Tuesday, July 14, 2009

A piece of gipsy life-5

ဆယ်တန်းအောင်စာရင်း ထွက်တော့ တက္ကသိုလ်တွေ ပိတ်ထားတုန်းပါပဲ။ အလယ်တန်းကျောင်းတုန်းက ကျောင်းအုပ်ဆရာကြီးက ကျွန်တော် ဝေလေလေဖြစ်မှာ စိုးရိမ်ပြီး ကွန်ပျူတာ သင်တန်းတွေ တက်ဖို့ အိမ်မှာ လာပြောပါတယ်။ ဆရာကြီး ကိုယ်တိုင် အိမ်အထိ လာပြောတယ်ဆိုတော့ အိမ်ကလည်း ခေါင်းမခါတော့ဘူး။ အဲဒီလိုနဲ့ သင်တန်းတွေ စုံစမ်းဖို့ ကေအမ်ဒီကို ပါပါးမာမားနဲ့အတူ ထွက်လာခဲ့တယ်။ ကောင်တာက မသီတာ အပြောကောင်းတာနဲ့ နိုင်ငံတကာ အဆင့်မှီ ဒီပလိုမာ သင်တန်းကို စိတ်ဝင်စားသွားတယ်။ စာမေးပွဲကြေးက ဒေါ်လာနဲ့ သွင်းရမယ်ဆိုတော့ မာမားက မေးသေးတယ်။ စာလိုက်နိုင်မှာ သေချာလားတဲ့။ သင်တန်းကြေးနဲ့ စာမေးပွဲကြေးက မနည်းဘူးနော်တဲ့။

အဲဒီအချိန်တုန်းက အိမ်ရဲ့စီးပွါးရေးက အတော်လေးကို ယိုင်နေတဲ့ အချိန်ပေါ့။ စတိုးဆိုင်လည်း အဆင်မပြေလို့ ပိတ်ထားလိုက်ပြီ။ အိမ်မှာ စုထားသမျှငွေသားက သင်တန်းကြေးနဲ့ စာမေးပွဲကြေး လောက်ငှရုံပဲ ရှိတယ်။ ကျွန်တော်က တက်မယ်ဆိုတော့လည်း အိမ်က ငွေထုတ်ပေးရှာတယ်။ ဒေါ်လာတွေလည်း သွားဝယ်ကြတာပေါ့။ စာမေးပွဲကြေး ဒေါ်လာ ၂၀၀ ကျော်ဆိုတာ ဂဏန်းအရ ကြည့်ရင်သာ နည်းနည်းလေး။ မြန်မာငွေတန်ဖိုးနဲ့ ပြောင်းလိုက်တော့ မနည်းဘူးဗျ။ အစကတော့ ဘယ်လောက်မှ မရှိဘူး ထင်ထားတာ။ တကယ်ကုန်တဲ့ ငွေကို မြင်လိုက်ရမှ လူကြီးတွေ ငွေအတွက် ခေါင်းခဲနေရတဲ့ အနေအထားကို သဘောပေါက်သွားတယ်။

အိမ်က အကုန်အကျခံပြီး ကျောင်းထားပေးမှတော့ ကျွန်တော့်ဘက်ကလည်း စာလိုက်နိုင်အောင် လုပ်ရပြီပေါ့။ ကွန်ပျူတာဆိုတာ တစ်ခါမှတောင် မမြင်ဖူးတဲ့ ကျွန်တော့်အဖို့ အရာရာဟာ အသစ်အဆန်းပါပဲ။ စိတ်ဝင်စားတဲ့ ဘာသာတွေ ရှိသလို၊ စိတ်မ၀င်စားတဲ့ ဘာသာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျောင်းစာတွေကို စာကြွေး မရှိအောင် လုပ်ဖြစ်ခဲ့တယ်။ ညဉ့်နက်တဲ့အထိ စာလုပ်တယ်။ တစ်နေ့စာ တစ်နေ့ ပြန်ပြန်ဖတ်လိုက်တယ်။ ဆယ်တန်းတုန်းက အဲဒီလောက် မကြိုးစားခဲ့တာ အမှန်ပဲ။ အခုမှ ဒေါ်လာ မျက်နှာနဲ့ စာကြိုးစား ဖြစ်သွားတယ်။ ဒီလိုနဲ့ ပထမနှစ်ဝက်ကို ဘာသာစုံ အရောင်တွေပျံပြီး အောင်သွားပြီး အောင်စာရင်းရဲ့ ထိပ်ဆုံး ၁၀ ယောက်ထဲ ၀င်သွားခဲ့တယ်။

