ပြီးခဲ့တဲ့ရက်တုန်းက ရုံးကနေ လုပ်အားပေး သွားလုပ်ခဲ့တဲ့ စင်္ကာပူရဲ့ ရုက္ခဥယျာဉ်မှာ အပင်နဲ့ပတ်သက်ပြီး ပညာအတော်လေး ရလိုက်တယ်။
၁။ စင်္ကာပူ တမြို့လုံးမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေရဲ့ လားရာက အဲဒီဥယျာဉ်ကြီးဆီကိုပါ။ လူသွားစင်္ကြတလျှောက် ကြွေကျနေတဲ့ အရွက်တွေကို လူအား စက်အားနဲ့ ရှင်းလင်းပြီး စုဆောင်းထားတာဟာ ဇီဝမြေသြဇာ လုပ်ဖို့အတွက်ပါ။ အဲဒီသစ်ရွက်ခြောက်တွေကို ပလတ်စတစ်လိုမျိုး အမှိုက်သရိုက် ဖယ်ထုတ်ပြီးတဲ့နောက် အပင်တွေရဲ့ ခြေရင်းမှာ ပါးပါးလေး ဖြန့်ခင်းပြီး ဇီဝမြေသြဇာ ဖြစ်အောင် လုပ်ကြတယ်။
၂။ အဲဒါအပြင် ဥယျာဉ်ထဲမှာ ရှိတဲ့ ရေကန်တွေထဲက ရေမှော်ပင်တွေကို ဆယ်ထုတ်ပြီး အပင်ခြေရင်း ရွက်ခြောက်တွေရဲ့အပေါ်မှာ ထပ်ပြီး ဖြန့်အုပ်တယ်။ အပင်ရဲ့ အမြစ်တွေကို ရသလောက် ဖုံးအုပ်ကာပေးထားတယ်။ အဲဒါက ရေဓါတ်ရအောင်နဲ့ အပင်ရဲ့အမြစ်တွေကို အပူဒဏ် ကာကွယ်နိုင်အောင် လုပ်တာတဲ့။ မြေလွှာရဲ့ ရေဓါတ် ထိမ်းသိမ်းမှုလည်း အားကောင်းစေတယ်။
၃။ အဲဒီလို ရွက်ခြောက်တွေ ရေမှော်ပင်တွေကို ဖြန့်အုပ်တဲ့အခါ ပင်စည်နဲ့တော့ ကပ်မထားပါဘူး။ ပင်စည်အရင်းကနေ ၆ လက်မလောက် ခွါပြီး ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပင် အသက်ရှူရ ခက်မှာ စိုးလို့တဲ့။
၎။ နောက်တခုက ဓါတ်မြေသြဇာ ကျွေးပုံ။ အပင်ကို ဓါတ်မြေသြဇာ ကျွေးပြီးပြီးချင်း ရေလောင်းဖို့ လိုတယ်တဲ့။ မဟုတ်ရင် အဲဒီဓါတ်မြေသြဇာတွေက မြေပေါ်မှာပဲ တင်ကျန်နေပြီး စုတ်ယူစားသုံးမယ့် အပင်ရဲ့ အမြစ်တွေဆီအထိ မရောက်တော့ပဲ မြေပေါ်မှာတင် အငွေ့ပျံသွားနိုင်ပြီး လေ့လွင့်ပျက်ဆီးကုန်မယ်တဲ့။ ဒါကြောင့် အပင်ကို ဓါတ်မြေသြဇာ ကျွေးပြီးတာနဲ့ အဲဒီနေရာကို ရေလောင်းပေးဖို့ သတိရကြပါ။
၅။ မြေသြဇာ ထည့်တဲ့အခါမှာလည်း ပင်စည်အနားတဝိုက်မှာ ကပ်မထည့်ပါဘူး။ အပင်ရဲ့ ပင်စည်ကနေ ခပ်ဝေးဝေး ၂ ပေလောက်အကွာ ပတ်ပတ်လည်မှာပဲ မြေသြဇာ ထည့်တယ်။ ပင်စည်နဲ့ ကပ်ရပ်ထည့်ရင် အမြစ်တွေက အပျင်းထူပြီး အပင်ရဲ့ ခပ်ဝေးဝေးကို အမြစ်တွေ ဖြန့်ကျက်မနေတော့ပဲ အဲဒီအနားလေးက မြေသြဇာကိုပဲ ကပ်စားနေလိ့မ်မယ်။ အဲဒါကြောင့် မြေလွှာတွင်းမှာ အမြစ်ကုတ်အား နည်းလာနိုင်တယ်။ အပင်နဲ့ ခပ်ဝေးဝေးမှာ မြေသြဇာ ထည့်ထားရင် အပင်တွေက အမြစ်တွေကို အဲဒီနေရာအထိ ရောက်အောင် ဆန့်ထုတ်ပြီး မြေဆီတွေကို စားသုံးလိမ့်မယ်။ အဲဒါမှ အမြစ်တွေရဲ့ ဖြန့်ကျက်အား ကောင်းလာပြီး အပင်တွေဟာ လေဒဏ်မိုးဒဏ် ခံနိုင်ရည် ရှိလာမယ် ဆိုပဲ။ အပင်တွေလည်း အပျင်းထူတယ် ဆိုတာ သိလာရတယ်။
အဲဒီနေ့က ရွက်ခြောက်တွေထဲက အမှိုက်တွေကို ဖယ်ပြီး ပီနန်အိတ်ကြီးထဲမှာ စုထည့်ပေးနေတဲ့ တရုတ်အဖိုးကြီးဆီကနေ အဲဒီအိတ်တွေကို Trolley နဲ့ သွားသယ်ရတယ်။ Trolley ပေါ်မှာ လူ ၃ ယောက် မယူရတဲ့ အိတ်ကြီး ၃ အိတ် တင်ယူပြီး အပင်တွေ ခြေရင်းကို သယ်လာပေးရတယ်။ ပြီးရင် အဲဒါတွေကို အပင်ခြေရင်းမှာ ပါးပါးလေး ဖြန့်ခင်းရတယ်။ အတော်လေး ထူနေတဲ့ နေရာတွေကို ပြန်ပါးအောင် တံမြက်စည်းနဲ့ ညှိယူရတယ်။ အဲဒါတွေ ပြီးရင် ကန်ဘောင်ဘေးမှာ စုထားတဲ့ ရေမှော်ပင်တွေကို Trolley နဲ့ သွားယူပြီး အပင်ရဲ့ အမြစ်တွေပေါ်မှာ ပါးပါးလေး ဖြန့်ခင်းရတယ်။ အဲဒီအလုပ်မှာ အပင် ၁၀ ပင်စာအတွက် စုစုပေါင်း အချိန် ၂ နာရီခွဲ ကုန်တယ်။ လွယ်သယောင်ယောင်နဲ့ အချိန် အတော်ကုန်ပါတယ်။
Showing posts with label Social Work. Show all posts

Sunday, September 28, 2014
Tuesday, December 14, 2010
Donation to HAPCS of NLD
နယ်က လာတဲ့ လူနာတွေက ကြက်ဆီထမင်း စားဖူးချင်တယ်ဆိုလို့ ဗူး ၁၂၀ ဝယ်လိုက်တယ်...
မီးဖိုချောင်အတွက် ကြက်သွန်နီ၊ ကုလားပဲနဲ့ အိုင်အိုဒင်းဆားလည်း လှူဖြစ်တယ်...
ထမင်းချက်ဖို့ ဆန် ၂ အိတ်နဲ့ ဟင်းချက်ဖို့ ဆီ ၂၀ ပိဿာလည်း ပါတာပေါ့...
လမ်းမသိမှာ စိုးလို့ ကိုယ်တိုင် လာကြိုပြီး ဝိုင်းကူကြတဲ့ ဂေဟာက လုပ်အားပေးတွေ...
အားဆေး ဗူး ၂၀ အပါအဝင် လှူဒါန်းမှုအစုစုကို မဖြူဖြူသင်းဆီ လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်...
အဆောင်နေရာ အခက်အခဲကြောင့် တချို့ဧည့်သည်တွေက အပြင်မှာပဲ အိပ်ကြရတယ်...
ဆရာကြီးဦးဝင်းတင် လှူဒါန်းထားတဲ့ မြေကွက်မှာ အဆောင်တခုခု ဆောက်နိုင်ရင် ကောင်းမယ်...
