ဒီနေ့က စင်္ကာပူကြက်ခြေနီအသင်းက ထူထောင်ပေးထားတဲ့ Youth Donor Club ရဲ့ ၂ နှစ်မြောက် ပွဲလေးပေါ့။ စင်္ကာပူ အော့ချတ်လမ်းပေါ်က Heeren မှာ အဲဒီပွဲလေး လုပ်ခဲ့ပါတယ်။ ပွဲအတွက် နေရာကို Heeren က စပွန်ဆာ ပေးပါတယ်။ မနက် ၁၁ နာရီကတည်းက လူစုထားတော့ မနက် ၁၁ နာရီအရောက် Heeren ကိုသွားခဲ့လိုက်တယ်။ ဟိုရောက်တော့ လိုအပ်တာတွေ ၀ိုင်းလုပ်ပေးလိုက်တယ်။ စတိတ်ခ်ျ့စင်ကို ပြင်ဆင်၊ ဓါတ်ပုံတွေ ကပ်၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ စတာတွေ လုပ်နေလိုက်တယ်။ ပွဲမစခင် ထမင်းသွားစားခိုင်းတာနဲ့ အဖွဲ့လိုက် ထမင်းစား ထွက်လာခဲ့ပြီး နေ့လည် ၁၂ နာရီခွဲအမှီ ပြန်လာခဲ့ပါတယ်။

နေ့လည် ပွဲစကတည်းက အခမ်းအနားမှုးတွေက အစီအစဉ် တစ်ခုပြီးတစ်ခု တောက်လျှောက် လုပ်သွားတယ်။ ကြားထဲမှာ အဖွဲ့လိုက် ဓါတ်ပုံတွေ ရိုက်လိုက်သေးတယ်။ Outdoor ရော Indoor ရော လုပ်တော့ အဖွဲ့တွေက အပြင်မှာ လုပ်အားပေးတဲ့လူက ပေး၊ Shopping Mall ထဲမှာ လုပ်အားပေးတဲ့သူက ပေးပေါ့။ အပြင်ပိုင်းမှာက လက်ကမ်းစာစောင်တွေ ဝေကြပါတယ်။ သွေးနဲ့ ပါတ်သတ်တဲ့ မေးခွန်းတွေကို မေးပြီး မှန်ရင် အမှတ်တရ လက်ဆောင်တွေ ပေးပါတယ်။ လက်ဆောင်တွေကို Mr. Bean, Koolook နဲ့ City Chain က စပွန်ဆာပေးပါတယ်။ သွေးလှူမယ့်သူတွေ ရှိရင်လည်း စာရင်းကောက်ကြပါတယ်။ ပြီးရင် သွေးဘဏ်ကို ပို့ဆောင်ပေးပါတယ်။ အထဲမှာက ပြပွဲတွေ လုပ်ထားပေးပါတယ်။ ကံစမ်းမဲတွေ ဖောက်ပေးပါတယ်။

ကျွန်တော်ကတော့ ကွန်ပျူတာပိုင်းကို တာဝန်ယူပေးခဲ့ရပါတယ်။ Blood Buddy Connection ဆိုတဲ့ Web Application လေးကို မိတ်ဆက်ပေးရတာပါ။ သူက အခုတလောမှာ နာမည်ကျော်လာတဲ့ Facebook လို သူငယ်ချင်းတွေ အပြန်အလှန် ဆက်သွယ်လို့ရတဲ့ Social Network လေးတစ်ခုပါ။ သူကျတော့ သွေးလှူရှင်တွေ အချင်းချင်း ဆက်သွယ်ပေးနိုင်အောင် လုပ်ပေးထားတာပါ။ ကျွန်တော်က အဲဒါလေးကို မိတ်ဆက်ပေးရတဲ့ အပိုင်းမှာ တာဝန်ယူခဲ့ရတာပေါ့။

ညပိုင်းမှာတော့ နောက်ဆုံး အစီအစဉ်အနေနဲ့ မော်ဒယ်လ်ရှိုးလို ပွဲလေး လုပ်ပါတယ်။ အဲဒီရှိုးမှာ ၀တ်တဲ့ အ၀တ်အစားတွေကို 77th Street က ပံ့ပိုးပေးပါတယ်။ ပွဲကို တင်ဆက်တဲ့သူတွေရဲ့ ဟာသတွေ နမူနာ လမ်းလျှောက်ပြတဲ့ပုံတွေက ပွဲကို လာကြည့်နေတဲ့ ဈေးဝယ်သူတွေကို တ၀ါးဝါး တဟားဟား ပေါ့။ အဲဒီပွဲလေးပြီးတော့ ည ၆ နာရီ ထိုးနေပါပြီ။ ခင်းကျင်းထားတာတွေကို သိမ်းဆည်းပြီးတော့ အဖွဲ့က ကျန်နေသေးတဲ့ မန်ဘာအားလုံး ခဏတဖြုတ် ပွဲအကြောင်းကို ပြန်လည်ဆွေးနွေးကြပါတယ်။ အခုပွဲရဲ့ လိုအပ်ချက်တွေ အမြင်တွေ ဖလှယ်ကြတာပေါ့။ ပြီးတော့ အားလုံး အိမ်ကို အသီးသီးပြန်ဖို့ လမ်းခွဲခဲ့ပါတယ်။ မိုးလင်း မိုးချုပ် တနေကုန် လုပ်အားပေးခဲ့ရပေမယ့် အတွေ့အကြုံအသစ်တွေ ရခဲ့လို့ ပျော်မိပါတယ်ဗျာ။
Saturday, March 1, 2008
Thursday, February 28, 2008
Let's save the Fire victims
ဖေဖော်ဝါရီ ၂၅ မှာလောင်သွားတဲ့ လှိုင်သာယာ စက်မှုဇုံ ရေဥက္ကံကျေးရွာမှာ လောင်တဲ့မီးက အတော်လေးကို ရိုက်ချက်ပြင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမာန် လက်လုပ်လက်စား လူတန်းစား ဆင်းရဲသားတွေ နေထိုင်တဲ့ရပ်ကွက်မှာ လောင်ကျွမ်းသွားတဲ့ အတွက်ပါ။ နူရာဝဲစွဲ လဲရာ သူခိုးထောင်း သလိုပါပဲ။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ သလိုပါပဲ။
စတင်လောင်တဲ့အချိန်က မနက် ၇ နာရီခွဲပါ။ မီးညွှန့်ကျိုးသွားတာက မနက် ၉ နာရီခွဲလောက်မှာပါ။ အဲဒီနားက အိမ်အများစုက ဓနိမိုး ဓရံကာ သက်ကယ်မိုးတွေ ဆိုတော့ မီးလောင်တဲ့အချိန် နည်းပေမယ့် လောင်ကျွမ်းမှု အားကောင်းစေခဲ့ပါတယ်။ ဒါကြောင့်မို့ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားရတာပါ။
နိုင်ငံပိုင်သတင်းစာအရ အိမ်ထောင်စု ၇၆၅ စု လူဦးရေပေါင်း ၂၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုအချိန်အထိ လူဦးရေစာရင်း အတိအကျကို လ၀က က လာရောက် ကောက်ခံပေးတာ မတွေ့ရသေးပါဘူး။ ကျားမဦးရေ ခလေးဦးရေ အခုအချိန်အထိ မသိရသေးပါဘူး။ မီးလောင်ပြင် ကယ်ဆယ်ရေးစခန်းတွေကို အမှတ် ၁၆ မူလတန်းကျောင်း၊ သီဟနာဒ ဘုန်းကြီးကျောင်းနဲ့ ရေအုတ်ကန်ဈေးရုံတို့မှာ ဖွင့်လှစ်နေရာချပေးထားပါတယ်။ မီးလောင်ပြင် နေရာမှာလည်း စစ်တပ်ချထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။ မီးလောင်ပြင်ကိုရော ကယ်ဆယ်ရေး စခန်းတွေမှာရော ဓါတ်ပုံရိုက်ခွင့် လုံးဝ မပေးထားပါဘူး။ ဓါတ်ပုံရိုက်ရင် ကင်မရာ သိမ်းပါတယ်။
လောလောဆယ် ကယ်ဆယ်ရေးစခန်းမှာ ဆန်အိတ် အလုံအလောက် ရှိပါတယ်။ တစ်နေ့ကို ထမင်းထုပ် ၅၂၀၀ ကျော် ဝေငှရပါတယ်။ မီးဘေးသင့်လူတွေအတွက် ခြင်ထောင်တွေ စောင်တွေ လိုအပ်နေပါတယ်။ အ၀တ်အစား လိုအပ်နေပါတယ်။ အိုးခွက်ပန်းကန်တွေကိုတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပံ့ပိုးဖို့ စီစဉ်နေပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း မီးဘေးကို နိုင်သလောက်လေး ပံ့ပိုးကူညီဖို့ စီစဉ်နေပါတယ်။ ရက်ဗန်သွေးလှူရှင်အဖွဲ့နဲ့ အလင်းလှိုင်းအဖွဲ့ရယ် နေးတစ်မြန်မာဖိုရမ်က မန်ဘာတွေရယ်... စကာင်္ပူရောက် သူငယ်ချင်းအချို့ဆီကို အလှူငွေတွေကို ကောက်ခံ စုဆောင်းပေးနေပါတယ်။ ပံ့ပိုးတဲ့ပစ္စည်းတွေကို မီးဘေးသင့် ဒုက္ခသည်တွေ လက်ထဲအရောက် သွားရောက် လှူဒါန်းပေးနိုင်ဖို့ ရက်ဗန်သွေးလှူရှင်အဖွဲ့က ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီနဲ့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေပါတယ်။
ပံ့ပိုးကူညီတဲ့ပစ္စည်းတွေ မီးဘေးသင့်လူတွေ လက်ထဲရောက်ဖို့ဆိုတာ အလွန် အရေးကြီးပါတယ်။ မီးလောင်ပြင်စခန်းတွေ ၀င်ခဲ့တဲ့ အတွေ့အကြုံအရ အလှူပစ္စည်းတွေ ၁၀၀ ဖိုး လှူထားရင် ၆၀ လောက်ပဲ မီးဘေးသင့်တဲ့ ဒုက္ခသည်တွေဆီကို ရောက်ပါတယ်။ ကျန်တဲ့ ၄၀ က ကြားထဲမှာ ပျောက်ရှကုန်ပါတယ်။ ကောင်းတာလေးတွေဆို လိုချင်တဲ့ လူတွေရဲ့ လောဘဆိုးက အမှားအမှန်ကို မခွဲခြားနိုင်ကြပါဘူး။ ဒုက္ခရောက်နေတဲ့သူကို ပေးရကောင်းမှန်း မသိတော့ပဲ ကိုယ်ကျိုးအတွက် ညပိုင်းတွေမှာ အထုပ်လိုက် အထုပ်လိုက် ခိုးထုတ်ကြသလို ပေါ်တင်လည်း ယူကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒုက္ခသည်တွေ လက်ထဲအရောက် ပေးပို့နိုင်ဖို့ကို စီစဉ်နေကြရတာပါ။
လှူဒါန်းလိုတဲ့သူများရှိပါက ရက်ဗန်သွေးလှူရှင်အဖွဲ့ Raven.org@gmail.com ကို အီးမေးလ်ပို့ပြီး မေးမြန်း ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။

Born to be for "Lovely Myanmar"
Not for fame and wealth...
