"မြန်မြန်လေး မြန်မြန်လေး...
ငါ အိမ်ရှင့် ကလေးတွေကို ကျောင်းသွားကြိုရအုံးမှာ..."
စကာင်္ပူမှာ အိမ်ဖော် အိမ်အကူဆိုတာ မိသားစုတွေကို ကြည့်ရှု စောင့်ရှောက် ကူညီပေးတဲ့ အခန်းကဏ္ဍမှာ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့သူတွေပါ။ အိမ်မှုကိစ္စ သန့်ရှင်းရေး လုပ်တာက အစ... ကလေးတွေကို ပြုစု စောင့်ရှောက်တာ အဆုံး.. အိမ်ဖော်ဆိုတာကို စင်္ကာပူရဲ့ လူနေရပ်ကွက် အိမ်ရာတွေမှာ မြင်တွေ့နေကျ မြင်ကွင်းတစ်ခုအဖြစ် ရိုးရိုးရှင်းရှင်းလေး တွေ့မြင်ရမှာပါ။ အခုတော့ ဆန်းဆန်းပြားပြား ကိစ္စတွေ ရှိလာပါပြီ။ ဘူကစ်ဘတော့ (Bukit Batok) တ၀ိုက်က အိမ်ရာတိုက်ခန်းတွေမှာ အိမ်ဖော်တချို့ အိမ်အလုပ်တွေအပြင် အခြားအလုပ်တွေပါ အပိုဝင်ငွေရဖို့ လုပ်နေကြပါပြီ။
သူတို့တွေထဲက တစ်ယောက်။ အင်ဒိုနီးရှားလူမျိုး အိမ်ဖော်တစ်ဦး။ ရို့စ်လို့ပဲ ခေါ်ကြပါစို့။ အမည်ရင်းတော့ မဟုတ်ပါဘူး။ ဘာတွေ ဆန်းဆန်းပြားပြား လုပ်သလဲဆိုတော့ အိမ်ဖော်အလုပ်အပြင် အချိန်ပိုင်း လိင်ဖျော်ဖြေမှု လုပ်ငန်း ပြည်တန့်ဆာ အလုပ်ကို အပိုဝင်ငွေရတဲ့ လုပ်ငန်းအနေနဲ့ အိမ်အနားတ၀ိုက်က လူလတ်ပိုင်းတွေကို အဓိက ဦးတည်ပြီး လုပ်ကိုင်ပါတယ်။ လူငယ်ပိုင်းတွေတောင် သူတို့ရဲ့ သွေးဆောင် ဖြားယောင်းမှု အောက်က လွတ်ထွက် မရုန်းနိုင်တာတွေ ရှိနေကြပါတယ်။
အသက် ၅၀ နှစ်အရွယ် စီးပွါးရေးသမားတစ်ဦးဖြစ်တဲ့ ဦးဂျေဟာ အသက် ၂၀ အရွယ်ရှိ သူ့သားကို ရို့စ်နဲ့အတူ အိပ်ရာပေါ်မှာ ချစ်ရည်လူးနေစဉ် လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ အလုပ်များလွန်းတဲ့ ဦးဂျေဟာ အိမ်ကို ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်လေ့ရှိပေမယ့် တစ်ရက်မှာ ရို့စ်နဲ့ သူ့သားတို့ရဲ့ အိပ်ခန်းထဲက ဇာတ်လမ်းကို ထိပ်တိုက် ရင်ဆိုင်တိုးမိခဲ့တာပါ။ စိတ်ဆိုးနေတဲ့ ဦးဂျေက ရို့စ်ရဲ့ အလုပ်ရှင်ကို တိုင်ပြောမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပမယ့် တကယ်တမ်းမှာတော့ သူ မလုပ်ရက်ခဲ့ပါဘူး။ သူ ဒီလို လုပ်လိုက်ရင် ရို့စ်တစ်ယောက် လက်ရှိ အိမ်ဖော်အလုပ်ကနေ ပြုတ်သွားမှာပေါ့။ ရို့စ်ကလည်း အဲဒီလို မလုပ်ဖို့ ခခယယ တောင်းပန်ရှာခဲ့ပါတယ်။