ဒုတိယနှစ်ဝက်မှာ ကျောင်းတက်နေတုန်း အင်တာဗျူး ခေါ်တာနဲ့ အတွေ့အကြုံရအောင် ၀င်ဖြေလိုက်တယ်။ မေးသမျှကို စိတ်ထဲမှာ ရှိသမျှ ဖြေတတ်သလို ဖြေလိုက်တာ အလုပ်ရသွားပါလေရော။ အဲဒီလိုနဲ့ ဒုတိယနှစ်ဝက် စာမေးပွဲ ဖြေပြီးတာနဲ့ ချက်ချင်းပဲ အလုပ်ဝင်ခဲ့လိုက်တယ်။ အလုပ်ဝင်ဖြစ်တော့ အိမ်က နောက်တစ်တန်း ဆက်တက်မလားတဲ့။ ဘွဲ့ရတဲ့အထိတော့ မထားနိုင်ပေမယ့် ဒီတစ်တန်းတော့ ထားပေးမယ်တဲ့။ အလုပ်က ရတဲ့လခနဲ့ ပြန်ဆပ်ပေါ့ ဆိုပြီး ဒုတိယနှစ်အတန်းကို ကျောင်းလခ သွင်းပေးခဲ့တယ်။ အဲဒီကနေစပြီး ဘ၀မှာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက် ဖြစ်သွားပါလေရော။

ဒုတိယနှစ်အတွက် စာမေးပွဲကြေးတွေ မသွင်းရသေးခင်မှာ ဘီစီက ပညာသင်စရိတ် စကော်လာပေးမယ် ဆိုပြီး အင်တာဗျူး ခေါ်တယ်။ အဲဒီလိုခေါ်တဲ့အချိန်မှာ ပထမနှစ်ရဲ့ ဒုတိယနှစ်ဝက် အောင်စာရင်းက မထွက်သေးတော့ ပထမနှစ်ဝက် အောင်စာရင်းက အမှတ်အများဆုံး ထိပ်ဆုံး ၁၀ ယောက်ကို အင်တာဗျူး ခေါ်တွေ့ပါလေရော။ ကျွန်တော် အဆင့်က ၇ လား ၈ လား မသိဘူး။ သိပ်မမှတ်မိတော့ဘူး။ သေချာတာက ထိပ်ဆုံး ၅ ယောက်ထဲမှာ မပါဘူး။ ထိပ်ဆုံး ၅ ယောက်ကတော့ ထိပ်ထိပ်ကြဲ စပါယ်ရှယ် တော်ကြတဲ့သူတွေ။ စာဆိုလည်း အတော် ကြိုးစားတယ်။ အင်္ဂလိပ်စာလည်း တော်ကြတယ်။ ကျွန်တော်ကတော့ ဖွတ်ချက် ဖွတ်ချက်လေးပါ။

အင်တာဗျူး မဖြေခင်ကတော့ ရင်ခုန်ဖင်တုန်ပြီး ကြောက်နေပေမယ့် တကယ်တမ်း ဖြေရတော့လည်း ဘာမှ မဟုတ်ဘူး။ အဲကွန်းကလည်း အေးတော့ သေးပေါက်ချင်သလိုလို မီးယပ်ချမ်း ထချင်သလိုလိုပဲ။ ပါးစပ်ကတော့ သံဗုဒ္ဓေဂါထာပဲ တောက်လျှောက် ရွတ်ပြီး ဖြေရမယ့် အလှည့်ကို စောင့်နေလိုက်တယ်။ တစ်ယောက်ပြီးမှ နောက်တစ်ယောက် အခန်းထဲဝင်ပြီး ဖြေရတာဆိုတော့ သူများတကာတွေကို ဘာတွေ မေးလဲတော့ မသိဘူး။ ကျွန်တော့်အလှည့်မှာတော့ ဘယ်မှာနေလဲ။ မိဘတွေက ဘာလုပ်လဲ။ ဆယ်တန်းကို ဂုဏ်ထူး ဘယ်နှလုံး ပါလဲ။ ငယ်ငယ်တုန်းက ဘယ်ကျောင်းမှာ တက်ခဲ့သလဲ။ ဆယ်တန်းကို ဘယ်ကျောင်းက အောင်ခဲ့သလဲ။ အခုရော ဘာလုပ်နေသလဲ။ အရမ်းလွယ်တဲ့ မေးခွန်းတွေ ဆိုတော့လည်း အေးအေးဆေးဆေး ဖြေနိုင်ခဲ့တယ်။

