Monday, March 30, 2009

1818 Donation

၁၈၁၈ ဆိုလို့ အလှူငွေ တစ်ထောင့်ရှစ်ရာတစ်ဆယ့်ရှစ် ဒေါ်လာလို့ ထင်တော်မမူကြပါနဲ့။ ၁၈၁၈ ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်းလည်း မဟုတ်ပါဘူး။ စင်္ကာပူကျွန်းပိစိမှာ M1 က ထုတ်တဲ့ နိုင်ငံတကာ ဆက်လို့ရတယ် ဆိုတဲ့ ဖုန်းကဒ်လေးပါ။ ကဒ်တစ်ကဒ်ကို ၁၀ ဒေါ်လာပေးရပါတယ်။ မြို့လည်ကောင် ပင်နီဇူလား ပလာဇာမှာ ၀ယ်ရင် ဖုန်းတစ်ကဒ်ကို ၈ ဒေါ်လာနဲ့ ရပါတယ်။ တချို့ဆိုင်တွေမှာတော့ ၈ ဒေါ်လာခွဲပါ။ မြန်မာပြည်ကို ဆက်ရင် ကဒ်တစ်ကဒ်ကို ၂၃ မိနစ်စာ ဖုန်းခေါ်လို့ရပါတယ်။ စလုံးရောက် ရွှေမြန်မာတွေ အသုံးများတဲ့ ကဒ်လေးပါ။

ကျွန်တော်လည်း စလုံးကို ရောက်နေတာဆိုတော့ မြန်မာပြည်ကို ဖုန်းဆက်တဲ့အခါ အဲဒီကဒ်ပဲ သုံးဖြစ်ပါတယ်။ ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ ပြောစရာရှိရင်လည်း အဲဒီကဒ်နဲ့ ဆက်ဖြစ်တယ်။ ပြောမနာဆိုမနာ သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီ ပွားစရာရှိရင်လည်း အဲဒီကဒ်ပဲ သုံးဖြစ်တယ်။ အဲဒီကဒ်က မြန်မာပြည်တွင်းက လူမှုရေးလုပ်ငန်းတွေ အလှူအတန်း ပံ့ပိုးမှုတွေမှာလည်း ကြားခံဆက်သွယ်ရေး တာဝန်ခံပဲပေါ့။ အဲဒီလိုပဲ တစ်ယောက်သောသူနဲ့ ကျွန်တော့်ကြားမှာလည်း မေတ္တာပေါင်းကူး အလားသဏ္ဍာန်ပါပဲ။

အရင်တုန်းကတော့ အထွေအထူး ပြောစရာ ဆိုစရာ မရှိဘူးဆိုရင် ၁ လကို ၃ ကဒ်လောက် သုံးဖြစ်ပါတယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်တုန်းကတော့ ရန်ကုန်နဲ့ ဆက်သွယ်ဖို့ ၁ လကို ဖုန်းကဒ် ၁၅ ကဒ်နဲ့ ၂၀ ကဒ်အကြား သုံးဖြစ်ခဲ့တယ်။ အဲဒါကလည်း ၃ လ... ၄ လ... လောက်ပါပဲ။ အဲဒီနောက်ပိုင်းတော့ ၁ လကို ၃ ကဒ်လောက်ပဲ သုံးဖြစ်ပြီး အခြေအနေ ပုံမှန်ပြန်ဖြစ်သွားတယ်။ အခု ၂၀၀၉ မတ်လမှာတော့ စံချိန်တင်လောက်အောင် ၁၈၁၈ ကဒ် ၃၀ နီးပါး သုံးဖြစ်ခဲ့တယ်။ ရန်ကုန်ကနေ ပြန်လာပြီး နောက်ပိုင်းမှာ ထူးဆန်းတဲ့ ရောဂါတစ်ခု ၀င်လာတယ်။ ဘာကြောင့်လဲဆိုတာကို လေကုန်ခံ လက်ညောင်းခံပြီး မမေးနေပါနဲ့။ ဒါကြောင့် နေမြင့်လေ အရူးရင့်လေလို့ သဘောထားလိုက်ကြပါ။