မဖြူဖြူသင်း ဦးဆောင်နေတဲ့ HIV/AIDS Prevention and Care Section ကို အလှူအတွက် တခါတခေါက် ရောက်ဖြစ်ခဲ့တယ်။ တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ ဂေဟာမှာ လူနာ ၁၀၀ ကျော်လောက် လက်ခံထားတယ်။ ပျဉ်ခင်း ထရံကာ နှစ်ထပ်ဆောင်ထဲမှာ လူနာတွေ အများကြီးပေါ့။ ပျဉ်ထောင်အိမ်လေးထဲမှာလည်း လူနာတွေ ရှိသေးတယ်။ နေရာ မဆန့်လို့ အပြင်မှာ ထွက်အိပ်တဲ့ ဧည့်သည်တွေလည်း ရှိတယ်။ မိုးတွင်းဆိုရင်တော့ ဒုက္ခရောက်မယ်။
ဘေးမှာတော့ မြေကွက်လပ်ကြီးရှိတယ်။ အဲဒီမြေကွက်က ဆရာကြီးဦးဝင်းတင် လှူထားတာတဲ့။ အဲဒီမြေမှာ အဆောင်တခုခု ဆောက်ပေးနိုင်ရင် လူနာတွေအတွက် ပိုကောင်းမလားပဲ။ လှူချင်တန်းချင်တဲ့ အလှူရှင် ရှိလာရင် ဆက်သွယ်ပေးလိုက်ကြပါလို့ တောင်းဆိုချင်ပါတယ်။

Wednesday, December 8, 2010
Donation to Waibargi Hospital
မြောက်ဥက္ကလာပ ဝေဘာဂီကူးစက်ဆေးရုံက HIVပိုး ကူးစက်ခံထားရတဲ့ လူနာ အယောက် ၁၀၀ အတွက်
ဒန်ပေါက်ထမင်းနဲ့ မိုင်လိုဗူးတွေကို နေ့လည်စာအဖြစ် လှူဒါန်းဖြစ်ခဲ့ပါတယ်။
Saturday, July 10, 2010
Clean the beach
ဒီနေ့ ပင်လယ်ပြာ သောင်ပြင်မှာ အမှိုက်ကောက်ဖြစ်တယ်။ သဲသောင်ပြင်ဖြူလွှလွှမှာ ပုံတွေ ရေးဆွဲဖြစ်တာ မဟုတ်ဘူးနော်။ ရုံးအနေနဲ့ ကိုယ်စားပြုသွားရတာပါ။ SITF က လုပ်အားပေး လွှတ်ပေးဖို့ ရုံးကို ဖိတ်တယ်။ ရုံးက စိတ်ဝင်စားတဲ့ သူတွေကို သွားခိုင်းတယ်။ စာရင်းပေးထားတုန်းကတော့ ၁၀ ယောက်လောက် ရှိတယ်။ တကယ်တမ်းကျတော့ ၇ ယောက်ပဲ လာတယ်။ ၇ ယောက်ဆိုတာမှာ ရုံးက လူကို ရေမယ်ဆိုရင် ၄ ယောက်ပဲ ရှိတယ်။ တခြား ၃ ယောက်က သူတို့ရဲ့ ကြင်သူသက်ထားတွေ။
မနက် ၆ နာရီလောက် အိပ်ရာထရတယ်။ ရုံးက တစ်ယောက်က ဖုန်းဆက် နှိုးပေးတယ်။ မထချင်ပေမယ့် ကုန်းရုန်း ထလိုက်တယ်။ လုပ်ပေးမယ် ပြောထားပြီးမှတော့ ဖြစ်အောင် လုပ်ပေးရမှာပေါ့။ နေတဲ့နေရာနဲ့ သွားရမယ့် ပင်လယ်ကမ်းခြေက အရှေ့နဲ့အနောက်... တောင်နဲ့ မြောက်လိုပဲ။ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် ပြောလို့ရတယ်။ အဲဒီတော့ မနက် ၈ နာရီခွဲ အရောက် ကမ်းခြေရောက်ဖို့ ၇ နာရီကတည်းက အိမ်ကနေ ထွက်လာခဲ့ရတယ်။ မနက်စာတော့ အိမ်ကနေပဲ စားခဲ့လိုက်တယ်။
