Saturday, May 30, 2009

Come to home

နိုင်ငံခြားပြန်... ငယ်ငယ်တုန်းကတော့ တော်တော့်ကို အထင်ကြီးမိတဲ့ စာလုံးတစ်ခုပေါ့။ အဲဒီအချိန်မှာက နိုင်ငံခြားဆိုတာ တော်ရုံ သွားနိုင်ကြတာ မဟုတ်ဘူးလေ။ ပတ်စ်ပို့ဆိုတာကလည်း အခုခေတ်လို လွယ်တဲ့အရာ မဟုတ်ဘူး။ ဘိလပ်ပြန်တို့၊ ဂျာမဏီပြန်တို့၊ ဆိုဗီယက်ပြန်တို့ ဆိုပြီး အမည်နဲ့ တွဲရေးထားတွေလည်း ဖတ်ရတော့ ဘွဲ့ထူးတစ်ခုလို ထင်မှတ်နေမိတယ်။

နိုင်ငံခြားပြန်ဆိုတဲ့ စာလုံးကို အင်္ဂလိပ်လို လိုက်ရှာမိသေးတယ်။ ရှာကြည့်သလောက် မတွေ့မိဘူး။ ကျွန်တော့် အင်္ဂလိပ်စာကလည်း အတော်ညံ့ပါတယ်။ ကြည့်ရတာ တတိယနိုင်ငံတွေမှာပဲ အဲဒါကို အရေးလုပ်ပုံပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နိုင်ငံရပ်ခြား သွားတယ် လာတယ်ဆိုတာ ထမင်းစား ရေသောက်သလို ဖြစ်နေတာကိုး။ အဲဒီတော့ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတဲ့အရာဆိုတော့ တကူးတက အလေးထားနေပုံ မရှိတော့တာ မဆန်းလှပါဘူး။ ကလေးဘ၀တုန်းက ကျွန်တော်မှာ နိုင်ငံခြားသွားဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ အိပ်မက်လည်း မမက်ဖူးဘူး။ ကျောင်းစာမှာ တော်အောင်လုပ်၊ ဆယ်တန်းမှာ ဂုဏ်ထူးနဲ့အောင်၊ စက်မှုတက္ကသိုလ် တက်၊ အင်ဂျင်နီယာကြီး ဖြစ်အောင် လုပ်ဖို့ပဲ ရည်ရွယ်ထားခဲ့တယ်။ ပြီးရင် မြန်မာပြည်မှာပဲ အိုးမကွာ အိမ်မကွာ အသက်မွေးမယ်ပေါ့။ နိုင်ငံခြား သွားပြီး ကျောင်းတက်မယ် အလုပ်လုပ်မယ် ဆိုတာ တွေးတောင် မတွေးမိဘူး။

ဒါပေမယ့်လည်း... ကံဇာတ်ဆရာအလိုကျ ကပြရတဲ့ ကျွန်တော့်ဘ၀ဆိုတော့လည်း မထင်မှတ်ထားတာတွေ ဖြစ်လာရတာပဲလေ။ ဆယ်တန်းအောင်တော့ မြင်သာမြင် မကြင်ရတဲ့ဘ၀လိုပဲ တက်စရာ ကျောင်းက မရှိသေး။ နိုင်ငံတော်ရဲ့ စေတနာတွေနဲ့ ကျောင်းသားတွေကို ကျောင်းပိတ်ရက်ရှည်တွေ ပေးထားတာပေါ့။ အချိန်တွေ အားနေရင် ဝေလေလေ ဖြစ်မှာစိုးလို့ အမျှော်အမြင်ကြီးရှာတဲ့ ကျောင်းအုပ်ဆရာကြီးက သင်တန်းတွေ တက်ခိုင်းပါလေရော။ အဲဒါနဲ့ ကျွန်တော်ဇူလိုင် အိုင်တီနယ်ထဲ မယောင်မလည် ရောက်လာတော့တယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ပထမဆုံးစစ်တဲ့ အိုင်တီစာမေးပွဲတစ်ခုကို လက်တည့်စမ်း ၀င်ဖြေလိုက်တာ ပထမဆုံး အောင်တဲ့ ၁၂ ယောက်ထဲမှာ ပါသွားမိတယ်။ အဲဒီစာမေးပွဲ အောင်ရင် ဂျပန်ကို ပညာတော်သင် လွှတ်မယ်ဆိုပဲ။ ဒါပေမယ့် အသက်ငယ်သေးလို့ မလွှတ်နိုင်ဘူးဆိုပြီး ချန်ခဲ့လို့ မသွားခဲ့လိုက်ရဘူး။ အသက်ငယ်တာ ကြီးတာ ဘာမှ မသတ်မှတ်ပဲ စာမေးပွဲအောင်ရင် ပညာတော်သင် လွှတ်ပေးမယ်ပြောပြီး တကယ်တမ်းကျတော့ ဘကြီးအောင် ညာတယ်။ ဘကြီးအောင်ဆိုတာ စာမေးပွဲကို ကမကထပြု စစ်ဆေးနေတဲ့ အသင်းအမှူဆောင် လူကြီးတွေပေါ့။

ဂတိမတည် စကားမတည်ရင် သောက်မြင်ကပ်မိတော့ လူကြီးတွေကို ပြဿနာတွေ လိမ့်ရှာနေလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော့်ကို ၂၀၀၂ စက်တင်ဘာမှာ ကုလားပြည်ကို သွားမလားဆိုပြီး မျက်နှာချို လာသွေးပါတယ်။ ကုလားပြည် သွားရင် ၃ လ၊ ဂျပန်သွားရင် ၁၅ ရက်ဆိုတော့ ကုလားစာကြိုက်တဲ့ ကျွန်တော် ကုလားပြည်ပဲ သွားမယ်ကွာဆိုပြီး သဘောတူလိုက်တယ်။ ဂျပန်ဆိုတာက မသေချာ မရေရာလှဘူး။ အသက်ကိုလည်း ငယ်သေးတယ် လုပ်နေအုံးမှာလေ။ တကယ်တမ်းကျတော့ ၂၀၀၂ စက်တင်ဘာလမှာ မသွားရပဲ ၂၀၀၃ ဇန်န၀ါရီလမှ ကုလားပြည် ထွက်ဖြစ်လိုက်တယ်။ ကုလားပြည်ဘက်က သင်တန်း အချိန်ရွှေ့လိုက်တယ်လို့ ပြောတာပါပဲ။

ဒီလိုနဲ့ ကုလားပြည် နယူးဒေလီမှာ ၃ လနီးပါး ကြာခဲ့ပါတယ်။ ပညာတော်သင်ဆိုပြီး လွှတ်လိုက်ပေမယ့် သူတို့ သင်တဲ့စာတွေက ကိုယ်တွေ သိပြီးတတ်ပြီးသားတွေ။ သချာင်္ဆိုတာကလည်း စိတ်တွက်နဲ့တင်၊ ဂရပ်အကြမ်း ခြစ်တာနဲ့တင် အဖြေထွက်နေပြီ။ တခြားနိုင်ငံက သူတွေအတွက်တော့ ဒါတွေဟာ အသစ်အဆန်းပေမယ့် ကိုယ်တွေမှာတော့ ထူးမခြားနား ပတ်ပျိုးဖြစ်နေတယ်။ ထူးခြားစရာဆိုလို့ အင်တာနက်ကို နဖူးတွေ့ ဒူးတွေ့ ပထမဆုံး စသုံးဖူးတာပါပဲ။ အီးမေးလ်ဆိုတာကို အဲဒီရောက်မှ ပို့ဖူးတယ်။

အဲဒီမှာတော့ စာသင်တာ နည်းနည်း လျှောက်လည်တာ များများပါ။ သင်တန်းတက်ရတဲ့ နယူးဒေလီမြို့အနှံ့ ခြေဆန့်သလို ကမ္ဘာ့အံချီးဖွယ် တခ်ျမဟာလ်ဆီကိုလည်း ခရီးထွက်လိုက်သေးတယ်။ မြောက်ဘက်ခြမ်းက နှင်းတွေဖုံးနေတဲ့ ဟိမ၀န္တာတောင်တန်းတွေဘက်ကိုလည်း သွားခဲ့သလို ဆရာမြသန်းတင့် ဘာသာပြန်စာအုပ် သုခမြို့တော်ဖြစ်တဲ့ ကာလာကတ္တားမြို့ကိုလည်း ရောက်ခဲ့သေးတယ်။ နွေခေါင်ခေါင် အပူရှိန် ပြင်းတဲ့ကာလမှာ ဗုဒ္ဓဂယာကိုလည်း မရောက် ရောက်အောင်လည်း သွားခဲ့သေးတယ်။

ဒီလိုနဲ့ ပြန်ချိန်မတန်ပေမယ့် ၀ိုင်တီယူ စတုတ္ထနှစ် စာမေးပွဲကြီး ရှိနေလို့ ၂ ပတ် စောပြီး ပြန်လာခဲ့လိုက်တယ်။ လေဆိပ်မှာ အိမ်ကပဲ လာကြိုပါတယ်။ အသွားအပြန် လေဆိပ်မှာ ဘာမှ ပြဿနာ မရှိခဲ့ပါဘူး။ စစ်တာ မေးတာ ရစ်တာလည်း မရှိပါဘူး။ ဘယ်ရှိမလဲ သတင်းတပ်ဖွဲ့မှူး လက်မှတ်ကြီးနဲ့ ရုံးစာကြီး ထိုးပေးလိုက်တာကိုး။ ဒုဝန်ကြီး လက်မှတ်ထိုးထားတဲ့ စာရွက်လည်း ပါသေးတယ်။

နိုင်ငံခြားပြန်ကြီး ဘာတွေများ ပါလာသလဲဆိုပြီး စပ်စုချင်တဲ့သူတွေကို အားတောင် နာမိတယ်။ အများဆုံး ပါလာတာက တံဆိပ်ခေါင်းတွေပါ။ နယူးဒေလီမှာ အားရင် အားသလို တံဆိပ်ခေါင်းအဟောင်းတွေ ရောင်းတဲ့ လမ်းတွေဘက်ကို ဘတ်စ်ကားစီးသွားပြီး တံဆိပ်ခေါင်းတွေ လိုက်ဝယ်ပါတယ်။ ကာလာကတ္တားမှာလည်း မာသာထရီဇာ တံဆိပ်ခေါင်းကို ဈေးကြီးကြီး ပေးပြီး ၀ယ်ခဲ့သေးတယ်။ ဒုတိယ အများဆုံးက စာအုပ်တွေပါပဲ။ စာအုပ်တွေ ဈေးပေါသလို ရွေးချယ်စရာ အများကြီး တွေ့ရတော့ မြန်မာပြည်မှာ မရှိတဲ့ ကွန်ပျူတာစာအုပ်တွေ ၀ယ်ခဲ့တယ်။ အဲဒီစာအုပ်တွေကို ဆင့်လိုက်ရင် လူ့တစ်ရပ်နီးပါး ရှိတယ်။ တတိယ အများဆုံးက ဓါတ်ပုံတွေပါ။ ကုလားပြည်မှာတင် ဓါတ်ပုံ ကူးခဲ့ပါတယ်။ စုစုပေါင်း ဖလင် ၇ လိပ်ကုန်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်တာ ၀ါသနာ မပါရှာဘူးလေ။