မိဘတွေက လက်ဖက်ရည်ဆိုင် ဖွင့်ပါတယ်။ ကျွန်တော်က နံပြားရိုက်ပါတယ်။ စားပွဲထိုးပါတယ်။ ပန်းကန် ဆေးပါတယ်။ နို့အိုးကျိုပါတယ်။ နို့အိုးတိုက်ပါတယ်။ နေတာကတော့ ရန်ကုန် ဆင်ခြေဖုန်းမှာ နေပါတယ်။ လှိုင်မြစ်ကမ်းဘေးက ဓနိမိုး ထရံကာ မွဲတေတေ ကျောင်းကလေးမှာ ငယ်ငယ်တုန်းက နေခဲ့ရတယ်။ ငွေရှိမှ လူရာဝင်တဲ့ အနံကြီးကွင်းကျယ် အထက်တန်းကျောင်းကြီးကနေ ဆယ်တန်းအောင်တယ်။ ဂုဏ်ထူးကတော့ ဘာသာစုံ မဟုတ်ပါဘူး။ အခုတော့ လခ ၈၀၀၀ ကျပ်နဲ့ ပရောဂျက် ကြီးကြပ်ရေးမှူး လုပ်နေပါတယ်။ အဲဒါလေးပဲ ဖြေလိုက်ရတယ်။ အိုခေ ရပြီ..... ဆိုပြီး ပြန်လွှတ်လိုက်လို့ ကျောင်းကို ပြန်လာခဲ့လိုက်တယ်။ ဒါပေမယ့် အင်တာဗျူးမှာ လှိုင်မြစ်ကမ်းဘေးက ကျောင်းအကြောင်းကိုတော့ အတော်လေး မေးပါတယ်။

အဲဒီလိုနဲ့ နောက်နှစ်ရက်မှာ အဖြေထွက်ပါတယ်။ အားလုံးထဲကနေ ကျွန်တော်ကို ရွေးပါတယ်တဲ့။ အဲဒီလိုနဲ့ ပေးထားပြီးတဲ့ ဒုတိယနှစ် ကျောင်းလခကို ပြန်ထုတ်ပေးပါတယ်။ မသွင်းရသေးတဲ့ စာမေးပွဲကြေးကို သွင်းစရာ မလိုတော့ပါဘူး။ အဲဒီ စကော်လာကို ဘယ်ကနေ ပေးမှန်းလည်း မသိပါဘူး။ ဘွဲ့ရတဲ့အထိ ကျောင်းပြီးအောင် တက်ပါမယ်လို့ပဲ ခံဝန်ကတိ ထိုးခိုင်းပါတယ်။ စာမေးပွဲ ကျခဲ့ရင်လည်း စကော်လာ ဆက်မပေးပါဘူး။ အဲဒီတော့ ဘာသာစုံကို အောင်အောင်ဖြေနိုင်ဖို့ လုပ်ရတာပေါ့။ ဒုတိယနှစ်ကို အလုပ်တစ်ဖက်နဲ့ ကြိုးစားလိုက်ရတာ နှာခေါင်းလေး ဖော်ပြီး အောင်သွားရှာလို့ တတိယနှစ်ကို ဆက်တက်ခွင့် ရလိုက်တယ်။ တတိယနှစ် ရောက်ရင် အိုခေပါပြီ။ စာမေးပွဲကြေးနဲ့ သင်တန်းကြေးက အတော်ကို ဈေးကြီးတာဆိုတော့ အိမ်က မထားနိုင်တာ အသေအချာပါပဲ။ အခုတော့ ဘ၀မှာ မမျှော်လင့်ထား မထင်မှတ်ထားပဲနဲ့ ပညာသင်စရိတ်တွေ စကော်လာရပြီး ကွန်ပျူတာဘွဲ့တစ်ခု ရသွားပါလေရောဗျာ။

26 comments:

