.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, September 28, 2014

Leaf litter management

ပြီးခဲ့တဲ့ရက်တုန်းက ရုံးကနေ လုပ်အားပေး သွားလုပ်ခဲ့တဲ့ စင်္ကာပူရဲ့ ရုက္ခဥယျာဉ်မှာ အပင်နဲ့ပတ်သက်ပြီး ပညာအတော်လေး ရလိုက်တယ်။

၁။ စင်္ကာပူ တမြို့လုံးမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေရဲ့ လားရာက အဲဒီဥယျာဉ်ကြီးဆီကိုပါ။ လူသွားစင်္ကြတလျှောက် ကြွေကျနေတဲ့ အရွက်တွေကို လူအား စက်အားနဲ့ ရှင်းလင်းပြီး စုဆောင်းထားတာဟာ ဇီဝမြေသြဇာ လုပ်ဖို့အတွက်ပါ။ အဲဒီသစ်ရွက်ခြောက်တွေကို ပလတ်စတစ်လိုမျိုး အမှိုက်သရိုက် ဖယ်ထုတ်ပြီးတဲ့နောက် အပင်တွေရဲ့ ခြေရင်းမှာ ပါးပါးလေး ဖြန့်ခင်းပြီး ဇီဝမြေသြဇာ ဖြစ်အောင် လုပ်ကြတယ်။

၂။ အဲဒါအပြင် ဥယျာဉ်ထဲမှာ ရှိတဲ့ ရေကန်တွေထဲက ရေမှော်ပင်တွေကို ဆယ်ထုတ်ပြီး အပင်ခြေရင်း ရွက်ခြောက်တွေရဲ့အပေါ်မှာ ထပ်ပြီး ဖြန့်အုပ်တယ်။ အပင်ရဲ့ အမြစ်တွေကို ရသလောက် ဖုံးအုပ်ကာပေးထားတယ်။ အဲဒါက ရေဓါတ်ရအောင်နဲ့ အပင်ရဲ့အမြစ်တွေကို အပူဒဏ် ကာကွယ်နိုင်အောင် လုပ်တာတဲ့။ မြေလွှာရဲ့ ရေဓါတ် ထိမ်းသိမ်းမှုလည်း အားကောင်းစေတယ်။

၃။ အဲဒီလို ရွက်ခြောက်တွေ ရေမှော်ပင်တွေကို ဖြန့်အုပ်တဲ့အခါ ပင်စည်နဲ့တော့ ကပ်မထားပါဘူး။ ပင်စည်အရင်းကနေ ၆ လက်မလောက် ခွါပြီး ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပင် အသက်ရှူရ ခက်မှာ စိုးလို့တဲ့။

၎။ နောက်တခုက ဓါတ်မြေသြဇာ ကျွေးပုံ။ အပင်ကို ဓါတ်မြေသြဇာ ကျွေးပြီးပြီးချင်း ရေလောင်းဖို့ လိုတယ်တဲ့။ မဟုတ်ရင် အဲဒီဓါတ်မြေသြဇာတွေက မြေပေါ်မှာပဲ တင်ကျန်နေပြီး စုတ်ယူစားသုံးမယ့် အပင်ရဲ့ အမြစ်တွေဆီအထိ မရောက်တော့ပဲ မြေပေါ်မှာတင် အငွေ့ပျံသွားနိုင်ပြီး လေ့လွင့်ပျက်ဆီးကုန်မယ်တဲ့။ ဒါကြောင့် အပင်ကို ဓါတ်မြေသြဇာ ကျွေးပြီးတာနဲ့ အဲဒီနေရာကို ရေလောင်းပေးဖို့ သတိရကြပါ။

