.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Wishes. Show all posts
Showing posts with label Wishes. Show all posts

Sunday, December 31, 2017

The summary of my 2017

2017 ဆိုတဲ့ နှစ်ကတော့ မကြာခင် အချိန်အတွင်းမှာ ကုန်ဆုံးပြီး 2018 ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းပါတော့မယ်။

2017 အတွင်းမှာ ကိုယ့်အနေနဲ့ ဘာတွေ လုပ်ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်ပြောင်းစဉ်းစားကြည့်ရင်တော့...
၁။ ကျန်းမာရေးကို အလေးထားလာတယ်။ နှစ်လယ်ပိုင်းနောက်ပိုင်းမှာ လေ့ကျင့်ခန်းကို အချိန်ပေး လုပ်ဖြစ်လာတယ်။ အဆီအစိမ့်နဲ့ အချိုစားတာကို တတ်နိုင်သလောက် ရှောင်ဖြစ်လာတယ်။ အဲဒီအတွက် အကျိုးရလဒ်က ကိုယ်အလေးချိန်နဲ့ ခါးဆိုဒ် ကျသွားတယ်။

၂။ ပန်းချီကားတွေကို စတင် ဝယ်ယူ စုဆောင်းဖြစ်လာတယ်။ စုစုပေါင်း ပန်းချီကား ၄ ကား ဝယ်ဖြစ်ခဲ့တယ်။ ပန်းချီကားတွေကို ကြည့်ရှု ခံစားတတ်လာတယ်။ ပန်းချီပြပွဲတွေ ကြုံခဲ့ရင်လည်း ဝင်ကြည့်တတ်လာတယ်။

၃။ မိသားစုနဲ့အတူ ပြည်ပခရီး ၃ ကြိမ် ထွက်ဖြစ်ခဲ့တယ်။ မလေးရှားက ကုန်းမြင့်ဒေသ၊ ဗီယက်နမ်က ပင်လယ်ကမ်းခြေ၊ ပြီးတော့ မလေးရှားနဲ့ စကာင်္ပူကြားက ပင်လယ်ပြင်ခရီး။ အပျော်စီး ပင်လယ်ကူးသင်္ဘောနဲ့ ခရီးထွက်ဖြစ်တာက အမှတ်တရပါပဲ။

၎။ အလုပ်နဲ့ ပတ်သက်ရင် လက်ရှိတာဝန်တွေအပြင် တာဝန်အသစ်တွေ ယူလာဖြစ်တယ်။ အလုပ်တာဝန်အသစ်ကြောင့် အတွေ့အကြုံအသစ်တွေ ရသလို စိတ်ရှုပ် ခေါင်းခြောက်ရတယ်။ ဒီလိုပဲ အလုပ်ကနေ လေ့လာ သင်ယူရမှာပဲ။

၅။ ငယ်ငယ်က နေခဲ့တဲ့ကျောင်းက ဆရာမတွေနဲ့ သူငယ်ချင်းအချို့ တွေ့ဆုံပွဲအနေနဲ့ နေ့လည်စာ ထမင်းပွဲလေးကို လုပ်ဖြစ်တယ်။ ပင်စင်ယူထားတဲ့ ဆရာမတွေလည်း အချင်းချင်း ပြန်ဆုံရသလို တပည့်အချို့နဲ့လည်း ပြန်ဆုံရတာပေါ့။ ဆရာကန်တော့ပွဲကို မရောက်နိုင်တဲ့အတွက် ဆရာမတွေကို တခါတည်း ကန်တော့ဖြစ်ခဲ့တယ်။

၆။ ရန်ကုန်ရောက်တုန်း နာမကျန်းတဲ့ အဘွားကို အချိန်ပေးဖြစ်တယ်။ နေ့တိုင်းလိုလို မရောက်ပေမယ့် မကြာခဏ ရောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ ဆေးရုံမှာ ရှိတုန်းကလည်း ရှိသလို... အိမ်မှာ ရှိတော့လည်း ရှိသလို... လိုအပ်တာတွေ လုပ်ပေးပြီး ပြုစုပေးဖြစ်ခဲ့တယ်။

၇။ မရောက်တာ ဆယ်စုနှစ်အကြာ ရှိပြီဖြစ်တဲ့ အစိုးရရုံးတွေကို စာရွက်စာတမ်းကိစ္စအတွက် ရောက်ဖြစ်ခဲ့တယ်။ တိုးတက် ကောင်းမွန်သင့်သလောက် မပြောင်းလဲနိုင်သေးတာနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဟာကွက်တွေ ရှိတာကို တွေ့ခဲ့ရတယ်။

မကြာခင် ရောက်လာမယ့် 2018 မှာ ကိုယ့်အတွက် လတ်တလောမှာ အရေးကြီးဆုံးကတော့ ရက်စွဲတပ်တဲ့အခါ 2017 လို့ မှားမရေးမိစေဖို့ပဲ။ ပြီးရင်တော့ စာများများဖတ်ဖြစ်ဖို့ ကျန်းမာရေးလိုက်စားဖို့။ မိသားစုနဲ့ ခရီးထွက်ဖြစ်ဖို့လည်း အရေးကြီးတယ်။

2018 မှာ အတ္တဟိတနဲ့ ပရဟိတကိုလည်း မျှတအောင် လုပ်ရမယ်။ ဝေးဝေးနေသင့်တဲ့ သူတွေရဲ့ အဝေးကြီးမှာ နေဖို့လည်း ကြိုးစားရမယ်။ အချိန်တန်ရင်လည်း ကိုယ့်လမ်း ကိုယ်လျှောက်ရတာပဲလေ။ မလိုအပ်တဲ့ အသေးအမွှားကိစ္စတွေကိုလည်း ခေါင်းထဲကနေ ထုတ်ထားရမယ်။

Health first, wealth later. Make your and your family's health a priority this year. Have a healthy new year 2018.

