.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Straw. Show all posts
Showing posts with label Straw. Show all posts

Friday, December 15, 2017

Something about PMP

PMP ဆိုတာ အသိအမှတ်ပြု လက်မှတ်တခုပါ။ ဘွဲ့မဟုတ်ပါဘူး။ သူ့အရှည်ကောက်တော့ Project Management Professional ပါ။ Project Manager လောကမှာ နာမည်ကြီး ရေပန်းစားတဲ့ အသိအမှတ်ပြု လက်မှတ်တခုပေါ့။

အဲဒီလက်မှတ်ရဖို့အတွက် မေးခွန်း ၂၀၀ ပါတဲ့ ၄ နာရီစာ စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲဖြေဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ ပထမဦးဆုံး အဲဒီအဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် နှစ်စဉ်ကြေးပေးပြီး ဝင်ရတယ်။ စာမေးပွဲ ဖြေမယ့်သူဟာ Project Management နဲ့ ပတ်သက်တဲ့ သင်တန်းကို ၃၅ နာရီ တက်ရောက် သင်ကြားလေ့လာထားသူ ဖြစ်ရပါမယ်။ ဒီပလိုမာပဲ ရထားတဲ့သူဖြစ်ရင် Project Management နဲ့ ပတ်သက်တဲ့ အလုပ်မှာ နာရီပေါင်း ၇၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။ ဘွဲ့ရ ဆိုရင်တော့ နာရီပေါင်း ၄၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။

စာမေးပွဲဖြေဖို့ အဲဒီလိုအပ်ချက်တွေ ပြည့်တယ်ဆိုရင် သင်တန်းဆင်းလက်မှတ်နဲ့အတူ ကိုယ်လုပ်ထားဖူးတဲ့ Project တွေနဲ့ အချိန် ဘယ်လောက် လုပ်ခဲ့သလဲ ဆိုတဲ့ စာရင်းကို တွဲတင်ရပါတယ်။ အဲဒီဟာကို စာမေးပွဲစစ်တဲ့အဖွဲ့အစည်းက မှန်ကန်မှု ရှိမရှိ စစ်ဆေးပါတယ်။ လိုအပ်ရင် လိုအပ်သလို ကိုယ်လုပ်ခဲ့တဲ့ အလုပ်က လူကြီးတွေကို ဆက်သွယ်မေးမြန်းတာတွေ လုပ်ပါတယ်။ စာမေးပွဲ ဖြေခွင့်ရပြီဆိုရင် စာမေးပွဲကြေး သွင်းပြီး စာမေးပွဲဖြေမယ့် ရက်ကို ရွေးရပါတယ်။

စာမေးပွဲမှာက multiple choice မေးခွန်း ၂၀၀ ကို မေးတယ်။ ကိုယ်ရဲ့ အတွေ့အကြုံနဲ့ သင်ထားတဲ့စာနဲ့ ယှဉ်ပြီး ဖြေရတယ်။ ဖတ်စာအုပ်ထဲကအတိုင်း စာတွေကို အတိအကျ ပြန်မေးတာမျိုးကြီးပဲ မဟုတ်ဘူး။ တချို့ သီအိုရီတွေကိုတော့ မေးတာမျိုးတော့ ရှိတယ်။ ဖြစ်စဉ်တွေကို ပြောထားပြီး ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ မေးတာမျိုးတွေလည်း ပါတယ်။ စာမေးပွဲအောင်ချက်ကတော့ နည်းတယ်လို့ ပြောကြတယ်။ ဘယ်လို သတ်မှတ်ထားသလဲတော့ အတိအကျ မသိကြဘူး။

စာမေးပွဲအောင်ပြီဆိုရင် PMP လက်မှတ် ရပြီပေါ့။ အသိအမှတ်ပြု လက်မှတ်ရှိတဲ့ Project Manager ဖြစ်လာပြီပေါ့။ ဒါပေမယ့် အဲဒီလက်မှတ်ရဲ့ သက်တမ်းက ၃ နှစ်ပါပဲ။ အဲဒီ ၃ နှစ်အတွင်းမှာ PDU လို့ ခေါ်တဲ့ အမှတ် ၆၀ ရအောင် ပြန်စုရပါတယ်။ အဲဒီ အမှတ် ၆၀ ရရင် အဲဒီ PMP လက်မှတ်ရဲ့ သက်တမ်းကို နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးပေးပါတယ်။

PDU အမှတ်တွေက ဘယ်လို ပေးသလဲ ဆိုတော့... Project Management နဲ့ သက်ဆိုင်တဲ့အလုပ်ရဲ့ ၃ နှစ်စာအတွက် အများဆုံး ၈ မှတ်ပေးပါတယ်။ ဆက်စဉ်မပြတ် လေ့လာသင်ကြားရေးကို အားပေးတဲ့အနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ဆက်လက် လေ့လာ သင်ယူရပါတယ်။ အွန်လိုင်းကနေ ပို့ချတဲ့ သင်ခန်းစာတွေကို နားထောင်ရပါတယ်။ ၁ နာရီစာ သင်ခန်းစာတခုကို ၁ မှတ်ပေးပါတယ်။ အဲဒီတော့ အမှတ် ၆၀ ရဖို့အတွက် အနည်းဆုံး ၅၂ မှတ်စာ ဟောပြောပို့ချချက် သင်ခန်းစာ ၅၂ ခုကို ကြည့်ရှု နားထောင်ရပါတယ်။ အဲဒီလိုဟာမျိုးက အမှတ် ၆၀ စာကို သက်တမ်း ၃ နှစ် ပြည့်တိုင်း ထပ်ယူရပါမယ်။ မယူနိုင်ရင် အဲဒီလက်မှတ်ဟာ ပျက်ပြယ်သွားပါပြီ။ လက်မှတ် ပြန်လိုချင်ရင် စာမေးပွဲ ပြန်ဖြေရမယ်။

အဲဒီတော့ စာမေးပွဲ ပြန်ဖြေမယ့်အစား ၃ နှစ်အတွင်းမှာ လိုအပ်တဲ့ အမှတ်တွေပဲ လိုက်စုတာ ပိုကောင်းမယ်။ သူများတွေတော့ မသိပေမယ့် ကိုယ်ကတော့ PMP လက်မှတ်ရဲ့ ဒုတိယနှစ်သက်တမ်းမှာ အမှတ်တွေကို အသည်းအသန် လိုက်စုပါတယ်။ ပထမနှစ်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ စာတွေ မလုပ်ဖြစ်ဘူး။ ၃ နှစ်ဆိုတော့ လိုပါသေးတယ်ပေါ့။ တတိယနှစ်ကျတော့ ခြေချော်လက်ချော်ဖြစ်ပြီး အချိန်မရှိတာမျိုး ဟောပြောပို့ချချက်တွေ လိုက်မကြည့်နိုင်တာမျိုး ဖြစ်ပြီး ပလုံမှာ စိုးလို့ တတိယနှစ်ကို အရံသဘောမျိုးပဲ ထားတယ်။ လုပ်စရာရှိတာ ဖြည့်စရာရှိတာကို ဒုတိယနှစ်အတွင်းမှာ ကုန်းရုန်း ဖြည့်တယ်။

နောက်နှစ် ၂၀၁၈ ဒီဇင်ဘာဆို ကိုယ်ရဲ့ လက်ရှိ PMP လက်မှတ် သက်တမ်းကုန်မယ်။ အဲဒီတော့ ၂၀၁၇ ရဲ့ ဒီဇင်ဘာဟာ ကိုယ့်အတွက် စာလုပ်ရတဲ့ လပဲ။ Sweet December ဖြစ်မဖြစ်တော့ မသိဘူး။ နေ့တိုင်းတော့ အွန်လိုင်းက ဟောပြောပို့ချချက်တွေ ၂ ခုကနေ ၃ ခုကြား နားထောင်နေရတယ်။ ရှေ့ရက်က Talent Management Conference 2017 ကို တက်လိုက်တော့ PDU က ၆ မှတ်ပေးတယ်။ သိပ်ပျော်ဖို့ ကောင်းတာပဲ။ အခုတော့ နောက်ထပ် ဖြည့်စရာ ၁၅ မှတ်ပဲ လိုတော့တယ်။ ဒီနှစ်မကုန်ခင် ဒါမှမဟုတ် နောက်နှစ်ဆန်းမှာတင် လိုအပ်တဲ့ အမှတ် ၆၀ ပြည့်နိုင်ပါပြီလေ။

လွယ်တော့ မလွယ်ဘူးပေါ့။ ဒီလိုပဲ ကြိုးစားရတာပေါ့။ 

Tuesday, December 12, 2017

Difficulty to Live with Harmony

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ပြောရင်တော့ လွယ်တာ။ တကယ် လုပ်ရတဲ့အခါ မလွယ်ဘူး။ ဘဝပေးအခြေအနေတွေ မတူညီရင် မတူညီသလို ယှဉ်တွဲနေထိုင်ဖို့ဆိုတာ သိပ်ခက်တယ်။ တဘက်ဘက်က အလျှော့ပေးဖို့ လိုသလို တခြားတဘက်ကလည်း နားလည်သိတတ်ဖို့ လိုအပ်တယ်။ အခြေတွေ မတူရင် ထပ်ကိန်းတွေ ပေါင်းလို့ မရတဲ့ သချာင်္သဘောတရားလိုပဲ။

အဲဒီဘဝပေးအခြေအနေ မတူတဲ့နေရာမှာ အတူယှဉ်တွဲ နေထိုင်ရေးရဲ့ အခက်အခဲကို ဥပမာ ပြောရရင်... ကိုယ်တွေ ရုံးကနေ အိမ်ပြန်တဲ့လမ်းမှာ အထွေထွေလုပ်သားတွေ အတွက် ဝန်ထမ်းအိမ်ယာ အဆောင်တွေရှိတယ်။ အဲဒီတော့ တခါတလေ ရုံးပြန်နောက်ကျတဲ့အချိန် အဲဒီလုပ်သားတွေနဲ့ ဘတ်စ်ကားပေါ်မှာ အတူတူ စီးရလေ့ ရှိတယ်။ အများစုကတော့ ပြည်ကြီးတရုတ်တွေနဲ့ ဘင်္ဂလားတွေပေါ့။
တနေကုန် နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ်လာရတဲ့ သူတို့တတွေမှာ ချွေးစော်နံတာတွေ အဝတ် ရေစိုတဲ့အနံ့တွေ အဝတ်အစားတွေ ညစ်ပတ်နေတာတွေ ရှိတတ်တယ်။ အလုပ်ခွင်အနေအထားအရ ကိုယ်လက်သန့်စင်ဖို့ အခွင့်အရေး မရှိတာလည်း ဖြစ်နိုင်သလို အချိန်မရတော့လို့ အဆောင်ကို တန်းပြန်လာတာလည်း ဖြစ်နိုင်ပါတယ်။

ကားပေါ်မှာ ကိုယ်က ထိုင်ခုံရလို့ အရင်ထိုင်ထားတဲ့အခါ သူတို့တက်လာတဲ့အချိန် ကိုယ့်ဘေးမှာ ခုံလွတ်နေလို့ ဝင်ထိုင်တာမျိုးမှာတော့ ရှေ့မှာ ပြောတဲ့အခက်အခဲတွေ စတင်ပါပြီ။ ချွေးနံ့ကို မိုးရေစိုထားတဲ့ အနံ့က ရောသမမွှေထားတဲ့အပြင် မြေကြီးအနံ့ ရွှံ့အနံ့တွေ အပိုဆုအနေနဲ့ အကုန်ပေါင်းစုတဲ့အခါ ဖြစ်နိုင်ရင် နှာခေါင်းကို ကားအပြင်ကို ထုတ်ထားချင်မိတယ်။

အဲကွန်းဘတ်စ်ကား အလုံပိတ်ကြီးရဲ့ ခရီးတိုအတွင်းမှာ အတူယှဉ်တွဲ ထိုင်ဖို့အတွက်ကို အတော် သည်းခံယူရပါတယ်။ ကိုယ့်ဘက်က လမ်းတလျှောက် သည်းခံပြီး ကိုယ်ဆင်းမယ့် မှတ်တိုင်ကို မြန်မြန် ရောက်ပါစေလို့ပဲ စိတ်ရောက်မိတယ်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်ရင်တော့ မင်းတို့ ဆင်းကွာလို့ မောင်းချလို့မှ မရတာ။ အဲဒီတော့ နီးရာမှတ်တိုင်မှာ ဆင်းပြီး နောက်ကား စောင့်စီးပေါ့။ ဒါပေမယ့် နောက်ကားမှာလည်း အိမ်ပြန်လာတဲ့ သူတို့တွေ ထပ်ပါလာနိုင်သေးတာပဲလေ။ အဲဒီတော့ သည်းခံလက်စနဲ့ ဆက် သည်းခံရပါတယ်။

သူတို့အနေနဲ့လည်း အတူယှဉ်တွဲ ထိုင်ဖို့အရေးမှာ တတ်နိုင်သလောက် ကိုယ်လက်ဆေးကြော သန့်စင်ခဲ့ရင် တခြားခရီးသည်တွေအတွက် ကောင်းပါတယ်။ အဆင်ပြေရင် ပြေသလိုပေါ့။ အဆင်မပြေလို့ တခါတလေ ညစ်ပတ်နံ့စော်တာမျိုးက လွဲရင် အိမ်အပြန်ခရီးလမ်းမှာ သန့်သန့်ရှင်းရှင်းနဲ့ တခြားခရီးသည်တွေရဲ့ ဘေးပတ်ဝန်းကျင်ကို မထိခိုက်ဖို့အတွက် နားလည်သိတတ်ဖို့ လိုပါမယ်။
အတူယှဉ်တွဲနေထိုင်ဖို့အရေးမှာ အခက်အခဲတွေကို သည်းခံဖို့ လိုသလို အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားဖို့ နားလည်သိတတ်ဖို့လည်း လိုပါတယ် ဆိုတဲ့အကြောင်းလေးပါ။

Friday, December 8, 2017

What is the root cause?

