိုယ်ဖော်ကြပါတော့ ခင်ဗျာ။

18 comments:

  1. ဗေဒင် ဟောစာတမ်းဖတ်တယ်မှတ်နေတာ။
    ကိုဇူလိုင် အလုပ်တွေထဲကို အဲ့ဒါလေးပါထည့်
    လိုက်ပါလား။ ဒါပေမယ့် စာလဲဆုံးရော မျက်စိ
    ထဲ ကောင်းမလေးတစ်ယောက်ပုံဘဲ မြင်မိတယ်။
    ချောတီးနော် ကိုဂဏန်း အဲ့ ကိုဇူလိုင်။

    ReplyDelete
  2. မျှားတစ်စင်းကို စပစ်လိုက်တာ ကိုဇူလိုင်ကြီးပါမှန်သွားရှာတာကိုး အဟက်ဟက်ဟက်။ ၀မ်းသာပါ၏။ ကိုဇူလိုင်ပြောသလို ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ သူများထောင်းတာထက်တော့ သက်သာတယ်ဗျ။ အဲဒါကြောင့် ကျွန်တော်စပြီး ထောင်းတာ ဟဲ ဟဲ ဟဲ။ ရေးထားတာ သဘောကျတယ်ဗျာ။ ကောင်း၏

    ReplyDelete
  3. ဒီပို့စ်ကို ထမင်းစားရင်းလာဖတ်တာ ထမင်းသီးကုန်ပြီ။

    ReplyDelete
  4. ကြည့်ရတာ အတော်လေး အမြင်ကတ် နေကြပြီ ထင်ပါတယ်။ အဟ... ဒါဆို အောင်မြင်တယ် လို့ပြောလို့ ရတာပေါ့။ အဲဒီလို ဂဏန်း သွားသလို ကန့်လန့်တွေ ပေါက်ကရ တွေလည်း လုပ်တတ် ရေးတတ် ပါကြောင်း တင်ပြ အစီရင်ခံ အပ်ပါတယ်။

    ReplyDelete
  5. ကန့်လန့်တိုက်တာ
    အရွဲ့တိုက်တာ
    ခေါင်းမာတာ
    အဖိုးတူ မြေးမလေးပေါ့
    အဟတ်ဟတ်

    ReplyDelete
  6. သူ၏ ရုပ်ရည် တည်ကြည်ပုံများ
    ရှင်ပေါသွပ်ထက် ပိုးဇာယှက်သည်
    ဆယ်ပြားတစ်စေ့ အနားတုံးသလို…

    သူ၏သွင်ပြင် သိချင်ပါသလား
    မေးစေ့ချွန်ငြား နှာခေါင်းပြားနှင့်
    ကြည့်သူ စွဲသည်
    လှယဉ်ကျေးနှယ်
    မြင်သူနှလုံး အစဉ်ပြုံးမည့်
    ပုလင်းဖင်နှင့် ဇူလိုင်လမှာဖွားတဲ့သူ…

    သူနှင့်တွေလျှင် သတိချပ်ထား
    သက်ရွယ် မဟူ
    အညင်းထူသည်
    တွေ့တဲ့သူနဲ့ ရန်ဖြစ်ချင်သူ…

    သူ၏ စိတ်နေ
    အန်းတိတ်ဖြစ်ကြောင်း
    မကြော်ငြာလည်း သိကောင်းပါသည်
    ဘိုးတော်ဘုရား လက်ထက်ပွားက
    သီချင်းများနှင့် ပျော်မွေ့သူ….

    …………………။။………………………….
    နားထောင်ပါ သူငယ်ချင်းတို့ နားထောင်ပါ…
    Rap : ကိုဇူလိုင့် အကြောင်း… ကိုဇူလိုင့်အကြောင်း
    (စိုင်းစိုင်း နဲ့ မိုးမိုးတို့ လုပ်ချလိုက်ပြန်ပြီ )…
    ရုပ်တရက်အိပ်ရာနိုး
    `အပေါင်း အသင်းတွေ စောင့်နေလို့
    အခုချက်ချင်းလာခဲ့မယ်လို့ ညာပြီး အာရွှီးလို့ရေချိုး
    ………………………………
    ………………………………
    …………………………….
    ၃၄ ၂၄ ၃၆
    အလှ အပ အရပ်အမြင့် က ၅ပေ ခြောက် …
    ကြွ ကြွရွရွ လမ်းတွေ လျှောက်
    (ကိုဇူလိုင့် အကြောင်း… ကိုဇူလိုင့်အကြောင်း)
    ………………………………..
    ……………………….


    (((အဟဲ…ကိုဇူလိုင့် ကိုတော့ ဘလော့ဂ်ဂါ အချင်းချင်းမို့ ၁ လက်မ ပိုပေးလိုက်မယ် ။ ၅ပေ ၇ ဖြစ်စေ… ဒန့်တန့်တန့်)))
    Rap: နားထောင်ပါ သူငယ်ချင်းတို့ .. ကိုဇူလိုင့် အကြောင်း ကိုဇူလိုင့်အကြောင်း all right all right all right…
    အကြွေးကတော့ နောင်ဘ၀ရောက်မှပဲဆပ်မယ် နော်… ဟဲဟဲ

    လေးစားလျှက်
    မွန်းသက်ပန် (ဆေး-၁)

