.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, March 8, 2009

Dear Yesterday - 8


My 8th time voluntary non-remunerated blood donation
မနေ့က သွေးသွားလှူဖြစ်တယ်။ အမှန်ဆို လှူရမယ့်ရက်က ခုနစ်ရက်လောက် နောက်ကျနေပြီ။ အမှန်တကယ် လှူရမယ့်နေ့မှာ ရုံးအလုပ်တွေကို ညဘက်အထိ မအိပ်ပဲ လုပ်ရမှာဆိုတော့ သွေးလှူလို့ မဖြစ်ဘူး။ အဲဒါနဲ့ အခုအပတ်ကို ရွှေ့ထားခဲ့လိုက်တာ။ ဒီတစ်ခေါက်မှာ သွေးလှူဖြစ်ခဲ့တာကို ထည့်ရေတွက်ရရင် စင်္ကာပူကျွန်းမှာ ရှစ်ကြိမ်မြောက် သွေးလှူဒါန်းခြင်းပါပဲ။ သွေးလှူတာကလည်း ရှစ်ကြိမ်မြောက် ဖြစ်သလို ခေါင်းစဉ်ကလည်း မနေ့ကအပိုင်း နံပါတ်ရှစ်ပါ။ အခုပို့စ်ကို တင်တဲ့ရက်ကလည်း မတ်လ ရှစ်ရက်နေ့ဖြစ်နေသလို အချိန်ကလည်း ည ရှစ်နာရီဖြစ်နေပါတယ်။ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ဒီမှာက ကျန်းမာရေးကောင်းရင် သုံးလမှာတစ်ခါ သွေးလှူလို့ရနေတော့ အဆင်ပြေပါတယ်။ မနက်စာစားပြီး ရေမိုးချိုး အ၀တ်စားလဲ။ ပြီးတော့ နေ့လည် ၁၁ နာရီလောက် သွေးလှူဘဏ်ကို ရောက်အောင် သွားခဲ့ပြီး သွေးလှူခဲ့လိုက်တယ်။ ဒီတစ်ခေါက် သွေးလှူတော့ ပြန်ပေးတဲ့ အားဆေးတွေ ပြောင်းသွားပါပြီ။ အရင်တုန်းက ပေးတဲ့ဆေးတွေက အမဲသားကနေ ထုတ်လုပ်ထားတာဖြစ်လို့ တချို့ဘာသာဝင်တွေနဲ့ အဆင်မပြေဘူးလေ။ ခြေလေးချောင်းသား မစားတဲ့ ကျွန်တော်နဲ့လည်း အဆင်မပြေပါဘူး။ အဲဒါကြောင့် ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်ထားတဲ့ အားဆေးတွေကိုပဲ ပြောင်းပေးပါတယ်။ သွေးညှစ်တဲ့နေရာမှာ သုံးတဲ့ ဘောလုံးလေးတွေ ဒီဇိုင်းအသစ် ထုတ်မှာဖြစ်လို့ လတ်တလောမှာ စင်္ကာပူအလံပုံ ရာဘာတုံးလေးတွေကိုပဲ ညှစ်ခိုင်းထားပါတယ်။ သွေးပုံရင်ထိုးလေးတွေ ပေးပေမယ့် ဒီတစ်ခေါက် မရလိုက်ဘူး။ လာပေးဖို့ မေ့သွားပုံပဲ။ တကူးတကလည်း မတောင်းချင်တာနဲ့ ဒီအတိုင်းလေးပဲ ထွက်လာခဲ့လိုက်တယ်။

သွေးလှူပြီး အိမ်ပြန်ရောက်တော့ နေ့လည်ပိုင်းမှာ ခဏအိပ်စက် အနားယူလိုက်သေးတယ်။ အိပ်ရာကနိုးတော့ ညနေပိုင်းမှာ ယုံကြည်မှုဆိုတာနဲ့ ပါတ်သက်ပြီး ပေါက်ကွဲ ထိရှ ခံစားလိုက်ရတယ်။ မယုံသေးပါဘူး ဆိုတာက ကျွန်တော့်အဖို့ တကယ်ကို ခံရခက်စေတဲ့ စကားလုံးပါပဲ။ ကျီစယ်တာပဲဖြစ်နေအုံး မကြိုက်တာတော့ အမှန်ပါပဲ။ မယုံဘူးဆိုမှတော့ ပြောခဲ့သမျှ လုပ်ခဲ့သမျှ တည်ဆောက်ခဲ့သမျှ သဲထဲရေသွန်သလို အလကားဖြစ်ကုန်ပြီပေါ့။ မယုံဘူးဆိုမှတော့ ဘယ်လို ရှေ့ဆက်စခန်းသွားကြမလဲ။

