ဟင်နရီဒူးနန့် Henry Dunant (၁၈၂၈-၁၉၁၀) ... သူရဲ့ အယူအဆ အမြင်တွေကြောင့် ကမ္ဘာတ၀ှမ်းလုံးမှာ ကြက်ခြေနီနဲ့လခြမ်းနီအသင်းတွေကို မွေးဖွားပေါ်ပေါက်လာစေသူ၊ ပြည့်စုံကုံလုံ ချမ်းသာတဲ့ဘ၀ကနေ အ၀တ်စုတ်စုတ်ပြတ်ပြတ်လေးနဲ့ နေခဲ့ရတဲ့ ဆင်းရဲသားဘ၀ကို ရောက်ခဲ့သူ၊ ဒါပေမယ့် ကမ္ဘာမှာ ပထမဦးဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တခြားသူတစ်ဦးနဲ့ ပူးတွဲရရှိခဲ့သူ။
၁၈၂၈ မေလ ၈ ရက်နေ့မှာ ဂျနီဗာမြို့မှာ မွေးဖွါးခဲ့တဲ့ ဟင်နရီဒူးနန့်ဟာ ဆွစ်ဇလန်နိုင်ငံက ဘာသာတရား ကိုင်းရှိုင်းပြီး သနားကြင်နာ မေတ္တာတရားတွေနဲ့ ပြည့်စုံတဲ့ မိသားစုတစ်ခုကနေ ပေါက်ဖွါးဆင်းသက်လာသူ ဖြစ်ပါတယ်။ အလယ်တန်းပညာ မပြီးဆုံးသေးခင်မှာပဲ ဒူးနန့်ဟာ ဂျီနီဗာဘဏ်မှာ အလုပ်သင်အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ၁၈၅၃ မှာ ဆွဇ်ကိုလိုနီဖြစ်တဲ့ အယ်လ်ဂျီးနီးယားက ဆာတစ်မြို့ကို အလုပ်အတွက် ခရီးထွက်ခဲ့ပါတယ်။ သူဟာ ဂျုံစက်တစ်ခုကို ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် စက်ရုံအတွက် လုံလောက်တဲ့ မြေဧရိယာ ငှားရမ်းဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ အဲဒါနဲ့ တူနီရှားကနေ လှည့်ပြန်လာခဲ့ပြီး ဂျနီဗာမြို့ကို ပြန်ရောက်ချိန်မှာ နပိုလီယန်-၃ ဘုရင်မင်းမြတ်ဆီက လုပ်ငန်းအတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေ သွားရောက် တောင်းခံမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ နပိုလီယန်-၃ ဘုရင်က အီတလီနိုင်ငံမြောက်ပိုင်းမှာ Franco-Sardinian စစ်တပ်ကြီးကို ကွပ်ကဲ အမိန့်ပေးပြီး သြစတီးယန်းတွေနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။ ဒူးနန့်က ဘုရင်ကို အဲဒီနေရာမှာ သွားရောက်တွေ့ဆုံဖို့ ထွက်လာခဲ့ပါတယ်။ အဲဒီနေရာမှာပဲ ဆိုဖာရီနိုစစ်ပွဲအကြောင်းကို အတော်လေး မျက်ဝါးထင်ထင် တွေ့ကြုံမြင်တွေ့ သိရှိခံစားလိုက်ရပါတယ်။ သူဟာ စစ်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာ ရသူများကို မိတ်ဆွေ ရန်သူ ခွဲခြားမှု မရှိဘဲ လူသားချင်းစာနာမှုနဲ့ ပြုစုပေးခဲ့ပါတယ်။ ဟင်နရီဒူးနန့်ရဲ့ ရင်ထဲမှာ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကြင်နာမှုနဲ့ တပါးတည်း စာနာမှုတွေပါ ပေါက်ဖွါးလာစေခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရနေတဲ့အခါမှာ ကယ်ဆယ်မည့်သူမရှိ ဆွေမျိုးသားချင်းတွေလည်း မရှိတဲ့ ကြေကွဲစရာမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အတွက် အဲဒီအချိန်ကာလမှာ ကွက်လပ်ဖြစ်နေတဲ့ ကြက်ခြေနီ လှုပ်ရှားမှုကို စတင် အကောင်အထည် ဖော်လာနိုင်ခဲ့ပါတယ်။
