Tuesday, September 1, 2009

Reflection in the mirror


မှန်တစ်ချပ်ရှေ့မှာ အချိန်အတော်ကြာကြာ ကြည့်ဖူးကြသလား... ဘာတွေ တွေ့မယ် ထင်သလဲ။ ဘာတွေကို ခံစား ဆင်ခြင် သုံးသပ်မိသလဲ။ ပြန်ရမယ့်အဖြေက မှန်ထဲမှာ ကိုယ့်ပုံ ကိုယ်ပြန်မြင်မှာပေါ့။ ကိုယ့်ရူပကာအပေါ် ဆင်ခြင်သုံးသပ်မိမှာပေါ့။ ၀မ်းနည်း ၀မ်းသာ ခံစားမိမှာပေါ့။ အဲဒါတွေပဲလား။

မှန်ရှေ့မှာ ပြုံးပြလိုက်ရင် မှန်ထဲမှာ အပြုံးပုံလေး မြင်နေရမယ်။ မှန်ရှေ့မှာ မဲ့ပြလိုက်ရင်တော့ မဲ့နေတဲ့ ပုံလေး ထွက်လာမယ်။ မှန်ရှေ့မှာ တည်တည်ကြီးနေရင် မှန်ထဲမှာလည်း တည်တည်ကြီးပဲ တွေ့ရမယ်။ မှန်ရှေ့မှာ မှုန်ကုပ်နေရင် မှန်ကလည်း မှုန်ကုပ်ကုပ်ပုံလေး ပြလိမ့်မယ်။ မှန်ရှေ့မှာ ကုန်းပြ ကွပြ ကားပြလည်း လုပ်သမျှ ပုံစံအတိုင်း မှန်က အချိန်နဲ့ တပြေးညီ လိုက်ပြနေလိမ့်မယ်။

ကျွန်တော်တို့ နေ့စဉ်လိုလို မှန်ကြည့်ကြပေမယ့် မှန်အကြောင်းကို ဟိုဟိုဒီဒီ တွေးမိခဲ့ကြရဲ့လား။ မှန်ဆိုတာ သက်မဲ့အရာဝတ္ထုတစ်ခုပါ။ နူးညံ့တဲ့ ၀ါဂွမ်းစလိုမျိုး မှန်တွေ မရှိပါဘူး။ မှန်ရဲ့မျက်နှာပြင်က မာကြောနေတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ကွဲလွယ်ရှလွယ်တဲ့ ပစ္စည်းတစ်ခုပေါ့။

မှန်တွေဟာ သစ္စာရှိပါတယ်။ မှန်တဲ့အတိုင်းပဲ ပြတယ်။ ပြုံးနေတာကို မဲ့နေတယ်လို့ မပြဘူး။ အိုမင်းနေတာကို နုပျိုတယ်လို့ မပြဘူး။ မဲတူးနေတာကို ဖြူဝင်းနေတယ်လို့ မပြဘူး။ လှတဲ့သူကို အကျည်းတန်သူလို့ မပြဘူး။ ပုံပြင်ဇာတ်လမ်းတွေမှာတောင် မှန်တွေ သစ္စာရှိတဲ့အကြောင်းကို ဖွဲ့နွဲ့ရေးသားကြတယ်။ စနိုးဝှိုက်ပုံပြင်ထဲက စုန်းမကြီးရဲ့ မှော်တန်ခိုးနဲ့ စီရင်ဖန်တီးထားတဲ့မှန်တောင် ကမ္ဘာပေါ်မှာ ဘယ်သူအလှဆုံးလဲ ဆိုတာကို မေးလိုက်တိုင်း အမြဲတမ်း အမှန်တရားကိုပဲ ပြလေ့ရှိတယ်။ ပိုင်ရှင်သခင်ဖြစ်တဲ့ စုန်းမကြီးရဲ့ အလိုကိုလိုက် အကြိုက်ဆောင်ပြီး မုသားမသုံးခဲ့ဘူးတာ ဖတ်ဖူးကြမယ် ထင်ပါတယ်။

