Sunday, November 16, 2008

Tigers stressed

Singapore Zooထဲမှာ ကျားဖြူလေး ၃ ကောင် ရှိပါတယ်။ အဲဒီ ကျားဖြူလေးတွေက အင်ဒိုနီးရှားကနေ သယ်လာတာပါ။ ကျားဖြူဆိုတာ အ၀ါနဲ့အမဲကြားတွေ ဖြစ်နေရမယ့်အစား အဖြူနဲ့ အမဲကြားတွေ ဖြစ်နေတဲ့ ကျားတွေပါ။ ကမ္ဘာမှာ ကျားဆိုတဲ့ သတ္တ၀ါက ရှားပါးမျိုးနွယ်ပါပဲ။ အဲဒီအထဲကမှ ကျားဖြူဆိုတာ ပိုလို့တောင် ရှားပါးပါသေးတယ်။ အကောင် တစ်သောင်းမှာ တစ်ကောင်လောက်ပဲ တွေ့ရှိနိုင်ပါတယ်။

Singapore Zooထဲမှာ ကျားတွေကို သဘာဝအတိုင်း ကြည့်ရှုလေ့လာဖို့ လုပ်ပေးထားတဲ့ လူသွားစင်္ကြာ လျှောက်လမ်းရဲ့ရှေ့မှာ လူ့ခါးဝက်ကျော်မြင့်တဲ့ သစ်သားလက်ရမ်းတွေ ကာထားပါတယ်။ အဲဒီလက်ရမ်းပြီးရင် ၁၀ပေကျော်လောက်ရှိတဲ့ ရေကျုံးလေးတစ်ခုက ခြားထားပါတယ်။ ရေတော့ မနက်ပါဘူး။ ရေကျုံးလေးပြီးရင် အမြင့် ၈ ပေလောက်ရှိတဲ့ ကျောက်တောင်စွန်း တောင်ကမူလေးတွေ ရှိပါတယ်။ အဲဒီ တောင်ကမူလေးမှာ ကျားသုံးကောင်ကို ထားထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Nordin နော်ဒင် လို့အမည်ရှိတဲ့ Singapore Zooရဲ့ သန့်ရှင်းရေးဝန်ထမ်း မလေးရှားလူမျိုးတစ်ဦး ကျားတွေရှိတဲ့နေရာကို တမင်တကာ ကျူးကျော် ၀င်သွားပြီး ကျားတွေကို သွားစလို့ ကျားကိုက်သေဆုံးမှု ဖြစ်ခဲ့တာကို ကြားသိမိမှာပါ။ အဲဒီနေ့က နော်ဒင်ဟာ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ကျားဖြူတွေအနားထိ ရောက်အောင်သွားပြီး တံမြက်စည်းနဲ့ ဝှေ့ယမ်းပြီး ရန်သွားစလို့ ဒေါသထွက်လာတဲ့ ကျားဖြူနှစ်ကောင်က သူ့ကို ကိုက်သတ်ခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ ကိုယ့်ဘာသာ သတ်သေမှုတစ်ခုလို့ ယူဆထားကြပါတယ်။ စင်္ကာပူတိရစ္ဆာန်ဥယျာဉ် စတင်ဖွင့်လှစ်တဲ့ ၁၉၇၃ ခုနှစ်ကစပြီး အခုချိန်အထိ သားရဲတိရစ္ဆာန်ရဲ့ တိုက်ခိုက်မှုကြောင့် ပထမဦးဆုံးသော လူသေမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

နော်ဒင်က စင်္ကာပူကို ဇွန်လကမှ ရောက်ရှိလာခဲ့သူပါ။ ပထမဦးဆုံး ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်း လုပ်ခဲ့ပါတယ်။ အဲဒီဟိုတယ်မှာ ခဏလောက်ပဲ လုပ်ဖြစ်ပြီး Singapore Zooကို ပြောင်းလာခဲ့ပါတယ်။ သူက မလေးရှားနိုင်ငံ ဆာရာဝပ် ကူချင်းမြို့ကပါ။ သူ သေဆုံးချိန်မှာ အသက် ၃၂ နှစ်ရှိပါပြီ။ သူ့ရဲ့ ရုပ်အလောင်းကို သူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့ Sun City Maintenance Companyက စရိတ်ခံ တာဝန်ယူပြီး မွေးရပ်မြေကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ သူ့မွေးရပ်မြေ ကူချင်းကို ရောက်ရှိသွားပါပြီ။

