Monday, March 31, 2008

One At A Time

A friend of ours was walking down a deserted Mexican beach at sunset. As he walked along, he began to see another man in the distance. As he grew nearer, he noticed that the local native kept leaning down, picking something up and throwing it out into the water. Time and again he kept hurling things out into the ocean.

As our friend approached even closer, he noticed that the man was picking up starfish that had been washed up on the beach and, one at time, he was throwing them back into the water.

Our friend was puzzled. He approached the man and said, "Good evening, friend. I was wondering what you are doing."

"I'm throwing these starfish back into the ocean. You see, it's low tide right now and all of these starfish have been washed up onto the shore. If I don't throw them back into the sea, they'll die up here from lack of oxygen."

"I understand," my friend replied, "but there must be thousands of starfish on this beach. You can't possibly get to all of them. There are simply too many. And don't you realize this is probably happening on hundreds of beaches all up and down this coast. Can't you see that you can't possibly make a difference?"

The local native smiled, bent down and picked up yet another starfish, and as he threw it back into the sea, he replied, "made a difference to that one!"

By Jack Canfield and Mark V. Hansen
from Chicken Soup for the Soul
Copyright 1993 by Jack Canfield
and Mark Victor Hansen


ဆရာဖေမြင့် ဘာသာပြန်ခဲ့တဲ့ နှလုံးသားအာဟာရ ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အဲဒီစာအုပ်လေးကို ဆယ်တန်းအောင်ပြီး Universityတွေ ပိတ်ထားချိန်မှာ အားနေတာနဲ့ ဖတ်ဖြစ်ခဲ့မိတယ်။ အတော်လေးကို အာဟာရတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပါ။

အခုဇာတ်လမ်းလေးက ကြယ်ငါးကောက်တယ်... ကြယ်ငါးကောက်တယ်... လို့ လူမှုရေးလုပ်ငန်းတွေမှာ ညွှန်းဆိုဖွဲ့တဲ့အထိ ဖြစ်စေခဲ့တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို မြန်မာလို့ ဖတ်ဖူးတဲ့ သူတွေအတွက်လည်း မူရင်းအရေးအသားဖြစ်တဲ့ အင်္ဂလိပ်လိုရေးထားတာကို ထပ်မံဖတ်စေချင်သလို... မဖတ်ရသေးတဲ့ သူတွေကိုလည်း ဖတ်စေချင်တဲ့အတွက် ဇူလိုင်အိမ်မက်မှာ ကူးယူတင်ပြလိုက်ပါတယ် ခင်ဗျာ။

ဘ၀ကမ်းခြေတစ်လျှောက်မှာ ဟိုဟိုဒီဒီ လျှောက်လှမ်းရင်း နိုင်သလောက် ကြယ်ငါးကောက်တဲ့ လူတွေ ရှိကြသလို... အပေါ်က ပုံလေးလို ကမ်းခြေတလျှောက်မှာ တင်နေတဲ့ ကြယ်ငါးတွေက အများကြီးပါကွာ... ဒီတစ်ကောင်လေး ကောက်မိတာနဲ့ ဂေဟစနစ်ကြီးမှာ ပိုမထူးပါဘူးကွာ ဆိုပြီး တွေ့နေတဲ့ ကြယ်ငါးလေးကို မကောက်ပဲ ရှေ့ဆက်လျှောက်တဲ့ လူတွေလည်း ရှိကြမှာပါ။ ဖြစ်နိုင်ရင်တော့ လူတိုင်း နိုင်သလောက်လေး ကြယ်ငါးတွေ ကောက်စေချင်တယ်ဗျာ။

Saturday, March 29, 2008

Native Myanmar

Native Myanmar ဆိုလို့ ကျွန်တော် ဖတ်နေကြ ဖိုရမ်လို့ ထင်နေပါအုံးမယ်။ တကယ်တော့ မခင်မင်းဇော်က Tag ထားတဲ့ ဇာတိမြေဆိုတဲ့ ပို့စ်လေးကို ရေးမှာပါ။ လူမျိုးခြားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အဖို့ အမြဲတမ်း ရင်ထဲမှာ ရှိနေတဲ့ ဇာတိမြေက မြန်မာပြည်ပါပဲ။ ဒီမြေမှာမွေး ဒီရေ သောက်ခဲ့တဲ့ ကျွန်တော်အဖို့ ဒီလူမျိုးအစစ် မဟုတ်ပေမယ့် ဒီမြေဒီရေကို ကျွန်တော် အတော်ချစ်တယ်ဗျာ။ နာကျည်းစရာ အတိတ်တွေ... ခံပြင်းစရာ ခွဲခြားဆက်ဆံ ခံရမှုတွေ ရှိနေပေမယ့် ကျွန်တော် ဒီနိုင်ငံသားအဖြစ် ဂုဏ်ယူဝံ့ကြွားနေစဲပါ။

တရုတ်ကွန်မြူနစ် အစိုးရ တက်လာတဲ့အချိန်မှာ ရွာလေးတစ်ရွာက ပဒေသရာဇ်ဖြစ်နေတဲ့ ကျွန်တော့်အဖိုးရဲ့ မိသားစု အကြီးအကျယ် နှိပ်ကွပ်ခံရပါတော့တယ်။ ဒါနဲ့ အဖိုးဟာ သယ်လို့ရတာလေးတွေ တနိုင်သယ်ပြီး မြန်မာပြည်ထဲကို အဖွားနဲ့အတူ ရေလမ်းခရီးကနေ ၀င်လာတာ ရန်ကုန်ကို ရောက်ပါတော့တယ်။ ဒီလိုနဲ့ ရန်ကုန်မှာပဲ ကျွန်တော် အဖေကို မွေးဖွါးလာခဲ့တယ်။ အဲဒီကနေတဆင့် ကျွန်တော်တို့ ညီအစ်ကိုတွေ ပေါက်ဖွားလာပြန်တယ်။ ဒါကြောင့် မြန်မာပြည်မှာ ငယ်မွေးခြံပေါက်ဖြစ်နေတဲ့ ကျွန်တော်အဖို့ မြန်မာပြည်ဟာ ဇာတိမြေပဲပေါ့ဗျာ။

မြန်မာပြည်နဲ့ ပတ်သတ်ပြီး အမြဲတမ်း ဂုဏ်ယူဝံ့ကြွားတာကတော့ ပုဂံပါပဲ။ ပုဂံမြေက လက်ညိုးထိုး မလွဲ တည်ရှိနေတဲ့ ဘုရားပုထိုး ဂူကျောင်းတွေဟာ ခန့်ညားထည်ဝါတဲ့... အဖိုးမဖြတ်နိုင်တဲ့... နိုင်ငံရဲ့ အထင်ကရ သမိုင်းအမွေအနှစ်ကြီးပါ။ မြို့ပြ ယဉ်ကျေးမှု အခိုင်အမာ တည်ရှိခဲ့တယ်ဆိုတာကို သက်သေ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်တဲ့ ယဉ်ကျေးမှု မြို့တော်ကြီးပေါ့။ ပုဂံဆိုတဲ့ ရှေးဟောင်းမြို့ဟာ ကျွန်တော်ဘ၀ကို အလွန် လွှမ်းမိုးထားနိုင်တဲ့ အင်အားတစ်ခုပါပဲ။ ပုဂံကြောင့် မြန်မာကို ကျွန်တော် အထင်ကြီးမိတယ်။ ပုဂံကြောင့် ၀ိုင်တီယူမှာ ဗိသုကာဘာသာရပ်ကို အချိန်ပေးပြီး လေ့လာခဲ့တယ်။ ဗိသုကာအဖြစ် တစ်သက်လုံးမှာ လုပ်စားဖို့ မရည်ရွယ်ခဲ့ပေမယ့် ရှေးဟောင်းဗိသုကာ လက်ရာတွေကို မှတ်တမ်းတင်ချင်တဲ့ စိတ်လေးက ရင်မှာ ကိန်းအောင်းနေဆဲပါ။ အခါအခွင့်သင့်ရင် အဲဒီ အိမ်မက်လေး အကောင်အထည် ဖော်ချင်ပါတယ်။

ပုဂံအပြင် မန်းရွှေမြို့ကလည်း ကျက်သရေ ရှိလှပါတယ်။ မြန်မာဘုရင်တွေရဲ့ နောက်ဆုံး နန်းစိုက်ရာ မြို့တော် ပီပီ ခန့်ညားထည်ဝါလှပါတယ်။ နန်းမြို့ရိုးနဲ့ ကျုံးကြီးရဲ့ အလှဟာ ရင်မှာ စွဲထင်စေပါတယ်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကျငှါန်းနဲ့ နေလာခဲ့တဲ့ မြန်မာတွေရဲ့ အတိတ်ဟာ ကြီးကျယ်ခမ်းနားတယ် ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့စေနိုင်ပါတယ်။ နေညိုချိန်မှာ ဦးပိန်တံတားရဲ့ တည်ငြိမ်တဲ့ အလှဟာလည်း ကဗျာဆန်လွန်းလှပါတယ်။ ဖွဲ့သီစရာ စကားလုံးတွေ ရှာမတွေ့နိုင်အောင် နူးညံ့သိမ်မွေ့လွန်းပါတယ်။

မန်းရွှေမြို့တော်က လှသလို့ မြို့တော် ရန်ကုန်ကလည်း တစ်မျိုးလှနေပြန်တယ်။ မြန်မာပြည်ရဲ့ Landmark လို့ တင်စားကြတဲ့ ရွှေတိဂုံဘုရားကြီးဟာ ရွှေတောင်ကြီးတစ်ခုလို့ ၀ံ့ကြွား ထည်ဝါလှပြန်တယ်။ မြင်သူအပေါင်းကို ရင်သပ်ရှုမောစေပါတယ်။ ကန်တော်ကြီးထဲက ကရ၀ိတ်ကြီးကလည်း မြန်မာ့မှုကို အထူးပြုပေးသလိုပါပဲ။ တည်ငြိမ်လှတဲ့ ကန်ရေပြင်မှာ ကရ၀ိတ်ဖောင်ကြီးက ရွှေတိဂုံစေတီတော်နဲ့ လိုက်ဖက်ညီလွန်းလှပါတယ်။ မေ့မရအောင် မျက်စိထဲစွဲနေစေတဲ့ ရန်ကုန်ရဲ့ အလှပန်းချီကား တစ်ချပ်အလားပေါ့။

အဲဒီလိုပဲ ရှမ်းပြည်နယ်ထဲက တောင်ပေါ် ပင်လယ်လေးဖြစ်တဲ့ အင်းလေးကန်ရဲ့ အလှကလည်း သဘာဝကို ချစ်မြတ်နိုးသူတွေရဲ့ အသည်းနှလုံးကို လှုပ်ခတ်နိုင်စွမ်း ရှိလှပါတယ်။ ရေပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးတွေ၊ ကျွန်းမျှောကြီးတွေ၊ အင်းသားတွေရဲ့ လှေကို ခြေထောက်နဲ့ လှော်ခတ်ပုံလေးတွေကလည်း ရင်သပ်ရှုမောဖွယ် တမူ ထူးခြားပြန်တယ်။ ကျွန်တော်အဖို့တော့ ဖောင်တော်ဦးဘုရားကို ဖူးမျှော်ရင်း အင်းလေးကန်ရဲ့ အလှကို ရှုမ၀ဖြစ်နေမိမှာပါ။

နှင်းဖုန်းနေတဲ့ တောင်တန်းကြီးတွေ၊ ပြန့်ပြူးသာယာတဲ့ ပင်လယ်ကမ်းခြေတွေ၊ ထန်းပင်တွေနဲ့ နေညိုချိန် ကျေးလက်ရှုခင်း အလှတွေ၊ အပူပိုင်း အညာဒေသ အလှတွေ၊ စိမ်းလန်းစိုပြေတဲ့ တောတောင်အလှတွေ၊ ရွှေဝါရောင် သမ်းနေတဲ့ စပါးခင်း အလှတွေ... အဲဒီလို အလှတွေ ကျွန်တော်တို့ မြန်မာပြည်ထဲမှာ ပေါကြွယ်ဝ လှပါတယ်။ အကုန်သာ ချရေးရင် ပြီးမှာကို မဟုတ်ဘူးလေ။ အရှေ့တောင်အာရှမှာ ဒီလောက် ပြီးပြည့်စုံတဲ့ အလှနဲ့ ကျွန်တော်တို့ မြန်မာပြည်ဟာ ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းသလဲ။
အဲဒီလို ကျွန်တော်ရဲ့ ဇာတိမြေက သဘာဝ အလှတွေအပြင် တခြား ချစ်စရာ မြတ်နိုးစရာ အလှတွေလည်း ရှိသေးတယ်။ တောသူတောင်သားတွေရဲ့... တိုင်းရင်းသားတွေရဲ့ ... ရိုးသားဖြူစင်တဲ့ မျက်နှာလေးတွေ၊ အလိုလောဘ မကြီးပဲ ရောင့်ရဲတင်းတိမ်တတ်တဲ့ ဘ၀လေးတွေ၊ ကူညီရိုင်းပင်းတတ်တဲ့ ဓလေ့တွေက ကျွန်တော်တို့ ဇာတိမြေမှာပဲ တွေ့ရနိုင်တယ်လေ။ တကယ်တော့ မြန်မာပြည်ဟာ အလွန်တရာကို ရေခံမြေခံ ကောင်းလှပါတယ်။ ချစ်စရာတွေ ဓလေ့စရိုက်တွေ ပေါလှပါတယ်။ ၁၂ ရာသီ ပွဲတော်တွေ ရှိကြပါတယ်။ ရိုးသားကြိုးစားတဲ့ လူမျိုးတွေ ရှိကြပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေ နောက်ကျနေရတာက နာကျည်းစရာပါပဲ။ ဒါပေမယ့် ဘယ်ပဲဖြစ်ဖြစ်ဗျာ... ကျွန်တော်ရဲ့ ဇာတိမြေ မြန်မာပြည်ကို ချစ်ပါတယ်။ ဒါကြောင့်လည်း အခါအခွင့်သင့်ရင် သင့်သလို ပြန်လည် ပေးဆပ်ချင်မိနေပါတယ် ဆိုတာ ရင်ထဲက လာတဲ့ စကားလေးပါပဲဗျာ။

Photo Credit: Native Myanmar Forum.

Thursday, March 27, 2008

Constitutional Referendum -10

ကျွန်တော်တို့ မှာ ရွေးစရာမရှိ...။ ဒီအခြေခံဥပဒေပဲ ရှိတယ်လို့ တချို့က မြင်ပါတယ်...။

ဒီအခြေခံဥပဒေကို ထောက်ခံလိုက်ပြီး မီးစင်ကြည့်ကတာပေါ့လို့လည်း တချို့ က ပြင်ပါတယ်...။

အရပ်သားတွေ အထိုက်အလျောက်နေရာရခဲ့ရင် အခုလောက်တော့ မဆိုးလောက်ဘူးလို့ တချို့က ထင်ပါတယ်။ ဒီအတွက် ထောက်ခံလိုက်မယ် စဉ်းစားကြတယ်...။

ဒီအခြေခံဥပဒေကို ပျက်အောင်ဖျက်နိုင်ရင် အစိုးရက အပေးအယူတစ်ခုခု လုပ်လာနိုင်တယ်လို့ တချို့က မှန်းပါတယ်...။

အဲဒီလိုဖြစ်လာခဲ့ရင် တပ်မတော်ထဲက အစိတ်အပိုင်းတွေ ပဲ့ထွက်လာမလား တချို့က စမ်းပါတယ်...။
အဲဒီအခါကျရင် စားပွဲဝိုင်းဆွေးနွေးပွဲတွေ အမှန်တကယ် လုပ်ကြရအောင်လို့ တချို့က မြန်းပါတယ်...။

ဒီအတွက် မထောက်ခံဘူးလို့ စဉ်းစားကြတယ်...။

ဒီနေ့အထိတော့ မထောက်ခံသင့်ဘူးပြောလို့ အဖမ်းခံရသူ မရှိသေးပါဘူး...။ ထောက်ခံသင့်တယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် အော်နေတဲ့သူတွေ မပေါ်လာသေးပါဘူး...။ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေက ရေးမပြီးသေးလို့ပါ...။

ထောက်ခံလိုသူတွေကို ဖောက်ပြန်ချင်သူတွေလို့ တစ်ဖက်က လက်ညှိုးထိုးပြီး၊ မထောက်ခံလိုသူတွေကို တယူသန်တွေလို တစ်ဖက်က ပြန်ပြောပါတယ်...။

အခြေခံဥပဒေကြီးအတည်ဖြစ်မယ်...။
ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပဖြစ်မယ်...။

နောက်အစိုးရဖြစ်လာမယ့် အင်အားစုတစ်ခုက လွှတ်တော်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး၊ အစိုးရဖွဲ့ ဖြစ်ရမယ်...။

အဲဒီအခြေအနေ ရောက်တဲ့အထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကသာ ရှိမြဲတိုင်း ပုံစံအတိုင်း ဆက်လက် တာဝန်ယူ အုပ်ချုပ်ရမည်လို့ အတိအလင်းဆိုထားပါတယ်...။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကတော့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီလိုပြောဖူးပါတယ်...။ ပြည်ပ ပယောဂ အနှောင့်အယှက်တွေ မရှိဘူးဆိုရင်တော့ ပြီးသင့်တဲ့အချိန်မှာ ပြီးပါမယ်တဲ့...။ အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးဖို့ကို ပြောတာပါ...။

တကယ်လို့များ ထောက်ခံလိုသူ၊ မထောက်ခံလိုသူတွေရဲ့ အချင်းချင်း အပြန်အလှန်လက်ညျိုးထိုးမှုတွေဖြစ်တဲ့ အပြောအဆို အရေးအသားတွေဟာ ပယောဂ အနှောင့်အယှက်တွေ ဖြစ်နေမယ်ဆိုရင်တော့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက မလွှဲမရှောင်သာ တာဝန်ယူထားရတဲ့ နိုင်ငံတော် အုပ်ချုပ်ရေး တာဝန်တွေကို အချိန်ကြာကြာ ဆက်လက်ယူထားရတော့မယ် ထင်ပါရဲ့...။

(၂၀၀၉ခုနှစ် လွတ်လပ်ရေးနေ့အကြို လူမှုထူးချွန် ပထမဆင့်ရ ကိုမင်းအို၏ တိုင်းကျိုးပြည်ပြုဆောင်းပါးမှ ကောက်နှုတ်ချက်...။)
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Wednesday, March 26, 2008

Dear Yesterday - 5

မနေ့က စကာင်္ပူက မြန်မာသံရုံးမှာ အခွန်သွားဆောင်ဖြစ်တယ်။ ပတ်စ်ပို့စာအုပ် သက်တမ်းက စက်တင်ဘာမှာ ကုန်မှာ ဖြစ်ပေမယ့် အက်စ်ပတ်စ် သက်တမ်းတိုးဖို့ကျတော့ ကိုးလို့ကန့်လန့် ဖြစ်နေရောလေ။ ဒါနဲ့ ကျန်သေးတဲ့ ၆ လ သက်တမ်းကို အဆုံးခံလိုက်တယ်။ ရှေ့အပတ်တုန်းက ဆယ်တန်းစာမေးပွဲ ရှိနေလို့ တစ်နေ့မှာ အယောက် ၃၀ ပဲ လုပ်ပေးတော့ သံရုံးမှာ ကျိတ်ကျိတ်တိုး တန်းစီခဲ့ရကြတယ်။ အခု ဆယ်တန်းစာမေးပွဲ ပြီးသွားလို့ အရင်လို တန်းမစီလောက်ရဘူး ထင်ထားတာ အထင်တွေ လုံးလုံးကို လွဲတော့တာပါပဲဗျာ။

မနက် ၆ နာရီခွဲလောက် အိပ်ရာထပြီး ၇ နာရီလောက် ရထားဘူတာ ဆင်းခဲ့တယ်။ ရှေ့အပတ် ပိတ်ရက်ဖြစ်တဲ့ သောကြာနေ့မှာ မြန်မာသံရုံး ဘယ်နားမှာ ရှိသလဲကို သွားကြည့်ထားလိုက်တော့ အခုတစ်ခေါက်မှာ သံရုံးကို ရှာစရာမလိုဘူးလေ။ ဒါနဲ့ သံရုံးဝင်းအ၀ကို မနက် ၈ နာရီ မထိုးခင်လောက် ရောက်တယ်။ သံရုံး တံခါးဝမှာ လူ ၃ ယောက်လောက်ပဲ ထိုင်နေတော့ အတော်လေးကို ပျော်သွားတယ်။ လူနည်းတယ်ပေါ့လေ။ အဲဒီမှာ စပြီး လွဲတော့တာပဲ။

သံရုံးအ၀မှာထိုင်နေတဲ့ ရွှေတစ်ယောက်ကို မေးလိုက်တယ်။ အခွန်ဆောင်ချင်လို့ပါ ဆိုတော့ သူက အထဲကို ၀င်သွားလိုက်ပါတဲ့။ ဒါနဲ့ သံရုံးဝင်းထဲကို ၀င်လိုက်တော့ အားပါးပါး လူတွေ လူတွေ... အများကြီးပဲ။ ခြံထဲမှာ ထိုင်နေတဲ့သူတွေ မတ်တပ်ရပ်နေတဲ့သူတွေ... သံရုံးအဆောက်အအုံထဲမှာလည်း ခုံနဲ့ ထိုင်နေတဲ့သူက ထိုင်... မိုးတိုးမတ်တပ် ရပ်နေတဲ့သူက ရပ်နဲ့ တကယ့်ကို ဖွေးဖွေးလှုပ်ပဲ။ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဖြည့်ရတဲ့စာရွက်တွေက စားပွဲတစ်ခုမှာ အခန့်သားလေး။ အဲဒါနဲ့ ကိုယ်နဲ့ဆိုင်တဲ့ စာရွက်ကို လိုက်ရှာလိုက်တယ်။ အခွန်ဆောင်နဲ့ သက်တမ်းတိုး ခွင့်ပြုပါရန် လျှောက်ထားလွှာလေးပေါ့။

ဒါနဲ့ ဖောင်ကို အရင် အားကြိုးမာန်တက် ဖြည့်လိုက်တယ်။ ပတ်စပို့ အမှတ်၊ ထုတ်ပေးတဲ့ နေ့စွဲ့၊ သက်တမ်းကုန်မယ့် နေ့စွဲတွေ ဖြည့်ရတာပေါ့။ ပြီးတော့ ၁ လကို လခ ဘယ်လောက်ရလို့ အခွန်ငွေကို ဘယ်လောက်ဆောင်ချင်ကြောင်း သံအမတ်ကြီးကို ဦးတိုက် လျှောက်ထားရတာပေါ့ကွယ်။ ဖောင်ဖြည့်ပြီးတာနဲ့ ဖောင်ကို ဘယ်နား တင်ရမှန်း မသိသေးပါဘူး။ ကောင်တာတွေကို လိုက်ကြည့်တော့ ကြားဖူးနားဝ ရှိတဲ့အတိုင်း မြန်မာရိုးရာ တန်းစီစာရင်းစာအုပ်ကြီးကို ထည်ဝါစွာ တွေ့လိုက်ရပါတယ်။ သြော်... ငါလည်း စာရင်းဖြည့် တန်းစီရမှာအုံးကို ဆိုပြီး အမည်၊ ပတ်စ်ပို့အမှတ်၊ မိဘအမည်တွေ၊ ဖုန်းနံပါတ်တွေ ရေးပြီး အမှတ်စဉ်ကို ကြည့်လိုက်တော့ ၈၆ တဲ့။ အဟင့်...