ဗုဒ္ဓဂယာက ဗောဓိညောင်ရွက်တွေ ပါလာသလို ဘုရားပုံတော်တွေလည်း ၀ယ်လာခဲ့သေးတယ်။ အဲဒီလိုပဲ ဟိမ၀န္တာတောင်တန်းတွေဘက် အလည်ခရီးထွက်တုန်း ရောက်ခဲ့တဲ့ တိဘက်ဘုန်းကြီးကျောင်းတွေကနေ ရွှေခြည်ထိုး ဘုရားပုံတော်ကားချပ်တွေနဲ့ တိဘက်ဘုန်းကြီးတွေ ဘုရားစာရွတ်တဲ့အခါ လှည့်တဲ့ခေါင်းလောင်း ၀ယ်လာခဲ့တယ်။ ဟိန္ဒူဘုရားကျောင်းတွေ ရောက်ခဲ့တော့ မဟာပိန္နဲနဲ့ ဟာနုမာန်ကြေးရုပ်လေး ၀ယ်လာခဲ့တယ်။ နယူးဒေလီမှာ ဈေးဝယ်ထွက်တော့ ကက်ရှ်မီးယားက လာတဲ့ ပိုးထည်ပုဝါတွေ အရမ်းလှပြီး အရည်အသွေး ရှယ်ကောင်းတာနဲ့ အားပေးခဲ့သေးတယ်။ အဲဒီလိုပဲ အိပ်ယာခင်းကြီးတွေလည်း လှလွန်းလို့ ၂ စုံတောင် ၀ယ်လာခဲ့တယ်။ သားရေထည်တွေလည်း ကောင်းလို့ သားရေပိုက်ဆံအိတ်နဲ့ ခါးပတ်တွေ ၀ယ်ခဲ့တယ်။ အဲဒီပိုက်ဆံအိတ်က အခုချိန်ထိ သုံးနေတုန်းပဲ။ ဒါတောင် ပိုက်ဆံ အချိန်မှီ မရလိုက်လို့ ကုလားတွေ ၀တ်တဲ့ ပွဲတက်ဝတ်စုံ မ၀ယ်ဖြစ်လိုက်တာ။

ဘ၀မှာ အမှတ်တရ ဖြစ်စေတဲ့ အိမ်အပြန် လက်ဆောင်ကတော့ Microsoft Certified Professional ဆိုတဲ့ လက်မှတ်ကို ပါအောင် ယူလာခဲ့တာပါပဲ။ အဲဒီတုန်းက မြန်မာပြည်မှာ အဲဒီ စာမေးပွဲတွေ ဖြေလို့ မရသေးပါဘူး။ အများစုက ထိုင်းမှာ သွားဖြေကြပါတယ်။ အဲဒီစာမေးပွဲ ကုလားပြည်မှာ ဖြေဖို့ ညဘက်ပိုင်း အချိန်ရရင် ရသလို စာဖတ်ခဲ့ရပါတယ်။ လုပ်သက်ရှိပေမယ့် စာမေးပွဲအတွက် စာအုပ်အထူကြီး ၃ အုပ်ကို ၂ လခွဲအတွင်းမှာ အသေအကြေ ဖတ်မှတ်ခဲ့ရပါတယ်။ အိမ်အပြန် မျက်နှာပန်းလှအောင် သေချာဖြေနိုင်ခဲ့လို့ တော်ပါသေးရဲ့ဗျာ။

အိမ်က ပေးလိုက်တဲ့ ပိုက်ဆံလည်း မပိုသလို အိန္ဒိယအစိုးရက ပေးတဲ့ စရိတ်လည်း အကုန် သုံးခဲ့ပါတယ်။ ပါလာတဲ့ ပစ္စည်းတွေကို မာမားလက်ထဲ အကုန်ထည့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ လက်ဆောင်ပေးတဲ့ ကိစ္စကို ခေါင်းထဲ မထည့်နိုင်ခဲ့ဘူး။ တနလာင်္နေ့ စာမေးပွဲကို သောကြာနေ့မှ ရန်ကုန် ပြန်ရောက်တာဆိုတော့ ဆရာဆရာမတွေ သူငယ်ချင်းတွေဆီ အပူကပ်ပြီး နေ့ရောညပါ စာရှင်းခိုင်းနေရတယ်။ အဲဒီတော့ ပါလာတဲ့ လက်ဆောင်ကိစ္စကို မာမားတစ်ယောက် အဆင်ပြေသလို ဝေခြမ်းပေးလိမ့်မယ်။ ဘယ်သူဘယ်ဝှါအတွက် တမင်ရည်စူးပြီး ၀ယ်ခဲ့တာမျိုး မရှိခဲ့လို့ အဝေမတည့်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်အကြောင်း တစ်မျိုးလုံး သိကြပါတယ်။ အခုချိန်ထိ လက်ဆောင်တွေ ဘယ်လိုပေးလိုက်မှန်း ကျွန်တော်လည်း မသိဘူး။ သိအောင်လည်း မလုပ်ထားခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားပြန်တော့ ဖြစ်သွားပြီပေါ့။ ဒါပေမယ့် ကုလားပြည်ပြန် ကိုဇူလိုင်လို့ ရေးမထားပါဘူး။ အခုခေတ်မှာ နိုင်ငံခြားသွားတယ်ဆိုတာ အထူးအဆန်းမှ မဟုတ်တော့တာလေ။ ကျွန်တော်တို့ရဲ့ ချစ်စရာ တိုင်းပြည်ထဲမှာ နေနိုင်တဲ့သူ အတော်ကို ရှားကုန်ပြီ။ ကျားရောမပါ အဆင်ပြေရင် ပြေသလို အပြင်ထွက် ရုန်းကန်နေကြတာ မြင်နေရပြီပဲလေ။ ဦးနှောက်ယိုစီးနေတာလို့ ပြောလို့ရသလို... နိုင်ငံတကာ အတွေ့အကြုံ ယူနေတယ်လို့ အကောင်းဘက်က မြင်လည်း ရပါသေးတယ်။ ဒါပေမယ့် အဲဒီဦးနှောက်တွေ ဘယ်အချိန် ဘယ်ကာလမှာ မြန်မာပြည်ထဲ ပြန်စီးဝင်ခွင့် ရမလဲဆိုတာကို ရင်ခုန်မျှော်လင့် အိပ်မက်ရှည်ကြီးမက်ရင်း... ကျွန်တော်တို့ အသက်တွေလည်း တဖြည်းဖြည်း ကြီးလှပါပြီလေ။

နိုင်ငံခြားပြန်ဆိုပြီး ကြွားချင်ဝါချင်တာ မရှိပေမယ့် နှစ်ကျောင်းတူသူငယ်ချင်း ပုလုကွေးက ရေးပေးပါဆိုလို့ ခင်မင်မှုကို အကြောင်းပြုပြီး ရေးလိုက်ပါတယ်။

ထုံးစံအရ... ဟောင်ကောင်ပြန် စိုင်းခမ်းထွန်းကို လက်ဆင့်ကမ်းလိုက်ပါမယ်။

Thursday, May 28, 2009

Developing...?




မြန်မာပြည်က လူတွေ လောဘမကြီးပါဘူး
ဒါမျိုးလေးတွေ ရှိရင်ပဲ ကျေနပ်နေကြမှာပါ
အခုတော့ ချစ်စရာ့ မြန်မာပြည်ကြီး
ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာ
ဘယ်မှာလဲ ဘာလဲ... ???

Tuesday, May 26, 2009

Why July Dream?

ဇူလိုင်အိပ်မက်ဆိုတာ ဘာလဲ... မသိလို့ မေးတာလား။ သိရဲ့နဲ့ မေးတာလား။

မိုးခါးက အမှတ်တရနစ်ခ်အကြောင်း သိချင်လို့ ရေးပေးပါဆိုတော့ ဒီမေးခွန်းတွေ ဖြစ်လာရပြီပေါ့။

တကယ်တော့ အဲဒါနစ်ခ်တစ်ခုပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ကလောင်တစ်ခု။ နစ်ခ်ဆိုတဲ့အတိုင်း အမည်အရင်းကို မသိစေချင်လို့ ပေးထားတဲ့ အွန်လိုင်းကမ္ဘာက အမည်တစ်ခုပေါ့။

၂၀၀၇ ဇူလိုင် ၇ ရက်နေ့မှာ ၀၇-၀၇-၀၇ ခုနစ်သုံးလုံး ဆုံခဲ့တယ်။ ဆဲဗင်းဇူလိုင်မှာ မွေးတဲ့ ကျွန်တော့်အတွက် တစ်သက်မှာ တစ်ခါပဲ ကြုံနိုင်တဲ့ နေ့ရက်တစ်ခုပေါ့။ အဲဒီလို နေ့ရက်မှာ အမှတ်တရ တစ်ခုခုတော့ ဖြစ်အောင် လုပ်မယ်ဆိုပြီး ရည်စူးထားခဲ့မိတယ်။ အဲဒီမတိုင်ခင်က ဖိုရမ်တွေမှာပဲ စာရေးနေမိတယ်။ ဖိုရမ်ဆိုတဲ့အတိုင်း အကြောင်းအရာ တစ်ခုအပေါ်မှာ အဓိကထား ဆွေးနွေးပြောဆိုကြတာ များပါတယ်။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ချရေးဖို့ကျတော့ အဆင်မပြေတာတွေ ရှိလာနိုင်တယ်။ စင်္ကာပူကို ရောက်နေတာဆိုတော့ အင်တာနက်ဆိုတာကလည်း မြန်မာပြည်မှာလို ခက်ခဲတဲ့အရာ မဟုတ်တော့ဘူး။ အဲဒါနဲ့ပဲ ဘလော့ဘက်ကို မြားဦးလှည့်လာမိတယ်။

ဘလော့အတွက် အမည်ရွေးတော့ ဖိုရမ်မှာ ရေးနေတဲ့ အမည်ကို သယ်မလာချင်ဘူး။ သီးခြားကမ္ဘာလေး ဖြစ်စေချင်မိတယ်။ တခြားလောင်းရိပ်တွေ မထိုးစေချင်ဘူး။ တခြားလွှမ်းမိုးမှုတွေ မရှိစေချင်ဘူး။ အဲဒါနဲ့ ကလောင်တွေ စဉ်းစားရတယ်။ သူငယ်ချင်းတွေကိုလည်း အကြံဥာဏ်တောင်းကြည့်ခဲ့တယ်။ သူတို့တွေက လူသိများမှာ သေချာလွန်းပြီး ချစ်စရာ ကောင်းလှတဲ့အမည်တွေ ၀ိုင်းပြီး စဉ်းစားပေးကြပါတယ်။ အောင်နက်၊ ပေါက်ကျိုင်း၊ အနက်လူ၊ ဒွန်းစဏ္ဍား ဆိုပြီး စပါယ်ရှယ်အမည်တွေ ၀ိုင်းရွေးပေးကြတယ်။

နောက်ဆုံးတော့လည်း ကိုယ့်အားကိုယ်ကိုး ရပါတယ်။ မိုးရွာရင် ပျော်ပြီး မိုးကို ချစ်လွန်းတဲ့ ကျွန်တော်... မိုးဆိုတဲ့ အငွေ့အသက်လေး အမည်ထဲမှာ ပါချင်မိတယ်။ အဲဒီလိုပဲ ၇ ဂဏန်းတွေလည်း ပါစေချင်တယ်။ တစ်ချက်ခုတ် သုံးချက်ပြတ် ဖြစ်သွားရအောင် ဇူလိုင်ဆိုတဲ့ စာလုံးလေးကို ယူလိုက်တယ်။ ဇူလိုင်ဆိုတာ ၇ လပိုင်းပဲလေ။ ဇွန်ဇူလိုင်မှာ ရွာတဲ့ မိုးဖွဲလေးများ မစဲသလို... ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ဇူလိုင်လမှာ မိုးတွေရွာသေးတယ်။ ပြီးတော့ ကျွန်တော့် မွေးလလည်း ဟုတ်ပြန်ရော။

ကရကဋ်ဖွားပီပီ စိတ်ကူးယဉ်လည်း ဆန်သေးတယ်။ စိတ်ကူးယဉ်ကမ္ဘာထဲမှာ အတွေးသံစဉ် စည်းချက်အတိုင်း ၀ါသနာတွေနဲ့ ကခုန်နေလေ့ရှိတယ်။ အိပ်မက်ဆိုတာ အတွေးတွေရဲ့ ကိုယ်ပွါးတစ်ခုပဲလေ။ ဘ၀မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေဟာ အိပ်မက်တွေကနေတဆင့် ပေါက်ဖွါးလာကြတာပေါ့။ အိပ်မက်ဆိုတာ လူ့ဘ၀မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုပဲ။ အိပ်မက်တွေသာ မရှိခဲ့ရင် ဘ၀ကြီးက ပျင်းစရာကောင်းလွန်းနေမှာ သေချာတယ်။ အဲဒါနဲ့ အိပ်မက်ဆိုတဲ့ စာလုံးလေးကို သဘောကျမိသွားတယ်။ ကျွန်တော့် အတွေးတွေ၊ ခံစားချက်တွေ၊ အိပ်မက်တွေ ဖော်ကျူးခွင့်ရချင်မိခဲ့တယ်။

