Wednesday, April 23, 2008

Farewell.....

နှုတ်ဆက်ခဲ့ပါတယ်

နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော် သွားတော့မယ်
လမ်းရဲ့သယ်ဆောင်ရာ ဟိုးအဝေးကို အဝေးကို
လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ်
လေထန်ရင်လည်း လေဆန်ကို လျှောက်မယ်
နေပူမှာ ခြေပူ ခံမယ်...

ငိုကြွေးခြင်းကို စွန့်လွှတ်ခဲ့ပြီ
အားလုံး အဆင်ပြေသွားမှာပါ
ကံကြုံရင် ပြန်ဆုံကြဦးမယ်
ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်
ကျွန်တော် သွားတော့မယ်...

အားလုံးကို ခွဲထားရစ်ခဲ့ပြီ
အရာရာကို စွန့်လွှတ်ထားခဲ့ပြီ
တစ်ချိုးတစ်ကွေ့ ကွေ့ကြရင်း
ခွဲခွာဖို့ ရင်နာဖို့ ကြုံခဲ့ပြီ
ခွဲခွာဖို့ ရင်နာဖို့ ကြုံခဲ့ပြီ....

တေးရေး/တေးဆို ခင်ဝမ်းပါ။ ငယ်ငယ်လေးကတည်းက ကြားဖူးတဲ့ သီချင်းလေးပါ။ အတော်လေးကို နားထောင်လို့ ကောင်းပါတယ်။ ငိုကြွေးခြင်းကို စွန့်လွှတ်ပြီး ဘ၀ခရီးတစ်ခုကို ထွက်ခွါမသွားသေးပေမယ့် သူရဲ့ တေးချစ်ပရိသတ်ကြီးနဲ့ အနုပညာလောကကို ကြိုတင်နှုတ်ဆက်ခဲ့တဲ့ သတိပေး တေးတစ်ပုဒ်လားပေါ့။ ဒါပေမယ့် ခွဲရမယ့် အချိန်တန်တော့လည်း သူလည်း သူချစ်တဲ့ အနုပညာလောကကြီးကို စွန့်လွှတ်ခွဲခွါ နှုတ်ဆက်ခဲ့ရတာပါပဲလေ။

ဒီသီချင်းလေးကို နားထောင်မိပြီး ခံစားမိတာလေးတွေ ရှိပါတယ်။ လူဆိုတာ သေမျိုးကြီးပါပဲ။ လူတိုင်း သိပါတယ်။ မသေခင်လေးမှာ ကိုယ်ရဲ့ ခံယူချက် ရပ်တည်ချက်တွေနဲ့အတူ အသက်ရှင်သန်ရဲဖို့ လိုပါတယ်။ ရပ်တည်ချက်အတွက် နေပူမှာ ခြေပူခံရမယ်ဆိုလည်း ခံကြရမှာပေါ့။ လေထန်ရင်လည်း လေဆန်ကို လျှောက်ရမှာပေါ့။ ခံယူချက် ရပ်တည်ချက်ကနေ ပေါ်ပေါက်လာတဲ့ လမ်းတစ်လျှောက် ဟိုးအဝေးတွေ ဟိုးအဝေးတွေကို လျှောက်လှမ်းရင်း ခွဲခွာရမယ့် လူတွေရှိခဲ့ရင်လည်း ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့ဗျာ။ နောက်မျိုးဆက်တွေရဲ့ရှေ့မှာ ကိုယ့်လိပ်ပြာကို ကိုယ်လုံကြစေချင်ပါတယ်။ အချိန်က စကားပြောလာတဲ့ တစ်နေ့နေ့မှာ ကိုယ့်ရပ်တည်ချက် ခံယူချက်အတိုင်း မလုပ်မိတဲ့အတွက် နှောင်းမှရတဲ့ နောင်တတွေကို မရှိစေချင်ပါဘူးဗျာ။ လောကကြီးကနေ နှုတ်ဆက် ထွက်ခွါသွားချိန်မှာ ကျက်သရေ ရှိနိုင်ကြပါစေ...

3 comments:

  1. ကိုဂျူလိုင်..
    ဆိုလိုရင်းကတော့ မဲမထည့်ပဲ နေမယ့်လူတွေကို မဲထည့်ခိုင်းတယ်လို့ ထင်တယ်..
    ကိုယ်လိုရာဆွဲတွေးမိတာလဲ ဖြစ်နိုင်ပါတယ်။
    ဒါပေမယ့် .. ကန့်ကွက်တယ်ဆိုရင်လဲ ရဲရဲကန့်ကွတ်ရဲရမယ်..
    နိုင်ငံရဲ့သမိုင်းမှာ ငါတို့ကတော့ ကန့်ကွတ်မဲ ထည့်ခဲ့တယ်ဟေ့လို့ ပွင့်ပွင့်လင်းလင်းမှတ်တမ်းတင်စေချင်တယ်။ ကိုယ့်ပုခုံးပေါ်ကိုရောက်လာတဲ့ သမိုင်းပေးတာဝန်ထဲက တခုအဖြစ် တာဝန်ယူနိုင်ကြစေချင်တယ်။
    သူများတွေက အသက်တွေ ဘ၀တွေတောင် ပေးထားတာမဟုတ်လား။

    ReplyDelete
  2. ကိုဂျူလိုင်ရေးထားတာလေးကိုသိပ်ကြိုက်တယ်။
    ခံယူချက်၊ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ
    ထားနိုင်သူတွေကိုလေးစားပါတယ်။သီချင်းလေး
    ကိုနားထောင်ဖူးပေမဲ့ဒီလိုမတွေးခဲ့ဖူးဘူး။နောက်
်မျိုးဆက်တွေရဲ့ရှေ့မှာ ကိုယ့်လိပ်ပြာကို ကိုယ်လုံ
    တဲ့သူတွေဖြစ်နိုင်အောင် ကိုယ်လဲကြိုးစားမယ်။
    သူများတွေကိုလဲ တိုက်တွန်းမယ်အကိုရေ။

    ReplyDelete
  3. ကို JD ရယ်
    ကျွဲပါးစောင်းတီး

    ReplyDelete