.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, March 29, 2017

Pls share and like this post

ကိုယ်တွေ Blog မှာ စာတွေ ရေးတယ်ဆိုတာ အမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စကားပြောသလိုပါပဲ။ ကိုယ့်အမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ နေ့စဉ်လိုလို ထိတွေ့ပြောဆိုဖို့ဆိုတာ... မဖြစ်နိုင်တဲ့ အခြေအနေမှာ ကိုယ်ပြောပြချင်တဲ့ဟာတွေကို စာရေးပြီး ပြောတဲ့ သဘောပါပဲ။ ကိုယ်ရေးထားတဲ့စာကို ဖတ်မိတဲ့သူတွေ ရှိရင်... သူတို့ကို ကိုယ်ပြောပြီးသလိုပဲပေါ့။
 
အခုလည်း ပြောပြစရာလေးတွေ ရှိပါတယ်။ ချစ်ချစ်ကတော့ ပြောမနေပါနဲ့။ သူတို့ စိတ်ချမ်းသာသလို နေပါစေလို့ ပြောပါသေးတယ်။ ဒါပေမယ့် မပြောပဲထားရင် မသိပဲ ဆက်လုပ်နေကြမှာပဲ။ ဆက်လုပ်နေတော့ရော ဘာအကျိုးယုတ်စရာ ရှိလဲ ဆိုရင် အထွေအထူး အကျိုးယုတ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် မသိခြင်းမှာ တဝဲလည်လည် မဖြစ်စေချင်လို့ ပြောပြသင့်တာကို ပြောပါမယ်။
 
Facebook တခွင်မှာ အထူးခေတ်စားတာကတော့ မဲဖောက်ပေးမယ် ဆိုတဲ့ page တွေပါပဲ။ တကယ်တော့ ၉၉% သော page တွေဟာ အတုတွေပါ။ တကယ်မဲဖောက်ပေးဖို့ မပြောနဲ့... သူတို့တောင် အဲဒီ page တွေကို ရောင်းစားနေရတဲ့ ဘဝပါ။
 
အတုအစစ် ခွဲဖို့က လွယ်ပါတယ်။ အဲဒီ page ထဲ ဝင်ကြည့်လို့ page နာမည်ဘေးမှာ အပြာရောင် အမှန်ခြစ်လေးပါရင် အစစ်ပါ။ မပါရင် အတုဖြစ်ဖို့ များပါတယ်။ 
 
အတုအစစ် မခွဲတတ်ရင် အလွယ်နည်း ပြောပြပါမယ်။ အခု post နဲ့ page ကို Like ပါ။ ပြီးရင် post မှာ Comment ပေးပါ။ အဲဒီ post ကို Share ပါ ဆိုတာတွေ ပါလာရင်တော့ အတုလို့သာ မှတ်လိုက်ပါတော့။ မယုံမရှိနဲ့ တကယ်ပြောနေတာ။
 
ဘာဖြစ်လို့ အဲဒီလို ပြောရသလဲဆို... သူတို့ဟာ တကယ်မဲဖောက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ သူတို့ ဖွင့်ထားတဲ့ page ကို လူသိများအောင် like များများရအောင် လုပ်နေတာပဲ။ သူတို့ လိုအပ်တဲ့ like အရေအတွက်တခုကို ရောက်တဲ့အခါ အဲဒီ page ကို လိုချင်တဲ့သူဆီ ရောင်းစားပါမယ်။
 
ဘယ်သူတွေက အဲဒီလို page တွေကို ပြန်ဝယ်သလဲ... စီးပွါးရေးလုပ်ငန်းတွေက ဝယ်ပါတယ်။ ဥပမာ... လဝန်းနီအထည်ချုပ်လုပ်ငန်းက သူ့အထည်တွေကို ကြော်ငြာချင်တယ်။ ဒီအတိုင်း သူ page ဖွင့်လိုက်ရင် အလွန်ဆုံးရ like က ၁၀၀၊ ၂၀၀ ပေါ့။ သူ့အသိုင်းအဝိုင်း သူငယ်ချင်းတွေက တက်ညီလက်ညီ ဆက်ဖွပေးရင်တောင် like ၅၀၀ ရဖို့ အချိန်အများကြီး ယူရပါတယ်။ လူတွေကို စိတ်ဝင်စားအောင် မလုပ်နိုင်ရင် like ရဖို့ မလွယ်ပါဘူး။
 