ထန်းတပင် အလုပ်သမားဆေးရုံက ခွဲစိတ်ဆရာဝန်တယောက်ရဲ့ ရင်ဖွင့်ချက် Recorded Live ကို ကြည့်လိုက်ရတယ်။ တဝက်တပျက်ပဲ ကြည့်လိုက်ပြီးတဲ့အခါ စိတ်နောက်သွားတာ အမှန်ပဲ။ ဆေးလောကမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆေးလောကသား အချင်းချင်းရဲ့ အတွန်းအတိုက်တွေ၊ စိတ်ညစ်စရာတွေကို မျှဝေခံစားလိုက်ရတယ်။

ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ဒွန်တွဲနေတာကတော့ ဆေးလောကရယ်မှ မဟုတ်ဘူး။ ဒါမျိုးဟာ မြန်မာပြည်မှာတော့ နေရာတိုင်းနီးပါးမှာပါပဲ။ ဘယ်လို အခြေခံအကြောင်းတရားတွေကြောင့် အဲဒီလိုပတ်ဝန်းကျင်တွေ အကျိုးတရားတွေ ဖြစ်ပေါ်လာရသလဲ ဆိုတာ ကိုယ်တွေ ပြန်လည်သုံးသပ် ဆင်ခြင်သင့်တယ်။ ဆရာဝန်ရဲ့ ကိစ္စတခုတည်းကို ပြောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။
မြင်မိတာတခုကတော့ ကိုယ်တွေဟာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းတယ်။ အဲဒီအားနည်းချက်က ခေတ်အဆက်ဆက်ကတည်းက အခုချိန်အထိပဲ။ တဦးချင်း တော်တီးတီး တော်ပေမယ့် အုပ်စုလိုက် အဖွဲ့လိုက် ဆောင်ရွက်ဖို့ကိစ္စတွေမှာ သူတလူ ငါတမင်း ဖြစ်ကုန်ကြတယ်။ အစပိုင်းမှာ ပေါင်းလို့ရပေမယ့် တဖြည်းဖြည်းနဲ့ ကွဲထွက်ကုန်တယ်။

ဘာကြောင့် ကွဲထွက်ကုန်သလဲ... ကိုယ်ကတော့ အဲဒါဟာ မာနတွေကြောင့်လို့ မြင်မိတယ်။ ကိုယ်တွေမှာလည်း အဲဒီလို တလွဲမာနတွေ ရှိခဲ့တယ်။ အခုထိလည်း အဲဒီလို တလွဲမာနတွေ ရှိတုန်းပဲ ဆိုတာ ဝန်ခံပါတယ်။ လူရည်ချွန် ဖြစ်ခဲ့တာတွေ... ဆယ်တန်းမှာ ဂုဏ်ထူးထွက်ခဲ့တာတွေ... ဆေးကျောင်း စက်မှုတက္ကသိုလ် တက်ခဲ့တာတွေ... မဟာဘွဲ့ ဒေါက်တာဘွဲ့တွေ ယူထားတာတွေ... ဘယ်သူ့အမျိုး ဘယ်သူ့သားသမီး ဆိုတာတွေ... အဲဒီဟာတွေက အပြိုင်အဆိုင်စိတ်တွေ ထိုးထွက်လာစေတယ်။ အဲဒီဟာကနေ မာနတွေ ချွန်ထွက်လာကြတယ်။ အတိတ်မှာ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်တမ်းတတာမျိုးမှာလည်း ကိုယ်တွေက ပြိုင်ဖက်ကင်းပဲ။

မာနကနေတဆင့် သည်းခံမှုတွေ ပျောက်ဆုံးကုန်တယ်။ ဒေါသကို ထိန်းချုပ်ရ ခက်ကုန်တယ်။ မင်းဘာကောင်လဲ ငါဘာကောင်လဲတွေ ဖြစ်လာတယ်။ အချင်းချင်း ညှိလို့ရတာတွေဟာ မညှိဖြစ်တော့ပဲ ဝုန်းဒိုင်းတွေ ကြဲကုန်ကြတယ်။ အဆင်ပြေရင် ပြေသလို မသိမသာ ချောက်ချတယ်။ နောက်ကျောကနေ ဓါးနဲ့ထိုးတယ်။

ခံရတာတွေ များလွန်းတဲ့ ဘဝမှာ ပေဖြစ်တုန်းကတော့ ခံမယ်ဟေ့... တူဖြစ်တဲ့အခါ နှံမယ် ဆိုတဲ့ စိတ်တွေ ရှိလာကြတယ်။ မိုးကောင်းတုန်း ရွာထားပေါ့ကွာ။ ငါ့အလှည့်ကျရင် မိုးကြိုးပါ ပစ်ချမယ် ဆိုတာတွေ ဖြစ်လာတယ်။ အမြင့်ကို ရောက်ဖို့ ကြိုးစားလာတာဟာ ကိုယ့်ဘဝအတွက် ဖြစ်ချင်ဖြစ်သလို ... တူဖြစ်ဖို့အတွက် ကြိုးစားတာမျိုးလည်း ဖြစ်ချင်ဖြစ်နေမယ်။

ခံရပေါင်းများလွန်းတဲ့အခါ တဖက်သားကို သံသယလည်း ဝင်လွယ်ကြတယ်။ မယုံကြည်ရတဲ့ ပတ်ဝန်းကျင်ကနေ တသက်လုံး ရှင်သန် နေထိုင်လာရတဲ့သူတွေအဖို့ အရာရာကို သံသယမျက်လုံးနဲ့ ကြည့်လာကြတယ်။ ရိုးရိုးရှင်းရှင်း သဘောထားနဲ့ ပြောနေတဲ့သူကိုလည်း မယုံသင်္ကာဖြစ်ကြတယ်။ အဲဒီလိုနဲ့ အပြန်အလှန် ယုံကြည်မှုတွေ မတည်ဆောက်နိုင်ပဲ အကွဲအပြဲတွေ များသထက် များလာတယ်လို့ မြင်မိတယ်။

အခုပြောနေတာတွေဟာ သူများကို ဆရာလုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် ဆင်ခြင်နိုင်အောင် ရေးမှတ်ထားတာပါ။ တကယ်တော့ ကိုယ်လည်း ဘာမှ မဟုတ်တာလေ။ 

Tuesday, August 1, 2017

Funny nick of my YTU friends

YTU က သူငယ်ချင်းအချို့ဆို နာမည်ရင်းတွေ မမှတ်မိဘူး။ ကျောင်းမှာကတည်းက နာမည်ပြောင်တွေပဲ ခေါ်နေတော့ နာမည်ရင်းက ဘာလဲဆိုတာ ပြန်တောင် မေးယူရတယ်။ နာမည်ပြောင်တွေက ကျောင်းကို မရောက်လာခင်ကတည်းက ရှိပြီးသားတွေ ဖြစ်သလို ကျောင်းကို ရောက်လာပြီးမှ နာမည်ပြောင်အသစ်တွေ ရတာလည်း ရှိပြန်တယ်။

ကျောင်းမှာ မေဂျာတူ သွားအတူ လာအတူ ကေခိုင် ဆိုတဲ့ နာမည်နဲ့ ၂ ယောက်ရှိတယ်။ ၂ ယောက်စလုံးက သာကေတကပဲ။ အဲဒီတော့ အရပ်ရှည်တဲ့ တယောက်က ကေရှည် ဖြစ်သွားပြီး အရပ်ပုတဲ့ တယောက်က ကေပု ဖြစ်သွားတယ်။

စဝက်ဆိုတဲ့ တယောက်က အတော်မျက်နှာပြောင်တယ်။ နာမည်ပြောင်တွေက သူ့ဆီက ထွက်လာတာ များတယ်။ သူလုပ်လို့ပဲ ကိုယ်လည်း ဖန်သခင်လေး ဆိုပြီး နာမည်ရသွားတယ်။ သူလည်း ဖန်သခင်ကြီးဆိုပြီး နာမည်တွင်သွားတယ်။ ကျောင်းမှာ ဖန်သခင်လေးနဲ့ ဖန်သခင်ကြီးဆိုပြီး ၂ ယောက် ရှိသွားတယ်။

အဲဒီခေတ် အဲဒီအချိန်က တရုတ်သိုင်းကားတွေ ခေတ်စားနေတယ်။ သူငယ်ချင်းတယောက်ရဲ့ နာမည်ပြောင်က ဖုန်းဖင်တဲ့။ ဖုန်းကင်ကနေပဲ ဖုန်းဖင် ဖြစ်သွားသလားတော့ မသိဘူး။

နောက်တယောက်က အဘိုးကြီး။ ပိန်ပိန်ပါးပါးနဲ့ ခပ်ပြုံးပြုံးလေး နေတတ်တဲ့ တယောက်။ ကွမ်းအရမ်း စားတယ်။ သူ့နာမည်ရင်း ပျောက်ပြီး အဘိုးကြီးလို့ပဲ သူငယ်ချင်းတွေက ခေါ်ကြတယ်။

မအူကုန်းဘက်က သူငယ်ချင်းတယောက်ကို ကလီးယားလို့ ခေါ်တယ်။ အရပ်ရှည်ရှည်နဲ့ သဘောကောင်းတဲ့ သူငယ်ချင်းပါ။ ကျောင်းတက်တုန်းက ညနေဘက်ဆို သူ့ဆီကို စက်ဘီးစီးပြီး စာလုပ်ဖို့ ရောက်ဖြစ်တယ်။

အခု ဂီတာဆရာကြီးဖြစ်နေတဲ့ တယောက်ကို အစက မတ်တယ်ကြီးလို့ ခေါ်ကြတယ်။ သူက မတ်တယ်ဂီတကို ရူးသွပ်ခုံမင်သူ။ တနေ့ ကျူရှင်ကို ဘရိတ်ဓါးပုံ ဆွဲသီးပါတဲ့ ဆွဲကြိုးကြီး ဝတ်လာတယ်။ အဲဒီကနေ သူ့နာမည်က ဘရိတ်ဓါး ဖြစ်သွားတယ်။ ရှေ့ရက်တွေတုန်းက ကင်းမြီးကောက်ပုံ အရိုးခေါင်းပုံ ဆွဲသီးကြီးတွေ ဝတ်လာပေမယ့် ဘရိတ်ဓါးကျမှ နာမည်တွင်သွားတယ်။

နောက်တယောက်က ဗံဒါသီး။ သူက တရက် ကျူရှင်ကို အလာ ကျူရှင်အရှေ့က လမ်းမှာ ဗံဒါသီးမှတ်ပြီး ကောက်ကိုင်လိုက်တာ ခွေးချေးတုံးကြီး ဖြစ်နေတယ်။ အဲဒီကနေ သူ့နာမည်ပြောင်က ဗံဒါသီး ဖြစ်သွားတယ်။

အေမီအောင် ဆိုတဲ့ သူငယ်ချင်းကိုတော့ သူ့နာမည်ကို အမြန်ခေါ်ရင်း အိမ်မြှောင် ဖြစ်သွားတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေက သူ့ကို အိမ်မြှောင်လို့ပဲ ခေါ်ကြတယ်။

မျိုးကြီးသီချင်းတွေကို ကြိုက်ပြီး သီချင်းဆိုရတာ ဝါသနာပါတဲ့ သူငယ်ချင်းတယောက် ရှိပြန်တယ်။ သူ့အသံက ရှတတ အက်ကွဲကွဲကြီး။ ရော့ခ်သီချင်းတွေ အော်ဆိုရတာကို ကြိုက်တဲ့သူဟာ အာပြဲခြောက် ဆိုတဲ့ နာမည်တခု ရလိုက်တယ်။

ခရမ်းဘက်ကနေ ကျောင်းလာတက်တဲ့ ၃ ယောက်ကို ခရမ်းသီး ၃ လုံးလို့ နာမည်ပေးထားလိုက်တယ်။ ခရမ်းသီးရေလို့ ခေါ်လိုက်ရင် သူတို့ကို ခေါ်မှန်း သိကြတယ်။ တယောက်က တရုတ်ဖြစ်လို့ သူ့ကို တရုတ်ခရမ်းသီးလို့ ခေါ်သေးတယ်။

မှတ်မိသလောက် ချရေးကြည့်တာပါ။ ကျန်ခဲ့တာတွေ ရှိနိုင်ပါသေးတယ်။

Sunday, July 30, 2017

Some part of my YTU student life

YTU တက်တုန်းက အပြင်ကျူရှင်ဆိုလို့ သချာင်္နဲ့ ရူပဗေဒ ၂ ခုပဲ ဖြစ်ဖြစ်မြောက်မြောက် တက်ခဲ့ဖူးတယ်။ ကျန်တဲ့ဘာသာတွေက စာမေးပွဲ အနီးကပ်မှ ဖြစ်သလို လက်ပူတိုက်ပြီး ဖြေလိုက်တာ များတယ်။

ပြောမယ့်သာ ပြောတာ ကျောင်းလည်း ပုံမှန် တက်တာ မဟုတ်တော့ ကျူရှင်မယူပဲ အနားကပ်မှ လွတ်ခဲ့တဲ့ ကျောင်းစာတွေ မိတ္တူကူး သူငယ်ချင်းတွေနဲ့ ဆရာမတွေကို စာရှင်းပေးဖို့ အကူအညီတောင်း အရပ်ကူပါ လူဝိုင်းပါ လုပ်ပြီး စာမေးပွဲအောင်လာတာ ကံကောင်းတယ်ပဲ ပြောရမယ်။

ရူပဗေဒကို ဆရာ(ဒေါက်တာ)ဦးဇော်ဝေက လသာဘက်က သူငယ်ချင်းတယောက်အိမ်မှာ စုပြီး သင်ပေးတယ်။ သင်္ချာကိုတော့ ရန်ကင်းက ဆရာမဒေါ်သင်းသင်းကြူမှာ တက်ခဲ့တယ်။ ကျောင်းကိုသာ မရောက်ပေမယ့် ကျူရှင်ကိုတော့ မပျက်မကွက် တက်ခဲ့တယ်။ ကျောင်းတက်ရတာ ပင်ပန်းသလောက် ကျူရှင်တက်ရတာ ပျော်ဖို့ ကောင်းတယ်။ 

အထူးသဖြင့် သချာင်္ကျူရှင်က စနေ တနင်္ဂနွေ ညနေပိုင်းတွေ ဆိုတော့ ကျူရှင်ပြီးရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ကျူရှင်ကို ရောက်လာတဲ့အချိန်က မတူပေမယ့် ကျူရှင်ဆင်းတဲ့အချိန်က တူတော့ မေဂျာပေါင်းစုံက သူငယ်ချင်းတွေ အဲဒီအချိန်မှာ လူစုံကြတယ်။ ပထမနှစ်ကတည်းက အတူတူ ကျူရှင်တက်လာခဲ့တဲ့သူတွေ ဆိုတော့ မေဂျာတူ သူငယ်ချင်းတွေထက် ကိုယ်တွေက ကျူရှင်က သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးကြတယ်။

ကျူရှင်ဆင်းပြီးရင် ညမိုးချုပ်နေပေမယ့် အိမ်တန်းမပြန်ကြဘူး။ ဗိုက်ဆာလို့ အဆာပြေ ပဲပလာတာ စားကြတယ်။ လက်ဖက်ရည် သောက်ကြတယ်။ တချို့က ကော်ဖီမစ် သောက်တယ်။ ဆေးလိပ်သောက် ကွမ်းစားတဲ့သူလည်း ရှိကြတယ်။

ပုံမှန်အားဖြင့် လက်ဖက်ရည်ဆိုင် သွားထိုင်ရင် စဝက်၊ သားငယ်၊ ဘရိတ်ဓါး၊ စည်သာ၊ အဘိုးကြီး၊ ညီဝင်း၊ ရဲကြီး၊ ဗံဒါသီးနဲ့ ရန်ကင်းသား သန့်ဇင်တို့က အမြဲလိုလို ပါကြတယ်။ မိန်းခလေးထဲမှာ ရန်ကင်းသူ နန်းငယ်က တခါတလေ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တယ်။

ကျောင်းမှာ မေဂျာမတူလို့ တပတ်လုံး မတွေ့ခဲ့သမျှကို အတိုးချပြီး စကားတွေ ပြောကြတယ်။ ဟာသတွေ ပြောကြတယ်။ တယောက်နဲ့ တယောက် အတည်ပေါက်နဲ့ ချောက်တွန်းကြတယ်။ လက်ဖက်ရည်ဆိုင်မှာ နာရီဝက် ၁ နာရီလောက် ထိုင်ပြီးရင် အိမ်ပြန်ကြတယ်။ ဘတ်စ်ကား စီးတဲ့သူက စီး... စက်ဘီးနင်းတဲ့သူက နင်း... လမ်းလျှောက်ပြန်တဲ့သူက ပြန်ပေါ့။