Saturday, December 23, 2017

How to grow the reading habit?

စာတွေ ဖတ်ဖြစ်ဖို့ဆိုတာ တကယ်တော့ လွယ်တော့ မလွယ်ဘူး။ ဒါပေမယ့် ခက်လည်း မခက်ပါဘူး။
ဘယ်စာအုပ်တွေကို ဖတ်ရကောင်းမှန်း သိဖို့ဆိုတာ စာစဖတ်တဲ့သူအဖို့ ခက်တယ်။

စာမဖတ်တဲ့သူငယ်ချင်းတွေကို စာဖတ်ဖို့ တိုက်တွန်းရင် ဘယ်စာအုပ် ဖတ်ရမလဲ ဆိုတာပဲ မေးကြတယ်။
ကိုယ်ကတော့ ဘယ်စာဖြစ်ဖြစ် တခုခုကို စ ဖတ်လိုက်ပါလို့ပဲ အကြံပေးတယ်။ သိုင်းဝတ္ထု အချစ်ဝတ္ထုတွေ ဖတ်လည်း အဆင်ပြေတယ်။ အဲဒီကနေ စာဖတ်အား ရလာလိမ့်မယ်။

စာဖတ်အားရလာရင်း တဖြည်းဖြည်းနဲ့ တခြားစာတွေကိုပါ ဖတ်လာလိမ့်မယ်။ ရသစာပေ သုတစာပေတွေ ရှာဖွေဖတ်လာလိမ့်မယ်။ တချို့စာအုပ်တွေက ဘယ်စာအုပ်က ဘယ်လို... ဘယ်စာသားလေးက ဘယ်စာအုပ်က ဆိုတာမျိုးတွေ ပြန်ညွှန်းထားတာတွေ ရှိတယ်။ အဲဒီလိုကနေ အစဆွဲမိပြီး အဲဒီစာအုပ်တွေ လိုက်ရှာဖွေ ဖတ်ဖြစ်တယ်။

စာဖတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းကလည်း သူတို့ ဖတ်ဖြစ်တဲ့ ဖတ်နေတဲ့ စာအုပ်အညွှန်းလေးတွေ ရေးကြတယ်။ အဲဒီအမြည်းတွေ လိုက်ဖတ်ရင်းနဲ့ သူတို့ညွှန်းတဲ့ စာအုပ်ကို လိုက်ရှာဖွေ ဖတ်ဖြစ်တယ်။

ငယ်ငယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား၊ မင်္ဂလာမောင်မယ်၊ မြတ်မင်္ဂလာ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ပြီးတော့ ပုံပြင်စာအုပ်တွေ ဖတ်တယ်။ ၇ တန်း ၈ တန်းလောက်မှာ သိုင်းဝတ္ထုတွေကို အတွဲလိုက် ပြီးအောင် ဖတ်တယ်။

ဆယ်တန်း ဖြေပြီးတဲ့နောက် အချစ်ဝတ္ထုတွေ ဖတ်တယ်။ လမင်းမိုမို၊ လွန်းထားထား၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ မောင်လှမျိုး (ချင်းချောင်းခြံ) ရေးတဲ့ ဝတ္ထုစာအုပ်တွေကို စာအုပ်အငှားဆိုင်မှာ တင်ထားသမျှ နေ့စဉ်နီးပါး ငှားဖတ်ခဲ့တယ်။

အဲဒီကနေ ချစ်နိုင် (စိတ်ပညာ) ရေးတဲ့ ချစ်လို့ ပြောတာ မှတ်ပါ ကို ဖတ်မိတယ်။ အဲဒီစာအုပ်ထဲမှာ ညွှန်းထားတဲ့ စာအုပ်တွေကို လိုက်ရှာဖတ်ရင်း ဂျူးကို စ ဖတ်မိတယ်။ ပြီးတော့ မိုးမိုး (အင်းလျား)၊ မစန္ဒာ၊ ဂျာနယ်ကျော်မမလေး၊ လယ်တွင်းသား စောချစ်၊ ဖေမြင့်၊ ဦးနု၊ မြသန်းတင့်၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝရဲ့ စာအုပ်တွေ ဖတ်ဖြစ်လာတယ်။ အထုပ္ပတ္တိတွေ အရေးများတဲ့ တက္ကသိုလ်စိန်တင်ရဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်လာတယ်။

ပြောချင်တာက စာဖတ်အား ရလာတာနဲ့အမျှ စာအုပ်တွေ ရှာဖွေ ဖတ်ဖြစ်လာပါမယ် ဆိုတာပဲ။ လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝကြီးထဲမှာ တနေ့ကို အချိန် နည်းနည်းရသမျှ စာလေး ရသလောက် ၄ မျက်နှာ ၅ မျက်နှာလောက်ကို ဖတ်ရင်း ဖတ်ရင်းနဲ့ မပြည့်တဲ့ အိုးတွေကို ဖြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Sunday, December 25, 2011

Happy Christmas 2011



ပျော်ရွှင်ဖွယ် ခရစ်စမတ် အချိန်သမယလေး ဖြစ်ပါစေဗျာ...

Merry Christmas & Happy New Year.
Wish you happy and healthy many years ahead.

