Tuesday, October 14, 2008

No man, no fool

ပုထုဇနောဥမ္မာ့တကော

လူတွေဟာ ငါ့ကိုဝိုင်းကာပြောတယ်
ဒီလူဟာ အရူးကြီးတစ်ယောက်ပါကွယ်
ဘယ်လိုလူမျိုး အကောင်းလို့ခေါ်မလဲကွယ်
လူတွေဟာ အားလုံးအရူးပါပဲ

မလှောင်ချင်ကြနဲ့ကွယ်
မပြောင်ချင်ကြနဲ့ကွယ်
မှန်တယ်လို့ ထင်တာမျိုးတွေ
လူတိုင်းလုပ်တယ်
လူတိုင်းမှာ အမှားဝင်္ဂတနဲ့
အစဉ်ရှုပ်ထွေး တရားများရယ်

လူတွေဟာ အတ္တစိတ်လွန်ကဲရင်
ထင်ရာကို ဇွတ်လုပ်ကြတာပဲ
ငါကိုယ်တိုင် ဘ၀အတွက် ရုန်းနေရသလို
ရင်နာစရာနှလုံးသားလေးတွေ ကြွေနေတယ်။

ဟေ့ ဟေ့... ဗုဒ္ဓတရားမှာ
ကြည့်ပြန်ရင်ကွာ
လူတိုင်းဟာ အရူး
မတည်ငြိမ်တဲ့ဘ၀ လူတွေရဲ့လောကပါ။

ဟေ့ ဟေ့... ဗုဒ္ဓဘုရား
ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ။

တေးရေး တေးဆို အဆိုတော် လွှမ်းမိုးပါ။ သီချင်းခေါင်းစဉ်လေးက ပုထုဇနောဥမ္မာ့တကော တဲ့။ ပါဠိလိုလေး ပေးထားပေမယ့် အတော်လေးကို ကျစ်လစ်ခိုင်မာတိကျတဲ့ သီချင်းခေါင်းစဉ်လေးပါ။ ခေါင်းစဉ်လေးနဲ့အတူ သီချင်းစာသားတွေကလည်း ထိမိလှပါတယ်။ လူ့စရိုက်သဘော သဘာဝကို ထိထိမိမိ ဖော်ပြနိုင်သလို လူ့လောကကြီးကို ကောင်းစေချင်တဲ့ စေတနာ တိုက်တွန်းချက်လေးလည်း ပါနေပါတယ်။

တကယ်လည်း လောကကြီးမှာ ဘယ်လိုလူမျိုးကို အကောင်းလို့ခေါ်မလဲပေါ့။ လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ ရူးနေကြပါတယ်။ ချမ်းသာတဲ့လူကလည်း ဓနစည်းစိမ်ပေါ်မှာ ဥစ္စာရူး ရူးကြပါတယ်။ ရာထူးဌာန နေရာကောင်းတဲ့လူကျတော့လည်း အာဏာရူးပြန်ပါတယ်။ အလှဂုဏ် ရူပါကြွယ်တဲ့လူကလည်း ဘ၀င်ရူးကြပါတယ်။ စာတော်တဲ့လူကလည်း ပညာမာနလေးနဲ့ ရူးကြပြန်ရော။ ယဉ်ယဉ်လေး ရူးနေတာနဲ့ သွက်သွက်ခါအောင် ရူးနေတာပဲ ကွာကြမှာပါ။ အဲဒီလို နည်းမျိုးစုံနဲ့ ရူးနေတဲ့ အရူးကမ္ဘာထဲမှာ လူဖြစ်နေတဲ့ ကျွန်တော်လည်း ပါတာပေါ့ဗျာ။

အတ္တစိတ်လွန်ကဲပြီး ကိုယ်လုပ်နေတာပဲ အမှန်ထင်ပြီး တခြားလူကို အရူးလို့ထင်တာ မမြင်ချင်မှ အဆုံးပါပဲ။ သူ့ဘက်က ကြည့်ရင် လက်ဖ၀ါးဖြစ်ပေမယ့် ကိုယ်ဘက်က ကြည့်ရင် လက်ဖမိုးဖြစ်နေပါတယ်။ ကိုယ်နဲ့ အမြင်မတူတိုင်း ရန်သူလုပ်ပြီး ကဲ့ရဲ့ကြတယ်။ အပြစ်တင်ကြတယ်။ လှောင်ကြ ပြောင်ကြတယ်။ ဆဲကြ ဆိုကြတယ်။ ကိုယ့်အမှားကို ကိုယ်မမြင်ပဲ ထင်ရာတွေ ဇွတ်လုပ်ကြတော့ အမှားဝင်္ကပါထဲမှာ ချာချာလည်နေတဲ့ အရူးကြီးတစ်ယောက် ဖြစ်နေရတာကို သတိမထားမိကြပါဘူး။

