.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, July 30, 2019

Something about the protection of UNESCO

UNESCO က အသိအမှတ်ပြုတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အမွေအနှစ်က ၂ မျိုး ရှိပါတယ်။ Memory of the World ကမ္ဘာ့မှတ်တမ်း အမွေအနှစ် နဲ့ World Heritage Sites ကမ္ဘာ့အမွေအနှစ်ပါ။ ၂ ခုစလုံးမှာ အမွေအနှစ်ဆိုတဲ့ စာသားပါနေတော့ အတူတူလို့ပဲ ထင်နေကြတာ။

တကယ်တော့ အဲဒီ ၂ ခုက မတူပါဘူး။ အသိအမှတ်ပြုတာနဲ့ ပတ်သက်ပြီး စိုက်ထူထားတဲ့ UNESCO ဆိုင်းဘုတ်တွေမှာ သတိထားကြည့်မိရင် Logo အမှတ်တံဆိပ်တွေလည်း မတူပါဘူး။ Memory of the World တံဆိပ်က လိမ္မော်ရောင် အဝိုင်းကွင်းလေးတွေ ထပ်ထားတဲ့ ပုံစံမျိုးပါ။ World Heritage Sites ရဲ့ တံဆိပ်က အဝိုင်းတခုထဲမှာ စနွင်းမကင်းတုံးလေး ပါတဲ့ ပုံစံမျိုးလေးပါ။

Memory of the World အဖြစ် မြန်မာနိုင်ငံထဲမှာ အသိအမှတ်ပြုထားတာက မြစေတီကျောက်စာ (၂၀၁၅)၊ ဘုရင့်နောင် မင်းတရားကြီးရဲ့ ခေါင်းလောင်းစာ (၂၀၁၇) နဲ့ ကုသိုလ်တော်ဘုရားက ကျောက်စာချပ်(၂၀၁၃) တွေပါ။ အလောင်းဘုရားက နေမဝင်အင်ပါယာကြီးက ဂျော့ဘုရင် ၂ ကို ပေးပို့ထားတဲ့ ရွှေပေလွှာ (၂၀၁၅) ကိုလည်း အသိအမှတ် ပြုထားတယ်။ ဒါပေမယ့် အဲဒီ ရွှေပေလွှာက မြန်မာပြည်မှာ မရှိတဲ့ဟာ ဖြစ်နေလို့ မြန်မာနဲ့ ဆိုင်ခဲ့ပေမယ့် မပိုင်တော့တဲ့ အရာပါပဲ။

မြန်မာနိုင်ငံထဲမှာ World Heritage Sites အဖြစ် အသိအမှတ်ပြု ခံထားရတာ ၂ ခုပဲ ရှိပါတယ်။ ပထမတခုက ၂၀၁၄ မှာ အသိအမှတ်ပြုခံရတဲ့ ပျူရှေးဟောင်းမြို့များပါ။ ရှေးဟောင်းမြို့များလို့ ရေးထားတာကို သတိပြုမိရင် မြို့တခုမကဘူး ဆိုတာ သိရပါမယ်။ ဘိန္နက၊ မိုင်းမော၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းတွေ အကုန် ပါပါတယ်။ နောက်တခုကတော့ ၂၀၁၉ မှာ အသိအမှတ်ပြုခံရတဲ့ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပါ။

World Heritage Sites ကို သတ်မှတ်တဲ့နေရာမှာ Cultural ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ အမွေအနှစ်လား၊ Natural သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ အမွေအနှစ်လား ဆိုပြီး ခွဲထားပါသေးတယ်။ မြန်မာပြည်ထဲမှာ လက်ရှိ အသိအမှတ်ပြုခံထားရတဲ့ ၂ ခုစလုံးက Cultural ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ အမွေအနှစ်ပါ။

ရခိုင်ပြည်ထဲက မြောက်ဦးနဲ့ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကြီးကို World Heritage Sites အဖြစ် အသိအမှတ်ပြုဖို့အတွက် စာရင်းသွင်းဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၇ ကတည်းက ကြိုးစားနေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ အမွေအနှစ်အဖြစ် စာရင်းသွင်းဖို့ ရှိတာတွေက ရှမ်းပြည်တောင်ပိုင်းက ပြဒါးလင်းဂူ၊ ဧရာဝတီမြစ်၊ အင်းတော်ကြီးအိုင်၊ အင်းလေးအိုင်၊ ချင်းပြည်နယ်က နတ်မတောင်၊ မြိတ်ကျွန်းစု၊ ဟူးကောင်းတောင်ကြားနဲ့ တနင်္သာရီက သစ်တောကြီးတို့ပါပဲ။ ကြိုးစားမှုတွေဟာ အရာထင်လာ မလား မဖြစ်လာနိုင်သေးဘူးလား ဆိုတာကတော့ အချိန်က စကားပြောပါမယ်။ UNESCO အသိအမှတ်ပြုခံရဖို့ ဆိုတာ လွယ်တော့ မလွယ်ပါဘူး။