နောက်မှ သိလိုက်ရတာက ဆယ်တန်းစာမေးပွဲ ပြီးသွားတာတောင် ကိုရွှေမြန်မာများက အစဉ်အလာမပြတ် မနက် ၂ နာရီကတည်းက သံရုံးရှေ့မှာ အခွန်ဆောင်ဖို့ တန်းစီနေကြတုန်းပဲလေ။ သံရုံးကလည်း အဲဒီလို တန်းစီဖို့လည်း မပြောထားပါဘူး။ မနက် ၅ နာရီလောက်မှ စ တန်းစီလည်း ရရဲ့သားနဲ့ ဘာကြောင့်များ ၂ နာရီကတည်းက လာတန်းစီနေကြတာလဲ။ တစ်ယောက်က ၂ နာရီ လာတန်းစီရင် ကျန်တဲ့လူတွေလည်း လိုက်ပြီး တန်းစီကုန်ကြပြီပေါ့။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အခွန်လာဆောင်တာတောင် ဘာကြောင့်များ ကိုယ့်ဆင်းရဲ စိတ်ဆင်းရဲ အပင်ပန်းခံနေကြလဲနော်။ ဘာလို့များ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲနေကြလဲနော်။

မနက် ၉ နာရီခွဲမှာ သံရုံးက အလုပ် စ လုပ်ပါတယ်။ ၁၅ မိနစ်တိုင်းမှာ ငါးယောက် တစ်ခါလောက် ခေါ်နေတော့ မဆိုးလှပါဘူး။ ၁ နာရီဆို အယောက် ၂၀ လောက် ဖောင် တင်ဖြစ်သွားကြတယ်။ ကောင်တာက အန်တီဆီမှာ ဖောင်တင်ပြီးရင် အန်တီက စစ်ဆေးပါတယ်။ ဖောင်မှာ ဖြည့်ထားတာတွေ မှန်ရဲ့လားပေါ့။ အခွန် ဘယ်လောက် ဆောင်ရမလဲဆိုတာကို တွက်ပြပါတယ်။ အဲဒီ ပမာဏကို ဆောင်နိုင်မလား ပေါ့။ ငွေအလုံအလောက် ပါလာလို့ ဆောင်နိုင်တယ်ဆိုရင် အဲဒီဖောင်ကို လက်ခံလိုက်ပြီး ငွေသွင်းဖို့ တိုကင်ပြားလေး ပြန်ထုတ်ပေးပါတယ်။

အဲဒီလိုနဲ့ ငါးယောက်တစ်ခါ ငါးယောက်တစ်ခါ ခေါ်နေလိုက်တာ နေ့လည် ၁၂ နာရီခွဲမှာ အယောက် ၇၀ လောက် ပြီးသွားပါပြီ။ ကျွန်တော့် အမှတ်က ၈၆ ဆိုတော့ မနက်ပိုင်းမှာ ခေါ်တဲ့အထဲ မပါနိုင်ဘူးဆိုတာကို သိပေမယ့် အပြင်လျှောက်သွားရမှာ ပျင်းတာနဲ့ပဲ သံရုံးထဲမှာပဲ ထိုင်ပြီး ရွှေတိဂုံဘုရားကြီးကို ကြည်ညိုဖူးမျှော်နေခဲ့ပါတယ်။ နေ့လည် ထမင်းစားချိန် နားတော့ အပြင်ထွက်ပြီး အနီးအနားက ရှော့ပင်းမောလ်ထဲမှာ ထမင်းသွားစား လိုက်ပါတယ်။ ထမင်းစားပြီးတော့ ဟိုနားဒီနား သဝေထိုးနေပြီး အချိန်ဖြုန်းလိုက်တယ်။ နေ့လည် ၂ နာရီထိုးခါနီးကျတော့ သံရုံးဘက်ကို လမ်းလျှောက် ပြန်လာခဲ့လိုက်တယ်။

သံရုံး ထမင်းစားချိန်က ၁၂ နာရီခွဲကနေ ၂ နာရီအထိ ဖြစ်ပေမယ့် ၂ နာရီ ၁၅ မိနစ်ကျမှ အလုပ် ပြန်စ လုပ်ပါတယ်။ အလုပ် စ လုပ်ပေမယ့် ဖောင်တွေကို တင်ဖို့ မခေါ်နိုင်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေတွေ ၀င်းနေအောင် ၀တ်ထားတဲ့ အသက်ကြီးကြီး ရွှေမမ က မာနကြီးတခွဲသားနဲ့ ဘယ်သူ့ကိုမှ မမေးမမြန်းပဲ ကောင်တာက အန်တီ လာမှပဲ ဘာတွေ လုပ်ရမလဲ ဘာတွေ ဖြည့်ရမလဲဆိုတာကို မပြီးနိုင် မဆီးနိုင် အင်တာဗျူးနေတယ်ဗျာ။ ထမင်းစားချိန်ကမှ သံရုံးကိုရောက်လာပြီး အဲဒီအချိန်ကတည်းက အခန်းထဲမှာ ရှိနေတဲ့ ရွှေတွေကို လုပ်ထုံးလုပ်နည်းတွေ မေးပါလားဗျာ။ မျက်နှာထား တင်းတင်းနဲ့ သူ့လုပ်စာပဲ တစ်လောကလုံး ထိုင်စားနေတယ်များ မှတ်နေလား မသိဘူး။ ဘာမှ မမေးမမြန်း ခပ်တည်တည် ထိုင်နေပြီးတော့ အခုမှ သူများ အလုပ်ချိန်ကျမှ ထမေးတော့ အဆူအဟောက် ခံလိုက်ရတာ မသနားတဲ့အပြင် ဖနောင့်နဲ့ပါ ထပ်ပေါက်ချင်တယ်။ ဟုတ်တယ်လေ သူလုပ်လိုက်လေ ၁၀ ယောက်စာ အချိန် နာရီဝက် ကုန်သွားတယ်။ ကြာတော့ ဟိုအန်တီလည်း စိတ်မရှည်ပဲ ဆူတော့ ဟောက်တော့ တာပေါ့ဗျာ။

အဲဒါနဲ့ပဲ ကျွန်တော့်အလှည့်ကို နောက်ထပ် နာရီဝက်အတွင်းမှာ ရောက်လာခဲ့ပါတယ်။ အမည်ခေါ်ခံလိုက်ရတော့ ပျော်လိုက်တာနော်... ပြောမပြတတ်အောင်ပဲလေ။ အဲဒါနဲ့ ကောင်တာနားကို သွားလိုက်ပါတယ်။ ရှေ့က လူတွေကလည်း လူတွေပဲ။ အားနေတဲ့အချိန်မှာ ကိုယ့်ဖောင်လေးကို ဖြည့်ထားပါလား။ ဟိုက ခေါ်မှာ ဖောင်မှာက မဖြည့်ရသေးတဲ့ အပေါက်တွေနဲ့။ အခွန်ဆောင်မယ်ဆို လခ ဘယ်လောက် ရလဲဆိုတာကို ဖြည့်ရမှာကို မဖြည့်ထားဘူး။ ဘယ်နှလစာ အခွန်ဆောင်မှာလဲ ကို မဖြည့်ထားဘူး။ ဟိုက မေးမှ ဖြည့်တော့ သူတို့အတွက် အချိန်တွေ ထပ်ကုန်တာပေါ့ဗျာ။

ကျွန်တော့်အလှည့်ကျတော့ ရှင်းပါတယ်။ နဂိုကတည်းက သေချာ ကြိုတင် ပြင်ဆင်ခဲ့ပြီးသားလေ။ ကော်ပီ ကူးစရာတွေကိုလည်း အဆင့်သင့် ကူးထားပြီးသား။ ပတ်စ်ပို့ ဓါတ်ပုံပါတဲ့ စာမျက်နှာ၊ ပတ်စ်ပို့ သက်တမ်းပါတဲ့ စာမျက်နှာ၊ အက်စ်ပတ်စ်ကဒ် ကော်ပီ၊ အခွန်တစ်ခါမှ မဆောင်ထားရသေးတဲ့အတွက် အလုပ်က လစာနဲ့ ပါတ်သတ်တဲ့ ထောက်ခံစာ (မှတ်ချက်။ ။ ကိုယ့်ဘာသာ ကိုယ် ထောက်ခံလိုက်ပါတယ်) တွေကို အတွဲလိုက် တင်ပေးလိုက်တော့ အေးဆေးပဲလေ။ တစ်လကို ၈၀ ဒေါ်လာနဲ့ အခွန် ၁ နှစ်စာအတွက် ၉၆၀ ဒေါ်လာ၊ စာအုပ် သက်တမ်းတိုးတာက ၃၀၀ ၊ စုစုပေါင်း ၁၂၆၀ ဒေါ်လာ ဆောင်ရမယ်။ ဆောင်နိုင်လား ဆိုတော့ ဟုတ်ကဲ့ ဆောင်နိုင်ပါတယ်ပေါ့။ ၂ မိနစ်တောင် မကြာဘူး။ အဲဒီလို မြန်တာ။ အဲဒါနဲ့ တိုကင်အမှတ် ၇၃ နဲ့ တိုကင်ပြားလေး ထွက်လာပါတယ်။

တိုကင်ပြားလေး ကိုင်ပြီး ကိုယ့်နေရာကို ပြန်ထိုင်ပေါ့။ အဲဒီ ခုံဘေးမှာ အလယ်တန်းကျောင်းမှာ သင်ခဲ့ဖူးတဲ့ ဆရာမနဲ့ ပြန်တွေ့သေးတယ်။ အစက ဆရာမက ရှေ့တန်းမှာ ထိုင်နေတော့ မတွေ့မိလိုက်ဘူး။ နောက်မှ ကျွန်တော့် ခုံဘေးမှာ လာထိုင်နေတော့ တွေ့မိတာလေ။ ဆရာမနဲ့ ပြန်တွေ့ရတာ ကလေးဘ၀ကို ပြန်ရောက်သလိုပါပဲ။ တကယ်ပါ ကျောင်းတုန်းက ဆရာတွေနဲ့ ပြန်တွေ့ရင် ကျွန်တော် ပြန်ငယ်သွားသလို ခံစားရပါတယ်။ ဆရာမနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပေါ့။ ဆရာမက ၂၀၀၄ လောက်ကတည်းက သူ့ကလေးတွေကို ဒီမှာ ကျောင်းလာထားဖို့ ရောက်နေတာလေ။

ဆရာမနဲ့ စကားပြောရင်း အချိန်တွေ ကုန်မှန်း မသိ ကုန်သွားတယ်။ ညနေ ၃ နာရီခွဲလောက် ရောက်တော့ ကျွန်တော့် တိုကင်အမှတ်ကို ငွေသွင်းကောင်တာက လှမ်းခေါ်ပါတယ်။ စင်္ကာပူဒေါ်လာ ၅၀ တန် အထပ်ထပ်နဲ့ ဆယ်တန်တစ်ရွက်ကို လက်မှာကိုင်လို့ ... စိတ်ထဲမှာ ရွှေတိဂုံဘုရားကြီးကို ရည်စူးလို့ ... အနားတ၀ိုက်က ခုံတွေမှာ ထိုင်နေတဲ့သူတွေကို ကျွန်တော့်အလှူအတွက် သာဓုခေါ်ဖို့ တီးတိုးမှာကြားရင်း နိုင်ငံတာဝန် ကျေပွန်ဖို့အတွက် အခွန်ငွေ ၁၂၆၀ ဒေါ်လာ ဆောင်ခဲ့လိုက်ပါတယ်။ ကောင်တာက အခွန် ၁ နှစ်စာ ဆောင်ထားကြောင်း ထောက်ခံစာ ပြန်ထုတ်ပေးပါတယ်။ သြော်... စာရွက် ၁ ရွက်အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက အတော်ကြီးတာပဲနော်။

အခွန်ပြေစာ ရပြီးတော့ ဆရာမနဲ့ ခဏတဖြုတ် စကားပြောနေပါသေးတယ်။ ဆရာမရဲ့ တန်းစီအမှတ်က ၁၃၀၀ ကျော်ဆိုတော့ အတော်ကြာအုံးမှာဆိုတော့ ဆရာမက ကျွန်တော်ကို ပြန်ခိုင်းပါတယ်။ အဲဒါနဲ့ သံရုံးကနေ ညနေ၄ နာရီကျော်မှာ ရင်ကိုကော့ ခေါင်းကိုမော့ပြီး အောင်ပွဲရ ခြေလှမ်းကြဲများနဲ့ တစ်လှမ်းချင်း လှမ်းပြီး ထွက်ခွာလာခဲ့ပါတော့တယ်။

သံရုံးမှာ အခွန်ဆောင်တဲ့ လုပ်ထုံးလုပ်နည်းကို အနှစ်ချုပ် ပြောရမယ်ဆိုရင်တော့ လိုအပ်တဲ့ ပတ်စ်ပို့၊ အိုင်ဒီကဒ် စာရွက်စာတမ်းတွေကို ကော်ပီကူးလာခဲ့ပါ။ မြန်မာသံရုံးက ကော်ပီကူးစက်က တခါတလေ သုံးရတာ အဆင်မပြေပါဘူး။ ရေဘူး၊ သကြားလုံး၊ အစားအစာ ယူလာခဲ့ကြပါ။ လိုအပ်တဲ့ဖောင်ကို ပြည့်စုံစွာ ဖြည့်ပါ။ လခကိုလည်း ဖြည့်ထားပါ။ အက်စ်ပတ်စ်ဆို ၈၀ ဖြည့်ရင် ရပါတယ်။ သူတို့ အမေးအမြန်း မထူပါဘူး။ ကျွန်တော်တို့ လိမ်နေတာကို သူတို့လည်း သိပါတယ်။ နောက်တစ်ခုက ကိုယ့်ဘက်က မှားနေတာရှိရင် ကြည့်လုပ်ပေးပါလို့ လုံးဝ မပြောပါနဲ့။ အတော်ကို စိတ်ဆိုးပါတယ်။ သံရုံးဝန်ထမ်းတွေက တရားဝင် ဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန် လုပ်ပေးနေတာပါ။ အကြံအဖန် မပါတဲ့အတွက် ကြည့်လုပ်ပေးပါလို့ မပြောပါနဲ့။ သူတို့ ပြောသမျှကိုပဲ နားထောင်ပြီး ဖြည့်ဆည်းပေးလိုက်ပါ။ တတ်နိုင်သမျှ စကားကို ချိုချိုသာသာနဲ့ အတိုချုံး ပြောပါ။ အရစ် မရှည်ကြပါနဲ့။ နောက်မှာ စောင့်နေရတဲ့သူတွေကို အားနာကြပါ။ မသိတာရှိရင် မြန်မာပီပီ အနားတ၀ှိုက်က ဘ၀တူ ရွှေတွေကို မေးကြပါ မြန်းကြပါ။ အဝေးမြေကို ရောက်နေကြပေမယ့် ကူညီရိုင်းပင်းတတ်ပါတယ်။

ကဲ... အဲဒါတွေက မနေ့ကပေါ့။

Tuesday, March 25, 2008

Constitutional Referendum -9

ကျွန်တော့် စိတ်ထဲရှိတဲ့ အတိုင်းဆိုရင်တော့ မထောက်ခံဘူး။ ဘာလို့လဲဆိုတော့ လက်ရှိကို မကြိုက်လို့ပါ။ လုပ်တာတွေဟာ ပြည်သူတွေအတွက် ဒုက္ခဖြစ်လာတာတွေပဲများတဲ့ လူတွေဆွဲတဲ့ ဥပဒေမို့ မယုံဘူးပေါ့။

အကြီးတွေကိုထားလို့... ဥပမာ.. ပိစိကွေးလေး နဲနဲ ပဲပြောပါမယ်။ မြောက်ဒဂုံ ဘေလီတံတားက နှစ်တိုင်း မိုးတွင်းတိုင်း ပြဿနာတက်တယ်။ ဘယ်စည်ပင်မှ လာမပြင်ဘူး။ ၂ ပတ်လောက်နေမှ ကတ္တရာတွေကို လမ်းအဆက်တွေကြား အပေါ်ယံ သနပ်ခါးလိမ်းသလို လုပ်သွားတယ်။ နောက် ၁၀ ရက်လောက်နေ ထပ်ပျက်... ဒီလိုပဲ နဲနဲ လာပြင်လိုက်နဲ့ သံသရာလည်နေတာ ၄နှစ်ကျော်ခဲ့ပြီ။ မြို့တော်ဝန်တစ်ဦး အနေနဲ့ တာဝန်ရှိသူတွေ အနေနဲ့ မသိလို့ပါလို့ပြောရင်... မသိတဲ့ တာဝန်ရှိတဲ့သူ ထွက်ပေါ့။ အဲသလိုပဲ လမ်းအပေါက် ဖာတယ်။ ည လူခြေတိတ်ချိန် ၊ ယာဉ်အသွားအလာ ရှင်းချိန်ထက် လူစည်ကားတဲ့ အချိန်မှာ လုပ်ကွက်ပြတဲ့ အနေနဲ့ လုပ်တော့ လမ်းကြောတွေပိတ်ကုန်ရော။ ဒါကိုရော တာဝန်ရှိတဲ့သူတွေ မသိဘူးလား။ ဒီလောက်လေးမှ စဉ်းစားဥာဏ်မရှိရင် တာဝန်ရှိတဲ့သူကြီး မလုပ်ပါနဲ့။ဒါကို လမ်းပြင်တာပါလို့ ကျွန်တော်ကတော့ ခံစားလို့မရဘူး။

မီးပျက်လို့ တိုင်တယ်။ ဘာပြောတယ်မှတ်လဲ... အချိန်တန်ရင် ရမှာပေါ့တို့... လူနည်းနည်းလေးနဲ့ လုပ်ရတာ နားလည်ပေးပါတို့... ပျက်တာ ခင်ဗျားတစ်ယောက်ထဲ မဟုတ်ဘူးတို့ ပေါ့။ ၀န်ထမ်းတစ်ဦးရဲ့ စကားလုံးတွေဟာ သက်ဆိုင်ရာ ဌာနတွေကို ကိုယ်စားပြုပါတယ်။တာဝန်ရှိသူတွေက အဲဒီလောက်တော့ သိမှာပါ။ ဒါဆိုဘာလို့ မပြင်တာလဲ။

ပြင်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ပြင်ရင် ခဏပေမယ့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးလို့ ပြင်ရပြီဆိုရင် ပြင်တတ်အုံးမှ... ပြင်ချင်တဲ့စိတ်ရှိအုံးမှ... ယုတ်စွအဆုံး ပျက်နေပါတယ် ဆိုကိုတောင် သိအုံးမှ။

တာဝန် ဆိုတာ တာဝန်ယူတတ်တဲ့ စိတ်ရှိတဲ့သူရဲ့ လက်ထဲမှာပဲရှိသင့်တယ်။

လောလောဆယ်ကြည့်... စလောင်းတွေကိစ္စ။ ဘယ်မလဲတာဝန်ယူမယ့်သူ... ဟိုလူလိုလို ၊ ဒီလူလိုလို နဲ့လေ.... ဒါက သေးသေးလေးကိစ္စ။

အဆင့်ဆင့် ညာနေတဲ့သူတွေ လုပ်တာမို့ မယုံဘူးဗျာ.....။

ဒါပေမယ့် သူ့ကို မကြိုက်လို့ သူလုပ်သမျှ မထောက်ခံပါဘူးဆိုတဲ့ အထဲမှာလည်း ကျွန်တော် မပါပါဘူး။ ဒါကြောင့် ထောက်ခံရင် ဘာ ၊ ဘယ်လို.....။ မထောက်ခံရင် ဘာ ၊ ဘယ်လို ဆိုတာ စဉ်းစားတုန်းပဲရှိသေးတယ်။

ကျွန်တော်တစ်ဦးထဲ ခံစားချက်ထက် ဖြစ်လာမှာကို ပြောချင်တယ်.....။
အခု ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည် ဖြစ်ပါမယ်။ သေသေချာချာ စဉ်းစားကြပါ။

နောက်အရေးကြီးတာက ဥပဒေမှာ ဘယ်လိုရှိရှိ အကောင်အထည်ဖော်တဲ့သူရဲ့ စိတ်ဓါတ် အင်မတန် အရေးကြီးပါတယ်။ တိုင်းပြည်တစ်ခု မဆိုထားနဲ့ အိမ်တစ်အိမ်တောင် စီးပွားရေး နဲ့ လုံခြုံရေး (ကာကွယ်ရေး) ကောင်းရပါမယ်။ ဒါကြောင့်.... လုပ်ဆောင်သူတွေ (၁)စိတ်သဘောထားပြည့်ဝရမယ်၊ နားလည် သည်းခံနိုင်မှု့ ရှိရမယ် (၂)လူမိုက်အလုပ် မလုပ်ရဘူး (၃)လုပ်ရည်ကိုင်ရည်ရှိပြီး စဉ်းစားတွေးခေါ်နိုင်သူ ဖြစ်ရမယ်။ ခေါင်းဆောင်တစ်ဦး အဲဒီလောက် အချက်နဲ့ ပြည့်စုံရင်ပဲ တော်တော် ကောင်းနေပါပြီ။

