.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Red Cross. Show all posts
Showing posts with label Red Cross. Show all posts

Monday, May 9, 2016

Note for Ko Zaw

မနေ့က ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အနေနဲ့... နာဂစ်ဝင်ပြီးနောက် လှိုင်မြစ်ကမ်းနားဘက်ကို ကူညီ ကယ်ဆယ်ရေး ဆင်းဖို့ ထွက်လာတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေရဲ့ ပုံလေး FB မှာ တင်ဖြစ်တယ်။ အဲဒီထဲမှာ ပါတဲ့ ညီငယ်တယောက်က အဲဒီဓါတ်ပုံကို မြင်ပြီး လာပြောတယ်....

"ကိုကြီးရေ.... ကိုဇော် မရှိတော့ဘူး။ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ဆုံးသွားပြီတဲ့..."

ကိုဇော်ဆိုတာ ကျွန်တော်တို့ထက် ငယ်ပါတယ်။ ပျော်ပျော်နေတတ်တယ်။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံး လုပ်နေတတ်တယ်။ ။ ကျောင်း ဆက်မတက်တော့ပဲ သူ့ယောက်ဖရဲ့ ကားဝပ်ရှော့မှာ အလုပ် လုပ်တယ်။ အဝတ်အစားကို ကောင်းကောင်းမွန်မွန် ဝတ်လေ့မရှိဘူး။ ဘောင်းဘီပွပွကြီနဲ့ တီရှပ်အဟောင်း ဝတ်ပြီး ဟိုသွားဒီသွား လုပ်နေတာကို တွေ့ရလိမ့်မယ်။

ကိုဇော်က ကြက်ခြေနီတပ်ဖွဲ့မှာ တပ်ကြပ်ကြီး ၃ ရစ်နဲ့ လူမှုရေး တာဝန်ကို စေတနာနဲ့ ထမ်းဆောင်ပါတယ်။ လူမှုရေးလုပ်ငန်းတွေမှာ အားကိုးရသလို... လူကြီးသူမတွေကိုလည်း ရိုသေသမှုရှိတယ်။ လူကြီးတွေ ရှေ့ကနေ ဖြတ်လျှောက်ရင် ခေါင်းလေးငုံ့ ခါးလေးကိုင်းပြီး လျှောက်တယ်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲမှာလည်း ကူညီလေ့ရှိတယ်။

နာဂစ်မုန်တိုင်း ဝင်သွားပြီးတဲ့နောက် သောက်ရေသုံးရေနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ မြို့ကြီးမှာ ထူးကုမ္ပဏီနဲ့ ပေးတဲ့ အကူအညီနဲ့ သောက်ရေသုံးရေ ဖြန့်ဝေပေးတဲ့ အလုပ်ကို ရန်ကုန်ထဲက မြို့နယ်အချို့မှာ လုပ်ပေးဖြစ်တယ်။ ကိုဇော်က အဲဒီအထဲက မြို့နယ်တခုအတွက် ရေစက်မောင်း၊ ဒီဇယ်ဆီဝယ်၊ ရေပေးဝေရေး အကုန်လုံးအတွက် ရက်ပေါင်းအတော်ကြာကြာ တာဝန်ယူ လုပ်ကိုင်ပေးခဲ့ဖူးတယ်။ သူတို့တတွေသာ ဝိုင်းမကူပေးရင် မြို့နယ် ၄ ခု ၅ ခုမှာ ရေပေးဝေဖို့ကိစ္စဟာ ကျွန်တော်တို့အတွက် အတော်ကို ခေါင်းပူခေါင်းခြောက်ရမယ့်ကိစ္စပါပဲ။

အခုတော့ ဆုံးပြီ။ အရက်ကြောင့် ရတဲ့ ရောဂါတွေနဲ့ သူ ဆုံးပြီ။

သူနဲ့တွေ့တဲ့ နောက်ဆုံးအခေါက်မှာ ပြောဖူးတယ်။ "ကိုဇော်... မင်း ညနေတိုင်း သောက်နေတယ်လို့ ငါကြားတယ်နော်။ အဲဒီလို ဆက်လုပ်နေရင် မင်းအတွက် မကောင်းဘူးနော်" လို့။

"ဟုတ် အစ်ကို... ကျွန်တော်က နည်းနည်းလေးပဲ သောက်တာပါလို့..." စပ်ဖြဲဖြဲနဲ့ ပြန်ဖြေတယ်။
အခုတော့ ကိုဇော် သွားနှင့်ပြီ။ အရက်က သူ့ကို နိုင်သွားပြီ။ ကူညီတတ်တဲ့ စိတ်ကောင်းရှိတဲ့ ကိုဇော်... ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ပါစေ။

ဒါကြောင့် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကိုလည်း စေတနာနဲ့ သတိပေးချင်တယ်။ သောက်တဲ့အကျင့်ရှိတဲ့ လူတွေကို ဆက် မသောက်ဖို့ စေတနာနဲ့ တားချင်တယ်။ နည်းနည်းလေးပါ ဆိုပြီး အများကြီးတွေ ဖြစ်လာရတယ်။ အစ မလုပ်တာ အကောင်းဆုံးပါပဲ။

အရက်ကို မသောက်ပဲ နေနိုင်ရင်... မသောက်ကြပါနဲ့။ သောက်နေတဲ့ လူတွေကလည်း ဖြစ်နိုင်ရင် ဖြတ်ဖို့ ကြိုးစားကြပါ။ အကောင်းစားတွေ မသောက်နိုင်လို့ဆိုပြီး တွေ့ရာနေရာမှာ ခွက်ပုန်းတွေ ခုတ်မနေကြပါနဲ့။ အကျိုးရှိတဲ့ လုပ်ရပ်တွေနဲ့ပဲ ဘဝကြီးကို ဖြတ်သန်းကြပါလို့ ပြောချင်ပါတယ်။

Tuesday, July 22, 2014

Say something about Red Cross

ပြောချင်လွန်းလို့ ပြောပါရစေ... ငြင်းကြပေတော့ တမုန်း....