ကမ်းခြေနဲ့ အနီးဆုံး ဘူတာမှာ ရုံးက ဘော်ဒါတွေနဲ့ ချိန်းလိုက်တယ်။ ဘူတာကနေ ဘတ်စ်ကား စီးဖို့ သိပ်အဆင်မပြေတော့ တက်စီပဲ ငှားလိုက်တယ်။ တက်စီက အများဆုံး ၄ ယောက်ပဲ တင်လို့ရတယ်။ သွားမယ့်လူက ၅ ယောက် ဆိုတော့ ကား ၂ စီးနဲ့ သွားရမယ့်ကိန်း။ ကံကောင်းချင်တော့ တားလို့ရတဲ့ ကားက ၇ ယောက် စီးလို့ရတဲ့ ကားမျိုးဖြစ်နေတယ်။ ကားခတော့ ပိုပေးရတာပေါ့။ အဲဒီလိုနဲ့ပဲ ချိန်းထားတဲ့စုရပ်ကို မနက် ၈ နာရီခွဲကျော်ကျော်မှာ ရောက်သွားပါလေရော။
ကားမောင်းတဲ့ ဒရိုင်ဘာက စောစောစီးစီး ဘာတွေသွားလုပ်မှာလဲ မေးတော့ ရှေ့ခန်းမှာထိုင်တဲ့ ဘော်ဒါက ကမ်းခြေမှာ အမှိုက်ကောက်ရမှာလို့ ပြန်ဖြေတယ်။ ဒရိုင်ဘာက မင်းတို့တတွေ လမ်းဘေးမှာ အမှိုက်ပစ်လို့ အဖမ်းခံရပြီး ပထမဆုံးအကြိမ်အနေနဲ့ အမှိုက်ကောက်ဖို့ အပြစ်ပေးခံရတာလားလို့ ပြန်မေးတယ်။ အဲဒီလိုမျိုး အပြစ်ပေးခံရတာ မဟုတ်ပါဘူး... ဗော်လန်တီယာ သွားလုပ်ကြမှာပါလို့ ကပြာကယာ ရှင်းပြရသေးတယ်။ ဥပဓိရုပ်က အဲဒီလိုမျိုးကို အထင်ကြီး ခံရတာ။ စည်းမဲ့ကမ်းမဲ့ရုပ် ဖြစ်နေပြီ ထင်တယ်။
စုရပ်ရောက်တော့ အမည်စာရင်းပေးရတယ်။ တစ်ယောက်ဆီကို ရေသန့်တစ်ဗူး ပေးတယ်။ လက်အိတ်တွေ ပေးတယ်။ အမှိုက်ထည့်ဖို့ အိတ်ပေးတယ်။ အမှိုက်အိတ်တွေကို ၁၀ နာရီခွဲမှာ ပြန်လာပေးဖို့ မှာပြီး တာလွှတ်လိုက်တယ်။ တချို့က ပြေးလမ်းတလျှောက် ကောက်တယ်။ တချို့က စားသောက်ဆိုင်ဘက်မှာ ကောက်တယ်။ တချို့က သဲသောင်ပြင်ပေါ်မှာ ကောက်တယ်။ ကျွန်တော်တို့က လှိုင်းဖွေးဖွေး ကမ်းစပ်မှာ အမှိုက်သွားကောက်တယ်။
စားသောက်ဆိုင်ဘက်မှာ အမှိုက်ကောက်တဲ့ အဖွဲ့တွေကတော့ အမှိုက်အများဆုံး ရတယ်။ ပုလင်းခွံ ဘူးခွံတွေ၊ တစ်ရှူးစက္ကူတွေ၊ ဇွန်းခရင်းတွေ၊ ဖော့ဘူးတွေပေါ့။ သဲသောင်ပြင်နဲ့ ပင်လယ်ကမ်းစပ်မှာ ကောက်တဲ့သူတွေက အမှိုက်ထုထည် အနည်းဆုံး ရတယ်လို့ ပြောရမလားပဲ။ ပုလင်းကွဲတွေ၊ ပုလင်းဖုံးတွေ၊ ဆေးလိပ်တိုတွေ၊ ဝါယာကြိုးတွေ၊ အဝတ်စတွေ၊ အရုပ်တွေ၊ ပလတ်စတစ်အိတ်တွေပဲ ရှာတွေ့တယ်။ ပလတ်စတစ်အိတ်တွေကို ကမ်းစပ်တဝိုက် ရှာရှာဖွေဖွေ ကောက်နိုင်ခဲ့တာကို ကျေနပ်နေမိတယ်။ အဲဒီအိတ်တွေက ရေသတ္တဝါတွေကို အကြီးအကျယ် ဒုက္ခပေးမယ့် အရာတွေလေ။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဆွေးမြေ့မယ့်အရာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် အမှိုက်ပစ်တဲ့သူတွေ ဆင်ခြင်သင့်ပါတယ်။