အဲဒီလောက် အများကြီး သုံးဖြစ်လို့ ၁၈၁၈ ကို လှူတယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ပေးလိုက်ရတဲ့ ငွေကြေးတန်ဖိုးနဲ့ ပြန်ရလိုက်တဲ့ ၀န်ဆောင်မှုကို တန်တယ်လို့ ယူဆထားတဲ့ ကျွန်တော့်အတွက် ဒီကဒ် ၃၀ စာအတွက် ငွေကုန်ရတာကို မနှမျှောမိပါဘူး။ ကိစ္စရှိလို့ ဖုန်းဆက်တဲ့အခါမှာ တန်ရာတန်ကြေး အချိန်အတိုင်း ဖုန်းပြောဖြစ်လိုက်ရရင် ကျေနပ်ပါတယ်။ ၂၃ မိနစ်စာကို ၂၃ မိနစ် ပြောလိုက်ရတာမျိုးပေါ့။

အခု လှူတယ်ဆိုတာကျတော့ ကိုယ်က ဘာမှ မပြောလိုက်ရပဲ ဖုန်းကဒ်ထဲက ပိုက်ဆံတွေ အဖြတ်ခံရတာမျိုးကို ပြောချင်တာပါ။ မတ်လ ၂၇ ရက်... တော်လှန်ရေးနေ့ မတိုင်ခင်ကလည်း ဖုန်းတွေ ကောင်းကောင်း ပြောလို့ မရပါဘူး။ နေ့စဉ်ရက်ဆက်တော့ မဟုတ်ပါဘူး။ တချို့ရက်တွေ ဖုန်းဆက်လို့ မရပါဘူး။ တော်လှန်ရေးနေ့ ပြီးသွားတော့လည်း ဆက်လို့ မရပြန်ဘူး။ အခုဆို တော်လှန်ရေးနေ့ ပြီးခဲ့တာ ၃ ရက်ရှိသွားပြီ။ အဲဒါလည်း ဖုန်းဆက်လို့ မရသေးဘူး။ ဘာနေ့ထူးနေ့မြတ်တွေ ဆက်ရှိနေသလဲတော့ မသိပါဘူး။

ရန်ကုန်ကို ဖုန်းဆက်လိုက်ရင် ဖုန်းခေါ်သံကိုတော့ ကြားနေရတယ်။ ဒါပေမယ့် တကယ့် ဖုန်းခေါ်သံ အစစ် မဟုတ်ဘူး။ အသံက နည်းနည်းကွာတယ်။ တခါတလေကျရင် ဘာအသံမှ မကြားရဘူး။ တခါတလေမှာတော့ တရုတ်သံနဲ့ အိစိကွစိတွေ ပြန်ပြောပါတယ်။ တခါတလေဆိုရင် ထိုင်းအသံနဲ့ ပြောတာကိုလည်း ကြားရတယ်။ ကြားရတာတွေက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ဖုန်းခေါ်လို့ မရပဲ ကဒ်ထဲက ပိုက်ဆံတွေ အဖြတ်ခံရတာပါ။ အသားလွတ်ကြီး နစ်နာတယ်လို့ ခံစားရတယ်။ သဲထဲ ရေသွန်သလိုပဲ။

နည်းပညာအရ ဟိုဘက်က ဖြစ်တာလား ဒီဘက်က ဖြစ်တာလား ဆိုတာကို ကျွန်တော်တော့ သေချာမသိပါဘူး။ သိကြတဲ့အတိုင်း မြန်မာပြည်က GSM ဖုန်းတွေကလည်း ခေါ်မကြား အော်မကြားတွေပဲလေ။ လိုင်းကလည်း မိတစ်ချက် မမိတစ်ချက်။ ဟိုဖြတ်ဒီဖြတ်တွေလည်း ရှိချင်ရှိနိုင်ပါတယ်။ ပင်လယ်ရေအောက်က ဖန်ကြိုးမျှင်တွေ ပြင်နေတာနဲ့လည်း မဆိုင်လောက်ပါဘူး။ ဒါမှမဟုတ် ရန်ကုန်မှာ နေပူလွန်းလို့ လိုင်းတွေ ပူးကုန်လို့လား။