၅။ မြေသြဇာ ထည့်တဲ့အခါမှာလည်း ပင်စည်အနားတဝိုက်မှာ ကပ်မထည့်ပါဘူး။ အပင်ရဲ့ ပင်စည်ကနေ ခပ်ဝေးဝေး ၂ ပေလောက်အကွာ ပတ်ပတ်လည်မှာပဲ မြေသြဇာ ထည့်တယ်။ ပင်စည်နဲ့ ကပ်ရပ်ထည့်ရင် အမြစ်တွေက အပျင်းထူပြီး အပင်ရဲ့ ခပ်ဝေးဝေးကို အမြစ်တွေ ဖြန့်ကျက်မနေတော့ပဲ အဲဒီအနားလေးက မြေသြဇာကိုပဲ ကပ်စားနေလိ့မ်မယ်။ အဲဒါကြောင့် မြေလွှာတွင်းမှာ အမြစ်ကုတ်အား နည်းလာနိုင်တယ်။ အပင်နဲ့ ခပ်ဝေးဝေးမှာ မြေသြဇာ ထည့်ထားရင် အပင်တွေက အမြစ်တွေကို အဲဒီနေရာအထိ ရောက်အောင် ဆန့်ထုတ်ပြီး မြေဆီတွေကို စားသုံးလိမ့်မယ်။ အဲဒါမှ အမြစ်တွေရဲ့ ဖြန့်ကျက်အား ကောင်းလာပြီး အပင်တွေဟာ လေဒဏ်မိုးဒဏ် ခံနိုင်ရည် ရှိလာမယ် ဆိုပဲ။ အပင်တွေလည်း အပျင်းထူတယ် ဆိုတာ သိလာရတယ်။

အဲဒီနေ့က ရွက်ခြောက်တွေထဲက အမှိုက်တွေကို ဖယ်ပြီး ပီနန်အိတ်ကြီးထဲမှာ စုထည့်ပေးနေတဲ့ တရုတ်အဖိုးကြီးဆီကနေ အဲဒီအိတ်တွေကို Trolley နဲ့ သွားသယ်ရတယ်။ Trolley ပေါ်မှာ လူ ၃ ယောက် မယူရတဲ့ အိတ်ကြီး ၃ အိတ် တင်ယူပြီး အပင်တွေ ခြေရင်းကို သယ်လာပေးရတယ်။ ပြီးရင် အဲဒါတွေကို အပင်ခြေရင်းမှာ ပါးပါးလေး ဖြန့်ခင်းရတယ်။ အတော်လေး ထူနေတဲ့ နေရာတွေကို ပြန်ပါးအောင် တံမြက်စည်းနဲ့ ညှိယူရတယ်။ အဲဒါတွေ ပြီးရင် ကန်ဘောင်ဘေးမှာ စုထားတဲ့ ရေမှော်ပင်တွေကို Trolley နဲ့ သွားယူပြီး အပင်ရဲ့ အမြစ်တွေပေါ်မှာ ပါးပါးလေး ဖြန့်ခင်းရတယ်။ အဲဒီအလုပ်မှာ အပင် ၁၀ ပင်စာအတွက် စုစုပေါင်း အချိန် ၂ နာရီခွဲ ကုန်တယ်။ လွယ်သယောင်ယောင်နဲ့ အချိန် အတော်ကုန်ပါတယ်။

Tuesday, July 22, 2014

Say something about Red Cross

ပြောချင်လွန်းလို့ ပြောပါရစေ... ငြင်းကြပေတော့ တမုန်း....

နိုင်ငံကျော်မင်းသားနဲ့ သတင်းထောက်မမတို့ နှစ်ဦးပူးပေါင်းတင်ဆက်တဲ့ အပြင်းစားရိုက်ချက်ရဲ့ ဂယက်ကတော့ အခုချိန်ထိ ဘောင်ဘင်ခတ်နေဆဲပါပဲ။ အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာတခုမှ မပြောခင် တခုတော့ ကြိုပြောရမယ်။ ဘယ်သူဘယ်ဝှါ ဖြစ်လို့ အမြဲမှန်တယ် အမြဲမှားတယ်လို့ ကြိုတင် စာတန်းထိုး တံဆိပ်ကပ်တာမျိုး ကျွန်တော် လုပ်လေ့လုပ်ထ မရှိကြောင်း ကြိုတင်ပြောချင်ပါတယ်။

