.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Emotions. Show all posts
Showing posts with label Emotions. Show all posts

Tuesday, June 5, 2018

My Lovely Teachers

မနက်ပိုင်းမှာ အိပ်မက် မက်တယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ကို ခရီးထွက်လာတာပေါ့။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ အလုပ်က ကိုယ့်အထက်အရာရှိ ဘွားတော်ကြီးနဲ့ တွေ့လို့ ပုသိမ်ကို ဘယ်လို သွားမလဲ လို့တောင် သူက မေးတယ်။ ကိုယ်က ဘယ်သွားသွား ကိုယ့်ပါးပါးက ကားမောင်းပြီး လိုက်ပို့ပေးတာလို့ ဖြေလိုက်တယ်။ (ဟိုးအရင်ကတည်းက ကိုယ်တွေ အလုပ်ကိစ္စ စာမေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ သွားရမယ်ဆိုရင် ပါးပါးက သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တာကို စိတ်စွဲတာ ဖြစ်မယ်။ စင်္ကာပူရုံးက လူတွေ ပုသိမ်ကို ဘာသွားလုပ်ဖို့လဲ ဆိုတာလည်း အိပ်မက်ထဲမှာ မပါဘူး။)

အဲဒီလက်ဖက်ရည်ဆိုင်နားမှာ တခြားဆိုင်တွေလည်း ရှိလို့ လှည့်ပတ်ကြည့်နေတုန်း စာသင်ကျောင်းတခုထဲကို ရောက်သွားတယ်။ ကျောင်းကတော့ ပျဉ်ကာ သွပ်မိုး မြေစိုက်ကျောင်းလေးပါ။ ကျောင်းဝင်းတံခါးကလည်း သစ်သားပျဉ်ချပ်တွေနဲ့ လုပ်ထားတဲ့ တံခါးပေါ့။ ကျောင်းခြံစည်းရိုးတွေကလည်း သစ်သားတိုင်တွေနဲ့ ကာထားတာ။ ကျောင်းဖွင့်ခါစ ဖြစ်လို့ အကြီးတွေက ငိုနေတဲ့ အငယ်တွေကို လက်ဆွဲပြီး ကျောင်းထဲ ခေါ်လာတာမျိုးတွေလည်း တွေ့ရတယ်။ တချို့ဆို ပွေ့ပိုက်ချီပြီး ကျောင်းခန်းထဲ ခေါ်လာတာလည်း မြင်ရတယ်။ (ဒါကတော့ သတင်းတွေမှာ မြန်မာပြည်က ကျောင်းဖွင့်ချိန် မြင်ကွင်းတွေကို မြင်ပြီး အိပ်မက်ထဲအထိ ပါလာတာ ဖြစ်မယ်။)

ဘယ်ကနေ ဘယ်လို ကိုယ်က ကျောင်းဝင်းထဲ ရောက်နေသလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဝင်းတံခါးကနေ ကိုယ်က ဝင်လာတာ မဟုတ်ဘူး။ ကျောင်းဝင်းတံခါးနားမှာ ကင်းတဲလိုမျိုး သစ်သားဆောင်လေးတခု ရှိတယ်။ အဲဒီိအဆောင်လေးထဲမှာ ဆရာမတွေ ရှိကြတယ်။ ကျောင်းရဲ့ ခြံထောင့်နားမှာလည်း စက္ကူပန်းပင်တွေ ရှိနေတယ်။ အဲဒီအောက်က သစ်သားခုံတန်းရှည်မှာလည်း ဆရာမတချို့ ထိုင်နေကြတယ်။

ကျောင်းဝင်းအဝကို ကိုယ်က လှမ်းကြည့်မိလိုက်တော့ ဆရာမတယောက်က ကိုယ့်ကို မြင်ပြီး အားရဝမ်းသာနဲ့ လက်ကြီး၂ ဘက်ကို ဘေးကို ဖွင့်ထားပြီး ပြေးလာတယ်။ ပြီးတော့ ကိုယ့်က ဖက်ထားလိုက်တယ်။ အဲဒါ ကိုယ်နေခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမ ဒေါ်နော်စာဖောပဲ။ ကရင်ဆရာမကြီးပေါ့။ ဆရာမက ကွမ်းစားတတ်လို့ သွားမှာ ကွမ်းဂျိုးတွေ ကပ်နေတာကို အထင်းသား မြင်ရနိုင်တဲ့အထိ ပါးစပ်ကြီး အားရပါးရ ဖွင့်ပြီး ရယ်ပြံုံးတတ်တဲ့ ဆရာမပါ။

ဆရာမက ကိုယ့်ကို ဖက်ထားတုန်း ကိုယ့်စိတ်ထဲမှာ ကိုယ်တွေရဲ့ ဆရာမ ဒေါ်ရွှေသန်းကို ဖြတ်ကနဲ သတိရမိသွားတယ်။ အဲဒါကို ဆရာမ ဒေါ်နောစာဖောကိုလည်း ပြောမိတယ်။ ဆရာမကို အခုလိုနေရမှာ မမျှော်လင့်ပဲ တွေ့တော့ ဆရာမဒေါ်ရွှေသန်းကို သတိရမိသွားတယ်လို့။ အဲဒီအခါ ဆရာမလည်း ငို... ကိုယ်လည်း ငိုကြတယ်။ ကိုယ်တွေ ငိုနေတာကို စာသင်ခန်းထဲက ဆရာမဒေါ်စန်းစန်းက လှမ်းကြည့်နေတယ်။ စက္ကူပန်းပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ ဆရာမဒေါ်ကြည်ကြည်လွင်တို့လည်း လှမ်းကြည့်ကြတယ်။

အပြင်လောကမှာ ဆရာမ ဒေါ်ရွှေသန်းရော ဆရာမ ဒေါ်နောစာဖောရော မရှိကြတော့ပါဘူး။ ဆရာမ ဒေါ်ရွှေသန်းက အရင်ဆုံးတာပါ။ ဆရာမ ဒေါ်နောစာဖောကတော့ နောက်မှ ဆုံးတာပါ။ ဆုံးပါးသွားပြီ ဖြစ်တဲ့ ဆရာမ ၂ ယောက်ကို အိပ်မက်ထဲမှာ တွေ့မိ သတိရမိတာပါ။

အိပ်မက်ထဲမှာ မျက်ရည်တွေ အလုံးလိုက် ကျတဲ့အထိ ဝမ်းနည်းပက်လက် ငိုကြတယ်။ ဘယ်လောက်တောင် ငိုသလဲတော့ မသိဘူး။ အဲဒီ ငိုတဲ့အရှိန်နဲ့ အိပ်ယာက နိုးလာတယ်။ နိုးလာတာတောင် ရင်ထဲမှာ ငိုထားတဲ့အရှိန်က မသေသေးဘူး။ တငွေ့ငွေ့နဲ့ ကျန်နေသေးတယ်။

ပြောချင်တာက ကိုယ်တွေနေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာ ဆရာမတွေကို ကိုယ်တွေ သိပ်ချစ်ကြောက်ရိုသေတာ ဘယ်လောက်ထိလဲ ဆိုတော့... အိပ်မက်ထဲမှာ မျက်ရည်အလုံးလိုက် ကျအောင် ငိုခဲ့ရတဲ့အထိ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ကြီးမားလွန်းလှတယ် ဆိုတာပါပဲ။ ကိုယ်တွေရဲ့ တောကျောင်းက ဆရာ ဆရာမတွေ သိပ်ချစ်ဖို့ ကောင်းတယ်။ ကိုယ်တွေအပေါ်မှာ ကျေးဇူးကြီးလှပါတယ်။

Monday, February 12, 2018

Act with Kindness

နေ့လည်ထမင်းစားချိန်မှာ သတင်းတွေ နည်းနည်းလောက် ဖတ်ပြီးတဲ့နောက်တော့
♪♬ စိတ်ဓါတ်များရဲ့အင်အား တဖြည်းဖြည်း နည်းသွားပြီလား♫♩ ဆိုတဲ့ ထူးအိမ်သင်ရဲ့ "စိတ်ဓါတ်ကင်ဆာ" သီချင်းလေးကို နားထောင်မိနေတယ်။

အဲဒီသီချင်းလေးထဲကအတိုင်း ကိုယ်တွေရဲ့ ချစ်လှစွာသောတိုင်းပြည်မှာ စိတ်ဓါတ်ကင်ဆာလည်း အဖြစ်များနေတာကို သတိထားမိတယ်။ မယုံဘူးလား... မယုံရင် သတင်းတွေအောက်က မြန်မာလိုရေးထားတဲ့ မှတ်ချက် (ကွန့်မန့်)တွေကို လိုက်ဖတ်ကြည့်ပါလေ။

ကောင်းတာတွေကို လိုက်မကြည့်ပဲ မကောင်းတာတွေပဲ လိုက်ကြည့်နေရင် မကောင်းတာတွေပဲ တွေ့ရတာ မဆန်းပါဘူးလို့ ဆိုချင်တဲ့သူတွေ ရှိနိုင်ပါမယ်။ လိုက်ကြည့်နေတာ မဟုတ်ပဲ... ကြုံဆုံတုန်းလေး လမ်းကြုံးတုန်းလေး ဝင်ဖတ်ကြည့်မိရင် တချို့တချို့တွေမှာ ဘယ်လို ဆိုးဝါးတဲ့ သဘောထားတွေ... ဘယ်လို ကောက်ကျစဉ်းလဲတဲ့ အမြင်တွေ ရှိနေသလဲ ဆိုတာ ခြုံငုံမြင်မိပါမယ်။
မှိုင်းတိုက်ခံထားရတဲ့ ဦးနှောက်တွေမှာ ဖြူစင်တာတွေ ပျောက်ဆုံးကုန်ပြီ။ ဘာသာခြားရင် မကောင်းဘူး။ လူမျိုးခြားဆို မကောင်းဘူးလို့ မြင်တဲ့သူတွေ ရှိလာကြပြီ။ ဒီဘာသာခြားတွေ လူမျိုးခြားတွေကို ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ဝါးမြိုမယ်လို့ ရူးရူးမိုက်မိုက် ထင်လာကြတယ်။

အမျိုး ဘာသာ သာသနာအတွက် မှန်ကန်တဲ့ လမ်းကြောင်း ဖြောင့်မတ်တဲ့ အမြင်မျိုး မရှိရင် ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကိုယ်တိုင် နင်းချေဖျက်ဆီးနေတာမျိုး ဖြစ်နေဦးမှာပါ။ ကိုယ့်အမျိုး ကိုယ့်ဘာသာကို ကိုယ်ချစ်ရင် မြတ်နိုးရင် တခြားလူမျိုး တခြားဘာသာကို စော်ကားပြောနေစရာ... တိုက်ခိုက်နေစရာ မလိုပါဘူး။ ကိုယ်တိုင် ကြိုးစား တည်ဆောက်ယူရမယ့်အစား သူတပါးပျက်စီးဖို့ပဲ ကြိုးစားနေရင် အမှားကြီး မှားပါလိမ့်မယ်။

ပြည်တွင်းနေ တရုတ် ကုလားတွေ ကြီးပွါးချမ်းသာလာအောင် မိသားစုမျိုးရိုးစဉ်ဆက် နှစ်ကာလရှည်ကြာစွာ ဘယ်လိုတည်ဆောက် ကြိုးစားယူခဲ့တယ် ဆိုတာမျိုးကို အတုယူရမယ့်အစား ပျက်စီးရာပျက်စီးကြောင်း ဘေးထိုင်ဘုပြော နေရင်တော့ ဒီဘဝကနေ တက်လာမှာ မဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်ယူမှပဲ ရမယ်။ သူတပါးဘဝ ပျက်စီးသွားရင် ကိုယ့်ဘဝ အလိုလို တိုးတက်လာမယ် ထင်နေရင်တော့ အမှားကြီး မှားပြန်တယ်။

တရုတ် ကုလားတွေထဲမှာ ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူလည်း ရှိမယ်။ ဘာသာတူတဲ့သူ ရှိသလို ဘာသာမတူတဲ့သူလည်း ရှိမယ်။ တိုင်းပြည်နဲ့ နေထိုင်ရာ ပတ်ဝန်းကျင်၊ လူနေမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သူ ရှိသလို အကျိုးယုတ်စေတဲ့သူလည်း ရှိမယ်။ ဒါဟာ တဦးချင်းစီနဲ့ပဲ ဆိုင်တယ်။ တရုတ်ဖြစ်လို့ ကုလားဖြစ်လို့ ဘာသာတူလို့ ဘာသာခြားလို့ ဆိုတာနဲ့ မဆိုင်ဘူး။ အဲဒီလို ဆိုင်လား မဆိုင်လား ဆိုတာ ခွဲခြားမြင်တတ်တဲ့ အသိဥာဏ်တွေ မရှိကြတာကိုလည်း မြင်တွေ့လာရတာဟာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။

ကိုယ့်အမျိုးကို ကိုယ်ချစ်ရင် ကိုယ့်မိသားစုနဲ့ ကိုယ့်ဘဝကို အရင်မြှင့်တင်ပါ။ ကိုယ်တွေ ဆင်းရဲခဲ့သလို ကိုယ့်ရဲ့ နောက်မျိုးဆက် မဆင်းရဲရအောင် အလုပ်ကို ကြိုးစားပါ။ မလိုအပ်တာတွေမှာ မဖြုန်းတီးမိအောင် နေပါ။ ကိုယ်တွေ မှားခဲ့သလိုမျိုး ကိုယ့်ရဲ့ နောက်မျိုးဆက် မမှားရအောင် ဘဝသင်ခန်းစာတွေကို မျှဝေပြီး သွန်သင်ဆုံးမပါ။ ကိုယ်တွေ မသိခဲ့ မတတ်ခဲ့လို့ ဘဝတွေ အောက်ကျနောက်ကျ ဖြစ်ရတာမျိုး ကိုယ့်နောက်မျိုးဆက်တွေ မဖြစ်ရလေအောင် ပညာကို တကယ် သိအောင် တတ်အောင် လေ့လာခိုင်းပါ။ ကိုယ်တွေ စာမဖတ်ခဲ့လို့ စဉ်းစားချင့်ချိန်မှု အားနည်းတာမျိုး မဖြစ်ရအောင် ကိုယ့်မျိုးဆက်တွေကို စာများများ ဖတ်ခိုင်းပါ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဘဝတွေကနေ ရုန်းထွက်ကြပါ။

