Sunday, March 8, 2009

Dear Yesterday - 8


My 8th time voluntary non-remunerated blood donation
မနေ့က သွေးသွားလှူဖြစ်တယ်။ အမှန်ဆို လှူရမယ့်ရက်က ခုနစ်ရက်လောက် နောက်ကျနေပြီ။ အမှန်တကယ် လှူရမယ့်နေ့မှာ ရုံးအလုပ်တွေကို ညဘက်အထိ မအိပ်ပဲ လုပ်ရမှာဆိုတော့ သွေးလှူလို့ မဖြစ်ဘူး။ အဲဒါနဲ့ အခုအပတ်ကို ရွှေ့ထားခဲ့လိုက်တာ။ ဒီတစ်ခေါက်မှာ သွေးလှူဖြစ်ခဲ့တာကို ထည့်ရေတွက်ရရင် စင်္ကာပူကျွန်းမှာ ရှစ်ကြိမ်မြောက် သွေးလှူဒါန်းခြင်းပါပဲ။ သွေးလှူတာကလည်း ရှစ်ကြိမ်မြောက် ဖြစ်သလို ခေါင်းစဉ်ကလည်း မနေ့ကအပိုင်း နံပါတ်ရှစ်ပါ။ အခုပို့စ်ကို တင်တဲ့ရက်ကလည်း မတ်လ ရှစ်ရက်နေ့ဖြစ်နေသလို အချိန်ကလည်း ည ရှစ်နာရီဖြစ်နေပါတယ်။ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ဒီမှာက ကျန်းမာရေးကောင်းရင် သုံးလမှာတစ်ခါ သွေးလှူလို့ရနေတော့ အဆင်ပြေပါတယ်။ မနက်စာစားပြီး ရေမိုးချိုး အ၀တ်စားလဲ။ ပြီးတော့ နေ့လည် ၁၁ နာရီလောက် သွေးလှူဘဏ်ကို ရောက်အောင် သွားခဲ့ပြီး သွေးလှူခဲ့လိုက်တယ်။ ဒီတစ်ခေါက် သွေးလှူတော့ ပြန်ပေးတဲ့ အားဆေးတွေ ပြောင်းသွားပါပြီ။ အရင်တုန်းက ပေးတဲ့ဆေးတွေက အမဲသားကနေ ထုတ်လုပ်ထားတာဖြစ်လို့ တချို့ဘာသာဝင်တွေနဲ့ အဆင်မပြေဘူးလေ။ ခြေလေးချောင်းသား မစားတဲ့ ကျွန်တော်နဲ့လည်း အဆင်မပြေပါဘူး။ အဲဒါကြောင့် ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်ထားတဲ့ အားဆေးတွေကိုပဲ ပြောင်းပေးပါတယ်။ သွေးညှစ်တဲ့နေရာမှာ သုံးတဲ့ ဘောလုံးလေးတွေ ဒီဇိုင်းအသစ် ထုတ်မှာဖြစ်လို့ လတ်တလောမှာ စင်္ကာပူအလံပုံ ရာဘာတုံးလေးတွေကိုပဲ ညှစ်ခိုင်းထားပါတယ်။ သွေးပုံရင်ထိုးလေးတွေ ပေးပေမယ့် ဒီတစ်ခေါက် မရလိုက်ဘူး။ လာပေးဖို့ မေ့သွားပုံပဲ။ တကူးတကလည်း မတောင်းချင်တာနဲ့ ဒီအတိုင်းလေးပဲ ထွက်လာခဲ့လိုက်တယ်။