ဒီလိုနဲ့ပဲ အတိုက်အခံတွေ ဖြစ်လိုက်ရပြီး နောက်ဆုံးတော့ ယုံသွားပါလေရော။ မုန်တိုင်းပြီးရင်တော့ လေပြေ လာစမြဲပါပဲ။ ကိုယ်မှန်နေရင် နောက်မဆုတ်တတ်တဲ့ ဥာဉ်ဆိုးလေးက တခါတလေတော့လည်း အထောက်အကူ ဖြစ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ တခါတလေတော့လည်း ချောက်ကျစေပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ချိုးရေနေရမယ့် နေ့ရက်တွေ ရှိလာပါပြီ။ အရှေ့ဆီမှာ ရောင်နီတွေ ထွန်းလင်းစေချင်တယ်။ နွေရာသီရဲ့ အပူဒဏ်နဲ့အတူ ရင်မောရလွန်းတဲ့ ရက်တွေ အချိန်တွေ ကုန်ဆုံး လွန်မြောက်ချင်ပါတယ်။။

အဲဒီနေ့ အဲဒီအချိန်မှာ ကျွန်တော်ဇူလိုင် ကံကောင်းပါစေလို့ပဲ မနေ့က မျှော်လင့်မိပါတယ်။

Saturday, March 7, 2009

Architect Saya Shwe


ကျွန်တော်ရဲ့ ဆရာ ဗိသုကာဆရာရွှေ...

ဂျပန်မှာ ပညာတော်သင်ခဲ့ပြီး မြန်မာပြည်က ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာဌာနမှာ ကျောင်းဆရာလုပ်ရင်း လူငယ်မျိုးဆက်သစ်တွေအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့သူတစ်ဦးပေါ့။ ဘုဂလန့်ကျကျ နေတတ် ပြောတတ်လို့ တချို့တွေက ဆရာ့ကို မကြိုက်ကြပါဘူး။ မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဆရာက လူမုန်းများသလို လူချစ်လူခင်လည်း အလွန်ပေါပါတယ်။ အထူးသဖြင့် ဗိသုကာ တပည့်ဟောင်းတွေက သူ့ကို ချစ်ကြောက်ရိုသေပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဆရာ့ကို တပည့်တွေ ချစ်ကြတာ မဆန်းပါဘူး။

ကျောင်းသားဘ၀တုန်းက ကြို့ကုန်းကျောင်းကနေ အပြန်ခရီးတိုင်းမှာ ဆရာရဲ့အိမ်ရှိတဲ့ လှည်းတန်းဘူတာမှာ ဆင်းပြီး ညနေခင်းတွေကို လက်ဖက်ရည်ဆိုင်မှာ ဆရာနဲ့ စကားပြောဆို ရယ်မောရင်း ဖြတ်သန်းခဲ့ပါတယ်။ ကျောင်းပိတ်ရက် ညနေပိုင်းတွေမှာလည်း ဆရာရှိတဲ့ လှည်းတန်းဘူတာကို တကူးတက ရထားစီးပြီး မလာရရင် မနေနိုင်ခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ဆရာနဲ့အတူ ဗိသုကာ ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ အပြင် ပန်းချီဆရာတွေ၊ ဂျာနယ်အသိုင်းအ၀ိုင်းက တက်သစ်စ အယ်ဒီတာတွေပါ ၀ိုင်းထိုင်လေ့ရှိကြပါတယ်။ ဆရာပြောပြတဲ့ သတင်းစကားတွေကို နားထောင်ချင်ကြတယ်။ ဆရာရဲ့ ရှုထောင့်တွေကို ပုံဖော်ချင်ကြတယ်။ ဆရာရဲ့ အယူအဆ အတွေးအမြင်ကို သိချင်ကြတယ်။

ဘ၀တကွေ့မှာ ဆရာနဲ့ ကျွန်တော် ခဏတာ ဆုံတွေ့ရပေမယ့် ဆရာဆီက အတွေးအမြင်တွေ ဗဟုသုတတွေ ခံယူချက်တွေ မျှဝေရရှိခဲ့ပါတယ်။ ဗိသုကာပညာနဲ့ ပါတ်သတ်တာရော၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး စုံပလုံစိအောင် ဆရာက မျှဝေပါတယ်။ ကျောင်းမှာ သင်ပေးလို့မရတဲ့ ပညာတွေ ဆရာဆီက ရစေပါတယ်။ ဆရာရဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို ပွင့်ဟစေတဲ့အထိ အြံ့သစေ အံ့အားသင့်စေပါတယ်။ တချို့ဟာတွေက ဆရာပြောပြမှ သိခဲ့ရတာမျိုးတွေပါ။ ရှေ့မီနောက်မီ ဆရာဟာ ခေတ်လည်းမှီပါတယ်။ အင်တာနက်နဲ့ အီးမေးလ်တွေကို အဲဒီအချိန်ကတည်းက သုံးနေပါပြီ။ လူကြီးဆိုပေမယ့် ခေတ်နောက်ကျ ကျန်နေလေ့မရှိပဲ လူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် အသိအမြင် ဗဟုသုတ ကြွယ်ဝလှပါတယ်။