ကောလဟာလတွေ သတင်းအတုတွေ အမုန်းတရားတွေ ဖြန့်မယ် အဖွဲ့အစည်းတွေကလည်း ဝယ်တတ်ပါတယ်။ လူသိများပြီးသား page ကနေ ခပ်တည်တည်နဲ့ ပထမပိုင်းမှာ စိတ်ဝင်စားစရာ သတင်းတွေ တင်ပါတယ်။ ဒီလိုနဲ့ အချိန်တခုမှာ ဝါဒဖြန့်သတင်းတွေ လှုံ့ဆော်တဲ့သတင်းတွေ ဖြန့်လိုက်တဲ့အခါ... လူတွေက အဲဒါကို အလွယ်တကူကို ယုံကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော လူတွေအများကြီး like ထားတဲ့ page ဟာ သတင်းအမှန်တွေကို တောက်လျှောက်တင်နေတာပဲ။ ဒါကြောင့် အခုသတင်းဟာလည်း မှန်နိုင်တယ်ဆိုပြီး လွယ်လွယ်နဲ့ ကောက်ချက်ချတတ်လို့ပါပဲ။
 
ဖုန်းကဒ် မဲဖောက်ပေးမယ်... ဖုန်းဟန်းဆက် မဲဖောက်ပေးမယ် ဆိုပြီး လူတွေရဲ့ လောဘစိတ်နဲ့ ဆွယ်တဲ့ page တွေကျတော့ like တွေ အများကြီးရတယ်။ ကံစမ်းမဲရဲ့ စည်းကမ်းထဲမှာကိုက အဲဒီပို့စ်ကို Share ပါလို့ ပြောထားတဲ့အတွက် လူတွေက share ကြပါတယ်။ အဲဒီလို Share လေ လူတွေ ပိုပြီး မြင်လေလေ... လောဘသားကောင်တွေက ထပ်ပြီး Share လေလေနဲ့ အဲဒီ page ဟာ ၂ ရက် ၃ ရက်အတွင်း like ပေါင်း သိန်းချီ ရပါတယ်။
 
ကြိုက်ပြီလေ... like တွေ အများကြီး ရထားပြီးသား Page ကို ခဏလောက် ပြန်ဖွက်ထားပြီး ဝယ်လိုက်တဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ နာမည်တွေ ပြောင်းပါပြီ။ Page အသစ်ပုံစံလေး ဖြစ်အောင် အရင်က တင်ထားတဲ့ post တွေကို ဖျက်ပစ်ပါတယ်။ အဲဒီလို အရင်တင်ထားတဲ့ post တွေကို ဖျက်ပစ်လိုက်တဲ့အခါ Share ထားတဲ့လူဆီမှာလည်း ပျက်သွားပါတယ်။
 
အို ဘာဖြစ်ဖြစ်... ငါတို့က ဒါလေး လုပ်ရတာ ဘာမှ ဆုံးရှုံးတာမှ မဟုတ်တာ။ တကယ် မဲဖောက်ပေးတဲ့ဟာနဲ့ တိုးရင် ရချင်ရင် ရမှာပေါ့လို့ တွေးကောင်း တွေးနိုင်ပါတယ်။ အဲဒါဆိုရင်တော့ ဆုတောင်းလေလို့ပဲ ပြောချင်ပါတယ်။ ဟဲဟဲ...