Saturday, December 24, 2011

Balloon of wishes



နှစ်သစ်ကူးခါနီးအချိန်ရောက်တိုင်း Marina Bay က ရေပြင်ကျယ်ကြီးမှာ ထုံးစံအတိုင်း တောင်းဆုချွေတဲ့ ဘောလုံးဖြူဖြူတွေ ဖွေးဖွေးလှုပ်နေပါပြီ။

ရင်ထဲက ဆန္ဒတွေ တောင်းဆုတွေ ပြည့်ဝခဲ့မယ်ဆိုရင်...
မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ပါစေလို့ပဲ။

တကယ်ပါ... မွေးရပ်မြေလောက် ချစ်စရာကောင်းတဲ့ နေရာမရှိပါဘူး။
အခြေအနေနဲ့ အချိန်အခါအရ ဝေးတမြေခြားကို ရောက်နေပေမယ့်
စိတ်အစဉ်က အမိမြေရဲ့ ရင်ခွင်ကိုပဲ တမ်းတလွမ်းဆွတ်နေမိတယ်။

မြန်မာပြည်ကြီးသာ ငြိမ်းချမ်းသာယာ တိုးတက်လာရင်...
အဝေးရောက်နေတဲ့ သားတွေ သမီးတွေအတွက်
အိမ်အပြန်လမ်းက ကတ္တီပါကော်ဇောနီ မခင်းထားလည်း
အလျင်အမြန် လှမ်းနေတဲ့ အပြန်ခြေလှမ်းတွေအတွက် အဆင်ပြေနေမှာပါပဲ။

Wednesday, February 2, 2011

The red



တရုတ်တွေ သိပ်ကြိုက်ကြတဲ့
အနီရောင်ကို နောက်ခံထားပြီး
သူများတွေပြောတဲ့အတိုင်း လိုက်ပြောလိုက်မယ်
Gong Xi Fa Cai ပါခင်ဗျာ။

Saturday, April 17, 2010

New year wishes



မြန်မာ့နှစ်ကူး အခါသမယမှာ
အနှစ်နှစ် အလလက
မျှော်လင့်ချက်တွေ ပြည့်ဝနိုင်ပါစေ...

Friday, August 28, 2009

More than 22

နှစ်ဆယ့်နှစ်ထက် ပိုများတယ်လို့ ဖတ်မိကြမလားပဲ။ တကယ်တော့ နှစ်ဆယ့်နှစ် မဟုတ်ပါဘူး။ တူးတူးပါ။ မိဆိုး သီချင်းကိုဆိုတဲ့ အဆိုတော်တော့ မဟုတ်ပါဘူး။ ပိုများတယ်ဆိုတာကလည်း သာသွားတယ်ပေါ့။ အားလုံးကို ပြန်ချုပ်လိုက်ရင် အဖြေကတော့ တူးတူးသာပါ။

အဲဒီ တူးတူးသာဆိုတာ စာရေးဆရာမပေါက်စ ဆိုပဲ။ ပေါက်စဆိုတာ ဗလသိပ်မကြီးဘူးလို့ ပြောချင်တာပါ။ သေချာတာကတော့ သူရေးခဲ့တာတွေကို တစ်ခါမှ မဖတ်ခဲ့မိပါဘူး။ မဖတ်မိတာလည်း သိပ်ပြီးမဆန်းလှပါဘူး။ ကျွန်တော်က မဂ္ဂဇင်းတွေမှ မဖတ်တာ။ သူက မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ရေးတာဆိုပဲလေ။ ဂျာနယ်ကလည်း နိုင်ငံတကာအကြောင်းတွေပါတဲ့ဂျာနယ်တွေနဲ့ ဘောလုံးဂျာနယ်တွေလောက်ပဲ ဖတ်ဖြစ်တာ။ ကုမုဒြာတော့ ဖတ်ဖြစ်တယ်။ တခါတလေ ဈေးကြီးကြီးပေးရတဲ့ မြန်မာတိုင်းမ်ကို ၀ယ်ဖတ်ဖြစ်တယ်။

အမှတ်မထင် ဘ၀မှာ သူနဲ့ သိကျွမ်းခွင့်ရလိုက်တယ်။ တခြားကလောင်နဲ့ ရေးတဲ့ စာတွေကို သဘောကျမိလို့ အဲဒါကို သိတဲ့သူအချို့က မိတ်ဆက်ပေးခဲ့တယ်။ ထုံးစံအတိုင်း တည့်လှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူလည်း ငပေ ကျွန်တော်လည်း ငတေ ဆိုတော့ အဆင်တော့ ပြေနေတာပဲ။ သူက ငပေဆိုတဲ့ အဆင့်ထက် ပိုမြင့်သွားတာက ငပေါဂေဟာကြီးမှာ ငပေါနာယကပါ လုပ်လိုက်သေးတယ်။ ကျွန်တော့်ကိုတောင် သူတို့လို မပေါတတ်လို့ သနားမိတယ် ဆိုပဲ။