ဒီတစ်ခေါက် ကျွန်တော် ရန်ကုန်ပြန်ခဲ့တုန်းက ဆရာ လက်ရှိနေထိုင်နေတဲ့ သုဝဏ္ဏကို သွားခဲ့ပြီး ကျွန်းရွှေမြိုင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စကားတွေ ပြောခဲ့ကြပါသေးတယ်။ အခုချိန်ထိတော့ ဆရာက ကျန်းကျန်းမာမာ ရှိလှပါတယ်။ သန်သန်မာမာပါပဲ။ ပေါက်တက်ကရ ဟာသတွေလည်း ရယ်ရယ်မောမော ပြောနေတုန်းပါပဲ။ အဲဒီလိုပဲ နိုင်ငံရေးတွေလည်း မပြောပဲ မနေပါဘူး။ နိုင်ငံတကာရေးရာ ကမ္ဘာ့ရေးရာတွေလည်း ပါတာပေါ့။ ကျွန်တော် ရန်ကုန်ကနေ ဒီကို ပြန်လာတော့ ဆရာက စာအုပ်နှစ်အုပ် လက်ဆောင် ပြန်ပေးလိုက်ပါသေးတယ်။

သင်ဆရာ မြင်ဆရာ ကြားဆရာ ကျွန်တော့်ရဲ့ ဗိသုကာ ဆရာရွှေအတွက် အမှတ်တရပါ။

Thursday, March 5, 2009

Once upon a time

ဟိုရှေးရှေးတုန်းကပေါ့။ ရန်ကုန်မြို့ရဲ့ ကွန်ပျူတာသင်တန်းကျောင်းတစ်ခုမှာ ဆရာပေါက်စဖြစ်နေတဲ့ အသက် ၂၀ မပြည့်တပြည့် ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ တစ်နေ့တော့ ကျောင်းမှာ အလုပ်နေရာတွေအတွက် အင်တာဗျူး လုပ်မယ်ဆိုတော့ အဲဒီမှာ ကျောင်းသားဖြစ်တဲ့ သူက အင်တာဗျူး အတွေ့အကြုံ ရအောင်ဆိုပြီး အပျော်သဘောမျိုး လက်တည့်စမ်း ဖြေလိုက်ပေမယ့် အလုပ်တစ်ခု ရလိုက်တယ်တဲ့ကွယ်။ အလုပ်ကတော့ ပထမနှစ် ကျောင်းသားတွေ ပရောဂျက်လုပ်တဲ့အခါမှာ ကြီးကြပ်ပေးရမယ့် စူပါဗိုက်ဆာ ဆိုတဲ့ ရာထူးပါပဲ။ ပရိုဂမ်မာဖြစ်ချင်နေတဲ့ သူ့အတွက်တော့ ဒီအလုပ်က ကွတ်တိပါပဲ။ ဒီပလိုမာ ပထမနှစ်ရဲ့ ပရောဂျက်တွေက ပရိုဂရမ်းမင်း ပရောဂျက်တွေပဲလေ။ အဲဒီတော့ ပုံစံမျိုးစုံကို တွေ့ထိရပြီပေါ့ဗျာ။

အဲဒီလိုနဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကိုင်လာခဲ့တာ ၁၁ မီးငြိမ်းတဲ့ ဆရာကို ဖြစ်လို့။ တစ်ရက်မှာ စာသင်ခန်းတစ်ခုရဲ့ ရှေ့မှာ ဖိုင်တွဲလေးကို ရင်မှာဖိပြီး မတ်တပ်ရပ်နေတဲ့ နတ်သမီးလေးတစ်ပါးကို ရင်ခုန်ဖွယ် တွေ့ခဲ့လိုက်ရတယ်။ ဖြူဝင်းတဲ့ အသားအရည်နဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အလှဟာ ပိုင်ဟွေ့ဒီဇိုင်းလို့ ခေါ်ကြတဲ့ ရှန်ဟိုင်းစတိုင် ၀တ်စုံလေးနဲ့ တွဲဘက်ထားတော့ ပြစ်မျိုးမှဲ့မထင် ရိုးရိုးစင်းစင်းလေး လှနိုင်လွန်းတယ်လို့ သူ့စိတ်ထဲမှာ စွဲထင်နေခဲ့တာပေါ့။ သူ့အတွက် ရင်ခုန်ဖွယ် တိမ်းညွတ်စေတဲ့ နတ်သမီးလေးဟာ ရိုးရိုး ကွန်ပျူတာသင်တန်း ကျောင်းသူလား၊ ဒီပလိုမာသင်တန်းသူလား ဆိုတာ သူကိုယ်တိုင်လည်း မသိခဲ့ပါဘူး။