သေချာတာကတော့ ကျွန်တော့်ဖုန်းကဒ်မှာ ပိုက်ဆံတွေ အဖြတ်ခံနေရတယ် ဆိုတာပါပဲ။ ဒီနှစ်ရက်အတွင်းမှာ စကားတစ်ခွန်းမှ မပြောရပဲ ဖုန်းကဒ် ၂ ကဒ် ပလုံသွားပါတယ်။ ရလိမ့်နိုးနိုး ဇွဲတင်းပြီး ခေါ်ကြည့်ရင်း ဟယ်လို ဆိုတာလေးတောင် မပြောလိုက်ရပါဘူး။ ဖုန်းခေါ်သံတွေကြားမှာ ပိုက်ဆံတွေ တတိတိနဲ့ ကုန်သွားရှာပါတယ်။

ဘာပဲဖြစ်ဖြစ်လေ။ အခုအလှူအတွက်... မိအေးတို့ နှစ်ခါမက နာခဲ့တာလည်း သိပြီးသားဖြစ်တဲ့ ဆိုင်ရာဆိုင်ရာ ဌာနနယ်ပယ်က မောင်မင်းကြီးသားတို့ သက်ရှည်ပါစေ ဘုန်းကြီးပါစေဗျာ။ ခလုတ်မထိ ဆူးမငြိပါစေနဲ့ဗျာ။

26 comments:

  1. ကိုဂျူလိုင်ရေ

    မိတ်ဆွေတွေပြောတာတော့ စလုံးကနေ အင်တာနက်နဲ့ မြန်မာပြည်ကို ဖုန်းခေါ်ရင် သက်သာဆို ပဲ။ မြန်မာပြည်ကလည်း အင်တာနက် ကဖေးကနေ စလုံးကို ခေါ်လို့ ရတယ်တဲ့။
    ဟဲဟဲ နွေဦးလေရူးနဲ့ တူ အချစ်ဦးလေးရှာတွေ့ နေပြီထင်တယ်။ အုံ့ ပုံးကြီး လုပ်မနေပါနဲ့ တော့။ လိုချင်ရင် ရှာပေးမယ်။

    ReplyDelete
  2.ိစိတ်မငြစ်ရလေအောင် မဆက်ပါနဲ့လားလို့ အလကား သူများသွားပြောနေတယ။် ကောင်မလေး ကိုခေါ်ထားလိုက်ပြီးတာဘဲ။ ကိုယ်ညံ့တာ ကို တော့မပြောဘူး။ဒါဘဲ။

    ReplyDelete
  3. တိုက်ရိုက်ခေါ်လိုက်လေဗျ။ :D

    ReplyDelete
  4. ကျနော်တော့ နေ့တိုင်း ခေါ်တာ ရသဗျ။ နယ်ကိုခေါ်တာနော် ရန်ကုန်ကိုမဟုတ်ဘူး။ အိမ်ကလူကြီးတွေက လျှောက်လျှောက်လည်နေတာ ခက်တယ်။ အခုလည်း ပုဂံသွားနေလို့တဲ့ဗျာ :(

    ReplyDelete
  5. ကျွန်တော် 1818 မသုံးတာ တစ်လလောက် ရှိသွားပြီ။ အသံကောင်းကောင်း မကြားရလို့။ အခုတော့ ဟဲလို ကတ်ဒ် ပြောင်းသုံးနေတယ်။ 1818လို ကတ်ဒ်ပေါင်းလို့ မရတာက လွဲရင် အားလုံး အဆင်ပြေပါတယ်။