ဒါမျိုးဆိုတာက မျိုးဆက်အလိုက် အဆင့်ဆင့် ပုခုံးထမ်း လုပ်ခဲ့မှပဲ နောက်မျိုးဆက်တွေမှာ အဲဒီအသီးအပွင့်တွေကို ခံစားရမှာပါ။ ချက်ချင်းလက်ငင်းကြီး ဖြစ်လာမှာတော့ မဟုတ်ဘူးပေါ့။ ရောမမြို့ကို တရက်တည်းနဲ့ အပြီးတည်ခဲ့တာ မဟုတ်ဘူးလေ။

ကိုယ်တွေရဲ့ အဘိုးအဘွားတွေ သူစိမ်းတို့အလည်မှာ နဖူးကချွေး ခြေမ ကျအောင် ရုန်းကန်ခဲ့ကြတယ်။ ကိုယ့်မိဘတွေ ဦးလေးအဒေါ်တွေ ပညာတတ်ဘွဲ့ရ ဖြစ်အောင် ပုခုံးထမ်း တင်ပေးခဲ့တယ်။ ကိုယ့်မိဘတွေကလည်း ကိုယ်တွေကို နိုင်ငံရပ်ခြားမှာ ပညာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ် လုပ်နိုင်တဲ့ဘဝမျိုး ရောက်အောင် ခြိုးခြံချွေတာပြီး ပုခုံးထမ်း တင်ပေးခဲ့တယ်။ ကိုယ်တွေလည်း ကိုယ်တိုင်လည်း ကြိုးစားသင်ယူနေရင်း ကိုယ်ရဲ့ နောက်မျိုးဆက်ကို ကိုယ့်ထက်သာတဲ့ဘဝ ချစ်ခြင်းမေတ္တာအပြည့်နဲ့ လူသားဆန်တဲ့ လူသားတွေ ဖြစ်လာဖို့ ပုခုံးထမ်း တင်ပေးနေတယ်။

ရွှေပြည်ကြီးဟာ ကိုယ်ရဲ့ မွေးဖွားရာမြေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မွေးဖွားရာမြေကို ကိုယ်တွေ ချစ်သလို သံယောဇဉ်ရှိသလို ကိုယ့်တိုင်းပြည်က လူတွေကိုလည်း အခြေမြင့်တဲ့ ဘဝမျိုးတွေကို ရောက်စေချင်မိတယ်။ ဆင်းရဲတဲ့ဘဝမှာ နေကြမယ့်အစား ချမ်းသာတဲ့ဘဝမှာ အတူပျော်ရွှင်ရတာ မကောင်းဘူးလား။
ဒါကြောင့် မျက်ကန်းမျိုးချစ်စိတ် မှိုင်းဝနေတဲ့အတွက် ကောက်ကျစ်မှုများနေတဲ့ လူဆိုးတွေကြားထဲမှာ ဖြူစင်စိတ်ထားရှိနေသေးတဲ့ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရောင်းရင်းတွေဆီကနေ ကိုယ် မျှော်လင့်နေမိတာကတော့...

သီချင်းစာသားလေးအတိုင်းပေါ့...
♫♩ရက်စက်မှုများအလယ် ကြင်နာစိတ်ကလေး ထားရှိနိုင်မလား...♪♬

Monday, October 23, 2017

The bitter life of High School Student

ကိုယ်တွေက အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကို ၈ တန်းပြီးမှ ပြောင်းရတာ ဆိုတော့ အထက်တန်းကျောင်းကို သံယောဇဉ် မရှိတာ အမှန်ပဲလို့ ဝန်ခံပါတယ်။ ၈ တန်းအထိ တက်ခဲ့ရတဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ပဲ ပိုရင်းနှီးတယ်။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကို ၈ တန်း အောင်ပြီးလို့ ပြောင်းရတဲ့အခါမှာလည်း အလယ်တန်းကျောင်းက သူငယ်ချင်းတွေအကုန် တကွဲတပြားစီ ဖြစ်ကုန်တယ်။ မြို့နယ်ထဲမှာ ရှိတဲ့ အထက်တန်းကျောင်းတွေကို ခွဲတန်းချပြီး ပို့ရတာကိုး။ တကျောင်းထဲက အကုန်လုံး လက်မခံထားနိုင်ဘူးလေ။

အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ထုံးစံအတိုင်း လူဟောင်းလူသစ် ခွဲခြားတာတွေ ရှိပြန်တယ်။ ဒီကောင်တွေက အလယ်တန်းကျောင်းက လာတဲ့ကောင်တွေဆိုပြီး အထက်တန်းကျောင်းရဲ့ ငယ်မွေးခြံပေါက် တချို့သောသူတွေက အဖက်မလုပ်ကြဘူး။ အားလုံးတော့ မဆိုလိုပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ တချို့တလေတော့ ရှိကြပါသေးတယ်။ အခုခေတ်စကားနဲ့ ပြောရရင်တော့ အတော်ချေတဲ့ အတန်းဖော် မိန်းကလေးတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ ကျောင်းသာ ပြီးသွားတယ် စကား အခွန်း ၂၀ တောင် မပြောဖြစ်လိုက်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ကိုယ်က သွားပြောလည်း ဟိုက မေးထူးခေါ်ပြောတောင် ပြန်မပြောတော့ ကိုယ်က ဘာဆက်ပြောရမှန်း မသိဘူးလေ။

နောက်တခုက ကိုယ်တွေရဲ့ အလယ်တန်းကျောင်းက ဆင်းရဲတယ်လို့ ပြောလို့ရမယ်။ ကျောင်းသားမိဘတွေလည်း လက်လုပ်လက်စားနဲ့ ဝန်ထမ်းတွေပဲ များတယ်။ နာမည်ကြီးတဲ့ အထက်တန်းကျောင်းမှာတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေ... အရာရှိကြီးတွေရဲ့ သားသမီးတွေ တက်ကြတယ်။ အဲဒီလို နာမည်ကြီးပြီး လူကြိုက်များတဲ့ အထက်တန်းကျောင်းကို ရောက်သွားတဲ့ အလယ်တန်းကျောင်းက ကျောင်းသားတွေရဲ့ ဘဝဟာ နတ်ပြည်ကို ဇိကုတ်တင်ပေးတာလား အချွန်နဲ့ အ မ ခံရတာလား သိပ်မသဲကွဲတော့ဘူး။ ကားတွေ တဝီဝီနဲ့ ကျောင်းလာတက်တဲ့ ရွယ်တူတွေကြားမှာ ကိုယ်တွေကတော့ အိမ်ကနေ ကျောင်းကို ခြေလျှင်လာကြတယ်။ မုန့်ဖိုးတွေ သုံးမကုန်အောင် ရတဲ့သူတွေကြားမှာ အိမ်ကနေ ထမင်းဗူးထည့်လာတဲ့ ကိုယ်အပါအဝင် သူငယ်ချင်းတွေ ရှိကြတယ်။ ပြောချင်တာက အခြေခံဘဝတွေ မတူကြဘူး ဆိုတာပါပဲ။

အဲဒီအဘက်ဘက်က ဖိအားတွေကို အလယ်တန်းကျောင်းသားတွေ ခံရတယ်။ အဲဒါကို ကိုယ့်သူငယ်ချင်းတွေ အဲဒီအရွယ်မှာ မသိတာ မမြင်တာ ဖြစ်ချင်ဖြစ်မယ်။ အခုအချိန် ပြန်စဉ်းစားကြည့်ရင် အဲဒီလိုဖိအားတွေကို ကိုယ်တွေ အလူးအလိမ့် ခံခဲ့ရတာကို မြင်လာလိမ့်မယ်။ ဖိအားတွေကြောင့် ကျောင်းစာဘက်မှာ အားနည်းသွားတဲ့ သူငယ်ချင်းတွေ ရှိခဲ့တယ်။  ပညာရေး လမ်းပေါ်ရောက်နေပေမယ့် လမ်းပျောက်နေတဲ့ သူငယ်ချင်းတွေ ရှိခဲ့တယ်။ လမ်းတဝက်နဲ့ ပညာရေးကို ဆုံးခန်းရပ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့တယ်။

အထက်တန်းကျောင်းက ဆရာဆရာမတွေမှာတော့ ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူလည်း ရှိပါတယ်။ ကျူရှင်မှ ကျူရှင်ဖြစ်နေတဲ့ အတန်းပိုင်တွေ ဘာသာရပ်ဆရာမတွေ ရှိသလို ကျောသားရင်သား မခွဲခြားပဲ သင်ပြပေးတဲ့ ဆရာမတွေလည်း ရှိပါတယ်။ ဒါကြောင့် ဆရာဆရာမတွေနဲ့ ပတ်သက်ပြီး အထွေအထူး ခွဲခြားခံရတာမျိုး မရှိဘူး။ ၁၀ တန်းမှာက သိတဲ့အတိုင်းပဲ အချိန်ပြည့် ကျောင်းတက်ကြတာမှ မဟုတ်တာ။ အပြင်ကျူရှင်တွေနဲ့ပဲ နပန်းလုံးနေရတာလေ။

ဒီလိုအတွေ့အကြုံတွေကြောင့် ဆယ်တန်းသာ အောင်သွားတယ် ကိုယ်နေခဲ့ရတဲ့ အထက်တန်းကျောင်းကို ခြေဦးတောင် မလှည့်ဖြစ်ဘူး။ ဆုပေးပွဲလည်း မတက်ခဲ့ဘူး။ ကြက်ခြေနီက လုပ်တဲ့သင်တန်းတွေ ရှိလို့သာ တာဝန်အရ သွားလာခဲ့ရတာ ရှိပေမယ့် ကျန်တဲ့အချိန် ကျန်တဲ့ပွဲတွေ ကိုယ်မရောက်ခဲ့ဘူး။ ကိုယ်နေခဲ့ရတဲ့ ဆိုတာ စာသားကို သတိပြုမိတယ် ထင်တယ်။ ကိုယ်နေချင်တဲ့ ကျောင်း မဟုတ်ခဲ့ဘူး ဆိုတာ အဓိကထား ပြောချင်တာပါ။

ဒါဟာ ကိုယ်တွေလို အလယ်တန်းကျောင်းကနေ ကျောင်းပြောင်းလာရတဲ့ သူတွေအတွက်တော့ ခါးသီးတဲ့ အမှန်တရားတခုပါပဲ။ အထက်တန်းကျောင်းကို ပြန်မရောက်ပေမယ့် ကိုယ်နေခဲ့တဲ့... ကိုယ်ချစ်ရတဲ့ ဆရာဆရာမတွေ ရှိတဲ့... အလယ်တန်းကျောင်းကိုတော့ မကြာခဏ ရောက်ခဲ့တယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။

Saturday, August 12, 2017

My Music World

ဂီတအနုပညာဆိုတာ ကိုယ်နဲ့ တကယ့်တကယ်ကို အဝေးကြီးပါ။ သီချင်းလည်း မဆိုတတ်သလို ဘာတူရိယာမှလည်း မတီးတတ်ဘူး။ ဘယ်သီချင်းမှလည်း အစအဆုံး လုံးစေ့ပတ်စေ့ အလွတ်မရဘူး။ ဒါပေမယ့် သီချင်းတွေနဲ့ ရင်းနှီးတယ်လို့ ပြောချင်တယ်။ သို့ပေမယ့် အဲဒီရင်းနှီးတဲ့ သီချင်းတွေက ကိုယ်တွေခေတ်က အဆိုတော်တွေရဲ့ သီချင်း မဟုတ်သလို အခုခေတ် အဆိုတော်တွေရဲ့ သီချင်းတွေလည်း မဟုတ်ဘူး။ ကိုယ့်အဖေအမေ ဦးလေးအဒေါ်တွေ ခေတ်က သီချင်းတွေနဲ့ ရင်းနှီးနေတာ။

ငယ်ငယ်တုန်းက ကျောင်းမတက်မီအရွယ်မှာ အဖေဘက်က အဖွားအိမ်မှာ အနေများတယ်။ အဲဒီအိမ်မှာက ဦးလေးက မနက်မိုးလင်းတာနဲ့ ကက်ဆက် ဖွင့်တယ်။ အဆိုတော် ခင်ဝမ်းရဲ့ ဧရာဝတီ.... ဧရာဝတီ ဆိုတာကို မနက်တိုင်း ကြားရတယ်။ ဆော်လမွန်ငါးတို့အပြန်လည်း ကြားရတယ်။ ပြည်မှာဆောင်း၊ နဒီမင်္ဂလာတို့ ဆက်တိုက် လာလိမ့်မယ်။ ခင်ဝမ်း ဖွင့်လို့ပြီးသွားရင် စိုင်းထီးဆိုင် အလှည့်ပဲ။ မောင့်လပြည့်ဝန်းက မပါမဖြစ်ပဲ။ ခွဲစိတ်ခန်းက ဆရာမလေးကိုလည်း သတိရမိတယ်။ တခါတလေ လွှမ်းမိုးသီချင်းတွေ ဖွင့်တယ်။ မိုးစက်တင်လေနဲ့ ရင်တွင်းမေကို ငယ်ငယ်ကတည်းက နားယဉ်နေခဲ့တယ်။

ကျောင်းတက်တဲ့အရွယ်မှာ အမေဘက်က အဖွားအိမ်မှာ နေဖြစ်တယ်။ အဲဒီမှာက လက်ဖက်ရည်ဆိုင် ဖွင့်ထားတော့ ကက်ဆက်က တနေကုန်နီးပါး ဖွင့်ထားရတယ်။ ဆိုင်ကလည်း အဲဒီခေတ် အဲဒီအချိန်မှာ အတော်လေးကို ရောင်းကောင်းတဲ့ လက်ဖက်ရည်ဆိုင်ပဲ။ လက်ဖက်ရည်ဆိုင်မှာ ခင်မောင်တိုး၊ ခိုင်ထူး၊ ခင်မောင်ထူး၊ စိုးလွင်လွင်၊ တူးတူး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ အောင်ရင်၊ ထူးအိမ်သင်တို့ရဲ့ သီချင်းတွေကို ဖွင့်တာ များတယ်။ မေဆွိ ကော်နီ ဟေမာနေဝင်း သီချင်းတွေလည်း ဖွင့်တယ်။