ဒီလိုနဲ့ ဒီပလိုမာ အတန်းတစ်ခုရဲ့ ပရောဂျက်တွေ ကိုင်ရမယ့် အလှည့်ကို ရောက်လာပြန်ပါပြီ။ ပရောဂျက် လုပ်မယ့်သူတွေကို စာသင်ခန်းတစ်ခုမှာ စုထားကြတယ်။ သက်ဆိုင်ရာ စူပါဗိုက်ဆာတွေ အဖွဲ့တွေ ခွဲယူရမယ် ဆိုတော့ သူလည်း လိုက်လာရပြီပေါ့။ လူစုထားတဲ့ အခန်းထဲကို သူလှမ်းကြည့်လိုက်တော့ နတ်သမီးလေးကို တွေ့လိုက်ရတယ်။ ခြေလှမ်းတွေကို ရပ်လိုက်ပြီး အခန်းထဲကို ချက်ချင်း မ၀င်သေးပဲ ပရောဂျက်အခန်းထဲက နောက်ကျမှ ထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက် အခြား စူပါဗိုက်ဆာ ၂ ယောက်ကို စောင့်နေလိုက်တယ်။ အဲဒီ ၂ ယောက် ရောက်လာတော့ တိုးတိုးလေး လှမ်းချိတ်လိုက်တယ်။ အဲဒီ နတ်သမီးလေး အဖွဲ့ကို သူ ကိုင်မယ်ပေါ့။ ဟို ၂ ယောက်ကလည်း သဘောပေါက်တယ်။ အဲဒီအဖွဲ့ကို သူတို့ တာဝန်မယူပဲ ရှောင်ပေးမယ်ပေါ့။ ဒီလိုနဲ့ နတ်သမီးလေးရဲ့အဖွဲ့ကို သူ ကိုင်တွယ် ကြီးကြပ် စူပါဗိုက်စ် လုပ်ပါတော့တယ်။

မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့ နေ့တစ်နေ့...ဗိုလ်တထောင်ဘုရားလမ်းမကြီး အပေါ်မှာ ကျိုက်ထီးရိုးက ၀ယ်လာတဲ့ လက်ဆောင်လေးတွေကို ပေးရင်း သူက နတ်သမီးလေးကို မိုးရေထဲမှာ ချစ်ခွင့်ပန်ခံတယ်။ လမ်းမထက်မှာ နှစ်ယောက်စလုံး မိုးတွေ စိုလို့ပေါ့။ နတ်သမီးလေးကတော့ အဖြေမပေးသေးပါဘူး။ ဆောင်းရောက်တဲ့အထိ စောင့်ပါအုံးတဲ့။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် ဟိုမရောက် ဒီမရောက် ဘ၀ချိုချိုလေးမှာ မိုးရေစက်တွေနဲ့အတူ ပျော်နေခဲ့ကြတယ်။

အတန်းဆင်းတာ အချိန်စောပေမယ့် နတ်သမီးလေးက အိမ်မပြန်သေးပဲ ရုံးဆင်းချိန်ရောက်မှ သူနဲ့အတူတူ အိမ်ပြန်တယ်။ ညအမှောင်မှာ နတ်သမီးလေးရဲ့ လက်ကို ဆွဲပြီး အိမ်လိုက်ပို့ပေးရတဲ့အချိန်မှာ သူ့ရင်ထဲမှာ ကုလားဘုရားပွဲ လှည့်နေသလိုပါပဲ။ နေ့လည်ပိုင်းတွေမှာ တခြားအတန်းဖော် သူငယ်ချင်းတွေ ရှိပေမယ့်လည်း သူနဲ့ပဲ ထမင်းစား ထွက်ကြတယ်။ သူ မအားသေးရင် အားတဲ့အချိန်ထိ စောင့်ပေးရှာတယ်။ နတ်သမီးလေး အတန်းမပြီးသေးရင် သူကလည်း တစ်ယောက်တည်း ထမင်းထွက်မစားပဲ အတန်းချိန်ပြီးတဲ့အထိ အခန်းဝမှာ ထိုင်စောင့်နေတတ်တယ်။ သူတို့နှစ်ယောက်ဟာ အဲဒီသင်တန်းကျောင်းက ဆရာမအချို့ရဲ့ ပါးစပ်ဖျားမှာ ဒီစုံတွဲလေး အတွဲညီလိုက်တာလို့ ပြောစမှတ် တွင်ခဲ့စေတယ်။

တစ်ရက် နေ့လည်ပိုင်း ထမင်းစား ထွက်ခဲ့ကြတယ်။ သူတို့ နေ့လည်စာ ထမင်းစားရင် စားသောက်ဆိုင်ရဲ့ အပေါ်ထပ် အဲယားကွန်းရှိတဲ့ အထူးခန်းမှာ စားကြလေ့ရှိတယ်။ တိတ်ဆိတ် အေးချမ်းပြီး သက်တောင့်သက်သာ ရှိတာကြောင့် သူတို့ အဲဒီနေရာကိုပဲ သေချာရွေးထားတာပါ။ ထမင်းစားပြီး ဆိုင်အောက်ထပ်ကို ဆင်းလာတော့ ဇူလိုင်မိုးသည်းတွေ ထစ်ခြုန်းရွာနေတယ်။ တိမ်ညိုတွေ အလုအယက် ပြိုဆင်းနေတယ်။