  1. ကောင်းတယ်ဗျာ... ပညာပါရမီအထုံပါတယ်ဆိုရမှာပေါ့နော်။ နောက်ပြီး ကြိုးစားမှုရဲ့ ရလာဒါဆိုရင်လည်း မမှားဘူးပေါ့။

    yu ya

    ReplyDelete
  2. Scholar ဆိုတာကလည်း ထူးချွန်မယ့် ကြိုးစားမယ့်သူကိုပဲ ပေးတာပါ။ မိဘပိုက်ဆံကို မသုံးဘဲ Scholar နဲ့ ပြီးတဲ့အထိ တက်နိုင်ခဲ့တာကို တကယ်လေးစားအားကျမိပါတယ် ကိုဂျူလိုင်ရေ။ မိဘတွေကလည်း သိပ်ဂုဏ်ယူကြမှာပဲ။

    ReplyDelete
  3. ကောင်းကိုးရဲ့ အသီးအပွင့်..ကို..ခံစားနိုင်ပြီးပေါ့ရှင်..

    ReplyDelete
  4. တကယ်အားကျစရာပါ ကိုဇူလိုင်ရေ

    ခင်မင်စွာဖြင့်
    သီဟသစ်

    တော်လည်းတော် 8 လည်းဖြစ်သကိုး :P

    ReplyDelete
  5. အခုတော့ မီးယပ်ချမ်း မထတော့ဘူး မဟုတ်လား...

းဝ)

    ReplyDelete
  6. ကိုဂျူလိုင်က လူတော်ပဲ။ ကျွန်မ ငယ်ငယ်ကလည်း စာတော်တယ်လို့ အပြောခံရတဲ့အထဲမှာ ပါတယ်။ တောစွန်အုံဖျားမှာ ကြီးပြင်းပေမယ့် ၁၀ တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ရင် Scholarship လျှောက်လို့ရတယ်ဆိုတာ အဖေပြောပြထားလို့ သိနေပြီး အိပ်မက်မက်ခဲ့ဖူးတယ်။ ဒါပေမယ့် ပညာရေးနဲ့ ပတ်သက်တဲ့ ကုသိုလ်ကံဇာတာက အခုလိုအသက်ကြီးမှ ကိုယ့်ထက် အသက်တ၀က်ခန့်ငယ်တဲ့ ခလေးတွေနဲ့ ကျောင်းအတူတူ ပြန်တက်ရဖို့ပဲ ပါလာတော့ ကံစီမံရာအတိုင်းပဲ ဖြစ်သွားတယ်။

    ReplyDelete
  7. မောင်လေးဂျုလိုင်က လူတော်လေးတယောက်ပါ...သားလိမ္မာရထားတဲ့ မိဘတွေတော့ ကံကောင်းတယ်နော်.... မီးယပ်ချမ်းထဖူးလို့လားဟင်....ဟီး..ဟီး...
    mie nge

    ReplyDelete
  8. တော်တယ်။
    ဒါပဲပြောတတ်တယ်။

    ReplyDelete
  9. လူတော်တွေအကြောင်း သိရရင် အလိုလိုကို ၀မ်းသာ ဂုဏ်ယူမိတယ်

    ReplyDelete
  10. ဦးဂျုလိုင် တော်လိုက်တာ..။ လေးစားပါတယ်ရှင်..။

    ReplyDelete
  11. ပညာသင်ဆုရတာ ဂုဏ်ယူစရာပါ။ ဘ၀မှာ တစ်ခါမှ မရဖူးသေးဘူး။
    ပညာသင်ဆုကလည်း တော်လည်းတော်မှ ရဖို့ကံလည်းပါဦးမှ...

    ReplyDelete
  12. ကိုဂျူလိုင် ကေအမ်ဒီမှာ တက်တာလား IAD ဆက်ရှင် ဘယ်လောက်လဲ မှတ်မိသေးလားဟင်..
    ညီမလည်း တူတူပဲ.. အလုပ်လည်း အဲဒီမှာပဲ.. ညီမက မသိတောင် မေကဆုန့်ကိုကိုက ကိုဂျူလိုင်ကို သိလိမ့်မယ်ထင်လို့ပါ..

