.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Photo. Show all posts
Showing posts with label Photo. Show all posts

Thursday, December 29, 2011

Heros on Dec 29


Photo Credit: Kaung Htet, The Myanmar Times

နှစ်သစ်ကူးခါနီး ဆောင်းမနက်ခင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ ကြောက်လန့်စရာ သဘာဝဘေးဆိုးတခု ရန်ကုန်မြို့ကို ရောက်လာမယ်လို့ ဘယ်သူက ကြိုသိထားခဲ့မလဲ။ ၂၀၁၂ ဆိုတာ တဖြည်းဖြည်း တရွေ့ရွေ့ ချဉ်းကပ်လာလို့ ကမ္ဘာပျက်တော့မလား ဆိုပြီး ဘယ်သူကမှလည်း ထိတ်လန့်တုန်လှုပ်နေမယ် မထင်ပါဘူး။ တစ်တစ်တူးလို မိုးပြိုမှာစိုးလို့ ခြေနှစ်ချောင်း ထောင်ပြီး အိပ်မယ့်သူတွေလည်း မရှိလောက်ပါဘူး။

မီး... မီး... ကားတွေ ထွက် ကားတွေထွက်... လို့ဆော်သြောသံ အော်သံကြားတော့ မီးသတ်စခန်းက မီးသတ်ရဲဘော်တွေ အိပ်ယာထဲက ထသူထ... ယူနီဖောင်း ကပျာကယာလဲ... ဦးထုပ်တွေ ဆောင်းပြီး မီးသတ်ကားပေါ်ကိုပဲ အလုအယက် တက်ခဲ့ကြမှာပါ။ နောက်နှစ်ရက်ဆိုရင် Happy new year 2012 လို့ အော်ပြီး နှစ်သစ်ကူးညကို ပျော်ပျော်ကြီး ဆင်နွှဲလိုက်အုံးမယ်လို့ အိပ်ယာမဝင်ခင် စိတ်ကူးထဲမှာတော့ အဲဒီလို အတွေးလေးတွေ ရှိနေမှာပေါ့။

ဒီဘဝမှာ ဒီမျှနဲ့ ဇာတ်သိမ်းခန်းတခု ရောက်လာလိမ့်မယ်လို့ ကြိုများ သိထားနိုင်မှာလည်း မဟုတ်တဲ့ သူတို့တတွေ... မိဘဆွေမျိုး သူငယ်ချင်း အပေါင်းအသင်းတွေကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့လိုက်ပါဘူး။ တာဝန်ဆိုတဲ့ အသိနဲ့ ချက်ချင်း ကားပေါ်တက် မီးသတ်ဖို့ မကြောက်မရွံ့ ထွက်ခဲ့ကြတယ်။ အများပြည်သူအတွက် အသက်စွန့်ခဲ့ရတယ်။ Happy new year 2012 လို့ အော်ခွင့် ပျော်ခွင့် မကြုံလိုက်ဘူး။

မီးသတ်သမားမို့ မီးသတ်ရတာ မဆန်းပါဘူး။ သူ့ဆန်စားမှ ရဲရပြီပေါ့လေ။ ဒါပေမယ့် အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ ဘဝမျိုးမှာ တာဝန်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး မီးနဲ့ အနီးဆုံးနေရာကနေ မီးအပူခံပြီး သက်စွန့်ဆံဖျား မီးငြိမ်းသတ်ရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ပါတယ်။ မီးလောင်ပြင်မှာ ပစ္စည်းကိရိယာ မပြည့်မစုံနဲ့ ရန်သူမီးကို စစ်ခင်းရတာကို စဉ်းစားကြည့်ရင် ဘယ်လောက်ထိ အန္တရာယ်များလဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။

မြန်မာပြည်ရဲ့ အသံတိတ် သူရဲကောင်းလို့ ကျွန်တော် တင်စားခဲ့ဖူးတဲ့ မီးသတ်ရဲဘော်တွေ... အန္တရာယ်ကင်း ဘေးရှင်းကြပါစေ... အချိန်မတန်ခင် ကြွေလွင့်ခဲ့ရတဲ့ သားကောင်းရတနာတွေ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြို့စောင့်တပ်တခုဖြစ်တဲ့ မီးသတ်တပ်ဖွဲ့ကြီး ခေတ်မှီဖွံ့ဖြိုးလာအောင် အစွမ်းကုန် ပံ့ပိုးကူညီပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။

~~~~

ရင်ကို ထိခတ်တဲ့ သတင်းဆောင်းပါးတခုကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါရစေ။


မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား...
By 7Day News Journal

တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ် မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်း ပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။

"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှု လှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။

Sunday, December 25, 2011

Happy Christmas 2011



ပျော်ရွှင်ဖွယ် ခရစ်စမတ် အချိန်သမယလေး ဖြစ်ပါစေဗျာ...

Merry Christmas & Happy New Year.
Wish you happy and healthy many years ahead.

Saturday, December 24, 2011

Balloon of wishes



နှစ်သစ်ကူးခါနီးအချိန်ရောက်တိုင်း Marina Bay က ရေပြင်ကျယ်ကြီးမှာ ထုံးစံအတိုင်း တောင်းဆုချွေတဲ့ ဘောလုံးဖြူဖြူတွေ ဖွေးဖွေးလှုပ်နေပါပြီ။

ရင်ထဲက ဆန္ဒတွေ တောင်းဆုတွေ ပြည့်ဝခဲ့မယ်ဆိုရင်...
မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ပါစေလို့ပဲ။

တကယ်ပါ... မွေးရပ်မြေလောက် ချစ်စရာကောင်းတဲ့ နေရာမရှိပါဘူး။
အခြေအနေနဲ့ အချိန်အခါအရ ဝေးတမြေခြားကို ရောက်နေပေမယ့်
စိတ်အစဉ်က အမိမြေရဲ့ ရင်ခွင်ကိုပဲ တမ်းတလွမ်းဆွတ်နေမိတယ်။

မြန်မာပြည်ကြီးသာ ငြိမ်းချမ်းသာယာ တိုးတက်လာရင်...
အဝေးရောက်နေတဲ့ သားတွေ သမီးတွေအတွက်
အိမ်အပြန်လမ်းက ကတ္တီပါကော်ဇောနီ မခင်းထားလည်း
အလျင်အမြန် လှမ်းနေတဲ့ အပြန်ခြေလှမ်းတွေအတွက် အဆင်ပြေနေမှာပါပဲ။

Saturday, December 17, 2011

Congratulations Chew Yinn



ဒီနေ့က ညီမဝမ်းကွဲတယောက်ရဲ့ မင်္ဂလာဆောင်။ ညီမဝမ်းကွဲဆိုပေမယ့် အထက်အောက် ဖြစ်နေတော့ တခြားမောင်နှမတွေထက် ပိုပြီး ရင်းနှီးတယ်။ စင်္ကာပူမှာ ရှိတဲ့ အမျိုးအရင်းကလည်း လက်ချိုးရေရင် လက်ငါးချောင်းတောင် မပြည့်ဘူး။ အဲဒီတော့ သူ့မင်္ဂလာဆောင်က မတက်မဖြစ် တက်ကိုတက်ရမယ့် မင်္ဂလာဆောင်ပေါ့။ အဲဒီတော့ ချစ်ချစ်အတွက် မြန်မာဝတ်စုံလေး ချုပ်ထားဖို့ အစောကြီးကတည်းက ရန်ကုန်ရောက်တုန်းလေး စီစဉ်ခဲ့ရတယ်။ ကျွန်တော်အတွက်ကတော့ ဘာဝတ်ဝတ် အဆင်ပြေပါတယ်။

သူက စီတီးဟော ပင်နီဇူလားပလာဇာနားက ဟော်တယ်မှာ ဆောင်တာ။ လက်မှတ်ထိုးပွဲက မနက် ၁၁ နာရီ လုပ်မှာဆိုတော့ အိမ်ကနေ မနက် ၁၀ နာရီလောက် ထွက်ခဲ့တယ်။ သိတဲ့အတိုင်း အခုတလော စင်္ကာပူမှာ ရထားလိုင်းတွေရဲ့ ကျန်းမာရေးက ရန်ကုန်မှာပေးတဲ့ လျှပ်စစ်မီးလိုပဲ မကောင်းတချက် ကောင်းတချက် ဆိုတော့ တက်စီပဲ ငှားလိုက်တယ်။ လမ်းမှာက ကားတွေ အတော်များသား။ စနေ ပိတ်ရက် ဖြစ်ပေမယ့် ကားတွေ လမ်းမှာ ပြည့်နေတယ်။ ပြည့်နေမှာပေါ့လေ... အနီလိုင်းရထားက အလုပ် မလုပ်တော့ဘူးတဲ့။ ရထားလိုင်းရဲ့ တာဝန်ရှိသူတွေ အတော်ကို ခေါင်းကျိန်းနေလောက်ပြီ။ ရထားလိုင်းမှာ ဖြစ်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်ပြင်သွားမယ်လို့ ယုံကြည်ပါတယ်။

ရထားလိုင်း ပျက်နေလို့ပဲလား မသိ... အတော်များများ မင်္ဂလာပွဲကို အချိန်မှီ မရောက်ကြဘူး။ တက်စီငှားပြီး လာကြပေမယ့်လည်း ကားလမ်းမှာ အိပဲ့အိပဲ့ပဲ သွားလို့ရမှာမျိုး ဖြစ်နေတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မင်္ဂလာပွဲကတော့ လူစည်ပါတယ်။ တအိအိနဲ့ တသုတ်ပြီး တသုတ် ရောက်လာကြတယ်။ ကျွေးမွေးဧည့်ခံတဲ့ အစားအသောက်နဲ့ နေရာထိုင်ခင်းက အဆင်ပြေပါတယ်။ ဘူဖေးကျွေးတဲ့ မင်္ဂလာဆောင် ဆိုတော့လည်း တခုခု စားချင်ရင် တန်းစီရတာလေးပဲ အခက်အခဲ ရှိတာပါ။

ပြီးခဲ့တဲ့နှစ် ၂၀၁၀ နဲ့ ဒီနှစ် ၂၀၁၁ အတွင်းမှာ အမျိုးအရင်းထဲက မောင်နှမတွေ... တယောက်ပြီး တယောက် သင့်တော်ရာ အိမ်ထောင်ဘက်တွေနဲ့ အိမ်ထောင်ကျကုန်တာ ကောင်းပါတယ်။ လူပျိုသိုး အစ်ကိုတွေလည်း အိမ်ထောင်ပြုတယ်။ ငယ်သေးတဲ့ ညီမတွေလည်း အိမ်ထောင်ပြုတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော်လည်း ပါတာပေါ့နော်။ လူကြီးတွေဘက်က ကြည့်ရင်တော့ သူတို့ကလေးတွေ နောင်ရေးအတွက် စိတ်အေးရတာပေါ့။ လူငယ်တွေဘက်က ကြည့်ရင်လည်း... ရှေ့က စီနီယာကားတွေ တစီးပြီး တစီး... အစီစီအရီရီ အလှည့်ကျ ထွက်ကုန်တော့ နောက်ကားတွေလည်း အလှည့်ရောက်တာပေါ့။ မဟုတ်ရင် သူတို့ခမျာ ရင်တမမနဲ့ အလှည့်စောင့်နေရမယ်လေ။ အမျိုးအရင်းမှာ မောင်နှမက အတော်များသား။ အလှည့်ကျ စောင့်ရင်တောင် အတော် စောင့်ယူရမယ်။

ကဲကဲ... ကျွန်တော်က အကြီးဆိုတော့လည်း မင်္ဂလာဆုတောင်းလေးတော့ ပေးအုံးမှ...