နိုင်ငံကျော်မင်းသားနဲ့ သတင်းထောက်မမတို့ နှစ်ဦးပူးပေါင်းတင်ဆက်တဲ့ အပြင်းစားရိုက်ချက်ရဲ့ ဂယက်ကတော့ အခုချိန်ထိ ဘောင်ဘင်ခတ်နေဆဲပါပဲ။ အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာတခုမှ မပြောခင် တခုတော့ ကြိုပြောရမယ်။ ဘယ်သူဘယ်ဝှါ ဖြစ်လို့ အမြဲမှန်တယ် အမြဲမှားတယ်လို့ ကြိုတင် စာတန်းထိုး တံဆိပ်ကပ်တာမျိုး ကျွန်တော် လုပ်လေ့လုပ်ထ မရှိကြောင်း ကြိုတင်ပြောချင်ပါတယ်။

ဖြစ်သွားတဲ့ကိစ္စမှာ သူ့ဘက်ကိုယ့်ဘက် ကြည့်ရင် ... ငါ မှန်တယ် သူ မှားတယ်လို့ အပြန်အလှန် ငြင်းကြမှာပါပဲ။ ကြက်ခြေနီတွေလည်း ကြက်ခြေနီကို ထိလို့ ဆတ်ဆတ်ခါ နာကြတယ်။ သတင်းမီဒီယာဘက်က မှန်တယ်လို့ ထင်တဲ့သူတွေ ရှိကြမယ်။ သေချာတာကတော့ ဒေါသကို အခြေခံပြီး အပြန်အလှန် ရေးကြသားကြတဲ့အခါ အမုန်းမီးတောက်တွေ လောင်ကျွမ်းပြီး ကိုယ်တိုင် ပူလောင်ကြတာပါပဲ။

အခုခေတ်ကြီးမှာ မင်းသားမင်းသမီး အလှမယ်တွေ ပရဟိတ အလုပ် လုပ်တာ အဆန်း မဟုတ်ပါဘူး။ အဲဒီမင်းသားက ပေါ်ပင် ထ လုပ်တာမျိုး မဟုတ်တာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ သူ့လို တိုင်းသိပြည်သိ မင်းသားက ကြက်ခြေနီ အဖွဲ့အစည်းမှာ စည်းရုံးရေးမှုးအနေနဲ့ စေတနာ့ဝန်ထမ်းသဘောမျိုး ဝင်ကူတော့ အဖွဲ့အစည်းအတွက်လည်း အားဖြစ်တာ အမှန်ပါပဲ။

အာဇာနည်နေ့မှာ မင်းသားအနေနဲ့ သူ့ကို တာဝန်ပေးထားတဲ့ အပိုင်းကို အကောင်အထည် ဖော်တာဖြစ်တဲ့အတွက် သူ မမှားပါဘူး။ ဒါဆို သတင်းထောက်မမ မှားသလားဆိုတော့... သူလည်း မမှားပြန်ဘူး။ ကြက်ခြေနီဝတ်စုံနဲ့ လူက လုံခြုံရေး စစ်ဆေးတဲ့ အလုပ်မျိုး လုပ်တာကို လက်မခံနိုင်တာလည်း သဘာဝကျပါတယ်။ အဲဒီဖြစ်စဉ်မှာ ကြက်ခြေနီအလုပ်ကို ကြက်ခြေနီ မလုပ်ရပဲ တခြားမဆိုင်တဲ့အလုပ်တွေကို လုပ်ခိုင်းထားတဲ့ တာဝန်ချထားမှုက အဓိက အမှားပါပဲ။ ကြက်ခြေနီရဲ့ အဓိက လုပ်ငန်းအစိတ်အပိုင်းက အဲဒီပွဲမှာ ထိခိုက် အနာတရ ဖြစ်လာတဲ့သူတွေကို ရှေးဦးပြုစုပေးဖို့ပဲ ဖြစ်သင့်ပါတယ်။ First Aid Cover ပေးဖို့ပဲ ဖြစ်ရမှာပါ။ ပေးထားတဲ့ တာဝန်တွေဟာ ကြက်ခြေနီရဲ့ အခြေခံမူ ၇ ချက်ကို မသွေဖီမယ့် တာဝန်မျိုးတွေပဲ ဖြစ်ရပါတယ်။

အဲဒီမှာ ပြောစရာ ရှိလာနိုင်ပါတယ်။ တခြားနေရာတွေမှာရော မကူညီရဘူးလား။ ဒီလောက် လူအများကြီး လာတာကွာ.... မင်းတို့ ကြက်ခြေနီက ဆေးပုံးပိုက်ပြီး ငုတ်တုပ်လေး ထိုင်နေကြမှာလား ပေါ့။ ကျွန်တော့်အဖြေကတော့... တခြားနေရာတွေမှာ တခြားလုပ်စရာတွေရှိရင် တခြားလူတွေကို တာဝန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကြက်ခြေနီတပ်ဖွဲ့တခုပဲ အာဇာနည်ကုန်းပေါ်မှာ တာဝန်ချထားတာ မဟုတ်ပါဘူး။ အရံမီးသတ် ရှိပါတယ်။ အရင်တုန်းက လူမှုရေးအဖွဲ့အစည်း အဖြစ် ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးအသင်းသားတွေ ရှိပါတယ်။ သူတို့ကို တာဝန်ပေးလို့ ရပါတယ်။

7Day မီဒီယာရဲ့ သတင်းအောက်မှာ ရေးထားတဲ့ မှတ်ချက်တခု ဖတ်လိုက်ရပါတယ်။ ကြက်ခြေနီဆိုတာ တာဝန်ပေးရင် လုံခြုံရေးလည်း လုပ်သင့် လုပ်ရမှာပဲ... စစ်တိုက်သင့်ရင် တိုက်ရမှာပဲတဲ့။ ကြက်ခြေနီ ဆိုတာ ဘာလဲ ဆိုတာကို လုံးဝ နားမလည် မသိတဲ့ လူငယ်တယောက်ရဲ့ မှတ်ချက်စကားလို့ပဲ မြင်မိပါတယ်။ ဒါပေမယ့် သူရဲ့ မှတ်ချက်က ဘာကို ပြနေသလဲ ဆိုတော့ ကြက်ခြေနီဆိုတာ ဘာလဲ ဆိုတာ မသိတဲ့သူတွေ ရှိနေကြောင်း ဆိုတာ အထင်အရှားပါပဲ။

ကြက်ခြေနီ ဆိုတဲ့ အနီရောင် အပေါင်းလက္ခဏာမှာ လေးနက်တဲ့ အနက်အဓိပ္ပါယ်ရှိပါတယ်။ စစ်ပွဲအတွင်းမှာ ဆိုရင် ကြက်ခြေနီ အမှတ်အသားဟာ "Don't Shoot" မပစ်ပါနဲ့ ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ကြက်ခြေနီဆိုတာ ဘယ်ဘက်ကိုမှ မပါဝင်ပဲ ဘက်မလိုက်ပဲ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီကို ပေးမယ့် အဖွဲ့အစည်းဖြစ်တယ်လို့ နားလည်ရပါမယ်။ ကြက်ခြေနီ အမှတ်အသားပါတဲ့ အဆောက်အဦး မော်တော်ယာဉ်နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ အားလုံးဟာ ကြက်ခြေနီအမှတ်အသားရဲ့ အကာအကွယ်ပေးမှုကို အပြည့်အဝ ရရှိမှာပါ။ အဲဒီလို ကာကွယ်ပေးမှုကို ရထားတဲ့သူကို စစ်ထဲဝင်တိုက်ခိုင်းမယ် ဆိုတာမျိုးကတော့ အလွဲသုံးစား လုပ်တာမျိုး ဖြစ်သွားပါပြီ။

