Friday, March 27, 2009

Armed Forces Day- 2009

တပ်မတော်နေ့... ဟိုမှာတော့ ရုံးတွေ ပိတ်ပါမယ်။ ဒီမှာတော့ ဘာမှ မထူးခြားပါဘူး။ ဟိုက သူငယ်ချင်းတွေ လမ်းလျှောက်ရပါမယ်။ ဒီက သူငယ်ချင်းတွေ ရုံးတက်ရပါတယ်။ ဟိုမှာ နေပူပါတယ်။ ဒီမှာ မိုးအုံပါတယ်။

အထွေအထူးတော့ မရှိပါဘူး။ တပ်မတော်ရဲ့ အစဉ်အဆက် ခေါင်းဆောင်တွေဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် စာရင်းကို ၀ီကီမှာ ဖတ်မိလို့ မှတ်ထားလိုက်ပါအုံးမယ်။ နံပါတ် ၁ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခုနောက်ဆုံး အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုပဲ အသိများခဲ့ပါတယ်။ ဗိုလ်ချုပ်စောမောင်လည်း ဦးစီးချုပ်ဖြစ်ခဲ့မှန်း သိခဲ့သလို ဗိုလ်ချုပ်နေ၀င်းလည်း တပ်မတော်ကို အုပ်ချုပ်ဦးစီးခဲ့တာ စာဖတ်ခဲ့လို့ နည်းနည်းသိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီကြားထဲက ဦးစီးချုပ်တွေကို ဦးစီးချုပ်ဖြစ်ခဲ့မှန်း စိုးစင်းမျှမသိခဲ့တာ အမှန်ပါပဲ။ စစ်တပ်ဆိုတာ ကျွန်တော်နဲ့ မဆိုင်တော့ ဝေးဝေးနေခဲ့တာလည်း ပါတာပေါ့။

Chief of armed forces from 1945 to date

1. Major General Aung San (Founder & Father of Tatmadaw)
2. Major General Let Yar
3. Lt General Smith Dunn
4. General Ne Win
5. General San Yu
6. General Thura Tin Oo(NLD)
7. General Thura Kyaw Htin
8. Sr General Saw Maung
9. Sr General Than Shwe

အားလုံးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို သဘောအကျဆုံးပဲ။ သူ့အကြောင်းတွေပဲ ဖတ်မှတ်ခဲ့လို့လား မသိဘူး။ လူမျိုးခြားတစ်ဦးအနေနဲ့ ကျွန်တော် သူ့ကို လေးစားမိတယ်။ အထင်လည်း ကြီးတယ်။ တပ်မတော်ရဲ့ဖခင်လို့ ဂုဏ်ပြုခေါ်ဝေါ် ခံထိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် စွဲမှတ်ထားမိတယ်။ ကျန်တဲ့ ခေါင်းဆောင်တွေ အကြောင်းတော့ သိပ်ပြီး ထိတွေ့မှု မရှိခဲ့ဘူး။ တကူးတကလည်း ရှာမဖတ်ဖြစ်ခဲ့ဘူး။

ငယ်ငယ်တုန်းကတော့ မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့လို့ မှတ်သားထားဖူးတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့လို့ တော်လှန်ရေးနေ့ပေါ့။ အခုနောက်ပိုင်းတော့ တပ်မတော်နေ့ ဖြစ်သွားတယ်။ တပ်မတော်ကြီး စတင် ဖြစ်တည် မွေးဖွားခဲ့လို့လား။ အမှန်ဆို ရဲဘော်သုံးကျိပ်နဲ့အတူ တစ်နိုင်ငံလုံး အင်္ဂလိပ်ကို ချကတည်းက တပ်မတော်က ဖြစ်တည်နေပြီပဲ။ BIA ဆိုတာပေါ့။ ကျွန်တော့် အထင်တွေပါ။ မှားကောင်း မှားနိုင်ပါတယ်။

ဒီအသက်အရွယ်အထိ တပ်မတော်နေ့ စစ်ကြောင်းတွေ လမ်းလျှောက်ချီတက်တဲ့ နေရာကို ယောင်လို့တောင် မရောက်ခဲ့သေးဘူး။ ကျောင်းက ခေါ်လည်း မလိုက်ဘူး။ အိပ်ရာ စောစောမထနိုင်လို့။ ပန်းကုံးစွပ်ဖို့ဆိုတာ ဝေးပါသေးတယ်။ သေနတ်ထိပ်ဝမှာ တပ်ထားတဲ့ လှံစွပ်တွေနဲ့များ မတော်တဆ ထိုးမိရင် ဒုက္ခလှလှလေ။ လှံစွပ်တွေက ထက်မှ ထက်။ နေရောင်အောက်မှာ တဖွေးဖွေးပဲ။

ညဘက်ဆို တော်လှန်ရေးပန်းခြံမှာ မီးရှူးမီးပန်းတွေ ဖောက်တာကို အိမ်ခေါင်းမိုးပေါ် တက်ပြီး ကြည့်ခဲ့ကြတာ မှတ်မိသေးတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ မှိုလို မပေါသေးဘူး။ မီးပန်းတွေ ဖွားခနဲ တက်လာရင် ဟေးခနဲ အော်ခဲ့ကြတာ ပျော်စရာပါပဲ။ ရပ်ကွက်ထဲက ကျွန်တော်တို့အရွယ် ကလေးတွေလည်း ပျော်ပျော်ပါးပါး အော်ကြဟစ်ကြပေါ့။ နောင်များမှာတော့ တိုက်အမြင့်ကြီးတွေ ကွယ်သွားလို့လား မသိဘူး။ ရပ်ကွက်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေတာများ တပ်မတော်နေ့ အထိမ်းအမှတ် မီးရှူးမီးပန်းဖောက်မယ် ဆိုတာတောင် သတိမထားမိကြတော့ဘူး။ စိတ်လည်း မ၀င်စားတော့ဘူးလို့ ထင်ပါတယ်။ လောကီအပူတွေနဲ့ ကိုယ်စီကိုယ်ငှ တိုင်ပတ်နေကြပြီလေ။

