Saturday, October 4, 2008

World Animal Day

ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့က World Animal Day ကမ္ဘာ့တိရစ္ဆာန်များနေ့ပါ။ ကမ္ဘာမြေပေါ်က တိရစ္ဆာန်လေးတွေရဲ့ဘ၀ကို သတိပြုမိဖို့ ချစ်မြတ်နိုးဖို့ စောင့်ရှောက်ကာကွယ်ဖို့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပခဲ့တာပါ။

အဲဒါနဲ့ပဲ ကျွန်တော် ဇူလိုင်လည်း စင်္ကာပူတိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန် အကောင်ပလောင်လေးတွေနဲ့အတူ ကမ္ဘာ့တိရစ္ဆာန်များနေ့ကို ဆင်နွှဲရင်း ၀ါသနာအလျှောက် ဓါတ်ပုံလေးတွေ လျှောက်ရိုက်ခဲ့ပါတယ်။ Nikon D90 နဲ့တော့ မဟုတ်ပါဘူး။ ရိုးရိုး ကင်မရာလေးနဲ့ပါပဲခင်ဗျာ။ ဒါတောင် ပုံတွေက အတော်ကောင်းတယ်နော်။

စင်္ကာပူတိရစ္ဆာန်ဥယျာဉ်ကို ၁၉၇၃ ဇွန်လ ၂၇ ရက်နေ့မှာ Dr Goh Keng Sweeက ဖွင့်လှစ်ခဲ့တာပါ။ ၂၈ ဟတ်တာဧက ကျယ်ဝန်းပါတယ်။ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၁၀ ကျော်ရှိပြီး ကောင်ရေစုစုပေါင်း ၂၅၀၀ ကျော်ကို သဘာဝနီးပါးအတိုင်း မွေးမြူထားပါတယ်။


ကျောက်တောင်စွန်းလေးမှာ လှလှပပလေး မော်ဒယ်ထိုင်ပေးနေတဲ့ ကျားဖြူမလေးပါ။ တကယ်တော့ ကျားဖြူဆိုတာ ခရုသင်းရှိနေတဲ့ လူလိုပါပဲ။ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် မ၀ါပဲ ဖြူခဲ့ရတဲ့ ကျားတွေပါ။ မျက်လုံးတွေက အပြာ ဒါမှမဟုတ် အစိမ်းရောင်တွေ ဖြစ်တတ်ပါတယ်။ ကျား အကောင်ရေ ၁ သောင်းမှာ ၁ ကောင်လောက်ပဲ ဖြစ်တတ်ပါတယ်။ သူတို့အဖေကလည်း ကျားဖြူပါပဲ။


ရေကူးကျွမ်းတဲ့ ချစ်စရာ ဖျံလေးတွေပါ။ ရေထဲမှာ နောက်ပြန်ကျွမ်းလေးတွေလည်း ထိုးပြပါတယ်။ တချိန်လုံး ကျွတ်ကျွတ်ညံအောင် အချင်းချင်း တွတ်ထိုးနေကြပါတယ်။ လူတွေရှေ့မှာလည်း ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်ပြီး လက်ကလေးဖြန့် အစားတောင်းတတ်ကြပါတယ်။ လက်သည်း ခြေသည်းတွေ ရှိကြပါတယ်။ ငါးဖမ်းလည်း တော်ကြပါတယ်။ သူတို့ရဲ့ အဓိက အစားအစာက ငါးပါ။ ငါးမရှိရင် ဖားတွေ ပုစွန်တွေ ဂဏန်းတွေလည်း ရှာစားတတ်ကြပါတယ်။


ကြံဖြူကြီးတွေပါ။ ဆင်ပြီးရင် သူတို့တွေက အကြီးဆုံးပါပဲ။ သူတို့ရဲ့ အရေခွံက အထူကြီးပါ။ ဒါပေမယ့် သူတို့လည်း ခြင်ကိုက်ရင် ယားတတ်ပါတယ်။ ခြေထောက်မှာ ခြေချောင်းလေး ၃ ခုပဲ ရှိကြပါတယ်။ အဲဒီခြေထောက်တွေနဲ့ ၁ နာရီကို မိုင် ၃၀ နှုန်း ပြေးနိုင်ကြပါတယ်။ သူတို့ရဲ့ ဘေးပတ်ဝန်းကျင် အောက်နားမှာတော့ သူတို့ရဲ့ အရေခွံပေါ်က ပိုးကောင်တွေကို စားပေးကြတဲ့ ငှက်လေးတွေ အများကြီးပါပဲ။ တောထဲမှာဆိုရင်တော့ ဒီငှက်လေးတွေက ရန်သူလာရင် ကြံ့တွေကို သတိပေးကြတဲ့အတွက် ကြံ့တွေက အချိန်မှီ ရှောင်ပြေးလို့ရပါတယ်။ တိရစ္ဆာန်တွေရဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ စနစ်လေးတစ်ခုပေါ့ဗျာ။