အရင်တုန်းကတော့ သူ့အလုပ်မှာ နည်းနည်းအားနေပုံပဲ။ အမြဲတမ်း စိမ်းနေတတ်တယ်။ အဲဒီအချိန်တုန်းက စကားတွေ ပြောဖြစ်တယ်။ ဟိုရောက် ဒီရောက်ပါပဲ။ ငြင်းလိုက် ခုန်လိုက် ကိုက်ကြတာပေါ့။ သူ စင်္ကာပူကို လာလည်တုန်းကလည်း တွေ့ဖြစ်လိုက်သေးတယ်။ မုန့်လိုက်ကျွေးပါဆိုလို့သာ သွားကျွေးရတာ သူ့ကိုလည်း မမြင်ဖူးဘူး။ သူကလည်း ကျွန်တော့်ကို မမြင်ဖူးဘူး။ ညစာကျွေးတော့လည်း ကုန်အောင် မစားနိုင်ဘူး။ ပိုနေတာတွေ အများကြီး။ ပြောတော့ လေတစ်လုံး မိုးတစ်လုံးနဲ့ တမုန်းဆွဲမယ် စားမယ် သောက်မယ်ဆိုပြီး တကယ်တမ်းကျတော့ ချိုမိုင်မိုင် ကပြသွားတယ်။

အဲဒီနောက်ပိုင်းတော့ မအားရှာတော့ဘူး။ နီနေတာ များတယ်။ ကျွန်တော်ကလည်း စိမ်းနေတတ်တဲ့သူတွေ နီနေရင် သိပ်ပြီး အာလူး မပေးချင်ဘူး။ သူတို့ တကယ်ကို အလုပ်တွေများပြီး မအားရှာဘူးလို့ပဲ မြင်မိလို့ မနှောင့်ယှက်တော့ဘူး။ သူ့ဘလော့မှာလည်း စာ သိပ်မရေးတော့ဘူး။ သူ့ရဲ့ တခြားကလောင်ခွဲကိုလည်း သိပ်မမြင်ရတော့ဘူး။ ဂီတာပဲ တီးနေသလား။ ကက်ဆက်ကို စောင်ကြမ်းကြီးအုပ်ပြီး သီချင်းပဲ သွင်းနေသလား။ ဘာတွေ ရှုပ်ပြီး ဘာတွေ လုပ်နေလဲတော့ သူပဲ သိမှာပါ။ ကျွန်တော်လည်း မမေးပါဘူး။

သူ့ဘလော့မှာ ၂၀၀၈တုန်းက တင်ထားတဲ့ အမှတ်တရရက်စွဲများ-၂ကို ဖတ်ပြီးတော့ “ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ... နာသည်ဖြစ်စေ အိုသည်ဖြစ်စေ... တယောက်ကိုတယောက် သေတပန်သက်တဆုံး ချစ်ခင်ပါမည်ဟု ကတိပြုပါသည်” ဆိုတဲ့ ခရစ်ယာန်ဘာသာဝင်တွေ မင်္ဂလာဆောင်တဲ့အချိန်မှာ အပြန်အလှန် ဂတိက၀တ်ပြုတဲ့ စာသားလေးကို သဘောကျကြောင်း ပြောမိသေးတယ်။ ကျွန်တော် မင်္ဂလာဆောင်တဲ့အခါ အဲဒီလိုမျိုးလေး လုပ်လို့ရသလားဆိုတာ မေးဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ ခရစ်ယာန် မဟုတ်ပါဘူး။

ဒီနေ့က သူ့မွေးနေ့ပါ။ ရှေ့ရက်တုန်းက သူ့အစ်ကို ကိုနောင်ကြီးရဲ့ မွေးနေ့ဆိုပဲ။ သူ့မွေးနေ့အတွက် အထူးစပါယ်ရှယ် ဒီစာကို တကူးတက ရေးလိုက်တာတော့ မဟုတ်ပါဘူး။ သူက ဘာမို့လို့ မွေးနေ့အတွက် အမှတ်တရ ပို့စ်ရေးတင်ရသလဲ မေးချင်နေတဲ့သူတွေရှိခဲ့ရင် အဖြေကတော့ ကျွန်တော်ဇူလိုင် လုပ်ချင်တာကို လုပ်တတ်ပါတယ်။ သူကတော့ ဘာမှမဟုတ်ပါဘူး။ အဖြေက ရှင်းပါတယ်နော်။

မတူးတူးသာရေ... မွေးနေ့အမှတ်တရလေး ဆုတောင်းပေးလိုက်ပါတယ်။
အေးအတူ ပူအမျှ... မိသားစုဘ၀လေးမှာ ပျော်ရွှင်ကြည်နူး ပေါတောတော နေနိုင်ပါစေဗျာ။

Thursday, January 1, 2009

New Year Wish 2009



When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!

Thursday, June 19, 2008

The Holy Angel

အန္တရာယ်လေပြင်းက
ပန်းသီချင်းတွေဖြစ်ပါစေ...။

တီတာတာဒုက္ခမိုးတို့
လိုရာမတိုးဖြစ်ပါစေ...။

စုပေါင်းကျတဲ့မျက်ရည်တွေ
မွှေးမြစမ်းရေဖြစ်ပါစေ...။

ကျန်းမာသောလောကမှာ
ပါဝင်ရသူဖြစ်ပါစေ...။

မာကျောတဲ့နွေအဝေးမှာ
စေလိုရာစေဖြစ်ပါစေ...။

ပါပဂြိုဟ်ဆိုးတို့ရဲ့
ခင်တွယ်မဲ့သူဖြစ်ပါစေ...။

စေတနာမိုးများကြောင့်
ဗျာပါကင်းသူဖြစ်ပါစေ...။

ဒီကဗျာလေးက ၂၀၀၇ ခုနှစ်က အန်တီစုမွေးနေ့အတွက် နေးတစ်မြန်မာဖိုရမ်မှာ ကိုမင်းအို ရေးတင်ခဲ့တဲ့ ကဗျာလေးပါ။ ဒီနှစ် ၂၀၀၈ မှာတော့ ကိုမင်းအိုတစ်ယောက် အန်တီစုမွေးနေ့အတွက် ကဗျာရေးတင်ဖို့ အခွင့်မသာသေးပါဘူး။ ဒါနဲ့ပဲ ၂၀၀၇ မှာ ကိုမင်းအိုရေးခဲ့တဲ့ ကဗျာလေးကိုပဲ မွေးနေ့အမှတ်တရအနေနဲ့ ပြန်လည် ဖော်ပြလိုက်ပါတယ်။

