.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, July 7, 2008

One year Anniversary

ကျွန်တော်ရဲ့ July Dream Blog လေးကို ၀၇-၀၇-၀၇ မှာ စတင်ခဲ့တာပါ။ ကျွန်တော့်တို့ရဲ့ လက်ရှိသက်တမ်းမှာ ၂၀၀၇ ဇူလိုင်လ ၇ ရက်နေ့ ၇ သုံးလုံး ဆုံတဲ့နေ့ဆိုတာ တစ်ခါပဲ ကြုံဆုံနိုင်တာပါ။ မွေးနေ့အထိမ်းအမှတ် အနေနဲ့ရော... ၀၇-၀၇-၀၇ အမှတ်တရအနေနဲ့ရော ဒီ Blog လေးနဲ့ အလွမ်းမိုးတွေ သည်းနေတဲ့ အညတရ လူသားတစ်ဦးဆီမှာ ဇူလိုင်အိမ်မက်တွေ ဖွားတည်လာပါတော့တယ်။

ဒီလိုနဲ့ ၂၀၀၇ ဇူလိုင်ကနေ မက်လိုက်တဲ့ အိပ်မက်တွေဟာ ၂၀၀၇ ဒီဇင်ဘာအကုန်မှာ စုစုပေါင်း ၁၃၁ ခု ရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၀၈ ဇန်န၀ါရီအစကနေ မက်လိုက်တဲ့ အိပ်မက်တွေဟာ အခု ၂၀၀၈ ဇူလိုင် ၇ ရက်နေ့ မှာတော့ စုစုပေါင်း ၁၀၁ ခု ရှိခဲ့ပါတယ်။ ၂၀၀၇ အောက်တိုဘာမှာ အိပ်မက်တွေ အများဆုံး မက်ဖြစ်ခဲ့တယ်။ စုစုပေါင်း ၂၇ ခုတောင် ရှိတယ်။ ၂၀၀၈ မေလကတော့ အိပ်မက် မက်ဖို့ အချိန်မရတဲ့ နာဂစ်မုန်တိုင်းကြားမှာ အိပ်မက်လေး ၆ ခုပဲ မက်နိုင်ရှာခဲ့ပါတယ်။ အင်တာနက် သုံးဖို့မပြောနဲ့ လျှပ်စစ်မီးဆိုတာ ဘာမှန်းတောင် မသိရတော့တဲ့ တောကြီးမျက်မဲထဲက မြို့ပျက်ဘ၀လေးတစ်ခုကို ရက်သတ္တပတ် ၂ ပတ်နီးပါး ရင်ဆိုင် ကျော်ဖြတ်ဖူးသွားတယ်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော် သီချင်းလေးကို ဆိုရင်းပေါ့... အဟက်...

ဒီ Blog လေး စစချင်းမှာတော့ ၀င်းကလောဖောင့်ပဲ သုံးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးတောင် မရှိတဲ့ အညတရလေးဆိုတော့ ရုံးက ကွန်ပျူတာနဲ့ပဲ ပို့စ်တွေ ရေးတင်ခဲ့ရတာပါ။ ရုံးက စက်တွေမှာ ဇော်ဂျီကီးဘုတ်ကို Install လုပ်ခွင့်မရလို့ ၀င်းကလောပဲ သုံးဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း အလုပ်ကနေ IBM ThinkPadလေး တစ်လုံး စွန့်ကျဲထားလို့ မျောက် အုန်းသီးရသလို ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရသွားတာနဲ့ နောက်ပိုင်းပို့စ်တွေကို ဇော်ဂျီနဲ့ ပြောင်းတင်ဖြစ်သွားတယ်။

ဒီနှစ်မွေးနေ့မှာတော့ Blog ရေးဖို့ အချိန်တောင် မနည်းရှာယူရတယ်။ ရုံးချုပ်မှာ အလုပ်တွေ ပိနေလို့ ညဘက်တောင် ရုံးအလုပ်တွေ လုပ်နေရတယ်။ တချို့ရက်တွေဆို မနက် ၃ နာရီအထိ အလုပ် လုပ်နေခဲ့ရတယ်။ ညလုံးပေါက် လုပ်ရလို့ ရုံးက အနားပေးလားဆိုတော့ မပေးပါဗျာ။ အလုပ်က အရမ်း အရေးကြီးလို့ဆိုပြီး ရုံးကို ၁၀ နာရီ အရောက် တက်စီငှားပြီး လာခိုင်းကြတယ်။ အဲဒီလိုနဲ့ အိပ်ရေးတောင် မ၀ရှာဘူး။ ဇူလိုင်တစ်ယောက် သနားဖို့ ကောင်းရှာပါတယ်။ မျက်နှာချောင်ချောင်လေးမှာ မျက်တွင်းလေး ဟောက်ပက်နဲ့။

ဒါပေမယ့် ကျွန်တော့်ဌာန မန်နေဂျာကြီးက သဘောကောင်းပါတယ်။ မွေးနေ့မှာ ရုံးချုပ်ကနေ ကိုယ့်နဂိုရုံးခွဲကို ပြန်ခေါ်ပြီး မွေးနေ့ပွဲ လုပ်ပေးပါတယ်။ သူဖုန်းဆက် လှမ်းခေါ်တာနဲ့ ညနေ ၄ နာရီလောက် ရုံးချုပ်ကနေ တက်စီငှားပြီး ရုံးခွဲကို ပြန်ရောက်ခဲ့တယ်။ ခဏနေတော့ အစည်းအဝေးခန်းမထဲမှာ မွေးနေ့ကိတ်အကြီးကြီးနဲ့ မွေးနေ့ပွဲ လုပ်ပေးတယ်။ မွေးနေ့ကိတ်ကလည်း မကြီးလို့ မရဘူးလေ။ ဌာနမှာက ၀န်ထမ်းတွေ အများကြီးဗျ။ ကျွန်တော်တို့ ဌာနက ကုလားတွေ များပြီး တရုတ်အရမ်းရှားတယ်။ ရှားရှားပါးပါး တရုတ်က ၄ ယောက်ပဲ ရှိတာ။ အသားမဖွေးကြတဲ့ ကုလားတွေကြားမှာ မွေးနေ့ရှင် ကိတ်မုန့်ခွဲနေတဲ့ပုံက ဆက်ရက်ငှက်တွေကြားမှာ ကြိုးကြာရောက်နေသလိုပါပဲဗျာ။ အဟီး...