ဖွတ် မိကျောင်းဖြစ် မြစ် မချမ်းသာ ဆိုတာ တကယ်ကို မှန်တာပါ။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ကြက်ခြေနီကို တလွဲအသုံးချခံရတာ ကြာခဲ့ပါပြီ။ နိုင်ငံတော်ရဲ့ အရံအင်အားဆိုပြီး တပ်မတော်နေ့မှာ စစ်ကြောင်းလျှောက်ခိုင်းတာက အဆိုးဆုံးပါပဲ။ ကြက်ခြေနီဆိုတာ လက်နက်ကိုင်တပ်တွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ဘုန်းကြီးနဲ့ ဘီးလိုပါပဲ။

ဒါတွေပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ရန်ကုန်မှာ ဗုံးတွေ ပေါက်တုန်းကဆို ... ညဉ့်နက်ပိုင်း ကင်းလှည့်တဲ့ ရဲကားပေါ်မှာ ကြက်ခြေနီတွေလည်း ရဲတွေနဲ့ အတူ လိုက်ရပါတယ်။ ကားလမ်းပေါ်မှာ ကားတွေကို တားပြီး စစ်ဆေးတဲ့ နေရာမျိုးမှာလည်း စာရင်းမှတ်ဖို့ ခေါ်သုံးပါတယ်။ စစ်တိုင်းမှုး ညပိုင်းကင်းလှည့်မှာ ဖြစ်လို့ ရဲတွေနဲ့အတူ ကြက်ခြေနီ မီးသတ်တွေဟာ တိုင်းမှူးကင်းလှည့်မယ့် လမ်းဘေးတလျှောက် ကင်းပုန်းဝပ်ပေးရပါတယ်။ တိုင်းမှူးရဲ့ ကား... ကိုယ့်မြို့နယ်ကို ဖြတ်ပြီးတော့မှ တန်းဖြုတ် အိမ်ပြန်ကြရတယ်။ ပြီးတော့ ဧည့်စာရင်း စစ်တဲ့နေရာမှာလည်း ခေါ်သုံးပြန်တယ်။ ဖွဲ့စည်းပုံအရ မြို့နယ်ကြက်ခြေနီတပ်ရင်းရဲ့ တပ်ရင်းမှူးဟာ မြို့နယ်ရဲမှုး ဖြစ်တဲ့အတွက် ရဲလုပ်ငန်းတွေမှာ ကြက်ခြေနီတွေ ပေါ်တာဆွဲခံခဲ့ရတာပါ။

ကြက်ခြေနီရဲ့ အဓိကအလုပ်က လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကြက်ခြေနီနဲ့ မဆိုင်တာကို လုပ်နေရတဲ့ ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့အစည်းကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကျရာတာဝန်ကို ကျရာကဏ္ဍကနေ လုပ်ပေးနေရပါတယ်။ အဲဒါကို ကြိုက်တာလည်း ရှိသလို မကြိုက်တာလည်း ရှိကြတယ်။ အမုန်းခံပြီး ပြောတဲ့သူ ရှိသလို... ဖြစ်ချင်ရာ ဖြစ် ဆိုပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်နေတဲ့သူလည်း ရှိကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား ဆိုတာ ကြက်ခြေနီဌာနချုပ်က လူကြီးမင်းများ အသိဆုံးပါပဲ။

သီတဂူဆရာတော်ကြီး ဟောခဲ့တဲ့ တရားထဲကလိုမျိုး... လက်ဆော့တဲ့ မျောက်တွေ လက်ထဲ ဥယျာဉ်ကြီး မအပ်မိအောင်... လုပ်သင့်တာတွေ လုပ်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ တိုင်းပြည်မှာ လူမှန် နေရာမှန် ဖြစ်ကြသလား ဆိုတာကို ပြန်လည် ဆန်းစစ်ပြီး ပြုပြင်သင့်တာတွေကို ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်ဖို့ အထူး လိုအပ်နေပါပြီ။ မဆိုင်တာတွေကို မလုပ်ပဲ ကိုယ်နဲ့ ဆိုင်တာကိုပဲ အထူးကျေပွန်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ကဲ... ကြက်ခြေနီ ဘာလဲ ဘယ်လဲ။ =)

Sunday, August 28, 2011

Save 54 lives



သြဂုတ်လ ၂၈ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၈ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။
သွေးလှူပွဲတွေ လုပ်ရင်း တခါတည်း သွေးလှူဖြစ်တာ ဒါနဲ့ဆို ၅ ကြိမ်မြောက် ရှိသွားပါပြီ။
အလုပ် မအားတဲ့သူတွေ များသွားလို့ ဒီတခေါက် သွေးလှူပွဲကတော့ လူနည်းပါတယ်။

Saturday, July 16, 2011

Radio for Blood Mobile Organizer





သွေးလှူပွဲတွေ ကျင်းပပြုလုပ်တဲ့ လူတွေကို စင်္ကာပူကြက်ခြေနီက အမှတ်တရလက်ဆောင်အနေနဲ့ ပေးလိုက်တဲ့ ရေဒီယိုလေးပါ။

Sunday, May 15, 2011

Save 51 lives



မေလ ၁၅ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၇ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။
သွေးလှူပွဲတွေ လုပ်ရင်း တခါတည်း သွေးလှူဖြစ်တာ ဒါနဲ့ဆို ၄ ကြိမ်မြောက် ရှိပြီပေါ့။

Sunday, February 20, 2011

Oh! My Valentine



စင်္ကာပူက သွေးဘဏ်မှာ တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို လုပ်ဖြစ်ခဲ့တယ်။ ပထမအကြိမ်က သြဂုတ်လ ဂ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တာပါ။ သွေးအိတ်ပေါင်း ၇၀ လှူဒါန်းနိုင်ခဲ့တယ်။ ဒုတိယအကြိမ်က နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တယ်။ သွေးအိတ်ပေါင်း ၇၆ အိတ် လှူဒါန်းနိုင်ခဲ့တယ်။ အခုတခါကတော့ တတိယအကြိမ်မြောက်ပေါ့။ သွေးလှူရှင် ၉၀ ပတ်ဝန်းကျင် လာရောက် လှူဒါန်းပါတယ်။ ဒါပေမယ့် ဆေးမအောင်တာတို့၊ သွေးပေါင်တက်နေတာတို့၊ သံဓါတ် အားနည်းနေတာတို့ ရှိတဲ့အတွက် ၉၀ တော့ ပြည့်မယ် မထင်ပါဘူး။ သွေးဘဏ်က သွေးအိတ်စာရင်း ပြန်ပို့ပေးတာကို စောင့်ကြည့်ရမှာပေါ့။