တကယ်တော့ ဆဲဗင်းဇူလိုင်..... အဲဒီရက် အဲဒီအချိန်မှာ မာမားတစ်ယောက်လည်း ဇူလိုင်အိပ်မက်တွေ မက်နေခဲ့အုံးမှာပါ။ သားဦးဖြစ်တဲ့ ကျွန်တော့်အပေါ် မျှော်မှန်းချက်တွေ တပွေ့တပိုက်ကြီးနဲ့ စိတ်ကူး တိမ်တိုက်တွေကြား လေဟုန်စီးပြီး အာကာပြင်ကို အပြုံးပန်းချီ ခြယ်သနေလောက်တယ်။ ဇူလိုင်မှာ စမက်ခဲ့တဲ့ အိပ်မက်တွေနဲ့ မိသားစုဘ၀တွေ စိုပြေလှပအောင် မာမားတစ်ယောက် ကြိုးစားခဲ့ပုံပါပဲ။ ဒါကြောင့်လည်း ဇူလိုင်အိပ်မက်တွေက မွေးသမိခင်ကိုလည်း ကိုယ်စားပြုခဲ့တယ်။

ကြုံတုန်းတစ်ခါတည်း ပြောရရင်... လူတွေက ကျွန်တော်တို့ ညီအစ်ကိုတွေကို ချီးကျူးကြတယ်။ ဒီလိုသားမျိုး မွေးရတာ မွေးရကျိုးနပ်တယ်။ လိမ္မာတယ်။ ဘာညာကွိကွပေါ့။ အမှန်တော့ လိမ္မာတာ မဟုတ်ပါဘူး။ လောကမှာ မာမားမျက်နှာ မပျက်ရလေအောင် ကျွန်တော်တို့ နေထိုင်တယ်။ မာမားအိပ်မက်တွေအတွက် ကျွန်တော်တို့ ကြိုးစားတယ်။ မာမားမျှော်လင့်ချက်တွေအတွက် ကျွန်တော်တို့ အားထုတ်တယ်။ ဒီလောက်ပါပဲ။

အပြင်ပန်းကြည့်လိုက်ရင် ယုန်သူငယ်လို ဖြူဖြူစင်စင် နူးနူးညံ့ညံ့ အနေအထိုင် အပြောအဆို သိမ့်မွေ့ပေမယ့် မာမားကို ထိပါးလာတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ ဆိုးပါတယ်။ ရိုင်းပါတယ်။ အရွဲ့တိုက်ပါတယ်။ အပြောအဆို ကြမ်းပါတယ်။ လက်ရဲပါတယ်။ အမျိုးတွေ အဆွေတွေ အသက်ကြီးတာတွေ အသက်ငယ်တာတွေ ဂုဏ်ဒြပ်တွေ ချမ်းသာတာတွေ ဘာတစ်ခုမှ ဂရုမစိုက်ပဲ ဆော်ပလော် တီးလေ့ရှိပါတယ်။

ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀မှာ အဒေါ်တစ်ယောက်ရဲ့ သူငယ်ချင်း တရုတ်မ(ဘောပြား)ကို ဓါးနဲ့ လိုက်ခုတ်ဖူးပါတယ်။ ဘောပြားဆိုတာ ဘောလုံး မဟုတ်လို့ပါ။ ယောကျာ်းလျာပေါ့။ အိမ်ကိုလာလည်ပြီး ဧည့်သည်က ဧည့်သည်လို မနေပဲ စကားရင့်ရင့်တွေ ပြောပြီး မာမားကို ထိပါးစော်ကားလို့ ၀က်သားခုတ်တဲ့ ဓါးပြားကြီးနဲ့ စိမ်ပြေနပြေ လိုက်ခုတ်ခဲ့တာပါ။ အိမ်မှာလည်း ဓါးရာတွေ ဗလပွ ဖြစ်သွားတယ်။ အဲဒီကတည်းက အဲဒီတရုတ်မ အိမ်ကို မလာရဲသလို လမ်းထဲကိုလည်း မ၀င်ရဲတော့ဘူး။

ခုနစ်တန်းကျောင်းသားဘ၀ကလည်း အမေ့ကို ထိပါးတဲ့ စကားလုံးကြမ်းတွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း လာဆဲတဲ့ ကျောင်းသားကို ကျောင်းအုပ်ကြီး ရုံးခန်းဘေးမှာတင် လိပ်ကျောက်မြီးနဲ့ ကျွဲရိုက်နွားရိုက် ဆော်ခဲ့ဖူးသေးတယ်။ အဲဒီနှစ်တုန်းက ကျောင်းစားပွဲခုံရဲ့ အံဆွဲထဲမှာ လိပ်ကျောက်မြီးကျာပွတ်က ဘာရယ်ညာရယ် မဟုတ်ဘူး အသင့်ရှိထားတယ်။ ဟိုကောင့်ကို ဘယ်ညာဘေးနှစ်ဘက်ညှပ်ပြီး ဖမ်းချုပ်ပေးထားတဲ့ သူငယ်ချင်း ၂ ယောက်လည်း အရှိုးရာတွေ ထပ်လို့။ ရိုက်လို့ အားရတော့မှ ဖမ်းချုပ်ပေးတဲ့ သူငယ်ချင်း ၂ ယောက်ကို အမြဲဆောင်ထားတဲ့ ဆရာခိုဆေး ထုတ်ပြီး လိမ်းပေးလိုက်တယ်။ ဒီကောင်တွေလည်း ဆေးလိမ်းခံတဲ့အချိန် ရှုံ့မဲ့နေတာပဲ။ လက်စပြင်းသွားပုံပဲနော်။ ဘာရယ်တော့ မဟုတ်ပါဘူး... ကျွန်တော် ဆိုးတယ်ဆိုတာကို ကြုံလို့ ပြောပြတာပါ။

ဒါကြောင့်... ဇူလိုင်အိပ်မက်တွေထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် လွမ်းဆွေးဖွယ်တွေပဲ ရှိမယ်လို့ မထင်လိုက်ပါနဲ့။ ရှည်လျားထွေပြားတဲ့ အိပ်မက်ဆိုးတွေလည်း ပါတတ်ပါတယ်။ လောကမှာ အကောင်းအဆိုး ဒွန်တွဲနေတာကို သတိချပ်မိအောင် ဒီနေရာကနေ သတိတရား နိုးဆွပေးလိုက်ပါတယ်။

အစဉ်အလာအရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
မြန်မာပြည်က ပြန်ရောက်တာ မကြာသေးတဲ့ တူမကြီးအလွမ်းပြေ

Sunday, May 24, 2009

Speaking with Parrots-2


ခပ်တည်တည်နေပြီး လူကြီးစတိုင်လ် ဖမ်းလိုက်မယ်... အဟမ်း...


လှရင်ပြီးရော... မမြင်ချင်ယောင်ဆောင်နေလိုက်ပါမယ်လေ...


ခပ်မိုက်မိုက်ပဲ ကြည့်ပစ်လိုက်မယ်... ဖိုက်တာလားကွ...


ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးကွာ... ဒါပဲ။

Saturday, May 23, 2009

Speaking with Parrots-1


စိတ်မကောက်နဲ့တော့ကွာ... မျက်နှာကြီး အဲဒီလို မစူထားနဲ့ မလှဘူး သိလား...

တန်းအောက်ကနေ ခိုးဝင်လာကာမှ လက်ပူးလက်ကျပ် မိတာပဲနော်...

ပြုံးပြုံးလေးနေပြီး ပဲ ပေးလိုက်အုံးမယ်... ဟိဟိ...


ဟေး... ငြိမ်ငြိမ်နေကြစမ်း... ဆူညံနေတာပဲ... နားငြီးလာပြီကွ။

Thursday, May 21, 2009

Life is like...

Life is like a role of toilet paper, hopefully long and useful,
but it always ends at the wrong moment.
Rudyh

အခုရက်တွေမှာ အိမ်သာစက္ကူကုန်တဲ့ အချိန်လိုမျိုး ထိုင်ရခက် ထရခက်... ဒီအတိုင်းကြီး ထွက်လာရခက် ဖြစ်နေတယ်။ ရှေ့လကုန်ခါနီးတုန်းက အိပ်တဲ့ကုတင် ကျိုးသွားလို့ ကြမ်းပေါ်ဆင်း အိပ်ရတယ်။ ကုတင်က လူကြီးဝိတ်ကို မခံနိုင်တဲ့ ယိုင်တိုင်တိုင် နဲ့တဲ့တဲ့ နှစ်ထပ်ကုတင်လေးပါ။ လူကလည်း ကြာလေကြာလေ ၀က်ရုပ်ပေါက်လာလေဆိုတော့ ကလေးဝိတ်ပဲ ခံနိုင်ရှာတဲ့ ကုတင်လည်း ကျိုးရှာပါလေရော။ သေချာတာ တစ်ခုကတော့ အဲဒီကုတင်က သွေးရိုးသားရိုး ကျိုးတာပါ။ တခြား ပယောဂ မပါပါဘူး။

အဲဒီနောက်ပိုင်း ရုံးမှာ တက်လိုက်ရတဲ့ အစည်းအဝေးတွေ... ဖင်တောင် ထိုင်ခုံနဲ့ အမြစ်တွယ်နေလို့ မနည်း ရှင်းယူရတယ်။ ဒီအစည်းအဝေးခန်းလေးထဲမှာပဲ အဲကွန်းနှစ်လုံးက ထပ်ဖွင့်ထားလိုက်တော့ တစ်နေ့တစ်နေ့ မီးယပ်ချမ်း ထမှာတောင် ကြောက်နေရတယ်။ ရေမသောက် သေးမပေါက် ပြောသမျှ နားထောင် ရှင်းပြသမျှ ထိုင်ကြည့်နဲ့ အစည်းအဝေးက ထွက်လာရင် ဖရီးကစ်ပေးခံထားရတဲ့ ရုပ်လိုမျိုး လိန်ပိန်နေတာပဲ။ အဲဒီကြားထဲ တစ်ယောက်တစ်ပေါက် နှာချေ ချောင်းဆိုးလိုက်တာ... တစ်ခန်းလုံး ဓါတ်တွေကူးပါလေရော။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ရေကန်အသင့် ကြာအသင့် အအေးမိပြီး ဖျားပါလေရောဗျာ။

သောက်လိုက်ရတဲ့ ဆေးတွေ... လူတောင် ပျော့ဖတ်ကို ဖြစ်လို့။ ဆရာဝန်လည်း ဆေးပြင်းပြင်းတွေ ပေးပြီး ၀က်တုပ်ကွေးကို တွန်းလှန်နေပုံရတယ်။ လူနာရုပ်ကလည်း ၀က်ရုပ်ထွက်နေတော့ စင်္ကာပူရဲ့ ပထမဦးဆုံး ၀က်တုပ်ကွေး လူနာဆိုပြီး မှတ်တမ်းအတင်မခံနိုင်ပုံပဲ။ မလေးရှားမှာတော့ ၀က်တုပ်ကွေး စဖြစ်နေပြီလေ။ အဲဒီဆေးတန်ခိုးနဲ့ ၃ ရက်အကြာမှာ နာလန်ထူလာတယ်။ ဒါပေမယ့် ဆေးဒဏ်တွေနဲ့ ရင်ဘက်တွေများ အောင့်လို့။ မှောက်အိပ်တာ တစ်ခုတည်းကြောင့် မဟုတ်လောက်ပါဘူး။ ရင်နာစရာတွေ ရှိလို့နေမှာပါလေ။