Let's do it all together.
Not for fame and wealth...
Let's do it all together.
Tuesday, February 26, 2008
Believe those Hero
သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?
ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။
လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။
မီးလောင်ပြင်မှာ ရပ်ကြည့်နေတဲ့ သာမန်လူတစ်ဦးအနေနဲ့ ဒီလို အမြင်တွေ မြင်မိမှာ ယထာဘူတ ကျပါတယ်။ သူတို့တွေ မသိလို့ နားမလည်လို့ ဒီလို ပြောကြဆိုကြတာပါ။ ကျွန်တော်အနေနဲ့ ၂၀၀၅ ကနေ ၂၀၀၇ ဧပြီလ အထိ ရန်ကုန်မြို့တွင်းမှာ လောင်တဲ့ မီးလောင်ပြင် အတော်များများကို အတွင်းစည်းထဲအထိ ၀င်ရောက် ကူညီဖူးတော့ ဒါတွေက မမှန်ဘူးဆိုတာ သိထားရပါတယ်။
ပိုက်ဆံပေးမှ မီးသတ်တယ်ဆိုတာက ကျွန်တော် မျက်စိရှေ့မှာတော့ တစ်ကြိမ်တစ်ခါမှ မကြုံဖူး မမြင်ဖူးသေးပါ။ လောင်နေတဲ့ အိမ်ကို မငြိမ်းပဲ ဘေးနားက ဘာမှ မလောင်သေးတဲ့ အိမ်တွေကို ရေပတ်နေတာက မီးကူးမှာကို ကြိုတင်ကာကွယ်တာပါ။ လောင်နေတဲ့အရာကို ရေတွေ ဖိလောင်းနေလည်း လောင်စာအားကောင်းတဲ့ အချိန်မှာ ဘာမှ အကျိုးမထူးပါဘူး။ မီးမလောင်သေးတဲ့ ဘေးပတ်ဝန်းကျင်ကို ရေဖြန်းထားတဲ့အတွက် ရပ်ကွက်တစ်ခုလုံး ပြာကျရမယ့် ဘေးကို ကာကွယ်ပေးရာရောက်ပါတယ်။
မီးသတ်ကားထဲမှာ ရေပါတယ်။ ဒါတောင် မီးသတ်ကားက မီးလောင်နေတဲ့နေရာကို ရောက်နေတာတောင် ရေမပတ်ဘူး။ အဲဒီလို့ ပြောတဲ့ကေ့စ်မှာတော့ မီးသတ်ကားတွေက ရေကို ပန်းထွက်လာအောင် ပတ်ဖို့အတွက် မီးသတ်စက်မှာ လေပေါင်ချိန်ပြည့်ဖို့ လိုပါတယ်။ လေပေါင်ချိန် မပြည့်မချင်း မီးသတ် ပိုက်ခေါင်းက ရေပန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ပြင်က မီးသတ်စခန်းနဲ့ အလှမ်းဝေးတယ်ဆိုရင် လာရာလမ်းမှာ လေပေါင်ပြည့်အောင် လုပ်ခဲ့ပါတယ်။ မီးလောင်ပြင်လည်း ရောက်ရော အဆင်သင့် ရေပတ်နိုင်တာပေါ့။ ဒါပေမယ့် မီးလောင်တဲ့နေရာနဲ့ စခန်းက လှမ်းမြင်ရတဲ့ တစ်ခေါ်စာ နေရာမှာ ရှိရင် ကားက မီးလောင်ပြင်ကို ရောက်နေပေမယ့် လေပေါင်ချိန်ပြည့်ဖို့ ထိုင်စောင့်နေရပါတယ်။ အဲဒါကြောင့် ချက်ချင်း မီးငြိမ်းသတ်တာ မလုပ်နိုင်ပါဘူး။
