Wednesday, July 7, 2010

July 7 2010

ဇူလိုင်အိပ်မက်ဘလော့ သက်တမ်း ၃ နှစ်ပြည့်ပါပြီ။ အရည်မရ အဖတ်မရတွေ များပါတယ်။ ဘလော့ဖတ်ရင် အရည်လည်း မရပါဘူး။ အဖတ်လည်း မရပါဘူး။ သေချာတာက အများကြီးဖတ်မိရင် မျက်စိညောင်းတာပဲ ရှိပါမယ်။ မျက်စိညောင်းလို့ မျက်ရည်ထွက်လာရင် အရည်တော့ရပါတယ်။ မျက်ချေးတွေပါ ကော်နိုင်ရင်တော့ အဖတ်ရပါတယ်။ ဒါပေမယ့် ဘလော့ဖတ်တာက တချို့လူတွေအတွက် အပျင်းပြေစေတယ်လို့ ပြောနိုင်ပါမယ်။ ဗဟုသုတ ရစေတဲ့ ဘလော့တွေ ရှိပါတယ်။ အတွေးအမြင်တွေ ပြောင်းသွားစေနိုင်တာတွေလည်း ရှိပါတယ်။ အသေအချာ ဝေဖန်ပိုင်းခြားပြတဲ့ စာတွေရှိတဲ့ ဘလော့တွေလည်း ရှိပါတယ်။ ဒါကြောင့် ယူသော် ရ၏... လို့ ပြောချင်ပါတယ်။

ကျွန်တော့်ဘလော့ကတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပါ။ တချို့က ရေးအားတွေ ကျသွားတယ်လို့ ပြောကြပါတယ်။ အရင်လိုမျိုး ရေးချင်စိတ်တွေ ပျောက်နေတာက အမှန်ပါပဲ။ မငြင်းပါဘူး။ အရင်ကတော့ အားယားနေတယ်။ ဒါကြောင့် အလုပ်မရှိ ကြောင်ရေချိုး ဆိုသလိုမျိုး ဟိုတွေး ဒီရေး လုပ်ဖြစ်တယ်။ အခုများမှာတော့ အချိန်ဆိုတာ ရှိပေမယ့် အလုပ်ဆိုတာက အချိန်ထက် နှစ်ဆနီးပါး ပိုများနေတယ်။ ရေးချင်တာတွေ ရှိရင်တောင် အလုပ်တွေ ကျန်သေးတယ် ဆိုပြီး အလုပ်ဘက်ကို ရောက်ရောက်သွားတယ်။

ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ပို့စ်တွေထဲက သွေးနဲ့ပါတ်သက်တဲ့ ပို့စ်တွေနဲ့ ဘရာဇီယာ ဝတ်ပြီး အိပ်သင့် မအိပ်သင့်ပို့စ်ကိုတော့ ရွှေပြည်ကြီးက အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြခံရတယ်။ အဲဒီအတွက် စာမူခလည်း ရတယ်။ ဒါပေမယ့် စာရေးဆရာ ဖြစ်ပြီလို့တော့ မဆိုဝံ့ပါ။ ရန်ကုန်က အိမ်မှာတော့ ဂျာနယ်တွေ ဝယ်သိမ်းထားပါတယ်။ အမျိုးအဆွေတွေကို ပြဖို့တော့ ဟုတ်ဟန် မတူပါဘူး။ သေချာတာကတော့ အခုချိန်ဆို ဂျာနယ်တွေ ဖုန်တက်နေပါပြီ။

ဘလော့မှာ သွေးနဲ့ပါတ်သက်တဲ့ လူမှုရေးအလုပ်တွေကို အများဆုံး တင်ဖြစ်တယ်။ ကိုယ်ရေးကိုယ်တာတွေကို ရေးသင့်သလောက် ချရေးထားတယ်။ တချို့ကို ဒဲ့ဒိုးရေးတယ်။ တချို့ကို သွယ်ဝှိုက်ပြီးရေးတယ်။ တချို့ကို ဓါတ်ပုံအနေနဲ့ပဲ တင်ထားလိုက်တယ်။ တချိန်ချိန်မှာ ပြန်ဖတ်လို့ ရနိုင်အောင်ပေါ့။ ဖြစ်ခဲ့သမျှကို ပြန်မှတ်မိတဲ့ ဥာဏ်မျိုး မရှိတော့လည်း အခုလိုပဲ ရေးမှတ်ထားရတယ်။ တချို့တွေများတော့ ငယ်ဘဝမှာ ဖြစ်ခဲ့သမျှကို ခရေစေ့တွင်းကျ အကုန်ပြန်မှတ်မိတယ်။ အားကျမိတာ အမှန်ပါပဲ။