နေမကောင်းဖြစ်ပြီး နာလန်ထူလာတော့ မှန်ကြည့်မိသေးတယ်။ ထူးထူးခြားခြား မျက်နှာပေါ်မှာ ဘာဝက်ခြံမှ မရှိတော့ဘူး။ ကြည့်ရတာ အပူအပုပ်တွေ ကင်းစင်သွားပုံပဲ။ နေမကောင်းတဲ့ကာလမှာ အစားအသောက် နည်းပြီး ဖျားတဲ့ဒဏ်တွေကြောင့် လူလည်း မျက်နှာလေးကို သွယ်လို့။ ၀က်ရုပ်မထွက်ပဲ ကြည့်လို့ ကောင်းတဲ့ ပုံလေးဖြစ်နေတယ်။ ဒါကြောင့် ရထားပေါ်မှာ ကောင်မလေးတွေ ခိုးခိုးကြည့်တာ ဖြစ်မယ်။ မျက်နှာလေးက ကြည်လင်လန်းရွှင်နေပေမယ့် အတွင်းစိတ်ထဲမှာ အုံ့မှိုင်းညို့ဆိုင်းနေတာ ဘယ်သူသိမှာ မှတ်လို့နော်။

လူကသာရုံး တက်နေရတယ် စိတ်က အလုပ်ထဲမှာ ရှိလှတာ မဟုတ်ဘူး။ ၁၁ နာရီကျော်ရင် ဟိုဟာပြေးဖတ် ဒီဟာပြေးဖတ်နဲ့ ဆပ်ပြာသည် လင်ပျောက်သလို ဖြစ်နေတယ်။ အထွေအထူး ဖြစ်စရာ မရှိတာ သိပေမယ့် ဘာများတွေ့လေမလဲ စိတ်ဝင်စားမိတယ်။ လူတွေကလည်း လူပဲ။ ငြိမ်ငြိမ်လေး ထိုင်ဖတ်ကြပါ။ ထူးရင် ထင်ထင်ရှားရှား ပြမယ်ဆိုတာကို တဖွဖွပြောနေလည်း ဘာထူးလဲဟင်... ဘာတွေ ကြားသေးလဲဟင်... ထထမေးနေတာ အမြင်တောင် ကတ်မိတယ်။ ရုပ်ရှင်ရုံထဲမှာ သေးပေါက်ဖို့အတွက် ခဏခဏ မတ်တပ်ရပ် အပြင်ထွက်နေသလိုပဲ။ အလိုက်မသိတော့ ခက်သားပဲဗျ။

ဒီရက်ထဲ ချစ်သူလေးကပါ စကားမတည်ဘူး။ မတည့်တာတွေ မစားပါဘူးလို့ ကတိပေးထားပြီးမှ ငပိကြော် နှိုက်စားသေးတယ်။ ငပိနဲ့မျောက် မတည့်သလို ဖြစ်နေလို့ မစားပါနဲ့ ရှောင်ပါလို့ ကတိတောင်းထားတာကို ကတိဖျက်ပြီး ခိုးစားတော့ အခုတော့ လက်ကြီး ယောင်လို့။ အိမ်ရှေ့ပူ အိမ်နောက်လည်း မချမ်းသာဘူးပေါ့။ ကျွန်တော်က စကားမတည်တဲ့သူဆို အလွန်မုန်း။ ချစ်ရတဲ့သူမို့လို့ ဒေါသကို ကျိတ်မှိတ်မျိုသိပ် ချစ်တဲ့စိတ်နဲ့ မေတ္တာရှေ့ထား ခွင့်လွှတ်ပေးလိုက်ရပေမယ့် မချစ်တဲ့သူတွေ ကြည့်လို့မရတဲ့သူတွေ စကားမတည်တာ မြင်တွေ့ကြားသိနေရတော့ သောက်မြင်အကပ်သားဗျ။ တစ်နှစ်ပြီး နောက်တစ်နှစ်... မပြီးနိုင် မဆီးနိုင် သပွတ်အူ ဇာတ်ရိုက်နေတယ်။ နဂိုကတည်းက မြို့မေတ္တာ ခံယူနေရတဲ့အထဲ ကတိမတည် စကားမတည်တာ များလွန်းနေတော့ ဒီပွဲပြီးရင် အိမ်ပြန်မယ်ဆိုတာ ဘယ်တော့လည်းလို့ မေးချင်နေမိတယ်။

ဘ၀ဆိုတာ ဒီလိုပါပဲ။ မထင်မှတ်တဲ့အချိန်မှာ အီးကုန်းဖို့ စက္ကူကုန်သွားနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ်။

အင်း... နောက်နေ့တွေမှာ အိမ်သာအတွက် စက္ကူလိပ်တွေ သွားဝယ်ထားအုံးမှ။

Monday, May 18, 2009

Above the Law?



တကယ်တမ်း ပြောရရင် ဥပဒေဆိုတာ...
အဲဒီဥပဒေကို ထိန်းသိမ်း စောင့်ရှောက်သူတွေလောက်
ကြောက်စရာ မကောင်းပါဘူး။


ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅
စာမျက်နှာ ၆၃။

Sunday, May 17, 2009

Shame

ဆရာကြီး လူထုစိန်ဝင်းက အရှက်ကို အတ္တအရှက်၊ အုပ်စုအရှက်၊ ယုံကြည်အရှက်နဲ့ သစ္စာအရှက်ဆိုပြီး အဆင့် ၄ မျိုး ခွဲပြဖူးပါတယ်။ ရှက်စိတ်ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးခဲ့တာပါ။

ပုဂ္ဂလိကအတ္တ ကျိုးပဲ့ထိခိုက်တဲ့အခါမှာ ရှက်တတ်ကြတဲ့ အတ္တအရှက်ဟာ အဖြစ်အများဆုံးပါပဲ။ ခံစားမှုလည်း ပြင်းသလို အတ္တကို အဓိက ဗဟိုပြုထားတဲ့အတွက် တုံ့ပြန်မှုတွေလည်း လျှင်မြန်ပါတယ်။ အသိတရားကိုလည်း မှောင်မှိက်စေပါတယ်။

နောက်တစ်ဆင့်က ကိုယ့်အုပ်စု ထိခိုက်ခံရတဲ့အတွက် ရှက်ရတာပါ။ အုပ်စုဆိုတာ မိသားစုကနေ နိုင်ငံအဆင့်ထိ ရှိပါတယ်။ မိသားစုအတွက် ရှက်ရတာ။ မြို့အတွက် ရှက်ရတာ။ လူမျိုးအတွက် ရှက်ရတာ။ နိုင်ငံအတွက် ရှက်ရတာမျိုးပေါ့။ ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါမှာ အဲဒီလို အရှက်မျိုး ရှက်တတ်လာကြပါတယ်။

နောက်တစ်ဆင့်က ယုံကြည်မှုကို သစ္စာဖောက်ဖို့ ရှက်တာ။ ယုံကြည်မှုဆိုတာ ၀ါဒတစ်ရပ်ကို ယုံကြည်တာ။ ဘာသာတရားတစ်ခုကို ယုံကြည်တာမျိုးပေါ့။ ကိုယ့်ရဲ့ယုံကြည်မှုတစ်ခုကို သစ္စာဖောက်ဖို့ဆိုတာ ယုံကြည်မှု ဘယ်လောက် လေးနက်စူးနစ်သလဲဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ ယုံကြည်မှု စွဲနစ်ခိုင်မာလေ သစ္စာဖောက်ဖို့ ရှက်လေလေပါပဲ။ တချို့ဆို အသေခံသွားခဲ့ကြတယ်။

နောက်ဆုံးတစ်ဆင့်က သစ္စာတရားကို သစ္စာဖောက်ဖို့ ရှက်တာ။ မဟုတ်မမှန်တာကို နည်းနည်းကလေးမှ မလုပ်တော့တာ။ မကြံတော့တာ။ မလိုချင်တော့တာ။ ယဉ်ကျေးမှု သိပ်မြင့်မှ ဒါမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ရှက်စိတ်တွေက အဆင့်ဆင့် အပေါ်ကို တက်လေ အဲဒီလို ရှက်တဲ့သူ နည်းသွားလေပါပဲ။

ရှက်တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ အပြစ်ကျူးလွန်ထားမှ ရှက်တာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် မလုပ်လည်း သူများတကာကြောင့် အရှက်ရစေတာမျိုးလည်း ရှိတတ်ပါတယ်။ မြန်မာဖြစ်ရတာကို မရှက်ပါဘူး။ ဒါပေမယ့် မြန်မာတွေကြောင့် ရှက်ရတာမျိုး ရှိပါတယ်။ ရှက်စရာတွေကို ကျူးလွန်တဲ့သူတွေ ရှက်ရမှာပေါ့။ ဘာလို့ ကြားထဲကနေ ရှက်နေကြသလဲဆိုရင် ရှက်စိတ် ဒုတိယအတန်းအစားမှာပါတဲ့ အုပ်စုရှက်စိတ်ကြောင့်လို့ပဲ ဖြေချင်ပါတယ်။

မြန်မာတွေရဲ့ လူနေမှုဘ၀တွေထဲမှာ ကြားဖူးနားဝရှိပြီးသားဖြစ်တဲ့ ဖုံးမရဖိမရ ဗိုက်ကိစ္စတွေကြောင့် အရှက်ရပြီး ကိုယ့်ဘာသာ အဆုံးစီရင်သွားတဲ့ အဖေတွေ အစ်ကိုတွေ မိသားစုဝင်တွေ ရှိကြပါတယ်။ အဲဒီအဖေတွေ အစ်ကိုတွေ သူတို့ကျူးလွန်ထားတဲ့ အပြစ်ရှိတာ မဟုတ်ပေမယ့် သူတို့ရဲ့ မိသားစုဝင်ကြောင့် အရှက်တကွဲ အကျိုးနည်းခဲ့ရတာမျိုးပေါ့။ အဲဒီလိုပါပဲ တိုင်းပြည်နိုင်ငံနဲ့ ပါတ်သတ်ပြီး သိက္ခာကျ အရှက်နည်းရအောင် လုပ်နေကြတဲ့ ဂုဏ်သရေရှိ သက်ဆိုင်ရာ လူကြီးမင်းတွေ မရှက်တတ်ပေမယ့် အဲဒီနိုင်ငံသားဖြစ်တဲ့သူတွေက သူတို့ကိုယ်စား ရှက်ကြပါတယ်။ အရှက်ရစေပါတယ်။

ကြုံလို့ တခါတည်း ဆက်ပြောရရင်... ရှက်တာနဲ့သိမ်ငယ်တာ လုံးဝမတူပါဘူး။ နိုင်ငံတကာမှာ မြန်မာဖြစ်လို့ သိမ်ငယ်ရတယ်လို့ တစ်ခါမှ မခံစားမိပါဘူး။ ဒါပေမယ့် မြန်မာနဲ့ ပါတ်သတ်ပြီး ရှက်စရာ အကြောင်းတွေကြောင့် ရှက်မိပါတယ်ခင်ဗျာ။

The difference between guilt and shame is very clear—in theory.
We feel guilty for what we do. We feel shame for what we are.