စဝက်၊ အဘိုးကြီး၊ သန့်ဇင်နဲ့ နန်းငယ်က အခု စင်္ကာပူမှာ အလုပ်တွေ လုပ်ပြီး နေကြတယ်။ ကျန်တဲ့သူတွေက ရန်ကုန်မှာပဲ။ ဘရိတ်ဓါးကတော့ ဂီတာဆရာကြီး ဟဲဗီးမတ်တယ် ဖြစ်နေပြီ။

ဘာရယ်တော့ မဟုတ်ပါဘူး... အဲဒီအချိန်တွေကို ပြန်တွေးမိပြီး YTU က သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ကျူရှင်တက်ခဲ့ရတာကို သတိရလို့ ဘဝရဲ့ အမှတ်တရတခုအနေနဲ့ ရေးလိုက်တာပါ။

Saturday, July 22, 2017

Adaption in life

ခေတ်စနစ်ဆိုတာ တဖြည်းဖြည်းချင်း ပြောင်းလဲနေတဲ့သဘော ရှိသလို ဝုန်းဒိုင်းကြီးလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ဟိုအရင်တုန်းက စာရေးရင် ပေရွက်ပေါ်မှာ ကညစ်နဲ့ ရေးရတယ်။ အဲဒီကနေ စာရွက်တွေ ပေါ်လာတော့ စာရွက်ပေါ်မှာ ရေးတယ်။ ပေရွက်တွေ သုံးတာ ပျောက်သွားတယ်။ စာရေးရတာတွေ များလွန်းတော့ လက်နှိပ်စက်တွေ ပေါ်လာပြီး လက်နှိပ်စက်နဲ့ စာရိုက်ကြတယ်။ ကွန်ပျူတာတွေ ပေါ်လာတော့ စာစီစာရိုက်က ကွန်ပျူတာနဲ့ ဖြစ်သွားတယ်။ လက်နှိပ်စက်နဲ့ ရိုက်ရတဲ့ခေတ် ကုန်သွားပြီလို့တောင် ပြောလို့ရသွားတယ်။

တနယ်တကျေးကို အပြန်အလှန် ဆက်သွယ်ချင်ရင် ရှေးအရင်က စာပို့ခိုတွေ သုံးကြတယ်။ ဆက်သားတွေ သုံးကြတယ်။ စာပို့စနစ်တွေ ထွန်းကားလာပြီး နောက်ပိုင်းမှာ ကြေးနန်းစာပို့စနစ်တွေ ပေါ်လာတော့ အရေးကြီးရင် ကြီးသလို ကြေးနန်းရိုက်ကြတယ်။ နောက်တော့ တယ်လီဖုန်းတွေ ပေါ်လာတော့ ဖုန်းဆက် ပြောကြတယ်။ အခုဆို အင်တာနက်ကတဆင့် နိုင်ငံခြားအထိ ငွေသိပ်မကုန်ပဲ ဆက်သွယ် ပြောဆိုလို့ ရလာပြီ။ ကြေးနန်းစနစ်တွေတောင် သုံးတဲ့လူ သိပ်မရှိကြတော့ဘူး။

ရန်ကုန်က ဘတ်စ်ကားတွေမှာ ယာဉ်နောက်လိုက် ယာဉ်အကူတွေ ထားကြတယ်။ အဲဒီဟာမှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပြန်တယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာက ပိုများသလဲဆိုတာက ဘတ်စ်ကားကို နေ့စဉ်စီးနင်းနေတဲ့ ခရီးသည်တွေက အသိဆုံးပဲ ဖြစ်မှာပါ။ အခုနောက်ပိုင်းမှာ ယာဉ်နောက်လိုက် မလိုတဲ့စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ ပြင်ဆင်လိုက်တယ်။ ယာဉ်စီးခကို ယာဉ်မောင်းနားမှာ တပ်ဆင်ထားတဲ့ သံပုံးထဲထည့်ပေးရတဲ့ စနစ်ကို ကျင့်သုံးစေတယ်။ နောက်ဆို ငွေအစား ငွေဖြည့်ကဒ်စနစ်နဲ့ ဆက်လက် အစားထိုးသွားဖို့ ပြင်ဆင်နေတာကိုလည်း ကြားသိရတယ်။ ခရီးသည်တွေအတွက် ကောင်းသော ပြောင်းလဲခြင်းဖြစ်မယ်လို့ မြင်မိတယ်။

အဲဒီလို စနစ် အပြောင်းအလဲကြောင့် ယာဉ်နောက်လိုက်တွေ အလုပ်လက်မဲ့ ဖြစ်သွားရတာကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် အခုလို စနစ် ပြောင်းမယ်ဆိုတာကို လပေါင်းအတော်ကြာ ကြိုတင်ပြောထားတာ ဖြစ်လို့ သူတို့တတွေမှာ အထိုက်အလျှောက် ပြင်ဆင်ချိန်ရမယ်လို့ ယူဆမိပါတယ်။ သို့ပေမယ့်လည်း သိကြတဲ့အတိုင်း ဖြစ်ကာမှဖြစ်ရော ငတ်ကာမှ ငတ်ရော... ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းကြတော့ စနစ်အပြောင်းအလဲမှာ အများစုက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။ သူတို့အတွက် စိတ်မကောင်းပေမယ့် ကောင်းမွန်တဲ့ စနစ်ကို ဖော်ဆောင်ဖို့အတွက်... နောက်ကြောင်းပြန်လှည့်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ အထိုက်အလျောက် လိုက်လံ ပြောင်းလဲမှု မလုပ်နိုင်ရင် အခုလိုမျိုး အခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်ရမှာကို သင်ခန်းစာတခုအနေနဲ့ မြင်မိဖို့လိုပါတယ်။

Sunday, July 9, 2017

No mood to write

စာတွေ ရေးပါလို့ တိုက်တွန်းကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စာရေးဖို့ဆိုတာကို စိတ်မပါဘူး ဖြစ်နေတယ်။ ဟိုအရင် Forum ခေတ်နဲ့ Blog ခေတ်တုန်းကတော့ နေ့စဉ်ပုံမှန် စာတွေ ရေးဖြစ်တယ်။ Blog မှာဆို တနေ့ကို စာတပုဒ်မှ မတင်ဖြစ်ရင် တာဝန်မကျေသလို ခံစားရတယ်။ အခုများတော့ အဲဒီလို ခံစားချက်တွေ မရှိတော့ဘူး။

အခုတလော သတိထားမိသလောက် စာရေးကောင်းတဲ့သူတွေ FB မှာ စာ ဆက်မရေးကြတော့ဘူး။ ရေးရင်လည်း လူမသိ သူမသိလောက်ပဲ Group တွေထဲမှာ ရေးကြတယ်။ တချို့တွေက FB မှာ ရေးမနေတော့ပဲ မဂ္ဂဇင်းတွေ ဂျာနယ်တိုက်တွေဆီပဲ တိုက်ရိုက်ပို့တော့တယ်။ 

နေ့စဉ်ပုံမှန် စာတွေ ဆက်ရေးနေတဲ့ တချို့သူတွေလည်း ရှိတာကို မြင်နေရပါသေးတယ်။ တချို့တွေကတော့ စကားပြေနဲ့ ရေးထားတဲ့စာတွေကို ပြန်ရှင်းပြနေရတာကို စိတ်ကုန်လို့ စာမရေးချင်တော့ဘူးလို့ ပြောကြတယ်။ မြန်မာလို ရေးထားတဲ့စာကို မြန်မာတွေ ဖတ်ပြီးတဲ့နောက် နားလည်မှုတွေ လွဲပြီး ရန်တွေဖြစ် ငြင်းခုန်နေရတာတွေကို မြင်နေရတာက စိတ်ကုန်စရာပါပဲ။

စာအရေးအသား ကောင်းသလို အတွေးအမြင် စုံတဲ့ စာဖတ်သူတွေအပေါ် စေတနာထားတတ်ကြတဲ့ သူတချို့တွေ စာ ဆက်မရေးကြတော့ပဲ ခရီးသွားဓါတ်ပုံတွေ တင်လိုက် အစားအသောက်ပုံတွေ တင်လိုက် ကလေးတွေပုံတင်လိုက်နဲ့ အွန်လိုင်းကမ္ဘာကြီးမှာ ဖြတ်သန်းနေကြတယ်။

ကိုယ်ကတော့ သူတို့တတွေလို စာရေးလည်း မကောင်းသလို အတွေးအမြင်လည်း မစုံပါဘူး။ ကိုယ်သိထားတာလေး ဆိုတာ ရေအိုင်ထဲက ဖားသူငယ်အဆင့်ပါ။ လော်ဘီလည်း မဟုတ်သလို ၁၀ လီ ၁၁ လီလည်း မဟုတ်ပါ။ တခါတလေမှာ တချို့ကိစ္စတွေမှာ မနေနိုင်လွန်းလို့ ရေးမိရေးရာတွေ ရေးတာလောက်ပဲ ရှိပါတယ်။

အနေအထိုင် မတတ်ပဲ အဲဒီလို စာတွေ ထ ထ ရေးတော့ ဘာတွေ ရသလဲဆိုတော့ လူမုန်းများပါတယ်။ ကိုယ့်အမျိုးအချင်းချင်းတောင် ဆရာ လုပ်တယ် ထင်ခံရပြီး Un-Friend တွေ Restricted Group ထဲ ထည့်ထားခံရတာတွေ ကြုံဖူးပြီးပြီ။ အမှားကို မြင်ပြီး အမှန် သိစေချင်တဲ့ စေတနာဟာေ​​ဝဒနာတွေ ဖြစ်ကုန်ရတယ်။ ဖေတော့ မောင်တော့ ဟီးဟီးဟားဟားတွေ ရေး... ကြွားချင်ရာတွေ ကြွား... ပေါ့ပေါ့ပါးပါး ထမင်းစား ရေသောက် ရှုးပေါက် အီးပါ အကြောင်းတွေ ရေးရင်တော့ အဲဒီလောက်ထိ အမုန်းမခံရလောက်ဘူး ထင်ပါရဲ့။

တချို့ကိစ္စတွေမှာ ကိုယ်မသိတာတွေ ရှိတယ်။ တချို့ဟာတွေမှာ ကိုယ်သိတာတွေ ရှိတယ်။ ကိုယ်မသိတဲ့ကိစ္စဆို သိအောင်ပဲ လုပ်တယ်။ ဝင်ပြောတာတွေ မရှိဘူး။ မသေချာရင် မသေချာသလိုပဲ ဘေးထွက်ထိုင်ပြီး လေ့လာတယ်။ ကိုယ် သေသေချာချာ သိတဲ့ဟာမျိုးဆိုရင်တော့ မသိတဲ့သူတွေ သိပါစေ ဆိုပြီး စာတိုပေစတွေ ရေးတယ်။ အဲဒီဟာက ဆရာကြီး လုပ်တာ မဟုတ်ဘူး။ ကိုယ် သိထားတာမှာ မှားတာတွေများ ပါသွားရင်လည်း ထောက်ပြဖို့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။

ဒါပေမယ့် တခါတလေမှာ အမှားကို ထောက်ပြဖို့ထက် အခွင့်ကြုံတုန်း ဝိုင်းဗျင်းဖို့ ဝိုင်းဆော်ဖို့တွေ လုပ်တာတွေလည်း တွေ့ရတတ်တယ်။ အထူးသဖြင့် ဘုမသိ ဘမသိ ကိုယ်နဲ့လည်း မသိတဲ့ အပြင်သူစိမ်းလူတွေက အဲဒီလိုမျိုး ဆွမ်းကြီး လောင်းတတ်ကြတယ်။ အဲဒါမျိုးတွေ မြင်ရတွေ့ရတာ များလာတဲ့အခါမှာ ကိုယ်တွေလို ဘာမှမဟုတ်တဲ့ အညတရတွေအနေနဲ့ ပဲကြီးလှော်ကြား ဆားညှပ်မခံချင်ဘူး။ ဒါကြောင့် စာတွေ မရေးဘူး။ စာမရေးတော့ ကိုယ့်အတွက် ဘာကောင်းလဲ ဆိုတော့ အချိန်ပိုထွက်တယ်။ စာဖတ်ချိန် ပိုရတယ်။ ကိုယ့်သူငယ်ချင်းတွေလည်း မျက်စိနောက် သက်သာသွားတယ်။ ငြင်းရခုန်ရတာလည်း သိပ်မရှိတော့ဘူး။

စာရေးပါဦးလို့ ပြောတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် အိပ်မပျော်တဲ့ သန်းခေါင်ယံအတွေးတွေကို စာအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။

တကယ်တော့ ကိုယ်ဟာ စာတွေ မရေးတော့တာ မဟုတ်ပါဘူး။ စာတွေ မရေးချင်တာပါ။ :P

Monday, July 3, 2017

Eight Thousand Kyats

စင်္ကာပူမှာ အလုပ် လုပ်နေတာ ၁၀ နှစ်ကျော်သွားပြီ။ မြန်မာကားတွေ ကြည့်တဲ့သူတချို့ကတော့ ဒီကောင် သူဌေးဖြစ်နေပြီလို့ ထင်ကြမှာပဲ။ ကျားကြီးရင် ခြေရာကြီးသလို ကုန်ကျစရိတ်တွေ မသေးလှတဲ့ စင်္ကာပူအကြောင်း ကြုံဖူးရင် သိကြမှာပါလေ။ ပြောချင်တာက အဲဒီအကြောင်း မဟုတ်ဘူး။ ကိုယ့်ဘဝမှာ အလုပ် စ တုန်းက ရတဲ့ လခအကြောင်းကို အဓိက ပြန်ပြောင်းတွေးမိလို့ပါ။

ကွန်ပျူတာသင်တန်း ပထမနှစ် ပြီးတော့ သင်တန်းကျောင်းမှာပဲ project supervisor အနေနဲ့ အလုပ် ပြန်လုပ်ဖြစ်တယ်။ အလုပ် လုပ်မယ်လို့ စိတ်ကူးပြီး လုပ်တာ မဟုတ်ကြောင်းတော့ ဝန်ခံပါတယ်။ အင်တာဗျူး အတွေ့အကြုံရအောင် လက်တည့်စမ်းတာက အဓိကပါပဲ။ အလုပ်ခန့်တော့လည်း လူငယ်သဘာဝ လုပ်ကြည့်လိုက်တယ်။ 

အဲဒီအချိန်တုန်းက လခက မြန်မာငွေ ရှစ်ထောင်ကျပ်တိတိပါ။ ကိုယ့်ထမင်း ကိုယ်စားပြီး အလုပ်ချိန် ၁၀ နာရီကျော် လုပ်ရတဲ့ သဘောပါပဲ။ ကားခနဲ့ ထမင်းဖိုး နှုတ်လိုက်ရင်တောင် လက်ထဲမှာ ငွေကျန်တာမှ မဟုတ်တာ။ ဒါပေမယ့် အတွေ့အကြုံရအောင် လုပ်ခဲ့တယ်။ အလုပ်ကို အလုပ်မှန်း သိအောင် လုပ်ခဲ့တယ်။ ဒုတိယနှစ်ကို ဆက်တက်ရင်း တဖက်က အလုပ် လုပ်ရင်းနဲ့ပေါ့။