အတန်းတက်စရာရှိတဲ့ နတ်သမီးလေးနဲ့ အလုပ်လုပ်စရာရှိတဲ့ သူ့အတွက် မိုးစဲနေကို စောင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ ယူလာတဲ့ ထီးလေးကို ဖွင့်ပြီး ထီးတစ်ချောင်းအောက် နှစ်ယောက်အတူတူ ဆောင်းပြီး ထွက်ခဲ့ကြတယ်။ နတ်သမီးလေးကို ချစ်လွန်းတဲ့ သူက ထီးအောက်မှာ သိပ်မနေပဲ နတ်သမီးလေးဘက်ကိုပဲ ထီးမိုးပေးထားခဲ့တယ်။ ဒါပေမယ့်လည်း သည်းသည်းမဲမဲ ရွာသွန်းဖြိုးနေတဲ့ မိုးဒေ၀ါက သူတို့နှစ်ယောက်ကို ရွှဲရွှဲ စိုစေခဲ့တယ်။ ချမ်းချမ်း တုန်စေခဲ့တယ်။

မျက်မှန်ပေါ် လာတင်နေတဲ့ မိုးရေစက်တွေက သူရဲ့ မြင်ကွင်းတွေကိုေ၀၀ါးစေခဲ့တယ်။ မျက်စိမှုန်တဲ့ သူ့အဖို့ မျက်မှန်ချွတ်လိုက်ရင်လည်း မြင်ကွင်းတွေက မကြည်လင်ပြန်ဘူး။ ဒါနဲ့ပဲ မျက်မှန်ကို တကူးတက လက်မှာ မကိုင်ထားချင်တဲ့ သူက မျက်မှန်မချွတ်ပဲ ရှေ့ကို စွတ်တိုးနေခဲ့တယ်။ လက်တစ်ဘက်က ထီးကို မြဲမြဲကိုင်ရင်း နောက်လက်တစ်ဘက်က နတ်သမီးလေးရဲ့ လက်ကို ခိုင်ခိုင်တွဲထားလို့ပေါ့။ မိုးကလည်း သည်းတုန်းပါပဲ။

ဝုန်းကနဲ... ဆိုတဲ့ အသံလိုမျိုး သူ့နားထဲမှာ ကြားလိုက်ရတယ်။ မျက်နှာတစ်ခုလုံး ထူပူရှိန်းတိန်းသွားတယ်။ ထီးကို လက်မှာ ဆုပ်ကိုင်ထားရင်း သူ ဖင်ထိုင်လဲကျတော့မလို ယိုင်တိုင်တိုင် ဖြစ်သွားတယ်။ မျက်မှန်လည်း ကျွတ်ကျသွားလို့ မမြင်မစမ်းနဲ့ လိုက်ကောက်ရသေးတယ်။ ဘေးနားက နတ်သမီးလေးကတော့ တခစ်ခစ် ရယ်နေလိုက်တာများ မိုးသည်းထဲမှာတောင် အတိုင်းသား ကြားနေရတယ်။ ရုတ်တရက် သူ ဘာဖြစ်သွားမှန်း မသိရသေးတဲ့အတွက် မျက်မှန်ပေါ်က မိုးရေစက်တွေကို ပုဆိုးခါးပုံစနဲ့ အရင်ဦးဆုံး သုတ်ပစ်လိုက်တယ်။ ကြည်လင်သွားပြီဖြစ်တဲ့ မျက်မှန်ကို တပ်ကြည့်ပြီးတဲ့အခါ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက "အားလားလား..." ရှေ့တည့်တည့်မှာ ဓါတ်တိုင်ကြီးကို မြေကြီးနဲ့ ဆွဲတင်းပေးထားတဲ့ သံမဏိကြိုးလုံးကြီးပါလား။ မိုးရေထဲမှာ မမြင်မစမ်းနဲ့ ဓါတ်တိုင်ကို ဆွဲထားတဲ့ ကြိုးကို တည့်တည့်ကြီးကို ၀င်တိုးမိတာကို။

ကျောင်းပြန်ရောက်တော့ မှန်ထဲကြည့်လိုက်တဲ့အခါ သူ့နဖူးကနေ နှာထိပ်အထိ အရှိုးရာကြီးက အပေါ်အောက် တန်းနေတာပါပဲ။ ဘာဖြစ်လာတာလဲ ဆိုတာကို ပရောဂျက်အဖွဲ့တွေက ပြုံးဖြဲဖြဲနဲ့ မေးပေမယ့် သူ့မှာ ဖြေစရာ စကားလုံး ရှာမရခဲ့ဘူး။ တစ်ယောက်လာမေးတိုင်း တခစ်ခစ်နဲ့ ထိုင်ရယ်နေတာ သူ့ရဲ့ နတ်သမီးလေးပေါ့။ သူ့မှာတော့ ရှက်ရှက်နဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲတွတ်နေပြီ။ မျက်နှာတည်လွန်းတဲ့ သူ့ကို အခုလို ပုံစံမျိုးနဲ့ မြင်ရတော့ လူတွေက ပိုရယ်ချင်ကြတယ်။ ဟီးဟီးဟားဟားလည်း မရယ်ရဲကြတော့ ပါးစပ်လေးတွေ အုပ်ပြီး ကျိတ်ရယ်ကြတယ်။ အဲဒါတွေကို မြင်ရလေလေ သူမျက်နှာကြီးက ပိုပြီး နီလာလေလေပါပဲ။