ဂျနီဗာမြို့ကို ပြန်ရောက်တဲ့အခါ ဆိုဖာရီနို သတိရဖွယ် (A Memory of Solferino) စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကနေ တဆင့် International Committee for Relief to the Wounded ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီရဲ့ ရှေ့ပြေးလေးတစ်ခုပေါ့။ အဲဒီအဖွဲ့အစည်းမှာ ဟင်နရီဒူးနန့်ဟာ အဖွဲ့ဝင်အဖြစ်အနေနဲ့ရော အတွင်းရေးမှုး တစ်ယောက်အနေနဲ့ရော တာဝန်ယူ ဆောင်ရွက်လှုပ်ရှားခဲ့ပါတယ်။
သူရဲ့ လူမှု ကရုဏာလုပ်ငန်းကြောင့် ဟင်နရီဒူးနန့်ဟာ ဥရောပတလွှားက ဘုရင်တွေ မင်းသား မြို့စားတွေ ချီးမြောက်တဲ့ ဆုတံဆိပ်တွေ အမြောက်အများ ချီးမြင့်ခံရပြီး ကျော်ကြားလာခဲ့တယ်။ ဒါပေမယ့် သူ့ဟာ စီးပွါးရေးလုပ်ငန်းတွေကို အရင်ကလို အာရုံမစိုက်နိုင်တော့တာကြောင့် စီးပွါးပျက်လာပြီး အကြွေးတွေ ပါတ်လည်ဝိုင်းနေခဲ့ပါတယ်။ ၁၈၆၇ မှာ လူမွဲစာရင်း ကြေညာခဲ့လိုက်ရတဲ့ ဘ၀ကို ရောက်သွားရပါတယ်။
ဂျနီဗာမှာ လူမွဲဖြစ်သွားတဲ့အတွက် လူအများရဲ့ ကဲ့ရဲ့ပြစ်တင် ဝေဖန်မှုတွေကြောင့် ဟင်နရီဒူးနန့်ဟာ အပြည်ပြည်ဆိုင်ရာ ကော်မတီက သူရဲ့အတွင်းရေးမှုး ရာထူးကနေ တရားဝင်နှုတ်ထွက်ဖို့ ထွက်စာ တင်ခဲ့ပါတယ်။ ၁၈၆၇ စက်တင်ဘာလ ၈ ရက်နေ့မှာ ကော်မတီက သူ့ရဲ့ အတွင်းရေးမှုးအဖြစ်ရော အဖွဲ့ဝင်အဖြစ်ရော နှုတ်ထွက်မှုကို အတည်ပြုပေးခဲ့ပါတယ်။
ဒူးနန့်ဟာ လူမြင်ကွင်းက ခုံတန်းတွေမှာ အိပ်စက်ခဲ့ရတဲ့ ဘ၀ကို ပြောင်းလဲပစ်ဖို့အတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Empress Eugénie က ဂျနီဗာကွန်ဗန်းရှင်းကို ပင်လယ်ရေပြင် စစ်ပွဲတွေမှာ ထိခိုက်ဒဏ်ရာ ရသူတွေအတွက် တိုးချဲ့ပြင်ဆင်ဖို့အတွက် တိုင်ပင်ဆွေးနွေးဖို့ ဒူးနန့်ကို Tuileries နန်းတော်ကို လာဖို့ ဆင့်ခေါ်လိုက်ပါတယ်။ နောက်ပိုင်းမှာ ဒူးနန့်ဟာ သြစတီးယား၊ ဟော်လန်၊ ဆွီဒင်၊ စပိန်နိုင်ငံ အမျိုးသား ကြက်ခြေနီအသင်းတွေရဲ့ ဂုဏ်ထူးဆောင် အဖွဲ့အ၀င် အဖြစ် သတ်မှတ် ချီးမြှောက်ခြင်း ခံရပါတယ်။