သွေးလှူပြီး အိမ်ပြန်ရောက်တော့ နေ့လည်ပိုင်းမှာ ခဏအိပ်စက် အနားယူလိုက်သေးတယ်။ အိပ်ရာကနိုးတော့ ညနေပိုင်းမှာ ယုံကြည်မှုဆိုတာနဲ့ ပါတ်သက်ပြီး ပေါက်ကွဲ ထိရှ ခံစားလိုက်ရတယ်။ မယုံသေးပါဘူး ဆိုတာက ကျွန်တော့်အဖို့ တကယ်ကို ခံရခက်စေတဲ့ စကားလုံးပါပဲ။ ကျီစယ်တာပဲဖြစ်နေအုံး မကြိုက်တာတော့ အမှန်ပါပဲ။ မယုံဘူးဆိုမှတော့ ပြောခဲ့သမျှ လုပ်ခဲ့သမျှ တည်ဆောက်ခဲ့သမျှ သဲထဲရေသွန်သလို အလကားဖြစ်ကုန်ပြီပေါ့။ မယုံဘူးဆိုမှတော့ ဘယ်လို ရှေ့ဆက်စခန်းသွားကြမလဲ။

ဒီလိုနဲ့ပဲ အတိုက်အခံတွေ ဖြစ်လိုက်ရပြီး နောက်ဆုံးတော့ ယုံသွားပါလေရော။ မုန်တိုင်းပြီးရင်တော့ လေပြေ လာစမြဲပါပဲ။ ကိုယ်မှန်နေရင် နောက်မဆုတ်တတ်တဲ့ ဥာဉ်ဆိုးလေးက တခါတလေတော့လည်း အထောက်အကူ ဖြစ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ တခါတလေတော့လည်း ချောက်ကျစေပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ချိုးရေနေရမယ့် နေ့ရက်တွေ ရှိလာပါပြီ။ အရှေ့ဆီမှာ ရောင်နီတွေ ထွန်းလင်းစေချင်တယ်။ နွေရာသီရဲ့ အပူဒဏ်နဲ့အတူ ရင်မောရလွန်းတဲ့ ရက်တွေ အချိန်တွေ ကုန်ဆုံး လွန်မြောက်ချင်ပါတယ်။။

အဲဒီနေ့ အဲဒီအချိန်မှာ ကျွန်တော်ဇူလိုင် ကံကောင်းပါစေလို့ပဲ မနေ့က မျှော်လင့်မိပါတယ်။

26 comments:

  1. သာဓုပါ မောင်လေး ရေ..
    နောက်တစ်ခါတော့ ရင်ထိုးလေး
    ရအောင်တောင်းခဲ့ နော်..
    တသက်လုံး အမှတ်တရ ဖြစ်တာပေါ့

    ReplyDelete
  2. နောက်ဆုံးတော့လည်းဒီဘူတာဘဲဆိုက်တာဘဲ။

    ReplyDelete
  3. စစ်သားရဲ့ Yes ဆိုတာ Yes ပါဘဲ
    သံတမန်ရဲ့ may be ဆိုတာ Yes ပါ.
    မိန်းကလေးတစ်ယောက်ရဲ့ no ဆိုတာကတော့ Yes လို့ အနက်ရပါတယ်။

    ReplyDelete
  4. သာဓုပါ.. တို့များတော့ တစ်သက်မှာ တစ်ခါပဲ လှူခဲ့ဖူးရဲ့။

    ReplyDelete
  5. စင်္ကာပူမှာ သွေးလှူချင်ရင် ဘယ်ကိုသွားရလဲ ၊ ဘာတွေလိုလဲ သိပါရစေ ၊ ကျောင်းမှာ လှူဖို့ ကြိုးစားသေးတယ် ၊ သွေးကြော မပေါ်လို့တဲ့ ၊ မလှူလိုက်ရဘူးး( ၊ သွေးကြောပေါ်အောင် ဘယ်လိုလေ့ကျင့်ခန်းလုပ်ရလဲ သိပါရစေ ၊ ကိုဂျူလိုင် အတွက်တော့ သာဓုပါး)