ငယ်ငယ်ကတည်းက ခိုင်ထူးရဲ့ ရွှေလည်တိုင် သီချင်းကို အလွန်သဘောကျမိတာ အခု အရွယ်ထိ အဲဒီသီချင်းက အကြိုက်ဆုံး သီချင်းအဖြစ် နေရာယူထားတယ်။ သံစဉ်လေးက ချိုမြသလို စာသားတွေကလည်း နူးညံ့တယ်။ ခတ္တာ၊ တေးမြုံငှက်၊ နေရာဟောင်းနဲ့ စစ်ကိုင်းလမ်းကိုလည်း ကြိုက်မိတယ်။ အဲဒီအရွယ်မှာ သီချင်းရဲ့ အဓိပ္ပါယ်တွေကို သိလို့ နားလည်လို့ ကြိုက်တာ မဟုတ်ဘူး။ နားထောင်ရတာ ကောင်းလို့ သဘောကျ ကြိုက်မိတာ။ ခိုင်ထူးရဲ့ ဆို နဲ့ တို့လာတယ် သီချင်းကို ငယ်ငယ်တုန်းကတော့ အတော် နားငြီးမိတယ်။ အရမ်းအော်လွန်းတယ်လို့ ခံစားရလို့။

ခင်မောင်တိုးရဲ့ ပန်းချစ်သူ၊ တူးတူးရဲ့ မိဆိုး၊ ကေသရီနဲ့ သူ၊ ခင်မောင်ထူးရဲ့ ရွှေမန်းသူ၊ အချစ်အယူခံနဲ့ မောင့်ဆေးကျောင်းသူ၊ ဂျေမောင်မောင်ရဲ့ အလွမ်းကဖေး၊ ဂျေညီညီရဲ့ ဒီမိုး သီချင်းတွေကလည်း နားထဲရောက် ခေါင်းထဲမှာ စွဲထင်မှတ်မိနေတဲ့ သီချင်းတွေပဲ။

ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်း နားထောင်မိတိုင်း ရထားကြီး ခုတ်မောင်းလာတာကို အရင်ခံစားမိသလို ဘာဂျာသံလေးကိုလည်း သဘောကျတယ်။ အဓိပတိလမ်းက ခြေရာများနဲ့ ဂျက်ဆင်ထိပ်က လရိပ်ပြာ နားထောင်မိတိုင်း တက္ကသိုလ်ဆိုတာကြီးကို တက်ချင်မိတယ်။ ဒါပေမယ့် ကိုယ်တွေခေတ်မှာ အဲဒီဆန္ဒက မပြည့်ခဲ့ပါဘူး။ ချစ်တိုင်းလည်း မညား ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။
စိုးလွင်လွင်ရဲ့ စိုးစိတ်တိုးတိတ်လွမ်းချိန်၊ ငယ်သူမို့နဲ့ မောင့်မျက်ရည်ဝိုင်း သီချင်းတွေကို တခါတလေ နှုတ်ဖျားမှာ ဆိုညည်းမိရင် အိမ်သူသက်ထားက တချက်ချက် လှမ်းလှမ်းကြည့်တတ်တယ်။ ငယ်ရည်းစားတွေကိုများ မသိစိတ်က လွမ်းနေသလားပေါ့။

ပြောချင်တာက အဲဒီခေတ်က အဆိုတော်ကြီးတွေရဲ့ သီချင်းတွေဟာ ကိုယ့်အတွက်တော့ ကောင်းလွန်းမက ကောင်းလွန်းပါတယ်။ ကိုယ်တွေရဲ့ ခေတ်မှာလည်း အဆိုတော်တွေ အများကြီး ထွက်လာပေမယ့် ကိုယ့်နားထဲမှာ နှလုံးသားထဲမှာ ကိုယ့်ရှေ့တခေတ်က အဆိုတော်တွေရဲ့ သီချင်းတွေကပဲ လွှမ်းမိုးချုပ်ကိုင် နေရာယူ ကြီးစိုးထားတယ်။ သူတို့သီချင်းတွေပဲ နှစ်ခြိုက်နေမိတယ်။

သေသွားမှ တန်ဖိုးထားတာမျိုး မဟုတ်ပါဘူး။ ဖွင့်ပြောဖို့ အကြောင်း မတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့တာမျိုးပါ။ သူတို့ရဲ့ သီချင်းတွေကို တန်ဖိုးလည်း ထားတယ်။ မြတ်နိုးမှုလည်း ရှိတယ်။ လေးစားချစ်ခင်မှုလည်း ပါတယ်။ အဲဒီလိုပဲ နှမြောတမ်းတမှုလည်း အပြည့်ပဲ။ ဒါကို ဘယ်အချိန် မေးမေး ဒီအဖြေပဲ ထွက်တယ်။

Sunday, July 9, 2017

No mood to write

စာတွေ ရေးပါလို့ တိုက်တွန်းကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စာရေးဖို့ဆိုတာကို စိတ်မပါဘူး ဖြစ်နေတယ်။ ဟိုအရင် Forum ခေတ်နဲ့ Blog ခေတ်တုန်းကတော့ နေ့စဉ်ပုံမှန် စာတွေ ရေးဖြစ်တယ်။ Blog မှာဆို တနေ့ကို စာတပုဒ်မှ မတင်ဖြစ်ရင် တာဝန်မကျေသလို ခံစားရတယ်။ အခုများတော့ အဲဒီလို ခံစားချက်တွေ မရှိတော့ဘူး။

အခုတလော သတိထားမိသလောက် စာရေးကောင်းတဲ့သူတွေ FB မှာ စာ ဆက်မရေးကြတော့ဘူး။ ရေးရင်လည်း လူမသိ သူမသိလောက်ပဲ Group တွေထဲမှာ ရေးကြတယ်။ တချို့တွေက FB မှာ ရေးမနေတော့ပဲ မဂ္ဂဇင်းတွေ ဂျာနယ်တိုက်တွေဆီပဲ တိုက်ရိုက်ပို့တော့တယ်။ 

နေ့စဉ်ပုံမှန် စာတွေ ဆက်ရေးနေတဲ့ တချို့သူတွေလည်း ရှိတာကို မြင်နေရပါသေးတယ်။ တချို့တွေကတော့ စကားပြေနဲ့ ရေးထားတဲ့စာတွေကို ပြန်ရှင်းပြနေရတာကို စိတ်ကုန်လို့ စာမရေးချင်တော့ဘူးလို့ ပြောကြတယ်။ မြန်မာလို ရေးထားတဲ့စာကို မြန်မာတွေ ဖတ်ပြီးတဲ့နောက် နားလည်မှုတွေ လွဲပြီး ရန်တွေဖြစ် ငြင်းခုန်နေရတာတွေကို မြင်နေရတာက စိတ်ကုန်စရာပါပဲ။

စာအရေးအသား ကောင်းသလို အတွေးအမြင် စုံတဲ့ စာဖတ်သူတွေအပေါ် စေတနာထားတတ်ကြတဲ့ သူတချို့တွေ စာ ဆက်မရေးကြတော့ပဲ ခရီးသွားဓါတ်ပုံတွေ တင်လိုက် အစားအသောက်ပုံတွေ တင်လိုက် ကလေးတွေပုံတင်လိုက်နဲ့ အွန်လိုင်းကမ္ဘာကြီးမှာ ဖြတ်သန်းနေကြတယ်။

ကိုယ်ကတော့ သူတို့တတွေလို စာရေးလည်း မကောင်းသလို အတွေးအမြင်လည်း မစုံပါဘူး။ ကိုယ်သိထားတာလေး ဆိုတာ ရေအိုင်ထဲက ဖားသူငယ်အဆင့်ပါ။ လော်ဘီလည်း မဟုတ်သလို ၁၀ လီ ၁၁ လီလည်း မဟုတ်ပါ။ တခါတလေမှာ တချို့ကိစ္စတွေမှာ မနေနိုင်လွန်းလို့ ရေးမိရေးရာတွေ ရေးတာလောက်ပဲ ရှိပါတယ်။

အနေအထိုင် မတတ်ပဲ အဲဒီလို စာတွေ ထ ထ ရေးတော့ ဘာတွေ ရသလဲဆိုတော့ လူမုန်းများပါတယ်။ ကိုယ့်အမျိုးအချင်းချင်းတောင် ဆရာ လုပ်တယ် ထင်ခံရပြီး Un-Friend တွေ Restricted Group ထဲ ထည့်ထားခံရတာတွေ ကြုံဖူးပြီးပြီ။ အမှားကို မြင်ပြီး အမှန် သိစေချင်တဲ့ စေတနာဟာေ​​ဝဒနာတွေ ဖြစ်ကုန်ရတယ်။ ဖေတော့ မောင်တော့ ဟီးဟီးဟားဟားတွေ ရေး... ကြွားချင်ရာတွေ ကြွား... ပေါ့ပေါ့ပါးပါး ထမင်းစား ရေသောက် ရှုးပေါက် အီးပါ အကြောင်းတွေ ရေးရင်တော့ အဲဒီလောက်ထိ အမုန်းမခံရလောက်ဘူး ထင်ပါရဲ့။

တချို့ကိစ္စတွေမှာ ကိုယ်မသိတာတွေ ရှိတယ်။ တချို့ဟာတွေမှာ ကိုယ်သိတာတွေ ရှိတယ်။ ကိုယ်မသိတဲ့ကိစ္စဆို သိအောင်ပဲ လုပ်တယ်။ ဝင်ပြောတာတွေ မရှိဘူး။ မသေချာရင် မသေချာသလိုပဲ ဘေးထွက်ထိုင်ပြီး လေ့လာတယ်။ ကိုယ် သေသေချာချာ သိတဲ့ဟာမျိုးဆိုရင်တော့ မသိတဲ့သူတွေ သိပါစေ ဆိုပြီး စာတိုပေစတွေ ရေးတယ်။ အဲဒီဟာက ဆရာကြီး လုပ်တာ မဟုတ်ဘူး။ ကိုယ် သိထားတာမှာ မှားတာတွေများ ပါသွားရင်လည်း ထောက်ပြဖို့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။

ဒါပေမယ့် တခါတလေမှာ အမှားကို ထောက်ပြဖို့ထက် အခွင့်ကြုံတုန်း ဝိုင်းဗျင်းဖို့ ဝိုင်းဆော်ဖို့တွေ လုပ်တာတွေလည်း တွေ့ရတတ်တယ်။ အထူးသဖြင့် ဘုမသိ ဘမသိ ကိုယ်နဲ့လည်း မသိတဲ့ အပြင်သူစိမ်းလူတွေက အဲဒီလိုမျိုး ဆွမ်းကြီး လောင်းတတ်ကြတယ်။ အဲဒါမျိုးတွေ မြင်ရတွေ့ရတာ များလာတဲ့အခါမှာ ကိုယ်တွေလို ဘာမှမဟုတ်တဲ့ အညတရတွေအနေနဲ့ ပဲကြီးလှော်ကြား ဆားညှပ်မခံချင်ဘူး။ ဒါကြောင့် စာတွေ မရေးဘူး။ စာမရေးတော့ ကိုယ့်အတွက် ဘာကောင်းလဲ ဆိုတော့ အချိန်ပိုထွက်တယ်။ စာဖတ်ချိန် ပိုရတယ်။ ကိုယ့်သူငယ်ချင်းတွေလည်း မျက်စိနောက် သက်သာသွားတယ်။ ငြင်းရခုန်ရတာလည်း သိပ်မရှိတော့ဘူး။

စာရေးပါဦးလို့ ပြောတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် အိပ်မပျော်တဲ့ သန်းခေါင်ယံအတွေးတွေကို စာအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။

တကယ်တော့ ကိုယ်ဟာ စာတွေ မရေးတော့တာ မဟုတ်ပါဘူး။ စာတွေ မရေးချင်တာပါ။ :P

Thursday, July 6, 2017

Building my career

မနက်ဖြန်ဆို အသက် ၁ နှစ် ပိုကြီးသွားပြီ။ လက်ရှိအသက်အရွယ်နဲ့ ရောက်နေတဲ့ အလုပ်နေရာ ကျေနပ်လားဆို ကျေနပ်တယ်လို့ပဲ ဆိုရမယ်။ ကိုယ့်ထက် အသက်ငယ်ပြီး အလုပ်ကြီး အကိုင်ကြီးတွေ လုပ်နေတဲ့ လူငယ်တွေကို မြင်တွေ့ရတဲ့အခါ အားကျပေမယ့် လက်ရှိရောက်နေတဲ့ နေရာကိုလည်း သဘောကျ ကျေနပ်ပါတယ်။

စင်္ကာပူမှာ ၁၀ နှစ်အတွင်း ဖြတ်သန်းခဲ့တဲ့ အလုပ်အတွေ့အကြုံမှာ အားရကျေနပ်တာတွေ ရှိသလို အားမလို အားမရတဲ့ အပိုင်းတွေလည်း ရှိပြန်တယ်။ အများကြီး ကြိုးစားဖို့ လိုမှန်း သိသလို... ကြိုးစားဖို့ အခွင့်အလမ်းတွေ ရဖို့လည်း လိုပါတယ်။ တချို့အခြေအနေမှာ ကိုယ် ကြိုးစားတိုင်းလည်း အရာမထင်တာကိုလည်း နှလုံးသွင်း ဆင်ခြင်မိပါတယ်။ ရုံးမှာ အောက်ခြေအဆင့်ဖြစ်တဲ့ ဒုတိယအနိမ့်ဆုံးရာထူးကနေ စခဲ့ရတဲ့ ဘဝကိုလည်း မမေ့ပါဘူး။ 