တစ်လက်စတည်း ပြောလိုတာက... အန်တီစု ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ကျွန်တော် အမြင်တွေ မကြည်လင်ခဲ့ပါဘူး။ ၈၈ ဆိုတဲ့အချိန်မှာ မူလတန်းကျောင်းသား ကျွန်တော်... ၉၀... ၉၁ ဆိုတဲ့အချိန်မှာ အလယ်တန်းကျောင်းသားလေး ကျွန်တော်... ဘာဆိုဘာမှ သိခဲ့တဲ့သူ မဟုတ်ခဲ့ပါဘူး။ အန်တီစု ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာပဲ သိခဲ့တယ်။ ငယ်ငယ်ကတည်းက ဖတ်စရာအနေနဲ့ လက်လှမ်းမှီခဲ့တာက နိုင်ငံပိုင်သတင်းစာတွေ... လုပ်သားတို့ ကြေးမုံတို့ပေါ့။ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်ဆိုတာ နေ့တိုင်း ငှားဖတ်နိုင်ခဲ့တာ မဟုတ်ဘူးလေ။ အခုလို အင်တာနက်ဆိုတာကြီးကိုလည်း အိမ်မက်တောင် မမက်ခဲ့ပါဘူး။

အဲဒီ သတင်းစာမှာ ရေးတဲ့ ခေါင်းကြီးပိုင်းတို့ ဆောင်းပါးတို့ကို အခြားသတင်းတွေထက် အဖတ်များခဲ့တယ်။ သတင်းတွေက လူကြီးတွေ ဟိုသွားတယ် ဒီသွားတယ် ဆိုတာကြီးတွေက ဖတ်ရလွန်းပြီး ခေါက်ရိုးကျိုးနေလို့ ဓါတ်ပုံကြည့်လိုက်တာနဲ့ သတင်းမှာ ဘာရေးမယ်ဆိုတာကိုတောင် ခန့်မှန်းနိုင်တယ်လေ။ ဒါနဲ့ သတင်းစာက ဆောင်းပါးတွေကိုပဲ အဖတ်များခဲ့တယ်။ ဆောင်းပါးတွေထဲမှာ ရေးတဲ့အတိုင်း အန်တီစုဟာ... အဖေမျက်နှာကိုမှ မထောက်... ကိုယ်နိုင်ငံကို ကျွန်လုပ်သွားတဲ့ မျက်နှာဖြူ အင်္ဂလိပ်နဲ့ လင်တော်ထားတယ်။ ပြည်ပမှာပဲ အနေများခဲ့တယ်။ အဖြူကောင်လေး ၂ ယောက်ကို မွေးထားတယ်။ ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ပြည်တွင်းရေးကို ခြယ်လှယ်နေတယ်။ ဒေါ်လာတွေစားပြီး နိုင်ငံရေး လုပ်နေတယ်။ ပုဆိန်းရိုးတို့ ဘာတို့ ညာတို့တွေကို ဖတ်ရတာ အတော်များခဲ့ပါတယ်။ အဲဒါနဲ့ပဲ... သြော်... ဒီအန်တီကြီး အတော်ဆိုးပါလား ပေါ့.. ကလေးပီပီ တွေးခဲ့မိပြီး သူ့အပေါ် အမြင်မကြည်ခဲ့ပါဘူး။ ကလေးတွေအပေါ်ကို မီဒီယာရဲ့ လွှမ်းမိုးမှုက အတော်ရှိခဲ့ပါလားဆိုတာ သက်သေတစ်ခုပါပဲ။

အခုတော့ အရွယ်ကလည်း ရောက်လာပါပြီ။ အတွေ့အကြုံကလည်း များလာပါပြီ။ အင်တာနက်ကနေ ဖတ်ရှုလေ့လာခဲ့တာတွေလည်း ရှိခဲ့ပါပြီ။ သတင်းစာတွေရဲ့ အရေးအသားရယ်... အင်တာနက်မှာ တင်ထားတဲ့ ဆောင်းပါးတွေ စာတွေရဲ့ အရေးအသားတွေရယ်... အဲဒီနှစ်ခုက အစွန်း ၂ ဘက်ကို ရှောင်ပြီး အလယ်အလတ်မှာရှိတဲ့ အမှန်တရားတွေကို ရှာဖွေကြည့်မိတဲ့အခါ အန်တီစုဟာ ကျွန်တော် ထင်ခဲ့သလောက် မဆိုးခဲ့ပါဘူး။ တိုင်းပြည်အတွက် သူမလုပ်ခဲ့တာ မှားတာ မှန်တာတွေ... သူမဘာတွေ လုပ်ခဲ့လဲ... ဘာတွေ ဆက်လုပ်နေလဲ... ဆိုတာတွေထက်... နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို အားထုတ်ယူရမှာပါ။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။

ဒါကြောင့် ကိုမင်းအိုရဲ့ ကဗျာလေးအတိုင်း အန်တီစု ကျန်းမာပါစေ..... ပန်းလိုမွှေးပါစေ ခင်ဗျာ..... လို့ မွေးနေ့မင်္ဂလာမှာ ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါတယ် ခင်ဗျာ။

Tuesday, December 25, 2007

Merry Christmas




May you find this Christmas inner peace
Equal to the patient love you give,
Releasing all the pain you can release,
Renewing all the grace with which you live.
Yearnings may you turn to rhapsodies,
Choosing to find happiness in beauty,
Holding in their haunting melodies
Riches that sustain your sense of duty.
In anger may you find an evening star
Showing you the way to Bethlehem.
The angels that watch naked from afar
May you hear sing of who would none condemn.
As all you love are blessed in having you
So may you feel the joy in all you do.