အဲဒီတုန်းက ရှစ်ထောင်ကျပ် လခစားဆိုတာ အပြင်မှာ ကျပန်းလုပ်တဲ့လူလောက် ဝင်ငွေ မကောင်းတာ အမှန်ပဲ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်၊ နိုင်ငံခြားက ဒီပလိုမာသင်တန်း ပထမနှစ်ကို ငွေကုန်ခံတက်... စာတွေ ကျက်မှတ်လေ့လာပြီး အောင်ထားတဲ့သူက ၁ လကို လခ ရှစ်ထောင်ကျပ်ပဲ ရတဲ့အချိန်မှာ လက်လုပ်လက်စားသမားက ၁ လကို ၁ သောင်းကျော် ၂ သောင်းကျော် ရှာနိုင်ပါတယ်။

အဲဒီ ရှစ်ထောင်စားဘဝနဲ့ စခဲ့ရတဲ့ ဝန်ထမ်းဘဝကနေ အခုချိန် ဒီလိုနေရာကို ရောက်ခဲ့ဖို့အထိ ရသအစုံခံစားပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။ အလုပ်တိုင်းမှာ လေ့လာ သင်ယူ ဆည်းပူး သည်းခံ ကြိုးစားခဲ့ရတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရှစ်ထောင်စား ဘဝလေးကို သတိရမိလို့ပါ။

Monday, December 12, 2016

Say something about Vietnam

လက်ရှိအလုပ်မှာ ကိုယ့်ဘေးက တယောက်က ဗီယက်နမ်။ သူနဲ့ ထမင်းစားချိန် အတူတူ သွားစားဖြစ်ရင်း ဗီယက်နမ်အကြောင်းတွေ သူ ပြောပြလို့ ဟိုနည်းနည်း ဒီနည်းနည်း သိခွင့်ရလိုက်တယ်။

ဗီယက်နမ်မှာက အခုထိ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကွဲနေသေးတယ်။ မြောက်ပိုင်းက တရုတ်နဲ့ရုရှဘက် ယိမ်းတဲ့ ကွန်မြူနစ်တွေ တောင်ပိုင်းကတော့ အမေရိကန်ဘက် ယိမ်းတဲ့လူတွေပေါ့။ တောင်ပိုင်းဆိုတာ အရင်တုန်းက ဆိုင်ဂုံ အခု ဟိုချီမင်းစီးတီး ရှိတဲ့အခြမ်း။ မြောက်ပိုင်းကတော့ ဟနွိုင်းမြို့ ရှိတဲ့အခြမ်း။ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း လုပ်လို့ အဆင်ပြေတဲ့ တောင်ပိုင်းက ချမ်းသာပြီး ကုန်သည်ပွဲစား များတယ်။ တောင်ထူထပ်တဲ့ မြောက်ပိုင်းက ဆင်းရဲပြီး စစ်သားများတယ်။

တောင်ပိုင်းက လူတွေ မြောက်ပိုင်းက လူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း မိဘအသိုင်းအဝိုင်းက သဘောမတူကြဘူး။ မြောက်ပိုင်းမှာက ချွေးမကို ကျွန်လို ခိုင်းကြတယ်။ သားနဲ့ ပတ်သက်လို့ ရလာတဲ့ သမီးတယောက်လို့ သဘောမထားဘူး။ တောင်ပိုင်းမှာက ချွေးမကို မြောက်ပိုင်းလောက် မနှိပ်ကွပ်ဘူး။ မြောက်ပိုင်းမှာက မိဘရဲ့ အမွေကို သားအကြီးဆုံးက ဆက်ခံရတယ်။ ကျန်တဲ့သူတွေက ဘာမှ မရကြဘူး။ တောင်ပိုင်းမှာက သားအငယ်ဆုံးကို အမွေပေးတယ်။ ငယ်သေးလို့ ရှာဖွေစားသောက်ရ ခက်ခဲမှာ စိုးလို့ ဆိုပြီး မိဘအမွေကို ပေးကြတယ်။ ထုံးစံအတိုင်း သမီးတွေကတော့ အိမ်ထောင်ပြုတဲ့အချိန် ပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းက လွဲလို့ မိဘဆီက ဘာအမွေမှ မရကြဘူး။ မြောက်ပိုင်းက လူတွေက သန်မာတယ်။ ကြမ်းတမ်းတယ်။ တောင်ပိုင်းက လူတွေက လူရည်လည်တယ်။

ဗီယက်နမ် ပြည်တွင်းစစ် ပြီးသွားလို့ မြောက်ပိုင်းသားတွေ စစ်နိုင်သွားတဲ့အခါ တောင်ပိုင်းသားတွေရဲ့ စစ်တပ်တွေကို ဖျက်သိမ်းသလို အစိုးရအလုပ်ထဲမှာလည်း သားစဉ်မြေးဆက် ဝန်ထမ်းလုပ်ခွင့် မပေးပါဘူး။ တောင်ပိုင်းသားအချို့ကို ထောင်ချတယ်။ ကွန်မြူနစ်ဝါဒကို လက်ခံယုံကြည်ပါတယ်လို့ လက်မှတ်ထိုးရင် ထောင်က လွှတ်ပေးတယ်။ အဲဒီလိုမျိုး ထောင်ထဲမှာ ၃ နှစ်အထက် ထောင်ကျဖူးရင် အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်ပေးတော့ တောင်ပိုင်းသားအများစုက ထောင်ကြာကြာ ကျအောင် အဲဒီကွန်မြူနစ်ဝါဒကို လက်မခံကြောင်းပဲ လုပ်ကြတယ်။ အဲဒီလိုနဲ့ ထောင် ၄ နှစ် ၅ နှစ်ကျပြီးလို့ လွှတ်လာရင် အမေရိကားကို ရောက်အောင် ပြေးကြတာပါပဲ။ အမေရိကားမှာ စစ်ပြေးဗီယက်နမ် အသိုင်းအဝိုင်းက မနည်းမနောပါပဲ။

ဗီယက်နမ်မှာက ကွန်မြူနစ်အစိုးရ အုပ်ချုပ်တယ် ဆိုပေမယ့် အကျင့်ပျက် လာဘ်စားမှုက ရာထူးအဆင့်ဆင့်တိုင်းမှာ ရှိတယ်။ တိုင်းပြည်မှာ ရဲနဲ့ စစ်သား အင်အားကလည်း အများကြီးပဲ။ လာဘ်စားလွန်းလို့ ရဲတွေကို လူထုက အဝါရောင်ခွေး အစိမ်းရောင်ခွေးလို့တောင် ခေါ်ကြတယ်။ သူတို့ ရဲဝတ်စုံက အစိမ်းရောင်ဖြစ်ပြီး ယာဉ်ထိန်းရဲဝတ်စုံက ကာကီရောင် ဖြစ်နေလို့။ စစ်တပ်က ဗိုလ်ချုပ်တွေရဲ့ လစာဟာ စင်္ကာပူဒေါ်လာ ၁ ထောင်လောက်ပဲ ရှိနေပေမယ့် သူတို့မှာ ဒေါ်လာသိန်းချီတန်တဲ့ ကားတွေ အိမ်တွေ ပိုင်ဆိုင်နေကြတယ်။

ဗီယက်နမ်မှာ ကားပိုင်ရင် အကောင်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကားက ဈေးကြီးလွန်းတယ်။ ကားတစီးရဲ့ တန်ဖိုးဟာ မူရင်းစက်ရုံထုတ်ဈေးအပြင် အခွန် ၂၈၅ ဆ ထပ်ဆောင်မှ ကားပိုင်ဆိုင်ခွင့်ရတယ်။ ဥပမာ ကားတစီးကို သိန်း ၁၀၀ တန်တယ်ဆိုရင် အခွန် ၂၈၅ သိန်း ထပ်ပေါင်းပြီး ၃၈၅ သိန်းပေးနိုင်မှ ကားဝယ်နိုင်မယ်။ အဲဒါကြောင့် ဗီယက်နမ်မှာ လူနေမှုအဆင့်အတန်းကို ပြချင်လို့ ကားဝယ်စီးကြတယ်။ ကားခေါင်းခန်းမှာ စစ်ဦးထုပ်တွေ တင်ထားတာမျိုး၊ စစ်တပ် ရဲဌာနချုပ်ရဲ့ တံဆိပ်တွေ ကပ်ထားတာမျိုးလည်း လုပ်ကြပြန်တယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ သူများ ပြောပြလို့ ဗီယက်နမ်အကြောင်း တိုတိုထွာထွာ သိထားတာလေးတွေကို ကိုယ့်မိတ်ဆွေလည်း သိရအောင် ပြန်လည်ဝေမျှတာပါ။ အလွတ်သဘောမျိုး ပြောတဲ့စကားကနေ သိထားရတာတွေမှာ ရာနှုန်းပြည့် အမှန်မဖြစ်နိုင်သလို အမှားတွေလည်း ပါနိုင်ပါတယ်။

Thursday, October 13, 2016

Myanmar Passport PJ

Job Passport နဲ့ ပတ်သက်ပြီး အသံတွေ ထွက်လာတယ်။ အဲဒီလို အသံတွေ ထွက်လာမှပဲ ကိုယ်တွေလည်း ဘာလဲဟ ညာလဲဟ ဆိုပြီး လိုက်စပ်စုမိတယ်။

အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ Passport မှာ ဓါတ်ပုံရဲ့ အပေါ်ဘက် ဘေးနားလေးမှာ Type ဆိုတာ ရှိတယ်။ အဲဒီမှာ PJ, PV တွေ ရေးထားလိမ့်မယ်။ PJ ဆိုရင် Job ပါ။ PV ဆိုရင် Visit ပါ။ ဟိုးအရင် အဟောင်းတွေမှာ PT လို့ ရေးထားတာ တွေ့လိမ့်မယ်။ တခါမှလည်း ဂရု မပြုမိလို့ မမေးမိသလို passport ရုံးကလည်း အဲဒါနဲ့ ပတ်သက်ပြီး ရှင်းမပြဖူးပါဘူး။

သတိထားမိတာက အဲဒီဟာက အခုအစိုးရခေတ်မှာ စ လုပ်ထားတာ မဟုတ်ပါဘူး။ အရင် အစိုးရခေတ်ကတည်းက ရှိပြီးသားပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော့် passport က ၂၀၁၃ မှာ အသစ် လုပ်ထားတာပါ။ အဲဒီမှာ PJ လို့ပဲ ရေးထားပါတယ်။ စက်နဲ့ ဖတ်လို့ရတဲ့ Passport တွေ စ ပြောင်းကတည်းက အဲဒီ Type ဆိုတာမှာ PJ တွေ PV တွေ ဖြစ်နေပြီလို့ လေ့လာမိပါတယ်။
စင်္ကာပူက မြန်မာသံရုံးမှာ စာအုပ်အသစ် လုပ်ရင်တော့ PJ ဖြစ်ကြပါတယ်။ စင်္ကာပူမှာ Dependent pass ကိုင်ထားတဲ့ သူတွေကိုလည်း PJ ပြောင်းထုတ်ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ passport ကတော့ PV အဖြစ်ပဲ ဆက်ထားပေးပါတယ်။

ကျွန်တော့် Passport ဟာ ရန်ကုန်ရုံး MOHA မှာ လုပ်တာ ဖြစ်ပေမယ့် စင်္ကာပူကနေ ပြန်လာထားတဲ့ အထောက်အထားတွေနဲ့ စင်္ကာပူကို ပြန်ဦးမှာ ဆိုတာ သိထားတဲ့အတွက် PJ ဖြစ်သွားပုံပါပဲ။

ဖြည့်စွက်ချက်။
PJ က ဘာအကျိုးထူးလဲ ဆိုရင်တော့ ကျွန်တော် ရန်ကုန်ပြန်ပြီး passport အသစ် ထုတ်တုန်းက ၃ ရက်ပဲ ကြာပါတယ်။ စင်္ကာပူကို ပြန်ရမှာဖြစ်လို့ PJ လည်း ဖြစ်လို့ Passport ဟာ အမြန်လမ်းက ထွက်လာပါတယ်။ ပုံမှန်ဆို ၇ ရက်ကနေ ၁၀ ရက် ကြာပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး စာတပုဒ် ရေးတင်ဖူးပါတယ်။

Friday, January 16, 2015

Managed your windows

အရင်ရုံးတုန်းက အိုင်တီလုံခြုံရေးပေါ်လစီအရ ဘယ်ကွန်ပျူတာမဆို သုံးနေတဲ့လူ အနားမှာ မရှိနေရင် Lock ချခိုင်းထားတယ်။ အိမ်သာ သွားတာပဲ ဖြစ်ဖြစ်၊ ရေနွေးသွားယူတာပဲ ဖြစ်ဖြစ် ကိုယ့်စက်နားမှာ ကိုယ်မရှိရင် စက်ကို သူများ ဝင်သုံးလို့ မရအောင် password နဲ့ Lock ချရတယ်။

ကိုယ့်အဖွဲ့က လူတွေက အများအားဖြင့် အဲဒီလို မလုပ်ကြဘူး။ အဲဒါကို ပညာပေးချင်တာနဲ့ သူတို့ ဖွင့်သွားတဲ့ စက်ကနေ အီးမေးလ်တစောင် ရိုက်လိုက်တယ်။ အီးမေးလ်ထဲမှာ ပေါက်တက်ကရတွေ ရေးပြီး သူတို့ကြောက်ကြတဲ့ အပေါက်ဆိုးတဲ့ လူကြီးဆီကို လိပ်မူပေးထားတယ်။ Send ဆိုတာကိုတော့ မနှိပ်တဲ့အတွက် စာကတော့ တကယ်မပို့ဘူးပေါ့။ ဒီအတိုင်းလေးပဲ စာတွေရိုက်ပြီး Lock ချထားခဲ့ပေးတယ်။ သူတို့ ပြန်လာလို့ ဝင်ကြည့်ရင် သူ့တို့ ကွန်ပျူတာမှာ အဲဒီ စာက အရံသင့် ကြိုနေပြီလေ။ ပြီးရင်တော့ သူတို့ကို အဲဒါမျိုးတွေ သတိထားဖို့ သွားပြောပြပါတယ်။ အဲဒါမျိုးတွေ ခဏခဏ ကြုံပြီးတဲ့နောက် သူတို့လည်း ကွန်ပျူတာကို Lock ချတဲ့ အကျင့်ရသွားတယ်။

အခုတလော Facebook မှာ တကယ့်သုံးတဲ့သူ ကိုယ်တိုင် ဟုတ်မဟုတ် မသေချာတဲ့ အကောင့်တွေနဲ့ ပွဲဆူစေတဲ့ စာတွေကို ရေးနေတာ တွေ့နေရတော့ အဲဒါလေးကို အမှတ်ရမိသွားတယ်။ အညာသားတွေကို ပါးချပစ်ချင်တာတို့... လေးဖြူနဲ့ စိုင်းစိုင်းကြား ရန်တိုက်ပေးနေတဲ့ စာတွေ တင်တာတို့... အစုံပါပဲ။