ကိုယ်နဲ့ အကျွမ်းတဝင် ရှိတဲ့အလုပ်အတွက် အင်တာဗျူးမှာ စာတွေ့ရော လက်တွေ့ရော သေချာ ဖြေနိုင်ခဲ့ပေမယ့် အလုပ် မရခဲ့သလို... ၃ နာရီခွဲကျော် ကြာတဲ့ ဟိုပြော ဒီပြော အင်တာဗျူးနဲ့ အလုပ်ရခဲ့တာလည်း အမှတ်တရပါပဲ။ ဝက်သားအပါအဝင် ခြေလေးချောင်းသား မစားတဲ့အကြောင်း၊ အိန္ဒိယမှာ ၃ လလောက် ကျောင်းတက်ခဲ့ဖူးကြောင်း၊ နယူးဒေလီမှာ ယောကျာ်းတွေဟာ လမ်းဘေးမှာ သေးပေါက်တဲ့အကြောင်းတွေ၊ တခ်ျမဟာကို သွားလည်တဲ့အကြောင်းတွေ ပြောရင်း စင်္ကာပူမှာ အလုပ်ရသွားတာဟာ တကယ်တော့ ထူးဆန်းပါတယ်။

ဘုမသိ ဘမသိ အလုပ်မှာ အင်္ဂလိပ်စာလည်း အားနည်းလေတော့ အဲဒီအချိန်တုန်းက အလုပ်မှာ ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ကြပါဘူး။ ခိုင်းသမျှကို လေ့လာ... မသိတာကို မသိကြောင်း ရိုးရိုးသားသား ဝန်ခံ... အဆူအဆဲတွေ ကြံ့ကြံ့ခံပြီး ၂ နှစ်လောက် ဖြတ်ကျော်ပြီးမှပဲ အလုပ်မှာ အသုံးကျတဲ့ ဝန်ထမ်းတယောက် ဖြစ်လာတယ်။ ကြားထဲမှာ အလုပ် မပြုတ်တာကတော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ။

စင်္ကာပူမှာ အလုပ်ဝင်ကာစက အစစအရာရာ ချွေတာတဲ့အနေနဲ့ ရှိတာလေးကို သပ်သပ်ရပ်ရပ် ဝတ်စားပြီး ရုံးလာတယ်။ ဒါပေမယ့် ကိုယ့်ပုံက တောဂိုက်ပုံ ထွက်နေတယ်။ တရက်မှာ ဌာနမှုးက အဝတ်အစား ဝတ်တာနဲ့ ပတ်သက်ပြီး ဆုံးမတယ်။ သူ့ဆုံးမချက်ကို နာယူပြီး လိုအပ်တာတွေ ဝယ်ဝတ်တယ်။ သုံးသင့်တဲ့နေရာမှာ သုံးတယ်။ တောင်းမှာ အကွပ် လူမှာ အဝတ်ဆိုတာ ကိုယ့်အတွက်တော့ မှန်တယ်။ အဲဒီနောက်ပိုင်းမှာ ကိုယ့်ကို အစည်းအဝေးတွေ အတော်များများမှာ ခေါ်သုံးလာတယ်။ လူရှေ့ထွက်ပြီး ပြောရဆိုရလာတယ်။ အရင်ကလို ချောင်ထိုးထားတာမျိုး၊ နောက်ကွယ်ကနေ လုပ်ရတာမျိုးတွေ မဟုတ်တော့ဘူး။

အဲဒီ ၂ နှစ်ကျော်ကနေ ၅ နှစ် ကြားမှာ အိမ်ထောင်ကျပြီး ရာထူးတွေ တဒိုင်းဒိုင်း တက်ပါတယ်။ ၁ နှစ် ၁ ခါ ရာထူးတိုးတယ်လို့တောင် ပြောလို့ ရပါတယ်။ အဲဒီအတွက် အခွင့်အလမ်း ပေးတဲ့ အထက်လူကြီးတွေကို ကျေးဇူးတင်ရပါမယ်။ မလုပ်တတ်တာတွေ မလုပ်ဖူးတာတွေကို တာဝန်ပေးခိုင်းပါတယ်။ အဲဒီဟာတွေကို မလုပ်တတ် လုပ်တတ် လုပ်ရင်းနဲ့ တာဝန်တွေ စမ်းယူရင်းနဲ့ အဲဒီတာဝန်တွေဟာ အမြဲတမ်းတာဝန်တွေ ဖြစ်လာပါတယ်။ အမြဲတမ်းတာဝန်တွေ ဖြစ်လာရင်း အဲဒီတာဝန်နဲ့ သက်ဆိုင်တဲ့ ရာထူးတွေကို တိုးပေးပါတယ်။

အလုပ်မှာ နာမည်ပျက် မရှိအောင် လုပ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် နေပါတယ်။ အဖျက်အမှောင့်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ပါတယ်။ ရှောင်လို့ မရရင်လည်း ဒေါသ ရှေ့မထားမိအောင် ဆင်ခြင်ပါတယ်။ တာဝန်ပေးလာရင်လည်း ကြိုးစားပါတယ်။ တခြားအလုပ်တွေမှာ ကူညီနိုင်တာကိုလည်း ကူညီပါတယ်။ အကြံပေးသင့်တာကိုလည်း အကြံပေးပါတယ်။

ဒီလိုနဲ့ပဲ အခုချိန်မှာ ဒီလိုနေရာကို ရောက်လာတယ်လို့ပဲ မြင်မိပါတယ်။ ဘဝလမ်းခရီးတလျှောက်မှာ ပံ့ပိုးကူညီပေးတဲ့ မိဘဆွေမျိုးတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

Monday, July 3, 2017

Eight Thousand Kyats

စင်္ကာပူမှာ အလုပ် လုပ်နေတာ ၁၀ နှစ်ကျော်သွားပြီ။ မြန်မာကားတွေ ကြည့်တဲ့သူတချို့ကတော့ ဒီကောင် သူဌေးဖြစ်နေပြီလို့ ထင်ကြမှာပဲ။ ကျားကြီးရင် ခြေရာကြီးသလို ကုန်ကျစရိတ်တွေ မသေးလှတဲ့ စင်္ကာပူအကြောင်း ကြုံဖူးရင် သိကြမှာပါလေ။ ပြောချင်တာက အဲဒီအကြောင်း မဟုတ်ဘူး။ ကိုယ့်ဘဝမှာ အလုပ် စ တုန်းက ရတဲ့ လခအကြောင်းကို အဓိက ပြန်ပြောင်းတွေးမိလို့ပါ။

ကွန်ပျူတာသင်တန်း ပထမနှစ် ပြီးတော့ သင်တန်းကျောင်းမှာပဲ project supervisor အနေနဲ့ အလုပ် ပြန်လုပ်ဖြစ်တယ်။ အလုပ် လုပ်မယ်လို့ စိတ်ကူးပြီး လုပ်တာ မဟုတ်ကြောင်းတော့ ဝန်ခံပါတယ်။ အင်တာဗျူး အတွေ့အကြုံရအောင် လက်တည့်စမ်းတာက အဓိကပါပဲ။ အလုပ်ခန့်တော့လည်း လူငယ်သဘာဝ လုပ်ကြည့်လိုက်တယ်။ 

အဲဒီအချိန်တုန်းက လခက မြန်မာငွေ ရှစ်ထောင်ကျပ်တိတိပါ။ ကိုယ့်ထမင်း ကိုယ်စားပြီး အလုပ်ချိန် ၁၀ နာရီကျော် လုပ်ရတဲ့ သဘောပါပဲ။ ကားခနဲ့ ထမင်းဖိုး နှုတ်လိုက်ရင်တောင် လက်ထဲမှာ ငွေကျန်တာမှ မဟုတ်တာ။ ဒါပေမယ့် အတွေ့အကြုံရအောင် လုပ်ခဲ့တယ်။ အလုပ်ကို အလုပ်မှန်း သိအောင် လုပ်ခဲ့တယ်။ ဒုတိယနှစ်ကို ဆက်တက်ရင်း တဖက်က အလုပ် လုပ်ရင်းနဲ့ပေါ့။

အဲဒီတုန်းက ရှစ်ထောင်ကျပ် လခစားဆိုတာ အပြင်မှာ ကျပန်းလုပ်တဲ့လူလောက် ဝင်ငွေ မကောင်းတာ အမှန်ပဲ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်၊ နိုင်ငံခြားက ဒီပလိုမာသင်တန်း ပထမနှစ်ကို ငွေကုန်ခံတက်... စာတွေ ကျက်မှတ်လေ့လာပြီး အောင်ထားတဲ့သူက ၁ လကို လခ ရှစ်ထောင်ကျပ်ပဲ ရတဲ့အချိန်မှာ လက်လုပ်လက်စားသမားက ၁ လကို ၁ သောင်းကျော် ၂ သောင်းကျော် ရှာနိုင်ပါတယ်။

အဲဒီ ရှစ်ထောင်စားဘဝနဲ့ စခဲ့ရတဲ့ ဝန်ထမ်းဘဝကနေ အခုချိန် ဒီလိုနေရာကို ရောက်ခဲ့ဖို့အထိ ရသအစုံခံစားပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။ အလုပ်တိုင်းမှာ လေ့လာ သင်ယူ ဆည်းပူး သည်းခံ ကြိုးစားခဲ့ရတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရှစ်ထောင်စား ဘဝလေးကို သတိရမိလို့ပါ။

Monday, May 9, 2016

Note for Ko Zaw

မနေ့က ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အနေနဲ့... နာဂစ်ဝင်ပြီးနောက် လှိုင်မြစ်ကမ်းနားဘက်ကို ကူညီ ကယ်ဆယ်ရေး ဆင်းဖို့ ထွက်လာတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေရဲ့ ပုံလေး FB မှာ တင်ဖြစ်တယ်။ အဲဒီထဲမှာ ပါတဲ့ ညီငယ်တယောက်က အဲဒီဓါတ်ပုံကို မြင်ပြီး လာပြောတယ်....

"ကိုကြီးရေ.... ကိုဇော် မရှိတော့ဘူး။ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ဆုံးသွားပြီတဲ့..."

ကိုဇော်ဆိုတာ ကျွန်တော်တို့ထက် ငယ်ပါတယ်။ ပျော်ပျော်နေတတ်တယ်။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံး လုပ်နေတတ်တယ်။ ။ ကျောင်း ဆက်မတက်တော့ပဲ သူ့ယောက်ဖရဲ့ ကားဝပ်ရှော့မှာ အလုပ် လုပ်တယ်။ အဝတ်အစားကို ကောင်းကောင်းမွန်မွန် ဝတ်လေ့မရှိဘူး။ ဘောင်းဘီပွပွကြီနဲ့ တီရှပ်အဟောင်း ဝတ်ပြီး ဟိုသွားဒီသွား လုပ်နေတာကို တွေ့ရလိမ့်မယ်။

ကိုဇော်က ကြက်ခြေနီတပ်ဖွဲ့မှာ တပ်ကြပ်ကြီး ၃ ရစ်နဲ့ လူမှုရေး တာဝန်ကို စေတနာနဲ့ ထမ်းဆောင်ပါတယ်။ လူမှုရေးလုပ်ငန်းတွေမှာ အားကိုးရသလို... လူကြီးသူမတွေကိုလည်း ရိုသေသမှုရှိတယ်။ လူကြီးတွေ ရှေ့ကနေ ဖြတ်လျှောက်ရင် ခေါင်းလေးငုံ့ ခါးလေးကိုင်းပြီး လျှောက်တယ်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲမှာလည်း ကူညီလေ့ရှိတယ်။

နာဂစ်မုန်တိုင်း ဝင်သွားပြီးတဲ့နောက် သောက်ရေသုံးရေနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ မြို့ကြီးမှာ ထူးကုမ္ပဏီနဲ့ ပေးတဲ့ အကူအညီနဲ့ သောက်ရေသုံးရေ ဖြန့်ဝေပေးတဲ့ အလုပ်ကို ရန်ကုန်ထဲက မြို့နယ်အချို့မှာ လုပ်ပေးဖြစ်တယ်။ ကိုဇော်က အဲဒီအထဲက မြို့နယ်တခုအတွက် ရေစက်မောင်း၊ ဒီဇယ်ဆီဝယ်၊ ရေပေးဝေရေး အကုန်လုံးအတွက် ရက်ပေါင်းအတော်ကြာကြာ တာဝန်ယူ လုပ်ကိုင်ပေးခဲ့ဖူးတယ်။ သူတို့တတွေသာ ဝိုင်းမကူပေးရင် မြို့နယ် ၄ ခု ၅ ခုမှာ ရေပေးဝေဖို့ကိစ္စဟာ ကျွန်တော်တို့အတွက် အတော်ကို ခေါင်းပူခေါင်းခြောက်ရမယ့်ကိစ္စပါပဲ။

အခုတော့ ဆုံးပြီ။ အရက်ကြောင့် ရတဲ့ ရောဂါတွေနဲ့ သူ ဆုံးပြီ။

သူနဲ့တွေ့တဲ့ နောက်ဆုံးအခေါက်မှာ ပြောဖူးတယ်။ "ကိုဇော်... မင်း ညနေတိုင်း သောက်နေတယ်လို့ ငါကြားတယ်နော်။ အဲဒီလို ဆက်လုပ်နေရင် မင်းအတွက် မကောင်းဘူးနော်" လို့။

"ဟုတ် အစ်ကို... ကျွန်တော်က နည်းနည်းလေးပဲ သောက်တာပါလို့..." စပ်ဖြဲဖြဲနဲ့ ပြန်ဖြေတယ်။
အခုတော့ ကိုဇော် သွားနှင့်ပြီ။ အရက်က သူ့ကို နိုင်သွားပြီ။ ကူညီတတ်တဲ့ စိတ်ကောင်းရှိတဲ့ ကိုဇော်... ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ပါစေ။

ဒါကြောင့် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကိုလည်း စေတနာနဲ့ သတိပေးချင်တယ်။ သောက်တဲ့အကျင့်ရှိတဲ့ လူတွေကို ဆက် မသောက်ဖို့ စေတနာနဲ့ တားချင်တယ်။ နည်းနည်းလေးပါ ဆိုပြီး အများကြီးတွေ ဖြစ်လာရတယ်။ အစ မလုပ်တာ အကောင်းဆုံးပါပဲ။