Oh! My Valentine..... ဆိုတာကတော့ ဒီနေ့ ဒူးရင်းသီးထဲမှာ သွားကြည့်ခဲ့တဲ့ Wind Orchestra ရဲ့ ပွဲအမည်ခေါင်းစဉ်လေးပါ။ သွေးလှူတဲ့ ရက်နဲ့ တိုက်ဆိုင်လို့ ပို့စ်ခေါင်းစဉ်ကို အဲဒီအတိုင်းပဲ ပေးလိုက်တာပါ။ အထွေအထူး ဘာမှ မရှိပါဘူး။ ဗိုလ်ချုပ်မွေးနေ့မှာ သွေးလှူပွဲ လုပ်ဖြစ်ခဲ့ရင်တော့ အဲဒီလိုအမည် မပေးဖြစ်တာ သေချာပါတယ်လေ။

ဒီနေ့ပွဲကို လာရောက်ကူညီပေးတဲ့ ဘလော့ဂါရီနိုမာန်နဲ့ စီပုံး-မဟူရာမင်းသားကြီး ကောင်ကောင်မိုတို့ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ဖြည့်စွက်ချက်... သွေးလှူဘဏ်က သွေးယူနစ်ပေါင်း ၇၅ ယူနစ် ရရှိတဲ့အကြောင်း အကြောင်းပြန်ပါတယ်။

Sunday, December 5, 2010

Youth Donor Camp 2010



ခရစ်စမတ်ပိတ်ရက်မှာ အချိန်လေးများ ပေးနိုင်ရင် စင်္ကာပူကြက်ခြေနီက ဖွင့်လှစ်တဲ့ Youth Donor Camp 2010 ကို လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အသက် ၁၆ နှစ်ကနေ အသက် ၃၀ နှစ်ကြား မည်သူမဆို တက်ရောက်နိုင်ပါတယ်။ စင်္ကာပူမှာ နေတဲ့သူဆိုရင်တော့ ဒေါ်လာ ၂၀ ဝင်ကြေးပေးရပါမယ်။ အဲဒီ ဒေါ်လာ ၂၀ က မနက်စာ၊ နေ့လည်စာ၊ ညစာအတွက်ပါ အပြီးအစီး စရိတ်ငြိမ်းပါ။ သွေးလှူတာနဲ့ပတ်သက်တဲ့ အမြင်တွေ ဖလှယ်ကြမယ်။ အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေ ဆွေးနွေးကြမယ်။

ဝင်ခွင့်လျှောက်လွှာကို ဒီနေရာမှာ ယူနိုင်ပါတယ်။ အဲဒီလျှောက်လွှာကို ဖြည့်ပြီးရင် Ms Chin Li Peng, lipeng.chin@redcross.org.sg ဆီကို မေးလ်ပို့လိုက်ပါ ခင်ဗျာ။

Sunday, November 28, 2010

Saved 45 lives



နိုဝင်ဘာလ ၂၈ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၅ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။

Sunday, November 21, 2010

The Donation Medallion


Blood Donation Milestones


Medallion for the 5th Donation


Medallion for the 10th Donation

စင်္ကာပူမှာ သွေးလှူခဲ့တာ ၁၄ ကြိမ် ရှိခဲ့ပြီးပါပြီ။ ဒီတစ်ခေါက် လှူရင်တော့ ၁၅ ကြိမ်ပေါ့။ အရင်တုန်းကတော့ ၂၅ ကြိမ်မြောက် သွေးလှူပြီးရင် စင်္ကာပူကြက်ခြေနီက ကြေးတံဆိပ် ချီးမြှင့်ပါတယ်။ ဒါပေမယ့် ဒီနှစ်က စပြီး ၅ ကြိမ်မြောက်နဲ့ ၁၀ ကြိမ်မြောက် သွေးလှူထားပြီးတဲ့သူတွေကိုလည်း အမှတ်တရ ဂုဏ်ပြုတံဆိပ်တွေ ပေးအပ် ချီးမြှင့်ဖို့ စီစဉ်နေတယ်ဆိုတာ ကြားသိထားခဲ့ပေမယ့် ဆုတံဆိပ်တွေ ပေးတာကို တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ၅ ကြိမ်မြောက်နဲ ၁၀ ကြိမ်မြောက် သွေးလှူဒါန်းမှုအတွက် အမှတ်တရ ဂုဏ်ပြုတံဆိပ်တွေကို လာယူဖို့အတွက် ရှေ့အပတ်ထဲမှာ စင်္ကာပူကြက်ခြေနီက SMS ပို့တာနဲ့ သွေးဘဏ်မှာ သွားယူခဲ့ပါတယ်။ သွေးလှူရှင်တွေရဲ့ အရေးပါမှုကို တုန့်ပြန် အသိအမှတ်ပြုပေးတဲ့အတွက် နှစ်ထပ်ကွမ်း ပီတိဖြစ်မိပါတယ်။

ကျန်းမာရေး ကောင်းမွန်နေသရွေ့၊ သွေးလှူဖို့ အရည်အချင်း ပြည့်မိနေသရွေ့ ပုံမှန်သွေးလှူဒါန်းသွားဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော်အတွက် အားသစ်တစ်ခု ဖြစ်စေခဲ့တာ အမှန်ပါပဲခင်ဗျာ။

Monday, August 30, 2010

Publication for YF2010

အရင်လိုမျိုး အချိန်သိပ်မပေးနိုင်တာနဲ့ အခုနှစ်မှာ စနေ တနင်္ဂနွေ ၂ ရက်ရှိတဲ့အထဲက တနင်္ဂနွေတစ်ရက်ပဲ လုပ်အားပေးခဲ့တယ်။ ဒါတောင် ညနေပိုင်းလေး တစ်ပိုင်းပဲ ၃ နာရီကနေ ၇ နာရီအထိ ဝင်ကူပေးနိုင်တာမျိုးပါ။ လုပ်အားပေးမယ့် သူငယ်ချင်းတွေကို စမ်းမားဆက်ဘူတာမှာ နေ့လည် ၂ နာရီခွဲအရောက် ဆုံကြဖို့ ချိန်းလိုက်တယ်။ စုရပ်ကို ၃ နာရီ မထိုးခင် အရောက်သွားရမှာပါ။ စုရပ်ကို ၃ နာရီမထိုးခင် ရောက်တော့ ကြက်ခြေနီတီရှပ်တွေ ထုတ်ပေးတယ်။ အဲဒီ တီရှပ်တွေ လဲဝတ်ပြီးတော့ သွေးပုံစံအရုပ်ထဲကို ဝင်မယ့်သူ ၂ ယောက်ကို ရွေးထုတ်ရတယ်။