မှန်တွေဟာ မှန်တွေရဲ့ သဘာဝအတိုင်းပဲ မှန်မှန်လေးနေလေ့ရှိပါတယ်။ ဒါပေမယ့် မှန်ကြည့်တဲ့လူတွေက အမှန်ကို မြင်ရတဲ့အခါမှာ တခါတလေ လက်မခံတတ်ကြပါဘူး။ လက်မခံဝံ့တာလည်း ဖြစ်နိုင်တယ်။ မှန်က အရှိကို အရှိတိုင်းပဲ ပြနေတယ်။ ဒါကြောင့် မှန်မှာ အပြစ်မရှိပါဘူး။ တချို့လူတွေကသာ မှန်က ပြတဲ့ပုံရိပ်ကို လက်မခံနိုင်ကြဘူး ဖြစ်နေတာ။ အဲဒါကိုက မှန်ရဲ့ ပြဿနာဖြစ်နေတယ်။

အပြစ်မရှိတဲ့ မှန်ကို ဒေါသစိတ်နဲ့ ထိုးခွဲပစ်ကြတယ်။ ချခွဲပစ်ကြတယ်။ ရိုက်ခွဲပစ်ကြတယ်။ အဲဒီအခါမှာ မှန်တွေ တစ်စစီ ကွဲသွားပါပြီ။ အစိတ်စိတ် အမွှာမွှာလည်း ဖြစ်နိုင်ပါတယ်။ မှန်ကွဲစမှာ အချွန်အတက်တွေလည်း ထွက်နေနိုင်တယ်။ အဲဒီလို ကွဲနေတဲ့ မှန်တွေထဲကို လှမ်းကြည့်လိုက်ရင် ဘာတွေ ပြနေမယ် ထင်သလဲ။ မှန်ကွဲတွေက အမှန်တွေပဲ ပြနေသေးတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံ လှလှပပတော့ မဟုတ်တော့ဘူးပေါ့။

လောကမှာ မှန်တွေရဲ့ တန်ဖိုးကို နားလည်ခံစားတတ်တဲ့လူတွေ ရှိသေးတာကိုက မှန်တွေအတွက် ဖြေသိမ့်စရာ ကျေနပ်စရာလေးပေါ့။ မှန်တွေအတွက် ကျွန်တော်လည်း မှန်တစ်ချပ်ကို တန်ဖိုးထားပါတယ်။

20 comments:

  1. မှန်ကဖြေတဲ့ အဖြေကို လက်ခံနိုင်ဖို့ ကြိုးစာရပါဦးမည်၊
    ကြိုးလည်းကြိုးစားလျှက်ပါ

    ReplyDelete
  2. ကိုဂျူလိုင်ရေ မှန်အကြောင်းလေဖတ်ရလို့ ကိုဇာနာ ထုတ်ခဲ့တဲ့ ပျက်လုံးလေးကို သွားသတိရလိုက်တယ် မှန်တိုင်းလည်းမကောင်းပါတဲ့ အမှန်တရားကို မုန်းတီးသူတွေအတွက် ကတော့ မှန်တွေကို အမြဲမုန်းတီးနေပါပဲဗျ .. ဒါပေမယ့် မှန်တွေကတော့ အမှန်တရားဘက်မှာ အမြဲရပ်တည်နေမှာပါဗျာ...

    ReplyDelete
  3. မိတ်ကပ်ဖို့ထားရင်တော့ မှန်လည်း မျက်စိလည်ပြီး လှတယ်လို့ ပြပါတယ်.. ကိုယ်တွေ့ .. =)

    မှန်တွေက အညာခံရလည်း အညာခံရတဲ့အတိုင်း ပြန်ပြတယ်.. သူများကို ပြန်မညာကြဘူး..

    (မှန်ကွဲစ စူးရင် နှုတ်ရခက်တယ်.. သတိထားပါ)

    ReplyDelete
  4. မှန်ကြည့်ပြီး အမှန်တွေ လက်ခံဖို့ ကြိုးစာနေသူးတယောက်ပါး)

    ReplyDelete
  5. အမှန်အတိုင်း အမှန်တွေကို လက်ခံ လိုက်နာဖို့ ကျင့်ယူရမယ်။ ကျေးဇူး ကိုဇူလိုင်ရေ....

    ReplyDelete
  6. "မနှင်းဖြူလေး အလှဆုံးပါ..."

းဝ)

    ReplyDelete
  7. မှန်တိုင်းက မလှဘူးဟ..
    ငါဆို.. တချို့မှန်တွေကြည့်ရင်မလှဘူးထင်လို့ တခြားမှန်ပြောင်းရင် လှလိုက်တာဟယ်...