အရက်ကို မသောက်ပဲ နေနိုင်ရင်... မသောက်ကြပါနဲ့။ သောက်နေတဲ့ လူတွေကလည်း ဖြစ်နိုင်ရင် ဖြတ်ဖို့ ကြိုးစားကြပါ။ အကောင်းစားတွေ မသောက်နိုင်လို့ဆိုပြီး တွေ့ရာနေရာမှာ ခွက်ပုန်းတွေ ခုတ်မနေကြပါနဲ့။ အကျိုးရှိတဲ့ လုပ်ရပ်တွေနဲ့ပဲ ဘဝကြီးကို ဖြတ်သန်းကြပါလို့ ပြောချင်ပါတယ်။

Sunday, April 3, 2016

Indigestion as the result of noise

စီးပွါးဖြစ်သင်္ကြန်မဏ္ဍပ်ကိစ္စ မပြီးနိုင်မစီးနိုင်ပဲ။ ရန်ကုန်တိုင်းအစိုးရကို ဆန္ဒပြချင်တဲ့သူနဲ့ လက်သန်းဖြတ်ချင်တဲ့သူနဲ့။ ဟုတ်တော့ ဟုတ်နေတာပဲ။

ဆန္ဒပြချင်သူတွေ ဆန္ဒပြကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ဆန္ဒကို ဥပဒေဘောင်အတွင်းကနေ ထုတ်ဖော်ကြပါ။ ဆန္ဒပြသူတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်လာမယ့်သူတွေ ရှိလာနိုင်သလို ကဲ့ရဲ့ပြစ်တင် ဝေဖန်ရှုံ့ချမှုတွေလည်း ရှိလာနိုင်ပါတယ်။ အဲဒီအတွက် ရေမြင်းလောက်တော့ အရေထူပါစေ။
လက်သန်းဖြတ်ချင်သူတွေလည်း ဇ ရှိရင် လုပ်ပစ်လိုက်စမ်းပါ။ ကိုယ့်လက်သန်းနဲ့ ကိုယ်ပဲဟာ... ဘယ်သူ့ ဂရုစိုက်နေရမလဲ။ ဒါပေမယ့် လက်သန်း မရှိရင်တော့ နှပ်ချေး ကော်ဖို့ နည်းနည်း ခက်လိမ့်မယ်။ လက်ညိုးလိုက်ကြီး ထိုးထည့်လိုက်ရင် နှာခေါင်းပေါက်ကြီး ပိုပွလာလိမ့်မယ်။ အခုတောင် ပွကြီးတို့က အတော်ပွနေပြီလေ။ အဲဒီတော့ လက်သန်း မဖြတ်ခင်မှာ အဲဒါလေးတော့ ပြန်စဉ်းစား။ ဟုတ်ပြီလား။

ရန်ကုန်မှာ ရေကို ချွေတာလိုက်တာနဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ရေတွေ ပိုလျှံလာမှာလားလို့ မေးတဲ့ တက်ကြွတဲ့ ကြက်ဖကြီးများကိုလည်း မြန်မာပြည် အလယ်ပိုင်း မဟုတ်တဲ့ ရန်ကုန်တိုင်းထဲက တွံတေး ဒလဘက်တွေ ကြည့်မြင်တိုင် တဘက်ကမ်းက ရွာတွေဆီကို အလည်တခေါက် လမ်းလျှောက် ထွက်စေချင်မိပါတယ်။ ရွာလမ်းတွေက ကျဉ်းတော့ ကားမောင်းလို့ မရဘူး။ ဒါကြောင့် လမ်းလျှောက်ထွက်ခိုင်းတာ။ အဲဒီ ကြက်ဖကြီးတွေ သိစေချင်တာကတော့... ရန်ကုန်မှာ စုဆောင်းထားတဲ့ ရေတွေဟာ အဲဒီဘက်ကိုတော့ ရောက်နိုင်ပါတယ် ခင်ဗျ။

ပြန်ပြောမှာက ရှိပါသေးတယ်။ အဲဒီ ကန်တော်ကြီး အင်းယားက ရေတွေကို ဘယ်သူတွေက သုံးနေကြလို့လဲ။ သောက်ရေ သုံးရေအဖြစ် သုံးမှ မသုံးတာ။ ဟုတ်တာပေါ့။ အခုထိတော့ မသုံးကြသေးဘူးပေါ့။ ဒါပေမယ့် အဲဒီလို ရေအရင်းအမြစ်ဆိုတာ အရံသဘောအနေနဲ့ ထိန်းသိမ်းထားရတဲ့ အရာမျိုးပဲလေ။ ရေလုံးဝမရှိတဲ့အခါမှာ မြောင်းပုတ်ရေတောင် ထုတ်သုံးရသေးတာပဲ။ အဲဒီလို ကန်ရေတွေက ရန်ကုန်အတွက် အကောင်းဆုံးသော အရံရေအရင်းအမြစ်ပဲလေ။ ထိန်းသိမ်းထားသင့်တာပေါ့။ မဟုတ်ဘူးလား ခင်ဗျ။

လာပါသေးတယ်။ စင်္ကာပူမှာတောင် မြန်မာတွေ သင်္ကြန်ပွဲ ကျင်းပပြီး ရေပတ်ခွင့် ရတယ်။ ရန်ကုန်မှာ အစိုးရအသစ်က ဘာဖြစ်လို့ သင်္ကြန်ပွဲကို ကန့်သတ်ချုပ်ခြယ်ထားရသလဲ။ မေးကြည့်ချင်လို့ပါ... စင်္ကာပူမှာလေ ရန်ကုန်လိုမျိုး မီးသတ်ပိုက်ကြီးတွေနဲ့ ရေကို ဒလဟော တဗွင်းဗွင်း သုံးခွင့်ရတယ်များ ထင်နေသလား ဟင်။ ရန်ကုန်က ရေကစားမဏ္ဍပ်တွေ ရေသုံးအား ဘယ်လောက် ရှိသလဲ ဆိုတာ ရေကစားဖူးတဲ့သူတွေ အသိဆုံးပါဗျာ။ စင်္ကာပူက သင်္ကြန်ပွဲကိုများ အဖော်လာညှိနေသေးတယ်။ ခက်တာပဲ။

နောက်ဆုံးအနေနဲ့ တကယ်မသိလို့ မေးကြည့်ချင်တယ်။ အဲဒီလို စီးပွါးဖြစ်သင်္ကြန်မဏ္ဍပ်တွေ ခွင့်ပြုချက် မရလို့ ရန်ကုန်မှာ မရှိတော့ရင် ရန်ကုန်သင်္ကြန်ကြီးက အရင်လို စည်စည်ကားကား မရှိတော့ပဲ ခြောက်ကပ်ကပ်ကြီး ဖြစ်သွားမှာလား ဟင်။

မှတ်ချက်။ ခါတော်မှီ စာ မဟုတ်ပါ။ ဟိုတစ ဒီတစ ပွမ်ညံပွမ်ညံ အသံတွေ ထွက်နေတာကို မြင်မိကြားမိလို့ ရင်ထဲကနေ ပွင့်အန်ထွက်လာတဲ့ အစာမကြေ ရင်ပြည့်ရင်ကယ်သံပါ။ ဦးချိန်တီ ကယ်ပါ။

Saturday, March 26, 2016

The preference

လူတကိုယ် အကြိုက်တမျိုးစီပဲ။ ကိုယ်ကတော့ ကာတွန်းကားတွေ ကြိုက်တယ်။ ဒါကြောင့် ကာတွန်းကားအသစ်တွေ ထွက်ရင် ဘာကားအသစ်ထွက်သလဲ ဆိုတာ သိတယ်။ သိအောင်လည်း ကြိုးစားအားထုတ်မှု အထိုက်အလျှောက် ရှိရတာပေါ့။

ကုလားကားကိုတော့ စင်္ကာပူမှာ ကုလားလိုင်းက စနေ တနင်္ဂနွေမှာ ပြတော့ ကြည့်ဖြစ်တယ်။ သို့ပေမယ့်လည်း ကုလားကား ဘာကားအသစ်တွေ ထွက်သလဲ ဆိုတာတော့ မသိဘူး။ ရုပ်သံလိုင်းက ပြတာပဲ ကြည့်တာကိုး။ တကူးတက အသစ်တွေ လိုက်ရှာပြီး ကြည့်မနေဖြစ်ဘူး။
ဒီလိုပဲ တခြား ဘာရုပ်ရှင်ကားသစ်တွေ ထွက်သလဲ လာမမေးနဲ့။ တကယ်ကို မသိဘူး။ မြန်မာကားလည်း မကြည့်ဘူး။ တရုတ်ကား ဂျပန်ကား ကိုရီးယားကားတွေလည်း မသိဘူး။ အက်ရှင်တွေ ဒရမ်မာတွေ သရဲကားတွေ ဘာတခုမှ လာမမေးနဲ့ တကယ်ကို မသိဘူး။ သိအောင်လည်း မကြိုးစားထားဘူး။

ကျွန်တော်နဲ့ ဆန့်ကျင်ဘက် ပြောင်းပြန် လူတွေလည်း ရှိနေနိုင်တယ်။ ကာတွန်းကားက လွဲလို့ ကျန်တဲ့ကား အကုန်ကြည့်တယ်။ ကာတွန်းကားအကြောင်း ပြောရင် ဘာတခုမှ မသိတဲ့ သူမျိုးပေါ့။ သူတို့အတွက် ကာတွန်းကားက ဆက်သွယ်မှုပြင်ပဧရိယာပဲ။

ပြောချင်တာက... လူတဦးဆီမှာ အကြိုက်မတူသလို တန်ဖိုးထားချက်လည်း မတူဘူး။ တချို့အတွက် ရိုးသားမှုက တန်ဖိုးကြီးတယ်။ တချို့အတွက် ပညာအရည်အချင်းက အရေးကြီးတယ်။ တချို့အတွက် လူရည်လည်မှု လည်လည်ပတ်ပတ် ရှိမှုက အရေးကြီးတယ်။ တချို့အတွက် ဂုဏ်ဓနက အရေးကြီးတယ်။ တချို့အတွက်က အပြောအဆို ကောင်းတာမျိုးက အရေးကြီးတယ်။

ကြက်ခြေနီအမှတ်အသား အလွဲသုံးစား လုပ်မှုကို မြင်တဲ့အခါ ကိုယ်တွေက သဲသဲလှုပ် အသံတွေ ထွက်နေချိန်မှာ ကျန်တဲ့သူတွေက နေစိမ့်နေကြတယ်။ တခြားသူတွေ အာဆင်နယ် မန်ယူ လီဗာပူး ချယ်ဆီး ဆိုပြီး ဘောလုံးနဲ့ ပတ်သက်ပြီး နောင်ဂျိန်ချနေချိန်မှာ ကိုယ်ကတော့ အေးဆေးပါပဲ။ သူများတွေက အမှိုက်ကောက်နေတဲ့အချိန် ကိုယ်တွေက သွေးလှူရှင်စုဆောင်းရေးကို အဓိကထား အာရုံစိုက်ထားတယ်။ ဆိုလိုချင်တာက အာရုံစိုက်မှု ဂရုပြုမှုက လူတိုင်းမှာ တပြေးညီတည်း မရှိနိုင်ဘူး။

လောလောဆယ်တော့ ရွေးချယ်ခံ ဝန်ကြီး ၂ ပါးရဲ့ ဒေါက်တာဘွဲ့အတုနဲ့ ပတ်သက်ပြီး အသံတွေ ထွက်ကြတယ်။ သူငယ်ချင်းတွေထဲမှာလည်း အသံတွေ ဆူဆူညံညံ ထွက်ကြတယ်။ ရိုးသားမှုနဲ့ တိုင်းကြတယ်။ အတုမှန်း မသိရအောင် အလိမ်ခံရတဲ့အထိ ညံ့ကြသလား ဆိုပြီး တိုင်းကြတယ်။ အတုတွေကို မစစ်နိုင်လောက်အောင် စိစစ်ရေးကော်မတီက အားနည်ချက်ရှိရသလားလို့ ဆိုကြတယ်။ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးထားချက်အရ အသံတွေ ထွက်ကြတာကို သဘောပေါက် လက်ခံပါတယ်။

ကိုယ်တွေကတော့ လောလောဆယ်မှာ ပွဲကြည့်ပရိသတ်ပါ။ ဝေဖန်ဖို့ စောသေးတယ်လို့ပဲ မြင်မိတယ်။ အစိုးရအဖွဲ့အသစ်က အလုပ်တွေ ဘာတခုမှ မစရသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ပဲ အားသန်မိတယ်။ လုပ်ဆောင်ချက်တွေနဲ့ တာဝန်ယူမှုတွေဟာ အရင်အစိုးရလိုပဲ ထူးမခြားနားဆိုရင်တော့ အသံတွေ ထွက်ရမှာပေါ့။ အစိုးရအဖွဲ့ကို စောင့်ကြည့်သလို ကိုယ်တွေလည်း ကိုယ့်အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ကြတာပေါ့။

အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူး။ ရောမမြို့ကို တရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် လိုအပ်ချက်တွေအပေါ်မှာ အကောင်းဘက်ကို ဦးတည်တဲ့ ဝေဖန်မှုတွေ ထောက်ပြမှုတွေနဲ့ တိုင်းပြည်ကို အချိန်ယူ ပြန်လည် တည်ဆောက်ကြပါစို့။

Monday, November 16, 2015

Solidarity with the people of Paris

ပါရီအကြမ်းဖက်မှုကို စာနာထောက်ထားလို့ Facebook ရဲ့ profile picture မှာ ပြင်သစ်အလံ အရောင်လေး ထည့်တာကို တချို့တချို့တွေ အမြင်မကြည်တာ ဘာကြောင့်ပါလိမ့်။

ရှမ်းပြည်မှာ စစ်ပွဲတွေ တိုက်ပွဲတွေ ဖြစ်တာနဲ့ ခိုင်းနှိုင်းပြီး အတင်းစကားတွေ ဆိုကြတယ်။ အစကတော့ မပြောဘူး ဆိုပြီး လွှတ်ထားလိုက်တယ်။ အမျိုးနီးစပ်တွေမှာပါ အဲဒီအသံလေး ထွက်လာလို့ ပြောသင့်တာတွေ ပြောပါဦးမယ်။