သွေးလှူပွဲကို လူသိများအောင် လုပ်ပေးဖို့အတွက် ကျွန်တော်တို့ရွှေအဖွဲ့ကို ၃ ဖွဲ့ ခွဲထုတ်လိုက်တယ်။ ယောကျာ်းလေး ၃ ယောက်ပါတဲ့ အဖွဲ့က လက်ကမ်းစာစောင်တွေ ဝေဖို့ အောချက်ကနေ စီးတီးဟောဘက်ကို ထွက်သွားခဲ့တယ်။ ကျန်တဲ့ ၂ ဖွဲ့က သွေးစက်အရုပ်ကြီးတွေနဲ့ အောချက်လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေ ဝေရတာပေါ့။ အရုပ်နဲ့ ဓါတ်ပုံတွဲရိုက်တာလည်း လုပ်ပေးရတယ်။ စလုံးမလေးတွေက အရုပ်ကြီးနဲ့ ဖက်ပြီး ဓါတ်ပုံရိုက်ကြတယ်။ အရုပ်ထဲမှာ ၀င်ထားတာ ယောကျာ်းလေးလား မိန်းမလေးလား မသိကြရှာဘူး။ သိလည်း သိပ်ပြီးတော့ ပြဿနာ ရှိဟန် မတူပါဘူး။

တညနေလုံး အောချက် လမ်းပေါ် ဟိုဟိုဒီဒီ လျှောက်ပြီး ညနေ ၅ နာရီလောက်မှာ စမ်းမားဆက် ဘူတာနားက ရှော့ပင်းမောလ်ကြီး ရှေ့မှာပဲ စခန်းချပြီး လက်ကမ်းစာစောင် ဝေငှရေး လုပ်ကြတယ်။ အဖွဲ့ထဲမှာ ပါလာတဲ့ ရွှေမမနှစ်ယောက်က ဟိုနားခဏ ဆိုပြီး ထွက်သွားတာ အတော်ကြာမှ ပြန်ရောက်လာတယ်။ အပေါ့အပါး ခဏသွားတာ ထင်မိတာပေါ့။ အမှန်ကတော့ ရှော့ပင်းမောလ်ထဲက ဆွဲဆောင်အား ကောင်းလွန်းတဲ့ ဆိုင်ထဲက အဝတ်အထည်တွေရဲ့ ညှို့ဓါတ်ကို မခံနိုင်ပဲ ပါသွားရှာတာပါ။

နေညိုချိန် တိမ်တောက်တဲ့အခါ အော့ချက်လမ်းမှာပေါ်မှာ ကိုဇူလိုင်တို့ သူငယ်ချင်းတသိုက်တွေ ဝေမျှပေးခဲ့တာ လက်ကမ်းစာစောင်တွေပါ။ ညနေခင်းတလျှောက် ဓါတ်ပုံရိုက်ပေးရတာ မျက်လုံးရော လက်ပါ ညောင်းပါတယ်။ လက်ကမ်းစာစောင် ဝေပေးတဲ့သူတွေလည်း စိတ်ဝင်စားတဲ့သူတွေကို အာညောင်းခံပြီး သေသေချာချာ ရှင်းပြကြပါတယ်။ ကြည်ဖြူသူ ရှိသလို ငြိုငြင်တဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ ည ၇ နာရီမှာ ပတ်ခွါစာ ဖျာလိပ်ပြီး ကိုယ့်အသိုက်ဆီ အသီးသီး ပြန်ခဲ့လိုက်ပါတယ်။


Orchard လမ်းပေါ်မှာ Blood Buddy Mascot အရုပ်ကြီးကို
လက်ဆွဲနှုတ်ဆက်တဲ့ ကလေးငယ်လေး။

Friday, August 27, 2010

YF 2010



Youth Donor Club - Singapore ရဲ့ ၄ ကြိမ်မြောက် သွေးလှူဒါန်းပွဲဖြစ်တဲ့
စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့မှာ အချိန်ပေးနိုင်ရင် သွေးလှူကြရအောင်...

Wednesday, June 16, 2010

WBDD 2010 - 02

World Blood Donor Day 2010 အခမ်းအနားက ကြိုက်မိတဲ့ ဓါတ်ပုံတချို့ကို ဝေမျှပေးချင်ပါတယ်...


စင်္ကာပူကြက်ခြေနီက စူစန်နဲ့ ရံပုံငွေအတွက် ရောင်းတဲ့ ဝက်ဝံရုပ်ကလေး။


စင်္ကာပူကြက်ခြေနီက ဓါတ်ပုံဆရာလည်း လက်ဆောင်အရုပ်ကြီးရလို့ ပျော်နေရှာတယ်။


အခမ်းအနားမှူးက သွေးသွင်းကုသမှု ခံယူနေရတဲ့သူတစ်ဦးပေါ့။


YDC ကလည်း Blood Mobile Organizer ဆုကို လက်ခံရရှိခဲ့ပါတယ်။

Monday, June 14, 2010

WBDD 2010 - 01

World Blood Donor Day 2010 အခမ်းအနားက ကြိုက်မိတဲ့ ဓါတ်ပုံတချို့ကို ဝေမျှပေးချင်ပါတယ်...


ဆိုင်းဘုတ်ကြီးကို ကိုင်ပြီး နေပူအောက်မှာ ဟိုလျှောက် ဒီလျှောက်...


ထမင်းစားချိန်မှာ အနားယူနေတဲ့ နတ်လမ်းညွှန်တွေလို့ ပြောရမလားပဲ။


ဂုဏ်ပြုခံသွေးလှူရှင်တွေကို နေရာချထားပေးနေတဲ့ လုပ်အားပေး ကျောင်းသူလေး။

Medal for Life Award ဂုဏ်ပြုပေးအပ်နေတာပါ။

Sunday, May 9, 2010

Mother day blood drive



ဘဝမှာ ပထမဦးဆုံး စီစဉ်ဖြစ်တဲ့ စုပေါင်းသွေးလှူပွဲလေးပါ။ စင်္ကာပူက သွေးဘဏ်မှာ မေလ ၉ ရက်နေ့ ၂၀၁၀ အမေများနေ့ အထိမ်းအမှတ်အနေနဲ့ ဘာသာရေးအသင်းအဖွဲ့တစ်ခုက အမေကို ချစ်ကြတဲ့ ရွှေမြန်မာတွေ စုပေါင်း သွေးလှူဒါန်းဖြစ်ခဲ့တယ်။ မနက် ၉ နာရီခွဲမှာ စခဲ့တဲ သွေးလှူပွဲဟာ နေ့လည် ၁၂ နာရီမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သွေးလှူရှင် စုစုပေါင်း ၃၅ ယောက် လာရောက် သွေးလှူဒါန်းကြပေမယ့် ၃ ယောက်က ဟေမိုဂလိုဗင် မပြည့်တာကြောင့် လှူလို့ မရတဲ့အတွက် ၃၂ ယောက်ပဲ သွေးလှူဖြစ်ခဲ့ပါတယ်။