မနက် ၁၀ နာရီခွဲတော့ အမှိုက်အိတ်ကို စုရပ်မှာ ပြန်အပ်လိုက်တယ်။ အဖွဲ့လိုက်လည်း ဓါတ်ပုံစုရိုက်ဖြစ်တယ်။ စုရပ်မှာ ငှက်ပျောသီးနဲ့ ကိတ်မုန့်တွေ ကျွေးတယ်။ ဗိုက်မစာတာကြောင့် မစားခဲ့ဘူး။ McCafe က Gift Voucher လည်း ပေးတယ်။ ရုံးက လူတွေနဲ့ ဆာတေး စားဖို့ လုပ်ပေမယ့် ဆိုင်က မဖွင့်သေးဘူး။ ဒါနဲ့ အုန်းစိမ်းရေ သောက်ပြီး ကျေနပ်လိုက်ရတယ်။ ကမ်းခြေတလျှောက် ဟိုဟိုဒီဒီ လျှောက်ကြည့်သေးတယ်။ စက်ဘီးငှားစီးရင် ၁ နာရီ ငှားရင် အပို ၁ နာရီပေးတယ်တဲ့။ နေပူတော့ စက်ဘီးလည်း မစီးဖြစ်ပါဘူး။ ဒါကြောင့် အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အပြန်မှာလည်း ဘတ်စ်ကားက မလွယ်ပြန်ဘူး။ ရုံးဖွင့်ရက်ဆို ကားမရှိဘူး။ စနေနေ့ဆို နေ့လည် ၂ နာရီကျော်မှ ဘတ်စ်ကား ရှိမယ်။ အဲဒီတော့ အနီးဆုံး ဘူတာကို တက်စီငှားပြီး သွားခဲ့လိုက်တော့တယ်။ ဘူတာကနေ ရထားစီး အိမ်ပြန်ပေါ့။
ကမ်းစပ်တလျှောက် အမှိုက်ကောက်တဲ့ ရလဒ်ကတော့ အမှိုက်ပစ်တာ ဆင်ခြင်ရမယ် ဆိုတဲ့ အသိစိတ်လေး ဝင်သွားတယ်။ အမှိုက်ပစ်လိုက်ရတာ လွယ်ပါတယ်။ ပြန်လိုက်သိမ်းရတာတော့ မလွယ်ပါဘူး။ ကမ်းခြေဆိုတာ အကျယ်ကြီးလေ။ ကိုယ့်အသိစိတ်ဓါတ်နဲ့ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပေါ့။
ဒါပေမယ့် အခုတော့ ကျွန်တော်ဇူလိုင် အသားမဲနေပါပြီလေ။

Sunday, June 20, 2010
WBDD 2010 and me
စင်္ကာပူမှာ ရှိနေတဲ့ကာလတွေမှာ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကျင်းပတိုင်း လုပ်အားပေး လုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲကို တိရစ္ဆာန်ရုံမှာ လုပ်ခဲ့ဖူးတယ်။ ငှက်ခြံမှာ လုပ်ခဲ့ဖူးတယ်။ ဒီနှစ်တော့ Fullerton Heritage မှာ လုပ်ဖြစ်တယ်။ တောသား မြို့ရောက်ဆိုသလို အဲဒီဟာကြီးက ဘယ်နားမှာ ရှိမှန်း မသိခဲ့ဘူး။ ဂူဂဲလ်မှာလည်း မရှာလိုက်ဘူး။ အစည်းအဝေးတွေ ခေါ်ပေမယ့်လည်း တခါတခေါက်တောင် မရောက်ဖြစ်ခဲ့ပါဘူး။
ပွဲမစခင် တစ်ရက်အကြိုမှာ ဘာလုပ်ရမှာလဲ ဆိုတာကို စင်္ကာပူကြက်ခြေနီဆီ ဖုန်းလှမ်းဆက်မေးလိုက်တယ်။ စုရပ်ကို ဘယ်အချိန် လာပေးရမလဲ ဆိုတာလည်း မေးလိုက်တယ်။ သူများတကာတွေက မနက် ၁၀ နာရီမှ လာခိုင်းထားပေမယ့် ကျွန်တော်တို့ ဓါတ်ပုံဆရာတွေကို မနက် ၈ နာရီခွဲအရောက် လာခဲ့ပါတယ်။ အဲဒါနဲ့ တခြားဓါတ်ပုံဆရာကို မနက်ပိုင်းမှာ တွေ့ဖို့ အချိန်းအချက် လုပ်လိုက်ရတယ်။ ဘယ်လိုသွားရမလဲဆိုတာ လမ်းမသိတော့ ဘူတာမှာပဲ ချိန်းလိုက်တယ်။ စောစောစီစီး အိပ်ရာထဖို့ မလိုလားပေမယ့် တာဝန်အရ စောစောထရပြန်တယ်။