ဥပဒေ ဘယ်လိုကောင်းကောင်း လုပ်ဆောင်တဲ့ သူတွေရဲ့ အကျင့်စာရိတ္တ ပျက်ပြားမယ်ဆိုရင်... သွားမှာပဲ။သူက ကြည့်လိုက်တိုင်း ဂွင် ပဲ ကြည့်နေမှာကိုး။ ကျွန်တော်တို့ အရှေ့တိုင်းသားတွေရဲ့ စိတ်က သူရဲကောင်း ကိုးကွယ်တဲ့စိတ်ဗျ။ ခေါင်းဆောင်ကောင်းရင် နောက်ကလိုက်ဖို့အသင့်ပဲ။

ငါနဲ့ မတည့် ငါ့အိုးပုတ်ပြန်ပေးလို့တော့ ငယ်ငယ်တုန်းကလို မပြောနဲ့ပေါ့။

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို KZAW1970 ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Monday, March 24, 2008

Donation Statement

Donation Received and Expenditures Statement
for Hlaing Thar Yar (Yay Oak Kan Village)
Fire Victim Case as at 18 March 2008

ရေဥက္ကံကျေးရွာ မီးဘေးသင့်သူများအတွက် ကောက်ခံရရှိသော အလှူငွေနဲ့ပစ္စည်းစာရင်း
Donation Received in kind of Cash

စကာင်္ပူမှ ကောက်ခံရရှိ အလှူငွေ = ၂၅၂၁၆၀၀ ကျပ် (နှစ်သန်းငါးသိန်းနှစ်သောင်းတစ်ထောင့်ခြောက်ရာကျပ်)
အမေရိကားမှ ကောက်ခံရရှိ အလှူငွေ = ၄၄၀၀၀၀ ကျပ် (လေးသိန်းလေးသောင်းကျပ်)
MIT မှ အမ်ဒီ အလှူငွေ = ၁၅၀၀၀၀ ကျပ် (တစ်သိန်းငါးသောင်းကျပ်)
MIT မှ ၀န်ထမ်းများ အလှူငွေ = ၁၄၀၀၀၀ ကျပ် (တစ်သိန်းလေးသောင်းကျပ်)
ထိုင်းမှ ရည်မွန် အလှူငွေ = ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)
အလင်းလှိုင်းအဖွဲ့ အလှူငွေ = ၈၀၀၀၀ ကျပ် (ရှစ်သောင်းကျပ်)
မဆိုင်ဘာကန်ဒယ်လ် အလှူငွေ = ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
ရန်ကုန်မှ ကောက်ခံရရှိ အလှူငွေ = ၆၅၀၀၀ ကျပ် (ခြောက်သောင်းငါးထောင်ကျပ်)
ရန်ကုန်ဘလော့ကာများ အလှူငွေ = ၈၀၀၀၀ ကျပ် (ရှစ်သောင်းကျပ်)
Raven BDC မှ မန်ဘာများ အလှူငွေ = ၄၁၀၃၅ ကျပ် (လေးသောင်းတစ်ထောင်သုံးဆယ့်ငါးကျပ်)

စုစုပေါင်း ကောက်ခံရရှိ အလှူငွေ = ၃၆၆၇၆၃၅ ကျပ်
(သုံးသန်းခြောက်သိန်းခြောက်သောင်းခုနစ်ထောင့်ခြောက်ရာသုံးဆယ့်ငါးကျပ်)

Donation Received in kind of Things
Raven BDC မှ ပျဉ်းမျှတန်ဖိုး ကျပ်၂၅၀၀ တန် အ၀တ်အစား ၃၆၅ ထည် = ၉၁၂၅၀၀ ကျပ် (ကိုးသိန်းတစ်သောင်းနှစ်ထောင့်ငါးရာကျပ်)
Raven BDC မှ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင် ၂၀၀၀ စောင် = ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)
အလင်းလှိုင်းအဖွဲ့မှ ပျဉ်းမျှတန်ဖိုး ကျပ် ၂၅၀၀ တန် အ၀တ်အစား ၄၀ ထည် = ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)
ရန်ကုန်ဘလော့ကာများမှ ကြက်ဥ အလုံး ၂၀၀၀ = ၂၀၀၀၀၀ ကျပ် (နှစ်သိန်းကျပ်)

စုစုပေါင်း ပစ္စည်းတန်ဖိုး = ၁၃၁၂၅၀၀ ကျပ် (တစ်သန်းသုံးသိန်းတစ်သောင်းနှစ်ထောင့်ငါးရာကျပ်)

Raven BDC မှ အထွေထွေစရိတ်အတွက် စိုက်ထုတ်ကျခံ လှူဒါန်းငွေ= ၄၅၀၀၀ ကျပ် (လေးသောင်းငါးထောင်ကျပ်

Total Donation Received
စုစုပေါင်း ကောက်ခံရရှိသော လှူဒါန်းမှုတန်ဖိုး
၃၆၆၇၆၃၅ + ၁၃၁၂၅၀၀ + ၄၅၀၀၀ = ၅၀၂၅၁၃၅ ကျပ် (ငါးသန်းနှစ်သောင်းငါးထောင့်တစ်ရာသုံးဆယ့်ငါးကျပ်)
-----------------------------------
ရေဥက္ကံကျေးရွာ မီးဘေးသင့်သူများအတွက် လှူဒါန်းမှု ကုန်ကျငွေစာရင်း
Total Donation List အသားတင် လှူဒါန်းမှုတန်ဖိုး
လှူဒါန်းငွေများဖြင့် ၀ယ်ယူသော တစ်ထည်လျှင် ၁၂၀၀ တန် တီရှပ်အထည် ၂၅၀၀ ထည် = ၃၀၀၀၀၀၀ ကျပ် (သုံးသန်းကျပ်)
တစ်အိမ်ထောင်လျှင် ၅၀၀ ကျပ်နှုံးဖြင့် အိမ်ထောင်စု ၁၂၀၇ စုအတွက် ငွေသား = ၆၀၃၅၀၀ ကျပ် (ခြောက်သိန်းသုံးထောင့်ငါးရာကျပ်)
Raven BDC မှ ပျဉ်းမျှတန်ဖိုး ကျပ် ၂၅၀၀ တန် အ၀တ်အစား ၃၆၅ ထည် = ၉၁၂၅၀၀ ကျပ် (ကိုးသိန်းတစ်သောင်းနှစ်ထောင့်ငါးရာကျပ်)
Raven BDC မှ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင် ၂၀၀၀ စောင် = ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)
အလင်းလှိုင်းအဖွဲ့မှ ပျဉ်းမျှတန်ဖိုး ကျပ် ၂၅၀၀ တန် အ၀တ်အစား ၄၀ ထည် = ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)
ရန်ကုန်ဘလော့ကာများမှ ကြက်ဥ အလုံး ၂၀၀၀ = ၂၀၀၀၀၀ ကျပ် (နှစ်သိန်းကျပ်)

စုစုပေါင်း လှူဒါန်းမှုတန်ဖိုး = ၄၉၁၆၀၀၀ ကျပ် (လေးသန်းကိုးသိန်းတစ်သောင်းခြောက်ထောင်ကျပ်)

General Expenditures အထွေထွေ စရိတ်စကများ
တီရှပ်ထည့် ပလတ်စတစ်အိတ် (တစ်အိတ် ၂၀ ကျပ်) ၂၉၀၅ အိတ် = ၅၈၁၀၀ ကျပ် (ငါးသောင်းရှစ်ထောင့်တစ်ရာကျပ်)
အလှူငွေထည့် စက္ကူစာအိတ် (တစ်အိတ် ၅ ကျပ်) ၁၂၀၇ အိတ် = ၆၀၃၅ ကျပ် (ခြောက်ထောင့်သုံးဆယ့်ငါးကျပ်)
အလှူပစ္စည်းများကို သယ်ယူပို့ဆောင်ခ စရိတ် = ၂၀၀၀၀ ကျပ် (နှစ်သောင်းကျပ်)
လုပ်အားပေးများကို နေ့လည်စာ ကျွေးမွေးစရိတ် = ၁၀၀၀၀ ကျပ် (တစ်သောင်းကျပ်)
လုပ်အားပေးများကို ညစာ ကျွေးမွေးစရိတ် = ၁၅၀၀၀ ကျပ် (တစ်သောင်းငါးထောင်ကျပ်)

စုစုပေါင်း အထွေထွေစရိတ်= ၁၀၉၁၃၅ ကျပ် (တစ်သိန်းကိုးထောင့်တစ်ရာသုံးဆယ့်ငါးကျပ်)

Total Expenditures
စုစုပေါင်း ကုန်ကျသုံးစွဲငွေ (အလှူငွေပစ္စည်းနှင့် အထွေထွေ စရိတ်စကများ)
၄၉၁၆၀၀၀ + ၁၀၉၁၃၅ = ၅၀၂၅၁၃၅ (ငါးသန်းနှစ်သောင်းငါးထောင့်တစ်ရာသုံးဆယ့်ငါးကျပ်)

Sunday, March 23, 2008

Constitutional Referendum -8

မြန်မာ့အနာဂတ် သာယာလှပစေရေးအတွက် ကိုယ်ကျိုးမဖက်၊ ဘ၀ အပျက်ခံ၊ အသက် ထွက်ခံပြီး ဆောင်ရွက်နေသူ အားလုံးကို တကယ့်ရင်ထဲ အသည်းထဲက လေးစားပါတယ်။ ဒါပေမယ့် အဲသလို လုပ်နေသူတိုင်း၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်သူများဖြစ်တယ်လို့တော့ ကျွန်တော်မမျှော်လင့်ပါ။ ဆိုပါစို့ရဲ့ ဒေါ်စုလို၊ ဦးဝင်းတင်လို၊ ကိုပေါ်ဦးလို၊ ကိုကိုကြီးလို လူတွေ အပေါ်မှာတော့ စွန့်လွှတ်နိုင်မှု၊ ဇွဲကြီးမှု၊ အမြော်အမြင်ရှိမှု၊ ပြည်သူ့အပေါ်စေတနာထားမှု (အင်တာဗျူးများက တစ်ဆင့်) တွေအတွက် သူတို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့အပြင် အခြားသောသူများ (ယနေ့ထက်ထိ တစ်ဘ၀လုံးပုံပြီး အတိုက်ခံလုပ်နေသူများ) အများအပြား ရှိပါလိမ့်ဦးမယ်။ လုပ်နိုင်ကိုင်နိုင်မယ့် အရည်အချင်း၊ ရိုးသားမှု၊ စေတနာတရား ရှိသူများပေါ့ဗျာ။

ယူဆချက်တစ်ခုရှိနေပါတယ်။ ဥပဒေကို အတည်ပြု လက်ခံလိုက်ပါ။ ရွေးကောက်ပွဲကျမှ ၀င်အရွေးခံလိုက်၊ လွှတ်တော်ထဲမှာ လူထုထောက်ခံတဲ့ ကိုယ့်လူတွေ တစ်စုံတစ်ရာ ရာခိုင်နှုန်းပါလာမယ်။ အဲတော့မှ တဖြည်းဖြည်း ပြင်ယူကြတာပေါ့ ဆိုတဲ့ အယူအဆပါ။

လောလောလတ်လတ် ဖတ်လိုက်ရတဲ့ အချက်တစ်ချို့ တင်ပြကြည့်ချင်ပါတယ်။ လွှတ်တော်ထဲမှာ တစ်စုတစ်ဖွဲ့ရဲ့ အဆုံးအဖြတ်သည်သာ အခရာ ကျအောင် စနစ်တကျ စီမံဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ အပေါ်မှာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကဲထားပါ။ ဒီကနေ့ စွန့်လွှတ်စွန့်စားပြီး နိုင်ငံရေးလုပ်နေကြတဲ့ အတိုက်အခံများ (ကျောင်းသားခေါင်းဆောင်များ အပါ)ဟာ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ၊ အခြေခံပြည်သူ အများစု ချစ်ကြတဲ့၊ လိုလားနှစ်သက်ကြတဲ့ အပြည့်အ၀ ထောက်ခံကြတဲ့သူများလို့ သတ်မှတ်ကြည့်ကြပါစို့။ သူတို့ရဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ အရေးအရာမှာ နိုင်ငံရေးအရ ပါဝင်လုပ်ဆောင်နိုင်ခွင့်ကို ကြည့်ကြရအောင်ပါ။

ဒီလိုဗျာ။ အခု ကျွန်တော်တို့ အတည်ပြုပေးရမယ့်ဖွဲ့စည်းပုံမှာ...
၁။ ပြစ်မှုတစ်ခုခုနဲ့ အကျဉ်းကျဖူးသူ၊ တရားရုံးတစ်ခုခုက ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ မဖြစ်ရ (လက်ရှိ တက်ကြွစွာ လှုပ်ရှားနေသူအားလုံး... ထောင်ထဲရော၊ အပြင် ပြန်ရောက်နေသူတွေ အပါအ၀င်... အဲဒီအချက်နဲ့ ကင်းလွတ်သူ မရှိသလောက်ပါပဲ)
၂။ တာဝန်ရှိအဖွဲ့အစည်းတစ်ခုက ရွေးကောက်ပွဲဝင်ရန် မသင့်လို့ ဆုံးဖြတ်ထားသူ မဖြစ်ရ (ဥပမာ။ ဒေါ်စု)
၃။ ပြည်ပအစိုးရတစ်ခုခုကို သြဇာခံထားသူ မဖြစ်ရ (သတင်းစာများရဲ့ အာဘော်အရ မြန်မာပြည်က အတိုက်အခံ အားလုံးဟာ ပြည်ပသြဇာခံများ ဖြစ်ကြပါတယ်)
၎။ နိုင်ငံရေးပါတီအားလုံးဟာ စည်းကမ်းကျ စစ်မှန်သော ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို လိုက်နာရမယ်။ (ဒီချုပ်အပါအ၀င် လက်ရှိနိုင်ငံရေးပါတီများ (တစညနဲ့ နောက်ထပ် အုပ်စိုးသူအလိုကျ ဖွဲ့ထွက်လာမယ့် အေးလွင်တို့လိုမျိုး... ပါတီကလွဲလို့) လက်ရှိဖွဲ့စည်းပုံရဲ့ မမျှတမှုတွေကို လက်ခံနိုင်လိမ့်မယ် မထင်ပါ။
၅။ နိုင်ငံရေးပါတီတစ်ခုဟာ မတရားအသင်းအဖွဲ့အဖြစ် ကြေငြာခံရမယ်ဆိုရင်၊ သူပုန်အဖွဲ့အစည်းများနဲ့ ဆက်သွယ် အားပေး ထောက်ခံလုပ်ရင်၊ ပြည်ပနိုင်ငံအစိုးရ တစ်ခုခုဆီက အဖွဲ့အစည်းတစ်ခုခုဆီက... လူပုဂ္ဂိုလ် တစ်ဦးဦးဆီက ငွေကြေးနဲ့ အခြားအထောက်အပံ့ယူရင် အဲဒီပါတီကို တရားဝင် တည်ရှိခွင့်က ရပ်စဲပြစ်မယ်။ (သတင်းစာရှင်းလင်းပွဲပေါင်း များစွာမှာ အခုဖေါ်ပြခဲ့တဲ့ အသုံးအနှုံး ဝေါဟာရပေါင်း များစွာကို နားမဆန့်အောင် ကြားခဲ့ကြရပြီး ဖြစ်မယ်ထင်ပါတယ်)

အဲတော့ကာ လက်ရှိ နိုင်ငံရေးမျက်နှာစာ (ပြည်တွင်းပြည်ပ)မှာ ရှေ့တန်းရောက်နေသူ အားလုံးရဲ့ အနာဂတ်ကို ကျွန်တော်ဘာမှ မှတ်ချက်ပေးစရာ လိုတော့မယ်မထင်ပါ။ နောက်ဆုံး မြန်မာနိုင်ငံရဲ့ စည်းကမ်းပြည့်ဝသော လွှတ်တော်ထဲမှာ ကြံ့ခိုင်ဖွံဖြိုးပါတီ၊ တစည ပါတီ၊ ၈၈မျိုးဆက် ကျောင်းသား (မြန်မာနိုင်ငံ)ပါတီက လူတွေနဲ့ ဒင်းကြမ်း ပြည့်နေပါလိမ့်မယ်။ လိုလိုပိုပို ကာထားတဲ့ (၂၅)ရာနှုံးလည်း အေးဆေး လွှင့်ပစ်လိုက်ရုံပါပဲ။

လဘ်ယူလဘ်စားမှု၊ ကိုယ်ကျိုး မိသားစုအကျိုး လွန်လွန်ကဲကဲကြည့်မှု၊ အခွင့်အာဏာ အလွဲသုံးမှုတွေနဲ့ သွေးဆုံးနေသူ (ဘယ်တော့မှ ကောင်းမှုအသစ်များကို မွေးဖွား ပေးနိုင်တော့မှာ မဟုတ်သူ) တွေ လက်ထဲမှာ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော် အလံကြီး တလူလူလွင့်နေမှာကို စိတ်ကူးကြည့်လို့ရပါတယ်။ မဲစနစ်နဲ့ အခြေခံဥပဒေကို ပြင်မယ်ဆိုပါစို့ရဲ့။ ပြင်မရအောင် လုပ်ထားတဲ့ ရာနှုံးအချိုးအစားကို ဘယ်လို လုပ်ထားတယ် ဆိုတာ မြင်ပြီးလောက်ပြီ ထင်ပါတယ်။
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို recondite ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Saturday, March 22, 2008

Constitutional Referendum -7

၂၀၁၀ ကို မေ့ထားလို့ရမယ်ထင်တယ်။ ဘာမှ အရေးမပါဘူးလို့ ကျွန်တော် ယူဆပါတယ်။ အဆင့်(၄)ဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဆုံးဖြတ်မယ့် သော့ချက်ဖြစ်တယ်လို့ ခံစားရပါတယ်။ အဲဒီအဆင့်မှာ ထောက်ခံမဲ အသာနဲ့ (ညစ်လို့ပဲဖြစ်ဖြစ်၊ အဓမ္မနည်းနဲ့ပဲဖြစ်ဖြစ်) ရယူနိုင်ခဲ့ပြီဆိုရင်တော့ ကျန်တဲ့အဆင့်ဟာ အခွံနွှာထားတဲ့ ငှက်ပျောသီး ဖြစ်သွားပါပြီ။ မြိုလိုမြို ဆို့လိုဆို့၊ ၀ါးလိုဝါး စားလိုစားပါပဲ။

ဘာ့ကြောင့်လဲဆိုတော့ ကိုယ်လိုသလို တည်ဆောက်ထားတဲ့ ယန္တယား အခြေခိုင်သွားလို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင်၊ ဘယ်ပါတီက ၀န်ကြီး ဘယ်သူဖြစ်ဖြစ်၊ အခြေခံဖွဲ့စည်းပုံမှာပါတဲ့ ဖရိန်အတိုင်း ကပြကြရမှာပါပဲ။ ကိုယ်တိုင်ဆင်ထားတဲ့ဖဲကို ကိုယ်လိုသလို ချိုးနိုင်ခဲ့ပြီဖြစ်လို့ ဘယ်သူ့အိမ်မှာ ဘာဖဲပါမယ် ဆိုတာကအစ သိနေနိုင်ပါပြီ။ စိန်စီသောနန်းတော်မှာ လည်တိုင်ကျိုးမတတ် ဆင်မြန်းနိုင်သူတွေနဲ့ နေ့ဖို့ညစာ ထမင်းရည်ချန်ထား စုထားရသူတွေ သရုပ်ဆောင်ရမယ့် ဇာတ်ညွှန်းကြီးလည်း ပြီးသွားပါပြီ။ ဘယ်ပါတီ၊ ညာပါတီ၊ ဘယ်ဝန်ကြီး၊ ဘာချုပ်ကြီးတွေဆိုတာ မှန်ထိုးမီးထိုး ခုံသယ် ခလုပ်နှိပ် အဆင့်လောက်ပဲ ရှိပါတော့မယ်။ အပြင်ရောက်နေတဲ့ နိုင်ငံသားတွေက အဲဒီဇာတ်ကြီးကို သေတပန်သက်ဆုံး မျက်ရည်လည်ရွဲနဲ့ ကြည့်နေကြရပါ့မယ်။ အတွင်းမှာ နေထိုင်သူတွေက ဆန္ဒပါပါ မပါပါ ဒီဇာတ်ညွှန်းကြီးအတိုင်း ကပြကြရပါမယ်။

အဲသလိုနဲ့ ကလေးတွေမွေး၊ မြေးတွေမွေး။ သူတို့လည်း ဆက်က ကြပေါ့ဗျာ။ နိုင်ငံတကာဆိုတာကလည်း ပြည်သူအများစုက ကြည်ဖြူကျေနပ်စွာ ချထားတဲ့ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရကို ခုလောက် ဖိအားပေးနိုင် အော်ဆဲနိုင်တော့မယ် မထင်ပါဘူး။ တရုတ်၊ ကုလား၊ ရုရှား၊ အာဆီယံ၊ ဂျပန်တို့က အရင် လာပလူးပါလိမ့်မယ်။ အနောက်အုပ်စုက အော်နိုင်ရင် ဘယ်နှနှစ်လဲ။ တစ်နှစ်လား၊ ဆယ်နှစ်လား၊ အနှစ် နှစ်ဆယ်လား။ ပြီးရင်နားပေါ့။

နိုင်ငံတစ်နိုင်ငံ ဂုဏ် သိက္ခာ ရှိဖို့၊ စီးပွားရေးအရ ဖွံဖြိုးတိုးတက်ဖို့၊ နိုင်ငံသူနိုင်ငံသားတွေ မွေးရာပါအခွင့်အရေး အပြည့်အ၀ရဖို့၊ လူမှုအဆင့်အတန်းရှိဖို့ဆိုတာ ဦးဆောင်ဦးရွက်ပြုမယ့် သူတွေရဲ့ ဥာဏ်ပညာ၊ အမြော်အမြင်၊ စေတနာတရားနဲ့ ကိုယ်ကျိုးမဖက်မှုပေါ်မှာ မူတည်ပါတယ်။ အဲလိုခေါင်းဆောင်မျိုး ကျွန်တော်တို့ လက်ခံရနိုင်တယ်လို့ ယုံကြည် မျှော်လင့်ထားမယ်ဆိုလည်း ဟစ်ဟော့သီချင်းတစ်ပုဒ် ဆိုချင်တယ်။ (ကောင်းပါတယ်... ကောင်းပါတယ်...)