မင်္ဂလာမောင်နှံဖြစ်တဲ့ ညီမနဲ့ ပူပူနွေးနွေး ယောက်ဖကို... သားတရာ မြေးတဖျာရတဲ့အထိ သေတပန်သက်တဆုံး ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ နားလည်မှူအပေါင်းနဲ့ ဆိုးတူကောင်းဖက် ပေါင်းဖက်နိုင်ကြပါစေလို့... ဒီနေရာကနေ တောင်းဆုမင်္ဂလာ ပြုလိုက်ပါတယ်လေ။

Sunday, November 20, 2011

Save 57 lives



မြန်မာပြည်ရဲ့ ၉၁ နှစ်မြောက် အမျိုးသားနေ့မှာ ၁၉ ကြိမ်မြောက် သွေးလှူဖြစ်တယ်...

ငှက်ဖျားဖြစ်ဖူးတဲ့သူတွေကို စင်္ကာပူသွေးဘဏ်က သွေးပေးမလှူတော့ဘူး။ အရင်တုန်းကတော့ ၃ နှစ်အတွင်း ငှက်ဖျား ရှိဖူးတဲ့သူကိုပဲ မလှူခိုင်းတာ။ အခုတော့ ငယ်ငယ်တုန်းက ဖြစ်ခဲ့လည်း ပေးမလှူတော့ဘူးလို့ သိလိုက်ရတယ်။ စင်္ကာပူကို ရောက်တာ ၆ လ မပြည့်တဲ့သူဆိုရင်လည်း ဘယ်က လာသလဲဆိုတာ စစ်ပါတယ်။ ရန်ကုန်က မဟုတ်ပဲ တခြားနယ်က လာတယ်ဆိုရင် ငှက်ဖျားပိုး ရှိနိုင်တယ်လို့ ယူဆပြီး သွေးမလှူခိုင်းပါဘူး။ ငှက်ဖျားပိုးက ၆ လ ကျော်မှ သေချာ စစ်လို့ရတယ် ဆိုပဲဗျ။

Friday, November 11, 2011

11-11-11



11-11-11 က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်း လပြည့်ညနဲ့ တိုက်ဆိုင်နေတယ်။ ဆေးပေါင်းခတဲ့ညမှာ မဲဇလီဖူးသုပ် စားကြတယ် ဆိုပေမယ့် အခုချိန်ထိ တခါမှ မစားခဲ့ဖူးဘူး။ ကျွေးတဲ့သူက ကျွေးပေမယ့် မစားချင်လို့ မစားခဲ့တာဆို ပိုမှန်မယ်။ ရန်ကုန်မှာဆိုရင်တော့ ဒီညကတော့ သူခိုးကြီးည၊ ကျီးမနိုးပွဲ ကျင်းပတဲ့ ညပါပဲ။ ချစ်လို့ ခင်လို့ ကျီစယ်တဲ့ သဘောနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ပြီး တခြားအိမ်မှာ တပ်၊ ပန်းအိုးတွေ ခုံတွေ နေရာရွေ့၊ လူငယ်တွေ သူခိုးလုပ်တမ်း ကစားကြတယ်။ ကျီးမနိုးပွဲမှာ ဆော့တဲ့သူတွေ ရှိသလို တကယ်ခိုးတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး တကယ်ခိုးသွားတယ် ဆိုတာက ရှားပါတယ်လေ။

ဒီနှစ်ကျီးမနိုးပွဲမှာ ခိုးချင်သပ... နေရာရွှေ့ချင်သပ ဆိုတဲ့သူတွေအတွက် အိမ်ရှေ့မှာ ဘတ်စ်ကားဟောင်းတစီး ထားပေးလိုက်မယ်။ ရှေးဟောင်းဆိုပေမယ့် ကားအသစ်သွင်းဖို့ ပါမစ်လျှောက်လို့ရတဲ့ ကားနော်။ ကားမှာ နံပါတ်ပြားတောင် မတပ်ထားတော့ဘူး။ ကဲ... ခိုးချင်သလို ခိုးတော့... ယူချင်သလိုသာ ယူပေတော့ဗျို့။

Thursday, October 27, 2011

MBS



MBS (Marina Bay Sands) ဆိုတာ စင်္ကာပူရဲ့ အထင်ကရ နေရာအသစ်တခုပေါ့။ နီယွန်မီးရောင်စုံနဲ့ လှပြီးသား နေရာတခုမှာ အလှတွေ ထပ်တိုး ပေါင်းဖြည့်ထားတဲ့ နေရာတခုပါပဲ။ နေ့စဉ်အလုပ်တွေနဲ့ မွန်းကျပ်နေတဲ့ ဘဝအမောတွေကနေ ခဏတာ ရုန်းထွက်ဖို့ မိသားစုအလိုက် အပန်းဖြေစရာ... ဟိုဟိုဒီဒီ လည်ပတ်စရာ နေရာလေးတခုလို့လည်း ပြောလို့ ရပါတယ်။ ကာစီနိုနဲ့ ဟိုတယ်အတွက် အဓိကထား ဖွင့်ထားပေမယ့် လောင်းကစား ဝါသနာမပါတဲ့ ကျွန်တော်တို့အဖို့တော့ ဓါတ်ပုံရိုက်ဖို့ မိသားစုနဲ့အတူ ညခင်းချိန်ခါ လေညင်းခံဖို့ အလွန်ကောင်းတဲ့ နေရာပါပဲ။

