Saturday, July 18, 2009
Some abstracts of July 19
လူသတ်သမားများသည် ၀င်ဝင်ချင်း ခေါင်းဆောင်လုပ်သူ(စိုးကြီး)က ဗိုလ်ချုပ်အား ရှေ့တည့်တည့်မှ စတင် ပစ်လေသည်။ ဗိုလ်ချုပ်က မတ်တပ်ရပ်လိုက်ကာ လက်ကာပြရင်း "ဟေ့... ဟေ့...၊ နေပါအုံး၊ ကျုပ်..." ဟု တစ်စုံတစ်ရာ ပြောမည်လုပ်စဉ် သေနတ်ထိမှန်၍ စားပွဲကို အကာကွယ်ယူလျက် ထိုင်ချလိုက်သည်။ ဤတွင် ကုလားထိုင်ရော ဗိုလ်ချုပ်ပါ လဲကျသွားသည်။ အခြားလူသတ်သမားများကလည်း အခြားဝန်ကြီးများကို ပစ်ကြသည်။
ဝန်ကြီးသခင်မြမှာ ကုလားထိုင်ပေါ်မှ ကြမ်းပြင်သို့ လဲကျကာ လက်ျာဖက်လက်ပေါ်တွင် ပါးတင်၍ ကွေးကွေးကလေး အသက်ပျောက်ရှာသည်။ သခင်မြအနီးတွင် ထိုင်သော အတွင်းဝန်ဦးအုံးမောင်မှာ အရှေ့မြောက်ဘက်သို့ ဦးခေါင်းပြု၍ ပက်လက်သေဆုံးရသည်။ ၀န်ကြီးဦးရာဇတ်မှာ ကုလားထိုင်ပေါ်တွင်ပင် လက်ရမ်းနှစ်ဘက်၌ လက်နှစ်ဖက် တွဲလျောင်းကျ၍ နောက်သို့မှီလျက် ခေါင်းငိုက်စိုက်ကျရင်း ခပ်စောင်းစောင်း ကွယ်လွန်ရှာသည်။ မန်းဘခိုင်မှာမူ လူသတ်သမားများနှင့် အနီးဆုံးဖြစ်၍ မရှောင်တိမ်းသာပဲ ၄င်းကုလားထိုင်ပေါ်တွင် အသက်ပျောက်ရရှာသည်။ ဦးဘချိုမှာ အသက်မသေသေးဘဲ သတိမေ့မျောကာ ကုလားထိုင်ကိုမှီလျက် လက်ရမ်းတစ်ဖက်တွင် ခပ်စောင်းစောင်း ခေါင်းငိုက်စိုက်ကျနေရှိသည်။
လုပ်ကြံမှုမှ လွတ်မြောက်လာသော ဦးဘဂျမ်း ကိုယ်တွေ့ပြောပြချက်များကို ကိုးကားရေးသားထားသော စာရေးဆရာသင်္ခါ၏ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို စာအုပ်မှ ကောက်နုတ်ချက်။
~~~~~~
၁၉၄၇ ဇူလိုင် ၂၁ ရက်နေ့ထုတ် ဟံသာဝတီစာစောင်
အလောင်းရွှေ့ပွဲကြီးကို ဗမာလူမျိုးများက ဂရုပြုကြသည်သာမက အိန္ဒိယသားများ၊ တရုတ်များကအစ မျက်နှာမသာ ညှိုးငယ်ကြင်နာ ၀မ်းနည်းသော အရိပ်အရောင်ကို ဆောင်လျက်ရှိကြ၏။ ...
နေ့လည် ၂ နာရီတိတိအချိန်တွင် တာဝါလိန်းလမ်းအတွင်းမှ ဗိုလ်ချုပ်၏အလောင်းကို ထမ်း၍လာကြ၏။ အလောင်းကို ပြည်သူ့ရဲဘော်၊ ဗမာ့တပ်မတော်နှင့် ရေတပ်မတော်သားများက လမ်းတစ်လျှောက်လုံး တလှည့်စီ ထမ်းဆောင်လာကြသည်။ ...