နောက်ကြောင်းပြန်နေတာနဲ့ ပေရှည်နေပြီ။ ပြောချင်တာက အဲဒါတွေ မဟုတ်ပါဘူး။ သတင်းစာထဲမှာ ဖတ်မိပြီး ရေးချင်တာက အဲဒီလို ကိုက်သတ်ခဲ့တဲ့ ကျားနှစ်ကောင်လည်း စိတ်ပင်ပန်းမှု စိတ်ဖိစီးမှုတွေ ဖြစ်နေတယ် ဆိုတဲ့အကြောင်းပါ။ ပုံမှန်အားဖြင့် သူ့ဘာသာသူ ကနွဲ့ကလျ အေးဆေးနေတတ်တဲ့ တိရစ္ဆာန်ဥယျာဉ်ထဲက ကျားဖြူတွေဟာ အခုတော့ နားရွက်တွေထောင် နားစွင့်ထားပြီး အသင့် အနေအထားပုံစံ ဖြစ်နေကြပါတယ်။ အသက်ရှုသံတွေလည်း ပြင်းလှပါတယ်။

အလည်လာတဲ့သူတွေရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတွေ၊ ၀န်ထမ်းတွေရဲ့ တံမြက်စည်းတွေ၊ ရေပုံးတွေနဲ့ ပစ်ခတ် ခြောက်လှန့်မှုတွေကြောင့်လည်း သူတို့ အခုလို စိတ်ဒဏ်ရာတွေ ရကုန်တာ ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်၊ တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိခဲ့တဲ့ အချိန်ကစပြီး သူတို့ရဲ့ဘ၀မှာ ပထမဦးဆုံး လူသားနဲ့ အနီးကပ်ဆုံး ဆုံတွေ့မှု တစ်ခုပါပဲ။ အစာကျွေးချိန်မှာတောင် ၀န်ထမ်းတွေက သူတို့အနားကို ကပ်ခဲ့တာ မဟုတ်ပါဘူး။

နော်ဒင်ကို ကိုက်သတ်ခဲ့တဲ့ ကျားဖြူနှစ်ကောင်က ၀င်နီနဲ့ ဂျစ်ပီလို့ ခေါ်တဲ့ ကျားမလေးတွေပါ။ အထီးလေး အိုမာက နော်ဒင်ကို စိတ်မ၀င်စားခဲ့ပါဘူး။ နော်ဒင် အနားကို မကပ်ပဲ အဝေးမှာ သွားနေခဲ့ပါတယ်။ အထီးချင်း ဖြစ်လို့လား မသိဘူးနော်။ အခုတော့ ကျားဖြူမလေး နှစ်ကောင်ဟာ သူတို့ဘ၀မှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ အတွေ့အကြုံကြောင့် တုန်လှုပ်ခြောက်ချားနေကြပါတယ်။ ကျားဖြူလေး အိုမာကတော့ ပုံမှန်ပါပဲတဲ့ ခင်ဗျာ။

20 comments:

  1. သဘာဝအတိုင်းမနေရတဲ့ကြားထဲ စိတ်ဒဏ်ရာပါ ရသွားတဲ့ ကျားလေးကို သနားတယ်ဟာ ....

    ReplyDelete
  2. (သူ့ဘာသာသူ ကနွဲ့ကလျ အေးဆေးနေတတ်တဲ့ တိရစ္ဆာန်ဥယျာဉ်ထဲက ကျားဖြူတွေဟာ)
ဲ"July Dream" ရဲ့ လေ့လာစူးစမ်းမှူအရ ကျားတွေထဲမှာလဲ "ကနွဲ့ကလျ" ကျားမျိုးတွေရှိသားဆိုတာသိလိုက်ရပါတယ်။

    ReplyDelete
  3. ကျားလေးတွေ စိတ်မကောင်းဖြစ်သွားလားမသိဘူးနော်...

    ReplyDelete
  4. ဟုတ်တယ် ခင်ဗျ မတူးတူးသာရေ... သူ့ဘာသာ အေးဆေးနေနေတာကို သွားစတော့ အခုလို ရှုပ်ကုန်တာပေါ့။

    စင်းဒန်လား...
    ကျားလေးတွေ စိတ်ညစ်သွားပုံရတယ် ခင်ဗျ။
    အမည်ခေါ်တာ ဟုတ်လားတော့ မသိဘူး။ ခေါ်တော့ ခေါ်လိုက်ပြီ။ အဟိ...