တခြားဓါတ်ပုံဆရာနဲ့ မနက် ၈ နာရီကျော်လောက် ဘူတာမှာ ဆုံဖြစ်တယ်။ မနက်စာ မစားရသေးတာနဲ့ ကော်ဖီဆိုင် ထိုင်နေလိုက်တယ်။ ကော်ဖီဆိုင် ထိုင်နေတုန်း ထိုင်းက ခရီးသွားတစ်ယောက်က သူ့ကင်မရာက ဓါတ်ပုံရိုက်ရင် မှောင်နေလို့ ကြည့်ပေးပါဆိုတာနဲ့ ကူညီလိုက်ရတယ်။ အမှန်တော့ နေရောင်ကို နောက်ခံ ထားပြီး ဓါတ်ပုံရိုက်တော့ မျက်နှာတွေ မှောင်ကုန်တာပါ။ ဖလတ်ရှ်လည်း မဖွင့်ချင်ဘူးတဲ့။ အဲဒီတော့ မှောင်တာ မဆန်းပါဘူးလေ။
ကော်ဖီဆိုင် ထိုင်ပြီးတော့ ပွဲရှိရာကို ချီတက်လာခဲ့လိုက်တယ်။ အရင်နှစ်ကတော့ ပွဲကို လာတဲ့ ဧည့်သည်တွေကို သွေးပုံစံအရုပ်ကြီးတွေနဲ့ တွဲရိုက်ပေးရဖူးတယ်။ အမှတ်တရ ဓါတ်ပုံတွေကိုလည်း အခမဲ့ ထုတ်ပေးကြတယ်။ အခုနှစ် ပွဲမှာ ဓါတ်ပုံ ရိုက်ပေးရမယ် ဆိုတာပဲ သိထားတဲ့ ကျွန်တော်တို့အဖို့ ဘယ်နေရာမှာ ဘယ်လိုပုံတွေ ရိုက်ရမှန်း မသိထားကြပါဘူး။ ပွဲလုပ်မယ့် နေရာကို ရောက်တော့ ကြက်ခြေနီက တာဝန်ရှိသူတစ်ယောက်နဲ့ သွားတွေ့လိုက်တယ်။ သူပြောပြမှာပဲ ကျွန်တော်တို့ နှစ်ယောက်က သွေးလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား တစ်ခုလုံးရဲ့ ပင်တိုင်ဓါတ်ပုံဆရာတွေ ဖြစ်နေမှန်း သိလိုက်ရတယ်။ ကြက်ခြေနီက တခြားဓါတ်ပုံဆရာတွေ ရှိပေမယ့်လည်း အဲဒီအခမ်းအနားမှာတော့ ကျွန်တော်တို့ နှစ်ယောက်က အဓိက တာဝန်ယူရမယ့်သူတွေပေါ့။
လုပ်ပေးရမယ့် တာဝန်တွေကို သိပြီးတဲ့နောက် ပွဲမှာ ဝတ်ရမယ့် တီရှပ် သွားထုတ်လိုက်တယ်။ အဝတ်အစား လဲဖို့ နေရာလိုက်ရှာပေမယ့် ရှာရခက်နေတယ်။ အဲဒီတော့ ယောကျာ်းလေးပဲကွာ ဆိုပြီး ရှက်ရှက်နဲ့ တီရှပ် လဲလိုက်ရတယ်။ ယောကျာ်းလေးလည်း ရှက်တတ်ပါတယ်လေ။ ရောက်တဲ့အချိန်က စောနေပြီး ဂုဏ်ပြုပွဲက မစသေးတော့ ဟိုလျှောက် ဒီလျှောက် ဟိုရိုက် ဒီရိုက်ပေါ့။
ပွဲလည်း တကယ် စရော... ရိုက်လိုက်ရတဲ့ ဓါတ်ပုံတွေ... စက်သေနတ် ကိုင်ပစ်နေရသလားပဲ။ ကင်မရာ ချောင်းပေါက်ကို တောက်လျှောက် ချောင်းရလွန်းလို့ နှာခေါင်းမှာတောင် မျက်မှန်ကိုင်းရာ ထင်ကျန်နေတယ်။ တခါတလေ မျက်မှန်နဲ့ မျက်ခွံကပ်မိလို့ ချွေးစိုသွားရှာတဲ့ မှန်ကို ခဏခဏ ပြန်သုတ်ရတယ်။ ဂုဏ်ပြုတံဆိပ် ပေးတဲ့ လူကြီးလည်း တော်တော့်ကို ညောင်းရှာမှာပါ။ ဓါတ်ပုံရိုက်ရတဲ့ ဓါတ်ပုံဆရာတွေလည်း မျက်လုံးလည်း ညောင်း၊ လက်လည်းညောင်း၊ ခြေထောက်လည်း ညောင်းပေါ့။ ဒီလိုနဲ့ မနက်ပိုင်းတချိန် ပြီးသွားပါလေရော။