    ReplyDelete
  7. မမွန်းသက်ပန်ရဲ့ သီချင်းလေးကို
    စီးရီးထုတ်ချင်လို့ပါရှင်။
    တေးရေး-မွန်းသက်ပန်
    သီချင်း ပိုင်ရှင်- ကိုဂဏန်း(ခ)ကိုဇူလိုင်
    ထံ သို့ ခွင့်တောင်ပါတယ်။

    တက်ထားတာကို ပြီးအောင်အမြန်ရေးပါ့မယ်။
    ကိုဇူလိုင်ရေ။ :(

    ReplyDelete
  8. မမွန်းသွပ်က ....
    အကြွေးကို နောက်ဘ၀ ရောက်မှဆပ် မယ်ဆိုတော့ အခုဘ၀ကို စိတ်ကုန် နေပြီလား ခင်ဗျာ။ လူ့ဘ၀ ဆိုတာ ရခဲပါတယ် အမရေ။ အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ ပျော်ပျော် ပါးပါးပေါ့။ (အတော်လေးကို ကြိုးစားပန်းစား သီကုံး ရေးဖွဲ့ထား ရှာတာပဲနော်) တော်ပါ ပေတယ်။

    ReplyDelete
  9. စီရီးထုတ်ရင် ဘယ်သူ ဆိုမှာလဲ ဟင်။ နှင်းဆီနီ အပျိုကြီးက Rap အက က မှာလား ခင်ဗျာ။ စိုင်းစိုင်းနဲ့ များ တွဲက ချင်နေလား မသိဘူးနော်။ ဆိုလိုက် ကလိုက်ပေါ့။

    ReplyDelete
  10. စိုင်းစိုင်းနဲ့ က မှာမဟုတ်ဘူး။
    စိုင်းစိုင်းက သူနဲ့သီချင်းဆိုဖို့ ခွင့်တောင်းနေလို့
    အားနာနာနဲ့ အဲ့ဒီသီချင်းကို ရွေးလိုက်တာပါ။
    ဦးဇူလိုင်။

    ReplyDelete
  11. အော် လှချင်တာများ.. ကြယ်တွေကိုတောင် ကိုယ့်ဟာကိုယ် နာမည်တွေပြောင်းလို့ တောက်ရှုးကြယ်တောင် ဖြစ်ရသေး... မကြားဖူးပါဘူး... တောက်ရှုးကြယ်ရယ်လို့ သောက်ရှူးကြယ်ပဲကြားဖူးတယ်... ခေါင်းကလည်း သူကြီးသားခေါင်းလို ဆီအရွှဲသား ဖြစ်နေမှာ မြင်ယောင်မိသေးးးး နှာခေါင်းကလည်း ခပ်ပြားပြားဆိုတော့ အမိုက်စားပေါ့...
    "လေးလုံးမှန်ကြောင် နဖူးပြောင်
    ဆံပင်ကမည်း သွားကကျဲ
    အဲဒါဇူလိုင်ပဲ ဟဲဟဲ"
    ကာရံညီအောင် ထည့်တာနော်။ ချိတ်ချိုးနဲ့။ ဟိဟိ
    မသွယ်

    ReplyDelete
  12. အစ်မမွန်းသက်ပန်ပြောမှာ
    ဟိုလူနဲ့ တူသလိုလို.. ဒီလိုနဲ့ တူသလိုလို
    သလိုလို.. သလိုလိုနဲ့
    စဉ်းစားလို့ကို မထွက်ဘူး.. ဟဲဟဲ

    ReplyDelete
  13. အဟားဟားဟားဟား။ရယ်ရတယ်ဟေ့ဗြဲဗြဲဗြဲ။

    ReplyDelete
  14. အတော်လေးကို အားပေး နေကြပါလားဗျို့။ ဘ၀အမော တွေကြားမှာ ခဏတဖြုတ် ရယ်မောခွင့်လေး ပေးနိုင်တယ် ဆိုတာကို သိရလို့ ကြည်နူးမိပါတယ်။ တခါတလေ ကျွန်တော် အဲဒီလို ပေါ့ပေါ့ပါးပါး လေးတွေ ရေးလေ့ ရှိပါတယ်။ ပျော်ပျော် ပါးပါးပေါ့။

    ReplyDelete
  15. ရေးထားတာ သဘောကျတယ်...
    ပုံတော့တော်တော်ပေါ်လာပီ..
    တော်တော်ချောမဲ့ တရုတ်မင်းသားပဲ
း)

    ReplyDelete
  16. ဂဏန်းကောင်တဲ့ဟ!! ဒီလူကြီး ငါနဲ့ အတော်လေး တိုက်ဆိုင်နေပါ့လား ဂျူလိုင်လပဲ မွေးတယ် ထင်ပါ့နော်... ဟဲ တူတူပဲပေါ့၊ ရေးထားတာ အတော်များများလဲ တူ၏။ :P

    ReplyDelete
  17. It is no surprise that you are cancer because your characteristic is quite similar with me. I am cancer too, but fortunately I was born in June. According to astrologer book, Cancer people are quite good.

    ReplyDelete
  18. အခု ဒီပို့စ်လေး ရေးထား လိုက်မှပဲ ကရကဋ်တွေနဲ့ လာတွေ့ နေပါလား။ ဂဏန်းတွေ .. ဂဏန်းတွေ .. ပျော်စရာကြီးဗျာ။ ဘလော့တွေမှာ ကန့်လန့် ကန့်လန့်နဲ့ တွေ့ကြဦး မှာပေါ့ဗျာ။ ကန့်လန့် ဂဏန်းတွေ ပျော်ရွှင်ကြပါစေ။

    ReplyDelete