အလုပ်မှာ လူကြီးအသစ် ရောက်လာလို့ အပြောင်းအလဲတွေ များလွန်းတဲ့ အချိန်အခါ၊ ရှိရင်းစွဲ အလုပ်တွေအပြင် အပိုဆောင်းလာတဲ့ တခြားအလုပ်တွေနဲ့အတူ သောကတွေ၊ စိတ်ဖိစီးမှုတွေက အပိုဆုတွေအဖြစ် တွဲပါလာတယ်။ အလုပ်မှာ လုပ်နေရတာ စိတ်မပါသလိုလို ဖြစ်နေပြီ။ အကြည်ဓါတ်တွေ သိပ်မရှိတော့တာ အမှန်ပဲ။ လက်ရှိအလုပ်ကလည်း နှစ်အတော်ကြာနေပြီဆိုတော့ အလုပ်အသစ်လည်း ရှာဖို့ သင့်နေပြီ။ အဲဒါကြောင့် ရုံးပိတ်ရက်တွေမှာ အရင်လို အလုပ်တွေ ဖိလုပ်မနေတော့ဘူး။ အဲဒီတော့ ချစ်ချစ်နဲ့အတူတူ ညခင်းသာယာ အပြင်ထွက်လည် ဖြစ်တယ်။ စင်္ကာပူမြို့ထဲမှာ ဟိုသွားဒီသွား လည်စရာက သိပ်မပေါတော့ ဒီနေရာတွေမှာ တဝဲလည်လည် ဖြစ်နေတတ်တာလည်း အားလုံးအသိပဲ မဟုတ်လား။

MBS ကို ရောက်တုန်း ရိုက်ခိုက် ဓါတ်ပုံလေး ရိုက်လာဖြစ်လို့ ဘလော့ဂ်ပေါ်မှာ ဖုန်လေးသုတ်ပြီး တင်ထားလိုက်ပါတယ်လေ။ စာမရေးတဲ့ ဘလော့ဂါတွေထဲမှာ ကျွန်တော်ဇူလိုင်လည်း ပါနေပြီလေ။

Saturday, October 1, 2011

Wish for flower



ပွင့်သောပန်းတိုင်း လှပါစေ...
လှသောပန်းတိုင်း လန်းပါစေ...
ပင်ယံထက်မှာ မြဲမြံစေ...

Thursday, September 15, 2011

Lonely night at HCM



မင်း မရှိတဲ့ မြို့တော်မှာ...
ကိုယ်ဟာ ဝမ်းနည်းဆွေးမြေ့မှု
လမ်းတွေမှာ အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူ မင်းကို လွမ်းနေမိ...


မှတ်ချက်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော်ထဲက သီချင်းစာသားပါ။

Friday, September 9, 2011

King Naresuan Monument



နရဲစွမ် ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး။ ဒါပေမယ့် အယုဒ္ဓမြို့ကို အလည်တခေါက် ရောက်တုန်းက သူ့ရဲ့အထိမ်းအမှတ်ရုပ်ထုဆီတော့ ရောက်ခဲ့တယ်။ ဘုရင့်နောင် တည်ခဲ့တဲ့ ရွှေတောင်ဘုရားဆီကို လာတဲ့လမ်းရဲ့ အလည်ကျွန်းမှာ သူ့အထိမ်းအမှတ် ရုပ်ထုကြီးကို ခမ်းခမ်းနားနား ဂုဏ်ပြု ထုလုပ်ထားတယ်။ ထိုင်းတွေအတွက် နရဲစွမ်က သူရဲကောင်းတဦးပါပဲ။

နရဲစွမ်ကို ၁၅၅၅ ဧပြီလမှာ မွေးဖွားတယ်လို့ မှတ်သားဖူးပါတယ်။ ထိုင်းတွေက သူ့ကို မင်းသားနက် လို့ ခေါ်ပြီး သူ့ညီကိုတော့ မင်းသားဖြူလို့ ခေါ်ကြတယ်။ သူ့ညီက အသားဖြူပြီး သူက အသားမည်းလို့ အဲဒီလိုမျိုး အခေါ်ခံရတာလား ဆိုတာတာ့ သေချာ မသိပါ။ သူ့တို့ အစ်မကြီးကိုတော့ ရွှေမင်းသမီးလို့ တင်စားကြတယ်။ သေချာတာကတော့ မောင်နှမ သုံးယောက် ရှိတယ်ပေါ့။

