Friday, October 24, 2008

Desert Plant


Compass Cactus

လူတွေကလည်း လူတွေပဲ။ ကိုယ့်ရဲ့ ရပိုင်ခွင်ဆိုရင် တစ်ရွေးသားမျှ နောက်ဆုတ်မပေးချင်ကြဘူး။ ကျပ်စိကို နှစ်ထပ်ဖြစ်နေလားဆိုပြီး ခွာကြည့်ချင်တယ်။ ဘာမဟုတ်တာလေးကို ပြူးပြူးပြဲပြဲ ဇီဇာကြောင်တယ်။ ဘာမဟုတ်တာလေးကို ဇာချဲ့တယ်။ ဇီဇာကြောင်တဲ့လူထဲမှာ ကျွန်တော်လည်း ပါတာပဲ။ ဇာချဲ့တာလည်း တခါတရံ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ရုံးက အူကြောင်ကြား နှာခေါင်းပွ တရုတ်လောက် မဆိုးဘူးဗျ။ ကိုယ့်ထက်ဆိုးတဲ့လူနဲ့ လာတိုးနေတယ်။

ရုံးမှာ အရင်က ထိုင်နေတဲ့စားပွဲကနေ တခြားစားပွဲတစ်ခုကို နေရာရွေ့ ပြောင်းထိုင်ဖြစ်တယ်။ နေရာအသစ်က အရင်နေရာဟောင်းနဲ့ ကျောချင်းကပ်ပါပဲ။ ကိုယ့်စိတ်ကြိုက် ရွှေ့ချင်လွန်းလို့ ရွှေ့တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော့် စားပွဲမှာက ဖုန်းရှိတယ်။ ဒါပေမယ့် ဘေးစားပွဲရဲ့ နောက်ကျောက စားပွဲမှာက ဖုန်းမရှိဘူး။ သူတို့တွေက တရုတ်ပြည်ကနေ စင်္ကာပူမှာ သင်တန်းသဘောမျိုး အလုပ်လာလုပ်နေရတဲ့ လူတွေဆိုတော့ အလုပ်စားပွဲပေါ်မှာ ဖုန်းအပိုင်လည်း မပေးထားဘူး။

ခက်တာက သူတို့ကို တရုတ်ပြည်ကနေ မန်နေဂျာတွေက အလုပ်ကိစ္စရှိလို့ ဖုန်းလှမ်းဆက်ရင် သူတို့မှာ ကျွန်တော့်ဖုန်းကို လာလာကိုင်နေရတယ်။ တခါတလေ ဖုန်းပြောရင်း သူတို့ ကွန်ပျူတာမှာ ပြန်စစ်ရတာတွေ ရှိတဲ့အခါ ဖုန်းကို နောက်ကျောဘက်က စားပွဲဘက်ကို ယူသွားတာ့ ဖုန်းကြိုး တွဲလောင်းနဲ့ လမ်းပိတ်သလို ဖြစ်ကုန်ရော။ အဲဒါတွေကို မကြည့်ရက်တဲ့ ကျွန်တော်က သူ့ဘေးနားက စားပွဲလွတ်နေတာနဲ့ အဲဒီဘက်ကို ပြောင်းပေးလိုက်တာပေါ့။

ရုံးက Network Engineer တွေကို နေရာပြောင်းမယ့်အကြောင်း အီးမေးလ်ပို့ထားတော့ သူတို့တွေက ဖုန်းကို နေရာပြောင်းချိတ်ပေးပါတယ်။ စက်ကတော့ Laptop ဆိုတော့ ပြောင်းရရွှေ့ရ အပန်းမကြီးပါဘူး။ ဖုန်းကိုတော့ စားပွဲနှစ်ခုကြားမှာ ထားပေးလိုက်တော့ တရုတ်ပြည်က လာတဲ့ တရုတ်အတွက် ဖုန်းကိစ္စ အဆင်ပြေသွားပြီ။ သိပ်မကြာပါဘူး ရုံးမှာ ကျွန်တော့်အတွက် နောက်ထပ် ကွန်ပျူတာတစ်လုံး ထပ်ပေးပြန်တယ်။ အဲဒီစက်က Server ထိုင်ဖို့အတွက်ပါ။ အဲဒါနဲ့ Laptop တစ်လုံး၊ Desktop တစ်လုံး စားပွဲပေါ်မှာ ရှိနေလာရော။ ကျွန်တော်ပြောင်းလာတဲ့ စားပွဲဘေးနားမှာ တစ်ရုံးလုံးသုံးတဲ့ ကာလာပရင်တာ တစ်လုံးလည်း ရှိနေသေးတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ။