    ReplyDelete
  6. သွေးကြောပေါ်အောင် ဓါးနဲ့ခွဲပါ။

    ReplyDelete
  7. မမသီရီရေ...
    ရင်ထိုးက ခဏခဏ ရဖူးပါတယ်။ အဲဒီက နပ်စ်မတွေနဲ့ ရင်းနှီးနေတော့ သွေး တစ်ခါ သွားလှူတိုင်း ၄ ခုလောက် ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်က မေ့သွားပုံပဲ။ အဲဒီနေ့က အလုပ်ဆင်းတဲ့ ၀န်ထမ်း အင်အား နည်းနေလို့ ထင်ပါတယ်။

    မခင်ဦးမေရေ...
    ဒီဘူတာက ဂိတ်ဆုံးပဲလေ။ အဲဒီဘူတာပဲ ပြန်ဆိုက်ရမှာပေါ့။ ဒါနဲ့ No ဆိုတာ Yes သေချာလို့လားဟင်... တကယ် No နေရင် ဘယ်လို လုပ်မလဲ ခင်ဗျ။

    မနွယ်ရေ...
    တစ်ခါပဲ လှူဖူးတယ် ဆိုတော့ နောက်ပိုင်းမှာ ဆက်လှူလို့ မရတော့လို့လား ခင်ဗျ။ ကျန်းမာရေး ကောင်းမွန်တယ်ဆိုရင် ထပ်လှူစေချင်ပါတယ်။ အကျိုးရှိပါတယ် ခင်ဗျ။

    ReplyDelete
  8. ကပ်စပါရေ...
    သွေးကြောပေါ်အောင် အလေးအပင် မ ပေး ရပါတယ်။ ကျွန်တော်ကတော့ ဒိုက်ထိုးပါတယ်။ ဈေးဝယ်ရင် အိတ်တွေ ၀ိုင်းသယ်ပါတယ်။

    ကျွန်တော်လည်း အသားဖြူပေမယ့် သွေးကြောတွေ သိပ်မပေါ်ပါဘူး။ နပ်စ်မတွေကတောင် စသလိုလိုနဲ့ ပြောပါသေးတယ်။ ငယ်ငယ်တုန်းက လက်ကြော မတင်းခဲ့တာ သိပ်သိသာလွန်းတယ်တဲ့။ အခုတော့ သွေးကြောတွေ မပေါ်ဘူး မဟုတ်လားတဲ့ဗျာ။

    ဘယ်မှာ သွေးလှူလို့ရသလဲ ဆိုတာကို ကျွန်တော် Bloodbank@HSA ဆိုတဲ့ ပို့စ်မှာ ရေးထားဖူးပါတယ်။ လင့်ခ် အောက်မှာပါ။
    http://july-dream.blogspot.com/2008/09/bloodbankhsa.html

    Blood Donation Procedure တွေကို သိချင်ရင်လည်း အောက်က လင့်ခ်ကို ကူးပြီး သွားဖတ်ကြည့်လိုက်ပါ ခင်ဗျာ။
    http://july-dream.blogspot.com/2008/10/blood-donation-procedure.html

    သွေးလှူတာနဲ့ ပတ်သတ်သမျှ ပို့စ်တွေကို Blood Donation ဆိုတဲ့ Label လေးတွေ တပ်ထားပါတယ်။ အဆင်ပြေရင် အချိန်ရရင် ဖတ်ရှုသွားစေချင်ပါတယ်။

    သန့်စင်တဲ့သွေးနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်ကြရအောင်လားဗျာ။

    Voluntary Blood Donation…
    We CAN DO!

    ReplyDelete
  9. ကုသိုလ်ကောင်းလိုက်တာ.. သွေးခဏခဏလှူနိုင်တယ်နော်....
    နေ့အိပ်မက်ဆို လှူချင်လွန်းလို့တောင် မလှူရဘူး.. သွေးပေါင်ချိန်မပြည့်လို့..... :(
    ကျောင်းမှာတုန်းကလည်း အဲလိုနဲ့ပဲ မလှူလိုက်ရဘူး
    လှူတဲ့သူကိုပဲ ကူခဲ့ရတယ်..... :P

    ReplyDelete
  10. ya did great job! i respect ya for yr action!