အယုဒ္ဓယမြို့ကို ဗမာတွေ သိမ်းပိုက်ပြီးတဲ့နောက် သူနဲ့ သူ့ညီကို ဘုရင့်နောင်က မွေးစားမယ်ဆိုပြီး ပဲခူးကို ခေါ်သွားပါတယ်။ အဲဒါကိုတော့ ဓါးစားခံ အနေနဲ့ သိမ်းထားတယ်လို့ပဲ ကျွန်တော် မြင်မိပါတယ်။ အဲဒီလို ပဲခူးမှာ ကြီးပြင်းလာခဲ့တဲ့ နရဲစွမ်တယောက် ပေါ်တူဂီတွေရဲ့ ခေတ်မှီလက်နက်တွေ၊ ဗမာတွေရဲ့ စစ်ချီစစ်ခင်း သေနင်္ဂဗျူဟာတွေကို နားလည် တတ်ကျွမ်း သင်ယူနိုင်ခဲ့တယ်။ အဲဒီဟာတွေက အယုဒ္ဓမြို့ လွတ်လပ်ရေး ရဖို့ ဗမာတွေကို တော်လှန်တဲ့အခါမှာ အတော်ကို အသုံးတည့်ခဲ့ပါတယ်။ သူ့အရိုးနဲ့ သူ့ပြန်ထိုးတယ်... ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။

ဘုရင့်နောင်မှာ နန္ဒ လို့ ခေါ်တဲ့ သားတော်ရှိတယ်။ နရဲစွမ်နဲ့ သက်တူ ရွယ်တူ ကစားဖော်ပေါ့။ သူတို့ ကလေးဘဝမှာ ကြက်တိုက်တုန်းက နရဲစွမ်ရဲ့ ကြက်က အနိုင်ရလေ့ရှိတယ်။ အဲဒီကြက်ဝိုင်းမှာ နရဲစွမ်က တချိန်ကျရင် ငါ့မြို့တော်ကို ငါပြန်ပြီး အုပ်ချုပ် မင်းလုပ်မယ်... လို့ ပြောခဲ့တယ် ဆိုပဲ။ အဲဒီကြက်ဝိုင်းမှာ ကျွန်တော် မပါတဲ့အတွက် သူပြောတဲ့ စကားလုံး အတိအကျအတိုင်း မတူနိုင်ပါဘူး။ ဒါပေမယ့် သူပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ အဲဒီလိုမျိုးပဲ။ ကြက်ဝိုင်းနိုင်ခဲ့တဲ့ အောင်စိတ်လေးက သူ့တိုင်းပြည်ကို ပြန်သိမ်းနိုင်တဲ့အထိ အင်အားကြီးခဲ့တယ်လို့ မြင်မိတယ်။

နရဲစွမ်ရဲ့ တိုက်ကြက်က အမြီးဖြူပါတယ်။ ဗမာကြက်လား ထိုင်းကြက်လားတော့ မသိပါ။ အဲဒီ အမြီးဖြူကြက်က ဗမာဘုရင်ရဲ့သား ကိုင်တဲ့ ကြက်ကို နိုင်အောင် ခွပ်နိုင်လို့ဆိုပြီး ထိုင်းတွေက အမြီးဖြူ ကြက်ဖရုပ်ထုတွေကို နရဲစွမ်ရဲ့ အထိမ်းအမှတ် ရုပ်တုနားမှာ ပူဇော်ပသကြပါတယ်။ မျက်နှာစာဘက်မှာ ထားတဲ့ ကြက်ဖရုပ်တုတွေက လူတရပ်မက မြင့်ပါတယ်။ ကြက်ဖရုပ်တု သေးသေးလေးတွေလည်း အများကြီး တွေ့ရပါမယ်။ သမိုင်းကို မသိ နားမလည်တဲ့ သူတွေကတော့ ကြက်ဖရုပ်တုတွေ အများကြီး တွေ့ရလို့ အဲဒီနေရာနဲ့ ဘုရင့်နောင် တည်ခဲ့တဲ့ ဘုရားကို ကြက်ဘုရားလို့ ခေါ်ကြပါတယ်။ ကြက်ဘုရားကို လိုက်ပို့ပေးပါလို့ တက်စီသမားကို ပြောကြည့်ရင် ဘယ်သူမှ သိမယ် မထင်ပါဘူး။ အမှန်ကတော့ နရဲစွမ် ရုပ်တုနဲ့ ရွှေတောင်ဘုရား သီးခြား တခုစီပါပဲ။


နရဲစွမ် အထိမ်းအမှတ်ရုပ်တုကနေ လှမ်းကြည့်ရင် မြင်ရတဲ့ ခပ်စောင်းစောင်း ရွှေတောင်ဘုရား...


ကိုကြီးကျော်နတ်ကို ဗမာတွေ ကိုးကွယ်သလိုမျိုး ထိုင်းတွေကလည်း နရဲစွမ်ကို ပူဇော်ပသကြပါတယ်...


နရဲစွမ်အတွက် ဓါးတွေ ဆက်သထားတာကိုလည်း မြင်ရလိမ့်မယ်...


ဘုရင့်နောင်ရဲ့သားနဲ့ နရဲစွမ်တို့ ငယ်စဉ်ဘဝမှာ ကြက်တိုက်တဲ့ပုံလေးပေါ့...


လူတရပ်မက မြင့်တဲ့ အမြီးဖြူ တိုက်ကြက်ဖရုပ်ထုတွေလည်း အများကြီးပဲ...


နရဲစွမ်အတွက် ပသထားတဲ့ တိုက်ကြက်ဖတွေလည်း တွေ့ရလိမ့်မယ်...

