မြန်မာပြည်ကနေ တက်လာတဲ့ သတင်းတွေက တနေ့တမျိုး မရိုးရဘူး။
စိတ်ဝင်စားစရာတွေ ရှိသလို အချိန်မရလို့ ဘာသိဘာသာ ပစ်ထားလိုက်တာတွေလည်း
ရှိတယ်။ အချိန်လည်း ရတယ် စိတ်ဝင်စားစရာလည်း ဖြစ်နေရင် အဲဒီအကြောင်းအရာနဲ့
ဆက်နွယ်ပြီး တနွယ်ငင် တစင်ပါ တခြားအကြောင်းအရာတွေကို လိုက်ဖတ်ဖြစ်တယ်။
ပြီးခဲ့တဲ့ ရှေ့လတုန်းကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ စာတွေ ဖတ်ဖြစ်တယ်။
အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာတွေကို အဓိကထား ဖတ်ဖြစ်တယ်။ အခု
လောလောဆယ်တော့ စင်္ကာပူနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့
စင်္ကာပူတပ်မတော်အကြောင်းကို အင်တာနက်ကနေ ရှာဖွေ ဖတ်ဖြစ်ခဲ့တယ်။
စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာနမှာ ရာထူးအကြီးဆုံး တာဝန်ရှိသူကတော့
ကာကွယ်ရေးဝန်ကြီးပါ။ ကာကွယ်ရေးဝန်ကြီးဟာ အရပ်သား နိုင်ငံရေးသမားလည်း
ဖြစ်နိုင်သလို စစ်ရေးအတွေ့အကြုံ ရှိသူ တပ်မတော်ကလည်း ဖြစ်နိုင်ပါတယ်။
ကာကွယ်ရေးဝန်ကြီးကို ရွေးကောက်ခံ အစိုးရက အမည်တင်သွင်းပြီး ခန့်အပ်တာပါ။
ကာကွယ်ရေးဝန်ကြီးရဲ့ အောက်မှာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ရှိပါတယ်။
ဒုတိယဝန်ကြီး အောက်မှာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးလို့ပဲ
ခေါ်ဝေါ်သုံးနှုန်းရမယ့် တိုင်းနဲ့ပြည်နယ် ကာကွယ်ရေးဝန်ကြီးဆိုတာ ရှိပါတယ်။
ဖွဲ့စည်းပုံအရ ဝန်ကြီးတွေ ပြီးရင်တော့ ဌာနရဲ့ အမြဲတမ်းအတွင်းဝန်၊
စင်္ကာပူတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ထောက်လှမ်းရေး
ညွှန်ကြားရေးမှုးတို့ ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အောက်မှာ
ကြည်းတပ်၊ ရေတပ်၊ လေတပ်ဦးစီးချုပ်တွေ ရှိတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ရယ် ကာကွယ်ရေးဦးစီးချုပ်ရယ်
ထောက်လှမ်းရေးက ညွှန်ကြားရေးမှုးရယ် အချင်းချင်း တိုင်ပင် ညှိနှိုင်းပြီး
ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြပြီး အထက်က
ဝန်ကြီးများကို သတင်းပို့ အစီရင်ခံရပါတယ်။
စင်္ကာပူတပ်မတော်မှာ
ကာကွယ်ရေးဦးစီးချုပ်ရဲ့ သက်တမ်းကတော့ ၃ နှစ်နဲ့ ၄ နှစ်ကြား ဖြစ်တာကို
တွေ့ရတယ်။ ၁၉၉၅ ကနေ ၂၀၀၀ အထိ ၅ နှစ် တာဝန်ယူသွားတဲ့ တယောက်က လွဲရင်ပေါ့။
ကာကွယ်ရေးဦးစီးချုပ်တွေ တပ်ကနေ အငြိမ်းစားယူပြီးရင်တော့
လွှတ်တော်နိုင်ငံရေး၊ အစိုးရအဖွဲ့ထဲ ရောက်လာတာတွေ ရှိသလို
အပြင်စီးပွါးရေးလုပ်ငန်းကြီးတွေရဲ့ ရာထူးအမြင့်ပိုင်းတွေမှာ ဝင်ရောက်
လုပ်ကိုင်တာတွေလည်း ရှိတယ်။ တချို့တွေက ဝန်ကြီးတွေ ဖြစ်လာတယ်။ တချို့တွေက
အမြဲတမ်းအတွင်းဝန် ဖြစ်လာတယ်။ တချို့က သံအမတ် ဖြစ်လာတယ်။
ကာကွယ်ရေးဝန်ကြီးတွေထဲမှာလည်း ၁၉၈၂-၁၉၉၀ မှာ တာဝန်ယူခဲ့တဲ့ Goh Chok Tong
ဆိုရင် နောက်ပိုင်းမှာ စင်္ကာပူရဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့သလို ၁၉၉၅-၂၀၀၃ မှာ
တာဝန်ယူခဲ့တဲ့ Tony Tan ဟာ စင်္ကာပူရဲ့ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။
၂၀၀၃-၂၀၁၁ မှာ တာဝန်ယူခဲ့တဲ့ Teo Chee Hean ဟာ စင်္ကာပူရဲ့
ဒုတိယဝန်ကြီးချုပ် ဖြစ်နေပါပြီ။
လက်ရှိ စင်္ကာပူရဲ့ ကာကွယ်ရေးဝန်ကြီး
Ng Eng Hen ကတော့ ဆရာဝန်ဘွဲ့ရ အရပ်သား နိုင်ငံရေးသမားပါ။ နိုင်ငံရေးထဲ
မဝင်ခင်မှာ အစာအိမ်နဲ့အူလမ်းကြောင်း အထူးကု ဆရာဝန် အဖြစ် ၂၀၀၁ အထိ
လုပ်ခဲ့ပါတယ်။ ၂၀၁၁ မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရပြီး
အခုချိန်အထိ တာဝန်ထမ်းဆောင်နေဆဲပါ။
ဘာရယ်တော့ မဟုတ်ဘူး။ ဟိုဟိုဒီဒီ ဖတ်မိတာတွေကို ဗဟုသုတရစေဖို့ ပြန်လည် ဝေမျှတာပါ။
No comments:
Post a Comment