Sunday, March 26, 2017

Don't be blinded

အခုတလော ပိတ်ရက်တွေမှာ ပြတဲ့ ကုလားကားတွေက တိရစ္ဆာန်ဇာတ်ကောင်တွေ ပါတဲ့ ကားတွေပါ။ ကြက်၊ မြင်း၊ ခွေး စတဲ့ တိရစ္ဆာန်တွေ တကားစီမှာ ပါကြတယ်။ ရှေ့အပတ်တုန်းက မြင်းပါတဲ့ ကုလားကား ပြသွားတယ်။ အဲဒီကားအကြောင်း နည်းနည်းလောက် ပြောချင်တယ်။

ရွာတရွာမှာ နတ်ကွန်းကြီး ရှိတယ်။ အဲဒီနတ်ကွန်းမှာ နတ်ဆရာလိုလို ဆာဒူးလိုလို ကုလားကြီးလည်း ရှိတယ်။ နတ်ကွန်းမှာ နတ်ကန္နားလို ပွဲတွေလည်း လုပ်ကြတဲ့အခါမှာ လာရောက် ပူဇော်ပသသူတွေကို နတ်ဆရာက ဆုတောင်းပေးတယ်။ လာလှူတဲ့ပစ္စည်းတွေကိုတော့ သူက ယူပစ်တာပေါ့။

ဒီလိုနဲ့ပဲ အဲဒီရွာတော်ရှင်နတ်ရဲ့ ပွဲတော်ကြီး ကျင်းပဖို့ အချိန်ရောက်လာပြန်တယ်။ အနီးအနားတဝိုက် ရွာတွေကလည်း အဲဒီနတ်ပွဲကြီးကို ဝင်ရောက်ဆင်နွှဲလေ့ ရှိကြတယ်။ ဖြစ်ချင်တော့ နတ်နန်းက စီးတော်မြင်းရုပ်တုကြီး ပျောက်ချင်းမလှ ပျောက်သွားတယ်။ ထုံးစံအတိုင်း ရဲတိုင်ပေမယ့် ရဲကလည်း ဘာမှ မလုပ်ပေးဘူး။ နတ်ပွဲမှာ နတ်ရုပ်ကို အဲဒီမြင်းရုပ်ပေါ် တင်ပြီး လှည့်ရတာ ဆိုတော့ မြင်းရုပ်မရှိရင် အဆင်မပြေဘူး။ နတ်စိတ်ဆိုးမှာကို ကြောက်ကြတယ်။

နတ်ရုပ်ပျောက်တဲ့ကိစ္စကြောင့် ရွာက လူကြီးတွေက လက်ရှိနတ်ဆရာကို အမြင်မကြည်ဘူး။ အဲဒါနဲ့ တခြားဒေသက နတ်ဆရာအသစ် ရှာပြီး နတ်ကွန်းရဲ့ မြင်းပျောက်တဲ့အမှုကို နတ်မေးပေးဖို့ တာဝန်ပေးလိုက်တယ်။ အဲဒီနတ်ဆရာအသစ်က ဖြီးလုံးဖိန့်လုံးတွေ မျက်လှည့်ပညာတွေ သုံးပြီး သူ့ကို လူတွေ ယုံအောင် လုပ်တာပေါ့။ နတ်ကွန်းမှာ အလှူငွေ ပိုက်ဆံ များများပေးရင် ကောင်းကောင်း ဆုတောင်းပေးတယ်။ လက်ကြီးဗလာ လာရင်တော့ မောင်းထုတ်ပစ်တယ်။

ဖြစ်ချင်တော့ ရွာကို လူလိမ်ဂျပိုးတကောင် ရောက်လာပြန်တယ်။ အဲဒီလူလိမ်က နတ်ဆရာ ကောင်းစားနေတာကို သဘောပေါက်တော့ သူတို့ အကျိုးတူ ပူးပေါင်းကြတယ်။ သူတို့အဲဒီအချိန်ထိ မြင်းရုပ်ကို ရှာမတွေ့သေးဘူး။ ဒါနဲ့ပဲ နတ်ပူးသလိုလို ဓါတ်ပူးသလိုလိုနဲ့ မြင်းရုပ်ရှိနေမယ့်အရပ်ကို ညွှန်ပြလိုက်တယ်။ အဲဒီအရပ်ဘက်ကို ရွာက လူတွေ တောနင်းပြီး ရှာတဲ့အခါ... မြင်းဖြူလေးတကောင် တွေ့တယ်။ အဲဒီဟာကို နတ်ဆရာက နတ်မြင်းကိုယ်ထင်ပြတယ် ဘာညာ လုပ်ပြီး ရွာက နတ်ကွန်းရဲ့ စီးတော်မြင်းအဖြစ် လုပ်ဖို့ မြင်းဖြူလေးကို ဖမ်းခေါ်သွားပြီး နတ်ကွန်းရှေ့က ကျောက်တိုင်တွေမှာ ချည်ထားလိုက်တယ်။ ရွာက လူတွေကလည်း သူတို့ရွာတော်ရှင်ရဲ့ စီးတော်မြင်းကြီး အသက်ဝင်လာတယ် ဆိုပြီး အံ့သြကြတာပေါ့။

