Saturday, November 15, 2008

Floating paradise

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်မှာ ကျွန်တော် ဗဟုသုတ သိပ်မရှိခဲ့ပါဘူး။ စိတ်ဝင်စားပေမယ့် အဲဒီနယ်ကို ကျွန်တော် မရောက်ခဲ့ပါဘူး။ အရာရာ အားလုံးကို လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန် ကန့်သတ်ချက်၊ ငွေကြေး ကန့်သတ်ချက်၊ နည်းပညာ ကန့်သတ်ချက်၊ အသိပညာ ကန့်သတ်ချက် စတဲ့ ကန့်သတ်ချက်ပေါင်း များစွာရဲ့ ဖိနှိပ်ချက်အောက်မှာ ကျွန်တော့်ဘ၀လေး ပိပြားနေခဲ့တယ်။ စိတ်ကူးတွေ ငြိမ်ဝပ်နေခဲ့ရတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သတ်ပြီး ကျွန်တော့်အနေနဲ့ ဖော့ခွက်တွေ၊ ကျွပ်ကျွပ်အိတ်တွေ လျှော့သုံးတာတွေ၊ အမှိုက်ကောက်တာ၊ အမှိုက်မပစ်တာ၊ သစ်ပင်စိုက်တာတွေတော့ နိုင်သလောက်လေး လုပ်ဖြစ်ပါတယ်။ ပတ်ဝန်းကျင် မညစ်ညမ်းရအောင် ကွမ်းလည်း မစားဘူး။ လေထု မညစ်ညမ်းရအောင် ဆေးလိပ်လည်း မသောက်ဘူး။ တကယ်ကတော့ ဆေးလိပ်မီးခိုးနဲ့ ကွမ်းအနံ့ကို မကြိုက်လို့ကို မသုံးစွဲတာပါ။ ဒါလေးတွေက သေးသေးမွှားမွှားလေး လုပ်ရတာဖြစ်ပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ နှမ်းတစ်စေ့ သဲတစ်ပွင့်လောက်တော့ အထောက်အကူ ဖြစ်လောက်ပါတယ်လို့ ဖြေတွေးလိုက်မယ်။ အနည်းဆုံးတော့ စိတ်ချမ်းသာတာပေါ့ဗျာ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့တဲ့ လူတစ်ယောက် ရှိပါတယ်။ အင်္ဂလိပ်လူမျိုး ရစ်ချက်ပါ။ သူ့ကို ရီချီလို့လည်း ခေါ်ကြတယ်။ သူရဲ့ လုပ်ဆောင်ချက်က အံ့မခန်းပါပဲ။ စွန့်ပစ်ပစ္စည်း ပလပ်စတစ် ပုလင်းခွံ ဘူးခွံတွေနဲ့ ရေပေါ်ကျွန်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ မက္ကစီကိုနိုင်ငံ ကရစ်ဘီယံ ကမ်းရိုးတန်းအနားမှာရှိတဲ့ ပင်လယ်ထဲက ရေအိုင်တစ်ခုမှာပါ။ သူ့ရဲ ဖန်တီးမှုက အားကျဂုဏ်ယူစရာပါပဲ။
Spiral Island 1ကို ၁၉၉၈ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာပါ။ ငါးဖမ်းပိုက်ကွန်ထဲမှာ ပလပ်စတစ် ဘူးခွံအလွတ်တွေကို ဖြည့်ထည့်ပါတယ်။ ၀ါးတွေ၊ ပျဉ်ပြားတွေနဲ့လုပ်ထားတဲ့ ဘောင်တွေအောက်မှာ အဲဒီ ဘူးခွံတွေပါတဲ့ ပိုက်ကွန်တွေကို ထားပါတယ်။ အဲဒီ ၀ါးဘောင်တွေအပေါ်မှာ သဲတွေ မြေကြီးတွေကို ဖြည့်ပြီး ရေပေါ်ကျွန်းလေးတစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ကျွန်းလေးမှာ သစ်ပင်တွေတောင် စိုက်ပြခဲ့ပါသေးတယ်။ စိုက်ထားတဲ့ အပင်တွေကလည်း အမျိုးစုံပါပဲ။ သံပုရာပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေအပြင် လမုပင်တွေတောင် ပါသေးတယ်။ လမုပင်တွေ စိုက်ထားတော့ ကျွန်းလေးကို အေးမြစေပါတယ်။ တချို့အပင်တွေက ၁၅ ပေ အမြင့်ထိတောင် ရှိခဲ့ပါတယ်။