ဒီနှစ်မွေးနေ့တော့ သွေးမလှူဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်လ ၇ ရက်နေ့က လှူထားတော့ ဒီလမှာလှူဖို့ ရက်မပြည့်ဘူးလေ။ ဒီလမှာ လှူရင်လည်း ရပေမယ့် ၁ လ စောင့်ရမှာကို မလိုချင်တာနဲ့ လှူလိုက်တာပါ။ မွေးနေ့အဖြစ် လှူဖို့ ကိုယ်စောင့်နေတဲ့ ၁ လအတွင်းမှာ သွေးလိုနေတဲ့လူနာက ၁ လ ခံမှာ မဟုတ်ဘူးလေ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘာမှတော့ ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး။ ဂျီတော့ခ်ကနေ အာကြီးကိုလင်းဦး (စိတ်ပညာ) လှမ်းပြောလို့ သိရတဲ့ facemyanmarမှာ မန်ဘာဝင်ထားတာပဲ ရှိတယ်။ အဲဒီမှာ Blogger တွေ ရှိတယ် ဆိုလို့ သွားချောင်းကြည့်တာ တင့်ကားမောင်းနေတဲ့ ဆံရှည်ကိုယ်တော်ကြီးကို တွေ့ခဲ့ရသဗျာ။ အလေးမတဲ့ လေးမလည်း ရှိတယ်ဗျ။ ဖီးနစ်ငှက်ပြာကြီးလည်း တွေ့ခဲ့တယ်။ လူမင်းလိုလို မျိုးကျော့မြိုင်လိုလို ကိုမောင်လှလည်း ရှိနေတယ်ဗျာ။

အင်း... ဘာလိုလိုနဲ့ ကျွန်တော်လည်း အသက် ၁ နှစ်ပိုကြီးသွားသလို Blog လည်း သက်တမ်း ၁ နှစ်ရှိသွားပြီ။ July Dream Blog ကို လာလည်တဲ့သူတွေ အကျိုးမရှိတောင်မှ အကျိုးမယုတ်လောက်ဘူးလို့ ထင်မှတ်ရတာပဲ။ အဆိပ်အတောက် မဖြစ်အောင်တော့ သတိထားနေပါတယ်။ သြော်... ဒါနဲ့ အမြင်တွေ မတူတိုင်းလည်း ရန်သူလို့ သဘောမထားနဲ့ပေါ့။ ကြည့်တဲ့ထောင့်တွေ မတူရင် မြင်ရတဲ့ အမြင်တွေလည်း ကွဲပြားနိုင်ပါတယ်ဗျာ။

ဇူလိုင်အိပ်မက်တွေ ဆက်မက်ဖို့...
..................
.....................
........................
...........................
..............................
.................................
ကျွန်တော်ဇူလိုင်တစ်ယောက်...... အိပ်ရေးဝဖို့ လိုပါသည်။ အဟက်...
(ဘာမှလည်း မဆိုင်ဘူးနော်... ) :P

Sunday, July 6, 2008

A silver liner

တိမ်မည်းညိုတိုင်းမှာ ငွေနားကွပ်ရှိတယ်။ ဒုက္ခတိုင်းမှာ ဖြေသိမ့်စရာတစ်ခုရှိတယ်တဲ့။ လပွတ္တာမှာ လုပ်မယ့် ထူထောင်ရေးလုပ်ငန်းမှာ အဆင်မပြေတာတွေ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပေမယ့် ကိုယ်တွေ ရည်မှန်းထားရာကို အရောက်ချီတက်ဖို့ တဖြည်းဖြည်း နီးစပ်လာပါပြီ။ ငွေနားကွပ်တွေ မြင်လာရတယ်လို့ပဲ ပြောရမလားပဲ။

တလောက ရန်ကုန်မှာ ငှားထားတဲ့ ရုံးခန်းကိစ္စကို အတော်လေး စကားပြောလိုက်ရတယ်။ လကုန်ခါနီး ၂၉ ရက်ကျမှ အိမ်ရှင်တွေ ပြန်နေမှာဖြစ်လို့ ၃၀ ရက်နေ့ ချက်ချင်းဆင်းပေးပါတဲ့။ အဓိပ္ပါယ် မရှိလိုက်တာဗျာ။ အိမ်ငှားတယ်ဆိုတဲ့ ကိစ္စမှာ ဆက်မငှားဘူးဆိုရင် ချက်ချင်း ဆင်းခိုင်းလို့ရတာမျိုးမှ မဟုတ်တာ။ ၁ လ ကြိုတင် ပြောမှ ရတာမျိုးပါ။ ကိုယ်က ဆက်မငှားလည်း ၁ လ ကြိုပြောရမယ်။ သူတို့က ဆက်မငှားလည်း ၁ လ ကြိုပြောရမယ်။ အဲဒီကိစ္စကို အချေအတင် အတော်လေး ပြောယူလိုက်ရတယ်။ အဲဒါနဲ့ ဇူလိုင်လ ၁ လ ဆက်ငှားခွင့် ရသွားတယ်။ ဇူလိုင်လကုန်ရင်တော့ ပြောင်းရမှာပေါ့။

သစ်ဆိုင်ကလည်း သစ်ဖိုးစရံငွေကို နောက်ထပ် သိန်း ၃၀ ထပ်ပေးပါပဲ ဖုန်းဆက်ပြောနေတယ်။ စရံက ၄ သိန်း တစ်ခါ ပေးထားသေးတယ်။ သူတို့ဆီက ပစ္စည်းတောင် မယူရသေးပါဘူး။ နောက်ပြီး လပွတ္တာမှာ တာဝန်ရှိသူတွေနဲ့ သွားရောက် ညှိနှိုင်းတဲ့အဖွဲ့က ပြန်တောင် မလာသေးဘူး။ ဘာလုပ်ဖြစ်မယ်မှန်း မသေချာသေးတဲ့အချိန်မှာ သူတို့ကို သစ်ဖိုးစရံငွေ သိန်း ၃၀ ဘယ်ပေးထားနိုင်အုံးမလဲ။ သူတို့ကလည်း သစ်တွေက ခွဲပြီးသားဖြစ်နေလို့ ပိုက်ဆံ စရံထပ်ချပေးပါတဲ့။ အဲဒါနဲ့ ပိုက်ဆံ လက်ထဲ မရှိသေးဘူး ဆိုပြီး ခဏ ချွေးသိပ်ထားရတယ်။ အဲဒီလို ရှင်းရတာလည်း ရှိသေးတယ်။ အဟ...

လပွတ္တာက အိမ်ငှားခတွေကလည်း အတော်လေးကို တက်နေပါတယ်။ အစက ၂ သိန်း... နောက် ၃ သိန်း။ အခု နောက်ဆုံး ငှားလိုက်တဲ့ ဈေးနှုန်းက ၅ သိန်းပါ။ အိမ်ဈေးတွေ တက်တာလည်း မထူးဆန်းပါဘူး။ UN တွေ၊ INGO တွေက လပွတ္တာမှာ ရုံးဖွင့်ဖို့ အိမ်တွေကို ဈေးကြီးပေး ငှားနေတော့ ဈေးတတ်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေ ပိုင်တဲ့အိမ်တွေ အခုလို ဈေးကောင်းရတာလည်း တစ်မျိုးကောင်းတယ်လို့ တွေးမိပါတယ်။ အဲဒါနဲ့ အိမ်ကို ၂ လ ငှားဖို့ စီစဉ်ထားလိုက်ပါတယ်။ ကိုညီလင်းဆက်တို့ ကူညီပေးလို့ အဲဒီအိမ်ကို ရတာပါ။