မီးသတ်ကားတွေ ရေမပါလာဘူး။ အဲဒါကေ့စ်ကျတော့ ဒီလို ရှိပါတယ်။ နေရာတစ်ခုမှာ မီးလောင်ရင် အဲဒီနေရာနဲ့ အနီးဆုံးနေရာက မီးသတ်စခန်းတွေ စတင်လှုပ်ရှားရပါတယ်။ မီးသတ်စခန်းက ရပ်ထားတဲ့ ကားတိုင်းမှာ ရေဖြည့်ထားလေ့ မရှိပါဘူး။ မီးလောင်ပြင်နား တ၀ိုက်မှာ ရေဖြည့်တင်းဖို့အတွက် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းက စီစဉ်ပေးရပါတယ်။ မီးကြီးလာတာနဲ့အမျှ အပြင်စည်းက မီးသတ်စခန်းတွေပါ ထွက်ရပါတယ်။ တိုင်းမီးသတ်ဦးစီးက အကူယာဉ်တွေ ထွက်ပါဆိုပြီး စက်ထဲက အမိန့်ပေးလိုက်တာနဲ့ အပြင်စည်းက မီးသတ်တွေ ထွက်လာပါပြီ။ အဲဒီလို ထွက်လာတဲ့အခါကျရင်လည်း အပြင်စည်းဆိုတဲ့အတိုင်း မီးလောင်တဲ့နေရာနဲ့ အတော်လေး အလှမ်းဝေးတဲ့ မြို့နယ်ကနေ ထွက်လာရတဲ့အတွက် ရေသယ်လာဖို့ထက် မီးလောင်ပြင် ရောက်ဖို့ကို အဓိက ဦးစားပေးထားရပါတယ်။ ဒါကြောင့် မီးလောင်နေတဲ့ မြို့နယ်နားရောက်မှ ကားတွေကို ရေဖြည့်လေ့ ရှိကြပါတယ်။ အဲဒီလို ထွက်ပါလို့ ပြောတဲ့အချိန်မှာ မြို့နယ်မီးသတ်စခန်းက တာဝန်ကျရဲဘော်တွေ ကပျာကယာ အ၀တ်အစားလဲပြီး ကမူးရူးထိုး ထွက်ရပါတယ်။ အ၀တ်အစားတောင် စခန်းမှာ လဲဖို့အချိန်မရပါဘူး။ သွားနေတဲ့လမ်းမှာပဲ ကားပေါ်မှာ လဲဝတ်ရတာပါ။ ထွက်လို့ ပြောတဲ့အချိန်မှာ မထွက်မိတဲ့ စခန်းက တိုင်းဦးစီးကို ထုချေလွှာတင်ရပါတယ်။
မီးသတ်ကားတွေ ရေမပတ်ပဲ လမ်းဘေးမှာ တန်းစီရပ်ထားကြတယ်။ အဲဒီကေ့စ်မှာတော့ မီးသတ်ကားတိုင်း ရေပတ်ဖို့ မလိုပါဘူး။ တကယ် ရေထွက်အားကောင်းတဲ့ ကား ၂ စီး ၃ စီး ပတ်နေပြီဆိုရင် အဲဒီနားမှာ နောက်ထပ် ကားတွေက ရေထပ်ပတ်ဖို့အတွက် ကားရပ်စရာနေရာ မရှိတော့ပါဘူး။ အဲဒီအတွက် သူတို့က ရေသယ်ပေးပါတယ်။ တကယ် မီးသတ်နေတဲ့ကားတွေကို နောက်ကနေ ပိုက်တွေ တောက်လျှောက်ဆက်ပြီး ရေထည့်ပေးနေပါတယ်။ အဲဒီလို အဆင့်ဆင့် ရေဆက်တိုက် ထည့်ပေးမှပဲ ရှေ့မှာ ဒိုင်ခံ ပတ်နေတဲ့ကားမှာ ရေအလုံအလောက် ရမှာပါ။ အဲဒီလိုမှ မလုပ်ရင် ၁၀ မိနစ် ၁၅ မိနစ်နဲ့ ရေကုန်သွားမှာပါ။ အဲဒါကြောင့် ရေမပတ်တဲ့ကားကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ သူတို့တွေလည်း တာဝန်ကိုယ်စီ ကျေပြွန်အောင် ထမ်းဆောင်နေကြတာပါ။
မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ အဲဒါကိုလည်း စဉ်းစားကြည့်ရအောင် အသက်စွန့်တယ်ဆိုတာ ပြောတော့တာ အလွန်လွယ်တာပါ။ တကယ်လုပ်ကြည့်ရင် မလွယ်ပါဘူးခင်ဗျ။ မီးသတ်သမားတွေလည်း အသက်စွန့်ဖို့အတွက် နည်းနည်းတော့ အခက်အခဲ ရှိမှာပါ။ မီးလောင်ပြင်ထဲကို စွတ်ရွတ် ၀င်လိုက်ရင် မမြင်ရတဲ့ အန္တရာယ်တွေက ဆီးကြိုနေပါတယ်။ သေချာစူးစမ်းပြီးမှ ၀င်ရတာပါ။ မီးခိုးတွေ ဒီလောက်များတဲ့ အထဲမှာ အသက်ရှုရတာ ဘယ်လောက်ခက်သလဲ မျက်စိတွေ ဘယ်လောက်စပ်သလဲ ဆိုတာကို ၀င်ဖူးတဲ့လူမှ သိမှာပါ။ အသက်ရှူဖို့ အောက်ဆီဂျင်ဘူးတွေ ရှိပေမယ့် အရေအတွက်က ကန့်သတ်ချက် ရှိနေပါတယ်။ မီးလောင်ပြင်ဝင်နေတဲ့ မီးသတ်ရဲဘော် အားလုံးအတွက် လုံလောက်မှု