LEWIS B. SMEDES, Shame and Grace

Thursday, May 14, 2009

Shame on you

တိုင်းပြည်မှာ အောက်တန်းစားတွေ တနေ့တခြား များများလာတယ်။ ပညာတတ် အောက်တန်းစား။ ပညာမဲ့ အောက်တန်းစား။ ကလေကချေတွေ များသထက် များများလာတယ်။ ပညာတတ် အောက်တန်းစားတွေထဲမှာ တချို့က တန်ခိုးပါဝါရှိကြတယ်။ ပညာမဲ့ အောက်တန်းစားတွေထဲမှာ တချို့က စည်းစိမ်ချမ်းသာရှိကြတယ်။ တချို့အောက်တန်းစားတွေက ဘာတစ်ခုမှ မရှိကြဘူး။ ပညာလည်း မရှိ။ ပါဝါလည်း မရှိ။ စည်းစိမ်လည်း မရှိ။ ကိုယ်ကျင့်တရားလည်း မရှိ။ ဒါပေမယ့် သူတို့အားလုံးကို ခြုံကြည့်လိုက်ရင် သူတို့တွေမှာ တူတာတစ်ချက်က အောက်တန်းကျတာပါပဲ။

အောက်တန်းစားတွေ များလွန်းနေတဲ့ တိုင်းပြည်ထဲမှာ အောက်တန်းစားတွေ ထပ်ပေါ်လာတာ မဆန်းပါဘူး။ အောက်တန်းစားတွေ ဖြစ်အောင်ပဲ တမင်တကာ လုပ်ထားလို့ပဲ အောက်တန်းစားတွေ များလာတာပဲ ဖြစ်မယ်။ အခြေအနေမဲ့ ပညာမဲ့ အောက်တန်းစားတွေက အောက်တန်းစားဘ၀ကနေ ရုန်းထွက်ဖို့ မကြိုးစားကြသလို စည်းစိမ်ပါဝါရှိတဲ့ အောက်တန်းစားတွေကလည်း အောက်တန်းစား ဖြစ်နေမှန်းကို မသိကြဘူး။ ဒါမှမဟုတ် အောက်တန်းစား ဖြစ်နေတာကို သိရဲ့သားနဲ့ ရူးချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်တယ်။

ပါဝါရှိတဲ့ အောက်တန်းစားတွေကလည်း ပါဝါကို အသုံးချတယ်။ စည်းစိမ်ရှိတဲ့ အောက်တန်းစားက စည်းစိမ်ကို အသုံးချတယ်။ ပညာရှိတဲ့ အောက်တန်းစားကို ပညာကို အသုံးချတယ်။ ဘာမှကို မရှိတဲ့ အောက်တန်းစားက အရှက်သိက္ခာမရှိတာကြီးကို ပေါ်ပေါ်ထင်ထင် အသုံးချတယ်။ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်လွန်းတော့ စိတ်ဓါတ်တွေ တဖြည်းဖြည်း အောက်တန်းကျလာတာ သတိမထားမိကြဘူး။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဖြစ်သွားကြပုံပဲ။ တချို့က စည်းစိမ်ဥစ္စာအတွက် အောက်တန်းကျတယ်။ တချို့က ရာထူးအာဏာအတွက် အောက်တန်းကျတယ်။ တချို့က နေရာဌာနအတွက် အောက်တန်းကျတယ်။ တချို့က စိတ်ဆန္ဒတွေအတွက် အောက်တန်းကျတယ်။

တချို့ပညာတတ်တွေကျတော့ ကိုယ်မှန်တာ ထင်တာကို မျက်စိမှိတ် ဖင်ပိတ် ငြင်းတတ်တယ်။ တကယ်တော့ သူတို့ တွေးတော ယူဆထားတာ အမှန်တရားအစစ် မဟုတ်ပြန်ဘူး။ သူတို့ဘက်က ကြည့်ရင် လက်ဖမိုး တခြားသူဘက်က ကြည့်ရင် လက်ဖ၀ါးဆိုသလိုမျိုး။ အဲဒါကို သူတို့လို လက်ဖမိုးလို့ မြင်တာမျိုးမှ အမှန်ပါ။ တခြားသူ မြင်တဲ့ လက်ဖ၀ါးဆိုတာ အမှားကြီးပါဆိုတာ လိမ့်အော်တတ်တဲ့သူမျိုးပေါ့။ သူတို့နဲ့ အမြင်မတူရင် ရန်သူဆိုပြီး နှုတ်သီးကောင်း လျှာပါး နှိပ်ကွပ်တတ်တဲ့ ပညာတတ် အောက်တန်းစားထဲမှာ ဆရာဝန်တွေလည်း အင်ဂျင်နီယာတွေ ပါသလို ပီအိတ်ခ်ျဒီ ဒေါက်တာဘွဲ့ရကြီးတွေလည်း ပါတယ်။

ဒီနေ့မနက်စောစောမှာ အောက်တန်းကျတဲ့ အကြောင်းတွေကို ကြားသိလိုက်ရတော့ အဲဒီသတင်းအတွက် မအံ့သြပေမယ့် သမိုင်းတွင်မယ့် လုပ်ရပ်တွေကို ရွံသထက် ရွံသွားပါတယ်။ အဲဒါကြီးက တခါလာလည်း မွဲပြာပုဆိုးကြီး ဖြစ်နေပေမယ့် လက်နှီးစုတ်ကတောင် သူ့ထက် ပိုသန့်နေသလားပဲ။ ခေါင်မိုးက မလုံတော့ မိုးဒဏ်ကို ခံနေရတာ မဆန်းတော့ပါဘူး။ မိုးစိုတဲ့အတူတူ မိုးရေချိုးကြတယ်။ အများ မိုးခါးရေ သောက်တော့ ကျန်တဲ့သူတွေလည်း မိုးခါးရေ သောက်ကြရတာပေါ့။ မိုးခါးရေ မသောက်ပဲနေရင် အရူး မဖြစ်ပဲ ကျန်နေခဲ့မှာ။ အဲဒီလိုနဲ့ တိုင်းပြည်ထဲမှာ အောက်တန်းစားတွေ များသထက် များလာတယ်။ စနစ်တကျ ဖျက်ဆီးခံနေရတဲ့ လူငယ်တွေလည်း အောက်တန်းကျလာပြီ။ ရည်မှန်းချက်တွေ မရှိကြတော့ဘူး။ အွန်လိုင်းမှာ တွေ့နေရတဲ့ လူငယ်အများစုလည်း ဖွန်ကြောင်ဖို့ပဲ အားသန်နေကြတယ်။ အချိန်တွေ ဒီလိုနဲ့ပဲ ဖြုန်းတီးနေကြတယ်။

ဒီနေ့ မနက်ပိုင်းမှာ မင်္ဂလာ မရှိသလို ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်တော့လည်း ကျက်သရေ မရှိပြန်ဘူး။ ဘာတွေ ကျက်သရေ မရှိဖြစ်ရပြန်တာလဲလို့ သိချင်ရင်... နားနဲ့ ဖ၀ါးနဲ့နာလို့ အရင်ပြောရမယ့်ကိန်းပဲ။ ဘာဖြစ်သလဲဆိုတော့ ဂျီတော့ခ်ကနေ ခင်ချင်လို့ပါဆိုပြီး ဖွန်ကြောင်ရုံတင်မကဘူး အွန်လိုင်းကနေ ဖင်ပါချ သွားလို့ပါပဲဗျာ။ ဟင်.. ဘယ်လို... ဘာ ဘာ... ဆိုပြီး အာမေဋိတ်တွေ မထွက်လာပါနဲ့။ သေချာ ရှင်းပြရရင် နှမသားချင်း မစာမနာ အောက်တန်းကျတဲ့စိတ်နဲ့ အွန်လိုင်းကနေ ပါးစပ်အရသာခံ လက်သရမ်းသွားတာပါ။

အဲဒီ ၁၈ နှစ်အရွယ် ကောင်လေးက ကျွန်တော့်ကို ကောင်မလေးလို့ ထင်ပြီး...
ဂျီတော့ခ်မှာ ဖွန်ကြောင်နေတဲ့အဆင့်ကနေ တဆင့်တိုးပြီး...
အင့် အင့်...
အား အား...
ဖီးလ်ရှိတယ်ကွာ ဆိုပြီး ???

ကျန်တာတွေ ဖြည့်တွေးကြပါကုန်။ ဖြည့်မတွေးတတ်လည်း ဒီထက် ရေးပြလို့ မရတော့ဘူးကွယ်။ ကိုဇူလိုင်က ဘာတွေ သွားပြောနေလို့ အဲဒီကောင်က အဲဒီလို ပြန်ပြောရတာလည်း မေးရင် ကျွန်တော် ဘာမှ မပြောပါဘူး။ သူ မေးသမျှကို ဖြေနိုင်သမျှ ဖြေပြီး မဖြေနိုင်တာ မှန်သမျှ မဖြေပါဘူး။ ဒီလောက်ပါပဲ။

အောက်တန်းကျတယ်ဆိုတာ အောက်တန်းကျတဲ့သူတွေကို ရည်ညွှန်းပါတယ်။ ၀ါးလုံးရှည်ကို ချီးသုတ်ရမ်းတာ မဟုတ်ပါဘူး။ လူချစ်လူခင်များအောင် မနေတတ်တဲ့ ကျွန်တော် အခုတခါ အမုန်းဆေးတွေ ထပ်ဖော်ပါတယ်။ ကြိုက်သော်ရှိ မကြိုက်သော်ရှိ.... အောက်တန်းစားတွေကို အောက်တန်းစားလို့ပဲ ပြောလိုက်ပါမယ်။

အောက်တန်းစားတွေ...
အောက်တန်းစားတွေ...
အောက်တန်းစားတွေ...

မင်းတို့အစား ငါရှက်တယ်...

Tuesday, May 12, 2009

Quote for the mother


ကမ္ဘာကြီးတွေ ကမ္ဘာကြီးတွေမှာ
အာဒံနဲ့ဧဝကပဲ စတယ်လို့ပဲ ပြောပြော

ဗြဟ္မာကြီးလေးပါးက စတယ်ပဲ ပြောပြော...
သူတို့အထဲမှာ အမေဆိုတဲ့ က္ကုထ္တိလိင် သင်းဝင်ပါလာလို့သာ
ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိ ကျနော်တို့အထိ
သားစဉ်မြေးဆက်တွေဖြစ်လာတာ မဟုတ်လား အမေ...

အမေမှန်သမျှ ဘာသာ၊ လူမျိုးခြား၊ လူမျိုးမခြားရယ်လို့ ကျနော့်စိတ်ထဲမှာ မရှိဘူးအမေ
သားသည် အမေတစ်ယောက်ဟာ အမေပါပဲ အမေ...
သူက ယုတ်ညံ့လို့၊ သူက လူမျိုးခြားမို့လို့၊ သူက ဘာမလို့၊ ဘယ်ဘာသာမို့လို့
မဟုတ်ပါဘူးအမေ… မဟုတ်ပါဘူးအမေ…

ကျနော်မြင်တာဖြင့် ကျနော်ပြောအုံးမယ်… ကျနော်လွန်သွားမလား...
မလွန်ပါဘူးအမေ ကျနော်စဉ်းစားထားပြီးမှ ပြောတာပါ...
အမေမှန်ရင်လေ အမေ... နားနဲ့မနာ ဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့…
အမေဟာ ကျနော့်လက်ထက်ထဲမှာ ကျနော့်မျက်စိအောက်မှာပဲ…
မိန်းမရွှင်ဖြစ်နေပါစေ…
အမေဟာ အမေပါပဲ ~~