ပထမတစ်ခေါက် လပွတ္တာကို သွားတုန်းက ပြန်လည်ထူထောင်ရေးအတွက် စကားပြောခဲ့တဲ့ ဗျူဟာမှုးက အခုမရှိတော့ဘူး။ နောက်ထပ် ဗျူဟာမှုးအသစ်တစ်ယောက် ရောက်နေပါတယ်။ အစတုန်းက ဗျူဟာမှုးနဲ့ တွေ့ခွင့် မရသေးဘူး။ ဗိုလ်ကြီးတစ်ဦးနဲ့ပဲ စကားပြောဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဗိုလ်ကြီးက စီစဉ်ပေးလို့ ဗျူဟာမှုးနဲ့ တွေ့ခွင့်ရပါတယ်။

အခုတစ်ခေါက် တွေ့ခဲ့ရတဲ့ ဗျူဟာမှုးအသစ်လည်း သဘောကောင်းပါတယ်။ အေးဆေးပါပဲ။ သူက... မင်းတို့ ဘယ်နေရာဖြစ်ဖြစ် လိုအပ်တဲ့နေရာမှာ ဆောက်လုပ်မှာဆိုရင် တစ်ခုလောက် အကြံပေးချင်ပါတယ်တဲ့။ လပွတ္တာမြို့အစပ် ချောင်ကျိုချောင်ကြားက ရပ်ကွက်လေးတွေရဲ့ စာသင်ကျောင်းတွေ ပျက်စီးပြီး အခုချိန်အထိ ပြန်မပြင်နိုင်သေးပါဘူးတဲ့။ ကျောင်းကို ပြင်ဖို့ စီစဉ်နေပေမယ့် လောလောဆယ်မှာ အိမ်သာကိုတော့ ဘယ်သူမှ လာမလှူသေးဘူးတဲ့။ အဲဒါ မင်းတို့ လုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်လို့... ကောင်းကောင်းမွန်မွန် ပြောပါတယ်။

အဲဒါနဲ့ ဗျူဟာမှုးပြောတဲ့ စာသင်ကျောင်းတွေကို သွားကြည့်တော့ အမှန်တကယ်လည်း အိမ်သာတွေ လိုအပ်နေပါတယ်။ ကျောင်းတွေက လပွတ္တာမြို့မှာသာဆိုတာပါ တကယ့် ရွာလေးတွေအတိုင်း အဝေးကြီး သွားရတာပါ။ အခုလောလောဆယ်တော့ ဗျူဟာမှုးက ကျွန်တော်တို့ကို အများသုံးအိမ်သာ လေးလုံးတွဲတွေ ဆောက်ခွင့်ပြုပါတယ်။ ဗျူဟာမှုးက နောက်ထပ် ပြောသေးတာက... မင်းတို့ လှူတယ်ဆိုရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလို လှူဒါန်းလို့ ရပါတယ်။ အခု အဘပြောတာကတော့ တကယ်လိုအပ်နေလို့ လုပ်ပေးစေချင်တာပါတဲ့။ ကျောင်းတွေမှာ အိမ်သာ ဆောက်လုပ်ပြီးလို့ ဘတ်ဂျက်ရှိသေးရင်လဲ အခြားလိုအပ်တဲ့နေရာတွေ ရွာတွေမှာ ထပ်ဆောက်ပေါ့။ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ပြောပေါ့တဲ့။

အင်း... ဘာပဲဖြစ်ဖြစ်... လိုအပ်နေတဲ့ နေရာမှာ လိုအပ်သလို ဖြည့်ဆည်းပေးဖို့က အဓိကပဲလေ။ အခုလက်ရှိ ဘတ်ဂျက်အရ ၄ လုံးတွဲ အိမ်သာ ၁၈ လုံးအထိ ဆောက်ဖို့ စီစဉ်နေပါပြီ။ ၁ လုံးစီရေမယ်ဆိုရင် ၇၂ လုံးပေါ့။ အခုချိန်မှာ ကျောင်းတက်နေရပြီဖြစ်တဲ့ ကလေးတွေအတွက် အိမ်သာလိုနေတဲ့ ကျောင်းတွေကို အိမ်သာတွေ ဆောက်ပေးပြီးရင် အဲဒီလို အိမ်သာလိုအပ်တဲ့ အခြားရွာတွေမှာ ဆက်လက် တည်ဆောက်ပေးဖို့ကျွန်တော်တို့ ကြိုးစားကြအုံးမှာပေါ့ဗျာ။

တိမ်မည်းညိုတွေမှာ ငွေနားကွပ်လေးတွေ မြင်ရတော့လည်း စိတ်ချမ်းသာပါတယ်။

Friday, July 4, 2008

Tear on the clock

နာရီပေါ်က မျက်ရည်စက်များ

နာရီသံတွေ ဆူညံလွန်းနေ
ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ
ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ
တို့တစ်တွေ ဒီအချိန်ဟာ နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး...
စီးဆင်းနေဆဲ...
ချစ်သူရယ် ( နှလုံးသားထဲဆွေး )

ကြင်နာတာတွေ ပြန်လည်တွေးနေ
နာကြင်ပါတယ် ကိုယ့်အသည်းတွေ
ယုံကြည်ချင်တယ် ကံတရားရေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ငိုရင်ပုလဲ ရယ်ရင်ရွဲ
အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့...
အခြေအနေမဲ့ ရွှေငွေမဲ့
အရာရာအားလုံး ရှုံးနေတဲ့ ...
တို့ နှစ်ယောက်ရဲ့ဘဝ

ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာနောက်ဆုံးပဲ

ဟန်ဆောင်နေတာ လိမ်ညာခြင်းလေ
ပိုင်ဆိုင်ချင်တာ ၀န်ခံပါရစေ
မဆုံနိုင်တာ ဘာကြောင့်လဲမေ
တို့တစ်တွေ ဒီနေရာမှာ နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး
စီးဆင်းနေဆဲ...
ချစ်သူရယ် ( နှလုံးသားထဲဆွေး )

တကယ်ကြင်နာ မြတ်နိုးနေ
မပန်ခင်မှာ မချွေရက်ဘူးလေ...
တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ငိုရင်ပုလဲ ရယ်ရင်ရွဲ
အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့...
အခြေအနေမဲ့ ရွှေငွေမဲ့
အရာရာအားလုံး ရှုံးနေတဲ့
တို့ နှစ်ယောက်ရဲ့ဘ၀...

ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာနောက်ဆုံးပဲ

ဒါဟာနောက်ဆုံးပဲ...