Friday, August 26, 2011

The Golden Mount











အယုဒ္ဓမြို့ရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ထားတဲ့ စေတီပါ။ Wat Phukhaothong လို့ အမည်တွင်ပါတယ်။ ကွင်းပြင်ကျယ်ကျယ်ထဲမှာ မိုးပေါ်ကို ထိုးတက်နေတဲ့ စေတီဟာ ရွှေတောင်ကြီးတခုအလား ထင်မှတ်စရာ ရှိလို့ ဘုရားကို ရွှေတောင်ဘုရားလို့ ဘွဲ့တော် ပေးခဲ့ပုံပါပဲ။ ဝင်ကြေး ပေးစရာ မလိုတဲ့ ဘုရားလည်း ဖြစ်ပါတယ်။ ဘုရားသမိုင်းကတော့ ၂ မျိုးကွဲနေပါတယ်။

တခုက ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့နောက် အောင်ပွဲအထိမ်းအမှတ် အနေနဲ့ တည်ထားတဲ့ စေတီပါ။ ပစ္စယံအဆင့်ဆင့်တွေဟာ မွန်ဗမာ ဗိသုကာလက်ရာတွေပေါ့။ ဘုရားမှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ အစက အဲဒီနေရာက ဘုန်းကြီးကျောင်းပါ။ ဘုရင့်နောင် အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့ နောက်မှ အဲဒီ ကွင်းပြင်ကျယ်မှာ ဘုရားတည်တာပါ။

နောက်တခုကတော့ နရဲစွမ်က ဗမာတွေကို တော်လှန် အောင်မြင်ပြီးတဲ့နောက် အယုဒ္ဓမြို့ လွတ်လပ်ရေး ရတဲ့ အထိမ်းအမှတ်၊ ဗမာတွေကို နိုင်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီဘုရားကို တည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ဗမာ လက်ရာဖြစ်တဲ့ ပစ္စယံကို အောက်ခြေမှာ ခံထားပြီး ထိုင်းဗိသုကာ လက်ရာဖြစ်တဲ့ ၁၂ ထောင့် စေတီတော်ကို အပေါ်မှာ တည်ထားတာပါ။ ဗမာက အောက် ထိုင်းက အပေါ်မှာလို့ ဆိုလိုချင်တာပါ။ အဲဒီလိုမျိုး ရေးထားတာကို Ayutthaya - Guide to art & architecture ဆိုတဲ့ စာအုပ်မှာ တွေ့နိုင်ပါမယ်။

အဲဒီစေတီကို ငရဲမကြောက်တဲ့သူတွေက စေတီတော်ရဲ့ အနောက်ဘက် ရင်ပြင်ကနေ ပစ္စယံကို လှိုဏ်ခေါင်းတူးပြီး ဌာပနာဖောက်ဖို့ ကြိုးစားဖူးပါတယ်။ တာဝန်ရှိသူတွေက အဲဒီပစ္စယံက လှိုဏ်ခေါင်းကို ကွန်ကရစ်တွေနဲ့ ပြန်ထည့်ပြီး အစားထိုး ဖာထေးခဲ့ပေမယ့် စေတီဟာ ပစ္စယံထဲကို ၂ မီတာလောက် ကျွံဝင်သွားခဲ့ပြီး ခပ်စောင်းစောင်းလေး ဖြစ်သွားရရှာပါတယ်။ အဝေးတနေရာကနေ လှမ်းကြည့်မယ်ဆိုရင် ပစ္စယံအထက်က စေတီတော် စောင်းနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။

အဲဒါဖြစ်ရပ်ကို သေသေချာချာ မသိခဲ့ရင် ဗမာတွေ တည်ထားတဲ့ ပစ္စယံတွေက တည့်မတ်ပြီး ထိုင်းတွေ တည်တဲ့ အပေါ်ပိုင်း စေတီက စောင်းနေတယ်လို့ ပြောဆိုနိုင်ပါတယ်။ ထိုင်းတွေ ဘုရားကို တည့်မတ်အောင် မတည်နိုင်ဘူး ညံ့တယ်ပေါ့လေ။ အမှန်တော့ လှိုဏ်ခေါင်းတူးခဲ့တာကြောင့် စေတီတခုလုံး စောင်းနေပြီး ပစ္စယံတွေပဲ အတည့်အတိုင်း ကျန်ရှိနေတာပါ ခင်ဗျာ။

Sunday, August 21, 2011

City of water













ဒီတခေါက် ထိုင်းကို အလုပ်ကိစ္စနဲ့ ရောက်ရင်း အယုဒ္ဓယမြို့ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ဆိုတာကို သီတာမြို့လို့ ခေါ်ကြသတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့ကို မြစ်သုံးစင်းက ဝန်းရံပတ်ထားတာ ကျွန်းလေး တကျွန်းလို ဖြစ်နေလို့ပါပဲ။ မိုးတွင်းမှာ ဆိုရင် မြစ်သုံးစင်းက ရေတွေ တက်လာလို့ မြို့ပတ်လည်က လယ်ကွင်းတွေမှာ ရေတဖွေးဖွေးဖြစ်နေတတ်တယ်တဲ့။ ရေတွေ အပြည့်နဲ့ လယ်ကွင်းပြင်ကြီးဟာ စစ်ရေးဗျူဟာအရဆိုရင်တော့ အတော်ကို အရေးပါတဲ့ နေရာတွေပါပဲ။ မြို့ပတ်လည်က တံတိုင်းတွေရယ် ရေပတ်လည် ဝိုင်းနေတာတွေဟာ မြို့တော်ကို တိုက်ခိုက်မယ့် ရန်သူတွေရဲ့ ဘေးကနေ ကာကွယ်ပေးနိုင်တာပေါ့။ မိုးတွင်းကာလ မဟုတ်တဲ့အချိန်မှာ ရန်သူတွေ လာတိုက်ရင်တော့ မြို့အပြင်ဘက် ကွင်းပြင်တွေရဲ့ ဝေးဝေးကနေ မိုးရွာတဲ့အချိန်ထိ ရောက်အောင် အချိန်ဆွဲ ခုံခံလေ့ရှိကြတယ်။ မိုးတွေ ရွာပြီဆိုတာနဲ့ ရန်သူတွေ မြို့ကို ကြာကြာ ဝိုင်းမထားနိုင်ပဲ ပြန်ဆုတ် သွားရတယ်တဲ့။