စစ်ပွဲဆိုတာ မကောင်းမှန်း သိပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ ခဏခဏ ပြောဖူးပါတယ်။ ပြည်သူတွေက စစ်ပွဲတွေ ရပ်ဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် နားထောင်လို့လား။ သက်ဆိုင်သူတွေ နားမထောင်ကြပါဘူး။ စစ်ဘေးဒဏ်ကို ကြားထဲကနေ မြေစာပင် ဒေသခံတွေ ခံစားနေရတာကို စာနာပါတယ်။

ကဲ... ရှမ်းပြည်က စစ်ဘေးဒဏ်ခံ ပြည်သူတွေကို စာနာပါပြီ။ ဒါပေမယ့် Facebook က အဲဒါကို ပါရီလောက် အလေးမထားဘူး ခင်ဗျ။ Media Coverage ကွာတာလည်း ပါမှာပေါ့။ ရှမ်းပြည်အလံ ဒါမှမဟုတ် ရှမ်းနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ် တခုခုကို Facebook profile မှာ သူတို့ မထည့်ပေးထားဘူး။ အလွယ်တကူ ပြောင်းလို့ရအောင် လုပ်မပေးထားဘူး။

ပါရီကျတော့ လုပ်ပေးထားပါတယ်။ ဓါတ်ပုံပြင်တဲ့ နည်းပညာ ဒီဇိုင်းပြင်တဲ့ နည်းပညာ ဘာတခုမှ တတ်ထားစရာ မလိုပဲ Facebook က အဲဒီလို ပြင်လို့ရအောင် လုပ်ပေးထားပါတယ်။ အလွယ်တကူ ပြင်လို့ ရတဲ့ သဘောပေါ့။ သုံးလို့ လွယ်အောင် လုပ်ပေးထားရင် လူတွေက လွယ်တဲ့ဟာကို လိုက်လုပ်ကြမယ် ဆိုတာ အခုခေတ်က လူတွေ သိထားပြီးသား ဖြစ်မှာပါ။ အဲဒီတော့ အလွယ်တကူလေး လုပ်လို့ရတဲ့ profile picture ကို ပြောင်းပြီး ပါရီသားတွေကို စာနာစိတ် ရှိကြောင်း ပြသကြတယ်။

ဒါဟာ ဘာဆန်းလဲ။ ဘာမှ မဆန်းပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကပဲ ထူးထူးခြားခြား ထ လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအစုံက လူပေါင်းစုံ စိတ်ပါရင် ပါသလို profile picture တွေ ပြောင်းကြပါတယ်။ အတင်းအကျပ် လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ့်စာနာစိတ်ကို ပြသတာပါ။

နောက်တခုက စစ်နဲ့ အကြမ်းဖက်မှုကို ခွဲခြား သိမြင်ဖို့ လိုပါတယ်။ စစ်ပွဲဆိုတာ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း တိုက်ခိုက်ကြတာပါ။ အကြမ်းဖက်မှု ဆိုတာက လက်နက်မဲ့ အပြစ်မဲ့ လူ့အဖွဲ့အစည်းကို ရန်ရှာ သတ်ဖြတ်တာပါ။ ဖြစ်စဉ် မတူညီပါဘူး။ အဲဒါကို ခံရတာ လူသားတွေပဲ ဆိုပြီး အတင်းကြီး ညီမျှခြင်း လာမချပါနဲ့။

ပါရီဆိုတာ ငါတို့နဲ့ အဝေးကြီးပါကွာ။ အိုးက မပူ... စလောင်းက ပူနေပြန်ပြီ လို့ ပြောချင်ရင်တော့ မေတ္တာတွေ မုဒိတာတွေ ကရုဏာတွေ ဆိုတာ မြန်မာစာ အဘိဓါန်ထဲမှာ ရှိသေးလားလို့ ပြန်မေးချင်တယ်။

အခုခေတ်မှာ ကမ္ဘာကြီးဟာ အပြန်အလှန် ကူးလူး ဆက်ဆံနေတာပါ။ ကျွန်တော်တို့ ၂၀၀၈ နာဂစ်တုန်းက၊ အခုနှစ် ရေဘေးဒဏ်ခံရတုန်းက Save Myanmar ဆိုပြီး အကူအညီ တောင်းခံခဲ့ရတာပဲ မဟုတ်လား။ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်တုန်းက ကမ္ဘာသူ ကမ္ဘာသားတွေ စာနာထောက်ထား ကူညီပံ့ပိုးပေးခဲ့တာပါပဲ။ သူတို့တွေ ဒုက္ခရောက်တဲ့အချိန် ကျွန်တော်တို့က ပြန်လည် စာနာ ထောက်ထားပြတာဟာ ဘာမှားသွားသလဲ။ ဘာတွေ စံလွဲသွားလို့လဲ။

အခုကိစ္စမှာ စာနာစိတ် ရှိတာကို ပြသဖို့ ပြင်သစ်စာ တတ်ဖို့ မလိုဘူး။ အင်္ဂလိပ်လို စီကာပတ်ကုံး ရေးပြနေစရာ မလိုဘူး။ Profile picture ပြောင်းပြီး ပါရီသားတွေနဲ့ အတူတကွ ရှိကြောင်း ပြသလို့ ရနေတယ်။

အဲဒီတော့ လွယ်သလား ခက်သလား ရာမ။

Tuesday, February 19, 2013

Burma Born Chinese (BBC)

ဦးနုရဲ့ တာတေစနေသား၊ ဦးသုဝေရေးတဲ့ ဖဆပလဦးကျော်ငြိမ်း၊ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့၊ ဒေါက်တာခင်လက်ျာရေးတဲ့ ဖေဖေဗိုလ်လက်ျာ၊ သိန်းဖေမြင့်ရဲ့ မြန်မာ့နိုင်ငံရေး ကန့်လန့်ဖြတ်မြင်ကွင်း စတဲ့ စာအုပ်တွေကို ဖတ်ဖြစ်တာ အကျိုးရှိတယ်။ အရင်က ဟိုတစ ဒီတစ သိထားတဲ့ ဖတ်စာအုပ်ထဲက မပြည့်မစုံ သမိုင်းတွေပဲ ရှိတာ။ အခုတော့ ခေတ်အခြေအနေတခုရဲ့ သမိုင်းရုပ်လုံးကို အပြည့်အစုံ မဟုတ်တောင်မှ မှုန်ဝါးဝါး ကွက်တိကွက်ကျား မြင်ရတာမျိုး မဟုတ်တော့ဘူး။ နောက်ထပ် ဖတ်စရာတွေ အများကြီး ကျန်သေးတယ် ဆိုတာလည်း သိထားပါတယ်။ ဖတ်သင့်တဲ့ စာအုပ်တွေ ရှိရင်လည်း ကျေးဇူးပြုပြီး လမ်းညွှန်ဝေမျှပါဦး။

ကမ္ဘာ့သမိုင်းထက် မြန်မာ့သမိုင်းတွေကို ပိုဖတ်ဖြစ်တယ်။ ဟိုဘက်ဒီဘက် အမျိုးတွေထဲမှာ အဲဒီလို သမိုင်းစာအုပ်တွေ အထုပ္ပတ္တိတွေ ရှာဖွေစုဆောင်း ဖတ်ဖြစ်တာ ရှားရှားပါးပါး ကိုယ်တယောက်ပဲ ရှိတယ်။  အောင်ဆန်းသူရိယဘွဲ့ရထားတဲ့ ဗိုလ်မှူးအေးချို၊ ဗိုလ်ကြီးတိုက်ချွန်း၊ တပ်သားလှသောင်းတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေလည်း ဝယ်စုထားတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့အထုပ္ပတ္တိလည်း မချန်ထားခဲ့ဘူး။ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ ဆိုတဲ့  နှစ်အုပ်တွဲကိုလည်း ဈေးကြီးပေးဝယ်ပြီး သိမ်းထားတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူ့ကျွန် မခံပြီ စာအုပ်နဲ့ ဆရာမြသန်းတင့်ရေးတဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ စာအုပ်တွေ လက်ထဲရောက်တုန်းက သိပ်ကို ပျော်ခဲ့ဖူးတယ်။

သမိုင်းကို စိတ်ဝင်စားလို့ ဖတ်ဖြစ်တာပါ။ နိုင်ငံရေး လုပ်ဖို့လား သမိုင်းဆရာ လုပ်ဖို့လား ဝေဖန်ရေး လုပ်ဖို့လားဆိုရင် ကိုယ့်မှာ ဖြေစရာ ဘာအဖြေမှ ရှိမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာတခုကတော့ ကိုယ့်ရဲ့ နောက်မျိုးဆက်တွေကို ကိုယ်မွေးဖွား ကြီးပြင်းရာမြေရဲ့ ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင်ခေတ် သမိုင်းတွေ၊ ကိုလိုနီခေတ် ဂျပန်ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးရပြီးကာစ ခေတ်ကာလသမိုင်း၊ သမိုင်းအစုံကို ပြန်ပြောင်း ပြောပြနိုင်မယ်။ ကိုယ့်ရဲ့နောက်မျိုးဆက်က ကိုယ့်လို မြန်မာ့သမိုင်းကို စိတ်ဝင်စားတယ် ဆိုရင်ပဲ ကိုယ်ဟာ အတော်လေးကို ကျေနပ်ပီတိဖြစ်မိနေမယ် ထင်ပါတယ်။

သမိုင်းကို ပြောပြတာနဲ့အတူ ကိုယ်သိထားသလောက် မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ပွဲတော်တွေ၊ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း ဓလေ့တွေ၊ အရပ်ဒေသတွေရဲ့ အကြောင်းတွေကိုလည်း ပြောပြဖြစ်မယ်။ ပွဲတော်တွေ၊ အရပ်ဒေသတွေကို အခါအခွင့်သင့်ရင် သင့်သလို သွားရောက် လည်ပတ်နိုင်အောင် ကြိုးစားမယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နဲ့ ရှမ်း ဆိုတဲ့ လူမျိုးစုကြီးတွေ စုစည်းနေထိုင်တဲ့ အကြောင်းတွေ ပြောပြဖြစ်မယ်။ အကြောင်းကြောင်းကြောင့် တချိန်ချိန်မှာ တနေရာရာမှာ အမြဲတမ်း အခြေချဖြစ်နေရင်တောင် ဇီးသီးသည်မဗျိုင်း မဖြစ်ရလေအောင် နှလုံးသွင်းဖို့ ကြိုးစားမယ်။

စကားမစပ်.... မြန်မာစာကိုလည်း မြတ်နိုးတယ်။ မြန်မာလို ရေးတဲ့စာအုပ်တွေကို ပိုဖတ်ဖြစ်တယ်။ သိတဲ့ဘာသာစကားကလည်း မြန်မာစာနဲ့ အင်္ဂလိပ်စာပဲ ရှိတာကိုး။ အင်္ဂလိပ်ရေးတဲ့ စာအုပ်တွေကို ပညာရေးအတွက်ပဲ ဖတ်ဖြစ်တယ်။ အခုချိန်ထိ အင်္ဂလိပ်လို ရေးထားတဲ့ ဝတ္ထုစာအုပ်ကို တအုပ်လုံး ကုန်အောင် အစအဆုံး မဖတ်ဖူးသေးပါ။ လက်ရှိအချိန်ထိ မြန်မာစာကို စာလုံးပေါင်းအပြင် အသုံးအနှုန်း၊ သဒ္ဒါအထားအသို မှန်အောင်ပါ ဂရုတစိုက်နဲ့ လေ့လာမှတ်သား ရေးသားဖို့ ကြိုးစားနေဆဲပါ။ ကိုယ်ရေးတဲ့စာအထဲမှာ မှားတာတွေရှိလို့ ထောက်ပြပေးရင်လည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ အပြန်အလှန်သဘောနဲ့ တချို့တွေမှာ စာလုံးပေါင်း မှားတာတွေကို တွေ့ရင်လည်း အမှန်ဖြစ်စေလိုတဲ့ သဘောနဲ့ ပြင်ပေးတာမျိုးတွေ လုပ်နေတုန်းပါပဲ။ အမုန်းခံရပေါင်း များပေမယ့် အမှားတွေ မြင်တဲ့အခါ အမှတ်မရှိ ပြင်ပေးနေတုန်းပါ။

သြော်... အရေးကြီးတာတခု ပြောဖို့ ကျန်ခဲ့တယ်။ အဲဒါကတော့ ကိုယ်ဟာ မြန်မာပြည်မှာ မွေး... မြန်မာပြည်မှာ ကြီးတဲ့ တရုတ်ကြီးပါ ခင်ဗျာ။ ဘာရယ်တော့ မဟုတ်ပါဘူး။ :)

Friday, December 21, 2012

Sharing the joyness in Ad-hoc basic

ဒီနေ့ နေ့လည်စာ စားပြီးပြန်လာတော့ ရုံးက စားပွဲပေါ်မှာ စက္ကူအိတ်အဖြူကြီး တင်ထားတာ တွေ့လိုက်တယ်။ အိတ်က ၁ ပေခွဲလောက် မြင့်တယ်။ အထဲမှာ အသီးခြောက်တွေနဲ့ လုပ်ထားတဲ့ ချော့ကလက် ကိတ်မုန့်ကြီးတခု။ ဈေးပေါမယ့်ဟာမျိုးတော့ မဟုတ်လောက်ဘူး။ စင်္ကာပူမှာ ကိတ်မုန့်ဈေးကတော့ ဒေါ်လာ ၃၀ ကနေ ၅၀ ကြားလောက်မှာ ရှိမယ်။ ဟိုတယ်တွေမှာ ဖွင့်ထားတဲ့ ဆိုင်အကောင်းစားကနေ ဆိုရင် ဒီထက်မက ဈေးပိုပေးရတယ်။