ကော်ဖီဆိုင်တွေ၊ ကလေးကစားကွင်းတွေမှာ တချို့သော အိမ်ဖော်တွေဟာ ဟိုတစ်စု ဒီတစ်စု ရှိနေတတ်ပြီး ဖြတ်သွားဖြတ်လာ ယောကျာ်းတွေကို ညုတုတုတွေလုပ်ပြီး မြူဆွယ်ကြပါတယ်။ ရို့စ်နဲ့ သူ့အပေါင်းအဖော် အိမ်ဖော်အချို့ဟာ ၀န်ဆောင်ခအနေနဲ့ ဒေါ်လာ ၄၀ ကနေ ဒေါ်လာ ၆၀ ကြား ယူလေ့ရှိပါတယ်။ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေလည်း ရပ်ကွက်ထဲက ယောကျာ်းသားတွေကို ပေးလေ့ရှိပါတယ်။
သတင်းထောက်တစ်ဦးက ရို့စ်ဖုန်းနံပါတ်ကို ရပြီး အလုပ်ကိစ္စ ပြောဆိုညှိုနှိုင်းဖို့ ချိန်းဆိုခဲ့ပါတယ်။ ရို့စ်က တွေ့ချင်ပေမယ့် ထောက်ခံ ပြောဆို ဆက်သွယ်ပေးတဲ့ ကြားလူမရှိလို့ တွေ့ရမှာ တွန့်ဆုတ်နေပါသေးတယ်။ ရို့စ်က ပြောပါသေးတယ်။ သူ့ကို ဟိုတယ်တွေမှာ ချိန်းရင် မသွားနိုင်ပါဘူး။ တခြားအိမ်ကိစ္စတွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေတတ်လို့ပါ။ သူ့ကို တွေ့ချင်ရင် သူနေတဲ့နေရာ အနားတ၀ိုက်မှာ နေထိုင်နေတဲ့သူ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှ အဲဒီအိမ်မှာ အလုပ် လုပ်ဖြစ်တာပေါ့တဲ့။ ရို့စ်က ထပ်မေးပါသေးတယ်။ အချစ်လေးမှာ ကွန်ဒုံးရော ပါလာသလားတဲ့။ နှစ်ပါးသွားမယ့် ရက်ကတော့ ရို့စ်ရဲ့ လက်ရှိအိမ်ရှင် အလုပ် သွားတဲ့နေ့အပေါ် မူတည်ပါတယ်။
အရှေ့ဂျာဗားမှာ နေထိုင်တဲ့ ကလေး ၃ ယောက်အမေ ရို့စ်ဟာ ခင်မင်ဖွယ် ကောင်းသလို စကားပြောလည်း သွက်ပါတယ်။ လက်ရှိ အလုပ်ရှင်ရဲ့ ကလေးတွေကို နေ့လည်ပိုင်းမှာ ကျောင်းကြိုဖို့ရှိတာကြောင့် သူမရဲ့ နှစ်ပါးသွားအက ဧည့်ခံချိန်ဟာ တိုတောင်းနိုင်ပါတယ်။ ရို့စ်ဟာ ကျောင်းဖွင့်ရက်တိုင်း မနက် ၈ နာရီခွဲမှာ ကလေးတွေကို ကျောင်းသွားပို့ပါတယ်။ အဲဒီလို ကျောင်းပို့ပြီးရင် အလုပ်အားသွားပြီဖြစ်တဲ့ ရို့စ်ဟာ သူရဲ့ ဧည့်သည်တွေကို ဖျော်ဖြေ ဧည်ခံဖို့ အချိန်ရပါတယ်။ ကလေးတွေ နေ့လည် ကျောင်းမဆင်းခင် အချိန်ထိပေါ့။
စကားတွေ ပြောရင်း ဈေးညှိလိုက်တော့ ဒေါ်လာ ၅၀ ပါတဲ့။ သတင်းထောက်က ဆက်မေးပါတယ်။ အခုလိုမျိုး ပြည့်တန်ဆာ အလုပ်ကို လုပ်ကြတဲ့ ငယ်ငယ်ရွယ်ရွယ် အိမ်ဖော်လေးတွေရော မရှိကြဘူးလားတဲ့။ ရို့စ်က ပြန်ဖြေပါတယ်။ ဒီအိမ်ရာစခန်းမှာနေတဲ့ သူ့အသိ အိမ်ဖော်အချို့လည်း အခုလို အလုပ်တွေကို လုပ်ကြပါတယ်။ ဒါပေမယ့် မိတ်ဆက်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲဒီလို မိတ်ဆက်ပေးလိုက်ရင် ငါ့ဖောက်သည်တွေက ငါ့ဆီကို ပြန်မလာကြတော့ဘူး။ အဲဒီတော့ ငါ ပိုက်ဆံ ဘယ်ရတော့မလဲတဲ့။