မွေးနေ့မှာ ဘလော့ စလုပ်ခဲ့တယ် ဆိုတော့ ဘလော့သက်တမ်း ၃ နှစ်ပြည့်တာဟာ အသက် ၃ နှစ်ပြည့်ပြီလို့ မဆိုလိုပါဘူး။ ထိပ်စီးပြောင်းမယ့် နှစ်လို့တော့ ပြောလို့ရတယ်။ ၂ ကနေ ၃ ကို ပြောင်းခါနီးပြီ။ ဒီနှစ် မွေးနေ့မှာ ဘာလုပ်ဖြစ်သလဲ မေးရင် ရုံးသွားပါတယ်။ အလုပ် လုပ်ပါတယ်။ အိမ်ကို ဖုန်းဆက်ပါတယ်။ ချစ်ချစ်နဲ့ အတူတူ ညစာ သွားစားပါတယ်။ စားရကံ မကြုံတဲ့သူတွေ ငတ်ရှာပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ မွေးနေ့ဆုတောင်းတွေကို ကျေးဇူးတင်ကြောင်း ပြန်ဖြေပါတယ်။ ဒီညမှာတော့ ဂျာမဏီနဲ့ စပိန် ကန်မယ့် ဘောပွဲကို ကြည့်ချင်ပါတယ်။ ကမ္ဘာဖလားဆိုတာ ကိုယ်နဲ့ လုံးဝ မဆိုင်သလို ဖြစ်နေပြီ။

ဒီတစ်ပုဒ်လည်း အရည်မရ အဖတ်မရပါ။ ဘာရေးရမှန်း မသိလို့ တောင်စဉ်ရေမရ ရေးလိုက်မိတယ်။ ကျွန်တော် အတော့်ကို ညံ့ပါတယ်။ ကြိုးစားပါအုံးမယ်။

14 comments:

  1. It's not a year older, but a year better...
    Happy Birthday...!!!

    ReplyDelete
  2. ၃ နှစ်မှသည် နောင် နှစ်ပေါင်းများစွာ တိုင်ပါစေ
    ကိုဂျူလိုင်ရေ။

    ReplyDelete
  3. ဘာလိုလိုနဲ့ သုံးနှစ်ပြည့်သွားပြီနော်။
    နောက်နှစ်ပေါင်းများစွာ အထိ ဆက်လက်
    ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
    ဇူလိုင်ဒရင်း သုံးနှစ်သားလေးပေါ့ဗျာ

    ReplyDelete
  4. ဘလောဂ့် သက်တမ်း ၃ နှစ်ကနေ နှစ် ၃၀ ကြာနိုင်ပါစေဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  5. လူအတွက်ဆုတောင်းပြီးတော့ ဘလော့ဂ်အတွက်လာဆုတောင်းပေးသွားတယ်။ ဟက်ပီဘက်ဒေးပါဗျာ။ ဒီလိုပါပဲ တချို့ဆို မိန်းမရပြီးတာနဲ့ တဖြည်းဖြည်း ဘလော့ဂ်ပါ ပိတ်သွားကြတာပဲ။ အားတဲ့အချိန်ရေးပေါ့ဗျာ။

    ReplyDelete
  6. ဘလောဂ့် သက်တမ်းနဲ့ အတူ လူလည်း အဓွန့်ရှည်ပါ စေဗျာ ... ဆုတောင်းရင်း ...

    ReplyDelete
  7. happy birthday July blog..

    thit thit

    ReplyDelete
  8. Happy birthday July Dream! ဘလော့ဂ်ကို ဆုတောင်းတာနော့်။ လူအတွက်တော့ Facebook မှာ ဆုတောင်းပြီးပြီ။ လူမွေးနေ့မှန်းတော့ သိတယ် ဒါပေမမဲ့ ဘလော့ဂ်မွေးနေ့ဆိုတာ တကယ်ကို မေ့နေလို့ အခုမှဆုတောင်းဖြစ်တာ ဆောရီးပဲနော့်။

    ReplyDelete
  9. မွေးနေ့ရှင် blog လေးရော blgger လေးပါ ပျော်ရွှင်ပါစေ.....

    ReplyDelete
  10. နေ့ထူးနေ့မြတ်ကြီးနဲ့ တိုက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ်အတွက် နောင်လည်း နေ့ထူးနေ့မြတ်တွေကို ဖြတ်သန်းနိုင်ပါစေလို့..ပဲ ..

    ReplyDelete
  11. ကိုဂျူလိုင်ရေ မွေးနေ့ မှာ ပျော်ရွှင်ပါစေ။

    ကိုဂျူလိုင်ရဲ့ဘလော့ကို အမြဲလာဖတ်ပါတယ်။ တကယ်အကျိုးရှိပါတယ်။ အထူးသဖြင့် သွေးလှူတာနဲ့ ပါတ်သတ်ပြီး ဖတ်ရရင်းနဲ့ သဇင်ကိုယ်တိုင် သွေးလှူဖြစ်ခဲ့ပါတယ်။

    သာယာပျော်ရွှင်ပါစေ။

    ReplyDelete
  12. အရည်မရ အဖတ်မရ တွေက တစ်ခါတစ်လေမှာ တော်တော်ဖတ်လို့ကောင်းတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  13. အရည်မရ အဖတ်မရ ကြီးကို
    အဲ အဲ ... စာလေး ဖတ်ပြီး ၃ နှစ်လောက် လုပ်ခဲ့ တဲ့ အားကို လည်း ချီးမွမ်းလျက် ...
    မွေးနေ့ လေး အတွက်လည်း စိတ်ထဲ က ကြိတ် ဆုတောင်းပေး သွားပါတယ် ...

    ReplyDelete