Facebook ခေတ်မစားခင် GTalk တုန်းကလည်း အဲဒီလိုကိစ္စတွေ ရှိဖူးပါတယ်။ ကိုယ့်အကောင့် မဟုတ်ပဲ Log off လုပ်ဖို့ မေ့သွားတဲ့ သူများအကောင့်ကနေ ဝင်ပြီး တခြားသူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေ၊ တဘက်လူက အထီးအမ ဘာမှန်း သေချာမသိပဲ တွေ့ရာလူကို ချစ်ကြောင်းကြိုက်ကြောင်း ပြောတာတွေ စုံပလုံစိနေတာပဲ။ ခံခဲ့ဖူးပေါင်း မနည်းတော့လည်း ဒါမျိုးတွေက ကိုယ်တွေ့တွေပေါ့လေ။

ပြောချင်တာကတော့... စဉ်းစားဆင်ခြင်နိုင်တဲ့... အသိဥာဏ်ပုံမှန် ရှိနေတဲ့ လူတယောက်အဖို့ ကိုယ့်သိက္ခါကျစေမယ့် ကိုယ့်ကို ဝိုင်းပြီး ဆဲမယ့် ကိုယ့်အရှက်ကို ကွဲစေမယ့် စာမျိုးပုံမျိုးကို ရည်ရွယ်ချက် ရှိရှိ တင်ဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ကို အပုတ်ချချင်လို့ နောက်ကျောဓါးနဲ့ထိုးချင်လို့ ရည်ရွယ်ချက်ရှိရှိ ဓါတ်ပုံကအစ ကွက်တိတူအောင် လုပ်ထားတဲ့ အကောင့်အတုကနေ ဒါမှမဟုတ် တကယ့်အကောင့်ကိုပဲ သူမရှိတဲ့အချိန် ဝင်သုံးပြီး ပေါက်တက်ကရတွေ တင်တာမျိုးနဲ့ လုပ်ကြံနိုင်ပါတယ်။ အမြင်ကတ်လို့ လုပ်တာ ဖြစ်နိုင်သလို အပျော်အပျက် စ နောက် ချင်လို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလိုတင်လိုက်တဲ့ စာတွေကို ဖတ်ပြီး အချင်းချင်း ဒေါသတွေ မဖြစ်နေကြပါနဲ့။ ဆဲဆို မနေကြပါနဲ့။ နှစ်ပြားမတန်အောင် ဝိုင်းပြီး အပြစ်တင် အပုတ်ချ မနေကြပါနဲ့။ မဆိုင်တဲ့သူခမျာ ဘုမသိဘမသိပဲ မိအေး နှစ်ခါမက နာစေနိုင်ပါတယ်။ အဲဒီအချိန်မှာ တကယ့်တရားခံအစစ်က နောက်ကွယ်ကနေ တခွိခွိ ရယ်နေလောက်ပါပြီ။

ပြတင်းပေါက် ဖွင့်လိုက်ရင် အေးမြတဲ့ လေပြည်တွေ ဝင်လာသလို အမှိုက်သရိုက်တွေလည်း ဝင်လာနိုင်ပါတယ်။ ကိုယ့်ပြတင်းပေါက်ကို ဖွင့်မလား မဖွင့်ဘူးလား ဆိုတာတော့ ကိုယ်ပိုင်အခွင့်အရေးပါ။ ဖွင့်သင့်သလောက် ဖွင့်ပြီး ပိတ်သင့်သလောက် ပိတ်ထားနိုင်ပါစေ...

Friday, November 11, 2011

11-11-11



11-11-11 က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်း လပြည့်ညနဲ့ တိုက်ဆိုင်နေတယ်။ ဆေးပေါင်းခတဲ့ညမှာ မဲဇလီဖူးသုပ် စားကြတယ် ဆိုပေမယ့် အခုချိန်ထိ တခါမှ မစားခဲ့ဖူးဘူး။ ကျွေးတဲ့သူက ကျွေးပေမယ့် မစားချင်လို့ မစားခဲ့တာဆို ပိုမှန်မယ်။ ရန်ကုန်မှာဆိုရင်တော့ ဒီညကတော့ သူခိုးကြီးည၊ ကျီးမနိုးပွဲ ကျင်းပတဲ့ ညပါပဲ။ ချစ်လို့ ခင်လို့ ကျီစယ်တဲ့ သဘောနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ပြီး တခြားအိမ်မှာ တပ်၊ ပန်းအိုးတွေ ခုံတွေ နေရာရွေ့၊ လူငယ်တွေ သူခိုးလုပ်တမ်း ကစားကြတယ်။ ကျီးမနိုးပွဲမှာ ဆော့တဲ့သူတွေ ရှိသလို တကယ်ခိုးတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး တကယ်ခိုးသွားတယ် ဆိုတာက ရှားပါတယ်လေ။

ဒီနှစ်ကျီးမနိုးပွဲမှာ ခိုးချင်သပ... နေရာရွှေ့ချင်သပ ဆိုတဲ့သူတွေအတွက် အိမ်ရှေ့မှာ ဘတ်စ်ကားဟောင်းတစီး ထားပေးလိုက်မယ်။ ရှေးဟောင်းဆိုပေမယ့် ကားအသစ်သွင်းဖို့ ပါမစ်လျှောက်လို့ရတဲ့ ကားနော်။ ကားမှာ နံပါတ်ပြားတောင် မတပ်ထားတော့ဘူး။ ကဲ... ခိုးချင်သလို ခိုးတော့... ယူချင်သလိုသာ ယူပေတော့ဗျို့။

Sunday, July 3, 2011

By the way - 04

ဘာရယ်တော့ မဟုတ်ဘူး။ စာမရေးဖြစ်တာ အတော်ကြာပေါ့။ မိန်းမ ရပြီးကတည်းက စာအရေးကျဲနေတာကို သတိထားမိတဲ့လူတွေ ရှိနေနိုင်ပါတယ်လေ။ မသိရင် ချစ်ချစ်က စာမရေးခိုင်းလို့ စာမရေးဖြစ်တာလို့ ထင်နေအုံးမယ်။ အမှန်ကတော့ ကိုယ်တိုင်လည်း မအားတာ ပါသလို စာရေးဖို့ စိတ်မပါတာလည်း ရှိတယ်။ စာရေးဖို့ စိတ်မပါတာက မထူးဆန်းပါဘူး။ သူများရေးတဲ့ စာတွေ မဖတ်နိုင်မှတော့ ကိုယ်တိုင်လည်း စာရေးချင်စိတ် မရှိတော့ပါဘူး။ ဟိုဟိုဒီဒီ ရေးဖို့ အကြောင်းတွေလည်း ခေါင်းထဲမှာ ခဏလေးပေါ် ခဏလေး ပျောက် ဖြစ်နေတယ်။ စာမရေးဖြစ်တာ တခြား မဟုတ်တာတွေ လုပ်ပြီး ရှုပ်နေတာလည်း ပါတယ်။ မဟုတ်တာ လုပ်တယ်ဆိုတာကို တခြား မတွေးပါနဲ့။ မျက်နှာစာအုပ်မှာ ဂိမ်းဆော့နေတာမျိုးကို ပြောတာပါ။ အခုတလော မဆိုသလောက်လေး အားလာလို့ စာလေး ရေးပါအုံးမယ်လေ။

ဘာရယ်တော့ မဟုတ်ဘူး။ ရုံးမှာ အပြောင်းအလဲတွေ အရမ်းများတယ်။ အုပ်ချုပ်ရေးက လူကြီးပိုင်းတွေ အလုပ်ထွက်တာတွေ ရှိတယ်။ သက်တော်ရှည်ကြီးတွေ အလုပ်ထွက်တော့ ကိုယ်တွေလို ငမြောက်ငခြောက်တွေ ဘာရယ်မဟုတ် မျက်ခုံးလှုပ်တာမျိုးပါ။ ခေါင်ချုပ်အသစ်လည်း ခန့်ထားတယ်။ ခေါင်ချုပ်အသစ်ဆိုတော့ ထုံးစံအတိုင်း ရက်ပေါင်း ၁၀၀ အတွင်းမှာ တော်လှန်ရေးတွေ လုပ်ကြသည်ပေါ့။ ပြုပြင် ပြောင်းလဲရေးတွေ အများကြီး လုပ်ဖို့ တာစူထားပုံပဲ။ ဟိုလူကို ဒီပြောင်း ဒီလူကို ဟိုပြောင်း၊ ဟိုဌာနနဲ့ ဒီဌာန ပေါင်း၊ အဲဒီလိုပဲ ဌာနအသစ်တွေ မန်နေဂျာအသစ်တွေ မြင်ရအုံးမယ်။ အလိုက်သင့်လေး ပြောင်းလဲနိုင်ဖို့ ပြင်ဆင်ရင်းနဲ့ အပြောင်းအလဲ ဆိုတာ သိပ်မကြိုက်တတ်တဲ့ ကျွန်တော်အတွက်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ရင်ခုန်ဖင်တုန် စောင့်စားရင်းပေါ့ဗျာ။

ဘာရယ်တော့ မဟုတ်ဘူး ဘုန်းကြီးအမှု ရွာပတ်နေတယ်။ ရုံးမှာ ကျွန်တော့်အဖွဲ့ထဲက ဝန်ထမ်းတယောက် အိန္ဒိယပြန်ဖို့ဆိုပြီး ၂ ပတ် ခွင့်တိုင်ထားပြီး ခွင့်ရက်ပြည့်တဲ့အချိန် ရုံးပြန်မတက်ဘူး။ တနလာင်္နေ့ ရုံးတက်ရမှာကို မတတ်နိုင်တဲ့ အကြောင်း အိန္ဒိယကနေ ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ သူ့ ယောက်ခမက ပတ်စ်ပို့ သိမ်းထားလို့ ပြန်လာလို့ မရတဲ့အကြောင်း ပြောပြတယ်။ လိမ်တာလား အမှန်လား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီလိုနဲ့ ၃ ပတ်ကြာတော့လည်း ပြန်မလာ၊ ၁ လ ကြာတော့လည်း ပေါ်မလာ၊ စာမလာ သတင်းမကြား။ စင်္ကာပူမှာ ငှားနေတဲ့ အိမ်ကို သူ့အသိ သူငယ်ချင်းတွေ သွားစုံစမ်းတော့ စင်္ကာပူကို ပြန်လာပြီး ၃ ရက်လောက် နေပြီး ခရီး ပြန်ထွက်သွားတယ်တဲ့။ အိန္ဒိယက သူ့မိန်းမကို ဖုန်းဆက်ကြည့်တော့ ကျွန်တော်တို့ရုံးက သူ့ကို အလုပ်ကိစ္စအတွက်နဲ့ အင်ဒိုနီးရှားကို သွားရမယ်လို့ ပြောထားတယ်တဲ့။ ကိုယ်တော်က ကြားထဲမှာ နှစ်ပင်လိမ်ပြီး ပျောက်နေပြီ။ အိန္ဒိယမှာလည်း မရှိ၊ စင်္ကာပူက အိမ်မှာလည်း မနေ၊ တကယ်ပဲ အင်ဒိုနီးရှားကို ထွက်သွားလား ဆိုတာလည်း မသိ။ အလုပ်မတက်ပဲ ခွင့်မဲ့ပျက်တာ ၃ ရက် ကျော်သွားရင် ရုံးရဲ့ စည်းကမ်းအတိုင်း အလုပ် ထုတ်ရတယ် ဆိုတော့ သူ့ အလုပ် လုပ်ခွင့် ပါမစ်ကို ဖျက်သိမ်းရတာပေါ့။ အခုလို မပြောမဆို အလုပ်ပြုတ်သွားတာ သူ့အတွက် နစ်နာနိုင်သလို ကျွန်တော်အတွက်လည်း လက်မောင်း ပြုတ်ပါတယ်။ အစစအရာရာ လက်လွှဲလို့ရတဲ့ ဝန်ထမ်းတယောက် မရှိတော့ သူ့အလုပ်တွေ ကျွန်တော်ဆီကို ရောက်လာသတည်းပေါ့ဗျာ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုရေး ဒီရေးပါ။ နောက်များမှာ အခွင့်သင့်ရင် သင့်သလို စိတ်ပါရင် ပါသလို စာတွေ ရေးပါအုံးမယ်လေ။

Sunday, May 8, 2011

Marry Points to Note

၁။ စားပွဲ ကုလားထိုင် ပရိဘောဂများကို သန့်ရှင်းပြီးလျှင် သေသပ် သပ်ရပ်စွာ ထားရှိပေးပါ။

၂။ နေ့စဉ် အလုပ်များကို စနစ်တကျ အချိန်မှန် လုပ်ဆောင်ပေးပါ။

၃။ ဆိုဖာများ ပစ္စည်းများကို မ ပြီး ကြမ်းပြင်တခုလုံးကို တံမြက်စည်း လှည်းပေးပါ။

၎။ ကြမ်းတိုက်ပါက ပြောင်အောင် အားစိုက်ပြီး တိုက်ပေးပါ။

၅။ အလုပ်ခိုင်းစရာ ရှိသဖြင့် လှမ်းခေါ်လျှင် အမြန်လာပေးပါ။

၆။ လုပ်စရာရှိသော အလုပ်များကို မိမိဘာသာ ဦးဆောင် လုပ်ဆောင်ပေးပါ။ ဥပမာ၊ လှမ်းထားသော အဝတ်များ ခြောက်မခြောက် စစ်ပေးရန်၊ အဝတ်များ ခြောက်နေပါက ရုတ်ပေးရန်၊ အဝတ်များ ခေါက်ပေးရန်၊ ပြီးလျှင် ဘီရိုထဲမှာ သိမ်းဆည်းပေးရန်။

၇။ စေတနာအပြည့်ဖြင့် အလုပ် လုပ်ရင်း အရာရာကို လေ့လာသင်ယူပါ။

၈။ အင်္ဂလိပ်စာကို လေ့လာသင်ယူပါ။

၉။ အလုပ်ပေါ်မှာ အာရုံစူးစိုက်ပြီး အသေအချာ လုပ်ဆောင်ပေးပါ။

၁၀။ တီဗွီ မကြည့်ပါနှင့်။

၁၁။ ဆိုဖာခုံနှင့် အိပ်ယာကုတင်ပေါ်မှာ မထိုင်ပါနှင့်။

၁၂။ မပြီးသေးတော့ အလုပ်များကို ဆက်မလုပ်ပဲ ယောင်ခြောက်ဆယ် မလုပ်ပါနှင့်။

၁၃။ အိမ်ရှိလူများ အလုပ်ရှုပ်နေချိန်တွင် ကလေးကို ထိန်းပေးပါ။

၁၄။ နို့ဖျော်လျှင် မြန်မြန်ဖျော်ပေးပါ။ အချိန်မဆွဲပါနှင့်။

၁၅။ မနက် ၁၀ နာရီတွင် ကလေးများ စားရန်အတွက် အသီးများ ပြင်ဆင်ပေးပါ။

၁၆။ မနက်နှင့် နေ့လည်တွင် နို့မှုန့် ၅ ဇွန်းကို ရေ ၁၈၀ မီလီလီတာနှင့် ရောပြီး ဖျော်ပေးပါ။

၁၇။ ညဘက်တွင် နို့မှုန့် ၆ ဇွန်းကို ရေ ၂၄၀ မီလီလီတာနှင့် ရောပြီး ဖျော်ပေးပါ။

၁၈။ အိမ်ရှိ လူများနဲ့ ဧည့်သည်များကို မနက်ရောက်လျှင် Good Morning၊ ညဘက်တွင် Good Night ဟု နှုတ်ဆက်ပေးပါ။

