Sunday, November 25, 2007

YTU Poem - 4

စွယ်တော်မိခင် တိုင်တည်ချင်သည်

အမေစွယ်တော် ဖွားဖက်တော်နဲ့
မွေးဖေါ်ဆရာ သားများစွာကို
ပညာအတတ်၊ ကမ္ဘာပါတ်အောင်
စွမ်းဆောင် တာဝန်ကြေခဲ့ပြီ ...

တရံရောခါ၊ အမေ့ရွာဝယ်
ကြင်ကြင်နာနာ၊ ဘာသာလူမျိုး
ဆီရေချိုးပြီး၊ ဆေးရိုးမီးလှုံ
ကြားဖူးယုံမျှ၊ သယံဇာတ
ပေါကြွယ်ဝသတဲ့၊ ဒဏ္ဍာရီနဲ့ ပုံပြင်များ ...

အစဉ်အလာ၊ စွယ်တော်ရွာရိပ်
အတိတ်သမိုင်း၊ ယှဉ်နှိုင်းစရာ
တတ်ပညာနဲ့၊ ကမ္ဘာအနှံ့
ခရီးဖြန့်ဖို့၊ စွယ်တော်ရွက်တို့ ခြေရာများ ....

ဆယ်စုနှစ်များ၊ အချိန်နဲ့ ဒီရေတွေစား
အမေ့နားမှာ၊ မတတ်မသာ မနေနိုင်လို့
ရေကြည်ရာမှာ ကော်လာပြာ တချို့
လေဘာရာတို့၊ အသပြာနောက်
အိတ်ပေါက်နဲ့ ဖားကောက်ရင်း
သတင်းတွေမျှော်ကာ
စွယ်တော်ရွာသို့၊ လွမ်းနေဆဲပါအမေ ....

ရိုးရိုးသားသား၊ ကြိုးကြိုးစားစား
သမီးသားတို့၊ မကြီးပွါးတာ
ကံကိုသာ ရိုးမယ်ဖွဲ့၊ ခေတ်ဆိုးတရား
ရှုမှတ်ပွါးရင်း၊ အိုမင်းရင့်ရော် ခဲ့ချေပြီ ....

အမေနဲ့ခွဲ၊ မမြဲသောတရား
နားနဲ့မနာ၊ ဖ၀ါးနဲ့နာ
သားတို့ဆင်းရဲ၊ ချွတ်ခြုံမွဲတာ
မမြင်သာလို့ မောင်းထုတ်၊ မကြင်နာလို့မဟုတ်
စကြ၀ဠာထဲ မမြဲသောဘ၀များရဲ့
လောကပါလတရား ....

ရေခြားမြေခြား၊ ကမ္ဘာခြားလဲ
နှစ်များဝေးကြာ၊ မမေ့သာလို့
ဒီနေ့ဒီခါ၊ စုစည်းလာမြဲ
ဘယ်သူခွဲခွဲ၊ မကွဲမကွာ
ညီညာဖြဖြ၊ ရင်ထဲဘဝ
ဂုဏ်ယူကြစို့၊ ဘ၀အဖေါ်
စွယ်တော်မိခင် တိုင်တည်ချင်သည်။

မောင်ဖေငယ် (စမ်းချောင်း)

နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲ အမှတ်တရထုတ် စာအုပ်မှတဆင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

2 comments:

  1. မနေ့ က ၁၀ ကြိမ်မြောက် သက်ကြီးဗိသုကာ ပူဇော်ကန်တော့ပွဲ လုပ်သွားတယ်ရှင့်....။

    ReplyDelete
  2. AMA က ကြီးမှုးပြီးတော့ ရန်ကုန်မှာ လုပ်တာ ထင်တယ်။ ဘယ်နေရာမှာ လုပ်သွားတာလဲ မသိဘူး။ ကျွန်တော် အသင်းမှာ ရှိတုန်းကတော့ အမြဲတမ်း တာဝန်ယူပေး နေကြပါ။ အခု အသင်းက လူအတော် များများလည်း အပြင်ထွက်ကုန် ကြတော့ အင်အားတော့ နည်းသွားမယ် ထင်ပါတယ်။

    ReplyDelete