    ReplyDelete
  5. Strikeကြီးရေ...
    ဒါက ဒီလို ရှိပါတယ်။ ဟိုဟာက ဟိုလိုရှိပါတယ်။ ပြောချင်တာက ကျားတွေဟာ ကြောင်တွေလိုပဲ ကနွဲ့ကလျလေး နေတတ်ပါတယ်။ အရမ်းကြီးကို နွဲ့နှောင်းနေတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒီတစ်ချိန်လုံး ရိုင်းစိုင်းမာန်ဖီ နေတာမျိုး မဟုတ်ဘူးလေဗျာ။

    ဥပမာ... ကျွန်တော်ဆို စကားပြောရင် ခပ်ပြတ်ပြတ် ပြောတတ်တယ်။ ခပ်ပြတ်ပြတ် ပြောတော့ ကနွဲ့ကလျ မရှိဘူးပေါ့ဗျာ။ တချို့တွေဆို အထင်တွေတောင် လွဲကြတယ်။ စကားပြောလို့ မကောင်းဘူးတဲ့။

    Strikeကြီးဆိုရင် အပြောင်အပျက်လေးတွေ အစအနောက်လေးတွေနဲ့ ရွှန်းရွှန်းဝေအောင် ကနွဲ့ကလျ ကွန့်မန့် ရေးတတ်တယ်လေ။ အဲဒါကို ကြည့်ပြီး ခြောက်နေတယ်လို့ ပြောလို့မှ မရတာ။ ဆိုလိုချင်တာက ချစ်အောင် နေတတ်တယ်ပေါ့ဗျာ။

    အခုကေ့စ်မှာ ကနွဲ့ကလျဆိုတာ ခပ်ထန်ထန် မဟုတ်ဘူးလို့ ပြောချင်တာပါ ခင်ဗျာ။ သဘောပေါက် ပါတယ်နော်။ သဘော ပေါက်လောက်ပါပြီဗျာ။ အဟက်...

    ReplyDelete
  6. ဘုရား၊ဘုရား သူနဲ့ကြမှ"Comments"တွေကတောင်ကနွဲ့ကရဆိုပဲ အနေအထိုင် ဆင်ခြင်မှ။

    ReplyDelete
  7. ကျားလေးတွေ သနားပါတယ်။
    သူ့ဟာသူနေနေရင် အကောင်းသား
    သွားဆွတာကိုး..

    ReplyDelete
  8. အခုချိန်မှာ စကာင်္ပူမှာ ရေပန်းစားဆုံး သတင်းက ကျားဖြူတွေပဲနော်။ တချို့ သတင်းစာတွေမှာ ထည့်ထားတဲ့ ပုံတွေက ကြောက်စရာ။

    ReplyDelete
  9. ကျားလေး ဂျူလိုင် အဲမွှားလို့.. သယ်ရင်းဂျူလိုင် ..အေးဆေးပဲလား..
    ကျားမလေးတွေလို စိတ်ဂယောက်ဂယက် မဖြစ်နဲ့နော်သယ်ရင်း..

    ReplyDelete
  10. ကျားကိုက်တဲ့သတင်းကို မရွှေပြည်သူဆီမှာ ဖတ်ခဲ့ရတယ်။ နောက်ဆက်တွဲကတော့ ခုမှတွေ့တာ။ စိတ်ဝင်စားစရာပါ။

    ပျော်ရွှင်အဆင်ပြေပါစေ။

    သုခမိန်(E-Journal)

    ReplyDelete
  11. အင်း..stress များလို့ သေသွားတဲ့လူကိုပဲ သနားရမလား၊ ကိုက်သတ်မိလို့ အပြစ်ရှိသွားပြီး stress များသွားတဲ့ ကျားဖြူလေးတွေကိုပဲ သနားရမလား ၊
    ဘယ်သူ့ကို သနားရမှန်း မသိတော့လို့ ကိုယ့်ဖာသာကိုယ်ပဲ... :)

    ReplyDelete
  12. မြေးလေးရေ...
    ဒီလိုပါပဲ။ ငြိမ်သက်နေတဲ့ မျှခြေအနေအထားကို ပြောင်းလဲချင်တတ်တာ လူတွေရဲ့ သဘာဝပါပဲ။ အခုတော့ ကျားဖြူ ၂ ကောင် လူသတ်ဖူးပြီပေါ့။

    ပန်းခရမ်းပြာရေ...
    ကြောက်စရာ ကောင်းတယ် ဆိုတဲ့ ဓါတ်ပုံအချို့ကိုတော့ မကြည့်ဖူးသေးပါ။ အခုတင်ထားတဲ့ ပုံလေးက ကျွန်တော် ကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံပါ။

    ကင်းမြီးကောက်လို့ ဖင်ကောက်နေမလား ဆိုတဲ့ ပုလုကွေးရေ... ကျုပ်ကတော့ အေးဆေးပါပဲဗျာ။ ဘာမှ မဖြစ်ပါဘူး။ စိတ်တွေ အေးချမ်းသာယာ နေပါတယ်။ ဟဟဟ....

