Saturday, September 19, 2009

Hungry Ghost Festival

ဆေးလိပ်အနံ့ရရင် ကိုယ်ဝန်သည်လား ထင်မှတ်မှားရလောက်အောင် အော့အန်သလိုမျိုး ဖြစ်တတ်လွန်းလို့ ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေ ခပ်လှမ်းလှမ်းမှာသွားပြီး ဆေးလိပ် သောက်ကြရတယ်။ ရန်ကုန်က ပြန်လာတဲ့နောက်ပိုင်း ကျန်းမာရေးအတွက် ညတိုင်းနီးပါး ဟိုဟိုဒီဒီ ပတ်ပြေးဖြစ်ပေမယ့် ဒီလထဲမှာ ပြေးရတာ အဆင်မပြေလှပါဘူး။ အခုလ တစ္ဆေကြီးပွဲတော်မှာ ရှို့လိုက်ကြတဲ့ ရွှေစက္ကူ ငွေစက္ကူတွေ၊ ထွန်းလိုက်ကြတဲ့ အမွေးတိုင်တွေ မီးခိုးတွေ တလူလူပါပဲ။ နဂိုကတည်းက မီးခိုးအနံ့ရရင် အသက်ရှုရတာ မ၀တဲ့သူဆိုတော့ ဒုက္ခလှလှကြီး တွေ့တော့တာပါပဲ။ အဲဒါကြောင့် အဲဒီပွဲတော်ကို အတော်လေး အမြင်ကပ်ပါတယ်။

တရုတ်ပြက္ခဒိန်ရဲ့ ခုနစ်လပိုင်း ၁၅ ရက်နေ့ဟာ တစ္ဆေကြီးနေ့ပါပဲ။ ဒါကြောင့် ခုနစ်လပိုင်းကို တစ္ဆေသရဲတွေရဲ့ လလို့ ပြောလို့ရပါတယ်။ အဲဒီလမှာ ၀ိဥာည်လောကရဲ့ ဂိတ်တံခါးကြီး ဖွင့်တယ်လို့ ပြောကြတယ်။ အဲဒီတော့ သရဲ တစ္ဆေတွေ လူ့လောကထဲကို ဗီဇာမလိုပဲ အလည်လာလို့ ရကြတယ်တဲ့။ လူ့လောကထဲကို အားလပ်ရက် အပန်းဖြေခရီး ထွက်သလိုမျိုးပေါ့။ အဲဒီလို သရဲ တစ္ဆေတွေ အလည်လာတော့ လူ့လောကမှာ ရှိနေသေးတဲ့ သားသမီးတွေ ဆွေမျိုးတွေက အစားအသောက်တွေကို အိမ်အပြင်မှာထုတ်ပြီး ဧည့်ခံကျွေးမွေးကြပါတယ်။ အိမ်ထဲမှာတော့ မကျွေးပါဘူး။ အိမ်ထဲဝင်လာမှာကို ကြောက်ပုံပဲ။ သိပ်ချစ်ကြတာပဲ။

တစ္ဆေကြီးပွဲမှာ လူတွေက ရွှေစက္ကူ ငွေစ​က္ကူတွေကို မီးရှို့ကြပါတယ်။ မီးရှို့စက္ကူမှာ ဒေါ်လာပုံစံတွေတောင် ပါလိုက်သေးတယ်။ အဲဒီလို မီးရှို့ပေးရင် အဲဒီဟာတွေက ၀ိဥာည်လောကမှာ သုံးလို့ရတယ်ဆိုပဲ။ ရွှေစက္ကူတွေ ငွေစက္ကူတွေ များများရှို့ပေးရင် ချမ်းသာမယ်လို့ ဆိုကြတယ်။ သေသွားတဲ့ အမျိုးတွေကို ၀ိဥာည်လောကမှာ ပိုက်ဆံတွေ အများကြီးရစေချင်လို့ မီးရှို့စက္ကူတွေ အင်တိုက်အားတိုက် ရှို့နေကြတာလား။ လာဘ်ကောင်းဖို့ စီးပွါးရေးအဆင်ပြေဖို့ လောဘဇောတိုက်ပြီး ရှို့နေတာလား။ စက္ကူတွေကို မီးရှို့နေတဲ့သူပဲ သိကြမှာပါ။ အဲဒီလို စက္ကူကို မီးရှို့တိုင်း ၀ိဥာည်လောကကို ရောက်တယ်ဆိုရင် ပိုက်ဆံပုံစံတွေ ရှို့မနေတော့ပါဘူး။ လက်နက်တွေ ဒုံးကျည်တွေ တိုက်လေယာဉ်တွေ သံချပ်ကားတွေ စက္ကူနဲ့ ပုံစံတူလုပ်ပြီး မီးရှို့ပေးလိုက်ပါမယ်။ အဲဒါမျိုးတွေ ပေးလိုက်နိုင်ရင် အနည်းဆုံးတော့ ၀ိဥာည်လောကမှာ အာဏာရှင် လုပ်လို့ရတာပေါ့။ လောကမှာ အာဏာရှိရင် ငွေဆိုတာ မလိုတော့ဘူးလားလို့ပါ။ အထင်အမြင်တွေ မှားကောင်း မှားနိုင်ပါတယ်လေ။