တေးရေး တေးဆို ထူးအိမ်သင်ပါ။ နာရီပေါ်က မျက်ရည်စက်များ တေးစီးရီးထဲက ခေါင်းစဉ်တေးတစ်ပုဒ်ပါ။ အဲဒီ စီးရီးထဲမှာ သူငယ်ချင်းအတွက်၊ စိမ်းရက်လေအား၊ မရိုးသားတော့ဘူး၊ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည် စတဲ့ သီချင်းကောင်းတွေ ပါပါတယ်။ ကိုငှက်ကြီးရဲ့ ပထမဆုံးထုတ်တဲ့ စီးရီးဖြစ်မယ်လို့ ထင်ရပါတယ်။ ၁၉၈၇ ခုနှစ်က ထုတ်ခဲ့တယ်... ဂန္ဓာမာတေးသံသွင်းက ဖြန့်ချီတယ်လို့ ထူးအိမ်သင်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုတလော အဲဒီသီချင်းလေး ပါးစပ်ဖျားမှာ နေရာယူနေပါတယ်။ တကယ်ကြင်နာ မြတ်နိုးနေ... မပန်ခင်မှာ မခြွေရက်ဘူးလေ... တချိန်ချိန်ကို ကိုယ်မျှော်လင့်နေ... ပြန်ဆုံနိုင်မယ် ထင်သေးလား... ဆိုတာလေးက ကျွန်တော့်ရင်ကို နက်နက်ရှိုင်း ထိရှစေပါတယ်။

အဲ... မေ့လို့ဗျာ။ ပြောဖို့တစ်ခု ကျန်ခဲ့တယ်။ အဲဒီသီချင်းစာသားကို အစအဆုံး ရင်နဲ့ခံစားပြီး ဂျီတော့ခ်ကနေ စာရိုက်ပေးသွားတာကတော့ ထူးအိမ်သင်ဆိုဒ်ကို အချိန်ပေး ထောင်ထားတဲ့ ကိုဖိုးသားပါပဲ။ သူပဲ စာသား အမှားတွေပြင်... သက်ဆိုင်တဲ့ လင့်ခ်တွေ ပေးသွားတာပါ။ သူကတော့ ထူးအိမ်သင် ခရေဇီပါပဲ။ တကယ့်ကို အရူးအမူးပါပဲ။

Thursday, July 3, 2008

Clean Police

တစ်ခါကပါ... ပြည်ထောင်စု အိပ်မက်နိုင်ငံတော်ဆိုတာကြီး ရှိသတဲ့။

အဲဒီ ပြည်ထောင်စုကြီးမှာ မတူတဲ့လူမျိုးတွေလည်း ရှိပြန်သတဲ့...။ တချို့က လူနည်းစု...။ တချို့က လူများစု...။ ဘိုလိုဆိုရင်တော့ မိုင်နာရတီတို့ မေဂျာရတီတို့ပေါ့လေ...။

အဲဒီ ပြည်ထောင်စုအိပ်မက်နိုင်ငံတော်ကြီးမှာ လုပ်စရာ အလုပ်တွေက အတော်များတယ်လို့ ဆိုပါတယ်။ အဲဒီအိပ်မက်နိုင်ငံတော်ကြီးထဲမှာ သင့်ကို ၀န်ကြီးတစ်နေရာ ပေးချင်ပါတယ်။ ဘယ်ဌာနကို သင်လိုချင်ပါသလဲ။ သင်တာဝန်ယူရသော ၀န်ကြီးဌာနကို အကောင်းဆုံးဖြစ်အောင် ဘာတွေ ဆောင်ရွက်ချင်ပါသလဲ။

အဲဒါနဲ့ ပေးတုန်းယူထားအုံးမှ ဆိုပြီး ကျွန်တော် ဇူလိုင်တစ်ယောက် ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ယူပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ပေါ့။ တိုင်းပြည်အတွက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အိမ်မက်ထဲမှာ ဆွဲပါလေရော။

အိမ်မက်တိုင်းပြည်အတွက် ရဲအဖွဲ့ကို သန့်ရှင်းသော ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲယူဖို့ အဓိက စဉ်းစားမိပါတယ်။ ဒါကြောင့် ပြည်သူလူထုက အထင်ကြီးအားကိုးတဲ့ ပြည်သူထဲက ပြည်သူ့ရဲတွေ ဖြစ်အောင် ပြောင်းလဲပါမယ်။

ရဲတပ်ဖွဲ့ကို သန့်ရှင်းသော ရဲတပ်ဖွဲ့ Clean Police အဖြစ်ပြောင်းလဲယူဖို့မှာ အဓိကအားဖြင့် လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ကို အဓိကထား တိုက်ဖျက်ပါမယ်။ အဲဒီလိုမျိုးကိုဆောင်ရွက်နိုင်ဖို့ အတွက် လုံလောက်တဲ့ လစာများအပြင် အခြားအပိုခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးဖို့ ဘက်ဂျက် လျာထားပါမယ်။

အဖွဲ့အစည်းအပေါ် ချစ်မြတ်နိုးလာအောင်၊ အဖွဲ့အမည် မပျက်ဆီးဖို့ ထိန်းသိမ်းလာနိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ဖို့ အဆင့်မြင့်အိမ်ရာ တိုက်ခန်းတွေ၊ အိမ်အသုံးအဆောင်တွေ၊ ဆက်သွယ်ရေး လွယ်ကူဖို့အတွက် စကားပြောစက်တွေ၊ ဖုန်းတွေ စီစဉ်ပေးပါမယ်။ ယူနီဖောင်းကိုလည်း အဆင့်အတန်းရှိရှိ စနစ်တကျ ချုပ်လုပ်ဝတ်ဆင်စေပါမယ်။ အပြင်ပန်း ၀တ်စားဆင်ယင်မှုကို ကြည့်ကတည်းက သပ်သပ်ရပ်ရပ်နဲ့ ရှုချင်စဖွယ်ဖြစ်အောင် စီစဉ်ပေးထားပါမယ်။

အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာအနေနဲ့ ရဲကျင့်ဝတ်တွေကို ကြက်တူရွေးစာအံသလို မသင်ကြားဘဲ ကျင့်ဝတ် တစ်ခုချင်းစီကို သေသေချာချာ နားလည်သဘောပေါက်အောင် သင်ပြဖို့ ရဲကျောင်းတွေမှာ စီစဉ်ပါမယ်။ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြည်သူတွေကို အမိအဘလို တန်ဖိုးထားတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးပါမယ်။ ကူညီပါရစေ..... ဆိုတဲ့အတိုင်း အကူအညီ လိုအပ်နေတဲ့သူ မှန်သမျှကို စိတ်ရောကိုယ်ပါနှစ်ပြီး အချိန်ပေး ကူညီတတ်လာအောင် စိတ်ဓါတ်တွေကို ပြုပြင်ပေးပါမယ်။ မကောင်းမှုကို တားဆီးကာကွယ်သူ အနေနဲ့ မကောင်းမှုကို မိမိကိုယ်တိုင် မပြုလုပ်မိအောင်လည်း မကောင်းမှုပြုခြင်းကို သေမတတ် ရှက်တတ်လာအောင် ခေါင်းထဲ ရိုက်သွင်းပေးပါမယ်။