ကျွန်တော် ခုံအောက်မှာ မီးပလပ်က နှစ်ပါက်ပဲ ရှိတယ်။ Extension လည်း မရှိဘူး။ လက်ရှိ မီးပလပ်အပေါက် နှစ်ခုထဲက တစ်ခုကို ပရင်တာက သုံးနေတယ်။ ကျွန်တော့်အတွက်က တစ်ပေါက်ပဲ ကျန်တယ်။ အရင်က Laptop တစ်ခုထဲဆို အဲဒီအပေါက် တစ်ပေါက်တည်းနဲ့ အိုခေ စိုပြေနေတာပဲ။ အခုတော့ Desktop မှာ System Unit ရယ် Monitor ရယ် နှစ်ခုအတွက် အပေါက် နှစ်ပေါက် လိုလာပြီ။ အဲဒါနဲ့ Network Engineer က ကျွန်တော့် မျက်နှာချင်းဆိုင် စားပွဲအောက်က ပလပ်ပေါက်တစ်ခုမှာ System Unit အတွက် မီးပလပ်ပေါက် ထိုးလိုက်တယ်။ Monitor အတွက် ဘေးက တရုတ်ဆီမှာ ပိုနေတဲ့ ပလပ်ပေါက်ကို ယူသုံးလိုက်တယ်။ ကဲ... အဆင်ပြေသွားပြီ။

ဒီလိုနဲ့ Server ကြီးလည်း စတင် အလုပ်လုပ်တာပေါ့။ သိတဲ့အတိုင်း Server ဆိုတာ အကြောင်းကြီးငယ် မရှိပဲ ရပ်ထား ပိတ်ထားလို့ရတာမျိုး မဟုတ်ဘူးလေ။ ဒါကြောင့် စက်က အမြဲတမ်း ဖွင့်ထားရတယ်။ တစ်ရက် မျက်နှာချင်းဆိုင်က ကိုယ်ဆွေကိုယ်မျိုး တရုတ်က အူကြောင်ကြားဇာတ် စခင်းပါတယ်။ ကိုယ်ဆွေကိုယ်မျိုးလို့ သုံးထားတာ ဆဲတာမဟုတ်ပါဘူး။ ကျွန်တော်လည်း တရုတ်ဖြစ်နေလို့ပါ။ အဲဒီ ကိုယ်ဆွေကိုယ်မျိုး တရုတ်က အခြားဌာနတစ်ခုက မန်နေဂျာပါ။ ကျွန်တော့်ဌာနနဲ့ မတူပါဘူး။ ကျွန်တော်ထက် ရာထူး ၂ ဆင့် မြင့်ပါတယ်။ သူက အလုပ်ဝင်တာ သုံးလပဲ ရှိပါသေးတယ်။ လူသစ်ပေါ့။

ဘယ်လို အူကြောင်ကြားဇာတ် ခင်းသလိုဆိုရင် သူ့ဟန်းဖုန်းကို ဓါတ်အားသွင်းချင်လို့ သူ့စားပွဲအောက်မှာ ရှိတဲ့ ပလပ်ပေါက်မှာ ကျွန်တော် ယူသုံးထားတဲ့ ဓါတ်ကြိုးကို ဖြုတ်ပေးပါတဲ့။ ဘယ်လိုလုပ် ဖြုတ်လို့ရမလဲ။ အဲဒါကြီးက Server အတွက် သုံးထားတာကြီး။ Server ဆိုတာ ရပ်လို့မှ မရတာ။ သူ့အပေါက် နှစ်ပေါက်မှာ သူက တစ်ပေါက်ပဲ သုံးထားရပြီး ကျွန်တော်က တစ်ပေါက် ယူသုံးထားလို့ ကိုယ့်အပေါက် ကိုယ်သုံးပါတဲ့။ အခုပဲ ဖြုတ်မယ် ပြုမယ် လုပ်နေတာ။

ဒါမျိုးလာစမ်းရင် ဘယ်ရမလဲကွယ်။ သူ့ဘာသာသူ မန်နေဂျာမကလို့ ဘာဖြစ်နေနေ... ကိုယ်က ဂရုစိုက်တာ မှတ်လို့။ သေသေချာချာ ပြန်ပြောလိုက်တာပေါ့။ ကဲ... ဒီမှာလာကြည့် ငါမှာလည်း ထည့်စရာ အပေါက် မကျန်တော့ဘူး။ ငါ့မှာ ရှိတဲ့ နှစ်ပေါက်မှာလည်း တစ်ပေါက်က တစ်ရုံးလုံး သုံးနေတဲ့ ပရင်တာကြီး ရှိနေတယ်။ အဲဒီ ပရင်တာကြီး ငါ ဆွဲဖြုတ်ထားရမလား။ တစ်ရုံးလုံး ပရင်တာ ထုတ်မရရင် မင်းရှင်းမလားပေါ့။ ဟဲဟဲ... နည်းနည်း နင်သွားတယ်။ ဖန်ခွက်ထဲက ရေတောင် မော့ချနေရှာတယ်။ ခေါင်းကျိန်းသွားပုံပဲ။ သူ့ဘာသာ တာဝန်ယူနိုင်ရင် လုပ်ပေါ့ကွယ်။