မနက်ပိုင်း တချိန်ပြီးတော့ နေ့လည့်ခင်း ထမင်းသွားစားပါတယ်။ လုပ်အားပေးတချို့ကတော့ ထမင်းစားချိန် မဟုတ်သေးတော့ ထမင်း မစားရသေးပါဘူး။ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေတော့ လုပ်စရာ မရှိသေးတာနဲ့ ထမင်းစားလိုက်တာပါ။ တံတားအောက်က ကော်ဖီဆိုင်မှာ ထိုင်ရင်း ထမင်းစားလိုက် ကော်ဖီသောက်လိုက် စကားပြောလိုက်ပေါ့။ ထမင်းစားပြီးတော့ ဒုတိယပိုင်း အခမ်းအနား ကျင်းပမယ့် နေရာကို ပြန်လာခဲ့လိုက်တယ်။
ဒုတိယပိုင်းနဲ့ တတိယပိုင်းမှာလည်း ဓါတ်ပုံတွေ တောက်လျှောက် ရိုက်ခဲ့ရတယ်။ ဂုဏ်ပြု ဆုတံဆိပ် ပေးတဲ့ လူကြီးတွေကတော့ အချိန်လိုက် ပြောင်းသွားပါတယ်။ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေကတော့ မပြောင်းပါဘူး။ ဓါတ်ပုံရိုက်တဲ့ အချိန် ကြုံရတဲ့ အခက်အခဲကတော့ ရှေ့ကနေ ပိတ်ရိုက်တဲ့ တခြားဓါတ်ပုံဆရာတွေပါပဲ။ တချို့က သွေးလှူရှင်ရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်မှာပါ။ တချို့ကတော့ တခြားအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက ခေါ်လာတဲ့ ဓါတ်ပုံဆရာတွေ ဖြစ်နိုင်ပါတယ်။ ဂုဏ်ပြုဆု လက်ခံတဲ့ သွေးလှူရှင်တချို့ကလည်း ဆုလက်ခံပြီးတာနဲ့ စင်အောက်ကို ချက်ချင်းဆင်းသွားတော့ ဓါတ်ပုံရိုက်ခွင့် အသေအချာ မရလိုက်တာမျိုးလည်း ရှိပါတယ်။ တချို့လည်း ကင်မရာကို တည့်တည့်မကြည့်ပဲ တခြားကို ကြည့်နေတာလည်း ရှိပါတယ်။ ရိုက်ခွင့်ရတဲ့ အချိန်ပိစိကွေးလေးထဲမှာ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပြီး ရိုက်ခဲ့ပေးလိုက်တယ်။
ဂုဏ်ပြုခံရတဲ့ သွေးလှူရှင်တွေကိုပဲ ပေးဝင်တဲ့ ကန့်သတ်နယ်မြေကိုတော့ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေ ဝင်ခွင့်ရပါတယ်။ အထဲမှာ ဝါးတီးတွေပေါ့။ ဒါပေမယ့် လက်မှာတော့ ၀င်ခွင့်အမှတ်အသား စက္ကူကွင်းတွေ ဝတ်ထားရပါတယ်။ သူ့အပိုင်းနဲ့သူဆိုတော့ စက္ကူကွင်းတွေက အရောင်မတူပါဘူး။ မနက်ပိုင်းမှာ ပန်းရောင်။ ဒုတိယပိုင်းမှာ လိမ္မော်ရောင်၊ တတိယပိုင်းမှာ ခရမ်းရောင်။ ကွင်းသုံးကွင်းနဲ့ဆိုတော့ တိုက်ကြက်ကြီးတွေပေါ့။