တရက်မှာ ပုပုကွကွ လူတယောက် ရွာထဲရောက်လာပြီး အဲဒီမြင်းဖြူလေးကို ကြိုးတွေဖြည်ပြီး ယူသွားဖို့ လုပ်တာကို ရွာက လူတွေက တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း ရွာလူမိုက်တွေက သူ့ကို ဆွမ်းကြီးလောင်းကြတာပေါ့။ အဲဒီပုပုကွကွလူက တကယ်တော့ မြင်းပိုင်ရှင်ပါ။ သူ့မြင်းကို တောထဲက စားကျက်မှာ လွှတ်ထားတုန်း ပျောက်သွားလို့ တရွာဝင် တရွာထွက် လိုက်ရှာရင်း အခုရွာရဲ့ နတ်ကွန်းရှေ့မှာ တွေ့တာပါ။ သူဟာ မြင်းပိုင်ရှင်ပါလို့ ဘယ်လိုပဲ ပြောပြော... ရွာက လူတွေက လက်မခံဘူး။ မြင်းဖြူဟာ သူတို့ရွာတော်ရှင်ရဲ့ နတ်မြင်းလို့ပဲ ယုံကြတယ်။ ဒီလိုနဲ့ပဲ မြင်းပိုင်ရှင်ဟာ ရွာက ပေးတဲ့ ဒုက္ခပေါင်းစုံကို ခံစားလိုက်ရတယ်။ နိုင်ငံရေးသမား အမတ်တွေကလည်း ရွာတွေကနေ မဲရဖို့အတွက် ကြားထဲမှာ ဂလောက်ဆန်ကြသေးတယ်။ အဲဒါပြောရင်တော့ ကုလားကား ပေပိုရှည်ပါမယ်။

လိုတိုရှင်း ပြောရမယ် ဆိုရင်တော့ ... တနေ့မှာ ရွာက လူငယ်ပိုင်းတွေဟာ အဖြစ်မှန်ကို သဘောပေါက်သွားကြတယ်။ မြင်းရုပ်ကိုလည်း ရှာတွေ့သွားတယ်။ မြင်းရုပ်ကို ဖွတ်ထားတဲ့သူက အရင်က နတ်ဆရာပါ။ မြင်းရုပ် ပျောက်သွားရင် မြင်းရုပ်အသစ်လုပ်ဖို့ အလှူငွေများ ရမလား ဆိုပြီး မြင်းရုပ်ကို ဖျောက်ထားတာပါ။ မြင်းရုပ်ကို ပြန်တွေ့တော့ နတ်မြင်းကြီး အသက်ရှင်လာတယ် ဆိုတဲ့ဟာလည်း မဟုတ်မှန်း ရွာကလူတွေ သိကုန်ကြတယ်။ အဲဒီတော့ မြင်းဖြူလေးရဲ့ ပိုင်ရှင်ကို မြင်းပြန်ပေးလိုက်တယ်။ နတ်ရုပ်ကြီးကို မြင်းရုပ်ကြီးပေါ် တင်ပြီး ရွာတော်ရှင် နတ်ပွဲကြီးကိုလည်း ချိမ့်ချိမ့်သဲ ကျင်းပကြပါတော့တယ်။