တစ်ပတ်လောက်အထိ သူ့မျက်နှာမှာ အဲဒီအရှိုးရာကြီးက ဟန်ပါပါနဲ့ မင်းမူကြီးစိုးနေခဲ့ပါတယ်။ မျက်နှာအုပ်ပြီး နေလို့ရတဲ့ ဘ၀မျိုး မဟုတ်တော့ ဒီမျက်နှာကြီးနဲ့ ဒီလိုပဲ ရယ်သံတွေကြားမှာ ဒုက္ခခံခဲ့ရတာပေါ့ကွယ်။

ဟိုးတချိန်တုန်းက ဒုက္ခလှလှကြီးဟာ အခုချိန်မှာ ပြန်တွေးမိတော့လည်း ပြုံးချင်စရာ ဘ၀မှတ်တိုင် တစ်ခုအဖြစ် သူ့ဘ၀မှာ တည်ရှိနေခဲ့ပါပြီလေ။
~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော့်ကို Tag ရေးပါဆိုတဲ့ ညီမငယ် ၀က်သိုး ခေါ် နှင်းပွင့်ဖြူလေးရေ... အခုပို့စ်ကို ကျေနပ်မယ်လို့ ထင်ပါတယ်။

ကဲ... အစဉ်အလာရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
ဆပ်ပြာတုံး မတူးတူးသာ...
အော်စလိုပြန် မခင်မင်းဇော်...
ပလာတာ မကြိုက်တဲ့ ရွှန်းတီ...
ရာထူးတိုးသွားရှာတဲ့ မနှင်းဆီနီ...

Tuesday, March 3, 2009

Merlion struck by lightning


ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်း ၄ နာရီကျော်မှာ စင်္ကာပူရဲ့ အထင်ကရ အမှတ်အသားဖြစ်တဲ့ Merlion ရုပ်တုကြီး မိုးကြိုးပစ်ခံခဲ့ရပါတယ်။ မိုးကြိုးဒဏ်ကြောင့် ရုပ်တုကြီးရဲ့ ခေါင်းပေါ် လည်ဆံမွှေးတွေ နေရာမှာ အပေါက်ကြီး ၂ ပေါက်ဖြစ်သွားပါတယ်။ မိုးကြိုးဒဏ်ကြောင့် Merlion ရုပ်တုကြီးရဲ့ အနားတ၀ိုက်မှာ လာရောက် လည်ပတ် ဓါတ်ပုံရိုက်နေတဲ့ ဧည့်သည်များ တစ်စုံတရာ ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိခဲ့ပါဘူး။

အပူပိုင်းမုတ်သုံဒေသမှာ တည်ရှိနေတဲ့ စင်္ကာပူနိုင်ငံအဖို့ အခုလို မိုးကြိုးပစ်ခံရခြင်းကို မကြာခဏ ခံရလေ့ရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါပါတယ်။ ၁၉၈၂ ကနေ ၂၀၀၈ ခုနှစ်အတွင်း ပျဉ်းမျှအားဖြင့် ၁ နှစ်မှာ ၁၈၆ ရက်လောက် မိုးကြိုးပစ်ခံရကြောင်း National Environment Agencyရဲ့ မိုးလေ၀သဌာနက ပြောကြားပါတယ်။

ဥပဒေအရ လူနေထိုင်တဲ့ အဆောက်အဦးတွေတိုင်းမှာ မိုးကြိုးလွဲတွေ တပ်ထားပေမယ့် အခုရုပ်တုကြီးမှာတော့ မိုးကြိုးလွဲ မရှိခဲ့ပါဘူး။ အထပ်မြင့် မိုးမျှော် အဆောက်အဦးကြီးတွေ ၀န်းရံနေတဲ့ Merlion ရုပ်တုကြီးဟာ မိုးကြိုးဒဏ်ကို လုံလောက်စွာ အကာအကွယ်ပေးနိုင်မယ့် အနီးဆုံး အဆောက်အဦးဖြစ်တဲ့ One Fullerton building နဲ့ အကွာအဝေး အတော်ဝေးဝေးမှာ တည်ရှိနေခဲ့တာကလည်း အခုလို မိုးကြိုးပစ်ခြင်း ခံရတာပါလို့ NUSက ပါမောက္ခတစ်ဦးကလည်း ရှင်းပြပါသေးတယ်။

အခုတော့ ရုပ်တုကြီးကို ပြင်ဆင်မွမ်းမံနေပါပြီ။ Merlion ရုပ်တုကြီး ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးလို့ တာဝန်ရှိသူများက လောလောဆယ်မှာ ခြင်ထောင်ချပေးထားပါတယ် ခင်ဗျာ။