    လျို့ဝှက်ချက်လေးတွေ ပြောပါရစေ။ အခုရက်ပိုင်း ဟဲလိုကတ်ဒ် ဆာဗာ နည်းနည်းကြောင် နေသလား နောက်ကွယ်မှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသလားတော့ မသိပါ။ တစ်ခါတစ်လေ ၁၀ မိနစ်လောက် ပြောပေမယ့် ၁ ဒေါ်လာ ပဲ စားပါတယ်။ အဲဒီလို ကြုံတာ ဒီရက်ပိုင်းအတွင်း ၃ ခေါက်လောက် ရှိပါပြီ။ အခေါက်တိုင်းတော့ မဟုတ်ပါ။ ကတ်ဒ်တိုင်းလည်း မဟုတ်ပါ။

    ရန်ကုန်မှာ အင်တာနက်ရှိရင်တော့ Pfingo က အဆင်ပြေ ပါတယ်။ ရန်ကုန် အချိန် ည၁၀နာရီကျော်ရင် ရိုးရိုးဖုန်းနဲ့ ပြောတဲ့ အသံကွာလတီ အတိုင်း ရပါတယ်။ နေ့လည်ဖက်တော့ ပြောလို့ မကောင်းပါ။

    (ဟင်းစားပေးရုံမက ကွန်ချက်ပါ ပြသွားပါသည်။ ဟီးဟီး။ :D)

    ReplyDelete
  6. (စကားတစ်ခွန်းမှ မပြောရပဲ ဖုန်းကဒ် ၂ ကဒ် ပလုံသွားပါတယ်။ ရလိမ့်နိုးနိုး ဇွဲတင်းပြီး ခေါ်ကြည့်ရင်း ဟယ်လို ဆိုတာလေးတောင် မပြောလိုက်ရပါဘူး။ ဖုန်းခေါ်သံတွေကြားမှာ ပိုက်ဆံတွေ တတိတိနဲ့ ကုန်သွားရှာပါတယ်။)

    မှန် လိုက်လေ..
    ကိုယ်တစ်ယောကည်တည်းများဖြစ်နေသလားလို့..အခုမှ သဘောပေါက်တော့တယ်..
    အိ..အိ..အိ..
    ဒါတွေကို ဟိုကလူတွေကမသိကြရှာပါဘူး...
    ခေါ်လိုက်ရတာ လက်အံကိုသေလို့..
    ဖုန်း ကီးပတ်တွေလည်း ပြုတ်ထွက်မလားတောင်ထင်ရတရ်

    ReplyDelete
  7. အခုတလော မြန်မာပြည်ကို ဖုန်းခေါ်ရင် အဲလို ဖြစ်ဖြစ်နေတယ်။ တလောကဆို KL ကနေ မြန်မာပြည်ကို ဘယ်သူမှ ခေါ်လို့မရဘူး။ ပိုက်ဆံဘဲ စားစားသွားတယ်။ ဒါပေမယ့် အဲဒီ ပိုက်ဆံစားတာကလည်း ဖုန်းကုမ္ပဏီကြောင့် မဟုတ်ဘူး။ မြန်မာပြည်ဘက်က ဘာဆိုလား တစ်ခုခုလုပ်ထားလို့တဲ့။ ပြဿနာက မြန်မာပြည်ဘက်က ဖြစ်တာ။ အဲဒီတော့ အခု မှတ်သွားပြီ။ သုံးလေးခေါက်လောက် လိုင်းမဝင်ဘဲ ပိုက်ဆံစားသွားရင် ထပ်မခေါ်တော့ဘူး။

    ReplyDelete
  8. ဆိုးလိုက်တယ့် ဘ၀၊အသက်ကြီး၃၀ကျော်အထိ ဖုန်းနဲ့ရန်ကုန်ကိုပြန်ပြီး အီစီကလီထုနေရတုံး၊ဖုန်းလိုင်းမကောင်းလဲ ကိုယ်ပိုင်ပင်လယ်ရေအောက် အပ်ချီကြိုးလိုင်းချရင်နို့ဆီခွက်၂ခွက်ပဲလိုမှာနော်