ငြိမ်းချမ်းရေးတွေ ရလာတဲ့ခေတ်မှာ ဒူးနန့်ဟာ အင်္ဂလိပ်နိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။ စစ်သုံ့ပန်းတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ပါတ်သတ်ပြီး သံတမန်ရေးရာ ညီလာခံတစ်ခုလုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အင်္ဂလန်က လက်မခံခဲ့ပါဘူး။ ဒါပေမယ့် ၁၈၇၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒူးနန့်ရဲ့ ကြိုးပမ်းမှုကြောင့် လန်ဒန်မှာ နီဂရိုးလူမည်း ကျွန်စနစ်နဲ့ ကျွန်ကုန်ကူးတဲ့စနစ်ကို တိုက်ဖျက်တဲ့ နိုင်ငံတကာ ကွန်ဂရက်တစ်ခုကို စတင်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်တွေ နောက်ပိုင်းမှာ ဒူးနန့်ဟာ အဆိုးဝါးဆုံး လောကဓံအဖြစ် ဆင်းရဲမွဲတေမှုတွေကို တွေ့ကြုံခံစားခဲ့ရပါတယ်။ သူငယ်ချင်းတွေ ပေးကမ်း ကျွေးမွေးထားတာလေးနဲ့ နေထိုင် အသက်ဆက်ခဲ့ရပြီး ဂျာမဏီ၊ အီတလီ စတဲ့နိုင်ငံတွေကို ခြေကျင်လျှောက် ခရီးသွားခဲ့ရတဲ့ အထိ ဆိုးဝါးသွားပါတယ်။
နောက်ဆုံးမှာတော့ ၁၈၈၇ မှာ ဆိုးဝါးလှတဲ့ဘ၀က ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆုံးသတ် သွားစေပါတယ်။ ဒူးနန့်ဟာ ဆွစ်နိုင်ငံ Heiden ရွာလေးမှာ အပြင်းအထန် နာမကျန်း ဖြစ်ခဲ့ပါတယ်။ အဲဒီမြို့က လူအိုရုံတစ်ခုမှာ နားခိုရာ တစ်ခုကို ရရှိပြီး ဇာတ်မြှုတ်နေထိုင် လိုက်ပါတယ်။ အဲဒီနေရာလေးမှာပဲ ဒူးနန့်ကို ဂျာနယ်လစ်ဇ် တစ်ဦးဖြစ်သူ Georg Baumberger ကတွေ့ရှိမိပြီး ပျောက်ဆုံးနေတဲ့ လူမှုကရုဏာရှင်ကို တွေ့ရှိပြီ ဆိုတဲ့အကြောင်း သတင်းတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ရက်အနည်းအငယ် အတွင်းမှာ အဲဒီသတင်းဟာ ဥရောပတလွှားမှာ ရိုက်နှိပ် ဖော်ပြကြပါတယ်။ ကရုဏာရှင် ဒူးနန့်ရဲ့ဘ၀ ညတွင်းချင်းမှာပဲ ပြောင်းလဲသွားပြီး ထင်ရှားကျော်ကြား လာခဲ့ပြန်ပါတယ်။ ၁၉၀၁ မှာ ကမ္ဘာမှာ ပထမဦးဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
၁၉၁၀ အောက်တိုဘာလ ၃၀ မှာ ကြက်ခြေနီ ဖခင်ကြီး ဟင်နရီဒူးနန့် သေဆုံးခဲ့ပါတယ်။ သူရဲ့ လူမှုကရုဏာ လုပ်ငန်းတွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ပြီး သူ့ကို နှစ်စဉ် အလေးထား ဂုဏ်ပြုခဲ့ပါတယ်။

1 comment:
မျှဝေတဲ့အတွက်ကျေးဇူးတင်ပါတယ်၊၊ That great,thanks 4 ur sharing.
Post a Comment