    ReplyDelete
  11. ကိုဇူလိုင် ကုသိုလ်တွေ အများကြီးရသွားပြီ... အဲဒီကုသိုလ်အကျိုးကြောင့် ပျော်ရွှင်ရတဲ့ နေ့ရက်များပဲ ပိုင်ဆိုင်ရမှာ သေချာပါတယ်...

    ReplyDelete
  12. အားကျသာဓုခေါ်ပါတယ်...
    သက်ကျော်ရာကျော်ရှည်လို့ 
    များများလှုဒါန်းနှိုင်ပါစေဗျာ..

    ReplyDelete
  13. ကောင်မလေးက No ဆိုတိုင်း Yes လို့တွေးရရင် ငြင်းမရတဲ့ဟာတွေ ဖြစ်ကုန် ဘီလိုလုပ်မတုန်း။ သွေးလှူတာကောင်း၏။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ထင်၏။ ယုံတယ်မယုံဘူး သူများကို သိပ်မပြောဖူးတော့ ... ... ... ပါ။

    လုပ်တာကို လုပ်တယ်ပြောနိုင်သလို မလုပ်တာကို မလုပ်ဘူး ပြောနိုင်တဲ့လူဖြစ်ပါစေဗျာ:...

    :D cheer

    ReplyDelete
  14. ကိုဇူလိုင် သွေးလှူတာတောင် မခေါ်ဘူး။
    ရောင်နီလာရင် အဆင်ပြေပြီပေါ့။ ဒီတစ်ခါ
    လှေစီးရင် တစ်ယောက်တည်းမဟုတ်တော့
    ဘူးပေါ့။

    ReplyDelete
  15. တချိန်ကုန်သွေးလှူနေတာ သွေးရောကျန်သေးရဲ့ လား။ ဒီလောက်သွေးလှူတဲ့လူ vampire မလေးနဲ့ တွေ့ နေအုန်းမယ်နော် သတိထား

    ReplyDelete
  16. လျှာမရှည်နဲ့ ဆြာအန်တီက yes ဆိုရင် yes လိုက် :)

    ReplyDelete
  17. နေ့အိပ်မက်ရေ...
    သွေးပေါင်ပြည့်အောင် အိပ်ရေးဝအောင် အိပ်ပြီးမှ သွေးလှူပေါ့။ သွေးအားကောင်းစေတဲ့ အစားအသောက်တွေလည်း စားပေးပေါ့။ ကိုယ်တိုင် မလှူဖြစ်လည်း တခြားသူတွေကို လှူဖြစ်အောင် တိုက်တွန်းပေးတာ ကူညီပေးတာလည်း ကောင်းတဲ့ အလုပ်တွေပါပဲ ခင်ဗျာ။

    ပိုတေးတိုးရေ...
    ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ကိုမိုးသောက်ရေ...
    ပေးတဲ့ဆုနဲ့ တလုံးတ၀တည်း ပြည့်ရပါစေခင်ဗျာ။

    ကိုဖိုးစိန်ရေ...
    အခြေအနေ ပေးနေသရွေ့၊ ကျန်းမာရေး ကောင်းနေသရွေ့ သွေးလှူနေအုံးမှာပါ ခင်ဗျာ။

    ReplyDelete
  18. ကိုဖြိုးမော်ရေ...
    နောက်ဆုံး စာကြောင်းလေးရဲ့ ဒဿနကို တွေးတော ခံစားနေပါတယ်။ အဲဒါမျိုးလည်း ဖြစ်ရပါလိုတယ် ခင်ဗျာ။