    ReplyDelete
  9. သနားလိုက်တာနော်..:P

    ReplyDelete
  10. sea lion ကတော့ 1818 ထက်အကြောင်းဆိုးတယ်။
    မပြောလိုက်ရပဲ ပိုက်ဆံ အမြဲ ဖြတ်ဖြတ်သွားတာ မခံမရပ်နိုင်လို့ 1818 ပြောင်းသုံးတာ မကြာသေးဘူး။ 1818 ကပါ ပြသနာရှာနေပြန်တော့ zt ပြောတဲ့ hello ကဒ် သုံးကြည့်ဦးမယ်....။

    JD ကို ဖုန်းကဒ်က တရားချနေတာပါ။ အစွဲအလမ်းမကြီးနဲ့တဲ့။ မကောင်းရင်ပြောင်းပါတဲ့...။

    hello ကဒ်လေး သုံးကြည့်ပါလား ...ငှင်...။

    ReplyDelete
  11. ကျွန်မလည်း ၁၈၁၈ အားပေးသူပါပဲ။ ကိုဂျူလိုင်ပြောသလို ဘယ်ဘက်ကဖြစ်မှန်း သေချာမသိပေမယ့် တခါတလေ အရေးကြီးနေတဲ့အချိန် ဒါမျိုးကြုံရရင် လူကိုထုထောင်းနှိပ်စက်နေသလိုပါပဲ။ နောက် ဒီကဒ်နဲ့ပဲ တခြားနိုင်ငံတွေခေါ်လို့ မိနစ် ၃၀၀ ကျော်တို့ ဘာတို့ရရင်လည်း ရင်ထဲမှာ တမျိုးကြီး... ဘာကိုမှန်းမသိ နှမြောသလိုလို ဘာလိုလိုနဲ့...

    ReplyDelete
  12. သာဓုသာဓုသာဓု ...

    ကျွန်တော်လည်း အဘွားဆေးရုံတက်ရလို့ ၁၈၁၈ နဲ့ခေါ်တာမရတာနဲ့ ... ၀၁၃ .... IDD direct call ခေါ်လိုက်ရတယ် ..၁၈၁၈ ကို သေခန်းဖြတ်ဖို့စဉ်းစားနေရပြီ ...။ ကဒ်က 23 မိနစ်ကနေ ၁၀ မိနစ်လောက်ပဲ ကျန်တော့တယ် ဘာမှကို မပြောရသေးဘူး ... လုံးပါးပါးတယ်ဆိုတာ ဒါမျိုးပဲထင်ပါရဲ့ ..။

    မြန်မာပြည်က ဖုန်းလိုင်းတွေကြောင့်လည်းပါမယ်ထင်တယ် ... ။ တစ်ခါတစ်လေ ... direct ခေါ်တာတောင်မရဘူးဗျ ..။

    ကုသိုလ်အတူတူပြုဖော် အချင်းချင်းသာဓုဝင်ခေါ်သွားတာ ...။ ဘ၀တူတွေများပါလားဆိုပြီး စိတ်တောင် ချမ်းသာသွားတယ် ...။ :)

    ReplyDelete
  13. 1818 ကိုရွှေမြန်မာတွေ ပေါင်းပြီး လူုဒါန်းတာတွေကို ထောက်ထားပြီး နာဂစ်ပြန်လည်ထူထောင်ရေးမှာ ပြန်လူုပေးရင်ကောင်းမှာပဲနော်

    ReplyDelete
  14. ဦးဦးချဲဗန်း... အကယ်၍ ဖုန်းကဒ်က မပြောရဘဲနဲ့ အထဲမှာ ရှိတဲ့ ပိုက်ဆံကုန်သွားတယ်ဆိုရင် ကာစတန်မာဆားဗစ်ကို ဖုန်းဆက်ပြီး ပြောလိုက်ပါ.. သူတို့ ပိုက်ဆံပြန်ဖြည့်ပေးပါလိမ့်မယ်..... မက်မက်တို့လဲ အဲဒီလိုပဲ... ကိုယ်မပြောရသေးဘဲနဲ့ ပိုက်ဆံတုတ်သွားတယ် ဆိုရင် ကာစတန်မာ ဆားဗစ်ကို ခေါ်ပြီး ကွန်ပလိန်းတတ်လိုက်တာပဲ.. ဟီးး... သူတို့ ပိုက်ပိုက်ပြန်ဖြည့်ပေးတယ်... သိလား..