တစ္ဆေကြီးပွဲနဲ့ သင်းချိုင်းကန်တော့ပွဲကို လူတွေက ရောနေတတ်ပါတယ်။ တကယ်တော့ ရှင်းရှင်းလေးပါ။ သင်းချိုင်းကန်တော့ပွဲမှာလည်း သေသွားပြီဖြစ်တဲ့ ဘိုးဘွားမိဘတွေရဲ့ ဂူသင်းချိုင်းတွေဆီ အရောက်သွားပြီး အစားအသောက်တွေနဲ့ ကန့်တော့ကြရပါတယ်။ အဲဒါကြောင့် သင်းချိုင်းကန်တော့ပွဲဆိုတာ လူလောကမှာ အသက်ရှင်နေဆဲဖြစ်တဲ့ လူတွေက သေသွားပြီဖြစ်တဲ့ လူသေအလောင်းတွေဆီကို သွားပြီး ဂါရ၀ပြုတာပါ။ တစ္ဆေကြီးပွဲကတော့ သေသွားပြီဖြစ်တဲ့ လူတွေရဲ့ ၀ိဥာည်က အသက်ရှင်နေသေးတဲ့ လူတွေဆီကို လာလည်ပြီး ဂါရ၀အပြုခံတာပါ။

တစ္ဆေကြီးပွဲကာလမှာတော့ တရုတ်လူမျိုးတွေအနေနဲ့ စေ့စပ်ပွဲတွေ၊ မင်္ဂလာဆောင်တွေ၊ အိမ်ပြောင်းတာတွေ ရှောင်လေ့ရှိပါတယ်။ စီးပွါးရေးလုပ်ငန်းတွေ စတင်တာမျိုးလည်း ရှောင်ကြပါတယ်။ အဲဒီလမှာ ရေကူးတာလည်း လျှော့ကြတယ်ဆိုပဲ။ ရေထဲ ဆွဲနစ်ခံရမှာ ကြောက်လို့ထင်တယ်။ ညဘက်အပြင်ထွက်ရင်လည်း သတိဝိရိယနဲ့ သွားလာကြတယ်တဲ့။ တစ္ဆေကြီးပွဲကာလဖြစ်နေတဲ့ ၀၉-၀၉-၀၉ မှာပဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပသွားကြတဲ့ တရုတ်စုံတွဲတွေ များမှများ။ စီးပွါးရေးတွေလည်း လုပ်နေကြတာပါပဲ။ ကိုယ်မလုပ်ရင် သူများ လုပ်သွားမှာပေါ့။ ရေကူးကန်မှာလည်း တရုတ်မလေးတွေ ပေါင်တံလေးတွေများ ဖွေးလို့။ ညဘက်ဆိုရင်လည်း လူတွေ လူတွေ လှုပ်စိလှုပ်စိနဲ့ ဟိုနေရာတွေ့ ဒီနေရာတွေ့ မျက်စိတောင် နောက်မိတယ်။