အရှေ့တောင်အာရှမှာ UNESCO ရဲ့ World Heritage Sites အဖြစ် အသိအမှတ်ပြုခံထားရတဲ့ စာရင်းဝင် နေရာအများဆုံး တိုင်းပြည်တွေကတော့ အင်ဒိုနီးရှား (၉ ခု) ပါ။ ကျန်တဲ့နိုင်ငံတွေကတော့ ဗီယက်နမ် (၈ ခု)၊ ဖီလစ်ပိုင် (၆ ခု)၊ ထိုင်း (၅ ခု)၊ မလေးရှား (၄ ခု)၊ ကမ်ဘောဒီယား (၃ ခု)၊ လာအို (၃ ခု)၊ မြန်မာ (၂ ခု) နဲ့ စင်္ကာပူ (၁ ခု) ရှိပါတယ်။ ဘရူနိုင်းကတော့ တခုမှ မရှိသေးပါဘူး။

ဘာရယ် မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ အချက်အလက်တွေ သူများတွေလည်း သိရအောင် ချရေးလိုက်တာပါ။ ဒါကို ဖတ်မိတဲ့အခါ အနည်းဆုံးတော့ သူများတကာရဲ့ အလိမ်မခံရဘူး အညာမခံရဘူးပေါ့လေ။

Thursday, June 27, 2019

What happens when Robots take Human Jobs?

နောက် ၁၀ နှစ်ကျော် (၂၀၃၀) မှာ စက်ရုပ်တွေဟာ ကုန်ထုတ်စက်ရုံတွေမှာ လူသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း သန်း ၂၀ ကို လွှဲပြောင်းယူသွားတော့မယ်လို့ သတင်းမှာ ပြသွားတယ်။ ဆိုလိုတာက လူတွေ အလုပ်အကိုင် အခွင့်အလမ်း နည်းသွားမယ်။ လူသားတွေ လုပ်နေတဲ့ အလုပ်နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးတဲ့ သဘောပါပဲ။ စက်ရုပ် ၁ ရုပ်ဟာ လူသား ၂.၂ ယောက်ရဲ့ ကုန်ထုတ်အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိတယ်။ အဲဒီတော့ စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ အစားထိုးလာမှာဟာ မထူးဆန်းတဲ့ ကိစ္စတခုပါပဲ။

ကိုယ်တွေရဲ့ အလုပ်ထဲမှာလည်း နေ့စဉ်ပုံမှန်လုပ်ရတဲ့ အလုပ်တွေနေရာမှာ စက်ရုပ်တွေ အစားထိုးလာပြီ။ ဒါပြီးရင် ဒါလုပ် ဆိုတဲ့ ပုံမှန်သွားနေရတဲ့ အလုပ်မျိုးတွေမှာ စက်ရုပ်တွေ ပြောင်းသုံးလာပြီ။ စင်္ကာပူမှာက အစိုးရရဲ့ ကန့်သတ်ချက်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အများကြီး ခန့်ထားလို့ မရဘူး။ နိုင်ငံခြားသား အလုပ်ကြမ်းသမားကို ခန့်မယ်ဆိုရင် အစိုးရကို အခွန်အခ အများကြီး ပေးပြီးမှ ခန့်လို့ရတယ်။ စင်္ကာပူနိုင်ငံသားတွေကလည်း အလုပ်ကြမ်း ဆိုရင် မလုပ်ချင်ကြသလို... မလုပ်နိုင်ကြတာလည်း ရှိတယ်။ အဲဒီလို အခြေအနေမှာ အလုပ်သမား လိုအပ်ချက် များလာပြီး အလုပ်ရှင်တွေမှာ အခက်အခဲ ရှိလာပြီ။ အဲဒီတော့ စက်ရုံအလုပ်ရုံတွေမှာ စက်ရုပ်တွေကို အစားထိုးတာက ရေရှည်မှာ ပိုအဆင်ပြေလာတယ်။ စက်ရုပ်က နိုင်ငံသားလား နိုင်ငံခြားသားလား ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိသေးဘူး။

တလောကတင် ကိုယ့်ဌာနမှူး ဗီယက်နမ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်။ ကိုယ့်ကို လိုက်ခဲ့ဖို့ ခေါ်ပေမယ့် ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ် ရှိနေတော့ မလိုက်သွားဖြစ်ဘူး။ ဗီယက်နမ်ကို သူ သွားတာကလည်း လူအစားထိုး စက်ရုပ်နည်းစနစ်တခု အကောင်အထည် ဖော်ဖို့ပေါ့။ အဲဒီ နည်းစနစ်တခုကို လိုင်စင်နဲ့ ဝယ်သုံးရင် ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၅ ထောင်လောက် ပေးရမယ်။ ဒါပေမယ့် အဲဒီစနစ်ကြောင့် ရုံးမှာ လူ ၅ ယောက်စာ သက်သာမယ်။ ဗီယက်နမ်မှာ ရုံးဝန်ထမ်း ၁ ယောက်ကို အမေရိကန် ဒေါ်လာ ၁ ထောင် လစာ ပေးရတယ် ဆိုရင် ၅ ယောက်စာက ဒေါ်လာ ၅ ထောင်။ ၁ နှစ်စာ လိုင်စင်ဖိုးက ရုံးဝန်ထမ်း ၅ ယောက်ရဲ့ ၁ လစာ လုပ်အားခနဲ့ ညီနေမယ်။ ကျန်တဲ့ ၁၁ လစာက ကုမ္ပဏီအတွက် အသားတင် စုမိဆောင်းမိတာပဲ။