ဖြစ်သွားတဲ့ကိစ္စမှာ သူ့ဘက်ကိုယ့်ဘက် ကြည့်ရင် ... ငါ မှန်တယ် သူ မှားတယ်လို့ အပြန်အလှန် ငြင်းကြမှာပါပဲ။ ကြက်ခြေနီတွေလည်း ကြက်ခြေနီကို ထိလို့ ဆတ်ဆတ်ခါ နာကြတယ်။ သတင်းမီဒီယာဘက်က မှန်တယ်လို့ ထင်တဲ့သူတွေ ရှိကြမယ်။ သေချာတာကတော့ ဒေါသကို အခြေခံပြီး အပြန်အလှန် ရေးကြသားကြတဲ့အခါ အမုန်းမီးတောက်တွေ လောင်ကျွမ်းပြီး ကိုယ်တိုင် ပူလောင်ကြတာပါပဲ။

အခုခေတ်ကြီးမှာ မင်းသားမင်းသမီး အလှမယ်တွေ ပရဟိတ အလုပ် လုပ်တာ အဆန်း မဟုတ်ပါဘူး။ အဲဒီမင်းသားက ပေါ်ပင် ထ လုပ်တာမျိုး မဟုတ်တာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ သူ့လို တိုင်းသိပြည်သိ မင်းသားက ကြက်ခြေနီ အဖွဲ့အစည်းမှာ စည်းရုံးရေးမှုးအနေနဲ့ စေတနာ့ဝန်ထမ်းသဘောမျိုး ဝင်ကူတော့ အဖွဲ့အစည်းအတွက်လည်း အားဖြစ်တာ အမှန်ပါပဲ။

အာဇာနည်နေ့မှာ မင်းသားအနေနဲ့ သူ့ကို တာဝန်ပေးထားတဲ့ အပိုင်းကို အကောင်အထည် ဖော်တာဖြစ်တဲ့အတွက် သူ မမှားပါဘူး။ ဒါဆို သတင်းထောက်မမ မှားသလားဆိုတော့... သူလည်း မမှားပြန်ဘူး။ ကြက်ခြေနီဝတ်စုံနဲ့ လူက လုံခြုံရေး စစ်ဆေးတဲ့ အလုပ်မျိုး လုပ်တာကို လက်မခံနိုင်တာလည်း သဘာဝကျပါတယ်။ အဲဒီဖြစ်စဉ်မှာ ကြက်ခြေနီအလုပ်ကို ကြက်ခြေနီ မလုပ်ရပဲ တခြားမဆိုင်တဲ့အလုပ်တွေကို လုပ်ခိုင်းထားတဲ့ တာဝန်ချထားမှုက အဓိက အမှားပါပဲ။ ကြက်ခြေနီရဲ့ အဓိက လုပ်ငန်းအစိတ်အပိုင်းက အဲဒီပွဲမှာ ထိခိုက် အနာတရ ဖြစ်လာတဲ့သူတွေကို ရှေးဦးပြုစုပေးဖို့ပဲ ဖြစ်သင့်ပါတယ်။ First Aid Cover ပေးဖို့ပဲ ဖြစ်ရမှာပါ။ ပေးထားတဲ့ တာဝန်တွေဟာ ကြက်ခြေနီရဲ့ အခြေခံမူ ၇ ချက်ကို မသွေဖီမယ့် တာဝန်မျိုးတွေပဲ ဖြစ်ရပါတယ်။

အဲဒီမှာ ပြောစရာ ရှိလာနိုင်ပါတယ်။ တခြားနေရာတွေမှာရော မကူညီရဘူးလား။ ဒီလောက် လူအများကြီး လာတာကွာ.... မင်းတို့ ကြက်ခြေနီက ဆေးပုံးပိုက်ပြီး ငုတ်တုပ်လေး ထိုင်နေကြမှာလား ပေါ့။ ကျွန်တော့်အဖြေကတော့... တခြားနေရာတွေမှာ တခြားလုပ်စရာတွေရှိရင် တခြားလူတွေကို တာဝန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကြက်ခြေနီတပ်ဖွဲ့တခုပဲ အာဇာနည်ကုန်းပေါ်မှာ တာဝန်ချထားတာ မဟုတ်ပါဘူး။ အရံမီးသတ် ရှိပါတယ်။ အရင်တုန်းက လူမှုရေးအဖွဲ့အစည်း အဖြစ် ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးအသင်းသားတွေ ရှိပါတယ်။ သူတို့ကို တာဝန်ပေးလို့ ရပါတယ်။