မွန်မြတ်စိတ်ထား ထားတတ်ဖို့ဆိုတာ တကယ်တော့ လွယ်မယောင်နဲ့ ခက်ပါတယ်။ အတ္တအမှောင်ဖုံးနေရင် အဲဒီစိတ်ထားလေး ရှိဖို့မလွယ်ပါဘူး။ အများစုက ကိုယ့်စိတ်ထားကို မွန်မြတ်တယ်ပဲ ထင်နေကြပါတယ်လေ။ သူသာလျှင် သက်ရှိလောကမှာ အကျင့်အကောင်းဆုံး စိတ်ဓါတ်အကောင်းဆုံး ချီးကျူးစံပြုထိုက်တဲ့ သူလို့ ထင်နေတတ်တဲ့ အတ္တဘောလူသားတွေကို ဘ၀မှာ တွေ့ခဲ့ဖူးပါတယ်။ အခြားလူတွေက သူတို့ကို အရူးကြီးဆိုပြီး ဥပက္ခာပြု ဘေးမဲ့ပေးထားတာကိုတော့ သူတို့ကိုယ်တိုင် မသိရှာကြပါဘူး။ သူတို့ကလည်း တခြားသူတွေကို အရူးတွေလို့ပဲ မြင်နေပြီး မရောမ၀င်ကြပြန်ဘူး။

ကူညီတာကတော့ အနည်းနဲ့အများ လုပ်နိုင်ကြပါတယ်။ ကူညီပုံတွေတော့ ကွဲပြားနိုင်ပါတယ်။ လူအများကို ကူညီရင်း ကူညီရင်း တလွဲမာနတွေ အတ္တတွေကို ဖြေးဖြေးချင်း အချိန်ယူ ဖယ်ရှားကြပေါ့။ အဲဒီကနေတဆင့် မွန်မြတ်စိတ်ထားလေးတွေ ဖြစ်လာအောင် ကြိုးစားယူရမှာပေါ့။ ဒါမှပဲ လူ့လောကကြီးမှာ အသက်ဆက်ရတာ အဓိပ္ပါယ်ရှိနေမှာပဲလေ။

14 comments:

  1. ငါ .... ဘာရူး ရူးနေပါလိမ့် ...

    ReplyDelete
  2. လူတွေအားလုံးဟာ အရူးတွေချည်းပါဘဲဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း အရူးထဲက အရူးတစ်ယောက်ပါဘဲ။

    ReplyDelete
  3. ပုထုဇနောဥမ္မာ့တကော
    ဟုတ်တယ်..လူတွေလူတွေ..အားလုံးအရူးတွေ
    ကြီးပဲ.. ငါလည်းလူသားထဲကလူသားဆိုတော့
    အော်..ငါလည်းအရူးပါလား... ..ဟုတ်တယ်နော်..
    ဦးဦး7..

    အတ္တစိတ်လွန်ကဲပြီး ကိုယ်လုပ်နေတာပဲ အမှန်ထင်ပြီး တခြားလူကို အရူးလို့ထင်တာ မမြင်ချင်မှ အဆုံးပါပဲ။ သူ့ဘက်က ကြည့်ရင် လက်ဖ၀ါးဖြစ်ပေမယ့် ကိုယ်ဘက်က ကြည့်ရင် လက်ဖမိုးဖြစ်နေပါတယ်။ ကိုယ်နဲ့ အမြင်မတူတိုင်း ရန်သူလုပ်ပြီး ကဲ့ရဲ့ကြတယ်။ အပြစ်တင်ကြတယ်။ လှောင်ကြ ပြောင်ကြတယ်။ ဆဲကြ ဆိုကြတယ်။ ကိုယ့်အမှားကို ကိုယ်မမြင်ပဲ ထင်ရာတွေ ဇွတ်လုပ်ကြတော့ အမှားဝင်္ကပါထဲမှာ ချာချာလည်နေတဲ့ အရူးကြီးတစ်ယောက် ဖြစ်နေရတာကို သတိမထားမိကြပါဘူး။

    .....မှန်တယ်နော်ဦးဦး...