၁၉။ နားမလည်တာများ ရှိပါက မေးမြန်းပါရန်။

၂၀။ ကလေး အိပ်ချင်နေလျှင် ကလေးအတွက် အိပ်ယာပြင်ပေးပါ။

၂၁။ ကြမ်းပြင်တွေ ပစ္စည်းတစုံတခု ကျနေပါက ပြန်ကောက်ပြီး သူ့နေရာတကျ ပြန်ထားပေးပါ။

၂၂။ ကြမ်းပြင်ပေါ်ကို အစားအသောက်များ ကျသွားပါက ချက်ချင်း သန့်ရှင်းရေး လုပ်ပေးပါ။

၂၃။ အိမ်ရှင်များ စားသောက်ဖို့ ပြင်ဆင်ပေးနေစဉ် ရေစိုဝတ်တခုကို အဆင်သင့် ဆောင်ထားပါ။

၂၄။ ပုရွတ်ဆိတ်များ မလာစေရန် မီးဖိုချောင်ကို အစဉ်အမြဲ သန့်ရှင်းနေအောင် ထားပေးပါ။

၂၅။ လမ်းဖြတ်ကူးပါ ကလေး၏ လက်ကို ကိုင်ဆွဲထားပြီး ဘယ်ညာနှစ်ဘက်ရှိ ကားများကို သေချာ ကြည့်ပြီးမှ လမ်းဖြတ်ကူးပါ။

၂၆။ လတ်တလော အသုံးမပြုသော လျှပ်စစ်ပစ္စည်းများကို မီးခလုတ်ပိတ်ပေးထားရန် သတိရပါ။

၂၇။ ကလေးကိုရေချိုးပေးပြီးပါက ရေချိုးခန်းထဲရှိ ပစ္စည်းများကို စနစ်တကျ ပြန်ထားပေးပါ။

၂၈။ ကိုယ်ပိုင်ရေချိုးချိန်တွင် အချိန် အကြာကြီး မချိုးပါနှင့်။

၂၉။ အမှိုက်ပုံး ပြည့်နေပါက ပလတ်စတစ်အိတ်ကို ချည်နှောင်ပြီး အမှိုက်သွားပစ်ပါ။


စင်္ကာပူမှာ အလုပ် လာလုပ်တဲ့ အိမ်ဖော်မလေးတယောက်အတွက် ဘာသာပြန်ပေးထားရတဲ့ စာလေးတွေပါ။ အသက် ၂၀ ကျော်လောက် ရှိတယ်လို့ ပြောပါတယ်။ အိမ်ရှင်က ခိုင်းချင်တာကို အင်္ဂလိပ်လို ပြောပေမယ့် သူက နားမလည်ပါဘူး။ သူ့ရဲ့အိမ်ရှင်က ကျွန်တော်ရုံးကပါ။ အဲဒီတော့ အိမ်ရှင်က Marry Points to Note When Working ဆိုတာလေး ပေးပြီး ဘာသာပြန်ပေးဖို့ အကူအညီ တောင်းပါတယ်။ ကျွန်တော်က အဲဒါတွေကို ဘာသာပြန်ပေးလိုက်ပေမယ့် အဲဒီကလေးမက မြန်မာစာ မဖတ်တတ်ပြန်ဘူး။ ကောင်းရောဗျာ။

မြန်မာပြည်က အလုပ်သမား အေဂျင်စီတွေ ပိုက်ဆံတခုပဲ မကြည့်ပဲ သားသမီးချင်း စိတ်နာစိတ်လေး ထားပေးပြီး လိုအပ်သမျှ ပြင်ဆင်ပြီးမှ နိုင်ငံခြားကို လွှတ်ဖို့ သင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း ခင်ဗျာ။

Tuesday, April 19, 2011

Fire Fighting

အလုပ်တွေ များလွန်းလို့ ဘလော့ဘက်ကို ခြေဦးမလှည့်မိတာ အတော် ကြာလှပေါ့။ စာရေးဖို့ အချိန် မရသလို စာရေးချင်စိတ်လည်း လုံးဝကို မရှိဘူး။ ရေးစရာအကြောင်းလည်း ခေါင်းထဲမှာ မစဉ်းစားမိဘူး။ အဲဒီလို မစဉ်းစားနိုင်လောက်အောင် မြွေကိုက်ပျားတုပ် ကင်းမှောင့်ခံနေရသလိုမျိုး ပြဿနာပေါင်းစုံကို တခုပြီး နောက်တခု ဒိုင်ခံ ရှင်းပေးနေရတယ်။ တခုများ ပြီးသွားလို့ အေးသွားပြီ မထင်နဲ့ နောက်တခုက အရန်သင့် စောင့်နေတတ်တယ်။ တခါတလေဆို သုံးလေး ငါးခုကို တပြိုင်နက်တည်း ရှင်းပေးရတယ်။

အလုပ်မှာ လုပ်သက်ရင့်လာတာနဲအမျှ အေးဆေးသက်သာတဲ့ သေးသေးမွှားမွှား အလုပ်တွေက ကျွန်တော့်ဆီကို မလာဘူးခင်ဗျ။ တကယ်ကို မိုးမီးလောင်နေတဲ့ ပြဿနာမျိုးတွေ ပရောဂျက်တွေ ကျွန်တော်ဆီ လာတယ်။ အကြောင်းပြချက်က ခင်ဗျားက လွဲရင် ကျန်တဲ့သူတွေ ရှင်းတတ်မှာ မဟုတ်ဘူး ဆိုတာမျိုးတွေ။ အဲဒီလိုနဲ့ ရုံးရဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ Fire fighter ဖြစ်လာတယ်။

Fire fighter ဆိုတာကလည်း တကယ်တမ်းကျတော့ လွယ်တဲ့ အလုပ် မဟုတ်ပါဘူး။ အရင်ဆုံး ရင်ဆိုင်ရတာကတော့ ပြဿနာတက်နေတဲ့ ပတ်ဝန်းကျင်ကို သည်းခံ ရင်ဆိုင်ရတာပဲ။ ဘာဖြစ်နေမှန်း မသိလို့ စုံစမ်းရင်လည်း အသေးစိတ် မသိရဘူး။ အပြစ်တွေကို လွှဲချနေတာကိုပဲ နားထောင်နေရတယ်။ သူ့ကြောင့် ဟိုဟာကြောင့် ဒီလူကြောင့်ပေါ့။ ဒီလိုနဲ့ပဲ တခါတလေ ပြဿနာရဲ့ အဓိက လိုရင်းကို မရောက်တော့ဘူး။ ဘာကြောင့် ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းအရင်းထက် ဘာဖြစ်နေမှန်းကို မသိရတာလည်း ရှိတယ်။ မေးမြန်းရင်လည်း ဖြေတဲ့အသံတွေက ဒေါသသံတွေ စွက်နေတယ်။ အမုန်းတွေ ဝေနေတဲ့ ပတ်ဝန်းကျင် အလည်မှာ ငုတ်တုပ်လေး ထိုင်နေရတဲ့ ဘဝမျိုးပေါ့။

သည်းခံသင့်သမျှ သည်းခံ။ ပြန်အော်သင့်သမျှ ပြန်အော်၊ ခံစစ်ရော တိုက်စစ်ရော ပေါင်းစုံ ကစားရတဲ့ ကွန်မွန်ဒို ဖြစ်လာရတယ်။ ရာထူးကြီးတာတွေ ငယ်တာတွေ ဘေးချိတ်ထားလိုက်တာ ကြာပြီ။ မှားနေရင် မှားနေကြောင်း ပြောပစ်ရတယ်။ ရာထူးကြီးလို့ လုပ်သမျှ မှန်တာမျိုးမှ မဟုတ်တာလေ။ အကောင်ကြီးပြီး အချိန်မစီးတာတွေ အများသား။ ကျွန်တော်လည်း သိလွန်းလို့ တတ်လွန်းလို့ ဒီလိုသတ်ကွင်းထဲ ဝင်လာရတာမျိုး မဟုတ်ပါဘူး။ လာသမျှ ပြဿနာပေါင်းစုံကို သိထားသမျှ တတ်သမျှ အကောင်းဆုံး ဒိုင်ခံဖြေရှင်းရင်း သိသထက်သိ တတ်သထက်တက် လာရတာမျိုးပေါ့။ ပိုသိလို့ဆိုပြီး ပြဿနာတွေပဲ ထပ်ပို့တယ်။ အဲဒါနဲ့ သံသရာ လည်နေတယ်။

အခုချိန်ထိတော့ ပြဿနာရှင်းတဲ့ အကောင်ကြီးဘဝနဲ့ နေ့ရော ညရော အလုပ်တွေ ပိနေမိတယ်။ ဝင်လာသမျှ ပြဿနာအားလုံးကို စိန်ခေါ်မှုတခုလို့ ရှုမြင်ထားရတယ်။ အဲဒီစိန်ခေါ်မှုတွေက ကျွန်တော့်အတွက် အခွင့်အလမ်းတွေလည်း ဖြစ်လာနိုင်တယ်။ စိန်ခေါ်မှုတိုင်းမှာ အောင်မြင်တာတွေ ရှိသလို ကျရှုံးတာလည်း ရှိတယ်။ ယောင်လည်လည်နဲ့ အဖြေမထွက်ပဲ ပွဲပြီးသွားတာမျိုးလည်း ရှိတယ်။ ဒါပေမယ့် တိုက်ပွဲထဲက ရလိုက်တဲ့ အသိအမြင်နဲ့ အတွေ့အကြုံကတော့ ကျွန်တော့်အတွက် အမြတ်ပါပဲလေ။

Sunday, February 27, 2011

Trust or not?

ဟိုတလောက အသိတယောက်က အကူအညီတောင်းပါတယ်။ စင်္ကာပူကို အလုပ် လာရှာဖို့အတွက် Show Money ပြချင်လို့ စင်္ကာပူငွေ ရောင်းပေးပါတဲ့။ အစိမ်းတွေ ပြရင်လည်း ရပါတယ်လို့ ပြောပြပေမယ့် စလုံးငွေပဲ လိုချင်တယ်တဲ့။ ကူညီနိုင်ရင် ကူညီပေးပါဆိုလို့ အဲဒီနေ့က ပေါက်ဈေးအတိုင်း တွက်ချက် သဘောတူပြီး လွှဲပေးမယ်လို့ ပြောလိုက်တယ်။ အိမ်ကို ငွေလွှဲဖို့ မလိုတဲ့အချိန် ဖြစ်ပေမယ့်လည်း ကူညီပေးလိုက်တယ်။

ငွေကို ဘယ်လို လွှဲပေးရမလဲ ဆိုတော့ သူ့အသိတယောက်က စင်္ကာပူကို ခေတ္တခဏ အလည်ရောက်နေတယ်။ အဲဒီတယောက်ဆီ စလုံးငွေကို သွားပို့ပေးရင် ရပြီတဲ့။ အဲဒါဆို စင်္ကာပူဘက်အခြမ်း ကိစ္စက ရှင်းတယ်။ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်ကို ယူထားပြီး ဆက်သွယ်လိုက်ရုံပဲ။ ပြီးရင် နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်မှာ ငွေလွှဲပေးကြတာပေါ့။ ရန်ကုန်ဘက်အခြမ်းက ဘယ်လို ငွေလက်ခံယူရမလဲ။ သွားပို့မှာလား လာယူရမှာလား။ ရန်ကုန်ဘက်မှာ အိမ်အရောက် ကိုယ်တိုင် သွားပို့ပေးမယ်ဆိုတော့ သွားရလာရ လွယ်ကူတဲ့ ကျွန်တော့်အဖွားအိမ်ကိုပဲ သွားပို့ပေးဖို့ ပြောလိုက်တယ်။ အဲဒီအထိတော့ အားလုံး အဆင်ပြေ အိုခေနေတာပေါ့။

အဆင်မပြေတာတွေက နောက်မှ သိလိုက်ရတယ်။ ငွေသွားပို့တဲ့နေ့မှာ စာချုပ်လုပ်သွားပြီး ငွေလက်ခံ ရယူတဲ့ အိမ်က အဖွားကို လက်မှတ်ထိုးခိုင်းသလို ဦးလေးကိုလည်း အသိသက်သေနေရာမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအထိကတော့ အိမ်က လူကြီးတွေက အိုခေပါတယ်။ ငွေရေးကြေးရေးကိစ္စမှာ စာချုပ်တွေနဲ့ လုပ်တာကို အတိုင်းအတာ တခုအနေနဲ့ လက်ခံပါတယ်။ လိုအပ်သလို လက်မှတ် ထိုးပေးတယ်။ ပြဿနာက စာချုပ်ကို ယူသွားပြီး ပြန်သွားပြီးကာမှ နောက်ပြန်လှည့်လာပြီး အဖွားကို သက်သေအနေနဲ့ ဓါတ်ပုံရိုက်ယူသွားတယ်။ အိမ်က လူကြီးတွေက အဲဒီကိစ္စကို အစာမကြေဖြစ်ပြီး ကျွန်တော့်ဘက်ကို ဖုန်းဆက်ဗုံးကြဲပါလေရော။

အခုကိစ္စမှာ... ဘဝတခု အသစ်စဖို့ ရှိသမျှကို စုဆောင်းပြီး ပျံသန်းဖို့ အရှိန်ယူဆဲကာလမှာ အလိမ်အညာ မုသားအိမ်ထဲ ယောင်မှားဝင်မိမှာ စိုးရိမ်မိလို့... မိုးပြိုခဲ့သည် ရှိသော်ဆိုပြီး ခြေနှစ်ချောင်း မိုးပေါ်ထောင် အိပ်တဲ့ တစ်တီတူးငှက်လိုမျိုး... သံသယကို အခြေခံပြီး မရည်ရွယ်ပဲ လုပ်သွားတဲ့ အမှားလေးက တဘက်လူရဲ့ စေတနာကို ဝေဒနာ ဖြစ်စေခဲ့တယ်။ ကူညီတတ်တယ်၊ ရက်ရောတယ် ဆိုတဲ့ မြန်မာ့လူနေမှုဘဝမှာ ခြေနှစ်ချောင်း မကယ်ကောင်းဘူး ဆိုတဲ့စကားက အလကားပေါ်လာခဲ့ပုံ မပေါ်ပါဘူး။ အကူအညီလိုနေတဲ့ သူကို ကူညီရတာ မင်္ဂလာတပါးပါပဲ။ မလိုတဲ့နေရာမှာ သွားပြီး ကူနေရတာထက် တကယ်လိုနေတဲ့သူကို ကူရတာ ပိုကောင်းတာပေါ့။ ဒါပေ့မယ် ခြေနှစ်ချောင်း မကယ်ကောင်းဘူးဆိုတဲ့ အဲဒီစကားက ဘယ်ကနေ ဘယ်လိုမျိုး ပေါ်လာရတာလဲ။