ရဲတပ်ဖွဲ့ဝင်တိုင်းကိုလည်း သိအပ်တတ်အပ်တဲ့ ကိုယ်ခံပညာ ရဲပညာ အားလုံးကို ကျွမ်းကျင်အဆင့် ထိရောက်အောင် လေ့ကျင့်သင်ကြားပါမယ်။ အချိန်တိုင်း အစဉ်အမြဲ ဆက်လက်လေ့ကျင့်နိုင်ဖို့ တာဝန်ကျရာ စခန်းတိုင်းမှာ လေ့ကျင့်ရေးကွင်းတွေ လေ့ကျင့်ရေးအဆောင်တွေ ဆောက်လုပ်ထားပါမယ်။ နောက်ပြီး ဥပဒေပိုင်းဆိုင်ရာများကိုလည်း နှံ့စပ်တတ်ကျွမ်းအောင် လေ့လာဆည်းပူးစေပါမယ်။ ပညာတွေကို ဆက်လက် ဆည်းပူးနိုင်ဖို့အတွက် ခရိုင်ရဲစခန်းတိုင်းမှာ ခေတ်မှီ အဆင့်မြင့် စာကြည့်တိုက်များကို ထားရှိစေပါမယ်။ ဘာသာရပ်ဆိုင်ရာများအပြင် အခြားသိအပ်တဲ့ သုတရသစာပေအစုံကို ထားရှိစေပါမယ်။ အဲဒီလို ထားရှိပေးသလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အားကစားလုပ်နိုင်အောင် စာဖတ်နိုင်အောင် အပန်းဖြေ အနားယူနိုင်အောင် ကိုယ်ပိုင် အချိန်တွေကို အလုံအလောက် ပေးထားပါမယ်။

သက်ဆိုင်ရာရဲစခန်းများကိုလည်း အဆင့်မြင့်ရဲစခန်းအဖြစ် ပြုပြင်မွမ်းမံသွားပါမယ်။ ရဲစခန်းတွေကိုရောက်ရင် စိတ်မသက်မသာ ခံစားစေရတဲ့ အမင်္ဂလာနေရာ မဖြစ်စေရာပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ အနေအထားမျိုး ခံစားရအောင် ရုံးအတွင်းပိုင်းတွေကိုလည်း ခေတ်မှီအောင် စနစ်တကျ Interior Decoration လုပ်ပါမယ်။ အချုပ်ခန်းများကိုလည်း သန့်သန့်ရှင်းရှင်း အနံ့ဆိုးကင်း ဂျပိုးကင်း သံကြေးကင်း အချုပ်ခန်းများအဖြစ် ပြောင်းလဲတည်ဆောက်ပါမယ်။ စခန်းမှာ အသုံးပြုဖို့အတွက်၊ နယ်မြေအတွင်း ကင်းလှည့်နိုင်ဖို့အတွက်၊ အရေးပေါ်လိုအပ်ရင် လိုအပ်သလို အချိန်မှီရောက်ရှိ ဆောင်ရွက်နိုင်ဖို့အတွက် အသင့်သုံးနိုင်သော အဆင့်မှီရဲကားများ၊ ရဲဆိုင်ကယ်များကိုလည်း လိုအပ်သလောက် စနစ်တကျ ခွဲတမ်းချပေးပါမယ်။ ရုံးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ပေးပို့မှုများကိုလည်း လက်ရှိအသုံးပြုနေတဲ့ စာရွက်စာတမ်းအခြေပြုစနစ်မှ ကွန်ပျူတာအသုံးချစနစ်များ အဖြစ်ပြောင်းလဲ အသုံးပြုပါမယ်။

စည်းကမ်းပိုင်းအနေနဲ့ စည်းကမ်းမလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်ကို ပထမအကြိမ် သတိပေးပါမယ်။ နောက်ထပ် ကျူးလွန်လာရင်တော့ ရဲတပ်ဖွဲ့က ထုတ်ပစ်တဲ့အပြင် ပြစ်မှုပေါ်မူတည်ပြီး ဥပဒေအရ အရေးယူသင့်ရင် အရေးယူ အပြစ်ပေးပါမယ်။ No one above the law... တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို ဥပဒေဘက်တော်သားတွေကို စွဲစွဲမြဲမြဲ သိရှိမှတ်သားထားနိုင်အောင် စီမံဆောင်ရွက်ပါမယ်။ နောက်ပြီး ယူနီဖောင်း ၀တ်ဆင်ထားချိန်၊ နောက်တာဝန်ချိန်အတွင်း အရက်သေစာ သောက်စားခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်အရေးယူပါမယ်။ အပြစ်ကျူးလွန်တဲ့ ရဲဝန်ထမ်းများ စာရင်းကို လစဉ် ခရိုင်ရဲတပ်ဖွဲ့မှာ ထုတ်ပြန်ကြေငြာပါမယ်။ အရက်စွဲနေတဲ့ ရဲတပ်ဖွဲ့ဝင်များကိုလည်း ရဲတပ်ဖွဲ့မှာ တာဝန်ဆက်လက် ထမ်းဆောင်စေခြင်း မပြုခိုင်းဘဲ တာဝန်မှ ရပ်နားပါမယ်။

ရဲတပ်ဖွဲ့ ပုံရိပ်ကို မညှိုးနွမ်းစေချင်တဲ့အတွက် ဗိုက်ပူဗိုက်ရွဲနေသော တပ်ဖွဲ့ဝင်များကိုလည်း ဗိုက်ချပ်အောင် အားကစားလေ့ကျင့်ခိုင်းပြီး ပြုပြင်ပါမယ်။ အဂတိလိုက်စားမှု အာဏာအလွဲသုံးမှုတွေကို တွေ့ရှိရင်လည်း နမူနာ စံပြအဖြစ် ထိထိရောက်ရောက် ပြစ်ဒဏ်များ ချမှတ်ဖို့ စီစဉ်ဆောင်ရွက်ပါမယ်။ ပြည်သူတွေအပေါ် အထက်စီး ရိုင်းပြစွာ ဆက်ဆံမှုများကိုလည်း အပြစ်ပေး အရေးယူ ဆောင်ရွက်သွားပါမယ်။

Police Box များကိုလည်း ရပ်ကွက်တိုင်း လူစည်ကားရာနေရာတိုင်းမှာ ထားပေးမှာပါ။ ရဲတစ်ယောက် နှစ်ယောက်စာနေလို့ရတဲ့ သွပ်မိုးအုပ် သစ်သားကင်းတဲ ပိစိကွေးလေးတွေကို စာခြောက်ရုပ်ထားသလို လမ်းဆုံလမ်းထောင့်တိုင်းမှာတော့ ထားမှာ မဟုတ်ပါဘူး။ ရုပ်ဆိုး အကျည်းတန်... ကြည့်ရဆိုးလွန်းလို့ပါ။ ဒါပေမယ့် လူစည်ကားရာနေရာတွေမှာ ရဲတပ်ဖွဲ့ဝင်များကို အချိန်ပိုင်းအလျောက် ကားနဲ့ဖြစ်စေ... ဆိုင်ကယ်နဲ့ဖြစ်စေ... ခြေလျင်ဖြစ်စေ... နေရာယူ ကင်းလှည့်နေစေမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကို တကူးတက သွားရှာစရာ မလိုလောက်အောင် လူမြင်ကွင်းတွေမှာ တာဝန်ပေးထားပါမယ်။ အရေးပေါ်ခေါ်ဆိုလို့ ရတဲ့ တယ်လီဖုန်းလိုင်းကိုလည်း လိုင်းအကျယ် အများအပြားထား ရှိပေးပါမယ်။