ကဲ.. စစချင်းတုန်းက ပြောခဲ့တဲ့ သတင်းကိစ္စ ပြန် ဆက်ရအောင်။ စက်ရုပ်တွေ အစားထိုး ဝင်ရောက်လာမှုမှာ အထိအနာဆုံး ဖြစ်မယ့် တိုင်းပြည်ကတော့ တရုတ်ပါပဲ။ တရုတ်မှာက စက်ရုံတွေ အများကြီး ရှိတယ်။ အလုပ်သမားတွေလည်း အများကြီး ရှိတယ်။ အဲဒီလိုပဲ လုပ်ခလစာတွေလည်း တဖြည်းဖြည်း များများလာပြီ။ အရင်က ဈေးပေါပေမယ့် တဖြည်းဖြည်း ဈေးကြီးလာပြီ။ လုပ်အားခတွေ ပေးရတာ များလာတဲ့အခါမှာ စက်ရုံတွေက တွက်ခြေမကိုက်တာ ဖြစ်လာနိုင်ပြီ။ အဲဒီအခါမှာ စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်လာမှာပဲ။ လေ့လာထားတဲ့ စစ်တမ်းအရ... ၂၀၃၀ ရောက်တဲ့အခါ တရုတ်ပြည်မှာ အလုပ်သမား ၁၁ သန်းကျော်ရဲ့ အလုပ်နေရာမှာ စက်ရုပ်တွေ အစားထိုး ဝင်ရောက်လာပါမယ်။

အဲဒီလိုဖြစ်လာတဲ့အခါမှာ အလုပ်အကိုင် ရှားပါးလာတဲ့ ၁၁ သန်းသော တရုတ်ပြည်ကြီးက အလုပ်သမားထုကြီးဟာ ထိုင်နေလို့တော့ ဘာမှ မဖြစ်ဘူးဆိုတာကို သိတဲ့အလျှောက် ပြည်တွင်းမှာ တခြားအလုပ်တွေ ပြောင်းလုပ်တာ ရှိနိုင်သလို နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေထဲကို ဖြန့်ကျက် ရောက်လာနိုင်ပါတယ်။ ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ စက်ကိရိယာတွေကို ကိုင်တွယ်တတ်တဲ့ ကျွမ်းကျင်အလုပ်သမားကို ကိုယ်တွေပြည်တွင်းက ဟိုယောင်ယောင် ဒီယောင်ယောင် ယောင်ခြောက်ဆယ် အလုပ်သမားတွေ ဘယ်လိုမှ ယှဉ်လို့ ရမှာ မဟုတ်တာ အသေအချာပါပဲ။ အဲဒီလို အခါမျိုးမှာ အလုပ်ရှင်တွေအနေနဲ့... ပေးရတဲ့ လုပ်ခလစာ အတူတူ ဒါမှမဟုတ် နည်းနည်းလေး ပိုပြီးပေးရတဲ့ တရုတ်အလုပ်သမားနဲ့ ယောင်ခြောက်ဆယ် ပြည်တွင်းအလုပ်သမား ဘယ်သူ့ကို ရွေးမယ် ထင်ပါသလဲ။

အဲဒီအရွေ့ဟာ အနည်းနဲ့အများဆိုသလို မြန်မာပြည်မှာ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ကိုယ်တွေ ပြည်တွင်းမှာ အခုလိုပဲ ဆက်ပြီး ယောင်ခြောက်ဆယ် လုပ်နေရင်တော့ ကိုယ်တွေပြည်တွင်းက စက်ရုံအလုပ်ရုံတွေမှာ စက်ရုပ်တွေအများကြီး ဝင်မလာသေးပေမယ့် တခြားနိုင်ငံက ကျွမ်းကျင်အလုပ်သမားတွေ အများကြီး ဝင်လာတဲ့အခါမှာ ပြည်တွင်းက အလုပ်သမားတွေ ထမင်းအိုးကွဲပါလိမ့်မယ် ဆိုတာလေး တွေးမိမြင်မိလို့ စေတနာထား တပ်လှန့်နှိုးဆော်လိုက်တာပါ။