၂၁ရာစုဆိုတာ လေးနဲ့မြား မလိုတော့တဲ့ ရာစုဖြစ်ကြောင်း ကြားဖူးပါတယ်။ ညက အိပ်မက်မှာ သွေးညီနံ့တွေရတယ်။ တိုင်းရင်းသားများနဲ့ မြန်မာ့ချစ်ကြည်ရေးဟာ ပုဆိုး၊ ဘောင်းဘီ၊အကျီမကပ် နိုင်ပဲ၊ နိုင်ငံတကာ လမ်းမပေါ်မှာ ၀တ်လစ်စလစ်နဲ့ ပြေးလွှားအော်ဟစ်နေတယ်။ ပြည်တွင်းဘွဲ့လက်မှတ် တစ်ထပ်ကြီး ကိုင်ထားသူတွေကို တစ်ပါးနိုင်ငံက အလုပ်ကြမ်းသမားအဖြစ် ထွက်လုပ်နေကြရတယ်။ ခေါ်ခိုင်းနေကြတယ်။ အဲဒီအိပ်မက်ထဲမှာပဲ အနှစ်တစ်ရာလောက် ထုတ်ယူသုံးစွဲနိုင်တဲ့ ဓာတ်ငွေ့တွင်းတွေကို ပိုင်ထားတဲ့ သူဌေးကြီးဟာ ဖယောင်းတိုင်မီးနဲ့ ညစာစားနေတယ်။ နယ်စပ်ကိုဖြတ်ကျော်ပြီး သစ်ခိုးယူဖို့ ကြိုးစားတဲ့ အမှုအရေအတွက်ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ဖြစ်နေတယ်။ ထရုမ်တွေ လူမျိုး ပျောက်သွားသလို ဆလုံတွေလည်း မျိုးတုန်းသွားခဲ့တယ်။ ကဗျာဆရာ စာရေးဆရာတွေဟာ ဗလာစာအုပ် ရောင်းစားနေကြတယ်။ သင်္ကန်းပရိက္ခရာဆိုင်တွေက စိန်ကုန်သည်အလုပ်ကို ပြောင်းလုပ်ကြတယ်။ အဲဒီ အိပ်မက်ထဲမှာပဲ အစ္စရေးတွေ သူတို့နိုင်ငံကို ဘယ်လို ထူထောင်ခဲ့သလဲဆိုတဲ့ ဇာတ်လမ်းရှည်ကြီးကို ဖတ်နေမိတယ်။

အဲဒီအိပ်မက်ပေါ့ နိုင်လည်းနိုင် ရှုံးလည်းနိုင် ၀ါဒကို လက်ခံခဲ့တဲ့ ကျွန်တော့်ကို နိုင်လည်းရှုံး၊ ရှုံးလည်းရှုံး စေခဲ့တယ်။
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို recondite ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Thursday, March 20, 2008

Hlaing Tayar Fire...

ဖေဖော်ဝါရီ ၂၅ မှာ ရွှေမန်းလေး ရတနာပုံဈေး မီးလောင်နေတဲ့ပုံတွေကို အတော်များများ ကြည့်လိုက်ရပေမယ့် အဲဒီတစ်နေ့တည်းမှာ လောင်ကျွမ်းခဲ့တဲ့ လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်နေစဉ်က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံများကို မြင်ဖူးကြမယ် မထင်ပါဘူး။ ရတနာပုံဈေးမှာ မီးလောင်တုန်းက အိုင်တီနယ်ပယ်က လူတွေ အများအပြား လက်လှမ်းမှီခဲ့လို့ သတင်းတွေ စုံတဲ့အပြင် ဓါတ်ပုံတွေကိုလည်း ဝေေ၀ဆာဆာ မြင်ခဲ့ ကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်မှုမှာတော့ လူသူအရောက်အပေါက် နည်းတဲ့အတွက် ဓါတ်ပုံတွေကို မမြင်လိုက်ရပါဘူး။ အခု ကျွန်တော်တို့အနေနဲ့ မီးဘေးသင့် အိမ်ထောင်စု လူဦးရေစာရင်း အတိအကျအပြင် မီးလောင်နေစဉ် ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံများကိုပါ လက်ခံ ရရှိခဲ့ပါတယ်။ ဒါကြောင့် လှိုင်သာယာမြို့နယ် ရေဥက္ကံကျေးရွာ မီးလောင်စဉ်က ရိုက်ကူးထားခဲ့တဲ့ ရှားပါးဓါတ်ပုံများကို ဝေမျှလိုက်ပါရစေ။


ပြေးကြလွှားကြ ငိုကြယိုကြ...



အဖွဲ့မရွေး လူမရွေး နေရာစုံက ၀ိုင်းကူပေး...



လောင်စာမီး မတားနဲ့တော့...



တိုင်းဦးစီးလည်း အသည်းအသန် ချွေးတွေပျံ...



မျှော်လင့်ချက်မဲ့ မျက်ဝန်းတစ်စုံ...



ဝမ်းနည်းပက်လက် ခေါင်းငိုက်စိုက်လျှက်...



သနားကြင်နာ ကိုယ်ချင်းစာ...

Tuesday, March 18, 2008

Constitutional Referendum -6

ကိုဒိုက်ရေ... ကျေးဇူး...။
ကျွန်တော်က အခြေခံဥပဒေကို အဲဒီလို ရှင်းပြလိုက်ရင် နေးတစ် တစ်ခုခုဖြစ်နိုင်သလား တွေဝေနေခဲ့တယ်...။ ဒီအတွက် တခြားလမ်းကနေ အခြေခံဥပဒေကို လူတွေလက်ထဲ ရောက်စေဖို့ စဉ်းစားပြီး ဒီမှာ မတင်ဘဲ နေခဲ့မိတယ်...။ ကိုဒိုက်အခုလို ရေးပြလိုက်တော့လည်း ပြီးသွားတာပဲ...။

ကျွန်တော်တို့ စိတ်ဝင်စားသင့်တာ... သိသင့်တာလေး ပြောကြည့်ရအောင်...။

၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ်...။
ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ လုပ်မယ်...။ ထောက်ခံချင်တဲ့လူ ထောက်ခံပါ...။ မထောက်ခံချင်တဲ့လူလည်း မထောက်ခံပါနဲ့...။ ဒါပေမယ့် ဘာကို ထောက်ခံရမှာလဲ ဘာကို မထောက်ခံရမှာလဲ သိဖို့ လိုပါတယ်...။

၂။ အဲဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဖြစ်တယ်...။
ရေးလို့တော့ မပြီးသေးပါ...။ အခြေခံရမယ့် မူဆိုပြီးတော့ ရေးသားထုတ်ဝေထားတာလေးတော့ အချိန်ရရင် ဖတ်ကြည့်စေချင်တယ်...။ အချိန်မရရင် ကိုဒိုက်ပြောထားတဲ့ အနှစ်ချုပ်လေးဖတ်ကြည့်ပေါ့...။ ကိုစိုင်းလတ်ပြောတဲ့ မြန်မာပြည်တို့၊ တရုတ်တို့၊ ဗီယက်နမ်တို့၊ ကွန်မြူနစ်ပါတီတို့... ရှုပ်မယ်ထင်ရင် မဖတ်ပါနဲ့ဦး...။ ရိုးရိုးပဲ စဉ်းစားကြည့်ရအောင်...။ အခြေခံဥပဒေတစ်ခု ရေးထားတယ်...။

အဲဒါကို ဖတ်တာမှာ အမေရိကန်စံနဲ့ဖတ်တယ်လို့ ကိုယ့်ကိုယ်ကို ဘ၀င်မမြင့်ပါနဲ့...။ အမေရိကန်ရဲ့ တကယ့်အခြေခံဥပဒေနှင့် လက်ရှိ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်၊ ဥပဒေပြုစနစ်တွေကို ကျွန်တော်တို့ သေသေချာချာ နားမလည်ပါဘူး...။ ကျွန်တော်တို့သိတာက ဦးနေ၀င်းရဲ့ လမ်းစဉ်ပါတီစနစ်နဲ့ ၁၉၇၄ အခြေခံဥပဒေလောက်ပါပဲ...။ အဲဒီအခံနဲ့ပဲ ဖတ်ရမယ်လို့ ထင်ပါတယ်...။

၃။ ဖတ်လို့ နားလည်သလား...။ ထောက်ခံချင် ထောက်ခံပါ...။ မထောက်ခံချင် မထောက်ခံပါနဲ့...။

၎။ ဖတ်လို့ နားမလည်ဘူးလား...။ ဘာလုပ်ကြမလဲ...။

၅။ ဒီအခြေခံဥပဒေမူကြမ်းကို ထောက်ခံလိုက်ရင် ဘာဖြစ်မလဲ၊ မထောက်ခံလိုက်ရင် ဘာဖြစ်မလဲ သိချင်တယ်လို့ ပြောထားတာလေးတွေ ဖတ်ရတယ်...။ ပြည်သူလူထု အကျိုးရှိရင် ထောက်ခံမယ်လို့ စုဇုက ပြောတာတောင် တွေ့လိုက်သေးရဲ့...။ ပြည်သူလူထု အကျိုးရှိစေရမယ်လို့ အစိုးရကတော့ အာမခံတာပဲ...။ ဒီတော့ လက်ရှိ အစိုးရကို ယုံကြည်သူ မည်သူမဆို အခြေခံဥပဒေကို ဖတ်စရာမလို မျက်စိမှိတ် ထောက်ခံလိုက်ပါ...။ ဆန္ဒပြစရာမလို ဆန္ဒပြုဖို့သာလိုသည်လို့ သတင်းစာတွေကနေ အတည့်အလင်း ရေးထားပြီးသားပဲ...။

၆။ အခြေခံဥပဒေအသစ်အတည်ဖြစ်မယ်...။ အစိုးရအသစ်ဖြစ်လာမယ်...။ ကိုယ့်လူတွေ အနည်းဆုံး ၅၀%လောက် အများဆုံး ၇၅%လောက် အုပ်ချုပ်ရေးထဲရောက်သွားမယ်လို့ တချို့က ယူဆကြတာလည်း မြင်မိပါတယ်...။ အများဆုံးဆိုတဲ့ ၇၅%ကြီး လွှတ်တော်ဖြစ်သွားရင်တောင် အဲဒီလွှတ်တော်ဟာ လုပ်ပိုင်ခွင့် အပြည့်ရှိရဲ့လား သိအောင် အရင် လေ့လာသင့်ပါတယ်...။

၇။ အရပ်သားတွေကို စစ်တပ်က မယုံလို့ အာဏာကို အကုန်လွှဲမပေးသေးတာလို့ ကိုစိုင်းလတ် ပြောထားတာလေးလည်း ဖတ်ရပါတယ်...။ ဟုတ်ကဲ့... အကုန်လွှဲမပေးဘူးဆိုတဲ့စကားမှာ အနည်းငယ်တော့ လွှဲပေးထားသယောင် ဖြစ်နေပါတယ်...။ လက်ရှိ အခြေခံဥပဒေမှာ အရပ်သားလက်ထဲကို အာဏာ တစ်စက်တောင် လွှဲမထားပါဘူး...။ (ဒီနေရာမှာ အစ်ကို့အနေနဲ့ အခြေခံဥပဒေအတွက် မူကြမ်းတွေကို တကယ်ဖတ်ပြီးရဲ့လား ကျွန်တော် သံသယနည်းနည်းရှိပါတယ်...။)

၈။ လွှတ်တော်ကိုယ်စားလှယ် ၇၅%က မဲပေးရင်လို့လည်း ကိုစိုင်းလတ်ရေးထားတာဖတ်ရပါတယ်...။ တကယ်က လွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော်က မဲပေးမှသာ ကိစ္စကြီးတွေဟာ အတည်ဖြစ်နိုင်ပါတယ်...။ ကျော်ဖို့က လုံးဝ မဖြစ်နိုင်ပါ...။ ၂၅%လုံးက တစ်သွေးတစ်သံတစ်မိန့်နဲ့ မဲပေးရမယ့် တပ်မတော်သား ကိုယ်စားလှယ်များဖြစ်လို့ပါ...။ ဘာလုပ်လုပ် တပ်မတော် သဘောမတူရင် လုပ်လို့မရပါဘူး...။

၉။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကိစ္စကို ကိုစိုင်းလတ်က တရုတ်ပြည်က စစ်ကောင်စီနဲ့ ယှဉ်ပြောထားတာ တွေ့ပါတယ်...။ မြန်မာပြည်က ကောင်စီမှာ လူ ၁၁ ယောက်နဲ့ ဖွဲ့ရမယ်လို့ ပြောထားပါတယ်...။ ၆ ယောက်က တပ်မတော်ကပါ...။ မဲခွဲရင် ဘယ်သူနိုင်မလဲ မူလတန်းကလေးတွေ မေးကြည့်စေချင်ပါတယ်...။ ဒီအမျိုးသားကောင်စီက အစိုးရအဖွဲ့ရဲ့ အပေါ်မှာ ရှိနေပါတယ်...။

၁၀။ တပ်မတော်က အစိုးရအဖွဲ့ရဲ့ သြဇာကို နားထောင်စရာမလိုပါဘူး...။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကိုပဲ နားထောင်ရပါမယ်...။ ကာကွယ်ရေးဦးစီးချုပ်က ဒုသမ္မတအဆင့်ဖြစ်ပြီး၊ သူ့အပေါ်မှာ သမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပဲ ရှိပါတယ်...။ ကောင်စီမှာ ကာကွယ်ရေးဦးစီးချုပ်အမိန့်ကို နာခံရမယ့် တပ်မတော်သားတွေက မဲအရေအတွက် အပေါ်စီးယူထားပြီးသားမို့ သူ့အနေနဲ့ ကောင်စီကို ဂရုစိုက်စရာမလိုပါ...။ သမ္မတတစ်ယောက်ပဲ သူ့အပေါ်မှာ ကျန်ပါတော့တယ်...။ ဒါပေမယ့် သမ္မတရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းအားလုံးကို လိုအပ်သလို အရေးပေါ်အခြေအနေ ကြေညာပြီး ကာကွယ်ရေးဦးစီးချုပ်က လွှဲယူလို့ ရနေပြန်ပါတယ်...။ အဲလို အရေးပေါ်အခြေအနေကို ဘယ်သူက ကြေညာပေးရမယ်လို့ ထင်ပါသလဲ...။ ကောင်စီကပဲ ဆုံးဖြတ်ကြေညာမှာပါ...။ ကလေးကလားပြောရရင် သမ္မတကြီးဟာ သမ္မတကြီးဖြစ်ပေသကိုးလို့ပဲ ပြောစရာရှိပါတယ်...။ သူ့လုပ်ပိုင်ခွင့်က ဘာမှ မရှိရှာပါ...။

နည်းနည်းများ ရှုပ်နေကြမလား မသိပါ...။ ကျွန်တော်မထင်ထားတဲ့ အလုပ်တစ်ခုကို မနေ့ကစပြီး လုပ်နေရလို့ မနေ့က တစ်နေကုန် အင်တာနက်မကြည့်နိုင်ပါ...။ ဒီနေ့လည်း အခုခဏပဲ ၀င်နိုင်ပြီး ကျွန်တော့်အလုပ် ကျွန်တော်ဆက်ရဦးမှာမို့ မြန်မြန်နဲ့ တိုတိုတွေ လျှောက်ရေးတာမှာ ဖတ်သူတွေ မရှင်းအောင် ရေးမိရင် ခွင့်လွှတ်ပါ...။ ပြန်လာခဲ့ပါဦးမယ်...။

အခြေခံဥပဒေမူကြမ်းကိုထောက်ခံသူများ
၁။ လက်ရှိတပ်မတော်အစိုးရ
၂။ တပ်မတော် (တပ်မိသားစုအပါအ၀င်)
၃။ အမာခံကြံ့ခိုင်ရေး
၎။ အစိုးရနှင့်ပူးပေါင်းပြီးစီးပွားဖြစ်နေသူများ (ပါမစ်စားများ၊ အခွင့်ထူးခံများ၊ ခေတ်ပျက်သူဌေးများ)
၅။ နိုင်ငံ့ဝန်ထမ်းများထဲမှ တချို့။ (နိုင်ငံ့ဝန်ထမ်းများက မသေချာပါ...။ ၁၉၉၀ရလာဒ်ကို ပြန်ကြည့်ရင် နိုင်ငံ့ဝန်ထမ်းတွေဟာ လုပ်ချင်တာ လုပ်တာများပါတယ်...။ အစိုးရအကြိုက် အမြဲလုပ်လေ့မရှိပါ...။)
၆။ ပညာတတ်တချို့

အခြေခံဥပဒေမူကြမ်းကိုမထောက်ခံသူများ
၁။ ဗမာပြည်ကွန်မြူနစ်ပါတီ
၂။ ပြည်ပရောက် အတိုက်အခံများ (၇၀%ခန့်၊ ကျန် ၃၀%က ထောက်ခံရမလိုလို မထောက်ခံရ မလိုလို ဖြစ်နေကြပါတယ်...။)
၃။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တချို့ (အဖွဲ့ချုပ်အနေနဲ့ အခုအချိန်ထိ ထောက်ခံမယ်၊ မထောက်ခံဘူး ပြတ်ပြတ်သားသား မကြေညာနိုင် ဖြစ်နေပါတယ်...၊ အဖွဲ့ဝင်တချို့ကတော့ မထောက်ခံဘူးလို့ အလွတ် ပြောကြပါတယ်...။)
၎။ နိုင်ငံသားတချို့ (အစိုးရကို မုန်းကိုမုန်းလို့)
၅။ နိုင်ငံသားတချို့ (အခြေခံမူများကို မကြိုက်လို့)
၆။ ကျွန်တော်...။
----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Monday, March 17, 2008

Constitutional Referendum -5

အခြေခံမူပါ အချက်အချို့ ကြည့်ရအောင်
(၁)လွှတ်တော်အသီးသီးတွင် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ရာနှုံး ပါဝင်ရမည်။
(၂) လွှတ်တော်အစည်းဝေး တစ်ရပ်ရပ်တွင် လွှတ်တော် ကိုယ်စားလှယ် သုံးပုံတစ်ပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(၃)လွှတ်တော်အစည်းအဝေး တစ်ရပ်ရပ်တွင် မဲပေးပိုင်ခွင့်မရှိသူ၊ ပုဂ္ဂိုလ်တစ်ဦးဦးက အဆုံးအဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို နောက်နောင်မှတွေ့ရှိပါက သက်ဆိုင်ရာလွှတ်တော်၏ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်များသည် ပျက်ပျယ်ခြင်းမရှိစေရ လို့ မူချမှတ်ထားတယ် ဆိုပါတယ်။

(၁)မှာ ၂၅ ရာနှုံးကို လွှတ်တော် အသီးသီးမှာ ထည့်ထားပါတယ်။ လွှတ်တော် အဆုံးအဖြတ် တစ်ခုဟာ ၇၅ရာနှုံးကျော် ထောက်ခံမဲရမှ အတည်ဖြစ်ပါမယ်။ ဆိုတော့ ၂၅ရာနှုံးသော တပ်ကိုယ်စားလှယ်များကသာ တင်းခံနေရင် ဘယ်ဆုံးဖြတ်ချက်မှ ချလို့မရပါ။ အဓိပ္ပါယ်က တပ်က သဘောမတူရင် နိုင်ငံရဲ့ ဘယ်အရေးအရာကိုမှ မဆုံးဖြတ်ရလို့ ဆိုလိုနေပါတယ်။ ကျွန်တော်တစ်ဦးချင်း ဘယ်လိုမှ သဘောမတူနိုင်တဲ့ မူပါ။

အမှတ်စဉ်(၂)မှာ သုံးပုံတစ်ပုံတက်ရင် အထမြောက်တယ်ဆိုပါတယ်။ ကျွန်တော်တို့ Company အစည်းအဝေး တွေမှာတောင် တစ်ဝက်ကျော်တက်မှ အထမြောက်ပါတယ်။ ခုတော့ ဆယ်ယောက်မှ သုံးယောက်တက်ရင် ရပြီဆိုတာမျိုးတွေ့တော့ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အများသဘောတူမှ ရမယ်ဆိုတဲ့ အခြေခံနဲ့ လွဲနေသလားတွေးမိပါတယ်။

အမှတ်စဉ်(၃)ကို ဘယ်လိုဖတ်ဖတ် နားမလည်နိုင်တာကြောင့် မပြောတော့ပါ။ ဖတ်ပြီး နားလည်သူများရှိရင် ကျေးဇူးပြုပြီး ရှင်းပြစေချင်ပါတယ်။ ကိုယ့်သေတွင်း ကိုယ်တူးထားတဲ့ ဆုံးဖြတ်ချက်မျိုးတွေ့ခဲ့ရင်လည်း ဟင့်အင်း ဟင့်အင်း မပြင်ရဘူး။ ဒါငါလုပ်ထားတာလို့များ ပြောကြလေမလား။ ကျုပ်ကတော့ ဥာဏ်စွမ်း ရှိသလောက် အုပ်ချုပ်တာပဲ၊ တိုင်းပြည်ကြီး သူ့ဖာသာ ဆင်းရဲသွားတာတော့ မတတ်နိုင်ဘူး ဆိုတဲ့ ကာတွန်းပြေးသတိရတယ်။ ကဲ နိုင်ငံတော်သမ္မတဖြစ်လာပြီတဲ့။ ဘယ်သူဖြစ်ဖြစ်ပေါ့ဗျာ၊ သေချာတာ ဘုန်းဘုန်း မင်းအိုချမ်းသာတော့ မဖြစ်နိုင်ဘူး။ ဖြစ်လာရင် သူ့မှာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့)ရှိမယ်။