လုံးဝ မရှိပါဘူး။ အဲဒါအပြင် မီးလောင်ပြင်ထဲကို ၀င်လို့ရတဲ့ မီးသတ်ဝတ်စုံလည်း မပြည့်စုံပါဘူး။ စခန်းမှာ တာဝန်ကျချိန် ၀တ်ဆင်တဲ့ သာမာန်ယူနီဖောင်းတွေနဲ့ မီးလောင်ပြင်ထဲ ၀င်သွားရင် ကိုယ်လုံးတီးဖြစ်သွားမှာပါ။ နိုင်လွန်တွေက မီးနားရောက်တာနဲ့ တဖျစ်ဖျစ် အသံထွက်ပြီး အသားမှာ ကပ်ကုန်ပါတယ်။ မီးသတ်သမားတွေ ယူနီဖောင်း အစုံအလင် မရှိတဲ့အတွက် သဘောင်္စက်ခန်းမှာ ၀တ်တဲ့ ဘွိုင်လာစုတွေကို ၀တ်ပြီး မီးလောင်ပြင်ကို ၀င်နေရပါတယ်။ ပစ္စည်းကိရိယာ အစုံအလင် ရှိရင်တော့ ကျွန်တော်တို့ တိုင်းပြည်က မီးသတ်ရဲဘော်တွေလည်း သတ္တိအရာမှာ မခေကြပါဘူးလေ။
မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်တွေ မတွေ့ရပါဘူး။ ဟုတ်ပါတယ်။ ကားတစ်စီးမှာ မီးသတ်ရဲဘော် ၂ ယောက် ၃ ယောက်လောက်ပဲ လိုအပ်တာပါ။ ရေဖြည့်တာတွေ ရေပိုက်သယ်တာတွေ မီးသတ်ပိုက်ခေါင်း တပ်တာဖြုတ်တာတွေက အခြားသူတွေ လုပ်ပေးရင်လည်း ရပါတယ်။ မီးလောင်ပြင်မှာ လုပ်အားပေးနေတဲ့ ကြက်ခြေနီရဲဘော်၊ အရံမီးသတ်၊ ဘုန်းတော်ကြီးတွေ ၀င်ရောက် လုပ်ကိုင်နိုင်ကြပါတယ်။ မီးသတ်ရဲဘော်တွေ မီးသတ်နေတဲ့အချိန်မှာ ရေသွားဖြည့်တဲ့ မီးသတ်ကားတွေမှာ မီးသတ်ရဲဘော် အများကြီး ပါစရာ မလိုပါဘူး။ အဲဒါမျိုးတွေ မြင်ရလို့ မီးသတ်တွေ အလုပ် မလုပ်ဘူး မထင်လိုက်ကြပါနဲ့။ သူတို့တွေ မီးလောင်ပြင်မှာ ဆိုင်ရာတာဝန်တွေကို လုပ်နေကြပါတယ်။ တချို့ကျတော့လည်း မောလို့ပန်းလို့ ခဏ နားနေတာလည်း ရှိကြပါတယ်။ မီးဆိုတာ အတော်ပူတယ်လေဗျာ။
နောက်ဆုံးပိတ် ပြောချင်တာက မီးလောင်မှု ကြီးမားပြီး မီးမငြိမ်းသတ်နိုင်တာဟာ မီးသတ်ရဲဘော်တွေရဲ့ တာဝန်မဟုတ်ပါဘူး။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပေမယ့် အဆင့်မြင့် မြို့ပြကာကွယ်ရေးမှာ အလွန်အရေးပါလှတဲ့ မီးသတ်စနစ်တွေ မီးသတ်ကိရိယာတွေ မီးသတ်ကားတွေကို အဆင့်မြင့်တင်မှု မလုပ်ပေးနိုင်တဲ့သူတွေရဲ့ တာဝန်ပါပဲ။ မြို့ကြီးတွေမှာ အထပ်မြင့်တွေ ဆောက်ကြတယ်။ အထပ်မြင့် ငြိမ်းသတ်တဲ့ မီးသတ်ကား အလုံအလာက် မရှိပါဘူး။ မီးသတ် ကိရိယာတွေ ၀တ်စုံတွေ မရှိပါဘူး။ ကဲ... ဘယ်သူမှာ တာဝန်ရှိပါသလဲ...?
တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်က မီးသတ်ရဲဘော်တွေဟာ သက်ဆိုင်ရာတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေတဲ့ အသံတိတ် သူရဲကောင်းတွေပါပဲ...
မီးလောင်ပြင်မှ သူရဲကောင်း မီးသတ်ရဲဘော်များကို ရည်ညွှန်းလျှက်...

Sunday, February 17, 2008
Fill in the blank
ကွက်လပ်လေးဖြည့်ပါ...
