Monday, July 3, 2017

Eight Thousand Kyats

စင်္ကာပူမှာ အလုပ် လုပ်နေတာ ၁၀ နှစ်ကျော်သွားပြီ။ မြန်မာကားတွေ ကြည့်တဲ့သူတချို့ကတော့ ဒီကောင် သူဌေးဖြစ်နေပြီလို့ ထင်ကြမှာပဲ။ ကျားကြီးရင် ခြေရာကြီးသလို ကုန်ကျစရိတ်တွေ မသေးလှတဲ့ စင်္ကာပူအကြောင်း ကြုံဖူးရင် သိကြမှာပါလေ။ ပြောချင်တာက အဲဒီအကြောင်း မဟုတ်ဘူး။ ကိုယ့်ဘဝမှာ အလုပ် စ တုန်းက ရတဲ့ လခအကြောင်းကို အဓိက ပြန်ပြောင်းတွေးမိလို့ပါ။

ကွန်ပျူတာသင်တန်း ပထမနှစ် ပြီးတော့ သင်တန်းကျောင်းမှာပဲ project supervisor အနေနဲ့ အလုပ် ပြန်လုပ်ဖြစ်တယ်။ အလုပ် လုပ်မယ်လို့ စိတ်ကူးပြီး လုပ်တာ မဟုတ်ကြောင်းတော့ ဝန်ခံပါတယ်။ အင်တာဗျူး အတွေ့အကြုံရအောင် လက်တည့်စမ်းတာက အဓိကပါပဲ။ အလုပ်ခန့်တော့လည်း လူငယ်သဘာဝ လုပ်ကြည့်လိုက်တယ်။ 

အဲဒီအချိန်တုန်းက လခက မြန်မာငွေ ရှစ်ထောင်ကျပ်တိတိပါ။ ကိုယ့်ထမင်း ကိုယ်စားပြီး အလုပ်ချိန် ၁၀ နာရီကျော် လုပ်ရတဲ့ သဘောပါပဲ။ ကားခနဲ့ ထမင်းဖိုး နှုတ်လိုက်ရင်တောင် လက်ထဲမှာ ငွေကျန်တာမှ မဟုတ်တာ။ ဒါပေမယ့် အတွေ့အကြုံရအောင် လုပ်ခဲ့တယ်။ အလုပ်ကို အလုပ်မှန်း သိအောင် လုပ်ခဲ့တယ်။ ဒုတိယနှစ်ကို ဆက်တက်ရင်း တဖက်က အလုပ် လုပ်ရင်းနဲ့ပေါ့။

အဲဒီတုန်းက ရှစ်ထောင်ကျပ် လခစားဆိုတာ အပြင်မှာ ကျပန်းလုပ်တဲ့လူလောက် ဝင်ငွေ မကောင်းတာ အမှန်ပဲ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်၊ နိုင်ငံခြားက ဒီပလိုမာသင်တန်း ပထမနှစ်ကို ငွေကုန်ခံတက်... စာတွေ ကျက်မှတ်လေ့လာပြီး အောင်ထားတဲ့သူက ၁ လကို လခ ရှစ်ထောင်ကျပ်ပဲ ရတဲ့အချိန်မှာ လက်လုပ်လက်စားသမားက ၁ လကို ၁ သောင်းကျော် ၂ သောင်းကျော် ရှာနိုင်ပါတယ်။

အဲဒီ ရှစ်ထောင်စားဘဝနဲ့ စခဲ့ရတဲ့ ဝန်ထမ်းဘဝကနေ အခုချိန် ဒီလိုနေရာကို ရောက်ခဲ့ဖို့အထိ ရသအစုံခံစားပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။ အလုပ်တိုင်းမှာ လေ့လာ သင်ယူ ဆည်းပူး သည်းခံ ကြိုးစားခဲ့ရတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရှစ်ထောင်စား ဘဝလေးကို သတိရမိလို့ပါ။

No comments:

Post a Comment