တတိယပိုင်းပြီးမှပဲ ကန့်သတ်နယ်မြေထဲမှာ ဝါးတီးဆွဲလိုက်တယ်။ အဲဒီအထဲမှာ ဘလော့ဂါတစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်။ အသက်ငယ်တယ်လို့ ထင်ထားပေမယ့် တကယ်တမ်းကျတော့ အသက်မငယ်ဘူးဆိုတာ အဲဒီတော့မှ သိခဲ့ရတယ်။ သူလည်း ဓါတ်ပုံဆရာကြီးပဲဗျ။ ဂုဏ်ပြုခံသွေးလှူရှင်ဆိုလည်း ဟုတ်ပြန်တယ်။ စီနီယာကြီးတွေပေါ့ဗျာ။
အိမ်မပြန်ခင် ကော်ဖီတိုက်ပါအုံးလို့ တောင်းဆိုတဲ့ သူတွေရှိလို့ ကော်ဖီဆိုင် ထိုင်ခဲ့ရသေးတယ်။ ကျွေးစရာတွေ ရှိပြန်တော့လည်း ကပ်စေးနည်းသူ မဟုတ်သူပီပီ ဒကာခံပေးရတာပေါ့။ စားပြီးသောက်ပြီး အာလူးဖုတ်ပြီး နောက်ဆုံးတော့လည်း အိမ်ပြန်ဖို့အတွက် ဘူတာရုံကို ယိုင်တိုင်တိုင် ချီတက်ခဲ့ပါတယ်ကွယ်။

Tuesday, May 18, 2010
Gift of water project (May 16)
မေလ ၁၆ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ ထန်းတပင်မြို့နယ်အပိုင် ရခိုင်ရိုးကြီးကျေးရွာမှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။
ပံ့ပိုးမှုအလှူပစ္စည်းစာရင်း
ရေလီတာပေါင်း ၁၄၀၀၀။
Sunday, May 16, 2010
Gift of water project (May 15)
မေလ ၁၅ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ ကြည့်မြင်တိုင်မြို့နယ်အပိုင် လှိုင်မြစ်တစ်ဖက်ကမ်းက ဂျောင်ဝိုင်းကြီးကျေးရွာ (တောင်ပိုင်း/မြောက်ပိုင်း)၊ ဂျောင်ဝိုင်းလေးကျေးရွာနဲ့ တွံတေးမြို့နယ်ထဲက ကရင်စုကျေးရွာတွေမှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။
ပံ့ပိုးမှုအလှူပစ္စည်းစာရင်း
5 Litre ရေဗူး - ၂၀၄ ဗူး
1 Litre ရေဗူး - ၉၂ တွဲ
600 ml ရေဗူး - ၁၀၀ ဗူး
30 Litre ရေဗူး - ၇၀ ဗူး
ရေသမ္ဗာန် ၂ စီး၊ စုစုပေါင်း ရေဂါလံ ၁၈၀၀။
Friday, May 14, 2010
On the water crisis
ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ...
သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ
တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ
ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။
ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေဝေ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။
လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။
ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။
သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

Subscribe to:
Posts (Atom)