ဆရာကြီး ဦးသုခ

~~~~~~~~~~~~~~

ရင်ထဲအထိ ထိုးဖောက်လွှမ်းမိုးနိုင်အား ကောင်းလွန်းလို့ မမေ့သွားရလေအောင်
အမေကိုချစ်တဲ့ သားသမီးတွေရဲ့ကိုယ်စား
မှတ်တမ်းတင်ထားပါရစေ...

Sunday, May 10, 2009

Beauty of Mother

အမေ့ရုပ်ရည်

မလွန်ဆန်နိုင် သင်္ခါရ အမေ့ရဲ့ဘဝ
ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ
အရွယ်အိုပြီ ဆံဖြူပြီး သွားကျိုးလို့
ပါးရည်နားရည်တွေလည်း တွန့်လိပ်နေ
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီအတွေးတွေ တွေးမိတော့လေ
မီးဖိုချောင်ထဲ အိုးမဲပေနေတဲ့
အမေအကဲတွေ လှမ်းကြည့်နေတုန်း...

ဆံပင်တွေဖြူ သွားကျိုးပါစေ
ပါးရည်နားရည်တွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
ဆံပင်တွေဖြူ သွားကျိုးပါစေ
ပါးရည်နားရည်တွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

လူပုံအလယ် အမေလှုပ်ရှားရုန်းခဲ့တဲ့
ဒဏ်တွေရဲ့ ဖိစီးချက်တွေ
ပိန်လှီနေ အရေတင်တဲ့အရိုးရုပ်နဲ့
အသံတွေတုန် ခါးလည်းကိုင်းခဲ့ပြီ
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီအတွေးတွေ တွေးမိတော့လေ
အ၀တ်ထိုင်လျှော်ရင်း မမောပန်းနိုင်ရှာတဲ့
အမေ့အပြုံးတွေ ငေးကြည့်နေတုန်း...

အရေတင်တဲ့ အရိုးဖြစ်ပါစေ
အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
အရေတင်တဲ့ အရိုးဖြစ်ပါစေ
အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

မပြင်ဆင်နိုင် အမေအ၀တ်အစားလေးရှိတဲ့
ဖျင်ပင်နီ ရင်ဖုံးအင်္ကျီ
အရောင်မှိန်မှိန် မာစရိုက်ပွင့်ရိုက်နဲ့
ထမီအဆင်ဟာ မွဲလို့နွမ်းလွန်းပြီ
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီအတွေးတွေ တွေးမိတော့လေ
ဘုရားစင်ရှေ့နား ၀တ်ပြုနေတဲ့
အမေ့တရားသံ နားစိုက်နေတုန်း...

အရွယ်အိုနေဆဲ တဖက်မှာ
ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
အရွယ်အိုနေဆဲ တဖက်မှာ
ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

ဆံပင်တွေဖြူ သွားကျိုးပါစေ
ပါးရည်နားရည်တွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

အရေတင်တဲ့ အရိုးဖြစ်ပါစေ
အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

အရွယ်အိုနေဆဲ တဖက်မှာ
ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည် အမြဲလှနေတယ်။

တေးဆိုက ဘိုဘိုပါ။ တေးရေးဆရာကိုတော့ ကျွန်တော် မသိပါ။ အနန္တမေတ္တာ အကောင်းဆုံးမိဘဘွဲ့တေးများ ဆိုတဲ့ စီးရီးထဲမှာပါတဲ့ ပထမဦးဆုံး သီချင်းပုဒ်ပါ။ အဲဒီအခွေထဲမှာ ညီပုလေး၊ ထူးအိမ်သင်၊ စိုင်းထီဆိုင်၊ ဟယ်ရီလင်း၊ ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ စည်သူလွင်တို့လည်း ပါပါတယ်။ ထူးအိမ်သင်ရဲ့ အမေ(သို့) အကြွင်းမဲ့မေတ္တာတော်သီးချင်း စီးရီး မထွက်ခင်မှာ ဘိုဘိုတို့ရဲ့ အနန္တမေတ္တာ အခွေ အရင်ထွက်ခဲ့တယ်လို့ မှတ်မိနေပါတယ်။ အဲဒီအခွေ ထွက်တဲ့အချိန်တုန်းက ကျွန်တော် ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ပြာသိုလပြည့်နေ့ မတိုင်ခင် အခွေထွက်တယ်လို့ ထင်ပါတယ်။

အဲဒီအခွေရဲ့ အဖွင့်အမှာစကားကို ဆရာကြီးဦးသုခ ပြောပေးခဲ့ပါတယ်။ ဦးသုခ ပြောသွားတဲ့ စကားထဲမှာ မှတ်မိနေတာက စကားရဲ့ နိဂုံးပိုင်းမှာ ပြောသွားတဲ့ အမေဆိုတာ -----ကြီးပဲ ဖြစ်နေပါစေ အမေဟာ အမေပါပဲ ဆိုတာပါပဲ။ အဲဒီစာသားကို ဆရာကြီးက အသံတုန်တုန်လေးနဲ့ ပြောသွားတာလို့ မသဲမကွဲ ကြားရတာတွေ အများကြီးပါ။ ကွက်လပ်နေရာလေးမှာ သေချာဂရုတစိုက် နားထောင်တော့ ကြားမိတာက ပြည့်တန်ဆာလို့ ကြားမိလိုက်ပေမယ့် ကျွန်တော် နားကြား မှားကောင်း မှားနိုင်ပါတယ်။ ဆရာကြီးရဲ့ အမှာစကား လာပြီးတာနဲ့ တဆက်တည်း ဘိုဘိုရဲ့ အမေ့ရုပ်ရည် သီချင်းလေး လာပါတယ်။ အမေ့ရုပ်ရည်သီချင်းကို ကြိုက်လွန်းလို့ ခဏခဏ နားထောင်ဖြစ်ခဲ့တယ်။ အဲဒီသီချင်းကို နားထောင်ဖို့အတွက် အခွေရဲ့ရှေ့ဆုံးကို ပြန်ရစ်လိုက်တိုင်း ဆရာကြီးဦးသုခရဲ့ စကားတွေကို အခါခါ ပြန်နားထောင်ဖြစ်ခဲ့ပါတယ်။

သီချင်းလေး နားထောင်ဖြစ်တဲ့ အကျိုးကျေးဇူးပဲ ဆိုရမလားပဲ။ မာမားကို အတော်လေး နားလည်စာနာတတ်ပြီး ချစ်မြတ်နိုးမိပါတယ်။ ဆယ်တန်းဖြေပြီး အောင်စာရင်းမထွက်ခင် ကြားကာလတွေမှာ မာမားကို အတော်လေး ကူဖြစ်ခဲ့တယ်။ မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်နေတဲ့ မာမားကို နိုင်သလောက် ၀ိုင်းကူပေးဖြစ်ခဲ့တယ်။ ဆန်ဆေးပေးတယ်။ ထမင်းအိုး တည်တယ်။ ထမင်းရည် ငှဲ့တယ်။ ကြက်သွန်နီ အာလူး ဂျင်း အခွံနွာဖြစ်တယ်။ ငရုတ်သီးထောင်းဖြစ်တယ်။ ဈေးသွားတဲ့အခါ ဈေးခြင်းတောင်း ၀ိုင်းသယ်ပေးခဲ့တယ်။

အိမ်မှာ အ၀တ်လျှော်စက် ရှိရဲ့သားနဲ့ စက်လျှော်တာ မပြောင်ပါဘူး အားမရပါဘူး ရေကုန်ပါတယ် ဆိုတဲ့ မာမား သူကိုယ်တိုင်လက်နဲ့ပဲ လျှော်ခဲ့လို့ ခြေဖ၀ါးတွေလည်း ရေ၀ဲစားထားတာ မနည်းပါဘူး။ ကျွန်တော်တို့တော့ ဆပ်ပြာရည် ပြောင်သွားအောင် ရေနဲ့လျှော်တဲ့အပိုင်းမှာ ၀ိုင်းကူပြီး ရေနယ်ပေးခဲ့တယ်။ အ၀တ်လျှော်ပြီးရင် အ၀တ်ရေညှစ် အ၀တ်လှန်းတာ ကျွန်တော်တို့ ညီအစ်ကိုတွေ အလှည့်ပေါ့။ နောက်ပိုင်း သားတွေအားလုံး ကိုယ့်အ၀တ် ကိုယ်လျှော်ဖြစ်တော့ အ၀တ်အစားတွေ လျှော်ရတာ နည်းသွားတယ်။ မီးပူတိုက်တာလည်း ညီအစ်ကိုတွေ အဆင်ပြေသလို ကူလုပ်ဖြစ်ကြတယ်။ အခုတော့ ကျွန်တော်က အဝေးရောက်နေပါပြီ။

တကယ်တော့ မာမားဟာ ပါပါးနဲ့ယှဉ်ရင် မချောပါဘူး။ ပါပါးက အများကြီးသာပါတယ်။ မာမားက အိမ်မှာနေရင် အ၀တ်အစား အဟောင်းတွေပဲ ၀တ်လေ့ရှိတော့ ပုံစံက မတောက်မပြောင်ပါပဲ။ အိမ်မှာက ၁ လမှာ ရက် ၃၀ လောက် နေလေ့ရှိတော့ ဘယ်အချိန်ကြည့်ကြည့် အရောင်မထွက်သလို ဖြစ်နေတာပေါ့။ ပွဲနေပွဲထိုင်ကလွဲလို့ လက်ဝတ်လက်စားတွေလည်း ဘာမှ ၀တ်ထားလေ့မရှိဘူး။ နားပေါက်ပိတ်သွားမှာ စိုးလို့ နားကပ်တစ်ရံတော့ ၀တ်ထားတယ်။ အိမ်မှုကိစ္စတွေနဲ့ တနေ့လုံးနီးပါး အလုပ်ရှုပ်နေတတ်တဲ့ မာမားတစ်ယောက် ရေမိုးချိုးပြီးတဲ့ အချိန်မှာ သနပ်ခါး ပါးကွက်ကြားလေး လိမ်းထားတတ်လို့ပဲ တော်ပါသေးရဲ့။

ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ အမေ့ရုပ်ရည်ကတော့ ကျွန်တော့်တို့ ရင်ထဲမှာ အမြဲလှနေပါတယ်။

Mother's Day 2009 အမေနေ့ အမှတ်တရပါ...

မာမားအတွက် ပို့စ်ကဒ်တစ်စောင်တော့ ဒီလဆန်းပိုင်းလောက်က ပို့ထားခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ အိမ်ကို ရောက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်လေ။

Saturday, May 9, 2009

Arsenal fan hangs self

ချန်ပီယံလိခ် ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်ပွဲအပြီးမှာ အာဆင်နယ်အသင်း အရှုံးကြီး ရှုံးခဲ့သလို အာကြီးအသင်းရဲ့ ရလဒ်ဆိုးတွေကို မခံစားနိုင်တဲ့ အာဆင်နယ်ပရိသတ် ကင်ညာလူမျိုးတစ်ယောက်လည်း ကိုယ့်ဘာသာကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ပါတယ်။ သတ်သေသွားတဲ့သူက Suleiman Omondi လို့ခေါ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။

ကမ္ဘာတလွှားက တခြားနေရာတွေမှာလို အာဖရိကတိုက် ကင်ညာနိုင်ငံဟာလည်း ဘောလုံးပွဲ အားပေးသူ ပရိသတ် များပြားလှပါတယ်။ ပရီးမီးယားလိခ်၊ ချန်ပီယံလိခ် ဘောလုံးပွဲတွေကို နှစ်ခြိုက်စွာ အားပေးကြပါတယ်။ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီးပွဲတွေ ရှိတဲ့နေမှာဆို ဘောလုံးပွဲပြတဲ့ ဘားဆိုင်တွေမှာ လူတွေ ပြည့်သိပ်နေလေ့ ရှိပါတယ်။