    ReplyDelete
  4. ဟုတ်ပါတယ်။မှန်ပါတယ်။

    ReplyDelete
  5. မှန်ပါ့ဗျာ .. ဒေါင်ကနဲပဲ ..
    ကိုယ့်ကိုယ်ကို ရူးမှန်းသိနေရင်တော့
    အခြေအနေ သိပ်မဆိုးဘူး ပြောရမှာပဲ ..
    သိအောင် ကြိုးစားလိုက်ဦးမယ်ဗျာ

    ReplyDelete
  6. မွန်မြတ်စိတ်ထားလေးတွေ ဖြစ်လာအောင် ကြိုးစားယူရမှာပေါ့။ ဒါမှပဲ လူ့လောကကြီးမှာ အသက်ဆက်ရတာ အဓိပ္ပါယ်ရှိနေမှာပဲလေ။

    မှန်ပါပေတယ်ရှင်-----
    မွန်မြတ်စိတ်ထားရလွန်းလို့----
    -----------------------------
    ခင်မင်လျက်

    ReplyDelete
  7. လွှမ်းမိုးသီချင်းတွေ နားထောင်ကြည့်ချင်လိုက်တာ.. ကိုဇူလိုင် ပြောမှပဲ . . .။
    နားလည်မိလာသလိုလိုပဲ။
    ဒီလိုပဲ ကြိုးစားပြီး အချင်းချင်းလည်း ကူညီဖေးမရင်း ပြုပြင်ယူကြတာပေါ့ ။

    ReplyDelete
  8. မှတ်သားသွားပါတယ်....

    ReplyDelete
  9. မတူးတူးသာ
    ဘာရူးနေပါလိမ့်ဆိုတာ သိချင်တယ်ပေါ့။ ဟုတ်လား။

    ကိုမိုးမြင့်တိမ်ရေ...
    အရူးထဲက အရူးတစ်ယောက်ဆိုတာ သိပ်သေချာတာပေါ့ဗျာ။

    ဒရင်းရေ...
    ဟုတ်တာပေါ့။ ညည်းလဲ အရူးပဲ။

    မခင်ဦးမေကတော့ ၀န်ခံသွားပြီ။ မှန်ပါတယ် ဆိုပဲဗျ။ အဟေး ဟေး...

    ReplyDelete
  10. ကိုမိုးသောက်ရေ...
    အဲဒီလို အခြေအနေမဆိုးတဲ့ အနေအထားကနေ အခြေအနေလည်း ဆိုးသွားနိုင်ပါတယ်ဗျို့။ ဟဟ...

    မသက်ဇင်ရေ...
    မွန်မြတ်စိတ် ထားရလွန်းလို့.... ဘာတွေဆက်ဖြစ်ကုန်လဲ ခင်ဗျ။ ပဟေဠိ လုပ်သွားတာလား ခင်ဗျ။

    ရွှန်းတီရေ...
့You tube မှာ နားထောင်ကြည့်ပါ။ လွှမ်းမိုးသီချင်းတွေလည်း ကောင်းတယ်ကွဲ့။

    ဟိုတစ်ယောက်ကတော့ ဘာတွေ မှတ်သားသွားလဲ မသိဘူး။ ကိုဇူလိုင်သည် အရူးကြီးဖြစ်သည်လို့ မှတ်သွားပုံရတယ်။

    ReplyDelete
  11. မွန်မြတ်စိတ်ထားဆိုတာက တမင် ဇွတ်လုပ်ထားရင်တော့ ပိုကြောက်စရာကောင်းမယ် ထင်တယ်။ အရိုးခံဖြူစင်ခြင်းက ပိုဂွတ်မယ်နော်။ ကျနော်လည်းပညာ ရူးပါပဲ အစ်ကိုရေ..။

    ReplyDelete
  12. ရူးကြပါဗျာ ရူးကြပါ။ မိမိကို မိမိ ရူးမှန်းတောင် ခုမှ သိမလိုလိုပဲ ရှိကြသေးသကိုး

    ဟား ဟား

    ReplyDelete
  13. ဟုတ်ပ တူမကြီး အလွမ်းပြေရေ...

    ဗေဒင်ပညာရှင်လေး...
    ဒီလိုပဲ ရူးချင်တာတွေ ရူးနေကြတာပေါ့ဗျာ။

    အန်ကယ်ဒီမိုရေ...
    ရူးနေတာကို သိတာ ကြာပေမယ့် အရူးရှိန် အရူးဇာတ်ကောင်းနေတာနဲ့ ကီးဘုတ်ကလောင်ပေါ် လက် မတင်ဖြစ်လို့ ဘလော့စာမျက်နှာပေါ်မှာ ကျွန်တော် ရူးနေကြောင်း မရေးသားဖြစ်ခဲ့တာပါ။ တကယ်တော့ ကျွန်တော် ရူးနေတာ ကြာပါပြီ။

    ReplyDelete