သြော်... တရုတ်ပွဲတော်ကို အပုတ်ချနေလို့ တခြားလူမျိုးများလားလို့ ထင်နေကြအုံးမယ်။ ကျွန်တော်ဇူလိုင် တရုတ်လူမျိုး စစ်စစ်ပါ။ တရုတ်စစ်လို့ မရေးထားပါဘူး။ လူမျိုးဆိုတာ ထည့်ရေးထားပါတယ်။ အဖေလည်း တရုတ်၊ အမေလည်း တရုတ်ပါ။ အိမ်သူသက်ထား ဇနီးမယားအဖြစ် ရည်ရွယ်ထားတဲ့ ချစ်သူလေးလည်း တရုတ်ပါ။ ဒါပေမယ့် စက္ကူမီးရှို့လို့ ချမ်းသာမယ် ဆိုတာကြီးကိုတော့ အာဟိ ခွိခွိလို့ ကလိထိုးရမယ့်ကိန်း ဖြစ်နေတာနဲ့ အမြင်မတော်လို့ ပေါ်တင် ဆော်ပါတယ်။ လောလောဆယ်တော့ မီးခိုးငွေ့ကြောင့် အသက်ရှုရ ခက်ပါတယ်။ အဲဒါကို သရဲတွေက လည်ပင်းညစ်နေတာဆိုပြီး ပြောကြအုံးမှာ မြင်ယောင်နေသေးတယ်။

27 comments:

  1. သြော် မီးရှို့ပေးတာ ဝိဥာဉ်လောကအတွက်ပဲလား..
    အရင်ဘ၀က အမျိုးတွေ တရုတ်ဆိုရင် ခုနေအိမ်ထဲ အပုံလိုက်ရောက်လာမယ် ထင်နေတာ..
    လောလောဆယ်တော့ မီးခိုးပဲ အိမ်ထဲ အလုံးလိုက် လှိမ့်ဝင်ဝင်လာတယ်..

    ReplyDelete
  2. ခုဏက ပြန်လာတုန်းကလည်း
    တစ်ကောင်တည်းကြောက်ကြောက်နဲ့
    ပြန်လာရတယ်ဗျာ...
    ပလက်ဖောင်းမှာ အမွေးတိုင်တွေမှ အများကြီးပဲ
    ၇ပေပတ်လည်လောက်ရှိတဲ့သံပုံးကြီးထဲမှာ
    လည်းနဲနဲနောနောမဟုတ်ဘူး...ရှို့ထားကြတဲ့
    စက္ကူတွေ...အော်...ဝိညာဉ်တွေတစ်ကယ်ပိုက်
    ဆံရကြပါစေ...

    ReplyDelete
  3. ကျွန်တော်သာ သေရင်တော့ ဟိုဘက်မှာ ငမွဲဆက်ဖြစ်ဦးမယ်ထင်ပါရဲ့...။

    ReplyDelete
  4. အမြင်တွေတော့ တူနေပြီ ဆရာ ရေ...
    ကိုယ့်မျိုးဆက်လညိး မှာထားရဦးမယ် သေသွားပြီးရင်
    ဒါမျိုးတွေ မလုပ်ဖို့ပေါ့...လုပ်မယ်လို့လည်း မထင်ပါဘူး... ဒီမှာမွေးတာ ဆိုတော့ သူက ကိုယ့်ထက်တောင် ပိုတွေးတတ်ဦးမှာပါ...အခု ငယ်ငယ်လေးနဲ့တောင် လူကြီးပြောတာ ကို လက်တွေ့မှ ယုံနေတာဆိုတော့...

    mie nge

    ReplyDelete
  5. တချို့ကျတော့လဲ ယုံယုံကြည်ကြည်ကို လုပ်နေကြတာ တွေ့ဖူးတယ်။ လူအမျိုးမျိုးပေါ့လေ။
    ကိုယ်ယုံကြည်တာ အများကို မထိခိုက်ရင်တောပ ပိုကောင်းတာပေါ့။

    ReplyDelete
  6. သိတယ်..... ဒါကြောင့် ရုံးကနေတောင် စောစောပြန်လာပြီး ဘယ်မှ မထွက်တော့တာ။ :P

    ReplyDelete
  7. စိတ်အစွဲတွေကို အသိဥာဏ်က မဖယ်ခွာနိုင်ဘူးလားနော်။
    အခုလမ်းလေးဘာလေး ထွက်တာတောင် မီးခိုးတွေ ရှောင်သွားနေရတယ်၊