ညနေ ၃ နာရီ ၄၅ မိနစ်အချိန် ဂျူဘလီခန်းမဆောင်ကြီးအတွင်းသို့ တောင်ဘက်တံခါးပေါက်မှနေ၍ အလောင်းများကို သွင်းလာ၏။ ရှေ့ဆုံးထိပ်က ဗိုလ်ချုပ်အောင်ဆန်း အလောင်းထားပြီး၊ ၄င်းလက်ဝဲ အနောက်နားက ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးဘ၀င်း၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီးနှင့် ဦးအုန်းမောင်တို့၏ အလောင်းများကို ထား၏။
လက်ယာဘက်တွင်မူ သခင်မြ၊ မန်းဘခိုင်တို့၏ အလောင်းများကို ထားသည့်အပြင် မစ္စတာရာဇတ် ရုပ်ကလာပ် မပါသော ခေါင်းအလွတ်ကို ထား၍လည်းကောင်း၊ မောင်ထွေး၏ အလောင်းအလွတ်ကို ကုတင်လွတ်သာ ထား၍လည်းကောင်း အစီအရီ ထား၏။ မစ္စတာရာဇတ်နှင့် မောင်ထွေးတို့၏ အလောင်း နှစ်လောင်းကို ဂျူဘလီဟောအတွင်းမှ တာမွေ ကင်းဘဲလ်လမ်းရှိ မဟာမေဒင်သင်းချိုင်းသို့ တောက်လျှောက် သယ်ယူသွားကြရာ မြန်မာနှင့် မြန်မာမူဆလင် အမြောက်အများ လိုက်ပါပို့ကြ၏။ အမေရိကန်သံအမတ်နှင့် ဇနီးအပြင် နယ်သာလန်သံအမတ်တို့ကလည်း လိုက်ပါလာကြ၏။
ညနေ ၅ နာရီ ထိုးသွားသည့်တိုင်အောင် လူထုပရိသတ်ကြီးမှာ ဂျူဘလီဟောအတွင်း၌ ရှိသေး၏။ ဗိုလ်ချုပ်အလောင်းနှင့်တကွ အလောင်းများကို လူထု သူ့ထက်ငါ တိုးဝှေ့ကြည့်ကြသည့်အတွက် ၁၀ ယောက် တတွဲစီဖြင့် ၀င်ကြည့်ခွင့် ပြုရတော့၏။ အလောင်းများကို လက်နက်ကိုင် ပုလိပ်များ အစောင့်ချထားတော့၏။
မေမြို့ချစ်ဆွေ ပြုစုသော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း စာအုပ်တွင် ထပ်မံ ဖော်ပြထားသည်မှ ကောက်နှုတ်ချက်။
~~~~~~
အဲဒီအကြောင်းအရာကို မဖတ်ရသေးတဲ့သူတွေအတွက်ရော ဖတ်ပြီးသားဖြစ်နေတဲ့သူတွေအတွက်ရော...
နောက်ပြန်ဖတ်ချင်ရင် ရှာလို့လွယ်အောင် ဒီနေရာလေးမှာ သိမ်းထားလိုက်ပါရစေဗျာ။
17 comments:
  1. မဖတ်ရသေးတဲ့အကြောင်းအရာတွေမို့ စိတ်မကောင်းစွာနဲ့ပဲဖတ်သွားပါတယ်။ အကိုရေ ကျေးဇူးပါ။
    ReplyDelete
  2. ကိုလူထွေးကတော့ ရှာဖွေလှန်လှောရင်း ၂၀၀၇ တုန်းက တင်ထားတဲ့ ဟံသာဝတီသတင်းကို ဖတ်လိုက်ရလို့ တင်ပေးထားတဲ့ ကိုဂျူလိုင်ကို ကျေးဇူးပါ...
းဝ)
    ReplyDelete
  3. လာရောက်ဖတ်သွားပါတယ်။
    ကျေးဇူး ဇူလိုင်ရေ
    ရီနိုမာန်
    ReplyDelete
  4. မဖတ်ရသေးဘူး.....ခုလိုဖတ်ရတော့ .... အရမ်းဝမ်းနည်းတယ်...
    ကျေးဇူးတင်ပါတယ်..။
    ခင်တဲ့
    မေဇင်
    ReplyDelete
  5. ကောက်နှုတ်ချက်ဖတ်ရတာနဲ့တင် စိတ်မကောင်းအောင် ဖြစ်ရပါတယ် ကိုဂျူလိုင်ရေ
    ReplyDelete
  6. ခုမှဖတ်ဖူးတာဒါကို ကျေးဇူးတင်ပါတယ် ကိုဂျူုလိုင်
    ReplyDelete
  7. ကျေးဇူးတင်လိုက်တာ
    ReplyDelete
  8. ၁၉၄၇ ဇူလိုင် ၂၁ ရက်နေ့ထုတ် ဟံသာဝတီစာစောင် ပါ ကောက်နှူတ်ချက်ကို ခုမှဖတ်ဖူးတယ်ဗျာ
    ReplyDelete
  9. သေရတာ မတန်လိုက်တာ အဘိုးတို့ရယ်။
    ReplyDelete
  10. ယူကျုံးမရစွာ ဖတ်သွားပါတယ်..
    လူတော်တွေလူကောင်းတွေ ဘဝက တိုလိုက်တာ...
    ကိုရင်တာတေကြီးတို့များကျတော့လည်း ...
    ReplyDelete
  11. ပြန်လည် ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ဖတ်သွားပါတယ်။
    ReplyDelete
  12. 19 Jul 09, 01:38
    kom: သိပြီးသားဖတ်ပြီးသားပေမဲ့ဖတ်ရင်းနဲ့ကြက်သီးတွေ ထလာလို့ .....(စိတ်ထိခိုက်တယ်။ )
    ReplyDelete
  13. စိတ်မကောင်းတာထက် လေးနက်တာရှိရင်လည်း ပြောပါဦး ဂျူလိုင်ရာ....
    ReplyDelete
  14. ဖတ်ရင်းနဲ့ စိတ်မကောင်းခြင်းတွေ အပြည့်ဖြစ်လာတယ်။
    ReplyDelete
  15. ....................
    .....................
    ReplyDelete
  16. JD ရေ့... တာဝန်တခုကို ကျေပွန်ခဲ့ပြီ...
    ReplyDelete
  17. တန်ဖိုးရှိတဲ့ ပို့စ်လေး တခုပါ။ မသိသေးသူလဲ သိသွားသလို၊ သိပြီးသူလဲ ပြန်အမှတ်ရစေပါတယ်။ ကျေးဇူးပါဗျာ။
    ReplyDelete