အယုဒ္ဓယမြို့ သက်တမ်းက ၄၁၇ နှစ် ကြာခဲ့ပြီး မင်းဆက် ၃၅ ဆက် အုပ်ချုပ်ခဲ့တယ်။ နရဲစွမ်လို့ နာမည်ကြီးတဲ့ ဘုရင်က ၂၀ ယောက်မြောက် ဘုရင်ပေါ့။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေးမှာ ဘုရင်ကတော့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်ပါ။ ရှေးဘဝအဆက်ဆက်မှာ ကုသိုလ် ကောင်းမှူ အစုစုကို ပြုကျင့်ဖြည့်တင်းခဲ့တဲ့သူမျိုးမှ ဘုရင်ဖြစ်တယ်လို့ ယုံကြည်ကြလို့ ဘုရင်ဆိုတာ အတော်ကို ဘုန်းတန်ခိုး ကြီးလှပါတယ်။ မြို့မှ လူတန်းစား ၄ မျိုး ရှိတယ်။ ဘုရင့်ဆွေတော်မျိုးတော်၊ မှုးကြီးမတ်ရာ၊ ကုန်သည်နဲ့ သာမန်ပြည်သူတို့ပါ။ အဲဒီအထဲမှာ သာမန် ပြည်သူက လူဦးရေ အချိုးအစား အများဆုံးပေါ့။ တိုင်းပြည်ရဲ့ အင်အားကလည်း သူတို့အပေါ်မှာပဲ မူတည်ပါတယ်။

အယုဒ္ဓယမြို့နဲ့ ပတ်သက်လာရင် ဆင်တွေကိုလည်း ချန်ထားလို့ မရပါဘူး။ အဲဒီခေတ်မှာ ဆင်တွေက အတော်ကို တန်ဖိုးရှိတဲ့ တိရိစ္ဆာန်ပါ။ ဆင်များများပိုင်တဲ့ ဘုရင်က ပိုပြီးဘုန်းကြီးတယ်လို့ မြင်ကြပါတယ်။ ဆင်ဖြူကိုသာပိုင်ခဲ့ရင် အဲဒီဘုရင်မှာ ဆင်ဖြူရှင် ဆိုပြီး ဂုဏ်တခု အပိုတိုးတာပေါ့။ အဲဒီခေတ်မှာ ဆင်ကို သယ်ယူပို့ဆောင်ရေးမှာ သုံးပါတယ်။ စစ်ပွဲတွေမှာလည်း သုံးပါတယ်။ နောက်တခုကတော့ ပြည်ပပို့ကုန်အဖြစ် ဆင်တွေကို ရောင်းပါတယ်။ အိန္ဒိယနဲ့ ပါရှားဘက်က ဆင်အများဆုံး ဝယ်ပါတယ်။ အဲဒီခေတ်မှာ အနည်းဆုံး ဆင်ကောင်ရေ ၃၀၀ ကနေ ၄၀၀ ကြား နိုင်ငံခြားကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဆင်စွယ်ကိုတော့ တရုတ်ပြည်က အဓိက ဝယ်ပါတယ်။

အယုဒ္ဓယမြို့တော် ကျဆုံးပြီးတဲ့နောက် ထိုင်းမင်းဆက်က ဘန်ကောက်ဘက်ကို ပြောင်းရွှေ့ အခြေချပါတယ်။ ရာမဘုရင် (၁) က အယုဒ္ဓယမြို့က အုတ်တွေ ကျောက်တွေကို ဘန်ကောက်မြို့ တည်ဆောက်ရေးမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် ဂူဘုရားစေတီတွေ ကျောင်းဆောင်တွေ ပျက်ဆီးခဲ့ပါတယ်။ ရာမဘုရင် (၃) လက်ထက်မှာလည်း အယုဒ္ဓယမြို့က ဂဝံကျောက်တွေကို ဘန်ကောက်မြို့က အဆောက်အဦးတွေမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပြန်ပါတယ်။ နဂို အပျက်တွေကနေ ပျက်သထက် ပျက် ဖြစ်သွားရရှာတယ်။ ရာမဘုရင် (၄) လက်ထက်မှာတော့ အယုဒ္ဓယမြို့က ရှေးဟောင်း ဘုရားပုထိုး အဆောက်အဦးတွေကို ပြုပြင် ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ ကျေးဇူးကြောင့် အယုဒ္ဓယမြို့က အခုလိုမျိုး ကျန်ရှိနေတာပါ။

ဗမာတွေ စစ်လာတိုက်လို့ အယုဒ္ဓယမြို့ ပျက်ဆီးတယ် ဆိုတာထက် ဘန်ကောက်မြို့ တည်ဆောက်ဖို့ မြို့ဟောင်းက အုတ်တွေ ဂဝံကျောက်တွေ ယူသုံးဖို့ ဘုရင်တွေက ခွင့်ပြုခဲ့လို့ အယုဒ္ဓယမြို့ အခုလို အပျက်အဆီးပုံစံမျိုး ကျန်နေတယ်လို့ မြင်မိပါတယ်လေ။

Saturday, July 16, 2011

Radio for Blood Mobile Organizer





သွေးလှူပွဲတွေ ကျင်းပပြုလုပ်တဲ့ လူတွေကို စင်္ကာပူကြက်ခြေနီက အမှတ်တရလက်ဆောင်အနေနဲ့ ပေးလိုက်တဲ့ ရေဒီယိုလေးပါ။

Friday, July 8, 2011

Birthday Cake



ရုံးက လုပ်ပေးတဲ့ မွေးနေ့ပွဲက ချော့ကလက် ကိတ်မုန့်ကြီးပါ။ အလုပ် လုပ်ခဲ့တဲ့ ၄ နှစ်ကျော် ကာလမှာ ဒုတိယအကြိမ်မြောက် လုပ်ပေးတဲ့ မွေးနေ့ပွဲပါ။ အလုပ်ဝင်တဲ့ နှစ်တုန်းက မွေးနေ့ပွဲ လုပ်ပေးပါတယ်။ အခုနှစ်မှာလည်း မွေးနေ့ပွဲ လုပ်ပါတယ်။ ကြားထဲက ၂ နှစ်မှာတော့ မေ့ထားတာလား မေ့နေတာလား မအားတာလား မသိပါဘူး။ ရုံးမှာ မွေးနေ့ပွဲ မလုပ်တာတော့ အတော်ကြာပါပြီ။

မွေးနေ့ပွဲအတွက် ကျေးဇူးတင်ထိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ မှတ်တမ်းတင် သိမ်းထားလိုက်ပါရစေဗျာ။

Sunday, May 15, 2011

Save 51 lives



မေလ ၁၅ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၇ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။
သွေးလှူပွဲတွေ လုပ်ရင်း တခါတည်း သွေးလှူဖြစ်တာ ဒါနဲ့ဆို ၄ ကြိမ်မြောက် ရှိပြီပေါ့။

Tuesday, May 10, 2011

Merit Employee Award



2010 ရဲ့ လက်ကျန်နှစ်ဝက်အတွက်
အကောင်းဆုံး ရုန်းအားကောင်း နွားကြီးဆု...