ငယ်ငယ်တုန်းက မူလတန်းကျောင်း စာမေးပွဲတွေမှာ ဖြည့်ခိုင်းတဲ့ ကွက်လပ်တွေ မဟုတ်ပါ။ ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ မစန္ဒာရဲ့ ၀တ္ထုလေးတစ်ပုဒ်လည်း မဟုတ်ပါ။ အဲဒါဆို ဘာလဲ။ အဲဒါက ကျွန်တော်ရဲ့ မသိစိတ် အတွင်းစိတ်က ပုံရိပ်လေးတစ်ခုပါ။ ဟုတ်ကဲ့... ကျွန်တော် ကွက်လပ်ဖြည့်တာကို လုပ်လေ့ လုပ်ထ ရှိပါတယ်ခင်ဗျ။
ကွက်လပ်ဖြည့်တယ်ဆိုတာ လိုအပ်နေတဲ့နေရာကို လိုအပ်တဲ့အရာလေးတွေကို ဖြည့်ပေးတာမျိုးပေါ့။ မလိုအပ်တဲ့နေရာမှာ အဲဒါမျိုးတွေ သွားလုပ်ရင် ဘာအကြောင်းထူးမှာလဲ။ ဖြုန်းတီးရာ ရောက်မယ်လေ။ ကျေးဇူးမတင်တဲ့အပြင် ဖင်လှန်ပြမှာတောင် စိုးရသေးတယ်။
ငယ်ငယ်ကတည်းက အတန်းထဲမှာ စာတော်တဲ့သူတွေနဲ့ အပေါင်းအသင်း မလုပ်ဖြစ်ဘူး။ စာညံ့တဲ့သူတွေ နှစ်ကျသမားတွေနဲ့ ထိုင်လေ့ရှိတယ်။ ပိုက်ဆံချမ်းသာတဲ့ သူဌေးသားသမီးတွေနဲ့ မပေါင်းဖြစ်ဘူး။ တစ်နေ့လုပ် တစ်နေ့စား ဘ၀သမားတွေရဲ့ သားသမီးတွေနဲ့ သူငယ်ချင်း ဖြစ်လေ့ရှိခဲ့တယ်။ ခြောက်တန်းမှာ နှစ်ကျတွေကို စာအတူလုပ်ပေးခဲ့တာ အဲဒီထဲကတစ်ယောက် တစ်တန်းလုံးမှာ ဒုတိယအဆင့် ချိတ်ခဲ့ပြီး ဆယ်တန်းအထိ ပညာသင်ယူခွင့်ရခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် တည်ရှိနေဆဲပါ။
အရွယ်ရောက်လာပြီး လူမှုရေးအလုပ်တွေ လုပ်တဲ့အခါကျတော့လည်း ကွက်လပ်ဖြည့်ခဲ့ပြန်တယ်။ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေ လိုအပ်သည်များကို မှာကြားမယ့်ပွဲများ၊ လက်ခုပ်တီးပေးရမယ့် ပွဲမျိုးတွေ၊ လူအင်အားပြရမယ့် ပွဲမျိုးတွေကို မတက်ပါဘူး။ တတ်နိုင်သလောက် ရှောင်ပါတယ်။ အလကားသပ်သပ် အချိန်ဖြုန်းခံရတယ်လို့ မြင်မိပါတယ်။ ဒီလို လူကြီးတွေ လာမယ့်ပွဲမှာ ကျွန်တော်လိုလူမျိုး မသွားလို့ မလာလို့ ဘာမှမဖြစ်သွားပါဘူး။ မျက်နှာကို ပြေးပြီး လျှာနဲ့လျှက်မတတ်လုပ်မယ့် ဖော်လံဖားတွေ အများကြီးပါ။ ရှေ့တန်းက နေရာယူပြီး မျက်နှာချိုသွေးမယ့် လူတွေအများကြီးပါ။
ဒါပေမယ့် မီးဘေး ရေဘေး ကယ်ဆယ်ရေးတွေကြရင် ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဦးဆောင်ပြီး ရပ်ကွက်ထဲက ညီငယ်တွေနဲ့ ကယ်ဆယ်ရေး ဆင်းကြပါတယ်။ မီးလောင်ပြင်တွေမှာ မီးသတ်တွေနဲ့အတူ မီးငြိမ်းသတ်တာတွေ၊ ဒဏ်ရာရ လူနာတွေကို ပြုစုစောင့်ရှောက်တာတွေ၊ မီးလောင်ပြင်က လူတွေကို နေရာချထားပေးတာတွေ၊ လူကြီးမိဘနဲ့ ကွဲကွာသွားတဲ့ ကလေးတွေကို ပြန်လည်ရှာဖွေတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ တာဝန်ယူတာတွေ လုပ်ကြပါတယ်။ လူကြီးတွေ လာမယ့်ပွဲမျိုးတွေမှာ အူယားဖားယား အလုပ်လုပ်ပြနေတဲ့လူစားတွေ အဲဒီလို မီးလောင်ပြင်မျိုးမှာ လိုက်ရှာကြည့်ရင် ဘယ်နားရောက်နေမှန်းကို မသိတော့ပါဘူး။ အဲ... ကယ်ဆယ်ရေးစခန်းတွေ သေချာလုပ်ပြီးပါပြီ၊ လူတွေအကုန် နေရာချပြီးပါပြီဆိုရင် အဲဒီလူစားတွေ ပြန်ပေါ်လာပြန်ရောဗျာ။ ကယ်ဆယ်ရေးစခန်းရဲ့ နေရာကောင်းတစ်ခုမှာ ကုလားထိုင်လေးတွေနဲ့ စုထိုင်ပြီး ရေနွေးကြမ်း သောက်နေကြပါလေရော။ လိုအပ်သည်များကို မှာစားကြပါတယ်ပေါ့။ ဟဟ...