သွေးလှူပွဲမှာ အစစ အရာရာ အဆင်ပြေအောင် စီစဉ်ပေးတဲ့ စင်္ကာပူကြက်ခြေနီက တာဝန်ခံမန်နေဂျာကိုလည်း ကျေးဇူးတင်ပါတယ်။ သွေးလှူရှင်များကို ဂရုတစိုက်ရှိလှတဲ့ သွေးဘဏ်က သူနာပြုဆရာမတွေ အထူးသဖြင့် မြန်မာသူနာပြုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သွေးဘဏ်မှာ သွေးလာလှူကြတဲ့ သွေးလှူရှင်များနဲ့ ပွဲဖြစ်မြောက်အောင် စုစည်းစီစဉ်တဲ့ ကိုသန့်ဇင်ကျော်၊ ရှမ်းကြီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပွဲအစအဆုံး လာရောက်ကူညီသွားတဲ့ မဟူရာပြုံးအလှပိုင်ရှင် ကောင်ကောင်မိုကိုလည်း ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

Wednesday, May 5, 2010

Time is flying quickly

အခုတလော မအားတာမှ အတော်ကို မအားတာပါ။ ပြောပြန်ရင်လည်း ယုံကြမှာ မဟုတ်ဘူး။ မိုးလင်းကနေ မိုးချုပ် အချိန်တွေ ဘယ်လိုဘယ်ပုံ ကုန်သွားမှန်းကို မသိဘူး။ မနက်မိုးလင်း မျက်လုံးနှစ်လုံး ပွင့်တာကနေ ညသန်းခေါင် မျက်လုံးနှစ်လုံး ပိတ်သွားတဲ့အချိန်အထိ ဟိုလုပ် ဒီလုပ်နဲ့ တစ်ယောက်တည်းနဲ့ အလုပ်တွေ ရှုပ်နေတယ်။ အချိန် စီမံခန့်ခွဲမှု ညံ့တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။

"နင်တို့ စကာင်္ပူက လူတွေ အတော်ကြီး အားကြတယ်။ ကြည့်လိုက်ရင် စီပုံးတွေမှာ တနေကုန်ပဲ။ အလုပ်ရော လုပ်ကြလားလို့"... မေးတဲ့ သူကိုတောင် မဆီမဆိုင် သတိရမိသေးတယ်။ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ရွှေအိုရောင် အတိတ်တွေကို ပြန်လည်လွမ်းဆွေးမိတယ်။ အလုပ်ထဲကနေ ဘလော့လည်း ရေးလို့ရတယ်။ ဖိုရမ်တွေလည်း ရေးတယ်။ ဘလော့ရေးဖို့တောင် အချိန်ပေးနိုင်ရင် ဖတ်ဖို့ကတော့ ပြောမနေနဲ့တော့။ ရုံးမှာ အချိန်တွေများ မကုန်နိုင်လွန်းလို့ မနည်းကို ဖြုန်းတီးနေခဲ့ရတယ်။

အခုများတော့ ရုံးမှာ အလုပ်တွေက အတော်များတယ်။ ရာထူးနဲ့ လုပ်ပိုင်ခွင့် တိုးပေးခံထားရတယ်။ ဒါကြောင့် တာဝန်ယူရတာလည်း ပိုများလာတယ်။ ရုံးချိန်အတော်များများက အစည်းအဝေးတွေနဲ့ပဲ ကုန်သွားရတယ်။ တချို့အလုပ်တွေက ညဘက်အိမ်ရောက်မှပဲ လုပ်နေရတယ်။ လက်အောက်ငယ်သား ရအောင် ဆိုပြီး အဖွဲ့မှာ လူသစ်တွေ ခန့်ပေးထားတော့ လောလောဆယ်မှာ သူတို့ကို သင်ပေးနေရတယ်။ လခလည်း တိုးပေးမယ် ဆိုတော့ အလုပ်မှာ ပိုကြိုးစားပြရတာပေါ့။

အိမ်မှာလည်း ရာထူးတိုးသွားတယ်။ အရင်လို အားအားလျားလျား နေလို့ မရဘူး ဖြစ်နေတယ်။ ညစာကို အိမ်မှာပဲ ချက်တာဆိုတော့ ဟင်းချက်ဖို့အတွက် ဈေးဝယ်ထွက်ရသေးတယ်။ ဟိုလိုလို ဒီလိုလို တိုလိုမိုလီတွေ လုပ်ရတာနဲ့ အချိန်ကုန်ပြန်တယ်။ ကျန်းမာရေးအတွက် ညစာစားပြီးရင် အိမ်နားတဝိုက် လမ်းလျှောက်ဖို့လည်း လုပ်ရသေးတယ်။ အိမ်မှာလည်း အချိန်ကုန်တာ အတော်မြန်တယ်။ ရုံးချိန်ပြင်ပက အချိန်တွေရဲ့ တဝက်မှာ အတ္တဟိတတွေ နေရာယူထားရှာတယ်။

အတ္တဟိတနဲ့အတူ ပရဟိတအလုပ်လည်း လုပ်ဖြစ်တယ်။ စစ်ကိုင်းတောင်ရိုး အာရုဏ်ဆွမ်းအလှူအတွက် အလှူငွေ ကောက်ပေးဖို့ တာဝန်ယူထားတယ်။ ရန်ကုန်က လူငယ်အဖွဲ့တွေနဲ့ အလှူတွေ တောက်လျှောက် စီစဉ်နေရတယ်။ ရွာသာကြီးက စိတ်ကျန်းမာရေးဆေးရုံနဲ့ သုခရိပ်မြုံဂေဟာမှာ အလှူတွေ လုပ်ဖြစ်နေတယ်။ တချို့ဟာတွေက အစအဆုံး တာဝန်ယူတာမျိုး မဟုတ်ပဲ လိုအပ်တာတွေကို ညှိနှိုင်း အကြံပေးတာလောက်ပါပဲ။ စင်္ကာပူကြက်ခြေနီက အစည်းအဝေးတွေလည်း တက်ဖို့ အချိန်ပေးရသလို သွေးလှူပွဲတွေ စီစဉ်ဖို့လည်း ရှိပြန်တယ်။ ဒီလိုနဲ့ အချိန်တွေက အတော်ကို အကုန်မြန်သွားတယ်။

ဒါကြောင့် ကျွန်တော်ဇူလိုင် တကယ်ကို မအားတာပါ။ စာရေးဖို့အတွက်တောင် အချိန်တွေ ရှာမရဖြစ်နေတယ်။ အလည်တခေါက် လာရောက် ဖတ်ရှုသွားတဲ့ ရွှေဧည့်သည်များကို ကျေးဇူးတင် အားနာလျှက်... အမှန်တကယ် မအားတာကို မအားတာလို့ပဲ ရိုးရိုးသားသား မြင်ပေးကြပါလို့ ပြောလိုက်ချင်ပါတယ်။

Saturday, March 27, 2010

Appreciation Night


ဂုဏ်ပြုလက်မှတ် ၁၆ ခု...