သူဟာ နိုင်ရိုဘီမြို့က ဘားတစ်ခုမှာ ချန်ပီယံလိခ် ဆီမီးဖိုင်နယ်ပွဲကို ကြည့်နေခဲ့ပါတယ်။ မန်ယူအသင်းကို ပထမဂိုး ပေးလိုက်ရတုန်းက သူ စိတ်မပျက်သေးပါဘူး။ အေးဆေးပါပဲ။ ဒါပေမယ့် ပွဲစပြီး ၁၁ မိနစ်အကြာ ဒုတိယဂိုး ထပ်ပေးလိုက်ရတဲ့ နောက်ပိုင်းမှာ မန်ယူကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ဖို့အတွက် အာဆင်နယ်က ၄ ဂိုး ပြန်သွင်းရမယ်ဆိုတာကို သူသိသွားတဲ့နောက်ပိုင်း စိတ်ဓါတ် အတော်ကျသွားပါတယ်။ အာဆင်နယ်က ပထမပွဲမှာလည်း မန်ယူကို ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးထားပါသေးတယ်။

ပထမပိုင်းအပြီးမှာ မျက်ရည်တွေ တတောက်တောက်ကျ ငိုနေတဲ့ သူ့ကို... အားတင်းထားဖို့ ပွဲသိမ်းခရာ မမှုတ်သေးသရွေ့ ပွဲရဲ့အနိုင်အရှုံးအဖြေ ပြောင်းလဲသွားနိုင်ပါတယ်လို့... သူ့နဲ့ရင်းနှီးတဲ့ အာဆင်နယ်အသင်း ပရိသတ်တစ်ဦးက နှစ်သိမ့်ခဲ့ပါသေးတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ သူဟာ အရက်တွေ မှာသောက်ပြီး မျက်ရည်တွေ တဖြိုင်ဖြိုင်ကျ ငိုကြီးချက်မဖြစ်နေသေးတယ်လို့ ဘားကောင်တာ ၀န်ထမ်းက ပြန်ပြောပြပါတယ်။ နောက်တနေ့ ဗုဒ္ဓဟူးနေ့မနက်မှာ လူလတ်တန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲက သူ့ရဲ့အိမ်မှာ ကြိုးဆွဲချ သေနေတာကို တွေ့ခဲ့ရပါတယ်။

ကြိုးတန်းလန်းနဲ့ အသက်မဲ့နေပြီဖြစ်တဲ့ သူ့ခန္ဓာမှာ ၀တ်ထားခဲ့တာက Fly Emirates ဆိုတဲ့တံဆိပ်နဲ့ အာဆင်နယ် ဘောလုံးအသင်းရဲ့ ပွဲထွက်ဝတ်စုံ ပါပဲ။ နောက်ဆုံး ထွက်သက်တဲ့အထိ အာဆင်နယ် အသင်းကို အားပေးသွားတဲ့ ပရိသတ်တစ်ဦးပေါ့။ သတ်သေသွားတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းဖော်ထုတ်နေဆဲပါ။

ကျွန်တော်လည်း အာဆင်နယ် ပရိသတ်ပါပဲ။ ဒါပေမယ့် သူ့လိုတော့ မလုပ်ပေါင်...

Friday, May 8, 2009

Our World. Your Move.



All can, in one way or another, each in his own sphere and within his own limitations, do something to help the good work forward.” These words, written by Henry Dunant following the Battle of Solferino, embody the spirit of our International Red Cross and Red Crescent Movement.

ဒီနေ့ မေလ ၈ ရက်ဟာ ကမ္ဘာ့ကြက်ခြေနီနေ့ (World Red Cross Day)ပါ။ အဲဒီနေ့ဟာ ကြက်ခြေနီရဲ့ ဖခင်ကြီးဖြစ်တဲ့ ဟင်နရီဒူးနန့်ရဲ့ မွေးနေ့ပါပဲ။

ဒီနှစ် ၂၀၀၉ ခုနှစ်ဟာ ဆိုဖာရီနိုစစ်ပွဲရဲ့ ၁၅၀ ကြိမ်မြောက် နှစ်ပတ်လည် ဖြစ်သလို IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းကို ထူထောင်ခဲ့တဲ့ နှစ် ၉၀ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ဂျနီဗာ အများသဘောတူညီ စာချုပ်ရဲ့ နှစ် ၆၀ မြောက်လည်း ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Campaign ကတော့ Our World. Your Move. ပါပဲ။ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် တနေ့တခြား ယိုယွင်းပျက်စီးလာတဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့အတွက် ကျွန်တော်တို့တတွေ အတူတကွ လှုပ်ရှားကြရအောင်လားဗျာ။

It is our world and the time is now to make our move.

Thursday, May 7, 2009

The big dream



ဟိုးအမြင့်ကို မော့ကြည့်ရတာ ပင်ပန်းလွန်းလှပြီ
မျှော်မှန်းခဲ့တဲ့ အိပ်မက်ကြီးတွေလည်း...

Monday, May 4, 2009

Joys over Nargis - 2

နာဂစ်ဖြစ်ပြီး မီးတွေပျက်... လမ်းတွေပိတ်... ဒီလိုနဲ့ပဲ အင်တာနက် မသုံးနိုင်တဲ့ဘ၀ဆိုတော့ နိုင်ငံခြားက သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါလေရော။ နိုင်သလောက်လေး ဟိုဟိုဒီဒီ လုပ်နေတဲ့အချိန်မှာ ကိုမင်းအိုက လှမ်းခေါ်လို့ သူ့ရုံးခန်းမှာ အင်တာနက် သုံးဖြစ်ခဲ့တယ်။ အဲဒီလို အင်တာနက် သုံးဖြစ်တော့ အဆက်အသွယ်တွေ ပြန်ရပြီး ဆန်အိတ်တွေလှူဖို့ ကျွန်တော့်ဆီကို စင်္ကာပူကနေ ငွေလွှဲပေးကြတယ်။

အဲဒါနဲ့ ထမင်းအတွက် ဆန်အိတ်တွေ သွားဝယ်၊ ဟင်းအတွက် ပဲအိတ်တွေဝယ်ပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့ စီစဉ်ခဲ့ကြတယ်။ သက်ဆိုင်ရာကို လက်လွှဲပေးလိုက်ရင် ရပေမယ့် အဝေးရောက်နေတဲ့ သူငယ်ချင်းတွေကို စိတ်မပျက်စေချင်ဘူးလေ။ အဲဒါကြောင့် ကားတွေ စီစဉ်၊ လုပ်အားပေး လူငယ်တွေ စုပြီး ချီတက်ခဲ့ကြပါတယ်။ ဆန်ဝယ်ဖို့အတွက် ကိုမင်းအိုက ချိတ်ဆက်စီစဉ်ပေးလို့ ဆန်ဂိုဒေါင်မှာ ကားရပ်လိုက်ရုံပါပဲ။ ဆန်တွေလည်း ရေမစိုတာတွေ အရည်အသွေးကောင်းတာတွေ ဖြစ်အောင် လုပ်ပေးထားပါတယ်။ အဝေးမြေရောက် ရွှေမြန်မာတွေရဲ့ စေတနာနဲ့ ပြည်တွင်းက ချိတ်ဆက်စီစဉ်ပေးတဲ့ ခြေတံလက်တံရှည် မိတ်ဆွေတွေကြောင့် တကယ့်ကို အကူအညီ လိုအပ်နေတဲ့နေရာမှာ လိုအပ်နေသူတွေရဲ့ ကမ်းလင့်လက်တွေ လက်လှမ်းပေးနိုင်ခဲ့ပါတယ်။
မိုးသည်းသည်းနဲ့ လမ်းကြမ်းကြမ်းမှာ ဆန်အိတ်တင်တဲ့ကားပေါ်မှာ လိုက်လာခဲ့တဲ့ လုပ်အားပေးလူငယ်တွေ၊ သူငယ်ချင်းတွေ အားလုံး ဆီးဖြူသီး စကောထဲထည့်လိမ့်သလိုမျိုး ဖြစ်နေပေမယ့် တက်တက်ကြွကြွပါပဲ။ ရှေ့ပြေးကားလည်း နောက်က ဆန်ကားကြီးကို စောင့်ပြီး ဖြေးဖြေးမောင်းခဲ့ရသေးတယ်။ လမ်းတလျှောက်မှာ အလှူရှင်ကားတွေ ဟိုဟိုဒီဒီ ပျားပန်းခပ်နေတာကို မြင်ရတော့လည်း ပီတိဖြစ်မိပါတယ်။ ဆန်လှူမယ်ဆိုတာ ကြားတာနဲ့ ပြေးထွက်လာတဲ့ ကလေးတွေများ... မြင်မိရင် စိတ်ထဲမှာ ဘယ်လို ခံစားရတယ်ဆိုတာ ဖော်ပြဖို့ မလွယ်လှပါဘူးဆိုတာ အသေအချာပါပဲ။ ရေခွက်လေးတွေ၊ ပန်းကန်ပြားတွေ၊ ဒန်အိုးတွေ၊ ကျွပ်ကျွပ်အိတ်တွေ ကိုယ်စီနဲ့ ပြေးထွက်လာတဲ့ ကလေးအုပ်ကြီးက မနည်းမနောပါပဲ။ သူတို့တွေအတွက် လတ်တလောကာလ အစာရေစာ ဖူလုံအောင် ပံ့ပိုးပေးနိုင်မှာကို မြင်ယောင်ကြည့်ရင် ပီတိဖြစ်စရာပါပဲ။

မလိုလားအပ်တဲ့ကိစ္စတွေ မဖြစ်ရအောင် ဆန်အိတ်တွေကို ကယ်ဆယ်ရေးစခန်းတွေဆီ အရောက်ပို့ဖို့အတွက် သစ်ပင်အကျိုးအပဲ့ ဓါတ်တိုင်အရွဲ့အစောင်း ဗလပွနဲ့ ရွှံတွေနွံတွေ ဒင်းကြမ်းဖြစ်နေတဲ့ လမ်းကြိုလမ်းကြားမှာ ဒီဆန်ကားကြီး အိပဲ့အိပဲ့ မောင်းဖို့ကို မနည်း ကြိုးစားယူခဲ့ရတယ်။ ကားအမိုးပေါ်တက်ပြီး ၀ါးလုံးတွေနဲ့ ဓါတ်ကြိုးတွေကို ဖယ်ရသေးတယ်။ လမ်းဘေးမြောင်းထဲ ကားဘီး မရောက်ရလေအောင် လည်တဆန့်ဆန့် ဖြစ်ကြရသေးတယ်။ ကယ်ဆယ်ရေးစခန်းတွေရှေ့ ဆန်ကားကြီးရောက်မှပဲ အသက်၀၀ရှုရဲကြတယ်။ ဘယ်လိုပဲ ပင်ပန်းဆင်းရဲပါစေ... ဆန်အိတ်တွေကို ကယ်ဆယ်ရေးစခန်းထဲအရောက် ပြုံးပြုံးရွှင်ရွှင်နဲ့ ထမ်းပို့ကြတဲ့ လုပ်အားပေးလူငယ်တွေရဲ့ အားမာန်ကို လေးစားဂုဏ်ယူမိပါတယ်။ မနက်မိုးလင်းက ထွက်ခဲ့တဲ့ ခရီးဟာ ညမိုးချုပ်တဲ့အထိ မပြီးဆုံးနိုင်သေးပါဘူး။ ရန်ကုန်ကို ပြန်ရောက်တဲ့အချိန် ညမိုးချုပ်နေပေမယ့် မနက်ဖြန်တွေ များစွာအတွက် သူတို့အဆင်သင့် ရှိနေတယ်ဆိုတာကို ယုံကြည်ကြတယ် မဟုတ်လား။