အဲဒီဇာတ်ကားမှာ ဘာတွေကို သိရှိနားလည်ခံစားရသလဲ ဆိုရင်...
၁။ ရွာနတ်က သူ့ဘာသာ သူ နေတာပါ... တကယ်ရှုပ်နေတာက နတ်ဆရာပါ။ နတ်ကိုင်မယ် ဘာညာ ပြောပေမယ့် နတ်က တခါမှ လာမကိုင်ဘူး။ နတ်ဆရာပဲ ဟိုကိုင် ဒီကိုင် လုပ်ပါတယ်။
၂။ နတ်ဆရာ ဘာကြောင့် ရှုပ်သလိုဆိုရင် သူ့ကိုယ်ကျိုးစီးပွါးအတွက် ရှုပ်တာပါ။ ဒါပေမယ့် နတ်ကို အကြောင်းပြုပြီး လူက ရှုပ်ပါတယ်။
၃။ အဲဒီလို ကိုယ်ကျိုးစီးပွါးအတွက် ဘာသာရေးဆိုင်ရာ ကိုးကွယ် ယုံကြည်မှုကို အသုံးချသူတွေရဲ့ ဘေးမှာ လူလိမ်ဂျပိုးတွေက ဝန်းရံကူညီတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စားပေါက်ချောင်လို့ပါ။ ဘာသာရေး အရေခြုံထားတော့လည်း အကာအကွယ် ကောင်းလို့ပါ။
၎။ လူတွေဟာ အယူဝါဒပိုင်းဆိုင်ရာ လွှမ်းမိုးခံရနေရင် အသိအမြင် စုံလုံးကန်းပြီး တကယ့် မြင်းပိုင်ရှင်အစစ်ကိုလည်း ဝိုင်းဗျင်းကြပါတယ်။ နတ်ဆရာ ပြောသမျှဟာ ယုတ္တိမတန်လည်း သူတို့အတွက်တော့ နတ်ကိုယ်တိုင် လာဟောသလို ဖြစ်ကုန်ကြပါတယ်။
၅။ မြင်းပိုင်ရှင်အစစ်ဟာ ကိုယ်မှန်နေပေမယ့်လည်း စုံလုံကန်းနေပြီး မိုးခါးရေသောက်တဲ့ လူတွေကြားထဲကို ရောက်သွားတဲ့အခါမှာ သူ့အတွက် အမှန်တရားက အဖြေချက်ချင်း မထွက်ပါ။ အမှန်တရား ထွက်လာဖို့ အချိန်ယူနေတဲ့အချိန်မှာ မှန်တဲ့သူတွေကတော့ အရင်ခံနေရပါပြီ။

ပြောချင်တာကတော့ ဒါပါပဲကွယ်။ ဆက်လက်ပြီး ဆင့်ပွါးဆင်ခြင် တွေးတောနိုင်ကြပါစေ။

ဘုရားဟောဖြစ်တဲ့ ကာလမသုတ်ကို နှလုံးသွင်း ဆင်ခြင်တာ အကောင်းဆုံးပဲလို့ မြင်မိပါတယ်။

Sunday, March 5, 2017

Religious Harmony

မနေ့ညက FB ထဲက အစ်မတယောက် Share ထားလို့ ဆရာမတယောက် ဖြစ်မယ်လို့ ယူဆရတဲ့သူ ရေးထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။ စတုတ္ထတန်း ပြည်သူ့နီတိထဲက ဘာသာတရားများ မိတ်ဆက် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ရေး လုပ်ထားတာပါ။

ကမ္ဘာပေါ်မှာ ဘာသာတရားယူဆချက်တွေ အများကြီး ကွဲပြားခြားနားစွာ ရှိပါတယ်။ အဲဒီထဲမှာမှ လူအများစု ကိုးကွယ်ယုံကြည်တဲ့ အဓိက ဘာသာကြီး ၄ ခု ရှိပါတယ်။ ခရစ်ယာန်၊ အစ်စလမ်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတို့ပါပဲ။ အဲဒီ ၄ ခုထဲမှာ တကယ်တော့ ဗုဒ္ဓဘာသာက ကိုးကွယ်ယုံကြည်သူ အနည်းဆုံးပါပဲ။
ကိုယ်တွေရဲ့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာကို အဓိကထား ကိုးကွယ်လို့ တိုင်းပြည်ထဲက အများစုဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထိတွေ့မှု အများကြီး ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့သူတွေဟာ ဗုဒ္ဓဘာသာရဲ့ တရားသဘောတွေကို အနုစိတ် အသေးစိတ် မသိရင်တောင် အပေါ်ယံလောက် နားလည်ကြပါတယ်။ 

ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာတွေနဲ့ ပတ်သက်ပြီး ထိတွေ့မှု သိပ်မရှိကြပါဘူး။ အဲဒီတခြားဘာသာတွေ အကြောင်းကို နားလည် သဘောပေါက်မှု မရှိကြပါဘူး။ အဲဒီအခါမှာ တချို့ကိစ္စတွေမှာ မသိခြင်းကို အခြေခံထားတဲ့ အထင်လွဲမှုတွေ အမြင်မှားမှုတွေ ရှိလာပြီး စိတ်အစာမကြေမှုတွေ ဖြစ်လာရပါတယ်။ စိတ်အစာမကြေမှုတွေ တဖြည်းဖြည်း စုပုံလာတဲ့အခါမှာ မလိုမုန်းတီးမှုတွေ ပေါက်ကွဲမှုတွေ ဆင့်ပွါး ဖြစ်လာရပြန်တယ်။

အဲဒီလို မလိုလားအပ်တဲ့ အကြောင်းတရားတွေ မဖြစ်လာရအောင် ကလေးဘဝကတည်းက မြန်မာပြည်မှာ အဓိက တည်ရှိနေတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး မိတ်ဆက်တာတွေ လုပ်ဖို့အတွက် ၂၀၁၅ ထုတ် ပြည်သူ့နီတိစာအုပ်ထဲမှာ ဘာသာတရားများ မိတ်ဆက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းဖော်ပြတာကို တွေ့ရပါတယ်။ အဲဒီစာအုပ်က ပညာရေးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ စာအုပ်တော့ မဟုတ်ပါဘူး။ NGO တခုက ထုတ်ထားတဲ့စာအုပ်ပါ။

အဲဒီလို မိတ်ဆက်တာဟာ မသိတာကို သိရအောင် လုပ်ပေးတာပါ။ ဘာသာတိုင်းရဲ့ အနှစ်သာရမှာ ကောင်းတဲ့အချက်တွေ ရှိတယ်။ အဲဒါတွေကို တိုင်းသူပြည်သားအားလုံး သိရှိပြီး အချင်းချင်း အပြန်အလှန် ယုံကြည် လေးစားမှုရှိအောင် လုပ်ပေးနေတာပါ။ ဘာသာရေး ဆွယ်တရား ဟောနေတာ မဟုတ်ပါဘူး။ ဘယ်ဘာသာက ပိုကောင်းတယ်လို့လည်း ထောက်ပြနေတာ မဟုတ်ပါဘူး။

အဲဒီလိုစာတွေ ပြည်သူ့နီတိမှာ ပါတာ ကလေးတွေအတွက် အဆိပ်အတောက် မဟုတ်ပါဘူး။ အဲဒီ အဆိပ်အတောက် မဟုတ်တဲ့စာကို အဆိပ်အတောက် ဖြစ်အောင် သင်ကြားပို့ချတာမျိုး ဆရာ ဆရာမတွေ မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။ ဆရာ ဆရာမတွေအနေနဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီး အမြင်ရှင်းဖို့ လိုပါတယ်။ ပညာဝမ်းစာပြည့်ဖို့ လိုပါတယ်။ ဗဟုသုတ အမြင်စုံဖို့ လိုပါတယ်။ အမုန်းတရားတွေ မပြန့်ပွါးအောင် သတိထား ဆင်ခြင်နိုင်ပါစေ လို့ ဆန္ဒပြုပါတယ်။

တပည့်မရှား တပြားမရှိတဲ့ ကျွန်တော့်ရဲ့ တောကျောင်းလေးက ဆရာ ဆရာမများကို ဦးထိပ်ထား လေးစားလျှက်...