အလှူအတန်း လုပ်တဲ့အခါဆိုရင်လည်း ရွှေတွေ တ၀င်းဝင်းဖြစ်နေတဲ့ ဘုရားကြီးတွေကို ရွှေထပ်ချဖို့ စိတ်မပါတော့ပါဘူး။ ဆွမ်းကွမ်းပြည့်စုံတဲ့ ကျောင်းကြီးရခိုင်နဲ့ ကားအကောင်းစားကြီးတွေ စီးနေတဲ့ ဘုန်းကြီးကျောင်းတွေကို ထပ်လှူဖို့ စိတ်မ၀င်စားမိပြန်ဘူး။ စေတီပုထိုးတွေ ဒီလောက်များနေတဲ့ တိုင်းပြည်ကြီးမှာ ဘုရားတွေ ထပ်တည်ပြီး ဘုရားဒါယကာ ကျောင်းဒါယကာ အမည်တပ်ခေါ်ခံရမှာကိုလည်း မမက်မောတော့ပါဘူး။ ဇရပ်တွေ ကျောင်းတွေ ဆောက်ပြီး မုဒ်ဦးမှာ အမည်ထိုးချင်တဲ့ လူစားတွေကိုလည်း ရွှံရှာမိလာတယ်။ အဲဒီအစား မိဘမဲ့ကလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ လမ်းပေါ်ကလေးတွေ ပြုစုစောင့်ရှောက်နေတဲ့ ဂေဟာတွေ၊ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နေတဲ့ လူနာတွေကို ဖေးမကူညီနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းချင်မိပါတယ်။ လူအများ သတိမမူမိတဲ့ ချန်ခဲ့တဲ့ ကွက်လပ်လေးတွေကို ဖြည့်ချင်မိတယ်။
ကွက်လပ်ဖြည့်တယ်ဆိုတာ တကယ်တော့ လွယ်မလိုနဲ့ အတော်ခက်ပါတယ်။ လူအများစုနဲ့မတူ... သူများယောင်တိုင်း လိုက်မယောင်နိုင်တဲ့အတွက် တခါတလေ လူ့ဂွစာအဖြစ် အထင်ခံရပါတယ်။ အမြင်မကြည်တာ ခံရပါတယ်။ အငြိုအငြင် ခံရပါတယ်။ အများမိုးခါးရေ သောက်တာပဲ ကျွန်တော်လည်း သောက်သင့်တယ် ဆိုတဲ့ အပြောမျိုးတွေ မကြာခဏ ခံရပါတယ်။ ဂဏန်းကောင်လို့ပဲ ကန့်လန့်နေချင်တဲ့ ကျွန်တော်အဖို့ အခုလို လူစားတွေကြားမှာ ကန့်လန့်တိုက်ရတာကို နှစ်သက်ခုံမင်မိနေပါတယ်။ ဒါကြောင့် ကျွန်တော့်ဘ၀မှာ အခွင့်အရေးပေးသလောက် ကွက်လပ်လေးတွေ ဆက်ပြီး ဖြည့်နေအုံးမှာပါ။ အဲဒီလိုပဲ လူ့ဂွစာလည်း ဆက်ဖြစ်နေအုံးမှာပါ။

Thursday, February 14, 2008
Naughty Girl
မိဆိုး
ရည်ရွယ်ထားတဲ့ ချောနှမအကြောင်းကို
လူတွေဝိုင်းပြီး ပြောပြကြတယ်
တဒင်္ဂခဏလောက် နားထိုင်းလိုက်ချင်တယ်။
ပြောပြတဲ့လူတွေကို မုန်းလိုက်ချင်တယ်
မယုံဘူးကွယ်...
ကောင်မလေးက ရည်စားများတယ်
လူတကာအသည်း လှည့်ပတ်ခွဲတယ်
အမလေး ကြောက်စရာလန့်စရာ
မင်းရဲ့ အကြောင်းတွေလည်း
ပြောပြတဲ့လူတွေသာ ရူးသွားပါမယ်
မယုံဘူးကွယ်...
မိန်းမဆိုး...
အဆိုးလေးမို့ကွယ် ကိုယ်ချစ်တယ်
ကိုယ့်အသည်း ခွဲသွားပါစေ
ချစ်နေမယ်...
လူတွေပြောတဲ့ မင်းရဲ့အကြောင်းကို
ကိုယ်လေ လက်တွေ့သိခဲ့ရတယ်
ကမ္ဘာကြီး အိုးထိန်းစက်ပမာ
သွက်သွက် လှည့်ပြီကွယ်
မင်းသတင်းကြောင့် မောင်တကယ်
အသည်းကွဲပြီဟယ် မိဆိုးရယ်...