    ReplyDelete
  13. ဒီအကြောင်းကို ပြည့်ပြည့်စုံစုံလေး ပြန်ရေးပါလား၊
    စိတ်ဝင်စားဖို့ ကောင်းပါတယ်

    ReplyDelete
  14. တော်လိုက်တာ ဒီမောင်လေး က

    ReplyDelete
  15. အဲဒီအချိန်က ကိုယ် ဘာတွေလုပ်နေလဲ ဆိုတော့...

    မပြောတော့ပါဘူး။
    (အဲဒီလိုပြောရင် တလွဲထင်စရာတွေများ ဖြစ်ကုန်မလား)

    ReplyDelete
  16. အဲကွန်းခန်းထဲမှာ ရင်ခုန်ဖင်တုန်ပြီး သေးပေါက်ချင်တာကတော့ ဟုတ်ပါပြီ .. ဘယ့်နှယ် မီးယပ်ချမ်းက ထချင်ရတာတုန်း ဟီဟိ

    ReplyDelete
  17. မီးယပ်ချမ်းဆိုတာ ဘာလဲ ကိုယ်တောင်မသိ ဟိဟိ

    ReplyDelete
  18. ထင်တာကတော့ နေရင်းထိုင်ရင်းနဲ့ ချမ်းပြီး တုန်တက်လာတာဘဲ။ အဲဒီလိုမျူးဆို အရမ်းချမ်းတယ်။ စောင်အထူကြီး ခြုံပြီး ခေါင်းပါအုပ်ထားမှ သက်သာရရတယ်။ အထူးသဖြင့်ပင်ပန်းရင်ဖြစ်တယ။် ရုတ်တရက် ရေချိုးပြီး အပြီးမှာ မိုးလင် အအေးပိုင်းမှာဖြစ်တယ။် ကိုယ်ဖြစ်တတ်တာကိုပြောတာပါ ခင်မင်းဇော်။

    ReplyDelete
  19. ဂျုလိုင်သိတ်တော်တယ်။

    ReplyDelete
  20. မီးယပ်ချမ်းဆိုတာ ဘာလဲ -
    It must be Sheehan's syndrome.

    ReplyDelete
  21. သမီးလေးတော်ပါတယ်ကွယ်..အော်ဒါနဲ့ ရင်ခုန်ဖင်တုန် ဆိုတော့တင်ပါးလေးတဇတ်ဇတ်တုန်နေမှာပေါ့နော်

    ReplyDelete
  22. ကိုယ်ကလဲ ကြိုးစားလို့ ဒီလို အခွင့်အရေးမျိုး ရတာပဲ။ အဓိကက ကိုယ်ကိုယ်တိုင်ပါပဲ။ ကြိုးစားတာတော့ ဘယ်တော့မှ အချည်းနှီးမဖြစ်ဘူးဆိုတာ ဒီပို့စ်က ပြောနေသလိုပါပဲ။ အခွင့်အလမ်းပေါ်လာတဲ့အခါမှာ ကိုယ်က ဖြည့်ထားတော့ အဆင်သင့်ဖြစ်နေတာပေါ့နော်။

    (လူကြီးတွေ ပြောနေကြတာ နားထောင် မှတ်ထားပြီး ပြန်ပြောတာပါ ကိုဂျူလိုင်။ တို့တုန်းကတော့ အဲဒီလို မကြိုးစားခဲ့မိပါဘူး) :)

    ReplyDelete
  23. ကိုဂျူလိုင် တအားတော်တယ်

    ReplyDelete
  24. ဒီပို့စ်လေးကို မနေ့ကတည်းကဖတ်ချင်နေတာ..
    ဘီးဇီးနေပြီး မျက်လုံးကမဖွင့်နိုင်တော့လို့ မဖတ်ဖြစ်ခဲ့ဘူး.အခုမှ ထပ်လာဖတ်သွားပါတယ်...

    မောင်ဇူလိုင်တော်တယ်.း)

    ReplyDelete
  25. ဇူလိုင် က တော်တယ်လို့ပဲ ပြောရတော့မှာပေါ့။
    ကံကောင်းလိုက်တာနော်။
    ကျနော်က တော့ ပညာရေး ကံမကောင်းဘူး

    ရီနိုမာန်

    ReplyDelete
  26. ချီးကြူးပါတယ်ဗျာ.. လူတော် တယောက်ပါပဲ.. အဟီး မြှောက်ပေးတနယ်တော့ မထင်နဲ့နော်

    ReplyDelete