    ReplyDelete
  13. အီးသုခမိန်ရေ...
    ရွှေပြည်သူမှာ တင်ထားတာကို ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ သူရေးထားတာ ပြည့်စုံနေတာနဲ့ ကျွန်တော်လည်း မရေးဖြစ်လိုက်ဘူး။ အဲဒီအကြောင်းလေးကို ဘလော့မှာ သိမ်းထားဖို့ ရေးချင်တဲ့စိတ်က ရှိနေတော့ နောက်ဆက်တွဲလေးကို ရေးလိုက်တာပါပဲ ခင်ဗျာ။

    အစ်မမိုးချိုသင်းရေ...
    ဒီလိုပါပဲ။ Stress တွေ ကိုယ်စီကိုယ်ငှ ရင်ထဲမှာ ရှိကြပါတယ်။ ကျားလည်း ကျားအလျှောက် လူလည်း လူအလျှောက် အစ်မလည်း အစ်မအလျှောက်ပေါ့။ Stress တွေ များပြီး ကိုက်သတ်ချင် စိတ်တွေ ပေါ်လာအုံးမယ်နော်။ သတိလည်း ထားအုံး။ အဟီး...

    ReplyDelete
  14. ကာတွန်းထဲကလိုပေါ့...

ှ"ကျား ..စိတ်ညစ်တယ်" ..
    သူသေချင်တာ ကျားကို တရားခံရှာသွားတယ် .. ကျား ကိုယ်တိုင်းကိုက တုံးပါတယ်လေ.."

ွှဲအဲဒီလိုများ တွေးနေမလားပဲနော်...

    ReplyDelete
  15. ကိုယ်တိုင် လို့ရေးတာနော်..
    သြော်.. ငါ့နှယ် ကျားရှေ့ မှောက်လဲပြန်ပြီ..
    အဟက်.. ကျားတွေ ရော ကုန်ပြီ..
    ဒွတ်ခ...
    ( ငှားသုံးတာနော် .. :P )

    ReplyDelete
  16. Comment များကို ကနွဲ့ကလျ ရေးတတ်သော
    ကို Strike... ဟီဟိ

    ReplyDelete
  17. အေး... နောက်ဆို ကျားရှေ့ မှောက်လျှက် မလဲစေနဲ့ပေါ့။ ဟုတ်ပြီလား တူမကြီး အလွမ်းပြေရေ...

    သက်ဝေက...
    Strike ကို အရောက်ပို့နေတာပဲ။ အဟက်...

    ReplyDelete
  18. သက်ဝေနော်....၀ဲအူ၊၀ဲအူလို့ငိုပလိုက်ရ။

    ကျားရှေ့မှောက်ရက်လဲရင်လဲပါစေ July Dreamရှေ့တော့မှောက်ရက်မလဲပါရစေနဲ့ အရှင်ဘုရား။

    ReplyDelete
  19. အင်း ကျားထက် ကြောက်ရမှန်းတော့ သိသားပဲနော်။ ကောင်းပါတယ်ဗျာ။ ဘေးကင်း ရန်ရှင်းတာပေါ့။

    ReplyDelete
  20. ဒါဆိုလဲ ကနွဲ့ကလျ ပက်လက်ကလေးလဲပေါ့ Strike ရယ်... ကွန်မန့်တွေက ရီရတယ်.. အဲဒီကျားသတင်းကတော့ ကြောက်တယ်.. ကိုယ့်ကိုကိုယ်သေကြောင်းကြံမယ်ဆိုလဲ အသက်သာဆုံးဖြစ်အောင် လုပ်မယ်.. ကြည့်ရတာ.. ကံကောင်းအောင် ယတြာ ကျားစာကျွေးဖို့ဟောလိုက်လို့ထင်တယ်.. အဲဒိလူက နောက်နှစ်မှာ သူ့ချစ်သူနဲ့ လက်ထက်ဖို့ရှိတယ်လို့ သူ့မိသားစုကပြောတာကို သတင်းစာမှာ ဖော်ပြထားတာတွေ့လိုက်တယ်.. စောစောကပဲ အဲဒိဗွီဒီယို အီးမေးလ်ထဲရောက်လို့ ကြည့်လိုက်သေးတယ်.. ညကျရင်တော့ အိပ်မက်ဆိုးတွေမက်တော့မှာပဲ.. ဘုရား... ဘုရား..

    ReplyDelete