Thursday, November 29, 2007

Ludu Daw Amar's Birthday

ဒီနေ့ဟာ အမေလူထုဒေါ်အမာရဲ့ အသက် ၉၂ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်...။
အမေ သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

လူထုဒေါ်အမာ၊ လူထုဦးလှ၊ လူထုစာအုပ်တိုက်၊ လူထုသတင်းစာတို့ဟာ ကျွန်တော်တို့အတွက် မမေ့သင့်သော နာမည်များဖြစ်ပါတယ်။ ဦးလေးလှလို့ စာပေနယ်ကလူအတော်များများ ခေါ်ကြတဲ့ ဦးလှဟာ ကြီးပွားရေး စာအုပ်တိုက်ထောင်၊ ကြီးပွားရေးမဂ္ဂဇင်းထုတ်ပြီး လူငယ်တွေအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးဖို့ ကြံဆခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း လူထုစာအုပ်တိုက်ထောင်၊ လူထုသတင်းစာကို ထုတ်တဲ့နောက်မှာ လူထုဦးလှရယ်လို့ နာမည်တွင်ပါတယ်။ အမေဒေါ်အမာကတော့ လူထုဦးလှရဲ့ ဇနီးလည်းဖြစ်တယ်... လူထုသတင်းစာနဲ့ လူထုစာအုပ်တိုက်တွေမှာလည်း စာပေရေးသားခဲ့သူမို့ လူထုဒေါ်အမာလို့ နာမည်ကြီးခဲ့ပါတယ်။ အမေဟာ ကွန်မြူနစ်ဘက်ကိုလည်းမလိုက်၊ ဆိုရှယ်လစ်ဘက်ကိုလည်းမပါ၊ လက်ယာ အစွန်းရောက်လည်း မဖြစ်ခဲ့ပါဘဲ၊ တိုင်းပြည်နဲ့လူမျိုး ကြီးပွားတိုးတက်ဖို့၊ တိုင်းသူပြည်သားတွေ သာယာဝပြောဖို့အတွက် ဆိုတဲ့ဘက်ကနေသာ တစ်သက်လုံး ရပ်တည်ရေးသားခဲ့သူဖြစ်ပါတယ်။ အမေဟာ မည်သူက ငြိုငြင်သည်ဖြစ်စေ လူထုအကျိုးရှိမယ်ဆိုရင် စာတစ်ပိုဒ် စာတစ်ပုဒ် ရေးသားဖို့ ၀န်လေးသူ မဟုတ်ပါဘူး။ သမိုင်းအဆက်ဆက်ကို ဖြတ်သန်းခဲ့သူမို့လည်း အမေ့ရဲ့ အတွေ့အကြုံတွေအရ အမေဟာ မှန်တဲ့ဘက်က ဘယ်ဟာဆိုတာကို ခေတ်အဆက်ဆက်မှာ မီးမောင်းထိုးပြနိုင်ခဲ့သလို မှန်တဲ့ဘက်မှာ ရပ်ရဲတဲ့စိတ်ကိုလည်း အများအတွက် နမူနာပြ ရပ်တည်ပြနိုင်ခဲ့သူဖြစ်ပါတယ်။ အမေ့ရဲ့ အားထုတ်မှုကြောင့် ဖြစ်လာခဲ့တဲ့ စာအုပ်တွေဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ယဉ်ကျေးမှုအတွက် အမွေအနှစ်ကောင်းတွေ မှတ်တမ်း မှတ်ရာကောင်းတွေအဖြစ် အမြဲတန်ဖိုးထား သိမ်းဆည်းရမယ့် စာအုပ်တွေဖြစ်တယ်ဆိုတာကို မည်သူကမျှ မငြင်းနိုင်ပါ။

အမေဟာ အသက်အရွယ်ကြီးလာပြီး အသက် ၈၀ ၀န်းကျင်ကို ရောက်လာတဲ့အခါကစလို့ ကလျာမဂ္ဂဇင်းမှာ အမေ့ရှေးစကားဆိုပြီး ဆောင်းပါးတိုလေးတွေ လစဉ်ရေးသားခဲ့ပါတယ်။ အမေ့အသက်အရွယ်အရ အမြင်မတော်တဲ့ ၀တ်စားဆင်ယင်မှုလေးတွေ၊ အနေအထိုင်အပြောအဆိုလေးတွေ၊ ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုအမွေလေးတွေကို ရေးသားသလို တခြား သိသင့်သိရာလေးတွေကိုလည်း လစဉ်ရေးသား ပေးခဲ့ပါတယ်။ ၁၃ နှစ်ခန့် ရေးသားခဲ့ပါတယ်။ ဆောင်းပါးတွေကို စာအုပ်အဖြစ် ပြန်ထုတ်တော့လည်း အတွဲသုံးတွဲ ခွဲပြီးတောင် ထုတ်ခဲ့ပါတယ်။