    နောက်ဆို 1818 မဆက်နဲ့တော့ မြန်မာတိုင်းက 1818 ကိုခရေစီ တော်တော်ဖြစ်တာပဲနော်...

    မက်မက်ကတော့ ဘောနက်ကဒ်ပဲ သုံးတယ်....
    1818 ကို မရှိသုံးလေးပဲ သုံးတာ... Singaporeကို ရောက်ကတည်းက 1818ကိုသုံးတာ ၁၀ ကဒ်မပြည့်လောက်ဘူး... ဘောနက်ဒ်ကဒ်ပဲ သုံးတာ...သူက လိုင်းကောင်းတယ်.. ကြည်တယ်...... :)

    ReplyDelete
  15. ကိုယ်တယောက်ထဲ မဟုတ်ပါလားလို့ အားတက်ရတာက တဖုံ...
    နည်းကောင်းလမ်းကောင်းလေးတွေ ပေးကြတဲ့ Comment တွေကြောင့် ၀မ်းသာရတာက တသွယ်...
    အလှုဒါနကို သာဓုခေါ်ဖို့ သတိပေးသလိုဖြစ်နေလို့ ကြည်နူးရတာက တမျိုးမို့...
    ကိုဂျူလိုင်ရေ... ခင်ဗျား ဒီပိုစ့်ကို တင်ရကျိုးနပ်လှသဗျာ...

    ReplyDelete
  16. အခုတောင် ၁၈၁၈ကဒ်နဲ့ အိမ်ကို ဖုန်းခေါ်တာ ဟိုဘက်က ထူးနေတဲ့ အသံကို ကြားနေရတယ်။ ဒီဘက်က ပြောတာကို ဟိုဘက်က မကြားရဘူး။ တစ်လမ်းမောင်း စနစ်လား မသိဘူး။ ဝေါ်ကီတော်ကီလို အပြန်အလှန် တစ်လှည့်စီ ပြောလို့ရရင်လည်း ကောင်းသား။ အခုတော့ ဖြစ်ပုံက ဆိုးလှပါတယ်။

    ပိတ်ကြပါ ပိတ်ကြပါ။ သေရင် ပြိတ္တာဖြစ်မယ့် ကောင်တွေ။

    ReplyDelete
  17. အယ်... အဲဒီလောက်ကြီး ဒေါသမထွက်ပါနဲ့ကွာ။
    ထားခဲ့သမျှ မေတ္တာတွေ အလကားဖြစ်ကုန်မယ်။

    ReplyDelete
  18. မပြောမပြီး မတီးမမြည်ဆိုတော့ ပြောရပါဦးမယ်။
    သူများတွေလည်း ၁၈၁၈ နဲ့ ခေါ်နေတာပါဘဲ ဘာသံမှမကြားရပါဘူး။ ဘယ်သူမှလည်း မပိတ်ပါဘူး။
    မနက်တိုင်း လှမ်းပြီး နှိုးနေတဲ့လူလဲရှိတာပါဘဲ။
    ကိုဇူလိုင်တို့ ရေးလိုက်ရင် အထူးအဆန်းတွေချည်းဘဲ။
    သူများပြိတ္တာတွေမဖြစ်ခင် ကိုယ်အရင် ဒေါသထွက်ပြီး
    သေသွားဦးမယ်။ ဟဟဟ စိတ်လျှော့ပါ မနက်ဖြန်ဆို
    ကောင်းသွားမှာပါ။