အဲ အဲ အဲဒီမှာတင် ကွိုင်ရှိနေတာ တွေ့ပြန်ပါတယ်။ အစိုးရ၀န်ကြီးအဖွဲ့ထဲမှာ
၁။ ကာကွယ်ရေးဝန်ကြီး၊
၂။ ပြည်ထဲရေးဝန်ကြီး။
၃။ နယ်စပ်ရေးရာကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးတွေဟာ
ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ပေးထားတာ ဖြစ်ပါသတဲ့။ သမ္မတနဲ့ ဘာမှဆိုင်ပုံမရဘူး။ ပြီးတော့ အဲသည့် ၀န်ကြီးသုံးပါးဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေဖြစ်ပါလျက်ကယ်နဲ့ အစိုးရအဖွဲ့ရဲ့ အောက်မှာ မဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ကိုင်တွယ်ထားတဲ့ ၀န်ကြီးများဖြစ်ပါသတဲ့။ အစိုးရ တစ်ဖွဲ့တည်းမှာကို နှစ်အုပ်စု ကွဲနေမဲ့သဘောမျိုး။ နိုင်ငံတကာကျင့်သုံးမှုစနစ်မှာ ကာကွယ်ရေး ၀န်ကြီးအောက်မှာ စစ်ဦးစီးချုပ် ရှိကြပေမယ့် ခုကျွန်တော်တို့ ဆီမှာတော့ စစ်ဦးစီးချုပ်ကခန့်မှ ကာကွယ်ရေးဝန်ကြီး ဖြစ်ရရှာမှာ ဆိုတော့ စစ်တပ်အုပ်စိုးမှုဟာ ဒီဥပဒေသစ်မှာ ဘယ်လောက်ထိပါဝင် သက်ရောက်နေတယ်ဆိုတာ ထင်ရှားမယ် ထင်ပါတယ်။ စစ်အုပ်ချုပ်မှုကို မလိုချင်လို့ ဒီမိုကရေစီစနစ်ကို ပြောင်းပါတယ်ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံမှာ အခြားနည်းနဲ့ ဖြစ်တည်လာတဲ့ (ပုံဖျက်ထားဟန်တူတဲ့) စစ်အုပ်ချုပ်ရေးကို ဥပဒေပြုပြီး ကျေကျေနပ်နပ် လက်ခံကြမလားဆိုတာတော့ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းရဲ့ သဘောထားသာ ဖြစ်ပါလိမ့်မယ်။

ဥပဒေသစ်ကြီးကို ညီညီညွတ်ညွတ် မဲပေးထောက်ခံလိုက်ပြီးရင် ဖြစ်လာမယ့်အစိုးရအဖွဲ့မှာ အာဏာရှင်အဖွဲ့ (အာဏာကို အစိုးရအဖွဲ့ထက် ပိုရပြီး သုံးပိုင်ခွင့်ရှိသူ) တစ်ဖွဲ့ကိုလည်း တွေ့လိုက်ရပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပါပဲ။ အဲဒီကောင်စီမှာ
၁။ နိုင်ငံတော်သမ္မတ
၂။ နိုင်ငံတော် ဒုသမ္မတ(၁)
၃။ နိုင်ငံတော် ဒုသမ္မတ(၂)
၎။ ပြည့်သူ့လွှတ်တော်ဥက္ကဌ
၅။ အမျိုးသားလွှတ်တော်ဥက္ကဌ
၆။ ကာကွယ်ရေးဦးစီးချုပ်
၇။ ဒုကာကွယ်ရေးဦးစီးချုပ်
၈။ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး
၉။ ပြည်ထဲရေးဌာန၀န်ကြီး
၁၀။ နယ်စပ်ရေးရာကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၀န်ကြီး
၁၁။ နိုင်ငံခြားရေးရာဝန်ကြီးဌာန၀န်ကြီး
ဆိုပြီး (၁၁)ဦးပါတာ တွေ့ရပါတယ်။ (၁၁)မီးငြိမ်းတာပေါ့ဗျာ။ အဲဒီထဲမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်လိုက်တဲ သမ္မတအဖွဲ့ဝင်တစ်ဦး ပါဝင်နေလေတော့ တပ်မတော်က ပိုင်ဆိုင်ထားတဲ့နေရာဟာ (၁၁)နေရာအနက် (၆)နေရာ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ကဲ ဘာကိစ္စကို မဲခွဲချင်ပါသလဲ။ ပြည်သူများ ရွေးချယ်တင်မြှောက်လိုက်တဲ့ (ဆိုပါစို့) ၀န်ကြီးများရဲ့ ဆန္ဒ (အဲဒါကို ပြည်သူ့ဆန္ဒလို့ပြောချင်လည်းပြောပါ) ဘယ်မှာလဲ။ မဲခွဲခြင်းသည် ဒီမိုကရေစီနည်း ဟုတ်သော်လည်း ဘယ်လိုခွဲခွဲ ကိုယ့်ဆန္ဒအတိုင်းဖြစ်အောင် စီမံထားခြင်းကတော့ ဒီမိုကရေစီနည်း ဟုတ်လိမ့်မယ်မထင်ပါ။

အဲဒီအဖွဲ့က ဘယ်သူကောင့်သားကိုမှ မတိုင်ပင်ပဲ ဘယ်သူ့သဘောထားမှ ရယူစရာမလိုပဲ၊ ကာကွယ်ရေး ဦးစီးချုပ် ရွေးချယ်ခန့်ခြင်းတို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ဆိုတဲ့ ကိစ္စမျိုးတွေကို သမ္မတကို အကြံပြုနိုင်သတဲ့၊ သမ္မတကလည်း အဲဒီအကြံအတိုင်း ဆောင်ရွက်နိုင်သတဲ့။ အဲသလိုဆို ဘာလုပ်ဖို့ အစိုးရအဖွဲ့ရှိနေရမှာလဲ။ အစိုးရအဖွဲ့ဆိုတာ နိုင်ငံရဲ့ အရေးကြီးသောမူများ ဆုံးဖြတ်ချက်များကို ချမှတ်ရမှာ မဟုတ်ဘူးလား။ ခုတော့ လက်ထောက်တောက်တိုမယ်ရ အဆင့်လောက်နဲ့ မူတွေကို အကောင်ထည်ဖေါ်ရမယ့် သူတွေချည်းဖြစ်နေလေတော့ နည်းနည်းလေးတော့ လွဲနေပြီထင်တာပဲ။ လွဲလွဲလေးလည်း ကောင်းပါတယ် ဆိုရင်တော့ မပြောတတ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေသစ်မှာ အစိုးရကို ပေါ်လစီချ ပေးမယ့် အဖွဲ့တစ်ခု ပါဝင်နေတာကလည်း ထူးဆန်းသော ဒီမိုကရေစီပါပဲ။

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို recondite ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Sunday, March 16, 2008

Constitutional Referendum -4

ကိုမင်းအိုကပြောတယ် ''ကျွန်တော်က အဖမ်းခံရမှာထက် အများပြည်သူကို ဘာမှ မပြောလိုက်ရမှာကို ခုအချိန်မှာ ပိုစိုးရိမ်ပါတယ်...'' တဲ့။ အဲဒီစကားတစ်ခွန်းထဲနဲ့တင် ခုတလော ခဲရာခဲဆစ်တွေလုပ်ရမှာ အလွန်ပျင်းကြောကြီးနေတဲ့ ကျွန်တော် ဒီပို့စ်ကို တင်ရပါတယ်။ တင်မိပါတယ်။

အမှန်တော့ လူသားရဲ့ အခြေခံစိတ်က တရားမျှတမှုနဲ့ အမှန်တရားကို ကြိုက်ကြတာချည်းပါပဲ။ တစ်ပြိုင်နက်မှာ လူတိုင်းရဲ့စိတ်ထဲမှာ လူသားစိတ်နဲ့အတူ တရိစ္ဆာန်စိတ်(အရိုင်းစိတ်)လေးကလည်း ငုံလျှိုးပါဝင်နေလေတော့၊ အကျိုးအမြတ်၊ မိသားစုကောင်းစားရေး၊ အခွင့်အာဏာဆိုတဲ့ အတ္တဆီဦး ထောပတ်တွေနဲ့လည်း ယှဉ်လာရော အဲဒီ အဆိုးစိတ်ကြီးက ရောက်ချလာပြီး မူလအခြေခံစိတ် (အမှန်ကိုချစ်စိတ်၊ စာနာစိတ်၊ တရားမျှတလိုစိတ်ဆိုတာ) တွေကို သတ်ပစ်လိုက်ပါလေရော။ ကျွန်တော်တော့ အဲသလိုပဲ ထင်တာပါပဲ။ ကျွန်တော်တို့ မိဘများခေတ်ကတည်းက ခု ကျွန်တော်တို့ခေတ်အထိ နှစ်ပေါင်း လေးဆယ်ကျော် ကျွန်တော်တို့ (သာမာန်ပြည်သူများ) ဘယ်လို ဆက်ဆံခံခဲ့ရသလဲ။ ဘယ်လို တရားမျှတမှုမျိုး စားသုံးခဲ့ရသလဲ။ ဘယ်လို ၀န်ထုပ်ဝန်ပိုးများ အဆက်မပြတ် သယ်ပိုးထမ်းရွက်ထားခဲ့ရသလဲ။ ဘယ်သူ့အတွက်မှန်း မသိတဲ့ ဘယ်လိုပေးဆပ်မှုမျိုးတွေ အတောမသတ် ပေးဆပ်နေခဲ့ရသလဲ အကျယ်တ၀င့် ဆွေးနွေးစရာ မလိုလောက်အောင် လူတိုင်း သိပြီးသားလို့ယူဆပါတယ်။ အခုပြောချင်တာ ပြီးခဲ့တဲ့ အတိတ်မဟုတ်ပါ။ (ရာဇ၀င်ထဲမှာ အတိတ်ကို ထားခဲ့ပုံမျိုးတော့ မဟုတ်ဘူးဗျ။ မ အ အောင် သမိုင်းကို သင်ခဲ့ကြတာ။ အဲသလို သင်ယူခဲ့ကြတာဟာ သင်ပြီး အားလုံးမေ့ပစ်လိုက် (လျှော်ပစ်လိုက်)ဖို့မဟုတ်ကြပါဘူး။ သင်ခန်းစာယူဖို့၊ ယူတတ်ဖို့၊ သမိုင်းမှာဖြစ်ခဲ့တဲ့ အမှား အဆိုးမျိုး နောက်တစ်ကြိမ် လှည်းဘီးတစ်ပတ်လည်ပြီး ပြန်မဖြစ်ဖို့ပါ။)

ခုပြောမှာ အနာဂတ်မယ် ကျွန်တော့်တို့ လက်သင့်ခံရမယ့်၊ ဒါမှမဟုတ် တစ်ချို့သော အချက်အလက်တွေကို ပြန်ပြင်ညှိနှိုင်း ရေးဆွဲပြီးမှကို လက်ခံကြရမယ့် အခြေခံဥပဒေပါ အချက်အလက်အချို့ပါ။ ရှင်းရှင်းပြောရရင် လက်မခံသင့်သော အချက်အလက်အချို့လို့ဆိုမှ ပိုမှန်ပါလိမ့်မယ်။ ခုဖေါ်ပြပါအချက်တွေက ဘာမှ သောက်ရေး မပါဘူး။ လက်ခံလိုက်ရင် ရတာပဲဆိုသူများလည်း သူ့သဘောသူဆောင် လက်ခံနိုင်ကြပါတယ်။ လက်ခံခြင်း လက်မခံခြင်း နှစ်ဘက်စလုံးဟာ ဒီမိုကရေစီကျတဲ့ လုပ်ငန်းစဉ်ပါပဲ။ ငြင်းဆန်ဖို့ အကြောက်အကန် ကန့်ကွက်ဖို့ အကြောင်းမရှိပါ။ ဒါပေမယ့် ဒီအချက်ဒီအချက်ဟာ လက်ခံသင့်၊ ဒါမှမဟုတ်၊ လက်မခံသင့် ဆိုတာကို ဆုံးဖြတ်ဖို့ကတော့ အချက်အလက်ပါ အကြောင်းချက်တွေကို သိထားမှ ဖြစ်မယ်ထင်ပါတယ်။ စာအုပ်စာတမ်းများနဲ့ ဝေးရာမှာရှိတဲ့ ကျွန်တော့်အတွက် အွန်လိုင်းမှာ ဖတ်ရတဲ့ အချက်တွေအပေါ် အခြေခံပြီး တင်ပြချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဖတ်ရတဲ့ ဆောင်းပါးတစ်စောင်က အချက်အလက်တွေကို ပြောပြမှာပါ။ အဲဒီဆောင်းပါးပါ တင်ပြထားတဲ့ အချက်တွေဟာ တကယ့်အဖြစ်မှန်နဲ့ လွဲနေ မှားနေရင် သိသူများ ထောက်ပြ ပြောဆိုစေချင်ပါတယ်။ ခုချိန်မှာ အချက်အလက် အမှန်အမှားဟာ သိပ်ကို အရေးကြီးတယ် ထင်လို့ပါ။ ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်း) ကတော့ပြောခဲ့ဖူးပါတယ်။ ၁၉၄၇ခု သြဂုတ်လ နေသူရိန် အစည်းအဝေးမှာပါ။ ''တိုင်းပြည်ကို လိမ်နေကြတဲ့ လူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေဟာ ကိုယ့်အစွမ်းကို အားမကိုးပဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဗန်းပြပြီးလာစေကာမူ ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။ ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ကြိုးတတ်ချင်ရင်ဖြင့် ကျုပ်ဘာမှ မပြောလိုတော့ဘူး'' တဲ့ဗျား။

ကျွန်တော့် တစ်ဦးတည်းသဘောကတော့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာ လူတစ်ယောက် (လူတစ်စု) ဆီက ခွဲဖြာဆင်းသက်လာတဲ့ ဘယ်လိုစနစ်မျိုးကိုမှ မကြိုက်ပါ။ လက်သင့်မခံလိုပါ။ အခု ကျွန်တော်တို့ တိုင်းပြည်ရဲ့ သမ္မတရွေးချယ်မယ့် စနစ်ကို ကြည့်ပါ့မယ်။ တိုင်းပြည်ရဲ့ သမ္မတကို ဒုတိယသမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးပေးပါ့မယ်။ အဲဒီရွေးချယ်ရေးအဖွဲ့က ဘာလဲ။ ဘယ်သူတွေပါလဲ။ ဒီအဖွဲ့မှာ
၁။ အမျိုးသားလွှတ်တော်(အထက်လွှတ်တော်)
၂။ ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်)
၃။ ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်စေလွှတ်သော တပ်မတော်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့
ပါမယ်လို့ ဆိုပါတယ်။ ၂၅ရာနှုန်း ၇၅ရာနှုန်း ပါဝင်နေတဲ့အချိုးအစားကို ခဏဖယ်ထားပြီး (ဖယ်ထားလို့သာ ပြောရတယ်၊ အဲဒီ၇၅ ရာနှုံးထဲမှာ စစ်တပ်အလိုကျ ခေါင်းငြိမ့်မယ့်အဖွဲ့တွေ ခေါင်းမြီးခြုံပြီး တံဆိပ်ပြောင်းကပ်ပြီး ဘယ်လောက် ပါဝင်နေမယ် ဘယ်သူမှ အာမမခံနိုင်။ အဲလိုဖြစ်အောင် ဖဲချိုးထားမထားလည်း မသိနိုင်) အာဏာရ အစိုးရအဖွဲ့ တစ်ဖွဲ့ရဲ့ လမ်းစဉ်အမှား၊ စနစ်အမှား၊ သောက်ကျင့်မှားတွေကို ဝေဖန်ထောက်ပြမယ့် အတိုက်အခံပါတီဆိုတဲ့ အခန်းပျောက်နေတာ တွေ့ရပါတယ်။ ငါ့မြင်းငါစိုင်း နင့်အပူမပါဘူးဆိုတဲ့ အခုလက်ရှိ အခြေအနေမျိုးထက် ထူးလာမှာမတွေ့ပါ။ ပါတီစုံဒီမိုကရေစနစ် (ဒီစကားလုံး သုံးရတာကလည်း လက်ရှိအုပ်ချုပ်သူများ ပြည်သူကို ပါတီစုံဒီမိုကရေစီစနစ် ဖေါ်ဆောင် ပေးမယ်လို့ အကြိမ်ကြိမ် ကြွေးကြော်ထားလို့ဖြစ်ပါတယ်) မှာ အတိုက်အခံပါတီ ဆိုတာရှိပါတယ်။ ဒီပုံအတိုင်းဆိုရင် အတိုက်အခံ အထိမ်းအကွပ်မရှိပဲ တိုင်းပြည်ရဲ့အာဏာဟာ တစ်ဦးတစ်ယောက်နဲ့ သူ့အ၀န်းဝိုင်းတစ်စုစာကြားမှာ ရောက်နေမယ့် ပုံပါပဲ။ ဒီ့အပြင် တိုင်းပြည်ကို စစ်တပ်က တရားဝင် အာဏာသိမ်းခွင့်နဲ့၊ အရေးပေါ် အခြေအနေမှာ တပ်ကို အာဏာ လွှဲပြောင်းပေးရမယ် ဆိုတဲ့ အချက်လည်း ရှိကြောင်း တစ်နေရာမှာ ဖတ်ရပြန်ပါတယ်။ အဲလိုဆို ဒီမိုကရေစီ တံဆိပ်ကပ်ထားတဲ့ အာဏာရှင် မူသစ်ပုံစံမျိုး မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်တည်လာလေမလားလို့တွေးမိပါတယ်။ ဒါ့ကြောင့် ဒီအချက်တွေကို ပြင်ချင်ပါတယ်။ (အာရိုးရိုး ကိုယ်သာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့်သူ မဟုတ်တယ်။ ဒင်းတို့အတွက်များ အပင်ပန်းခံ လိုက်တွေးပေးနေမိသလား စဉ်းစားမိပါတယ်။ အဲငှယ်)

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို recondite ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Saturday, March 15, 2008

Constitutional Referendum -3

အခြေခံ ဥပဒေကို မကြိုက်တာ ကို ပြောလိုက်ပါပြီတဲ့ ဘာအကျိုးဆက် ဖြစ်လာမလဲ။

ဂိမ်းသီအိုရီလိုမျိုး စဉ်းစားကြည့်ရအောင်...။

အခြေခံဥပဒေကို ထောက်ခံ - ၅၀% တိုင်းပြည်ကောင်း ၊ ၇၅% တိုင်းပြည်မကောင်း
အခြေခံဥပဒေကို မထောက်ခံ - ၅၀% တိုင်းပြည်ကောင်း ၊ ၅၀% တိုင်းပြည်မကောင်း

မြင်သလားတော့ မသိဘူး...။ အခြေခံဥပဒေကို ထောက်ခံရင် တိုင်းပြည်ကောင်းဖို့က တစ်ဝက်ပဲ...။ မကောင်းနိုင်ဘူးဆိုတာကိုတော့ ရာနှုန်းပြည့်မဟုတ်ပေမယ့် လူတော်တော်များများက သိတယ်...။ တစ်ဝက်ကျော်က သိတယ်...။ မထောက်ခံရင် တိုင်းပြည်ကောင်းလာမှာလားက တစ်ဝက်ပဲ...။ အဲဒီလိုပဲ တိုင်းပြည်မကောင်းဘူး ဆိုတာကလည်း မရေရာတာမို့ တစ်ဝက်ပဲ...။

ဒီအတွက် မထောက်ခံတာက ပိုခံသာလိမ့်မယ်...။

ဈေးရောင်းနဲ့ ဈေးဝယ်ကို မြင်ကြည့်ပေါ့...။

ဈေးရောင်းက ပြောတယ်...။ တစ်ခုကို ၁၀၀ ကျပ် ရောင်းမယ်ပေါ့...။ ၀ယ်သူက ၅၀ ထားလို့ ဈေးဆစ်တယ်...။ မရဘူးဗျာ ၉၀ ရမယ်လို့ ဈေးပြင်ပြောတယ်...။ ထားလိုက်ပါ...။ မရဘူး ၈၀ နောက်ဆုံးဈေးပဲ...။ အဲဒါဆို ၇၀ ပေးမယ်ဗျာ...။ ထားလိုက်တော့...။ မလုပ်ပါနဲ့ ၇၅ ကျပ်တော့ပေး...။ အဲဒီလိုနဲ့ အရောင်းအ၀ယ် တည့်သွားကြတယ်...။

လက်ရှိ အခြေခံဥပဒေ၊ လက်ရှိ လမ်းပြမြေပုံ (၇)ဆင့် ဟာ ဈေးရောင်းက ပြောတာတွေပဲ...။ ဈေးဝယ်ဘက်က ဈေးဆစ်ဖို့ တာဝန် ကိုယ်ပေးချင်တဲ့ဈေးကို ပြောဖို့ တာဝန်ရှိတယ်...။

ဒီအတွက် မထောက်ခံတာ...။ ကျွန်တော် မကျေနပ်တာ ကျွန်တော်ပြောရရင် ကျေနပ်ပါတယ်ဆိုတာမျိုး ဖြစ်နေပေမယ့်... အဲဒီထက်ပိုတာက သူ့ကို ကိုယ်က သူလုပ်တိုင်းမဖြစ်ပါဘူးဆိုတဲ့ သင်္ခါရသဘောကို ပြပေးတာ...။ ဒါဆိုရင် သူက ဈေးနည်းနည်းပြန်လျှော့ရမယ်...။ အပေးအယူ လုပ်ရမယ်...။

၂၀၀၇ စက်တင်ဘာအရေးအခင်းဟာ အလကားပါလို့ ပြောတဲ့လူတွေရှိတယ်...။ အဲဒါသာ မဖြစ်ခဲ့ရင် ၂၀၀၈ မေမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ၂၀၁၀မှာ အထွေထွေရွေးကောက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူး...။ ဒေါ်စုက သူ့ရဲ့ သဘောထားကြေငြာချက်ကို ဂမ်ဘာရီကနေတဆင့် ထုတ်ခွင့်ရမှာမဟုတ်ဘူး...။ ဗိုလ်ချုပ်အောင်ကြည် တစ်ယောက် အလုပ်သမားဒုဝန်ကြီးကနေ၊ ဆက်ဆံရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီး ရာထူးတက်လာစရာ မရှိဘူး...။ အပေးအယူတွေ ရှိလာတာဟာ ဘာမှ မရှိတာထက် တိုးတက်မှုရှိလာတာကို ပြတာပဲ...။