အမေ့ရှေးစကား ဆောင်းပါးပေါင်းချုပ်စာအုပ် တတိယတွဲရဲ့ အမှာစာမှာ အမေက ဒီလိုရေးသားခဲ့ပါတယ်။
"ပထမအုပ်တုန်းက ကျွန်မဆောင်းပါး အပုဒ် ၄၀ ပါတယ်။ ဒုတိယအုပ်မှာလည်း ကျွန်မဆောင်းပါး အပုဒ် ၃၉ ပုဒ်ပါတယ်။ ဒီတတိယအုပ်မှာတော့ နောက်ထပ် စတုတ္ထတွဲထုတ်နိုင်မယ့် အလားအလာမရှိတော့လို့ အပုဒ်ပေါင်း ၅၉ပုဒ်ပါတယ်။

ဒေါ်ကလျာထုတ်ဝေတဲ့ ကလျာမဂ္ဂဇင်းမှာ အမေ့ရှေးစကားဆိုတဲ့အခန်းကို မရေးနိုင်တာကလည်း အခုဆိုရင် ၂လထက် မနည်းတော့ဘူး။ နောက်လည်း ရေးနိုင်မယ့် အလားအလာ သိပ်မရှိတော့ဘူး။ အိုနာကို အရှုံးပေးလိုက်ရပြီလေ။"

ဒီစာပိုဒ်လေးကို ဖတ်ရတဲ့ခဏမှာ ရင်ထဲစို့သွားခဲ့တယ်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက တလေးတစား စောင့်ဖတ်ခဲ့ရတဲ့ အမေ့ရဲ့စာတွေကို ကျွန်တော်တို့ ဆက်လက်ဖတ်ခွင့် မရတော့ပါလားလို့လည်း ၀မ်းနည်း အားငယ်သွားမိတယ်။ အမေ့ရဲ့ ဆုံးမတဲ့အသံတွေကို ကျွန်တော်တို့ မရနိုင်တော့ဘူးပေါ့။ အမေသက်ရှိ ထင်ရှားရှိနေသေးတာပဲ တော်လှပေါ့လို့ ဖြေသိမ့်ပေမယ့်... "အိုနာကို အရှုံးပေးလိုက်ရပြီလေ..." ဆိုတဲ့ အမေ့အသံက အနားမှာ ကပ်ပြောနေသလို ကြားနေမိတယ်။ အမေ့နေရာကို ၀င်နိုင်တဲ့လူ မြန်မာစာပေ လောကမှာ မရှိသေးပါဘူး။ ရှိလာပါစေလို့ ဆုတောင်းပေမယ့်လည်း ဒီနှစ်ပေါင်း ၅၀ အတွင်းမှာ တစ်ယောက်မှ ထွန်းပေါက်မလာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ တစ်မျိုးသားလုံးအတွက် အမေစာမရေးနိုင်ခြင်းဟာ အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ခုအဖြစ် ခံယူမိပါတယ်။

အဲဒီ အိုကြီးအိုမ အမယ်ကြီးဟာ သူ့မွေးနေ့ကို သူနေထိုင်ရာ မန္တလေးမြို့မှာ နှစ်စဉ်ပြုလုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက အမေ့ကို ချစ်တဲ့ အမေ့ကို လေးစားတဲ့ အမေ့ရဲ့ ကျေးဇူးဂုဏ်ကိုမမေ့သူတိုင်းက အမေ့မွေးနေ့ကို တက်ရောက်ခဲ့ကြတယ်။ ဆရာကြီးဒဂုန်တာရာ၊ ဆရာကြီးဒေါက်တာသန်းထွန်း၊ ဆရာကြီး လူထုစိန်ဝင်းတို့ဟာ နှစ်စဉ် မပျက်မကွက်တက်ခဲ့ကြတာပေါ့။ ဆရာကြီးဒေါက်တာသန်းထွန်းဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ဆီက အမေ့မွေးနေ့ကို သွားရင်း မန္တလေးမှာပဲ ကွယ်လွန်ရှာတယ်။ ဒီနှစ်တော့ ဆရာကြီးဒဂုန်တာရာနဲ့ ဆရာကြီးလူထုစိန်ဝင်းတို့ဟာ ကျန်းမာရေးကြောင့် အမေ့မွေးနေ့ကို မလာနိုင်ကြ တော့ဘူးတဲ့။

အဲဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ စာနယ်ဇင်းဆရာတွေ မပျက်မကွက် တက်ရောက် ဂါရ၀ပြုကြတဲ့ အမေ့မွေးနေ့ပွဲကို မနှစ်က ကျင်းပခွင့်မရပါဘူး။ အသက် ၉၁ နှစ်ပြည့် မွေးနေ့ပေါ့။ အဲဒီ အသက် ၉၁ နှစ်ပြည့် အမေအိုကြီးရဲ့ မွေးနေ့ကို ဘယ်သူတွေက ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုစေတနာနဲ့ ပိတ်ပင်ခဲ့သလဲ။ ခံပြင်းမှုနဲ့အတူ ဒေါသမျက်ရည်တွေ ထွက်ခဲ့ရတယ်။ ဒါပေမယ့် ဘာမှတော့ မတတ်နိုင်ခဲ့ကြပါ။ နေ့စဉ်အိမ်ရှေ့မှာ ထောက်လှမ်းရေး၊ ရဲ၊ စွမ်းအားရှင် စသဖြင့် စောင့်ကြည့်နေသူ ငါးဦးမှ ဆယ်ဦးခန့် အမြဲရှိနေတဲ့ အမေ့အိမ်ကို လုံခြုံရေးစိတ်ချရတာပေါ့ အမေရယ်ဆိုတဲ့ စကားအပြင် ဘာမှမပြောနိုင်ခဲ့တာ နှစ်ပေါင်းမှ မနည်းတော့ဘဲကလား။ အမေ့မွေးနေ့မလုပ်ရဆိုတာ လောက်ကတော့ စကားထဲထည့်ပြောရင် ပြောသူ မောရုံပဲရှိပေမပေါ့။