အိပ်မက်တိုင်းပြည်ရဲ့ရဲတပ်ဖွဲ့မှာ ယာဉ်ထိန်းရဲ၊ စည်ပင်ရဲ၊ ဘုရားရဲ၊မီးရထားရဲ၊ နယ်စပ်စည်ပင်ရဲ အဲဒီလို ရဲပေါင်းများစွာ ယူနီဖောင်းမျိုးစုံနဲ့ ကွဲပြားနေခြင်းကို လုံးဝ လက်ခံစဉ်းစားခြင်း ပြုမှာမဟုတ်ပါဘူး။ ယူနီဖောင်းဝတ် ရဲတစ်မျိုးတစ်စားတည်း ရှိပါမယ်။ သက်ဆိုင်ရာ တာဝန်ကျနယ်မြေပေါ်မူတည်ပြီး ရဲလုပ်ငန်းတွေကို လုပ်ဆောင်အကူအညီပေးသွားပါမယ်။ ယာဉ်ထိန်းရဲ မရှိပေမယ့် အိပ်မက်နိုင်ငံတော်ရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ဆက်သွယ်ရေးစနစ်၊ ယာဉ်လမ်းကြောင်း ထိန်းသိမ်းတဲ့စနစ်စတဲ့ စနစ်အားလုံးဟာ စီစီတီဗွီ၊ ကွန်ပျူတာစနစ်များဖြင့် အခြေခံတည်ဆောက်ထားမှာ ဖြစ်တဲ့အတွက် ယာဉ်ထိန်းရဲ သီးသန့်ထားရှိရန် မလိုအပ်ဘူးလို့ ယူဆပါတယ်။ ယာဉ်မတော်တဆဖြစ်ခဲ့ရင်လည်း အနီးဆုံး သက်ဆိုင်ရာ လမ်းကြောင်းပေါ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်မှ လာရောက်ကူညီ ဖြေရှင်းပေးမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်သူဟာ အနိမ့်ဆုံး ပညာအရည်အချင်း အနေနဲ့ ဆယ်တန်းအောင်ရပါမယ်။ တက္ကသိုလ်ဝင်တန်း (သို့) ဆယ်တန်းမအောင်တဲ့ သူများကို တပ်ဖွဲ့မှာ ခန့်ထားခြင်း လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူး။ ပညာအရည်အချင်း နိမ့်ပါးမှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာများကို ကြိုတင်ဖြေရှင်းတဲ့အနေနဲ့ ပြုလုပ်ရတာပါ။ အဆင့်မြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးတဲ့အခါ ပညာအရည်အချင်းက စကားပြောလာပါတယ်။ အဲဒါကြောင့် ပညာအရည်အချင်း နည်းပါးတဲ့သူများကို အိပ်မက်တိုင်းပြည် ရဲတပ်ဖွဲ့မှာ ခန့်အပ်တာဝန်ပေးခြင်း မရှိပါခင်ဗျာ။

အဲဒီလို အိပ်မက်တိုင်းပြည်အတွက် အိပ်မက်တွေ မက်ရင်း...

Tuesday, July 1, 2008

Am I a bad boy?

လူဆိုးလေးလားပေါ့။ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်ပေးပြီး ပြန်ကြည့်မိတော့ မသတီလိုက်တာ။ ဒီအသက် ဒီအရွယ်နဲ့ လူဆိုးလေးတဲ့ အဟက်။ အမှန်ဆိုး လူဆိုးအဖိုးကြီးလားလို့ ရေးရမယ် ထင်တယ်။ အဟား... ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ပေရှည်နေတာနဲ့ လိုရင်းကို အခုထိ မရောက်သေးဘူး။

ကျွန်တော့်ဘ၀မှာ အတော်လေး လူပေါင်းစုံနဲ့ အသိအကျွမ်း ဖြစ်ခဲ့ဖူးပါတယ်။ ကရကဋ်တို့ရဲ့ နဂိုမူလဗီဇအရ လူတိုင်းကို အလွယ်တကူ ချက်ချင်း လက်ခံစကားပြောလေ့ မရှိပါဘူး။ လူအရမ်းရွေးပါတယ်။ အလွယ်တကူ မခင်တတ်ဘူး အလွယ်တကူ မမုန်းတတ်ဘူးပေါ့ဗျာ။ အဲဒီလိုပါပဲ လူတွေကလည်း မျက်နှာထားတင်းတဲ့ ကျွန်တော့်ကို တော်ရုံတန်ရုံနဲ့လည်း စကားရောဖေါသော မပြောဆိုကြပါဘူး။ ဒါပေမယ့် ကျွန်တော့် အသိမိတ်ဆွေ အပေါင်းအသင်းတွေမှာ လူပေါင်းစုံ ရှိနေပါတယ်။

၆ တန်းတုန်းက သူငယ်ချင်းတစ်ဦး... အမည်ရင်းက မောင်ငယ်လို့ ခေါ်ကြတယ်။ သူက ကျောင်းမှာ မျက်နှာပြောင်လွန်းတယ်။ ရပ်ကွက်ထဲမှာလည်း ခဏခဏ ရန်ဖြစ်တယ်။ လူမိုက်ပေါက်စပေါ့။ ၆ တန်းမှာ ၂ နှစ်ရှိပြီ ကျနေတာ။ ကျွန်တော်က တခြားမြို့နယ်ကနေ မောင်ငယ်တို့ ကျောင်းကို ပြောင်းလာတော့ ကျောင်းသားသစ်တို့ ထုံးစံအတိုင်း နောက်ဆုံးအတန်းကို ရောက်သွားတယ်။ ကျောင်းအပ်တာလည်း နောက်ကျတော့ ကျောင်းဖွင့်ပြီး ၃ ပတ်လောက်မှ ကျောင်းစ တက်ဖြစ်တယ်။ ကျောင်းတက်တော့ ထိုင်စရာခုံက မရှိတော့ဘူး။ နှစ်ကျကြီးတွေ ထိုင်တဲ့ ခုံမှာ ၁ ယောက်စာ လွတ်နေတာနဲ့ အဲဒီမှာပဲ ထိုင်ဖြစ်လိုက်တယ်။ အဲဒီကနေ စပြီး မောင်ငယ်ကို စသိခဲ့ရတယ်။