စင်္ကာပူမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်တာ ၅ နှစ်နီးပါးရှိပြီဖြစ်တဲ့ ရို့စ်ရဲ့ ဖောက်သည်တွေက အသက်ကြီးပိုင်း အမျိုးသားတွေ များပါတယ်။ ရို့စ်ရဲ့ ပုံမှန်ဖောက်သည်တစ်ဦးက ကြေးကြီးကြီး ဈေးကောင်းပေးသလို လက်ဆောင်တွေလည်း ပေးတတ်ပါတယ်။ အခုတော့ သူက ဝေးတမြေခြားကို ပြောင်းရွှေ့နေထိုင်သွားပါပြီ။ အကယ်လို့များ ရို့စ်ရဲ့ဝန်ဆောင်မှုကို သဘောကျရင် အချိန်မရွေး ဖုန်းဆက်ခေါ်ပါ။ နောက်ပိုင်းတွေမှာ ခေါ်တဲ့အခေါက်တိုင်း ပိုက်ဆံ ပေးစရာ မလိုပါဘူး။ ပျော်ရွှင်မှုတွေပဲ ပေးချင်တာပါလို့ ရို့စ်က ဖြည့်စွက် ပြောပါသေးတယ်။
ဈေးစကားပြောပြီး တကယ်လုပ်ငန်းစဖို့ အိမ်ပေါ်တက်ကြရအောင် လုပ်တဲ့အချိန်မှာ သတင်းထောက်ဆီကို ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း ဖုန်းခေါ်သံတစ်ခု ၀င်လာပါတယ်။ မိသားစုဝင် တစ်ယောက် အခုဒီအိမ်ကို လာနေတာဖြစ်လို့ နှစ်ပါးသွားဖို့အတွက် မဖြစ်နိုင်တော့ဘူးဆိုတာ ပြောပြပြီး နောက်တစ်နေ့ကို အစီအစဉ် ပြောင်းလိုက်ပါတယ်။ ရို့စ်ကလည်း ရက်ရွှေ့ဆိုင်းပေးဖို့ သဘောတူပေးပါတယ်။ သူ့အလုပ်ကို သူယူထားတဲ့ ငွေကြေးနဲ့တန်အောင် ကျေနပ်အောင် လုပ်ပေးမယ် ဆိုတဲ့အကြောင်း... ထွက်မပြေးပါဘူး ဆိုတဲ့အကြောင်း... သေချာ မှာသွားခဲ့ပါသေးတယ်။
နောက်တစ်ရက်မှာ ရို့စ်ကို ဖုန်းဆက်ပြီး သူ ဘယ်သူဘယ်ဝှါ ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါတော့တယ်။ ဘာကြောင့် အခုလို အလုပ်မျိုးကို လုပ်ရတာလည်း ဆိုတာကိုလည်း တခါတည်း မေးခဲ့ပါတယ်။ ပထမတော့ ရို့စ် မဖြေပါဘူး။ အချိန်အတော်ကြာလေး စွံ့အနေပါတယ်။ ခဏကြာတော့ ရို့စ်က ပြောပါတယ်။
"ငါ့ယောကျာ်းက ၂၀၀၀ ခုနှစ်က ဆုံးသွားပါပြီ။ ငါ့မိသားစုကို ထောက်ပံ့ဖို့ ငါတစ်ယောက်ပဲ ကျန်တော့တယ်။ တစ်လကို အိမ်ဖော် လစာ ၃၅၀ ဒေါ်လာဆိုတာ ငါ့အိမ်အတွက် မလောက်ငှတဲ့ ၀င်ငွေတစ်ခုပါ...."
အဲဒီလို ပြောပြီး ရို့စ် ဖုန်းချသွားပါတယ်။
Ref: The news paper on Sunday
March 15, 2009 Page 2