အားကောင်းမောင်းသန် ယောက်ျားကြီးလေးသိန်းလောက်က လက်ညှိုးလေးကွေးလိုက်တာနဲ့ လူတွေကို အတုံးလိုက် အရုံးလိုက် ဖြစ်စေနိုင်သော တန်ခိုးပါဝါတွေ ရှိနေပါလျက်နဲ့ ဒီအသက် ၉၀ ကျော် အမေအိုကြီးကို ကြောက်ရွံ့ထိတ်လန့်နေကြရတာဟာ ဘာကြောင့်များလဲလို့ တွေးမယ်ဆိုရင် တွေးကြည့်ဖို့တောင် ကောင်းပါသေးရဲ့။

မနေ့ညက အမေ့ရဲ့ အင်တာဗျူးကို ကြားလိုက်ရတယ်။ အမေကပြောတယ်... သားတို့ သမီးတို့တွေလည်း အခြေအနေကိုကြည့်ပြီး လှုပ်ရှားကြတဲ့။ အမေကြုံဖူးသမျှ ခေတ်တွေထဲမှာ ဒီခေတ်ကြီးထက်ဆိုးတဲ့ ခေတ်မရှိဘူးတဲ့။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်နဲ့ ဆိုရှယ်လစ်ခေတ်တွေကို ဖြတ်သန်းခဲ့တဲ့ အမေ့ရဲ့ စကားလေးပေါ့။

တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရကို ဘာပြောချင်သေးလဲလို့ မေးတဲ့အခါ ဘာမှမပြောချင်ပါဘူးလို့ အမေက ပြန်ပြောခဲ့တယ်။

ပြည်သူပြည်သားတွေကိုရောဆိုတော့ အမေက တစ်ခွန်းပြောတယ်။ အသံတွေ တုန်ရင်နေပြီဖြစ်တဲ့ အသက် ၉၂ နှစ်ပြည့်ပြီး ၉၃ နှစ်ထဲကို ရောက်တော့မယ့် အမေ့ရဲ့စကားဟာ ကျွန်တော်တို့ကို ကြက်သီးမွှေးညင်း ထစေခဲ့တယ်။

"အမေမသေခင် တိုင်းပြည်ပြောင်းလဲသွားတာလေးကို မြင်ချင်ပါတယ်တဲ့...။"

အမေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သက်တော်ရာကျော်ရှည်ပါစေ။ စာတွေ မရေးနိုင်တော့ ပေမယ့်လည်း ကျွန်တော်တို့တွေအတွက် ခွန်အားတစ်ရပ်အဖြစ် အမေအသက်ရှင် နေပေးနိုင်ပါစေ။

ကိုပေါ်ဦးသက်၊ ကိုညီပုလေးနဲ့ ရဲဘော်သံချောင်းတို့ရဲ့ မိခင်အတွက် ဒီနေရာကနေ ဆုတောင်းပေး လိုက်ပါတယ်။

မှတ်ချက်။ ။ နေးတစ်မြန်မာဖိုရမ်မှာ ကိုမင်းအိုရဲ့ အမေမာ့မွေးနေ့ဆုတောင်း ပို့စ်လေးကို ကျွန်တော့်ဘလော့မှာ တင်ထားချင်လို့ ကူးယူဖော်ပြလိုက်ပါတယ်။ ဒီပို့စ်ကို ကျွန်တော်ရေးရင်လည်း သူ့ရေးတာလောက် မကောင်းနိုင်ဘူးလေ။ အဟဲ... အဲဒါကြောင့် ကူးယူဖော်ပြလိုက်တယ်။

Wednesday, October 3, 2007

Happy Birthday


မနက်ဖြန်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ဆရာဝန် မမလေး မွန်းသက်ပန်နဲ့ နေးတစ်မြန်မာဖိုရမ်က ညီမငယ် အေးပတ်ဇ်တို့ရဲ့ Happy Birthday မှာ မိသားစုနဲ့အတူ၊ ချစ်ခင်နှစ်သက်ရာ သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူတကွ ကြည်နူးပျော်ရွှင် ချမ်းမြေ့ပါစေ ခင်ဗျာ။

ဘ၀ခရီးလမ်းတွေမှာ ကြုံတွေ့လာရတဲ့ လောကဓံလှိုင်းတွေကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းထားရာ ခရီးပန်းတိုင်ကို အောင်အောင်မြင်မြင် ချော့ချော့မွေ့မွေ့ ရောက်ရှိနိုင်ပါစေ ခင်ဗျာ။ လူသားတွေအတွက် လူမှုအကျိုးပြု လုပ်ငန်းများကိုလည်း အခုလိုပဲ တတ်နိုင်သလောက် အချိန်ပေးပြီး ဆက်လက် သယ်ပိုးနိုင်ပြီး လူပီသစွာ နေထိုင်နိုင်ပါစေ ခင်ဗျာ။

Wednesday, August 8, 2007

Happy Birthday


Wishing you ...
    for today -

       everything that makes
          a birthday special ...

... for tomorrow -
    all that makes

        a good year.

for always -
    all the happiness

        you deserve
           Happy Birthday



Dedicated to my lovely snow.