    နှင်းဆီနီအိပ်မက်ရေ...
    သွေးလှူတာ ခေါ်ရအောင် ညည်းကမှ လှူလို့မှ မရသေးတာ။ ဒါနဲ့ ဘယ်တုန်းက ဘယ်လှေကို တစ်ယောက်တည်း စီးခဲ့မိလို့လဲဟင်။ ပြောချင်တာကို နားမလည်ဘူး ခင်ဗျ။

    မလင်း...
    သွေးဆိုတာ ပြန်လည် ဖြစ်တည်တဲ့အရာ ခင်ဗျ။ ဒါကြောင့် သွေးလှူလိုက်ပေမယ့် ကိုယ်ထဲမှာ သွေးတွေ ပြန်ပြည့်လာပါတယ်။ အခုလို သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အပျိုသိုးကြီး ခင်ဗျာ။

    ကလူသစ်...
    အန်တီလို့ ခေါ်လို့ စိတ်ဆိုးသွားရင် ဘယ်နဲ့လုပ်မလဲ။ အသက်က အဲဒီလောက် ကြီးတာ မဟုတ်သေးဘူးလေ။ ဆြာမက အန်တီ မဟုတ်သေးပါဘူး ခင်ဗျ။ ဘွားလေးလို့ ခေါ်နော်။

    ReplyDelete
  19. ကျွန်တော် သွေးလှူတုန်းက လှူပြီး ထလိုက်တာ မူးလဲသွားတယ်ဗျ။ :P

    ReplyDelete
  20. ကိုမိုးတိမ်ညိုရေ...
    သွေးလှူပြီးတာနဲ့ ချက်ချင်း မထရဘူး ခင်ဗျ။ ၁၀ မိနစ်လောက်တော့ ကုတင်ပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။

    ReplyDelete
  21. အင်း ဓါတ်ပုံဆရာရဲ့ ဒုက္ခကလည်း မသေးပါလား ကွယ်ရို့.. လက်တစ်ဖက်က သွေးလှူတုန်းတောင် နောက်လက်တစ်ဖက်က ရိုက်ရသေးတယ်။ :P

    ReplyDelete
  22. ဟုတ်ပဗျာ။ အတော်ဆိုးတဲ့ ဒုက္ခနော်။ ဒါတောင် မနည်း ရိုက်ယူထားရတာ။ နတ်စ်မတွေ ရိုက်ပေးတဲ့ ပုံတော့ ရှိပါတယ်။ ဒါပေမယ့် ရုပ်ဆိုးလွန်းတော့ မတင်တော့ပါဘူးလေ။ အဟား...

    ReplyDelete
  23. စေတနာလှပြီး
    မွန်မြတ်တဲ့ အလှူမို့
    ဂုဏ်ယူပါတယ်။
    ---
    မိန်းကလေးဆိုတာ အချော့ကြိုက် သတ္တ၀ါပါ။
    ကိုယ်ကမှန်နေရင်လည်း ချော့လိုက်ပါ..
    သူမက မယုံဘူးဆိုတာထက်
    တီတီတာတာနဲ့ အရေးတယူ အချော့ခံချင်တာ ဖြစ်မှာပါ။ ..
    ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ ..

    ReplyDelete
  24. ကိုဝင်းဇော်ရေ...
    အခုလို လမ်းညွှန် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အချောခံချင်တာ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိပါဘူး ခင်ဗျ။ အဟီး...

    ReplyDelete
  25. သွေးတခါမှကို မလှုဖူးပါ။ ဘယ်လိုနေလဲဗျ။
    ကျနော်ကြားဖူးတာတော့ လှုစမရှိရင် မူးလဲတာတို့၊ မူးတာမော်တာတွေ ဖြစ်တတ်သတဲ့
    ဟုတ်လားဗျ။ ဒါနဲ့ ခုတော့ အဆင်ပြေသွားပြီလား
    အဟီ... အားကျတယ်ဗျာ....။

    ReplyDelete