စကားမစပ်... ကိုယ်လည်း တရုတ်ပါပဲ။ ဒါပေမယ့် BBC မြန်မာပြည်ပေါက် တရုတ်ပါ။

Thursday, June 6, 2019

Less work and ride bike

စင်္ကာပူနဲ့ မလေးရှားက အသစ်အတိုင်း ရှိနေသေးတဲ့ စက်ဘီးတွေကို သင့်တော်တဲ့ဈေးနဲ့ ပြန်ဝယ်ပြီး မြန်မာပြည် တောနယ်ဘက်က ချို့တဲ့နွမ်းပါးတဲ့ ကျောင်းသားကလေးငယ်တွေကို အလကား ပေးဝေမယ့် အစီအစဉ်ကို ဖတ်လိုက်ရတယ်။ အဲဒီ အစီအစဉ်ကို စတင် စီစဉ်နေကတည်းက အဲဒီသတင်းကို ဖတ်ဖူးခဲ့ပါတယ်။ တပ်ခေါက်သွားတဲ့ စက်ဘီးလုပ်ငန်းတွေရဲ့ ကျန်ရစ်နေတဲ့ စက်ဘီးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ပြီး မြန်မာပြည်ကို ဘယ်လိုသွင်းရမလဲ ဆိုတာ အဖြေရှာနေတဲ့အကြောင်းပေါ့။ သူငယ်ချင်း ၁ ယောက်ကလည်း အဲဒါမျိုးဆန်ဆန် မေးခွန်းတွေ မေးဖူးလို့ တဖွဲ့တည်းလို့တောင် ထင်ခဲ့မိဖူးတယ်။

မြန်မာပြည်မှာ စက်ဘီးဆိုတာ အတော်ကို အသုံးတည့်တဲ့ အရာပါ။ ကျေးလက်တောရွာနဲ့ မြို့နေ လူတန်းစားတွေအတွက် ဟိုနားဒီနား သွားဖို့တင်မက ဝေးဝေးလံလံနေရာတွေလည်း သွားလာလို့ ရတဲ့ ခြေမြန်တော်ပါပဲ။ ဓါတ်ဆီ ဒီဇယ် ထည့်ပေးဖို့လည်း မလိုတဲ့အတွက် ငွေကုန်ကြေးကျ နည်းစေတဲ့အပြင် စက်ဘီးနင်းရင်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့အတွက် ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း ကောင်းကျိုးပေးပြန်တယ်။

ကိုယ်တွေ ခြောက်တန်းကျောင်းသားဘ၀ကနေ စင်္ကာပူကို ထွက်မလာခင် အချိန်ထိ ရန်ကုန်မှာ ရှိနေတဲ့အချိန်မှာ စက်ဘီးကို အဓိက အားထားပြီး ဟိုနားဒီနား သွားဖြစ်တယ်။ ကားတွေလည်း သိပ်မရှုပ်သေးတဲ့အချိန် ဖြစ်တော့ စက်ဘီးစီးပြီး သွားလာရတာ စိတ်ပြေလက်ပျောက်လည်း ဖြစ်စေတယ်။ ဆိုင်ကယ် စီးခွင့်မရှိတဲ့ ရန်ကုန်မှာ အချိန်လည်း ရှိတယ် အချိန်လည်း ပေးနိုင်တယ် ရာသီဥတုကလည်း အဆင်ပြေတယ် ဆိုရင်... ဝေးဝေးလံလံကိုလည်း စက်ဘီးစီးပြီး သွားဖြစ်တယ်။

တက္ကသိုလ် တက်နေတဲ့အချိန်မှာ ကျူရှင် သွားရင်လည်း အိမ်ကနေ စက်ဘီးနင်းပြီး ထွက်သွားလိုက်တာပဲ။ တရုတ်စာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေကိုလည်း စက်ဘီးနင်းပြီး သွားတက်လိုက်တာပဲ။ သူငယ်ချင်းတွေနဲ့ ညပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်ရင်လည်း နေထိုင်ရာ မြို့နယ် မတူတဲ့ တနေရာစီက သူငယ်ချင်းတွေ စက်ဘီးကိုယ်စီနဲ့ ထွက်လာပြီး လက်ဖက်ရည်ဆိုင်မှာ ဆုံကြတယ်။ စက်ဘီး မရှိတဲ့သူကို ရှိတဲ့သူက တင်နင်းလာရင်းပေါ့။