    ReplyDelete
  8. အမွှေးတိုင်ထွန်းတာတော့မပြောပါနဲ့။ ဟိုနေ့က ည(၁၁)လောက် တစ်ယောက်တည်းပြန်လာတာ အမွှေးတိုင်တွေက လမ်းပေါ်မှာ မငြိမ်းသေးလို့ ကြောက်တာနဲ့ တခြားကနေ ကွေ့ပတ်သွားလိုက်တာ(အဲ့နေရက မီးတွေကလည်း လင်းနေတော့) အသုဘလုပ်နေတဲ့အိမ်ရှေ့ကိုတန်းရောက်သွားတော့တာပဲ။ ခေါင်းနပန်းကြီးတယ်ဆိုတာ ပထမဆုံးကိုခံစားဖူးတော့တာပဲ..။

    ReplyDelete
  9. ဒီမှာတော့ အိမ်ထဲမှာ မရှိခိုးကြခိုးဘူးထင်တယ်.. မြန်မာပြည်မှာတုန်းက ကျွန်တော့်အိမ်မှာတော့ ရှိခိုးကြတယ်.. ကျွန်တော့်အိမ်က နယ်မြို့လေးတစ်မြို့မှာပါ.. ရန်ကုန်မှာလည်း မပြောတတ်ဘူး.. နောက်ပြီး.. ရွှေစက္ကူ၊ ငွေစက္ကူကို ဒီကလူတွေလောက်လည်း အများကြီး မရှို့ပါဘူး.. ထမင်းဝိုင်းပြင်ပြီးပြီဆိုရင် အကြွေစေ့ချတယ်.. “ပန်း”ကျရင်ထင်တယ် အိမ်ထဲ ရောက်ပြီလို့ ယူဆတယ်.. မရောက်သေးရင် ခဏစောင့်ပြီးမှ အကြွေစေ့ထပ်ချတယ်..

    ReplyDelete
  10. သယ်ရင်းရေ ငါလဲ အဲဒီ မီးခိုးတွေကြောင့် စိတ်ညစ်နေတာ။ ရှို့လိုက်တဲ့ စက္ကူတွေ...နည်းမှမနည်းပဲ။ အဲဒါတွေ အစား မ၇ှိတဲ့ သူတွေကို မျှဝေပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ စဉ်းစားနေတာ။ ဒါနဲ့ သူတို့ မီးရှိုတာ ပိုက်ဆံအတု တွေနော် ဒါဆိုတော့ ဝိဥာဉ် တွေ ပိုက်ဆံ အစစ်မရပဲ ပိုက်ဆံအတုတွေပဲ ရမှာပေါ့နော်..ငါတွေးမိတာပါ။
    အေးပေါ့လေ ပိုင်တဲ့လူတွေကတော့ တရုတ်မ ဖြစ်သလေး ဘာလေးညာလေး ကြွားနိုင်တာပေါ့
    ငါလဲ မင်းကို အားကျလို့ တရုတ်မလေးကို မြန်မြန်ကြိုးစားရင်ကောင်းမလားလို့ ..

    ReplyDelete
  11. စက္ကူမီးခိုးတွေကြားက တရုတ်မလေးတွေ ပေါင်တံလေးတွေများ ဖွေးလို့ ................ ဟိဟိ

    ReplyDelete
  12. ဆေးလိပ်နံ့နဲ့ မီးခိုးနံ့ရရင် အသက်ရှူမ၀တာတော့ အမှန်ပဲ အမွှေးတိုင်လည်း ထွန်းကြသေးတယ် မီးခိုးတွေတော့ နေရာတိုင်းမှာ အပြည့်ပဲ ဒီက လူတွေက ရန်ကုန်မှာ ကန်တော့တာတွေထက် ပိုဆိုးတယ် များများရှို့ရင် များများ လာဘ်ဝင်တယ် စီးပွါးတက်တယ် လို့ထင်မှာပေါ့

    ReplyDelete
  13. အခိုးအငွေ့တွေကြား ကြော်ငြာလေးလည်း ပါသေးတာကိုး..:P

    ReplyDelete
  14. စားရသောက်ရတာတော့ ကောင်းပါတယ်။ အဲဒါကတော့ တော်တော်လက်တွေ့ကျတယ်။ လူတွေ စားလို့ ကောင်းတာတွေချည်း မှာထားတာကိုး။ ရုံးမှာစားတာ ညစာတောင် လွတ်တယ်။