ကော်မတီဝင်တချို့...


အစဉ်အဆက် ဥက္ကဌများ...


ဂုဏ်ပြုလက်မှတ် ပေးအပ်စဉ်...

Thursday, March 25, 2010

A founding member



Hi JULY,

We like to acknowledge you as a founding member of YDC and would like to invite you to receive a Certificate of Appreciation which is awarded in recognition of your previous commitment and contributions to the development of the Youth Donor Club in Singapore.

The Appreciation Ceremony will be held at the recreation room in the Bloodbank@HSA this Saturday, 27th March from 4.30pm to 7.30pm. This is held in conjunction with the handing over of the 5th to the 6th committee. The election of the Vice President will also be conducted.

I apologise for the late invitation and hope that you can find time to come and meet up with friends, both old and new. You are also most welcome to bring along your partner or friends to the event.

Attire for this event is smart casual. Shorts and slippers are discouraged. (must look good in photo)

Please confirm your attendance with Li Peng at 62200183 or lipeng.chin@redcross.org.sg

See you this Saturday.

Best regards
Cecilia Tan
Director, Blood Donor Recruitment Programme
Singapore Red Cross
11 Outram Road, Bloodbank@HSA
Health Sciences Authority
Singapore 169078


ဇူလိုင်တစ်ယောက် ကြွားတာတွေ များနေပြီလို့လည်း မထင်ကြပါနဲ့။ ကြွားချင်စရာ ကောင်းလောက်အောင် ထူးချွန်နေတာလည်း မဟုတ်ပါဘူး။ နိုင်ငံတကာမှာ မြန်မာပြည်သားတွေ မညံ့ကြောင်း သိစေချင်ရုံလေးပါ။

Monday, March 22, 2010

Dear Yesterday - 13

မနေ့က အလုပ် လုပ်စရာ ရှိပေမယ့် သွေးလှူရှင်အသစ်တွေ ရှိနေတာနဲ့ အပြင်ထွက်ဖြစ်တယ်။ အိပ်ရာကနေ ၈ နာရီခွဲလောက် ထပြီး သူငယ်ချင်းတွေနဲ့ အိမ်နားကဆိုင်မှာ မနက်စာ ထွက်စားတယ်။ ချိန်းထားတဲ့ အနီလိုင်းက တောအုပ်ဘူတာကို ၁၀ နာရီကျော်လောက် ရောက်အောင် လာခဲ့တယ်။ သွေးလှူရှင်အသစ် နှစ်ယောက်ထဲမှာ ဖိုးဝရုပ်တစ်ယောက်က ဘလော့ဂါပါပဲ။ အစိမ်းလိုင်းကနေ သွေးလှူရှင်အသစ် တစ်ယောက် လာမယ်ဆိုလို့ သွေးဘဏ်ရှိတဲ့ ဘူတာကိုပဲ ချိန်းလိုက်တယ်။ စုစုပေါင်း သွေးလှူရှင်အသစ် ၃ ယောက်ပေါ့။

မနေ့က သွေးဘဏ်မှာ သွေးလှူတဲ့သူ အတော်များတယ်။ သွေးဖောက်ခန်းထဲမှာ ကုတင်မအားလို့ အပြင်မှာ ထိုင်စောင့်နေရတယ်။ စောင့်နေရင်းနဲ့ ရေငတ်လာလို့ ရေသောက်ဖြစ်တယ်။ အဲကွန်းကလည်း အေးတော့ သေးလည်း ခဏခဏ ပေါက်ဖြစ်တယ်။ သွေးဘဏ်မှာ သွေးလှူရှင်အသစ်တွေ သွေးလှူတာကို စောင့်ရင်း သေးပေါက်ဖြစ်တဲ့ ဇာတ်လမ်းပေါ့။ စောင့်ရတာ ကြာလွန်းတဲ့အခါ သောက်လိုက် ပေါက်လိုက် သံသရာလည်ပြီး အအေးဒဏ် မခံနိုင်တော့လို့ သူငယ်ချင်းနဲ့အတူ ဆေးရုံဝင်းထဲ ဟိုလျှောက် ဒီလျှောက် လေ့လာရေး ဆင်းခဲ့လိုက်တယ်။ စင်္ကာပူအထွေထွေကုဆေးရုံ အဆောင်တွေထဲ သူငယ်ချင်းကို ဟိုပြ ဒီပြ ဆရာကြီး လုပ်ခဲ့တာပေါ့။

သွေးလှူပြီးတော့ တစ်အုပ်တစ်မကြီး ရွှေတွေ ပျော်မွေ့ရာ ပင်နီဇူလားပလာဇာကို ချီတက်ခဲ့တယ်။ တချို့က သူငယ်ချင်းတွေနဲ့ ချိန်းထားလို့၊ တချို့ကတော့ မြန်မာထမင်းဟင်း စားမလို့၊ ကျွန်တော်ကတော့ ငွေလွှဲမလို့။ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် စင်္ကာပူက အလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို ရန်ကုန်ကို လွှဲပေးဖြစ်ခဲ့လိုက်တယ်။ ငွေလွှဲဈေးက ၇၁၃ကျပ်ပဲပေးလို့ အများကြီး လွှဲမှာပါလို့ ပြောလိုက်မှပဲ ၇၁၅ကျပ်ကို တိုးပေးတယ်။ စုစုပေါင်း ကောက်ခံရရှိထားတာက ၁၄၆၈ ဒေါ်လာပါ။ ၂ ဒေါ်လာ စိုက်ပြီး ၁၄၇၀ ဖြစ်အောင် လုပ်လိုက်တယ်။

ငွေလွှဲပြီးတော့ ဗိုက်ဆာတာနဲ့ ဝင်းမြန်မာမှာပဲ နေ့လည်စာ စားလိုက်တယ်။ ထမင်းစားပြီးတော့ စီပုံးမင်းသား မဟူရာချစ်ကောင်း ရောက်လာတာနဲ့ ဘူဂစ်ဘက်ကို ချီတက်ကြတယ်။ ဘူဂစ် မရောက်ခင် စင်္ကာပူအမျိုးသား စာကြည့်တိုက်ထဲ ဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ကြသေးတယ်။ အမှတ်တရ ခြေရာတွေ အငွေ့အသက်တွေ ချန်ခဲ့သေးတာပေါ့။ ဘူဂစ်ဘက်ကို ရောက်သွားတော့ ဝယ်ချင်နေတဲ့ အားကစားပစ္စည်းက ရှာမရဘူး။ တီဗွီမှာ ကြော်ငြာတုန်းက ဘူဂစ်မှာ ရတယ်လို့ စာတန်းထိုးထားတာပဲ။ အဲဒါနဲ့ ဟိုဆိုင်ဝင် ဒီဆိုင်ကြည့် ဟိုငေး ဒီငမ်း ရလဒ်ကတော့ ခြေထောက်တွေလည်း နာလှပေါ့။ နောက်ဆုံးတော့ ကွမ်ရင်ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီး အိမ်ပြန်လာခဲ့လိုက်တယ်။