မြို့နယ်ကြက်ခြေနီတပ်ရင်းမှာ လူမှုရေးလုပ်ငန်းတွေ စေတနာ့ဝန်ထမ်း အဖြစ် ထမ်းဆောင်တဲ့အချိန်တုန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဂျပန်ကနေ စက်ဘီးတွေ လှူပေးလို့ မြို့နယ်အတွက် ရတဲ့ဝေစုအနေနဲ့ ကိုယ်တွေဆီမှာ ကြက်ခြေနီတပ်ရင်းပိုင် စက်ဘီး ၄ စီး ရှိခဲ့ဖူးတယ်။ အဲဒီစက်ဘီးတွေက ကိုယ်တွေရဲ့ လူမှုရေးလုပ်ငန်းတွေမှာ အတော်လေးကို အကျိုးပြုခဲ့ဖူးတယ်။ မြို့နယ်ထဲက အစည်းအဝေးတွေ အခမ်းအနားတွေ တက်ဖို့ဆိုရင်လည်း သုံးဖြစ်တယ်။ မြို့နယ်ပြင်ပကို ကြက်ခြေနီလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်စရာတွေ ရှိလာရင်လည်း သုံးဖြစ်တယ်။ မှတ်မှတ်ရရ လှိုင်မီးဘေးတုန်းက ကိုယ့်မြို့နယ်က တပ်ဖွဲ့ဝငတွေ မီးဘေးစခန်းမှာ တာဝန်ယူတော့ ကိုယ်တွေ နောက်တန်းကနေ အဲဒီတပ်ဖွဲ့ဝင်တွေဆီ သူတို့ လိုအပ်တာတွေကို စက်ဘီးနင်းပြီး သွားပို့ပေးကြတယ်။ လခစားမဟုတ်တဲ့ စေတနာ့ဝန်ထမ်းဆိုတော့ အပိုသုံးဖို့ ငွေလည်း များများစားစား မရှိကြဘူးလေ။ အဲဒီတော့ စက်ဘီးနဲ့ပဲ သွားသွားလာလာ လုပ်ခဲ့ကြရတယ်။

အခုလည်း ကျောင်းသွားဖို့ ဝေးဝေးလံလံ လမ်းလျှောက်နေရတဲ့ ကျောင်းသားလူငယ်တွေကို စက်ဘီးတွေ ပေးလှူမယ်ဆိုတာ အတော်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါပဲ။ စက်ဘီးတွေ လှူတာဟာ ရောင်းတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ သိရသလောက် စက်ဘီးတွေက အလကား ရတာ မဟုတ်ပါဘူး။ သင့်တော်တဲ့ ဈေးတခုခုနဲ့ ပြန်ဝယ်ရတာပါ။ ပြီးတော့ အဲဒီနိုင်ငံတွေကနေ မြန်မာပြည်ကို သယ်လာဖို့အတွက် သယ်ယူစရိတ်ဆိုတာ ရှိပါသေးတယ်။ လက်ရှိစက်ဘီးမှာ တပ်ထားတဲ့ ဖုန်းနဲ့ဖွင့်ရတဲ့ သော့တွေ ပြန်လဲဖို့လည်း လုပ်ရပါဦးမယ်။ ကုန်ကျစရိတ်က စက်ဘီး ၁ စီးကို ဒေါ်လာ ၅၀ လောက် ရှိတယ်လို့ ဖတ်လိုက်ရပါတယ်။

အဲဒီလို စက်ဘီးလှူမယ့်ကိစ္စကို တချို့တွေက စိုးရိမ်တကြီးနဲ့ ထောက်ပြဝေဖန်တာကိုလည်း ဖတ်လိုက်ရပါတယ်။ သူတို့ ထောက်ပြတာက အမှိုက်ပါ။ တရုတ်ပြည်မှာ အဲဒီလို စက်ဘီးတွေကို အမှိုက်ပုံကြီးလို ပစ်ထားတာကို မြင်ဖူးကြပါမယ်။ စက်ဘီးသင်္ချိုင်းလို့ ခေါ်ကြတာပေါ့။ သူတို့အမြင်က အဲဒီလို အမှိုက်တွေကို မြန်မာပြည်မှာ လာစွန့်ပစ်တယ်ပေါ့။ မြန်မာပြည်ကြီးဟာ နိုင်ငံတကာက လာပစ်မယ့် အမှိုက်တွေရဲ့ အမှိုက်ပုံသဘောမျိုး ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ဟာကို ထောက်ရှုရင် ဒါဟာ သင့်တော်တဲ့ စိုးရိမ်မှုပါပဲ။ ဟိုတလောက မလေးရှားက သူ့နိုင်ငံထဲကို တင်ပို့လာတဲ့ ပလစ်တစ်စွန့်ပစ်အမှိုက် ကွန်တိန်နာတွေကို မူလနိုင်ငံဆီကို ပြန်ပို့ဖို့ လုပ်နေတာမျိုး ဖတ်လိုက်ရသေးတယ်။

ဒါပေမယ့် အခုကိစ္စမှာ စက်ဘီးတွေက အမှိုက်အဆင့် မဟုတ်ပါဘူး။ အသစ်နီးပါး ကောင်းနေတဲ့ ပစ္စည်းတွေပါ။ လက်ရှိတိုင်းပြည်ရဲ့ လိုအပ်ချက်အရ ကျေးလက်နေ ကျောင်းသားလူငယ်တွေအတွက် အသုံးဝင်မယ့် သင့်တော်မယ့် စက်ဘီးတွေပါ။ ကိုယ်တွေ မြန်မာပြည်ကြီးမှာတောင် သူများသုံးပြီးသား ကားဟောင်းတွေကို တယုတယ စီးနေခဲ့တာ အခုအချိန်ထိပဲ မဟုတ်လား။ အဲဒီကားတွေကလည်း အဲဒီမူလနိုင်ငံတွေမှာ ကားသင်္ချိုင်းမှာ ပစ်ထားရမယ့် ကားတွေလည်း ပါလာနိုင်တာပဲလေ။