Photo Credit: www.asiaone.com

Monday, March 2, 2009

Be considerate for young

ရန်ကုန်ပြန်တုန်းက ဗိသုကာဆရာရွှေနဲ့တွေ့ဖြစ်ခဲ့တယ်။ ရန်ကုန်ကနေ မပြန်ခင် တစ်ရက်အလိုမှာ ဆရာရွှေက စာအုပ် ၂ အုပ် လက်ဆောင် ပြန်ပေးလိုက်တယ်။ တစ်အုပ်က ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅၊ ဖေဖော်ဝါရီ ၂၀၀၉ ထုတ်ပါ။ ဒီနေ့ အဲဒီစာအုပ်လေးကို ဖတ်နေခဲ့တယ်။ အဲဒီအထဲမှာ ပြန်လည်ဝေမျှချင်တဲ့ ဆောင်းပါးတစ်ပုဒ်ကို တွေ့မိလို့ တကူးတက အချိန်ပေး စာရိုက်ပြီး ပို့စ်တင်လိုက်ပါတယ်။ မူရင်း စာရေးသူရဲ့ ကလောင်အမည်တော့ မောင်ကျော်ရွေးပါ။ ဆောင်းပါးက ချင်းတွင်းမဂ္ဂဇင်းရဲ့ စာမျက်နှာ ၇၁ မှာ ဖော်ပြထားပါတယ်။ သရုပ်ဖော် ကာတွန်းပုံလေးကိုလည်း သဘောကျလို့ ကင်မရာနဲ့ ဓါတ်ပုံရိုက်ယူပြီး ဒီမှာပြန်တင်လိုက်ပါတယ်။

အဲဒီဆောင်းပါးလေး ဖတ်မိပြီးနောက် မြန်မာပြည်ကြီးအတွက် ရင်လေးပြီး သက်ပြင်းချမိပါတယ်။ တကယ်ဆို အဲဒီနိုင်ငံရေးဆိုတဲ့ နယ်ပယ်တွေမှာ ကျွန်တော်ဟာ ကကြီးရေ က ဆိုသလိုမျိုး တစ်လုံးတစ်ပါဒမှ မသိပါဘူး။ ကာတွန်းပုံထဲမှာဆို ကျွန်တော်ရဲ့ နေရာက သစ်ပင်အောက်ကနေ သစ်ပင်ပေါ်က လူတွေကို မော့ကြည့်နေတဲ့ အုပ်စုထဲမှာပါ။ ကျွန်တော် မော့ကြည့်လို့ မြင်မိတာကတော့ တခြားမတွေးပါနဲ့။ အပေါ်စီးမှာ နေရာယူထားတဲ့ အာဏာပိုင်တွေကလည်း လွှတိုက်ရင်း အလျှော့မပေးပါဘူး။ နေရာတစ်ခုမှာ ရောက်ရှိနေပြီး လွှဆွဲနေတဲ့ အတိုက်အခံတွေကလည်း အလျှော့မပေးပါဘူး။ ဘယ်သူမှားလည်း မှန်တယ်ဆိုတာထက် သေချာတာတစ်ခုက မြန်မာပြည်ကြီးရဲ့ အနာဂတ်က ရင်လေးစရာပါ။ ဒီမြေဒီရေမှာ ကျန်ခဲ့မယ့် သူတွေဟာ အခုလို အလျှော့မပေးပဲ နေနေကြတဲ့ လူကြီးတွေရဲ့ နောက်မျိုးဆက်တွေပါပဲ။ မြန်မာပြည်ဖွား သွေးချင်းများပါပဲ။ ငါတို့လက်ထက် ငါလုပ်ချင်သလို လုပ်မယ်။ ဖြစ်လာမယ့် အကျိုးဆက်ကို နောက်လူတွေ ခံ၊ အဲဒီအချိန်မှာ ငါတို့ သေနှင့်ပြီလို့ ပြောမယ် ဆိုရင်တော့လည်း ကျွန်တော့်မှာ ပြောစရာ မရှိပါဘူး။ ဖြစ်စေချင်တဲ့ ဆန္ဒလေးကတော့ ဒီမြေဒီရေက နောက်မျိုးဆက်အတွက် သေသေချာချာ ဆင်ခြင် စဉ်းစားပေးကြပါခင်ဗျာ။



ဥတုသုံးလီ ရာသီစက်ဝန်း ပြောင်းလဲကုန်ပြီ

ဆမ်ဒုန်းရင်ဖိုချေးဆိုတဲ့ တိဘတ်ဘုန်းကြီးတစ်ပါးရှိတယ်။ ဟိုတစ်လောက ဘာလီမှာ ဥတုတွေပြောင်းလို့ လူတွေမှာ ကြုံရမယ့် ပြဿနာတွေအကြောင်း နိုင်ငံရေးခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ ဆမ်ဒုန်း ရင်ဖိုချေးက ဆွေးနွေးပွဲကို ဝေဖန်တယ်။