ကျွန်တော့်ဘက်မှာ အဆင်မပြေတာ အသေးအမွှားလေးတွေလည်း ရှိပါတယ်။ ပုံမှန်မှာဆို မြန်မာပြည်ကို ငွေလွှဲချင်ရင် ပင်နီဇူလားက လွှဲနေကြအေးဂျင့်ကို လွှဲပေးလိုက်ရင် အဆင်ပြေပြီ။ ကိုယ်မအားလို့ ကိုယ်တိုင် မသွားဖြစ်ရင်လည်း ဘဏ်ကနေ ငွေလွှဲပေးလိုက်ရင် အဆင်ပြေတာပဲ။ အခုဟာကျတော့ တမျိုးပါ။ သူ့ဘက် ကိုယ့်ဘက် အားတဲ့အချိန်ကို ညှိယူရတယ်။ ပြီးတော့ ငွေလက်ခံမယ့်သူ တည်းနေတဲ့ နေရာကို ကိုယ်တိုင် အရောက် သွားပေးရတယ်။ ဘဏ်ကနေ လွှဲပေးလို့ရတာမျိုး မဟုတ်ဘူး။ အလုပ်တွေ မအားတဲ့ ကြားကနေ ရုံးဆင်းချိန်မှာ အပြေးတပိုင်း မြို့ထဲသွားရတယ်။ ဖုန်းတွေ ဆက်ရတယ်။ ဆိုလိုချင်တာက အေးဂျင့်ကနေ လွှဲတာလောက် မလွယ်ပါဘူး။ အချိန်ကုန် လူပန်း စိတ်ရှုပ်ရပါတယ်။

အပြန်အလှန် ယုံကြည်မှုဆိုတာ ရင်းနှီးခင်မင်ပါတဲ့ လူရင်းတွေကြားမှာတောင် ရှိခဲပါတယ်။ ယုံရပါတယ် ဆိုတဲ့ လူတွေတောင် ယုံကြည်မှုကို အလွဲသုံးစား လုပ်တတ်သေးတာပဲ။ ဒီလိုနဲ့ပဲ ဖိုးတွမ်တီးဆိုတဲ့ အမှုတွေက ပေါများလွန်းနေတယ်။ ဒါကြောင့် အကျွမ်းတဝင် မရှိသေးတဲ့ လူအဖို့ဆိုရင် အပြန်အလှန် ယုံကြည်မှု ရှိဖို့ဆိုတာ ပိုလို့တောင် ခက်လှပါတယ်။ ဆွေမျိုးသားချင်းတောင် မယုံရဲတဲ့ ခေတ်ကို ရောက်နေပြီလေ။

အဲဒါကြောင့် ခြေနှစ်ချောင်းကို အပေါ်ထောင်ထားတဲ့ တစ်တီတူးလို လူမျိုးရဲ့ သဘောသဘာဝကို ကျွန်တော် နားလည်ဆင်ခြင်မိတဲ့အလျှောက် အခုကိစ္စမှာ အိမ်က ပြောသမျှ ဆူသမျှကို ခေါင်းငုံ့ခံပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်လေးပဲ နေလိုက်ပါတယ်။ စေတနာကို ဝေဒနာ ဖြစ်အောင် မလုပ်မိစေလိုတဲ့ ဆန္ဒလေးပဲ ရင်ထဲမှာ ရှိနေခဲ့လို့ ဆင်ခြင်နိုင်အောင် ရေးမှတ်ထားလိုက်ပါတယ်။

Saturday, January 22, 2011

Thet Khaing by Min Din



"မင်းဒင်ရဲ့ သက်ခိုင် စာအုပ် ရှိပါသလား ခင်ဗျာ..."

"ကုန်သွားပြီ မောင်လေးရေ... အောက်ထပ်က Bata ဖိနပ်ဆိုင်နားက ရွှေပြည်စိုးမှာ သွားမေးကြည့်ပါလား... အဲဒီမှာ ရှိနိုင်သေးတယ်..."

Penisula က မော်လမြိုင် ဆိုတဲ့ ဆိုင်မှာ စာအုပ်ဝယ်ဖို့ မေးတုန်းက ရလိုက်တဲ့ အဖြေပါ။

"Penisulaမှ ရွှေပြည်စိုး၊ ရွှေအိုး၊ လဝန်းသစ်၊ မြသရဖူ၊ ပြုံးတရာဆင့်နှင့် မော်လမြိုင် တို့တွင်လည်း ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်..." လို့ ကိုမင်းဒင်ရဲ့ စီပုံးမှာ တွေ့လိုက်တဲ့ မတ်ဆေ့ခ်ျအတိုင်း စာအုပ်ရှာပုံတော် ခရီးဖွင့်လိုက်တာပေါ့။ ကျန်တဲ့ဆိုင် အမည်တွေထက် မော်လမြိုင်ဆိုတဲ့ ဆိုင်အမည်က မှတ်ရလွယ်လို့ မော်လမြိုင်ဆိုတဲ့ ဆိုင်ကို အရင်ဝင်မေးလိုက်တယ်။

စကာင်္ပူမှာ နေတာ ၄ နှစ် နီးပါး ရှိတော့ပေမယ့် ပင်နီစူလားမှာ ဘယ်ဆိုင်တွေ ဘယ်နားမှာ ရှိမှန်း အလွတ် မရပါဘူး။ အဲဒီဘက်ကို အသွားအလာ ရှိပေမယ့် အတော်လေးကို အခေါက်ရေ နည်းလှပါတယ်။ သွားရင်လည်း ကိုယ့်ကိစ္စအတွက် လိုအပ်တဲ့ ဆိုင်လောက်ပဲ သွားလေ့ရှိခဲ့တော့ တခြားဆိုင်တွေ ဘယ်အထပ်မှာ ဘယ်နားမှာ မရှိမှန်း မသိတာ မဆန်းလှပါဘူးလေ။

မော်လမြိုင်ဆိုင်က အတိအကျ နေရာညွှန်းတာနဲ့ ရွှေပြည်စိုး ဆိုတဲ့ ဆိုင်ကို ရောက်ခဲ့လိုက်တယ်။ ဖိနပ်ဆိုင်ကို ရောက်ဖူးပေမယ့် အဲဒီလို ထောင့်ကျကျနေရာမျိုးမှာ ရွှေပြည်စိုးဆိုင်က ရှိနေမှန်း တခါမှကို သတိမထားမိခဲ့ဘူး။ ရွှေပြည်စိုးဆိုင် ဆိုပေမယ့် မြန်မာပြည်ထွက်ကုန်တွေ ရောင်းတဲ့ဆိုင်မျိုး မဟုတ်ပါဘူး။ ဆယ်ပေလောက် ရှိတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ စားပွဲကြီးတစ်လုံးနဲ့ ထိုင်ခုံတွေပဲ တွေ့ရတော့ အထွေထွေဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုးပဲဖြစ်မယ်။ မှန်ဗီရိုတစ်လုံးကို အခန်းထောင့်မှာ ကပ်ထောင့်ထားတယ်။ အသေအချာ ညွှန်းတဲ့သူသာ မရှိရင် အဲဒီလိုဆိုင်မှာ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကို ရောင်းမယ်လို့တောင် ထင်မိမှာ မဟုတ်ဘူး။

အဲဒီဆိုင်မှာ စာအုပ်ကို ဒေါ်လာ ၃၀ ပေးပြီး ဝယ်လိုက်တယ်။ အပြင်မှာ မိုးတွေရွာလို့ စာအုပ်ထည့်ဖို့ ကျွတ်ကျွတ်အိတ် တောင်းတော့ ပေးစရာ အိတ်က အဆင်သင့် မရှိရှာဘူး။ အဲဒါနဲ့ ဦးလေးတယောက်က နောက်ဖေးခန်းထဲဝင်ပြီး ကျွတ်ကျွတ်အိတ် အဟောင်းတစ်လုံး ယူလာပေးတယ်။ ကောင်တာမှ ထိုင်နေတဲ့ အစ်မကြီးကတောင် သန့်ရဲ့လား... တော်ကြာ စာအုပ် ညစ်ပတ်သွားအုံးမယ်တဲ့။

ဆိုင်အပြင်မှာ ရပ်စောင့်နေတဲ့ ချစ်ချစ်က မေးတယ်... ဘာစာအုပ်မို့လို့ ဒေါ်လာ ၃၀ တောင် ပေးရတာလဲ... မြန်မာငွေနဲ့ဆိုရင် ကျပ်၂ သောင်းနီးပါးပဲတဲ့။ ကျွန်တော်က ပြန်ဖြေလိုက်တယ်... မြန်မာပြည်ထဲမှာ ထုတ်ဝေဖို့ အဆင်မပြေနိုင်တဲ့ အကြောင်းတွေ ရေးထားတဲ့ စာအုပ်ဖြစ်နေလို့ပဲလို့။ နိဒါန်းပိုင်းလောက်မှာ ရေးထားတဲ့ အထဲက ကျွန်တော်တို့အသိတစ်ယောက်နဲ့ ကိုသက်ခိုင် ဆုံတဲ့အကြောင်းကို ပေးဖတ်လိုက်တော့ အပျော်ဖတ် ဝတ္ထုမျိုးမဟုတ်ဘူး ဆိုတာကို ကျွန်တော့်ချစ်ချစ် နည်းနည်းလောက် သဘောပေါက်သွားပုံရတယ်။

စွဲဆောင်မှုကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြောင့် အိမ်အပြန်လမ်းတလျှောက် ရထားပေါ်မှာ အဆင်ပြေရင် ပြေသလို စာအုပ်ဖတ်ခဲ့တယ်။ ညဘက်မှာလည်း အချိန်ရရင် ရသလို စာအုပ် ဖတ်ဖြစ်နေတယ်။ ကုမ္ပဏီက လုပ်တဲ့ နှစ်ပတ်လည် ညစာစားပွဲကို သွားတော့လည်း ရှိုးစမိုး ဂိုက်အပြည့်နဲ့... ဒါပေမယ့် လက်ထဲမှာ အဲဒီစာအုပ်လေး ကိုင်လို့ပေါ့။ ညစာစားပွဲမှာ ဝါးတီးဆွဲဖို့က အဓိကဆိုတော့ စာဖတ်ဖို့ အချိန်မရပေမယ့်လည်း အသွားအပြန် ရထားပေါ်မှာ မတ်တပ်ရပ်ရင်း စာဖတ်ဖို့ အဆင်ပြေတယ်လေ။ အဲဒီတော့ စာအုပ်ကို အလေးခံပြီး သယ်သွားတာပေါ့ဗျာ။

သက်ခိုင်စာအုပ်က လေးသလားဆိုရင် နည်းနည်းလေးတာပေါ့ဗျာ။ စာမျက်နှာပေါင်း ၇၂၈ မျက်နှာပါတယ်။ စာရွက်အသားကလည်း ကောင်းတယ်။ စစ်တောင်းစက္ကူလို ညိုညစ်ညစ် မဟုတ်ဘူး။ အရင်လို အချိန်ပိုတဲ့ ဘဝမျိုးမှာဆို အဲဒီစာအုပ်ကို ၂ ရက် ၃ ရက်အတွင်း အပြီးကို ဖတ်ဖြစ်လိမ့်မယ်။ အခုတော့ ရုံးပိတ်ရက်နဲ့ ညပိုင်းအချိန်လောက်ပဲ စာဖတ်နိုင်တော့တယ်။ တနေကုန် ကွန်ပျူတာရှေ့ထိုင်ပြီး ညဘက်မှာ စာအုပ်ကို နင်းကန်ဖတ်နေလို့ မျက်စိ ၂လုံးကို သနားပါအုံးလို့ အပြောခံရတယ်။ ဘယ်သူက ပြောသလဲ ဆိုတာတော့ မေးမနေပါနဲ့လေ။

အဲဒီစာအုပ်ထဲမှာ ပါတဲ့ အလုံစိုးမြတ်ဆိုတာ ကျွန်တော် ၈တန်း ၉တန်း ၁၀တန်း အင်္ဂလိပ်စာကျူရှင် တက်ခဲ့တဲ့ ဆရာ့အိမ်နဲ့ အိမ်ချင်းကပ်ပဲလေ။ အဖြူရောင် လည်ကတုံးနဲ့ သပ်သပ်ရပ်ရပ် တွေ့ရတတ်တဲ့ သူ့ကို ရာဇဝင်လူမိုက်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။ ကိုစိုးမြတ်နေတဲ့ အောင်ဇေယျဝင်းရဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ အလုံဘောလုံးကွင်းမှာ လုပ်တဲ့ ပွဲဈေးတွေဆိုရင် အမှုအခင်းနည်းလှတယ်။ သူက ငါတာဝန်ယူတယ်ကွာ ဆိုရင် ပွဲဈေး ဖြစ်ပြီပဲ။ သူ မရှိတော့တဲ့ နောက်ပိုင်း အဲဒီကွင်းမှာ ဘာပွဲမှ လုပ်တာ မတွေ့တော့ဘူး။ အခုတော့ ဘောလုံးကွင်းလည်း ဘောလုံးဥက္ကဌ ဦးဇော်ဇော်ဖွင့်တဲ့ ဆီဆိုင်ဘဝကို ကူးပြောင်းသွားရရှာပြီ။

စာအုပ်ထဲမှာ ပါတဲ့ တချို့အကြောင်းတွေက ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် စာအုပ်ထဲမှာ ရေးပြထားသလိုမျိုး အသေးစိတ်တော့ မသိခဲ့ဘူး။ စာအုပ်အစကနေ အလည်... အလည်ကနေ အဆုံးအထိ ကိုသက်ခိုင့်ဘဝရဲ့ အတက်အကျမျိုးစုံကို ရသမျိုးစုံ ခံစားရအောင် ရေးဖွဲ့ခြယ်မှုန်းပြထားတဲ့ ကိုမင်းဒင်ရဲ့ ကလောင်စွမ်းက အတော်ထက်လှပါတယ်။ ရှေ့မှာ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ သိချင်စိတ်တွေ တဖွားဖွား ဖြစ်လာအောင် တည်ခင်းထားတဲ့ ဇာတ်ကွက်ဇာတ်အိမ် အခင်းအကျင်းကလည်း ပညာသားပါလွန်းလှတယ်။

အဲဒီလိုမျိုး ရှေ့ဇာတ်လမ်းမှာ ဘာတွေဖြစ်မလဲဆိုတာ သိချင်စိတ်တွေ ရှိလာအောင် ရေးထားတာကြောင့်ပဲ မင်းဒင်ဆိုဒ်မှာ ရေးတင်ထားသမျှ အခန်းဆက် ဇာတ်လမ်းရှည်ကြီးကို အစအဆုံး ဖတ်ခွင့်မရသေးသရွေ့ အဲဒီဇာတ်လမ်းကို မဖတ်ဘူးကွာ ဆိုပြီး... သူ့ဆိုဒ်ကို အလည်တခေါက် လာရောက်ရုံပဲ စနည်းနာ သွားခဲ့တာ ကြာလှပါပေါ့။ စာအုပ်ထွက်ပြီ ဆိုတာ သိရတော့မှ စာအုပ်ဝယ်ပြီး ဖတ်ပါတော့တယ်။ ဆန့်ငင် ဆန့်ငင်နဲ့ ဖတ်ရတာ အားမရပါဘူး။ တခုခုကို စောင့်မျှော်ရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းလှတယ်လေ။

တကယ်တော့ မင်းဒင်ရဲ့သက်ခိုင်ဟာ ကျွန်တော် တကူးတက ညွှန်းစရာ မလိုလောက်အောင် လူကြိုက်များ ထင်ရှားပြီးသားပါ။ အဲဒါကို အခုလို ထပ်ညွှန်းနေတာကြောင့် ကျွန်တော်ဟာ မြင်းထိန်းငတာ ဖြစ်နေပြီလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ်လေ... ကျွန်တော့်အမြင်မှာတော့ ရွှေပြည်ကြီးရဲ့ ခေတ်တခေတ်မှာ ရှင်သန်လှုပ်ရှား ရုန်းကန်ခဲ့တဲ့ ဘဝဇာတ်လမ်းတစ်ခုကို မြင်ခွင့်သိခွင့် ရလိုက်တာဟာ ပေးလိုက်ရတဲ့ အချိန်နဲ့ စင်္ကာပူ ၃၀ ဒေါ်လာထက် တန်ပါတယ် ခင်ဗျာ။

Wednesday, December 1, 2010

What is your pledge?


