Thursday, December 20, 2007

The value of Life

လူတစ်ယောက်ရဲ့ တန်ဖိုး

ကိုယ့်တန်ဖိုးကို ကိုယ်သိဖို့ ကိုယ်ကိုကိုယ်ပဲ မေးကြည့်ပါ။ လူရာဝင်သူ အများလေးစား သိမှတ်ခံရသူ ဖြစ်လိုသလား...

ကိုယ်ကိုကိုယ်ပဲ မေးကြည့်ပါ။ ကိုယ့်မိသားစု ကိုယ့်အပေါင်းအသင်း။ ကိုယ့်အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအတွက် ဘာတွေလုပ်ဆောင်ဖို့ ရည်ရွယ်ထားသလဲ...

ကိုယ့်ဘ၀ရဲ့ အဓိကရည်မှန်းချက်တွေက ဘာတွေလဲ။ လောလောဆယ် ကိုယ်ဘာတွေ လုပ်နေသလဲ။ အဲဒီလုပ်ရပ်တွေက ဘယ်ကို ဦးတည်နေသလဲ။ ကိုယ့်ရဲ့ သားသမီးတွေကို ကိုယ့်ရဲ့ မြေးမြစ်တွေက ကိုယ့်အကြောင်း မေးလာရင် သူတို့တွေက ဘယ်လိုဖြေကြမလဲ။ ကိုယ်ကရော ကိုယ် ဘာကောင်လဲ ဆိုတာကို ဖြေစေချင်သလဲ။

ကျွန်တော့်အတွက်ကတော့ လူတစ်ယောက်ရဲ့တန်ဖိုးက ကြီးကျယ်မြင့်မြတ်မှုပါပဲ။ တကယ့် ကြီးကျယ် မြင့်မြတ်မှုဆိုတာ ရာထူးအဆင့်နဲ့ မဆိုင်ပါဘူး။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာလေးထဲမှာ ဘယ်လောက် ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်ကို လုပ်လာနိုင်သလဲ ဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ သာမန် အခြေအနေ အဆင့်အတန်းမှာ နေရင်း ဘယ်လောက် ကြီးကျယ်ကျယ်ဝန်းတဲ့ လုပ်ရပ်တွေကို အကောင်အထည်ဖော် တည်ဆောက်တာနဲ့ပဲ သက်ဆိုင်ပါတယ်။ အဲဒါမျိုးက ကျွန်တော့်အတွက် တကယ့်ကို ကြီးကျယ်မြင့်မြတ်မှုပါပဲ။

ကိုယ့်ပတ်ဝန်းကျင် လူသားတွေအတွက် ပိုကောင်းတဲ့ အိုးအိမ်တွေ၊ လမ်းပန်းတွေ၊ စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ကိုယ်ကျင်လည်ရာ လူမှုအသိုင်းအ၀ိုင်းထဲက ဘ၀တူလူသားတွေ ပိုပြီး ချမ်းသာ ပျော်ရွှင်အောင် သူတို့ဘ၀တွေ သာယာလှပအောင် ဖန်တီးပေးနေတဲ့သူတွေဟာ ဘယ်နေရာ ဘယ်ဌာနမှာ ရှိနေတာပဲဖြစ်ဖြစ်... ဘယ်အခြေအနေ ဘယ်အဆင့်အတန်းမှာ ရှိနေတာပဲဖြစ်ဖြစ်... ကြီးကျယ်မြင့်မြတ်တဲ့ သူတွေပါ။

ကိုယ့်ပတ်ဝန်းကျင် ကိုယ်ကျင်လည်ရာ လူမှုအသိုင်းအ၀ိုင်းထဲမှာ စိတ်မချမ်းမြေ့စရာ ဖန်တီးသူတွေ၊ သာယာလှပမှု ကင်းမဲ့အောင် လုပ်ဆောင်နေသူတွေကတော့ ဘယ်အရပ် ဘယ်ဒေသ ဘယ်လောက်ကြီးတဲ့ ရာထူးကြီးမှာ ဖြစ်နေပါစေ... ဘယ်လိုမှ မကြီးကျယ် မမြင့်မားနိုင်တဲ့ လူတွေပါပဲလေ။

ရွှံ့ဗွက်ရေအိုင်မှာ ခြေတံရှည်အိမ်သာပဲ ဆောက်နိုင်ပါတယ်။ အဲဒီနေရာမှာ တိုက်တာ အဆောက်အအုံတစ်ခု မတည်ဆောက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေ မခိုင်ခံတဲ့အတွက် မကြာမီမှာ ပြိုလဲ ပျက်စီးနိုင်တယ်လေ။ ရည်မှန်းချက် ကြီးကြီးထားပြီး ဇွဲလုံလ ၀ီရိယတွေနဲ့ ဘ၀ကို ကျားကုတ်ကျားခဲ ကြိုးစား တည်ဆောက်ခဲ့ကြသူတွေထဲမှာပဲ အချိန်တန်တဲ့အခါ စိတ်ဓါတ်အခြေခံ ကောင်းတာ... ညံ့တာတွေပေါ်မှာ မူတည်ပြီး လူအများက ကြည်ညို လေးစားတဲ့သူနဲ့ အမည်ဆိုးနဲ့ ထင်ရှားကျော်ကြားသူ ဆိုပြီး နှစ်မျိုးနှစ်စား ကွဲပြားသွားနိုင်ပါတယ်။