ဘာလီဆွေးနွေးပွဲတက်တဲ့ အစိုးရတွေအနေနဲ့ ဂလိုဘယ် ပူနွေးလာမှုကြီးရဲ့ အရေးကြီးမှု၊ ဘိုင်အိုစဖီယား (biosphere)ကို ကာကွယ်ဖို့ အရေးပေါ်ဖြစ်နေမှုကို သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဘယ်လို ဆောင်ရွက်ကြမယ် ဆိုတာကျတော့ မဆုံးဖြတ်နိုင်ကြဘူး။ အမေရိကန်တွေက တရုတ်နဲ့ အိန္ဒိယအနေနဲ့ ကာဗွန် ထုတ်လုပ်မှုကို လျှော့စေချင်တယ်။ ငါတို့ မလျှော့ခင်မှာ မင်းတို့ လျှော့ရမယ်တဲ့။ တရုတ်နဲ့ အိန္ဒိယက အမေရိကန်နဲ့ အပေါင်းပါ စက်မှုထွန်းကားတဲ့ အနောက်နိုင်ငံတွေကြောင့် ဂလိုဘယ် ပူနွေးမှုကြီးဖြစ်ရတာ မင်းတို့ အရင်လျှော့ရမှာပေါ့လို့ ပြန်ပြောတယ်။ စီးပွါးရေး တိုးတက်အောင် လုပ်ခွင့်ရှိတာပေါ့။ ကာဗွန် လျှော့နေရင် နောက်ကျန်ခဲ့မှာပေါ့တဲ့။

ဆမ်ဒုန်းက တစ်ဘက်က အမေရိကန်၊ နောက်တစ်ဘက်က တရုတ်နဲ့ အိန္ဒိယ ငြင်းခုန်နေကြတာကို ရယ်တယ်။ ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကို လွှတိုက်နေကြတာပဲ။ အပေါ်ကိုင်းမှာထိုင် လွှဆွဲနေတဲ့ အမေရိကန်က အောက်ကိုင်းသေးပေါ်မှာ ထိုင်ပြီး လွှဆွဲနေတဲ့ တရုတ်နဲ့ အိန္ဒိယကို တော်ကြတော့လို့ ပြောတယ်။ လိမ့်ကျမှာ စိုးလို့ပါတဲ့။ တရုတ်နဲ့ အိန္ဒိယက မင်းအရင် ရပ်ပါလားလို့ ပြန်ပြောတဲ့အခါ အမေရိကန်က မဟုတ်ဘူး။ မင်းက အရင်ရပ်ရမှာလို့ ပြန်ပြောတယ်။ တကယ်တော့ လွှတိုက်တာကို မရပ်ရင် နှစ်ဦးလုံး လိမ့်ကျမှာ၊ ထိုင်နေတဲ့ သစ်ကိုင်းတွေ ကျိုးကုန်မှာ။

တကယ်တော့ အစိုးရတွေကို ပညာတတ်တယ် ဆင်ခြင်တတ်တယ်လို့ ထင်စရာရှိတယ်။ ဥတုတွေ ပြောင်းကုန်တဲ့ အကျပ်အတည်းဟာ အားလုံးစုစည်း အလုပ်လုပ်ဖို့ အခွင့်အရေးကြီးတစ်ခု။ တစ်ဦးကို တစ်ဦး လက်ညှိုးထိုးနေတာထက် ကျက်သရေရှိတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာဖို့ ဒီဇိုင်းလုပ်နိုင်တဲ့ အခွင့်အရေး။ အမှိုက်သရိုက်တွေ ပြည့်နေတဲ့ စိတ်ပင်ပန်းစရာတွေနဲ့၊ လူဦးရေ ထူထပ်ကျပ်ညပ်ပြီး ခေါင်းပုံဖြတ်နေတဲ့ ကမ္ဘာကြီး။ လူတစ်ဝက်လောက်က ငတ်ပြီး၊ လူတစ်ဝက်က အ၀လွန်နေတဲ့ ကမ္ဘာကြီးကို ဘယ်သူက လိုချင်မှာလဲ။ ရေသန့်၊ လေသန့်၊ အစာသန့်တွေ ရှားပါးလာတဲ့ ကမ္ဘာကြီးကို ဘယ်သူက ကြိုက်မှာလဲ။ ဒီထက် ကောင်းအောင် မကြံနိုင်ကြတော့ဘူးလား။

ဥတုပျက်တာဟာ ပြဿနာရဲ့ အရင်းအမြစ် မဟုတ်ဘူး၊ ပြဿနာရဲ့ လက္ခဏာသာ ဖြစ်ပါတယ်။ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး စနစ်တွေ ညံ့လို့ဖြစ်တာပါ။ ရုပ်ကြွင်းလောင်စာနဲ့ ဈေးဝယ်ချင်အောင် လုပ်တဲ့ဝါဒကို ဘိန်းစွဲသလို စွဲနေတဲ့ အပေါ်မှာ အခြေခံတာပါ။ စိတ်ကူးစိတ်သန်း ကွန့်မြူးပြီး တီထွင်ပြီး နာမ်အရ သန့်ရှင်းလာပြီး ကောင်းတဲ့ ကမ္ဘာကြီးဖြစ်အောင် လုပ်လို့ရပါတယ်။ အမေရိကန်၊ တရုတ်၊ ကုလားနဲ့ ကျန်တဲ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ ဇီဝသစ်ပင်ရဲ့ အသီးအပွင့်တွေကို ဆွတ်ခူးစားသုံးပြီး ပျော်ရွှင်လို့ ရပါတယ်။ ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကို လွှဆွဲနေတဲ့ လူတွေ မဟုတ်ကြရင်။

ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅
ဖေဖော်ဝါရီလ ၂၀၀၉