စစချင်းတော့ သူတို့က နှစ်ကျကြီးတွေ ဆိုတော့ ရှိန်တာပေါ့။ ဒါပေမယ့် မောင်ငယ်က အတော်လေး ခင်ဖို့ ကောင်းပါတယ်။ ကျောင်းတတ်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မောင်ငယ်ကပဲ ကျွန်တော့်ကို အနီးကပ် စောင့်ရှောက်ပေးခဲ့ပါတယ်။ သူ့အရှိန်တွေနဲ့ ကျောင်းက အခြား ဂျစ်ကန်ကန် အတန်းကြီးတွေတောင် ကျွန်တော့်ကို မထိရဲပါဘူး။ ကျွန်တော့်အပေါ် တစ်ခုခု အမှားလုပ်မိရင်လည်း လုပ်မိတဲ့ကောင်တွေ နာဖို့သာ ပြင်ပေတော့။ နောက်တစ်ခုက မောင်ငယ်က အဲဒီအချိန်တုန်းက ကျောင်းက မြန်မာစာဆရာမကို ပိုးနေတာ။ ကျွန်တော့်အိမ်မှာ နှင်းဆီပင်တွေက အများသား။ နေ့တိုင်း နှင်းဆီပွင့်တွေ ပွင့်တော့ မောင်ငယ်က ဆရာမကို နှင်းဆီပန်းတွေ ပေးပြီး ပိုးတယ်လေ။ ကျွန်တော်က သူ့အတွက် ပန်းတွေ ပံ့ပိုးပေးရတာပေါ့။

နောက်ပိုင်း သူ ၇ တန်း ၈ တန်းအထိ ကျွန်တော်နဲ့အတူ စာမေးပွဲတွေ အောင်လာခဲ့သေးတယ်။ ၈ တန်းမှာ ကျကျန်ရစ်ခဲ့တယ်။ ကျွန်တော်လည်း အထက်တန်းကျောင်းကို ပြောင်းသွားလိုက်ရတယ်။ အဲဒါနဲ့ သူနဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ နောက်ပိုင်း သူ အိမ်ထောင်ကျသွားတယ်။ ဟိုဘက်ကမ်းကို ပြောင်းသွားတယ်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါဘူး။ အရက် သောက်တတ်လာပြီး အချိန်ပြည့်နီးပါး မူးနေလေ့ရှိတယ်။ ဘယ်လောက်ပဲ သာခွေယိုင်အောင် မူးမူးပါ... ကျွန်တော့်က "ဟေ့... မောင်ငယ်" လို့ ခေါ်လိုက်တာနဲ့ "ဟာ... တရုတ်လေး ဘယ်သွားမလို့လဲ" ဆိုတာကို ပြန်ဖြေစမြဲပါ။

၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တွေ မဖွင့်သေးတဲ့ ယောင်ချာချာ အချိန်တွေမှာ သူငယ်ချင်းတွေ ဖွန်ကြောင်ရင် အနောက်ကနေ စစ်ကူပေးခဲ့ပါတယ်။ သူငယ်ချင်းတစ်ဦးက မောင်ငယ်တို့ရွာကို ဖြတ်ပြီး သွားရတဲ့ ရွာတစ်ရွာက ကွမ်းတောင်ကိုင်ကို လူပျိုလှည့်နေပါတယ်။ မြစ်ကူးချောင်းကူး သွားရတဲ့အပြင် လယ်ကန်သင်းရိုးတွေပေါ်က ဖြတ်ပြီး ရွာတွေကို သွားရတာပါ။ တစ်နေ့ ရွာက အမူးသမား တစ်ယောက်က ဘာကို အမြင်ကပ်သလဲ မသိဘူး ဒုတ်ကြီးဆွဲပြီး လိုက်ရိုက်ပါလေရော။ ထုံးစံအတိုင်း ဖ၀ါးနဲ့တင်ပါး တစ်ထပ်တည်းကျအောင် ပြေးရတာပေါ့။ လမ်းခုလတ်မှာ မောင်ငယ်နဲ့ တွေ့လို့ ကံကောင်းတာပါပဲ။ မောင်ငယ်အရှိန်နဲ့ အဲဒီ အမူးသမားလည်း နောက်ကြောင်း ပြန်လှည့်သွားတယ်။ မောင်ငယ်ကိုယ်တိုင် လှေဆိပ်အထိ လိုက်ပို့တဲ့အပြင် ဒီဘက်ကမ်းအထိ လှေနဲ့ အတူ လိုက်လာခဲ့ပါသေးတယ်။ စိတ်မချလို့ ဆိုပဲ။ အင်း အခုတော့ အဲဒီ မောင်ငယ်လည်း လူ့လောကကြီးမှာ မရှိတော့တာ ကြာလှပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်မှာပဲ ဆုံးသွားခဲ့ပြီလေ။

၁၀ တန်းတုန်းက ကျွန်တော့် သူငယ်ချင်းတစ်ဦးက လူမိုက်ပါ။ ကျောက်မြောင်း အောင်မင်္ဂလာတ၀ိုက်မှာ အတော်လေး ဆိုးသွမ်းသူပါ။ ဆယ်တန်းကလည်း အခါခါကျနေတော့ အသက်က ကျွန်တော့်ထက် ၅ နှစ်လောက် ကြီးမယ်။ ဘယ်ကနေ ဘယ်လို သူက ကျွန်တော်ကို ခင်မင်နေလဲ မသိပါဘူး။ ကျွန်တော်နဲ့ဆို စကားပြောရင် အကောင်းပဲဗျ။ ကျွန်တော်ကလည်း အဲဒီလို သူများတကာတွေ မပေါင်းချင်တဲ့ အော်ကျောလန် လူတွေကို ပိုပြီး ခင်ခင်မင်မင် စကားပြောလေ့ရှိတယ်။ ကိုယ်တတ်နိုင်တဲ့ ကျောင်းစာဘက်မှာလည်း သူ့ကို အတော်လေး အကူအညီပေးခဲ့တယ်။ အဲဒီကြောင့်ပဲ ကျွန်တော့်ကို ခင်တာလား မသိပါဘူးဗျာ။

ကျူရှင်သွား ကျူရှင်ပြန် သူတို့နဲ့ သွားလာနေလို့ တစ်ခါက အိမ်အပြန်လမ်းမှာ ချောင်းရိုက်ခံရသေးတယ်။ မီးပျက်တဲ့ညမှာ ၀ိုင်းပြီး ပါးတွေ နားတွေ ရိုက်သွားကြတာပါပဲ။ အတော်လေးကို ပူထူသွားပါတယ်။ နောက်တစ်ပါတ် ကျူရှင်မှာ သူတို့နဲ့ တွေ့ဖြစ်တော့ အဲဒီအကြောင်းကို ပြန်ပြောဖြစ်ပါတယ်။ သိပ်တောင် မစောင့်လိုက်ရပါဘူး။ နောက်တစ်နေ့ည ကျူရှင်အပြန်မှာ ပွဲကြီးတစ်ပွဲ ဖြစ်တော့တာပါပဲ။ ဘယ်သူတွေက လူမှားရိုက်လဲဆိုတာ သူတို့ဘာသာ သူတို့သိထားကြပုံပဲ။ ကျူရှင်အချိန်မှာ လူစုပြီး သွားတီးကြတာပဲ။ ကျွန်တော်က ကိုယ့်ဘာသာ ကိုယ်အိမ်ပြန်သွားတော့ ပွဲကို မြင်တောင် မမြင်လိုက်ရဘူး။ သူတို့ လူစုလိုက်တာပဲ သိလိုက်ရတယ်။ ဆယ်တန်းဖြေပြီး နောက်ပိုင်းတော့ သိပ်မတွေ့မိတော့ဘူး။