ဒါကြောင့် အခုစက်ဘီးတွေလှူမယ့် အစီအစဉ်ဟာ လိုအပ်နေတဲ့အချိန်မှာ ကွက်တိဖြစ်လာတဲ့ အရာဖြစ်လို့ ကြိုဆိုပါတယ်။ သယ်ဆိုင်ရာနယ်မြေက ကျောင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်နေတဲ့သူတွေ လက်ထဲကို စက်ဘီးတွေ တိုက်ရိုက် ရောက်နိုင်အောင် ကြိုးစားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

Wednesday, May 22, 2019

Well, you get what you pay for

စင်္ကာပူမှာ ဘတ်စ်ကား စီးရတာ အဆင်ပြေတယ်။ လွယ်ကူတယ်။ အဲကွန်းတွေကလည်း အေးတော့ ခရီးသွားရတာ သက်တောင့်သက်သာ ရှိတယ်။ ဘတ်စ်ကားတွေကလည်း အချိန်မှန်တယ်။ မှတ်တိုင်တွေလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိတယ်။ အဲဒီလိုပဲ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးထားပြီး ကားခကိုလည်း တန်အောင် ယူပါတယ်။ အနီးအနား မှတ်တိုင် ၁ ခု စာ စီးရင်တောင် ၈၃ ဆင့် (မြန်မာငွေ ၈၅၀ ကျပ် ၀န်းကျင်) ပေးရပါတယ်။ ၅ ကီလိုမီတာ အထက်ဆိုရင် ၁ ဒေါ်လာကျော် (မြန်မာငွေ ၁ ထောင်ကျော်) ပေးရပါပြီ။ အမြင့်ဆုံးပေးရတဲ့ ဘတ်စ်ကားခကတော့ ၂ ဒေါ်လာ ၈ ဆင့် (မြန်မာငွေ ၂ ထောင်ကျော်) ပါ။

စင်္ကာပူမှာ မီးမှန်ပါတယ်။ မီးအားလည်း ငြိမ်ပါတယ်။ အဲဒီလိုပဲ မီတာခကိုလည်း တန်အောင် ယူပါတယ်။ မီတာခက ၃ လ တခါ အပြောင်းအလဲ ရှိတတ်ပါတယ်။ လတ်တလောမှာ မီတာခက ၁ ကီလိုဝပ် (kWh) ကို ၂၄.၃၉ ဆင့်ပါ။ မြန်မာငွေနဲ့ဆိုရင် ၂၅၀ ကျပ် ပတ်ဝန်းကျင် ရှိပါမယ်။ လေ့လာမိသလောက် စင်္ကာပူမှာ မီတာခ သတ်မှတ်တာမှာ ကုန်ကျစရိတ်တွေကို ၂ ပိုင်းခွဲထားပြီး တွက်ချက်သတ်မှတ်ပါတယ်။ Fuel Cost နဲ့ Non Fuel Cost ဆိုပြီးတော့ ခွဲခြားထားတယ်။ Fuel cost ကတော့ ဂတ်စ်ဖိုးတွေပါ။ စင်္ကာပူရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၉၅% က သဘာဝဓါတ်ငွေ့ ဂတ်စ် သုံးထားတာပါ။ ဂတ်စ်ဖိုး အတက်အကျ ရှိတိုင်း မီတာခ အပြောင်းအလဲ ရှိပါတယ်။ Non Fuel Cost မှာ လျှပ်စစ်ဓါတ်အားထုတ်စက်ရုံ ဆောက်လုပ်စရိတ် ပြုပြင်ထိန်းသိမ်း ကုန်ကျစရိတ်တွေ၊ ဝန်ထမ်းတွေအတွက် ပေးရတဲ့ လစာတွေ၊ လျှပ်စစ်ဓါတ်ကြိုးလိုင်းတွေရဲ့ ကုန်ကျစရိတ်တွေ၊ မီတာခ ဖတ်ရတဲ့ စရိတ်တွေ အကုန် တွက်ချက်ပါတယ်။