ဒီလောက်နဲ့ မပြီးဘူးလေ။ နောက်ဆက်ပြီး ဖိပြောတာပေါ့။ မင်းစားပွဲအောက်က ပလပ်ပေါက်မှာ တပ်ထားတဲ့ မီးကြိုးက ရှန်ဟိုင်းရုံးခွဲရဲ့ Server အဖြစ် သုံးနေတာ။ အကယ်လို့များ မင်းဖုန်းအတွက် ဓါတ်အားသွင်းချင်လို့ ဖြုတ်ချင်တယ်ဆို ဖြုတ်လိုက်ပါ။ ဒါပေမယ့် General Manager ဆီကို မင်း လူကိုယ်တိုင် သွားပြီး အကြောင်းကြားလိုက်ပါ။ နောက်တစ်ခုက အဲဒီမီးကြိုးတွေ ပလပ်ပေါက်တွေကို ငါ စီစဉ်တာ မဟုတ်ဘူး။ ရုံးက Network Engineer တွေ လုပ်ထားတာ။ ဒါကြောင့် မင်း ရှင်းချင်ရင် သူတို့နဲ့ ရှင်းပါ။ ငါကတော့ ငါ့မှာ ရှိတဲ့ ဒီတစ်ပေါက်မှာ ငါ့ Laptop လေးအတွက် သုံးနေတယ်။ ငါ့အပေါက်နဲ့ ငါက အိုခေတယ်။ ဒါပဲ။ သူ့ခင်မျာ... နဂိုက ခေါင်းပဲ ကျိန်းတာ။ အခု အဲဒါတွေ ထပ်ပြောလိုက်တော့ ဖင်ပါ ကျိန်းသွားပုံပဲ။ ရှုံမဲ့မဲ့နဲ့။

အရေးမပါတာကို ကလေးအထာနဲ့ လာလုပ်နေတယ်။ သူ့ဘေးနားက စားပွဲအောက်မှာ ပလပ်ပေါက်တွေ လွတ်နေတာ ရှိပါတယ်။ အဲဒါတွေကို မသုံးပဲ အပေါက်လုပွဲ လာလုပ်နေတယ်။ မှတ်လောက်သားလောက် ရှိအောင် ဘုတောလွှတ်လိုက်တယ်။ မှန်တယ်ထင်ရင် ဘယ်သူမှ ဂရုမစိုက်တဲ့ကောင်ဆိုတာ ဒင်းအခုတော့ သိသွားရှာပြီ။ မြန်မာပြည်က လာတယ်ဆိုပြီး အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့။ မင်းတို့လောက်တော့ သနားတယ်။ ဒို့တွေက ရေခံမြေခံ မကောင်းတဲ့နေရာမှာ ရအောင် ရှင်သန်ကြီးထွားလာခဲ့တဲ့ ကန္တာရထဲက ရှားစောင်းပင်လို ပင်ပုကျစ်တွေကွ။ ဆူးတွေ များတယ်ဆိုတာ မြဲမြဲမှတ်ထား။

20 comments:

  1. ဟားဟား ဟုတ်ပါ့ ကိုဂျူလိုင်ရေ... အခုလို ပေါက်ကွဲလိုက်တော့လည်း ဒေါသပြေသွားတာပေါ့နော်...

    ReplyDelete
  2. ဒေါသဖြစ်လို့ ပေါက်ကွဲတာတော့ မဟုတ်ပါဘူး။ ကိုယ်ကြုံခဲ့တာလေးကို ပြန်လည် မျှဝေတာပါ။ နေရာတကာမှာ ခေါင်းငုံခံနေလို့ ကောင်းတာ မဟုတ်ဘူးလေ။ ဒါကြောင့် ကိုယ့် လုပ်ခဲ့တာလေးကို ကောင်းတယ် ဆိုးတယ် သဘောမထားပဲ မှတ်တမ်းတင်ထားတာပါ။

    ReplyDelete
  3. kom: ဟုတ်. မှတ်သွားပါတယ်။ နောင်ဆို ဆင်ခြင်ပါ့မယ်။ :P

    ReplyDelete
  4. သွေးထွက်အောင် မှန်တယ် ဦးလေးရေ.. တစ်ခါတစ်လေလည်း သွေးပြထားဦးမှ..