    ReplyDelete
  19. နှင်းဆီနီနီ..
    ညည်းရဲ့ သူများတွေ ခေါ်လို့ရပေမယ့် ကျုပ် ခေါ်လို့ မရတာ ဘာအကြောင်းလဲ ဆိုတာတော့ မသိဘူးလေကွယ်။ ပြန်ကောင်းမယ့် မနက်ဖြန်တွေကို စောင့်နေတာလဲ မနည်းတော့ဘူး။ ဒါပေမယ့် အခုထိ ခေါ်လို့ မရသေးဘူး။ ဒေါသကတော့ သိတဲ့အတိုင်းပဲ။

    ReplyDelete
  20. 1818 ကတော့ပြောမနေ နဲ့ ။ အရမ်းစိတ်ဆိုးတာဘဲ။ စိတ်ကို မချမ်းသာရဘူး။ ဖုန်းပြောရတာ။

    ReplyDelete
  21. အီစီကလီကလဲ လုပ်ချင်သေး၊ ဖုန်းကဒ်လဲ သုံးသေး၊ ခေါ်မကြား အော်မကြားဖြစ်တော့လဲ ဟိုဟို ဒီဒီ မေတ္တာပို့သေး၊ ဟင်း.... မပြောချင်ဘူး မပြောချင်ဘူး...ပြောကို မပြောချင်တော့ဘူး။

    ကလူသစ်ဖြစ် စလုံးရောက်တာကြာပေါ့။ ဖုန်းကဒ်နဲ့ တခါမှမဆက်ဖူးဘူး။ ဒုက္ခရောက်လွန်းလို့။ စိတ်ညစ်လွန်းလို့။

    ကိုယ့်ကိုကိုယ် ညှာတာစမ်းပါကွယ် :)

    ReplyDelete
  22. ဖုံးဆက်လေ့မရှိပါ. အမျိုးများ အသံကြားရင် ပိုလွမ်းတတ်ပါသည်။

    ReplyDelete
  23. ဖုံးတကဒ်= ပိုက်ဆံတစ်အိတ်

    ReplyDelete
  24. သြော် .. ကိုယ်တယောက်တည်းခံစားနေရလားမှတ်တယ် .. ခုတော့ ဘ၀တူတွေ အားကြီးပဲ ..
    1818 မသုံးတာကြာပြီ sealion နဲ့ဟိုတလောက သုံးဖြစ်တယ် .. စုတ်လိုက်တာ ဒေါသထွက်ပြီးသေနိုင်တယ် .. ဒါနဲ့ ဒါရိုက်ခေါ်တော့ သိတဲ့အတိုင်း .. ဘေထွက်လာတော့ ငိုချင်တယ် ..
    ခုတော့ butterfly ပြောင်းသုံးတယ် .. အဆင်ပြေတယ် .. စီးတီးဟောမှာပဲရမယ်ထင်တယ် .. သူက good quality နဲ့ခေါ်လို့ရတယ် .. မြန်လည်းမြန်တယ် လိုင်းလည်းမဆိုးဘူးကောင်းတယ် .. သုံးကြည့်ပါလား .. တော့ပတ်လုပ်သုံးတာဆိုတော့ ကဒ်ပြားနံပါတ်လည်းထပ်နှိပ်စရာမလိုတော့ဘူး ကောဘက် good quality ဆို ၈ကျပ်ကို 23 မိနစ်ရတယ် ..

    ReplyDelete
  25. 1818 မသုံးပါဘူး။ 1538 ဆိုတဲ့ call back ကဒ်သုံးပါတယ်။ ခေါ်ရတာလည်း အဆင်ပြေ ကိုယ့်ဘက်က မိနစ်လည်းမပါတော့ဘူးပေါ့။ မူစတာဖာ နားမှာဝယ်လို့ရပါတယ်။ တခါဝယ်ရင် ၁၀ ကဒ်လောက်ဝယ်ထားလိုက်တယ်။ ၁ ကဒ်ကို ၈ ဒေါ်လာပါ

    ReplyDelete
  26. သြော်... ဘ၀တူတွေ အများကြီးပဲ။ အဟေးဟေး...

    ReplyDelete