Thursday, May 5, 2011

The 3rd Myanmar Literature Talk -SG


ဆရာမ ခင်ခင်ထူးရဲ့ အညာဓလေ့ ရွာဓလေ့

ဆရာချစ်စံဝင်းရဲ့ အမေဟူသည် အလွမ်းသည်

ဆရာဖေမြင့်ရဲ့ ဘဝတိုးတက်ဖို့ စာဖတ်ကြစို့

ဆရာအောင်သင်းရဲ့ ရပ်ဝေးမြေခြား လူငယ်များသို့

စာပေဆွေးနွေးပွဲမှ ဆရာနေဝင်းမြင့်

စာပေဆွေးနွေးပွဲမှ ဆရာအောင်သင်း

Sunday, May 1, 2011

A smile speaks them all



So many languages in the world, and a smile speaks them all.

အပြုံး...

ပကာသန မပါတဲ့ အပြုံး
အမုန်းတရား မပါတဲ့ အပြုံး
တည်ငြိမ်တဲ့ အပြုံး
ရင့်ကျက်တဲ့ အပြုံး
စစ်မှန်တဲ့ အပြုံး
ဖြူစင်တဲ့ အပြုံး
ချစ်ခင်တဲ့ အပြုံး
စေတနာအပြည့်နဲ့ အပြုံး။

Sunday, April 10, 2011

They are lovely birds...


Silver-beaked tanager


Green Honey-creeper


Saffron Finch

ဒီကနေ့ ညပိုင်း RIO ဆိုတဲ့ ကာတွန်းကား သွားကြည့်ဖြစ်ပြီး အရင်တုန်းက ရိုက်ခဲ့တဲ့ ငှက်ပုံတွေကို သတိတရ ရှိတာနဲ့ ဘလော့ဂ်မှာ တင်ထားလိုက်တာပါ။ တကယ်တော့ ငှက်ကလေးတွေက ချစ်ဖို့ အလွန်ကောင်းပါတယ်။ အရောင်အသွေး စုံလင်လှတဲ့ ငှက်တွေရဲ့ အလှ၊ တီတီတျာတျာ အသံပေးနေတဲ့ ငှက်တွေရဲ့ ဘာသာစကား၊ အဲဒါတွေကို ခံစားနားဆင် ရှုမြင်နိုင်ရင် အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့ ရိုးရိုးရှင်းရှင်းလှပနေတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်နေမှာပေါ့လေ။

Sunday, March 6, 2011

Merlion Hotel



စင်္ကာပူရဲ့ အထင်ကရ ရုပ်တုကြီးဖြစ်တဲ့ Merlion လည်း အခပေးတည်းခိုရတဲ့ ဟိုတယ်ဘဝကို ဧပြီလ ၄ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ၃၂ ရက်တာ ပြောင်းလဲရှာရတော့မယ်။ ငါးခြင်္သေ့ရုပ်ကြီးရဲ့ ရှေ့မှာ ၂ ယောက်အိပ် အိပ်ခန်းဆောင်တခုပဲ ပါတဲ့ ဟိုတယ်က တညတာ တည်းခိုခ စင်္ကာပူဒေါ်လာ ၁၅၀ ပါ။ ရေချိုးခန်း အိမ်သာလည်း ပါပါတယ်။ မနက်စာကိုတော့ ဖူလတန်ဟိုတယ်မှာ သွားစားရပါမယ်။ ဈေးကြီးလွန်းတယ်လို့ မဆိုနိုင်တဲ့ စင်္ကာပူဒေါ်လာ ၁၅၀ ကြောင့် ဟိုတယ် Booking လုပ်ထားတာ ၃၂ ရက်စာအပြည့်ပါပဲ။

အခုတော့ ပြင်ဆင်တည်ဆောက်ဆဲ ကာလပေါ့။ မတ်လ ၁၁ ရက်နေ့မှာ တည်ဆောက်ရေး လုပ်ငန်းခွင်ကို အပြီးသပ်ပါမယ်။ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်းမှာတော့ အများပြည်သူ အလည်အပတ် ကြည့်ရှုခွင့်ပြုမယ်လို့ ကြားထားပါတယ်။

ဒီနေ့ မရည်ရွယ်ပဲ အဲဒီအနား ရောက်သွားလို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူထားခဲ့လိုက်တယ်။