အင်္ဂလိပ်ကို တော်လှန်ဖို့ မထူးပါဘူးဆိုပြီး၊ ဗိုလ်မင်းရောင်သေခဲ့တာကို ဗိုလ်ချုပ်အောင်ဆန်းက ဥပမာယူပြီး လိမ်လိမ်မာမာနဲ့ အစိုးရ အိုင်စီအက်စ်အရာရှိလုပ်ခဲ့ရင် တိုင်းပြည်လွတ်လပ်ရေးရမယ် မဟုတ်ဘူး...။

ဒါပေမယ့် သတိပြုရမှာက လက်ရှိ အခြေအနေဟာ ၁၉၃၅လောက်က အခြေအနေဖြစ်တယ်...။ ၁၉၃၈ အခြေအနေ၊ ၁၉၄၆အခြေအနေတွေမျိုး စိတ်ကူးယဉ်ပြောနေမယ်ဆိုရင် မှားတယ်...။ ဗကပ ကိုယ်တိုင်က ၁၉၄၁လောက်က အနေအထားလောက် ရှိတယ် မှန်းနေလို့ သုံးသပ်ဆောင်ရွက်ချက်တွေ မထိရောက်ဘူး ဖြစ်နေတာ...။

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Friday, March 14, 2008

Constitutional Referendum -2

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ

အမျိုးသားညီလာခံမှ ချမှတ်ခဲ့သော အခြေခံရမည့်မူများနှင်အညီ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုရန် လူထုဆန္ဒခံယူသောပွဲ ဖြစ်ပါတယ်...။

လူထုဆန္ဒခံယူခြင်း

လူထုက ရေးဆွဲပြီးစီးလာမယ့် အခြေခံဥပဒေမူကြမ်းကို ထောက်ခံသည်၊ မထောက်ခံဘူး စသည့်မဲများ ရရှိအောင် အစိုးရမှ ကမကထပြုပြီး မဲပုံးများထောင်ပေးခြင်း (သို့မဟုတ်) မနက်လေးနာရီခန့် လူတွေကို ကွင်းထဲ စုစေပြီး မည်သည့်မြို့နယ် ပြည်သူလူထု မည်မျှက ဖွဲ့စည်းပုံအခြေခံဥပဒေကို တခဲနက် ထောက်ခံကြောင်း ဆန္ဒမဲပေးကြသည်ဟု ပြုလုပ်ကြေညာစေခြင်း... တစ်နည်းနည်းနဲ့ ပြုလုပ်ခြင်းကို လူထု ဆန္ဒခံယူခြင်းဟု ခေါ်ပါတယ်...။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်ခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးနိုင်သူအရေအတွက်၏ ထက်ဝက်ကျော်က ထောက်ခံရန် လိုအပ်သည်ဟု ရေးသားဖော်ပြထားပါတယ်...။ စိတ်ဝင်စားစရာက မဲမပေးဘဲ ကြားနေသူတွေများလာရင် ဒီအခြေခံဥပဒေမူကြမ်းဟာ အတည်ပြုနိုင်မယ်မဟုတ်ပါ...။ တစ်ခုတော့ ရှိသပေါ့... မလာမထည့်သူတိုင်းကို ထောက်ခံမဲပုံးထဲ ထည့်လိုက်ရင်တော့ မသိ...။

တကယ်က မဲလာပေးသော အရေအတွက်ထဲမှာ ထောက်ခံမဲပေးမှုက၊ မထောက်ခံသောမဲထက် အရေအတွက် ပိုများရင် အတည်ဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်သင့်တယ်ထင်ပါတယ်...။ (အခုတော့ အဲလိုမဟုတ်တဲ့အတွက် တက်သာ ဆုတ်သာ တစ်ကွက် မြှုပ်ထားတယ်လို့ ထင်တာပဲ...။)

အဲဒီလောက်တော့ လူတိုင်း သိသင့်တာပေါ့...။

ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ကိုယ့်ဘာသာ တွေးကြရင်... အဲဒီတာဝန်ဟာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဆိုတာရဲ့ အဓိပ္ပာယ်ကို အနားရှိသူတိုင်းကို နားလည် သဘောပေါက်အောင် ရှင်းပြဖို့ပဲ...။

ဒုတိယအဆင့် တာဝန်ထပ်ယူချင်ရင် အခြေခံဥပဒေထဲမှာ ဒါတွေပါတယ်လို့ ထပ်ရှင်းပြဖို့ပဲ...။

ထောက်ခံခြင်း မထောက်ခံခြင်းဟာ လွတ်လပ်စွာ ရွေးပိုင်ခွင့်ဖြစ်တယ်...။

နားလည်အောင် ကြိုးစားခြင်းနဲ့ နားမလည်သူတွေကို နားလည်အောင် ပြောပြခြင်းဟာ နိုင်ငံ့သားကောင်း တိုင်းရဲ့ တာဝန်ဖြစ်တယ်...။

၂၀၀၈ခုနှစ်၊ မေလမှာလုပ်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကြိုဆိုပါတယ်...။ အနည်းဆုံး မယုံတာကို မယုံဘူးလို့ အဖမ်းအဆီးမခံရဘဲ တရားဝင် ပြောခွင့်ရမယ့် ပွဲမို့ပါ...။ (ဒါတောင် မနက်လေးနာရီ အိပ်ရာက ထကြစေတဲ့ နည်းကို မသုံးမှနော်...။)

တွေးမိပြီး... ပြောချင်တာလေးတွေ...

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Thursday, March 13, 2008

Constitutional Referendum -1

ကျွန်တော် ရေးလိုတာလေးကိုပဲ ရိုးရိုးသားသား ရေးသားခွင့်ပြုစေချင်တာပါပဲ...။

ကျွန်တော် အခြေခံဥပဒေကို အတည်ပြုဖို့ ပြုလုပ်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရရင် လက်ရှိဆွဲထားတဲ့ အခြေခံဥပဒေကို မထောက်ခံတဲ့ဘက်က ပေးပါမယ်...။

၁။ ကျွန်တော်အခြေခံဥပဒေကို အပြန်ပြန်အလှန်လှန် လေ့လာပြီးပါပြီ...။ ကျွန်တော် လက်မခံနိုင်ပါ...။ တိုင်းပြည် အနာဂတ်အတွက် လက်မခံနိုင်ပါ...။

၂။ ကျွန်တော် လက်မခံခြင်းဟာ ခံစားချက်ကို အရင်းမတည်ပါ...။ ကျွန်တော် ဒေါ်စုကို လက်ခံတာမို့ အခြေခံဥပဒေကို လက်မခံတာဆိုတဲ့ ခပ်တိမ်တိမ်အတွေးမျိုးနဲ့ လက်မခံတာမဟုတ်ပါ...။ လေ့လာ တွေ့ရှိချက်အရ ဒီအခြေခံဥပဒေဟာ တစ်နိုင်ငံလုံးအတွက် ကောင်းကျိုးဖြစ်လာစရာ ဘာမှမရှိ၊ ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဆက်ဖြစ်နေမှာကို မြင်လို့ လက်မခံခြင်းသာဖြစ်ပါတယ်...။

၃။ ဒုံရင်းကဒုံရင်းဆိုတာမှာ ဗကပ ပြောတဲ့ စစ်သုံးစစ် (စစ်တပ်၊ စစ်အုပ်စု၊ စစ်အာဏာရှင်) ဆိုတာမျိုးကို ပြောလိုခြင်းမဟုတ်ပါ...။ စစ်တပ်က အုပ်ချုပ်ခြင်းကို ကျွန်တော် စိတ်မ၀င်စားလှပါ...။ ကျွန်တော် စိတ်ဝင်စားတာက တိုင်းပြည်တိုးတက်ဖို့ပါ...။ လူတိုင်း နေပျော်ဖို့ပါ...။ အနိမ့်ဆုံး ကျွန်တော်တို့တွေ မီးလာ၊ ရေလာ၊ လွတ်လပ်ဖို့ပါ...။ အလုပ်လုပ်ဖို့ မီးစောင့်၊ ရေစောင့်နေရတဲ့ဘ၀တွေကို လွတ်လပ်တယ်လို့ ထင်တဲ့လူတွေ ရှိရင်တော့ ကျွန်တော် ဘာမှ မပြောလိုပါ...။ မီးစက်ရှိတယ်ကွဆိုတဲ့ လူတွေကိုလည်း ဘာမှ မပြောလိုပါ...။ ကျွန်တော်က အများပြည်သူနဲ့ တတန်းတည်းတွေးပြီး၊ တသားတည်း နေလိုခြင်းသာ ဖြစ်ပါတယ်...။ ဒီလိုပြောတော့ ကျွန်တော့် အနေအစားကို သိတဲ့ မိတ်ဆွေတချို့က မဲ့ပြုံးပြုံးနိုင်ပါတယ်...။ ကျွန်တော့်အနေအစားက မတရားရထားတဲ့ ငွေကြေးနဲ့ မဟုတ်ဘူးဆိုတာလေးကို ဖြည့်စဉ်းစားရင် ကျွန်တော်ပြောတဲ့ အများပြည်သူနဲ့ အတူတူဆိုတာလေးကို ခံစားလို့ရပါလိမ့်မယ်...။

၎။ လက်ရှိ အခြေခံဥပဒေကို အတည်ပြုလို့ရသွားလည်း တိုင်းပြည်ကောင်းလာမှာ မဟုတ်လို့၊ ရိုးသားစွာ ရှုမြင်ခြင်းဟာ၊ ပြီးပြီးရော ထောက်ခံမဲပေးလိုက်ချင်သူတွေ... မထောက်ခံရင် ပေရှည်နေဦးမယ်ဆိုပြီး ထောက်ခံမဲပေးလိုသူတွေ... ကြောက်လို့ပဲဖြစ်ဖြစ်... ဒီအစိုးရကို ကြိုက်လို့ပဲဖြစ်ဖြစ်... ထောက်ခံမဲ ပေးလိုသူတွေရဲ့ သဘောထားနဲ့ မကိုက်ညီနိုင်ပါဘူး...။ ဝေးဝေးမြင်ဖို့ဆိုရင် မြင့်မြင့်တက်ကြည့်ရမယ်လို့ ဆိုကြပါတယ်...။ အခြေခံဥပဒေအကြောင်း တီဗွီက ပြတုန်းက တစ်ခါမှ မကြည့်ဖူးသူတွေ... လက်ရှိ အခြေခံဥပဒေအကြောင်း တရားဝင်စာအုပ်စာတမ်းတွေ ရှိပါလျက်နဲ့ မိမိတို့နှင့် မဆိုင်ဆိုပြီး မဖတ်သူတွေ... စသဖြင့် များလှတဲ့ ဒီတိုင်းပြည်မှာ အားလုံးက ထောက်ခံပြီး ကျွန်တော် တစ်ယောက်တည်းက ကန့်ကွက်တာဖြစ်နေလည်း ကျွန်တော် ဂရုမစိုက်ပါ...။ ကျွန်တော့်မဲဟာ အရာမရောက်လည်း ကျွန်တော် မပူပင်ပါ...။ မှားတဲ့ဘက်မှာ ကျွန်တော် မရပ်ခဲ့ပါဘူးဆိုတာလေး ကိုယ့်ဘာသာ သိနေရင် တော်ပါပြီ...။

၅။ ဈေးဆစ်လို့ရတဲ့ ဆားကို ဈေးမဆစ်ပဲ ဈေးမှန်နဲ့ ၀ယ်လိုက်တယ်လို့ပဲ ကိုယ့်ဘာသာ ခံယူပါတယ်...။

----------------------------------

Native Myanmar Forum မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတဲ့ ပို့စ်တွေထဲက ဖတ်သင့်သိသင့်တဲ့ စာတွေကို အလျဉ်းသင့်သလို ကောက်နှုတ် တင်ပြပေးပါမယ်။ ဒီစာကို မင်းအို (MinO) ဆိုတဲ့ မန်ဘာတစ်ယောက် ရေးသားထားတာပါ။ ထောက်ခံသင့်တယ် ထောက်မခံသင့်ဘူး ဆိုတာကို ကျွန်တော် မရည်ရွယ်ပါ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဒါတွေကို ဒီလို မြင်တယ် ဆိုတာကို အမြင်တွေ ဖလှယ်တဲ့အနေနဲ့ တင်ပြလိုတာ ဖြစ်ပါတယ်။ အမြင်မတူရင်လည်း ရန်သူအဖြစ် မမှတ်ယူပါဘူး ခင်ဗျာ။

Wednesday, March 12, 2008

The anger

လူတိုင်း... ဒေါသထွက်ဖူးမှာပါ။ ဒေါသထွက်စရာဆိုတာ ဒီလောကမှာ အများကြီးပဲလေ။ ကျွန်တော်လည်း အခုတလောမှာ ဒေါသထွက်ရတာတွေ များလွန်းလို့ ကိုယ့်ဘာသာကိုယ် ပြန်ဆုံးမတဲ့အနေနဲ့ ဒီစာလေးကို တင်လိုက်ပါအုံးမယ်။

ဒေါသထွက်ရတာ လွယ်ကူပါတယ်။ လူတိုင်း ဒေါသထွက်တတ်ကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့လူကို သင့်တော်တဲ့အကြောင်းအတွက် သင့်တော်တဲ့ အတိုင်းအတာထိ သင့်တော်တဲ့ နည်းလမ်းနဲ့ ဒေါသထွက်ဖို့ မလွယ်ကူပါဘူး။ လူတိုင်း တတ်နိုင်မှာ မဟုတ်ပါဘူး။ အပြောလွယ်သလောက် လုပ်ရ တကယ်ကို ခက်ပါတယ်။ ဒေါသဟူသည် ရူးသွပ်မိုက်မဲမှုနှင့် အစပြုပြီး နောင်တ သံဝေဂနှင့် နိဂုံးချုပ်ရမြဲ ဖြစ်သည် ဆိုပြီး ပိုက်သဂိုးရပ်စ်ကလည်း ဆိုမိန့်ဖူးပါတယ်။

ဒါကြောင့် သောမတ်စ် ဂျက်ဖာဆင်က ဒေါသထွက်နေတုန်း စကားပြောလိုရင် ဦးစွာ တစ်မှ တစ်ဆယ်အထိ ရေပါ။ ဒေါသထွက်လွန်းရေရင် တစ်ရာအထိ ဆက်ရေပါလို့ ပြောခဲ့ပါတယ်။ ဒေါသထွက်နေစဉ် စာမရေးပါနဲ့ လို့ တရုတ်စကားပုံတစ်ခုက ဆိုထားပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ When two tigers fight, one is sure to lose. ကျားနှစ်ကောင် ကိုက်ရင် တစ်ကောင်ကောင်တော့ နာမှာပဲလေ။

သည်ဘက်ခေတ်မှာတော့ ဒေါသထွက်ရင် စာထဲ ဒေါသတွေ သွန်ရေးချလိုက်ပါ။ ပြီးရင် အဲဒီစာကို သက်ဆိုင်သူဆီ မပို့ပဲ အံဆွဲထဲ ထည့်ထားပါ။ ဒေါသပြယ်တော့မှ ဆုတ်ဖြဲပစ်ပါဆိုပြီး အကြံပေးကြပါတယ်။ ကိုယ့်ဖက်ကသာ မှန်ရင် ဘာမှ ရှင်းစရာ မလိုပါဆိုတဲ့ တရုတ်စကားပုံလေးလို့ပေါ့။

ပထမနည်းက ဒေါသကို မျိုချတဲ့နည်းပါ။ ဒုတိယနည်းက ဒေါသကို လမ်းလွှဲ ဖွင့်ထုတ်လိုက်တဲ့ နည်းလမ်းပါ။ ကိုယ့်စရိုက်နဲ့ ကိုက်တဲ့နည်းကို ရွေးချယ်ပြီး ဒေါသကို ထိန်းနိုင် ပယ်နိုင်အောင် ကြိုးစားယူရပါမယ်။ ဒေါသထိန်းနိုင်ရင် လူတစ်ရာမှာ ကိုးဆယ်မကကို သင် အနိုင်ရလိမ့်မယ် လို့ ဆရာဖေမြင့် ရေးတဲ့ ကိုယ့်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ စာအုပ်မှာ ဆိုထားပါတယ်။

လူတိုင်းမှာ ကိုယ့်ဒုက္ခ နဲ့ ကိုယ် ရှိကြပါတယ်။ အဲဒီလိုပဲ အားလုံးဟာ သူ့နေရာနဲ့သူ အသုံးကျပါတယ်။ တဖက်စွန်း ရောက်ရင် မှားတာပါပဲ။ ဒါကြောင့် ဒေါသတွေ လျှော့နိုင်ဖို့ ကြိုးစားသင်ယူပါအုံးမယ်။ မိမိကိုယ်ကို ထိန်းချုပ်တဲ့ အလေ့အကျင့်တွေ မွေးမြူရပါအုံးမယ်။ ဒါမှပဲ လတ်တလော စိတ်လှုပ်ရှားမှုတွေ ခံစားမှုတွေ၊ လတ်တလော စိတ်ဆန္ဒတွေရဲ့ ကျေးကျွန်ဘ၀ကို မရောက်မှာလေ။ ကျွန် မဖြစ်ချင်ပါ သခင်ပဲ ဖြစ်ချင်ပါတယ်။

Tuesday, March 11, 2008

Let's fly altogether

စိုင်းချစ်သူ ဟသာင်္မငယ်

ရွှေပင်တွေ ငွေပင်တွေ
စိုက်ထားပါတယ်
တစ်ချိန်ချိန်တော့ နားရမယ်
စိုင်းချစ်သူ ဟသာင်္မငယ်
စောင့်လိုက်ပါကွယ်
ခဏလေး စောင့်လိုက်ပါအုံး ကွယ်...

အော်သံတွေ ခေါ်သံတွေ
ကြားရပေမယ့်
မမှီမှာကို စိုးမိတယ်
စိုင်းချစ်သူ ဟသာင်္မငယ်
အောင့်လိုက်ပါကွယ်
ခဏလေး အောင့်လိုက်ပါအုံး ကွယ်...

အတောင် ညောင်းရှာလိမ့်မယ်
ဘ၀မုန်တိုင်းထဲ တစ်ကောင်ထဲ
အတောင် ညောင်းရှာရော့မယ်
ဘ၀မုန်တိုင်းထဲ အဖော်မဲ့
ဘယ်လို နေရှာမလဲ မသိဘူး....

ရွှေအိမ်တွေ ငွေအိမ်တွေ
ဆောက်ထားပါတယ်
မကြာခင်တော့ ပြီးလိမ့်မယ်
စိုင်းချစ်သူ ဟသာင်္မငယ်
မလျှော့လိုက်ပါနဲ့
ဘယ်တော့မှ မလျှော့ပါနဲ့ကွယ်...

စိုင်းထီးဆိုင်ရဲ့ ချယ်ရီကိုသာ ပန်ပါကွယ် စီးရီးထဲက သီချင်းတစ်ပုဒ်ပါ။ တေးရေးကတော့ ဆရာလိတ်ပဲ ဖြစ်မယ် ထင်ပါတယ်။ နားဝင်လွယ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို သီဆိုခဲ့တဲ့ ကိုထီးရဲ့ သီချင်းကောင်းတွေကို အများစု နားထောင်ဖူးကြမယ် ထင်ပါတယ်။ ရှမ်းသံဝဲ၀ဲလေးနဲ့ ဆိုထားတဲ့ ကိုထီးရဲ့ သီချင်းတွေဟာ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန်လေး တစ်ခုပါ။ နောက် ထူးခြားချက် တစ်ခုကတော့ ကိုထီးရဲ့ သီချင်းတွေဟာ အဓိပ္ပါယ်နှစ်ခွ ထွက်နေတတ်တာကို ကြည့်တတ် မြင်တတ်ရင် တွေ့ရပါလိမ့်မယ်။ တချို့သီချင်းတွေဟာ အချစ်သီချင်းတွေ ဖြစ်ပေမယ့် ဒသနဆန်ဆန် အတွေးတွေ ဖြာဝေစေတဲ့ သီချင်းတွေအဖြစ် တွေ့ရမှာပါ။ သူ့သီချင်းတွေမှာ တွေးစရာလေးတွေ အများကြီးပါ ပါတယ်။

အခု သီချင်းလေးမှာလဲ တွေးစရာတွေ ပါနေ ပါတယ်။ တွေးစရာလေးတစ်ခုက စိုင်းချစ်သူ ဟသာင်္မငယ်က ဘယ်သူလဲပေါ့။ ရွှေပင်တွေ ငွေပင်တွေ စိုက်ထားပါတယ်။ တချိန်ချိန်မှာ နားရမယ် ဆိုတဲ့ ကာလတွေကို ကိုထီးလည်း မျှော်တလင့်လင့် စောင့်စားခဲ့ပုံရပါတယ်။ ဘ၀မုန်တိုင်းထဲမှာ တစ်ယောက်တည်း အဖော်မဲ့စွာ ပျံသန်းနေရတဲ့ ရွှေဟသာင်္လေး အတောင်ညောင်းမှာကိုလည်း တွေးပူမိခဲ့ပါသေးတယ်။ ရွှေအိမ်တွေ ငွေအိမ်တွေအဆီ အရောက် ပျံသန်းလာဖို့... အားမလျှော့ဖို့ သီချင်းလေးက တဆင့် အားပေးစကား ပြောသွားပါသေးတယ်။

အားပေးစကားတွေ ပြောခဲ့တဲ့ ကိုထီး တစ်ယောက် အခုတော့ အားလျှော့သွားပြီပေါ့နော်။ နေရစ်တော့ကွယ် သွားတော့မယ်ပေါ့နော်။ ကိုထီးချစ်တဲ့ ဟင်္သာမလေးကတော့ အတောင်တွေ ဖြန့်ကျက်ပြီး ဆက်လက် ပျံသန်းနေအုံးမှာ ဆိုတာကို ကိုထီးတစ်ယောက် စွဲမြဲစွာ ယုံကြည်နေမယ်ဆိုတာကို ကျွန်တော် သိနေပါတယ်။

ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးငြိမ်းသာယာနေနိုင်ပါစေဗျာ။

Sunday, March 9, 2008

Donation for Fire victims

လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးဘေးအတွက် ကျွန်တော်တို့ စကာင်္ပူမှာ ကောက်လို့ရတဲ့ အလှူငွေ အစအဆုံး စာရင်းချုပ်လိုက်တော့ အလှူငွေ စုစုပေါင်း ၃၂၀၀ ဒေါ်လာ ကောက်ခံရရှိပါတယ်။ ဒီနေ့ ငွေလွှဲဈေးက စင်္ကာပူ ၁ ဒေါ်လာကို မြန်မာငွေ ၇၈၀ ကျပ်ပါ။ ဒါပေမယ့် ပင်နီဇူးလားက သပြေနုကို မီးဘေးအလှူအကြောင်း ပြောပြတော့ ၈ ကျပ် ထပ်တိုးပေးပါတယ်။ အဲဒီတော့ ငွေလွှဲဈေးက ၇၈၈ ကျပ်နဲ့ လွှဲဖြစ်လိုက်ပါတယ်။ စုစုပေါင်း ၂၅၂၁၆၀၀ ကျပ် ပါခင်ဗျာ။

ကျွန်တော်တို့ အခုလို လုပ်နေတာ ချမ်းသာဖို့လည်း မဟုတ်၊ အမည်သတင်း ကျော်ကြားဖို့လဲ မဟုတ်ပါဘူး။ လိုအပ်နေတဲ့သူတွေကို လိုအပ်တာလေးတွေကို လက်ထဲအရောက် ပံ့ပိုးကူညီချင်တဲ့ လူမှုရေး စိတ်ဓါတ်လေးကို အခြေခံထားကြတာပါ။ နိုင်သလောက်လေး ကြယ်ငါး ကောက်နေကြတာပါ။

လူဆိုတာ မကြုံဖူးရင် မသိကြပါဘူး။ ကြုံဖူးမှ သိကြရတာပါ။ အဲဒီလို ဒုက္ခရောက်နေတဲ့ ဘ၀မျိုးတွေကို မြင်ဖူးတွေ့ဖူး ကြုံဖူးနေတဲ့ ကျွန်တော်အဖို့ မျက်နှာလွှဲ ခဲပစ် မလုပ်ရက်ပါဘူး။ ဒါကြောင့် နိုင်သလောက် ပံ့ပိုးကူညီနိုင်ဖို့ အလှူငွေ လိုက်ကောက်ခဲ့တာပါ။ အချိန်ပေး စုစည်းပေးခဲ့တာပါ။

အလှူငွေ ကောက်တယ်ဆိုတဲ့ အလုပ်ကလည်း ဘယ်လောက်ထိ အောက်ကျနောက်ကျ လုပ်ရသလဲဆိုတာ အလှူခံဖူးသူတွေ သိကြမှာပါ။ လူတိုင်းက သူ့ခံယူချက်နဲ့သူ... သူ့သမိုင်းနဲ့သူ... သွားနေတာ။ လူတိုင်း ကိုယ့်လို့လူ မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း အခံရခက်နေတုန်းပါ။

ဘယ်လောက်ထိ မာန်တွေ လျှော့ရလဲ... စိတ်တွေ လျှော့ရလဲ...
ဘယ်လောက်အထိ အထင်လွဲခံရလဲ... နားလည်မှုတွေ လွဲကြသလဲ...
ဘယ်လောက်အထိ အပြောအဆို ခံရလဲ... ဘယ်လောက်အထိ အငြိုအငြင် ခံရလဲ...

အဝေးရောက် ရွှေတွေကြောင့် စိတ်လည်း ပိုနာလာပါတယ်။ စိတ်တွေလည်း ညစ်ရသလို ဗမာအောက်တန်းစား ဆိုတဲ့ နေးတစ်မြန်မာဖိုရမ်မှာ ကိုဂျေဆိုတဲ့ မန်ဘာတစ်ယောက် တင်ခဲ့တဲ့ပို့စ်ကိုလည်း သတိတရ ရှိမိပါတယ်။ တကယ်ဆို ဗမာသွေး လုံးဝ မပါတဲ့ လူမျိုးခြား ကျွန်တော်အနေနဲ့ "ကိုယ်က အနေသာကြီးပါ" ဆိုတဲ့ စိတ်ရိုင်းလေးက ၀င်ဝင်လာတယ်။ ရင်ထဲ... နှလုံးသားထဲမှာ အဲဒီစိတ်ရိုင်းလေး လုံးဝ ခိုင်မြဲသွားရင်တော့ နေရစ်ခဲ့တော့ကွယ် နှုတ်ဆက်တယ်လို့ပဲ ပြောမိမယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မီးဘေးအတွက် အလှူငွေတွေ ကောက်ခံနိုင်ခဲ့ပါတယ်။ အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးပေးနိုင်မှာကို မြင်ယောင်မိပြီး ကြည်နူးမိပါတယ်။ ဒါကြောင့် အခုအလှူမှာ စိတ်တူကိုယ်တူ လှူဒါန်းပေးခဲ့တဲ့ အလှူရှင်တွေ၊ အချိန်ကုန်ခံပြီး ထပ်ဆင့် အလှူငွေ ကောက်ခံပေးတဲ့ ဖိုရမ်မန်ဘာများ၊ အသိမိတ်ဆွေများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပံ့ပိုးကူညီတဲ့ ရန်ကုန်နယ်ခံ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။

Saturday, March 8, 2008

Limited resource

အရင်းအမြစ်ဆိုတာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်တဲ့အချိန်မှာ အလွန်ကို အရေးပါ ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရင်းအမြစ်တွေကို ထုတ်ယူ သုံးစွဲရပါတယ်။ ပြည်ပကို ပို့ပြီး ရောင်းချကြပါတယ်။ ရလာတဲ့ နိုင်ငံခြားငွေကို အကျိုးရှိရှိ ပြန်လည် အသုံးချပြီး နိုင်ငံကို တည်ဆောက်ရပါတယ်။ တချို့နိုင်ငံတွေက သဘာဝ အရင်းအမြစ်တွေကို သုံးကြပါတယ်။ တချို့နိုင်ငံတွေက လူသား အရင်းအမြစ်ကို အကျိုးရှိရှိ သုံးကြပါတယ်။ ဘယ်အရင်းအမြစ်ကို သုံးကြပါစေ... အဲဒီ အရင်းအမြစ် ပြုန်းတီး ပျောက်ကွယ် မသွားအောင် စနစ်တကျ ထိန်းသိမ်း တည်ဆောက်ယူကြပါတယ်။

မြန်မာနိုင်ငံကတော့ သဘာဝ တွင်းထွက် သယံဇာတတွေကို အဓိက အသုံးချနေရတဲ့ ဘ၀မှာပဲ ရှိပါသေးတယ်။ သယံဇာတတွေကို နိုင်ငံခြား တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ ရှာနေရပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ ပေါကြွယ်ဝမှုကတော့ ခေတ်အဆက်ဆက်မှာ ထင်ရှားကျော်ကြားပါတယ်။ နိုင်ငံခြားကို အဓိက တင်ပို့နေတာတွေက ကတ်သုတ်ကော့ပါး၊ ခဲ၊ သွပ်၊ သံဖြူ၊ ကျောက်မီးသွေး၊ သဘာဝ ဓါတ်ငွေ့၊ ပတ္တမြား၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ သစ်တောထွက် ပစ္စည်း စတာတွေပေါ့။ အခုဆို မြစ်ထဲက သဲကိုပါ နိုင်ငံခြားကို တင်ပို့ရောင်းချပါတယ်။

ကလေးဝ၊ နမ္မ စတဲ့ ကျောက်မီးသွေး သိုက်တွေကနေ နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၅ သိန်း ကျော် ထုတ်လုပ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောင်းချတင်ပို့နေပါတယ်။ သဘာဝ သစ်တောတွေကနေ နှစ်စဉ် ကျွန်းသစ်ထုတ်လုပ်မှုက ကုဗတန် နှစ်သိန်းကျော်၊ သစ်မာ ကုဗတန် ၁၄ သိန်းကျော် ရှိပြီး နိုင်ငံခြားကို တင်ပို့နေပါတယ်။ ၂၀၀၇ မှာ ပြုလုပ်သွားတဲ့ ၄၄ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်မျက် ရတနာအတွဲပေါင်း ၃၅၆၂ တွဲ ရောင်းချခဲ့ပါတယ်။ ကျောက်စိမ်းအတွဲပေါင်း ၃၅၀၈ တွဲ ပြသ ရောင်းချခဲ့ပါတယ်။ ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ တင်ပိုရောင်းချမှုကလည်း ၂၀၀၇ ခုနှစ်မှာ ၅၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါတယ်။ သဘာဝဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၃ သိန်းကျော် တင်ပို့ခဲ့ပါတယ်။ မွန်ပြည်နယ်က သံလွင်မြစ် ဂျိုင်းမြစ်ထဲက မြစ်သဲတွေ တန်ချိန် ၁၇၅၀၀ ကျော်ကို စင်္ကာပူနိုင်ငံကို တင်ပို့ ရောင်းချခဲ့ပါတယ်။ စိုက်ပျိုးဖြစ်ထွန်းလာတဲ့ ဆန်စပါးလည်း တင်ပို့ ရောင်းချပါသေးတယ်။ ၂၀၀၅-၂၀၀၆ မှာ ဆန်တန်ချိန် ၁ သိန်းရှစ်သောင်း တင်ပို့ရောင်းချ ခဲ့ပါတယ်။ ဒီနှစ် ၂၀၀၈ မှာတော့ ပြည်ပကို ဆန်တန်ချိန် ၄ သိန်းအထိ တင်ပို့ရောင်းချဖို့ စီစဉ်နေပါတယ်။ စစ်ကိုင်းတိုင်းက တန်ချိန် ၁ သိန်း၊ ပဲခူးတိုင်းက တန်ချိန် ၁ သိန်း၊ ဧရာဝတီတိုင်းက ဆန်တန်ချိန် ၂ သိန်း တင်ပို့ရမှာပါ။ ဆန်တင်ပို့တဲ့အခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပြင် စင်္ကာပူ၊ မလေးရှားနဲ့ အာဖရိက နိုင်ငံတွေအထိ တင်ပို့ရောင်းချမှာပါ။

ကျွန်တော်တို့ နိုင်ငံက ဒီလို သဘာဝသယံဇာတတွေ စိုက်ပျိုးကုန်တွေ ရေထွက်ပစ္စည်းတွေ တင်ပို့ရောင်းချပြီး သွင်းကုန်တွေအနေနဲ့ စက်ပစ္စည်းတွေ၊ ရေနံစိမ်း၊ ဒီဇယ်၊ စာအုံးဆီ၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာနဲ့ စားသောက်ကုန် တွေကို ပြန်လည် ၀ယ်ယူရပါတယ်။ နှစ်ပေါင်းများစွာ ကုန်သွယ်ရေး လိုငွေပြမှုတွေ ဖြစ်ခဲ့ရပေမယ့် ၂၀၀၂-၂၀၀၃ က စပြီး ငါးနှစ်ဆက်တိုက် ကုန်သွယ်ရေး ပိုငွေပြလာပါတယ်။ ပိုငွေပြတယ် ဆိုတော့ ၀မ်းသာစရာပေါ့။

တစ်ခုတော့ စဉ်းစားကြည့်ရအောင်... အခုလို သဘာဝသယံဇာတတွေ စိုက်ပျိုးကုန်တွေ ရေထွက်ပစ္စည်းတွေ ရောင်းချလို့ ရတဲ့ နိုင်ငံခြားငွေ အစား အခြား လူအရင်းအမြစ်တွေကို အသုံးချပြီး နိုင်ငံခြားငွေ ရှာရင်ရော မရဘူးလား။ စကာင်္ပူလို ဘာမှ မရှိတဲ့ နိုင်ငံလေးက လုပ်ပြထားတာ နီးနီးနားနား အလွယ်တကူ လေ့လာလို့ ရနိုင်ပါတယ်။ သဘာဝ သယံဇာတ ဆိုတာ ၀ုန်းကနဲ ဒိုင်းကနဲ ချက်ချင်းကြီး ဖြစ်တည်လာတဲ့ အရာတွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဖြစ်တည်လာရတဲ့ အရာတွေပါ။ မြန်မာနိုင်ငံမှာ အဲဒီလို သယံဇာတတွေ ပေါများတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုအထိပဲ ပေါကြွယ်ဝမှာပါ။ တစ်ချိန်ချိန် ရောက်ရင် ကုန်ဆုံးပျောက်ကွယ် သွားမှာပါ။ ပိုငွေပြအောင် ဆိုပြီး အားရပါးရ လိမ့်ထုတ်နေရင်တော့ အဲဒါတွေ ကုန်သွားရင် ကျွန်တော်တို့ နိုင်ငံ ဘာလုပ်စားကြမလဲ... စဉ်းစားသင့်ပါတယ်။ ပြင်ဆင်ထားသင့်ပါတယ်။ အဲဒါကြောင့် လူ့အရင်းအမြစ်ကို စနစ်တကျ တည်ဆောက် မွေးထုတ်သင့်ပါပြီ။ သင်ကြားရေးစနစ်တွေ ပြုပြင်သင့်ပါပြီ။ သုတေသနလုပ်ငန်းတွေ တိုးချဲ့သင့်ပါပြီ။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသင့်ပါပြီ။ နှစ်စဉ် ဒေါက်တာဘွဲ့ရတွေ များလာတိုင်း မာစတာဘွဲ့ရတွေ ထောင်ချီ သောင်းချီ မွေးထုတ်နိုင်တာနဲ့ လူ့အရင်းအမြစ် ပေါကြွယ်ဝပြီ ထင်နေရင်တော့ နင့်အပြင် မိုက်တဲ့သူ မရှိဘူး လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

Thursday, March 6, 2008

Man Made Disaster

လူတွေကို ဒုက္ခပေးနေတဲ့ ဘေးအန္တရာယ်တွေထဲမှာ လူတွေ ကိုယ်တိုင်ဖန်တီးတဲ့ အန္တရာယ်နဲ့ သဘာဝက ဖန်တီးလို့ ဖြစ်လာတဲ့ အန္တရာယ် ဆိုပြီး ၂ မျိုးခွဲနိုင်ပါတယ်။ မြန်မာနိုင်ငံကတော့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တာ သိပ်မရှိပါဘူး။ သူများတကာတွေ ဆူနာမီရေလှိုင်းကြောင့် သောက်သောက်လဲ သေခဲ့ရပေမယ့် ကျွန်တော်တို့ မြန်မာပြည် အဖျားလေးပဲ ခတ်သွားပါတယ်။ သူများတကာတွေ ငလျှင်ဘေးဆိုးကြီးကြောင့် မြေအောက်မှာ လူတွေ ထောင်သောင်း ပိပျောက်ကုန်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ ယိုင်နဲ့နဲ့ ကန်ထရိုက်တိုက်တွေတောင် ပြိုကျလောက်အောင် မလှုပ်သေးပါဘူးဗျာ။ သူများတကာတွေ ရေတွေကြီး မြစ်ရေတွေ လျှံလို့ အိမ်တွေ ရေမြှုပ်၊ လူတွေ ၀မ်းရောဂါတွေဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်က လူတွေ အမှိုက်ချလို့ ပိတ်နေတဲ့ မြောင်းတွေ ရေလျှံတာပဲ တွေ့ရမြင်ရ များနေသလိုပဲ။ မီးတောင် ပေါက်ကွဲတယ်ဆိုတာ အပထား မီးတောင်ဟောင်း ဖြစ်ခဲ့တဲ့ မင်းဘူး နဂါးပွက်တောင်ထိပ်က ရွှံ့အိုင်ကြီးတောင် အကြီးကြီး မပွက်နိုင်ကြပါဘူးလေ။

အဲဒီလို သဘာဝဘေးအန္တရာယ်တွေ မရှိသလောက် အလွန်နည်းပါးပေမယ့် လူတွေလုပ်လို့ ဖြစ်လာတဲ့ ဘေးအန္တရာယ်က အများသားပဲ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မီးလောင်မှုတွေကို ပြန်ကြည့်လိုက်ရင် လူလုပ်တဲ့ ဘေးအန္တရာယ်မှာ မီးလောင်မှုတွေက အထင်ရှားဆုံးပါပဲ။ ၂၀၀၅ ခုနှစ်မှာ မီးလောင်မှုက ၈၃၅ ကြိမ်၊ ၂၀၀၆ ခုနှစ်မှာ ၈၃၃ ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ ၉၄၄ ကြိမ် ရှိခဲ့ပါတယ်။ မီးလောင်မှု အများဆုံးဖြစ်တာကို တိုင်းနဲ့ပြည်နယ်အလိုက် ပြန်ကြည့်ရင်လည်း ရန်ကုန်တိုင်းက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ သုံးနှစ်အတွင်းမှာ ၈၃၀ ကြိမ် လောင်ခဲ့ပါတယ်။ ချင်းပြည်နယ်က မီးလောင်မှု အနည်းဆုံးပေါ့။ ၃ နှစ်အတွင်းမှာ ၇ ကြိမ်ပဲ ရှိခဲ့ပါတယ်။ လအလိုက် မီးလောင်မှုတွေကို ပြန်ကြည့်ရင် မတ်လက မီးလောင်မှု အဖြစ်အများဆုံးလ ဖြစ်နေပါတယ်။ ၂၀၀၃ မတ်လမှာ မီးလောင်မှု ၁၃၉ ကြိမ်၊ ၂၀၀၄ မတ်လမှာ ၁၅၇ ကြိမ်၊ ၂၀၀၅ မတ်လမှာ ၁၃၃ ကြိမ်၊ ၂၀၀၇ မတ်လမှာ ၁၈၄ ကြိမ် ဖြစ်ခဲ့ပါတယ်။

ဒီနှစ် ၂၀၀၈ ဖေဖော်ဝါရီလ အတွင်းမှာ ရန်ကုန်တိုင်း အတွင်းမှာတင် မီးလောင်မှု ၂၅ ကြိမ် ဖြစ်ပွါးခဲ့ပြီးပါပြီ။ ဖေဖော်ဝါရီလ ပထမပတ်မှာ မီးလောင်မှု ဖြစ်ပွါးခဲ့တာ မရှိပါဘူး။ ဒုတိယပတ်မှာတော့ ၃ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။ တတိယပတ်မှာ ၁၃ ကြိမ်တောင် ဖြစ်ပွါးခဲ့ပါတယ်။ နောက်ဆုံးပတ်မှာတော့ ၉ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ မှာလောင်သွားတဲ့ ရေဥက္ကံကျေးရွာ မီးလောင်မှုကတော့ အပြင်းထန်ဆုံးပါပဲ။

ဘာဖြစ်လို့ အဲဒီလောက်တောင် မီးလောင်မှုတွေက ဖြစ်နေရတာလဲ?
မီးလောင်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ?

မီးလောင်မှု အများစုကို ပြန်ကြည့်လိုက်ရင် ပေါ့ဆမီးဆိုတာကို အများဆုံး တွေ့ရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အနားမှာ ဖယောင်းတိုင် မီးထွန်းတာတွေ... စာအုပ်စဉ်ပေါ်မှာ ဖယောင်းတိုင် ထွန်းထားတာ... ဘုရာမီးကို ပေါ့ပေါ့ဆဆ ထွန်းညှိ ပူဇော်ထားတာ... အိပ်ရာထဲ ခြင်ထောင်ထဲမှာ ဖယောင်းတိုင် မီးထွန်းပြီး စာကြည့်တာတွေ... စာကြည့်နေတုန်း ထွန်းထားတဲ့ ဖယောင်းတိုင်မီး ခြင်ဆေးခွေတွေကို မေ့ပြီး မငြိမ်းမိတာတွေ... အိပ်ရာကုတင်နားမှာ ခြင်ဆေးထွန်းတာတွေ... မီးစက်တွေ ကားတွေထဲကို ဖယောင်းတိုင် ထွန်းပြီး ဓါတ်ဆီဖြည့်တာတွေ... မီးဖိုချောင် မီးကြွင်းမီးကျန်တွေ... အဲဒီလိုနဲ့ မီးလောင်မှုတွေ စခဲ့တာကို တွေ့နေရ မြင်နေရ ကြားနေရပါတယ်။ မြို့ကြီးတွေမှာ လျှပ်စစ်မီး မမှန်တဲ့အတွက်ကြောင့် မီးခလုတ် မပိတ်ခဲ့မိပဲ မီးပြန်လာတဲ့အချိန်မှာ ၀ါယာရှော့ခ်တွေ ဖြစ်ပြီး မီးလောင်တာမျိုးလဲ ခဏခဏ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် ခြင်ဆေးခွေ၊ ဖယောင်းတိုင်တွေ ထွန်းရင် မီးမကူးနိုင်တဲ့ အောက်ခံ သံပြား၊ သွပ်ပြား၊ စတီးပြားတွေ သုံးပြီး ထွန်းညှိကြပါ။ အမွေးတိုင် ဖယောင်းတိုင်တွေ ထွန်းညှိပူဇော်ထားရင်လည်း လူစောင့်ထားပြီး မီးစာကုန်တဲ့အထိ စောင့်ကြည့်နေသင့်ပါတယ်။ အိမ်အပြင်ကိုထွက်တဲ့အခါ အိမ်စောင့်မရှိတဲ့အခါမှာလည်း မီးကြွင်းမီးကျန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီးတွေကို သေချာ ငြိမ်းသတ်ပြီးမှ ထွက်ကြပါ။ မီးလာတာပဲ ဖြစ်ဖြစ်... မီးမလာတာပဲ ဖြစ်ဖြစ်... အိမ်အပြင်ထွက်မယ်ဆိုရင် မီးခလုတ်တွေ သေချာ စစ်ဆေးပိတ်ခဲ့ပါ။ မီးအားမြှင့်စက်တွေ ပိတ်ခဲ့ပါ။ မီးပူတွေ လျှပ်စစ်မီးဖိုတွေ ပိတ်ခဲ့ပါ။ ဖယောင်းတိုင်မီးနဲ့ မီးစက်ထဲ ကားထဲကို ဆီဖြည့်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ မီးလောင်ရင်လည်း တစ်အိမ်တည်း ကြိတ်ငြိမ်းတာမျိုးကို လုံးဝ မလုပ်သင့်ပါဘူး။ မီးသတ်တပ်ဖွဲ့ကို အမြန်ဆုံး အကြောင်းကြားပေးပါ။ မီးဘေးအန္တရာယ်ကို အစဉ်အမြဲ သတိရှိကြပါ။

ကဲ... လူတွေ လုပ်တဲ့ ဘေးအန္တရာယ်ကို တာဝန်သိသိ ကာကွယ်ကြပါစို့.....