ပစ္စည်း အရည်အသွေးနဲ့ ပတ်သက်ပြီးလည်း ပြောချင်တာတွေ ရှိပါတယ်။ အဝတ်အထည်တွေပဲ ဆိုပါတော့။ တရုတ်တန်းမှာဆို တီရှပ် ၃ ထည်ကိုမှ ဒေါ်လာ ၁၀ ပဲ ပေးရတာမျိုးတွေ ရှိတယ်။ အဲဒီလိုပဲ ကုန်တိုက်ကြီးတွေထဲမှာ နာမည်ကျော်တံဆိပ်တွေနဲ့ တီရှပ်တွေဆို ၁ ထည်ကို ဒေါ်လာ ၃၀ ကနေ ၈၀ ကျော်အထိ ပေးရတယ်။ တရုတ်တန်းက ၁၀ ဖိုး ၃ ထည် တီရှပ်တွေက ရေ ၃ ခါလောက် လျှော်ပြီးရင် အတော်လေးကို ရွဲသွားပြီ။ ပုံစံလည်း ပျက်နေပြီ။ အရောင်တွေလည်း မှိန်ကုန်ပြီ။ ဈေးကြီးပေး ဝယ်ထားရတဲ့ နာမည်ကျော်တံဆိပ်နဲ့ တီရှပ်က ၃ နှစ်လောက် ဝတ်ထားတာတောင် အခုထိ အရောင်လည်း မမှိန်၊ ပုံစံလည်း မပျက်ပဲ ရှိနေတယ်။ တန်ရာတန်ကြေး ဆိုတာကို အဲဒီလို တီရှပ်တွေကနေ သဘောပေါက် နားလည်လိုက်တယ်။

ကောင်းတာတွေ လိုချင်ရင် တန်အောင်လည်း ပြန်ပေးရမယ် ဆိုတာကို သတိပြုစေချင်တာပါ။ ကောင်းတာတွေ လိုချင်ပြီး တန်ရာတန်ကြေး မပေးနိုင်တဲ့အခါမှာ အချိန်တခုကြာတဲ့အခါ ကောင်းတာတွေဟာ မကောင်းနိုင်တော့ပါဘူး။ အဲဒီလို အရည်အသွေး ဝန်ဆောင်မှု ကောင်းတာတွေကို ရေရှည် ဆက်လက် ထိန်းထားနိုင်ဖို့ဆိုတာမှာ မှန်ကန်တဲ့ ဦးဆောင်မှုအပြင် ငွေအင်အားလည်း လိုပါတယ်။ ကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေ စက်ပစ္စည်းတွေ ဝယ်ဖို့၊ ကောင်းတဲ့ တော်တဲ့ ထူးချွန်တဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေကို လစာပေးနိုင်ဖို့၊ ကောင်းမွန်တဲ့ ပြုပြင် ထိန်းသိမ်းမှုတွေ လုပ်နိုင်ဖို့... ငွေလိုပါတယ်။ ငွေမရှိရင်တော့ ကောင်းတာတွေလည်း ရေရှည်မှာ ဆက်မရှိနိုင်တော့ပါဘူး။

ကောင်းတာတွေ မလုပ်နိုင်သေးလို့ တန်အောင် မပေးနိုင်ဘူး ဆိုတာနဲ့ တန်အောင် ပေးမယ်... ကောင်းသထက် ကောင်းအောင် လုပ်ကြပါဆိုတာမှာ ရလဒ်က မတူဘူး ဆိုတာလည်း သတိချပ်စေချင်ပါတယ်။ အရှုံးခံပြီး လုပ်နေရတာဟာ ရေရှည်အတွက် မကောင်းဘူး။ လုပ်သမျှ ရှုံးနေတဲ့အခါမှာ ကောင်းအောင် လုပ်ဖို့ အင်အား မရှိတော့ပါဘူး။ အဲဒီအစား သင့်တင့်သလောက် ကောက်ခံပြီး ကောင်းသထက် ကောင်းအောင် လုပ်ဖို့ကို ပြင်ဆင်သင့်ပါတယ်။

ဒါကြောင့် ကိုယ်တွေကလည်း ရေတိုကို မကြည့်ပဲ ရေရှည်ကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပေးလိုက်ရတာပဲ မမြင်ပဲ ကောင်းအောင် လုပ်နေတာကို မြင်တတ်ဖို့လည်း လိုပါတယ်။ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်တွေ ကိုယ်တွေထက် အဆပေါင်း များစွာ ကောင်းမွန်ဖို့အတွက် အနစ်နာခံမှုတွေ လိုအပ်တဲ့ ပေးဆပ်မှုတွေ ကိုယ်စီကိုယ်စီ လုပ်လိုက်ကြပါလေ။ ပြိုင်တူရုန်းရင် နွံထဲက လွတ်ကြမှာပါ။

Friday, May 17, 2019

Why rule of law?

ဟိုတလောက ရုံးအပြန် ကားဂိတ်ကို လမ်းလျှောက်သွားနေတုန်း လူသွားလမ်းဘေးက မြက်ခင်းထဲမှာ ကြက်တူရွေး ၁ ကောင် သေနေတာ တွေ့လိုက်တယ်။ အမှုမဲ့ အမှတ်မဲ့ပဲပေါ့။ ဒီနေ့ ရုံးအလာ ကားဂိတ်ကနေ လမ်းလျှောက်လာတော့ အဲဒီမြက်ခင်းရှေ့နားက အဆောက်အဦး ခေါင်မိုးပေါ်မှာ ကြက်တူရွေး ၇ ကောင်လောက် တွေ့လိုက်ရတယ်။ နားနေတဲ့အကောင်နဲ့ ပျံနေတဲ့ အကောင်နဲ့။ ကျောင်းတွေ အိမ်တွေ ရုံးတွေ ရှိနေတဲ့ လူနေရပ်ကွက်ကြီးထဲမှာ ကြက်တူရွေးအုပ်လိုက်ကြီး လွတ်လွတ်လပ်လပ် ပျံသန်းလို့ ရနေတာကို ပထမဦးဆုံး တွေ့ဖူးတာပါပဲ။