    ဒါနဲ့ တခုသိချင်မိတယ်။ အတုရှို့ရင် အတုပဲရောက်ပြီး အစစ် ရှို့မှ အစစ်ရောက်မယ် ဆိုရင်ရော သူတို့ ဒီလိုပဲ ရက်ရက်ရောရော ရှို့ကြမယ် ထင်လားဟင်။

    ReplyDelete
  15. ရုံးမှာ ခေါ်လို့ ဇူးလည်း မီးရှို့ပေးသေးတယ်... ဒါပေမယ့် ပဌာန်းပဲ ပါးစပ်က ရွတ်နေမိတယ်... ကြောက်လို့တော့် ဟုတ်ဘူး... ကျွတ်စေချင်လို့... သရဲဘဝဆိုတာ တကယ်တော့ သနားဖို့ သိပ်ကောင်းမှာ..နော

    ReplyDelete
  16. မီးတွေရှို့ နေတာကတော့ ပတ်ဝန်းကျင်ကို အတော်ထိခိုက်လို့ အတော်စိတ်ရှုတ်မိပါတယ်။ အသက်ရှုကလည်းကြပ်သေး။ညဆို အမှိုက်တွေ၊အမွှေးတိုင်မှိုက်တွေက ပွရှုတ်နေတာ အဲဒါတွေတက်နင်းမိရင် ရူးတတ်တယ်ဆိုလို့ သေချာကြည့်ပြီးကွေ့ ရှောင်ရသေးတာ။
    သူတို့ ဓလေ့ပေမဲ့ကိုယ့်မှာ ဒုက္ခ။

    ReplyDelete
  17. ပိုက်ဆံအစစ်တွေ မီးရှို့ပေးရင် ပိုအဆင်ပြေမယ်ထင်တာပဲ။ ဒါနဲ့ လေယာဉ်တွေ၊ လက်နက်တွေ၊ တင့်ကားတွေနဲ့တင် အာဏာရှင်မဖြစ်ဘူးခင်ဗျ။ ခိုင်းရာလုပ်မဲ့ ခေါင်းဗလာတွေလဲ လိုသေးတယ်။

    ReplyDelete
  18. ဆေးလိပ်နံ့  အမွှေးတိုင်နံ့ တွေကို မအယ်လည်း မခံနိုင်ဘူး။

    ဆေးကျောင်းမှာက တကျောင်းလုံးနီးပါး တရုတ်တွေပဲဆိုတော့ ဒီလိုပွဲတွေရှိရင် စားရသောက်ရတာ ရှယ်ပဲ။ အမ်ပေါင်းတောင် ရခဲ့ဘူးတယ်။

    စင်ကာပူမှာက တရုတ်ဖြစ်ကြောင်းဖုံးကွယ်စရာလည်းမလို ပွဲလုပ်ဖို့ ပိုက်ဆံလည်းရှိကြလို့ နေမယ် မွှန်ထူနေအောင် မီးရှို့ ကြ အမွှေးတိုင်ထွန်းကြတာနေမှာ။

    ကိုဂျူလှိုင် အသက်ရှူကြပ်အောင် ထွန်းကြတာတော့ ဆိုးလွန်းပါတယ်။

    မအယ်

    ReplyDelete
  19. That's why PSI level has been so high these days. We can estimate how many billions of sheets are burnt in Singapore. Terrible season...

    ReplyDelete
  20. စက္ကူမီးရှို့ တာနဲ့ ပက်သက်တဲ့ ယုံကြည်မှုအကြောင်းကို စလုံးရောက်ခါစက ရုံးက စလုံးမတစ်ယောက်နဲ့ ဆွေးနွေးဘူးတယ်ဗျ..