"Stop AIDS. Keep the Promise."

ကဲ... ကျွန်တော်တို့ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။
လုပ်ပါမယ် လို့ပြောခဲ့ ဆိုခဲ့တာတွေ လုပ်ဖြစ်ခဲ့လား။
ပေးထားခဲ့တဲ့ ကတိတွေ တည်ခဲ့ကြသလား။
ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်ကြမလဲ။
၂၀၁၀ မှာ ပြန်လည် ဆန်းစစ်ကြည်ကြပါအုံး။

၂၀၁၀ အထိ ကျွန်တော် ဘာတွေ လုပ်ခဲ့လဲ...
ပြည့်တန်ဆာလောကမှာ ကွန်ဒုံတွေ အခမဲ့ ဝေခဲ့ဖူးတယ်။
ကုန်ကားမောင်းတဲ့ ကားဆရာတွေကို ကွန်ဒုံတွေ အခမဲ့ ဝေခဲ့ဖူးတယ်။
ARV ဆေးလိုတဲ့သူတွေကို သဇင်ဆေးခန်းနဲ့ ချိတ်ဆက်ပေးခဲ့ဖူးတယ်။
မျိုးဆက်ပွါး ကျန်းမာရေးပညာပေးတွေ ဟောပြောခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေကို နေ့လည်စာတွေ ကျွေးခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေကို ကစားစရာအရုပ်တွေ ဝယ်ပေးခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေအတွက် ဒါန်းတစ်စင်း လှူဒါန်းဖြစ်အောင် စီစဉ်ဖူးတယ်။
လောလောဆယ် ဝေဘာဂီကူးစက်ဆေးရုံမှာ HIV လူနာတွေကို နေ့လည်စာ ကျွေးဖို့ စီစဉ်နေတယ်။

ကဲ... သူငယ်ချင်းတို့ရော... ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။
ဘာတွေ ဆက်လုပ်ကြအုံးမလဲ...


World AIDS Day - 2010

Thursday, November 25, 2010

Let’s serve humanity

စမ်ဘာဝမ်းပန်းခြံထဲမှာ စတုဒိတာကျွေးတဲ့နေ့က စလုံးက ဘလော့ဂါတချို့နဲ့ ဆုံဖြစ်လိုက်တယ်။ တချို့က ကြုံဖူးဆုံဖူး မြင်ဖူးပြီးသား သူတွေပါ။ တချို့ကတော့ တခါမှကို အကြောင်းမတိုက်ဆိုင်လို့ မကြုံမဆုံဖြစ်ခဲ့တဲ့ သူတွေပေါ့။ အဲဒီနိဗ္ဗာန်ဈေးမှာ သူတို့တွေက စတုဒိတာ အလှူလုပ်နေကြတာပါ။

အကြောင်းတိုင်ဆိုင်လို့ အလှူကိစ္စတွေ ပြောကြရင်း ရန်ကုန်မှာ အလှူတစ်ခုလုပ်ဖို့ ပြောဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း ဘလော့ဂါတွေ ဦးဆောင်ပြီး အလှူအတန်းတွေ လုပ်ခဲ့ကြပါတယ်။ ဒီနှစ်မှာ အဲဒါမျိုး အလှူတွေ ဆက်လုပ်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တယ်။

အလှူလုပ်မယ့် အစီအစဉ်ကတော့ ရှင်းရှင်းလေးပါ။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကံအကြောင်းမလှရှာတဲ့ ရောဂါသည်တွေကို နေ့လည်စာကျွေးဖို့ အစီအစဉ်ပါပဲ။ မြို့ရန်ကုန်က ဝေဘာဂီကူးစက်ဆေးရုံမှာ HIV ပိုး သယ်ဆောင်ထားတဲ့ ဝေဒနာရှင်တွေကို နေ့လည်စာ ဒန်ပေါက်ကျွေးဖို့ စဉ်းစားမိထားတယ်။ အစစ အရာရာ ဈေးကြီးနေတဲ့ ခေတ်ကြီးမှာ ချို့တဲ့ဆင်းရဲရှာတဲ့ သူတို့တတွေကို အစားကောင်း အသောက်ကောင်းလေး ကျွေးမွေးချင်မိတယ်။ အဲဒီဆေးရုံမှာ ဝေဒနာရှင် အယောက် ၉၀ ကျော် ရှိတယ်လို့ စုံစမ်းသိရှိထားပါတယ်။ အဲဒီအစီအစဉ်လေးကို သူတို့တွေနဲ့ တိုင်ပင်ကြည့်တော့ စိတ်ဝင်စားတယ် ဆိုတာနဲ့ အကောင်ထည်ဖော် ရှေ့ဆက်ဖို့ ကြိုးပမ်းတာပါ။

ဒန်ပေါက် ၁ ပွဲကို မြန်မာငွေ နှစ်ထောင်ကျပ်နဲ့ တွက်ကြည့်ရင် ဒန်ပေါက်ပွဲ ၁၀၀ အတွက် မြန်မာငွေ ၂ သိန်း ကုန်ကျပါမယ်။ ဒန်ပေါက်ဆိုင်က လိုက်မပို့ပေးတဲ့အတွက် ဆေးရုံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားငှားပြီး သယ်ရပါမယ်။ အဲဒီအတွက် လမ်းစရိတ်လည်း လိုပါမယ်။ အလှူငွေ စုတာ အဆင်ပြေခဲ့ရင် အအေးတိုက်ဖို့ပါ စီစဉ်ချင်ပါတယ်။ အလှူရက်ကိုတော့ ဒီဇင်ဘာ လဆန်းပိုင်းလောက်မှာ လုပ်ဖြစ်မှာဖြစ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ဒီနေ့ကစပြီး အလှူငွေ ကောက်ပါမယ် ခင်ဗျာ။

လောလောဆယ် အလှူအတွက် တာဝန်ယူ ကောက်ခံပေးမယ့်သူတွေကတော့...

ကိုမိုးကုတ်သား bobohan25@gmail.com
ကိုဖိုးစိန် phoesein@gmail.com
ကိုဇူလိုင် julydream0707@gmail.com

မေတ္တာငတ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေး မေတ္တာလက်တွေနဲ့ ကမ်းပြီး ဖေးမကူညီကြပါစို့...

Updated Donor List...

မချစ်ကြည်အေး = ၅၀ ဒေါ်လာ
မမြူးမြူး = ၃၀ ဒေါ်လာ
မတင်ဇာမော် = ၅၀ ဒေါ်လာ
မဘုတ်ဆုံ = ၅၀ ဒေါ်လာ
မရီတာ = ၃၀ ဒေါ်လာ
မလင်းလင်း = ၂၀ ဒေါ်လာ
မအေးဇာနွယ် = ၅၀ ဒေါ်လာ
မဝေဝေ = ၂၀ ဒေါ်လာ
မချယ်ရီ = ၆၀ ဒေါ်လာ
ကိုကိုမောင် = ၅၀ ဒေါ်လာ
ကိုစိုင်းခမ်းထွန်း = ၁၀ ဒေါ်လာ
ကိုကျော်ဇင်ဦး = ၇၀ ဒေါ်လာ
ကိုလူသစ် = ၅၀ ဒေါ်လာ
ကိုဇေယျာ = ၂၀ ဒေါ်လာ

Saturday, November 6, 2010

Food in TH

ထိုင်းမှာ အလုပ်ကိစ္စအတွက် တစ်လနီးပါးလောက် နေလိုက်ရတယ်။ အလုပ်တာဝန်နဲ့ လာရတာဆိုတော့ မိုးလင်းမိုးချုပ် အလုပ်ထဲမှာ တကုပ်ကုပ်ပေါ့။ မနက်မိုးလင်းလို့ မနက်စာ စားပြီးရင် ရုံးက လာကြိုတဲ့ကားနဲ့ ရုံးကိုလာ၊ နေ့လည်စာကိုတော့ ရုံးက အဆင်ပြေသလို ဝယ်ပေးတဲ့ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားပေါ့။ ညစာကိုတော့ ရုံးပြန်ချိန်စောရင် စောသလို အနားတဝိုက်က ကုန်တိုက်ကြီးမှာ သွားစား၊ ရုံးပြန်နောက်ကျရင် ဟိုတယ်ကနေပဲ မှာစား၊ ဒီလိုနဲ့ သံသရာ လည်သွားလိုက်တယ်။ ရုံးပြန်ချိန် စောတယ်ဆိုတာ ည ၈ နာရီလောက်ကို ပြောတာပါ။ အများအားဖြင့်တော့ ဟိုတယ်ကို ည ၁၀ နာရီလောက်မှ ရောက်တတ်လို့ ဟိုတယ်ကပဲ မှာစားရတာ များတယ်။



ပထမဦးဆုံးနေ့က ရုံးပြန် နောက်ကျတယ်။ ဗွေဆော်ဦး ဆိုတဲ့အတိုင်း ည ၁၀ နာရီကျော်မှ ဟိုတယ်ကို ရောက်တယ်။ အနားတဝိုက်မှာ စားသောက်ဆိုင်တွေကလည်း ရှားတယ်။ ဘာသာစကား အခက်အခဲကလည်း ရှိတယ်။ သီချင်းဆိုဖို့ ဆိုင်တွေတော့ ရှိပေမယ့် သီချင်းမှ မဆိုတတ်တာ ကျွန်တော့်အတွက် မထူးပါဘူးလေ။ အဲဒီတော့ ဟိုတယ်မှာပဲ စားတော့မယ်ဆိုပြီး မှာလိုက်တယ်။ ကျွန်တော် ကြိုက်တဲ့ သဘောင်္သီးထောင်းပေါ့။ မြင်ဖူးနေကြ စားနေကြ သဘောင်္သီးထောင်းနဲ့ မတူတာက ခုတ်ထစ်ထားတဲ့ ဂဏန်းတစ်ကောင် ပါလာတာပဲ။ မှာလိုက်တာက သဘောင်္သီးထောင်းပါပဲ။ ဘယ်နဲ့ ဒီဂဏန်းက ပါလာရတာတုန်း။ ပုံစံကလည်း ချက်ထားပြုတ်ထားတဲ့ ပုံစံနဲ့ မတူဘူး။ မဲမဲကြီးဆိုတော့ အစိမ်းကြီးလားပေါ့။ အဲဒါနဲ့ အပိုင်းပိုင်း ခုတ်ထစ်ထားတဲ့ ဂဏန်းသားတွေကို ဘေးဖယ်ပြီး စားလိုက်တယ်။ ဒါပေမယ့် အတော့်ကို စပ်လွန်းလို့ အကုန် မစားနိုင်လိုက်ဘူး။


ရုံးပြန်စောတဲ့ ရက်ဆိုရင် အနားက ကုန်တိုက်ကြီးမှာ ညစာ သွားစားတယ်။ အစပိုင်းကတော့ ဂျပန်ဆိုင်မှာ စားဖြစ်တယ်။ ဂျပန် ထမင်းဟင်းတွေ ဆိုပါတော့။ နောက်ပိုင်းတော့ ထိုင်းဆိုင်မှာ ထိုင်ဖြစ်တယ်။ ထိုင်းဆိုင်မှာဆို တုံယန်းဟင်းရည်နဲ့ ခေါက်ဆွဲပြုတ် စားဖြစ်တယ်။ ကြက်သားဖတ်တွေ ပါသလို ကြက်အရေခွံတွေလည်း ပါတယ်။ ချဉ်ပြုံးပြုံး ဟင်းရည်က အတော် သောက်လို့ ကောင်းတယ်။ ကြက်အရေခွံတွေ ဖယ်စားရတာပဲ အလုပ်ရှုပ်တာ။ အဲဒီဆိုင်မှာ အဲဒီတုံယန်းခေါက်ဆွဲပြုတ်အပြင် ထမင်းဖြူ တစ်လုံးနဲ့ သဘောင်္သီးထောင်းလည်း မှာစားဖြစ်တယ်။ ဂဏန်း မထည့်ဖို့တော့ မှာလိုက်ရတာပေါ့။


နောက်ပိုင်းရက်တွေမှာတော့ ညတိုင်း နောက်ကျပါတယ်။ ဟိုတယ်ရောက်ပြီဆို ည ၁၀ နာရီခွဲကျော်နေပြီ။ ဟိုတယ်နားက ဆိုင်တွေကလည်း ၉ နာရီလောက်ဆို အကုန် ပိတ်သွားပြီ။ ဟိုတယ်ကနေ ခပ်ဝေးဝေးကို လမ်းလျှောက်ရင်တော့ ညဈေးတစ်ခုတော့ ရှိတယ်။ အဲဒီဘက်မှာ လမ်းဘေးဆိုင်တွေ အစီစီ အရီရီပဲ။ ဆောင်းဝင်လာလို့ပဲလား မသိဘူး။ ညဘက်ဆို လမ်းပေါ်မှာ လေတဝူးဝူးနဲ့ အတော်လေးကို ချမ်းတယ်။ အနွေးထည်ကလည်း မယူသွားမိတော့ ချမ်းတဲ့ဒဏ်ကို အတော်လေး ခံရတယ်။ အဲဒီတော့ ညဈေးဘက်ကို တကူးတက မသွားဖြစ်ဘူး။ ပင်ပန်းတဲ့အရှိန်နဲ့ မသွားချင် မလာချင်လည်း ပါတာပေါ့။ ဒီလိုနဲ့ပဲ ဟိုတယ်မှာပဲ မှာစားဖြစ်တယ်။ ဂဏန်းသားနဲ့ ထမင်းကြော်ကို မှာစားဖြစ်တာ များတယ်။ ထမင်းလည်း သိပ်မများဘူး။ ဂဏန်းသားကလည်း ချိုတယ်။ ပူပူနွေးနွေးဆိုတော့ စားလို့လည်း ကောင်းတယ်။ ဟိုတယ်မှာ စားတာ မကောင်းတာ တစ်ခုကတော့ ဈေးကြီးတာပါပဲ။ ညစာ စားတိုင်း ကင်မရာ မယူသွားဖြစ်တော့ တချို့ပုံတွေ မရိုက်ထားမိဘူး။ တခါတလေ ကင်မရာ ပါသွားတဲ့အခါ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးတွေပဲ အမှတ်တရ တင်ထားလိုက်ပါတယ်။

ဒီလိုနဲ့ပဲ ဟိုတယ်နဲ့ အနားတ၀ိုက်မှာ ဖြစ်သလိုလေး စားနေရတဲ့ ခြောက်ကပ်ကပ် ဘဝကို ၁ လနီးပါး ဖြတ်သန်းပြီးနောက် ကျွန်းပိစိမှာ ဟမ်ဘာဂါ ပြန်စားနေပါပြီလေ။