အာဖရိကတိုက်က Eland လို့ခေါ်တဲ့ သမင်နဲ့တူပြီး အပြေးမြန်တဲ့ တောင်ဆိတ်မျိုးနွယ်ဝင် အကောင်တွေပါ။ သူတို့ ချိုတွေက အပေါ်ကို ရှည်ပြီး ထောင်တက်သွားပါတယ်။ သမင်တွေလို ချိုတွေက မကွေးသွားပါဘူး။ အထီးရော အမရော ဦးချိုတွေရှိကြပါတယ်။ အမတွေရဲ့ ချိုတွေက နည်းနည်းသေးပါတယ်။ အမတွေက အညိုရောင်လေးဖြစ်ပြီး အထီးတွေ အမည်းရောင်တွေပါ။ ကျောပေါ်မှာ ဒေါင်လိုက် အဖြူအစင်းလေးတွေ ပါကြပါတယ်။ အဖွဲ့လိုက်နေကြတဲ့ အကောင်တွေပါ။ အသက် ၂၅ နှစ်အထိ ရှည်ကြပါတယ်။


မြင်းကျားမောင်နှံပေါ့။ သူတို့ကိုယ်ပေါ်က အဖြူအနက် အစင်းကြားတွေက ရုတ်တရက်ကြည့်ရင် တူတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ တစ်ကောင်နဲ့ တစ်ကောင် မတူညီကြပါဘူး။ လူတွေရဲ့ မျက်နှာတွေ ကွဲပြားသလို သူတို့ရဲ့ အစင်းကြားတွေကလည်း မတူညီကြပါဘူး။ သူတို့တွေကလည်း အုပ်စုလိုက် နေထိုင်တဲ့ အကောင်တွေပါပဲ။ မြင်းကျားတွေမှာ စူးရှတဲ့အမြင်တွေရှိပြီး ညအမှောင်ထဲမှာလည်း မြင်နိုင်ကြပါတယ်။ အကြားအာရုံမှာလည်း ကောင်းကြပါတယ်။ သူတို့ရဲ့ နားရွက်တွေက ထောင့်မျိုးစုံကို လှည့်လို့ရပါတယ်။

17 comments:

  1. သစ်ကုလားအုတ်လေးတွေ ကြည့်ချင်လို့။ ရိုက်ထားတဲ့ထဲ ပါရင် ပြပါဦး။

    ReplyDelete
  2. မမေ...
    ကျွန်တော် နေးတစ်မြန်မာမှာ သစ်ကုလားအုတ်ပုံကို တင်ပေးထားပါတယ်။ သူတို့ကို အစာကျွေးနေတဲ့ အချိန်ဖြစ်နေလို့ လူတွေတော့ ပါနေတယ် ခင်ဗျ။

    ReplyDelete
  3. very detailed and nice presentation

    ReplyDelete
  4. အတော်ကောင်းတဲ့ One of the post လေးပါ။ ချိးကျးပါတယ်။ ပုံတွေလဲ ကောင်းတယ်။ မရောက်ဘူးသေးပါဘူး။ ကျေးဇူးဘဲ. မြင်ဘူးတာပေါ.။

    ReplyDelete
  5. ကိုဂျူလိုင်ရေ---
    စင်္ကာပူ ဆိုလို့ လေဆိပ်ပဲ ရောက်ဘူးတယ်----
    အတော်သန့်ရှင်းတယ်နော်----အခုလို
    "World Animal Day" မှာ ဓါတ်ပုံရိုက်ပြီး
    တကူးတက ပိုစ့် လေးတင်ထားတော့---
    ကိုယ်တိုင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပါတယ်---
    ကိုဂျူလိုင်က ဓါတ်ပုံပညာလည်း တော်ပါပေတယ်ရှင်----
    ကျမရဲ့ နှင်းဆီနီ ပိုစ့်ထဲက ဓါတ်ပုံဆရာ လူငယ်လေးရိုက်တဲ့ ဓါတ်ပုံတွေလို ပါပဲ-----
    ခင်မင်လျက်
    မသက်ဇင်

    ReplyDelete
  6. တွတ်ပီ လက်သစ်လေးပေါ့နော်
    ဗဟုနဲ့သုတတော့ ရသဗျ
    ဆက်ရေးဗျို့

    ReplyDelete
  7. ကို julydream ရဲ့ကျေးဇူးကြောင့် စင်္ကာပူ တိရိစ္ဆာန်ဥ
    ယျာဉ် ကို အလည်တစ်ခေါက် ရောက်သွားခဲ့ပါတယ်။
    ကျေးဇူးပါ။

    ReplyDelete
  8. ဦးလေး အမျိုးတွေနဲ့ တွေ့တော့ ပျော်နေမှာနော် ..ဟီး

    ReplyDelete
  9. ဒီတိရိစ္ဆာန်လေးတွေတွေ့ရတော့လဲ ကြည်နူးစရာပဲ။ ဟို.....