    ဟီးးးး

    မှန်က မှန်သားတွေကြောင့် မှန်ဂုဏ် ပိုတက်တယ်။ မှန်မှာတောင်မှ မှန်သားကွာပါတယ်ဟာ...။

    ReplyDelete
  8. မှန်ကြည့်သူ၏ သံသယဆိုတဲ့ စာလေး တွေးမိတယ်

    ReplyDelete
  9. အစ်မ Suu ပြောတာ မှန်၏။
    မှန်သားကွာပါက output ရုပ်ထွက် တခုနှင့်တခု ကွာပါသည်။
    အိမ်နောက်ကမှန်ကိုကြည့်ရင် ဘယ်တော့မှ မလှလို့ အိမ်ရှေ့ကမှန်ပဲ အမြဲကြည့်ဖြစ်တယ်။
    ဘယ်မှန်က အမှန်မှန်းကို မသိတော့ဘူး။

    ReplyDelete
  10. အိမ်ရှေ့ကမှန်ကမှ အမှန်။

    (ပြန်လာပြောတာ)

    ReplyDelete
  11. မှန်တွေက မှန်ပါပေတယ်။
    လူမှန်နေရာမှန် ဆိုတဲ့စကားကို မြန်မာပြည်မှာတော့ ပြောလို့ရပါ့မလား ။
    မှန်တာပြောသစ္စာတဲ့
    မှန်လွန်းလို့ အဲဒီအရာဝတ္ထုကို မှန် လို့ နာမည်ပေးထားတာ နေမှာပေါ့။

    ReplyDelete
  12. ဆရာကြီး ဗန်းမော်တင်အောင် ပြောတဲ့စကားလေးထင်တယ်အစ်ကို
    သေသေချာချာတော့ မမှတ်မိတော့ဘူး တစ်ချိန်လုံးညာဘက်လို့ထင်နေတာဟာ တကယ်တော့ဘယ်ဘက်ဖြစ်နေတယ်ဆိုလားပဲ မှန်ထဲမှာလေ...

    ReplyDelete
  13. ကိုဂျူပြောမှပဲ သတိထားမိတော့တယ်ဗျာ ကျနော်က မှန်ဆို ခေါင်းဖီးဖို့လောက်ပဲ သဘောထားတာဗျ...။

    ReplyDelete
  14. ပို့စ်လေးက သိပ်မရှည်လှပေမဲ့
    အတွေးတွေ တသီတတန်းကြီးနဲ့ ကျန်ခဲ့ရတယ် မောင်လေးရေ

    မှန် ... ဟာ နူးညံ့မှူ မရှိတာတော့ အမှန်ပါပဲ
    မှန်ထဲ က အမှန် ကို အမှန် လို့ မမြင် နိုင်သူတွေ ရှိလို့ ဒီလောကြီးမှာ မလှပ မှုတွေ အကျည်းတန်မှု တွေ ရှိနေကြရတာ

    တဆက်ထဲမှာ ပဲ ငယ်ငယ် က ဖတ်ခဲ့ဖူးတဲ့
    မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ မျက်နှာသစ်ပါ မှန်ကြည့်ပါ ဆိုတဲ့ ၀တ္တုတိုလေး တပုဒ် ကို သတိပြန်ရလိုက်တယ်

    အပေါ်က ဓါတ်ပုံလေး က လဲ လှတယ်

    ReplyDelete
  15. မှန်တွေက သစ္စာရှိတယ်နော်
    မှန်ကြည့် ကြည့်နေကြတဲ့ လူတွေကရော

    ReplyDelete
  16. မှန်တွေဟာ မှန်တွေရဲ့ သဘာဝအတိုင်းပဲ မှန်မှန်လေးနေလေ့ရှိပါတယ်။ ...
    ဆိုတာလေးကိုသဘောအရမ်းကျပါတယ်..။
    ပုံလေးရိုက်ထားတာ စိတ်ကူးကောင်းလိုက်တာ...။

    ReplyDelete
  17. မှန်တွေက ပြောင်းပြန်တော့ပြတယ်နော်

    ReplyDelete
  18. စာလုံးတွေပြောင်းပြန်ပြတာတော့ ကောင်းဘူး
    ပြီးပြည့်စုံတဲ့အရာတော့ ဘယ်ရှိပါ့မလဲနော်

    ReplyDelete
  19. မကောင်းဘူးလို့ပြောတာပါ
    ဒီဆိုင်မှာ မြန်မာဖောင့်ကောင်းကောင်းမပေါ်လို့

    ReplyDelete