ဒီဇင်ဘာလဆိုတော့  အဲဒီဟာက ခရစ်စမတ်လက်ဆောင် ဖြစ်မယ်လို့ပဲ တွေးလိုက်တယ်။ ပေးမယ့်သူကလည်း ကျွန်တော်တို့ဌာနရဲ့ ဘော့စ်ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုံးက စားပွဲတိုင်းမှာ မရှိဘူးလေ။ ဘော့စ်ရဲ့ လက်အောက်မှာ လုပ်နေတဲ့ ကျွန်တော်တို့ ၅ ယောက်ရဲ့ စားပွဲတွေမှာပဲ အဲဒီအိတ်တွေကို တွေ့ရတာပါ။  ဘော့စ်က စင်္ကာပူငယ်မွေးခြံပေါက် ခရစ်ယာန်ဘာသာဝင်ပါ။ အိမ်ထောင်ရှိပေမယ့် ကလေးမရှိဘူး။ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတာတွေ့ရတယ်။ ကမ္ဘောဒီးယားမှာ မိဘမဲ့ကလေးတွေကို ကျောင်းတွေ ဆောက်ပေးတာ၊ ကစားကွင်းတွေ ဆောက်ပေးတာကို သာသနာပြုအဖွဲ့တွေနဲ့အတူ လုပ်အားပေးတာမျိုး လုပ်တယ်။ ငွေလည်း လှူတာပေါ့။

ကိတ်မုန့်ကြီးကို  အိမ်ကို ယူသွားပြီး အိမ်ကလူတွေနဲ့ ခွဲစားမယ်လို့ အစပထမတုန်းမှာ စိတ်ကူးလိုက်တယ်။ ရုံးစောစောဆင်းလို့ ရပေမယ့် အဲဒီအိတ်နဲ့ လူကြပ်တဲ့ ရထားပေါ်မှာ အဆင်မပြေပါဘူး ဆိုပြီး ရုံးက ဖယ်ရီဘတ်စ်ကားကိုပဲ စောင့်စီးမယ်လို့ စိတ်ကူးမိတာနဲ့ ရုံးမှာပဲ အလုပ် ဆက်လုပ်နေလိုက်တယ်။ ရုံးဆင်းချိန်ရောက်တော့ ရုံးဝင်းအပြင်က ဘတ်စ်ကားစီ လမ်းလျှောက်လာတုန်း ဝင်းထိပ်က လုံခြုံရေးတွေကို တွေ့မိတယ်။ သူတို့တွေက ရုံးပြန်တဲ့လူမှန်သမျှရဲ့ အိတ်တွေကို ရုံးဝင်းထိပ်မှာ ဖွင့်စစ်လေ့ရှိတယ်။

အဲဒီမှာ စဉ်းစားမိတာက... ဒါမျိုးမုန့်တွေက ကိုယ်တွေအနေနဲ့ မကြာခဏ စားဖူးတယ်။ ရုံးက လုပ်တဲ့ပွဲတွေမှာလည်း စားဖူးတယ်။ မွေးနေ့ပွဲတွေမှာလည်း စားဖူးတယ်။ ဧည့်ခံပွဲတွေမှာ စားဖူးတယ်။ ဟိုလူက ဝယ်ကျွေး ဒီလူက ဝယ်ကျွေး... အဲဒီဟာမျိုးမှာလည်း စားဖူးတယ်။ စားချင်ရင်လည်း ဝယ်စားနိုင်တယ်။ ဟိုဦးလေးကြီးတွေကတော့ မိုးလင်းမိုးချုပ် လုပ်ရပေမယ့် လခလည်း နည်းရှာတယ်။  ရုံးမှာ လုပ်တဲ့ပွဲတွေကိုလည်း အဖိတ်ခံရမျိုး မဟုတ်ဘူး။ ဒါမျိုးကိတ်မုန့်တွေကို ငွေကုန်ကြေးကျခံပြီး ဝယ်စားမှာလည်း မဟုတ်လောက်ဘူး။ ဒါနဲ့ပဲ အိမ်ကို ယူသွားမယ့် ကိတ်မုန့်ကို အဲဒီဦးလေးကြီးတွေ လက်ထဲ ထည့်ပေးလိုက်တော့တယ်။ ရုတ်တရက် ကြောင်နေတဲ့ သူတို့တွေကို ခရစ်စမတ် လက်ဆောင်လို့ ပြောပြီး ပေးလိုက်တယ်။ သူုတို့တွေကို ဂရုတစိုက် အလေးထားတဲ့သူတွေ ရှိမှန်း သူတို့ သိသွားရတာပေါ့လေ။

ဒီနေ့ ဘာလုပ်မယ် ညာလုပ်မယ် ကြိုတင် မရည်ရွယ်ထားပဲ ရှိတာလေးနဲ့ ကြုံသလိုလေး အဆင်ပြေသလိုလေး ပေးလှူခဲ့ဖြစ်တယ်။ အလှူကြီး အတန်းကြီး မဟုတ်တာ... တန်ဖိုးကြီးတာ မကြီးတာ အပထား။ အခုလို ဖျတ်ခနဲ ပေးလှူဖြစ်တာမျိုးလေးကို သဘောကျမိတယ်။ အဲဒါမျိုးအကျင့်က ပါပါးဆီက အမွေရတာလို့ ပြောနိုင်တယ်။ ပါပါးက အဲဒါမျိုး ဖျတ်ခနဲ ပေးကမ်းတာမျိုးတွေ ခဏခဏ လုပ်ဖူးတာ ငယ်ငယ်ကတည်းက မြင်ဖူးတယ်။ သူက မရှိဆင်းရဲသားတွေကို ကျွေးမွေးတယ်။ ပေးကမ်းတယ်။ ပြည့်နေတဲ့ အိုးတွေကို ထပ်ဖြည့်တာထက် မပြည့်တဲ့အိုးတွေကို ဖြည့်ဆည်းပေးတာ ပိုကောင်းတယ်။ ဒါမျိုးအကျင့်ကို တကူးတက သင်ပေးထားတာမျိုး မဟုတ်ပေမယ့် အဲဒီအမူအကျင့်က ကျွန်တော့်ဆီကို အတုမြင်အတတ်သင် ဆိုသလိုမျိုး ကူးလာတယ်လို့ ထင်တယ်။

တကယ်ပါ... ဒါမျိုးအလှူတွေက မကြီးကျယ်လှပေမယ့် စိတ်ထဲမှာတော့ အထူးတလည် ပီတိဖြစ်ရပါတယ်။

Thursday, December 29, 2011

Heros on Dec 29


Photo Credit: Kaung Htet, The Myanmar Times

နှစ်သစ်ကူးခါနီး ဆောင်းမနက်ခင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ ကြောက်လန့်စရာ သဘာဝဘေးဆိုးတခု ရန်ကုန်မြို့ကို ရောက်လာမယ်လို့ ဘယ်သူက ကြိုသိထားခဲ့မလဲ။ ၂၀၁၂ ဆိုတာ တဖြည်းဖြည်း တရွေ့ရွေ့ ချဉ်းကပ်လာလို့ ကမ္ဘာပျက်တော့မလား ဆိုပြီး ဘယ်သူကမှလည်း ထိတ်လန့်တုန်လှုပ်နေမယ် မထင်ပါဘူး။ တစ်တစ်တူးလို မိုးပြိုမှာစိုးလို့ ခြေနှစ်ချောင်း ထောင်ပြီး အိပ်မယ့်သူတွေလည်း မရှိလောက်ပါဘူး။

မီး... မီး... ကားတွေ ထွက် ကားတွေထွက်... လို့ဆော်သြောသံ အော်သံကြားတော့ မီးသတ်စခန်းက မီးသတ်ရဲဘော်တွေ အိပ်ယာထဲက ထသူထ... ယူနီဖောင်း ကပျာကယာလဲ... ဦးထုပ်တွေ ဆောင်းပြီး မီးသတ်ကားပေါ်ကိုပဲ အလုအယက် တက်ခဲ့ကြမှာပါ။ နောက်နှစ်ရက်ဆိုရင် Happy new year 2012 လို့ အော်ပြီး နှစ်သစ်ကူးညကို ပျော်ပျော်ကြီး ဆင်နွှဲလိုက်အုံးမယ်လို့ အိပ်ယာမဝင်ခင် စိတ်ကူးထဲမှာတော့ အဲဒီလို အတွေးလေးတွေ ရှိနေမှာပေါ့။

ဒီဘဝမှာ ဒီမျှနဲ့ ဇာတ်သိမ်းခန်းတခု ရောက်လာလိမ့်မယ်လို့ ကြိုများ သိထားနိုင်မှာလည်း မဟုတ်တဲ့ သူတို့တတွေ... မိဘဆွေမျိုး သူငယ်ချင်း အပေါင်းအသင်းတွေကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့လိုက်ပါဘူး။ တာဝန်ဆိုတဲ့ အသိနဲ့ ချက်ချင်း ကားပေါ်တက် မီးသတ်ဖို့ မကြောက်မရွံ့ ထွက်ခဲ့ကြတယ်။ အများပြည်သူအတွက် အသက်စွန့်ခဲ့ရတယ်။ Happy new year 2012 လို့ အော်ခွင့် ပျော်ခွင့် မကြုံလိုက်ဘူး။

မီးသတ်သမားမို့ မီးသတ်ရတာ မဆန်းပါဘူး။ သူ့ဆန်စားမှ ရဲရပြီပေါ့လေ။ ဒါပေမယ့် အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ ဘဝမျိုးမှာ တာဝန်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး မီးနဲ့ အနီးဆုံးနေရာကနေ မီးအပူခံပြီး သက်စွန့်ဆံဖျား မီးငြိမ်းသတ်ရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ပါတယ်။ မီးလောင်ပြင်မှာ ပစ္စည်းကိရိယာ မပြည့်မစုံနဲ့ ရန်သူမီးကို စစ်ခင်းရတာကို စဉ်းစားကြည့်ရင် ဘယ်လောက်ထိ အန္တရာယ်များလဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။