    ReplyDelete
  10. ကိုဂျူလိုင်ကလည်း သွားမယ်ဆို လှမ်းအော်လိုက်တာ ဟုတ်ဘူး။ အမျိုးတွေကို လူကြုံပေးလိုက်ချင်လို့ ပါဆို။ တွေ.ခဲ့သေးလား ကျနော့်အမျိုး စိန်မျောက်မျောက် တို့ အဖွဲ.ကို။

    ReplyDelete
  11. ကောင်းတယ်ဗျို့ 

    ReplyDelete
  12. မKOM က SG Zoo ကို တစ်ခါမှတောင် မရောက်သေးဘူး ဟုတ်လား။ ဒီမှာနေတာ ကြာလှပြီဆို။ ဘာဖြစ်လို့ မသွားဖြစ်တာလဲ ဟင်။

    မသက်ဇင်ရေ...
    အခုလို ဓါတ်ပုံလေးတွေကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပီတိတွေဖြာပြီး မိုးပေါ်တက်သွားလို့ ပြန်ဆင်းလာလို့ မရရင် ဒုက္ခပါပဲ။

    အိမ်ရေ...
    တွက်ပီ လက်သစ်တော့ မဟုတ်ပါဘူးဗျာ။ ဆရာတွတ်လို ကျွန်တော် တောမတိုးရဲပါဘူးခင်ဗျ။

    ReplyDelete
  13. မ၀ါကြီးရေ...
    အခုလို ဓါတ်ပုံကနေတဆင့် ပိုက်ဆံမကုန် အချိန်မကုန်ပဲ အလည်ခေါ်နိုင်ခဲ့တာကို ၀မ်းသာမိပါတယ် ခင်ဗျ။

    တူမလေး အလွမ်းပြေရေ...
    ဦးလေးအမျိုးဆိုတော့ ညည်းအမျိုးပဲလေ။ မဟုတ်ဘူးလား။

    ကိုလူသစ်...
    ဟို... လည်း ကြည်နူးစရာ ကောင်းမှာပါဗျ။ မယုံရင် တိရစ္တာန်ရုံလို ခြံခတ်ပြီး အဲဒီအကောင်တွေကို မွေးထားကြည့်ပါလား။

    ReplyDelete
  14. ကိုဇင်ယော်ရေ...
    အမျိုးတွေက အမျိုးစုံပဲ။ လူမှာလည်း တရုတ် ကုလား ဗမာ ကရင် ရှမ်း ရှိသလို မျောက်မှာလည်း မျောက်မျိုးကွဲတွေ အများကြီးပဲဗျ။ မျောက်ရွာထဲက တချို့မျောက်တွေဆို မိန်းမတွေ အများကြီး ယူထားတယ်ဗျ။ တချို့ အကောင်မကြီးသေးတဲ့ မျောက်လူပျိုတွေကျတော့ အရွယ်မရောက်သေးတဲ့ မျောက်မလေးတွေကို ကြိုပြီး ဘွတ်ကင်လုပ်ထားကြသေးတယ်။ တကယ်ကို စုံလို့ပါပဲဗျာ။

    အလှတရားရေ...
    ကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဘာကောင်းမှန်းတော့ မသိလိုက်ပါဘူး။ ဟဟ...

    ReplyDelete
  15. Zoo ကို မရောက်ဖူးသေးပါဘူး။ ကိုJuly ပို့စ်ဖတ်လိုက်တော့ ပိုသွားချင်သွားပါတယ်။ Night Safari က “Creatures of the Night” Show မှာတော့ ပုံထဲကဖျံလေးတွေ တွေ့ဖူးပါတယ်။ ဟုတ်တယ်... တော်တော်လေးကို ချစ်စရာကောင်းပါတယ်။ ကျားဖြူတွေအကြောင်းလည်း အခုမှ သိရတာပါ။ ဗဟုသုတတွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် ကိုJulyရေ။

    ReplyDelete
  16. ချစ်စရာလေးတွေ.. သူတို့ကမ္ဘာလေးတွေ ငြိမ်းချမ်းပါစေ...

    ReplyDelete
  17. မရွှေပြည်သူရေ...
    သွားချင်ရင် သွားလိုက်ပါခင်ဗျ။ အားပေးပါတယ်။ အကျယ်ကြီးဆိုတော့ အချိန်တော့ ပေးဖို့ လိုလိမ့်မယ်။ နေသာတဲ့ တစ်နေ့ သူငယ်ချင်း အဖော်တွေနဲ့ သွားလိုက်ပေါ့ဗျာ။

    Apprenticeship ရေ...
    သူတို့ကမ္ဘာလေးက တကယ်တော့ မငြိမ်းချမ်းရှာပါဘူး။ မျိုးတုံးတော့မယ့် အကောင်တွေ အများကြီးပါ။ ကျွန်တော်တို့ ဒီအချိန် ဒီအခါမှာ ဒီလို အကောင်တွေကို မြင်တွေ့ခွင့်ရခဲ့ပေမယ့် နောက်မျိုးဆက်တွေ ဒီလို အကောင်လေးတွေကို တွေ့နိုင်ပါအုံးမလားဆိုတာ မရေရာ မသေချာသေးပါဘူး။

    ReplyDelete