Thursday, March 18, 2010

Mother Poem


အမေ


ငါ နုပျိုလေ
အမေရုပ်ဆိုး၊ နံရိုးပြိုင်းပြိုင်း
နားထိုင်းထိုင်းနှင့်
ခါးကိုင်း ကုန်းကွ မှုန်သီဝေ။

ငါ ချမ်းသာလေ
အမေဆင်းရဲ၊ မြေခင်းထဲမှာ
အမြဲငုတ်တုတ်၊ လှုပ်တုတ် မီးခွက်
ဆေးဖွာလျက်။

အမေ
ဝေဿန္တရာ၊ ဖြူသဒ္ဓါနှင့်
မေတ္တာသီပြု၊ ကရုဏာပင်
လူ့ရွာခွင်၌ ကြင်နာသီးပွင့်
မျှော်လင့်မရှိ၊ မပြည့်အိုး ဖြည့်
ပြည့်အိုးလျှံစေ၊ သူ့စေတနာ
လွမ်းပြေပါသည်၊
နွေမှာစီးသော စမ်းသို့တည်း...။
~~~

မောင်သဲခေါင်

ကဗျာဆရာ မောင်သဲခေါင်က ဒီကဗျာလေးထဲမှာ သားသမီးနဲ့ပတ်သက်ပြီး အမေရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ခြယ်မှုန်းပြထားပါတယ်။ သားသမီးတွေ အဆင်ပြေနေရင် ကျေနပ်နေတတ်တဲ့ အမေ့ရဲ့ သဘာဝကို လှစ်ဟ ပြထားသေးတယ်။ သူကိုယ်တိုင် ဆင်းရဲမွဲတေနေပါစေ၊ နားထိုင်း ခါးကိုင်းကုန်းကွ အမြင်တွေ မှုန်ဝေနေပါစေ သားသမီးတွေ နုပျိုကျန်းမာနေရင် ပီတိတွေ ဝေနေတတ်တဲ့ အမေရဲ့ရုပ်သွင်ကို မြင်ယောင်စေပါတယ်။

အမေ့စေတနာတွေဟာ သားသမီးတွေအပေါ်မှာ ဝေဿန္တရာမင်းကြီးလိုပဲ သဒ္ဓါတရား ကြီးမားလွန်းလှတယ်။ သားသမီးတွေအတွက်ဆို အမြဲလိုလို သဒ္ဓါတရားတွေနဲ့ ပြည့်ဖြိုးနေပြီး ရက်ရောနိုင်တဲ့ ကရုဏာရှင်ဖြစ်တယ် ဆိုတာကို ဖွဲ့ဆိုပြထားသလို အမေ့စေတနာ၊ အမေ့မေတ္တာတွေဟာ နွေနေပူမှာ စီးဆင်းနေတဲ့ စမ်းချောင်းပမာ တသွင်သွင် ရှိနေတယ် ဆိုတာတွေ ဖွဲ့နွဲ့သီကုံးထားတာကို နှစ်ခြိုက်သဘောကျလို့ ကူးယူဖော်ပြလိုက်ပါတယ်။

6 comments:

  1. သားတွေအချစ်ဆုံးကတော့ အမေတွေပါဘဲ။

    ကိုခိုင်

    ReplyDelete
  2. အမေကဗျာအားလုံး ကိုသဘောကျပါတယ်။
    အမေ့ကိုသတိရ သွားတယ်။

    ReplyDelete
  3. ကျေးဇူးဆပ်တဲ့ကဗျာလဲရှာပါဦး..

    ReplyDelete
  4. “သူကိုယ်တိုင် ဆင်းရဲမွဲတေနေပါစေ၊ နားထိုင်း ခါးကိုင်းကုန်းကွ အမြင်တွေ မှုန်ဝေနေပါစေ သားသမီးတွေ နုပျိုကျန်းမာနေရင် ပီတိတွေ ဝေနေတတ်တဲ့ အမေ”
    ဟုတ်တယ် ကိုဂျူလိုင် .. အမေ တိုင်း ဒီလိုပါဘဲ .. မိဘ တွေ အသက်ကြီး သွားရင် သားသ္မီးတွေ ကလည်း ဒီလို ပြန်ပြီး ရှိနေပြန်ရော ..

    ReplyDelete
  5. စိတ်ထဲမှာ..

    တောင်ပေါ်သား ရယ်
    လင်းဒီပ ရယ်
    ကိုဂျူလိုင် ရယ်ကို

    ညီအကိုအရင်းတွေလို့ မြင်လိုက်မိတယ်...

းဝ)

    ReplyDelete
  6. ကဗျာကောင်းလေး ပြန်တင်ပေးတာ ကျေးဇူး.. :)

    ReplyDelete