ကယ်ဆယ်ရေးစခန်းတွေကို ဆန်အိတ်တွေ လှူပေးပြီးတဲ့ နောက်ပိုင်းရက်တွေမှာ အစာအစား လှူဒါန်းပေးတဲ့ သူငယ်ချင်းတွေကိုယ်စား မုန်တိုင်းဒဏ်ခံရတဲ့ ရွာတွေထဲအထိ ၀င်ပြီး လှူဒါန်းတာမျိုး လုပ်ပေးခဲ့ပါတယ်။ အိမ်တိုင်း အိမ်တိုင်းကို ဆန်အိတ်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ငပိထောင်းဗူးတွေ၊ အိုင်အိုဒင်းဆားထုပ်တွေ လှူပေးခဲ့ပါတယ်။ အဲဒီလို လှူနိုင်ဖို့ ချိတ်ဆက် စီစဉ်ခဲ့တာလည်း မလွယ်လှပါဘူး။ ဆိုင်ရာဆိုင်ရာ အဆင့်ဆင့် သွားရလာရပါသေးတယ်။ ရွာရိုးကိုးပေါက် လျှောက်ပြီး အိမ်ပေါက်စေ့ သွားရတာ မလွယ်လှပေမယ့် ကိုယ်တွေ ပေးလှူတဲ့ ပစ္စည်းတွေကို လက်ခံနေတဲ့ သူတွေရဲ့ အပြုံးက အမောပြေစေသလားပဲ။

တချို့ရက်တွေမှာ ထမင်းအိုးလိုက်ကြီး ချက်ပြီး ကုလားပဲသီးစုံဟင်းနဲ့ ထမင်းထုပ်တွေ ဝေပေးခဲ့ကြသေးတယ်။ ပဲဟင်းနဲ့ တွဲဖက်စားဖို့ ငပိထောင်းဗူးတွေလည်း ပါခဲ့သေးတယ်။ မနက်စောစောထ ထမင်းတွေ ဟင်းတွေ ချက်ပြီး ကားပေါ်တင်... ရန်ကုန်အနီးအနားက ရွာတွေထဲကို မောင်း.. ရွာခံတစ်ယောက်အိမ်မှာ ခွင့်တောင်းပြီး ထမင်းထုပ်ဝေပွဲကြီး ၀ှဲချီးကျင်းပတာများ မြင်လိုက်ရရင် အဲဒီနေရာမှာ ကိုယ်တိုင်ကိုယ်ကျ ၀င်ကူလိုက်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ ထမင်းဟင်းတွေ အများကြီး ချက်သွားပေမယ့် မကုန်ဘူးဆိုတာ တစ်ရက်မှ မရှိခဲ့ပါဘူး။ အလှူရှင်တွေ ပီတိဖြစ်စေခဲ့ပါတယ်။

ကြုံတုန်းလေး တစ်ခါတည်း ဆက်ပြောရမယ်ဆိုရင် ကျွန်တော် ရန်ကုန်မှာ ခေတ္တတည်းခိုခဲ့တဲ့ ယောက်လမ်းက အိမ်ဆိုတာ နာဂစ်ကယ်ဆယ်ရေး အလှူအတန်းလုပ်ငန်းတွေမှာ တောက်လျှောက် ဓါတ်ပုံလိုက်ရိုက်ပေးခဲ့တဲ့ သူငယ်ချင်းရဲ့အိမ်ပါ။ သူ့ရုံးရှိတဲ့ ထိုင်းကို မပြန်သေးတဲ့အချိန်အထိ ဓါတ်ပုံတွေ ရိုက်ပေးခဲ့ပါတယ်။ ကျွန်တော် ရန်ကုန်ပြန်လာတဲ့ ကိစ္စက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ပွဲတက်ဖို့ပါ။ သူ့ပွဲ့က မန္တလေးမှာ လုပ်မှာပါ။ နာဂစ်ဖြစ်ပြီး သူ့မင်္ဂလာဆောင် မသွားနိုင်ခဲ့ပေမယ့် ဒီဇိုင်နာဖြစ်တဲ့ သူကတော့ အဖွဲ့တီရှပ်ဒီဇိုင်းကို အချိန်မှီ ဒီဇိုင်းထုတ် လက်စသပ်ပေးခဲ့ပါတယ်။ သူ့ကြောင့် လုပ်အားပေးလူငယ်တွေ အားလုံး တီရှပ်ကိုယ်စီနဲ့ တက်တက်ကြွကြွ ဖြစ်နေခဲ့ကြတာပါ။

Photo Credit: RAVEN Blood Donor Club

Saturday, May 2, 2009

Joys over Nargis - 1

မြန်မာပြည်ရဲ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့တဲ့ နာဂစ်မုန်တိုင်း ၀င်မွှေသွားတာ အခုဆို ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီလေ။ အဲဒီအချိန် ကျွန်တော် ရန်ကုန်မှာပါ။ ယောက်လမ်းက သူငယ်ချင်းရဲ့ အိမ်မှာ တည်းခိုပြီး နာဂစ်မုန်တိုင်းကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့လိုက်ရတယ်။ သေကံမရောက် သက်မပျောက်ဆိုသလို အိမ်ထဲကို ပြိုဆင်းဝင်လာတဲ့ ကုက္ကိုပင်ကြီးက မဟော်ဂနီစားပွဲရှည်ကြီး ခံနေလို့သာ ကျွန်တော့်ခေါင်းကို ဖိမချသွားတာပါ။ မဟုတ်ရင် ခေါင်းပြားနေလောက်ပါပြီ။

မုန်တိုင်းအပြီးမှာ အပျက်အစီးတွေ များလွန်းတာကို သိပေမယ့် ယောင်ချာချာနဲ့ ဘာလုပ်ရမယ်မှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှာတော့ လုပ်စရာရှိတာတွေ လုပ်သင့်လုပ်ထိုက်တာတွေကို တဖြည်းဖြည်း လုပ်ဖြစ်ခဲ့ကြတယ်။ ရင်ဘတ်ချင်းနီးပြီး ခံစားချက်တွေတူကြတဲ့ သူငယ်ချင်းများစွာရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ကျွန်တော်တို့တတွေ နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးမွေတွေကို မျှဝေခံစားခဲ့ကြတယ်။ အဲဒီကာလမှာ စိတ်ရော ကိုယ်ရော ပင်ပန်းခဲ့တယ်။ အနှောင့်အယှက်မျိုးစုံကြောင့် စိတ်တွေ ညစ်ခဲ့ရတယ်။ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတူတကွ ကျော်လွှားဖြတ်သန်းခဲ့တယ်။

အခုချိန်မှာတော့ နာဂစ်အလွန် ပီတိများလို့ပဲ ပြောလိုက်ပါမယ်။ ပြန်လည် မျှဝေခံစားတာပါ။ တချို့ဟာတွေမှာ ကျွန်တော် ကိုယ်တိုင်ပါဝင်ခဲ့တယ်။ တချို့ဟာတွေမှာ ကျွန်တော် အဝေးရောက် ကူညီပံ့ပိုးပေးခဲ့တယ်။


နာဂစ်မုန်တိုင်းဝင်ပြီး မနက်ပိုင်းမှာ လှိုင်မြစ်တဖက်ကမ်းကို ပြန်ဖို့စက်လှေမရှိတော့လို့ သောင်တင်နေကြတဲ့ လူတွေအတွက် ကျွန်တော်တို့ သဘောင်္တစ်စင်း စီစဉ်ပေးခဲ့ပါတယ်။ ဟိုဘက်ကမ်းမှာ ကျန်ခဲ့တဲ့ မိဘဆွေမျိုး သားသမီးတွေအတွက် ရတတ်မအေးရှာ စိတ်ပူနေရရှာတဲ့ လူတွေရဲ့ သောကအပူမီးကို အထိုက်အလျောက် ကူညီဖြေရှင်း ငြိမ်းသတ်ပေးနိုင်ခဲ့လို့ ပီတိဖြစ်ခဲ့ရပါတယ်။


စစ်ပြီးကာလ မြို့ပျက်ကြီးတစ်ခုလို နေ့ချင်းညချင်း ဘ၀ပြောင်းသွားတဲ့ မြို့တော်ရန်ကုန်မှာ သောက်ရေသုံးရေ အခက်အခဲတွေ ရင်ဆိုင်လာခဲ့ရတဲ့အချိန်... ပံ့ပိုးနိုင်တဲ့ အလှူရှင်တွေကို ရှာဖွေပြီး မီးစက်ရေစက်တွေ မောင်းပြီး မြို့နယ် ၆ မြို့နယ်က ရပ်ကွက်တွေမှာ ရေပေးဝေမှုကို လနဲ့ချီပြီး လုပ်ဆောင်ခဲ့ပါတယ်။ တစ်လကို လုပ်ခလစာ ကျပ် ၂ သောင်းတောင် မရကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေ တစ်နေ့ကို သိန်းချီကုန်တဲ့ ရေအလှူကြီးကို ဖန်တီးနိုင်ခဲ့မှုဟာ ချီးကျူးစရာပါပဲ။


ဒီဇယ်၊ ဓါတ်ဆီ အပါအ၀င် မီးစက်ရေစက် အပြည့်အစုံနဲ့ နေ့စဉ်ရက်ဆက် ရေလှူပေးနေတဲ့ ကျွန်တော်တို့ရဲ့ စေတနာကို ရပ်ကွက်နေ ပြည်သူတွေရဲ့ အပြုံးတွေကို မြင်ရရုံနဲ့ နားလည် ခံစားမိမှာပါ။ လတ်တလောမှာ ကြုံနေရတဲ့ ဘ၀ဒုက္ခတွေကို မေ့ပျောက်ထားစေနိုင်တဲ့အထိ သူတို့ရဲ့ အပြုံးတွေ အရွှန်းဖောက် ဟာသတွေဟာ အစွမ်းထက်လှပါတယ်။


သောက်သုံးရေအတွက် မြစ်ရေတွေ၊ ကန်ရေတွေကို အားထားနေရတဲ့ ဘိုကလေးဘက်က ရွာတွေအတွက် ရေသန့်ဆေးပြားတွေ လှူပေးဖို့ အလှူရှင်တွေက အကူအညီ တောင်းခံတဲ့အခါ ကျွန်တော့် သူငယ်ချင်းတွေ လှိုင်းမကြောက် လေမကြောက် ရေလမ်းခရီးနဲ့ ခရီးဝေးဝေးနှင်ခဲ့ကြပါတယ်။ သွေးမတော် သားမစပ်တွေ ဖြစ်ပေမယ့် တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ ညီအစ်ကို မောင်နှမတွေအတွက် သူငယ်ချင်းတွေ စည်းလုံးခဲ့ကြတာ အားကျစရာပါပဲ။


ရွာထဲက အိမ်တွေအတွက် ရေသန့်ဆေးပြားတွေ လှူခဲ့ပေးတော့ ကျေးရွာလူထုရဲ့ တုန့်ပြန့် အပြုံးတွေဟာ ပိုက်ဆံရှိပြီး ၀ယ်စားစရာမရှိလို့ ခရီးလမ်းကြမ်းကြမ်းမှာ အစာငတ်ခဲ့တာတွေတောင် မေ့ပျောက်စေခဲ့ပါတယ်။ ရေအသက် တစ်မနက်အတွက် နေပူပူအောက် လှေငယ်လေးနဲ့ ချောင်းကြိုချောင်းကြားတလျှောက် တနေကုန် ခရီးဝေးနှင်ပြီး အပင်ပန်းခံ အဆင်းရဲခံ ကူညီခဲ့တဲ့ သူငယ်ချင်းတွေရဲ့ လူမှုရေးစိတ်ဓါတ်ကို ဂုဏ်ယူမိပါတယ်။


နူရာဝဲစွဲ ဆိုသလိုမျိုး နာဂစ်မုန်တိုင်းကြောင့် ဒုက္ခတွေ တနင့်တပိုး ခါးစည်းခံနေရချိန်... အနာရောဂါဒဏ်ကို ခံစားနေရတဲ့ ဝေဒနာသည်တွေအတွက် အခမဲ့ ဆေးကုသစခန်းတွေကို ကျေးရွာတွေအထိ ဖွင့်လှစ်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ ဆေးလောကသား သူငယ်ချင်းတွေ ကူညီရိုင်းပင်း စည်းလုံးခဲ့မှုဟာ အမှတ်တရပါပဲ။


အနာသိရင် ဆေးရှိရမယ်။ ဆေးရှိပေမယ့်လည်း ဆေးဖိုး မတတ်နိုင်တဲ့သူတွေ အများသားဆိုတော့ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလိုမျိုး... လိုအပ်တဲ့ ဆေးဝါးတွေပါ အစအဆုံး ကူညီပေးခဲ့ကြပါတယ်။ နေ့စဉ် ကုန်ကျနေတဲ့ ဆေးဖိုးကို လှူတဲ့အလှူရှင်တွေကြောင့် ဆေးဝါးအလုံအလောက် ရှိတာရယ်... ဆေးပေးဖို့ ကူညီကြတဲ့ လုပ်အားပေး ဆေးဝါးကျွမ်းကျင် သူငယ်ချင်းတွေရယ်... ထောင့်ပေါင်းစုံက ဟာကွက်မရှိခဲ့လို့ ကုသိုလ်ဖြစ် ဆေးခန်းလေး မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့တာတွေဟာ ရောဂါသည်တွေအတွက် အားရှိလှစေပါတယ်။

Photo Credit: RAVEN Blood Donor Club