အဲဒီကျွန်းလေးမှာ နှစ်ထပ်အိမ်တစ်လုံး၊ နေရောင်ခြည်သုံးစနစ်တွေ၊ အိမ်သာနဲ့ ကမ်းခြေ ၃ ခုရှိပါတယ်။ ကျွန်းလေးရဲ့ အကျယ်အ၀န်းက အလျား ၆၆ ပေ အနံ ၅၅ ပေ ရှိပါတယ်။ အဲဒီကျွန်းလေး ရဖို့အတွက် ပုလင်းခွံ ဘူးခွံပေါင်း ၂ သိန်းခွဲကို သုံးစွဲခဲ့ရပါတယ်။ အဲဒီဘူးခွံတွေကို သူကိုယ်တိုင် ၂ နှစ်ခွဲခန့် စုဆောင်းခဲ့ပါတယ်။ ကမ်းခြေမှာ တွေ့ရတဲ့ ဘူးခွံပုလင်းခွံတွေကို လိုက်ကောက်ပါတယ်။ ဟိုတယ်တွေ စားသောက်ဆိုင်တွေ လူနေအိမ်တွေမှာ ဘူးခွံအဟောင်းတွေကို လိုက်လံတောင်းခံ စုဆောင်းပါတယ်။ အဲဒီကျွန်းပေါ်မှာ နေထိုင်တာ ရစ်ချက် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်းပေါ်မှာ သူနဲ့အတူ ကြောင်နှစ်ကောင်၊ ခွေးတစ်ကောင်၊ ကြက်နှစ်ကောင်နဲ့ ဘဲတစ်ကောင် နေထိုင်ကြပါတယ်။ သောက်ရေအတွက် မိုးရေတွေကို ခံထားပါတယ်။ မက္ကစီကိုအစိုးရက အဲဒီလူလုပ် ရေပေါ်ကျွန်းကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။
အဲဒီကျွန်းကလေးဟာ ၂၀၀၅ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ Hurricane Emilyရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်းလေးဟာ ပင်လယ်အောက်ကို နှစ်မြှုပ်ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ အနားက ပင်လယ်ကမ်းခြေပေါ်ကို ပုံစုံမပျက်လေး လာတင်နေရှာပါတယ်။ ပုလင်းခွံ ဘူးခွံအချို့လည်း ကမ်းခြေမှာ တင်နေတာပေါ့။ ကျွန်းပေါ်က ၇ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ လမုပင်တွေလည်း ကျွန်းအောက်ခံ ပိုက်ကွန်တွေနဲ့ လုံးထွေးရစ်ပတ်နေရှာပါတယ်။ ကျွန်းပေါ်က မြေကြီးတွေ သဲတွေတော့ မရှိတော့ဘူးပေါ့။

၂၀၀၇ နှောင်းပိုင်းမှာ ရစ်ချက်တစ်ယောက် အဲဒီလိုကျွန်းလေးတစ်ခုကို ထပ်မံ တည်ဆောက်ခဲ့ပါတယ်။ Spiral Island 2 စတင် တည်ဆောက်ကတည်းက အပင်တွေကို တပါတည်း ထည့်သွင်းစိုက်ပျိုးထားပါတယ်။ အဲဒီကျွန်းပေါ်မှာ အိမ်တစ်လုံး၊ ရေကူးကန် နှစ်ကန်၊ နေရောင်ခြည် စွမ်းအင်ထုတ်စနစ်တွေ ရှိပါတယ်။ ဒီတစ်ခါတော့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် အဓိကထား ဖန်တီးနေကြပါတယ်။ ကျွန်းအသစ်လေးဟာ အချင်း ပေ ၆၀ ရှိနေပါပြီ။ ပုလင်းခွံပေါင်း တစ်သိန်းကျော်ကို သုံးစွဲပြီးခဲ့ပါပြီ။ အချိန်နဲ့အမျှ ကျွန်းကို ချဲ့ထွင် တည်ဆောက်နေပါတယ်။ Spiral Island 2ကို ၂၀၀၈ သြဂုတ်လပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လည်ပတ်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

တကယ်ဆို ရစ်ချက်ဟာ ဘယ်သူမှ မတွေးထားတဲ့ စိတ်ကူးတစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့သူပါ။ သူဟာ ဂီတပညာရှင်၊ အနုပညာရှင် တစ်ဦးဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးအဖြစ်လည်း ကျော်ကြား ထင်ရှားခဲ့ပါပြီ။ ကမ္ဘာမြေပေါ်မှာ ဒီအတိုင်း သမားရိုးကျ နေရတာ ပျင်းလာရင်တော့ သူ့လိုမျိုး ထူးထူးဆန်းဆန်းတွေ ထွင်ပြီး နေထိုင်ကြည့်ရင် ကောင်းမယ်လို့ ထင်တယ်ဗျာ။

17 comments:

  1. ရှာရှာဖွေဖွေကို တင်ပြထားတာပဲ။ ဒီလိုမျိုးတွေ သိခွင့်ရတာ အင်မတန် အကျိုးရှိပါတယ်။ စွန့်ပစ်ပစ္စည်းကို အလကားမဖြစ်အောင် သုံးနိုင်တဲ့ ကိစ္စမှန်သမျှ စိတ်ဝင်စားတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အဟောင်းဝယ်တဲ့ဆိုင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို သွယ်ဝိုက်သောနည်းနဲ့ ထိန်းသိမ်းနေသလိုပဲ။ အလုပ်တော့ ဖြစ်တယ်ဗျ။

    ReplyDelete
  2. စိတ်ဝင်စားဖို့ကောင်းလိုက်တာ
    ဖော်ပြပေးတာကျေးဇူး။

    ReplyDelete
  3. လေထု မညစ်ညမ်းရအောင် ဆေးလိပ်လည်း မသောက်၊အီးလည်းမပေါက်သင့်ပါ။

    ReplyDelete
  4. ဗဟုသုတအတွက် ကျေးဇူးပါ။ စိတ်ကူးကောင်းတယ် ပြောရမယ်။ စွန့်ပြစ်ပစ္စည်းကို ပြန်သုံးတာ ပိုကောင်းတယ်။ ကျွန်တော်ဆိုရင်တော့ မနေရဲလောက်ဘူး။ ပင်လယ်ကို လန့်လိုပါ။

    သုခမိန်(E-Journal)

    ReplyDelete
  5. အရင်က ကြားဘူးထားပါတယ်။ ခုထိစဉ်းစားလို့မရတာက ဒါတွေအချိန်ပေးလုပ်ဖို့ ပိုက်ပိုက်ဘယ်ကရသလဲဆိုတာပါ။ စပွန်ဆာရှိတယ်ဆိုရင် သူ့မိသားစုအတွက်ပါ စပွန်ဆာက ထောက်ပံ့ပေးထားတာလားမသိဘူး။

    ReplyDelete
  6. တော်တော်သဘောကျဖို့ကောင်းတယ်ဗျ။ ရှာဖွေတင်ပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ အဲဒီလိုမျိုးလေး ဆောင်နေခြင်လိုက်တာ။ ဟီးဟီး တော်တော် အေးချမ်းမယ်။

    ReplyDelete
  7. Creative and interesting post.....

    ReplyDelete
  8. တီထွင်မှုတွေပီးသွားရင်ပြောနော် စိတ်ဝင်စားတယ်

    ReplyDelete
  9. ရှာရှာဖွေဖွေလေး တင်ပြပေးထားတာပဲ။ ဗဟုသုတလဲ ရသလို စိတ်ဝင်စားစရာလဲ ကောင်းတယ်။

    ReplyDelete
  10. အော်..သူ့စိတ်ဝင်စားမှုနဲ့ သူပဲနော်။
    အတော် တီထွင်ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ပဲ။ ကိုယ်ပိုင် စိတ်တိုင်းကျ ဖန်တီးထားတော့ လုပ်နေတဲ့အချိန်ရော၊ လုပ်ပြီးတဲ့အချိန်ရော တော်တော်ကြည်နူးရမှာပဲ။
    ရှာရှာဖွေဖွေ ဖော်ပြပေးတာ ကျေးဇူး။

    ReplyDelete
  11. မိုက်တယ်နော်
ိစိတ်ဝင်စားဖို့ကောင်းတယ်။
    အဲ့လိုကျွန်းတစ်ခု လုပ်မယ်ဆိုပြောနော်။
    ပြီးရင် လာလည်မယ်။

    ReplyDelete
  12. ကဲ ကိုဒရမ်းကြီးလဲ ကျွန်းလေးတခုဆောက်။ ဘလော့ဂါတွေ လာလည်ဖို့ 

    ReplyDelete
  13. တော်ရုံတန်ရုံဇွဲနဲ့တော့ မဖြစ်နိုင်ဘူးနော်။ ချီးကျူးပါတယ်၊ ဗဟုသုတအတွက် ဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်

    http://winzaw-mdy.blogspot.com

    ReplyDelete
  14. သိပ်ကောင်းတဲ့ပို့စ်လေးပါ။ စိတ်ဝင်စားဖိုးကောင်း လိုက်တာ ...။

    ReplyDelete
  15. ပြင်ပ သုတ အားနည်းလွန်းတဲ့ ကျနော့်အတွက် အစ်ကို့ရဲ့ ဒီပို့စ်က အတော်လေးကောင်းနေပါတယ်။ ရှောင်သင့်တာတွေ အားကျအတုယူစရာတွေလည်း တွေ့ရပါတယ်။ ဆေးလိပ်လျှော့သောက်ဦးမှပဲဗျာ။

    ReplyDelete