စင်္ကာပူမှာ တခြားငှက်တွေလည်း လွတ်လွတ်လပ်လပ် ရှိတာ သတိထားမိတယ်။ ခိုနဲ့ ဆက်ရက်ကတော့ အပေါဆုံးပဲ။ တချို့ မြက်ခင်းပြင်နဲ့ ရေမြောင်းကြီးတွေမှာတော့ သဘာဝအတိုင်း အစာရှာနေတဲ့ ဗျိုင်းတွေကို အုပ်စုလိုက် တွေ့ရလေ့ရှိတယ်။ ငှက်ဝါလေးတွေနဲ့ နှံပြီစုတ်လည်း တွေ့ရတယ်။ ဥသြကတော့ အသံပဲ ကြားရတယ်။ စာကလေးနဲ့ ကျီးကန်းကတော့ ရှားတယ်။

စင်္ကာပူမှာက လူနေရပ်ကွက်နဲ့ ရုံးတွေပတ်ဝန်းကျင်မှာ သစ်ပင်ကြီးတွေ အများကြီးရှိတော့ ငှက်တွေလည်း နားခိုစရာ၊ အစာရှာစရာ ရှိသွားတယ်။ နောက်တခုက စင်္ကာပူမှာက တရားဥပဒေ စိုးမိုးတယ်။ လမ်းဘေးက အပင်တွေမှာ သီးနေတဲ့ အသီးတွေ ပန်းတွေ ခူးခွင့်မရှိဘူး။ ခိုးခူးလို့ မိသွားရင် ဒဏ်ငွေဆောင်ပေတော့ပဲ။ ဆောင်ရတဲ့ ဒဏ်ငွေနဲ့ အဲဒီလို အသီးမျိုးကို ဝယ်စားရင် ပေးရမယ့် တန်ဖိုး ယှဉ်လိုက်ရင် ဒဏ်ငွေက မတရားများတော့ တော်ရုံတန်ရုံ ဘယ်သူမှ ခိုးခူးမစားကြတော့ဘူး။ ဒါကြောင့် အပင်တွေမှာ အသီးတွေ ပြွတ်ခဲနေတာကို တွေ့ရလိမ့်မယ်။ အသီးတွေ ရှိတော့လည်း ငှက်တွေလည်း သဘာဝအတိုင်း အစာရှာလို့ ရတာပေါ့။

လူတွေကလည်း ငှက်တွေ ရှဉ့်တွေ တခြားတိရစ္ဆာန်တွေကို အကြောင်းမဲ့ ရန်မရှာဘူး။ သဘာဝအတိုင်းပဲ လွှတ်ထားပေးတယ်။ ဖမ်းတာလည်း မရှိဘူး။ အိမ်မှာ အကောင်ပလောင် မွေးရတဲ့ အလုပ်ကို တာဝန်မယူနိုင်တာလည်း ပါမယ် ထင်တယ်။ ခွေးမွေးရင်တောင် အတော် အလုပ်ရှုပ်ခံရတာမျိုးလေ။ မနက်ကတောင် ရုံးအလာ အိမ်အောက်မှာ ခွေးကျောင်းရင် မြက်ခင်းပေါ်မှာ ခွေးပါခဲ့သမျှ ချီးတုံးတွေကို လက်အိတ်နဲ့ တခုမကျန် ကောက်နေရတဲ့ အန်တီကြီးကိုတောင် တွေ့ခဲ့သေးတယ်။ ပြီးတော့ တိရစ္ဆာန်တွေကို နှိပ်စက်တာလည်း မရှိသလောက် နည်းတယ်။ လူနေတိုက်ခန်းတွေမှာ ရှိနေတဲ့ ကြောင်တွေကို နှိပ်စက်တာ သတ်ပစ်တာမျိုး... တိုက်အမြင့်ကနေ ပစ်ချတာမျိုးတွေ ရှိရင်လည်း ဥပဒေနဲ့အညီ တရားစွဲဆို အပြစ်ပေးတာမျိုး ရှိတယ်။

ဆိုလိုချင်တာက တရားဥပဒေသာ စိုးမိုးပါစေ အဲဒီတိုင်းပြည်မှာ လူတွေတင်မကဘူး သက်ရှိသတ္တဝါမျိုးစုံနဲ့ အပင်တွေပါ စိတ်ချမ်းသာမှု ရစေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူတန်းစေ့မယ့် ဘ၀မျိုးကို ဖန်တီးမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးက အဓိကပါပဲ။