7Day မီဒီယာရဲ့ သတင်းအောက်မှာ ရေးထားတဲ့ မှတ်ချက်တခု ဖတ်လိုက်ရပါတယ်။ ကြက်ခြေနီဆိုတာ တာဝန်ပေးရင် လုံခြုံရေးလည်း လုပ်သင့် လုပ်ရမှာပဲ... စစ်တိုက်သင့်ရင် တိုက်ရမှာပဲတဲ့။ ကြက်ခြေနီ ဆိုတာ ဘာလဲ ဆိုတာကို လုံးဝ နားမလည် မသိတဲ့ လူငယ်တယောက်ရဲ့ မှတ်ချက်စကားလို့ပဲ မြင်မိပါတယ်။ ဒါပေမယ့် သူရဲ့ မှတ်ချက်က ဘာကို ပြနေသလဲ ဆိုတော့ ကြက်ခြေနီဆိုတာ ဘာလဲ ဆိုတာ မသိတဲ့သူတွေ ရှိနေကြောင်း ဆိုတာ အထင်အရှားပါပဲ။

ကြက်ခြေနီ ဆိုတဲ့ အနီရောင် အပေါင်းလက္ခဏာမှာ လေးနက်တဲ့ အနက်အဓိပ္ပါယ်ရှိပါတယ်။ စစ်ပွဲအတွင်းမှာ ဆိုရင် ကြက်ခြေနီ အမှတ်အသားဟာ "Don't Shoot" မပစ်ပါနဲ့ ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ကြက်ခြေနီဆိုတာ ဘယ်ဘက်ကိုမှ မပါဝင်ပဲ ဘက်မလိုက်ပဲ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီကို ပေးမယ့် အဖွဲ့အစည်းဖြစ်တယ်လို့ နားလည်ရပါမယ်။ ကြက်ခြေနီ အမှတ်အသားပါတဲ့ အဆောက်အဦး မော်တော်ယာဉ်နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ အားလုံးဟာ ကြက်ခြေနီအမှတ်အသားရဲ့ အကာအကွယ်ပေးမှုကို အပြည့်အဝ ရရှိမှာပါ။ အဲဒီလို ကာကွယ်ပေးမှုကို ရထားတဲ့သူကို စစ်ထဲဝင်တိုက်ခိုင်းမယ် ဆိုတာမျိုးကတော့ အလွဲသုံးစား လုပ်တာမျိုး ဖြစ်သွားပါပြီ။

ဖွတ် မိကျောင်းဖြစ် မြစ် မချမ်းသာ ဆိုတာ တကယ်ကို မှန်တာပါ။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ကြက်ခြေနီကို တလွဲအသုံးချခံရတာ ကြာခဲ့ပါပြီ။ နိုင်ငံတော်ရဲ့ အရံအင်အားဆိုပြီး တပ်မတော်နေ့မှာ စစ်ကြောင်းလျှောက်ခိုင်းတာက အဆိုးဆုံးပါပဲ။ ကြက်ခြေနီဆိုတာ လက်နက်ကိုင်တပ်တွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ဘုန်းကြီးနဲ့ ဘီးလိုပါပဲ။

ဒါတွေပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ရန်ကုန်မှာ ဗုံးတွေ ပေါက်တုန်းကဆို ... ညဉ့်နက်ပိုင်း ကင်းလှည့်တဲ့ ရဲကားပေါ်မှာ ကြက်ခြေနီတွေလည်း ရဲတွေနဲ့ အတူ လိုက်ရပါတယ်။ ကားလမ်းပေါ်မှာ ကားတွေကို တားပြီး စစ်ဆေးတဲ့ နေရာမျိုးမှာလည်း စာရင်းမှတ်ဖို့ ခေါ်သုံးပါတယ်။ စစ်တိုင်းမှုး ညပိုင်းကင်းလှည့်မှာ ဖြစ်လို့ ရဲတွေနဲ့အတူ ကြက်ခြေနီ မီးသတ်တွေဟာ တိုင်းမှူးကင်းလှည့်မယ့် လမ်းဘေးတလျှောက် ကင်းပုန်းဝပ်ပေးရပါတယ်။ တိုင်းမှူးရဲ့ ကား... ကိုယ့်မြို့နယ်ကို ဖြတ်ပြီးတော့မှ တန်းဖြုတ် အိမ်ပြန်ကြရတယ်။ ပြီးတော့ ဧည့်စာရင်း စစ်တဲ့နေရာမှာလည်း ခေါ်သုံးပြန်တယ်။ ဖွဲ့စည်းပုံအရ မြို့နယ်ကြက်ခြေနီတပ်ရင်းရဲ့ တပ်ရင်းမှူးဟာ မြို့နယ်ရဲမှုး ဖြစ်တဲ့အတွက် ရဲလုပ်ငန်းတွေမှာ ကြက်ခြေနီတွေ ပေါ်တာဆွဲခံခဲ့ရတာပါ။

ကြက်ခြေနီရဲ့ အဓိကအလုပ်က လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကြက်ခြေနီနဲ့ မဆိုင်တာကို လုပ်နေရတဲ့ ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့အစည်းကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကျရာတာဝန်ကို ကျရာကဏ္ဍကနေ လုပ်ပေးနေရပါတယ်။ အဲဒါကို ကြိုက်တာလည်း ရှိသလို မကြိုက်တာလည်း ရှိကြတယ်။ အမုန်းခံပြီး ပြောတဲ့သူ ရှိသလို... ဖြစ်ချင်ရာ ဖြစ် ဆိုပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်နေတဲ့သူလည်း ရှိကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား ဆိုတာ ကြက်ခြေနီဌာနချုပ်က လူကြီးမင်းများ အသိဆုံးပါပဲ။

သီတဂူဆရာတော်ကြီး ဟောခဲ့တဲ့ တရားထဲကလိုမျိုး... လက်ဆော့တဲ့ မျောက်တွေ လက်ထဲ ဥယျာဉ်ကြီး မအပ်မိအောင်... လုပ်သင့်တာတွေ လုပ်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ တိုင်းပြည်မှာ လူမှန် နေရာမှန် ဖြစ်ကြသလား ဆိုတာကို ပြန်လည် ဆန်းစစ်ပြီး ပြုပြင်သင့်တာတွေကို ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်ဖို့ အထူး လိုအပ်နေပါပြီ။ မဆိုင်တာတွေကို မလုပ်ပဲ ကိုယ်နဲ့ ဆိုင်တာကိုပဲ အထူးကျေပွန်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ကဲ... ကြက်ခြေနီ ဘာလဲ ဘယ်လဲ။ =)

Saturday, April 19, 2014

Lesson Learn from Bol Bachchan

မနေ့က ကြည့်လိုက်ရတဲ့ ကုလားကားမှာ မှတ်သားစရာလေး တခုကို သတိထားမိတယ်။ ရွာ ၂ ရွာကြားမှာ ရှေးဟောင်းဘုရားကျောင်းတခုရှိပေမယ့် ရွာလူကြီးတွေက မတည့်တော့ ဘုရားကျောင်းထဲကို ဘယ်သူကိုမှ ပေးမဝင်ပဲ သော့ခတ်ထားတယ်။ 

မင်းသားက အဲဒီဘုရားကျောင်းနား ရောက်တဲ့အချိန် ကလေးတယောက်က ဘုရားကျောင်းအတွင်းဘက်က အုတ်တံတိုင်းပေါ် တက်ဆော့ပြီး ဘုရားကျောင်းဝင်းထဲက ရေကန်ထဲကို ခြေချော်ပြုတ်ကျတယ်။ ရေမကူးတတ်တဲ့ ကလေးကို ကယ်ဖို့ လူတွေက အုတ်တံတိုင်းကို ကျော်တက်ဖို့ ကြိုးစားပေမယ့် အုတ်တံတိုင်းက မြင့်တဲ့အပြင် သံဆူးကြိုးတွေ ကာထားတော့ ကြိုးစားပေမယ့် အရာမရောက်ဖြစ်နေတယ်။ မင်းသားက ကျောက်ခဲကြီးကြီးတလုံး ရှာပြီး သော့ခလောက်ကို ထုဖျက် ဖွင့်လိုက်ပြီး ကလေးကို သွားကယ်တာပေါ့။ (အဲဒီ ရေထဲပြုတ်ကျတဲ့ ကလေးက ဘယ်ဘက်ကနေ ဘယ်လိုဝင်ပြီး အတွင်းအုတ်တံတိုင်းပေါ် ရောက်နေတာလဲ ဆိုတာ ရုပ်ရှင်ထဲမှာ မပြထားပါ။)