ခေတ်တွေ ပြောင်းသွားပုံများ သံဝေဂတွေ ယူတတ်ရင်တောင် တရားရပါမယ်။ အရာရာဟာ ပြောင်းလဲတတ်တဲ့ သဘောရှိကြပါတယ်လေ။ ဖြစ်ပြီးရင်တော့ ပျက်မှာပါပဲ။

ဘယ်တော့ ပျက်မလဲဆိုတာကို မသိသေးတာပဲ ရှိကြတာပါဗျာ။

တော်လှန်ရေးနေ့မှ တပ်မတော်နေ့ဆီသို့... အမှတ်တရ

10 comments:

  1. လူမျိုးခြား... :(
    အဟင် ....
    အိုကေ အိုကေ ...
    (စိန)စိန့်တိုင်းသားကိုး....
    ဒါပေမဲ့ မြန်မာနိုင်ငံသားပါနော်...ဟုတ်တယ်ဟုတ်...
    ဆလိမ်(စလုံး မဟုတ်)များဖြစ်သွားပီလား
    ဘာပဲဖြစ်ဖြစ် တော်လှန်ရေးနေ့ အကြောင်း သတိတရ ရှိနေတာ လေးစားပါတယ်

    ReplyDelete
  2. မြန်မာမဟုတ်ဘူးလား :D

    ReplyDelete
  3. မောင်ဂျူလိုင်တို့ တရားကျနေလိုက်ပုံများ
    ငယ်ငယ်ရွယ်ရွယ်နဲ့..
    တို့တွေအတွက်တော့ တော်လှန်ရေးနေ့ ပဲ ဟေ့..
    လုံးဝ လျှော့ဘူး...း)

    ReplyDelete
  4. တားကတော့ မသိဘူး။ သေချာတာကတော့ တပ်မတော်ရဲ့
    ဖခင်က ဗိုလ်ချုပ်အောင်ဆန်းပဲ

    ReplyDelete
  5. ငယ်ငယ်က ရွှေတိဂုံဘုရားအနောက်မုဒ်က အဆောက်အဦးလေးတခုမှာ ညအိပ်ပြီး နှစ်တော်တော်များများ တော်လှန်ရေးနေ့ကို အားပေးခဲ့ဘူးတယ်။ လှံစွပ်တွေတဖွေးဖွေးထနေတဲ့ကြားမှာ ဟိုနားတိုး ဒီနားတိုး အားပေးခဲ့ဘူးတယ်။ ညဖက် မီးပန်းဖောက်ရင် အနီးဆုံးနေရာကနေပြီး အော်ဟစ်အားပေးခဲ့ဘူးတယ်။

    နဲနဲကြီးလာတော့ အစောင့်အရှောက်တွေနဲ့ ညအိပ်ခဲ့ဘူးတယ်။ လှံစွပ်တွေ တဖွေးဖွေးကြားမှာ ပြေးလွှားခဲ့ဘူးတယ်။ မျက်စိထဲမှာ မီးရှူးမီးပန်းတွေ ဖောက်ခဲ့ဘူးတယ်။

    တူတူတော့ တူတူပဲ။ ဒါပေမဲ့ မတူဘူး။ :(

    ReplyDelete
  6. စုစုစည်းစည်း မှတ်တမ်းလေးဖြစ်သွားတာပေါ့ဗျာ။ ကျွန်တော်လည်း ကိုဇူလိုင်သိသလောက်ပဲဗျ။ ကျန်တဲ့သူတွေကို မသိဘူး။
    ဝေမျှပေးတာ ကျေးဇူးပါ။
    ဒါနဲ့ လူမျိုးခြားတစ်ဦးအနေနဲ့ဆိုတာ မွန်၊မြန်မာ၊ရခိုင်၊ရှမ်း စသဖြင့်ကို ပြောချင်တာလားပဲ။ အနည်းအကျဉ်းတော့ ဖတ်ရတာ ရှုပ်သွားတယ်။

    ပျော်ရွှင်အဆင်ပြေပါစေ။

    သုခမိန်(E-Journal)

    ReplyDelete
  7. ဟုတ်တယ် ကိုဂျူလိုင်ရေ... ခေတ်တွေ တကယ်ကို ပြောင်းခဲ့ပါပြီလေ... တပ်မတော်နေ့အတွက် တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်တစ်ခုပါ။ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  8. လူမျိုးခြားတစ်ဦးအနေနဲ့ ဆိုတာ ဘာရီးလဲ.. JD?

    ReplyDelete
  9. ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ တိုင်းရင်းသား လူမျိုးစု စာရင်းထဲမှာ လုံးဝဥသုံ မပါတဲ့ မြန်မာပြည်က ရွှေတရုတ်ပါ ခင်ဗျာ။

    ReplyDelete
  10. “လူမျိုးခြားတစ်ဦးအနေနဲ့ ကျွန်တော် သူ့ကို လေးစားမိတယ်။”
    မိုက်တယ်။ အဲဒီလို ရဲရဲဝံ့ဝံ့ရေးတာ ကြိုက်တယ်။

    ReplyDelete