မင်းဆွေရဲ့ဝတ္ထု စာအုပ်တစ်ခုထဲက စာသားလေးလို "ကျားသေရင် သားရေ ကျန်ရမယ်.. လူသေရင် နာမည်ကျန်ရမယ်" တဲ့။ အဲဒီတော့ အမည်ဆိုးနဲ့ ကျန်ခဲ့မလား... အများကြည်ညို လေးစားတဲ့သူအနေနဲ့ ကျန်ခဲ့မလား။

ဒါကြောင့် ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့တန်ဖိုးကို ကြီးကျယ်မြင့်မြတ်မှုနဲ့ပဲ တိုင်းတာမိပါတယ် ခင်ဗျာ။

6 comments:

  1. ကိုဇူလိုင်ရေ… လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့ပတ်ဝန်းကျင်က သူ့ကို ဘယ်လောက်ထိ လိုအပ်နေလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။ ဒါဟာ ကိုဇူလိုင်ပြောတဲ့ ကိုယ့်ပတ်ဝန်းကျင်က လူသားတွေရဲ့ဘ၀ကို ပိုပြီး သာယာလှပအောင် ဖန်တီးပေးနေတဲ့သူတွေဟာ ဘယ်လိုအဆင့်အတန်းမျိုးပဲဖြစ်ဖြစ် ကြီးကျယ်မြင့်မြတ်သူတွေ ဖြစ်တယ် ဆိုတာနဲ့ အဓိပ္ပါယ်ချင်း တူမယ်လို့လဲ ထင်ပါတယ်နော်…။ အများကြည်ညိုလေးစားတဲ့၊ လူထုတစ်ရပ်လုံးက လိုလားတဲ့ ကြီးကျယ်မြင့်မြတ်သူတွေရဲ့ တန်ဖိုးကတော့ တက်ပြီးရင်း တက်နေမှာ သေချာပါတယ်။

    ReplyDelete
  2. ကိုဇူလိုင်ရဲ့ ဘ၀ပေါ်မှာ ထားတဲ့တန်ဖိုးကတော့ အတော်လေးကို ကောင်းပါရဲ့…။ ဒါပေမယ့် ဒါပေမယ့်လေ… ကိုယ့်သားသမီး ကိုယ့်ရဲ့မြေးမြစ်တွေ … ဆိုတာကတော့ အင်း… ကိုဇူလိုင့်အတွက် ဒီဘ၀ မဖြစ်နိုင်ဘူးထင်တယ်နော်။ စဉ်းစားပါဦး ကိုဇူလိုင်ရယ် ။ အဟားးးး

    လေးစားလျှက်
    မွန်းသက်ပန် (ဆေး-၁)

    ReplyDelete
  3. သားရေ.. မင်းလူမဟုတ်ပါဘူးကွယ်
    မင်းဆွေ ပါ။
    ကျားသေရင် သားရေကျန်ရမယ်..
    လူသေရင် နာမည်ကျန်ရမယ် ဆိုတာက

    “ဓါး” ရေးတဲ့ မင်းဆွေပါ။

    ReplyDelete
  4. ဒီဘလော့ဂ်က အသိရော၊ အတတ်ရောအတွက် တန်ဘိုးရှိတာလေးတွေချည်းပဲဗျာ။ စီဘောက်မှာဆို ပြီးပြီးပျောက်ပျာက်ဖြစ်မှာ စိုးလို့ ဒီမှာ လာရေးလိုက်တာ။

    ReplyDelete
  5. မဆုဝေရေ...
    တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာနိုင် ပါစေဗျာ။ ကျွန်တော်လည်း ကြိုးစားနေတုန်းပါ။

    မမွန်းသက်ပန်ရေ...
    မြေးမြစ်တွေ ဆိုတာ သားရင်း သမီးရင်းကိုပဲ ပြောတာမှ မဟုတ်တာ။ မြေးအရွယ် မြစ်အရွယ် တွေလည်း ဖြစ်နိုင်တာပဲလေ။

    ဟုတ်ပါတယ် မထက်ရေ...
    ကျွန်တော် အမှတ်မှား သွားတာပါ။ ဒါနဲ့ ဓါးမင်းဆွေနဲ့ သတင်းစာထဲက ငါးမင်းဆွေ ဘာတော်လဲ မသိဘူးနော်။ အဟား...

    ကိုလူသစ်ရေ... ချီးမွမ်းနေလို့ တော်ကြာ မြှောက်တက် သွားပြီး ပြန်ကျ မလာရင် ပြသနာပဲနော်။ အဟား...

    အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ReplyDelete
  6. Hi Ko July, which font are you typing your post? I think win kalaw. But I cannot read it after downloading that font. I can read c-box and comments for your post. Can you tell me please? Thanks

    ReplyDelete