    ReplyDelete
  5. ပင်ပုကျစ် စိတ်ဓါတ်လေးကို လေးစားထောက်ခံသွားပါတယ်။

    သုခမိန်(E-Journal)

    ReplyDelete
  6. နေရာတကာမှာ ခေါင်းငုံခံနေလို့ ကောင်းတာ မဟုတ်ဘူးလေ။ ဒါကြောင့် ကိုယ့် လုပ်ခဲ့တာလေးကို ကောင်းတယ် ဆိုးတယ် သဘောမထားပဲ မှတ်တမ်းတင်ထားတာပါ။ကောင်းတယ်

    ခေါင်းငုံမခံသင့်တဲ့အရာပဲ..။ မှန်တယ်။
    နိုင်ငံခြားသားဆိုတိုင်း သူတို့ ပြောတိုင်းခံရမှာလား
    ကိုယ်မှန်တာပဲဟာ do သာ do

    ReplyDelete
  7. hello ko july,
    very,very,very good


    k

    ReplyDelete
  8. ချဗျာ ကိုဂျူလိုင် တချို့တွေက စမ်းချင်ကြတယ် ။

    ReplyDelete
  9. ပင်ပုကျစ်တဲ့လားးးးးးးးးးးး

    ReplyDelete
  10. ဟုတ်ပါတယ် ပင်ပုကျစ်ပါခင်ဗျာ။ ဘွန်ဇိုင်းလို တမင်တကာ သေးသေးလေး ဖြစ်အောင် နေတဲ့ဟာမျိုး မဟုတ်ဘူး။ ကြီးချင်ပေမယ့် ရေခံမြေခံညံ့လို့ အရမ်းကြီးခွင့် မရှိတဲ့ ပင်ပုကျစ်ပါ။

    ReplyDelete
  11. ကိုဂျူလိုင်ရေ တင်စားထားပုံလေးကို သဘောကျတယ်။ ကိုယ်က မှန်တယ်ဆိုရင်တော့ ပြန်ပြောရမှာပဲပေါ့ အကိုရာ။ ယဉ်ယဉ်ကျေးကျေးလေး ပြန် ပက် လိုက်တာ သဘောကျတယ် အကို။

    လေးစားခင်မင်လျက်
    တာတူး

    ReplyDelete
  12. နောက်ဆုံးနားရောက်တော့ သဘောကျသွားတယ် ဂွတ်..
း)

    ReplyDelete
  13. အဲလိုကောင်တွေ အဲလို ဆုံးမမှရမှာ...။

    ReplyDelete
  14. ကြည့်ရတာ ပင်ပုကျစ်ကို မူပိုင် ကော်ပီရိုက် ယူရတော့မယ် ထင်တယ်။ ဟဟ...

    ReplyDelete
  15. “ဒို့တွေက ရေခံမြေခံ မကောင်းတဲ့နေရာမှာ ရအောင် ရှင်သန်ကြီးထွားလာခဲ့တဲ့ ကန္တာရထဲက ရှားစောင်းပင်လို ပင်ပုကျစ်တွေကွ။” အဲဒီစကားကို အရမ်းသဘောကျလို့ သေချာမှတ်သွားတယ် ကိုJuly ရေ... လုပ်ခဲ့တာအတွက် လှိုက်လှိုက်လှဲလှဲ အားပေးပါတယ်

    ReplyDelete
  16. ဟုတ်ပါတယ် ကိုဂျူလိုင်ရေ.
    ကျွန်တော်တို့ က....
    ပင်ပုကျစ်တွေပါ....
    " You are Right !
    Don't Humiliate "
    Take care Friend..

    ReplyDelete
  17. မိုက်တယ်ဗျာ။ ဒါနဲ့ ဘယ်မှာ အလုပ်လုပ်တာတုန်းဗျ။
    ကျွန်တော်ကတော့ tanjong pagar နားမှာ

    ReplyDelete
  18. အလုပ်က မလေးရှား နယ်စပ်နားမှာပါ။ ခုန်ချဖို့ ပင်လယ်ကြီးက အရှေ့မှာ ဆီးကြိုနေပါတယ်။

    ReplyDelete
  19. တချို့လူတွေများ အိမ်မှာ မီတာခချွေတာတယ်ထင်ပါတယ်.. ရုံးရောက်မှပဲ ဟန်းဖုန်းအားသွင်းကြတယ်.. အိမ်မှာမေ့လို့ မသွင်းခဲ့လဲ ချာဂျာကိုတော့ မမေ့မလျော့တကူးတက ယူလာကြသေးတယ်နော်..

    ReplyDelete