တက္ကသိုလ်ရောက်တော့လည်း ကျောင်းမှာ ဘယ်သူမှ မပေါင်းတဲ့ ထောင်ထွက် ကျောင်းသားဟောင်းကြီးနဲ့ ပေါင်းဖြစ်တယ်။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာ။ ၁၉၉၅ မှာ ထောင်ကျခဲ့တာ ၂၀၀၃ မှာ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ၇ နှစ်တောင် နေခဲ့ရတော့ စာတွေလည်း မေ့ရောပေါ့။ စတုတ္ထနှစ်ကိုလည်း နှစ်ဝက်ကနေ တက်ရတော့ ကြားထဲမှာ လွတ်ထားတဲ့ စာတွေက အများသား။ လွတ်သွားတဲ့စာတွေကို ပြန်ကူးဖို့ ကျောင်းစာအုပ်တွေ ငှားတော့လည်း စာမေးပွဲနီးနေလို့ အတန်းထဲက သိပ်မငှားချင်ကြဘူး။ စာတွေ ရှင်းပြဖို့ကျတော့လည်း အဆက်အဆံ မလုပ်ချင်ကြဘူး။ အဲဒါနဲ့ပဲ ဘယ်သူမှ မပေါင်းတဲ့ လူတွေကျွန်တော်နဲ့ ရင်းနှီးခဲ့တယ်။ ကျောင်းစာတွေနဲ့ ပတ်သတ်ပြီး သူ့အိမ်ကို ၀င်ထွက် သွားလာဖြစ်သွားတယ်။ သူ့ဘွဲရတဲ့အထိ ကျွန်တော်နဲ့ နောက် သူငယ်ချင်းတစ်ဦးက အစွမ်းကုန် ကူညီခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ပြင်သစ်ယဉ်ကျေးမှုးသံရုံးမှာ ပြင်သစ်စာ သင်ဖို့ စကော်လာရခဲ့တယ်။ ဒါပေမယ့် စီးပွါးရေးတစ်ဖက်နဲ့ ကျောင်းမှန်အောင် မတက်နိုင်ခဲ့ဘူး။ အဲဒီလိုပဲ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်းက ခေါ်စစ်တယ်။ သူ့ကျေးဇူးနဲ့ပဲ သတိပေးခံရတယ်။ စောင့်ကြည့်ခံရတယ်။ သူကတော့ စက်တင်ဘာကတည်းက အထဲ ပြန်ရောက်နေပြီ။

ကျောင်းပြီးတော့ စီးပွါးရေးအသေးလေးကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လုပ်ဖြစ်သေးတယ်။ ကိုယ်နေတဲ့ လမ်းမှာ မဟုတ်ပဲ အခြားရပ်ကွက်က လမ်းမှာ အလုပ်သွားလုပ်တော့ လမ်းထဲက လူမိုက်ပေါက်စလေးတွေက မိုက်ကြေးခွဲချင်ပါတယ်။ "ခေတ်မကောင်းလို့ ရူးချင်ယောင် ဆောင်နေတာ... ဘာကောင်မှတ်လဲ" ဆိုတာမျိုးလေးတွေနဲ့ မထိတထိ သွေးတိုးစမ်းကြပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စီးပွါးရေးက အဓိကဆိုပြီး ဘာမှတော့ သိပ်မပြောပါဘူး။ သူငယ်ချင်းတွေကတော့ လက်ယားနေကြပြီ။ ခက်တာက အဲဒီကောင်လေးတွေ မသိတာက အခု စီးပွါးရေးကို ၀ိုင်းလုပ်နေတဲ့ သူငယ်ချင်းတွေက ဘယ်လို ဇ တွေ ရှိတယ်ဆိုတာ သူတို့ မသိတာပါ။ တခြားရပ်ကွက်ကနေ လာခဲ့တော့ နောက်ကြောင်း ရာဇ၀င်ကို သေချာမစုံစမ်းပဲ လျှော့တွက်တာ သူတို့အမှားပါပဲ။ နောက်ပိုင်းတော့ အစ်ကို ဆိုတာကို ပါးစပ်ဖျားက မချတော့ပါဘူး။ ဘယ်လို ဇ တွေ ရှိတဲ့ ဆိုတဲ့အကြောင်း သဘောပေါက်သွားကြတာကိုး။ သူတို့တွေ ဖင်တုန်အောင် ကြောက်နေရတဲ့ ဆရာကြီးတွေက ကိုယ်တွေနဲ့က ပေါဖော်ပေါဖက်တွေလေ။

အဲဒီလိုနဲ့ သွေးကြွတဲ့ လူငယ်တွေကြားမှာ လူမိုက် လူဆိုး မလုပ်ခဲ့ပေမယ့် သူတို့ကို လမ်းမမှားရအောင်တော့ အတတ်နိုင်ဆုံး နားချပေးခဲ့တယ်။ စကေဘာတွေ ဓါးမြောင်တွေ ဆောင်ထားရင် လက်နက်မှုနဲ့ ဖမ်းခံရမှာ စိုးလို့ ၀က်အူလက်တွေ ပြောင်းဆောင်ခိုင်းတယ်။ မဆောင်ထားပါနဲ့လို့ တားလို့မှ မရတဲ့အဆုံး လက်နက်မှု မမြောက်တဲ့အရာပဲ ဆောင်ခိုင်းထားရတာပဲလေ။ ရန်မဖြစ်နဲ့လို့ မပြောတော့ဘူး။ လက်မလွန်စေနဲ့လို့ပဲ ပြောတော့တယ်။ အရက် မသောက်နဲ့လို့ မမှာတော့ဘူး။ မူးပြီး မရမ်းဖို့ပဲ မှာတယ်။ ဆေးလိပ် မသောက်ဖို့ မဆူတော့ဘူး။ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားတွေ မသုံးဖို့ပဲ စောင့်ကြည့်တော့တယ်။ အပျော်အပါး မမက်ပါနဲ့။ ပြည့်တန်ဆာတွေဆီ မသွားပါနဲ့လို့ မတားတော့ဘူး။ ကွန်ဒုံးဆောင်ဖို့ပဲ ကွန်ဒုံး အသုံးပြုပုံ မှန်ကန်ဖို့ပဲ သင်ပေးတော့တယ်။ ကွန်ဒုံးပါ အလကား ဝေပေးသေးတယ်။ အဟီး...

အဲဒီလိုနဲ့ပဲ ခပ်ဆိုးဆိုး သူငယ်ချင်းတွေကြားမှာ... ခပ်ပေပေ ခပ်တေတေ လူငယ်တွေကြားမှာ... ဘ၀ကို သိက္ခာရှိရှိ ဂျစ်ပစီတစ်ယောက်လို ဖြတ်သန်းရင်း ကျွန်တော်တစ်ယောက် လူဆိုးတစ်ပိုင်း ယောကျာ်းရိုင်းကြီး ဖြစ်ခဲ့ရသလိုပါပဲ။ ဟုတ်ကဲ့... ကျွန်တော် လူဆိုးလေးလား ခင်ဗျာ။ အဟက်...