ို
မိန်းမဆိုး...
အဆိုးလေးမို့ကွယ် ကိုယ်ချစ်တယ်
ကိုယ့်အသည်း ခွဲသွားပါစေ
ချစ်နေမယ်...
ရည်ရွယ်ထားတဲ့ ချောနှမအကြောင်းကို
လူတွေဝိုင်းပြီး ပြောပြကြတယ်
တဒင်္ဂခဏလောက် နားထိုင်းလိုက်ချင်တယ်။
ပြောပြတဲ့လူတွေကို မုန်းလိုက်ချင်တယ်
မယုံဘူးကွယ်...
ကောင်မလေးက ရည်စားများတယ်
လူတကာအသည်း လှည့်ပတ်ခွဲတယ်
အမလေး ကြောက်စရာလန့်စရာ
မင်းရဲ့ အကြောင်းတွေလည်း
ပြောပြတဲ့လူတွေသာ ရူးသွားပါမယ်
မယုံဘူးကွယ်...
မိန်းမဆိုး...
အဆိုးလေးမို့ကွယ် ကိုယ်ချစ်တယ်
ကိုယ့်အသည်း ခွဲသွားပါစေ
ချစ်နေမယ်...
လူတွေပြောတဲ့ မင်းရဲ့အကြောင်းကို
ကိုယ်လေ လက်တွေ့သိခဲ့ရတယ်
ကမ္ဘာကြီး အိုးထိန်းစက်ပမာ
သွက်သွက် လှည့်ပြီကွယ်
မင်းသတင်းကြောင့် မောင်တကယ်
အသည်းကွဲပြီဟယ် မိဆိုးရယ်...
ို
မိန်းမဆိုး...
အဆိုးလေးမို့ကွယ် ကိုယ်ချစ်တယ်
ကိုယ့်အသည်း ခွဲသွားပါစေ
ချစ်နေမယ်...
အဆိုတော်ကတော့ တူးတူး ပါ။ တေးရေးက စံသွင်(နမ္ပတူ) ပါ။ နွဲ့ယဉ်ဝင်းရဲ့ ဂျပန်ပြည်ကိုရေးတဲ့စာ ဆိုတဲ့ သီချင်းနဲ့ သံစဉ်အတူတူပါပဲ။ Without you ဆိုတဲ့ သီချင်းသံစဉ်ကို ကော်ပီကူးထားတာပါပဲ။ မူရင်းသီချင်းကို Badfinger အဖွဲ့က ၁၉၇၀ ထုတ် No Dice ဆိုတဲ့ Album မှာ သီဆိုခဲ့တာပါ။ မူရင်း တေးရေးဆရာကတော့ Peter Ham နဲ့ Tom Evans ပါ။ ဒါပေမယ့် မူရင်းသီချင်းကို နားမထောင်ဖူးခဲ့ပေမယ့် ၁၉၉၃ မှာ ထုတ်လုပ်ခဲ့တဲ့ Mariah Carey ရဲ့ Music Box Album မှာ Without you ကို နားထောင်ဖူးခဲ့ပါတယ်။ ဒါပေမယ့် ဘ၀မှာ အစောဆုံး နားထောင်ဖူးခဲ့တာက တူးတူးရဲ့ မိဆိုး ပါပဲ။
ငယ်ငယ်ကတည်းက လက်ဖက်ရည်ဆိုင်မှာ နေခဲ့ရသူဆိုတော့ ခေတ်ပေါ်စတီရီယို သီချင်းအတော်များများကို နားရည်ဝခဲ့ပါတယ်။ အဒေါ်တွေ ဦးလေးတွေ လက်ဖက်ရည်ဆိုင်မှာ ဖွင့်ခဲ့သမျှကို တကူးတက နားထောင်နေတာ မဟုတ်ပေမယ့် ကြားနေရပြန်ပါတယ်။ အဲဒီသီချင်းတွေထဲမှာ တူးတူးရဲ့ မိဆိုး ဆိုတဲ့ သီချင်းလေးရဲ့ သံစဉ်ကို အတော်လေး သဘောကျမိခဲ့တယ်။ သံစဉ် အတက်အကျ ရသစုံကို ပေးနိုင်တယ်လို့ မြင်မိပါတယ်။ သီချင်းစာသားလေးကလည်း ရည်စားများတဲ့ မိန်းမဆိုးလေး တစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတော့ ယောကျာ်းလေး တစ်ယောက်အနေနဲ့ နားထောင်လို့ ကောင်းနေပြန်ပါတယ်။ ဒါပေမယ့် အဲဒီလို မိဆိုးမျိုးကိုတော့ ကျွန်တော့်ဘ၀မှာ မတွေ့ချင်မိပါဘူး။ အဲ... အဲဒီလို တွေ့ဖို့လည်း အခွင့်အရေးလည်း မရှိပေါင်။ စိတ်ပူစရာမရှိ စိတ်ပူတတ်တာက ကျွန်တော်ရဲ့ ကြောင်ကွက်တစ်ချို့ပါပဲဗျာ။

Subscribe to:
Posts (Atom)