မနေ့က အိမ်ပြန်ရောက်တော့ ညစာ စားဖို့ ဟင်းမချက်ထားလို့ သူငယ်ချင်းတွေက ထမင်းသုတ်ပေးတယ်။ ကျွန်တော်ကတော့ အီးမေးလ် စစ်နေလိုက်တယ်။ အဲဒီမှာ စလုံးကြက်ခြေနီ သွေးဌာနက အီးမေးလ်တစ်စောင် ရောက်နေတာနဲ့ ဖွင့်ကြည့်လိုက်တော့ သွေးလှူရှင်အဖွဲ့ရဲ့ လူငယ်သံအမတ်ဌာနလေးမှာ ကော်မတီဝင်အဖြစ် တာဝန်ယူပေးဖို့ ရွေးထားကြောင်း ရေးထားတယ်။ ဒီနှစ်အတွက် ရွေးထားတာ စုစုပေါင်း ၅ ဦး၊ စလုံး-မလေး တစ်ယောက်၊ စလုံးတရုတ် သုံးယောက်၊ ရွှေတရုတ် တစ်ယောက်။ အဲဒီလိုနဲ့ ငါးဦးကော်မတီဝင် ဖြစ်သွားတယ်။

မနေ့က ဒီဘလော့ရဲ့ ဟစ်ကောင့်လည်း ၁ သိန်း ကျော်သွားတယ်။ စာကောင်းကောင်း မရေးဖြစ်တာလည်း ကြာပါပြီ။ အလုပ်များတာလည်း ပါသလို အပြင်အလုပ်တွေလည်း ရှုပ်နေတာလည်း ပါတယ်။ ကျန်းမာရေးဘက် အချိန်ပေးရသလို တယောက်သောသူကိုလည်း အချိန်ပေးဖြစ်တယ်။ ဟိုလုပ် ဒီလုပ် ဟိုရှုပ် ဒီရှုပ်နဲ့ ဘလော့မှာ ဓါတ်ပုံတွေ တင်ပြီး ကဗျာမပီ စာမမှီလေးနဲ့ ယောင်ချာချာ လုပ်နေတာလည်း ကြာလှပါပြီ။ မနုဿီဟတွေ လက်သီးပုန်းတွေ တိုက်ပွဲခေါ်သံတွေကြားမှာ အကြည်ဓါတ်တွေ ပျောက်နေလို့ စာမရေးတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်... လာလည်နေသေးတဲ့ ရွှေဧည့်သည်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

မနေ့ကပေါ့...

Sunday, February 28, 2010

Saved 36 lives



ဒီနေ့ စင်္ကာပူမှာ ၁၂ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။ ငယ်သူငယ်ချင်းနဲ့ အလုပ်တူကြတဲ့ မြန်မာပြည်က လူငယ်တွေကိုလည်း သွေးလှူဖို့အတွက် တခါတည်း ခေါ်သွားလိုက်တယ်။ သွေးလှူရှင်အသစ် လေးယောက် ခေါ်လာတာ နှစ်ယောက် လှူခွင့်ရခဲ့တယ်။ တစ်ယောက်က ကြွက်သားတွေကြီးပြီး သွေးကြောပျောက်နေလို့ မလှူခဲ့ရဘူး။ နောက်တစ်ယောက်က ဟေမိုဂလိုဗင် အားနည်းလို့ မလှူရပြန်ဘူး။

သွေးလှူပြီးတော့ ပင်နီဇူလား သွားပြီး လေယာဉ်လက်မှတ် ဝယ်လိုက်တယ်။ အဲဒီလက်မှတ်က မြန်မာပြည်ကို အလည်ပြန်တာ ဖြစ်နိုင်သလို အပြီးပြန်တာလည်း ဖြစ်သွားနိုင်တယ်။ လက်မှတ်ဝယ်ပြီး အထွက် နုချောကြီး ရီနိုမာန်နဲ့တောင် တွေ့ခဲ့သေးတယ်။ မာမီကွမ်း(ခင်ဦးမေ) စီပုံးထဲက နာမည်ကျော် ဒန့်သလွန်သီးမင်းသား မဟူရာကောင်မို ညွှန်းတဲ့ ဖိနပ်ဆိုင်တွေဘက်လည်း ရောက်ခဲ့ပြန်တယ်။ သူညွှန်းတဲ့ ဆိုင်မှာ ဖိနပ်ပုံစံတွေက ဂေါ်လွန်းအားကြီးလို့ မဝယ်ဖြစ်ခဲ့ဘူး။ အဲဒီဆိုင်ဘေးနားက ဆိုင်မှာပဲ ဝယ်ဖြစ်ခဲ့တယ်။ အဲဒီဖိနပ်ကို အီတလီက လုပ်တယ်လို့ ရေးထားတာပဲ။

စ ရေးလိုက်တာက သွေးလှူတဲ့ မှတ်တမ်းလေးပါ။ ဒါပေမယ့် အဲဒီနေ့က ဖြစ်ရပ်လေးတွေပါ အမှတ်တရလေး ချရေးမိသွားတယ်။ စိတ်တော့မရှိပါနဲ့။ မျောက်နှစ်မှာ မမွေးပေမယ့် မျောက်စိတ်လိုပဲ ဟိုရောက်ဒီရောက်ပါပဲဗျာ။

Wednesday, December 30, 2009

Youth Donor Camp 2009


စင်္ကာပူက သွေးဘဏ်ကိုလည်း လေ့လာရေးထွက်ခဲ့ကြတယ်။


အသက်ငယ်ပေမယ့် အတော်သွက်တဲ့ ချစ်စရာ ကောင်မလေးတွေ။


ဒါကတော့ ဒီလိုရှိတယ်။ ဟိုဟာကတော့ ဟိုလိုရှိပါတယ်။


အင်္ဂလိပ်စကားမွတ်နေအောင် ပြောတတ်တဲ့ ထိုင်းကြက်ခြေနီလေး။


နိုင်ငံအစုံက လူငယ်တွေ စုစုစည်းစည်းပေါ့။


အပီအပြင် ဗိုက်လှုပ်ပြီး ကနေတဲ့ ဗီယက်နမ်က ၀၀တုတ်တုတ် ဆရာဝန်


ပြန်ခါနီးညနေစောင်းမှာ နှုတ်ဆက်အလွမ်းတွေနဲ့ ဝှေ့ယမ်းနေတဲ့လက်တွေ။