Wednesday, March 5, 2008

So upset for them...

မနေ့ကပဲ မိုးကျော် ဆိုတဲ့ ညီလေး နဲ့ ကျွန်တော့်ရုံးမှာပဲ တွေ့ဖြစ်တယ်..။ ကိုယ် လှူတာက ကျပ် တစ်သောင်းခွဲ၊ သူက တကူးတက လာယူတော့ အားနာပါးနာ ဖြစ်ရတယ်..။ ဒါတောင် တက်က်စီနဲ့ မဟုတ်ဘဲ ကားပါလာတယ်ပြောလို့ တော်သေးတယ်လို့ ဖြေတွေးတွေးမိတယ်..။

မီးလောင်တဲ့ ရေဥက္ကံရွာ ဆိုတာ ကျွန်တော် ဆယ်နှစ်ဆယ်မိုး နေခဲ့တဲ့ စက်ရုံနဲ့ ကိုက်တစ်ရာ လောက်သာ ဝေးတာမို့.. အတော့်ကို ရင်းနှီးကျွမ်းဝင်ခဲ့ ရတဲ့ ရွာလေးပဲ..။

လွန်ခဲ့တဲ ဆယ်နှစ်၊ စက်မှုဇုံတွေ စကာ စက အဲဒီရွာ.. ရှိလှ အိမ်ခြေ လေးငါးဆယ်ပဲ..။ ဒီရေချောင်းနဲ့ ဓနိတောလေးက ရွာကို ပတ်ချာ ၀ိုင်းထားတယ်..။ ရွာသူရွာသားများက ဖားရှာငါးရှာ နဲ့ အသက်မွေးဝမ်းကျောင်းကြတယ်..။ များသောအားဖြင့် ရွာသားတစ်ရာမှာ ရှစ်ဆယ်လောက်က ဖိနပ်မစီးကြဘူး..။

သူတို့ထဲက ငါးဆယ်လောက်က ရန်ကုန်ကို မရောက်ဖူးကြဘူးလို့ ပြောတော့ ကျွန်တော့်မှာ အတော်အံ့သြမိခဲ့ရတယ်..။ အခုလို ဘုရင့်နောင် တံတား၊ အောင်ဇေယျတံတား အစရှိတဲ့ မြစ်ကူးတံတားကြီးတွေမရှိသေးတဲ့ ခေတ်ကာလက ဆိုတော့ သူတို့ပြောတာ ဟုတ်မှာပဲ လို့ လက်ခံရပြန်တယ်..။

အဲဒါက.. အရင်က အခြေအနေ ..။ အခုတော့ အရင်အခြေအနေနဲ့ အကွာကြီးကွာသွား ခဲ့ပြီ..။ လှိုင်သာယာစက်မှုဇုံရဲ့ စက်ရုံအလုပ်ရုံ အလုပ်သမား ခုနှစ်ဆယ်ရာနှုန်းလောက်က အဲဒီရွာမှာ နေကြတယ်..။ ရွာခံ ဆိုတာလည်း အခုတော့ မရှိသလောက်ဖြစ်သွားပြီ..။

အိမ်တွေ တဲတွေ ဆိုတာကလည်း.. နေရာလပ် မရှိသလောက်ကို စေ့ညှပ်နေတယ်..။ တိုက်ကြီးတာကြီး ဆိုတာ တရွာလုံး ပြေးကြည့်မှ လေးငါးဆယ်လုံး ထက်မပိုဘူး..။ အားလုံးက တဲတွေနဲ့ တဲသာသာ အိမ်တွေချည်းပဲ..။

ဓနိမိုးမယ်..။ ထရံကာမယ်..။ တချို့ဆို.. ပီနံအိတ်ခွံလိုလို စက္ကူကတ်ထူလိုလိုပဲ ကာနိုင်ကြတယ်..။ နည်းနည်းသပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ အဆောင်လေးတွေ ရှိသလို၊ ကြိုက်ရင်နေ တစ်လ သုံးထောင်ပဲဆိုတဲ့ တဲတွေကလည်း ဘယ်နည်းမလဲ..။

အဲဒီရွာမှာ.. ဘာရေဆိုးမြောင်းစံနစ်မှ ကောင်းကောင်းမွန်မွန်မရှိဘူး..။ တခါတရံ စက်မှုဇုံထဲက ထွက်လာတဲ့ စွန့်ပစ်ရေဆိုးတွေက ဒုနဲ့ဒယ်နဲ့ ရွာထဲမှာ သောင်တင်နေတတ်ပြန်တယ်..။

စက်ရုံဝန်ထမ်းတွေခမျာလည်း မနက်လင်းအလုပ်သွား၊ ညမှပြန်ရောက်၊ ကျောတခင်းသာ အဆင်ပြေ ပြီးရော ဆိုတဲ့ စိတ်တွေနဲ့ နေကြတယ်နဲ့ တူတယ်..။ ဒါမှမဟုတ်.. ရွေးချယ်စရာကို မရှိတာလည်း ဖြစ်နိုင်ပါတယ်..။

လျှပ်စစ်မီးကလည်း မရှိ၊ လုပ်စားတတ်တဲ့ သူတွေက တရုတ်နီ မီးစက်လေးအရင်းပြု၊ မီးတစ်ပွင့် တစ်လ တစ်ထောင့်ငါးရာနဲ့ ညနေခြောက်နာရီက ညဆယ့်တစ်နာရီအထိ ပေးတယ်..။ ဒါတောင် မီးယူလိုသူက မီးစက်နဲ့ ကိုယ့်တဲ အရောက် ၀ါယာကြိုးဖိုး စိုက်ရပြန်တယ်..။

ရေတွင်းရေကန်ဆိုလို့လည်း သိပ်ကြီးကြီးမားမား မရှိဘူး..။ ရွာဘုန်းကြီးကျောင်းမှာပဲ ရေကန်နှစ်ကန်နဲ့ အ၀ီစိစက်တွင်း တစ်တွင်း ရှိတယ်..။ တနိုင်တပိုင် လက်လှုပ်တုံကင်လေးတွေ ရှိတဲ့အိမ်ရှိပေမယ့် တစ်ရွာလုံး လောက်ငှလောက်အောင်အထိတော့ မရှိပါဘူး..။

ဆိုခဲ့သလို..... ရေပုပ်ရေဆိုးတွေက ဆယ့်နှစ်ရာသီ ကိုယ့်တဲအောက်မှာ ရှိနေသမို့.... ခြင်မွေးမြူရေးကလည်း အတော့်ကို ဖြစ်ထွန်းတဲ့ ရွာ လို့ ပြောနိုင်တယ်..။ ညနေညနေဆို ဆုပ်ပက်လိုက်သလား အောက်မေ့ရအောင် ခြင်က တစ်ရွာလုံးအပြည့်ပဲ..။

အခန်းတွေက ကျဉ်း၊ ပြည့်သိပ်ကျပ်ညှပ်အောင် နေရတဲ့ အထဲ၊ ခြင်ကနှိပ်စက်..။ ခြင်ထောင်ဆိုတာ လူစေ့မရှိ၊ တနေကုန် ပင်ပမ်းကြီးစွာ တ၀မ်းတခါးအတွက် ရုန်းကန်လှုပ်ရှားလာတာမို့ စိတ်တွေက ရှုပ်ထွေး၊ ရတဲ့ လုပ်အားခထဲက ဖဲ့ရွဲ့ပြီး ခြင်ဆေးခွေဝယ်ထွန်း၊ တစ်ရက်မဟုတ် နှစ်ရက်မဟုတ်.. တစ်ယောက်မဟုတ် နှစ်ယောက်မဟုတ်.. တစ်တဲမဟုတ် နှစ်တဲမဟုတ်.. .. နောက်ဆုံးတော့ .. ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရတော့တာပဲ..။ (နောင်လည်း မကြာမီ လာအုံးမည် မျှော် ဆိုတာမျိုး ပဲ)

စေ့စေ့တွေးလေ.. ၀မ်းနည်းဖို့ ကောင်းလေပါပဲ..။ အဖြေမရ ထွက်ပေါက်မရတဲ့ အတွေးတွေနဲ့ပဲ တွေးသူသာ မွန်းကြပ် ကျန်ခဲ့ရတယ်...။

အလှူငွေလာယူတဲ့ ညီငယ်မိုးကျော်က ပြောတယ်..။ မီးလောင်တာက အချိန်ကောင်း..။ တချို့အလုပ်ဆင်းနေလို့ မီးလောင်တာ မသိလိုက်သူတွေ.. ညနေအလုပ်ဆင်းမှ.. ကိုယ့်အိမ်မီးထဲ ပါသွားမှန်းသိကြလို့ ရွာထိပ်မှာပဲ မူးမေ့လဲကြ ရှာတယ်..။

ရွာပြန်မရောက်တာ အတော်ကြာခဲ့ပြီ..။ ဒီနှစ်သင်္ကြန်တော့ ရွာပြန်ဖြစ်အောင် ပြန်မယ်ဆိုပြီး .. ခြစ်ခြုပ် ကုတ်ကတ် ထားတာလေးတွေ မီးထဲ ပါသွားခဲ့ရင် ဘယ်လောက်များ ခံစားလိုက်ကြရမလဲ..။

တနေ့တနေ့ နေပူမိုးရွာမရှောင် အိုဗာတိုင် ခေါ်ချင်သလောက်ခေါ် ကြုံးရုန်းလုပ်၊ (ကန်တော့ပါရဲ့) ဖင်ဂျွတ်တက်အောင် စက်ခုံမှာထိုင်၊ ခါးရိုးကျိုးမတတ် လုပ်ပြီး စုဆောင်းထားရတဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုလေးတွေ ကုံးကောက်စရာကို မကျန်တော့ဘူးရင်.. ဘယ်လောက် စိတ်ထိခိုက်လိုက်ကြမလဲ..။

လသားအရွယ် ကလေးငယ်ကို သုံးနှစ်အရွယ်ကလေးက ထိန်း.. သူတို့ကို ငါးနှစ်အရွယ် ကလေးက ထမင်းချက်ရင်း စောင့်ကြည့်၊ မိဘများကတော့ နှစ်ယောက်စလုံး အလုပ်လုပ်မှ မနက်ထမင်းရည် ညနေထမင်း နှပ်မှန်မှာမို့ အလုပ်သွား.. ။ အဲဒီအချိန်မှာ မီးကလောင်..။

ဘေးဘယ်ညာ အိမ်နီးနားချင်းဆိုသူတွေလည်း ကမ္ဘာမီးလောင်တော့ သားကောင်ချနင်း.. ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့.. တောင်မင်းမြောက်မင်း မကယ်နိုင်.. ဘ၀တွေ ဘ၀တွေ.. ကျွန်တော်တို့နဲ့ လူမျိုး အတူတူ ဆိုသူတွေရဲ့ ဘ၀တွေ.....

ကျွန်တော် စိတ်မကောင်းပါ..။ အတော့်ကို ၀မ်းနည်း မိရပါတယ်..။

---------------------------------

Native Myanmar Forum မှာ လှိုင်သာယာမီးဘေးနဲ့ ပါတ်သတ်ပြီး အလှူခံပေးနေတဲ့ ရက်ဗန် တော့ပစ်အောက်မှာ မန်ဘာတစ်ယောက် ရေးထားတဲ့ပို့စ်လေးကို ကျွန်တော့် Blog မှာ ပြန်လည်ဝေမျှ တင်ပြလိုက်ပါတယ် ခင်ဗျာ။

Sunday, March 2, 2008

Falling rain...

မိုးတွေရွာစွေ

ကောင်းကင်ထက်မှာ ခြိမ်းကာခြိမ်းကာ
လျှပ်စစ်ဝင်းလက် ပြက်ကာပြိုးကာ
နက်မှောင်တိမ်ညို လွှမ်းခြုံမိုးနေ
ကိုင်းခက်လေဆောင် နွဲ့၍ထိန်းနေ
တိမ်းကာ ယိမ်းကာ
မိုးတွေ ရွာစွေ

ပြုံးပျော်ခဲ့တယ် မိုးရေထဲမှာ
ချစ်လာခဲ့တယ် မိုးရွာဆဲမှာ
မိုးရေခုလေ နှောင်းလွန်ရွေ့လာ
စိမ်းရက်သူရယ် စိမ်းနိုင်အားတယ်
မိုးရေ မိုးရေ
မိုးတွေ ရွာစွေ

မိုးတွေရွာစွေ ရွာစေပါ မိုးရေ
မိုးတွေရွာစွေ ရွာစေပါ မိုးရေ

သည်းရွာတော့လေ အားကူဖြည့်ကာ
သည်းလိုက်ဦးပေါ့ မိုးရေထပ်ကာ
ခုဆိုသူလေ မိုးကိုမေ့နေ
မေ့ရော့မှာပါ မိုးရေမိုးရေ
သည်းပါ သည်းပါ
မိုးတွေ ရွာစေ

မိုးတွေရွာစွေ ရွာစေပါ မိုးရေ
မိုးတွေရွာစွေ ရွာစေပါ မိုးရေ
မိုးတွေရွာစွေ ရွာစေပါ မိုးရေ
မိုးတွေရွာစွေ ရွာစေပါ မိုးရေ
မိုးတွေရွာစွေ ရွာစေပါ မိုးရေ

တေးရေး တေးဆို အဆိုတော် ခင်ဝမ်းပါ။ မူလတန်းကျောင်းသားအရွယ် ဟိုးငယ်ငယ်လေးကတည်းက နွေရာသီ ကျောင်းပိတ်ရက်မှာ အဘွားရှိတဲ့ မြောက်ဥက္ကလာပအိမ်မှာ သွားနေလေ့ရှိပါတယ်။ အဲဒီအိမ်မှာ ဦးလေးအငယ်ဆုံးက ကတ်ဆက်ဖွင့်ရင် ခင်ဝမ်းသီချင်းတွေကို ဖွင့်လေ့ရှိတော့ ခင်ဝမ်းရဲ့ သီချင်းတွေကို ငယ်ငယ်လေးကတည်းက နားယဉ်နေခဲ့ပါတယ်။ ဆယ်လ်မွန်ငါးတို့အပြန်၊ ဧရာဝတီ၊ နှုတ်ဆက်ခဲ့ပါတယ်၊ နဒီမင်္ဂလာ စတဲ့ သီချင်းတွေကို မှတ်မိနေပါသေးတယ်။ မိုးတွေရွာစွေ သီချင်းကိုတော့ အမှတ်မိကြီး မဟုတ်ပါဘူး။ အခုတလောမှ ခင်ဝမ်းသီချင်းတွေကို ခင်မောင်တိုး ပြန်ဆိုထားတဲ့ အခွေကို ပြန်နားထောင်မိတော့မှ ငယ်တုန်းက နားထောင်ဖူးတာကို ပြန်မှတ်မိလာခဲ့ပါတယ်။

ဒီနေ့မှာလည်း စင်္ကာပူမှာ မိုးတွေက ရွာစွေနေပါတယ်။ တစ်နေကုန် ဖွဲဖွဲလေးရွာလိုက် ပြန်တိတ်သွားလိုက်နဲ့ ထစ်ချုန်းရွာလိုက်နဲ့ ကောင်းကင်တစ်ခုလုံး တိမ်ညိုတွေနဲ့ အုံ့ဆိုင်းမှုန်မှိုင်းနေပါတယ်။ လျှပ်စီးတွေကလည်း ပြိုးပြိုးပြက်ပြက် ပါပဲ။ အိမ်က အစ်ကိုတစ်ယောက်က ခင်ဝမ်းအခွေကို ပြန်ဖွင့်နေတာနဲ့ အ၀တ်တွေ မီးပူတိုက်ရင်း နားထောင်နေမိခဲ့ပါတယ်။ ပြုံးပျော်ခဲ့တယ် မိုးရေထဲမှာ... ချစ်လာခဲ့တယ် မိုးရွာဆဲမှာ... စာသားလေးတွေက အတိတ်ကို ပြန်လည် ခေါ်ဆောင်သွားပါတယ်။ ခုဆို သူလေ မိုးကို မေ့နေ... မေ့ရော့မှာပါ မိုးရေ မိုးရေ... ဆိုတဲ့ စာသားလေးတွေက ရင်ကိုထိရှစေပါတယ်။ ဒီမှာတော့ မိုးတွေရွာစွေ နေပါတယ်။ ဒါပေမယ့် သူကတော့ မေ့နေ့ရော့မှာပါဗျာ။

Saturday, March 1, 2008

YDC 2nd year Anniversary

ဒီနေ့က စင်္ကာပူကြက်ခြေနီအသင်းက ထူထောင်ပေးထားတဲ့ Youth Donor Club ရဲ့ ၂ နှစ်မြောက် ပွဲလေးပေါ့။ စင်္ကာပူ အော့ချတ်လမ်းပေါ်က Heeren မှာ အဲဒီပွဲလေး လုပ်ခဲ့ပါတယ်။ ပွဲအတွက် နေရာကို Heeren က စပွန်ဆာ ပေးပါတယ်။ မနက် ၁၁ နာရီကတည်းက လူစုထားတော့ မနက် ၁၁ နာရီအရောက် Heeren ကိုသွားခဲ့လိုက်တယ်။ ဟိုရောက်တော့ လိုအပ်တာတွေ ၀ိုင်းလုပ်ပေးလိုက်တယ်။ စတိတ်ခ်ျ့စင်ကို ပြင်ဆင်၊ ဓါတ်ပုံတွေ ကပ်၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ စတာတွေ လုပ်နေလိုက်တယ်။ ပွဲမစခင် ထမင်းသွားစားခိုင်းတာနဲ့ အဖွဲ့လိုက် ထမင်းစား ထွက်လာခဲ့ပြီး နေ့လည် ၁၂ နာရီခွဲအမှီ ပြန်လာခဲ့ပါတယ်။


နေ့လည် ပွဲစကတည်းက အခမ်းအနားမှုးတွေက အစီအစဉ် တစ်ခုပြီးတစ်ခု တောက်လျှောက် လုပ်သွားတယ်။ ကြားထဲမှာ အဖွဲ့လိုက် ဓါတ်ပုံတွေ ရိုက်လိုက်သေးတယ်။ Outdoor ရော Indoor ရော လုပ်တော့ အဖွဲ့တွေက အပြင်မှာ လုပ်အားပေးတဲ့လူက ပေး၊ Shopping Mall ထဲမှာ လုပ်အားပေးတဲ့သူက ပေးပေါ့။ အပြင်ပိုင်းမှာက လက်ကမ်းစာစောင်တွေ ဝေကြပါတယ်။ သွေးနဲ့ ပါတ်သတ်တဲ့ မေးခွန်းတွေကို မေးပြီး မှန်ရင် အမှတ်တရ လက်ဆောင်တွေ ပေးပါတယ်။ လက်ဆောင်တွေကို Mr. Bean, Koolook နဲ့ City Chain က စပွန်ဆာပေးပါတယ်။ သွေးလှူမယ့်သူတွေ ရှိရင်လည်း စာရင်းကောက်ကြပါတယ်။ ပြီးရင် သွေးဘဏ်ကို ပို့ဆောင်ပေးပါတယ်။ အထဲမှာက ပြပွဲတွေ လုပ်ထားပေးပါတယ်။ ကံစမ်းမဲတွေ ဖောက်ပေးပါတယ်။


ကျွန်တော်ကတော့ ကွန်ပျူတာပိုင်းကို တာဝန်ယူပေးခဲ့ရပါတယ်။ Blood Buddy Connection ဆိုတဲ့ Web Application လေးကို မိတ်ဆက်ပေးရတာပါ။ သူက အခုတလောမှာ နာမည်ကျော်လာတဲ့ Facebook လို သူငယ်ချင်းတွေ အပြန်အလှန် ဆက်သွယ်လို့ရတဲ့ Social Network လေးတစ်ခုပါ။ သူကျတော့ သွေးလှူရှင်တွေ အချင်းချင်း ဆက်သွယ်ပေးနိုင်အောင် လုပ်ပေးထားတာပါ။ ကျွန်တော်က အဲဒါလေးကို မိတ်ဆက်ပေးရတဲ့ အပိုင်းမှာ တာဝန်ယူခဲ့ရတာပေါ့။



ညပိုင်းမှာတော့ နောက်ဆုံး အစီအစဉ်အနေနဲ့ မော်ဒယ်လ်ရှိုးလို ပွဲလေး လုပ်ပါတယ်။ အဲဒီရှိုးမှာ ၀တ်တဲ့ အ၀တ်အစားတွေကို 77th Street က ပံ့ပိုးပေးပါတယ်။ ပွဲကို တင်ဆက်တဲ့သူတွေရဲ့ ဟာသတွေ နမူနာ လမ်းလျှောက်ပြတဲ့ပုံတွေက ပွဲကို လာကြည့်နေတဲ့ ဈေးဝယ်သူတွေကို တ၀ါးဝါး တဟားဟား ပေါ့။ အဲဒီပွဲလေးပြီးတော့ ည ၆ နာရီ ထိုးနေပါပြီ။ ခင်းကျင်းထားတာတွေကို သိမ်းဆည်းပြီးတော့ အဖွဲ့က ကျန်နေသေးတဲ့ မန်ဘာအားလုံး ခဏတဖြုတ် ပွဲအကြောင်းကို ပြန်လည်ဆွေးနွေးကြပါတယ်။ အခုပွဲရဲ့ လိုအပ်ချက်တွေ အမြင်တွေ ဖလှယ်ကြတာပေါ့။ ပြီးတော့ အားလုံး အိမ်ကို အသီးသီးပြန်ဖို့ လမ်းခွဲခဲ့ပါတယ်။ မိုးလင်း မိုးချုပ် တနေကုန် လုပ်အားပေးခဲ့ရပေမယ့် အတွေ့အကြုံအသစ်တွေ ရခဲ့လို့ ပျော်မိပါတယ်ဗျာ။