အဲဒီနောက် ၂ ဘက်ရွာက ရွာလူကြီးတွေ ရောက်လာပြီး ထုံးစံအတိုင်း ထိုးကြရိုက်ကြတာပေါ့။ ဘုရားလူကြီးတွေက ဖြစ်ကြောင်းကုန်စင် ပြောပြတော့ ရွာလူကြီးတဦးက မင်းသားကို သဘောကျပြီး မင်းနာမည် ဘယ်လို ခေါ်လဲ မေးတယ်။ အဲဒီရွာလူကြီးက သူ့ကို လိမ်ညာပြောတာကို လုံးဝ မကြိုက်တဲ့ ရွာလူကြီးလို့ နာမည်ကြီးတဲ့သူ။ လိမ်တဲ့ညာတဲ့ သူတွေကိုလည်း ရက်ရက်စက်စက် ပညာပေးတတ်တယ် ဆိုတာ မင်းသားလည်း သိသလို မင်းသားရဲ့ ရွာခံသူငယ်ချင်းလည်း သိတယ်။ ဒါပေမယ့် မင်းသားက သူ့နာမည်ကို လိမ်ပြောခဲ့တယ်။ မင်းသားနာမည် အစစ်အမှန်က အာဘတ်စ်အလီ။ မွတ်စလင်နာမည်ပေါ့။ အဲဒီတုန်းက သူလိမ်ပြောလိုက်တဲ့ နာမည်က ဘာဂျမ်းပါ။ နောက်ဆုံးမှာတော့ သူတို့ လိမ်ထားတယ်ဆိုတာကို ရွာလူကြီးက သိသွားပြီး သူတို့ကို ပညာပေးတော့တယ်။ မင်းသားတို့က ထွက်ပြေးတော့ သူ့တပည့် လူမိုက်တွေနဲ့ ဆော်ပလော်တီးဖို့ လိုက်ကြတာပေါ့။

ရွာလူကြီးနဲ့ မင်းသားက ၂ ဦးသား တွေ့တဲ့အခန်းမှာ မင်းသားက ပြောတယ် "ငါလိမ်ချင်လို့ လိမ်တာ မဟုတ်ဘူး။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ ကြားထဲမှာ ငါ လိမ်သင့်လို့ လိမ်ပြောခဲ့တာပါ။ မင်းစဉ်းစားကြည့်လေ... ဗလီတခုရဲ့ တံခါးကို ဖျက်ဆီးဝင်သွားပြီး မင်းဟာ ခရစ်ယာန်တယောက်ပါလို့ လူကြားထဲမှာ ပြောရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။ အဲဒီလိုပဲ ငါဟာလည်း ဟိန္ဒူဘုရားကျောင်းတံခါးကို ဖျက်ဆီးဝင်လိုက်တဲ့ မွတ်ဆလင်တယောက် ဖြစ်နေတယ် ဆိုတာ ဒီလို လူအုပ်ကြီးကြားထဲမှာ ဘယ်လို ပြောလို့ ဖြစ်မလဲ..." တဲ့။

သင်ခန်းစာအနေနဲ့ ထိရှလွယ်တဲ့ကိစ္စရဲ့ နောက်ဆက်တွဲကို ကြိုတွေးမြင်တတ်ပြီး လုပ်သင့်တာကို လုပ်ခဲ့တာလေးတခုကို သဘောကျမိကြောင်းပါ။

ဒါနဲ့ ရုပ်ရှင်ကားနာမည်က Bol Bachchan ပါတဲ့ ခင်ဗျာ။