မြန်မာပြည်ရဲ့ အသံတိတ် သူရဲကောင်းလို့ ကျွန်တော် တင်စားခဲ့ဖူးတဲ့ မီးသတ်ရဲဘော်တွေ... အန္တရာယ်ကင်း ဘေးရှင်းကြပါစေ... အချိန်မတန်ခင် ကြွေလွင့်ခဲ့ရတဲ့ သားကောင်းရတနာတွေ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြို့စောင့်တပ်တခုဖြစ်တဲ့ မီးသတ်တပ်ဖွဲ့ကြီး ခေတ်မှီဖွံ့ဖြိုးလာအောင် အစွမ်းကုန် ပံ့ပိုးကူညီပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။

~~~~

ရင်ကို ထိခတ်တဲ့ သတင်းဆောင်းပါးတခုကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါရစေ။


မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား...
By 7Day News Journal

တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ် မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်း ပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။

"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှု လှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။

Saturday, October 1, 2011

Wish for flower



ပွင့်သောပန်းတိုင်း လှပါစေ...
လှသောပန်းတိုင်း လန်းပါစေ...
ပင်ယံထက်မှာ မြဲမြံစေ...

Thursday, September 15, 2011

Lonely night at HCM



မင်း မရှိတဲ့ မြို့တော်မှာ...
ကိုယ်ဟာ ဝမ်းနည်းဆွေးမြေ့မှု
လမ်းတွေမှာ အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူ မင်းကို လွမ်းနေမိ...


မှတ်ချက်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော်ထဲက သီချင်းစာသားပါ။

Sunday, August 14, 2011

To my brother

ညီလေးရေ...

ညီလေးရေ...
လမ်းမမှားအောင် ရွေးကွာ
အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ
ညီလေးရေ...
မြစ်တစ်ခုမှာ ရေနှစ်ခါ
ချိုးလို့မရနိုင်တာ မင်းနားလည်ပါ...

ညီလေးရေ...
လောကစာမျက်နှာ
သင်ကြားပါ ကောင်းမှူရှာတဲ့အခါ
ညီလေးရေ...
အမျိုးအကျိုးဆောင်ယူပါ
နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
လမ်းရွေးပြီးရင် သွားကွာ
အချိန်မရှိပါ
တို့နောက်မှာ သေခြင်းတရား

ညီလေးရေ...
လမ်းဆုံးရင် ရွာတစ်ရွာ
ရောက်ရှိဖို့ယုံပါ စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
မင်းအကြောင်းဟာ သမိုင်းမှာ
မှတ်သားစရာ မရှိခဲ့တဲ့ မဟုတ်ပါ
ညီလေးရေ...
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို့ မလိုတာ မင်းနားလည်ပါ။


ဒီသီချင်းရဲ့ တေးရေး/ တေးဆိုက ထူးအိမ်သင်ပါ။ ဒီသီချင်းလေးက ကျွန်တော့်ညီရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးတင်လိုက်သလို ထူးအိမ်သင်နေ့ အမှတ်တရအနေနဲ့ ရေးတင်တာလည်း ပါပါတယ်။

ညီလေးရေ ဆိုတဲ့ သီချင်းလေးက ကိုငှက်ရဲ့ လူငယ်တွေအပေါ်မှာ ထားရှိတဲ့ စေတနာကို နားလည် သိရှိ ခံစားစေနိုင်ပါတယ်။ တက်သစ်စ လူငယ်တွေကို နားဝင်အောင် ပြောဆို ဆုံးပ ညွှန်ပြရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ အညွှန့်တလူလူနဲ့ မာနတံခွန် ထူစ ပြုနေတဲ့အရွယ်၊ ပြောသမျှကို အလွယ်တကူ နားမထောင်ပဲ အရာရာကို လက်တည့်စမ်း လုပ်ချင်တဲ့ အရွယ်၊ ဂျစ်ကန်ကန် မိုက်ကန်းကန်း ထင်ရာစိုင်းတဲ့ အရွယ်၊ ဒီလို အရွယ်တွေကို နားဝင်အောင် ပြောဆိုဖို့ဆိုတာ တကယ်ကို မလွယ်မှန်း သိကြမှာပါ။ ကိုငှက်ကတော့ သီချင်းလေး ဖန်ဆင်းပြီး လူငယ်တွေ နားဝင်အောင် ပြောဆို ဆုံးမသွားတာ တကယ်ကို လှလွန်းပါတယ်။ ဒီလိုအလှကို မြင်အောင် ကြည့်တတ်စရာတောင် မလိုပါဘူး။ အလွယ်တကူ မြင်နိုင် သိနိုင် ခံစားနိုင်ပါတယ်။

ကိုယ်တတ်စွမ်းတဲ့ အနုပညာမှော်စွမ်းအားနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အကျိုး၊ အနာဂတ် တိုင်းပြည်ရဲ့ အကျိုးကို စေတနာအပြည့်နဲ့ ဖြည့်တင်းသွားတဲ့ ကိုငှက်ကို လေးစားရင်း ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Sunday, July 3, 2011

By the way - 04

ဘာရယ်တော့ မဟုတ်ဘူး။ စာမရေးဖြစ်တာ အတော်ကြာပေါ့။ မိန်းမ ရပြီးကတည်းက စာအရေးကျဲနေတာကို သတိထားမိတဲ့လူတွေ ရှိနေနိုင်ပါတယ်လေ။ မသိရင် ချစ်ချစ်က စာမရေးခိုင်းလို့ စာမရေးဖြစ်တာလို့ ထင်နေအုံးမယ်။ အမှန်ကတော့ ကိုယ်တိုင်လည်း မအားတာ ပါသလို စာရေးဖို့ စိတ်မပါတာလည်း ရှိတယ်။ စာရေးဖို့ စိတ်မပါတာက မထူးဆန်းပါဘူး။ သူများရေးတဲ့ စာတွေ မဖတ်နိုင်မှတော့ ကိုယ်တိုင်လည်း စာရေးချင်စိတ် မရှိတော့ပါဘူး။ ဟိုဟိုဒီဒီ ရေးဖို့ အကြောင်းတွေလည်း ခေါင်းထဲမှာ ခဏလေးပေါ် ခဏလေး ပျောက် ဖြစ်နေတယ်။ စာမရေးဖြစ်တာ တခြား မဟုတ်တာတွေ လုပ်ပြီး ရှုပ်နေတာလည်း ပါတယ်။ မဟုတ်တာ လုပ်တယ်ဆိုတာကို တခြား မတွေးပါနဲ့။ မျက်နှာစာအုပ်မှာ ဂိမ်းဆော့နေတာမျိုးကို ပြောတာပါ။ အခုတလော မဆိုသလောက်လေး အားလာလို့ စာလေး ရေးပါအုံးမယ်လေ။

ဘာရယ်တော့ မဟုတ်ဘူး။ ရုံးမှာ အပြောင်းအလဲတွေ အရမ်းများတယ်။ အုပ်ချုပ်ရေးက လူကြီးပိုင်းတွေ အလုပ်ထွက်တာတွေ ရှိတယ်။ သက်တော်ရှည်ကြီးတွေ အလုပ်ထွက်တော့ ကိုယ်တွေလို ငမြောက်ငခြောက်တွေ ဘာရယ်မဟုတ် မျက်ခုံးလှုပ်တာမျိုးပါ။ ခေါင်ချုပ်အသစ်လည်း ခန့်ထားတယ်။ ခေါင်ချုပ်အသစ်ဆိုတော့ ထုံးစံအတိုင်း ရက်ပေါင်း ၁၀၀ အတွင်းမှာ တော်လှန်ရေးတွေ လုပ်ကြသည်ပေါ့။ ပြုပြင် ပြောင်းလဲရေးတွေ အများကြီး လုပ်ဖို့ တာစူထားပုံပဲ။ ဟိုလူကို ဒီပြောင်း ဒီလူကို ဟိုပြောင်း၊ ဟိုဌာနနဲ့ ဒီဌာန ပေါင်း၊ အဲဒီလိုပဲ ဌာနအသစ်တွေ မန်နေဂျာအသစ်တွေ မြင်ရအုံးမယ်။ အလိုက်သင့်လေး ပြောင်းလဲနိုင်ဖို့ ပြင်ဆင်ရင်းနဲ့ အပြောင်းအလဲ ဆိုတာ သိပ်မကြိုက်တတ်တဲ့ ကျွန်တော်အတွက်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ရင်ခုန်ဖင်တုန် စောင့်စားရင်းပေါ့ဗျာ။

ဘာရယ်တော့ မဟုတ်ဘူး ဘုန်းကြီးအမှု ရွာပတ်နေတယ်။ ရုံးမှာ ကျွန်တော့်အဖွဲ့ထဲက ဝန်ထမ်းတယောက် အိန္ဒိယပြန်ဖို့ဆိုပြီး ၂ ပတ် ခွင့်တိုင်ထားပြီး ခွင့်ရက်ပြည့်တဲ့အချိန် ရုံးပြန်မတက်ဘူး။ တနလာင်္နေ့ ရုံးတက်ရမှာကို မတတ်နိုင်တဲ့ အကြောင်း အိန္ဒိယကနေ ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ သူ့ ယောက်ခမက ပတ်စ်ပို့ သိမ်းထားလို့ ပြန်လာလို့ မရတဲ့အကြောင်း ပြောပြတယ်။ လိမ်တာလား အမှန်လား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီလိုနဲ့ ၃ ပတ်ကြာတော့လည်း ပြန်မလာ၊ ၁ လ ကြာတော့လည်း ပေါ်မလာ၊ စာမလာ သတင်းမကြား။ စင်္ကာပူမှာ ငှားနေတဲ့ အိမ်ကို သူ့အသိ သူငယ်ချင်းတွေ သွားစုံစမ်းတော့ စင်္ကာပူကို ပြန်လာပြီး ၃ ရက်လောက် နေပြီး ခရီး ပြန်ထွက်သွားတယ်တဲ့။ အိန္ဒိယက သူ့မိန်းမကို ဖုန်းဆက်ကြည့်တော့ ကျွန်တော်တို့ရုံးက သူ့ကို အလုပ်ကိစ္စအတွက်နဲ့ အင်ဒိုနီးရှားကို သွားရမယ်လို့ ပြောထားတယ်တဲ့။ ကိုယ်တော်က ကြားထဲမှာ နှစ်ပင်လိမ်ပြီး ပျောက်နေပြီ။ အိန္ဒိယမှာလည်း မရှိ၊ စင်္ကာပူက အိမ်မှာလည်း မနေ၊ တကယ်ပဲ အင်ဒိုနီးရှားကို ထွက်သွားလား ဆိုတာလည်း မသိ။ အလုပ်မတက်ပဲ ခွင့်မဲ့ပျက်တာ ၃ ရက် ကျော်သွားရင် ရုံးရဲ့ စည်းကမ်းအတိုင်း အလုပ် ထုတ်ရတယ် ဆိုတော့ သူ့ အလုပ် လုပ်ခွင့် ပါမစ်ကို ဖျက်သိမ်းရတာပေါ့။ အခုလို မပြောမဆို အလုပ်ပြုတ်သွားတာ သူ့အတွက် နစ်နာနိုင်သလို ကျွန်တော်အတွက်လည်း လက်မောင်း ပြုတ်ပါတယ်။ အစစအရာရာ လက်လွှဲလို့ရတဲ့ ဝန်ထမ်းတယောက် မရှိတော့ သူ့အလုပ်တွေ ကျွန်တော်ဆီကို ရောက်လာသတည်းပေါ့ဗျာ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုရေး ဒီရေးပါ။ နောက်များမှာ အခွင့်သင့်ရင် သင့်သလို စိတ်ပါရင် ပါသလို စာတွေ ရေးပါအုံးမယ်လေ။

Saturday, May 28, 2011

The unpleasant day

ဒီလိုနေ့မျိုးကို တနေ့စာ အလွဲများလို့လည်း ပြောလို့မရ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကြောင့် လွဲတာမျိုး မဟုတ်ဘူးလေ။ အဲဒီတော့ အဆင်မပြေတာတွေ ရှိတဲ့ နေ့တနေ့လို့ပဲ ပြောရမယ် ထင်တယ်။ ကိုယ့်စိတ်နဲ့ မတည့်တာတော့ အမှန်ပဲလေ။

နေ့လည်ပိုင်းလောက် မူစတာဖာမှာ ဈေးဝယ်ဖို့ ချစ်ချစ်နဲ့အတူ ထွက်လာကြတယ်။ ရထားပေါ် ရောက်တော့ ခုံတွေက လွတ်နေတယ်။ အသက်ကြီးကြီး ပိန်ညောင်ညောင် တရုတ်ကြီးတယောက်က ခုံလွတ်မှာ မထိုင်ပဲ တံခါးဘေးနားမှာ မှီပြီးရပ်နေတယ်။ ကျွန်တော်တို့ သွားရမယ့် ခရီးက နည်းနည်းဝေးတော့ ခုံတွေ လွတ်နေတဲ့ အတူတူ နှစ်ဦးသား ဝင်ထိုင်လိုက်တာပေါ့။ ထိုင်လိုက်တာနဲ့ သတိထားမိတာက တံခါးနားက တရုတ်ကြီး။ သူ့ဆီကနေ အရက်စော် ထွက်နေတယ်။ အရက်နံ့ တထောင်းထောင်းပေါ့။ လူကလည်း ယိုင်တိုင်တိုင်ပဲ။

သွေးဆိုးတဲ့ အရက်သမားတို့ ထုံးစံအတိုင်း ရစ်ပါပြီဗျာ။ လူကြီးက မထိုင်ပဲ လူငယ်တွေက ထိုင်နေရသလား ဆိုပြီး ဘာညာကွိကွကို တရုတ်လို ပွစိပွစိ လုပ်ပါတယ်။ တခြားခုံလွတ်တွေလည်း အများကြီး ကျန်နေရဲ့သားနဲ့ သူနဲ့ အနီးဆုံးမှာ ရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ရစ်ပါတယ်။ သူ့ဘာသာ သူ ကြိုက်သလို ရစ် ကိုယ်တွေကတော့ မဆိုင်သလိုပဲ လျစ်လျှူရှု ဘေးမဲ့ ပေးလိုက်တယ်။ သူက မူးနေတဲ့သူဆိုတော့ သည်းခံလိုက်တာပဲ ကောင်းပါတယ်။ ချစ်ချစ်ကတော့ ရှူးရှူးရှဲရှဲပေါ့။ ရှေ့ဘူတာ ရောက်တော့ သူ့ဘာသာ ယိုင်တိုင်တိုင်နဲ့ ဆင်းသွားတယ်။ အသက်တာကြီးတာ အချိန်က လေလို ပေါ့နေသေးတဲ့ လူတယောက်ပေါ့။ လူ့လောကအတွက် တနေရာရာမှာတော့ အသုံးကျ ကောင်းပါရဲ့လေ။

အဲဒီလိုပဲ မူစတာဖာက ပြန်လာတော့ အိမ်ကို ဘတ်စ်ကား စီးပြီး ပြန်ဖို့ Bus Interchange မှာ တန်းစီ စောင့်ရပါတယ်။ ကျွန်တော့်ရှေ့တည့်တည့်မှာ အရွယ်လတ်လတ် ကုလားမက တန်းစီနေတဲ့ ဘားတန်းအပြင်က ဆွေမျိုးတွေကို နှုတ်ဆက်လို့ မပြီးပဲ ရှေ့ကနေ တစ်နေတယ်။ နောက်မှာ တန်းစီတဲ့ လူတန်းက သူ့ကို စောင့်နေရတယ်။ သူ နှုတ်ဆက်လို့ ဝသွားတော့ ရှေ့ကို ဆက်ရွေ့သွားတယ်။ ကိုယ်တွေလည်း ဆက်ရွှေ့ပေါ့။ ကားစောင့်နေရင်း သူ့ iPhone နဲ့ Facebook ဝင်နေတယ်။ ကားလာတော့ သူ့ရှေ့က လူတန်းက ရွှေ့သွားပြီ။ သူကတော့ Facebook ညှောင့်ရင်း လိပ်သွားနှုန်းနဲ့ ရှေ့ကို မကြည့်ပဲ တဖြေးဖြေး ရွှေ့ရှာတယ်။

အချိုးမပြေပုံက ဒါနဲ့ မပြီးသေးဘူး။ ကားတံခါးဝကို ရောက်တော့မှ ဖုန်းကို ကပျာကယာ သိမ်းပြီး သူ့လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ပြူးပြဲ ရှာပါတယ်။ ဆပ်ပြာသည် လင်ပျောက်သလို ပြာယာခတ် ရှာပြီးတဲ့နောက် ပြီးသွားပြီလို့ ထင်ပါသလား။ မပြီးသေးပါ။ ပိုက်ဆံအိတ်ထဲက အကြွေစေ့တွေကို ထပ်ပြီး ရှာပါတယ်။ ဒါလေးများဗျာ... အဲဒီ ကုလားမကို မစောင့်ပဲ ဘေးနားက ကျော်တက်သွားပေါ့လို့ စေတနာနဲ့ အကြံပေးချင်တဲ့သူကို ပြောပြချင်တာက... သူ့ခန္ဓာကိုယ်က ကျွဲတကောင်လောက် ရှိလေတော့ လက်မှတ်ဖြတ်တဲ့နားမှာ သူ့ဖင် သူရင်နဲ့တင် လမ်းက ပျောက်သွားပါပြီ။ နောက်လူတွေလည်း ဗေလုဝလို ပိန်နေရင်တောင်မှ ကျော်တက်လို့ မရပါ။ အဖြေကတော့ ပွဲပြီးတဲ့အထိ စောင့်ပေါ့။ တဖက်သားကို နားလည်မှု လုံးဝ မရှိတဲ့ အချိုးမပြေတဲ့ ကျွဲပါးစောင်းတီး ကုလားမလို့ပဲ ပြောပစ်ချင်တယ်။

အသွားခရီးမှာ ကြုံတာက တရုတ်ရှုပ် အပြန်ခရီးမှာ ဆုံတာက ချီးထုပ်ကုလားမ။ အဲဒီတော့ အဲဒီခရီးက တရုတ်ရှုပ်နဲ့ ချီးထုပ်ကုလားမ ခရီးလို့ပဲ ပြောရမယ့်ကိန်းပဲ။ အဲဒီနေ့ကတော့ အတော်လေးကို စိတ်အချဉ်ပေါက် စိတ်တိုမိတာတော့ အမှန်ပါပဲဗျာ။

Sunday, May 1, 2011

A smile speaks them all



So many languages in the world, and a smile speaks them all.

အပြုံး...

ပကာသန မပါတဲ့ အပြုံး
အမုန်းတရား မပါတဲ့ အပြုံး
တည်ငြိမ်တဲ့ အပြုံး
ရင့်ကျက်တဲ့ အပြုံး
စစ်မှန်တဲ့ အပြုံး
ဖြူစင်တဲ့ အပြုံး
ချစ်ခင်တဲ့ အပြုံး
စေတနာအပြည့်နဲ့ အပြုံး။