    သူ့အဖေအတွက် စက္ကူမီးရှို့ ရင် ကုသိုလ်ရတယ်လို့ လူကြီးတွေကပြောတော့ ရှို့ ရမယ့်တာဝန်က သူ့တာဝန်ဖြစ်လာပြီတဲ့လေ.. လုပ်ရင် ကုသိုလ်ရမရ မသေချာပေမယ့် မလုပ်ရင်တော့ မရဘူးဆိုတာ သေချာနေပါတယ်တဲ့ဗျာ။ ဒါကြောင့် ယုံကြည်တာ မယုံကြည်တာကိုနောက်ထားပြီး ရိုးရာတစ်ခုကို တာဝန်တစ်ခုအနေနဲ့ လုပ်ဆောင်ခြင်းသက်သက်ပါတဲ့။ ပြီးသွားတော့လည်း စိတ်ထဲ ပေါ့သွားသလို ခံစားရပါတယ်တဲ့ဗျာ။

    ဘာသာတရားတစ်ခုဟာ မယုံကြည်လို့ လုံးဝမလုပ်ရင်၊ နေနိုင်ရင်တော့ ကောင်းတယ်ဗျ.။ ဒါပေမယ့် လုပ်တဲ့လူတွေကိုလည်း အပြစ်တော့ သွားပြောလို့ မဆိုသာပြန်ဘူး။ သူက ယုံကြည်နေမှတော့ သွားပြောရင် ရန်ထဖြစ်ရုံကလွဲပြီး အကျိုးမရှိပါဘူးဗျာ။

    yu ya

    ReplyDelete
  21. ဟုတ်တော့လဲ ဟုတ်သလိုလို... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ..။ သေတဲ့သူ မရမရတော့ မသေချာဘူး လောလောဆယ်တော့ ရုံးတွေပိတ်တယ် ကျောင်းတွေ ပိတ်တယ်၊ အဲ.. လူကြီးမိဘတွေကတော့ ကုန်ပေါက်ပေါ့ဗျာ..။

    ReplyDelete
  22. ဒါတင်မကပါဘူး အမွှေးတိုင်ကလည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အငွေ့များစွာပါဝင်ကြောင်း သိရပါတယ်။ အမွှေးတိုင်ကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်စေချင်ပါတယ်။

    ReplyDelete
  23. ဖြစ်ရမယ်.. ဟိုတုန်းက မြ၀တီမှာလာတဲ့ ကွမ်ယင်မယ်တော်ကားထဲမှာတော့ ကွမ်ယင်မယ်တော် ငရဲပြည်သွားတော့ အပေါ်ကလူတွေမီးရှို့လိုက်တဲ့ဟာတွေက အောက်က ငရဲပြည်ကိုချက်ချင်းကြီးကို ရောက်ရောက်သွားတာလေ... ဟုတ်နေတာပဲ..

    ဒါနဲ့.... အာဏာရှိရင် ငွေမလိုတော့တာထက် ငွေက သူ့ဟာသူရောက်လာတာမဟုတ်ဘူးလား

    ReplyDelete
  24. ဟုတ်ပ ကိုဇူလိုင်ရေ...
    ညော်နံတွေ ညော်နံတွေဆိုတာလေ
    ပြောကိုမပြောချင်တော့တာ

    ReplyDelete
  25. မည်သို့ဆိုစေကာမူ..တစ္ဆေကြီးပွဲမှာ ရန်းဂန်းတို့တော့ အဟုတ်ဝါးတီးကြိတ်ခဲ့ရပါတယ်။ အရက်ကတော့ မသောက်တတ်လို့ ဘီယာကလဲ မတိုက်တာနဲ့ တံတွေးလေး မျိုချပြီး ရေပဲလှိမ့်သောက်ခဲ့ရပါတယ်။ တစ္ဆေတွေကို သိပ်မဆော်နဲ့။ တော်ကြာ ဂုတ်လာချိုးပေးနေဦးမယ်။ ကောင်းပါတယ်လေ။ ဇက်ကြောပြေတာပေါ့။ အဟီး

    ReplyDelete
  26. စလုံးရောက်ခါစက အမွှေးတိုင်နံ့တွေ စက္ကူမီးရှို့နံ့တွေ မွှန်လွန်းလို့ စိတ်ကိုညစ်ရော။ အသက်ရှုကျပ်လို့ အိမ်ရှေ့က နောက်ဖေးပြေးလည်း နောက်ဖေးပြူတင်းပေါက်က မီးခိုးလုံးတွေ လှိမ့်ဝင်လို့... ဘယ်သွားနေရမှန်းကိုမသိ.....

    ReplyDelete